Friday, November 27, 2009

မနှင်းတို့ရွာ (၁)



ငယ်ဘ၀အမှတ်တရလေးတစ်ခု အနေနဲ့ မနှင်းတို့ရွာလေးနဲ့ စာဖတ်သူမောင်နှမများကို မိတ်ဆက်ပေးချင်မိတယ်...မနှင်းတို့ရွာလေးက အညာဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိလှတဲ့ ချောင်းရိုးမြောင်းရိုး တစ်နေရာမှာရှိပြီး  အိမ်ခြေ သုံးရာကျော်လောက်သာရှိပါတယ် .....။
ဘေးပတ်ဝန်းကျင်က ဇနပုဒ်ရွာသေးသေးလေးတွေကြားမှာတော့ ကျေးရွာအုပ်စု ရွာကြီးတစ်ရွာအဖြစ် ရပ်တည်လျှက်ရှိပြီး သူ့အရပ်နှင့် သူ့ဇာတ်တော့ တင့်တယ်လျှက်ရှိပါတယ် ...။
ဆရာကြီးဦးတင်မိုး ရဲ့ ကဗျာလေးတစ်ပိုဒ်ထဲက ~
“ကိုယ့်နေရာ သာယာသည် ဖြစ်စေ ...
နုံချာသည် ဖြစ်စေ....
ကိုယ့်ရွာ ... ကိုယ့်ရပ်... မိခင်မြတ်တည့် ”
ဆိုတဲ့ စာသားလေးအတိုင်း မနှင်းတို့  ဇနပုဒ်ရွာလေးသည် သာယာဖြစ်စေ.... မည်မျှနုံချာနေသည်ဖြစ်စေ ကိုယ့်ရွာကိုယ့်ရပ် နှင်းဟေမာ အတွက်တော့ ထာဝရမမေ့အပ်တဲ့ မွေးမြေရပ်လေးသာဖြစ်ခဲ့ပါတယ်....။
ရွာ.... ဆိုတဲ့ အသံလေးကြားလိုက်ရရင်ကို နှင်းရဲ့ ရင်ထဲမှာ နွေးထွေးလုံခြုံစွာ ခံစားလိုက်မိတယ် ....ရွာအကြောင်းပြောလိုက်မိရင် ရောက်တဲ့အရပ်ကနေ ရွာကိုအမြန်ဆုံးပြန်ချင်မိတယ် .....ရွာလေးရဲ့အနေအထားကို စာဖတ်သူများ မြင်ယောင်စေဖို့အတွက် အတက်နိုင်ဆုံးပုံဖော်ပေးရမယ်ဆိုရင်~
မနှင်းတို့ရွာကို တောမြို့သေးသေးလေးတစ်မြို့ကနေပြီး ပုဂံ - ပုပ္ပါး ၊ ကျောက်ပန်းတောင်းကားစီးလျှင် ၂နာရီလောက်ကြာကြာစီးရပြီး ၊ ပုပ္ပါးကနေ ရွှေပေါ်ကျွန်း ကားလေးတွေစီးမယ်ဆိုရင် မိနစ်၂၀လောက်ပဲ စီးရပါတယ် .... ။ လိုင်းကားပေါ်ကနေ ဆင်းလိုက်ပြီဆိုရင်ပဲ မညီညာတဲ့ ချိုမ့်ဝှမ်း တောင်တန်းလေးတွေနံဘေးမှာ တောပန်းတောင်ပန်းလေးတွေ စီရရီဖူးပွင့်နေကြတဲ့ သစ်ပင်ခြုံနွယ်တွေနဲ့အတူ စိမ်းစိုညို့မှိုင်း အုံ့ဆိုင်းလှတဲ့ ထန်းတောတန်းကြီးတွေက အရင်ဦးဆုံး ဆီးကြိုနေကြတယ် ....။
“... ” ကျေးရွာဆိုတဲ့ ဆိုင်းပုဒ်လေးကိုတွေ့သာတွေ့နေရပေမယ့် လမ်းအတော်ကြာကြာလျှောက်ပြီးကာမှ ဆေးရေးပန်းချီကားတစ်ချပ်လို ...ပုပ္ပါးတောင်မကြီးကို နောက်ခံပြုနေတဲ့ မနှင်းတို့ ရွာလေးကို မသဲမကွဲမြင်ခွင့်ရပါတယ် ....။ ရွာအ၀င်မှာလည်း တစ်သွင်သွင်စီးဆင်းနေတဲ့ ကျောက်တစ်လုံး ချောင်းလေးရှိပြီး  မခမ်းနား လှပေမယ့် ကျေးရွာလေးတစ်ရွာ အတွက်တော့ အသုံးဝင်လှတဲ့အပြင် သဘာဝအလှနဲ့ အေးမြခြင်းရဲ့အသွင်ကို ဆောင်နေပါတယ် ....။
သန်းထွန်းလေး ရဲ့ သီချင်းလေးတစ်ပုဒ်ကို ကြားဘူးမယ်ထင်ပါတယ် ... “သောက်ရေအတွက် ... လက်ယက်တွင်းကလေးတွေ ..... ယက်ကာခပ်ရသည် ... ” ဆိုတဲ့ သီချင်းလေးထဲကလိုပဲ

ရွာအ၀င် စမ်းချောင်းထဲမှာတော့ သဲထဲကို လက်ယက်တွင်းလေးတွေတူးပြီး ရရှိလာတဲ့ရေစီးကြောင်းလေးတွေက ရေတွေကို တစ်ရွာလုံး သောက်သုံးကြရပါတယ် ....။
မိုးတွင်းရောက်ရင်တော့ ချောင်းရေက ကမ်းလုံးပြည့်လာတဲ့အတွက် ရွာကနေ ဘယ်မှ သွားလို့မရတော့တဲ့အပြင် သောက်သုံးရေအတွက်ကိုတော့ ရွာအနောက်ဘက်က ဈေးကုန်းတောင်ဘက်ဘုန်းကြီးကျောင်းဝန်းအတွင်းက ရေကန်ကြီး နှစ်ကန်ကနေ ခပ်ယူသုံးစွဲကြရပါတယ်...။ ထိုကန်ကြီးတွေကို အနော်ရထာမင်း တိုင်းခန်းလှည့် လည်စဉ်က နောက်လိုက်တွေနဲ့ အတူ တူးဖော်ခဲ့ကြတယ်လို့ သိရပြီး မိုးရာသီမှာ တစ်ရွာလုံးသောက်သုံးဖို့ အတွက် ဈေးကုန်းတောင်ကျောင်း ဆရာတော် အဆက်ဆက်ကနေ ထိမ်းသိမ်း စောင့်ရှောက် ထားခဲ့သည်မှာလည်း  နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်ပါတယ် ....။

နှင်း ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့အတူ ချောင်းရေသွားခပ်ရင် ချောင်းထဲက ငါးလေးတွေ ပလောင်လေးတွေကို လိုက်ဖမ်းတိုင်း ကစားကြတယ် ... ကန်ရေသွားခပ်ရင် လယ်ကွင်းတွေထဲမှာ ဂဏန်းတွေဖမ်းကြ ကန်ဘောင်ဘေးမှာ တစ်ပျော်တစ်ပါးကြီး  ရေကန်စွန်းရွက်တွေခူးကြတယ် .... ရေတစ်ခေါက် အပင်ပေါက်တက်တဲ့ နှင်းကို အိမ်က ဦးလေးတွေက ဒုတ်တစ်ချောင်း နဲ့ အမြဲ လိုက်လိုက်ခေါ်ရတယ်းD
မနှင်းတို့ရွာက သေးသေးလေးဆိုပေမယ့် ရွာလယ်မှာ ခမ်းနားထည်ဝါတဲ့ သာသနာ့ဗိမ္မာန်ကြီးနဲ့အတူ လပြည့်နေ့တိုင်း ကျေးရွာအုပ်စု ဆွမ်းလောင်းပွဲတွေ မကြာခဏကျင်းပလေ့ရှိတဲ့ ရွာလည်ဓမ္မာရုံကြီး လည်းရှိတယ် ....။ သာသနာ့ဗိမ္မာန်တော်ာကြီးမှာတော့ နှစ်စဉ် တန်ခူးးလရောက်တိုင်း ၅ ရက် ၅ ည တိုင်တိုင် အသံမစဲမဟာပဌါန်းရွတ်ဖတ်ပူဇော်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိပါတယ် ....။

မြင်းခြံမြို့ ကိုးဆောင် ပရိယတ္တိစာသင်တိုက်က နှစ်စဉ်  သံဃာတော် အပါး ၁၀၀ ကြွရောက်တော်မူပြီး ပဌါန်းပွဲဖွင့်ပွဲနဲ့ ပဌါန်းသိမ်းအောင်ပွဲ ၂ ညမှာတော့ မြင်းခြံမြို့ ကိုးဆောင်တိုက်မှ နာယကဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွရောက်ပြီး တရားတော်များကို ချီးမြှင့်တော်မူလေ့ရှိပါတယ် ....။

ရွာရဲ့ ဘုန်းတော်ကြီးကျောင်းတွေကတော့ ကျင်းကျောင်း ၊ မင်းကျောင်းအုတ်တိုက်ကျောင်းဈေးကုန်းတောင်ဘက်ကျောင်းဈေးကုန်းမြောက်ဘက်ကျောင်း ဆိုပြီး စုစုပေါင်း ငါးကျောင်းရှိပါတယ် ...။ ကျောင်းငါးကျောင်းက သံဃာတော်တွေ နံနက်တိုင်းဆွမ်းခံကြွသလို ရပ်ကွက်အလိုက် သီးသန့်ဆွမ်းချိုမ့်တွေလဲ တာဝန်ယူရပါတယ် ....။ မနှင်းတို့ အိမ်ကိုတော့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ကျင်းကျောင်းနဲ့ ဈေးကုန်းမြောက်ကျောင်း ကိုရင်လေးတွေက နေ့စဉ်ဆွမ်းချိုမ့် လာယူပါတယ် ....။ ဖေဖေ နဲ့ နှင်း က စနေသားသမီးတွေဖြစ်တဲ့အတွက် စနေနေ့တိုင်းမှာတော့ ကျောင်းအားလုံးကို ဆွမ်းဟင်းဖွယ်ဖွယ်ရာရာ လောင်းလှူလေ့ရှိပါတယ် ...။

အထူးခြားဆုံးကတော့ ရွာမြောက်ဘက်က အုတ်တိုက်ကျောင်းဖြစ်ပြီး နှစ်စဉ် နယုန်လဆန်းပိုင်းမှတော့
သံလျှင်တောရ ၀ိပဿနာ (၁၀)ရက် တရားစခန်းပွဲကြီး ကျင်းပလေ့ရှိပါတယ် ....။
တရားစခန်းကိုတော့ အုတ်တိုက်ကျောင်းဆရာတော် ဘုန်းဘုန်း ဦးဝါယမ (ယခင်နှစ်က ပျံလွန်တော်မူ)  နဲ့ ရန်ကုန်တိုင်း ၊ တညင်မြို့ သံလျှင်တောရ ၀ိပဿနာရိပ်သာကြီး၏ ဥက္ကဌ ၊ ပျော်ဘွယ်မြို့နယ် ၊ ယင်းတော်မင်းကျောင်း သာသနာ့ရိပ်သာ နှင့် ယင်းတော်မင်းကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ နာယကဆရာတော် ဘဒန္ဒနိပုဏ ကိုယ်တိုင် ကြွရောက်ပြီး ၁၀ ရက်တိုင်တိုင် တရားစခန်းကြီး ကျင်းပ လာခဲ့တာ ယခုဆိုရင်  ဆရာတော်ဘုရားရဲ့ကျေးဇူးကြောင့် တရားစခန်းဖြစ်မြောက်ခဲ့တာ နှစ်ပေါင်း ၅၀တိုင်ခဲ့ပြီဖြစ်ပါတယ် ....။
ဘုန်းကြီးကျောင်းအဆောင်အဦးတွေက ရှေးလက်ယာတွေဆိုတော့ ထုထည်ကြီးမာလှတဲ့ ကျောက်သားတွေနဲ့ ဆောက်လုပ်ထားပြီး အတော်ခန့်ခန့်ငြားငြားလေး ရှိလှပါတယ် ...။
ရွာရဲ့တောင်ဘက် မြောက်ဘက်တွေမှာတော့ အထက်ဆည်တွေကလွှတ်တဲ့ ရေမြောင်းမကြီးတွေ ၊ မြောင်းသွယ်လေးတွေနဲ့ ၀န်းရံထားပါတယ် ... ။ ရွာရဲ့အနောက်တည့်တည့်က ဘုန်းကြီးကျောင်း နှစ်ကျောင်း နဲ့ ရွာရဲ့ကြားမှာတော့ တစ်ပတ်တစ်ခါ ကျေးရွာဈေးလေးရှိပါတယ် ...။အဖိတ်နေ့ဆိုရင် ရွာကို မဟာဗောဓိသီလရှင်စာသင်တိုက်က သီလရှင်လေးတွေ ဆွမ်းဆန်စိမ်းလာခံပြီဆိုရင် မနှင်းတို့ အိမ်မှာ ဆွမ်းဘုန်းတဲ့အတွက် အဲဒီ့နေ့က တောဖိတ်နေ့ ဈေးပတ် သုံးရက်လိုသေးတယ် ဆိုပြီး အိမ်က အဖွားက မှတ်သား ထားတက်ပါတယ် ...။
အဓိက ကတော့ ရွာမှာ တောင်သူလယ်သမား တွေသာများပြီး ပဲပွဲရုံ ၊ ထန်းလျှက်ပွဲရုံ ၊ ကုန်မျိုးစုံရောင်း
ဝယ်ခြင်းနဲ့ ဆီစက် ၊ ဆန်စက် လုပ်ငန်းတွေရှိပြီး ၊ ကားပိုင်တဲ့သူတွေကတော့ ကားပြေးဆွဲတဲ့ လုပ်ငန်း စသည်ဖြင့် လုပ်ကိုင်စားသောက် ကာ အသက်မွေးလျှက် ရှိကြပါတယ် ....။ရွာနီးချူပ်စက်က ရွာလေးတွေမှာတော့ ထန်းလုပ်သား ၊ လယ်သမား ယာသမားတွေသာ များလှပါတယ် ....။
ရွာမှာ ထူးခြားချက်တစ်ခုက နံမည်ကျော် ပန်းရံဆရာတွေ ပန်းတမော့ဆရာကြီးတွေ ပေါ်ထွန်းခဲ့လေတော့ သူတို့ရဲ့ သားစဉ်မြေးဆက်တွေကလဲ ရပ်ကွက်တစ်ခုစာလောက် ပန်းရံလုပ်ငန်းကို ဘိုးဘွားစဉ်ဆက် အမွေဆက်ခံပြီး ယနေ့ထက်ထိ လုပ်ကိုင်လျှက်ရှိကြပါတယ်...။



နှင်းတို့ရွာမှာ ဘုရားကြီးရပ် ၊ ဈေးရပ် ၊ သီရိမင်္ဂလာရပ် ၊ လမ်းမတော်ရပ် ၊ ပြည်တော်သာရပ် နဲ့ သဲတောကြီး ရပ် ဆိုပြီး သူ့အုပ်စု ရပ်ကွက်အလိုက်ဖွဲ့ထားတဲ့ ရပ်ကွက် ၆ ခုရှိပါတယ် ....။ ထူးခြားလေးက သဲတောကြီးရပ်ကွက် တစ်ရပ်ကွက်လုံးက  လူတွေအားလုံးဟာ မုန့်ဟင်းခါး ၊ ခေါက်ဆွဲ ၊ တို့ဟူးသုတ် ၊ကောက်ညှင်းပေါင်း နဲ့  ပဲပြုတ် ၊ အကြော်စုံ နဲ့ ရေမုန့် (မုန့်ရေပါး) ၊ မုန့်ပစ်သလပ် (မုန့်ပြားသလပ်) ၊ ဆန်ဆုတ် ၊ ပေါက်ပေါက်ဆုတ် ၊ မုန့်ခေါင်းအုံး ၊ မုန့်လက်ဆောင်း ၊ နတ်သြဇာ ( ပဲထန်းလျှက်ချောင်း) အုန်းထန်းလျှက် ၊ နွားနို့ထန်းလျှက် ၊ နှမ်းဖတ်ထန်းလျှက် ၊ အစရှိတဲ့ မုန့်မျိုးစုံကိုတွင်ကျယ်စွာလုပ်ကြပြီး အသက်မွေးဝမ်းကျောင်းကြပါတယ် ....။
ပန်းရံ လုပ်ငန်း ၊ပန်းတမော့ လုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြတဲ့ မိသားစုဆွေမျိုးတွေကတော့ ပြည်တော်သာ တစ်ရပ်ကွက်လုံးဖြစ်ပြီး ရွာတောင်ဘက်မှာ ပေတစ်ရာလမ်းမကြီး တစ်ဘက်ခြားမှာ ထီးတည်းရပ်တည်ကြပါတယ်...။
 မနှင်း တို့ ရပ်ကွက်ကတော့ ရွာအနောက်ဖျားက ဈေးကြီးနဲ့နီးလို့ ဈေးကြီးရပ်ကွက်လို့ခေါ်ပါတယ် ... သုဿာန်နဲ့ လည်းအနီးဆုံးဖြစ်တဲ့အတွက် ရွာထဲကလူတွေက သုဿာန်ရပ်ကွက်ကလူတွေလို့ ပြောရင် နှင်းတို့ကလည်း ဘယ်ရမလဲ ပြန်ပြောတာပေါ့ ... သေတဲ့အခါ ငါတို့ရပ်ကွက်မှာ လာမမြှုပ်ကြနဲ့လို့ အဟိ
းD .... ရွာဆိုတဲ့အတိုင်း ဆွေမျိုးတွေမကင်းရာမကင်းကြောင်း နဲ့ ကျန်တဲ့အချိန်တွေမှာ ရပ်ကွက်အချင်းချင်း အဆင်ပြေကြပေမယ့် ဘုရားပွဲရောက်ရငတော့ တစ်နည်းနည်းနဲ့ ငြိပြီး အကြီးအကျယ် ပြဿနာတက်လေ့ရှိတာလည်း မနှင်းတို့ ရွာလေးပါပဲ ........။
ရွာဘုရားပွဲအတွက် အစည်းဝေးတိုင်ပင်ကြရင် တော်တော်ရယ်စရာကောင်းသလို ဘုရားပွဲရောက်ပြီဆိုရင်လည်း အရမ်းပျော်ရွှင်စရာကောင်းလှတဲ့ ရိုးရာ ဓလေ့လေးတွေကို နောက်တစ်ပိုင်း အနေနဲ့ ဆက်လက် ရေးသားပါဦးမယ်..။ဆရာကြီးဦးတင်မိုးရဲ့ ကဗျာလေးထဲကနောက် တစ်ပိုဒ်ကိုပြန်ကောက်ရရင် ~
ရေချမ်းစင်က ရေကြည်မြကို ၊ သောက်ရပေဖူး၊
သူ့ကျေးဇူးကို အထူးသိလည်း၊
ဇာတိလွမ်းနာ ၊ မဖြေသာခဲ့။  ဆိုသလိုပါပဲ .... ရွာနဲ့အဝေးဆုံးတစ်နေရမှာ အခြေတည်ခဲ့ရပေမယ့်
ကျမ ချစ်တဲ့ ဇာတိရွာလေးကိုတော့ ရင်ထဲမှာထာဝစဉ် လွမ်းဆွတ်မိရင်း ဒီပို့စ်ကို ရေးသား ခဲ့ခြင်းဖြစ်ပါတယ်....။  မနှင်းတို့ရွာလေးကို အလည် တစ်ခေါက် ရောက်ဖူးသွားအောင် ဒီပို့စ်လေးနဲ့အတူ စာဖတ်သူကို ခေါ်ဆောင်သွားခွင့်ပြုပါ ..း)  
အစ အဆုံး စိတ်ဝင်စားစွာ ဖတ်ရှုကြသူအားလုံး ကျေးဇူး အထူး တင်ပါတယ် .........။

အားလုံးကို ချစ်ခင်လေးစားတဲ့
နှင်းဟေမာ

Tuesday, November 24, 2009

သာသနာ့အာဇာနည်ဖြူးဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူခြင်း


ကြည်ညိုလေးစား ခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ နှင့် စာဖတ်သူမောင်နှမများ ၊ ကျမ၏ .... ဘလော့ဂါ  မောင်နှမအပေါင်းတို့အား ၀မ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည် .......

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းတွင် ဆက်လက်ဆေးကုသမှု ခံယူလျှက်ရှိရာမှ ယနေ့ ( 24 Nov 2009 ) ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက်  (၇)နာရီခန့်၌ ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီဖြစ်ပါသည်...။
ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ယခု ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်ပါသည်။ဆရာတော်ဘုရားကြီးသည် ပဲခူးတိုင်း ၊  ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ သွေးနဲ့ရေးတဲ့သာသနာ အစရှိသော ထေရ၀ါဒစစ်စစ်တရားဓမ္မများကိုလည်း ဟောကြားတော်မူခဲ့ပါသည်။
ထို့ပြင် ဆရာတော်ဘုရားကြီးသည် အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုတော်မူခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့ ၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကြီးကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများကို ပြသပေးတော်မူလျှက်ရှိရာမှ ( 24 Nov 2009 ) ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက် (၇)နာရီခန့်၌ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါသည် ....။
သာသနာ့အာဇာနည်တစ်ပါး ဆုံးရှုံးသွားခဲ့ရသည့်အတွက်ဖော်မပြနိုင်အောင်ဝမ်းနည်းတုန်လှုပ်မိခဲ့ပါသည်..။
ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကိုလည်း ကမ္ဘာတစ်ဝန်းတွင်ရောက်ရှိနေကြပါသော ကျေးဇူးတော်ရှင်ဖြူးဆရာတော်ဘုရားကြီး၏ တပည့်များ ၊ ဆရာတော်ဘုရားကြီးအတွက် စိုးရိမ်စွာ သတင်းစောင့်စားနေကြသူများအားလုံး သိရှိစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါသည်....။
ဖြူးမဟာစည်ဆရာတော်ဘုရားကြီး၏ တရားဂုဏ်တော်ရှိပူဇော် တရားတော်မှ သံဝေဂလင်္ကာလေးဖြင့် ဆရာတော်ဘုရားကြီးအား ရှိခိုးပူဇော်လိုက်ပါသည် .....

မနေရလို့ သေကြသောအခါ ...
ကိုယ့်နောက်ကို ဘာများပါမှာ
ပစ္စည်းစုစု တစ်ခုမပါ ...
ဇနီးမယားနဲ့ သမီးသားမပါ
အိုးအိမ်များနဲ့ တိုက်ကားမပါ ...
ဆင်မြင်းများနဲ့ ကျွဲနွားမပါ
ဗန်းခုံလေးနဲ့ တောင်ဝှေးလည်းမပါ
ထီးဖိနပ်နဲ့ သပိတ်လည်းမပါ ...
သပိတ်ကြီးနဲ့ ထီးလည်းမပါ
ကိုယ်ပြုထားကံများ သူတို့ပါ ......။


လေးစားစွာဖြင့်
နှင်းဟေမာ

Tuesday, November 17, 2009

စင်္ကာပူမှာ ခြိမ့်ခြိမ့်သဲတဲ့ သီတဂူ အထူးတရားပွဲ


ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစင်္ကာပူနိုင်ငံ၊စင်္ကာပူမြို့၊မင်္ဂလာဝိဟာရဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စင်္ကာပူရောက် မြန်မာမိသားစုများ ပေါင်းစု၍ သီတဂူဓမ္မသဘင် ပွဲကြီးကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြပါတယ် ...။



တရားပွဲစတင်မည့်အချိန်က စင်္ကာပူစံတော်ချိန် ညနေ ၄ နာရီလို့ ကျမတို့ ကြေငြာထားခဲ့ပေမယ့် သီတဂူဆရားတော်ဘုရားကြီးရဲ့ တပည့် ဒကာ ဒကာမ များကတော့ နေ့လည် ၂ နာရီလောက်ကတည်းက အားခဲ၍ တစ်ဖွဲဖွဲ တသဲသဲ ရောက်ရှိလာလိုက်ကြတာ တရားပွဲမစမှီ ညနေ ၃ နာရီ လောက်မှာပဲ
မင်္ဂလ၀ိဟာရဓမ္မသဘင်ခန်းမကြီးရဲ့အပေါ်ထပ်၊အောက်ထပ်တိုင်းမှာသာမကကျောင်းဝန်းအပြင်ဘက်နေရာလပ် မကျန် တရားနာပရိတ်သတ်တွေနဲ့အရမ်းကိုပြည့်ကျပ်သွားခဲ့ပါတယ်...။


အားရကျေနပ်စရာကောင်းလှတဲ့ စင်္ကာပူရောက်မြန်မာဗုဒ္ဓဘာသာတရားနာပရိတ်သတ် တို့အား သက်တော် ၇၂ ရှိတော်မူပြီဖြစ်တဲ့ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကလည်းရင်းနှီးနွေးထွေးစွာနဲ့မမောနိုင်မပမ်းနိုင် တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးတော်မူခဲ့သည်မှာလည်းအားရကျေနပ်ဖွယ်ကြည်နူးချမ်းမြေ့ဖွယ်
ကောင်းလှပြန်ပါတယ် .........။


ထိုနေ့တရားပွဲလေး၌ ဆရာတော်ဘုရားကြီးမှ အစွန်းနှစ်ဘက်မရောက်ကြစေနဲ့ ဆိုတဲ့ တရားတော်ကို ဟောကြားသွားခဲ့ပါတယ်...။

  သီတဂူတရားပွဲသို့ အားခဲ၍ လာရောက်ကြသော တရားနာပရိတ်သတ်များ 
 




သီတဂူဆရာတော်ဘုရားကြီး စင်္ကာပူကျွန်းလေးသို့  ကြွရောက်လာခြင်းမှာ မကြာမှီ ဖွင့်လှစ်ပေးမည့် သီတဂူဆေးရုံအသစ်ကြီးများအတွက် လိုအပ်တဲ့ ဆေးကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ၀ယ်ယူဖို့ရန်အတွက် ဖြစ်ပါတယ် ....။14 Nov 2009 (စနေနေ့) မှာ စင်္ကာပူကျွန်းသို့ ကြွရောက်လာခဲ့ပြီး ယနေ့ 17 Nov 2009 ( အင်္ဂါနေ့ ) မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ် ...။
သက်တော်ကြီးရင့်နေပြီဖြစ်သော်ငြားလည်း သွက်လက်တက်ကြွလွန်းစွာဖြင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေပုံ ၊ များပြားလှစွာသော သီတဂူ Project ကြီးများ၏ လစဉ်ကုန်ကျစရိတ်များအတွက် မနေမနားကြိုးစားနေရပုံများဟာ အံ့သြ၀မ်းမြောက်ဖွယ် ၊ လေးစားကြည်ညိုဖွယ် ၊ အတုယူအားကျဖွယ် ကောင်းလှပါတယ် .....။ ဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒများကို အနီးကပ်ကြားနာခွင့်ရခြင်းကြောင့် ကြည်နူးကျေနပ်စရာကောင်းလှသလိုဘ၀ရဲ့အနှစ်သာရများပါတိုးပွားစေခဲ့ပါတယ်...။
လူသားတိုင်းရဲ့အပေါ်မှာထားအပ်သောဆရာတော်ဘုရားကြီးရဲ့မေတ္တာစွမ်းပကားမှာအင်မတန်ကြီးကျယ်ခမ်းနားလွန်းလှပါတယ်လို့တွေးတောမိရင်းသီတဂူဆရာတော်ဘုရားကြီးသက်တော်ရာကျော်ရှည်ပါစေကြောင်းလည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာမှီတင်းနေထိုင်ကြကုန်သောကျမရဲ့ဘလော့ဂါမောင်နှမများနဲ့စာဖတ်သူမောင်နှမများအတွက် ကျမတိုနဲ့ အတူတစ်ကွ သီတဂူဆရာတော်ဘုရားကြီး၏အဆုံးအမသြ၀ါဒများကိုနာကြားနိုင်ကြရန်အတွက် တရားတော်ကို ပြန်လည်မျှဝေ၍ ဓမ္မဒါနပြုလိုက်ပါတယ်။ 

အစွန်းမရောက်ကြစေနဲ့ တရားတော် .....
tayadaw

Omi | MySpace Video

တရားနာယူကြသော မောင်နှများအားလုံး အစွန်းမရောက်ကြစေပဲ အလယ်အလတ် အကျင့်မှန်ကို မှန်ကန်စွာ ကျင့်ကြံနိုင်ကြပါစေ.... ဘ၀ဇာတ်သိမ်း ဒုက္ခငြိမ်း၍ .... တရားကျင့်မူ၊ ခပ်သိမ်းသူ တို့ သီတဂူသို့ အေးပါစေ...............။

နှင်းဟေမာ
17 Nov 2009

Thursday, November 12, 2009

ကမ္ဘာပျက်တော့မယ်ဆိုရင်...


အစ်ကို အောင်သာငယ် က တစ်ကယ်လို့ ကမ္ဘာပျက်တော့မယ်ဆိုရင် ခေါင်းစဉ်နဲ့ ညီမလေး နှင်းဟေမာ ဆိုပြီး အမှတ်တရ တဂ်ထားပါတယ်....။ဖြေတာနောက်ကျသွားတဲ့အတွက် ဦးစွာတောင်းပန်အပ်ပါတယ် အစ်ကို ....။ တစ်ကယ်လို့ ကမ္ဘာပျက်ပြီဆိုရင်တော့ ကျမ တို့တစ်တွေလဲ သေကြရတော့မှာပေါ့လေ ...။ ကမ္ဘာမပျက်ရင်ရော မသေကြတော့ဘူးလားလို့ ဆိုပြန်ရင်လည်း သေမျိုးစေ့နဲ့ပဲ ရှင်သန်ကြီးထွားနေခဲ့ကြတဲ့ အသုဘမျိုးရိုးတွေကနေ ဆင်းသက်လာကြတဲ့ လူသားတိုင်းအဖို့ ဘ၀သံသရာ အဆက်ဆက်က အကြိမ်ပေါင်းများစွာ သေခဲ့ကြပြီးသလို ယခုတစ်ဖန်လည်း မလွဲဧကန် သေကြရမှာကတော့ အမှန်ပါပဲ..။
ငယ်ငယ်တုန်းက အညာမှာပွဲကြည့်တုန်း ဇာတ်မင်းသားတွေဆိုတဲ့ တေးသီချင်းတစ်ပုဒ်ကိုတောင် ရုတ်တစ်ရက် သွားပြီး သတိရလိုက်မိတယ် ... ။ သီချင်းစာသားက “ ကာမဘုံသား ဆုံလည်နွားသို့နှယ် ...အနိတ္တက္ကမ ဆိုတဲ့ဘုံမှာ ကျင်လည်ခဲ့ကြတာတွေရယ် ... မဆုံးနိုင်တော့တယ် .....        တစ်ဝဲလည်လည် သမုဒယဆိုသော တဏှာရယ် ငြိလာတဲ့သံယောဇဉ်ကကွယ် သားရယ် သမီးရယ် ဇနီးရယ် ခင်ပွန်းလင်သယ် ဆွေရယ် မျိုး..ရယ် ...ချစ်ကြိုးသွယ်သွယ်နှောင်ဖွဲ့လေတယ် မဆုံးနိုင်တော့တယ် မြဲခိုင်လှတဲ့ သံသရာ ခရီး.......သည် ....”ဆိုတဲ့ တေးသီချင်းစာသားလေး  သိပ်တော့မရတော့ဘူး မှားနေရင်လဲပြင်ပေးသွားကြပါးp    ငယ်ငယ်ကတော့ ဘာရယ်မဟုတ်ဘူး ရွာဘုရားပွဲပြီးသွားလို့ မင်းသား မင်းသမီးတွေပြန်သွားရင် ကလေးပီပီ မင်းသမီး ကတိုင်းကစားကြတယ် ...။ အဲဒီလိုနဲ့ ကျမလည်း အဖေ့ ပုဆိုးကြီးကို အိမ်က မသိအောင်ခိုးပြီး သူငယ်ချင်းတွေအိမ်မှာ သနပ်ခါးတုန်းနဲ့ ရေပုံးကြိုးကို မိုက်ကရိုဖုန်းလုပ်ပြီး  သံသရာခရီးသည်တေးသီချင်းနဲ့အတူ ငယ်ဘ၀တွေကြီးပျင်းလာကြရတယ် ....။
အဲဒီတုန်းက အဓိပ္ပါယ်သိလို့တော့ မဟုတ်ဘူး ကလေးဆိုတော့ ဆိုလို့ကလို့ကောင်းနေရင် ပါးစပ်ကလည်း နှုတ်တိုက်ရနေတာပဲလေ...။ အော် ... အသက်အရွယ်က ပြောလာတဲ့ အသိဥာဏ်တွေအရ ငါတို့ငယ်ငယ်က သီဆိုရင်းကခဲ့ကြတဲ့ သံသရာခရီးသည်ဆိုတဲ့ တေးသီချင်းစာသားလေးရဲ့ အနက်အဓိပ္ပါယ်က ဒီလိုပါလားဆိုတာတဖြည်းဖြည်း သဘောပေါက်လာခဲ့တယ်...။
တစ်နေ့နဲ့တစ်နေ့ မိုးလင်းကနေ မိုးချုပ် လုပ်လိုက်ရတဲ့အလုပ်တွေ ၊ ကလေး ကတည်းကနေ အခုထိ ကျက်လိုက်ရတဲ့စာတွေ ၊ လူ့လောကကြီးရဲ့များလိုက်တဲ့ ပူပင်သောကတွေနဲ့ လုံးချာလည်နေခဲ့တာ အသက်တွေလည်း တစ်နှစ်ထက်တစ်နှစ် ကြီးလာခဲ့ရတယ်...။ဖြစ်ချင်တဲ့ ဆန္ဒတွေ လိုချင်တဲ့လောဘတွေ နဲ့ ထားလိုက်တဲ့ ရည်မှန်းချက်တွေကတော့ ဘယ်တော့မှမဆုံး သေးပါဘူး ... ။ ကိုယ့်ဘ၀ကိုယ် ကျေနပ်ရောင့်ရဲတတ်အောင် ဆရားတော်ဘုရားကြီးများရဲ့ တရားတော်တွေကိုလည်း နာလိုက်ရတာ နေ့စဉ်နဲ့အမျှပါပဲ ...။ ဒီတရားတွေထဲမှာရော ဖတ်သမျှစာပေတွေထဲမှာရော ကြားလိုက်နာလိုက်ရတာတွေကလဲ မမြဲတဲ့ သင်္ခါရ ၊ သေခြင်းတရား နဲ့ပတ်သတ်တာတွေ နာဖန်များလွန်းလို့ အလွတ်တောင် ရနေသလို ရှိခဲ့ပေမယ့် ...တစ်ကယ်တမ်းတော့ မဆင်ခြင်မိပြန်ဘူး ။
သေခြင်းတရားဆိုတာကို မေ့မေ့လျော့လျော့ပဲနေလာခဲ့လိုက်တာ.... လွန်ခဲ့တဲ့ နှစ်တွေတုန်းက မြန်မာပြည်မှာ ခေါင်းအရမ်းကိုက်တဲ့ ရောဂါတစ်ခုက မွေးရာပါ မဟုတ်ပဲနဲ့ စွဲကပ်လာခဲ့တယ်။
ရောဂါ ထလာပြီဆိုရင်  သေမတက်ခံစားရတယ်။တစ်ချက် တစ်ချက်မှ ထထဖြစ်တက်တော့ အဲဒီ့
ဝေဒနာခံစားနေရချိန်မှာ ... အော် ငါလဲ ဒီရောဂါနဲ့ အသက်အရွယ်မရွေး အချိန်အခါမရွေး သေသွားနိုင်ပါလားလို့ တွေးဖြစ်ရင်း တော်တော်လေးတုန်လှုပ်သွားတယ်..။  ကျမ အမှန်တစ်ကယ်တော့ သေဖို့ ဘာမှအဆင်သင့်မဖြစ်သေးဘူးဆိုတာ အဲဒီ့ အချိန်မှာ သက်သေပြနေခဲ့တယ်...။ အမှန်အတိုင်းဝန်ခံရရင် နောက်ဘ၀အတွက် စိတ်ချလက်ချသေရဲလောက်တဲ့ သတ္တိမျိုးက ကျမမှာမရှိသေးပါဘူး ...။ဘေးပတ်ဝန်းကျင်က ရင်းနှီးခင်မင်ကြတဲ့ မိတ်ဆွေတွေက သေကြ ၊ ကိုယ့်ဆွေမျိုး ဘိုးဘွားတွေပါ သေကြ ၊ ကိုယ့်ပတ်ဝန်းကျင်က မွေးကင်းစကလေးကအစ သေကြေပျက်စီးကြတဲ့အခါမှာ သံဝေဂရပေမယ့် မိမိကိုယ်တိုင် အိုတဲ့ နာတဲ့ အခါမှ ရင်ထဲက အလိုလို တုန်လှုပ်လာခဲ့တာ...။ ဘုရားရှင်ဟောတဲ့ မြင်းလေးမျိုးဥပမာပြတဲ့ ဒေသနာထဲကလို အသံကြားရုံနဲ့ ပြေးတဲ့မြင်း ၊ တို့လိုက်ရုံနဲ့ ပြေးတဲ့မြင်း ၊ အသားနာအောင်ရိုက်မှ ပြေးတဲ့မြင်း ၊ အရိုးကွဲအောင် အသားပြဲအောင်ရိုက်မှ ပြေးတဲ့မြင်း ၊ ဆိုတဲ့ထဲက  ငါဟာလည်း မိမိ သေမတက်ခံစားရမှ ပြေးရကောင်းမှန်းသိခဲ့တာပါလားလို့ စဉ်းစားမိရင်း အရိုးကွဲအောင် အသားပြဲအောင်ရိုက်မှ ပြေးတဲ့မြင်း အမျိုးအစားထဲကလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်မိတယ်....။ ကဲ ရေးချင်တာတွေ ရေးလိုက်တာ ဦးတည်ချက်ပျောက်သွားပြီ ... အဟီး ကမ္ဘာဆက်ပျက်ဖို့တောင် မေ့သွားမိတယ်... ။
အဲဒီတော့ သေခြင်းတရားကို ဦးတည်ပြေးလွှားဖို့ သတိပေးသလို ဖြစ်နေတဲ့ ကမ္ဘာပျက်တော့မယ်ဆိုရင် ခေါင်းစဉ်ကို သတိတရ တဂ်ပေးဖော်ရတဲ့ အစ်ကို အောင်သာငယ်ကို ကျမ အရမ်းကျေးဇူးတင်ပါတယ်။
ဒီပို့စ်ကို ကျမအနေနဲ့ မကြာခင်သေရတော့မယ်ဆိုရင် သဘောမျိုးလေးနဲ့ နှိုင်းယှဉ်ပြီးတော့ပဲ ဖြေသွားချင်ပါတယ်ရှင်။


 ကမ္ဘာပျက်တော့မယ်ဆိုရင် ( သို့မဟုတ် ) မကြာခင်သေရတော့မယ်ဆိုရင်

၁။ ဘယ်သူတွေနဲ့ ရှိနေချင်သလဲ

တကယ်သေရတော့မယ့် ဘ၀မကူးခင်အချိန်လေးအတွင်းက ကျမ အတွက် အရမ်း အရေးကြီးပါတယ်..။
ချစ်ခင်အားကိုးမိသူတွေကလည်း ကျမကို ကယ်တင်နိုင်မှာ မဟုတ်တဲ့အတွက် ရင်ထဲက ဆန္ဒအမှန်က ရှိစေချင်ပေမယ့် မှန်ကန်တဲ့အသိဥာဏ်နဲ့စဉ်းစားကြည့်ရင် ကျမအတွက်ပူဆွေးသောကရောက်နေမဲ့သူတွေကို 
အနားမှာ ရှိမနေစေချင်ပါဘူး။

၂။ ဘာတွေခံစားနေရမလဲ

မကြာခင်မှာ သေရတော့မယ်လို့ နောက်ဆုံးအချိန်ကို သိနေပြီးသား ကျမအတွက် ရောဂါကြောင့်သေရင် နာကျင်တဲ့ဝေဒနာတော့ ရှိနေမှာပါပဲ ...။ အတိတ်က၀ဋ်ကြွေးတွေကြောင့်
ခေါင်းတွေပြင်းထန်စွာကိုက်တဲ့အချိန်တိုင်း ကျမ ကုတင်ပေါ်မှာ သေလုမျောပါးခံစားရပါတယ်..။
မျက်ရည်တွေကလဲ တလိမ့်လိမ့်စီးကျပြီး လူကလဲမလှုပ်နိုင်ဘူး ...။အဲဒီ့အချိန်မှာ အမေ့ကို လွမ်းတဲ့ ခံစားမှုက ရုတ်တရတ်ပေါ်လာရင် ၀မ်းနည်းပြီး ငိုချင်လာတော့ ရောဂါကမသက်သာပဲ ပိုပြီးပြင်းထန်စွာ ခံစားရတယ်...။နောက်တော့ စိတ်ကို ငြိမ်အောင်ကြိုးစားပြီး ငယ်ငယ်တုန်းက
သံလျှင်တောရ ၀ိပဿနာရိပ်သာမှာတရားထိုင်ခဲ့တဲ့ နည်းအတိုင်း 
သတိပဌါန်တရား လေးပါးထဲက ဝေဒနာနုပဿနာ သတိပဌါန်ကိုရှုမှတ်ကြည့်တဲ့အခါ ကြာတော့ တရားရဲ့ ငြိမ်းအေးတဲ့ အရသာရော ၊ ဝေဒနာကြောင့် ပင်ပမ်းလွန်းတာရော ၊ ပြင်းလွန်းတဲ့ ဆေးအရှိန်ရောပေါင်းပြီး အိပ်ပျော်သွားခဲ့တယ်...။ပြောချင်တာကဒီရောဂါနဲ့ ကျမသေခဲ့ရင် မသေခင်မှာတော့ ခေါင်းတစ်ခုလုံးက ပြင်းထန်စွာ နာကျင်ကိုက်ခဲမှုဒဏ်ကို ခံနေရမှာ အမှန်ပါပဲ ... အဲဒီခံစားမှုအတွက် ကျမလုပ်နိုင်တာက
ဝေဒနာနုပဿနာ သတိပဌါန်ကို သတိနဲ့ရှုမှတ်နေနိုင်ဖို့ တစ်ခုပဲဖြစ်ပါတယ်...။

၃။ ဘာတွေပြင်ဆင်ထားမလဲ


ကျန်ရှိနေသေးတဲ့ အချိန်တိုင်း ၊ နေ့တိုင်း ပစ္စုပ္ပာန်တိုင်းမှာ နေတတ်ဖို့ ၊ သေတတ်ဖို့ ပြင်ဆင်ပါ့မယ်။
အသေဆိုးနဲ့ သေရမယ့် ဒုက္ခကနေ လွတ်မြောက်ဖို့အတွက် အလောဘ ၊ အဒေါသ ၊ အမောဟ ဆိုတဲ့ ကုသိုလ်စိတ်တွေနဲ့ပဲ ချမ်းသာအောင် အတတ်နိုင်ဆုံး အပြစ်ကင်းအောင် ပြင်ဆင်နေပါ့မယ်...။ ပါရမီထိုက်တဲ့ ဒါနပြုခြင်း ၊ ၀ါရိတ္တသီလ နှင့် စာရိတ္တသီလ တို့ကို တတ်နိုင်သမျှ ဆောက်တည်ခြင်း ၊
ဘာဝနာအားထုတ်ခြင်း တွေ နဲ့  နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်စေဖို့ တက်နိုင်သလောက် ရိက္ခာလေးတွေကို စုဆောင်းရင်း သံသရာခရီးကြီးတစ်ခုကို အောင်မြင်စွာကူးနိုင်ဖို့ အတွက် အတက်နိုင်ဆုံး ကြိုးစားပြင်ဆင်ထားပါ့မယ် ...။

၎။ ၀မ်းနည်းမိမှာက

ယခုဘ၀အတွက် ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ မြင့်မားတဲ့ အနာဂတ် ရည်မှန်းချက်တွေ ကြိုတင်ပြင်ဆင်ချက်တွေ နဲ့ ခိုင်မာမှု အထိုက်အလျောက် ရှိခဲ့ပေမယ့် ... သံသရာကနေ လွတ်မြောက်ဖို့ရာအတွက် ဘာဝနာ နဲ့ပတ်သတ်တဲ့ ပြင်ဆင်ချက်တွေကို အခိုင်အမာ မလုပ်နိုင်သေးတဲ့ ကျမ အတွက်  နောင်တရခြင်းတွေနဲ့အတူ ၀မ်းနည်းမိမှာပါ ...။

၅။ကြောက်လန့်မိတာက..

“ယခုခါမူ ၊ လူလည်းဖြစ်လာ

သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”ဆိုတဲ့ စလေဦးပုည သတိပေးဆုံးမခဲ့တဲ့ ကဗျာထဲကလို ပလုံစီမြုပ်တဲ့ထဲမှာကျမပါမှာကိုတော့ သေမလောက် ကြောက်မိပါတယ်...။


၆။ ဆောင်ထားချင်တာက

မသေခင်ဆောင်ထားချင်တာကတော့ လူသားတိုင်းကျင့်သုံးဆောက်တည်သင့်သော မေတ္တာ ၊ ကရုဏာ ၊မုဒိတာ ၊ ဥပေက္ခာ ဆိုတဲ့
ဗြဟ္မ၀ိဟာရတရားလေးပါးကို သတိဥာဏ် နဲ့အတူ ဆောင်ထားချင်ပါတယ်..။

၇။ဘာတွေရေးမိမလဲ

ကျမ မသေခင်မှာ လူသားတွေအတွက် အများကြီးမဟုတ်ခဲ့ရင်တောင် နည်းနည်းလောက်ပဲ ဖြစ်ဖြစ် မိမိစာလေးတစ်ပုဒ်ဖတ်ပြီး  အကျိုးရှိသွားမယ်ဆိုရင် မသေမချင်း စာတွေရေးချင်မိပါတယ်...။
(  ပေါက်တက်ကရ စာများ ကဗျာများ လည်း အပျင်းပြေ ရေးချင်ပါသေးတယ် ...အဲဒါကတော့
 ရင်ထဲက ၀ါသနာအရ မစွန့်လွှတ်နိုင်သေးလို့ပါး)

၈။တွေးမိတွေးရာအတွေး

အခု ဒီစာကိုရေးနေတုန်းမှာပဲ ....
ကျေးဇူးတော်ရှင် ဆရာတော်ဥူးသူမင်္ဂလ ရဲ့ပြေး ဆိုတဲ့တရားကို ပြန်တွေးလိုက်မိတယ်....။
ဆရာတော်က တရားဟောနေတုန်းမှာ ဟေး .... မသာတေ ၊ ဟေး .... အသုဘတွေ ၊ ဟေး ...အမျိုးယုတ်တွေ လို့ အားရပါးရပဲ တပည့် ဒကာ ဒကာမတွေကို ခေါ်လိုက်တယ်....
ဘုရား .... လို့ ၀ိုင်းပြီး ထူးကြတဲ့ အသံတွေကြားတော့  သဘောပါလွန်းလို့ ပြုံးလိုက်မိရင်း ရင်ထဲကနေလည်း လှိုက်လှိုက်လှဲလှဲထူးလိုက်မိတာက ဘုရား.............တဲ့။

၉။ ဂုဏ်ယူချင်တာက

ကျမ မသေခင်အချိန်လေးမှာ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ခွင့်ရခဲ့တဲ့အတွက် ၊ သာသနာနဲ့ကြုံတုန်း ဆရားကောင်းတွေနဲ့ ဆုံတုန်း အဆုံးအမတရား ၊ သတိပဌါန်တရား ၊ သစ္စာတရားတွေကို နားကြားခွင့်ရတဲ့အတွက် ... တရားတော်တွေကို မပျင်းမရိနာယူချင်တဲ့စိတ်ရှိသူဖြစ်ခဲ့တဲ့အတွက် ၊  အင်မတန် အကျိုးကျေးဇူးကြီးမားလှတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အပေါ်မှာ အကြွင်းမဲ့ ယုံကြည်သော သဒ္ဓါတရားကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အတွက် ၊ ဘုရားဂုဏ် တ၇ားဂုဏ် သံဃာ့ဂုဏ်အား ဦးထိပ်ပန်ဆင်ခဲ့သူ တစ်ယောက်အဖြစ် ဂုဏ်ယူပါတယ်...။

၁၀။ ရှာကြံဖြေသိမ့်မိတာက

လူ့ဘ၀တစ်ခုရောက်လာတုန်း အဆုံးအမ မရှိရင်သေနေတာနဲ့အတူတူပဲ ၊ ဗုဒ္ဓ ဓမ္မ သံဃ အဆုံးအမ မရှိပဲ သေရတာထက် စာရင် ဒီအဆုံးအမတွေကို နှလုံးသွင်းပြီးတော့ပဲ ဒါန သီလ ဘာဝနာတွေကို တက်နိုင်သမျှ ကြိုးစားအားထုတ်ရင်း သေရတာက သာပြီးမြတ်ပါတယ်...လို့ ရှာကြံဖြေသိမ့်လိုက်မိတယ် ...


၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း

ကျူးရင့်ချင်တဲ့ဥဒါန်းလေးကို တွေးမိရင်း ငယ်စဉ်ကလေးဘ၀လေးကို ပြေးပြီး သတိရမိလိုက်တယ် ...။

ကျမ ငယ်ငယ်ကတည်းက ကျေးဇူးတော်ရှင် သံလျှင်တောရ၀ိပဿနာရိပ်သာ နာယက ဆရာတော်ဘုရားကြီး ဘဒန္တနိပုဏ ရဲ့ ကျေးဇူးကြောင့် နှစ်စဉ်နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက်ရောက်ရင် သံလျှင်တောရ၀ိပဿနာတရားစခန်းတိုင်းမှာ သီလရှင်ဝတ်လေးနဲ့ တရားရိပ်သာဝင်ခဲ့ရတယ် ... တစ်ခါမှ သင်္ကြန်တွင်းရေကစားတယ်ဆိုတာ မရှိခဲ့ရဘူး ။ တရားထူးမရဘူးသေးပေမယ့် သံလျှင်ဝိပဿနာ တရားစခန်းမှာ အမြဲတမ်းဆိုခဲ့ရတဲ့ တရားစာတွေ ၊ နှစ်စဉ် ဆရာတော်ကြီးဟောတဲ့ ဥာဏ်စဉ် ၁၆ ပါး ဆိုတာ စကားမပီခင်ကတည်းက ကျေညက်နေအောင်ရခဲ့တယ် ...။ သံလျှင်တောရ  ဆရာတော်ကြီး ရေးစပ်ထားတဲ့ လင်္ကာတွေထဲက  တစ်ပိုဒ်ကို ကျူးရင့်ချင်တဲ့ ဥဒါန်းလေးတစ်ပုဒ်အဖြစ် ထုတ်နှုတ်ပြီး  ဖော်ပြပေးလိုက်ပါတယ်...။

“အိုယောဂီများ သတိထားလော့ ဘုရားမြတ်စွာ သာသနာနှင့် ကြုံလာသည့်ခိုက် ဥာဏ်ဖြင့်စိုက်၍ ဆိုက်ဆိုက်မိမိ မဂ်ဖိုလ်ထိအောင် သတိပဌါန်လေးပါး မြတ်တရားကို မပွားပဲလျှက်လူ့ပြည်ထက်၌ အသက်တရာ နေရပါလည်း နေကာမတ္တ ကျိုးမရဘူး ၊ ကျိုးမရစွာ နေရတာထက် ဥာဏ်စဉ်တက်အောင် တစ်ရက်တာမျှ ပွားလုံ့လဖြင့် နေရပါသော် ဘ၀ရေးရာ ကောင်းမြတ်သာဟု မြတ်စွာတံခွန် အမိန့်တော်ချွန်သည် အလွန်တန်ဖိုးရှိသတည်း.....။

အားလုံးသော ကျမ၏ ဘလော့ဂါမောင်နှမများနှင့်စာဖတ်သူမောင်နှမများအားလုံး ကျန်ရှိနေသေးတဲ့ နေ့ရက်လေးတွေအတွင်းမှာ သံသရာအတွက် အကျိုးရှိစွာအသုံးချတက်ကြသူများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်..။


နှင်းဟေမာ
12 Nov 2009

Monday, November 9, 2009

သီတဂူတရားပွဲ

စင်္ကပူကျွန်းပေါ်တွင် မှီတင်းနေထိုင်ကြသည့် ဘလော့ဂါမောင်နှမများနှင့် စာဖတ်သူ မောင်နှမများ ၊ တရားချစ်ခင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အား လေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး မှ စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုများအား နိုဝင်ဘာ ( ၁၅ ) ရက် တနင်္ဂနွေနေ့တွင် Eunos MRT အနီး မင်္ဂလ၀ိဟာရ ကျောင်းအတွင်း၌ ညနေ (၄) နာရီမှ (၆)နာရီအချိန်ထိ နိဗ္ဗာန်ရောက်ကြောင်းတရားဒေသနာကောင်းများကိုဟောကြားချီးမြှင့်တော်မူမည်ဖြစ်ပါသည်။
တရားတော်နာ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေအပေါင်းတို့အားလည်း  သီတဂူဆရားတော်ဘုရားကြီး ဟောကြားချီးမြှင့်တော်မူသော တရားတော် CD များ ၊ သီတဂူမေတ္တာပို့ဓမ္မစာစောင်များ ၊ ရေသန့်ဗူးများကို ဝေငှ၍ ဒါနပြုမှာဖြစ်ပါတယ်....။
တရားပွဲပြီးဆုံးသွားပါက တရားနာပရိတ်သတ်များအနေဖြင့်လည်း တရားတော် နာယူကြသည့်နေရာ ၊ ဌါနအတွင်းတွင် စုပေါင်းသန့်ရှင်းရေးများပြုလုပ်ခြင်းဖြင့် ကုသိုလ် ပါဝင်နိုင်ကြပါကြောင်း ထပ်မံ၍ သတင်းကောင်းပါးအပ်ပါတယ်...။
သို့ပါ၍ တရားချစ်ခင် စိတ်ကောင်းဝင်ကြသည့် ဓမ္မမိတ်ဆွေမောင်နှမများအနေဖြင့် စင်္ကာပူနိုင်ငံ၏ ကြုံတောင့်ကြုံခဲလှစွာသော သီတဂူတရားပွဲကြီးသို့ အတူတစ်ကွ တရားတော်နာယူကြည်ညိုနိုင်ကြရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါတယ်...။

သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ...

နှင်းဟေမာ
9 Nov 2009

Friday, November 6, 2009

ဓမ္မရနံ့သင်းပျံ့ပါစေ...



ညီမလေးရေ...

အလုပ်တစ်ဘက်၊ ကျောင်းတစ်ဘက်နဲ့မို့လို့ သိပ်ကိုပင်ပန်းနေရှာမှာပဲဆိုပြီး မနှောင့်ယှက်ဘဲထားလိုက်တာ ကြာသွားတော့ မေ့တောင်သွားပြီလား မသိပါဘူး။ နှစ်သစ်ကူး ဓမ္မလက်ဆောင် ပို့ပေးလိုက်ပါတယ်။
ပတ်ဝန်းကျင်မှာ အားငယ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံတိုင်း အချိန်မရွေး၊ အကြောင်းမရွေး တိုင်ပင်နိုင်ပါတယ်။ ဘ၀ဆိုတာကတော့ ကောင်းတစ်ချီ ဆိုးတစ်လှည့်ပေါ့။ အမြဲတမ်းကြီး နေ့မဟုတ်သလို အမြဲတမ်းကြီးလည်း ညမဖြစ်ပါဘူး။ လောကထဲမှာ ရှိနေသရွေ့ကတော့ လောကဓမ္မဆိုတဲ့ လောကဓံတရားတွေနဲ့ ကြုံနေရမှာပဲလေ။ အကောင်းလောကဓံ၊ အဆိုးလောကဓံ နှစ်မျိုးရှိတဲ့အထဲက အကောင်းများများကြုံဖို့ကတော့ ဒါန၊ သီလ၊ ဘာဝနာ များများလုပ်ဖို့ပါပဲ။ ဒါနက ပြင်ပပစ္စည်း စိုက်ထုတ်ဖို့ လိုပေမယ့် ကျန်တဲ့နှစ်ခုကတော့ လုပ်ချင်စိတ်လေးရှိရုံနဲ့ လုပ်လို့ရတာပဲလေ။ ဘာမှလည်း မကုန်ဘူး။ အကျိုးလည်း ပိုကြီးတယ်။ အဆိုးတွေနဲ့ ကြုံရတယ်ဆိုတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ အကုသိုလ်အကျိုးမပေးနိုင်လောက်အောင်ကို ငါ့ရဲ့ ကုသိုလ်တာရိုးက မလုံသေးပါလားလို့ပဲ မှတ်ရမယ်။ ပိုလုံအောင်၊ ပိုကောင်းအောင်ပဲ ကြိုးစားရမယ်။ ဒီလိုမှ မဟုတ်ဘဲ စိတ်တိုနေမယ်၊ စိတ်ဆင်းရဲနေမယ်ဆိုရင်တော့ အကုသိုလ်အတိုးယူသလို ဖြစ်နေမှာပဲ။ ဘ၀ထဲမှာ အလိုက်သင့်နေတတ်ဖို့က အရေးကြီးပါတယ်။ ဘာသာရေးအသုံးအနှုန်းနဲ့ ပြောရရင် ယောနိသောမနသိကာရ ရှိဖို့ပါ။ ခပ်ပေါ့ပေါ့ပြောရရင် အကောင်းမြင်တတ်ခြင်းပါ။ အဲဒါက ကုသိုလ်ဖြစ်ခြင်းရဲ့ အနီးဆုံးအကြောင်းပါပဲ။ မဂ်၊ ဖိုလ်ကိုတောင် ပေးနိုင်ပါတယ်။ ဥပမာဆိုရရင် လှိုင်းထန်တဲ့ ရေပြင်ကျယ်ကို လှေငယ်နဲ့ ဖြတ်ကူးတဲ့အခါ လှိုင်းရိုက်တာကို အလိုက်သင့်ခံပြီး လိုရာကို သွားတတ်ဖို့က အလွန်ပဲအရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကန့်လန့်ကြီး သွားခံမယ်ဆိုရင်တော့ ကိုယ့်လှေပဲ တစ်စစီဖြစ်ပြီး နစ်မြုပ်ဒုက္ခရောက်ရမှာပေါ့။ ဒီလိုပါပဲ လောကဓံလှိုင်းထန်တဲ့ သံသရာရေကြောကို ဖြတ်တဲ့အခါမှာလည်း ပညာနဲ့ အလိုက်သင့်ခံပြီး လိုရာပန်းတိုင်ကို ရောက်အောင်သွားတတ်ရပါမယ်။ ကြားဖူးတဲ့စကားလေးတစ်ခွန်းနဲ့ ခိုင်မာအောင် ပြောပါဦးမယ်။ (စိတ်ဓာတ်မပြည့်ဝသေးတဲ့သူဟာ ပြဿနာတစ်စုံတစ်ခု ကြုံရရင် သူများကို အပြစ်တင်တတ်တယ်တဲ့။ အထိုက်အလျောက် ပြည့်ဝတဲ့သူကတော့ မိမိကိုယ်ကို အပြစ်တင်တတ်တယ်တဲ့။ လုံးဝပြည့်ဝပြီးသူများကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူးတဲ့။) လောကဓမ္မကို အမှန်အတိုင်း သိမြင်ပြီး မတုန်မလှုပ် လက်ခံသွားနိုင်တာပါ။ ဒါကို အလိုက်သင့်ခံယူတတ်တယ်လို့ ဆိုချင်တာပါ။
လောကမှာ အန္တရာယ်များတဲ့ ရေလမ်းခရီးကို သွားတဲ့အခါ ကိုယ့်လှေလေးကိုယ် အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက်ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ စိတ်တိုင်းကျ ဖြည့်တင်းပြီးမှ သွားကြသလို မိမိတို့ရဲ့ ရှေ့ဆက်ရမယ့် သံသရာခရီးကြီးအတွက် ပစ္စုပ္ပန်ဘ၀ဆိုတဲ့လှေလေးကို ကုသိုလ်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက်ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ ဖြည့်တင်းထားရပါမယ်။ ရိုးရိုးခရီးက ကိုယ်စိတ်တိုင်းကျတဲ့နေ့မှ သွားလို့ရပေမယ့် သံသရာခရီးက ဘယ်အချိန်သွားရမယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် အမြဲအသင့်ဖြစ်နေဖို့ အရေးကြီးပါတယ်။ သတိတရားလေး လက်ကိုင်ထားပြီး ကိုယ့်စိတ်ကိုယ် ကုသိုလ်ဖြစ်တိုင်း၊ အကုသိုလ်ဖြစ်တိုင်း အတတ်နိုင်ဆုံး သိနေပေးမယ်ဆိုရင် သတိပဌာန်တရား ပွါးများပြီးဖြစ်လို့ လှေကတော့ ခိုင်ပါပြီ။ ဒါန၊ သီလ ရိက္ခာတွေပါ တင်ထားပြီးပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို အစိုးမရတဲ့ဘ၀မှာ သူက ဘယ်အချိန်လာထွက်ခိုင်း၊ ထွက်ခိုင်း ကျေကျေနပ်နပ်ကြီး သွားလို့ရပြီပေါ့။
ဓမ္မလက်ဆောင်ကတော့ ဒါပါပဲ။ ညီမလေးတစ်ယောက် ဘ၀ထဲမှာ အလိုက်သင့် နေတတ်ထိုင်တတ်ရှိနိုင်ပါစေ။
ဆရာလေး (ဓမ္မရနံ့)


( ဒီစာလေးက မြန်မာနှစ်သစ်ကူး နှစ်တစ်နှစ်မှာ နှင်း ကို စိတ်ဓါတ်တွေယိမ်းယိုင်ပြီး ပြိုလဲမကျခင်မှာ သတိတရားနဲ့ ထိမ်းနိုင်အောင် ၊လမ်းမှားသို့ မရောက်ရလေအောင် အမြဲသတိပေးဆုံးမခဲ့တဲ့ ငယ်ဆရာဖြစ်တော်မူသော ဆရာလေးတစ်ပါးကနေ ပို့ပေးလိုက်တဲ့ စာလေးတစ်စောင်ဖြစ်ပါတယ်...။
ဒီစာလေးကြောင့် ဘ၀လမ်းကြောင်းတွေဖြောင့်တန်းခဲ့ဘူးတယ် ၊ ဒီစာလေးကြောင့် စိတ်ပင်ပမ်း ညှိုးနွမ်းမှုတွေ အားလုံးကို ပြန်လည်လန်းဆန်းစေခဲ့ပါတယ်..။ကျမစိတ်ဓါတ်ကျနေတဲ့အချိန်တိုင်း ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလောက်အောင် အခက်အခဲတွေနဲ့ကြုံတွေ့ရတိုင်း ဒီစာလေးတစ်စောင်က ကျမရဲ့ စိတ်ဓါတ်ခွန်အားတွေကို  ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်...။
နှင်းဟေမာ ရဲ့ စိတ်အားဖြည့် ဓမ္မရနံ့ ဖြစ်သည့်အတွက် အားလုံးသော နှင်း ရဲ့ ဘလော့ဂါ မောင်နှမများနဲ့ စာဖတ်သူမောင်နှမများအတွက်  ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
ဒီစာလေးကို ရေးသားပေးပို့ပြီး ကြုံရင်ကြုံသလို ကျမကို ဆုံးမသွင်သင်ခဲ့သော၊ ငယ်ငယ်ကတည်းက ပါးစပ်ကပြောလို့မရရင် ဒုတ်နဲ့ရိုက်ပြီး ဆုံးမခဲ့သော ၊ အချိန်အတိအကျဖြင့် ဘာသာ ရေးစာပေများကို
စိတ်ဝင်စားလာအောင် ဖတ်တတ်လာအောင်အလေ့အကျင့်ကောင်းလေးတစ်ခုကိုပြုစုပျိုးထောင်ပေးခဲ့သော ဆရာကောင်းတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်...။
သူကိုယ်တိုင်  နေ့ ည မနား စာဝါများကို ကျက်မှတ်ရင်း ၊ အတန်းငယ်သီလရှင်ဆရာလေးများကိုပါ
စာဝါများပြန်လည်ပို့ချရင်းဖြင့်ပင် အတန်းစဉ် မြန်မာတစ်ပြည်လုံးမှာ ပထမ ရခဲ့ရုံသာမက အဂ္ဂမဟာကျော်ဘွဲ့တံဆိပ်တော် ကိုပါ ဆပ်ကပ်ခြင်းခံခဲ့ရသော သာသနာ့အာဇာနည် သီလရှင်ဆရာလေးတစ်ပါး လည်းဖြစ်ပါတယ် ။ 
ကျမငယ်စဉ်ကလေးဘ၀မှာ ဘာသာတရားအပေါ်  ကြည်ညိုတက်တဲ့ သူတစ်ယောက်ဖြစ်လာအောင် လမ်းညွှန်မှုများလည်းပေးခဲ့တဲ့ အတွက် ဆရာလေး ရဲ့ဂုဏ်ကျေးဇူးတွေကို
ထာဝစဉ်ရှိခိုးဦးညွှတ်လျှက် ဤပို့စ်လေးအား ဖော်ပြလိုက်ရခြင်းပါတယ်............။
( ခွင့်ပြုချက်မယူပဲ ဤပို့စ်လေးအား ရေးသားဖော်ပြလိုက်ရသည့်အတွက် ခွင့်လွှတ်ပေးပါဆရာလေး ဘုရား ၊ အရိုက်မခံရတာ နည်းနည်းကြာသွားလို့ပါဘုရားးP)

“လူ့ဘ၀တစ်ခုမှာ အဆုံးအမ မရှိရင် သေနေတဲ့သူနဲ့အတူတူပါပဲ...ဒါ့ကြောင့်လူတိုင်း လူတိုင်းဟာ ပုဂ္ဂိုလ်ထူးကို မရှာကြပဲ မိမိကို အမှန်တစ်ကယ် ဆုံးမပဲ့ကိုင်နိုင်တဲ့ ဆရာကောင်းကိုတော့ ရှာမှီးကြ ဆိုတဲ့ ဆရာတော်ဥူးသုမင်္ဂလ ဟောကြားဆုံးမထားတဲ့ စကားလေးအတိုင်း ကျမတို့ အားလုံးပဲ  ရှင်လျှက်သေနေကြသူများမဖြစ်ရလေအောင် ကျန်ရှိနေသေးတဲ့ အချိန်တိုလေးအတွင်းမှာ ဆရာကောင်းများရဲ့ အဆုံးအမများကို အတူတစ်ကွ နာယူကြပြီး ၊ နာယူထားတဲ့အတိုင်းလည်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါစို့ဟု ကျမရဲ့မောင်နှမများအားလုံးကို တိုက်တွန်းလိုက်ပါတယ် ....။


အားလုံး၏ နှလုံးသား၌ စိတ်အားဖြည့်ဓမ္မရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင် ရနိုင်ကြပါစေ...
နှင်းဟေမာ
( 6 Nov 2009 )

(ဓမ္မရနံ့ရေးသားသော စာပေများကို ဒီနေရာလေးမှာ သွားရောက်ဖတ်မှတ်နိုင်ကြပါတယ်)

Monday, November 2, 2009

ဗုဒ္ဓ၀ါဒဆိုတာ...


                                   ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး

 ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ်

ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း

ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ
သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္မများစွာ ရောက်ခဲ့ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။ သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကိုလိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။
ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။
ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။
ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန် ကူးရမည်သာ ဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်း မရောက်ပေ။ ရောဂါ အနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါ မပျောက်ပေ။ ဆရာဝန် ညွှန်ကြားသည့် ဆေးကို သောက်ရမည်သာဖြစ်၏။ ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏။ သို့မှ အနာရောဂါ ပျောက်ပေမည်။
သစ်သီးစားချင်လျက် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင် ရှိခိုးနေသလို-ဟိုဘက်ကမ်း သွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို-အနာရောဂါ ပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော
သတ္တ၀ါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာသုခ မရသည့်အပြင် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြသည်။



ကျင့်သုံးမှုနှင့် သတိတရား

ကိုးကွယ်ရာအမှန်ကား အကျင့်တရား။(စရဏ) ပင် ဖြစ်၏။

သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။


ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏။ မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါသည်။
ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏။ ဒုက္ခလည်း ပေးတတ်သည်။ သုစရိုက်ဟူသည် အပြစ်လည်း ကင်း၏။ သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရုံသာ ဖြစ်၏။
တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ )
ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။
ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။


ကျင့်ကြံမှုနှင့် အမှန်တရား

ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion) မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy) မျိုးလည်း မဟုတ်ပေ။
စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒမှာ စရဏ (အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့် ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။ ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏။ သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။ သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။
စရဏ ကို ကျင့်ဖို့ သစ္စာကို သိဖို့ရန် သဒ္ဓါ ပညာ ပြည့်စုံသောလူတို့ တရားမှန်ကို နာကြားရဖို့လည်း အခက်ကြီးတပါးပင် ဖြစ်၏။ ထို့ကြောင့် ဗာရာဏသီဆရာတော်ကြီးနှင့် မိမိတို့သည် အာရှခြောက်နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာ) သို့ သုံးလနှင့် သုံရက်ကြာ ခရီးထွက်၍ ဘာသာ သာသနာ အရေးများကို နား, မျက်စိ မီသလောက် လေ့လာခဲ့ကြသည်။
၁၃၄၃-ခု တန်ဆောင်မုန်းလဆုတ် ၁၂-ရက်နေ့မှ စတင်ထွက်ခဲ့၍ ထိုနှစ် တပို့တွဲလကွယ်နေ့ မြန်မာပြည်သို့ ပြန်ရောက်သည်။ စင်ကာပူနှင့် မလေးရှားမှာ ၂-ပွဲ၊ ထိုင်းနိုင်ငံ ၇-ပွဲ၊ နီပေါ ၅-ပွဲ၊ အိန္ဒိယ ၂-ပွဲ၊ သီရိလင်္ကာ ၆-ပွဲ အသီးသီး တရားဟောခဲ့ပါသည်။ မလေးရှား နီပေါ အိန္ဒိယ သီရိလင်္ကာ တရားပွဲများမှာ တရာဟောပြီးလျှင် မေးခွန်းတွေ များစွာ မေးကြသည်။


ဗုဒ္ဓ၀ါဒသည် ဘာကို အခြေခံသလဲ

ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်း သုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။
ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓ၀ါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုး မဟုတ်ပါဘူး။
အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ၀က္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-
အို-၀က္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ထူးပါတယ်။ ၀က္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။



ဗုဒ္ဓကို ဘယ်လို ယုံကြည်အားကိုးသလဲ

ဗုဒ္ဓ၀ါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့ သဘာဝတရားတခု အနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါ ရနေတဲ့ လူမမာဟာ သူ့ကို ဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသား တပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာ့အရည်အချင်းနှင့် မေတ္တာ၊ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးမှ လွတ်မြောက်ရေး လမ်းစဉ်၊ ချမ်းသာစစ် ချမ်းသာမှန် ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။
သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တ၀ါတွေရဲ့ အပြစ်တွေ၊ အညစ်အကြေးတွေ၊ ဆင်းရဲဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်၊ ချမ်းသာသုခအားလုံး ပစ်ချပေးလိမ့်မယ်၊ ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ဆွဲခေါ်ကယ်တင်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ ဗုဒ္ဓကို ယုံကြည်အားကိုးနေကြတာ မဟုတ်ပါဘူး။




ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ


ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါ အားလုံး ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။
ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။ တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။
ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသားတယောက်ကို သင်ကြားပြသသလို ပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။ မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ မရှိပါဘူး-တဲ့။


လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ


ဗုဒ္ဓဘာသာဝင်တယောက်သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့ လက်နက်ချ အရှုံးပေး၊ အညံ့ခံ လိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစား ဝေဖန်ခြင်းတို့ကို စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။ မိမိစိတ်ထဲမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဘယ်လောက်အထိ လွတ်လပ်ပါသလဲဆိုရင် ကိုယ်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို ပွားများနိုင်ပါတယ်။ တို့ချဲ့နိုင်ပါတယ်။
ဗုဒ္ဓ၀ါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိ ပါပဲ။ သမ္မာဒိဋ္ဌိ ဆိုတာ အသိဉာဏ် မှန်ကန်ဖို့၊ အယူအဆ မှန်ကန်ဖို့ ပါပဲ။ ဒုက္ခ နှင့် ဒုက္ခအကြောင်းမှန်ကို သိရှိနားလည်ရမယ်။ ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏ စိတ်၊ စေတသိက် တို့ရဲ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ ထိုသစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။


ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း


ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။


၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။


၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။


၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။


၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။


၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။


၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။


၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။


၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။


၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။



ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ

ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။
ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။
သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။
ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ကြပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်...။

သီတဂူ ဆရာတော်ဘုရားကြီး
( ၁၉၉၉-ခု မေလထုတ် မြတ်မင်္ဂလာမှ )

ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်တဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ ဆောင်းပါးတစ်ပုဒ်အား စာဖတ်သူအားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်...။
အားလုံးပဲ ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို မှန်ကန်စွာ သိရှိနားလည်ကြပြီး ယုံကြည်မှု (သဒ္ဓါ ) နှင့်
အသိဉာဏ် ( ပညာ) တို့ ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးနိုင်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...။

ချစ်ခင်လေးစားလျှက်
နှင်းဟေမာ
(2 Nov 2009)