Wednesday, January 12, 2011

ကဗျာမဟုတ်တဲ့ ကျမကိုယ်တိုင်ရေးသောမှတ်စုတိုများ (၁)


(၁)

“ချစ်သူရေ ....
ဟိုး အတိတ်လွင်ပြင်ဆီက ....
ခရမ်းရောင် ညနေခင်းတွေရဲ့အောက်မှာပဲ
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်ကျောခိုင်းဖို့ ကြိုးစားခဲ့ဘူးကြတာ....
ငါတို့ရဲ့ကြေကွဲမှုတွေကို ခရမ်းရောင်သမ်းနေတဲ့
အဲဒီညနေချမ်းတွေပဲ သိခဲ့တယ် .......

ချစ်သူရေ.....
လမ်းခွဲဖို့ကြိုးစားလိုက်မိတိုင်း
မြဲမြံတဲ့လက်တစ်စုံရဲ့အောက်က
အကြိမ်ကြိမ်အခါခါ ရုန်းမထွက်နိုင်သေးတဲ့
ငါ့ရဲ့ကျရှုံးခြင်းတွေအတွက်
အပြစ်တစ်ခုလို့ ဆိုကြရင်လေ  ....
မင်းအပေါ်သက်ရောက်စေမယ့်
ဆိုးကျိုးတွေအားလုံးက ငါ့အပြစ်ကြောင့်ပါလို့
အရိုးသားဆုံး ၀န်ခံပါရစေ .....”

(၂)

“ချစ်သူရေ....
နောက်ဆုတ်ဖို့ ကြိုးစားလိုက်မိတိုင်း
ဖျော့တော့သွားတဲ့ မျက်ဝန်းတစ်စုံရဲ့
အင်အားမဲ့ ရှိုက်သံကြားမှာ
ငါ့ခြေလှမ်းတွေလဲ အကြိမ်ကြိမ် လဲပြိုသွားခဲ့တာ
အဲဒါကို မာယာလို့ဆိုကြရင်လေ....
အမှန်တစ်ကယ်ချစ်တတ်ခဲ့တဲ့ နေ့ရက်တွေကစလို့
မာယာဆိုတဲ့ အတတ်ပညာကို
ငါမသင်ယူပဲ သူ့အလိုလိုတတ်မြောက်လာခဲ့တာပါ....။

ချစ်သူရေ....
ပေးဆပ်ခြင်းနဲ့
နာကျင်ခြင်း ဆိုတဲ့စကားလုံးတွေက
ငါ့တစ်ဘ၀စာလုံးအတွက်များ
ညွှန်းဆိုပြဌါန်းထားခဲ့လေသလားကွယ်...
သေသေချာချာ ပြန်စဉ်းစားလိုက်မိတိုင်း
မင်းနဲ့ပတ်သတ်ခဲ့သမျှ ဘ၀စာမျက်နှာတိုင်းက
သေသပ်လှပမှု မရှိခဲ့လိုက်တာ .....”

(၃)

“ချစ်သူရေ .....
နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံနဲ့
ကြေကွဲဖွယ် တေးသွားတစ်ပုဒ်ရဲ့ သီကျူးသံကို
နာနာကျင်ကျင် နားဆင်ခံစားခွင့်ရလိုက်တိုင်း
ဟောဒီ့ ရင်ဘတ်အရိုင်းကလဲ
မရူးသွပ်ပဲမနေနိုင်ပြန်ဘူး......။


ချစ်သူရေ ...
ငါပေးလိုက်ရတဲ့ ချစ်ခြင်းမေတ္တာရဲ့လေးနက်မှုမှာ
ငါ့ကိုသိပ်ချစ်ကြသူတွေရဲ့ ဘ၀နဲ့မျက်ရည်စတွေပါတယ်
ငါအမှန်တစ်ကယ် ချစ်မြတ်နိုးခဲ့တဲ့
ကိုယ့်ကျင့်သိက္ခာတွေပါတယ်
ငါကိုယ်တိုင်တည်ဆောက်ခဲ့တဲ့
စိတ်ကူးယဉ်ပြတိုက်တစ်ခုပါတယ်...
ငါကိုယ်တိုင် အပ်ကြောင်းထပ် ဝေဖန်ဘူးတဲ့
ဘ၀သမိုင်းထဲက စာမျက်နှာများစွာပါခဲ့တယ် ....”

(၄)

ချစ်သူရေ
အမှားကို အမှန်တရားလုပ်ပြီး
အပြန်ပြန်အလှန်လှန်ငြင်းဆန်
အားလုံးကို စုံကန်မိတဲ့ငါ့ကိုလေ....
အတ္တလွှမ်းနေတဲ့ မျက်ကန်းတစ်ယောက်လို့လဲ
ဆိုချင်ဆိုပါ...

မင်းတစ်ယောက်ထဲအတွက်သာ
တယုတယစိုက်ပျိုးလာခဲ့ရတဲ့
သိမ်မွေ့နက်နဲခြင်းလို့အမည်ရတဲ့
ချစ်ခြင်းမေတ္တာဆိုတဲ့ ပန်းတစ်ပွင့်ကိုလဲ
မင်းမလိုတော့တဲ့အချိန်မှာ
ကျေကျေနပ်နပ် စွန့်ပြစ်လိုက်ပါ
တစ်ကယ်တော့ ငါတို့ဘ၀တွေက
သိပ်ကို တိုတောင်းလွန်းလို့ပါ
ချစ်သူရယ် .....

(၅)

ချစ်သူရေ....
ငါအသိအမှတ်မပြုမိတဲ့ လူတစ်ချို့တစ်လေကတော့ 
အမုန်းတရားတွေနဲ့ ငါ့ကို အကြောင်းမဲ့တိုက်ခိုက်တယ်
ငါကတော့ မင်းရဲ့အငြိမ်းချမ်းဆုံးမေတ္တာထုနဲ့
အရာအားလုံးကို ဥပေက္ခာပြုတယ်.....။

ချစ်သူရေ ...
ငါမသိခဲ့တဲ့ လောကနိယာမအောက်မှာ
လူတစ်ချို့တစ်လေကတော့ နောက်ကွယ်ကနေ
ငါ့ကို မရဲတရဲစိန်ခေါ်တယ်....
ဓါးခုတ်ရာကို လက်ဝင်လျှိုချင်တဲ့
အဲဒီ့ ပတ်ဝန်းကျင်ရဲ့ကြားမှာပဲ...
ငါကတော့ ရဲရဲဝံ့ဝံ့ မင်းကိုချစ်တယ်......


(၆)

ချစ်သူရေ ....
ငါ့ရဲ့ ဖြောင့်စင်းစင်းဆံနွယ်တွေလဲ
မနှစ်ကထက် ပိုပြီးရှည်လာသလို....
မင်းတစ်ယုတစ်ယဆုတ်ကိုင်တတ်တဲ့
ငါ့ရဲ့ ပိန်ရှည်ရှည်လက်ဖမိုးလေးပေါ်က
အရေဖျားလေးတွေက အစ
အိုမင်းရင့်ရော်ခြင်းကို သတိပေးလာခဲ့တယ်.....

ချစ်သူရေ .....
ငါ့အသက်တွေသာ တစ်နှစ်ထက်တစ်နှစ်
ပိုကြီးကြီးလာတယ် ......
အသက်ကြီးပြီး အချိန်မစီးသေးတဲ့
ရူးမိုက်မိုက် ငါ့နှလုံးသားကတော့
မနေ့ကထက် မင်းကို နက်နက်ရှိုင်းရှိုင်း
ပိုချစ်တတ်လာတုန်းပဲ .....

(၇)


ချစ်သူရေ .....
လေးနက်တဲ့ ငါတို့ချစ်ခြင်းကို
ခိုင်မာတဲ့ သံယောဇဉ်ကြိုးနဲ့
အမြဲမြံဆုံး ခြည်နှောင်ကြမယ် ...
မင်းပြောတဲ့ အကောင်းဆုံးတွေဖြစ်မလာခဲ့ရင်လဲ
အဆိုးဆုံးတွေကို ရင်ဆိုင်ကြရင်း
ဘ၀ရဲ့ နောက်ဆုံးထွက်သက်ထိ
နှစ်ယောက်အတူ မျှဝေခံစားကြမယ် ....

တစ်ကယ်တော့
ငါလက်ခံရရှိလိုက်တဲ့ မင်းရဲ့မေတ္တာတရားနဲ့
အနက်ရှိုင်းဆုံးသော လေးနက်မှုတိုင်းကလေ ....
မနက်ဖန် ငါသေရမယ့် ရက်ဆိုရင်တောင်...
ရွေ့လျားနေတဲ့ နာရီလက်တံတိုင်းက
ငါ့အတွက် ဘာမှမလိုအပ်တော့လောက်အောင်ပဲ
လုံလောက်သွားခဲ့ပြီးသားပါ အချစ်ရယ် .....။


                          ***************************************

( ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျမရဲ့စာမျက်နှာလေးကို လာရောက်ပြီး ဖတ်ရှု ဝေဖန် ကြသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်... )

အားလုံးကိုချစ်ခင်လေးစားလျှက်~

နှင်းဟေမာ
( 11/1/2011 ) 4:59 pm

Monday, January 3, 2011

တောကင်းပုံသီး ဘာလချောင်ကြော်

အားလုံးပဲမင်္ဂလာပါ ....။
ကျမ ရေးခဲ့သမျှ ကဏ္ဍအလိုက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ကျမရဲ့မီးဖိုဆောင်လေး ဆိုတဲ့ကဏ္ဍတစ်ခုကို ထပ်မံပြီးထည့်သွင်းရေးသားချင်တဲ့ စိတ်ကူးလေးတစ်ခုပေါ်လာပါတယ် ...။
တစ်နေ့နဲ့တစ်နေ့ အပြင်ကအစားအသောက်တွေဝယ်စားခဲ့ရတာကြာလာတော့ တော်တော်လေး ငြီးငွေ့လာသလို လူလဲတစ်နေ့တစ်ခြား လုံးပါးပါးလာတယ်ပဲပြောရမလားးD ငါးဖောင်ရိုးခြောက်နဲ့နင်လား ငါလား ဖြစ်လာခဲ့ပါတယ် ...။
အဲဒါနဲ့ပဲ ကျန်းမာရေးကိုအထိခိုက်မခံနိုင်တော့တဲ့အဆုံး မိနှင်းတစ်ယောက် ကြိုးစားပမ်းစားနဲ့ တတ်သလောက်မှတ်သလောက် ကိုယ်တိုင်ချက်စားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် ...။
သူများအတွက် ကောင်းတာမကောင်းတာ အပထားလို့ ဟင်းဆိုရင် ငံပြာရည် ၊ ငပိ ၊ ဆားလေးလေးနဲ့ ငရုတ်သီးစပ်စပ်အရသာပါမှ ထမင်းတစ်ပန်းကန်ကုန်အောင် စားနိုင်တဲ့ ကျမအတွက် မီးဖိုဆောင်လေးထဲကို မ၀င်မှီကတည်းက ငရုတ်သီးနဲ့ ငပိ ငံပြာရည် စတဲ့ လက်နက်အစုံအလင်ကို စတင်ပြင်ဆင်ရပါတယ် ....။
ချက်ဖို့ပြုတ်ဖို့အတွက် အိုး ခွက် ပန်းကန်တွေကတော့ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက အစုံပလုံလာပို့သွားတဲ့သူတစ်ယောက်ကြောင့် ကိုယ့်ကိုယ်များ ရွဲ့ပြီးဝယ်ပေးသလားထင်ပြီး ထားဖို့နေရာကလဲအရမ်း ကျဉ်းလွန်းတာမို့ ချောင်ထဲပဲထိုးထားခဲ့မိတာ ....။
အခုတော့ ကျမအတွက် တော်တော် အဆင်ပြေပြေဖြစ်သွားတဲ့အတွက် ကျေးဇူးတင်လိုက်မိပါတယ် ....။
အသား၊ငါးတွေကို အသီးအရွက်လောက်မနှစ်သက်တဲ့ကျမအတွက် ဈေးထဲကနေ ဟင်းသီး ဟင်းရွက်များများနဲ့ အသုတ်အနယ်လုပ်ဖို့အတွက်လောက်သာ ရွေးချယ်ပြီး ၀ယ်ယူဖြစ်ခဲ့ပါတယ် ....။ အဲဒီထဲက အိန္ဒိယကလာတဲ့ ကင်းပုံသီးသေးသေးလေးတွေကို မစားရတာကြာပြီဖြစ်တဲ့အတွက် ပထမဆုံးချက်ဖို့ စိတ်ကူးလိုက်ပါတယ် ....။

ကင်းပုံသီးဘာလချောင်ကြော်အတွက် ပထမဆုံးတောကင်းပုံသီး သေးသေးလေးတွေကို ဇကာနဲ့ သုံးလေးထပ်လောက်ရေစင်အောင်ဆေးလိုက်ပါတယ်။
ကျမတို့ရွာမှာတော့ ဒီအရွယ်အစားလေးတွေက တောလမ်းနံဘေးက ခြုံတွေကြားမှာအလေ့ကျပေါက်တဲ့အတွက် တောကင်းပုံသီးလို့ခေါ်တာပါ ။
ရေစင်အောင်ဆေးထားတဲ့ တောကင်းပုံသီးလေးတွေကို အမြီးခေါင်းတိပြီးတဲ့နောက်မှာတော့ ဓါးနဲ့ အရွယ်အစားကြီးရင် လေးခြမ်း ၊ သေးသေးလေးတွေဆိုရင် နှစ်ခြမ်း စသည်ဖြင့် အဆင်ပြေသလို ခွဲခြမ်းလေးတွေ ခွဲလိုက်ပါတယ် ....။

အနှစ်အတွက် လိုအပ်တဲ့ဟာတွေကိုတော့ သိပ်မခန့်မှန်းတတ်သေးတာနဲ့ ငယ်ငယ်တုန်းကကျမတို့ မျက်စေ့မှိတ်ကြေး ကစားကြတဲ့အခါ ပါးစပ်က ဆိုရတဲ့အထဲမှာ “ကြက်သွန်ဖြူခုနှစ်မြှောင့် နင်နဲ့ငါနဲ့ မစားလောက် ... ဗျောက် ... ဆင်ကြီး အမြီးထောင် ... ဗြောင် ... စာကလေး အမွေးနှုတ်ဗြုတ် ” ဆိုတဲ့အဆိုကို သတိရမိပြီး  ကြက်သွန်ဖြူ ၇မြှောင့် ကိုအခွန်ခွာပြီး စိတ်လိုက်ပါတယ် ...။ ကြက်သွန်နီတစ်ဥ ခပ်လတ်လတ်ကိုပါ အခွံခွာပြီးတာနဲ့ ပုဇွန်ခြောက်လက်တစ်ဆုတ်လောက်ကိုပါ ရေစိမ်ထားလိုက်ပါတယ် ...။ ငပိကိုတော့ ကျမအကြိုက် မျှင်ငပိ လက်ထောင်းကိုပဲ အသုံးပြုပါတယ် ...။

အဲဒါပြီးတဲ့နောက်မှာတော့ -  ခုနကအခွံခွာထားပြီးသား ကြက်သီဖြူနီ ၊ ရေစိမ်ပြီးပွလာတဲ့ ပုဇွန်ခြောက်တွေကို ငရုတ်ဆုံထဲထည့်ပြီး အောက်ထပ်ကလူတွေ ခေါင်းကျိန်းအောင် ထောင်းပစ်လိုက်ပါတယ် ....။
ဆီကျက်ပီလား မကျက်သေးဘူးလား သိပ်ပြီးမခန့်မှန်းတတ်တာမို့ ငရုတ်သီးမှုန့်ကိုပါ မီးကျွမ်းမှာစိုးရိမ်ပြီး ငရုတ်သီးစက်နဲ့ကြိတ်ပြီးသားအမှုန့်တွေကိုပါ ထည့်ပြီးထောင်းပါတယ်...။
ထောင်းလို့ရလာတဲ့ အနှစ် စီးစီးညက်ညက်လေးကို ဆီပူပူမှာထည့်ပြီးကြော်လိုက်ပါတယ် ....။ အားလုံးလိပ်သွားပြီဆိုတော့ ငံပြာရေလေးလောင်း ၊ ငပိလေးပါဆီရောသတ်လိုက်ပြီး ဆား ဟင်းချိုမှုန့်ကိုပါ တစ်ခါတည်းထည့်ပါတယ် ....။
ဟင်းအရသာကတော့ စွံမစွံ မသိရသေးဘူး ၊ ဟင်းအနှစ်ရဲ့ အနံ့လေးကတော့ တော်တော်ကို မွှေးလာပါတယ် ဟဲ ဟဲ ....။


အနှစ်က ဆီပြန်လာပီဆိုမှ တောကင်းပုံသီးခွဲခြမ်းလေးတွေကို ထည့်ပြီး နာနာလုံးပါတယ် ...။ အနှစ်ရဲ့အရသာကို ကင်းပုံသီးထဲကို စိမ့်ဝင်သွားတဲ့အထိ မွှေပေးလိုက်တယ်...။အရသာက အသီးထဲဝင်မ၀င်တော့ မသိဘူး ဇွန်းနဲ့အားရပါးရ မွှေလိုက်တာ ဒယ်အိုးက Coating နဲနဲကွာသွားလို့ အဆူခံလိုက်ရပါသေးတယ်းp

အဲဒီအနေအထားကနေ ဆီပြန်ပြန်လာတိုင်း ရေလေးတစ်ခွက်တစ်ခွက်စွက်လိုက်ပါတယ် ...။ တောကင်းပုံသီးကို နူးအိသွားအောင်လို့ပါ ... ( အဟီး ... လေသံကတော့ ဆရာမကြီးလိုလို ဘာလိုလိုနဲ့ )
မချောတို့ မမဂျာမုန်းတို့ကို အားကျလို့ပြောကြည့်တာပါး)



တောကင်းပုံသီးလေးတွေ နူးအိလာပြီလို့ ယူဆပြီဆိုတော့မှ အရသာအခြေအနေသိရအောင် နဲနဲမြည့်ကြည့်လိုက်ပါတယ် ...။ သူများကြိုက်မကြိုက်တော့ မသိဘူး ကျမပါးစပ်နဲ့တော့ကွက်တိပဲ စားရတဲ့အရသာက လေးလေးပင်ပင်ရှိပါတယ်း)

အဆင့်ဆင့်ပြီးသွားပြီဆိုရင်တော့ အလွန်အင်မတန်ပဲ ထမင်းစားလို့မြိန်စေတဲ့ တောကင်းပုံသီး ဘာလချောင်ကြော်တစ်ခွက် ဖြစ်သွားပါပြီ ...။ တစ်ကယ်ပဲ အဲဒီနေ့က တောကင်းပုံသီးဘာလချောင်ကြော်နဲ့ ကျမချက်ထားတဲ့ ထမင်းတစ်အိုးလုံးကို အပြောင်ဆွဲလိုက်ကြပါတယ် ....။
မယုံရင်တော့ လမ်းကြုံတဲ့အခါ အိမ်ကို ထမင်းစားကြွပါရှင်း))))

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
( 2 Jan 2011 )