Friday, December 31, 2010

မွေးနေ့မှာ .....

ဒီနေ့ဟာ ကျမဘ၀အတွက် အမှတ်တရလို့ ပြောလို့ရတဲ့ မွေးနေ့ရက်မြတ်လေးတစ်ခုပါ ...။


ဒီနေ့ဒီအချိန်ကိုရောက်တိုင်း ကျမအတွက် တစ်နှစ်အိုပွဲဝင်ခဲ့ပြီဖြစ်သလို သေမင်းရဲ့ပန်းတိုင်တစ်ခုဆီကို လျှောက်လှမ်းခဲ့ရတာလဲ မှတ်တိုင်တစ်ခုနီးလာခဲ့ပြီလို့ သတိပေးလိုက်တာနဲ့ အတူတူပါပဲ...။

ဒီနေ့မှာပဲ ကမ္ဘာလောကကြီးမှာရှိကြတဲ့ လူတွေအများစုက Happy New Year လို့အော်ဟစ်ပြီး မိမိတို့ရဲ့ နှစ်သစ်ကို ကြိုဆိုကြဖို့ ပျော်ရွှင်စွာစောင့်စားနေခဲ့ကြတဲ့ မင်္ဂလာရှိတဲ့ နေ့ရက်လေး တစ်ခုလဲဖြစ်ပါတယ် ... ။


ကျမကတော့ ထုံးစံအတိုင်း အခါတိုင်းနေ့တွေကလိုပဲ မနက်စောစောထဲက အလုပ်ထဲကို အပြေးအလွှားလာရသူမို့ မွေးနေ့ရယ်လို့ ထူးထူးခြားခြား မလုပ်နိုင်ခဲ့ပြန်ပါဘူး...။
ဒီဘလော့လေးပေါ်မှာပဲ  ကျမချစ်တဲ့ Blogger မောင်နှမတွေဆီကနေ အမှတ်တရ မွေးနေ့လက်ဆောင်လေးတွေနဲ့အတူ ကျမရဲ့ မွေးနေ့လေးကိုဖြတ်သမ်းဖို့ကို အသည်းအသန် ကြိုးစားခဲ့ရပါတယ် ..။



မွေးနေ့မတိုင်ခင်ကတည်းက ကျမအတွက်မွေးနေ့အမှတ်တရအဖြစ် ပထမဆုံး ရေးပေးခဲ့တဲ့ မမနှင်း
( နှင်းနဲ့မာယာ ) ကာတာနိုင်ငံကနေပေးပို့လာတဲ့  ပေးလို့ရတဲ့ပီတိဆိုတဲ့ ပို့စ်လေးတစ်ပုဒ်ကို ဒီနေရာလေးမှာ အမှတ်တရဖြစ်စေဖို့ သိမ်းထားလိုက်ပါတယ် ....။


အိမ်ပြောင်းတဲ့ကိစ္စတွေနဲ့ သူမတစ်ယောက်ထဲ အလုပ်ရှုပ်နေရှာခဲ့ပေမယ့် ကျမအတွက် အချိန်လုပြီး ရေးသားပေးပို့လာခဲ့တဲ့ မွေးနေ့အမှတ်တရလေးက တစ်ကယ့်ကို တန်ဖိုးရှိပြီး ကျမဘ၀အတွက် မှတ်မှတ်ရရ ဖြစ်စေခဲ့ပါတယ် ....။


                                 ***********************************


ဒီဇင်ဘာလဖွားဖြစ်တဲ့ နှင်းလေးရဲ့မွေးနေ့အတွက် ဒီဇင်ဘာလမှာပွင့်တဲ့ ကျက်သရေနဲ့ပြည့်စုံတဲ့ သဇင်ပန်းကဗျာလေးကို လက်ဆောင်ပေးလိုက်ပါတယ် ဆိုတဲ့ ကျမရဲ့ ချစ်မကြီး “အဖြူရောင်နတ်သမီး” -ဆိုက်ပရက်စ် နိုင်ငံကနေ မှတ်မှတ်ရရ ပေးပို့လာခဲ့တဲ့ မွေးနေ့လက်ဆောင်လေးတွေပါ ....

“ပန်းမြတ်သဇင်”


နှင်းပွင့်ဖြူတို့ မျက်လွှာချ
ဒီဇင်ဘာ ဒဏ္ဍာရီကြားက
နတ်ပန်းတော်ဝင် ဂမုန်းအင်
သူ့ဂုဏ်တင့်တယ် လူ့ဘုံဆင့်ဝယ်
သင်းပြန့်ပြန့်မွှေး ရှင်းသန့်သန့်လေးရယ်နှင့်
လအထူးမှာ အလှမြူးကြွယ်လို့
ခါသဘင်မှာ ပန်တော်ဦးကြတယ်ကွဲ့
သူ့အလှ အနုအလှဖွဲ့ရရင်ဖြင့်
ကဗျာမမှီ စာမပီပေဘု၊
“နွမ်းရင်တောင် အနံ့မပြေတဲ့ နွယ်မျိုး”....

မမအဖြူရောင်နတ်သမီး ကိုယ်တိုင်လုပ်တဲ့မွေးနေ့ကိတ်လေးပါ ... ကျမကတော့ အချက်အပြုတ်မှာ အင်မတန် အားနည်းသူမို့ တောင်းပန်ပါတယ်ရှင် .....။
မွေးနေ့မှာ ကျမအစ်မရဲ့လက်ရာ  မွေးနေ့ကိတ်လေးကိုပဲ သီးခံပြီးသုံးဆောင်သွားကြပါနော် ...းD

မမအဖြူရောင်နတ်သမီးပေးထားတဲ့ မွေးနေ့ကိတ်လေးပါး)

**********************************
ကျမရဲ့ ငယ်သူငယ်ချင်း ဘိုမင်း ပို့ပေးလိုက်တဲ့ မွေးနေ့ကိတ်လေးပါ သုံးဆောင်သွားကြပါဦးနော်းD


**********************************
ဘလော့ဂါ သက်တန့်ချို ရေးပေးလိုက်တဲ့ မွေးနေ့အမှတ်တရ ကဗျာလေးပါ ...။
ပြီးခဲ့တဲ့မွေးနေ့တုန်းက သက်တန့်က ကျမအတွက် ကဗျာ၃ပုဒ် လက်ဆောင်ပေးပါတယ် ...။ ဒီနှစ်တော့ ကျမသူငယ်ချင်းလဲ ဆေးသင်တန်းတွေ ဆေးရုံအလုပ်တွေနဲ့ ဗျာများနေခဲ့ပုံပါပဲ ...။မွေးနေ့မတိုင်ခင်ကတည်းက ဆုတောင်းကဗျာလေးကို ရောက်အောင် ပို့လိုက်ပါသေးတယ်း) 

ဒီဇင်ဘာရဲ့.....နှင်း


နှင်းရေ.......
တမိုးကြွေလို့
တဆောင်းလည်းသစ်ပြန်ပြီ
တစ်ရက်ထက်တစ်ရက်
တို့လျှောက်ခဲ့တဲ့လမ်းမှာ
လေးနက်တဲ့အသိဥာဏ်တွေ
ဘ၀ ရဲ့ ဖွင့်ဆိုမှုအတွေးအခေါ်တွေ
ဘာတွေ " ပိုင် " ခဲ့ကြပြီးပြီလဲ.....


ဒီဇင်ဘာရဲ့...
အလွမ်းရောင်သမ်းတဲ့ နှင်းပွင့်တွေ
သူငယ်ချင်း...မင်းကို
ထပ်ပြီးရင့်ကျက်စေပြန်ပြီ...


ယဉ်ကျေးမှုနဲ့ ဂါရဝ
တရားအဆုံးအမတွေထဲ
မွေ့လျှော်ပျော်မွှေ့တတ်တဲ့မင်း...
"နှင်း" ဆိုတဲ့ အမည်နာမနဲ့
လေးစားသမှု ဂုဏ်ဝထ္ထုတွေ
မင်းရဲ့ အိမ်ကလေးထဲ လင်းလက်စေခဲ့ပြီ.....


နှင်းရေ..
ဘ၀က ခါးတယ်တဲ့
ကိုယ့်လမ်းကိုယ်ဖောက်
ရဲရဲသာလျှောက်
မကြောက်နဲ့သူငယ်ချင်း ...


တက်ကျိုးရင်လက်ချိုးလှော်မယ်
ဟိုး......မှာ မဝေးတော့ဘူး
ငါတို့မျှော်လင့်နေတဲ့
ရွှေရောင်အနာဂါတ်တွေလေ ....။


သက်တန့်ချို


သူငယ်ချင်းရေ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိဘကိုလုပ်ကျွေးနိုင်တဲ့သမီးအလိမ္မာလေးဖြစ်ပါစေ ။

                                         **********************************
“All happy midnight Dec 31
တို့အတူလက်ခုပ်လက်ဝါးတီးကြမယ်
ပျော်ရွှင်ပါစေ ကမ္ဘာကြီးရေ…. ” လို့ နှစ်သစ်ကိုကြိုဆိုရင်း ကဗျာဆရာ မိုးလှိုင်ည က ကျမရဲ့မွေးနေ့လေးအတွက် ... ဒီဇင်ဘာနှင်း ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ကျမတို့ချစ်တဲ့ မြန်မာပြည်ကနေ ကော်နက်ရှင်အခက်အခဲတွေကြားကနေ ရေသားပြီးပို့ပေးလာခဲ့ပါတယ် ....။ အဓိပ္ပါယ်ပေါင်းများစွာနဲ့ လေးလေးနက်နက်ရေးပေးခဲ့တဲ့ သူ့ကဗျာလေးကို အားလုံးနှစ်သက်မယ်လို့ ထင်ပါတယ် ...း)

ဒီဇင်ဘာနှင်း



ဟေမာန်နှင်းတွေ
တိတ်တိတ်ဆိတ်ဆိတ်ရွာကျချိန်
အဝေးက မီးလင်ဖိုလေးကို
မြူတွေရစ်သိုင်းလို့ပေါ့ ....

စက္ကန့်တံလေးက မိနစ်တွေကိုဖြတ်သန်း
နာရီတွေကိုဖြတ်သန်း
နှစ်ကာလတွေကိုဖြတ်သန်း
ဒီဇင်ဘာ 31 ညချမ်းလေးမှာ
မီးလင်းဖိုလေး ၀ိုင်အရက်ချိုတွေ
ချိုမြိန်ဖွယ်သီချင်းလေးတွေနဲ့
နှလုံးသားထဲနွေးထွေး…
တစ်နှစ်ပြီးတစ်နှစ်
ဝေးသွားလိုက် နီးသွားလိုက်
ဒီဇင်ဘာနှင်းတွေက အေးအေးမြမြရှိဆဲ

နှင်းရေ…
ဒီဇင်ဘာ 31 ညတွေမှာ
ကမ္ဘာမြေရဲ့ဒဏ်ရာတွေကို
အေးအေးမြမြနှစ်သိမ့်
နှစ်ကာလတွေကို ချိုချိုမြိန်မြိန်နှုတ်ဆက်
နွေးနွေးထွေးထွေးကြိုဆို…
နှစ်သစ်ကူကာလမှာ စစ်ပွဲတွေကိုရပ်ဆိုင်းထားကြမယ်..
သေနတ်ပြောင်းဝမှာ ချိုးငှက်ဖြူလေးအနား
ငါတို့ အတ္တတွေကိုနောက်ဆုတ်ထားကြမယ်…

နှင်းရေ…
ရှန်ပိန်ပုလင်းကိုဖောက်
ဝိုင်အရက်ပုလင်းကိုဖွင့်
ကြက်ဆင်သားကို နူးထားတဲ့အချိန်
ငါတို့အမှားတွေကို ဆင်ခြင်ကြမယ်
ငါတို့နဲ့မတူတဲ့ ကမ္ဘာတစ်ဖက်ကလူတွေ
သူတို့ကောဘယ်လိုနှစ်သစ်ကူကြမှာလည်း
သူတို့မှာ စားစရာအလုံအလောက်ရှိပါ့မလား
အနွေးထည်အလုံအလောက်ရှိပါ့မလား


နှင်းရေ…
ငါတို့အပျော်တွေထိန်းသိမ်း
စာနာမှုဆုတောင်းတေးလေးအတူဆိုကြမယ်…
ကလေးငယ်တွေအတွက်လည်း ချိုမြိန်ပါစေ
လူငယ်တွေအတွက်လည်း ချိုမြိန်ပါစေ
လူကြီးတွေအတွက်လည်း ချိုမြိန်ပါစေ
ချစ်သူတွေအတွက်လည်း ချိုမြိန်ပါစေ
မုန်းသူတွေအတွက်လည်း ချိုမြိန်ပါစေ
ကမ္ဘာကြီးအတွက်လည်း ချိုမြိန်ပါစေ…


( Sweet December ပါ မနှင်းဟေမာ)


မိုးလှိုင်ည

                                **********************************

မချော(အစိမ်းရောင်လွင်ပြင်) - ထိုင်းနိုင်ငံကနေ ပေးပို့လာတဲ့ မွေးနေ့ဆုတောင်းကဒ်လေးပါ ...။ သူမရဲ့ အနုပညာဆန်တဲ့ စိတ်ကူးလေးနဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကဒ်လေးမို့ ကျမ သိပ်မြတ်နိုးမိပါတယ် ...။


**********************************

ဆောင်းကုန်သွားမှာစိုးတယ် နှင်း ... ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ကျမလက်ခံရရှိပြန်တော့ တစ်ကယ်ပဲ
ဝမ်းသာပျော်ရွှင်သွားမိပြန်ပါတယ် ....။ ကဗျာမရေးတတ်ခဲ့သူတစ်ယောက်က ကဗျာတွေကိုမှ တန်ဖိုးထားတတ်တဲ့ သူသိပ်ချစ်တဲ့ ကျမအတွက်  မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ကြိုးစား ပမ်းစား ရေးထားခဲ့ပုံပါပဲ ...း) ဘယ်လိုပဲဖြစ်ဖြစ် ဒီမွေးနေ့မှာ ကျမအရမ်းပျော်ပါတယ် .... “ ....

ဆောင်းကုန်သွားမှာစိုးတယ် နှင်း ...

ဘ၀ အစ

ဆောင်းတစ်ည….
ဆောင်းနဲ့ အတူရောက်လာပြီ…


နွေ..
မိုး…
ဆောင်း…
သဘာဝ ရာသီစက်ဝန်းကို
ဝန်မခံပဲ လွန်ဆန်ချင့်သူ…..


 နှင်းမရှိတဲ့ နွေ..
အဆင်းမရှိ….
အတွင်းကြေ…


နှင်းမရှိတဲ့ မိုး……..
ထမင်းဆိုး နဲ့ ဟင်းသိုး
ရင်ထဲမှာရွာလိမ့်မယ် အညှိုးမိုး…..


သဘာဝကိုလွန်ဆန်
ပတ်ဝန်းကျင်ကိုစုံကန်လို့
လေးဘက်လေးတန်ဖြစ်နေပါစေ…
ကိုယ်လေ….
နွေ..မရှိစေချင်သူ…
မိုး..မခချင်တဲ့သူ…
နှင်းပျောက်မှာ အတင်းကြောက်မိသူမို့…..
ကိုယ့်အတွက်တော့….
ဆောင်းကုန်သွားမှာ စိုးတယ် နှင်း…..


ကျမအတွက် မွေးနေ့အမှတ်တရလေးတွေပေးကြတဲ့ ကျမချစ်တဲ့မောင်နှမများ ၊ ဖေ့စ်ဘုတ်နဲ့ အီးမေးလ်ကနေ ၊ မွေးနေ့ဆုတောင်းပေးကြသူများ အားလုံးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်လို့ ဒီနေရာလေးကနေတစ်ဆင့်ပြောပါရစေရှင် ....။
နောက်ထပ်ရလာမယ့် မွေးနေ့လက်ဆောင်လေးတွေများ ရှိလာရင်လဲထပ်ပြီးတင်ပါဦးမယ်လို့း)
အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ .....။

အားလုံးကိုချစ်ခင်လေးစားလျှက် ~
နှင်းဟေမာ
( 31 Dec 2010 )              

13 comments:

မြစ်ကျိုးအင်း said...

Happy Birthday ပါညီမလေးရေ
စိတ်ရဲ့ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ။
ဘဝရဲ့အခက်အခဲတွေကိုလည်း ခဏချင်း ကျော်လွှားနိင်ပါစေ။

၃၁ရက်နေ့ညမှာ မွေးနေ့ပွဲ ဆင်နွဲရင်း နှစ်သစ်ကို ကြိုခွင့်ရတာ ကောင်းတယ်နော်။
အမှတ်တရဖြစ်မယ့် ညမျိုးလေးပဲ။

နွေဆူးလင်္ကာ said...

ဟေး .. နှစ်မျိုးအော်ခဲ့မယ် Happy Birthday & Happy new year !!!!

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းရေ
မင်္ဂလာမွေးနေ့ပါနော်..
မွေးနေ့မှာ စိတ်ရောကိုယ်ပါ ကြည်လင်ချမ်းသာ ရှိပါစေ
နေ့ရက်တိုင်း ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒအားလုံးပြည့်ဝပါစေ... ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေ တစ်ထပ်တည်းကျပါစေလို့....
ချစ်သူခင်သူတွေနဲ့ မခွဲမခွာ နေရပါစေလို့ ခင်မင်စွာ ဆုတောင်းပေးပါတယ်နော်..
မွေးနေ့ကဒ်လေးပို့ထားတယ် .. ရတယ်မလား..

WWKM said...

ညီမလေးနှင်းဟေမာရေ.

HAPPY BIRTHDAY!!!!!!!!!!!

သိင်္ဂါကျော် said...

Happy Birthday!!!!!!!!!!

အဖြူရောင်နတ်သမီး said...

ဒီဇင်ဘာလဖွားဖြစ်တဲ့ နှင်းလေးရဲ့မွေးနေ့အတွက် ဒီဇင်ဘာလမှာပွင့်တဲ့ ကြက်သရေနဲ့ပြည့်စုံတဲ့ သဇင်ပန်းကဗျာလေးကို လက်ဆောင်ပေးလိုက်တယ်နော်...။
ညီမလေးနှင်းဟေမာ တယောက် ယနေ့မှကျရောက်သော မွေးနေ့မှစလို့ သဇင်ပန်းလေးကဲ့သို့ မြင့်မြတ်သော မိန်းမ၊ ကျက်သရေရှိသောမိန်းမ၊ အသိပညာ အတတ်ပညာများနှင့်ပြည့်စုံသောမိန်းမ၊ အမျိုး ဘာသာ သာသနာကို စောင့်ထိန်းနိုင်သော အမျိုးကောင်း သမီးပျိုလေးဖြစ်ပါစေကွယ်...

Baby taster said...

Happy Birthday နဲ့
Happy New Year ပါ

ကိုအောင် said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ ဖြစ်ပါစေ နှင်းရေ၊
အသက်ရာကျော် ထောင်ကျော် ရှည်ပါစေဗျာ။

ကြည်ဖြူပိုင် said...

Happy Birthday and Happy New Year!
:)

ငွေစန္ဒာ said...

နှင်းရေ....
မွေးနေ့ပေါင်းတစ်ရာကျော်ဆင်နွှဲနိုင်ပါစေ။
Happy Birthday & Happy New Year!!!!!!!!!!

ငွေစန္ဒာ said...

မွေးနေ့ပေါင်းတစ်ရာကျော်ဆင်နွှဲနိုင်ပါစေ။
Happy Birthday & Happy New Year!!!!!

သူကြီးမင်း (တုံးဖလား) said...

မိနှင်း..
မွေးနေ့တောင် အတော်ကြာကျော်ခဲ့ပြီဘဲ။ အခုမှ ရောက်ဖြစ်တယ်။ နောက်ကျမှရောက်လာတဲ့အတွက် ဆောရီးနော်။

မွေးနေ့မွေးရက်ကစပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ လောကအကျိုး သာသနာအကျိုး သံသရာအကျိုးတို့ကို ဆထက်ထမ်းပိုးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ရွှေပြည်သူ (ShwePyiThu) said...

Happy Birthday လို့ နောက်ကျမှ ပြောနိုင်တဲ့အတွက် အရင်ဆုံး တောင်းပန်ချင်ပါတယ် ညီမလေးရေ။ ထူးထူးခြားခြား နှစ်အကုန် ဒီဇင်ဘာ ၃၁ မှာ ကျရောက်တဲ့ ချစ်သူခင်သူတွေနဲ့ ပျော်ရွှင်စရာ မွေးနေ့လေးကို ကြည့်ရဖတ်ရတာ တကယ်ကို ကြည်နူးစရာပါပဲ။

ညီမလေးနှင်း အခုမွေးနေ့ကနေ နောင်နှစ်ပေါင်းများစွာ များစွာအထိ အခုလိုပဲ လောကကို အလှဆင်နိုင်တဲ့ စာကောင်းပေမွန်ပေါင်းများစွာကို ဆက်ပြီး ရေးသားနိုင်ပါစေလို့ အစ်မဆုတောင်းပေးလိုက်ပါတယ်း)