Monday, August 31, 2009

မုန်းသော်လည်း....ကျမနှင့်အတူရှိနေသောအရာတစ်ခု

ပန်းရင့်ရောင်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ....။သူ Tag လိုက်တိုင်း နှင်းဟေမာ က မပါ မပြီးဘူး...။

အဲလိုချစ်စရာကောင်းတဲ့ သူငယ်ချင်း ...။ ;)
မုန်းသော်လည်း ကျမနဲ့ အတူရှိနေတဲ့ အရာတစ်ခုဆိုတော့ ကိုယ့်မှာပိုင်ဆိုင်သမျှတွေထဲက မုန်းတဲ့အရာ ကို စဉ်းစားပြီး ရှာကြည့်လိုက်တယ်....။ကိုယ်စုဆောင်းထားသမျှလေးတွေကလဲ နှစ်သက်လို့ ၀ယ်ထားတာ နဲ့ သူများအမှတ်တရပေးတာကို အမြတ်တနိုးသိမ်းထားတာလေးတွေပဲ ကျမမှာရှိတယ်....။

ပန်း ရေ... နှင်းတော့ အခက်တွေ့နေပြီ ဘာကို မုန်းရင် ကောင်းမလဲ ... လုပ်ပါဦး...။အင်း ဟုတ်ပြီ တရားရှာ ကိုယ်မှာတွေ့ဆိုတဲ့ စကားလိုပဲ မိမိကိုယ်မိမိ ပြန်သုံးသပ်ကြည့်ရင်တော့ မုန်းစရာကောင်းတာ က ပြေးကြည့်စရာမလိုဘူး....။ကျမ က ငယ်ငယ်လေးကတည်းက အရမ်း ဒေါသကြီးတက်တယ်...။ စနေသမီး စိတ်က လည်းကြီးလိုက်တာမှ ဆတ်ဆတ်ထိမခံလေ....။ဘယ်လောက်ထိ မခံလည်းဆိုရင် ဟိးpကြုံတုန်းကိုယ့်အကြောင်းကိုဖောက်သည်ချရဦးမယ်....။
ငယ်ငယ်တုန်းက ကျမက သစ်ပင်တက်တာ အရမ်းဝါသနာပါတယ်...။သမီး နှင်းရေ ..လို့ မေမေက ခေါ်လိုက်တာနဲ့ အိမ်နောက်ဖေးက မကျည်းပင်ကြီးပေါ်ကနေ မျောက်လို ပလုန်းထိုးပြီး ဂျွန်းတွေဘာတွေပစ်ဆင်းရတာ...။ မေမေ မိရင်လဲ မသက်သာဘူး...။ ကျမ ဖေဖေ က တော့ မေမေ့လို မရိုက်တက်ဘူး ပါးစပ်ကပဲ သမီးရယ် အဖေတို့က ဒီသမီးလေးတစ်ယောက်တည်းမွေးထားတာ အကောင်းလေးကနေ သစ်ပင်ပေါ်တက်လို့်ပြုတ်ကျရင် ကျိုးသွားမှ ခက်မယ်တဲ့...။

ကျမကလဲ ဘယ်လိုဝါသနာမှန်းကိုမသိပါဘူး...။ ကျမတို့ရွာက စကားဝါလမ်းမကြီးဘေးမှာ ရှိပြီး ပုပ္ပါးတောင်ကြီ်းနဲ့ လှမ်းတောင်မြင်နေရပြီဆိုတော့ အင်း....မျောက်နဲ့ရေကြောမြေကြောလိုက်နေလားမသိဘူး.။
လူကြီးတွေလစ်တာနဲ့ သစ်ပင်ပေါ်ရောက်နေပြီ...။အဲဒီလိုနဲ့ ကျမ သစ်ပင်တွေခိုးခိုးပြီး တက်နေတာ မိဘတွေ မသိကြဘူး..။ တစ်နေ့မှာတော့ ကျမသူငယ်ချင်း သန္တာဆိုတဲ့ ကောင်မလေးက ဈေးကုန်းတောင်ဘက်ကျောင်းမှာ မကျည်းရွက်တွေအရမ်းနုနေတယ်..သွားခူးရအောင်တဲ့ လာပြီး အဖော်စပ်ပါလေရော....။ကျောင်းမှာ အဲဒီ့နေ့က အုပ်စုအားကစားပြိုင်ပွဲရှိတဲ့နေ့...။အိမ်ပြန်တာ နောက်ကျရင်လဲ သိပ်ကိစ္စမရှိဘူးလေ...။
အဲဒီနေ့က လူကြီးတွေကလဲ လစ်တာနဲ့ အိမ်ကို ခဏပြန် ကျောင်းလွယ်အိတ်ထဲက စာအုပ်တွေ အားလုံးပစ်ချခဲ့ပြီး ရှည်နေတဲ့ကြိုးကို စလွယ်သိုင်းလို့ကောင်းအောင် အထုံးလေးတစ်ခု လုပ်လိုက်တယ်...။
မနက်က အားကစားပြိုင်ပွဲမှာလဲ ကျမက အပြေးတို့၊ အမြင့်ခုန်တို့က ပြိုင်သေးတာ ..။
ကျမ က အမြင့်ခုန်တော့ တစ်ကယ်တော်တာ...။ ဟိ ...းp ...ပေါက်ပေါက်မြောက်မြောက်တော့ မဟုတ်ပါဘူး ။
အတူတူ မျောက်ရှုံးအောင် ဆော့လာခဲ့တဲ့ ငယ်သူငယ်ချင်းထဲမှာတော့ တစ်ကယ်ပေါက်မြောက်သွားသူလဲရှိရဲ့။ညဘက် လသာပြီဆိုလို့ကတော့ အထုပ်ပစ်တမ်း၊ ဖိနပ်ပစ်တမ်း..စစ်တိုက်တမ်း ကစားတော့တာပဲ...။ အဲဒီ့ထဲက သူငယ်ချင်းကောင်လေးတစ်ယောက်ကတော့ အခု မြန်မာ့လက်ရွေးစင်ဘောလုံးသမားကြီးဖြစ်လို့ ...(ယခု ကမ္ဘောဇအသင်း၌)...။ကျမ ထင်တာတော့
ဒီကောင် စိုးမင်းဦး လည်း ပုပ္ပါးနဲ့နီးလို့ထင်ပါရဲ့ ငယ်ငယ်က မြောက်ရှုံးအောင်ကို ဆော့တားp( သူ့ကြည့်လိုက်ရင် ကြောင်ချီးရုတ်ကို အမြဲပေါက်နေတားD) သူငယ်ချင်း အတင်း တုတ်လိုက်တာ
လမ်းတွေချော်ကုန်ပြီ ... ခုန မကျည်းပင်တက်ရတော့မယ့်နေရာလေး ပြန်သွားမယ်နော်...။

ကျမကို မေမေက ဘယ်လိုမှ မနိုင်တာနဲ့ အားကစားပွဲ အတွက် ခရမ်းရောင် ဘောင်းဘီတိုအသစ်လေးတစ်ထည် ၀ယ်ပေးခဲ့တယ်...။အဲ..လွယ်အိတ်ကို စလွယ်သိုင်း ပြီး...အဲဒီဘောင်းဘီအသစ်လေးကို လည်း ၀တ်လို့ပေါ့လေ...။
ပြီးတော့ မြောက်ကြွ မြောက်ကြွနဲ့...ဈေးကုန်းတောင်ဘက်ကျောင်း ဘုန်းကြီးကျောင်းဝန်းထဲက မကျည်းပင်ကြီးရှိရာဆီကို ဒိုး လိုက်ကြတာများ တန်းနေတာပဲပေါ့...။ကလေးတွေ စုစုပေါင်း ၇ယောက်လောက်တော့ရှိမယ်ထင်တယ်...။ကိုယ့်ထက်အကြီး တွေလဲပါတယ်...ကိုယ့်ထက် ငယ်တဲ့ဟာလေးတွေလဲပါတယ် အစုံပေါ့...။တစ်ညနေလုံး သစ်ပင်တက်နေတာ....။

အချိန်ကနေ၀င်ရီတယောရောက်ပြီ... တစ်နေကုန်ကုန်ချစ်ချစ်တောက်အောင် ပူထားတဲ့ နေ၀န်းကြီးကလဲ ရွာအနောက်ဘက်က ထန်းတောတွေဘက်ကို အပြေးအလွှားခရီးနှင်နေခဲ့ပြီ...။လယ်တောက ကောက်စိုက်သမ တွေနဲ့ နွားကျောင်းသားတွေလဲ ပြန်လာကုန်ကြပြီ....။တစ်နေကုန် ထမင်းမေ့ ဟင်းမေ့ သစ်ပင်ပေါ်ရောက်နေလိုက်တာ အိမ်ကို သတိရသွားပြီး အပြေးတစ်ပိုင်းပြန်ဆင်းလာတဲ့အခါမှတော့ သစ်ကိုင်းကိုပင်ကောင်းကောင်းမမြင်ရတော့....။
မနည်းကို စမ်းပြီးဆင်းလာခဲ့ကြရတယ်...။အောက်လဲရောက်ရော သူငယ်ချင်းရဲ့ညီမလေးက ပက်လက်ကြီးလန်ပြီး တဂစ်ဂစ်နဲ့ နေအောင် တက်နေတာလဲတွေ့ရော ကျမ တော်တော် မျက်လုံးပြုးပြီး
လန့်သွားပါတယ်...။
သူငယ်ချင်းဖြစ်သူတွေက ခြေမကို တံတွေးဆွတ်ပြီး နှိပ်ရတယ် .. နှိပ်ကြ နှိပ်ကြ ဆိုလို့ ကျမတို့ လည်း ၀ိုင်းပြီး နှိပ်ကြပါတယ် ၊အရေးထဲ ရေကငတ်နေပါတယ်ဆို တံတွေးက လည်း မရှိဘူးဖြစ်နေတယ်..ဘယ်လို လုပ်လုပ် မရပါဘူး.......။ အဲဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အပြေးသန်တယ်လို့ ယူဆထားတဲ့ ကျမ ကပဲ ရွာထဲဘက်ပြေးပြီးလူကြီးတွေခေါ်ရပါတယ်..။
တော်ပါသေးတယ် အဲဒီ့ကလေးမလေး သေမသွားတာ ကံကောင်းတယ်...။
ကျမ နဲ့ သန္တာနဲ့ကတော့ အကင်းပါးတဲ့သူတွေဆိုတော့ ကောင်မလေး ပြန်ကောင်းလာတာနဲ့ သန္တာက သူ့အဖေကိုကြောက်လို့ သူ့တို့ အဖိုးအဖွားတွေရှိတဲ့ နေရာကို တစ်ချိုးတည်းပြေးပါတော့တယ်...။
ကျမ လည်း အလိုတူအလိုပါဆိုတော့ ဖိနပ်တောင်မပါဘူး မေမေလာတာမြင်တာနဲ့ သန္တာ့ လမ်းစဉ်အတိုင်းပဲ အဖိုး အဖွားတွေအိမ်ကို တစ်ချိုးတည်းပြေးရပါတော့တယ်....။
ကျမကို မေမေက ရိုက်နေကျမို့ အဖွားတို့အိမ်မှာက ကျမ အတွက်တော့လုံခြံတဲ့နေရာလို့ထင်ထားခဲ့တာ...။
ညစာထမင်းစားပြီးချိန်မှာတော့ ကျမ ဖေဖေ ရောက်ချလာပြီး .. အဖိုးအဖွားတွေရှေ့မှာ ကျမကို ပွေ့ချီပြီး အိမ်ပြန်ခေါ်သွားပါတယ်...။ဒီကလည်း ဟုတ်ပြီပေါ့လေ...။
အိမ်လည်းရောက်ရော အဖေ က ကျမကို ချူပ်ထားပေးပြီး အမေက တုတ်နဲ့ရိုက်ပါတော့တယ်...။
အစကတော့ ကျမ အော်ငိုသေးတယ်...။
ပြီးတော့ ခုလို မျိုး ၂ယောက်လုံးက ရိုက်ရမလားဆိုပြီး ဒေါသတွေကြီးလာပြီး လုံးဝကို မငိုတော့ပဲ ကြိုက်သလောက်ရိုက်လို့ ပါးစပ်က အော်ပြောလိုက်တယ်...။အဲဒီမှာအဖေက သူ့ကို ပြန်အော်တယ်ဆိုပြီး ရေသုတ်တဲ့ တဘက်လေးနဲ့ ၂ချက်ရိုက်ချလိုက်ပါတယ်...။ငယ်သေးပေမယ့် တစ်ကယ်ရိုက်တယ်ဆိုတာ စိတ်က သိတယ်...။အရမ်းလည်းဝမ်းနည်းသွားတယ်....။
ကျမ ဘယ်လောက်ထိ စိတ်ကြီးလဲဆို၇င် အဲဒီနေရာမှာတင် ဒေါသအရှိန်ကြောင့် မေ့မြောသလို ကိုဖြစ်သွားခဲ့ပါတယ်...။ ပြန်သတိရလာတဲ့ အချိန်မှာ ကျမ အဖေ့ ကို စကားမပြောခဲ့ပါဘူး...။
ဘယ်လောက်ထိဆိုးလည်းဆို၇င် ကျမ အဲဒီ့နေ့ကနေစပြီး အဖေ့ ကို ၆ လလောက်ကြာတဲ့ထိကို စကားမပြောခဲ့ပဲ နေခဲ့ဘူးပါတယ်...။ခရီးဝေးကနေ ဖေဖေပြန်လာရင်လဲ ဘာနဲ့ချော့ချော့ လုံးဝကို မရဘူး။
ကျမ ဖေဖေကလည်း ကျမ ရဲ့ဒေါသကို တော်တော်လေး လန့်သွားပုံရပါတယ်...။
အဲဒီနေ့ကနေစပြီး ..... ဒီနေ့ထိဆိုပါတော့ ကျမ ကို လေသံပြင်းပြင်းလေးနဲ့တောင် မဆူရက် မပြောရက်အောင် ဖြစ်သွားခဲ့ပါတယ်...။ပြန်စဉ်းစားကြည့်မိရင်လည်း စိတ်မကောင်းဖြစ်ရတယ်...။
ကျမငယ်ငယ်က ဖြစ်ခဲ့မိတဲ့ ဒေါသကို အရမ်းမုန်းမိပါတယ်...။
အမှန်ကတော့ ကျမ က မေမေရိုက်ရင် ဘာမှမဖြစ်ခဲ့ပါဘူး တစ်ခါမှ လေသံမာမာနဲ့တောင် ကျမ ကို မဆူရက်ခဲ့တဲ့ ဖေဖေက ကျမကို အဖိုး အဖွားအိမ်ကနေ ညာခေါ်သွားပြီး ခုလို ရိုက်တာကိုခံလိုက်ရတော့ ကျမလည်း ရုတ်တရတ် ဒေါသကြီးသွားခဲ့တာ ။ငယ်လည်းငယ်သေးတော့ ကျမ အပေါ်မှာ မိဘတွေထားရှိတဲ့ စေတနာနဲ့ မေတ္တာတရားကို နားမလည်ခဲ့သေးဘူး..။
အသက်အရွယ်တွေရလာတဲ့အခါ .. မိဘကအမွေပေးခဲ့တဲ့ ပညာနဲ့ ဆုံးမလမ်းညွှန်ခဲ့တဲ့ အသိဥာဏ်တွေကြောင့် ဘာသာတရားကို လေ့လာကိုင်းရှိုင်းခဲ့တဲ့အခါ ကျမ ရဲ့ ဒေါသတရားတွေကို အသိတရားလေးနဲ့ ထိန်းတက်လာခဲ့ပါတယ်...။
ဆရာတော်ကြီးတွေရဲ့ တရားတော်တွေနာကြားရတဲ့ အခါ မှာတော့ ဒေါသ ရဲ့ရလဒ်တွေအားလုံးကို ပိုသိလာခဲ့ပါတယ်...။ဒီလောက် တရားတွေနာနေတာတောင် ထစ်ခနဲဆို ကျမ ရဲ့ဒေါသလေးက အကင်းမသေချင်ပါဘူး...။ဒေါသဖြစ်ရတဲ့အတွက် ရလဒ်က အမြဲတမ်းပူလောင်ပါတယ်...။
ကျမ ဘယ်လောက်ထိ ဒေါသကိုမထိမ်းသိမ်းနိုင်သလဲဆိုရင်....ကျမ ရဲ့ ဘလော့ထဲကို အကုသိုလ် ဖြစ်စေတဲ့ စာလေးတစ်ကြောင်းလောက် ၀င်ရေးသွားတာတောင် ကျမ က ဆက်ဆက်ထိ မခံပြန်ရေးတက်သူပါ...။မဟုတ်မခံဆိုပေမယ့် အဲဒီ့ ဒေါသရဲ့ အကျိုးကလည်း မကောင်းနိုင်ပါဘူး ........။
“အကြင်သူသည်
ဒေါသထွက်နေသောသူကို
တစ်ဖန်ပြန်ပြီးဒေါသထွက်၏
ထိုသူသည် ပထမဒေါသထွက်နေသူထက်
မိုက်မဲသူ ၊ ယုတ်မာသူဖြစ်၏။ ”



ဆိုတဲ့ အပဏ္ဏကဇာတ်အဌကထာ ထဲက အတိုင်းပါပဲ ...။ ဒေါသကြောင့် ကျမရလိုက်တဲ့ အရှုံးတွေပါပဲ....။
ဒါကတော့ အားလုံးသိနေတဲ့ ဥပမာလေးကိုပဲပြလိုက်တာပါ....။ မကောင်းတဲ့ဒေါသစိတ်တွေ ကို အနိုင်ယူတဲ့နည်းလမ်းက တစ်ခုပဲရှိပါတယ်....။ဒေါသမီးကို မေတ္တာရေနဲ့သာ ငြိမ်းစေနိုင်ပါတယ်...။
ကျမတို့လူငယ်တွေဆိုတာက ဘယ်လောက်ပဲ သည်းခံနိုင်ပါတယ်ပြောပြော အတိုင်းအတာတစ်ခုထက်လွန်လာရင် ဒေါသက အရင်ဝင်လာတက်တာက ကိုယ်တွေ့ပဲလေ....။
ဒီနေရာမှာ ကျမ ဗဟုသုတအနေနဲ့ ပြန်ပြီးဝေမျှချင်ပါတယ်...။ဒေါသဖြစ်ပေါ်လာပုံ အဆင့်၃ဆင့်ကို နားလည်ဖို့လည်း လိုအပ်ပါတယ်...။


၁။ စိတ်အစဉ်တွင် အမြဲမပြတ် သိမ်မွေ့စွာကိန်းအောင်းနေသော ( အနုသယ ဒေါသ )
၂။ စိတ်အစဉ်တွင် ထကြွသောင်းကျန်းစ ပြုလာသော ( ပရိယုဌါန ဒေါသ )
၃။ ကာယကံ၊ ၀စီကံ တို့ဖြင့် ထကြွသောင်းကျန်းလာသော ( ၀ီ တိက္ကမဒေါသ) ... ဆိုပြီး ဖြစ်ပါတယ်...။

စိတ်အစဉ်တွင် အမြဲမပြတ် သိမ်မွေ့စွာကိန်းအောင်းနေသော ဒေါသ ( အနုသယ ဒေါသ ) ကတော့ အနာဂါမိမဂ်ဖြင့်သာ ပယ်သတ်နိုင်ပါတယ်...။မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး ပို့သတော်မူသော မေတ္တာပို့မှာ ကြောက်တက်၊မကြောက်တက် ၊ နှစ်ရပ်များစွာသတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ...ဆိုတာလေးကို အရင်ကတော့ ပါးစပ်ကသာပို့နေတာ သိပ်နားမလည်ခဲ့ပါဘူး...။မေတ္တာရှင်ဆရာတော် ဦးဇ၀န တရားတွေနာကြည့်မှကြောက်တက်သော ပုဂ္ဂိုလ်များဆိုတာက ပုထုဇဉ်၊ သောတာပန် ၊ အသဒါဂါမ် ပုဂ္ဂိုလ်များကိုဆိုလိုတာဖြစ်တယ်...။ဒေါသကို ပယ်ပြီးဖြစ်၍ မကြောက်တက်သော ပုဂ္ဂိုလ်များမှာ အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ် များကို ဆိုလိုပါတယ်...လို့ နားလည် သဘောပါခဲ့ပါတယ်...။
ထိုအချက်ကိုထောက်ပြီး ကြောက်တက်သော သဘောတရားမှာ ဒေါသဖြစ်သောကြောင့် အနာဂါမ် နှင့် ရဟန္တာဖြစ်လျှင် အကြောက်တရားမရှိတော့လို့ မှတ်ရပါတယ်...။
နံပါတ်၂ဖြစ်တဲ့ ဒေါသ စိတ်အစဉ်တွင် ထကြွသောင်းကျန်းစ ပြုလာသော ( ပရိယုဌါန )ကိုတော့ မေတ္တာဘာဝနာနဲ့ ပယ်သတ်နိုင်ပါတယ်...။နောက်ဆုံးဖြစ်တဲ့ ကာယကံ၊ ၀စီကံ တို့ဖြင့် ထကြွသောင်းကျန်းလာသော ( ၀ီ တိက္ကမဒေါသ)ကိုတော့ သီလဖြင့်သာပယ်သတ်နိုင်ပါတယ်...။ကျမ ကိုယ်တိုင်လည်း အဲဒီနည်းလမ်းလေးအတိုင်း ရသမျှအချိန်လေးမှာ တက်နိုင်သလောက် ကြိုးစားလိုက်နာနေပါတယ်...။
ကျမလိုပဲ ဒေါသကြီးတက်ကြသူ သူငယ်ချင်းများ ၊ ကျမ ထက်ငယ်ကြသေးတဲ့ မောင်လေး၊ ညီမလေးများအတွက် ... အများကြီးမဟုတ်ရင်တောင် အနည်းငယ်တော့ အကျိုးရှိစေမယ်လို့မျှော်လင့်မိပါတယ်...။
အားလုံးပဲ...အရင်းလဲ အဖျားထင်းဖြစ်ဆိုတဲ့ စကားပုံလေးကဲ့သို့ ကျမတို့ စိတ်အစဉ်မှာ ထကြွသောင်းကျန်းမှု အမြဲ ပြုတက်သော( ပရိယုဌါန ဒေါသ )ကို အတက်နိုင်ဆုံး ထိမ်းနိုင်အောင် မိမိတို့၏ စိတ်အစဉ်ကို သတိရနေတဲ့ အချိန်တိုင်းမှာ မေတ္တာတရား ပွားများ၍ ဘာဝနာတရားကို ရသလောက်အချိန်လေးမှာ နာကြား ကြခြင်း၊လက်တွေ့လည်း တက်နိုင်သလောက်လေး ၊ ရှုမှတ်ပွားများ ကြခြင်းဖြင့် ၀ီတိက္ကမ ဒေါသကို အတက်နိုင်ဆုံးပယ်သတ်နိုင်ကြပါစေဟုဆန္ဒပြုလိုက်ပါတယ်....။


( လွမ်းစရာကောင်းတဲ့ငယ်ဘ၀အကြောင်းလေးတွေနဲ့ မုန်းသော်လည်း ကျမ နဲ့ အတူရှိနေတဲ့ အရာတစ်ခုကို ပြန်လည်ပေါင်းစပ်လိုက်မိပါတယ်... အမှားအယွင်းတစ်စုံတစ်ရာပါခဲ့သော် ကျမ နှင်းဟမာ ရဲ့
တာဝန်သာဖြစ်ပါတယ်... အားလုံးပဲ နားလည်ခွင့်လွှတ်နိုင်ကြပါစေနော်...း)


ခင်မင်လေးစားမှုများဖြင့်
နှင်းဟေမာ
31 August 2009
( 11: 34 pm )

Friday, August 28, 2009

ငယ်စဉ်ဘ၀ ... စိတ်ဒုက္ခ

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ၊ ပန်ကောင်းမှူး ဆိုတဲ့ ရှမ်းကျေးရွာလေး မှာ ကျမ ငယ်စဉ်က နေခဲ့ရဘူးပါတယ် ....။
အဲဒီမှာနေခဲ့တဲ့ အချိန်တုန်းက ကျမ အသက်က တော်တော်လေးကို ငယ်ပါသေးတယ်....။
ဒါပေမယ့် အဖြစ်အပျက်လေးတွေကိုလည်း ယနေ့ထိ သတိရနေဆဲပဲ...။
အဲဒီအချိန်က နှင်း မေမေ က ... အစိုးရ ၀န်ထမ်းဆိုတော့ မေမေတာဝန်ကျတဲ့နေရာမှာ ကျမလဲ အတူလိုက်လာခဲ့ပါတယ်....။
အဲဒီဒေသလေးက ၇ိုးသားတဲ့ ရှမ်းလူမျိုးတွေ နေကြပြီး အရမ်းလည်း ခေါင်းပါးတဲ့အပြင် မိုင်းကိုင်မြို့လေးနဲ့လည်း တော်တော်လေး အလှမ်းဝေးပါသေးတယ်....။ လှည်းလမ်းခရီးကလည်း အရမ်းကို ကြမ်းလှပါတယ် ...။
အဲဒီမှာ မေမေရယ် နှင်းရယ် ... ပြီးတော့ မေ့မေ့လက်ထောက် ဆရာမလေးတစ်ယောက်ရယ် အတူတူနေခဲ့ကြရပါတယ်...။ ကျမ တို့ အတွက် ကျောင်းနဲ့မလှမ်းမကမ်းက တောင်ကုန်းမြင့်လေးပေါ်မှာ အင်ဖက်တွေမိုးထားတဲ့ ၀ါးခြေတံရှည် အိမ်လေးတစ်လုံးဆောက်ပေးခဲ့တယ်....။
အဲဒီမူလတန်းကျောင်းလေး နဲ့ နှင်းတို့နေတဲ့တောင်ကုန်းလေးတွေရဲ့ကြားမှာတော့ သစ်တော်ပင်တန်းကြီးတွေက ၀န်းရံလို့...။
အိမ်လေးကနေ ကျောင်းရဲ့ဆန့်ကျင်ဘက်နေရာကို ကြည့်လိုက်တော့ လိမ္မော်ခင်း၊ မက်မန်းခင်း နဲ့ ပဲပုပ်ခင်းတွေ...ဟင်းသီးဟင်းရွက်ခင်းတွေ ၊ နာနတ်ခင်းတွေ နဲ့
တမျှော်တခေါ် ရှည်လျားလှတဲ့စိမ်းစို ညို့မှိုင်းနေတဲ့ ရှမ်းတောင်တန်းကြီးတွေက ၀န်းရံလို့ပေါ့ ...။
ပန်ကောင်းမှူး က အဓိကအားဖြင့်တော့ လိမ္မော် အဓိကထွက်တဲ့ ဒေသလေးဖြစ်ပါတယ် ....။
နေ့ခင်းဘက်မှာ သာယာလှပသလောက် နယ်မြေက မအေးချမ်းတဲ့အတွက် ညဘက်ရောက်မှာကိုတော့ နှင်း အရမ်းကြောက်မိတယ် ....။
ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက မဲမှောင်နေပြီး ညဘက်ရောက်ပြီဆိုရင် ရွာထဲကို သူပုန် တွေကလဲ မကြာမကြာ
ဝင်လာတက်ပြန်တယ်....။သူတို့လာပြီဆိုရင် မေမေ တို့အားလုံး နဲ့ကျမတို့အိမ်လေးနဲ့
မလှမ်းမကမ်းမှာနေကြတဲ့ တောင်ကြီးဘက်က ဦးလေး ဆရာကျောင်း နှစ်ယောက်ကလဲ သူတို့လာတော့မယ့် နေ့ကို ရောက်ပြီဆိုရင် ပြာယာခတ်နေအောင်ကြောက်နေတက်ကြတယ်...။
အဝေးကြီးက လာတဲ့ မြင်းခွာသံတွေကြားပြီဆိုတာနဲ့ စကားတွေပြောနေကြတဲ့ လူကြီးတွေ အားလုံးလည်း
မီးအိမ်လေးတွေကိုအမြန်ငြိမ်းလိုက်ကြတော့တယ် ....။
အဲဒီအချိန်ဆိုရင် နှင်း ကလည်း ကြောက်လွန်းလို့ မေမေ့ နားကိုအတင်းတိုးကပ်ပြီး ဒူးလေးတွေတောင် တဆတ်ဆတ်တုန်နေခဲ့တာ....။သူတို့တွေ လာပြီဆိုတာနဲ့ ကျမတို့ တဲအိမ်လေး တွေမှာ
သိမ့်သိမ့်တုန်မတက်ပဲ မြင်းခွာသံတွေ တရစပ်ဝုန်းဒိုင်းကြဲပဲ ရောက်လာကြပါတယ်...။ ပြီးရင် ခေါင်းဆောင်ဖြစ်ပုံရတဲ့ လူကြီးတစ်ယောက်က အသံဝဲ၀ဲနဲ့ ဆရာကျောင်း...ဆရာကျောင်း ဆိုပြီး အော်ခေါ်ပါတော့တယ်...။
သူတို့တွေ လာပြီးဆိုတာနဲ့ ကျောင်းမှာ အကြီးဆုံးတာဝန်ယူထားတဲ့ ကျမ မေမေ က ဦးဆောင်ပြီး သူတို့ကို ထွက်ကြိုရတယ် ....မေမေ့ ကို ဟိုမေး ဒီမေး မေးကြတယ်...။
ဒီတစ်ပတ် ကျောင်းကို ဘယ်သူတွေလာသွားလဲ ဘယ်သွားကြလဲ ... ပြီးရင် ဆရာကျောင်းတို့ နေတက်အောင် နေကြ...အပြင်လူတွေ တစ်ယောက်မှမမြင်ချင်ဘူး ...။
လိုအပ်တာပြော .... ရှုပ်ရှုပ်ရှက်ရှက်တွေ ဘာမှမမြင်ချင်ဘူး စသဖြင့် ကျမ နားမလည်သေးတဲ့ စကားတွေ ပြောကြားပြီး မြင်းတွေနဲ့ လူတစ်စုက ရွာထဲဘက်ကို ဦးတည်သွားကြတယ်...။

အဲဒီရွာလေးကနေ ကျမတို့ ဇာတိနေရာကို ပြောင်းခွင့် ရတယ်ဆိုတဲ့ စာလေးရတဲ့နေ့က ကျမတို့ သားမိ ၂ယောက် မှာ ပျော်လိုက်ရတာ ...အရမ်းပါပဲ....။ သံယောဇဉ်တွယ်နောကြရှာတဲ့ ကျေးရွာကလူကြီးတွေ
ရွာကကျောင်းသားလေးတွေနဲ့ မိဘတွေ က လက်ဆောင်ပစ္စည်းလေးတွေနဲ့ လာပြီးနှုတ်ဆက်ကြရှာတယ်....။
ဧည့်သည်ဆိုတာ အချိန်တန်ရင် အိမ်ပြန်ကြရမှာပဲ မဟုတ်လား ....။
ဝါးတွေနဲ့ဆောက်လုပ်ပြီး အင်ဖက်လေးတွေ မိုးထားပေမယ့် ကြီးမားကျယ်ဝန်းလှတဲ့ အ.မ.က ပန်ကောင်းမှူး ဆိုတဲ့ ကျမ ငယ်ဘ၀က ကြီးကျယ်ခမ်းနားတယ်လို့ ထင်ခဲ့တဲ့
နေရာလေးကို အဲဒီ့နေ့ကစလို့ ကျမတို့ အပြီးတိုင် နှုတ်ဆက်ခွဲခွာခဲ့ကြပါတယ် ....။
ဘာပဲဖြစ်ဖြစ် ကျမ ရဲ့ ဘ၀အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့တဲ့ ပန်ကောင်းမှူး ကိုတော့ အရမ်းချစ်မိပါတယ် ....။
ပန်ကောင်းမှူးကနေ မိုင်းကိုင်ထိ ရွာကနေ လှည်းစီစဉ်ပေးခဲ့ပြီး၊ မိုင်းကိုင်ကိုရောက်တော့ ဖေဖေက ကျမတို့သားအမိကို လာကြိုနေခဲ့ပါတယ်...။
ဒီဘ၀လေးက ကျမ အရမ်းငယ်သေးပေမယ့် ယနေ့ထိ ရင်ထဲမှာ မှတ်မှတ်ရရ ရှိနေဆဲပါပဲ...။
ဟိုးငယ်ငယ်တုန်းက စိတ်ဒုက္ခရောက်ခဲ့ရပြီးအမှတ်တရလေးပါ ဖြစ်ခဲ့ရဘူးတဲ့ အကြောင်းအရာ လေးတစ်ခုကို ဆွဲထုတ်ပြီး ပြန်ရေးတာပါ...။

နှင်းက ဖေဖေ နဲ့ မေမေတို့ရဲ့ တစ်ဦးတည်းသော သမီးပါ...။
ငယ်ငယ်တည်းက မိသားစု အတွင်းရေးကိစ္စတွေတိုင်းအတွက် ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ်
ဝမ်းသာတာပဲ ဖြစ်ဖြစ် ၊ ၀မ်းနည်းအားငယ်တာပဲ ဖြစ်ဖြစ် ဘ၀က ချမှတ်ပေးလိုက်တဲ့ ကောင်းဒဏ်၊ဆိုးဒဏ် အားလုံးကို ကျမ တစ်ယောက်ထဲ ခံယူခဲ့ရပါတယ်....( ဘယ်သူ့ကို မျှဝေပေးစရာမရှိလို့ )။
အဲဒါကြောင့် ကျမ က ဘ၀ဆိုတဲ့ ကျောင်းနဲ့ ပတ်သတ်ပြီး စာကျေညက်ခဲ့တယ်လို့ လည်းကိုယ့်ကိုယ်ကို ခံယူထားပါတယ် ...။
ဖေဖေ ၊ မေမေ နဲ့ ဆွေမျိုးတွေကြားမှာ တော့ ကျမ က စံပြ သမီး တစ်ယောက်ဆိုတဲ့ ရာထူးကို ယနေ့ထိအလိုအလျှောက် ရနေတုန်းပဲ ...။
ကျမ မိသားစုမှာလည်း ဖေဖေရယ် မေမေရယ် ကျမရယ် ... မွေးစားထားတဲ့ မေမေတို့ သမီးလေး တစ်ယောက်ရယ် မိသားစုလေးယောက်ရှိပါတယ်...။ကျမဘ၀ရဲ့ တစ်သက်တာလုံးမှာ မိဘနဲ့ အတူတူနေခဲ့ရတဲ့ နေ့ရက်ဆိုတာ လက်ချိုးရေလို့ရတယ်....။
အလယ်တန်းပြီးကတည်းက ကျမ မိဘတွေက ဘော်ဒါဆောင်တစ်ခုကို ပို့ခဲ့ပါတယ်...။
အထက်တန်းအောင်ပြီးတော့လည်း မန္ထလေးမှာ တစ်နှစ်လောက် ဆယ်တန်းဂိုက်ပြန်လုပ်နေရင်း ကျောင်းတက်ဖို့စောင့်ခဲ့တယ် ....။ အဲဒီကနေ .... တစ်လျှောက်လုံး ကျောင်းတက်လိုက် အလုပ်ဝင်လိုက်နဲ့ ...
လုံးလည် ချာလည် လိုက်ပြီး နိုင်ငံခြားကိုသာ ရောက်လာခဲ့တယ် ... ခုချိန်ထိလည်း ကျမ ကျောင်းမပြီးသေးပါဘူး....။ (ကျမရဲ့မိဘတွေနဲ့လည်း အေားအေးဆေးဆေးကို တစ်ခါမှ အကြာကြီးမနေခဲ့ရပါဘူး...)

ဘ၀တစ်သက်တာမှာ အတိုင်းအတာတစ်ခုထိ အဆင်ပြေ တည်ငြိမ်လာခဲ့တယ်လို့ ကျမ ခံယူခဲ့တဲ့ နေ့တစ်နေ့ အထိ ဘယ်သူ့ဆီက ဘယ်လိုအကူအညီမျိုးကိုမှ ကျမ မယူခဲ့သလို .... ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်လမ်းကိုယ်ပဲ ဖောက်ခဲ့ရပါတယ်...။
ကျမက ရည်မှန်းချက်ကို အမြဲတမ်း ကြီးကြီးမားမားကြီးတွေပဲထားပြီး ဖြစ်ချင်တာကို မရ ရအောင် လုပ်တက်တဲ့ အကျင့်လေးရှိတယ်...(ဒီနေ့ထိတော့ ဘာမှမဟုတ်သေးတဲ့ ၊ မရေရာတဲ့ လမ်းခရီးတစ်ခုကို စမ်းတ၀ါးဝါး လျှောက်လှမ်းနေဆဲဖြစ်တဲ့ သာမန် အညတရ ကောင်မလေး တစ်ယောက်ပါပဲးp)

ဘလော့ ရေးလာတဲ့ သက်တမ်းလေးမှာ ၀ါသနာတူ ၊ အရွယ်တူ ၊ လျှောက်တဲ့ ခရီးလမ်းတွေ တူညီခဲ့ကြတဲ့ သူငယ်ချင်းမလေး ပန်းရင့်ရောင် က ပထမဦးဆုံး Tag ခဲ့တဲ့သူပါပဲ ....။ကျမ ရဲ့ ဘ၀အစိတ်
အပိုင်းလေးတစ်ချို့ကို ဒီပို့စ်လေးနဲ့အတူဖော်ပြပေးလိုက်တယ်နော်း)
ရေးသားခဲ့တဲ့ ထဲမှာ လွဲချော်တိမ်းစောင်းမှုနဲ့ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါသော် ကျမ နှင်ေးဟမာ ၏ အပြစ်နှင့် လိုအပ်ချက်များသာဖြစ်ပါသည်..။
မေတ္တာဖြင့် ခွင့်လွှတ်နားလည်နိုင်ကြပါစေ...။

အားလုံးကို ခင်မင်လေးစားတဲ့

နှင်းဟေမာ
29 Aug 2009 ( 1 : 46 am )

Monday, August 24, 2009

အလွမ်းဖွဲ့ တေးတစ်ပုဒ်


" အဲဒီ့ မျက်ဝန်းတွေနဲ့
ငါ့ရင်ထဲကို ခဏ ခဏ
ထွင်းဖောက်ပြီး မကြည့်ပါနဲ့လား
“..... ရယ် ... "
အဲဒီ့ အပြုံးတွေနဲ့
ငါ့နှလုံးသားကို အထပ်ထပ်
ကျရှုံးအောင် မချည်နှောင်ပါနဲ့လား
" .... ရယ်...."
တစ်ကယ်တော့ ငါက
အတိုင်းမသိတဲ့ တမ်းတမှုတွေနဲ့
တိတ်တဆိတ် ကမ်းပြိုခဲ့သူပါ.....။
ဆန္ဒတွေ နင့်နင့်သည်းသည်း ပွင့်ဝေခဲ့သမျှ
ဒီဘ၀မှာတော့ ချစ်ခွင့်မရခဲ့ဘူး .... ။
ကြယ်တစ်စင်းလို
မင်းရင်ခွင်ထဲ ကြွေကျချင်တဲ့စိတ်နဲ့
မင်းမသိအောင်လေး
တိတ်တဆိတ် ခိုးကြည့်မိတော့
လ တစ်စင်းရဲ့ ရယ်သံလေးက
ခပ်လွင့်လွင့်ကျလာခဲ့တယ် .....။
တစ်ကယ်တော့ အချစ်ဆိုတာ
တောင့်တဖို့ လွယ်ကူသလောက်
ပိုင်ဆိုင်ဖို့ ခဲယဉ်းလွန်းလှပါတယ်
"....." ရယ်......။
ဒီကဗျာဟာ ... မင်းစိတ်နဲ့ ငါ့ကိုယ်
တိတ်ဆိတ်ကြေကွဲစွာ
ရေးဖွဲ့ဖြစ်တဲ့ ကဗျာလေးပါ .......။


( ရင်ထဲက တမ်းတခြင်းများစွာ.... အလွမ်းများစွာနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရနိုင်တော့တဲ့ သူ တစ်ယောက် အတွက် တိတ်ဆိတ်ကြေကွဲစွာ ရေးဖွဲ့ဖြစ်ခဲ့တဲ့ ကဗျာလေးပါ ...။ သေချာတာတစ်ခုကတော့ ဒီကဗျာလေးကို ... သူ ဘယ်တော့မှ လာပြီးဖတ်မှာမဟုတ်ပါဘူး ....။ ကျမနဲ့အတူ အားလုံးပဲ မျှဝေခံစားနိုင်ကြပါစေ ... )

ခင်မင်စွာဖြင့် ..............

နှင်းဟေမာ
23 Aug 2009
11: 55 PM

Tuesday, August 18, 2009

နှင်းဟေမာနှင့်လတ်တလောအခြေအနေ

အားလုံး အားလုံး အားလုံး မင်္ဂလာပါ ... ( ဇော်ပိုင်ကို အားကျလို့ )း)

ခုတစ်လောမှာ ကျမ အလုပ်တွေ ရှုပ်နေသလို အရှုပ်တွေပါ ၀င်လာလို့ ပို့စ်အသစ်လဲ မတင်နိုင်ဖြစ်နေပါတယ် ...။ နေ့စဉ် လာရောက်ကြသော သူငယ်ချင်းများ အားလုံးကို ကျမရဲ့ ပျက်ကွက်မှုတွေအတွက် နဲ့ စိတ်အနှောက်အယှက်ဖြစ်စရာများရှိခဲ့ပါက နားလည် ခွင့်လွှတ်ပေးကြပါလို့ ပြောပါရစေရှင် .....။
ဒီလ ၂၂ ရက်နေ့မှာ ကျမ အကြောက်ဆုံးဘာသာ တစ်ခုဖြစ်တဲ့ Project Planning & Control ဘာသာကြီးလဲ ဖြေရဦးမှာပါ ....။ဒီဘာသာရပ်ထက် သင်ကြားတဲ့ ပရော်ဖက်ဆာကို ကြောက်တာဆိုရင် ပိုမှန်မယ်ထင်ပါတယ် ...။ ပရော်ဖက်ဆာက လူမျိုးက ကိုးရီးယား ၊ စာသင်ရင်လည်း တိကျပြတ်သားပြီး တစ်ခုမှ အမှား မခံသောဆရာလဲဖြစ်သေးတယ်..။ Break time ပေးရမှာကိုတောင် တော်တော်ကပ်စေးနည်းပါတယ်...။
သူ့ဘာသာဖြေရမှာဆိုတော့ လန့်တာလိုလို ရင်ခုန်တာလိုလိုနဲ့ ...။ ကြောက်လို့များ နှင်းဟေမာ စာတွေနင်းကန် အသဲအသန်ကြည့်နေပြီလားလို့တော့ မထင်လိုက်ကြပါနဲ့ ခုမှ စ ကြည့်ရမှာပါ....းP ။
လတ်တလော ဖြစ်ပျက်နေတာလေးကို ရင်ဖွင့်ရရင်တော့ ရုံးမှာ လည်း အင်တာနက် သုံးချိန်မရှိအောင်ကို ဗျာများနေခဲ့ပါတယ် ...။ ကျမ ရဲ့ စီနီယာကြီးက ဂျာမဏီကို ၆ လ Training သွားနေတဲ့အတွက် အလုပ်တွေကို နှစ်ယောက်စာ သိမ်းကြုံးလုပ်နေရတာ မေးလ် တွေကို တောင် သူငယ်ချင်းကပဲ စစ်ပေးနေရပါတယ် ...။ အစကတော့ သူ့ကို မြန်မြန်သွားပါစေလို့ ကြိတ်ပြီးဆုတောင်းနေခဲ့တာ...ခုတော့လည်း မြန်မြန်ပြန်လာပါစေ လို့ဆုပြန်တောင်းရမလိုလို ဖြစ်နေပါတယ်...။ ဘယ်လောက်ပဲ ပင်ပမ်းနေနေ မအိပ်ခင် အချိန်လေးမှာတော့ ကျမရဲ့ ဘလော့ကမ္ဘာလေးထဲကို အလွမ်းပြေတစ်ချက်လောက်တော့ ကြည့်လိုက်ပါသေးတယ် ...။ စီဘောက်ထဲမှာ တစ်ချို့က ဘာတွေဘာလိမ့်....အင်း ..... မပြောတော့ပါဘူးလေ ... ( တံတွေးကို အားရပါးရမျိုချလိုက်ရင်း) ။
လတ်တလောမအားလပ်တဲ့ အခြေအနေလေးတွေကြောင့် ပို့စ်အသစ်မတင်နိုင်သေးတာ ခွင့်လွှတ်ပါရှင်လို့ ချရေးမလို့ ပြင်နေတုန်း ကျမရဲ့ ဟန်းဖုန်းလေးဆီက မြန်မာ့ရှုခင်း၊ မြန်မာ့စိတ်ရင်း တီးလုံးသံလေး ထမြည်လာခဲ့ပါတယ် ...။ သေချာတယ် ဒီလိုအချိန်မတော်ကြီးမှာ Star Hub ကတော့ Dear Customer ဆိုပြီး ဖုန်းအကြွေးလှမ်းတောင်းတာ တော့မဖြစ်နိုင်....လို့တွေးရင်း မက်ဆေ့ကို အမြန်ဖတ်လိုက်တယ် ...။ ပို့တဲ့သူက မိတ်ဆွေကြီး ကိုထွန်းလှိုင် ပဲ...။
Hi twm .... တဲ့ သူ့မွေးနေ့ကို ဖိတ်တဲ့ မက်ဆေ့ ၊ သူ့လိပ်စာအပြည့်အစုံမပါဘူး အခန်းနံပါတ်ဖြစ်ပုံရတယ် 06 ဆိုတာလေးပဲ ရေးထားပေးတယ် သေချာတာက သူ့ရဲ့တစ်ခြားမိတ်ဆွေဆီပို့တာ ငါ့ဆီတော့လွဲပြီးရောက်လာပြီလို့တွေးလိုက်တယ် ...။ တစ်ခုဆိုးတာက မွေးနေ့မှာ မြန့်မာ့ရိုးရာ ကျောက်ပန်းတောင်း ပလာတာ နဲ့ ကြက်သားအားလူးဟင်း ကျွေးမယ် ဆိုတော့ အလိုက်သိတဲ့ ဗိုက်ကလဲ ရုတ်တရက်ကြီး အသံပေးလိုက်တာများ ဂွီ .. ကနဲပဲ ...။မွေးနေ့ မဖိတ်တာတော့ စိတ်မဆိုးမိ ညသန်းခေါင်ကြီး ဗိုက်ဆာနေတဲ့အချိန်မှာ ဒီမက်ဆေ့ ပို့လိုက်တဲ့ အလိုက်မသိမှုကိုပဲ စိတ်တိုမိတယ် ...။
ဖုန်းလှမ်းဆက်ပြီး မေးတော့မယ် ပြင်တုန်း အခန်းတံကားက ၀ုန်းကနဲ ပွင့်လာတယ် ...။အိပ်ချင်မူးတူး ၊ ဆံပင် စုပ်ဖွားနဲ့ အိမ်က မမ ... ပါးစပ်ကပါ ပြောလိုက်တာက ကိုထွန်းလှိုင်ကြီး မက်ဆေ့မှားပို့လိုက်တယ်တဲ့ ...။ ဟင် ဟုတ်လား မီးမီး ဆီလဲ ပို့တယ် အစ်မ မှားတာမဟုတ်လောက်ဘူး ဒါဆိုရင် အားလုံးဆီပို့နေတာဆိုတော့ ...။ သူကလဲ ထပ်ငြင်းလိုက်သေးတယ် မှားတာပါ Hi twm လို့ရေးထားတယ် သူ့သူငယ်ချင်း တစ်ယောက်ဆီပို့တာနေမှာပါတဲ့ ...။ ကျမလဲ လေရှည်နေမှာစိုးတာနဲ့ ပြီးပြီးရောပဲ ဘာသာပြန်လိုက်တယ် twm ဆိုတော့ သူ့သူငယ်ချင်း တင်ဝင်းမောင် ကို ပြောတာပါ အစ်မ ရာ လို့...။အင်း ဟုတ်မှာပါ လို့ အစ်မ ကလဲ ထောက်ခံရင်း အိပ်မှုန်စုန်မွှားနဲ့ပဲ အခန်းထဲပြန်ဝင်သွားလေရဲ့ ....။

နောက်နေ့မနက် ရုံးလည်းရောက်ရော Project Manager ဦးထိပ်ပြောင် ( Mr.Tay)က ခရီးရောက်မဆိုက်ပဲ ဆိုက်ထဲသွားဖို့ ကိုယ့်ကိုစောင့်နေတာတဲ့ ...။ ဟိုက် သေပြီဆရာလို့ စိတ်ထဲက ညည်းလိုက်ရင်း လိုအပ်တဲ့ကိရိယာတွေယူဆောင်ပြီး Jurong Island ကို ဒိုးလိုက်ရတာ ညနေ ၄ နာရီခွဲ လောက်မှ ရုံးပြန်ရောက်လာပါတယ် ....။လမ်းမှာ စိတ်ကူးယဉ်လာတာ ... ရုံးရောက်တာနဲ့ ခေါက်ဆွဲလေးပြုတ်စားပြီး ပို့စ်လေးတစ်ခုလောက်တော့ ရေးဦးမယ်ပေါ့ ...။
ရုံးလည်းရောက်ရော မှန်းချက်နဲ့ နှမ်းထွက်က တက်တက်စင်လွဲပြန်ပါတယ် ... ဆေးရုံတက်နေတဲ့ သူဌေးက လက်မောင်း ပိုက်တန်းလန်း နဲ့ ရုံးက ကိုယ့်ထိုင်ခုံပေါ်မှာ ငုတ်တုတ်ကြီး စောင့်လိုက်လို့....။စီနီယာမရှိလို့များ နားပူသက်သာမယ်ထင်နေတာ သူဌေးက စိတ်မချလို့ ကိုယ့်ကို အရေးကြီးတဲ့ Piping တွက်နည်းလေးတစ်ခု လာသင်တာတဲ့ ....။မျှော်လင့်ထားတဲ့ ခေါက်ဆွဲပြုတ်လဲ ဘယ်ရောက်သွားမှန်းမသိ computerဆိုတာဘယ်နားနေမှန်းတောင် မသိလိုက်ရပါ ....။
အရေးထဲ Sale Engineer တစ်ယောက်ကပါ ကိုယ့်ကို ပြန်လာတာနောက်ကျ လို့ဆိုပြီး ငိုတော့မဲ့မျက်နှာကြီးနဲ့ သူဌေးမမြင်အောင် လုပ်ပြနေပါသေးတယ် .....။ သူက ရုံးမှာသူဌေးမရှိရင် စွာကျယ်စွာကျယ်နဲ့ စကားအများဆုံး ၊သူဌေးရှိရင်လဲ ဒိုင်ခံ ဘယ်သူ့မှ အလှည့်မပေးပဲ သူတစ်ဦးထဲ အဆူခံနေကျလေ....။ ညစ်ညစ်နဲ့ပဲ သူ့ကိုတောင် ပြန်ပြီးသနားရတော့မလို ....။ အင်း ... ဒီနေ့ တွတ်ပီတို့ကံမကောင်းပါလား နော် ...။ ည(၇)နာရီတိတိမှပဲ ပြန်လာခဲ့ရပါတယ် ....။
ရုံးဆင်းပြီဆိုမှ ဖုန်းကိုသတိရသွားပြီး ကြည့်လိုက်တော့ မရေမတွက်နိုင်သော မက်ဆေ့တွေ ... Miss call တွေ....။သွားပါပြီ ဒီည အပီအပြင်စာကြည့်မယ် ကြုံးဝါးထားတာ မွေးနေ့ပွဲက မဖြေစ်မနေ သွားဖို့ကို ဖြစ်လာခဲ့ပြီ ....။ ဟိုက် ..လာကိုလာရမယ်ဆိုပါလား ...။ သွားကိုသွား၇တော့မှာပေါ့ ....။ မွေးနေ့လက်ဆောင်ကအစ သူငယ်ချင်းတစ်ယောက်က တာဝန်ယူဝယ်လာမည်ဆိုတော့ တော်သေးတယ် ဘာပေး၇င်ကောင်းမလဲဆိုတဲ့ ကိစ္စအတွက် ခေါင်းရှုပ်စရာမလိုတော့ ....။အိမ်ရောက်တော့လည်း ၇ နာရီကျော်နေပြီ .....။
မနေ့ညက နိုက်ဂျူတီပြီးတာနဲ့ အားလုံးဆီကို မွေးနေ့ဖိတ်ထားကြောင်း နဲ့ tomorrow နဲ့ တင်ဝင်းမောင် လွဲရတဲ့ ကိစ္စခုမှပဲ အဖြေမှန်သိရတော့တယ်...။
အိမ်က အစ်မ နဲ့နှစ်ယောက် မွေးနေ့ပွဲကျင်းပ ရာ Tanjong Parger,Keppel Road ကိုဦးတည်ခဲ့ကြပါတယ် ...။ကျမမှာ တစ်နေကုန် နေပူပူ ကျွန်းပေါ်မှာပင်ပမ်းလာခဲ့တာကြောင့် လမ်းတောင်ကောင်းကောင်းမလျှောက်ချင်တော့ပါ ...။
အရေးထဲ တက်စီးမိတဲ့ရထားကလည်း Ang Mo Kio MRT မရောက်ခင်မှာ ကြေငြာလိုက်တယ်
This train service will terminate at this station
တော်တော်ကြီးကို စိတ်ညစ်သွားတယ်... ။လူက များပါတယ်ဆို နောက်တစ်စီးလာအောင်စောင့်ရင်လဲ သေချာပေါက် နေရာမရလောက်တော့ဘူး။ ( ဗိုက်ဆာလို့ ) ဘယ်လိုမှသီးမခံနိုင်တော့တာနဲ့ MRT Station ထဲကနေထွက်ပြီး တက္ကစီပဲငှါးစီးပြီးသွားလိုက်တော့တယ် .....။
တွတ်ပီတို့ ကံမကောင်းပုံများပြောပါတယ် မွေးနေ့ပွဲရှိတဲ့နေရာလည်းရောက်ရော သူတို့နေတဲ့တိုက်က အထက်၂၀ရှိတယ် ....။Lift ၂ခုလုံးက လည်း တော်တော်နဲ့ဆင်းမလာဘူး ....။ ၁၀မိနစ်လောက်နေမှ မစောင့်နိုင်တော့လို့ ၆လွှာထိ ဒီတိုင်းပဲတက်သွားလိုက်တော့တယ် ....။(မွေးနေ့ရှင်ကိုယ်တိုင်ဆင်းပြီးလာခေါ်ရှာပါတယ်)အပေါ်တောင်မရောက်သေးဘူး သူငယ်ချင်း မမတို့ရဲ့ ရယ်သံတွေက အတိုင်းသားကြားနေရပါတယ်...။
ကျမမျက်နှာကတော့ ရှစ်ခေါက်မကတော့ဘူး ၁၆ခေါက်လောက်ကျိုးနေပြီတဲ့...။ဟန်မဆောင်နိုင်အောင်ပဲ ပလာတာပန်းကန်ကို ခေါင်းမဖော်တမ်းတီးပစ်လိုက်တယ်....းp ။ တစ်ပန်းကန်ထဲမ၀သေးလို့ ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ကိုယ်နဲ့မသိတဲ့သူတွေလဲ ကိုယ့်ဘေးမှာရပ်နေကြတယ်...။မွေးနေ့ရှင်ကြီးကို အသာခေါ်ပြီး ဟင်းရေလေးနည်းနည်းလောက်ယူမယ်လို့ ... မွေးနေ့ရှင်က ကိုယ့်ပန်းကန်လေးယူပြီးထွက်သွားတော့မှ ကိုယ်လည်း မီးဖိုထဲထိ ပြေးပြီးလိုက်ပြောတာ...။ကိုထွန်းလှိုင်ကြီး မီးမီး က ဟင်းရေလိုချင်တာမဟုတ်ဘူး နောက်တစ်ပန်းကန်ထပ်ယူဦးမှာ လို့လေ....အဟိ ( ရှက်ရှက်နဲ့ပဲဝန်ခံတာ)...။သူကလဲ ပြန်ပြောပါတယ် သိပြီးသား ၊ သိပြီးသား ပြောစရာမလိုဘူးတဲ့းp

စောစောက အသံမထွက်နိုင်တဲ့ ကျမ ၂ပန်းကန်လောက်တီးပြီးတော့မှပဲ စကားပြောနိုင်တော့တယ် ....။စားပြီးလို့ စကားနည်းနည်း ပြောပြီး ည ၁၀ နာရီလောက်မှာ မွေးနေ့ရှင်ကို နှုတ်ဆက်ပြီး ကျမတို့ တစ်အုပ်စုပြန်ခဲ့ကြတယ်....။မွေးနေ့ရှင်ကလည်း MRT ထိပို့မယ်တဲ့ ....။ကောင်းပြီပေါ့ ဒါဆိုလည်းပို့ပေါ့လေ ....။လမ်းတစ်ဝက်လည်းရောက်ရော သူငယ်ချင်း တစ်ယောက်က ဗွေဖောက်ပြီး China Town ဘက်လမ်းလျှောက်ကြမယ်တဲ့ ....။ညခင်းလေးက သာသာယာယာ...... စားပြီးကာစမှာ ဗိုက်လေးကလည်း ငြိမ်နေတော့ ကျမကလည်း စိတ်တူကိုယ်တူပဲ China Town ထိလမ်းလျှောက်ကြမယ်ပေါ့ ...။အဲဒါနဲ့ပဲ မွေးနှေ့ရှင်အပါအ၀င် စုစုပေါင်း (၇)ယောက် ညီညီညာညာ ချီတက်ခဲ့ကြပါတယ်....။
ဒီတစ်ညကတော့ ကျမ စိတ်လွတ်လွတ်လပ်လပ်ကို ပျော်ရွှင်ခဲ့ပါတယ် .....။ ဒီနေရာကို တစ်ခါမှလည်း မရောက်ဘူးသလို ခုလိုမျိုး ပျော်စရာကောင်းတဲ့ အချိန်တွေလည်း ဆုံးရှုံးခဲ့တာကြာပါပြီ....။
ရုံးက အလုပ်ကိစ္စတွေရော ၊စာမေးပွဲအတွက် ပူပန်နေတာတွေရော ထွက်လာတုန်းက စိတ်မပါလက်မပါနဲ့ နောက်ဆံတင်းနေသလိုလို မလွတ်မလပ်ဖြစ်နေတဲ့စိတ်တွေက ပေါ့ပါးလန်းဆန်းလို့ .....ဒီတစ်ညတာ မမျှော်လင့်ပဲရခဲ့တဲ့ ပျော်ရွှင်မှုလေးကို ကျမ ဘယ်တော့မှမေ့လို့မရတော့ပါဘူး ....။တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျှောက်ကြည့်ပြီး ဟာသတွေပဲ တစ်လမ်းလုံးပြောရတာ တော်တော်လေးလည်း ပင်ပမ်းလာတယ်...။
မနက်ရုံးတက်ကြရမယ့်သူတွေမဟုတ်သလိုပဲ ည ၁၂ နာရီကျော်လောက်မှာ နောက်ဆုံးရထားနဲ့ ပြန်ခဲ့ကြပါတယ်...။ သူငယ်ချင်းတွေလို့ သုံးထားပေမယ့် အားလုံးက ကျမနဲ့တစ်ယောက်မှ ကျောင်းလည်း မတူ၊ဘွဲ့လည်းမတူ၊ အသက်အရွယ်လည်းမတူ၊အလုပ်အကိုင်တွေလည်း မတူညီပါ ....။ သို့သော် ထိုသူများက ကျမဘ၀ရဲ့ မိတ်ဆွေကောင်း များဖြစ်သလို သူငယ်ချင်းကောင်းများလည်းဖြစ်ပါတယ်.....။



ဤပို့စ်လေးနဲ့အတူ မွေးနေ့ရှင် ကိုထွန်းလှိုင် တစ်ယောက် ဘယ်နှစ်နှစ်မြောက်မှန်း မသိတဲ့ မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာထိ အမျိုး ဘာသာ သာသာနာ ၏ အကျိုးများကို ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေလို့ သူငယ်ချင်း အားလုံးရဲ့ ကိုယ်စား ဆုမွန်ကောင်း တောင်းအပ်ပါတယ်....။


( ဘာရယ်လို့တော့မဟုတ်ပါဘူး စိတ်ကူးထဲရှိတာလေး နဲ့ လတ်တလော ကိုယ့်အခြေအနေ လေးတွေကို ချရေးလိုက်တာပါ .... စာမေးပွဲပြီးရင်တော့ ပို့စ်အသစ်လေးတွေ တင်ပါ့မယ်... ခုတော့ စာမေးပွဲအတွက် ပြင်ဆင်နေရလို့ ခေတ္တ နားခွင့်ပြုပါရှင် ....။)



အားလုံးကို ခင်မင်တဲ့
နှင်းဟေမာ
18 August 2009

Saturday, August 8, 2009

မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်းမှလှူဒါန်းခဲ့သောစတီးရေသန့်စင်

ကျမတို့မေတ္တာကမ္ဘာအသင်းအတွက် မြန်မာပြည်ကနေ အစ အဆုံးထိတိုင် လှူဒါန်းမှုဖြစ်မြောက်ရေးတွင် တစ်တပ်တစ်အား အကူညီပေးခဲ့ကြသော မောင်လေး၊ညီမလေးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်...။ယနေ့ည အွန်လိုင်းမှာတွေ့ဆုံဖြစ်ကြရင်း အစ်မရေ...ကျတော်တို့တော့ မနေ့ကပဲ ရဲမွန်ဘုန်းတော်ကြီးသင်ကျောင်းအတွက် ရေသန့်စက် ၊ စတီးရေသန့်စင်တို့ကို အားလုံးဆင်ပြီးခဲ့ပါတယ်...လို့ပြောပြီး ဓါတ်ပုံလေးတွေပါ တစ်ခါတည်း ပို့ပေးခဲ့ပါတယ် ...။
ကျမတို့ထက် အသက်ငယ်ရွယ်သော ကလေးတွေအနေနဲ့ အခုလို စိတ်ရော လူရော နှစ်ပြီး အပင်ပမ်းခံကူညီခဲ့ကြတာကို ကျေးဇူးလည်းတင်မိပါတယ်...။သူတို့တစ်တွေရဲ့ ခံယူချက်နဲ့ ပရဟိတအလှူဒါနနဲ့ပတ်သတ်ပြီး မြင့်မြတ်သော အသိစိတ်ဓါတ်လေးတွေဟာ လေးစားစရာပါပဲ....။
အားလုံးသော အလှူရှင်များ နဲ့ ကျမ၏ အိမ်လေးသို့ နေ့စဉ်လာရောက်ကြကုန်သော သူငယ်ချင်း မိတ်ဆွေများအားလုံးတို့ ကြည်နူးဝမ်းမြောက်စွာဖြင့် သာဓု ခေါ်ဆိုနိုင်ကြစေရန် ဤဓါတ်ပုံလေးများကိုပါ ထပ်မံဖော်ပြပေးလိုက်ရပါသည်...။



















ခင်မင်လေးစားစွာဖြင့်
နှင်းဟေမာ (M.W.F EC Member)
8 August 2009




Wednesday, August 5, 2009

မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်း၏ပထမအကြိမ်အလှူတော်

ကျမတို့ သူငယ်ချင်းတစ်စုနှင့် ပရဟိတလုပ်ငန်းများကို စိတ်အားထက်သန်ကြသော လူငယ်တစ်စု ပေါင်းစုကာဖြင့် စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့ ၊ ကျမ၏ နေအိမ်လေး၌ (28 June 2009) ရက်နေ့တွင်မြန်မာပြည်သို့ အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းကို အောင်မြင်စွာဖွဲ့စည်း ခဲ့ကြပါသည်...။
25 July 2009 ရက်နေ့တွင် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ပထမအကြိမ်မြောက်အလှူလေးကို ရန်ကုန်တိုင်း ၊ လှည်းကူမြို့နယ် ၊ရဲမွန်စံပြကျေးရွာ၊ ရဲမွန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြပါသည်....။ကျမကိုယ်တိုင် ကိုယ်ကျ မသွားရောက်နိုင်ခဲ့သော်လည်း သူငယ်ချင်း ကိုမျိုးမင်းကျော် ( First Organizer) ကိုယ်တိုင် မြန်မာပြည်သို့ သွားရောက်စုံစမ်းပြီး ၊ မြန်မာပြည်မှ မောင်ငယ်လေးများဖြင့် အမှန်တကယ်လိုအပ်လျှက်ရှိသောပရဟိတကျောင်းများစွာကို အပင်ပမ်းခံကာဖြင့် စုံစမ်းလိုက်သောအခါ ၊ မကြာသေးမှီကမှ စတင်ထူထောင်ခဲ့သော ထိုဘုန်းတော်ကြီးသင်ကျောင်းလေးကို တွေ့ရှိခဲ့ပါသည်...။ ရဲမွန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးတွင် ပညာသင်ကြားနေကြသော သာမဏေ၊ ကျောင်းသားကျောင်းသူ၊သင်တန်းသား စုစုပေါင်း မှာအောက်ပါအတိုင်းဖြစ်ပါသည်...။

သူငယ်တန်း - သာမဏေ (၅) ၊ ကျား(၈) ၊ မ(၆) - ပေါင်း (၁၉) ယောက်
ပထမတန်း - သာမဏေ (၉) ၊ ကျား(၉) ၊ မ(၆) - ပေါင်း (၂၄) ယောက်
ဒုတိယတန်း - သာမဏေ (၆) ၊ ကျား(၈) ၊ မ(၄) - ပေါင်း (၁၈) ယောက်
တတိယတန်း-သာမဏေ (၆) ၊ ကျား(၂) ၊ မ(၁) - ပေါင်း ( ၉ ) ယောက်
စတုတ္ထတန်း -သာမဏေ (၁) ၊ ကျား(၃) ၊ မ(၂) - ပေါင်း ( ၆ ) ယောက်
ပဉ္စမတန်း -သာမဏေ (၅) ၊ ကျား(၄) ၊ မ(၀) - ပေါင်း (၉) ယောက်
ဆဌမတန်း -သာမဏေ (၂) ၊ ကျား(၃) ၊ မ(၃) - ပေါင်း (၈) ယောက်
တက္ကသိုလ်ဝန်တန်းကျောင်းသား ကျောင်းသူ -(၁၅) ယောက်
အင်္ဂလိပ်စကားပြောသင်တန်းသား - (၄၁) ယောက်
ကွန်ပြုတာသင်တန်းသားဦးရေ - (၃၅) ယောက်

စုစုပေါင်း - (၁၈၄) ဦးမှာ ရဲမွန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားလျှက်ရှိကြပါသည်။


မြို့နှင့်အလှမ်းဝေးကွာလှသော ထိုဘုန်းတော်ကြီးသင်ကျောင်းလေးမှာ အစစအရာရာ လိုအပ်လျှက်ရှိနေသေးရာ ကျောင်းအုပ်ဆရာတော် အရှင်ပုညသေဌ ကို ထိုကျောင်းလေးအတွက် အခက်ခဲဆုံးဖြစ်မည့် လိုအပ်ချက်ကို လျှောက်ထားမေးမြန်းသောအခါ ထိုကျောင်းလေးမှ ဆရာတော် သံဃာတော်များ၊ သင်ကြားရေး ဆရာ ဆရာမများ နှင့် ပညာသင်ယူနေကြသော ကိုရင်ငယ်လေးများ၊ကျောင်းသား ကျောင်းသူလေးများ ၊ သင်တန်းသားများအားလုံးမှာ မသန့်ရှင်းသော ရေများကိုခက်ခဲစွာရယူပြီး သောက်သုံးနေကြရကြောင်း သိခွင့်ရခဲ့ပါသည်...။ ကိုယ်ကိုယ်တိုင် တွေ့ရ ၊ မြင်ရ ကြုံတွေ့ခဲ့ရသော အခက်အခဲများထဲက ဆရာတော် သံဃာတော်များနှင့် ဆရာ ဆရာမများ၊ ကလေးငယ်လေးများ ၊သင်တန်းသားများ ချမ်းသာကြစေရန် အလို့ငှါ အရေးကြီးဆုံးဖြစ်သည့် ဤသောက်သုံးရေအား ကျမတို့အဖွဲ့အနေနှင့် ရေသန့်စက်နှင့် ၁၀၀၀လီတာဆန့် စတီးရေသန့်စင် တစ်လုံး လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြပါသည်.. ။

ကြီးမြင့်သြဇာ၊ချမ်းသာပြည့်စုံ၊ကုံလုံချွေရံ ၊ ကာရံနူးညံ့ ၊ကင်းလတ်ဥပဒ္ဒ၀ါ ၊ ပြန့်ပြောစွာဂုဏ် ၊ မြူမှုန်မကြောာက် ၊ လျှောက်ပတ်ကိုယ်လတ် ၊ မပျက်စီးပွား ၊ အေးငြားကိုယ်စိတ် ၊ ဆယ်ထွေမိန့် ၊မှတ်စိမ့် ရေလှူသူ ဟူသော ရေအကျိုး (၁၀)ပါး အကျိုးတရားတို့ကို ဖြစ်လေရာ ဘ၀တို့၌ ရနိုင်ကြသော ဤမွန်မြတ်သည့် ကုသိုလ်အလှူကို ကျမတို့ အဖွဲ့လေးအနေဖြင့် မိမိတို့ တက်စွမ်းသလောက်လှူဒါန်းနိုင်ခဲ့ကြပါသည်..။မေတ္တာကမ္ဘာ၏ အောင်မြင်မှုခြေလှမ်းအစမှာ အေးမြခြင်းအသွင်ကို ဆောင်နိုင်ခဲ့ကြသည့်အတွက်လည်း များစွာ ကျေနပ်မိပါသည် ...။အမှန်တကစ်ကယ်လိုအပ်နေသော ကွက်လပ်လေးတစ်ခုကို မိမိတို့ချွေးနည်းစာလေးဖြင့် ဖြည့်ဆည်းခွင့်ရခဲ့ကြသဖြင့် ဖော်မပြနိုင်သော ပီတိကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပါသည် ....။

နံနက်အာရုံတွင် ကိုရင်ငယ်လေးများ ဘုရားဝတ်ပြုနေစဉ်
ကိုရင်ငယ်လေးများ ကျိန်းစက်သော နေရာလေး

နေ့စဉ် စာမသင်မကြားမှီ ဆွမ်းခံရပ်ပြန်အလာ သပိတ်လေးများစနစ်တကျ

ကိုရင်လေးများနှင့် ကလေးငယ်လေးများ စာသင်ကြားရသည့်နေရာလေး

အလယ်တန်း ကျောင်းသားကျောင်းသူလေးများ စာသင်ယူနေကြစဉ်


အင်္ဂလိပ်စာသင်တန်းသားများ


သင်တန်းသားများစာသင်ကြားရသောအဆောင်


ထိုဘုန်းတော်ကြီးသင်ကျောင်းလေးကို ထူထောင်ခဲ့သည့် ဆရာတော် အရှင်ပုညသေဌ နှင့်စိတ်အားထက်သန်စွာဖြင့် ကျမတို့ မေတ္တာကမ္ဘာသို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် တက်ကြွ စွာဝိုင်းဝန်းကူညီခဲ့ကြသော မြန်မာပြည်မှ မောင်လေး ၊ ညီမလေးများ

မေတ္တာကမ္ဘာအသင်းအတွက် ရဲမွန်ဘုန်းတော်ကြီးသင်ပညာကျောင်းမှ ဆရာတော်ဘုရား ချီးမြှင့်အပ်သော သာဓုအနုမောဒနာ ဂုဏ်ပြုလွှာအား အများသူငါ တို့ ၀မ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ကြပါစေခြင်းအကျိုးငှာ ဖော်ပြပေးလိုက်ပါသည်။

ရန်ကုန်မြို့ ဝေနေယျသုခ ရေချမ်းစင်အသင်းမှ ကျမတို့မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းအား ပေးအပ်ချီးမြှင့်သည့် အထူးမှတ်တမ်းတင် ဂုဏ်ပြုလွှာ

အသင်းဝင်မန်ဘာအားလုံး နှင့် အလှူရှင်များအားလုံး အတွက် အောက်ပါ အလှူငွေဖြတ်ပိုင်းကို ဖော်ပြပေးလိုက်ပါတယ်ရှင်..။ရဲမွန်ဘုန်းတော်ကြီးသင်ကျောင်းအတွက် ရေသန့်စက်နှင့် စတီးရေချမ်းစင် လှူဒါန်းရန် စုစုပေါင်း ကုန်ကျငွေမှာ မြန်မာငွေ ကျပ် ၈၅၀၀၀၀ (ကျပ်ရှစ်သိန်းခွဲတိတိ) ဖြစ်ပါသည်။ ကျမတို့ အသင်းမှ ဝေနေယျသုခရေချမ်းစင် အသင်းသို့ ပေးအပ်လှူဒါန်းခဲ့သော လှူဒါန်းငွေဖြတ်ပိုင်းအား MWF မန်ဘာများနှင့် MWF အလှူရှင်များ အတွက်ဖော်ပြပေးလိုက်ပါသည်....။လစဉ် ငွေစာရင်းရှင်းတမ်းကို MWF ၀က်ဆိုဒ်ပြီးပါက အသေးစိတ်ဖော်ပြပေးပါမည်...။ Member,Adviser,Volunteer များနှင့် အလှူရှင်များ အားလုံးတို့အနေဖြင့် လောလောဆည် ငွေစာရင်းနှင့် ပတ်သတ်၍ မရှင်းလင်းသည်များ ၊ မေးမြန်းစရာများ ရှိပါက မလီလီဟွာ ( MWF -Accountant Manager ) ထံသို့ အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ကြပါသည်...။လှူဒါန်းခဲ့သော ရေသန့်စက်နှင့် ရေစင်ဓါတ်ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမည်။

ကျမတို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းအနေဖြင့် မြန်မာပြည်တွင် အမှန်တစ်ကယ်လိုအပ်လျှက်ရှိသော နေရာလေးများတွင် ကျမတို့ တက်စွမ်းသရွေ့ စဉ်ဆက်မပျက်လှူဒါန်းမှုပြုနိုင်ရန် ကြိုးစားလျှက်ရှိပါသည်...။တစ်ယောက်အားဖြင့် ယူ၍မရ တစ်သောင်းအားဖြင့်ယူမှရမည် ဟူသော စကားအတိုင်း ကျမတို့ မေတ္တာကမ္ဘာ၏ အနာဂတ်ခရီးလမ်း သာယာဖြောင့်တန်းနိုင်စေရန် နှင့် ဒီ့ထက်မက မိမိတို့နိုင်ငံမှ ကွက်လပ်လေးများကို ဖြည့်စည်းပေးနိုင်ကြရန်၊ ပရဟိတလုပ်ငန်းများကို ကူညီပံ့ပိုးပေးနိုင်စေရန်အတွက် ... ကမ္ဘာ့နိုင်ငံ အသီးသီးမှ လှူဒါန်းလိုကြသော သူငယ်ချင်း မောင်နှမများအားလုံးကိုလည်း မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းအဖွဲ၏ ကိုယ်စား ကျမ နှင်းဟေမာ မှ လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည်...။ကျမတို့၏ ပထမအကြိမ်မြောက် အလှူဒါန ကောင်းမှုအစုစုအတွက် သာဓု ခေါ်ဆိုနိုင်ကြစေရန် ယခုကဲ့သို့ ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါသည် .....။

ခင်မင်လေးစားစွာဖြင့်

နှင်းဟေမာ

5 July 2009

Monday, August 3, 2009

ဓမ္မစေတီအထူးတရားပွဲ


ထေရ၀ါဒ ဓမ္မဒဿနသမ္ပဒါ နည်းအဖြာဖြာဖြင့် တရားဒေသနာတော်များကို ဖြန့်ဝေဟောကြားတော်မူသော ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒန္တကောသလ္လ M.A(Buddhism) ၏ အထူးတရားပွဲ ( အွန်လိုင်းအထူးတရားပွဲ )

ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒန္တကောသလ္လ M.A(Buddhism) သည် သြဂုတ်လ ၇ ရက် ဒေသစံတော်ချိန် ( Pacific Standard Time (UTC-8)) ည ၇ နာရီ ၊ မြန်မာစံတော်ချိန် သြဂုတ်လ - ၈ ရက် မနက် ၈ နာရီခွဲ ၊ စင်္ကာပူစံတော်ချိန် နံနက် ၁၀ နာရီ ၊ ရုရှားစံတော်ချိန် နံနက် ၆ နာရီ တိတိ အချိန်တွင် ထေရ၀ါဒ တရားဒေသနာတော်ကို ဟောကြားချီးမြှင့်တော်မူမည်ဖြစ်ပါသည်။
အဆိုပါတရားပွဲအား http://www.live.dhammathukha.com/ မှ တိုက်ရိုက်နာ နိုင်အောင် Live Show လွှင့်ပေးမည်ဖြစ်ပါကြောင်း နှိုးဆော်အသိပေး လိုက်ရပါသည်။
သို့ပါ၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဝင် တရားချစ်ခင်သူတော်စင်များအပေါင်းတို့အနေဖြင့် ကြုံတောင့်ကြုံခဲလှစွာသော ထေရ၀ါဒ အွန်လိုင်း အထူးတရားပွဲကို အတူတစ်ကွ ရိုသေစွာ နာယူကြည်ညိုနိုင်ကြရန် အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်။

ခင်မင်လေးစားစွာဖြင့်
နှင်းဟေမာ
3 August 2009

Saturday, August 1, 2009

နောက်ဆုံးလက်ဆောင်

ကောင်းကင်လွင်ပြင်မှာ
မျှော်လင့်ချက်တွေဖြန့်ကျက်
ကြေကွဲမှုအိပ်မက်တွေ ခက်နက်နက်တူးရင်း
အလွမ်းများနဲ့ အဆုံးသတ်ခဲ့တယ်...။


ဒဏ်ရာတွေပြန့်ကြဲ နေတဲ့ ငါ့ရဲ့
အတွေးယာခင်းထဲမှာတောင်
သံယောဇဉ်ကို ရိပ်သိမ်း
တမ်းတမှုတွေ ထိမ်းရင်းနဲ့
အဖြူရောင်ပန်းတွေအဖြစ်ပဲ
ဖန်တီးဖြစ်ခဲ့တယ် ....။

ပိုင်ဆိုင်လိုမှု ဗလာ
ရယူလိုမှု ကင်းစွာနဲ့
ချစ်ခြင်းဖွဲ့ ပန်းခင်းလေးထဲမှာ
လွမ်းဆွတ်ခြင်းတွေ ပွင့်ဖူး
နာကျင်စွာ တစ်ပွင့်စီခူးရင်း
ကြေကွဲခြင်း လက်အစုံနဲ့
နှလုံးသားကို ပေးအပ်ခဲ့မယ်....။

လျှို့ဝှက်စွာ...
တိတ်ဆိတ်စွာ...
ကြေကွဲစွာ ...
မြတ်နိုးစွာ ... နဲ့
သိမ်းထားပေးပါ “... ” ရယ်...။

( အိပ်မက်ကို နှစ်သက်တဲ့ လူဟာ လက်တွေ့ရဲ့ အမှန်တရားကိုတော့ တုန်လှုပ်ရတက်တယ် .....)
အင်း .........အမှတ်မရှိတဲ့အသည်း နှစ်ခါကွဲတာပဲ ကောင်းပါတယ်လေ


ဓါတ်ပုံက အသည်းကွဲနေတဲ့ ပုံရောပေါက်ရဲ့လားမသိဘူး :)
အားလုံးကိုခင်တဲ့...

နှင်းဟေမာ
1 August 2009