Friday, December 31, 2010

မွေးနေ့မှာ .....

ဒီနေ့ဟာ ကျမဘ၀အတွက် အမှတ်တရလို့ ပြောလို့ရတဲ့ မွေးနေ့ရက်မြတ်လေးတစ်ခုပါ ...။


ဒီနေ့ဒီအချိန်ကိုရောက်တိုင်း ကျမအတွက် တစ်နှစ်အိုပွဲဝင်ခဲ့ပြီဖြစ်သလို သေမင်းရဲ့ပန်းတိုင်တစ်ခုဆီကို လျှောက်လှမ်းခဲ့ရတာလဲ မှတ်တိုင်တစ်ခုနီးလာခဲ့ပြီလို့ သတိပေးလိုက်တာနဲ့ အတူတူပါပဲ...။

ဒီနေ့မှာပဲ ကမ္ဘာလောကကြီးမှာရှိကြတဲ့ လူတွေအများစုက Happy New Year လို့အော်ဟစ်ပြီး မိမိတို့ရဲ့ နှစ်သစ်ကို ကြိုဆိုကြဖို့ ပျော်ရွှင်စွာစောင့်စားနေခဲ့ကြတဲ့ မင်္ဂလာရှိတဲ့ နေ့ရက်လေး တစ်ခုလဲဖြစ်ပါတယ် ... ။


ကျမကတော့ ထုံးစံအတိုင်း အခါတိုင်းနေ့တွေကလိုပဲ မနက်စောစောထဲက အလုပ်ထဲကို အပြေးအလွှားလာရသူမို့ မွေးနေ့ရယ်လို့ ထူးထူးခြားခြား မလုပ်နိုင်ခဲ့ပြန်ပါဘူး...။
ဒီဘလော့လေးပေါ်မှာပဲ  ကျမချစ်တဲ့ Blogger မောင်နှမတွေဆီကနေ အမှတ်တရ မွေးနေ့လက်ဆောင်လေးတွေနဲ့အတူ ကျမရဲ့ မွေးနေ့လေးကိုဖြတ်သမ်းဖို့ကို အသည်းအသန် ကြိုးစားခဲ့ရပါတယ် ..။



မွေးနေ့မတိုင်ခင်ကတည်းက ကျမအတွက်မွေးနေ့အမှတ်တရအဖြစ် ပထမဆုံး ရေးပေးခဲ့တဲ့ မမနှင်း
( နှင်းနဲ့မာယာ ) ကာတာနိုင်ငံကနေပေးပို့လာတဲ့  ပေးလို့ရတဲ့ပီတိဆိုတဲ့ ပို့စ်လေးတစ်ပုဒ်ကို ဒီနေရာလေးမှာ အမှတ်တရဖြစ်စေဖို့ သိမ်းထားလိုက်ပါတယ် ....။


အိမ်ပြောင်းတဲ့ကိစ္စတွေနဲ့ သူမတစ်ယောက်ထဲ အလုပ်ရှုပ်နေရှာခဲ့ပေမယ့် ကျမအတွက် အချိန်လုပြီး ရေးသားပေးပို့လာခဲ့တဲ့ မွေးနေ့အမှတ်တရလေးက တစ်ကယ့်ကို တန်ဖိုးရှိပြီး ကျမဘ၀အတွက် မှတ်မှတ်ရရ ဖြစ်စေခဲ့ပါတယ် ....။


                                 ***********************************


ဒီဇင်ဘာလဖွားဖြစ်တဲ့ နှင်းလေးရဲ့မွေးနေ့အတွက် ဒီဇင်ဘာလမှာပွင့်တဲ့ ကျက်သရေနဲ့ပြည့်စုံတဲ့ သဇင်ပန်းကဗျာလေးကို လက်ဆောင်ပေးလိုက်ပါတယ် ဆိုတဲ့ ကျမရဲ့ ချစ်မကြီး “အဖြူရောင်နတ်သမီး” -ဆိုက်ပရက်စ် နိုင်ငံကနေ မှတ်မှတ်ရရ ပေးပို့လာခဲ့တဲ့ မွေးနေ့လက်ဆောင်လေးတွေပါ ....

“ပန်းမြတ်သဇင်”


နှင်းပွင့်ဖြူတို့ မျက်လွှာချ
ဒီဇင်ဘာ ဒဏ္ဍာရီကြားက
နတ်ပန်းတော်ဝင် ဂမုန်းအင်
သူ့ဂုဏ်တင့်တယ် လူ့ဘုံဆင့်ဝယ်
သင်းပြန့်ပြန့်မွှေး ရှင်းသန့်သန့်လေးရယ်နှင့်
လအထူးမှာ အလှမြူးကြွယ်လို့
ခါသဘင်မှာ ပန်တော်ဦးကြတယ်ကွဲ့
သူ့အလှ အနုအလှဖွဲ့ရရင်ဖြင့်
ကဗျာမမှီ စာမပီပေဘု၊
“နွမ်းရင်တောင် အနံ့မပြေတဲ့ နွယ်မျိုး”....

မမအဖြူရောင်နတ်သမီး ကိုယ်တိုင်လုပ်တဲ့မွေးနေ့ကိတ်လေးပါ ... ကျမကတော့ အချက်အပြုတ်မှာ အင်မတန် အားနည်းသူမို့ တောင်းပန်ပါတယ်ရှင် .....။
မွေးနေ့မှာ ကျမအစ်မရဲ့လက်ရာ  မွေးနေ့ကိတ်လေးကိုပဲ သီးခံပြီးသုံးဆောင်သွားကြပါနော် ...းD

မမအဖြူရောင်နတ်သမီးပေးထားတဲ့ မွေးနေ့ကိတ်လေးပါး)

**********************************
ကျမရဲ့ ငယ်သူငယ်ချင်း ဘိုမင်း ပို့ပေးလိုက်တဲ့ မွေးနေ့ကိတ်လေးပါ သုံးဆောင်သွားကြပါဦးနော်းD


**********************************
ဘလော့ဂါ သက်တန့်ချို ရေးပေးလိုက်တဲ့ မွေးနေ့အမှတ်တရ ကဗျာလေးပါ ...။
ပြီးခဲ့တဲ့မွေးနေ့တုန်းက သက်တန့်က ကျမအတွက် ကဗျာ၃ပုဒ် လက်ဆောင်ပေးပါတယ် ...။ ဒီနှစ်တော့ ကျမသူငယ်ချင်းလဲ ဆေးသင်တန်းတွေ ဆေးရုံအလုပ်တွေနဲ့ ဗျာများနေခဲ့ပုံပါပဲ ...။မွေးနေ့မတိုင်ခင်ကတည်းက ဆုတောင်းကဗျာလေးကို ရောက်အောင် ပို့လိုက်ပါသေးတယ်း) 

ဒီဇင်ဘာရဲ့.....နှင်း


နှင်းရေ.......
တမိုးကြွေလို့
တဆောင်းလည်းသစ်ပြန်ပြီ
တစ်ရက်ထက်တစ်ရက်
တို့လျှောက်ခဲ့တဲ့လမ်းမှာ
လေးနက်တဲ့အသိဥာဏ်တွေ
ဘ၀ ရဲ့ ဖွင့်ဆိုမှုအတွေးအခေါ်တွေ
ဘာတွေ " ပိုင် " ခဲ့ကြပြီးပြီလဲ.....


ဒီဇင်ဘာရဲ့...
အလွမ်းရောင်သမ်းတဲ့ နှင်းပွင့်တွေ
သူငယ်ချင်း...မင်းကို
ထပ်ပြီးရင့်ကျက်စေပြန်ပြီ...


ယဉ်ကျေးမှုနဲ့ ဂါရဝ
တရားအဆုံးအမတွေထဲ
မွေ့လျှော်ပျော်မွှေ့တတ်တဲ့မင်း...
"နှင်း" ဆိုတဲ့ အမည်နာမနဲ့
လေးစားသမှု ဂုဏ်ဝထ္ထုတွေ
မင်းရဲ့ အိမ်ကလေးထဲ လင်းလက်စေခဲ့ပြီ.....


နှင်းရေ..
ဘ၀က ခါးတယ်တဲ့
ကိုယ့်လမ်းကိုယ်ဖောက်
ရဲရဲသာလျှောက်
မကြောက်နဲ့သူငယ်ချင်း ...


တက်ကျိုးရင်လက်ချိုးလှော်မယ်
ဟိုး......မှာ မဝေးတော့ဘူး
ငါတို့မျှော်လင့်နေတဲ့
ရွှေရောင်အနာဂါတ်တွေလေ ....။


သက်တန့်ချို


သူငယ်ချင်းရေ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိဘကိုလုပ်ကျွေးနိုင်တဲ့သမီးအလိမ္မာလေးဖြစ်ပါစေ ။

                                         **********************************
“All happy midnight Dec 31
တို့အတူလက်ခုပ်လက်ဝါးတီးကြမယ်
ပျော်ရွှင်ပါစေ ကမ္ဘာကြီးရေ…. ” လို့ နှစ်သစ်ကိုကြိုဆိုရင်း ကဗျာဆရာ မိုးလှိုင်ည က ကျမရဲ့မွေးနေ့လေးအတွက် ... ဒီဇင်ဘာနှင်း ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ကျမတို့ချစ်တဲ့ မြန်မာပြည်ကနေ ကော်နက်ရှင်အခက်အခဲတွေကြားကနေ ရေသားပြီးပို့ပေးလာခဲ့ပါတယ် ....။ အဓိပ္ပါယ်ပေါင်းများစွာနဲ့ လေးလေးနက်နက်ရေးပေးခဲ့တဲ့ သူ့ကဗျာလေးကို အားလုံးနှစ်သက်မယ်လို့ ထင်ပါတယ် ...း)

ဒီဇင်ဘာနှင်း



ဟေမာန်နှင်းတွေ
တိတ်တိတ်ဆိတ်ဆိတ်ရွာကျချိန်
အဝေးက မီးလင်ဖိုလေးကို
မြူတွေရစ်သိုင်းလို့ပေါ့ ....

စက္ကန့်တံလေးက မိနစ်တွေကိုဖြတ်သန်း
နာရီတွေကိုဖြတ်သန်း
နှစ်ကာလတွေကိုဖြတ်သန်း
ဒီဇင်ဘာ 31 ညချမ်းလေးမှာ
မီးလင်းဖိုလေး ၀ိုင်အရက်ချိုတွေ
ချိုမြိန်ဖွယ်သီချင်းလေးတွေနဲ့
နှလုံးသားထဲနွေးထွေး…
တစ်နှစ်ပြီးတစ်နှစ်
ဝေးသွားလိုက် နီးသွားလိုက်
ဒီဇင်ဘာနှင်းတွေက အေးအေးမြမြရှိဆဲ

နှင်းရေ…
ဒီဇင်ဘာ 31 ညတွေမှာ
ကမ္ဘာမြေရဲ့ဒဏ်ရာတွေကို
အေးအေးမြမြနှစ်သိမ့်
နှစ်ကာလတွေကို ချိုချိုမြိန်မြိန်နှုတ်ဆက်
နွေးနွေးထွေးထွေးကြိုဆို…
နှစ်သစ်ကူကာလမှာ စစ်ပွဲတွေကိုရပ်ဆိုင်းထားကြမယ်..
သေနတ်ပြောင်းဝမှာ ချိုးငှက်ဖြူလေးအနား
ငါတို့ အတ္တတွေကိုနောက်ဆုတ်ထားကြမယ်…

နှင်းရေ…
ရှန်ပိန်ပုလင်းကိုဖောက်
ဝိုင်အရက်ပုလင်းကိုဖွင့်
ကြက်ဆင်သားကို နူးထားတဲ့အချိန်
ငါတို့အမှားတွေကို ဆင်ခြင်ကြမယ်
ငါတို့နဲ့မတူတဲ့ ကမ္ဘာတစ်ဖက်ကလူတွေ
သူတို့ကောဘယ်လိုနှစ်သစ်ကူကြမှာလည်း
သူတို့မှာ စားစရာအလုံအလောက်ရှိပါ့မလား
အနွေးထည်အလုံအလောက်ရှိပါ့မလား


နှင်းရေ…
ငါတို့အပျော်တွေထိန်းသိမ်း
စာနာမှုဆုတောင်းတေးလေးအတူဆိုကြမယ်…
ကလေးငယ်တွေအတွက်လည်း ချိုမြိန်ပါစေ
လူငယ်တွေအတွက်လည်း ချိုမြိန်ပါစေ
လူကြီးတွေအတွက်လည်း ချိုမြိန်ပါစေ
ချစ်သူတွေအတွက်လည်း ချိုမြိန်ပါစေ
မုန်းသူတွေအတွက်လည်း ချိုမြိန်ပါစေ
ကမ္ဘာကြီးအတွက်လည်း ချိုမြိန်ပါစေ…


( Sweet December ပါ မနှင်းဟေမာ)


မိုးလှိုင်ည

                                **********************************

မချော(အစိမ်းရောင်လွင်ပြင်) - ထိုင်းနိုင်ငံကနေ ပေးပို့လာတဲ့ မွေးနေ့ဆုတောင်းကဒ်လေးပါ ...။ သူမရဲ့ အနုပညာဆန်တဲ့ စိတ်ကူးလေးနဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကဒ်လေးမို့ ကျမ သိပ်မြတ်နိုးမိပါတယ် ...။


**********************************

ဆောင်းကုန်သွားမှာစိုးတယ် နှင်း ... ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ကျမလက်ခံရရှိပြန်တော့ တစ်ကယ်ပဲ
ဝမ်းသာပျော်ရွှင်သွားမိပြန်ပါတယ် ....။ ကဗျာမရေးတတ်ခဲ့သူတစ်ယောက်က ကဗျာတွေကိုမှ တန်ဖိုးထားတတ်တဲ့ သူသိပ်ချစ်တဲ့ ကျမအတွက်  မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ကြိုးစား ပမ်းစား ရေးထားခဲ့ပုံပါပဲ ...း) ဘယ်လိုပဲဖြစ်ဖြစ် ဒီမွေးနေ့မှာ ကျမအရမ်းပျော်ပါတယ် .... “ ....

ဆောင်းကုန်သွားမှာစိုးတယ် နှင်း ...

ဘ၀ အစ

ဆောင်းတစ်ည….
ဆောင်းနဲ့ အတူရောက်လာပြီ…


နွေ..
မိုး…
ဆောင်း…
သဘာဝ ရာသီစက်ဝန်းကို
ဝန်မခံပဲ လွန်ဆန်ချင့်သူ…..


 နှင်းမရှိတဲ့ နွေ..
အဆင်းမရှိ….
အတွင်းကြေ…


နှင်းမရှိတဲ့ မိုး……..
ထမင်းဆိုး နဲ့ ဟင်းသိုး
ရင်ထဲမှာရွာလိမ့်မယ် အညှိုးမိုး…..


သဘာဝကိုလွန်ဆန်
ပတ်ဝန်းကျင်ကိုစုံကန်လို့
လေးဘက်လေးတန်ဖြစ်နေပါစေ…
ကိုယ်လေ….
နွေ..မရှိစေချင်သူ…
မိုး..မခချင်တဲ့သူ…
နှင်းပျောက်မှာ အတင်းကြောက်မိသူမို့…..
ကိုယ့်အတွက်တော့….
ဆောင်းကုန်သွားမှာ စိုးတယ် နှင်း…..


ကျမအတွက် မွေးနေ့အမှတ်တရလေးတွေပေးကြတဲ့ ကျမချစ်တဲ့မောင်နှမများ ၊ ဖေ့စ်ဘုတ်နဲ့ အီးမေးလ်ကနေ ၊ မွေးနေ့ဆုတောင်းပေးကြသူများ အားလုံးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်လို့ ဒီနေရာလေးကနေတစ်ဆင့်ပြောပါရစေရှင် ....။
နောက်ထပ်ရလာမယ့် မွေးနေ့လက်ဆောင်လေးတွေများ ရှိလာရင်လဲထပ်ပြီးတင်ပါဦးမယ်လို့း)
အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ .....။

အားလုံးကိုချစ်ခင်လေးစားလျှက် ~
နှင်းဟေမာ
( 31 Dec 2010 )              

ပေးလို့ရတဲ့ပီတိ

အလုပ်အားရက်မို့ စာအုပ်တစ်အုပ်နဲ့ ငြိမ်နေတဲ့ အချိန်မှာ Give and Take အကြောင်းကို သူငယ်ချင်းနှစ်ယောက် အပြိုင်အဆိုင်ပြောရင်း ငြင်းခုန်နေကြတာကို ဘေးကထိုင်ကြည့်ရင်း သဘောကျစွာနဲ့ ပြုံးမိပါသည်။ အပေးအယူ အလှူအတန်း ကိစ္စတွေက ဘယ်အချိန်မှာပဲ ပြောပြော ဘယ်သူနဲ့ပဲပြောပြော စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ရပ်ပဲ ဖြစ်ပါသည်။
လူဆိုတာ အတ္တသမားတွေမို့ ကိုယ်က ပေးဖို့ထက် သူများဆီက ရလာမယ့် အရာတွေကို ပိုပြီး မျှော်လင့်တတ်ကြတဲ့ သဘာဝရှိတတ်ပါသည်။
ကိုယ်ကိုယ်တိုင် ဖန်တီးလို့ရတဲ့ အရာတွေကို သူတပါးဆီက ရရှိဖို့ မျှော်လင့်တတ်ကြသလို ကိုယ်တိုင် ဖန်တီးလို့ မရနိုင်မယ့်အရာတွေ ဖြစ်တဲ့ မေတ္တာတွေ ဂရုဏာတွေကို ရရှိဖို့ တဖက်သတ် တောင့်တနေကြသူတွေလဲ ရှိတတ်ပါသည်။
ကျွန်မကတော့ အပေးနဲ့ အယူ ကြားမှာ မတူညီနိုင်တဲ့ ပီတိလေး တစ်ခုပဲ ခြားနားတယ်လို့ မြင်မိပါသည်။
ပေးလိုက်ရတဲ့သူကလဲ သူပေးလိုက်လို့ရလာတဲ့ ကြည်နူးမှု တစ်ခုအတွက် တသသနဲ့ ပီတိ ဖြစ်နေတတ်သလို လက်ခံရယူတဲ့ သူကလဲ သူ့ရဲ့ လိုအပ်ချက် ပြည့်စုံသွားလို့ ပျော်ရွှင်မှု တစ်ခုနဲ့ ပီတိဖြစ်ရမှာ သေချာနေပါသည်။
ကျွန်မကိုယ်တိုင်ကလဲ တစ်စုံတစ်ယောက်ဆီက တခုခု လက်ခံရရှိလို့ ပျော်ရွှင်ခံစားရတဲ့ ပီတိရော တစ်စုံတစ်ယောက်ကို တခုခု ပေးလိုက်ရလို့ ခံစားရတဲ့ ကြည်နူးမှုကိုရော တချိန်တည်း တပြိုင်တည်းမှာ မတူညီနဲ့ ပီတိ နှစ်ခုနဲ့အတူ ခံစားခဲ့ဘူးပါသည်။
လွန်ခဲတဲ့နှစ်နှစ် အနည်းငယ် အေးတဲ့ ဆောင်းကာလ ညချမ်းတစ်ခုမှာ မတူညီတဲ့ ပီတိနှစ်မျိုးကို ထူးထူးဆန်းဆန်း ခံစားခဲ့ရဘူးပါသည်။
နိုဝင်ဘာလား ဒီဇင်ဘာလား မမှတ်မိတော့ပေမယ့် ယူအအီးနိုင်ငံရဲ့ ဘာသာရေးပွဲတော်နေ့ အကြို ညချမ်းလေးတစ်ခုဆိုတာကိုတော့ မှတ်မိနေပါသည်။
ကျွန်မ အလုပ်ပြီးချိန် ည၁၁ နာရီမှာ ထုံးစံအတိုင်း လာကြိုနေကျ ဖယ်ရီကားရောက်လာပါသည်။ ဖယ်ရီပေါ်ကို ရောက်ရောက်ချင်းမှာပဲ ဖယ်ရီကားမောင်းတဲ့သူက ကားပေါ်မှာ အတူပါလာတဲ့ အခြားသူငယ်ချင်းတွေအားလုံးနဲ့အတူ ကျွန်မကိုပါ ထူးထူးခြားခြား မုန့်ဘိုးပေးလာခဲ့ပါသည်။
ဖယ်ရီပေါ်မှာ မိန်းကလေးဆိုလို့ ကျွန်မ တစ်ယောက်တည်း ရှိနေခဲ့တာမို့ သူပေးလာတဲ့ မုန့်ဘိုးကို ယူသင့်မယူသင့် စဉ်းစားနေတာမို့ ကျွန်မလက်ထဲကို ကမ်းပေးလာတဲ့ သူ့ရဲ့ လက်က လေထဲမှာ အတော်အတန်ကြာတဲ့ အထိ ရပ်တန့်နေခဲ့ပါသည်။
ဒါပေမယ့် ကားမောင်းသူက ကျွန်မ အဖေအရွယ် ဖြစ်တဲ့အပြင် သူ့ကားကို စီးနေခဲ့တာလဲ နှစ်နှစ်နီးပါး ရှိနေတာမို့ သူပေးလာတဲ့ မုန့်ဘိုးကို အားနာနာနဲ့ ယူရင်း ကျေးဇူးလို့ တခွန်းပဲ ပြောဖြစ်ခဲ့ပါသည်။
သူပေးလာတဲ့ မုန့်ဘိုးဆိုတဲ့ ငွေပမာဏ တစ်ခုထက် သူ့ရဲ့ အရေးတယူ ဂရုစိုက်မှုကြောင့် ပြောမပြတတ်အောင် ကြည်ကြည်နူးနူး ခံစားလိုက်ရတဲ့ အခိုက်အတန့်ကိုတော့ ပြန်တွေးမိတိုင်း ကြည်နူးခြင်းများစွာဖြင့် အမှတ်ရနေခဲ့ပါသည်။
သူပေးတဲ့ မုန့်ဘိုးကို ရပြီးချိန်မှာတော့ ကျွန်မကို မုန့်ဘိုးရယ်လို့ သီးသီးသန့်သန့် ပေးမယ့်သူတွေ ကျွန်မပတ်ဝန်းကျင်မှာ ပျောက်ဆုံးနေခဲ့တာ နှစ်ကာလ အတော်ကြာခဲ့ပြီဆိုတာကို စိတ်မကောင်းခြင်းများစွာဖြင့် သတိထားလိုက်မိပါသည်။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်ဖို့ ကြိုးစားနေခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပေမယ့် အထောက်အပံ့သဘောမျိုးမဟုတ်သော အလေးပေးဂရုစိုက်မှုဆန်တဲ့ မုန့်ဘိုးများအပေါ် တခါတရံမှာ ပီတိဖြစ်ချင်မိပါသည်။
ဒါပေမယ့် တစုံတခုကို ရုတ်တရက် အံ့သြမိတဲ့ အချိန်တိုင်း ဘာပြောရမှန်းမသိအောင် ကြောင်တောင်တောင် ဖြစ်ပြီး ဆွံ့အနေတတ်တဲ့ အကျင့်ဆိုးတစ်ခုကြောင့်လဲ အဲဒီနေ့က ကျွန်မရဲ့ ပျော်ရွှင်မှုက အများနဲ့မတူပဲ အသံမဲ့တိတ်ဆိတ်နေခဲ့ပါသည်။
အခြားသူငယ်ချင်းတွေကတော့ ကားသမားကို ကျေးဇူးစကားတွေ ရေပက်မဝင်အောင် ပြောရင်း ကားထဲမှာ ဆူညံနေခဲ့ပါသည်။
အလုပ်ကနေ အိမ်ပြန်မရောက်ခင် အချိန်လေးမှာ ရှားပါးလှစွာ ရလာတဲ့ မုန့်ဘိုးကို ဘာလုပ်ရရင်ကောင်းမလဲ လို့ စဉ်းစားရင်း ကလေးတွေမုန့်ဖိုးရရင် မုန့်ဆိုင်ကို ပြေးကြတာကို မြင်ယောင်မိပါသည်။
ကျွန်မရတဲ့ မုန့်ဘိုးက အများကြီးမဟုတ်ပေမယ့် အပြင်ဆိုင်မှာ ညစာတစ်နပ် ကောင်းကောင်းစားလို့ရတာမို့ အမှတ်တရ ရလာတဲ့ မုန့်ဖိုးနဲ့ ညစာကို အပြင်မှာ ဝယ်စားမယ်လို့ စိတ်ကူးလိုက်မိပါသည်။
ကျွန်မနေတဲ့ အိမ်ရှေ့ကို ကားရပ်ချိန်မှာတော့ အပြင်မှာ သိသိသာသာ အေးနေခဲ့ပြီး ကျွန်မမှာ အနွေးထည်အကျီင်္ မပါတာမို့ အိမ်ထဲအရင်ဝင်ပြီး အနွေးထည်ယူရမလား ညစာအတွက် စားသောက်ဆိုင်ကိုပဲ အရင်ပြေးရမလားစဉ်းစားမိပြန်ပါသည်။
ည ၁၁ ခွဲပြီးပြီချိန် မကြာခင် ညဉ့်နက်တော့မှာမို့ အိမ်ပေါ်ပြန်တက်ရင် အချိန်ထပ်ကြာနေမှာစိုးတာကြောင့် အနွေးထည်မပါပဲ ကျွန်မတို့အိမ်ရဲ့ မျက်စောင်းထိုးနားလောက်မှာရှိတဲ့ စားသောက်ဆိုင်ကို ခပ်သွက်သွက် သွားဖြစ်ခဲ့ပါသည်။
ကားလမ်းမကြီးကို ဖြတ်ကူးဖို့အတွက် ကားအသွားအလာရှင်းမရှင်း စောင့်ကြည့်နေချိန်မှာပဲ ကျွန်မရဲ့ အနောက်နား ခပ်လှမ်းလှမ်းက အမှောင်ရိပ်ထဲမှာ ထိုင်နေတဲ့ အရိပ်နှစ်ခုကို မျက်စိထောင့်နားလေးကနေ မပီဝိုးတဝါးမြင်လိုက်မိပါသည်။
သေသေချာချာ လှည့်ကြည့်မိတော့ လမ်းဘေးနားက တိုက်ကြီးတစ်ခုရဲ့ အမှောင်ရိပ်အောက်မှာ လူနှစ်ယောက် ထိုင်နေတာကို သဲသဲကွဲကွဲတွေ့လိုက်ရပါသည်။ ပိုပြီး သေချာချင်တာမို့ ခြေနှစ်လှမ်းလောက် နောက်ပြန်ဆုတ်ပြီး ကြည့်ချိန်မှာတော့ အဘိုးကြီးတစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် ဦးထုတ်အစုတ်လေးတစ်လုံး အရှေ့မှာချပြီး ပိုက်ဆံတောင်းနေခဲ့တာကို ထူးဆန်းစွာ တွေ့လိုက်ရပါတယ်။
ကျွန်မ နေခဲ့တဲ့ နှစ်နှစ်ဆိုတဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံးအကြိမ် အခုလို တောင်းရမ်းစားသောက်သူတွေကို တွေ့ဘူးခြင်းဖြစ်တာမို့ အံ့သြခြင်း မယုံနိုင်ခြင်းများနဲ့ စားသောက်ဆိုင်ကို သွားမယ့် ကျွန်မရဲ့ခြေလှမ်းများ အလိုလို ရပ်တန့်သွားခဲ့ပါသည်။
နှစ်ဦးစလုံး ဒေသခံတွေ ဝတ်တဲ့ အဝတ်အစားများကို ဝတ်ထားကြသလို အဘွားအိုကတော့ စောင်ပုဝါ ခပ်ထူထူ တစ်ထည်ကိုပါ ထပ်ခြုံထားခဲ့ပါသည်။
သူတို့ဝတ်ပုံစားပုံတွေက ဒေသခံတွေဝတ်တဲ့ အဝတ်အစား အပြင်အဆင်ဖြစ်နေတာမို့ သူတို့က ဒေသခံတွေလဲ ဖြစ်နိုင်သလို အခြားအိမ်နီးချင်းနိုင်ငံတွေကလဲ ဖြစ်နိုင်ပါသည်။
ဒါပေမယ့် ဒီပွဲတော်အမီ သူတောင်းစားလုံးဝမရှိတဲ့ တိုင်းပြည်မှာ ပိုက်ဆံတောင်းစားဖို့ အခြားနိုင်ငံက တကူးတက လာကြဖို့ဆိုတာလဲ ဘယ်နည်းနဲ့မှ မဖြစ်နိုင်။
သူတို့နှစ်ယောက်ထိုင်နေတဲ့ တိုက်ကြီးရဲ့အခြားတဘက် အစွန်းမှာရှိနေတဲ့ ဖိနပ်ဆိုင်ကြီးထဲမှာတော့ မနက်ဖြန်မှာ ကျရောက်မယ့် ပွဲတော်အတွက် ဒေသခံအာရပ်လူမျိုးတွေ ပျော်ရွှင်စွာ အလုအယက် ဈေးဝယ်နေခဲ့ပါသည်။ ဒါပေမယ့် အမှောင်ရိပ်ကျကျ နေရာလေးမှာ မထင်မရှား ထိုင်နေခဲ့တဲ့ အဘိုးအိုနဲ့ အဘွားအိုကိုတော့ ပတ်ဝန်းကျင်က သတိထားမိပုံမရပါ။
သူတို့ရှေ့ကို ခြေစုံရပ်ပြီး အရှေ့မှာ ချထားတဲ့ ဦးထုပ်လေးထဲကို လက်ထဲမှာကိုင်ထားတဲ့ ပူပူနွေးနွေး ရလာတဲ့ မုန့်ဘိုးကို ထည့်လိုက်တော့ အဘွားအိုဆီက မသဲမကွဲ အာရပ်စကားသံအချို့ကို ကြားလိုက်ရပါသည်။ သို့သော် သူတို့ရှေ့မှာ ရပ်နေတဲ့ ကျွန်မကိုတော့ သေသချာချာ မော့်မကြည့်ခဲ့ကြပါ။
ကျွန်မသူတို့ကို ပြန်လည်မျှဝေလိုက်တဲ့ ကျွန်မရဲ့ အမှတ်တရ မုန့်ဘိုးလေးက သူတို့နှစ်ယောက်အတွက် ညစာကို အပြင်ဆိုင်တစ်ဆိုင်မှာ ဝယ်စားလို့ရနိုင်သလို သူတို့မှာ မိသားစုရှိနေမယ်ဆိုရင်လဲ မိသားစုတစ်စုစာ လုံလောက်တဲ့ ညစာတစ်နပ်ကို ချက်စားလို့ရနိုင်မှာ သေချာပါသည်။
သူတို့ နှစ်ယောက်ကို ကျောခိုင်းလိုက်ချိန်မှာ ကျွန်မ သွားစားချင်တဲ့ စားသောက်ဆိုင်ကို လှမ်းမြင်နေရပေမယ့် ရုတ်တရက် ဖြစ်လာတဲ့ အပြောင်းအလဲနဲ့ ကျွန်မ ပူပူနွေးနွေးခံစားနေရတဲ့ ပီတိအချို့က ကျွန်မရဲ့ ခြေလှမ်းတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့ပါသည်။
တကယ်ဆို အဲဒီအပြင်ဆိုင်မှာ ညစာစားဖို့ လုံလောက်တဲ့ ပိုက်ဆံအချို့ကျွန်မရဲ့ အိတ်ထဲမှာ ကျန်ရှိနေခဲ့ပေမယ့် အပြင်မှာ အမှတ်တရ ညစာစားမယ့် စိတ်ကူးချိုချိုအချို့ကို ပြန်မြိုသိပ်ပြီး ချမ်းချမ်းစီးစီး ဆောင်းညမှာ အိမ်ကို အပြေးပြန်လာခဲ့မိပါသည်။
အိမ်ပြန်ရောက်ရင် ညစာချက်ဖို့အနည်းဆုံး နာရီဝက်တော့ အချိန်ယူရပါလိမ့်မည်။ အလုပ်ပြီးတည်းက ဗိုက်ထဲမှာ မသိမသာ ဆာလောင်နေခဲ့ပေမယ့် ပေးဆပ်မှုတစ်ခုအတွက် ရလာတဲ့ ပီတိကြောင့် ဆောင်းညချမ်းတစ်ခုမှာ ကျွန်မရင်ထဲမှာ နွေးထွေးနေခဲ့ပါသည်။
အိမ်ရောက်ပြီးပြီးချင်းမှာလဲ ညစာချက်ဖို့ ပြင်ဆင်နေရင်း လောလောဆယ်တွေ့ခဲ့ရတဲ့ အဘိုးအိုနဲ့ အဘွားအိုကို ပြန်မြင်ယောင်နေမိသလို ကျွန်မပေးခဲ့မိတဲ့ မုန့်ဘိုးက သူတို့အတွက် နည်းနေပီလားလို့ ပြန်တွေးမိတာမို့ လုပ်လက်စအလုပ်ကို ပစ်ထားခဲ့ပြီး အနွေးထည်တစ်ထည်ကောက်ဝတ်ပြီး အိမ်အောက်ကို ပြန်ဆင်းမိပါသည်။
သူတို့ကိုတွေ့ခဲ့တဲ့ နေရာကို ပြန်ရောက်ချိန်မှာတော့ ဒုတိယအကြိမ် ထပ်မံအံ့သြမိရပြန်ပါသည်။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ကျွန်မတွေ့ခဲ့ရတဲ့ အဘိုးအိုနဲ့ အဘွားအို နှစ်ယောက်စလုံး အဲဒီနေရာလေးမှာ မရှိတော့ပါ။ ဘေးပတ်ဝန်းကျင်မှာ တွေ့လိုတွေ့ငြား မျှော်လင့်ချက်နဲ့ အရပ်လေးမျက်နှာ လှည့်ပတ်ပြီး လိုက်ရှာမိပေမယ့်လဲ သူတို့ကို နောက်ထပ် ပြန်ပြီးမတွေ့ရတော့ပါ။
ကျွန်မတို့လက်ရှိအလုပ်လုပ်နေတဲ့ ယူအေအီး နိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားက ၉၀ ရာခိုင်နှုန်းရှိနေခဲ့ပြီး အိမ်ရှင်နိုင်ငံသားက ၁၀ ရာခိုင်နှုန်းသာရှိပါသည်။
အခွင့်ထူးခံနိုင်ငံသားများပီပီ မွေးကင်းစကလေးကစလို့ အလုပ်မလုပ်ပဲ အသက်လုံးထိုင်စားလို့ရနေအောင် အစိုးက ကူညီထောက်ပံ့ပေးနေသလို နိုင်ငံအတွင်းမှာရှိတဲ့ အလုပ်ဌာန ပေါင်းစုံကလဲ အိမ်ရှင်နိုင်ငံသားတွေကို အခြားနိုင်ငံသားတွေထက် အဆပေါင်းများစွာ လစာပိုပေးပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးထားခဲ့ပါသည်။
အိမ်ရှင်နိုင်ငံသားတွေ သူတို့နိုင်ငံတွင်းမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရဖို့ ဆိုတာ အိပ်မက်တစ်ခုလိုဖြစ်နေချိန်မှာ ဒေသခံလို့ထင်မြင်လိုက်ရတဲ့ တောင်းရမ်းစားသောက်သူ နှစ်ဦးကို မျက်လှည့်ဆန်ဆန် တွေ့လိုက်ရတဲ့ အဖြစ်က ကျွန်မအတွက် အတော့်ကို ထူးဆန်းနေခဲ့ပါသည်။
အဲဒီနေ့ကစလို့ အပြင်ထွက်ဖြစ်တဲ့ အချိန်တိုင်းမှာ အလားတူ တောင်းရမ်းသူများကို တွေ့လိုတွေ့ငြား လိုက်ရှာခဲ့ဘူးပေမယ့် အခုချိန်ထိ ထပ်ပြီးမတွေ့ရပါ။
ရှားရှားပါးပါး ကြုံတွေ့လိုက်ရတဲ့ အဲဒီ ဖြစ်စဉ်လေးတစ်ခုက ကိုယ်မျှော်လင့်နေတဲ့ အရာတွေကို သူတပါးဆီက ရလိုက်လို့ ပျော်ရွှင်မိတဲ့ ပီတိတစ်ခုနဲ့ သူတပါးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်ရလို့ ပြန်ပြီး ခံစားလိုက်ရတဲ့ ပီတိတစ်ခုကို တချိန်တည်း တပြိုင်တည်း ယှဉ်တွဲပြီး ခံစားတတ်စေဖို့ တိုက်ဆိုင်ပေးခဲ့တဲ့ အဖြစ်အပျက်လေးလို့ပဲ မှတ်ယူလိုက်မိပါသည်။
ဒုတိယအကြိမ် ခံစားမိတဲ့ ပီတိတစ်ခုကတော့ ငွေကြေးတန်ဘိုးတစုံတရာ ပါဝင်ခြင်းမရှိတဲ့ ကူညီမှုတစ်ခုအတွက်ပဲ ဖြစ်ပါသည်။
ဒူဘိုင်းနွေကာလရဲ့ အပူပြင်းဆုံးအချိန်လို့ ဆိုလို့ရတဲ့ ညနေစောင်းအချိန်တစ်ခုမှာ ခရီးစဉ်တစ်ခုအတွက် လေယာဉ်ကွင်းထဲကို ရောက်နေခဲ့ပါသည်။ ခရီးသည်တွေ မရောက်လာခင်အချိန်လေးမှာ ဘေးပတ်ဝန်းကျင်ကို လျှောက်ငေးမိတော့ လေယာဉ်ရဲ့ အခြားတစ်ဘက်ဆီမှာ အလုပ်များနေကြတဲ့ ကုန်တင်ကုန်ချ အလုပ်သမားအချို့ကို တွေ့လိုက်ရပါသည်။
မာကျူရီမီးရောင်တွေအောက်မှာဖြစ်နေတာမို့ အလုပ်သမားတစ်ယောက် အကျီင်္မပါပဲ ရောင်ပြန် Safety jacket တစ်ထည်တည်းကိုဝတ်ပြီး ချွေးသံရွှဲရွှဲနဲ့ အလုပ်လုပ်နေတာကိုပါ ထင်ထင်ရှားရှား တွေ့လိုက်ရပြန်ပါသည်။ ပြင်းထန်လွန်းတဲ့ ရာသီဥတုအောက်မှာ သူတို့ခံစားနေရတဲ့ မောပန်းနွမ်းနယ်မှုကို မြင်မြင်ချင်းပဲ စာနာလိုက်မိပြန်ပါသည်။
မယောင်မလည်နဲ့ သူတို့လုပ်နေတဲ့ နေရာနားကို ဆက်လျှောက်သွားတဲ့ ကျွန်မကို မြင်ချိန်မှာတော့ အလုပ်သမားတစ်ယောက်က ခပ်လှမ်လှမ်းမှနေပြီး လက်ဟန်ခြေဟန်ပြပြီး ရေတောင်းလာပါသည်။
စားသောက်ဆိုင်တွေနဲ့ အလှမ်းဝေးလွန်းတဲ့ လေယာဉ်ကွင်းထဲမှာ သူတောင်းလာတဲ့ ရေကို ဘယ်လိုရှာရပါ့မလဲလို့ ရုတ်တရက်စဉ်းစားနေတာကိုတွေ့တော့ အလုပ်သမားက လေယာဉ်ဆီကို ထပ်ပြီး လက်ညှိုးထိုးပြပြန်ပါသည်။
သူ့ညွှန်ကြားမှုအတိုင်း လေယာဉ်ပေါ်တက်ပြီး လေယာဉ်မယ်တစ်ယောက်ဆီမှာ ရေသောက်ချင်လို့ ရေလေးများရနိုင်မလားလို့ တောင်းတော့ လေယာဉ်မယ်လေးက တစ်ခါသောက်ဗူး ပိစိလေး ၂ ဘူးကို ပေးလာပါသည်။
သူပေးလာတဲ့ ရေဗူးလေးက ၁၀၀ မီလီမီတာ သာပါသော ဗူးလေးဖြစ်နေတာမို့ ရေဗူးကြီးကြီးမရှိဘူးလားလို့ ထပ်မေးမိတော့ လေယာဉ်မယ်လေးက ကျွန်မကို ခပ်ပြုံးပြုံးကြည့်ရင်း ၁ လီတာ ရေသန့်ဗူးတစ်ဘူးကို ထုတ်ပေးပါသည်။
၁လီတာဗူးကို ကိုင်ထားရင်းက အလုပ်သမားအရေအတွက်ကို ပြန်စဉ်းစားမိတော့ ယောက်ျားသား လေးယောက်စာအတွက် ဒီရေတစ်ဗူးနဲ့ မလောက်ဘူးဆိုတာ တွေ့လာတာမို့ နောက်ထပ် တစ်ဗူးလောက်ထပ်ရနိုင်မလား အောက်က အလုပ်သမားတွေ အတွက်ပါလို့ ပွင့်ပွင့်လင်းလင်း ပြောပြီးထပ်တောင်းမိပါသည်။
ကျွန်မထက်ပိုပြီး စာနာတတ်ပုံရတဲ့ လေယာဉ်မယ်လေးက ကျွန်မကိုင်ထားတဲ့ ၁ လီတာ ရေဗူးကို ပြန်ယူပြီး ၂ လီတာဗူးကြီး နှစ်လုံးကို ထုတ်ပေးလာပါသည်။
ကျွန်မယူသွားပေးတဲ့ ရေသန့်ဘူးကြီး ၂ ဗူးကို မိနစ်ပိုင်းအတွင်းမှာ ကုန်အောင် သောက်ပစ်လိုက်တဲ့ အလုပ်သမား လေးယောက်ကိုကြည့်ရင်း ရလာတဲ့ ပီတိတစ်ခုက အာရပ်အဘိုးအိုနဲ့ အဘွားအိုတို့ကို မုန့်ဘိုးပေးလှူစဉ်ကရခဲ့ဘူးတဲ့ ပီတိလေးလိုပဲ ချိုမြိန်နေတာကို သတိထားလိုက်မိပါသည်။
သူတပါးရဲ့ လိုအပ်ချက်တွေကို တိုက်တိုက်ဆိုင်ဆိုင် ကူညီခွင့်ရတိုင်း ပျော်ရွှင်ကျေနပ်နေတဲ့ မိတ်ဆွေတစ်ယောက်ကလဲ တစ်ခါတုန်းက သူရှားရှားပါးပါး ခံစားရဘူးတဲ့ ပီတိလေးကို စိတ်လှုပ်ရှားစွာနဲ့ ကျွန်မကို မျှဝေခဲ့ပြောပြခဲ့ဘူးပါသည်။
သူလှူခဲ့ဘူးတဲ့ အလှူလေးက ဆေးကုသိုလ်တစ်ခုဖြစ်ပါသည်။ ဆေးဆိုင်မှာ ဆေးဝယ်ဖို့သွားရင်း ဆေးဘိုးအတွက် အခက်အခဲ ဖြစ်နေတဲ့ သားအမိနှစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် လှူခွင့်ရတဲ့ အတွက် အတိုင်းမသိ ပီတိဖြစ်ရတဲ့အပေါ် သူအမြဲတမ်း အမှတ်ရနေခဲ့ပါသည်။
ပေးသူနဲ့ လက်ခံသူကြားမှာ သူတို့ လိုအပ်ချက်နဲ့ လိုအပ်နေချိန် ရှားပါးစွာ တိုက်ဆိုင်နေမယ်ဆိုရင်တော့ ကျွန်မတို့ နှစ်ဦးနှစ်ဘက်လုံး ခံစားရတဲ့ ပီတိတွေက နှစ်ဆ မက တိုးနေမှာသေချာလှပါသည်။
ပေးဆပ်လို့ရလာတဲ့ပီတိများကို ပေးဆပ်ခွင့်ကြုံခဲ့ဘူးသူ များသာ ထပ်တူထပ်မျှ ခံစားနိုင်မှာ သေချာပါသည်။
အထူးသဖြင့် ချစ်ခြင်းမုန်းခြင်းကင်းသော အတ္တရမ္မက်ကင်းသော အရောင်မဲ့သော ပေးဆပ်မှုများအတွက် ရရှိလာတဲ့ ပီတိများကို လူသားတိုင်းခံစားဘူးကြမှာ သေချာပါသည်။

ပေးဆပ်သူတစ်ယောက်ရလိုက်တဲ့ ပီတိများရဲ့ ငြိမ်းချမ်းမှုကို ပြန်လည်ခံစားရင်း
ပေးလို့ရတဲ့ ပီတိကို မျှဝေလိုတဲ့ ဒီပို့စ်လေးကတော့
ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျရောက်မယ့် ညီမငယ်လေး နှင်းဟေမာအတွက် မွေးနေ့လက်ဆောင်ပါ။


နှင်းနဲ့မာယာ

Sunday, December 26, 2010

ကျမရဲ့ ခရစ်စမတ်စ် တစ်ညတာ...

အော် ဘာလိုလိုနဲ့ တစ်နှစ်ဆိုတဲ့ အချိန်ကာကလက သိပ်မကြာလိုက်....။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို မကူးပြောင်းခင် ခရစ်စမတ်စ်တစ်ညက ပြန်လည်ရောက်ရှိလို့လာခဲ့ပြန်ပြီ...။
ယခု ခရစ်စမတ်စ်မှာတော့ အခါတိုင်းနှစ်တွေကနဲ့မတူပဲ ကျမ အလုပ်လုပ်နေတဲ့ ရုံးကသူဌေးမိသားစုနဲ့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့တွေဆီက ခရစ်စမတ်စ်လက်ဆောင်တစ်ချို့ကို လက်ခံရရှိခဲ့တယ် ...။
ဗုဒ္ဓဘာသာဆိုလို့ တစ်ကုမ္ပဏီလုံးမှာ တစ်ယောက်ထဲဖြစ်နေခဲ့တဲ့ ကျမကိုဘယ်လို မျက်စေ့လည်လမ်းမှားပြီး အလုပ်ခန့်လိုက်လဲတော့ မသိပါ ...။
သို့ပေမယ့် ကျမအလုပ်လုပ်ခဲ့ဘူးသမျှ ရုံးဟောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဒီကုမ္ပဏီမှာ အလုပ်လုပ်ရတာ ကျမအတွက်တော်တော်လေး အဆင်ပြေပြေနဲ့ စိတ်ပျော်ရွှင်ချမ်းမြေ့ခဲ့ရသလို စိတ်ထားဖြူစင်ဖြောင့်မတ်တဲ့ ကျမသူဌေး တစ်မိသားစုလုံးက ကျမနဲ့ပတ်သတ်သမျှ ကိစ္စရပ်တိုင်းမှာ အိမ်ပြောင်းတာကအစ ... တစ်ခုခုပြဿနာရှိလို့ မျက်နှာမကောင်းတာကအဆုံး ကျမရဲ့အသေးအဖွဲလေးတွေအားလုံးကိုပါ ကူညီစောင့်ရှောက်ခဲ့ကြတဲ့အတွက် ကျေးဇူးရှိသူတွေပါပဲ ...။

အခုလည်း မျှော်လင့်မထားခဲ့တဲ့ အချိန်မှာ ကျမဘယ်လိုမှ မျှော်လင့်မထားတဲ့ လက်ဆောင်တွေနဲ့အတူ သူဌေးမိသားစုနဲ့ ကျမနဲ့ အတူတူလက်တွဲဖော်ဝန်ထမ်းတွေ အားလုံးက ခရစ်စမတ်စ်လက်ဆောင်လှလှလေးတွေကို ကျမအတွက် အရေးတစ်ယူပေးခဲ့တာကို ၀မ်းမြောက်ပျော်ရွှင်လို့ မဆုံးပါ ....။

ကျမကို လက်ဆောင်တွေ ၀ိုင်းပြီးပေးခဲ့ကြပြီး အဲဒီနေ့က သူဌေးမိသားစုတွေနဲ့ ၀န်ထမ်းတွေအားလုံးက Novena မှာရှိတဲ့ ဘုရားကျောင်းကိုသွားကြတာမို့ ကျမကတော့ လက်ဆောင်ပစ္စည်းတွေနဲ့အတူ အိမ်ကိုပြန်လာခဲ့ပါတယ်...။
အိမ်ရောက်လို့ ပါကင်လှလှလေးတွေကို တစ်ခုစီဖြည့်ကြည့်လိုက်တဲ့အခါမှာ ကျမအတော်လေးရယ်ချင်သွားသည် ...။ Dior ရေမွှေး ၊ ESTEE LAUDER မိတ်ကပ်တစ်ဆက်စာနဲ့ ၊ ကျမသိပ်မသိတဲ့  Skin Care နဲ့ပတ်သတ်တာတွေ ၊ မိန်းကလေးအသုံးအဆောင်တွေ ဖြစ်နေခဲ့တယ် ...။
သေချာတာတစ်ခုကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုရင် ဒီလောက်တန်ဖိုးကြီးတာတွေကို ဒီလောက်အများကြီး မ၀ယ်နိုင်ပါ ...း)
အမြဲတမ်းအိပ်ယာထနောက်ကျလေ့ရှိတဲ့ ကျမက ရုံးနဲ့အိမ် ၁၀မိနစ်လောက်သာလမ်းလျှောက်ရတဲ့ခရီးလောက်ကိုတောင် အမြဲနောက်ကျတဲ့အတွက် မိတ်ကပ်လိမ်းဖို့ဆိုတာဝေး ... ရေအမြန်ချိုး စက်ရုံယူနီဖောင်းကိုအမြန်ဝတ်ပြီး Tool Box Meeting အမှီ မျက်နှာပြောင်နဲ့ ပြေးခဲ့ရတာလဲ နေ့စဉ်နဲ့အမျှးp

အော် သေချာချာပြန်စဉ်းစားကြည့်လိုက်မှ မိန်းကလေးလုပ်နေပြီး မျက်နှာပြောင်နဲ့ ရုံးတတ်တဲ့ ကျမကို ရုံးကလူတွေက ကြည့်မရ၍ဖြစ်မည်ဟု ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိရင်း နောင်တစ်ပတ်တနင်္လာနေ့ကစပြီး ရုံးတတ်ရင် မိတ်ကပ်လိမ်းနိုင်အောင်ကြိုးစားရဦးမည်ဟု တွေးလိုက်မိသည် ....းD

ပြီးခဲ့တဲ့ ခရစ်စမတ်စ်ညတွေကတော့ ဘာရယ်လို့မဟုတ်ပေမယ့် မိုးတွေတစ်ဖွဲဖွဲကြားမှာ  များပြားလှတဲ့ လူအုပ်ကြီးနဲ့အတူုလမ်းလျှောက်ရတာကိုပဲ ကလေးတစ်ယောက်လို ပျော်ရွှင်နေတတ်ခဲ့တာ ....။
လမ်းဘေးက ရောင်စုံမီးအလှတွေနဲ့ Orchard လမ်းမကြီးတစ်ခုလုံးက ငေးမောနေလောက်အောင် လှနေခဲ့တာလေ......။
ဟောဒီ ခရစ်စမတ်စ်ညမှာလဲ ကျမနဲ့ ကျမရဲ့ အခန်းဖော်လေးတို့ စောစောစီးစီးကတည်းက ဘာရယ်မဟုတ်ဘူး ဟိုသွားမယ် ဒီသွားမယ် ပြီးမှ ... ညဘက် Orchard Road မှာလမ်းလျှောက်ပြီး ဓါတ်ပုံတွေအားရပါးရ ရိုက်ကြမယ်ဆိုပြီး အိမ်ကနေ အားခဲပြီး စောစောစီးစီးထွက်လာခဲ့ကြတယ် ...  ။




ဓါတ်ပုံလေးတွေ နည်းနည်းပါးပါးလျှောက်ရိုက်နေခဲ့ချိန်မှာပဲ မိုးက ထုံးစံအတိုင်း တစ်ဖွဲဖွဲကျလာရောလေ ....။
အဲဒီအချိန်မှာ ကျမ အခန်းဖော်လေးကလဲ လမ်းနဲနဲလျှောက်လိုက်ရင်ပဲ ဗိုက်များများဆာတတ်သူမို့ သူ့အတွက် မုန့်ဝယ်ဖို့ အနီးဆုံး Shopping Center ထဲမှာဝင်လိုက်ပြီး ပြန်ထွက်လာခဲ့ချိန်မှာ  မိုးကတော်တော်သည်းနေပြီ ...။

အဲဒါနဲ့ပဲ ကဲ အမှတ်တရ ဓါတ်ပုံတွေရိုက် ညစာစားပြီး ပြန်ကြစို့လို့ တိုင်ပင်လိုက်ကြပြီး ခရစ်စမတ်စ်ဒင်နာလေးကို နှစ်ယောက်ထဲ တိတ်ဆိတ်ပျော်ရွှင်စွာ ကျင်းပဖို့ စီစဉ်လိုက်ပါတယ်.....။

                                  ********** နှင်း နဲ့ သင်း **********
ဓါတ်ပုံရိုက်ပေးမယ့်သူမရှိလို့ အမှတ်တရဖြစ်ရင်ပြီးရောဆိုပြီး မှန်ထဲမှာပဲကြည့်ပြီး ဖြစ်သလို ရိုက်လိုက်တယ် ...။
အပြင်မှာ ခရစ်စမတ်စ်ညရဲ့ ရောင်စုံမီးအလှတွေနဲ့ အမှတ်တရ ရိုက်ချင်ပေမယ့် မိုးရွာနေလို့ ရှော့ပင်းစင်တာထဲမှာပဲ ရယ်မောစရာတွေလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက် တစ်ယောက်တစ်လဲ ရိုက်ဖြစ်ခဲ့ကြတယ် ... ။


မော်ဒယ်လ် နှင်းဟေမားD

                                    
ဓါတ်ပုံတွေက ကောင်းကောင်းရိုက်တာထက် ဟာသတွေလျှောက်လုပ်ပြီး ရိုက်တာက ပိုများနေခဲ့တယ် ...း) ဓါတ်ပုံရိုက်အပြီးမှာ ဗိုက်ကလဲတော်တော်ချောင်သွားပြီးမို့ MRT စီးပြီး City Hall အနီးက မန္ထလေးအကင်ဆိုင်မှာ ညစာစားဖြစ်ခဲ့တယ် ....။
ကျမကအစားအသောက်စားတာ အရမ်းနည်းပေမယ့် ( လူကြားကောင်းအောင်ပြောတာပါ ... အဟဲး) ရှမ်းခေါက်ဆွဲသုတ်နဲ့ ငါးကင်ဆိုရင်တော့အရမ်းကြိုက်လို့ အားရပါးရစားဖြစ်ပါတယ်း) ....
မန်းလေးအကင်ဆိုင်က လက်ရာကလဲ မြန်မာပြည်မှာ စားရသလိုပဲတော်တော်လေး စားလို့ကောင်းပါတယ်။

 
ညစာစားပြီးတဲ့နောက်မှာ ကျမရဲ့ အခန်းဖော်က MRT မစီးချင်ဘူး လိုင်းကားနဲ့ပဲ ပြန်ရအောင်ဆိုတော့ ကျမကပဲ သိသလို တတ်သလိုနဲ့ ဆရာလုပ်ပြီး မှတ်တိုင်တစ်ခုဆီကို ဦးဆောင်ခေါ်သွားခဲ့ပြီး Express ကားအလာကို စောင့်နေခဲ့ကြပါတယ် ...။
နောက်တစ်နာရီလောက် စောင့်တဲ့ထိ ဘတ်စ်ကားကမလာတော့မှ မှတ်တိုင်ကို သေသေချာချာကြည့်လိုက်တော့   နေရာလွဲပြီးစောင့်နေမှန်းသိတော့တယ် ... ( တော်တော်လဲ တော်တဲ့ မိနှင်းးD )
မိုးတွေကလဲ အရမ်းကို သဲကြီးမဲကြီးရွာနေတော့ ရထားနဲ့ပြန်ဖို့ဆုံးဖြတ်ပြီး ဘူတာဘက်ကို ထပ်ပြီးလမ်းလျှောက်ခဲ့ပြန်တယ် ...။
မိုးသဲထဲမှာ ရေတွေကလဲစို ... ဗိုက်ကလည်းပြည့် ... တစ်လမ်းလုံးဟာသတွေပဲပြောရင်း ရယ်လိုက်မောလိုက်နဲ့ပဲ ဒရွတ်တိုက်ပြီး အိမ်ကိုပြန်ရောက်ခဲ့ကြတယ် ....။
ကျမရဲ့ ခရစ်စမတ်စ် တစ်ညတာက ပြီးခဲ့သော ခရစ်စမတ်စ်ညတွေကလိုမဟုတ်ပဲ တိတ်ဆိတ်ခြောက်သွေ့စွာနဲ့ ဒီလိုပဲ ကုန်ဆုံးသွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘ၀လေးနဲ့ကိုယ်တော့ ကျမတို့ ပျော်ရွှင်ခဲ့ကြပါတယ် ....။
တစ်ခါတစ်လေမှာ စိတ်ပျက်စရာ စိတ်ညစ်စရာ စိတ်အားငယ်တာတွေရှိနေတတ်ပေမယ့် ကိုယ့်စိတ်ကိုယ်နေတတ်အောင် နေတတ်ဖို့ ကြိုးစားတတ်တဲ့ သူတစ်ယောက်ဖြစ်ဖို့သာ အရေးကြီးပါတယ်...။ *တစ်ကယ်တော့ ဘ၀တွေဆိုတာ နေတတ်ရင် ကျေနပ်ပျော်ရွှင်စရာတွေချည်းပါပဲ.....*

အားလုံးလဲပဲ  မကြာခင်ရောက်လာတော့မယ့် 2011 ကို ပျော်ရွှင်ချမ်းမြေ့စွာနဲ့ စိတ်သစ်လူသစ်နဲ့ ကြိုဆိုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ...။

အားလုံးကိုချစ်ခင်လေးစားလျှက်....

နှင်းဟေမာ
(25 Dec 2010 )

Friday, December 17, 2010

“အလွမ်းပင်အောက်မှာ... နှင်းတွေပျောက်တဲ့ည...”


အခုလိုပဲ နှင်းတွေ တစ်ဖွဲဖွဲ .... ကျနေခဲ့တဲ့အချိန် ......
အေးမြသော ဆောင်းတစ်ညရဲ့ အလှပဆုံးသော အချိန် ....
လမ်းမပေါ်က ရောင်စုံမီးအလှတွေနဲ့ ခမ်းနား တောက်ပနေတဲ့အချိန်
ခရစ်စမတ်စ်ရဲ့ တေးသီချင်းသံတွေ ...လေထဲမှာ လွင့်ပျံသီကျူးနေခဲ့ချိန် ....


“ ဤအိမ်ပေါ်မှာ ...ကောင်းချီးမင်္ဂလာ ရောက်စေသော် ရောက်စေသော် ...... ဤအဆောင်ပေါ်မှာ ...ကောင်းချီးမင်္ဂလာ ရောက်စေသော် ရောက်စေသော် ........”
ဆိုတဲ့ ခရစ်စမတ်စ် ဆုတောင်းသီချင်းသံတွေနဲ့ ကျမသိပ်ချစ်ရတဲ့ ဂီတသံတွေက ကျမတို့ ရန်ကင်းဆောင်ကြီးတစ်ခုလုံးမှာ လွင့်ပျံလို့နေခဲ့တဲ့ အချိန်ပေါ့ ........ ။


အခါတိုင်းနှစ်တွေကလိုပဲ .... အဲဒီခရစ်စမတ်စ်မှာ .... ကျမတို့ အခန်း(၅) အဆောင်သူတွေ ဦးဆောင်ပြီး အာလူးထမင်း နဲ့ ငါးထမင်းနယ်တွေကို ..... ငှက်ပျောဖက်တွေနဲ့ လက်မလည်နိုင်အောင် ထုတ်ကြရင်း ပျော်ရွှင်နေခဲ့ကြတဲ့ညဆိုလဲ မမှားပါဘူး  ....။


အဲဒီညမှာ ကျမတို့အဆောင်မှူးနဲ့ အဆောင်တွင်းက သူငယ်ချင်းများရဲ့ မိတ်ဆွေတွေ ၊ ဘုရားကျောင်းက မိတ်ဆွေတွေလဲ သီချင်းတွေ လာရောက်သီဆိုကြမှာဖြစ်တဲ့အတွက် ...ဟောခန်း အကျယ်ကြီးတစ်ခုထဲမှာ စုပေါင်းဝိုင်းဖွဲ့နိုင်ဖို့ အခမ်းအနားလေးတစ်ခုကိုပါ ပြင်ဆင်ခဲ့ကြပါတယ် ...။

                            **************************************

ရင်ခုန်စရာကောင်းတဲ့ အဲဒီ ခရစ်စမတ်စ်ညမှာပဲ ....တစ်ဖွဲ့ပြီး တစ်ဖွဲ့သီဆိုဖျော်ဖြေကြတဲ့ တေးသီချင်းသံတွေကို နားဆင်ခံစားရင်း ကျမတို့အားလုံးပျော်နေခဲ့တယ်....။

အားလုံးထဲမှာ ကျမ သတိထားလိုက်မိတဲ့ အသံပိုင်ရှင်က  စစ်စိမ်းရောင်ဂျာကင်ကို ၀တ်ဆင်ထားပြီး ဂစ်တာတစ်လက်ကို ကျွမ်းကျင်စွာ တီးခတ်နေခဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်...။

ကျမရင်ထဲမှာ အံ့သြခြင်း .... မယုံကြည့်နိုင်ခြင်းတွေနဲ့ပေါ့.... သူ့ကို သတိထားမိပြီး ကြည့်လိုက်မိတဲ့အချိန်မှာ .... မမျှော်လင့်ပဲ နှစ်လိုဖွယ် ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်တဲ့ သူ့အပြုအမူကြောင့်...ကျမ ပိုပြီး အံ့သြသွားခဲ့မိတာတော့ အမှန် ...

စိတ်ထဲမှာ ဇဝေဇ၀ါနဲ့ သူ့ကို မကြာခဏဆိုသလို ခိုးကြည့်ဖြစ်တော့ ဘုရားသခင် .... သူလဲ ကျမကို မကြာခဏ ပြုံးပြီး ကြည့်နေခဲ့တာလေ.....
သူ့အကြည့်တွေထဲမှာ ရင်းနှီးမှုအရိပ်အယောင်တွေ ပါဝင်နေခဲ့တယ်ဆိုတော့ သူလည်း ကျမကို အမှတ်တရရှိနေခဲ့သေးတာပေါ့ .....

အခုလို မျှော်လင့်မထားခဲ့တဲ့ အချိန်မှာ ... မမျှော်လင့်ပဲ ပြန်လည်ဆုံတွေ့လိုက်ရတာ ကျမအတွက်တော့ တစ်ကယ့်ကို မယုံကြည်နိုင်စရာ တစ်ခုလိုပါပဲ.....။
သူနဲ့ကျမ ခဏ ဆိုမှ ခဏလေးပဲ အပြင်မှာဆုံခဲ့ကြတာပါ....။

သူက “ရီးနေးဆန်း (Renaissance)” ဆိုတဲ့ နံမည်တစ်ခုနဲ့ အောင်မြင်စပြုနေတဲ့ ဂီတ အနုပညာ သမားတစ်ယောက်လေ ... ။

ကျမကတော့ သူ့ အသံကို စွဲစွဲလန်းလန်းနဲ့ အရမ်း ခရေဇီဖြစ်ခဲ့သူ ပရိတ်သတ်ထဲက တစ်ယောက်ပေါ့....။
မဂ္ဂဇင်းတစ်ခုမှာ သူ့ပုံပါတဲ့ အင်တာဗျူးလေးကို ဖတ်လိုက်ရတာနဲ့ အဲဒီစာအုပ်ကို အပြီးအပိုင်ဝယ်ထားခဲ့လိုက်တာ ... ကျမရဲ့ တိတ်တစ်ခိုးရူသွပ်မှုကိုတာ သူသိရင် ဟားတိုက်ရယ်မောနေမှာလား ....
ကျမရဲ့ ရူးသွပ်မှုက အဲလောက်နဲ့တင် မပြီးဆုံးသေး ....

“ရေချမ်း ရေ ... နင့်ရဲ့ ဆိုင်ဖွင့်ပွဲမှာ ရီနေးဆန်း ကို ခေါ်လို့ မရဘူးလား ....”  ဆိုတဲ့ ကျမရဲ့ တောင်းဆိုမှုကို ရေချမ်းထူး က အလွယ်တစ်ကူပဲ လိုက်လျောခဲ့တော့ ..... ကျမ တစ်ကယ်ပဲပျော်ရွှင်သွားခဲ့သေးတာ...


ရေချမ်းထူး လို့ခေါ်တဲ့ ကောင်လေးနဲ့ ကျမ က တစ်မြို့ထဲသား ငယ်သူငယ်ချင်းတွေ....ကျောင်းပြီးပြီးချင်းမှာပဲ နှစ်ဘက်မိဘတွေရဲ့ သဘောတူညီမှုနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ကြတယ်....။


သူက ကျမနဲ့ သက်တူ ၊ အရွယ်တူ ဆိုပေမယ့် ကျမထက် အများကြီးရင့်ကျက်တည်ငြိမ်သလို ကျမက ကိုယ်ပိုင်စီးပွားရေးပဲ လုပ်ရမလိုလို ... အစိုးရအလုပ်ပဲဝင်တော့မလိုလို ယောင်လည်လည်ဖြစ်နေတဲ့အချိန်မှာကတည်းက သူကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နိုင်တဲ့သူ တစ်ယောက်ဖြစ်ခဲ့တယ် ....။


ရေချမ်းထူးက ကျမဘ၀အတွက် အသင့်တော်လုံး ဘ၀လက်တွဲဖော်တစ်ယောက်အဖြစ် ကျမဘ၀ကို အများကြီးနားလည်ပေးနိုင်တဲ့ လက်တွဲဖော်အဖြစ် လက်ခံခဲ့ရင်း ကျမရဲ့အနာဂတ်အတွက် သူ့ကို အခိုင်အမာ ရွေးချယ်ဖြစ်ခဲ့တယ်....။
ဆိုင်ဖွင့်ပွဲမတိုင်ခင် တစ်ပတ်လောက်က ရေချမ်းထူး ကျမဆီကို ဖုန်းဆက်လာခဲ့ပြီး.....

“ မိပိန် ... ဆိုင်ဖွင့်ပွဲနီးပြီနော် ... နင့်ကို ငါလာခေါ်မယ် ခွင့်တင်ပြီး ခွင့်ယူဖို့လုပ်ထားလိုက်ဦး ... နင်ပြောတဲ့ ရီးနေးဆန်း တို့ အဖွဲ့လဲပါမယ် တစ်ခြားနံမယ်ကြီး အဆိုတော်တွေလဲ ဖိတ်ထားတယ် တဲ့.....”

အဲဒီနေ့က ကျမအရမ်းပျော်သွားခဲ့သလို ကျမအပေါ်မှာ အလိုက်သိတဲ့ ရေချမ်းကိုလဲ အရမ်း ကျေးဇူးတင်တာပဲလို့ ပြောဖြစ်လိုက်သေးတယ် .... ။
စီးပွားရေးလုပ်ငန်းတွေနောက်မှာပဲ အငမ်းမရလိုက်နေတတ်တဲ့ ရေချမ်းထူးကတော့ ကျမရေးနေတဲ့ ကဗျာတွေ စာတွေကို သူ့ရဲ့ကုန်ပစ္စည်းစာရင်းတွေလောက်တောင် တန်ဖိုးမထားတတ်သူဖြစ်တယ်...။
ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ၊ နာကျင်ခြင်း ကြေကွဲခြင်းဆိုတဲ့ စိတ်ခံစားမှုစကားလုံးတွေကို ဟာသတစ်ပုဒ်လောက်တောင် တန်ဖိုးမထားတတ်တဲ့ အဲဒီကောင်လေးက .......

“ နင်ပျော်ရင် ငါလဲပျော်တာပါပဲ မိပိန်ရယ် ဆိုတဲ့ ....စကားတစ်ခွန်းလောက်ကိုပဲ
ဝတ်ကျေတမ်းကျေ ပြောတတ်ခဲ့သူဖြစ်တယ် ....

သူ့ရဲ့ သီချင်းခွေတွေထဲမှာ သူ့ပုံကို ရံဖန်ရံခါဆိုသလို တွေ့နေကျဆိုပေမယ့် အပြင်မှာတော့ သူ့ကို ရေချမ်း
ရဲ့ ဆိုင်သစ်ဖွင့်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဘူးခဲ့တာပေါ့...။

အဲဒီည ဆိုင်ဖွင့်ပွဲပြီးဆုံးသွားတော့ .... ရေချမ်း ကပဲ...

“ကိုဆန်း ဒါကျတော့်ရဲ့ .... ဇနီးလောင်း လေ ... ကျတော်တို့က ငယ်သူငယ်ချင်းတွေပဲ ...  သူငယ်ချင်းတွေအားလုံးကတော့ သူ့ကို ချစ်စနိုးနဲ့ မိပိန် လို့ခေါ်တယ် ....သူ့နံမည်အရင်းက....“ ဖြူစင်သူ..တဲ့ ... မှတ်ထားဦးနော် ...  ”

“ဟုတ်ကဲ့ မဖြူစင်သူ တွေ့ရတာတစ်ကယ်ပဲ ၀မ်းသာပါတယ် ... ကျတော့်ကို အပြင်မှာတွေ့လဲ ခေါ်ပါ ကျတော်လဲ ရင်းရင်းနှီးနှီးပဲ မဖြူစင်သူ ကို မိပိန်လို့ ခေါ်လို့ရမလားတဲ့...”

ရင်းရင်းနှီးနှီးနဲ့ ပြုံးပြီးမေးလာခဲ့တဲ့ သူ့ကို ကျမခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရင်း
“ဟုတ်ကဲ့ ခေါ်လို့ရပါတယ်... လို့ ပြန်ဖြေဖြစ်ခဲ့သည် ...။

သူက အနုပညာသမားတစ်ယောက်ဆိုပေမယ့် ကျမထင်ထားတာထက် အများကြီး ရင့်ကျက်တည်ငြိမ်မယ့် မျက်နှာမျိုး ဖြစ်တယ် ...
သူ့ရဲ့လေးထောင့်ကျကျမေးရိုးတွေနဲ့ စူးရှတဲ့ မျက်ဝန်းတွေက သာမန်အနုပညာသမားနဲ့မတူပဲ စိတ်ကူးယဉ်မှုထက် လက်တွေကျကျ ဘ၀ကို တည်ဆောက်မယ့် မျက်နှာမျိုးလို့ ကျမ သုံးသပ်လိုက်မိတယ်....

ကျမကိုတွေ့တွေ့ချင်း... ဖြတ်ခနဲငေးစိုက်ကြည့်လိုက်တဲ့ မျက်ဝန်းနက်တွေကို ချက်ချင်းဆိုသလို တည်ငြိမ်တဲ့အရောင်တစ်ခုပြောင်းလဲနိုင်ခဲ့တာဟာ သူ့ရဲ့အရည်အချင်းတွေပဲလား  ... အနုပညာသမားတစ်ယောက်ရဲ့ မာယာတွေလားဆိုတာ ကျမ မခွဲခြားတတ်ခဲ့ပါ ....။
လှစ်ခနဲ တစ်ချက်ရယ်လိုက်တဲ့ အဲဒီ့အပြုံးတွေမှာ လျှို့ဝှက်ခြင်းသင်္ကေတတွေ ပါဝင်နေခဲ့တယ်ဆိုတဲ့
ကျမရဲ့ ခပ်ကြောင်ကြောင်အတွေးက တစ်ကယ်ပဲ မှန်ကန်နေခဲ့တာလား  ....။

သေချာတာ တစ်ခုကတော့ အဲဒီနေ့ည စတွေ့ခဲ့ချိန်က အစပြုပြီး ကျမသူ့ကို ပိုမိုစွဲလန်းခဲ့မိတာပါလို့ တော့ အားလုံးကို ကျမ အရိုးသားဆုံး ၀န်ခံချင်မိတယ်....။

အဲဒီနေ့က “တွေ့ရတာ ၀မ်းသာပါတယ် ...လို့ တိုးတိတ်စွာနှုတ်ဆက်လိုက်ရင်း ...
အခုမှ တွေ့ဆုံခွင့်ရတဲ့ တစ်စိမ်းယောင်္ကျားလေးတစ်ယောက်အပေါ်မှာ အလွယ်တစ်ကူ ယိမ်းယိုင်မိခဲ့တဲ့ ကျမနှလုံးသားကိုတော့ ရှက်ရွံ့စွာ ဖုံးကွယ်ခဲ့ချင်သေးတာ ....။

 ကျမတို့နှစ်ဦးစလုံးရဲ့ ရင်ဘတ်ထဲကစကားသံတစ်ချို့ကို အပြန်အလှန်ဘာသာပြန်နေခဲ့တာလားလို့ အတိအကျ မပြောပြနိုင်ခဲ့ပေမယ့်.... သူနဲ့ကျမရဲ့ အဲဒီတစ်ညတာဆုံတွေ့မှုကစလို့ နံရံရဲ့ တစ်ဘက်စီမှာ ခြားနားထားပြီးသားဖြစ်တဲ့ အဲဒီ မျက်ဝန်းတစ်စုံကိုမှ ကျမ အရူးအမူးတမ်းတဖြစ်ခဲ့တာ ... မှားယွင်းမှုတွေရဲ့အစ ဆိုရင် မမှားခဲ့ပါဘူးကွယ် .....။ 

                          *****************************************

အတွေးတစ်ချို့နဲ့ ငေးငိုင်နေခဲ့တဲ့ ကျမကို ...

 “ မိပိန် ... စစ်စိမ်းရောင်ဂျာကင်ဝတ်ထားတဲ့ တစ်ယောက်ရဲ့စတိုင်လ်က အရမ်းမိုက်တယ်နော်  အသံလဲအရမ်းကောင်းတယ် .... အဲဒါ အခုနောက်ပိုင်း နံမည်တော်တော်ရနေတဲ့ အဆိုတော်ရီနေးဆန်းဆိုတာလေ ... အဲဒီ့လူက ခဏ ခဏ ရှင့်ကို ခိုးကြည့်နေတာ ရှင်သိတယ်မို့လား ... လို့ ကျမသူငယ်ချင်း သဉ္ဇာ က အနားကိုကပ်ပြီး တိုးတိုးလေးပြောလိုက်တယ် .....”

“ထုံးစံအရပဲ ကျမရဲ့ ညစ်ပေပေ အမူအရာအတိုင်း.. ဘယ်သူ့ကိုပြောတာလဲ သဉ္ဇာ ... မိပိန် သတိမထားမိပါဘူး”  ဆိုတဲ့ မုသားတစ်ခွန်းကိုပဲ ကျမ ဗြောင်ကျကျ သုံးလိုက်မိတယ် .....။
တော်တော်လည်း မျက်စေ့လျှင်တဲ့ သဉ္ဇာမ ဟု စိတ်ထဲက ရေရွတ်နေတုန်းမှာပဲ .....

“မိပိန် ရှင်က ဖြူစင်သူ ဆိုတဲ့ နံမည်လေးနဲ့လိုက်အောင်ကို ရှင့်မျက်နှာလေးက အပြစ်ကင်းပြီး ချစ်စရာကောင်းနေလို့ထင်တယ် အားလုံးထဲမှာ ရှင်က ဘာမှပြင်ဆင်မထားပဲကို ပေါ်လွင်နေတယ် ...အားလုံးထဲမှာမှ သူရှင့်ကို သတိထားမိတာ အံ့သြစရာပဲနော် ...... သဉ္ဇာလဲ ရှင့်လောက်ချစ်စရာမကောင်းချင်နေပါစေ ... ရှင့်လောက်အရပ်မြင့်ပြီး ရှင့်လိုပဲ မဲနက်ဖြောင့်စင်းနေတဲ့ ဆံပင်ရှည်ရှည်လေးတွေကို ပိုင်ဆိုင်ရရင်ပဲ တော်ပါပီတဲ့ ....

“မြှောက်မနေစမ်းပါနဲ့ ဒေါ်သဉ္ဇာရယ် ... ကျူပ်မှာ ဘာမှကျွေးစရာမရှိဘူး ရော့ ... လက်မဆေးပဲ နယ်ထားတဲ့ အာလူးထမင်းနယ်သာ အ၀စားလိုက်တော့ .... လို့ စကားကို ပိတ်ပြောလိုက်မှ သူငယ်ချင်းမမက ပါးစပ်ပိတ်သွားခဲ့တယ် ...။

ပြောရမယ်ဆိုလျှင် ကျမအပါအ၀င် ကျမတို့အဆောင်ထဲက အမျိုးသမီးလေးတွေ အားလုံးရဲ့ မျက်လုံးတွေက စစ်စိမ်းရောင် ဂျာကင်အကျီပိုင်ရှင်ဆီမှာပဲ ရောက်နေကြမယ်ဆိုတာ ကျမ သိပ်သိတာပေါ့ ... သူက အခုတစ်လောလူတော်များများရဲ့ အားပေးမှုကို ရရှိနေခဲ့သူလေ ... ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့အောင်မြင်မှုနဲ့ အနုပညာအတွက် ကျမ သူ့ကိုယ်စား ၀မ်းမြောက်မိခဲ့တယ် ... သူ့နံမည်ကို အော်ခေါ်နေကြတဲ့ ပရိတ်သတ်ရဲ့ အသံတွေအတွက် သူ့ကိုယ်စားကျမလဲ ထပ်တူကြည်နူးမိတယ် ...

သူက နံမည်ရနေတဲ့ အဆိုတော်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင်တောင် .....
အဆောင်မှာပြောနေကျ စကားနဲ့ ပြောရရင်... SKB (ဆော်ကြည်ဘဲ) ဆိုတဲ့ နံမည်တစ်ခုနဲ့ အဆောင်ထဲက မမတွေရဲ့ ပါးစပ်ဖျားမှာ ပြောမဆုံးပေါင်တောသုံးထောင်ရေပန်းစားနေမယ့် ပုံစံမျိုးလေ...

မိန်းကလေးတော်တော်များများ စိတ်ဝင်စားခံရတဲ့ လူတစ်ယောက်ဆိုရင် အရေးမလုပ်သလို ခပ်တင်းတင်းလုပ်ပြချင်တဲ့ပုံစံကလည်း ကျမရဲ့ မူပိုင်စတိုင်လ်တစ်ခုလို့ ပြောရမလား ... ။
အဲလို မိန်းမမျိုးကိုမှ သူကလဲ အရူးအမူး စွဲလန်းခဲ့သူတဲ့လေ .....

သူက သိသိသာသာ သတိထားမိပြီး နှုတ်ဆက်ပြုံးပြခဲ့တာတောင် ကျမက ဟန်ဆောင်မြိုသိပ်ပြီး အသိအမှတ်မပြုသလို ခပ်တည်တည် တုံ့ပြန်ခဲ့ခဲ့တာ ....။
အားလုံးက သူ့ကို သတိထားပြီး စိတ်ဝင်စားနေချိန်မှာ ကျမရဲ့တုံ့ပြန်မှု အတွက်တော့ သူ ကျမကို တော်တော်အထာကိုင်တဲ့ မိန်းမလို့ ကောက်ချက်ချလေမလား မပြောတတ် ...။

သို့ပေမယ့် မတတ်နိုင် ... အနည်းငယ်ညစ်ကျယ်ကျယ်နိုင်လှတဲ့ ကျမရဲ့မွေးရာပါ စိတ်ဓါတ်ကို က အဲလိုလုပ်လိုက်ရမှ ကျေနပ်သူလေ... ဂရုမစိုက်တဲ့အမူအယာနဲ့ပဲ လက်ထဲက  အာလူးထမင်းနယ်ကိုသာ အားပါးတရ ငုံ့စားဖြစ်ခဲ့တယ် ....။


                         **********************************************

ဘယ်လိုမှ မျှော်လင့်မထားပါဘူး ... ကျမထိုင်နေတဲ့ စားပွဲရှိရာကို စစ်စိမ်းရောင်ဂျာကင်ပိုင်ရှင်က ဖြေးဖြေးချင်းလျှောက်လာခဲ့တယ် .... တန်းတန်းမတ်မတ် ကျမဆီလျှောက်လာနေတဲ့ သူစတိုင်လ်မှာ ယုံကြည်မှုတွေအပြည့်ရှိနေသလိုပဲ ....မာနကင်းမဲ့တဲ့ အရိပ်အယောင်တွေကို အထင်းသားတွေ့မြင်နေရတယ် ..... ပြီးတော့ နွေးထွေးလှိုက်လှဲ စွာနဲ့ သူ ကျမကို နှုတ်ဆက်ခဲ့တာက....

“မိပိန် ကျတော့ကို မှတ်မိတယ်မို့လား  .. ကျတော် ကိုဆန်းလေ ....ဖြူစင်သူ ရဲ့... တဲ့

အိုး .. သူကျမ ကို တစ်ကယ်မှတ်မိတာပဲ ... ဖြူစင်သူ ဆိုတဲ့ နံမည်ကိုရော မိပိန်ဆိုတဲ့ ချစ်စနိုးနံမည်လေးကိုရော သူခေါ်လိုက်တာ ....
အခုတစ်ခါ သူကျမကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ဘယ်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိသော အရောင်တွေနဲ့ တစ်ဖျတ်ဖျတ်လင်းလက်တောက်ပလို့ ....
လျှို့ဝှက်ခြင်းကင်းနေတဲ့ သူ့နှုတ်ခမ်းမှာတွဲခိုလာတဲ့ အပြုံးတွေက ကျမနှလုံးသားရဲ့ ရင်ခုန်ခြင်းကို ရှက်ရွံ့ခြင်းကင်းစေခဲ့တာလား ... ကျမ မပြောတတ် ....

“ ကျမ မှတ်မိပါတယ် ... ကျမက  ရှင့်ရဲ့ပရိတ်သတ်တစ်ယောက်ပဲလေ ... လို့ တည်ငြိမ်စွာ ဆိုဖြစ်တော့

“ဟုတ်ရဲ့လား  ... ဒါဆိုရင်တော့ ကျတော် သိပ်ပျော်ပါတယ်ဗျာ ....ဒါနဲ့ မိပိန် ဒီကို ဘယ်လိုရောက်နေခဲ့တာလဲဟင် ... ဆိုတဲ့ သူ့ရဲ့ အံ့သြနေတဲ့မေးခွန်းတစ်ခုအတွက် ...

“အော် ကျမ ဒီစက်ရုံမှာ တာဝန်ကျနေတဲ့ ၀န်ထမ်းလေ .......အခုလှမ်းမြင်နေရတဲ့
ခွဲမှူးတွေနေတဲ့ အ၀ါရောင် အဆောင်ကြီ်းမှာ ကျမနေပါတယ် ...... ”  လို့ဆိုတော့

“အိုး .......ဟုတ်လား ကျတော်က မိပိန်ကို လွန်ခဲ့တဲ့ ခြောက်လလောက်က  ကိုရေချမ်းထူး မိတ်ဆက်ပေးတော့လေ ... ကလေးလေးတစ်ယေက်လိုပဲ မြင်ခဲ့တာ ....
မိပိန်က အရာရှိပေါက်စပါလား ဒီမြို့လေးက ကျတော့်မြို့လေးပါ မိပိန် ... ခရစ်စမတ်စ်နေ့တိုင်းမှာ ကျတော့် မြို့လေးကို ရောက်အောင်လာတတ်တယ် ပြီးတော့ ခရစ်စမတ်စ် ညတွေမှာ ကျတော် ခုလိုပဲ ငယ်သူငယ်ချင်းတွေနဲ့ အပျော်တမ်းလျှောက်ဆိုဖြစ်တယ်လေ  .... ကျတော်မျှော်လင့်မထားခဲ့ပဲ
ဒီညမှာ .. ကျတော် အတွေ့ချင်ဆုံး သူတစ်ယောက်နဲ့ တွေ့ခွင့်ရခဲ့လို့ ... ကျတော့်အတွက်တော့ ဟောဒီ့ခရစ်စမတ်စ် က အဓိပ္ပါယ်အရှိခဲ့ဆုံးပါပဲ မိပိန် ..... တဲ့ ”

သူအလေးအနက်ထားပြီး ကျမကို ရင်းရင်းနှီးနှီးစကားတွေပြောနေခဲ့တာ ကျမအတွက် အိပ်မက်တစ်ခုမှာ နစ်ဝင် စီးမျောနေရသလိုပါပဲ ....
အနည်းငယ် အဖျားခတ်တုန်ရင်နေခဲ့တဲ့ သူ့စကားသံတွေထဲမှာ မယုံကြည်နိုင်စရာ ကြေကွဲရိပ်တွေ ပါနေခဲ့တာ ဘာကြောင့်များလဲ ... သူ့မျက်ဝန်းထဲမှာ လွမ်းဆွတ်မှုတွေရှိနေခဲ့တာကရော  ... အနုပညာသမားတစ်ယောက်ရဲ့ မာယာတွေများလား ....
ကျမ သူ့ကို ယုံကြည်ချင်ပါတယ် .....


                                     ***********************************

ဒါတွေဟာ တိုက်ဆိုင်မှုသက်သက်လို့ပဲ ဆိုရမလား လွန်ခဲ့တဲ့ ၆ လလောက်မှာ သူနဲ့ကျမ တစ်ကြိမ်တစ်ခါလေးပဲ အပြင်မှာ ဆုံဘူးခဲ့တာလေ ...

နှစ်ယောက်လုံးရဲ့ ရင်ထဲမှာ ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်းနဲ့ ထပ်တူညီမျှတဲ့  .....ကြေကွဲမှုတွေ ကိုယ်စီကိန်းအောင်းနေခဲ့ကြသတဲ့လား ..... ဘာပဲဖြစ်ဖြစ် ဒါဟာ ကျမနဲ့သူ့အတွက် ကျိန်စာသင့်ခဲ့တာပဲ ဖြစ်မှာပါလေ ......

“မိပိန် Happy Xmas နော် ....ကျတော့်ကို သွားခွင့်ပြုပါဦး ...ကျတော် သီချင်းဆက်ဆိုလိုက်ဦးမယ် ....အားပေးနော်  ....လို့ အနားနားကပ်ပြီး တိုးတိုးလေး ပြောသွားခဲ့သူကို ခေါင်းတစ်ချက်ငြိမ့်ပြဖြစ်ခဲ့တယ်...။

လူတွေသတိထားပြီး ကြည့်နေတဲ့အချိန်မှာ အဲဒီလောက်ထိ ရင်နှီးစွာပြောနေခဲ့ကြတဲ့ ကျမတို့နှစ်ယောက်ကို ဘယ်လိုမြင်ကြမလဲဆိုတာကို သူလုံးဝ ဂရုမစိုက်ခဲ့သလို ကျမလည်း ဂရုမစိုက်ချင် .... အဲဒီအချိန်မှာ ...

“ချစ်ဆွေရယ် ၀မ်းမြောက်စွာတေးဆိုမယ် .. ဘုရားဂုဏ်တော် မွေးနေ့မှာ ပြုံးပျော်မယ် ... ဆိုတဲ့ တေးသီချင်းက ကျမရဲ့ အာရုံစုစည်းမှုတစ်ခုကို ပြန်လည်နိုးထစေခဲ့တယ် ....။

သူ့အသံက အနည်းငယ်သြရှရှတဲ့ အေးမြတိတ်ဆိတ်တဲ့ အသံရှင်မျိုးဖြစ်တဲ့အတွက်  ငြိမ်သက်မှုတစ်ခုကို အလွယ်တစ်ကူညှို့ငင်နိုင်သော ဆွဲဆောင်မှုရှိသည့် အသံဟု ကျမ မြင်သည် ....။

ရီးနေးဆန်း ဆိုတာ သိသွားကြပြီး ပရိတ်သတ်ရဲ့ တောင်းဆိုမှုတွေနဲ့ တစ်ပုဒ်ပြီး တစ်ပုဒ်သီဆိုသွားခဲ့တဲ့
သူ့ရဲ့ တေးသီချင်းသံကြားမှာ ကျမကိုယ်တိုင်လည်း နစ်ဝင်စီးမျောမိရင်းပေါ့ ....  ခံစားချက်ပေါင်းများစွာနဲ့ လွမ်းစရာကောင်းတဲ့ ခရစ်စမတ်စ်ညဟာလည်း  ပြီးဆုံးကာနီးခဲ့ပါတယ်...။

“နောက်ဆုံးအနေနဲ့ ကျတော့်ရဲ့နောက်ဆုံးထွက်မယ့် စီးရီးစ်ထဲက သီချင်းသစ်လေးတစ်ပုဒ်နဲ့ ပရိတ်သတ်ကို နှုတ်ဆက်ချင်ပါတယ် ...
ဒီသီချင်းလေးက ကျတော့်ရင်ထဲမှာ တိတ်တခိုးစွဲလန်းမိတဲ့ ကောင်မလေးတစ်ယောက်ကို တမ်းတမိရင်း....ရည်ညွှန်းရေးဖွဲ့ဖြစ်တာပါ .....
သီချင်းနံမည် လေးက စီးရီးစ် Title ရဲ့ခေါင်းစဉ်လေးပါပဲ ......
“ဖြူစင်သူသို့ ....” လို့အမည်ရပါတယ် .....”

အားလုံးရဲ့ လက်ခုပ်သံတွေ ဆူညံသွားခဲ့သလို .... အဆောင်ထဲက အမျိုးသမီးလေးတွေရဲ့ မျက်ဝန်းတွေကလဲ ကျမဆီကို စုပြုံပြီးရောက်လာခဲ့ကြတယ် ... ကျမ ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ပါ ....
ကျမမျက်နှာကို ငေးပြီး သီဆိုနေခဲ့တဲ့ သူ့သီချင်းသံတွေကြားမှာ ခံစားနားဆင်ရင်း သီချင်းဆုံးတဲ့အထိ သူ့ကိုပဲပြန်လည်ငေးမောဖြစ်ခဲ့တယ် ....။

သဉ္ဇာ က ကျမလက်နှစ်ဘက်ကို ရုတ်တစ်ရက် ဆုတ်ကိုင်လာရင်း .....

“မိပိန် ရှင်တို့ နှစ်ယောက်မှာ အဲလောက်ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းတွေရှိခဲ့တာလား ... ဒီသီချင်းက ရှင့်အတွက်သူရေးခဲ့တယ်ဆိုတာ သေချာတယ် ... ဟော အခုလည်း ကြည့်လေ ... ရှင့်မျက်နှာကို မလွတ်တမ်းငေးကြည့်ပြီးတော့ ဖြူစင်သူသို့ ဆိုတဲ့ သီချင်းကို လေးလေးနက်နက် သူဆိုနေခဲ့တာ ရှင်သိလား ..... တဲ့ .... ဘေးက ကျမတောင် ငိုချင်လာတယ် မိပိန်ရယ်တဲ့ ....

ကျမ ဘာမှ မကြားချင်ပါ ... ဘာကိုမှ မသိချင်တော့ပါ ... သူဘာတွေသီဆိုသွားခဲ့တာလဲ ကျမ တစ်ကယ်မခံစားချင်ခဲ့တော့ ...
ကျမနှလုံးသားက ပျော့ပျောင်းနုညံ့သလောက် ကျမဘ၀ထက် နှလုံးသားရဲ့ဆန္ဒ ကို မလိုက်နိုင်ခဲ့တာ ခွင့်လွှတ်ပါလို့ ရင်ထဲမှာ တိတ်တိတ်လေး တောင်းပန်ရင်း ညှိုးနွမ်းနေတဲ့ သူ့မျက်လုံးတွေကို နောက်ဆုံးနှုတ်ဆက်လိုက်ပါသည် ....။

သူတို့ရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပြီးဆုံးသွားပြီမို့ အစားအသောက်တွေနဲ့ ဧည့်ခံနေကြသည် ....။
အဲဒီအချိန်မှာ သူကတော့ ဂစ်တာတစ်လက်ကို ကျောမှာသိုင်းလွယ်ရင်း စီးကရက်တစ်လိပ်ကို သောက်ကာ နှင်းတွေဝေနေခဲ့တဲ့ တောင်တန်းပြာတွေကို ငေးမောနေခဲ့ပါတယ်....။

ကျမဆီကို တစ်လှမ်းချင်းလျှောက်လာခဲ့ရင်း ....ကျမဘေးက ခုံလေးမှာ ၀င်ထိုင်လိုက်တယ် .....။
ဆောင်းတွင်းရဲ့ အအေးဓါတ်ကြောင့် ပါးစပ်ထဲက အငွေ့တွေကို မကြာခဏဆိုသလို လွှင့်ထုတ်နေရင်း ..... အတန်ကြာ နှုတ်ဆိတ်နေခဲ့သူ က....... 

 “ မိပိန် ကျတော် ပြန်တော့မယ်နော် ... တဲ့ ...
ကျမ သူ့မျက်နှာကို မကြည့်ပဲ ခေါင်းတစ်ချက်ကိုပဲ ငြိမ့်ပြလိုက်တော့ ....

“မိပိန် ... ကျတော့်ဘ၀မှာ ... မြင်မြင်ချင်းချစ်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို တစ်ကြိမ်တစ်ခါလေးပဲဖြစ်ဖြစ် ရိုးသားစွာနဲ့ ချစ်တယ်လို့တော့ ပြောခွင့်ရချင်ခဲ့တာပါ  ....
ကျတော့်ကို ခွင့်လွှတ်ပါနော် ... တဲ့ ...

စိတ်ကူးမယဉ်သင့်တော့ပေမယ့် သူ့အလိုလိုဖြစ်တည်လာခဲ့တဲ့ စစ်မှန်တဲ့ ခံစားမှုကို  ကြေကွဲစွာ ထိမ်းချူပ် မြိုသိပ်ယုံမှတစ်ပါး အခြားမရှိခဲ့တော့တာ သူရော ကျမရော အလိုလိုနားလည်လက်ခံထားပြီးသား ဖြစ်ပါသည် ...။

“ကျတော့်အချစ်ကို အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် မိပိန် ...  ဘယ်လိုမှ ဆုံဆည်းခွင့် မရနိုင်တော့ပေမယ့် ကျတော့် နှလုံးသားထဲမှာ နောက်ကျမှတွေ့ခဲ့ကြပေမယ့်  ဖြူစင်သူ ဆိုတဲ့  မိန်းမတစ်ယောက်နဲ့မှ ....ရူးမိုက်စွာချစ်ခဲ့မိတာပါ.... ”

ခြောက်ကပ်ကပ် လေသံတစ်ခုကို တိုးနိုင်သမျှ တိုးရင်း တံတွေးတစ်ချက်ကို မြိုလိုက်တဲ့ သူ့ရင်ထဲကခံစားချက်နဲ့ သူ့နှလုံးသားရဲ့ ကွဲအက်သံကို ကျမနှလုံးသားနဲ့ နားဆင်ခံစားနိုင်ခဲ့ပါသည် ....။
 
ပါးပြင်ပေါ်မှာ ပေါက်ကနဲကျလာတဲ့ မျက်ရည်တစ်စက်ကိုပါ သူမသိအောင် ဆံနွယ်တစ်ချို့နဲ့ ဖုံးကွယ်ထားလိုက်ရင်း  .... နှင်းငွေ့တွေ လွှမ်းခြုံနေခဲ့တဲ့ စွယ်တော်လမ်းဘက်ကို ခပ်သွက်သွက် လျှောက်လှမ်းခဲ့လိုက်မိတယ်.........

ကျမသူ့အတွက် ဘာတစ်ခုမှ ပြောစရာစကားမရှိသလို ဟန်ဆောင်ခဲ့ပေမယ့် ... ဟာလာ ဟင်းလင်းဖြစ်နေတဲ့ နှလုံးသား တစ်ခုလုံးကတော့ သည်းသည်းထန်ထန် ငိုကြွေးနေခဲ့တယ် .....

တစ်ကယ်တော့ ကျမတို့အသက်အရွယ်တွေက ဆယ်ကျော်သက်တွေလို လေတိုက်တိုင်းလှုပ်ခတ်ပြီး သစ်ရွက်ကြွေတိုင်း ရယ်မောနေမယ့်အစား ဘ၀ကို လက်တွေ့ကျကျသွားရတော့မယ့် အပိုင်းအခြားတွေလေ ....။

“ ဆုံဆည်းခွင့် မပေးခဲ့ပေမယ့် ... ရှင်နဲ့ ခေတ္တခဏ တွေ့ဆုံခွင့်ပေးလိုက်တဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ထာဝရ အောက်မေ့ရင်းပေါ့ ..........

အထူးသဖြင့် ဟောဒီခရစ်စမတ်စ်ညတွေ ရောက်တိုင်း....
အခုလို နှင်းတွေတဖွဲဖွဲကျနေတာကို မြင်တွေ့ခွင့်ရတိုင်း....
ခရစ်စမတ်စ်ညရဲ့ တေးသီချင်းသံတွေ လေထဲမှာလွင့်ပျံလာတိုင်း ....
အခုလို လမ်းမ လမ်းသွယ်ထက်မှာ ရောင်စုံမီးအလှတွေနဲ့ ခရစ်စမတ်စ်ရဲ့ညကို အလှဆင်ထားတဲ့ မြင်ကွင်းတွေတွေ့ခွင့်ရတိုင်းပဲ ..... ကျမ ရှင့်ကို လွမ်းနေဦးမှာပါ ..... လို့ ရင်ထဲကပြောမိတဲ့ အသံတွေကို သူကြားနိုင်မည်မဟုတ်ပါ .......

ရှင့်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်မိတဲ့ ကျမကို ခွင့်လွှတ်ပါ .... ...။
ကျမက တစ်စုံတစ်ဦးရဲ့ ကျောခိုင်းမှုကို ခံရမှာကို စိုးရိမ်ထိန့်လန့်မိသူလေ ....
အထူးသဖြင့် ကျမ သိပ်ချစ်ခဲ့ရတဲ့ ရှင့်လိုလူတစ်ယောက်ရဲ့ စတင်ကျောခိုင်းမှုမျိုးကို ကျမ မခံစားနိုင်ဆုံးပါပဲ .....။

ဖြူစင်ဖွေးလွတဲ့ နှင်းတွေကတော့ ဒီဇင်ဘာညရဲ့ခရစ်စမတ်စ်အလှကို လှသထက်လှအောင် ခြယ်သပေးနိုင်ကြပေမယ့် ကျမရဲ့အတ္တနဲ့မာနကတော့ စစ်မှန်တဲ့ကျမတို့နှစ်ယောက်ရဲ့ချစ်ခြင်းတစ်ခုကို အရုပ်ဆိုးအကျည်းတန်စေခဲ့တာ ကျမကိုခွင့်လွှတ်ပါလို့ ရင်ထဲကပဲ တောင်းပန်ခဲ့မိရင်း .......
လွမ်းစရာကောင်းတဲ့ ခရစ်စမတ်စ်ညဟာလည်း ကြေကွဲခြင်းတွေနဲ့ မိုးလင်းသွားခဲ့တယ် ......။

ဘယ်လိုပဲဖြစ်ဖြစ်ပါ ....အလွမ်းပင်အောက်မှာ နှင်းတွေပျောက်ခဲ့ပေမယ့် ဒီဇင်ဘာလရဲ့ ခရစ်စမတ်စ်ည တစ်ညရောက်တိုင်း ... သူ့နှလုံးသားရင်ပြင်ထက်က မှတ်တိုင်တစ်နေရာရာမှာ  ကျမနဲ့ပတ်သတ်တဲ့အရိပ်လေး တစ်ခုတစ်လေတော့ ထင်ကျန်ခဲ့မှာပါလေ .....................။

                                ************************************

လာမယ့် ၂၅ ဒီဇင်ဘာ ၂၀၁၀ မှာ ရောက်လာတော့မယ့် ခရစ်စမတ်စ်ညလေးအတွက် ကျမ ဒီပို့စ်လေးကို အမှတ်တရ ရေးဖြစ်ခဲ့တာပါ ....။
ကျမနဲ့ထပ်တူထပ်မျှ ခံစားပေးကြတဲ့ မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ် ...... ။
အားလုံးပဲ Happy New Year and Happy Christmas  ပါ ....း)

ချစ်ခင်လေးစားလျှက် .....

နှင်းဟေမာ...
( 17 December 2010 ) 04:28 pm

Monday, December 13, 2010

ကျန်ရစ်ခဲ့သော ဒီဇင်ဘာ


သတင်းတွေမကြားရတော့တဲ့
တစ်ခဏဆိုတဲ့ကာလဟာ ....
ဘာမှ မပြောပလောက်ပေမယ့် ...
ငါ့အတွက်တော့ အားလုံးနဲ့ ကမ္ဘာခြားခဲ့သလိုပါပဲ ...
ဒီဇင်ဘာ ....။


နွေးထွေးမှုတွေနဲ့ ကင်းဝေးခဲ့တဲ့
နေ့ရက်တွေကနေ ရေတွက်ရင် ...
မင်းနှုတ်ဖျားက စကားသံတစ်ချို့ကို
နားဆင်ခွင့်ရဖို့ ကြိုးစားမိတဲ့ရက်က
အဆပေါင်းများစွာ ပိုများနေခဲ့တယ် ....


မဖြစ်နိုင်တော့ပေမယ့် ...
“...... ရေ လို့ ခေါ်သံကြားတိုင်း
ယောင်ယောင်ပြီး ထူးခဲ့မိတဲ့ ဆောင်းညချမ်းက...
ငါ့ကို အမြဲတမ်းလှောင်ပြောင်နေတာ
ရက်စက်လွန်းပါလား ဒီဇင်ဘာရယ်...


တစ်ကယ်တော့
လွဲနေတဲ့ မာနနဲ့ မှားနေတဲ့ကာလတွေကြားက
အမှန်တစ်ကယ်အလင်းပျောက် သွားခဲ့သူက
အမြဲအားငယ်တတ်တဲ့ မင်းရင်ခွင်ထဲက
ကြယ်လေးတစ်စင်းဆိုတာ
လမင်း ကောင်းကောင်းသိသင့်တယ်...


ပြန်မပြောချင်တော့တဲ့ သက္ကရာဇ်တစ်ခုရဲ့
သမိုင်းတစ်ပုဒ်ကိုသာ
ပြန်လည်ပြင်ဆင်ခွင့်ရမယ်ဆိုရင်လေ...
ဟောဒီ့ ဆောင်းညချမ်းတွေက စလို့
အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ချင်ခဲ့တာ....
မင်း အသိဆုံးပါ .. ဒီဇင်ဘာ ...


မဖြစ်နိုင်ခဲ့ပေမယ့် ....
ဒီဇင်ဘာ ဆောင်းမနက်ခင်းတစ်ခုအောက်က
ဆွယ်တာအနီရောင်လေးနဲ့
အူကြောင်ကြောင် ကောင်မလေးတစ်ယောက်ကိုများ
ကယောက်ကတမ်း မင်း တွေ့ခဲ့မိမယ်ဆိုရင် ...


သူမှန်းကိုယ်မှန်း မသဲမကွဲသေးတဲ့
နှင်းမှုန်ဖွဲဖွဲတွေကြားက
စစ်ကိုင်းလမ်းတစ်နေရာမှာသာ မင်းနဲ့ငါတွေ့ခဲ့ကြရင်....


ဘတ်(စ်)ကား အအိုကြီးပေါ်က
ဂျာကင်ဖြူဖြူလေးနဲ့ .....
သနပ်ခါးရနံ့တွေသင်းနေတဲ့
ကောင်းမှုတော်ရင်ပြင်ပေါ်မှာများ
တို့နှစ်ယောက် ....ဆုံခဲ့ကြရင် .....


ရင်လှိုက်သည်းလှိုက်နဲ့ ....
တစ်ဘ၀စာလုံးအတွက် မင်းငါ့ကို ပြုံးပြမှာလား .....
ကြိုများသိတတ်ခဲ့ရင် ....
ပြောပြစမ်းပါဦး ဒီဇင်ဘာ .....


အရိုးသားဆုံးဝန်ခံရရင် .....
မြောင်းနံဘေးက တမာလမ်းလေးနဲ့
ထွန်းသစ်စ လို့ အမည်ရတဲ့
မန်းလေးလမ်းမပေါ်က ကဖေးဆိုင်လေးကအစ
ဆူးကုန်းက ပီစီအို ဖုန်းဆိုင်လေးကအဆုံး
အရာအားလုံးကို ... အစ အဆုံးဆိုသလိုပဲ
ငါလွမ်းနေတုန်းပါ   ဒီဇင်ဘာရေ ....


အကောင်းဆုံးတွေကိုသာ တည်ဆောက်ခဲ့တဲ့ကြားက
မှားပြီးရင်း မှားခဲ့ကြတဲ့ ဘ၀တွေကြားမှာ
ဆုတောင်းပြည့်တယ်ဆိုပြီး အမြဲရောက်ခဲ့တဲ့
ရွှေသိမ်တော်ဘုရားကုန်းကိုများ
မင်းနဲ့အတူ သွားခွင့်ရဦးမယ်ဆိုရင်ပေါ့
နောက်ဆုံးအနေနဲ့ တောင်းဆုတစ်ခုပဲပြုချင်ခဲ့တာလဲ
ပြောပြပေးပါ  ဒီဇင်ဘာ ....


မရိုးသားခဲ့ခြင်းတွေထဲက
ရိုးသားမှုကို ပြန်လည်ရှာဖွေရင်း .....
နာကျည်းခြင်းတွေထဲက
နွေးထွေးမှုတွေကို ပြန်လည်အောက်မေ့ရင်း
မှားယွင်းခြင်းတွေထဲက
အမှန်တရားတစ်ခုအတွက် ဆက်လက်ရှင်သန်ရင်း
အစစ်မှန်ဆုံးချစ်ခြင်းတစ်ခုကို
ချစ်သူ အကြွင်းမဲ့ လက်ခံပေးမယ့်ရက်ကို
အယူခံဝင်..... ရေတွက်နေရင်းနဲ့
မိုးစုန်းစုန်းချူပ်သွားခဲ့တဲ့ညနေခင်းမှာ
နာကျင်စွာ ကျန်ရစ်ခဲ့ရသူကလည်း
လမင်းရဲ့ ရင်ခွင်ထဲက အရောင်မှိန် ကြယ်လေးတစ်စင်းပါပဲ
ဒီဇင်ဘာရယ် ...........။





အားလုံးကိုချစ်ချင်လေးစားလျှက်...


နှင်းဟေမာ
(13 December 2010 4:38 pm)

ကျေးဇူးတင်ပါတယ် ...

တစ်ကယ်တော့ ဒီဇင်ဘာလမှာ ကျမ စာတွေအများကြီးရေးချင်ခဲ့တာပါ ...မမျှော်လင့်ပဲ ဘလော့သက်တမ်းကုန်သွားခဲ့ပါတယ်...။
ကျမရဲ့ဘလော့စာမျက်နှာလေးကို အမှတ်တရ လာရောက်ကြသူမောင်နှမတွေက နှင်းရေ ... ဘယ်လိုဖြစ်တာလဲဆိုပြီး စိုးရိမ်စွာနဲ့ သတင်းမေးလာကြမှပဲ ကျမ ဘလော့လေး ပိတ်သွားမှန်း သိခွင့်ရလိုက်ပါတယ်း)
ဝိုင်းဝန်းပြီး သတိပေးကြသူများ .... အထူးသဖြင့် ... မွေးနေ့မတိုင်ခင်ကတည်းက မွေးနေ့လက်ဆောင်လေးကို မအားလပ်တဲ့ကြားက မှတ်မှတ်ရရ ရေးပြီးလာပေးထားတဲ့ မမနှင်း (နှင်းနဲ့မာယာ) ၊ ကျမဘလော့လေး ပြန်လည်အသက်ဝင်လာအောင် အစစအရာရာ အကူအညီပေးခဲ့တဲ့
မချော( အစိမ်းရောင်လွင်ပြင် ) ရဲဖြိုးသူ (စကားဝါမြေ) နဲ့  .... ပြီးခဲ့သော ကျမမွေးနေ့လေးမှာ အမှတ်တရဖြစ်အောင် http://www.hninhaymar.com/ ကိုလက်ဆောင်ပေးခဲ့တဲ့ ဘယ်ရောက်နေမှန်းမသိပဲ ပျောက်ချက်သားကောင်းနေတဲ့ ကြွက်စုတ်လေး နွယ်ရိုးးp ၊  www.hninhaymar.com ကိုဆက်လက်ပြီးရှင်သန်ခွင့်ရအောင် အမှတ်တရ လက်ဆောင်ပေးခဲ့တဲ့ “သူ  နဲ့အတူ .....း) ကျမရဲ့ဘလော့လေး ယနေ့ထိ ရှင်သန် ရပ်တည်နိုင်အောင် ၀ိုင်းဝန်းကူညီပေးခဲ့ကြသူ ၊ ဖေးမကူညီကြခဲ့ကြသူ ဘလော့ဂါ မောင်နှမများနဲ့ ကျမရဲ့ ရောက်တတ်ရာရာ ပေါက်ကရစာများကို သီးခံဖတ်ရှုပေးကြသော စာဖတ်သူအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်လို့ ဒီနေရာလေးကနေပဲ ပြောကြားရင်း  ကျမအမြတ်နိုးဆုံး http://www.hninhaymar.com/ ကို ဒုတိယအကြိမ်မြောက် ပြန်လည်အသက်သွင်းလိုက်ပါတယ် ...း)

အားလုံးကိုချစ်ခင်လေးစားလျှက်...

နှင်းဟေမာ

Wednesday, November 10, 2010

ဂီတဗိမာန်



ရှေးကတေးသံ ... မင်္ဂလာရှိလို့နေပြန် ..... မြန်မာတွေမှာ လွတ်လပ်ရေးရပြန် ....
ဆင်းရဲခြင်း ကင်းအောင်လည်းကြံ .... မြည်ချိုသံသာ ဗိမာန် ဗိမာန် ဂီတအသံ ....
ပြည်ထောင်အသွင်သဏ္ဍန် .... ရည်မျှော်တွေးရန် .... အမျိုးသားအသံ သြော် အမျိုးသားအသံ ..... စီးပွားပညာ အရေးတွေဖွံ့ဖြိုးရန် .... အလှူမဏ္ဍပ်အသံ .... ဗျောသံ ဗျောသံ .... မင်္ဂလာစည်နဲ့ ရှေးဗုံကြီးသံ ... အလွန်ကိုကျက်သရေ ... တိုးလို့ဝေဆာပြန် ....
ကျွန်လိုခေတ်မှာ အလင်းရောင်ပေးတာ တို့အသံ ...
သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာ တို့အသံ .....
သြော် ကျွန်လိုခေတ်မှာ အလင်းရောင်ပေးတာ တို့အသံ ...

သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာ တို့အသံ .....
နားဝင်ချိုမြည်ပြန် ... ထန်တျာစုံအေး တေးဂီတသံအမှန်

ညှင်းသွဲ့သွဲ့ ..... တေးချိုချိုအသံ ... မတင်းမလျော့တဲ့ စောင်းတော်မူမှန်
သတင်းမသေးတဲ့ ... အေးကြူကြူဂီတ အသံ ....
လူငယ် လူကြီးတို့ ဂီတဗိမာန် တေးသီချင်းခံ...
သြော် လူငယ် လူကြီးတို့ ဂီတဗိမာန် တေးသီချင်းခံ...
အနုစိတ်ပညာ သံသာ မင်္ဂလာဝေဖြာ ဂီတဗိမာန် အသံ ...
ကျွန်လိုခေတ်မှာ အလင်းရောင်ပေးတာ တို့အသံ ...

သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာ တို့အသံ .....
သြော် ကျွန်လိုခေတ်မှာ အလင်းရောင်ပေးတာ တို့အသံ ...
သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာ တို့အသံ .....
နားဝင်ချိုမြည်ပြန် ... ထန်တျာစုံအေး တေးဂီတသံအမှန်......


ဂီတဗိမာန် တေးသီချင်းကို - မယ်ခုမျှော် ... ရွှေမိုးလေးက ညိုတယ် ... ပုစွန်ဆိတ်ကလေး ... စတဲ့ နံမည်ကြီး မြန်မာခေတ်ဟောင်း တေးသီချင်းများစွာကို ရသမြောက် ပေါ်လွင်အောင် ရေးဖွဲ့ နိုင်သော တေးရေးဆရာ -တက္ကသိုလ်စိုး က ရေးစပ်သီကုံးထားပြီး....သန်းဖေလေးက သီဆိုထားပါတယ် ...။
အနှစ်သာရ ပြည့်ဝသော တေးသီချင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင်  ကျမ အရမ်းနှစ်သက်မိတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်လို့ အားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ် ....။
( ဆားချက်လိုက်ခြင်းဖြစ်ပါတယ်းD )

အားလုံးကိုချစ်ခင်လေးစားလျှက်...

နှင်းဟေမာ
( 10 Nov 2010 )

Thursday, November 4, 2010

ကမ္ဘာမကျေ....



 “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ... တို့ပြည် .. တို့မြေ ... များလူခပ်သိမ်း ... ငြိမ်းချမ်း စေဖို့ ... ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့ပြည် ... တို့ပြည် .. တို့မြေ ..... ”

ဆိုတဲ့ ကျမတို့  မြန်မာတစ်မျိုးသားလုံးရဲ့ ရင်ထဲအသည်းထဲမှာ ကိန်းအောင်းစေခဲ့တဲ့ နိုင်ငံတော်သီချင်းကို မူရင်းအနေနဲ့ ရေးစပ်ခဲ့သူမှာ ၀ိုင်အမ်ဘီ ဆရာတင် ဖြစ်ပါသည်...။

မြန်မာနိုင်ငံတော် သီချင်း၏ မူလအစမှာ "တို့ဗမာ" သီချင်းဖြစ်သည့်အတွက် ထိုသီချင်းရေးသူ ၀ိုင်အမ်ဘီ ဆရာတင်ကို နိုင်ငံတော် သီချင်းရေးသူဟု ခေါ်ဆိုကြပါသည်။

ဝိုင်အမ်ဘီ ဆရာတင်ကို ခရစ်နှစ် ၁၈၉၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၅၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ တနင်္လာနေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပါသည်။

မိဘများမှာ မန္တလေးမြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်နေ သီပေါမင်း၏ အမှုထမ်း သွေးသောက်ကြီးဟောင်း ဦးရန်အောင်နှင့်ဇနီး ဒေါ်သိန်းတို့ ဖြစ်သည်။ ဆရာတင်၏ ငယ်နာမည်မှာ မောင်တင်ဖြစ်ပြီး မွေးချင်း ၃ ဦးအနက် သား အလတ်ဖြစ်သည်။

မောင်တင် အသက် ၇ နှစ် အရွယ်တွင် မန္တလေးမြို့ ဗုဒ္ဓဘာသာ သာသနာ့နုဂ္ဂဟ (B.T.N.) ကျောင်းတွင် "၇" တန်းအထိ ပညာသင်ယူခဲ့ပြီး "၇" တန်း အောင်မြင်ပြီးနောက် ကယ်လီကျောင်းသို့ ပြောင်းရွေ့ခဲ့သည်။ ကယ်လီကျောင်းမှ ၁၉၀၉ ခုနှစ် အသက် “၁၇” နှစ်အရွယ်တွင် ဒသမတန်း အောင်မြင်ခဲ့သည်။

ဒဿမတန်း အောင်မြင်ပြီးနောက် ပထမဦးစွာ အလွတ်ပညာသင်ကျောင်းတွင် ကျောင်းဆရာ လုပ်ခဲ့သည်။ ၁၉၁၈ ခုနှစ်ခန့်တွင် မန္တလေးမြို့ ၈၄ လမ်း နှင့် ၃၆ လမ်းထောင့်တွင် ဗုဒ္ဓဘာသာ လူငယ်များကျောင်း (Young Men Buddhist) ကို ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဤသို့ဖြင့်ပင် ၀ိုင်အမ်ဘီ ဆရာတင် အမည် ဖြစ်လာခဲ့သည်။ ဆရာတင်သည်  မိမိကိုယ်တိုင်လည်း ဂီတပညာကို လေးလေးနက်နက် လိုက်စားဆည်းပူး သင်ယူခဲ့သည့်အပြင် မိမိ၏ တပည့်များကိုလည်း ဂီတပညာ သင်ကြားပေးရင်း ၀ိုင်အမ်ဘီ တူရိယာဝိုင်း တည်ထောင်ပေးခဲ့သည်။

ထို့နောက်တွင် ကျောင်းဆရာ မလုပ်တော့ဘဲ ဂီတနယ်သို့ ခြေစုံပစ်ဝင်ခဲ့ပြီး သီချင်းရေးဆရာ လုပ်ခဲ့ပါသည်။ သီချင်းရေးရာတွင် မန္တလေးမြို့၌သာမကပဲ ရန်ကုန်မြို့တွင်ပါ ဆင်း၍ ရေးခဲ့ရသည်။

အသံတိတ် ရုပ်ရှင်ဇာတ်ကားများအတွက် သီချင်းများ၊ ရန်ကုန်ဓာတ်ပြား ကုမ္ပဏီများအတွက် သီချင်းများ ရေးပေးခဲ့ရသည်။ ဆရာတင် ရေးခဲ့သော ကာလပေါ် သီချင်းပေါင်း လေးထောင်ကျော် ငါးထောင်နီးပါး ရှိသည်ဟု သူ၏တပည့်များက ပြောကြသည်။

ရန်ကုန်ဆင်း၍ သီချင်းရေးရင်း B.T.N ကျောင်းတွင် ကျောင်းနေဖက်ဖြစ်ခဲ့ဖူးသော သခင်ဘသောင်းနှင့် ပေါင်းမိသည်။ တို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်ပြီးနောက် ၀ိုင်အမ်ဘီ သခင်တင် ဖြစ်လာသည်။ သခင်ဘသောင်း၏ တိုက်တွန်းချက်အရ “တို့ဗမာ” သီချင်းကို ရေးသားခဲ့ပါသည်။

 “တို့ဗမာ” သီချင်း၏ တီးလုံး တီးကွက်ကို သခင်တင်က သူကိုယ်တိုင် ဘာဂျာဖြင့် အသံရှာ၍ စမ်းသပ် တီထွင်ပေးခဲ့သည်။ သီချင်းထဲတွင် ပါသော အမျိုးသား ချစ်ခင်ရေးသဘော၊ နိုင်ငံရေးသဘော၊ တစ်မျိုးသားလုံး ကျင့်ကြံရေးသဘော စသော အယူအဆများကိုတော့ သခင်ဘသောင်းက ကြံစည် စိတ်ကူးပေးခဲ့သည်။

သီချင်းရေးစပ်ပြီးနောက် သခင်လှဘော်နှင့် သခင်သိန်းမောင်တို့ကပါ စုပေါင်းဝေဖန်၍ သီချင်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးခဲ့ကြသည်။ သီချင်းကို သခင်တင်၏ သီချင်းရေးနေကျမူအတိုင်း ရေးသူ၏ အမည်ကို မထည့်ပဲထားခဲ့ရာ “တို့ဗမာ” သီချင်းကို ပုံနှိပ်ထုတ်ဝေသောအခါတွင်မှ “တို့ဗမာ အစည်းအရုံး၏ အစီအရင်ကိုခံ၍ ၀ိုင်အမ်ဘီ သခင်တင် စပ်ဆိုသည်” ဟု ခေါင်းစဉ် တပ်ပေးခဲ့ရသည်။

“တို့ဗမာ” သီချင်းကို ၁၉၃၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ရှိ ရာဟုထောင့် တန်ဆောင်း၌ ဆရာတင်ကိုယ်တိုင် သီဆိုခဲ့သည်။ “တို့ဗမာ” သီချင်း၏ အစချီ စကားမှာ “တကောင်းအဘိရာဇာ သာကီမျိုးဟာမို့” ဟူ၍ ဖြစ်သည်။

သီချင်းတွင် အပိုဒ် ၄ ပိုဒ် ပါရှိသည်။ တတိယ အပိုဒ်တွင် သံပြိုင်သီဆိုရန်မှာ ဤသို့ဖြစ်၏။

“(သံပြိုင်) ကမ္ဘာမကြေ၊ ဗမာတွေ (ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ ပြည်) ၃
(တို့ဗမာ)၂ ပြည် ကို တိုင်းသားအကုန်အစင် .. တို့ပြည်လို့ မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာသခင်”

ဝိုင်အမ်ဘီ သခင်တင်နှင့် သခင်ဘသောင်းတို့သည် မိမိတို့၏ တီးဝိုင်းသားများနှင့် “တို့ဗမာ” သီချင်းကို အလှူမင်္ဂလာမှအစ အသုဘအဆုံး အခွင့်အရေးရတိုင်း သီဆိုခဲ့ကြ၏။

၁၉၃၆ ခုနှစ် ဇူလိုင်လတွင် မြင်းခြံမြို့၌ ကျင်းပခဲ့သော “တို့ဗမာ” အစည်းအရုံး၏ ဒုတိယအကြိမ်မြောက် ညီလာခံတွင် “တို့ဗမာ” သီချင်းကို အမျိုးသားသီချင်းအဖြစ် ထပ်မံ၍ ဆုံးဖြတ်ချက် ချမှတ်အတည်ပြုခဲ့သည်။

၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရက သခင်တင်၏ “တို့ဗမာ” သီချင်းမူကို ယူ၍ အမျိုးသားသီချင်း စပ်ဆိုသောအခါ ဆုတော်ငွေ တစ်ထောင်ကျပ် ပေးခဲ့သည်။ သခင်တင်မှာ ပုသိမ်ဖက်သို့ ခရီးလွန်နေစဉ် အခြားသူတစ်ဦးက အမည်လိမ်ဖြင့်ငွေကို ထုတ်ယူသွားခဲ့သည်။

“တို့ဗမာ” သီချင်းကို အမျိုးသားသီချင်းအဖြစ် ပြင်ဆင်ရေးသားရာတွင် သခင်တင်ကို ဖိတ်ခေါ်ခဲ့သော်လည်း မကျန်းမာသောကြောင့် မတက်ရောက်နိုင်ခဲ့ပါ။ အခြား သီချင်းရေးဆရာများက စုပေါင်း၍ စပ်ဆိုခဲ့ကြသည်။

၁၉၄၈ ခုနှစ်အတွင်း သခင်တင်မှာ တီဘီရောဂါနှင့်င့် ကိုယ်ရောင်ရောဂါကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆင်းရဲစွာ တက်ရောက်ဆေးကုမှုခံယူခဲ့ရာ ဆေးရုံရောက်ပြီး နောက်တစ်နေ့ (နေ့ရက်အတိအကျမသိ) အသက် ၅၅ နှစ်အရွယ်ခန့်တွင် ကွယ်လွန် အနိစ္စ သွားခဲ့ပါသည်။

နိုင်ငံတော်သီချင်းကို ရေးသားခဲ့သော ဆရာတင်သည် ဆေးရုံတွင် အသုဘရှင် မရှိသောကြောင့် သခင်ထွန်းဖေက အသုဘရှင်အဖြစ် ကြံတောသုသာန်တွင် မြေမြုပ် သဂြိုဟ်ပေးခဲ့ရသည်။ အသုဘပို့သူ အနည်းငယ်တွင် အေ၀မ်းဦးတင်နွယ်၊ ဦးညီပု၊ ဦးတင်ယု၊ ဦးချင်းစိန်(ရွှေညာမောင်)တို့ ပါဝင်ခဲ့သည်။

သခင်တင် ကွယ်လွန်ပြီးနောက် ၂ နှစ်မြောက် ဒုတိယအကြိမ် မြန်မာပြည် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတက သခင်တင်ကို ၀ဏ္ဏကျော်ထင်ဘွဲ့နှင့် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ရာ တူမအရင်း ဒေါ်သက်ရှည်က (ကိုယ်စား ) လက်ခံရယူခဲ့သည်။

ချီးမြှင့်သော ရွှေတံဆိပ်မှာ သုံးကျပ်မူးတင်းသား ရှိသည်။ ၎င်းတံဆိပ်ကို နောင်လာနောက်သားတို့အတွက် အမှတ်တရ သိမ်းဆည်းထားသင့်သော်လည်း ဆင်းရဲနွမ်းပါးသော ဆရာတင်၏ အစ်မအရင်း ဒေါ်မိမှ မွေးဖွားသော တူ၊ တူမအရင်း ဒေါ်သက်ရှည်၊ ဒေါ်အေးသာနှင့် ဦးဘရီတို့က ထုခွဲရောင်းချကာ အချိုးကျ ခွဲဝေသုံးစွဲခဲ့ကြသည်။

၁၉၇၄ ခုနှစ်၌ အခြေခံ ဥပဒေသစ် ရေးဆွဲသည့်အခါတွင်လည်း အမျိုးသားသီချင်းကို အသစ်မရေးတော့ဘဲ သီချင်းဟောင်းကို ပြင်ဆင်သုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။ “ဗမာ” ဟူသော စကားရပ်အစား တစ်မျိုးသားလုံးပါ အကျုံးဝင်သော “မြန်မာ” ဟူသော စကားလုံးကို သုံးရန် အားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

(မောင်အုန်းဖေ ၏ “ဒီဟာအစ ဒီလိုက”စာအုပ်မှ ပြန်လည်ကောက်နှုတ်ဖော်ပြပါသည်)

အားလုံးကို ချစ်ခင်လေးစားလျှက်

နှင်းဟေမာ
( 4 Nov 2010 )

Thursday, October 28, 2010

ဆမ်ဘာဝမ်းတန်ဆောင်တိုင်ပွဲတော် ( 2010) ကိုစင်္ကာပူနိုင်ငံတွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်

စင်္ကာပူကျွန်းတွင်မှီတင်း နေထိုင်ကြသော ရွှေမြန်မာ ညီအစ်ကို၊ မောင်နှမ အားလုံးတို့အား ရိုသေလေးစားစွာဖြင့် ၀မ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည် ။

အမျိုး ၊ ဘာသာ၊ သာသနာ နှင့် မြန်မာ့ ယဉ်ကျေးမှု ရိုးရာအမွေအနှစ်များ မပျောက်ပျက်စေရန် ထိန်းသိမ်း စောင့်ရှောက်လျှက်ရှိသော စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်ဘုရားများနှင့် ကော်မတီဝင်များ၊ အလှူရှင်၊ စေတနာရှင်၊ အနုပညာဝါသနာရှင် လူကြီး ၊ လူငယ်များ စုပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်နေ့ ၊  လာမည့် ( ၂၁-၁၁-၂၀၁၀ ) တနင်္ဂနွေနေ့တွင်  ဆမ်ဘာဝမ်း တန်ဆောင်တိုင်ပွဲတော်ကြီးကို  ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်းအနီးရှိ Semberwang Park (ဆမ်ဘာဝမ်းပန်းခြံ) ၌ နံနက်( ၉း၃၀) မှ ညနေ( ၅း၀၀) နာရီ တိတိအချိန်အထိ  အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်...။

အခမ်းအနား အစီစဉ်များ

နံနက်ပိုင်းအစီအစဉ်              

နံနက် ၉း ၃၀ တိတိအချိန်တွင် ရိုးရာ တန်ဆောင်တိုင် ပွဲတော်ကို ဓမ္မဥယျာဉ်ကျောင်းဆရာတော်များ ၊ စတုဒီသာအလှူရှင်များ၊ ကထိန်သင်္ကန်း အလှူရှင်များ နှင့် အနုပညာရှင် ညီအစ်ကို မောင်နှစ်မများမှ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး စင်္ကာပူနိုင်ငံမှ ၀ါသနာရှင် အနုပညာမောင်နှမများနှင့်အတူ နန်းတော်ရှေ့ဆရာတင်၏ မြေးများဖြစ်ကြသော မင်းသား နန်းဝင်း နှင့် မင်းသမီး နန်းခင်မွှေး တို့မှ မြန်မာတေးသီချင်များ ၊ တေးသရုပ်ဖော် အကအလှများဖြင့် စတင်၍ ဖျော်ဖြေတင်ဆက်ပါမည်...။



နေ့လည်ပိုင်းအစီအစဉ်               

နေ့လယ်ပိုင်း အချိန်တွင် - “မန္တလေးသားစစ်စစ်ကြီး” ပြဇာတ်ဖြင့် နံမည်ကျော်ကြား လူကြိုက်များခဲ့သော မန်းရွှေမြို့တော်မှ - ဟာသလူရွှင်တော်ကြီး ဦးချစ်စရာ ရေးသားတင်ဆက်မည့် ""ကျီးမနိုးပွဲ" အမည်ရ အော်ပဒါ ဖြင့်လည်းကောင်း ၊

- နန်းတော်ရှေ့ဆရာတင်၏ မြေးများဖြစ်ကြသော မင်းသား-နန်းဝင်း နှင့် မင်းသမီး နန်းခင်မွှေး တို့မှ (နန်းတော်ရှေ့ဆရာတင် ကိုယ်တိုင်ရေးစပ်သီကုံးခဲ့သော အနုပညာလက်ရာသီချင်းများနှင့်အတူ) ကပြဖျော်ဖြေမည့် အငြိမ့်ခန်း တို့ဖြင့်လည်းကောင်း ကထိန်ပွဲလာ ရွှေမြန်မာ ပရိတ်သတ်များအား ယခင်နှစ်များနှင့်မတူ - တမူထူးခြားစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည် ။

ညနေပိုင်းအစီအစဉ်             

ညနေပိုင်းအချိန်တွင် မင်းသားနန်းဝင်း (နန်းတော်ရှေ့ဆရာတင်၏မြေး)ကိုယ်တိုင် ရေးသား တင်ဆက်မည့် ကထိန်သင်္ကန်းလှူဒါန်းရသောအကျိုးသွား ဇာတ်တော်လာ ပြဇာတ်ကို တန်ဆောင်တိုင်ပွဲတော်လာ ရွှေမြန်မာပရိတ်သတ်များ ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် ဟာသများစွာ ပေါင်းစပ်ကာဖြင့် ခေတ်နှင့် လျှော်ညီစွာ တင်ဆက်ကပြသွားမည် ဖြစ်ပါသည်...။

တစ်မူထူးခြား၍ မန္ထလေးမြို့ကျက်သရေဆောင် မင်းသားနန်းဝင်း ၊ မင်းသမီး နန်းခင်မွှေး ၊ ဟာသ လူရွှင်တော်ကြီး ဦးချစ်စရာတို့နှင့်အတူ နိုင်ငံကျော်ရွှေတံဆိတ်ဆုရှင် ဖိုးသင်္ကြန် မှ  စင်္ကာပူနိုင်ငံရောက် အနုပညာရှင်များနှင့် တွဲဖက်ကာ မြန်မာ့ဆိုင်းပညာဖြင့် ကူညီပံ့ပိုးတီးခတ် သွားမည်ဖြစ်ပါသည်....။

ကထိန်ပွဲသို့ ကြွရောက်လာကြသော ရွှေမြန်မာ ညီအစ်ကို ၊ မောင်နှမများကို ဓမ္မဥယျာဉ်ကျောင်း စတုဒိသာ အလှူရှင်မိသားစုများမှ -  မြန်မာ့ရိုးရာ စတုဒိသာ မြန်မာမုန့်များဖြင့် (အခမဲ့) တစ်နေ့တာလုံး  တည်ခင်း ဧည့်ခံကျွေးမွေးကြမည် ဖြစ်ပါကြောင်းကို ရိုသေလေးစားစွာဖြင့် သတင်းကောင်း ပါးအပ်ပါသည် ...။

သို့ဖြစ်ပါ၍ မြန်မာတို့၏ အမျိုး ၊ ဘာသာ သာသနာနှင့် ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုးစွာ တန်ဖိုးထား စောင့်ရှောက် ထိန်းသိမ်း ကြသော မြန်မာပြည်ဖွား မြန်မာနိုင်ငံသား အားလုံးတို့အနေဖြင့်- 

ယခုလာမည့် တန်ဆောင်မုန်းလပြည့် (၂၁-၁၁-၂၀၁၀) တနင်္ဂနွေနေ့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် ဓမ္မဥယျာဉ် မဟာဘုံကထိန်- တန်ဆောင်တိုင် ပွဲတော်ကြီးသို့ လာရောက်ကာ တစ်နှစ်တစ်ခါ ထူးခြားမွန်မြတ်စွာ ဆက်ကပ်ရသော ကထိန်သင်္ကန်းများ လှူဒါန်းကြရင်း ၊ မြန်မာအလွမ်းပြေ  စတုဒိသာ မုန့်ပဲသရေစာများကို မြိန်ယှက်စွာ စားသုံးရင်း ၊ ကြုံတောင့်ကြုံခဲလှစွာသော မြန်မာ့ရိုးရာ အနုပညာစစ်စစ်များကို ခံစား ကြည့်ရှုနိုင်ကြရန် အတွက် ရိုသေလေးစားစွာဖြင့်  သတင်းကောင်း ပါးလိုက်ပါတယ် ....။

 
တန်ဆောင်တိုင်ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ  ကူညီပံ့ပိုး လိုသူများအနေဖြင့်လည်း အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ တိုက်ရိုက်ဆက်သွယ်၍ ကူညီလှူဒါန်းနိုင်ကြပါကြောင်းလည်း ရိုသေလေးစားစွာဖြင့် ထပ်မံ၍ သတင်းကောင်း ပါးလိုက်ပါတယ် ...။

ဓမ္မဥယျာဉ်ကျောင်းကော်မတီ  - +65 64055322 / 98595661 / 97341415 / 91692235
ကိုဌေးဝင်း                         - +65 96666793
ဦးမြင့်စန်း                          - +65 92954247
ကိုအောင်ကျော်မြင့်              - +65 98301562 




အားလုံးကိုချစ်ခင်လေးစားလျှက်-

နှင်းဟေမာ
(28-10-2010) 2:47 pm