Tuesday, September 22, 2009

မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်း၏ဒုတိယအကြိမ်မြောက်အလှူတော်အတွက်နှိုးဆော်လွှာ

စာနာထောက်ထားခြင်း၊ ဖေးမကူညီခြင်း၊ ငဲ့ညှာသနားခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ရက်ရောပေးကမ်းခြင်း၊ ချီးမြှောက်ကယ်တင်ခြင်း ၊ ဂရုဏာထားခြင်း တည်းဟူသော မေတ္တာတရား၏ အနှစ်သာရ နှင့် ဗုဒ္ဓ၏ အဆုံးအမများကို အခြေခံ၍ မိမိတို့ နိုင်ငံ၏ အမျိုးဘာသာ သာသနာတော်အား တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသလောက် ထိန်းသိမ်း စောင့်ရှောက်သွားရန်၊
အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများအား မွန်မြတ်သော ပရဟိတစိတ်ဓါတ်ဖြင့် မိမိတို့ တတ်စွမ်းသလောက် ကူညီထောက်ပံ့ သွားရန်နှင့်
နွမ်းပါးသော ကလေးငယ်လေးများ၏ အနာဂတ် ဘ၀အခြခိုင်မာမှုအတွက် တတ်နိုင်သမျှ ကူညီဖေးမသွားကြရန်...
ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော
..... မြန်မာပြည်သို့ အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယ အကြိမ်မြောက်အလှူတော်ကို ( 21-09-2009) စင်္ကာပူစံတော်ချိန် နေ့လည် ၂နာရီတွင် ပြုလုပ်ပြီးစီးသော အသင်း၏ အစည်းဝေးဆုံးဖြတ်ချက်အရ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများထဲမှ အလိုအပ်ဆုံးနေရာလေးတစ်ခုအား လှူဒါန်းရန် အတည်ပြုသတ်မှတ်ခဲ့ကြပါသည်...။
အသင်းသားအားလုံး၏ သဘောတူဆုံးဖြတ်ချက်အရ အောက်တိုဘာလကုန်၌ အခြခံပညာမူလတန်းလွန်ကျောင်းလေးတွင် အရေးတကြီးလိုအပ်လျှက်ရှိသော စာသင်ဆောင် တစ်ဆောင် ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။
အမြန်ဆုံးအကောင်အထည်ဖော်လှူဒါန်းနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များ အနေဖြင့် ကျမ တို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း နှင့် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် ကျမ မနှင်းဟေမာ ( စည်းရုံးရေးမှူး - စင်္ကာပူ ) မှ အသင်းအဖွဲ့တစ်ခုလုံး၏ ကိုယ်စား အားလုံးသော ဘလော့ဂါ မောင်နှမများ ၊ မေတ္တာကမ္ဘာ အသင်းသားများ နှင့် စေတနာထက်သန်ကြသော အလှူရှင်များထံသို့ အသိပေးနှိုးဆော်အပ်ပါသည်....။


ဒုတိယ အကြိမ်မြောက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ လှူဒါန်းမည့် နေရာ

မေတ္တကမ္ဘာအသင်း၏ ဒုတိယအကြိမ်မြောက် အလှူတော် အတွက် သတ်မှတ်ချက်နေရာမှာ မန္ထလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်းရှိ မကြီးချိုကျေးရွာ အခြခံပညာ မူလတန်းလွန်ကျောင်း ဖြစ်ပါသည်။



ထိုကျောင်းလေးမှာ မြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးပြီး ယခင်က မူလတန်းအဆင့်၌သာရှိ၍ သူငယ်တန်းမှ စတုတ္ထတန်းထိ ကလေးငယ်လေးများ ပညာဆည်းပူးသင်ယူလျှက်ရှိကြပါသည်....။ စတုတ္ထတန်း အောင်မြင်ပြီးကြသော ကလေးငယ် လေးများမှာ ရွာနှင့် ၄ မိုင်ခန့်ကွာဝေးလှသော ဆီမီးကန်ကျေးရွာ ၊ အခြေခံပညာ တွဲဘက် အထက်တန်းကျောင်းသို့ နေ့စဉ် ခြေလျင် တက်ရောက် ပညာသင်ကြားရပါသည်....။
လမ်းခရီးကြမ်းတမ်းမှု ၊ ရာသီဥတု ဆိုးရွားမှု နှင့် ချောင်း၊ မြောင်းဖြတ်သန်းသွားလာရန် အခက်အခဲဖြစ်မှုတို့ ကြောင့် ထိုပတ်ဝန်းကျင် ကျေးရွာလေးများမှ ကလေးငယ် များသည် စတုတ္ထတန်းအောင်မြင်ပြီးလျှင် ကျောင်းဆက်လက်မတက်ရောက်နိုင်မှု နှုန်းထား ပိုမို များပြားလာခဲ့ပါသည် ...။ ထိုအခက်အခဲအမျိုးမျိုးတို့ကြောင့် ကျေးရွာ လူကြီးများမှ ကြိုးပမ်းဆောင်ရွက်လာခဲ့ရာ ယခုနှစ်မှ စတင်၍ မူလတန်းလွန်ကျောင်းလေးအဖြစ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရပါသည်....။
ထိုကျောင်းလေးတွင် စုစုပေါင်း စာသင်ဆောင် ၂ဆောင်ရှိရာ မူလတန်း ကလေးငယ်လေးများ၏ စာသင်ဆောင်မှာ ဆိုးရွားစွာ ယိုယွင်းပျက်စီးနေမှု ၊ အမိုးမလုံ အကာမလုံမှု ၊ ကျောင်းသစ်သားတိုင်များမှာလည်း ဆွေးမြေ့ယိုင်နဲ့နေမှု နှင့် ကျေးရွာလေး၏ စီးပွားရေးအခြေအနေအရ ပြန်လည်ပြုပြင်ရန်အခက်အခဲရှိမှုတို့ ကြောင့် ထိုကျောင်းလေးတွင် ပညာသင်ကြားပေးကြရသော ဆရာ၊ဆရာမလေးများ နှင့် ပညာသင်ယူလျှက်ရှိကြသော ကျောင်းသား ကျောင်းသူ ကငယ်လေးများမှာ အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရပါသည်....။


ကျောင်း၏ လိုအပ်ချက်ကွက်လပ်နှင့် လက်ရှိအခြေအနေ


ဘေးပတ်လည်မှ ယိုယွင်းပျက်စီးနေသော ကျောင်း၏ လက်ရှိအနေအထား
ကျမတို့ အသင်းအနေဖြင့် မိမိတို့တတ်နိုင်သလောက် ငွေကြေးပမာဏလေးဖြင့် လက်ရှိကျောင်းဆောင်အဟောင်းလေးအား ပြန်လည်၍ စာသင်ဆောင်အသစ်လေးတစ်ဆောင် ကို ဆောက်လုပ်လှူဒါန်းသွားကြမည်ဖြစ်ပါသည်။ထိုကျောင်းဆောင်လေးအား
လာမည့်အောက်တိုဘာလကုန်မှ စတင်ပြီး ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ လှူဒါန်းမည့်ကျောင်းဆောင်သစ်တွင် ကျောင်းအုပ်ရုံးခန်းအပါအ၀င် သူငယ်တန်းလေး၊ သူငယ်တန်းကြီး ၊ ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်း ၊ ကလေးငယ်လေးများ အတွက် စာသင်ခန်း ၅ ခန်း ပါဝင်မည် ဖြစ်ပါသည်.....။ကျမတို့ ကောက်ခံရရှိသော အလှူငွေအပေါ်တွင် မူတည်ပြီး စာသင်ဆောင်အနေအထားနှင့် ကလေးငယ်လေးများ သက်သာစွာ ပညာ သင်ယူနိုင်ရေးအတွက် စာရေးခုံလေးများပါ ထည့်ဝင်လှူဒါန်းသွားမည်ဖြစ်ပါသည်....။
အတန်းအလိုက် ကလေးငယ်လေးများ စာသင်ယူနေကြပုံ
ကျောင်းလေးမှာ အမိုးမလုံသည့်အတွက် ကလေးငယ်လေးများမှာယခုကဲ့သို့ စာသင်ယူကြရပါသည်။ မိုးတွင်းကာလ၌လည်း စာသင်ကြားရန်အတွက် အခက်အခဲရှိသည်ဟု သိရပါသည်။
သို့ပါ၍ တစ်ယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူမှ ရမည်ဟူသော စကားအတိုင်း အများ၏ ပူးပေါင်းမှုဖြင့် ပိုမိုကောင်းမွန် ခိုင်ခံ့သော စာသင်ကျောင်းလေးတစ်ကျောင်း ဖြစ်ပေါ်လာစေရန် နှင့် ကလေးငယ်လေးများ၏ အနာဂတ် ပညာရေးအခက်အခဲလေးများကို တစ်ဘက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးကြရန်အတွက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အနေဖြင့် မိမိတို့၏ အလှူတော်တွင် ပူးပေါင်းပါဝင်လှူဒါန်းလိုကြသော အလှူရှင်အပေါင်းတို့အားလည်း လှိုက်လှဲစွာဖြင့် ကြိုဆိုဖိတ်ခေါ်အပ်ပါသည်....။
“အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာရောက်ပါတယ်၊ အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာရောက် ပါတယ်၊ ဆီမီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင်ဓာတ်ကို ပေးလှူရာရောက်ပါတယ်၊ အိမ်ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးအားလုံးကို ပေးလှူရာ ရောက်ပါတယ်” ........ လို့ ကျမတို့ရဲ့ မြတ်စွာဘုရားရှင် ဟောကြားဆုံးမတော် မူခဲ့တဲ့အတိုင်း အလွန်ကြီးကျယ်မြင့်မြတ်လှသော ကျောင်းအလှူတော်ကို အမှန်တစ်ကယ် ဖြည့်ဆည်းပေးရန်လဲ လိုအပ်နေသော နေရာလေးတစ်ခုကို မိမိတို့ချွေးနည်းစာများထဲမှ တက်နိုင်သလောက် ကူညီလှူဒါန်းကြပါရန် ကျမ၏ မောင်နှမ အားလုံးကို တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်.....။
လှူဒါန်းလိုသူများအနေဖြင့် ကျမ နှင်းဟေမာ ( mwf.hninhaymar@gmail.com ) Email ထံသို့ ဆက်သွယ်၍ မေးမြန်း၍ လှူဒါန်းနိုင်ကြပါသည်....။
“ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ...သူတစ်ပါးကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး (ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဌိကိလေသာ ၊ ငါကောင်းစားဖို့ တည်းဟူသော လောဘကိလေသာများကို ပါ အထိုက်အလျောက် လျော့ပါးကုန်ခမ်းစေသော အကျိုးကျေးဇူးများစွာကို ရရှိစေသည့် ပရဟိတအများအကျိုးပြုလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် မိမိတို့ တတ်စွမ်းသလောက် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုနိုင်ကြရန် အတွက် ကျမ နှင်းဟေမာ မှ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ကိုယ်စား တိုက်တွန်းနှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်.....။
အားလုံးပဲ မေတ္တာစိတ်ဓါတ် ၊ တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...
နှင်းဟေမာ ( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )
22 SEPT 2009




Wednesday, September 16, 2009

အမုန်းများငြိမ်းစေသတည်း ....

ပန်းရင့်ရောင် ဆီမှာ ကျမ အကြွေးတင်နေတဲ့ တဂ်လေးအတွက် ဒီပို့စ်လေးကို မရေးချင်ပဲ ရေးဖြစ်ပါတယ် ....။
ပန်းကလည်း ဘယ်လောက်ချော့ပြောပြော မရဘူး တွေ့တိုင်း အကြွေးတောင်းနေတာနဲ့ အကြွေးပူတာရော နားပူတာရောကြောင့် မဖြစ်မနေ တင်လိုက်ရပါတယ် ...းp
ဘေးက လူတွေပါ အကုန်ပါကုန်မှာစိုးလို့ ဒီပို့စ်ကို မရေးချင်တာ ...အဟီး
ရေးပြီးတော့လည်း ဆင်ဆာလေးတွေ ဖြတ်ရသေးတော့ နည်းနည်းနောက်ကျသွားပါတယ် ....
ဆောရီးပါ ပန်း ရေ.....။
ကျမ ကို လူတွေမုန်းကြတဲ့ အကြောင်းရင်းကို ပြောမယ်ဆိုရင် ကျောင်းစတက်ခဲ့တဲ့ ဘ၀လေးတွေကနေ ပြန်စ ပြောဖို့ အရင်ဆုံး သတိရလိုက်တယ် .....။
Mechanical မေဂျာကို ရောက်လာတော့ စွာတယ်ဆိုတာထက် ဆိုးတယ် ပေတယ် လို့ပြောရင်ပိုမှန်မလားပဲ ... ကျောင်းမှာ ဘုံကထိန်ရှိပြီဆိုရင် မိသားစု ဆရာမရဲ့ တာဝန်ပေးမှုအရ နှင်းက အားလုံးဆီကနေ ပိုက်ဆံ လိုက်ကောက်ခံရပါတယ် ...။
မိန်းကလေး ၅ ယောက်လောက်ဆီက ပိုက်ဆံအလွယ်တကူ ရပေမယ့် ယောင်္ကျားလေး တွေက တော်တော်နဲ့ကို မပေးကြဘူး....။
အဆိုးဆုံးကတော့ အဲဒီထဲက ကျမ ဘယ်လိုမှ မနိုင်တဲ့ သူတွေက ဗူးသီး ၊ ဗွတ်ခါး ၊ ကိုကိုကြီး ၊ မှန်ကြီး ၊ ကြက်ဂတုံး၊ဖိုးနေမျိုး နဲ့ ငဇင်ရိုင်း ဆိုတဲ့ ကျမ သူငယ်ချင်း တွေပဲဖြစ်ပါတယ်းp
ကထိန်ကလည်းနီးနေပြီ အကြီးတန်းကလူတွေ ဈေးဝယ်ကြတော့မှာဆိုတော့ မိသားစု ဆရာမ ကလည်း မေးနေပြီ လေ ... ဒါလေးတောင် မလုပ်နိုင်ဘူးလို့ ပြောခံရမှာလည်းကြောက် သူများမေဂျာတွေနဲ့ အပြိုင်အဆိုင်ကြဲပြီး လှူဒါန်းကြတဲ့အခါ ကိုယ့်မေဂျာ က ပဒေသာပင်မလှရင် ဆိုတဲ့ စိတ်က ပိုများနေပါတယ် ...။
ပြီးခဲ့တဲ့ နှစ်ကလည်း သူများတွေထက် ပဒေသာပင်လှအောင် ဂျစ်ကားပုံစံကြီးသီးလိုက်တာ ငွေအင်အားနည်းနေလို့ ဂျစ်ကားပဒေသဘင်ကြီးခမျာမှာ ၅ ကျပ်တန်တွေနဲ့မျက်နှာငယ်ခဲ့ရပြီးပြီ ...။
(ကျောင်းမှာတုန်းက နှင်းက မေဂျာစွဲကလည်းအရမ်းကြီးပါတယ် )
အဲဒါနဲ့ပဲ ကျမ မစွာလို့ မရတော့လို့ စိတ်ရှိတိုင်း စွာလိုက်တဲ့ အခါမှာတော့ ထမင်းဆိုင်ပိုင်ရှင် မခိုင်ဆီက ပိုက်ဆံတွေ ချီးပြီးလာပေးပါတော့တယ် ....။
ကျမ ကတော့ သူတို့တွေရဲ့မေတ္တာပို့သခြင်းနဲ့ အမုန်းလေးတွေကို ခံယူလိုက်ရတာပေါ့လေ ... ( တက်နိုင်ဘူးလေ ) အဲဒီထဲက အုန်းရွှေ တို့ အောင်ကျော်ဝင်းတို့ က ကျမသူငယ်ချင်းတွေရဲ့ Calculator ကိုငှါး ၊ ငဇင်ရိုင်း တို့ ဖိုးနေမျိုး ဆိုတဲ့ ကျမ သူငယ်ချင်း တွေကတော့ ကျမ Calculator ကို ခဏငှါးပြီး အပေါင်ဆိုင်ကို ဒိုးကြပါတော့တယ်.....။
ကထိန်ပြီး လို့ တစ်ပတ်နေလည်း ရွေးမပေး ၊ နှစ်ပတ်နေလည်း ရွေးမပေးကြတဲ့ အခါမှာတော့ ထုံးစံအတိုင်း ကျမ အားရပါးရ စွာလိုက်ရပြန်တဲ့အခါ လူရှေ့မရှောင် သူရှေ့ မရှောင် စွာလိုက်မိလို့ သူတို့ ရဲ့သက်ဆိုင်သူတွေ မုန်းခြင်းကို ခံလိုက်ရပြန်ပါတော့တယ် ..... အဟီးးp
နောက်တစ်ခုကတော့ ကျမ မျက်နှာထားက လိုအပ်တာထက် ပိုပြီးတင်းမာ တယ် လို့ တွေ့တဲ့ လူတိုင်းကပြောကြတာပါပဲ ....။
စိတ်မဆိုးပဲနဲ့ ကို ကျမ မျက်နှာကြောက တင်းနေတော့ သူများတွေက မာနကလည်း ကြီးလိုက်တာလို့ ထင်ကြပါတယ်... သူတို့ဆိုလိုတာကတော့ တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတဲ့ အချိုး နဲ့ ဘာမှမဟုတ်ပဲ အခြောက်တိုက်ဘ၀င်မြင့်နေတယ် ပေါ့လေ။

တစ်ကယ်တော့ ကျမ က စိတ်ရင်းကောင်းပါတယ်နော် ... အဟီး သူတို့က အတွင်းစိတ်ရင်းကို မမြင်ပဲနဲ့ အပြင်ရုပ်ကို ကြည့်ပြီးဆုံးဖြတ်ကြလို့ပါးD ( ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့ )
ဘာပဲဖြစ်ဖြစ် ကျမ အသက်လေးကြီးလာတော့ တက်နိုင်သလောက် ပြင်ကြည့်ပါသေးတယ် ...အတက်နိုင်ဆုံး အဆင်ပြေအောင်လေးနေတက် ပြောတက်ဖို့ .... ဒီနေ့ထိ မအောင်မြင်သေးဘူး ဟီး ... အမေမွေးပေးလိုက်ကတည်းက ပါးစပ်က စူပုပ်ပုပ်လေးဆိုတော့ တမင်တကာကြီးကြိုးစားနေရင်လည်း လုပ်ပြုံးကြီးဖြစ်နေရင် မကောင်းဘူးလေ....ဟုတ်ဘူးလား ... အဟဲ အဲဒါနဲ့ပဲ ကျမ နှင်းဟေမာ ဒီနေ့ထိ သူငယ်ချင်းတွေက စူပုပ်လို့ ခေါ်တာကို ခံနေရတုန်းပါ ....
အလုပ်ထဲမှာလည်း ကျမ သူဌေးက မျက်နှာကို စူပုပ်နေလို့ဆိုပြီး ခဏ ခဏ ဆဲတာခံရပါတယ် ....။
သူဌေး အဲလောက် အဆဲခံရတာတောင် အကျင့်က ခုထိ ပြင်လို့ကို မရသေးပါဘူး .... ( နည်းလမ်းလေးများရှိရင် ပေးခဲ့ကြပါဦး ခင်ဗျာ .....)
နောက်တစ်ခု ကျမရဲ့ မကောင်းတဲ့ အကျင့်က လူတစ်ယောက်ကို ရင်ထဲမှာ ကြိုက်တာပဲဖြစ်ဖြစ် မကြိုက်တာပဲ ဖြစ်ဖြစ် ဟန်မဆောင်တက်တော့ ကျမ မျက်နှာကို ကြည့်လိုက်တာနဲ့တင် သူများက ခံစားလို့ရနေပြန်ပါတယ် ။
တစ်ခုခု မကျေနပ်ရင်လည်း ရင်ထဲမှာမြိုသိပ်မထားတက်တဲ့ အကျင့်လေးကြောင့် ပါးစပ်က လွှတ်ကနဲ ပြောလိုက်မိတဲ့အခါ သူများ အမြင်ကတ်စရာ ဖြစ်နေပြန်ရော .....။
လူတစ်ယောက်အပေါ်မှာ အမြင်မကြည်လင်တော့လင် စကားကို ဟန်ဆောင်ပန်ဆောင် ပြန်မပြောချင်တာ ၊ ပြုံးပြဖို့ဆိုတာဝေလာဝေး ...အဲဒီ့မကောင်တဲ့ အကျင့်ဆိုးလေးကြောင့် နံမည်ကြား မသနားတဲ့အပြင် လူမမြင်ခင်ကတည်းက ရိုက်ချင်စိတ်ပေါက်ကြတာ အဲဒါလည်း ကျမ နှင်းဟေမာပါပဲရှင် ...။
ကျမ မေမေ ကလည်း ပြောပါတယ် သမီးနှင်းရယ် ... ကလေးလည်းမဟုတ်တော့ဘူး နည်းနည်းလောက်ဆင်ခြင်ပါ.... စကားဆိုတာ ချိုချိုသာသာ ပြောလည်း ဒီစကား ၊ ဘုဘောက်ပြောလည်း ဒီစကားပဲ ... သူများ နားဝင်ချိုအောင် လေးပြောတော့ လူချစ်လူခင် ပိုများတာပေါ့တဲ့ ....။
ကျမ တစ်ဖြေးဖြေးတော့ သတိထားပြီး ပြုပြင်နေပါတယ် ....။
သို့ပေမယ့်လည်း မွေးရာပါ ဗီဇလေးဖြစ်နေတော့ အပြောမတက် ဆဲသလို ဆိုတဲ့ စကားအတိုင်း ကျမ တစ်ခါ တစ်လေ အပြောမတက်တိုင်း လူတွေနဲ့ အဆင်မပြေ ဖြစ်တက်ပါတယ် ....။
အဲဒီအခါ မှာလည်း ထုံးစံအတိုင်း အမုန်းခံရပြန်တာပါပဲလေ .....း(
နောက်တစ်ခုက ကျမက အိမ်မှာ တစ်ယောက်ထဲရှိတဲ့ အတွက် တစ်မိသားစုလုံးက အလိုလိုက်ထားပါတယ်...။
အရင်ဘ၀တုန်းက အကြွင်းအကျန် ကုသိုလ်ကံအရှိန်လေးက ကျန်နေသေးပြန်တော့ ကျောင်းကိုရောက်တော့လည်း အဆောင်မှာ စိတ်တူ ကိုယ်တူ ၀ါသနာတူ အစ်မတွေနဲ့ တူတူနေခွင့်ရခဲ့ပါတယ် ....။
တစ်ခန်းလေးယောက်နေကြရတာ ကျန်တဲ့ အစ်မ သုံးယောက်က ကျောင်းမှာ အရမ်းစာတော်တဲ့ သူတွေဖြစ်ပါတယ်...သူတို့တွေ ကနှစ်စဉ် Roll No က အမြဲထိပ်ဆုံးမှာယူနိုင်ကြတော့ သူ့တို့ခြေလှမ်းကို မှီအောင်မလိုက်နိုင်ပဲ အမြဲဒရွတ်တိုက်နေတက်တဲ့ ကျမ ကို အားမလိုအားမရ ဖြစ်ကြပါတော့တယ်...။
အောင်စာရင်းထွက်တိုင်း အဆူခံခဲ့ရတာက လွဲရင် ၊ ကျောင်းဆင်းလို့ သူငယ်ချင်းတွေနဲ့ အကြော်ဆိုင်သွားမယ်လို့ ချိန်းထားတာကို စာသင်ခန်းရှေ့ကထိုင်စောင့်ပြီး အဆောင်ပြန်ခေါ်သွားတက်တာက လွဲရင်၊ မနက် မိုးမလင်းခင် အတင်းနှိုးပြီး စာကျက်ဖို့ ကုတင်ပေါ်ကနေ ဆွဲချပြီး အချိန်ဇယားကြီးအတိုင်း
စားကျက်ခိုင်းကြတာကလွဲရင် အိမ်ကိုဖုန်းဆက်ပြီးတိုင်တက်တာကလွဲရင် ကျန်တာအကုန်ကောင်းပါတယ်...းp
( သူတို့သိလို့ မဖြစ်ဘူး .... ခုချိန်ထိ ကြောက်နေရတုန်းပဲး)
အဆောင်က အစ်မတွေကို သတိရပြီး ရေးချင်ရာတွေ ရေးချလိုက်တာ ဘယ်ရောက်သွားမှန်းမသိတော့ဘူး ....။
အဆောင်မှာ အစ်မ တွေရဲ့ ချစ်ခင်မှုတွေအပြည့်အ၀ ရလာခဲ့သလို ကျောင်းမှာလည်း ဆရာ ဆရာမတွေက မိန်းကလေး နည်းနည်းပဲ ရှိတော့ ၊ ရှိတဲ့ ကျမတို့တစ်တွေကိုပဲ ဦးစားပေးချစ်ကြပြန်တယ် ....။
ဖဲရိုက်လိုက် အရက်သောက်လိုက် ဘောလုံးပွဲလောင်းလိုက် ချောချော လှလှကောင်မလေးတွေရှိတဲ့ အတန်းတွေကို သွားသွားပြီး ငန်းကြောထနေတဲ့ ၊ ခုချိန်ထိ အဲဒီ့ ရောဂါမပျောက်ကင်းကြသေးတဲ့အတွက် ဒီကို ထွက်လာဖို့အရေး ရန်ကုန်တွင်သင်တန်းတက်နေသည်ဟု အကြောင်းပြကာ ညီညွတ်စွာဖြင့် မိဘပိုက်ဆံကို ယနေ့ထိတိုင်ဖြုန်း၍ အားမရကြသေးသော ဗူးသီး ၊ ဗွတ်ခါး ၊ ကိုကိုကြီး ၊ မှန်ကြီး ၊ ကြက်ဂတုံး ၊ ကိုမောင်နိုင်၊ တို့လို သယ်ရင်း တွေတော့ သူတို့ကို မြင်တာနဲ့ ဆရာမတွေက ရိုက်ချင်နေတာ ....းp
( သူများအကြောင်းလည်း မပြောတက်ပါ ... စပ်မိစပ်ရာ ကွိစိ ... ကွစး)
ဟဲ ဟဲ ကျမ နဲ့ မခေါ်ပဲ မနေနိုင်ကြတဲ့ အဲဒီ့သူငယ်ချင်းတွေကလည်း ကျမ ကို ဘယ်လောက်ပဲ အမြင်ကတ်ကတ် အမြဲတမ်းတော့ ကူညီတက်ကြပါတယ် ....
ဘယ်လိုနေရာမျိုးလည်းဆိုရင် ...သူငယ်ချင်းတို့ရေ မနက်ဖြန် အိမ်ပြန်မလို့ ငါတို့ ကို ကားလက်မှတ်လေး သွားဝယ်ပေးဦးလို့ ဆိုရင် ၀ယ်ပေးချင်ကြတာ ပြာယာကို ခတ် လို့ .... ကျမတို့ကတော့ ပေါ်မလာ ပေါ်မလာနဲ့ ကားလက်မှတ် လာပေးနိုးနိုး စောင့်လိုက်ရတာ ... လည်ပင်းကြီးတွေကို ရှည်လို့ .... နောက်တစ်နေ့ပေါ်လာပြန်တော့ လည်း သူငယ်ချင်းတို့ရေ...ကားလက်မှတ်က ကုန်ပြီတဲ့ဟ ပြန်မနေပါနဲ့ ငါတို့နဲ့မှ တူတူပြန်ရအောင်ပါတဲ့ ....အဲဒါနဲ့ ပိုက်ဆံလည်း ပြန်တောင်းရော ... ညကဖဲရိုက်လိုက်တာ ရှုံးသွားလို့တဲ့...... ကောင်းရောလေ ....။
မျှော်လင့်ချက်တော့ ပေးပါရဲ့သူတို့ ဖဲနိုင်ရင် ၊ ဘောလုံးပွဲနိုင်ရင် တစ်ဖွဲ့လုံး တူတူ ပြန်ကြမယ်ဆိုပဲ .... ကျမတို့မှာ အိမ်ပြန်ရဖို့အရေး သူတို့တွေ ဖဲနိုင်ပါစေ ... လို့ပဲ ဆုတောင်းပေးရတော့မလို....
ဘောလုံးပွဲလောင်းတာ နိုင်ပါစေလို့တော့ ဘယ်တော့မှ ဆုမတောင်းချင် ....
(အဘယ့်ကြောင့်ဆိုသော် .... ဘောလုံးဒိုင်ဖြစ်သူမှာ ကျမတို့ Mechanical က စာအသင်ကောင်းသော ၊ အပြင်မှာ ဘယ်သောအခါမှကျူရှင်ပြမစားခဲ့သော၊ အတန်းချိန်မှာ ဘောလုံးလာလောင်းခွင့်မပေးသော အားလုံးရဲ့ ချစ်ဆရာကြီး ဖြစ်နေသောကြောင့် )
အဲလိုဟာတွေနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နှစ်ရှည်လများ နေလာပြီး .... လုပ်ငန်းခွင်ရောက်တော့ ကျမ လူပေါင်းစုံ နဲ့ တွေ့ရ ၊ ကြုံရ ၊ ဆုံရ ပါတော့တယ် ..။ ကိုယ့်ထက် ဗိုလ်ကျတက်သူတွေ ... ကိုယ့်ထက် တစ်ထွာ၊ တစ်မိုက်လောက်သာတဲ့သူတွေ ၊ တစ်မိုင်လောက်ပိုတဲ့သူ တွေ လူအမျိုးမျိုးနဲ့ ကို တွေ့ရပါတော့တယ်.....။
ငယ်ငယ်က အကျင့်တွေ မပျောက်နိုင်သေးတဲ့ ကျမ ၊ အသက်တွေကြီးလာပေမယ့် စိတ်ဓါတ် တွေရင့်ကျက်မလာသေးတဲ့
ကျမ၊ ငါ ဆိုတဲ့ ဘာမှမဟုတ်တဲ့ မာနတွေ၊အတ္တတွေ အပြီးတိုင် မစွန့်ခွာနိုင်သေးတဲ့ ကျမ နဲ့ ထိပ်တိုက်တွေ့ကြပါတော့တယ်.......အဟီး အဲဒါကမှ စိတ်တူကိုယ်တူလို့ပြောရင် ပိုမှန်မလားပဲနော် ...။
အဲ ... အဲဒီ့ စိတ်တူ ကိုယ်တူတွေ နဲ့ ဂျိတ်ဂျိတ်ခြင်း ချိတ်ကြတဲ့အခါ မှာတော့ နှင်းဟေမာ တို့လည်း သူတို့တစ်တွေပေးတဲ့ အမုန်းတွေလည်း တသီတတန်းကြီး ... ပိုင်ဆိုင်ခဲ့ရပါတယ် ....။
( အဟီး ... ပျော်စရာကြီးနော် ...) ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ နှင်း ဘ၀ရဲ့ မှတ်တမ်းတွေက ....အမှတ်တရဆိုတာတွေလည်း အရမ်းများလွန်းလို့ ပြောမယ်ဆိုရင်လည်း ဆုံးမှာမဟုတ်တော့ပါဘူး .....။
ကဲ......... ဒီလောက်ဆို နှင်း ရဲ့ အကြောင်း အားလုံး ကိုလည်း သိကုန်ကြပြီထင်ပါတယ်နော် .... ။
ကျမအကြောင်းကို ခုလို သိကုန်ကြလို့ ဘယ်သူကမှ မခင်မင်ချင်တော့ရင် တဂ်ပိုင်ရှင် ပန်းရင့်ရောင် ၏ အပြစ်နှင့် အလိုက်မသိတက်မှုကြောင့်သာ ဖြစ်ရပါကြောင်း ...းp.....။
ဖော်ပြပါ အကြောင်းအချက် များဖြင့် ကိုယ်ပေါင်ကို လှန်ထောင်းရင်း ပြန်လည်ပြီး ဖောက်သယ်ချလိုက်ရပါတယ်ရှင်.....။

ဘာပဲ ဖြစ်ဖြစ် အားလုံးနဲ့ ဝေးကွာခဲ့ပြီး ကျမ တစ်ယောက်တည်း ဖြစ်လာတဲ့အခါ... လူတွေအမျိုးမျိုးနဲ့ တွေ့၊ကြုံ ဆုံဆည်းလာပြီး တဲ့အခါ ကျမ နဲ့ ရန်ဖြစ်ခဲ့ရတဲ့ ကျောင်းတုန်းက အဖြူစင်ဆုံး သူငယ်ချင်းလေးတွေကို ပြန်လည် တမ်းတတက်လာခဲ့ပါတယ်....။အတူနေခဲ့စဉ်က ညီမရင်းတွေလို သွင်သင်ဆုံးမခဲ့ကြတဲ့ အဆောင်ကအစ်မတွေကိုလည်း အရမ်းလွမ်းမိခဲ့ပါတယ် .....။
အဲဒီအရာတွေက ကျမဘ၀မှာ နောက်တစ်ခါ ဆိုတာ ဘယ်တော့မှ ပြန်ရလာမှာမဟုတ်တော့တဲ့ အခွင့်အရေးထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ် ....။
ယခုလက်ရှိအတူနေထိုင်ခွင့်ရတဲ့ ပတ်ဝန်းကျင်က သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ အမုန်းဆိုတာကိုလည်း ကျမ မလိုချင်တော့တာ အမှန်ပါပဲ ....။
ဘ၀တစ်ကွေ့လေးမှာ တစ်ခဏတာလေး ဆုံဆည်းကြတုန်း တစ်ယောက်အပေါ် တစ်ယောက် နားလည်ခွင့်လွှတ်ကြရင် ... တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က နားလည်မှုရှိခဲ့ကြရင် အမုန်းဆိုတာတွေလည်း ဖြစ်လာမှာမဟုတ်ပါဘူး......။
အဲဒီ့အတွက် ကျမတို့အားလုံးရဲ့ ရင်ထဲ နှလုံးသားထဲမှာ မေတ္တာတရားလေးတော့ အမြဲမပြတ် နှလုံးသွင်းဖို့ လိုအပ်လာပါတယ် ...။
စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အငြိုး အမျက် အမုန်း အာဃာတ ဒေါသ အစရှိတဲ့ အရာခပ်သိမ်းမှန်သမျှ မေတ္တာတရားသည်သာ အမှန်သို့ ပိုဆောင်ပေးနိုင်ပါတယ် ....။
မေတ္တာတရားထားခြင်းရဲ့ အကျိုးကျေးဇူးကြောင့် -
ချမ်းသာစွာ အိပ်စက်ရခြင်း ၊ ချမ်းသာစွာနိုးရခြင်း ၊ အိပ်မက်ဆိုးများမှကင်းဝေးခြင်း ၊ လူတစ်ကာချစ်ခင်လေးမြတ်ခြင်း ၊ နတ်တို့၏ ချစ်ခင်စောင့်ရှောက်ခံရခြင်း ၊ ဘေးအန္ထရာယ် လက်နက်ဘေးတို့မှ ကင်းဝေးရခြင်း ၊ စိတ်လျှင်မြန်စွာ သမာဓိ ရလွယ်ခြင်း ၊ ရုပ်အဆင်း ကြည်လင်သန့်ရှင်းခြင်း ၊ မတွေမဝေ ကောင်းမွန်စွာ သေရခြင်း ၊ အမြင့်မြတ်ဆုံးအရဟတ္တဖိုလ်ကို မရသေးလျှင် သေပြီးနောက် ဗြဟ္မာ့ဗုံသို့ လားရခြင်း - ဆိုတဲ့ ကောင်းကျိုးချမ်းသာတွေ ကိလည်ုး ချက်ခြင်း ရရှိစေနိုင်ပါတယ် .....။
မေတ္တာတရားဆိုတဲ့ အရာအားလုံးကို တိုးပွားအောင်စွမ်းဆောင်ပေးသော အမြှောက်လက္ခဏာတစ်ခုကို ကျမ တို့ ပိုင်ဆိုင်နိုင်ကြပြီဆိုရင်တော့ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ယုံကြည်နားလည်မှု နိယာမတွေကြောင့် ကျမတို့ ပတ်ဝန်းကျင် နဲ့ ကမ္ဘာလောကကြီးကလည်း သာယာလှပ လာပါလိမ့်မယ် ......။
ဒါ့ကြောင့် ကျမ နဲ့ ကျမ ရဲ့ မောင်နှမများ အားလုံး မိမိကို လူတွေဘာ့ကြောင့် မုန်းကြသလဲဆိုတာကို ပြန်လည်သုံးသပ်ကြည့်ခြင်းအားဖြင့် မိမိတို့ ပြုပြင်စောင့်ထိန်းအပ်သည်များကို မှန်ကန်စွာဆုံးဖြတ်နိုင်ကြပါစေ...
အမြန်ဆုံးလည်း ပြုပြင်ပြောင်းလည်း နိုင်ကြပါစေ .... ပြောင်းလဲလိုက်တဲ့အတွက် အမုန်းများလည်း ငြိမ်းသတ်သွားကြပါစေ.......လို့ အားလုံးအတွက် ဆန္ဒပြုလိုက်ရင်း .......ဒီပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ် ....။



( ကျမ လူတွေနဲ့ အဆင်မပြေတိုင်း ၊ လူတစ်ချို့နဲ့ သဘောထားကွဲလွဲတိုင်း ၊ ကျမ ဖြစ်ချင်တာတွေ နဲ့ ဖြစ်လာတာတွေ လွဲချော်သွားတိုင်း မိမိကိုယ်မိမိ ခုလို ပြန်လည်သုံးသပ်ကြည့်မိပါတယ် .... ကျမ ရဲ့ ကိုယ်ပိုင်ကဗျာထဲမှာ တင်ခဲ့ဘူးတဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ပါပဲ ....အားလုံးပဲ မျှဝေခံစားပေးကြပါဦးနော် ....)

အားလုံးပဲ မေတ္တာစိတ်ဓါတ် ၊ တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...

နှင်းဟေမာ
( 17 Sep 2009 )

Saturday, September 12, 2009

အချစ် ... အလွမ်းဖြင့်ကျန်ရစ်စေသော

(တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ ဆုံဆည်းခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ကြိမ်တစ်ခါပဲရှိတယ် .......)
အမှန်တော့ ကျမ က စိတ်ကူးယဉ်မှုတွေနဲ့ ....... ဘ၀ဆိုတာကြီးကို ရီဝိုင်း(Rewind ) ပြန်ပြီး လုပ်ချင်ခဲ့သူ... လေထဲမှာပဲ တိုက်အိမ်ဆောက်နေသူ..... သတ္တိမရှိခဲ့တဲ့ သာမန် ခပ်ညံ့ညံ့ မိန်းမ တစ်ယောက်လို့သာ ကိုယ့်ကိုယ်ကို ပြစ်တင်ရှုံ့ချမိပြန်ပါတယ်..။ အခုချိန်မှာများ ကျမ အတွက် အရာအားလုံးကိုသာ တစ်က ပြန်စခွင့်ရမယ်ဆိုရင်လေ..... ကျမ လောက်ပျော်ရွှင်နိုင်တဲ့သူ ကမ္ဘာမြေမှာ ရှိနိုင်ပါဦးမလားလို့ တွေးမိရင်း ဘာမှ မဟုတ်တဲ့ ခပ်ကြောင်ကြောင် မိန်းမ တစ်ယောက်လို့ မိမိကိုယ် မိမိ အထင်သေးမိပြန်တယ် .....။
ကျမ ဆုံးရှုံးသွားခဲ့တာက ဘာမှ မပြောပလောက်တဲ့ နှောင်ကြိုးလေးတစ်ချောင်း လို့ဆိုပေမယ့် ပိုင်ဆိုင်ခွင့်သာ ရခဲ့မယ်ဆိုရင်လည်း ကျမ အတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးတဲ့လေ .....။ ဒီတစ်ခါ တော့ ကျမ နှလုံးသားရဲ့ အမှတ်မရှိမှုနဲ့ သစ္စာစောင့်သိမှုတွေအတွက် မလေးစားပဲ မနေနိုင်တော့.........။ ကျမ ကလေ .... ဟိုး .......
ငယ်ငယ်လေးကတည်းက အိပ်မက်ရောင်စုံထွန်းညှိထားတဲ့ စိတ်ကူးသစ်ပင်ကြီးအောက်မှာ မရနိုင်တဲ့ ကြယ်လေးတစ်စင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်လေးကိုမှ အရုးအမူး တမ်းတ နှစ်သက်ခဲ့ဘူးသူ......။
အဲလိုပါပဲ ..... သူ့ ကို ချစ်မိခဲ့တဲ့ အချိန်က စပြီး ဆိုပါတော့ ပိုင်ဆိုင်ရမှာက နှောင်ကြိုးတစ်ချောင်း ကျမ တစ်ကယ်ဆုံးရှုံးသွားခဲ့တာက ကမ္ဘာကြီးတစ်ခုလုံးပါပဲလေ.........။
( နှင်းဟေမာ )

တောင်ပေါ်မြို့လေးရဲ့တစ်နေရာက စက်တင်ဘာ နံနက်ခင်းလေးတစ်ခုမှာပေါ့ ....အဲဒီ့နေ့က နှင်းမိုးတွေ လည်း တဖွဲဖွဲကျနေခဲ့တယ်.....။
ကျမတို့ တစ်တွေ စုဝေးရာ အဆောင်ခန်းမဘက်ဆီကို သွားနေကျ လမ်းရိုးလေးအတိုင်း ခါတိုင်းနေ့တွေလိုပဲ တဖြေးဖြေး လျှောက်လာခဲ့ကြတယ်...။
ဖြစ်ချင်တော့ ကျမ တို့ ခန်းမကို မရောက်ခင်လေးမှာပဲ မိုးက သည်းကြီးမည်းကြီးရွာချတော့တာပါပဲ....။ သူငယ်ချင်းတစ်တွေ အပျင်းကြီးလိုက်ကြပုံများ ထီးကလည်း တစ်ယောက်မှ ယူမလာမိကြဘူး... အဲဒါနဲ့ပဲ မိုးလုံစေမယ်လို့ ယူဆရတဲ့ အဆောက်အဦးဟောင်းကြီးတစ်ခုထဲကို အပြေးအလွှားဝင်လိုက်ကြရင်း .... ပေါ့
စက်တင်ဘာမိုးရေစက်တွေက လူတစ်ယောက် နဲ့ ကျမ ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ် ......။
အခု စဉ်းစားလိုက်မိရင် ကျမ ရဲ့ ရင်ခုန်သံတွေ ကလည်း ယနေ့ထိ အသစ်အသစ်တွေ ဖြစ်နေတုန်းပါပဲလား လို့တွေးဖြစ်ရင်း ကျမ သူ့ ကို အပြင်းအထန် သတိရသွားခဲ့မိတယ် .....။
အဲဒီ့နေ့က ...
သူ .. ကျမ ကို အမှတ်တမဲ့လေးပဲ ကြည့်ခဲ့တာ... ကျမ ကလည်း မထင်မှတ်ပဲ သူ့မျက်ဝန်းတစ်စုံကို မြင်ဖြစ်အောင်မြင်သွားခဲ့တာ....။
စက္ကန့်ပိုင်းလေးအတွင်းမှာပါပဲ အဲဒီမျက်ဝန်းလေးတွေက တစ်ဆင့် သူ ကျမကို စကားတွေအများကြီးများပြောသွားခဲ့သလားလို့ ....ထင်ယောင်ထင်မှား ၀ိုးတ၀ါးရှိနေဆဲပါပဲ....။
တစ်ဒင်္ဂလေးမှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ မျက်ဝန်းတစ်စုံကို ကိုယ့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာက ချက်ချင်းဆိုသလို အလွတ်ရရင်း သူနဲ့ဝေးသွားကြတဲ့ ရာသီစက်ဝန်းရဲ့ နေ့ရက်တွေတိုင်းမှာတောင် အဲဒီ့
မျက်ဝန်းတွေကို တမ်းတ လွမ်းဆွတ်နေခဲ့တုန်းပဲ....။
ဟော .... နောက်တစ်ကြိမ် တွေ့ကြပြန်ပြီ ..... အဲဒီ့နေ့လည်မှာပဲ ထမင်းစားဆောင်ကြီးရဲ့ အလယ်
တည့်တည့်မှာ ကျမ တို့သူငယ်ချင်း တစ်အုပ်စုလုံးက နေရာယူခဲ့တဲ့နေ့ .....။ ထမင်းစားနေကြရင်း အကြောင်းအရာတစ်ခုကို ဟာသမြောက်အောင် “စ တက် “နောက် တက်တဲ့ ကျမတို့အုပ်စုက ထုံးစံအတိုင်း
တ၀ါးဝါး တဟားဟား နဲ့ အော်ရယ်နေခဲ့ကြတယ် ....။ ဒီလို အသံကြားရင် တော်တော်များများကအကြောင်းသိထားကြတာမို့ ဘယ်သူကမှ အထူးအဆန်းဖြစ်နေမှာမဟုတ်တာ သေချာတယ် ....။အားလုံးထဲမှာ အသက်အငယ်ဆုံးတွေဖြစ်ပြီး
ပျော်ပျော်နေတက်တဲ့ ... ပေါ့ပါးစွာ ကူညီတက်တဲ့ ၊ အရမ်း “အစ “အနောက် သန်တဲ့ ကျမတို့ သူငယ်ချင်း
တစ်စုကို အားလုံးက ချစ်တဲ့မျက်စေ့နဲ့ ခွင့်လွှတ်နားလည်ပေးကြပါတယ် ....။
နောက်မှ ရောက်လာပုံရတဲ့ သူ့ အတွက်တော့ တော်တော် အံ့သြနေခဲ့ပုံပဲ ....။
မိန်းကလေးတွေဖြစ်နေပြီး ဒီလောက်တောင် အိနြေ္ဒ၊သိက္ခာ နည်းရလားလို့ သူအထင်ခံရမှာတော့ကျမ တိတ်တိတ်လေး စိုးရိမ်မိခဲ့သေးရဲ့..... အဟီး ကျမ သူငယ်ချင်းတွေ သိလို့ကတော့ အထူးအဆန်းဖြစ်ပြီး ကျမကို ၀ိုင်းကလော်တုတ်ကြမည်မှာ ဗေဒင်မေးစရာတောင် မေးစရာ မလိုပါ......။
ကိုယ့်အတွေးနဲ့ ကိုယ် ထမင်းကို ငုံ့စားနေဆဲ ... စိတ်ထဲမှာ မလုံမလဲခံစားလာရတယ်....။
တစ်စုံတစ်ယောက်ကများ ကိုယ့်ကို သေသေချာချာ စိုက်ကြည့်နေခဲ့သလားလို့ အလိုလို ခံစားသိနားလည်တက်တဲ့ စိတ်ကြောင့် ဘေးဘီဝဲယာ ကို ကိုယ် ရှာဖွေကြည့်လိုက်တဲ့အခါ ..... တွေ့ပါပြီ ...တရားခံ အစစ်ကို ... ရင်ထဲမှာ ဖျောက်ပစ်လို့မရနိုင်သေးတဲ့ ဒီမျက်ဝန်းနက်နက်လေးတစ်စုံပေါ့ ....။

ဟင် ...ဘေးမှာက ကျမ နဲ့ မျက်နှာကြောမတည့်သော လေအိုးပိန် ဆိုတဲ့ လူပါလား...။ကျမဘေးက သူငယ်ချင်းတွေဆီ အချင်းချင်း မျက်လုံးကနေတစ်ဆင့် မက်ဆေ့ခ်ျပို့လိုက်တဲ့အခါမှာတော့ အားလုံးရဲ့အားရုံတွေအသီးသီးက ပြိုင်တူပင် ထိုလူသစ်ထံသို့ မြှားဦးလှည့်သွားခဲ့ကြပါတယ်....။
သူငယ်ချင်း “ခိုင် က ရုတ်တရက် ထပြောလိုက်တာက စိတ်ဝင်စားစရာပဲ အဲဒီ့ လူ နဲ့ လေအိုးပိန် စကားဖောင်ဖွဲ့နေကြတယ်တဲ့ .....။ ဒီလူနဲ့ သူက သိနေကြတယ်ပေါ့ ဒါဆိုရင်တော့ ကျမတို့ထက် ၃ တန်းကြီးတဲ့ ဒီလေအိုးပိန်တို့နဲ့ တစ်နှစ်ထဲ ဖြစ်ဖို့များတယ်....တဲ့ ။ ဘုရားရေ.... သူတို့ ဘာတွေ ပြောနေကြလည်းမသိ...။
သေချာတာကတော့ အင်မတိ အင်မတန် ချဲ့ကားပြီး စကားကို လေတစ်လုံးမိုးတစ်လုံး ပြောတက်တဲ့ အဲဒီလေအိုးကို တော့ ကျမလန့်မိတာ အမှန် ....။
စကားကို မဟုတ်တာရော၊ဟုတ်တာရော ပေါင်းကာ လေတစ်လုံးမိုးတစ်လုံးပြောပြီး နောက်ဆုံးကျမှ အဖျားရှူးသွားတက်လွန်းလို့ သူ့ကို လေအိုးပိန် ဆိုတဲ့ အမည် ကို ကျမ တို့အုပ်စုကပဲ ပေးထားခဲ့တာလေ...။(အဟဲ..)လေးအိုးတို့က ပေါင်းတော့လည်း မိန်းကလေးတွေနဲ့ပဲ ပေါင်းတာများပြီး....တော်တော်စပ်စပ်စုစုနိုင်ကာ ယောင်္ကျားလုပ်နေပြီး အတင်းကလည်း အင်မတိ အင်မတန် အအုပ်သန်တဲ့သူ.... ။
အထူးသဖြင့် ကျမတို့အုပ်စုကို အစတုန်းက သူ ၀င်ရောချင်ပေမယ့် ကိုယ်တို့တွေက အရောမခံတဲ့ အခါမှာတော့ သူက ထုံးစံအတိုင်း ကွယ်ရာမှာ ကိုယ်တို့ တစ်အုပ်စုလုံးရဲ့အတင်းကို အားရပါးရကို အုပ်ပါလေတော့တယ်...။
အဲမှာ စတွေ့တာပါပဲ ဆတ်ဆတ်ထိမခံတက်တဲ့ ကိုယ်တို့တစ်တွေကလည်း သူ့ကို ကြုံတာနဲ့
ဝိုင်းတွယ်ကြတော့တာပဲ.....။
သူ့ဂွင်ထဲရောက်လာပြီဆိုတော့ခုလဲ ကြည့် ဒီလူအသစ်ကို ကိုယ့်တို့ အကြောင်း ဘာတွေများ ဖောက်သယ်ချနေလည်းမသိဘူး .....။
သူ ဆိုတဲ့ လူကလဲ လေအိုးပြောတာကို ခေါင်းတညိမ့်ညိမ့်နဲ့ ပြုံးပြီးတော့ နားထောင်နေလိုက်တာများ .... ဟွင်း ပြီးတော့ လည်း ကျမ တို့ ရှိတဲ့ဘက်ကို မသိမသာကြည့်နေခဲ့ပြန်သေးတယ်....။
သေချာပါတယ် ... ကျမ တို့မကောင်းကြောင်း ၊ အကျင့်ပုပ်ကြောင်း ၊ စွာကြောင်း ၊ အများကြီး .... ငယ်ကျိုးငယ်နာတွေ ဖော်ပါတော့မယ်...။
သူ့ကိုကြည့်ရတာအေးမလိုလိုနဲ့ ဒီလေအိုးနဲ့မှ ဘာလို့ အရောဝင်နေလဲမသိဘူးလို့ စိတ်ထဲက သူ့ကိုပဲ အပြစ်တင်မိခဲ့တယ်...။ကျမ စိတ်တွေ ဘာဖြစ်နေပါလိမ့် တစ်သက်လုံးက ဘယ်သူ့မှဂရုမစိုက်ပဲ နေလာတာ ... ခုမှများ ဘာဖြစ်နေရတာလဲမသိပါဘူး ..... စိတ်တွေတော့ အရမ်းရှုပ်လာခဲ့တာ အမှန်ပဲ...။
ကျမ မသင်္ကာလို့ သူတို့ဘက်ကို ကြည့်လိုက်မိတိုင်း သူ့မျက်ဝန်းတွေနဲ့က ရှောင်လွဲလို့ မရေအောင်ကို ဒိုင်းကနဲ တိုးတော့တာပဲလေ...။
အဲလိုတိုးမိတိုင်းလည်း ကိုယ့်ရင်ဘတ်ကြီးထဲက နီကိုရဲ စာအုပ်ထဲကခုနှစ်တန်းကျောင်းသားလေး ရင်ခုန်သွားတာ ရင်ထဲမှာ ပတ်မကြီးထတီးလိုက်သလို ဆိုပြီး. အဲလိုနှိုင်းပြီးပြောရတာလည်း ရှက်မိပါရဲ့ ... ကိုယ်က ပူပူနွေးနွေး အင်ဂျင်နီယာဘွဲ့လေး မကြာခင် တက်ရောက်ယူရတော့မည့်သူ.....။
လုပ်ငန်းခွင် သင်တန်းကျောင်းတောင် ရောက်နေပြီ ..... ဒါပေမယ့် ရင်ခုန်တာက တားဆီး၊ရပ်တန့်လို့ရကောင်းတဲ့ အရာမှ မဟုတ်ခဲ့လေတော့ လည်း....... သက်ပျင်းတွေပဲ အခါခါ ချမိပါတယ် ...။
ဒီလိုနဲ့ပဲ နေ့ တွေ ရက်တွေ .... လ တွေ .... များစွာကို ဖြတ်ကျော်ခဲ့ကြရင်း
ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့တဲ့ ဆုံဆည်းမှု မျက်ဝန်းနှစ်စုံရဲ့ ...... ခပ်ဟဟ စည်းတွေကြားမှာလည်း
မရေရာတဲ့ အရေးအကြောင်းလေးက ခပ်ဝါးဝါး နေရာယူလာခဲ့ပါတယ်....။သေချာတာ တစ်ခုက .... ကျမ ရင်ထဲမှာ ဘယ်တော့မှ ဟောင်းနွမ်းလို့ ရိုးမသွားနိုင်တဲ့ သူ့ဆီက နုညံ့တဲ့ အပြုံးလေးတစ်ခုကိုပါ ထပ်မံ ရရှိခဲ့တာဖြစ်ပါတယ်....။

အတူတူဖြတ်သမ်းခဲ့ကြတဲ့ အဲဒီ့ ရာသီစက်ဝန်း တစ်ခုအတွင်းမှာ သူ နဲ့ ကျမ တို့ နှစ်ယောက်ရဲ့ ရင်ထဲမှာလည်း ဖွင့်မပြောဖြစ်ခဲ့ကြပေမယ့် ရင်းနှီးနွေးထွေးနေတဲ့ ခံစားမှုတွေလည်း ထပ်တူ ညီစေခဲ့ကြပြန်တယ် .....။
ဒါပေမယ့်လည်းလေ....ဘယ်လိုမှ ဆက်စပ်လို့မရနိုင်တဲ့ ဘ၀နှစ်ခုဆိုတာ သူရော ကိုယ်ရော နှစ်ယောက်စလုံးရဲ့ ဦးနှောက်အသိမှာ ကိုယ်စီရှိနေခဲ့ကြပြန်တော့ အကောင်းဆုံးကတော့ နောက်ဆုတ်ဖို့ တစ်ခုတည်းသာ ရှိခဲ့ပါတယ်........။
တစ်ကယ်တော့ အချစ်ဆိုတာ ကျမတို့ နှစ်ယောက်လုံး အတွက်တော့ ဘ၀တွေ မဟုတ်ခဲ့ကြပြန်ဘူးလေ....။
အဲဒီလိုနဲ့ ရာသီစက်ဝန်းရဲ့ အပြောင်းအလွဲလေး တစ်ခုကြားမှာ
ခံယူချက်ခြင်း တူညီကြတဲ့ နှလုံးသား တစ်စုံရဲ့ချစ်ခြင်းတွေ အပြစ်ကင်းဖို့ လိုအပ်လာခဲ့ပါတယ်....။
ဘ၀ .... ပတ်ဝန်းကျင် .... အသိုင်းအ၀ိုင်း ..... အတိတ် ၊ အနာဂတ် စဉ်းစားကြည့်လိုက်မိတဲ့အခါ ..... အို... အရာအားလုံးကို ကျမ မုန်းတယ်...။
ဖြူစင်တဲ့ နှလုံးသား ချစ်ခြင်း တွေဆိုတာ သက်သေပြနိုင်ဖို့ အတွက် ကိုယ့်တို့နှစ်ယောက်လုံး ကြေကွဲ နက်ရှိုင်းစွာ ကျောခိုင်းခဲ့ကြရမယ်တဲ့လား .....။

ကံကြမ္မာက ဘယ်လောက်တောင် ရက်စက်စွာ ဒဏ်ခတ်ခံလိုက်လေသလဲ... နာနာကျင်ကျင် ပြန်တွေးလိုက်မိရင် .... ကျမလေ... အရာအားလုံးကို “တစ်” ကနေပဲ ပြန်စချင်ခဲ့မိတယ် ......။
ကျမ နှလူံးသားကရော ... ဘယ်အချိန် ဘယ်ကာလ အထိ အရာအားလုံးကို လှည့်စားနေဦးမှာလဲလို့ မေးလာရင်.... ကျမ ကိုယ်တိုင်လဲရေရေရာရာမဖြေတက်ခဲ့ပြန်ဘူး.....။
ကျမရဲ့ ဦးနှောက်တွေက ထက်မြတ်လွန်းနေခဲ့တာလား...... တစ်ချိန်က အဲလိုထင်ခဲ့မိတာလေ.....။ ခုချိန်မှာတော့ ကျမ ထင်တာ မမှားခဲ့ရင် ကျမ က ခပ်ကြောင်ကြောင်
အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်နေခဲ့တဲ့ လူသားတစ်ယောက် ဖြစ်နေခဲ့ပြန်ရော ......။
ဒီဖြစ်စဉ်တွေအားလုံးရဲ့ အဆုံးမှာတော့ ထူးဆန်းတာ တစ်ခုက ကျမ သူငယ်ချင်းတွေ နဲ့ လေဗူးပိန်တို့ တော်တော် သင့်မြတ်ချစ်ခင်လာခဲ့ကြတယ်....။
နားလည်မှုတွေရပြီး သူငယ်ချင်းအရင်းခေါက်ခေါက်ငယ်ပေါင်းကြီးတွေလိုလိုမြင်တွေ့လာခဲ့ရတယ် ....။
သူငယ်ချင်းတွေကတော့ သူ နဲ့ပတ်သတ်လာတိုင်း ကျမ ကို ဘယ်တော့မှ မတိုက်တွန်းကြသလို ဘယ်တော့မှလည်း မတားမြစ်ရက်ကြဘူး ....။
သူတို့တစ်တွေက ကျမ ဘ၀ကို နားလည်မှုအရှိဆုံး သူငယ်ချင်းတွေအဖြစ် ရပ်တည်ပေးခဲ့ကြတယ် ....။
သူ နဲ့ ကိုယ်တို့ရဲ့ ခွဲခွာခြင်း လမ်းဆုံးမှာ ကျမ နဲ့ ထပ်တူခံစားကြေကွဲပေးရင်း နွေးထွေးတဲ့ နှစ်သိမ့်မှုလေးတွေလည်း တစ်ယောက်တစ်မျိုး ပေးခဲ့ကြတယ် ........... ။
ကျမ ဘ၀ရဲ့ အနွေးထွေးဆုံး ရင်ခုန်သံတွေ ဥပေက္ခာပြုတက်နိုင်အောင် ကိုယ်ကိုယ်တိုင် ကြိုးစားတည်ဆောက်ခဲ့တဲ့ ပွဲမှာ သူတို့တစ်တွေရဲ့ ပုခုံးထက်မှာလည်း ကျမ အကြိမ်ကြိမ် ငိုရှိုက်ခဲ့ဘူးတယ် ....။
ထူးခြားလေးနက်တဲ့ သူ့မျက်ဝန်းလေးတွေက တစ်ဆင့် ၊ ရရှိဘူးတဲ့ သူ့ အပြုံးလေးတွေက တစ်ဆင့် ၊ နားလည်မှုရှိတဲ့ သူ့ရဲ့ စကားသံလေးတွေက တစ်ဆင့် ၊ ထင်မှတ်မထားတဲ့ ကာလတွေမှာ ကျမ အမှန်တစ်ကယ် သူ့ကို ချစ်မိသွားခဲ့တာလေ.....ကျမ ဘယ်လိုများ တားဆီးနိုင်စွမ်း ရှိပါ့မလဲ......။
ဘာဆက်လုပ်သင့်သလဲဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကိုပဲ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စဉ်းစား အဖြေထုတ်ခဲ့ရင်း..... ဦးနှောက် နဲ့ နှလုံးသား လွန်ဆွဲကြတာလည်း အကြိမ်ကြိမ် .......။
အဲဒီ့ပွဲမှာ ကိုယ့်ရင်ဘတ်ကြီး တစ်ခုလုံးကသာ ဒဏ်ရာတွေ ဗရပွနဲ့ပဲ ကျေကျေနပ်နပ်နပ်ကြီးအရှုံးပေးခဲ့ရတာလဲ အထပ်ထပ် အခါခါ ..... ဒါတွေလည်း ရှိပါစေတော့လေ....။
ခုလို စက်တက်ဘာလရဲ့ ညနေခင်းလေးတစ်ခုမှာပေါ့ ကျမ သတိရမိသေးတယ်....။
အဲဒီနေ့က ဘ၀မှာ မှတ်မှတ် ရရ ဆိုသလို သူနဲ့အတူ Ever Smile ဆိုတဲ့ မြို့ပတ်လမ်းဒေါင့်က လက္ဘက်ရည်ဆိုင် သေးသေးလေးမှာ ပထမဆုံး အကြိမ် ကြည်နူးစွာထိုင်ဖြစ်ခဲ့ကြတဲ့နေ့....။ အဲဒီ့ညနေခင်းလေးက ကိုယ်နဲ့ အမြဲတမ်းရင်းနှီးကျွမ်းဝင်လှတဲ့ သူ့မျက်ဝန်းလေးတွေကို အနီးကပ်မြင်တွေ့ခွင့် ရခဲ့တဲ့ လှပတဲ့ ညနေခင်းလေးတစ်ခုလည်းဖြစ်ခဲ့ပါတယ် ....။
လေးနက်တောက်ပစွာကြည့်တက်တဲ့ မျက်ဝန်းလေးတစ်စုံမှာ မျက်တောင်မွှေးရှည်ရှည်စင်းစင်း
လေးတွေပိုင်ဆိုင်ထားလိမ့်မယ်လို့ ကျမ ထင်မထားခဲ့မိဘူး ....။
သူ့ရဲ့ မျက်ဝန်းတွေ အဝေးကို ငေးစိုက်ကြည့်နေတိုင်း အရမ်းကြည့်လို့ကောင်းတယ် လို့ ထင်မိတယ်...။
အရိုးသားဆုံးဝန်ခံရရင် လှပတဲ့ အဲဒီ့ညနေလေးမှာ ကျမ တစ်သက်တာလုံးစာအတွက် သူ့ကို တိတ်တိတ်လေး ခိုးကြည့်မိခဲ့ပါတယ် ....။

အဲဒီ့မျက်ဝန်းလေးတစ်စုံပေါ့ မချစ်တက်တဲ့ ကျမ ရဲ့နှလုံးသားကို ချစ်တက်အောင် ၊ မလွမ်းတက်တဲ့ နှလုံးသားကို လွမ်းတက်အောင် သင်ပေးခဲ့တာလေ .....။
မထင်မှတ်ပဲ ကျမ ကို မေးခဲ့သေးတယ် .... နှင်း .. လက္ဘက်ရည်ရောကြိုက်ရဲ့လားတဲ့ ... ။ ရှက်ရှက်နဲ့ပဲ ၀န်ခံခဲ့ရပါတယ်.... သူက လက္ဘက်ရည်သောက်မလား နှင်း ကိုယ် Smile မှာလက္ဘက်ရည်လိုက်တိုက်မယ်လေ... ဆိုတော့ ကျမ က ကြိုက်တယ်လို့ ညာခဲ့မိတယ်....။ ဆိုင်လည်းရောက်ရောလက္ဘက်ရည် ဘာသောက်မလဲဆိုတော့ ဘာမှမသောက်ဖူးတော့ မှာဖို့ကို အူကြောင်ကြောင်ဖြစ်နေခဲ့တဲ့ ကျမ အရိပ်အကဲကို သူသတိထားမိသွားခဲ့တယ် ....။ ရံဖန်ရံခါ မွေးနေ့လေးတွေမှာသူငယ်ချင်းတွေနဲ့ လက္ဘက်ရည်ဆိုင်ထိုင်ဖြစ်ပေမယ့် ကျမ အတွက် ဒါ ပထမဆုံးအကြိမ် လက္ဘက်ရည်သောက်ဖြစ်ခဲ့တာလို့ အမှန်အတိုင်းဝန်ခံလိုက်တော့ မျက်ဝန်းနက်နက်လေးတွေက အံ့သြသွားတဲ့
အရိပ်လေးတွေနဲ့ ကျမကို ငေးကြည့်နေခဲ့တယ် ....။ ပြီးတော့မှာ နှင်းရေ...ဘယ်လက္ဘက်ရည်ကတော့ ဘယ်လိုအရသာရှိတယ် ၊ အခေါ်အဝေါ်လေးတွေက အစ ဘယ်လိုရှိတယ် ဆိုပြီးစိတ်ရှည်လက်ရှည်နဲ့ ပဲ ရှင်းပြခဲ့တယ်....။
အဲဒီ့ညနေလေးမှာ သူနှစ်သက်စွာ သောက်တက်တဲ့ ပေါ့ကျ ဆိုတာလေးကိုပဲ ကျမ ရင်ထဲမှာစွဲမြဲစွာ ယနေ့ထိ မှတ်မှတ်ရရရှိနေခဲ့ပါတယ် .....။
ဆောင်းကာလရဲ့ တစ်ခုသော ညနေခင်းလေးမှာပေါ့ ကျမတို့နှစ်ယောက် စစ်ဆေးရုံ
ဝန်းကြီးကိုဖြတ်ပြီး ဘုရားကျောင်းနံဘေးက မြေနီလမ်းလေးမှာ အတူတူ လမ်းလျှောက်ဖြစ်ကြတယ် .....။
အဲဒီ့နေ့က သူ့လည်ပင်းမှာ ကျမ ကိုယ်တိုင် ပင်ပင်ပမ်းပမ်း ထိုးထားပေးတဲ့ မီးခိုးရောင် မာဖလာလေးကို ပတ်ထားခဲ့တယ် .....။
အရမ်းအေးဆေးတဲ့ သူ့အမူယာလေးက သွက်လက်ပေါ့ပါးနေလိုက်တာ ကျမဆီကိုပါ သူ့ရဲ့ပျော်ရွှင်ကြည်နူးမှုလေးတွေ ကူးစက်ပျံ့နှံ့လို့ လာခဲ့တယ် .....။
အမှတ်တမဲ့ ရင်ထဲက သတိထားခဲ့မိတာက ယောင်္ကျားလေးဖြစ်နေပြီး ပြုံးလိုက်တိုင်း ထင်းကနဲ မြင်လိုက်ရတဲ့ ပါးချိုင့်လေး တစ်စုံ .....။ ကျမ တိတ်တိတ်လေးပဲ ပြုံးမိခဲ့တယ် ....။

ဆုံဆည်းခဲ့ကြတဲ့ ကာလတွေ အတွင်းမှာ ရရှိခဲ့ဘူးတဲ့ အကြည့် ၊ အပြုံး ၊ သူ့ဆီက ရှားပါးတဲ့ စကားလုံးလေးတွေက တစ်ဆင့် သူ့အပေါ်မှာ ကျမ ရဲ့ တွယ်တာမှု၊လေးစား မြတ်နိုးမှု ဆိုတာတွေကလည်း အတိုင်းအဆမဲ့ စေခဲ့ကြတယ်...။
သူက ကျမနဲ့ တွေ့တိုင်း စကားတွေကို အမြဲဦးဆောင် ပြောတက်ပေမယ့် ကျမ ကတော့
အမြဲနှုတ်ဆိတ်လို့သာ နေမြဲ....။ အားမလိုအားမရနဲ့ နှင်းက လည်း နည်းနည်းတော့ပြောဦးလေ လို့ တောင်းဆိုလာမှပဲ စည်းအပြင်ဘက်က ဥပဒေနဲ့ မငြိစွန်းစေသော စကားလေးတွေကို မနည်းရွေးချယ် ပြောခဲ့ရတယ်....။
သူ နဲ့ ကျမတို့ ကြားမှာ ပျော်ရွှင်ကြည်နူးစရာ၊ တစ်သက်မမေ့နိုင်စရာ ကောင်းတဲ့ အဲဒီလို မွန်းကျပ်ကျပ် နေ့ရက်လေးတွေလည်း ရှိခဲ့ဘူးလေရဲ့......။
အင်း .... တစ်ခါ တစ်ရံမှာ ..... ပြန်ပြောတာထက် လေးနက်မယ်ထင်ခဲ့လို့ ကျမ ဘက်က နှုတ်ဆိတ်နေခဲ့မိခဲ့တာတွေ ရှိသလို အဲဒါကို သူကလည်း မိန်းမတစ်ယောက်ရဲ့မာယာလို့တော့ ကျမ ကို ထင်ကောင်းထင်ခဲ့နိုင်ပါတယ် ...။


တစ်ကယ်တော့ သူ အသေအချာ မသိခဲ့တာပဲ နေမှာပါ..... ယနေ့ထိ မသေဆုံးသေးတဲ့ ကျမ ရင်ထဲက လေးနက်မှုတွေနဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့အကြောင်းကိုလေ .....။
အသေအချာပါပဲ ကျမ တို့နှစ်ဦးကြားက ခပ်ရေးရေး တားထားခဲ့ပြီးသား စည်းလေးတစ်ကြောင်း အခိုင်အမာ ခွဲခြားပေးခဲ့တဲ့နေ့ ကို ကံကြမ္မာက အသေအချာကို သတ်မှတ်ပေးခဲ့ပါတယ်..... ။
နောက်ဆုံး ခွဲခွာခဲ့ကြတဲ့နေ့တုန်းက ပေါ့.... သူ ကျမ ကို အပြုံးလေးတစ်ချက်နဲ့ပဲ မျက်ဝန်းလေးတွေက တစ်ဆင့် နှုတ်ဆက် ခဲ့ပါတယ် ....။ သူ့အပြုံးတွေထဲမှာ ကြေကွဲရိပ်တွေ ထင်ဟပ်နေခဲ့တော့ ကျမရင်တွေ အတိုင်းအဆမဲ့ နာကျင်ခဲ့ရပြန်တယ်..။
ကျမဘယ်တော့မှ မေ့လို့မရခဲ့သေးပါဘူးကွယ် ....။ ဘာပဲဖြစ်ဖြစ် ကျမ ရဲ့ ကြေကွဲမှုတွေအတွက် ကျေနပ်စွာ ခံယူလိုက်တယ် ....။
ဒီနေ့လည်း နှင်းမိုးတွေရွာနေပြန်တယ် .... အဲဒါလဲ စက်တင်ဘာ ပဲလေ.... နူးညံ့ညင်သာတဲ့ ခြေလှမ်းတွေနဲ့ အတူ နှလုံးသားတစ်လုံးကို ပြောင်းဆန်အောင် လှုပ်ခတ်စေခဲ့တာ .......အဲဒါလည်းစက်တင်ဘာပါပဲ..။ အပြုံးလေးတစ်ချက်နဲ့ တစ်သက်တာလုံးအတွက် အမှတ်တရတွေ ရရှိခဲ့ဖူးတာ ..... အော် .... အဲဒါလည်း စက်တင်ဘာပဲလေ .....။
ကျမ စက်တင်ဘာဆိုရင် အရမ်းကြောက်တယ် .... အို .... ဘာလို့ကြောက်ရမှာလည်း စက်တင်ဘာဆိုတာ ကျမ တန်ဖိုးထားရမယ့် အရာ ..... ဘယ်တော့မှ မမေ့ကောင်းတဲ့ နှလုံးသားရဲ့ ပြတိုက်တစ်နေရာလေ ....။
နှလုံးသား နဲ့ ဘ၀တစ်ခုလုံး ပြတ်သားစွာဆုံးဖြတ်ရဲခဲ့တာ ကျမ ကျေနပ်ဂုဏ်ယူရမှာပေါ့ ....။

အထီးကျန်ဆန်လွန်းခဲ့တဲ့ အဲဒီ့နေ့ရက်တစ်ချို့တစ်လေမှာတောင် ကျမရဲ့စိတ်ပြဌါန်းမှုတိုင်းက သူ ဆိုတဲ့လူတစ်ယောက်နဲ့ ပတ်သတ်လာရင် အရာရာတိုင်းက လေးနက်လှပလို့နေခဲ့ပြန်တဲ့အခါ ကျမ ရဲ့
ကြေကွဲမှု ရှိုက်သံတစ်ချို့ကလေည်း နုညံ့သက်ဝင်လို့ ....နေခဲ့တယ်....။


သူနဲ့ ဝေးသွားခဲ့တဲ့နေ့ရက်တွေမှာ ကျမအနားကနေ ရုတ်တရက်ပျောက်သွားခဲ့တဲ့ ပုံရိပ်တစ်ခုကို ရှာဖွေရင်း အလွမ်းသီချင်းလေးတွေကို စတင်ခံစားတက်လာခဲ့တယ် .....။
ကျမအနားက သူမရှိတော့တဲ့အခါ ... ပုံမှန်ဖြတ်လျှောက်နေကြ ကျမတို့ ဌါန ဘေးက ချယ်ရီပင်တန်းလေးတွေ အစီအရီ ရှိနေတဲ့ မြေနီနီလမ်းကျဉ်းလေးကိုပဲ လှမ်းမျှော်ကြည့်ရင်း အလွမ်းကဗျာတွေ ရေးခြင်း အတက်ကို အဲဒီ့နေ့ရက်တွေက စလို့ ကျမ ကျွမ်းကျင်စွာ တက်မြောက်လာခဲ့ပါတယ် .....။
ကျမပတ်ဝန်းကျင်မှာ သူမရှိတော့တဲ့ နေ့ရက်လေးတွေကစပြီး အဆောင်ရှေ့က နံမည် ခေါ်သံနဲ့အတူ ဧည့်သည်ရောက်နေတယ်ဆိုတဲ့ ခေါ်သံကြားတိုင်း သူများဖြစ်လေမလားလို့ အမြဲမျှော်လင့်ခဲ့ရင်း
ကိုယ့်ရဲ့ ပွင့်လင်းတက်တဲ့ စိတ်ရင်းအမှန်တွေကလည်း မြိုသိပ်ခြင်းတွေနဲ့အတူအလိုလို လွင့်စင်ပျောက်ကွယ်သွားခဲ့ပြန်ပါတယ် ....။
သူကိုယ့်ကို ရုတ်တရက်မေးခဲ့ဘူတဲ့ စကားလေးတစ်ခွန်းက ဘ၀ မှာ တန်ဖိုးအထားဆုံးနဲ့ အမြတ်နိုးဆုံးအရာက ဘာများဖြစ်မလဲတဲ့ .....။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ သူ့ရင်ထဲက အဖြေနဲ့ ကိုယ့်ဆန္ဒတွေ တစ်ထပ်တည်းကျခဲ့တဲ့ အဲ့ဒီအဖြေလေးအတွက် ကျမ ကိုယ်တိုင်လည်းနှစ်သက် မြတ်နိုးမိပြန်ပါရဲ့.....။
ဘ၀မှာ ကျမ တို့နှစ်ယောက်အတွက် တန်ဖိုးအထားဆုံးအရာက ဘာများဖြစ်နိုင်ပါဦးမလဲနော် .....။ သူပြောသွားခဲ့တဲ့ အမြတ်နိုးဆုံးအရာထဲက ဘ၀မှာ ဘယ်တော့မှ ဆုံဆည်းခွင့်မရတော့တဲ့ ရင်ဘတ်ထဲက ကောင်မလေး တစ်ယောက်တဲ့ ..... ကျမ ဖြစ်ခွင့်ရတယ် ဆိုရင်ပဲ ရောင့်ရဲကျေနပ်ရမှာပေါ့ ......။
စက်တင်ဘာတွေ တစ်ရစ်ပြီး တစ်ရစ် နဲ့ သက္ကရာဇ်တွေသာ တိုးတိုးလာတယ် ရင်ထဲက အလေးနက်ဆုံးအရာတွေအားလုံးကတော့ ဘယ့်အတွက်ကြောင့်မှ မဟောင်းနွမ်းခဲ့သေးတာလဲ အသေအချာပါကွယ် ....။

အစွဲအလန်း ကြီးသူတစ်ယောက်အတွက် ရင်ဘတ်ထဲက ဝေဒနာ တစ်ခုကို အစားထိုးကုသဖို့ဆိုတာလည်း ထင်သလောက် မရင့်ကျက်သေးတော့ အထိကလဲနာကျင် ...ကျမ ရဲ့ ချစ်တက်တဲ့ နှလုံးသားတစ်ခုလုံးကလဲ အဆုံးထိကြေကွဲ အို .... အဆုံးထိအောင် ... အလိုက်သိ လိမ္မာမိကြတဲ့ သစ္စာတရားတွေကပါ ကျမ နှလုံးသားတစ်ခု လုံးကို အထပ်ထပ်နာကျင် စေခဲ့ပါတယ်............။


( တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ ဆုံဆည်းခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ကြိမ်တစ်ခါပဲရှိတယ်ဆိုရင် ကိုယ်အမှန်တစ်ကယ် ချစ်ခဲ့မိသူတစ်ယောက်ကိုတော့ ချစ်တယ် လို့ ပြောခဲ့ကြပါ နော်.........။
စစ်မှန်စွာချစ်ကြသူတိုင်း ပျော်ရွှင်စွာဆုံဆည်းနိုင်ကြပါစေလို့ တောင်းဆုပြုပါတယ် .........။ကျမ ရဲ့ နှလုံးသားတစ်ခုလုံးနဲ့ သီကုံးထားသော စာလုံးတိုင်းကို စိတ်ရှည်သီးခံစွာဖြင့် မျှဝေခံစား ဖတ်ရှုပေးကြသူများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်မိပါတယ် .....အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါသော် ကျမ နှင်းဟေမာ ၏ ညံ့ဖျင်းမှုသာဖြစ်ပါတယ် .... အားလုံးပဲနားလည်ခွင့်လွှတ်ပေးကြပါစေလို့ ဆန္ဒပြုရင်း.... )


အားလုံးကို ချစ်ခင်လေးစားတဲ့

နှင်းဟေမာ
12 Sep 2009 ( 2:45 AM )

Tuesday, September 8, 2009

မမေ့အပ်သော စက်တင်ဘာ

အလွမ်းတွေ တနင့်တပိုးနဲ့
ကြိုးပြတ်သွားတဲ့ စွန်တစ်ချပ်မှာ
ရင်ဘတ်ထဲက ဒဏ်ရာ ၊ ဒဏ်ချက်တွေလည်း
လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတယ်.....။

အသေအချာ မျှော်လင့်ခဲ့ရတဲ့ ရက်စွဲတွေ
အငွေ့ပျံ ပျက်ပြယ်သွားပြီဆိုတော့
ကိုယ်တိုင် သီကုံးခဲ့တဲ့
တေးသီချင်းတွေလည်း သံစဉ်အောက်မှာ
မလှပတော့ဘူး..........။

နှလုံးသားစောင်းကြိုးညှိရာသီအောက်မှာ
ရင်ဘတ်ထဲက ရှိုက်သံတွေ
မွန်းတဲ့နေလိုပူလောင်ပြင်းပြနေခဲ့တော့
ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ပန်းတွေလည်း
နေရောင်အောက်မှာ မပွင့်တော့ဘူး....။

ကိုယ်မှားယွင်းစွာ လက်ခံမိခဲ့တယ်.....
တစ်ကယ်တော့ အချစ်ဆိုတာ...
နေရာအတည်တကျမရှိတဲ့ လိပ်စာလို.....
အဆုံးအစမရှိတဲ့ ကောင်းကင်လို......
ဖမ်းဆုတ်လို့မရနိုင်တဲ့ တိမ်တွေလိုပါပဲလားကွယ်...။

ခုတော့ စက်တင်ဘာနေ့ရက်လေးတွေမှာ
သစ်ရွက်ကြွေလည်းရူး...မိုးတွေရွာလည်း မထူးဆိုသလို
မျှော်လင့်ချက်မဲ့ အလွမ်းတွေနဲ့
ငါ့ဘ၀ရဲ့ ရက်စွဲတွေမှာရှင်သန်.....

တစ်ကယ်ပါ “....” ရယ် ....
ငါမင်းကိုတစ်ရက်မှ မေ့လို့မရခဲ့ဘူး ...။


( စက်တင်ဘာလ - ကျမရဲ့ပတ်ဝန်းကျင် မှာတော့ ဘယ်နေရာကိုပဲကြည့်ကြည့် မြေပြင်ပေါ်မှာ သစ်ရွက်လေးတွေတစ်ဖြုတ်ဖြုတ်ကြွေကျနေခဲ့တယ်....
ဟိုး....အဝေးတစ်နေရာမှာတော့ သဘာဝရဲ့အအေးဓါတ်တွေနဲ့အတူ မိုးတွေတစ်ဖွဲဖွဲရွာနေကောင်းရဲ့....ဘယ်လိုပဲဖြစ်ဖြစ် ကျမဘ၀မှာ စက်တင်ဘာ ဆိုတာ ဘယ်သောအခါမှ အဆုံးမသတ်တတ်တဲ့ကဗျာ...
သံသရာစက်ဝန်းရဲ့တစ်နေရာက အလွမ်းမှတ်တိုင်လေးတစ်ခုပါပဲ.... )

 
နှင်းဟေမာ
( 9 -9- 2009 1:20 AM )

Friday, September 4, 2009

တက်အားသမျှ ရှောင်ရှားကြစို့

ဒီပို့စ်လေးမှာ အဓိကအားဖြင့် မိမိတို့ တက်နိုင်သလောက် အသား ငါးကို ရှောင်ကျင်ခြင်းနှင့် မေတ္တာတရားပွားများပုံအကြောင်းအရာလေးများကို ကျမစုဆောင်းမိသလောက် ပြန်လည် မျှဝေပေးခြင်း သက်သက် သာဖြစ်ပါတယ်...။ပထမဦးဆုံး အနေဖြင့် ......သာဓကလေးများကို ဦးစွာ ဖော်ပြပေးချင်ပါတယ်...။

မူဂပက္ခခေါ် တေမိယဇာတ် တေမိမင်းသားသည်လည်းကောင်း၊ ကေသ၀ဇာတ်တော်၌ ကေသ၀ရှင်ရသေ့ အမှူးပြုသော ရသေ့ငါးရာတို့သည်လည်းကောင်း ၊ နကုလဇာတ်လာ ရသေ့ငါးရာတို့သည်လည်းကောင်း ၊ မဟာဒုဒဿန စကြာမင်းကြီးနှင့် တစ်ကွ တိုင်းသူပြည်သား အားလူံးတို့သည် လည်းကောင်း ၊ နေမိဇာတ်တော်၌ နေမိမင်းကြီးသည် လည်းကောင်း ၊ အသားငါးကို လုံးဝ မစားကြပဲ သစ်သီးကြီးငယ်တို့ကို စားခြင်းဖြင့် မေတ္တာဈာန် အဘိဥာဉ်ကို အရထူထောင်ပြီး လူ့ဘုံ ၊ နတ်ဘုံ သို့ အရောက်သွားနိုင်ခဲ့ကြကြောင်း

မှတ်သားခဲ့ရဘူးပါသည်.....။ထို့အပြင် ဘုန်းတော်ကြီး ဦးသီလ ၊ ကမ္ဘာ့သာသနာပြု မဟာစည် ဆရာတော်ဘုရားကြီး ၊ လယ်တီဆရာတော်ဘုရားကြီး၊ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ၊ မန်လည်ဆရာတော်ဘုရားကြီး ၊ အစရှိသော ဆရာတော် ကြီးများသည်လည်း အသီးအနှံတို့ဖြင့် ရောင့်ရဲတင်းတိမ်ကာ မေတ္တာတရားတို့ဖြင့် တရားထူးတရားမြတ်များ ရယူသွားခဲ့ကြပြန်ပါသည်....။


ထို ဥပမာ သာဓက တို့ကိုထောက်ထားခြင်းအားဖြင့် သတ်သတ်လွတ်စားခြင်းသည် မေတ္တာဘာဝနာ အတွက် အထူးပင် အထောက်အပံ့ပြုသည် ဟူ၍ မှတ်ယူရမည် ဖြစ်ပါသည်...။
အမှတ်တမဲ့ လမ်းမှာ တွေ့သဖြင့် ပံ့သကူသား ၀ယ်ယူစားကြသော သူများကို ပါဏာတိပါတ ကံထိုက်သည်ဟု မပြောသင့်သလို မေတ္တာဘာဝနာကို အထောက်အပံ့ဖြစ်ပါစေ ... သတ္တ၀ါများလည်း အနည်းငယ်မျှချမ်းသာပါစေတော့ ဆိုတဲ့ မေတ္တာစေတနာနဲ့ သတ်သတ်လွတ်စားနေသော သူများကိုလည်း အသားငါးစားသူတို့က ဒေ၀ဒတ်လမ်းစဉ်ဟူ၍ မဆိုသင့်ပါချေ..။
သူ့အသတ်သတ်ခြင်း တည်းဟူသော ပါဏာတိပါတကံထိုက်ရန်အတွက် .....
(၁) သတ္တ၀ါ ဖြစ်ခြင်း ၊
(၂) သတ္တ၀ါမှန်းသိခြင်း
(၃) သတ်လိုသောစိတ်ရှိခြင်း
(၄)တစ်နည်းနည်းဖြင့်သတ်ဖြတ်ခြင်း
(၅) သေသွားခြင်း
ဆိုတဲ့အင်္ဂါ (၅) ရပ်လိုအပ်ပါတယ်.... ဒီအင်္ဂါရပ် (၅) ရပ် နဲ့ ညီမှသာလျှင် ပါဏာတိ ပါတကံ မြောက်တယ်လို့ ဆိုပါတယ်...။အဲဒီ့အတွက် ဈေးမှာ ပံ့သကူသားကို တွေ့တဲ့အတွက် ၀ယ်ယူချက်ပြုတ်စားသောက်ခြင်းအားဖြင့် ပါဏာတိပါတကံ မထိုက်ပါ...။
အဲလို မဟုတ်ပဲနဲ့ သူငယ်ချင်းရေ... မနက်ဖန် ဈေးကနေ ငါ့အတွက် သုံးထပ်သားလေးတော့ ပါအောင်ဝယ်လာခဲ့နော်....။
ကြက်ဝ ၀ လေး တစ်ကောင်လောက် မနက်ဖန် ၀ယ်ဦးမှပဲ.....။
မေမေ ရေ... သမီးအတွက် အမဲသားများများ ကြော်ပေးလိုက်နော်....။လူကြုံနဲ့ ငါးခူလေးတွေပါ ကြော်ပေးလိုက်ပါဦး ( အဲဒါက ကျမ အရင်က မှာနေကျ စကားတွေ)....။အရမ်းကို အပြစ်များတယ်လို့ သိရတဲ့ အချိန်မှာ ကျမ ကိုယ်တိုင်လည်း ဆင်ခြင်ဖြစ်ပါတယ်...။
ဥပဒေကို လက်တစ်လုံးခြား လုပ်တဲ့သူတွေက မမိရင်တော့ တော်သေးတာပေါ့နော်...ဆိုတဲ့ စကားလိုပါပဲ...အသားငါး တွေကို မက်မက်မောမောနဲ့ မစားရရင် မနေနိုင် အောင်စားတက်ကြသူများကို အဘိဓမ္မာ သဘောနဲ့ သေသေချာချာ ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်တော့ အပြစ်လွတ်ဖို့က တော်တော်လေး ခဲယဉ်းကြောင်း မှတ်သားနာကြားခဲ့ရပါတယ်.....။
- သူ့အသက်ကို ကိုယ်တိုင်သတ်သူမှာ ငရဲသို့ကျမည်။
- သတ်ခြင်းကို ချီးမွမ်းသူမှာ ပြိတ္တာဘုံသို့ရောက်မည်။
- သူသတ်လို့သာ ငါစားရသည်ဟု ၀မ်းမြောက်မိသူမှာ တိရိစ္ဆာန်ဘုံသို့ရောက်မည် ။
ဟူ၍ ၀ိဘင်းအဌကထာတရားတော်၌ လည်း ဖော်ပြထားပါတယ်....။
အဓိက ကတော့ ကာယကံနဲ့ သတ်ခြင်းတွေ၊ ၀စီကံနဲ့ ချီးမွမ်းခြင်းတွေကို မပြုဖြစ်အောင် ထိမ်းသိမ်းဖို့က လွယ်ကူပေမယ့် မိမိတို့စိတ်ထဲကနေ ရုတ်တရတ် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားတာမျိုးကျတော့ ထိမ်းနိုင်ဖို့ တော်တော် ခဲယဉ်းနေပြန်ပါတယ်...။
လက်ဖျစ်တစ်တွတ်အတွင်းမှာ စိတ်အကြိမ်ပေါင်း ကုဋေတစ်သိန်းမက ဖြစ်နိုင်တယ်လို့ ဆိုထားတဲ့ အတွက် ကျမ တို့ စိတ်တွေကို သတိတရားနဲ့ အမြဲထိန်းနိုင်ဖို့က လွယ်တော့မလွယ်ပါဘူး။သိထားတယ်ဆိုရင်တော့ တက်နိုင်သလောက် အပြစ်လွတ်အောင် ရှောင်လို့ရနိုင်ပါတယ်....။
နောက်တစ်ခုကတော့ အသားငါးမစားခြင်းနှင့် ပတ်သတ်ပြီး တိုက်ရိုက်မဟုတ်ပဲ သက်ရှိသတ္တ၀ါတို့ကို မသတ်ဖြတ်ကြဖို့ ၊ အသားငါးတွေ တက်နိုင်သလောက် ရှောင်ရှားကြဖို့ကို သွယ်ဝိုက်သောနည်းအားဖြင့် ဟောကြားထားတဲ့ တရားတွေလည်း ရှိခဲ့ပါတယ်...။
ရှေးအခါက လူအပေါင်းတို့ဟာ သူ့အသက်ကိုလည်း မသတ်ဖြတ်ကြ ၊ သူတစ်ပါး အသားကိုလည်း မစားကြ ပါ... သို့သော် ဥက္ကာကရာဇ်မင်း လက်ထက်ရောက်တဲ့ အချိန်ကနေ ယနေ့ထိ သတ်ဖြတ်စားသောက်လာခဲ့ကြရာ ထိုအချိန်ကနေ အစပြုပြီး လူ့လောကကြီးကို စောင့်ရှောက်ခဲ့ကြသော သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်တွေကလည်း ရှောင်လွဲစွန့်ခွာခဲ့ကြပါတယ်...။ လူတွေအပေါ်မှာ ရောဂါ ဘေးဘယာ အမျိုးမျိုး အထွေထွေ ဖိစီးနှိပ်စက်လာခဲ့ပါတော့တယ်လို့ အင်္ဂုတ္တိုရ် ပါဠိတော်၊တိကနိပါတ် အရ မေတ္တာရှင်ရွှေပြည်သာ ဆရာတော်ဘုရားလည်း ဟောကြား ဆုံးမ တော်မူခဲ့ပါတယ် ....။
လောက၌ အသားစားသူတို့ မရှိမီက မိမိ၌ မရှိသေးသော ဥစ္စာဓန ကို လိုချင်တောင့်တခြင်း ၊ စားချိန်တန် မစားရသည့်အခါ ဆာလောင်ခြင်း ၊ အိုချိန်ကျလျှင် အိုရခြင်း ဟူသော အရာတို့သာ အနာရောဂါ အဖြစ်ရှိခဲ့ကြပါတယ်....။ တိရိစ္ဆာန် တို့ရဲ့ အသားတွေကို သတ်ဖြတ်စားသောက် လာကြတဲ့ အချိန်မှာတော့ ၉၈ ပါးတည်းဟူသော အနာရောဂါ ဆန်းများလည်း ပေါ်ပေါက်လာခဲ့ကြပါတော့တယ် ဆိုပြီး သုတ္တနိပါတ်ပါဠိတော်၊ဗြဟ္မကာဝဂ် ဓမ္မိက သုတ်ကိုအခြေခံပြီးတော့လည်း ဆရာတော်ဘုရားမှ ဟောကြား ဆုံးမတော်မူခဲ့ပါတယ်...။

( ကမ္ဘာလောကကြီးတွင် အခြေအမြစ်လုံးဝ ကင်းသော ယုံကြည်စွဲလမ်းမှုတစ်ခုရှိ၏။ ၎င်းသည်ကား လူတို့သည် တိရိစ္ဆာန်ဖြင့် ယဇ်ပူဇော်ရန် လိုအပ်သည် ဟူသော အချက်ဖြစ်ပါသည်...။ထို့ထက် သာလွန်ထူးကဲ ညှင်းပန်းနှိပ်စက်မှု ၊ အညှာအတာကင်းမဲ့မှုတို့ကို ဖြစ်ပွားစေသော အချက်သည်ကား လူတို့သည် တိရိစ္ဆာန် အသားကို စားရန် လိုအပ်သည် ဟူသော အချက်ပင်ဖြစ်တော့သည်....။
သတိပဌါန်ဆရာကြီး - ဂျေကရစ်ရှနာမူတီ)

ကျေးဇူးတော်ရှင် မေတ္တာရှင်ရွှေပြည်သာ ဆရာတော်ဘုရားနှင့် ပညာရှိသူတော်ကောင်း တို့ ဟောကြားသမျှတရား ရေးသားသမျှစာပေ...တို့ကို ဦးထိပ်ပန်ဆင်၍ အတ္တုက္ကံသန = မိမိကိုယ်ကိုသာချီးမြှောက်ခြင်း ၊ ပရ၀မ္ဘန = သူတစ်ပါးကို ပြစ်တင်ရှုံ့ချခြင်းတည်းဟူသော အစွန်းနှစ်ပါးကို ရှောင်ကြဉ် ရေးသား ၍ သူငယ်ချင်းတို့ အားလုံးအတွက် ပြန်လည်မျှဝေပါသည်...။လူတို့၏ စိတ်အုပ်ထိန်းမှုကို အနှောက်အယှက်ပေးတက်သော တိရိစ္ဆာန်တို့၏ အသားများကို တက်နိုင်သလောက်ရှောင်ကြင်နိုင်ခြင်းဖြင့် မိမိစိတ်သဏ္ဌာန်မှ လောဘ ၊ ဒေါသ ၊ ရာဂ အစရှိသည့် မလိုလားဖွယ်သော တရားများမှ အမြန်ဆုံးကင်းဝေး
နိုင်ဖို့ ဒို့တစ်တွေ အတူတူ ကြိုးစားကြပါစို့နော်....။ ဒီပို့စ်လေးနဲ့ ပတ်သတ်ပြီး
အမှားအယွင်း မကင်းခဲ့သော် (သို့မဟုတ်) အားနည်းချက်တစ်စုံတစ်ရာပါခဲ့သော် ကျမ နှင်းဟေမာ ၏
တာဝန်နှင့် အပြစ်သာဖြစ်ပါသည်...။မေတ္တာဖြင့် ခွင့်လွှတ်နားလည် နိုင်ကြပါစေဟု ဆန္ဒပြုရင်း ....။
အားလုံးကို ချစ်ခင်လေးစားတဲ့

နှင်းဟေမာ
05 September 2009
2:16 AM

Wednesday, September 2, 2009

အသက် ရဲ့ တဂ်ကလေး

မိမိအကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ ၅ ခု နှင့် ဘာကြောင့် ထိုဘလော့များအား ကြိုက်နှစ်သက်ရသလဲ ဆိုတဲ့ မေးခွန်းလေးကို ဖြေပေးဖို့ သက်တန့်ချို က တဂ်လာပါတယ်.....။ ခုတစ်လော 4D သွားထိုးရင် ကောင်းမလားလို့တောင် စဉ်းစားနေတာ ဆက်တိုက်ဆိုသလို အတဂ်ခံနေရလို့းp


ကိုယ့်အပေါ်မှာ ချစ်တဲ့ ၊ ခင်တဲ့ သူ ...ရင်ထဲကနေ သတိတရ ရှိနေတဲ့ သူတွေကပဲ ကိုယ့်ကို အမှတ်တရ တဂ်ပေးကြတာဆိုတော့ စိတ်ဆိုးလို့ကလည်း မရဘူး....။သက်တန့်ချိုကို တော့ အရမ်းစိတ်ဆိုးတယ် မေးလိုက်တဲ့မေးခွန်းကလဲ အတော်ကို ဖြေရခက်တယ် ... ဘလော့ဂါ သူငယ်ချင်းတွေက များပါတယ်ဆို ... အဖြေမတတ်ခဲ့ရင်လဲ နေ့တိုင်းချောင်းပေါက်အောင် သူတို့ဆီသွားထားတာလေးတွေက အလကားဖြစ်ရဦးမယ်...။ဖြေပေးရမှာကလည်း (၅)ဦးထဲ..ဆိုတော့......... အဒူ့ကို ရွေးရင်ကောင်းမလဲ....။ ကျန်တဲ့သူက ကိစ္စမရှိဘူး ကျမ သူငယ်ချင်း လဂွန်းအိမ် က လွယ်တာမဟုတ်ဘူးရယ်...။ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အရမ်းတွက်ကပ်တာ သူက...ဟိ ... ပြန်မပြောကြနဲ့နော်...( ကြောက်လို့းD ) စတာပါ...။


သက်တန့်ရေ... ဘလော့ ၅ ခုချမရေးခင်မှာ တစ်ခုလောက် ခွင့်တောင်းပါရစေ.... နှင်း ရဲ့ပရော်ဖက်ဆာတစ်ယောက်ရှိတယ် Dr.Sang-Heon Lee တဲ့....သူက ပုစ္ဆာတွေ တွက်ခိုင်းရင် အမြဲတမ်း ၅ ပုဒ် ၅ပုဒ် တွက်ခိုင်းတယ် ... အဲဒါလေးပြီးသွားလို့များ ပြီးပြီလို့မထင်လိုက်နဲ့ နောက်ထပ် Bonus ပုစ္ဆာတစ်ပုဒ်က အမြဲတမ်း အဆစ်ပါတယ်...။အဲဒါပါဖြေမှ အမှတ်ပြည့် ပေးတာ ....။နောက်တော့ ကိုယ်က ဆရာ့ အထာ နပ်သွားပြီ ... သူပေးတဲ့ ၅ပုဒ်ကို မြန်မြန်လေးတွက်ပြီး ဘောနပ်စ်လေးပါ တွဲပေးရတာ ကြာတော့ အကျင့်တွေပါနေတယ်...ဟီး...( မျက်နှာချိုသွေးတား) ) ပြောချင်တာက ဒီ ၅ ခုပြီးရင် အထူးအခွင့်အရေးအနေနဲ့ Bonus လေးတစ်ခုလောက် ထပ်တည့်ခွင့်ပေးပါလို့...........နော်..။
သက်တန့်က သဘောကောင်းပြီးသား .. ( ရွာသူက ဥာဏ်ကနီဥာဏ်ကနက်ကတော့ အများသားလို့ မထင်နဲ့းp )...။ကဲ...စပြီနော်...........။ပြောပြီးသားနော် ... ကိုယ့်ဘာသာကိုယ်ပဲ Bonus ပါထည့်ဖြေလိုက်မယ်နော် ..။
ကျမ အနှစ်သက်ဆုံး နေရာလေး ၅ ခု + Bonus ၁ နေရာ စုစုပေါင်း (၆)နေရာပေါ့ နော်...။သူငယ်ချင်းတို့ရေ...
အဲဒီနေရာလေးတွေကို ကျမ နဲ့အတူတူ သွားကြည့်လိုက်ကြရအောင်လေ...။
ကဲပါ....ပြောနေရင်ကြာပါတယ် .... ခုပဲ မြန်မြန်သွားကြည့်လိုက်ကြရအောင်နော်...။
မက်မက်ရေ... တီတီနှင်းတို့ မျောက်လိုပဲ သစ်ပင်ပေါ်ကနေ ခုန်ကူးသွားကြရင်ကောင်းမလား .....မျောက်မူးလဲ မမစူး ကတော့ သဘောတူမှာသေချာတယ်...းp
အို...မဖြစ်သေးပါဘူး ... ၀က်ဝံလေး သနားပါတယ် ..သူ့ခမျာ ခုန်နိုင်၊ ကျော်နိုင်တာမဟုတ်ဘူး.......းD
အင်မတန် ကြီးကျယ်တဲ့ ရန်ကုန်သား က ရထားနဲ့ပဲ သွားမယ်လုပ်နေပြန်ပြီ....ကဲပါ ကဲပါ ပန်းရင့်တို့ သက်တန့် တို့တွေလည်း အဆင်ပြေအောင် ရထားလက်မှတ်ပဲ စီစဉ်လိုက်ပါ့မယ်...။
ဟိုမှာ ရထားလဲ လာနေပြီ....အားလုံးအတွက် ရထားလက်မှတ်လေးတွေ ကိုလဲ စီစဉ်ပေးထားတယ် ရော့ ......။
ပိုက်ဆံ အပြည့်ထည့်ထားပေးတာနော်....။

ဘယ်သူကျန်သေးလို့စောင့်နေရတာလည်း ..... ဟင်.... လဂွန်းအိမ် ဟုတ်လား.... အဲဒီ့တစ်ယောက်ကလေ ... စားနောက်ကျ သွားနောက်ကျ နဲ့ ဟွင်းးးးး မပြောလိုက်ချင်ဘူး....းp အစားပုပ်တဲ့ မိုးစက်အိမ်အတွက် လည်း ဘာမှမပူနဲ့နော် မမဂျာမုန်းက မုန့်တွေများကြီးလုပ်ယူလာတယ်တဲ့...။အစ်ကို အညာသား (မွေးရပ်မြေအညာ)လဲ ရောက်လာပြီပဲ..... ။ အားလုံးစုံပြီဆိုရင် အခု နှင်း တို့သွားလည်ကြမယ့် နေရာလေး(၆)ခု ကို ပြောတော့မယ်နော်....။

(၁) ကိုဝင်းမြင့်-သစ္စာတရား
(၂) ရန်အောင်
(၃) ရွှေပြည်သူ
(၄) မယ်ကိုး


(၅) အိမ့်ချမ်းမြေ့


(၆) ကိုရင်နော်ခင်လေးငယ် တို့ပဲဖြစ်ပါတယ်ရှင်.....။


နောက်ထပ် တန်းစီပြီးချရေးချင်တာတွေ ရှိပါသေးတယ်...။ဒီလောက်ပဲ သတ်မှတ်ပေးထားတော့
ထပ်ပြီးတော့ အထွန့်မတက်ရဲတော့လို့ .....လက်ကို အမြန်ဘရိတ်အုပ်လိုက်ရတယ်....။ဒီ ၆နေရာကတော့ ကျမ ရဲ့ နှင်းဟေမာ ဘလော့လေးမစတင်မီ လွန်ခဲ့သော ရက်၊လ၊နှစ် တွေနဲ့ချီပြီး အမြဲမပြတ် သွားရောက်ဖြစ်ခဲ့နေရာလေးတွေထဲက ကျမ အနှစ်သက်မိဆုံး နေရာလေးတွေကိုပဲ ရွေးချယ်လိုက်တာပါ...။


နံပါတ်(၁) ... ကိုဝင်းမြင့် ရဲ့ သစ္စာတရား ဆိုတဲ့ နေရာလေးကို ပထမဆုံးသွားကြမယ်နော်...။
အဲဒီ့နေရာလေးက ဓမ္မသုခ ရဲ့ဆိုဒ်အခွဲတစ်ခုဖြစ်ပြီးမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်များနဲ့ ပတ်သတ်ပြီး ဓမ္မမိတ်ဆွေများအနေဖြင့် တစ်စုတစ်စည်းတည်းရယူနိုင်ဖို့ ဆိုတဲ့ မွန်မြတ်လှတဲ့ ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ထားတဲ့ နေရာလေးတစ်ခုဖြစ်လို့ အရမ်းပဲ ကြည်နူးချမ်းမြေ့စရာကောင်းတဲ့ နေရာလေးဖြစ်ပါတယ်....။
အစဉ်ထာဝရ ဓမ္မပန်းတို့ ပွင့်လန်းရာ ၊ သစ္စာတရားတို့နဲ့ ငြိမ်းချမ်းရာ နေရာလေးလည်းဖြစ်ပါတယ်...။

ရောက်ရှိလာသူအပေါင်းကို -
သစ္စာတရားတော်များ နာယူနိုင်ကြပါစေ...နာယူပြီး သိနားလည်နိုင်ကြပါစေ...သိနားလည်ပြီးတော့ လည်း ကျင့်ကြံအားထုတ်နိုင်ကြပါစေ..... ဆိုတဲ့ရည်ရွယ်ချင်အတိုင်း သစ္စာတရားတော်ဆိုတဲ့ ဓမ္မအလံတော်ကို ကမ္ဘာ့အင်တာနက် စာမျက်နှာပေါ်မှာ တည့်မတ်စွာ လွှင့်ထူထားတဲ့ တန်ဖိုးမဖြစ်နိုင်သော နေရာလေးဖြစ်ပါတယ်..။ကျမ အမြဲ သွားဖြစ်တဲ့ နေရာလေးတွေထဲက အနှစ်သက်ဆုံး အဖြစ်ဖော်ပြအပ်ပါတယ်....။
ကဲ ... မရောက်ဖြစ်သေးတဲ့ သယ်ရင်းတို့...ရေ... အကျိုးများတဲ့ ဒီနေရာလေး မှာ နာနိုင်တဲ့ နားတွေရှိတုန်း
သစ္စာတရားတော်တွေကို နာဖြစ်အောင် ကြိုးစားကြစို့နော်...။

နံပါတ်(၂) .... အနေနဲ့ အစ်ကို ရန်အောင် ရဲ့နေရာလေးကို သွားကြမယ်နော်....။
ကိုရန်အောင်က ကမ်းခြေသွားပြီး စက်ဘီးစီးနေတာ ခုထိ ပြန်မရောက်သေးဘူးတဲ့ ....းP ဒီနေရာလေးကတော့
နှင်းဟေမာဘလော့ စတင် ဖန်တီးနိုင်ဖို့ အတွက် နည်းပညာလေးတွေ စပြီးယူခဲ့ရတဲ့ နေရာလေး ဖြစ်ပါတယ်.... ( ကျေးဇူးမကင်းဘူးးp) ။ ကျမ ဘလော့လောက နဲ့ ပတ်သတ်ပြီး သိလာခဲ့တဲ့ အချိန်မှာ ပထမဆုံးရောက်ဖြစ်တဲ့ နေရာတစ်ခုက မှတ်မှတ်ရရပါပဲ.... အစ်ကို ရန်အောင်ရဲ့ ဘလော့ဖြစ်ပါတယ်...။
2007 October လောက်မှာရေးထားတဲ့ အားလုံးအတွက်ထိုးတဲ့ ခေါင်းလောင်းသံ ကဗျာလေးကနေ စပြီးအားပေးလာခဲ့ပါတယ်...။အစ်ကို ရန်အောင်ရဲ့ နေရာလေးက ဗဟုသုတွေ နည်းပညာတွေ ... ပြည့်စုံလှသလို လေးစား၊အတုယူထိုက်တဲ့ နေရာလေးအဖြစ် နှစ်သက်မိခဲ့ပါတယ်...။

ကျမ 2008 March လောက်က အစ်မရွှေပြည်သူ ဘာသာပြန် ရေးသားခဲ့တဲ့ အချိန်လေးနည်းနည်းပေးပါ ပို့စ်လေးကတော့ မျက်ရည်ကျတဲ့ထိ ခံစားခဲ့ရတဲ့ ပို့လေးတစ်ခုဖြစ်လို့ ယနေ့ထိ အမှတ်ရနေဆဲပါပဲ...။
အစ်မ ရေးပြီးသမျှပို့စ်အားလုံးကို တစ်ပုဒ်မကျန် ဖတ်ရင်း သူငယ်ချင်းတွေကို ပါ Forward mail ကနေ အစ်မရဲ့ အမည်လေးနဲ့အတူ မျှဝေပေးခဲ့ဘူးပါတယ်...။ကျမ က အစွဲအလန်းထားတက်ပါတယ်....။သူ့ကို လေးစားမိတာ.. သူ့စာတွေကို နှစ်သက်မြတ်နိုးရုံတင်မက ပဲ စစချင်း ဘလော့အိမ်လုပ်ကြည့်တဲ့အခါ မှလည်း မရွှေပြည်သူ ရဲ့ ဘလော့အပြင်အဆင်လေးကအစ ခပ်ဆင်ဆင်လေးဖြစ်လာအောင် ကြိုးစားပြင်ဆင်ခဲ့ပါတယ်...။


နံပါတ်(၄).... မမမယ်ကိုး ရဲ့ အိမ်လေးကို သွားကြရအောင်နော်....။ အိမ်ရှင်လဲ မရှိဘူး.....နော်။
အော် ...မေ့သွားလို့ မမမယ်ကိုး က အရမ်းအလုပ်များနေလို့ စီပုံးပါ ခဏဖြုတ်ထားပါတယ်တဲ့ ...။
မမ မယ်ကိုး ရဲ့ မှတ်စုများ ...ထဲမှာအထင်ရှားဆုံးကတော့ ချစ်ခြင်းနှင့်ခိုက်မိခြင်းပေါ့လေ.....။
မမမယ်ကိုး ရဲ့ ကဗျာလေးတွေ စာလေးတွေ က သူများနဲ့မတူတဲ့ ဟန်ပန်နဲ့ ရေးဖွဲ့ပုံတစ်မျိုးလေးလို့ ခံစားရတယ်....။ကျမက သူ့စာတွေဖတ်တိုင်း နှစ်ခေါက်သုံးခေါက် ပြန်ဖတ်ရတယ်.... ။သူ့ရဲ့ စိတ်ကူး ဆန်းဆန်း လေးတွေကို အရမ်းနှစ်သက်တယ် .... ဥပမာ ..လျှို့ဝှက်တောင်ပံ ဆိုတဲ့ပို့စ်လေးဆိုရင် ကျမ အရမ်းကြိုက်ပါတယ်...။ကျမလေးစား အားကျ ခဲ့ရတဲ့ နေရာလေးတစ်ခု ၊ ရုံးမှာ နည်းနည်းလောက် အားလိုက်တာနဲ့ ကျမ မဖြစ်မနေသွားဖြစ်တဲ့နေရာလေး တစ်ခုဖြစ်ပါတယ်....။

နံပါတ်(၅).... မမ အိမ့်ချမ်းမြေ့ ရဲ့ သံစဉ်မဲ့အလင်္ကာများ ဆိုတဲ့ နေရာလေးကို ခေါ်သွားမယ်နော်...။
ဒီအိမ်လေးမှာ မမအိမ့် ရေးထားတဲ့ စာတွေ ... ကဗျာတွေ...၀တ္ထုတိုလေးတွေ ... ဗဟုသုတ လေးတွေ နဲ့ ပြည့်နှက်နေပါတယ်...။ကျမ ကတော့2007 september လောက်က မမအိမ့်ချမ်းမြေ့ ရေးခဲ့တဲ့
ရနံ့မပျယ်သေးတဲ့ ပန်းနွယ်ခရေ ၀တ္ထုတိုလေးကို နှစ်သက်မိပါတယ်....။ ကျမ ကိုယ်တိုင်လည်း အရမ်းစိတ်ကူးယဉ်ပြီး ကဗျာတွေ ၀တ္ထုလေးတွေ ရေးရတာကို ၀ါသနာပါသူတစ်ယောက် ဖြစ်လေတော့ ... သံစဉ်မဲ့ အလင်္ကာများမှ ၀တ္ထုတိုလေးတွေဖတ်ပြီး မမအိမ့်ကို အမြဲလေးစားအားကျ ခဲ့ပါတယ်...။ကျမ စာတွေ၊ကဗျာတွေ ဖတ်ချင်တိုင်း မဖြစ်မနေသွားဖြစ်တဲ့နေရာလေး တွေထဲက နေရာလေး တစ်ခုဖြစ်ပါတယ်...။


Bonus-နံပါတ်(၆)..ဒါကတော့ အထူးပေါ့လေ... နောက်ဆုံးအနေနဲ့ ကိုရင်နော်နဲ့ မခင်လေးငယ်တို့ ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်လေးကို ခေါ်သွားမယ်နော်...။ ကိုရင်နောခင်လေးငယ် ဆိုတဲ့ ဒီအိမ်လေးမှာ အဟဲ ... အမှန်အတိုင်းပြောရရင်တော့ ဒီ့နေရာလေးမှာ ရှိနေသမျှ စာတိုပေစလေးတွေ အားလုံးကို ကျမ နှစ်သက်မိတာပါ...။ဖတ်ရသူရဲ့ စိတ်တွေကို ပေါ့ပါးလန်းဆန်းမှုတွေပေးတဲ့ နေရာလေးတစ်ခုလို့ တင်စားပါရစေ....။ဥပမာ 2008 July လောက်က ရေးတဲ့ ဆုတောင်း နှင့် ၀က်ခေါင်းသုတ် လိုမျိုး ကဗျာတို ကဗျာစလေးတွေလိုမျိုးပေါ့...။ အဲ..ကျမ အနှစ်သက်ဆုံးကတော့ ကိုရင်နော် ရေးတဲ့ ငါးရာကျပ်တန်လေး ကျနော် ဆိုတဲ့ ပို့စ်လေးကို အရမ်းကို ကြိုက်ပါတယ်...။ဒီနေရာလေးကို ရယ်စရာပြုံးစရာတွေ..ကြည်နူးစရာတွေ ... အသိပညာတွေ.... ပေါင်းစုံကို ပေါ့ပေါ့ပါးပါး စတိုင်လေးနဲ့ မသိမသာလေး ပေးတဲ့နေရာလေးလို့ တင်စားပါရစေ...။


ကဲ .... အားလုံးပဲ ပင်ပမ်း သွားကြပြီနော်...။ ဒီလမ်းခရီးမှာ တစ်စုံတစ်ခု လိုအပ်ခဲ့ရင်ပဲဖြစ်စေ...အမှားအယွင်းတစ်စုံတစ်ရာ ပါခဲ့ရင်ပဲ ဖြစ်စေ....ကျမ နှင်းဟေမာ ၏ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်ရှင်...။
သူငယ်ချင်းတို့ အားလုံးပဲခွင့်လွှတ်နားလည်ပေးကြပါနော်....။
ကဲ.........သက်တန့်ချိုရေ.... နှင်းရဲ့ တာဝန်ကျေပြီနော်.....။း)



အားလုံးကို ခင်မင်လေးစားတဲ့

နှင်းဟေမာ
3 September 2009