Wednesday, January 12, 2011

ကဗျာမဟုတ်တဲ့ ကျမကိုယ်တိုင်ရေးသောမှတ်စုတိုများ (၁)


(၁)

“ချစ်သူရေ ....
ဟိုး အတိတ်လွင်ပြင်ဆီက ....
ခရမ်းရောင် ညနေခင်းတွေရဲ့အောက်မှာပဲ
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်ကျောခိုင်းဖို့ ကြိုးစားခဲ့ဘူးကြတာ....
ငါတို့ရဲ့ကြေကွဲမှုတွေကို ခရမ်းရောင်သမ်းနေတဲ့
အဲဒီညနေချမ်းတွေပဲ သိခဲ့တယ် .......

ချစ်သူရေ.....
လမ်းခွဲဖို့ကြိုးစားလိုက်မိတိုင်း
မြဲမြံတဲ့လက်တစ်စုံရဲ့အောက်က
အကြိမ်ကြိမ်အခါခါ ရုန်းမထွက်နိုင်သေးတဲ့
ငါ့ရဲ့ကျရှုံးခြင်းတွေအတွက်
အပြစ်တစ်ခုလို့ ဆိုကြရင်လေ  ....
မင်းအပေါ်သက်ရောက်စေမယ့်
ဆိုးကျိုးတွေအားလုံးက ငါ့အပြစ်ကြောင့်ပါလို့
အရိုးသားဆုံး ၀န်ခံပါရစေ .....”

(၂)

“ချစ်သူရေ....
နောက်ဆုတ်ဖို့ ကြိုးစားလိုက်မိတိုင်း
ဖျော့တော့သွားတဲ့ မျက်ဝန်းတစ်စုံရဲ့
အင်အားမဲ့ ရှိုက်သံကြားမှာ
ငါ့ခြေလှမ်းတွေလဲ အကြိမ်ကြိမ် လဲပြိုသွားခဲ့တာ
အဲဒါကို မာယာလို့ဆိုကြရင်လေ....
အမှန်တစ်ကယ်ချစ်တတ်ခဲ့တဲ့ နေ့ရက်တွေကစလို့
မာယာဆိုတဲ့ အတတ်ပညာကို
ငါမသင်ယူပဲ သူ့အလိုလိုတတ်မြောက်လာခဲ့တာပါ....။

ချစ်သူရေ....
ပေးဆပ်ခြင်းနဲ့
နာကျင်ခြင်း ဆိုတဲ့စကားလုံးတွေက
ငါ့တစ်ဘ၀စာလုံးအတွက်များ
ညွှန်းဆိုပြဌါန်းထားခဲ့လေသလားကွယ်...
သေသေချာချာ ပြန်စဉ်းစားလိုက်မိတိုင်း
မင်းနဲ့ပတ်သတ်ခဲ့သမျှ ဘ၀စာမျက်နှာတိုင်းက
သေသပ်လှပမှု မရှိခဲ့လိုက်တာ .....”

(၃)

“ချစ်သူရေ .....
နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံနဲ့
ကြေကွဲဖွယ် တေးသွားတစ်ပုဒ်ရဲ့ သီကျူးသံကို
နာနာကျင်ကျင် နားဆင်ခံစားခွင့်ရလိုက်တိုင်း
ဟောဒီ့ ရင်ဘတ်အရိုင်းကလဲ
မရူးသွပ်ပဲမနေနိုင်ပြန်ဘူး......။


ချစ်သူရေ ...
ငါပေးလိုက်ရတဲ့ ချစ်ခြင်းမေတ္တာရဲ့လေးနက်မှုမှာ
ငါ့ကိုသိပ်ချစ်ကြသူတွေရဲ့ ဘ၀နဲ့မျက်ရည်စတွေပါတယ်
ငါအမှန်တစ်ကယ် ချစ်မြတ်နိုးခဲ့တဲ့
ကိုယ့်ကျင့်သိက္ခာတွေပါတယ်
ငါကိုယ်တိုင်တည်ဆောက်ခဲ့တဲ့
စိတ်ကူးယဉ်ပြတိုက်တစ်ခုပါတယ်...
ငါကိုယ်တိုင် အပ်ကြောင်းထပ် ဝေဖန်ဘူးတဲ့
ဘ၀သမိုင်းထဲက စာမျက်နှာများစွာပါခဲ့တယ် ....”

(၄)

ချစ်သူရေ
အမှားကို အမှန်တရားလုပ်ပြီး
အပြန်ပြန်အလှန်လှန်ငြင်းဆန်
အားလုံးကို စုံကန်မိတဲ့ငါ့ကိုလေ....
အတ္တလွှမ်းနေတဲ့ မျက်ကန်းတစ်ယောက်လို့လဲ
ဆိုချင်ဆိုပါ...

မင်းတစ်ယောက်ထဲအတွက်သာ
တယုတယစိုက်ပျိုးလာခဲ့ရတဲ့
သိမ်မွေ့နက်နဲခြင်းလို့အမည်ရတဲ့
ချစ်ခြင်းမေတ္တာဆိုတဲ့ ပန်းတစ်ပွင့်ကိုလဲ
မင်းမလိုတော့တဲ့အချိန်မှာ
ကျေကျေနပ်နပ် စွန့်ပြစ်လိုက်ပါ
တစ်ကယ်တော့ ငါတို့ဘ၀တွေက
သိပ်ကို တိုတောင်းလွန်းလို့ပါ
ချစ်သူရယ် .....

(၅)

ချစ်သူရေ....
ငါအသိအမှတ်မပြုမိတဲ့ လူတစ်ချို့တစ်လေကတော့ 
အမုန်းတရားတွေနဲ့ ငါ့ကို အကြောင်းမဲ့တိုက်ခိုက်တယ်
ငါကတော့ မင်းရဲ့အငြိမ်းချမ်းဆုံးမေတ္တာထုနဲ့
အရာအားလုံးကို ဥပေက္ခာပြုတယ်.....။

ချစ်သူရေ ...
ငါမသိခဲ့တဲ့ လောကနိယာမအောက်မှာ
လူတစ်ချို့တစ်လေကတော့ နောက်ကွယ်ကနေ
ငါ့ကို မရဲတရဲစိန်ခေါ်တယ်....
ဓါးခုတ်ရာကို လက်ဝင်လျှိုချင်တဲ့
အဲဒီ့ ပတ်ဝန်းကျင်ရဲ့ကြားမှာပဲ...
ငါကတော့ ရဲရဲဝံ့ဝံ့ မင်းကိုချစ်တယ်......


(၆)

ချစ်သူရေ ....
ငါ့ရဲ့ ဖြောင့်စင်းစင်းဆံနွယ်တွေလဲ
မနှစ်ကထက် ပိုပြီးရှည်လာသလို....
မင်းတစ်ယုတစ်ယဆုတ်ကိုင်တတ်တဲ့
ငါ့ရဲ့ ပိန်ရှည်ရှည်လက်ဖမိုးလေးပေါ်က
အရေဖျားလေးတွေက အစ
အိုမင်းရင့်ရော်ခြင်းကို သတိပေးလာခဲ့တယ်.....

ချစ်သူရေ .....
ငါ့အသက်တွေသာ တစ်နှစ်ထက်တစ်နှစ်
ပိုကြီးကြီးလာတယ် ......
အသက်ကြီးပြီး အချိန်မစီးသေးတဲ့
ရူးမိုက်မိုက် ငါ့နှလုံးသားကတော့
မနေ့ကထက် မင်းကို နက်နက်ရှိုင်းရှိုင်း
ပိုချစ်တတ်လာတုန်းပဲ .....

(၇)


ချစ်သူရေ .....
လေးနက်တဲ့ ငါတို့ချစ်ခြင်းကို
ခိုင်မာတဲ့ သံယောဇဉ်ကြိုးနဲ့
အမြဲမြံဆုံး ခြည်နှောင်ကြမယ် ...
မင်းပြောတဲ့ အကောင်းဆုံးတွေဖြစ်မလာခဲ့ရင်လဲ
အဆိုးဆုံးတွေကို ရင်ဆိုင်ကြရင်း
ဘ၀ရဲ့ နောက်ဆုံးထွက်သက်ထိ
နှစ်ယောက်အတူ မျှဝေခံစားကြမယ် ....

တစ်ကယ်တော့
ငါလက်ခံရရှိလိုက်တဲ့ မင်းရဲ့မေတ္တာတရားနဲ့
အနက်ရှိုင်းဆုံးသော လေးနက်မှုတိုင်းကလေ ....
မနက်ဖန် ငါသေရမယ့် ရက်ဆိုရင်တောင်...
ရွေ့လျားနေတဲ့ နာရီလက်တံတိုင်းက
ငါ့အတွက် ဘာမှမလိုအပ်တော့လောက်အောင်ပဲ
လုံလောက်သွားခဲ့ပြီးသားပါ အချစ်ရယ် .....။


                          ***************************************

( ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျမရဲ့စာမျက်နှာလေးကို လာရောက်ပြီး ဖတ်ရှု ဝေဖန် ကြသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်... )

အားလုံးကိုချစ်ခင်လေးစားလျှက်~

နှင်းဟေမာ
( 11/1/2011 ) 4:59 pm

Monday, January 3, 2011

တောကင်းပုံသီး ဘာလချောင်ကြော်

အားလုံးပဲမင်္ဂလာပါ ....။
ကျမ ရေးခဲ့သမျှ ကဏ္ဍအလိုက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ကျမရဲ့မီးဖိုဆောင်လေး ဆိုတဲ့ကဏ္ဍတစ်ခုကို ထပ်မံပြီးထည့်သွင်းရေးသားချင်တဲ့ စိတ်ကူးလေးတစ်ခုပေါ်လာပါတယ် ...။
တစ်နေ့နဲ့တစ်နေ့ အပြင်ကအစားအသောက်တွေဝယ်စားခဲ့ရတာကြာလာတော့ တော်တော်လေး ငြီးငွေ့လာသလို လူလဲတစ်နေ့တစ်ခြား လုံးပါးပါးလာတယ်ပဲပြောရမလားးD ငါးဖောင်ရိုးခြောက်နဲ့နင်လား ငါလား ဖြစ်လာခဲ့ပါတယ် ...။
အဲဒါနဲ့ပဲ ကျန်းမာရေးကိုအထိခိုက်မခံနိုင်တော့တဲ့အဆုံး မိနှင်းတစ်ယောက် ကြိုးစားပမ်းစားနဲ့ တတ်သလောက်မှတ်သလောက် ကိုယ်တိုင်ချက်စားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် ...။
သူများအတွက် ကောင်းတာမကောင်းတာ အပထားလို့ ဟင်းဆိုရင် ငံပြာရည် ၊ ငပိ ၊ ဆားလေးလေးနဲ့ ငရုတ်သီးစပ်စပ်အရသာပါမှ ထမင်းတစ်ပန်းကန်ကုန်အောင် စားနိုင်တဲ့ ကျမအတွက် မီးဖိုဆောင်လေးထဲကို မ၀င်မှီကတည်းက ငရုတ်သီးနဲ့ ငပိ ငံပြာရည် စတဲ့ လက်နက်အစုံအလင်ကို စတင်ပြင်ဆင်ရပါတယ် ....။
ချက်ဖို့ပြုတ်ဖို့အတွက် အိုး ခွက် ပန်းကန်တွေကတော့ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက အစုံပလုံလာပို့သွားတဲ့သူတစ်ယောက်ကြောင့် ကိုယ့်ကိုယ်များ ရွဲ့ပြီးဝယ်ပေးသလားထင်ပြီး ထားဖို့နေရာကလဲအရမ်း ကျဉ်းလွန်းတာမို့ ချောင်ထဲပဲထိုးထားခဲ့မိတာ ....။
အခုတော့ ကျမအတွက် တော်တော် အဆင်ပြေပြေဖြစ်သွားတဲ့အတွက် ကျေးဇူးတင်လိုက်မိပါတယ် ....။
အသား၊ငါးတွေကို အသီးအရွက်လောက်မနှစ်သက်တဲ့ကျမအတွက် ဈေးထဲကနေ ဟင်းသီး ဟင်းရွက်များများနဲ့ အသုတ်အနယ်လုပ်ဖို့အတွက်လောက်သာ ရွေးချယ်ပြီး ၀ယ်ယူဖြစ်ခဲ့ပါတယ် ....။ အဲဒီထဲက အိန္ဒိယကလာတဲ့ ကင်းပုံသီးသေးသေးလေးတွေကို မစားရတာကြာပြီဖြစ်တဲ့အတွက် ပထမဆုံးချက်ဖို့ စိတ်ကူးလိုက်ပါတယ် ....။

ကင်းပုံသီးဘာလချောင်ကြော်အတွက် ပထမဆုံးတောကင်းပုံသီး သေးသေးလေးတွေကို ဇကာနဲ့ သုံးလေးထပ်လောက်ရေစင်အောင်ဆေးလိုက်ပါတယ်။
ကျမတို့ရွာမှာတော့ ဒီအရွယ်အစားလေးတွေက တောလမ်းနံဘေးက ခြုံတွေကြားမှာအလေ့ကျပေါက်တဲ့အတွက် တောကင်းပုံသီးလို့ခေါ်တာပါ ။
ရေစင်အောင်ဆေးထားတဲ့ တောကင်းပုံသီးလေးတွေကို အမြီးခေါင်းတိပြီးတဲ့နောက်မှာတော့ ဓါးနဲ့ အရွယ်အစားကြီးရင် လေးခြမ်း ၊ သေးသေးလေးတွေဆိုရင် နှစ်ခြမ်း စသည်ဖြင့် အဆင်ပြေသလို ခွဲခြမ်းလေးတွေ ခွဲလိုက်ပါတယ် ....။

အနှစ်အတွက် လိုအပ်တဲ့ဟာတွေကိုတော့ သိပ်မခန့်မှန်းတတ်သေးတာနဲ့ ငယ်ငယ်တုန်းကကျမတို့ မျက်စေ့မှိတ်ကြေး ကစားကြတဲ့အခါ ပါးစပ်က ဆိုရတဲ့အထဲမှာ “ကြက်သွန်ဖြူခုနှစ်မြှောင့် နင်နဲ့ငါနဲ့ မစားလောက် ... ဗျောက် ... ဆင်ကြီး အမြီးထောင် ... ဗြောင် ... စာကလေး အမွေးနှုတ်ဗြုတ် ” ဆိုတဲ့အဆိုကို သတိရမိပြီး  ကြက်သွန်ဖြူ ၇မြှောင့် ကိုအခွန်ခွာပြီး စိတ်လိုက်ပါတယ် ...။ ကြက်သွန်နီတစ်ဥ ခပ်လတ်လတ်ကိုပါ အခွံခွာပြီးတာနဲ့ ပုဇွန်ခြောက်လက်တစ်ဆုတ်လောက်ကိုပါ ရေစိမ်ထားလိုက်ပါတယ် ...။ ငပိကိုတော့ ကျမအကြိုက် မျှင်ငပိ လက်ထောင်းကိုပဲ အသုံးပြုပါတယ် ...။

အဲဒါပြီးတဲ့နောက်မှာတော့ -  ခုနကအခွံခွာထားပြီးသား ကြက်သီဖြူနီ ၊ ရေစိမ်ပြီးပွလာတဲ့ ပုဇွန်ခြောက်တွေကို ငရုတ်ဆုံထဲထည့်ပြီး အောက်ထပ်ကလူတွေ ခေါင်းကျိန်းအောင် ထောင်းပစ်လိုက်ပါတယ် ....။
ဆီကျက်ပီလား မကျက်သေးဘူးလား သိပ်ပြီးမခန့်မှန်းတတ်တာမို့ ငရုတ်သီးမှုန့်ကိုပါ မီးကျွမ်းမှာစိုးရိမ်ပြီး ငရုတ်သီးစက်နဲ့ကြိတ်ပြီးသားအမှုန့်တွေကိုပါ ထည့်ပြီးထောင်းပါတယ်...။
ထောင်းလို့ရလာတဲ့ အနှစ် စီးစီးညက်ညက်လေးကို ဆီပူပူမှာထည့်ပြီးကြော်လိုက်ပါတယ် ....။ အားလုံးလိပ်သွားပြီဆိုတော့ ငံပြာရေလေးလောင်း ၊ ငပိလေးပါဆီရောသတ်လိုက်ပြီး ဆား ဟင်းချိုမှုန့်ကိုပါ တစ်ခါတည်းထည့်ပါတယ် ....။
ဟင်းအရသာကတော့ စွံမစွံ မသိရသေးဘူး ၊ ဟင်းအနှစ်ရဲ့ အနံ့လေးကတော့ တော်တော်ကို မွှေးလာပါတယ် ဟဲ ဟဲ ....။


အနှစ်က ဆီပြန်လာပီဆိုမှ တောကင်းပုံသီးခွဲခြမ်းလေးတွေကို ထည့်ပြီး နာနာလုံးပါတယ် ...။ အနှစ်ရဲ့အရသာကို ကင်းပုံသီးထဲကို စိမ့်ဝင်သွားတဲ့အထိ မွှေပေးလိုက်တယ်...။အရသာက အသီးထဲဝင်မ၀င်တော့ မသိဘူး ဇွန်းနဲ့အားရပါးရ မွှေလိုက်တာ ဒယ်အိုးက Coating နဲနဲကွာသွားလို့ အဆူခံလိုက်ရပါသေးတယ်းp

အဲဒီအနေအထားကနေ ဆီပြန်ပြန်လာတိုင်း ရေလေးတစ်ခွက်တစ်ခွက်စွက်လိုက်ပါတယ် ...။ တောကင်းပုံသီးကို နူးအိသွားအောင်လို့ပါ ... ( အဟီး ... လေသံကတော့ ဆရာမကြီးလိုလို ဘာလိုလိုနဲ့ )
မချောတို့ မမဂျာမုန်းတို့ကို အားကျလို့ပြောကြည့်တာပါး)



တောကင်းပုံသီးလေးတွေ နူးအိလာပြီလို့ ယူဆပြီဆိုတော့မှ အရသာအခြေအနေသိရအောင် နဲနဲမြည့်ကြည့်လိုက်ပါတယ် ...။ သူများကြိုက်မကြိုက်တော့ မသိဘူး ကျမပါးစပ်နဲ့တော့ကွက်တိပဲ စားရတဲ့အရသာက လေးလေးပင်ပင်ရှိပါတယ်း)

အဆင့်ဆင့်ပြီးသွားပြီဆိုရင်တော့ အလွန်အင်မတန်ပဲ ထမင်းစားလို့မြိန်စေတဲ့ တောကင်းပုံသီး ဘာလချောင်ကြော်တစ်ခွက် ဖြစ်သွားပါပြီ ...။ တစ်ကယ်ပဲ အဲဒီနေ့က တောကင်းပုံသီးဘာလချောင်ကြော်နဲ့ ကျမချက်ထားတဲ့ ထမင်းတစ်အိုးလုံးကို အပြောင်ဆွဲလိုက်ကြပါတယ် ....။
မယုံရင်တော့ လမ်းကြုံတဲ့အခါ အိမ်ကို ထမင်းစားကြွပါရှင်း))))

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
( 2 Jan 2011 )

Friday, December 31, 2010

မွေးနေ့မှာ .....

ဒီနေ့ဟာ ကျမဘ၀အတွက် အမှတ်တရလို့ ပြောလို့ရတဲ့ မွေးနေ့ရက်မြတ်လေးတစ်ခုပါ ...။


ဒီနေ့ဒီအချိန်ကိုရောက်တိုင်း ကျမအတွက် တစ်နှစ်အိုပွဲဝင်ခဲ့ပြီဖြစ်သလို သေမင်းရဲ့ပန်းတိုင်တစ်ခုဆီကို လျှောက်လှမ်းခဲ့ရတာလဲ မှတ်တိုင်တစ်ခုနီးလာခဲ့ပြီလို့ သတိပေးလိုက်တာနဲ့ အတူတူပါပဲ...။

ဒီနေ့မှာပဲ ကမ္ဘာလောကကြီးမှာရှိကြတဲ့ လူတွေအများစုက Happy New Year လို့အော်ဟစ်ပြီး မိမိတို့ရဲ့ နှစ်သစ်ကို ကြိုဆိုကြဖို့ ပျော်ရွှင်စွာစောင့်စားနေခဲ့ကြတဲ့ မင်္ဂလာရှိတဲ့ နေ့ရက်လေး တစ်ခုလဲဖြစ်ပါတယ် ... ။


ကျမကတော့ ထုံးစံအတိုင်း အခါတိုင်းနေ့တွေကလိုပဲ မနက်စောစောထဲက အလုပ်ထဲကို အပြေးအလွှားလာရသူမို့ မွေးနေ့ရယ်လို့ ထူးထူးခြားခြား မလုပ်နိုင်ခဲ့ပြန်ပါဘူး...။
ဒီဘလော့လေးပေါ်မှာပဲ  ကျမချစ်တဲ့ Blogger မောင်နှမတွေဆီကနေ အမှတ်တရ မွေးနေ့လက်ဆောင်လေးတွေနဲ့အတူ ကျမရဲ့ မွေးနေ့လေးကိုဖြတ်သမ်းဖို့ကို အသည်းအသန် ကြိုးစားခဲ့ရပါတယ် ..။



မွေးနေ့မတိုင်ခင်ကတည်းက ကျမအတွက်မွေးနေ့အမှတ်တရအဖြစ် ပထမဆုံး ရေးပေးခဲ့တဲ့ မမနှင်း
( နှင်းနဲ့မာယာ ) ကာတာနိုင်ငံကနေပေးပို့လာတဲ့  ပေးလို့ရတဲ့ပီတိဆိုတဲ့ ပို့စ်လေးတစ်ပုဒ်ကို ဒီနေရာလေးမှာ အမှတ်တရဖြစ်စေဖို့ သိမ်းထားလိုက်ပါတယ် ....။


အိမ်ပြောင်းတဲ့ကိစ္စတွေနဲ့ သူမတစ်ယောက်ထဲ အလုပ်ရှုပ်နေရှာခဲ့ပေမယ့် ကျမအတွက် အချိန်လုပြီး ရေးသားပေးပို့လာခဲ့တဲ့ မွေးနေ့အမှတ်တရလေးက တစ်ကယ့်ကို တန်ဖိုးရှိပြီး ကျမဘ၀အတွက် မှတ်မှတ်ရရ ဖြစ်စေခဲ့ပါတယ် ....။


                                 ***********************************


ဒီဇင်ဘာလဖွားဖြစ်တဲ့ နှင်းလေးရဲ့မွေးနေ့အတွက် ဒီဇင်ဘာလမှာပွင့်တဲ့ ကျက်သရေနဲ့ပြည့်စုံတဲ့ သဇင်ပန်းကဗျာလေးကို လက်ဆောင်ပေးလိုက်ပါတယ် ဆိုတဲ့ ကျမရဲ့ ချစ်မကြီး “အဖြူရောင်နတ်သမီး” -ဆိုက်ပရက်စ် နိုင်ငံကနေ မှတ်မှတ်ရရ ပေးပို့လာခဲ့တဲ့ မွေးနေ့လက်ဆောင်လေးတွေပါ ....

“ပန်းမြတ်သဇင်”


နှင်းပွင့်ဖြူတို့ မျက်လွှာချ
ဒီဇင်ဘာ ဒဏ္ဍာရီကြားက
နတ်ပန်းတော်ဝင် ဂမုန်းအင်
သူ့ဂုဏ်တင့်တယ် လူ့ဘုံဆင့်ဝယ်
သင်းပြန့်ပြန့်မွှေး ရှင်းသန့်သန့်လေးရယ်နှင့်
လအထူးမှာ အလှမြူးကြွယ်လို့
ခါသဘင်မှာ ပန်တော်ဦးကြတယ်ကွဲ့
သူ့အလှ အနုအလှဖွဲ့ရရင်ဖြင့်
ကဗျာမမှီ စာမပီပေဘု၊
“နွမ်းရင်တောင် အနံ့မပြေတဲ့ နွယ်မျိုး”....

မမအဖြူရောင်နတ်သမီး ကိုယ်တိုင်လုပ်တဲ့မွေးနေ့ကိတ်လေးပါ ... ကျမကတော့ အချက်အပြုတ်မှာ အင်မတန် အားနည်းသူမို့ တောင်းပန်ပါတယ်ရှင် .....။
မွေးနေ့မှာ ကျမအစ်မရဲ့လက်ရာ  မွေးနေ့ကိတ်လေးကိုပဲ သီးခံပြီးသုံးဆောင်သွားကြပါနော် ...းD

မမအဖြူရောင်နတ်သမီးပေးထားတဲ့ မွေးနေ့ကိတ်လေးပါး)

**********************************
ကျမရဲ့ ငယ်သူငယ်ချင်း ဘိုမင်း ပို့ပေးလိုက်တဲ့ မွေးနေ့ကိတ်လေးပါ သုံးဆောင်သွားကြပါဦးနော်းD


**********************************
ဘလော့ဂါ သက်တန့်ချို ရေးပေးလိုက်တဲ့ မွေးနေ့အမှတ်တရ ကဗျာလေးပါ ...။
ပြီးခဲ့တဲ့မွေးနေ့တုန်းက သက်တန့်က ကျမအတွက် ကဗျာ၃ပုဒ် လက်ဆောင်ပေးပါတယ် ...။ ဒီနှစ်တော့ ကျမသူငယ်ချင်းလဲ ဆေးသင်တန်းတွေ ဆေးရုံအလုပ်တွေနဲ့ ဗျာများနေခဲ့ပုံပါပဲ ...။မွေးနေ့မတိုင်ခင်ကတည်းက ဆုတောင်းကဗျာလေးကို ရောက်အောင် ပို့လိုက်ပါသေးတယ်း) 

ဒီဇင်ဘာရဲ့.....နှင်း


နှင်းရေ.......
တမိုးကြွေလို့
တဆောင်းလည်းသစ်ပြန်ပြီ
တစ်ရက်ထက်တစ်ရက်
တို့လျှောက်ခဲ့တဲ့လမ်းမှာ
လေးနက်တဲ့အသိဥာဏ်တွေ
ဘ၀ ရဲ့ ဖွင့်ဆိုမှုအတွေးအခေါ်တွေ
ဘာတွေ " ပိုင် " ခဲ့ကြပြီးပြီလဲ.....


ဒီဇင်ဘာရဲ့...
အလွမ်းရောင်သမ်းတဲ့ နှင်းပွင့်တွေ
သူငယ်ချင်း...မင်းကို
ထပ်ပြီးရင့်ကျက်စေပြန်ပြီ...


ယဉ်ကျေးမှုနဲ့ ဂါရဝ
တရားအဆုံးအမတွေထဲ
မွေ့လျှော်ပျော်မွှေ့တတ်တဲ့မင်း...
"နှင်း" ဆိုတဲ့ အမည်နာမနဲ့
လေးစားသမှု ဂုဏ်ဝထ္ထုတွေ
မင်းရဲ့ အိမ်ကလေးထဲ လင်းလက်စေခဲ့ပြီ.....


နှင်းရေ..
ဘ၀က ခါးတယ်တဲ့
ကိုယ့်လမ်းကိုယ်ဖောက်
ရဲရဲသာလျှောက်
မကြောက်နဲ့သူငယ်ချင်း ...


တက်ကျိုးရင်လက်ချိုးလှော်မယ်
ဟိုး......မှာ မဝေးတော့ဘူး
ငါတို့မျှော်လင့်နေတဲ့
ရွှေရောင်အနာဂါတ်တွေလေ ....။


သက်တန့်ချို


သူငယ်ချင်းရေ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိဘကိုလုပ်ကျွေးနိုင်တဲ့သမီးအလိမ္မာလေးဖြစ်ပါစေ ။

                                         **********************************
“All happy midnight Dec 31
တို့အတူလက်ခုပ်လက်ဝါးတီးကြမယ်
ပျော်ရွှင်ပါစေ ကမ္ဘာကြီးရေ…. ” လို့ နှစ်သစ်ကိုကြိုဆိုရင်း ကဗျာဆရာ မိုးလှိုင်ည က ကျမရဲ့မွေးနေ့လေးအတွက် ... ဒီဇင်ဘာနှင်း ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ကျမတို့ချစ်တဲ့ မြန်မာပြည်ကနေ ကော်နက်ရှင်အခက်အခဲတွေကြားကနေ ရေသားပြီးပို့ပေးလာခဲ့ပါတယ် ....။ အဓိပ္ပါယ်ပေါင်းများစွာနဲ့ လေးလေးနက်နက်ရေးပေးခဲ့တဲ့ သူ့ကဗျာလေးကို အားလုံးနှစ်သက်မယ်လို့ ထင်ပါတယ် ...း)

ဒီဇင်ဘာနှင်း



ဟေမာန်နှင်းတွေ
တိတ်တိတ်ဆိတ်ဆိတ်ရွာကျချိန်
အဝေးက မီးလင်ဖိုလေးကို
မြူတွေရစ်သိုင်းလို့ပေါ့ ....

စက္ကန့်တံလေးက မိနစ်တွေကိုဖြတ်သန်း
နာရီတွေကိုဖြတ်သန်း
နှစ်ကာလတွေကိုဖြတ်သန်း
ဒီဇင်ဘာ 31 ညချမ်းလေးမှာ
မီးလင်းဖိုလေး ၀ိုင်အရက်ချိုတွေ
ချိုမြိန်ဖွယ်သီချင်းလေးတွေနဲ့
နှလုံးသားထဲနွေးထွေး…
တစ်နှစ်ပြီးတစ်နှစ်
ဝေးသွားလိုက် နီးသွားလိုက်
ဒီဇင်ဘာနှင်းတွေက အေးအေးမြမြရှိဆဲ

နှင်းရေ…
ဒီဇင်ဘာ 31 ညတွေမှာ
ကမ္ဘာမြေရဲ့ဒဏ်ရာတွေကို
အေးအေးမြမြနှစ်သိမ့်
နှစ်ကာလတွေကို ချိုချိုမြိန်မြိန်နှုတ်ဆက်
နွေးနွေးထွေးထွေးကြိုဆို…
နှစ်သစ်ကူကာလမှာ စစ်ပွဲတွေကိုရပ်ဆိုင်းထားကြမယ်..
သေနတ်ပြောင်းဝမှာ ချိုးငှက်ဖြူလေးအနား
ငါတို့ အတ္တတွေကိုနောက်ဆုတ်ထားကြမယ်…

နှင်းရေ…
ရှန်ပိန်ပုလင်းကိုဖောက်
ဝိုင်အရက်ပုလင်းကိုဖွင့်
ကြက်ဆင်သားကို နူးထားတဲ့အချိန်
ငါတို့အမှားတွေကို ဆင်ခြင်ကြမယ်
ငါတို့နဲ့မတူတဲ့ ကမ္ဘာတစ်ဖက်ကလူတွေ
သူတို့ကောဘယ်လိုနှစ်သစ်ကူကြမှာလည်း
သူတို့မှာ စားစရာအလုံအလောက်ရှိပါ့မလား
အနွေးထည်အလုံအလောက်ရှိပါ့မလား


နှင်းရေ…
ငါတို့အပျော်တွေထိန်းသိမ်း
စာနာမှုဆုတောင်းတေးလေးအတူဆိုကြမယ်…
ကလေးငယ်တွေအတွက်လည်း ချိုမြိန်ပါစေ
လူငယ်တွေအတွက်လည်း ချိုမြိန်ပါစေ
လူကြီးတွေအတွက်လည်း ချိုမြိန်ပါစေ
ချစ်သူတွေအတွက်လည်း ချိုမြိန်ပါစေ
မုန်းသူတွေအတွက်လည်း ချိုမြိန်ပါစေ
ကမ္ဘာကြီးအတွက်လည်း ချိုမြိန်ပါစေ…


( Sweet December ပါ မနှင်းဟေမာ)


မိုးလှိုင်ည

                                **********************************

မချော(အစိမ်းရောင်လွင်ပြင်) - ထိုင်းနိုင်ငံကနေ ပေးပို့လာတဲ့ မွေးနေ့ဆုတောင်းကဒ်လေးပါ ...။ သူမရဲ့ အနုပညာဆန်တဲ့ စိတ်ကူးလေးနဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကဒ်လေးမို့ ကျမ သိပ်မြတ်နိုးမိပါတယ် ...။


**********************************

ဆောင်းကုန်သွားမှာစိုးတယ် နှင်း ... ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ကျမလက်ခံရရှိပြန်တော့ တစ်ကယ်ပဲ
ဝမ်းသာပျော်ရွှင်သွားမိပြန်ပါတယ် ....။ ကဗျာမရေးတတ်ခဲ့သူတစ်ယောက်က ကဗျာတွေကိုမှ တန်ဖိုးထားတတ်တဲ့ သူသိပ်ချစ်တဲ့ ကျမအတွက်  မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ကြိုးစား ပမ်းစား ရေးထားခဲ့ပုံပါပဲ ...း) ဘယ်လိုပဲဖြစ်ဖြစ် ဒီမွေးနေ့မှာ ကျမအရမ်းပျော်ပါတယ် .... “ ....

ဆောင်းကုန်သွားမှာစိုးတယ် နှင်း ...

ဘ၀ အစ

ဆောင်းတစ်ည….
ဆောင်းနဲ့ အတူရောက်လာပြီ…


နွေ..
မိုး…
ဆောင်း…
သဘာဝ ရာသီစက်ဝန်းကို
ဝန်မခံပဲ လွန်ဆန်ချင့်သူ…..


 နှင်းမရှိတဲ့ နွေ..
အဆင်းမရှိ….
အတွင်းကြေ…


နှင်းမရှိတဲ့ မိုး……..
ထမင်းဆိုး နဲ့ ဟင်းသိုး
ရင်ထဲမှာရွာလိမ့်မယ် အညှိုးမိုး…..


သဘာဝကိုလွန်ဆန်
ပတ်ဝန်းကျင်ကိုစုံကန်လို့
လေးဘက်လေးတန်ဖြစ်နေပါစေ…
ကိုယ်လေ….
နွေ..မရှိစေချင်သူ…
မိုး..မခချင်တဲ့သူ…
နှင်းပျောက်မှာ အတင်းကြောက်မိသူမို့…..
ကိုယ့်အတွက်တော့….
ဆောင်းကုန်သွားမှာ စိုးတယ် နှင်း…..


ကျမအတွက် မွေးနေ့အမှတ်တရလေးတွေပေးကြတဲ့ ကျမချစ်တဲ့မောင်နှမများ ၊ ဖေ့စ်ဘုတ်နဲ့ အီးမေးလ်ကနေ ၊ မွေးနေ့ဆုတောင်းပေးကြသူများ အားလုံးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်လို့ ဒီနေရာလေးကနေတစ်ဆင့်ပြောပါရစေရှင် ....။
နောက်ထပ်ရလာမယ့် မွေးနေ့လက်ဆောင်လေးတွေများ ရှိလာရင်လဲထပ်ပြီးတင်ပါဦးမယ်လို့း)
အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ .....။

အားလုံးကိုချစ်ခင်လေးစားလျှက် ~
နှင်းဟေမာ
( 31 Dec 2010 )              

ပေးလို့ရတဲ့ပီတိ

အလုပ်အားရက်မို့ စာအုပ်တစ်အုပ်နဲ့ ငြိမ်နေတဲ့ အချိန်မှာ Give and Take အကြောင်းကို သူငယ်ချင်းနှစ်ယောက် အပြိုင်အဆိုင်ပြောရင်း ငြင်းခုန်နေကြတာကို ဘေးကထိုင်ကြည့်ရင်း သဘောကျစွာနဲ့ ပြုံးမိပါသည်။ အပေးအယူ အလှူအတန်း ကိစ္စတွေက ဘယ်အချိန်မှာပဲ ပြောပြော ဘယ်သူနဲ့ပဲပြောပြော စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ရပ်ပဲ ဖြစ်ပါသည်။
လူဆိုတာ အတ္တသမားတွေမို့ ကိုယ်က ပေးဖို့ထက် သူများဆီက ရလာမယ့် အရာတွေကို ပိုပြီး မျှော်လင့်တတ်ကြတဲ့ သဘာဝရှိတတ်ပါသည်။
ကိုယ်ကိုယ်တိုင် ဖန်တီးလို့ရတဲ့ အရာတွေကို သူတပါးဆီက ရရှိဖို့ မျှော်လင့်တတ်ကြသလို ကိုယ်တိုင် ဖန်တီးလို့ မရနိုင်မယ့်အရာတွေ ဖြစ်တဲ့ မေတ္တာတွေ ဂရုဏာတွေကို ရရှိဖို့ တဖက်သတ် တောင့်တနေကြသူတွေလဲ ရှိတတ်ပါသည်။
ကျွန်မကတော့ အပေးနဲ့ အယူ ကြားမှာ မတူညီနိုင်တဲ့ ပီတိလေး တစ်ခုပဲ ခြားနားတယ်လို့ မြင်မိပါသည်။
ပေးလိုက်ရတဲ့သူကလဲ သူပေးလိုက်လို့ရလာတဲ့ ကြည်နူးမှု တစ်ခုအတွက် တသသနဲ့ ပီတိ ဖြစ်နေတတ်သလို လက်ခံရယူတဲ့ သူကလဲ သူ့ရဲ့ လိုအပ်ချက် ပြည့်စုံသွားလို့ ပျော်ရွှင်မှု တစ်ခုနဲ့ ပီတိဖြစ်ရမှာ သေချာနေပါသည်။
ကျွန်မကိုယ်တိုင်ကလဲ တစ်စုံတစ်ယောက်ဆီက တခုခု လက်ခံရရှိလို့ ပျော်ရွှင်ခံစားရတဲ့ ပီတိရော တစ်စုံတစ်ယောက်ကို တခုခု ပေးလိုက်ရလို့ ခံစားရတဲ့ ကြည်နူးမှုကိုရော တချိန်တည်း တပြိုင်တည်းမှာ မတူညီနဲ့ ပီတိ နှစ်ခုနဲ့အတူ ခံစားခဲ့ဘူးပါသည်။
လွန်ခဲတဲ့နှစ်နှစ် အနည်းငယ် အေးတဲ့ ဆောင်းကာလ ညချမ်းတစ်ခုမှာ မတူညီတဲ့ ပီတိနှစ်မျိုးကို ထူးထူးဆန်းဆန်း ခံစားခဲ့ရဘူးပါသည်။
နိုဝင်ဘာလား ဒီဇင်ဘာလား မမှတ်မိတော့ပေမယ့် ယူအအီးနိုင်ငံရဲ့ ဘာသာရေးပွဲတော်နေ့ အကြို ညချမ်းလေးတစ်ခုဆိုတာကိုတော့ မှတ်မိနေပါသည်။
ကျွန်မ အလုပ်ပြီးချိန် ည၁၁ နာရီမှာ ထုံးစံအတိုင်း လာကြိုနေကျ ဖယ်ရီကားရောက်လာပါသည်။ ဖယ်ရီပေါ်ကို ရောက်ရောက်ချင်းမှာပဲ ဖယ်ရီကားမောင်းတဲ့သူက ကားပေါ်မှာ အတူပါလာတဲ့ အခြားသူငယ်ချင်းတွေအားလုံးနဲ့အတူ ကျွန်မကိုပါ ထူးထူးခြားခြား မုန့်ဘိုးပေးလာခဲ့ပါသည်။
ဖယ်ရီပေါ်မှာ မိန်းကလေးဆိုလို့ ကျွန်မ တစ်ယောက်တည်း ရှိနေခဲ့တာမို့ သူပေးလာတဲ့ မုန့်ဘိုးကို ယူသင့်မယူသင့် စဉ်းစားနေတာမို့ ကျွန်မလက်ထဲကို ကမ်းပေးလာတဲ့ သူ့ရဲ့ လက်က လေထဲမှာ အတော်အတန်ကြာတဲ့ အထိ ရပ်တန့်နေခဲ့ပါသည်။
ဒါပေမယ့် ကားမောင်းသူက ကျွန်မ အဖေအရွယ် ဖြစ်တဲ့အပြင် သူ့ကားကို စီးနေခဲ့တာလဲ နှစ်နှစ်နီးပါး ရှိနေတာမို့ သူပေးလာတဲ့ မုန့်ဘိုးကို အားနာနာနဲ့ ယူရင်း ကျေးဇူးလို့ တခွန်းပဲ ပြောဖြစ်ခဲ့ပါသည်။
သူပေးလာတဲ့ မုန့်ဘိုးဆိုတဲ့ ငွေပမာဏ တစ်ခုထက် သူ့ရဲ့ အရေးတယူ ဂရုစိုက်မှုကြောင့် ပြောမပြတတ်အောင် ကြည်ကြည်နူးနူး ခံစားလိုက်ရတဲ့ အခိုက်အတန့်ကိုတော့ ပြန်တွေးမိတိုင်း ကြည်နူးခြင်းများစွာဖြင့် အမှတ်ရနေခဲ့ပါသည်။
သူပေးတဲ့ မုန့်ဘိုးကို ရပြီးချိန်မှာတော့ ကျွန်မကို မုန့်ဘိုးရယ်လို့ သီးသီးသန့်သန့် ပေးမယ့်သူတွေ ကျွန်မပတ်ဝန်းကျင်မှာ ပျောက်ဆုံးနေခဲ့တာ နှစ်ကာလ အတော်ကြာခဲ့ပြီဆိုတာကို စိတ်မကောင်းခြင်းများစွာဖြင့် သတိထားလိုက်မိပါသည်။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်ဖို့ ကြိုးစားနေခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပေမယ့် အထောက်အပံ့သဘောမျိုးမဟုတ်သော အလေးပေးဂရုစိုက်မှုဆန်တဲ့ မုန့်ဘိုးများအပေါ် တခါတရံမှာ ပီတိဖြစ်ချင်မိပါသည်။
ဒါပေမယ့် တစုံတခုကို ရုတ်တရက် အံ့သြမိတဲ့ အချိန်တိုင်း ဘာပြောရမှန်းမသိအောင် ကြောင်တောင်တောင် ဖြစ်ပြီး ဆွံ့အနေတတ်တဲ့ အကျင့်ဆိုးတစ်ခုကြောင့်လဲ အဲဒီနေ့က ကျွန်မရဲ့ ပျော်ရွှင်မှုက အများနဲ့မတူပဲ အသံမဲ့တိတ်ဆိတ်နေခဲ့ပါသည်။
အခြားသူငယ်ချင်းတွေကတော့ ကားသမားကို ကျေးဇူးစကားတွေ ရေပက်မဝင်အောင် ပြောရင်း ကားထဲမှာ ဆူညံနေခဲ့ပါသည်။
အလုပ်ကနေ အိမ်ပြန်မရောက်ခင် အချိန်လေးမှာ ရှားပါးလှစွာ ရလာတဲ့ မုန့်ဘိုးကို ဘာလုပ်ရရင်ကောင်းမလဲ လို့ စဉ်းစားရင်း ကလေးတွေမုန့်ဖိုးရရင် မုန့်ဆိုင်ကို ပြေးကြတာကို မြင်ယောင်မိပါသည်။
ကျွန်မရတဲ့ မုန့်ဘိုးက အများကြီးမဟုတ်ပေမယ့် အပြင်ဆိုင်မှာ ညစာတစ်နပ် ကောင်းကောင်းစားလို့ရတာမို့ အမှတ်တရ ရလာတဲ့ မုန့်ဖိုးနဲ့ ညစာကို အပြင်မှာ ဝယ်စားမယ်လို့ စိတ်ကူးလိုက်မိပါသည်။
ကျွန်မနေတဲ့ အိမ်ရှေ့ကို ကားရပ်ချိန်မှာတော့ အပြင်မှာ သိသိသာသာ အေးနေခဲ့ပြီး ကျွန်မမှာ အနွေးထည်အကျီင်္ မပါတာမို့ အိမ်ထဲအရင်ဝင်ပြီး အနွေးထည်ယူရမလား ညစာအတွက် စားသောက်ဆိုင်ကိုပဲ အရင်ပြေးရမလားစဉ်းစားမိပြန်ပါသည်။
ည ၁၁ ခွဲပြီးပြီချိန် မကြာခင် ညဉ့်နက်တော့မှာမို့ အိမ်ပေါ်ပြန်တက်ရင် အချိန်ထပ်ကြာနေမှာစိုးတာကြောင့် အနွေးထည်မပါပဲ ကျွန်မတို့အိမ်ရဲ့ မျက်စောင်းထိုးနားလောက်မှာရှိတဲ့ စားသောက်ဆိုင်ကို ခပ်သွက်သွက် သွားဖြစ်ခဲ့ပါသည်။
ကားလမ်းမကြီးကို ဖြတ်ကူးဖို့အတွက် ကားအသွားအလာရှင်းမရှင်း စောင့်ကြည့်နေချိန်မှာပဲ ကျွန်မရဲ့ အနောက်နား ခပ်လှမ်းလှမ်းက အမှောင်ရိပ်ထဲမှာ ထိုင်နေတဲ့ အရိပ်နှစ်ခုကို မျက်စိထောင့်နားလေးကနေ မပီဝိုးတဝါးမြင်လိုက်မိပါသည်။
သေသေချာချာ လှည့်ကြည့်မိတော့ လမ်းဘေးနားက တိုက်ကြီးတစ်ခုရဲ့ အမှောင်ရိပ်အောက်မှာ လူနှစ်ယောက် ထိုင်နေတာကို သဲသဲကွဲကွဲတွေ့လိုက်ရပါသည်။ ပိုပြီး သေချာချင်တာမို့ ခြေနှစ်လှမ်းလောက် နောက်ပြန်ဆုတ်ပြီး ကြည့်ချိန်မှာတော့ အဘိုးကြီးတစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် ဦးထုတ်အစုတ်လေးတစ်လုံး အရှေ့မှာချပြီး ပိုက်ဆံတောင်းနေခဲ့တာကို ထူးဆန်းစွာ တွေ့လိုက်ရပါတယ်။
ကျွန်မ နေခဲ့တဲ့ နှစ်နှစ်ဆိုတဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံးအကြိမ် အခုလို တောင်းရမ်းစားသောက်သူတွေကို တွေ့ဘူးခြင်းဖြစ်တာမို့ အံ့သြခြင်း မယုံနိုင်ခြင်းများနဲ့ စားသောက်ဆိုင်ကို သွားမယ့် ကျွန်မရဲ့ခြေလှမ်းများ အလိုလို ရပ်တန့်သွားခဲ့ပါသည်။
နှစ်ဦးစလုံး ဒေသခံတွေ ဝတ်တဲ့ အဝတ်အစားများကို ဝတ်ထားကြသလို အဘွားအိုကတော့ စောင်ပုဝါ ခပ်ထူထူ တစ်ထည်ကိုပါ ထပ်ခြုံထားခဲ့ပါသည်။
သူတို့ဝတ်ပုံစားပုံတွေက ဒေသခံတွေဝတ်တဲ့ အဝတ်အစား အပြင်အဆင်ဖြစ်နေတာမို့ သူတို့က ဒေသခံတွေလဲ ဖြစ်နိုင်သလို အခြားအိမ်နီးချင်းနိုင်ငံတွေကလဲ ဖြစ်နိုင်ပါသည်။
ဒါပေမယ့် ဒီပွဲတော်အမီ သူတောင်းစားလုံးဝမရှိတဲ့ တိုင်းပြည်မှာ ပိုက်ဆံတောင်းစားဖို့ အခြားနိုင်ငံက တကူးတက လာကြဖို့ဆိုတာလဲ ဘယ်နည်းနဲ့မှ မဖြစ်နိုင်။
သူတို့နှစ်ယောက်ထိုင်နေတဲ့ တိုက်ကြီးရဲ့အခြားတဘက် အစွန်းမှာရှိနေတဲ့ ဖိနပ်ဆိုင်ကြီးထဲမှာတော့ မနက်ဖြန်မှာ ကျရောက်မယ့် ပွဲတော်အတွက် ဒေသခံအာရပ်လူမျိုးတွေ ပျော်ရွှင်စွာ အလုအယက် ဈေးဝယ်နေခဲ့ပါသည်။ ဒါပေမယ့် အမှောင်ရိပ်ကျကျ နေရာလေးမှာ မထင်မရှား ထိုင်နေခဲ့တဲ့ အဘိုးအိုနဲ့ အဘွားအိုကိုတော့ ပတ်ဝန်းကျင်က သတိထားမိပုံမရပါ။
သူတို့ရှေ့ကို ခြေစုံရပ်ပြီး အရှေ့မှာ ချထားတဲ့ ဦးထုပ်လေးထဲကို လက်ထဲမှာကိုင်ထားတဲ့ ပူပူနွေးနွေး ရလာတဲ့ မုန့်ဘိုးကို ထည့်လိုက်တော့ အဘွားအိုဆီက မသဲမကွဲ အာရပ်စကားသံအချို့ကို ကြားလိုက်ရပါသည်။ သို့သော် သူတို့ရှေ့မှာ ရပ်နေတဲ့ ကျွန်မကိုတော့ သေသချာချာ မော့်မကြည့်ခဲ့ကြပါ။
ကျွန်မသူတို့ကို ပြန်လည်မျှဝေလိုက်တဲ့ ကျွန်မရဲ့ အမှတ်တရ မုန့်ဘိုးလေးက သူတို့နှစ်ယောက်အတွက် ညစာကို အပြင်ဆိုင်တစ်ဆိုင်မှာ ဝယ်စားလို့ရနိုင်သလို သူတို့မှာ မိသားစုရှိနေမယ်ဆိုရင်လဲ မိသားစုတစ်စုစာ လုံလောက်တဲ့ ညစာတစ်နပ်ကို ချက်စားလို့ရနိုင်မှာ သေချာပါသည်။
သူတို့ နှစ်ယောက်ကို ကျောခိုင်းလိုက်ချိန်မှာ ကျွန်မ သွားစားချင်တဲ့ စားသောက်ဆိုင်ကို လှမ်းမြင်နေရပေမယ့် ရုတ်တရက် ဖြစ်လာတဲ့ အပြောင်းအလဲနဲ့ ကျွန်မ ပူပူနွေးနွေးခံစားနေရတဲ့ ပီတိအချို့က ကျွန်မရဲ့ ခြေလှမ်းတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့ပါသည်။
တကယ်ဆို အဲဒီအပြင်ဆိုင်မှာ ညစာစားဖို့ လုံလောက်တဲ့ ပိုက်ဆံအချို့ကျွန်မရဲ့ အိတ်ထဲမှာ ကျန်ရှိနေခဲ့ပေမယ့် အပြင်မှာ အမှတ်တရ ညစာစားမယ့် စိတ်ကူးချိုချိုအချို့ကို ပြန်မြိုသိပ်ပြီး ချမ်းချမ်းစီးစီး ဆောင်းညမှာ အိမ်ကို အပြေးပြန်လာခဲ့မိပါသည်။
အိမ်ပြန်ရောက်ရင် ညစာချက်ဖို့အနည်းဆုံး နာရီဝက်တော့ အချိန်ယူရပါလိမ့်မည်။ အလုပ်ပြီးတည်းက ဗိုက်ထဲမှာ မသိမသာ ဆာလောင်နေခဲ့ပေမယ့် ပေးဆပ်မှုတစ်ခုအတွက် ရလာတဲ့ ပီတိကြောင့် ဆောင်းညချမ်းတစ်ခုမှာ ကျွန်မရင်ထဲမှာ နွေးထွေးနေခဲ့ပါသည်။
အိမ်ရောက်ပြီးပြီးချင်းမှာလဲ ညစာချက်ဖို့ ပြင်ဆင်နေရင်း လောလောဆယ်တွေ့ခဲ့ရတဲ့ အဘိုးအိုနဲ့ အဘွားအိုကို ပြန်မြင်ယောင်နေမိသလို ကျွန်မပေးခဲ့မိတဲ့ မုန့်ဘိုးက သူတို့အတွက် နည်းနေပီလားလို့ ပြန်တွေးမိတာမို့ လုပ်လက်စအလုပ်ကို ပစ်ထားခဲ့ပြီး အနွေးထည်တစ်ထည်ကောက်ဝတ်ပြီး အိမ်အောက်ကို ပြန်ဆင်းမိပါသည်။
သူတို့ကိုတွေ့ခဲ့တဲ့ နေရာကို ပြန်ရောက်ချိန်မှာတော့ ဒုတိယအကြိမ် ထပ်မံအံ့သြမိရပြန်ပါသည်။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ကျွန်မတွေ့ခဲ့ရတဲ့ အဘိုးအိုနဲ့ အဘွားအို နှစ်ယောက်စလုံး အဲဒီနေရာလေးမှာ မရှိတော့ပါ။ ဘေးပတ်ဝန်းကျင်မှာ တွေ့လိုတွေ့ငြား မျှော်လင့်ချက်နဲ့ အရပ်လေးမျက်နှာ လှည့်ပတ်ပြီး လိုက်ရှာမိပေမယ့်လဲ သူတို့ကို နောက်ထပ် ပြန်ပြီးမတွေ့ရတော့ပါ။
ကျွန်မတို့လက်ရှိအလုပ်လုပ်နေတဲ့ ယူအေအီး နိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားက ၉၀ ရာခိုင်နှုန်းရှိနေခဲ့ပြီး အိမ်ရှင်နိုင်ငံသားက ၁၀ ရာခိုင်နှုန်းသာရှိပါသည်။
အခွင့်ထူးခံနိုင်ငံသားများပီပီ မွေးကင်းစကလေးကစလို့ အလုပ်မလုပ်ပဲ အသက်လုံးထိုင်စားလို့ရနေအောင် အစိုးက ကူညီထောက်ပံ့ပေးနေသလို နိုင်ငံအတွင်းမှာရှိတဲ့ အလုပ်ဌာန ပေါင်းစုံကလဲ အိမ်ရှင်နိုင်ငံသားတွေကို အခြားနိုင်ငံသားတွေထက် အဆပေါင်းများစွာ လစာပိုပေးပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးထားခဲ့ပါသည်။
အိမ်ရှင်နိုင်ငံသားတွေ သူတို့နိုင်ငံတွင်းမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရဖို့ ဆိုတာ အိပ်မက်တစ်ခုလိုဖြစ်နေချိန်မှာ ဒေသခံလို့ထင်မြင်လိုက်ရတဲ့ တောင်းရမ်းစားသောက်သူ နှစ်ဦးကို မျက်လှည့်ဆန်ဆန် တွေ့လိုက်ရတဲ့ အဖြစ်က ကျွန်မအတွက် အတော့်ကို ထူးဆန်းနေခဲ့ပါသည်။
အဲဒီနေ့ကစလို့ အပြင်ထွက်ဖြစ်တဲ့ အချိန်တိုင်းမှာ အလားတူ တောင်းရမ်းသူများကို တွေ့လိုတွေ့ငြား လိုက်ရှာခဲ့ဘူးပေမယ့် အခုချိန်ထိ ထပ်ပြီးမတွေ့ရပါ။
ရှားရှားပါးပါး ကြုံတွေ့လိုက်ရတဲ့ အဲဒီ ဖြစ်စဉ်လေးတစ်ခုက ကိုယ်မျှော်လင့်နေတဲ့ အရာတွေကို သူတပါးဆီက ရလိုက်လို့ ပျော်ရွှင်မိတဲ့ ပီတိတစ်ခုနဲ့ သူတပါးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်ရလို့ ပြန်ပြီး ခံစားလိုက်ရတဲ့ ပီတိတစ်ခုကို တချိန်တည်း တပြိုင်တည်း ယှဉ်တွဲပြီး ခံစားတတ်စေဖို့ တိုက်ဆိုင်ပေးခဲ့တဲ့ အဖြစ်အပျက်လေးလို့ပဲ မှတ်ယူလိုက်မိပါသည်။
ဒုတိယအကြိမ် ခံစားမိတဲ့ ပီတိတစ်ခုကတော့ ငွေကြေးတန်ဘိုးတစုံတရာ ပါဝင်ခြင်းမရှိတဲ့ ကူညီမှုတစ်ခုအတွက်ပဲ ဖြစ်ပါသည်။
ဒူဘိုင်းနွေကာလရဲ့ အပူပြင်းဆုံးအချိန်လို့ ဆိုလို့ရတဲ့ ညနေစောင်းအချိန်တစ်ခုမှာ ခရီးစဉ်တစ်ခုအတွက် လေယာဉ်ကွင်းထဲကို ရောက်နေခဲ့ပါသည်။ ခရီးသည်တွေ မရောက်လာခင်အချိန်လေးမှာ ဘေးပတ်ဝန်းကျင်ကို လျှောက်ငေးမိတော့ လေယာဉ်ရဲ့ အခြားတစ်ဘက်ဆီမှာ အလုပ်များနေကြတဲ့ ကုန်တင်ကုန်ချ အလုပ်သမားအချို့ကို တွေ့လိုက်ရပါသည်။
မာကျူရီမီးရောင်တွေအောက်မှာဖြစ်နေတာမို့ အလုပ်သမားတစ်ယောက် အကျီင်္မပါပဲ ရောင်ပြန် Safety jacket တစ်ထည်တည်းကိုဝတ်ပြီး ချွေးသံရွှဲရွှဲနဲ့ အလုပ်လုပ်နေတာကိုပါ ထင်ထင်ရှားရှား တွေ့လိုက်ရပြန်ပါသည်။ ပြင်းထန်လွန်းတဲ့ ရာသီဥတုအောက်မှာ သူတို့ခံစားနေရတဲ့ မောပန်းနွမ်းနယ်မှုကို မြင်မြင်ချင်းပဲ စာနာလိုက်မိပြန်ပါသည်။
မယောင်မလည်နဲ့ သူတို့လုပ်နေတဲ့ နေရာနားကို ဆက်လျှောက်သွားတဲ့ ကျွန်မကို မြင်ချိန်မှာတော့ အလုပ်သမားတစ်ယောက်က ခပ်လှမ်လှမ်းမှနေပြီး လက်ဟန်ခြေဟန်ပြပြီး ရေတောင်းလာပါသည်။
စားသောက်ဆိုင်တွေနဲ့ အလှမ်းဝေးလွန်းတဲ့ လေယာဉ်ကွင်းထဲမှာ သူတောင်းလာတဲ့ ရေကို ဘယ်လိုရှာရပါ့မလဲလို့ ရုတ်တရက်စဉ်းစားနေတာကိုတွေ့တော့ အလုပ်သမားက လေယာဉ်ဆီကို ထပ်ပြီး လက်ညှိုးထိုးပြပြန်ပါသည်။
သူ့ညွှန်ကြားမှုအတိုင်း လေယာဉ်ပေါ်တက်ပြီး လေယာဉ်မယ်တစ်ယောက်ဆီမှာ ရေသောက်ချင်လို့ ရေလေးများရနိုင်မလားလို့ တောင်းတော့ လေယာဉ်မယ်လေးက တစ်ခါသောက်ဗူး ပိစိလေး ၂ ဘူးကို ပေးလာပါသည်။
သူပေးလာတဲ့ ရေဗူးလေးက ၁၀၀ မီလီမီတာ သာပါသော ဗူးလေးဖြစ်နေတာမို့ ရေဗူးကြီးကြီးမရှိဘူးလားလို့ ထပ်မေးမိတော့ လေယာဉ်မယ်လေးက ကျွန်မကို ခပ်ပြုံးပြုံးကြည့်ရင်း ၁ လီတာ ရေသန့်ဗူးတစ်ဘူးကို ထုတ်ပေးပါသည်။
၁လီတာဗူးကို ကိုင်ထားရင်းက အလုပ်သမားအရေအတွက်ကို ပြန်စဉ်းစားမိတော့ ယောက်ျားသား လေးယောက်စာအတွက် ဒီရေတစ်ဗူးနဲ့ မလောက်ဘူးဆိုတာ တွေ့လာတာမို့ နောက်ထပ် တစ်ဗူးလောက်ထပ်ရနိုင်မလား အောက်က အလုပ်သမားတွေ အတွက်ပါလို့ ပွင့်ပွင့်လင်းလင်း ပြောပြီးထပ်တောင်းမိပါသည်။
ကျွန်မထက်ပိုပြီး စာနာတတ်ပုံရတဲ့ လေယာဉ်မယ်လေးက ကျွန်မကိုင်ထားတဲ့ ၁ လီတာ ရေဗူးကို ပြန်ယူပြီး ၂ လီတာဗူးကြီး နှစ်လုံးကို ထုတ်ပေးလာပါသည်။
ကျွန်မယူသွားပေးတဲ့ ရေသန့်ဘူးကြီး ၂ ဗူးကို မိနစ်ပိုင်းအတွင်းမှာ ကုန်အောင် သောက်ပစ်လိုက်တဲ့ အလုပ်သမား လေးယောက်ကိုကြည့်ရင်း ရလာတဲ့ ပီတိတစ်ခုက အာရပ်အဘိုးအိုနဲ့ အဘွားအိုတို့ကို မုန့်ဘိုးပေးလှူစဉ်ကရခဲ့ဘူးတဲ့ ပီတိလေးလိုပဲ ချိုမြိန်နေတာကို သတိထားလိုက်မိပါသည်။
သူတပါးရဲ့ လိုအပ်ချက်တွေကို တိုက်တိုက်ဆိုင်ဆိုင် ကူညီခွင့်ရတိုင်း ပျော်ရွှင်ကျေနပ်နေတဲ့ မိတ်ဆွေတစ်ယောက်ကလဲ တစ်ခါတုန်းက သူရှားရှားပါးပါး ခံစားရဘူးတဲ့ ပီတိလေးကို စိတ်လှုပ်ရှားစွာနဲ့ ကျွန်မကို မျှဝေခဲ့ပြောပြခဲ့ဘူးပါသည်။
သူလှူခဲ့ဘူးတဲ့ အလှူလေးက ဆေးကုသိုလ်တစ်ခုဖြစ်ပါသည်။ ဆေးဆိုင်မှာ ဆေးဝယ်ဖို့သွားရင်း ဆေးဘိုးအတွက် အခက်အခဲ ဖြစ်နေတဲ့ သားအမိနှစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် လှူခွင့်ရတဲ့ အတွက် အတိုင်းမသိ ပီတိဖြစ်ရတဲ့အပေါ် သူအမြဲတမ်း အမှတ်ရနေခဲ့ပါသည်။
ပေးသူနဲ့ လက်ခံသူကြားမှာ သူတို့ လိုအပ်ချက်နဲ့ လိုအပ်နေချိန် ရှားပါးစွာ တိုက်ဆိုင်နေမယ်ဆိုရင်တော့ ကျွန်မတို့ နှစ်ဦးနှစ်ဘက်လုံး ခံစားရတဲ့ ပီတိတွေက နှစ်ဆ မက တိုးနေမှာသေချာလှပါသည်။
ပေးဆပ်လို့ရလာတဲ့ပီတိများကို ပေးဆပ်ခွင့်ကြုံခဲ့ဘူးသူ များသာ ထပ်တူထပ်မျှ ခံစားနိုင်မှာ သေချာပါသည်။
အထူးသဖြင့် ချစ်ခြင်းမုန်းခြင်းကင်းသော အတ္တရမ္မက်ကင်းသော အရောင်မဲ့သော ပေးဆပ်မှုများအတွက် ရရှိလာတဲ့ ပီတိများကို လူသားတိုင်းခံစားဘူးကြမှာ သေချာပါသည်။

ပေးဆပ်သူတစ်ယောက်ရလိုက်တဲ့ ပီတိများရဲ့ ငြိမ်းချမ်းမှုကို ပြန်လည်ခံစားရင်း
ပေးလို့ရတဲ့ ပီတိကို မျှဝေလိုတဲ့ ဒီပို့စ်လေးကတော့
ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျရောက်မယ့် ညီမငယ်လေး နှင်းဟေမာအတွက် မွေးနေ့လက်ဆောင်ပါ။


နှင်းနဲ့မာယာ

Sunday, December 26, 2010

ကျမရဲ့ ခရစ်စမတ်စ် တစ်ညတာ...

အော် ဘာလိုလိုနဲ့ တစ်နှစ်ဆိုတဲ့ အချိန်ကာကလက သိပ်မကြာလိုက်....။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို မကူးပြောင်းခင် ခရစ်စမတ်စ်တစ်ညက ပြန်လည်ရောက်ရှိလို့လာခဲ့ပြန်ပြီ...။
ယခု ခရစ်စမတ်စ်မှာတော့ အခါတိုင်းနှစ်တွေကနဲ့မတူပဲ ကျမ အလုပ်လုပ်နေတဲ့ ရုံးကသူဌေးမိသားစုနဲ့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့တွေဆီက ခရစ်စမတ်စ်လက်ဆောင်တစ်ချို့ကို လက်ခံရရှိခဲ့တယ် ...။
ဗုဒ္ဓဘာသာဆိုလို့ တစ်ကုမ္ပဏီလုံးမှာ တစ်ယောက်ထဲဖြစ်နေခဲ့တဲ့ ကျမကိုဘယ်လို မျက်စေ့လည်လမ်းမှားပြီး အလုပ်ခန့်လိုက်လဲတော့ မသိပါ ...။
သို့ပေမယ့် ကျမအလုပ်လုပ်ခဲ့ဘူးသမျှ ရုံးဟောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဒီကုမ္ပဏီမှာ အလုပ်လုပ်ရတာ ကျမအတွက်တော်တော်လေး အဆင်ပြေပြေနဲ့ စိတ်ပျော်ရွှင်ချမ်းမြေ့ခဲ့ရသလို စိတ်ထားဖြူစင်ဖြောင့်မတ်တဲ့ ကျမသူဌေး တစ်မိသားစုလုံးက ကျမနဲ့ပတ်သတ်သမျှ ကိစ္စရပ်တိုင်းမှာ အိမ်ပြောင်းတာကအစ ... တစ်ခုခုပြဿနာရှိလို့ မျက်နှာမကောင်းတာကအဆုံး ကျမရဲ့အသေးအဖွဲလေးတွေအားလုံးကိုပါ ကူညီစောင့်ရှောက်ခဲ့ကြတဲ့အတွက် ကျေးဇူးရှိသူတွေပါပဲ ...။

အခုလည်း မျှော်လင့်မထားခဲ့တဲ့ အချိန်မှာ ကျမဘယ်လိုမှ မျှော်လင့်မထားတဲ့ လက်ဆောင်တွေနဲ့အတူ သူဌေးမိသားစုနဲ့ ကျမနဲ့ အတူတူလက်တွဲဖော်ဝန်ထမ်းတွေ အားလုံးက ခရစ်စမတ်စ်လက်ဆောင်လှလှလေးတွေကို ကျမအတွက် အရေးတစ်ယူပေးခဲ့တာကို ၀မ်းမြောက်ပျော်ရွှင်လို့ မဆုံးပါ ....။

ကျမကို လက်ဆောင်တွေ ၀ိုင်းပြီးပေးခဲ့ကြပြီး အဲဒီနေ့က သူဌေးမိသားစုတွေနဲ့ ၀န်ထမ်းတွေအားလုံးက Novena မှာရှိတဲ့ ဘုရားကျောင်းကိုသွားကြတာမို့ ကျမကတော့ လက်ဆောင်ပစ္စည်းတွေနဲ့အတူ အိမ်ကိုပြန်လာခဲ့ပါတယ်...။
အိမ်ရောက်လို့ ပါကင်လှလှလေးတွေကို တစ်ခုစီဖြည့်ကြည့်လိုက်တဲ့အခါမှာ ကျမအတော်လေးရယ်ချင်သွားသည် ...။ Dior ရေမွှေး ၊ ESTEE LAUDER မိတ်ကပ်တစ်ဆက်စာနဲ့ ၊ ကျမသိပ်မသိတဲ့  Skin Care နဲ့ပတ်သတ်တာတွေ ၊ မိန်းကလေးအသုံးအဆောင်တွေ ဖြစ်နေခဲ့တယ် ...။
သေချာတာတစ်ခုကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုရင် ဒီလောက်တန်ဖိုးကြီးတာတွေကို ဒီလောက်အများကြီး မ၀ယ်နိုင်ပါ ...း)
အမြဲတမ်းအိပ်ယာထနောက်ကျလေ့ရှိတဲ့ ကျမက ရုံးနဲ့အိမ် ၁၀မိနစ်လောက်သာလမ်းလျှောက်ရတဲ့ခရီးလောက်ကိုတောင် အမြဲနောက်ကျတဲ့အတွက် မိတ်ကပ်လိမ်းဖို့ဆိုတာဝေး ... ရေအမြန်ချိုး စက်ရုံယူနီဖောင်းကိုအမြန်ဝတ်ပြီး Tool Box Meeting အမှီ မျက်နှာပြောင်နဲ့ ပြေးခဲ့ရတာလဲ နေ့စဉ်နဲ့အမျှးp

အော် သေချာချာပြန်စဉ်းစားကြည့်လိုက်မှ မိန်းကလေးလုပ်နေပြီး မျက်နှာပြောင်နဲ့ ရုံးတတ်တဲ့ ကျမကို ရုံးကလူတွေက ကြည့်မရ၍ဖြစ်မည်ဟု ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိရင်း နောင်တစ်ပတ်တနင်္လာနေ့ကစပြီး ရုံးတတ်ရင် မိတ်ကပ်လိမ်းနိုင်အောင်ကြိုးစားရဦးမည်ဟု တွေးလိုက်မိသည် ....းD

ပြီးခဲ့တဲ့ ခရစ်စမတ်စ်ညတွေကတော့ ဘာရယ်လို့မဟုတ်ပေမယ့် မိုးတွေတစ်ဖွဲဖွဲကြားမှာ  များပြားလှတဲ့ လူအုပ်ကြီးနဲ့အတူုလမ်းလျှောက်ရတာကိုပဲ ကလေးတစ်ယောက်လို ပျော်ရွှင်နေတတ်ခဲ့တာ ....။
လမ်းဘေးက ရောင်စုံမီးအလှတွေနဲ့ Orchard လမ်းမကြီးတစ်ခုလုံးက ငေးမောနေလောက်အောင် လှနေခဲ့တာလေ......။
ဟောဒီ ခရစ်စမတ်စ်ညမှာလဲ ကျမနဲ့ ကျမရဲ့ အခန်းဖော်လေးတို့ စောစောစီးစီးကတည်းက ဘာရယ်မဟုတ်ဘူး ဟိုသွားမယ် ဒီသွားမယ် ပြီးမှ ... ညဘက် Orchard Road မှာလမ်းလျှောက်ပြီး ဓါတ်ပုံတွေအားရပါးရ ရိုက်ကြမယ်ဆိုပြီး အိမ်ကနေ အားခဲပြီး စောစောစီးစီးထွက်လာခဲ့ကြတယ် ...  ။




ဓါတ်ပုံလေးတွေ နည်းနည်းပါးပါးလျှောက်ရိုက်နေခဲ့ချိန်မှာပဲ မိုးက ထုံးစံအတိုင်း တစ်ဖွဲဖွဲကျလာရောလေ ....။
အဲဒီအချိန်မှာ ကျမ အခန်းဖော်လေးကလဲ လမ်းနဲနဲလျှောက်လိုက်ရင်ပဲ ဗိုက်များများဆာတတ်သူမို့ သူ့အတွက် မုန့်ဝယ်ဖို့ အနီးဆုံး Shopping Center ထဲမှာဝင်လိုက်ပြီး ပြန်ထွက်လာခဲ့ချိန်မှာ  မိုးကတော်တော်သည်းနေပြီ ...။

အဲဒါနဲ့ပဲ ကဲ အမှတ်တရ ဓါတ်ပုံတွေရိုက် ညစာစားပြီး ပြန်ကြစို့လို့ တိုင်ပင်လိုက်ကြပြီး ခရစ်စမတ်စ်ဒင်နာလေးကို နှစ်ယောက်ထဲ တိတ်ဆိတ်ပျော်ရွှင်စွာ ကျင်းပဖို့ စီစဉ်လိုက်ပါတယ်.....။

                                  ********** နှင်း နဲ့ သင်း **********
ဓါတ်ပုံရိုက်ပေးမယ့်သူမရှိလို့ အမှတ်တရဖြစ်ရင်ပြီးရောဆိုပြီး မှန်ထဲမှာပဲကြည့်ပြီး ဖြစ်သလို ရိုက်လိုက်တယ် ...။
အပြင်မှာ ခရစ်စမတ်စ်ညရဲ့ ရောင်စုံမီးအလှတွေနဲ့ အမှတ်တရ ရိုက်ချင်ပေမယ့် မိုးရွာနေလို့ ရှော့ပင်းစင်တာထဲမှာပဲ ရယ်မောစရာတွေလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက် တစ်ယောက်တစ်လဲ ရိုက်ဖြစ်ခဲ့ကြတယ် ... ။


မော်ဒယ်လ် နှင်းဟေမားD

                                    
ဓါတ်ပုံတွေက ကောင်းကောင်းရိုက်တာထက် ဟာသတွေလျှောက်လုပ်ပြီး ရိုက်တာက ပိုများနေခဲ့တယ် ...း) ဓါတ်ပုံရိုက်အပြီးမှာ ဗိုက်ကလဲတော်တော်ချောင်သွားပြီးမို့ MRT စီးပြီး City Hall အနီးက မန္ထလေးအကင်ဆိုင်မှာ ညစာစားဖြစ်ခဲ့တယ် ....။
ကျမကအစားအသောက်စားတာ အရမ်းနည်းပေမယ့် ( လူကြားကောင်းအောင်ပြောတာပါ ... အဟဲး) ရှမ်းခေါက်ဆွဲသုတ်နဲ့ ငါးကင်ဆိုရင်တော့အရမ်းကြိုက်လို့ အားရပါးရစားဖြစ်ပါတယ်း) ....
မန်းလေးအကင်ဆိုင်က လက်ရာကလဲ မြန်မာပြည်မှာ စားရသလိုပဲတော်တော်လေး စားလို့ကောင်းပါတယ်။

 
ညစာစားပြီးတဲ့နောက်မှာ ကျမရဲ့ အခန်းဖော်က MRT မစီးချင်ဘူး လိုင်းကားနဲ့ပဲ ပြန်ရအောင်ဆိုတော့ ကျမကပဲ သိသလို တတ်သလိုနဲ့ ဆရာလုပ်ပြီး မှတ်တိုင်တစ်ခုဆီကို ဦးဆောင်ခေါ်သွားခဲ့ပြီး Express ကားအလာကို စောင့်နေခဲ့ကြပါတယ် ...။
နောက်တစ်နာရီလောက် စောင့်တဲ့ထိ ဘတ်စ်ကားကမလာတော့မှ မှတ်တိုင်ကို သေသေချာချာကြည့်လိုက်တော့   နေရာလွဲပြီးစောင့်နေမှန်းသိတော့တယ် ... ( တော်တော်လဲ တော်တဲ့ မိနှင်းးD )
မိုးတွေကလဲ အရမ်းကို သဲကြီးမဲကြီးရွာနေတော့ ရထားနဲ့ပြန်ဖို့ဆုံးဖြတ်ပြီး ဘူတာဘက်ကို ထပ်ပြီးလမ်းလျှောက်ခဲ့ပြန်တယ် ...။
မိုးသဲထဲမှာ ရေတွေကလဲစို ... ဗိုက်ကလည်းပြည့် ... တစ်လမ်းလုံးဟာသတွေပဲပြောရင်း ရယ်လိုက်မောလိုက်နဲ့ပဲ ဒရွတ်တိုက်ပြီး အိမ်ကိုပြန်ရောက်ခဲ့ကြတယ် ....။
ကျမရဲ့ ခရစ်စမတ်စ် တစ်ညတာက ပြီးခဲ့သော ခရစ်စမတ်စ်ညတွေကလိုမဟုတ်ပဲ တိတ်ဆိတ်ခြောက်သွေ့စွာနဲ့ ဒီလိုပဲ ကုန်ဆုံးသွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘ၀လေးနဲ့ကိုယ်တော့ ကျမတို့ ပျော်ရွှင်ခဲ့ကြပါတယ် ....။
တစ်ခါတစ်လေမှာ စိတ်ပျက်စရာ စိတ်ညစ်စရာ စိတ်အားငယ်တာတွေရှိနေတတ်ပေမယ့် ကိုယ့်စိတ်ကိုယ်နေတတ်အောင် နေတတ်ဖို့ ကြိုးစားတတ်တဲ့ သူတစ်ယောက်ဖြစ်ဖို့သာ အရေးကြီးပါတယ်...။ *တစ်ကယ်တော့ ဘ၀တွေဆိုတာ နေတတ်ရင် ကျေနပ်ပျော်ရွှင်စရာတွေချည်းပါပဲ.....*

အားလုံးလဲပဲ  မကြာခင်ရောက်လာတော့မယ့် 2011 ကို ပျော်ရွှင်ချမ်းမြေ့စွာနဲ့ စိတ်သစ်လူသစ်နဲ့ ကြိုဆိုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ...။

အားလုံးကိုချစ်ခင်လေးစားလျှက်....

နှင်းဟေမာ
(25 Dec 2010 )