Monday, March 29, 2010

နှလုံးသား၏ ဘ၀စာမျက်နှာ ....

(၁)
“အစ်မ...အပြင်မှာ ဧည့်သည်ရောက်နေပါတယ်.... ” ဆိုတဲ့ Intercon မှထွက်ပေါ်လာတဲ့ အသံတစ်ခုကြောင့် ကျမရဲ့ လုပ်လက်စအလုပ်လေးတွေကို ခဏ ထားခဲ့လိုက်ရင်း ဧည့်ခန်း ဆောင်ဘက်ကို ထွက်လာခဲ့လိုက်သည်...။
“ အော် ... ဘယ်သူများပါလိမ့်လို့ .. ညီမလေး သိမ့် ပဲ .. မမလဲ ညီမလေးနဲ့ တွေ့ချင်နေတာနဲ့ အတော်ပဲ ရုံးခန်းထဲမှာပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့ ...လာ ညီမလေး”
ရိုးရိုးသားသားလေးနဲ့  သိမ်သိမ်မွေ့မွေ့လေးရှိလှတဲ့ သိမ့်လို့ခေါ်တဲ့ ကောင်မလေးက ကျမရဲ့ အားကိုးအားထားရသော ၀န်ထမ်းတစ်ယောက်ဖြစ်သည် ...။
သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုအတွက် အလုပ်ကနေ ခွင့်ရက်ရှည်ယူသွားခဲ့တာတောင် လအနည်းငယ်ကြာသွားခဲ့ပြီ.......
“ထိုင် ညီမလေး မမကို ဘာများပြောစရာတွေရှိနေမလဲ ...”
လို့ စကားစလိုက်ရင်း....သိမ့်ရဲ့ ရင်ဖွင့်သံလေးတွေကို ကျမအချိန်ပေး နောင်ထောင် ဆွေးနွေး ဖြစ်ခဲ့ပါသည်....။
အမြဲတမ်းပြုံးနေတတ်တဲ့ ညီမလေးတစ်ယောက်...အချစ်အတွက် တမ်းတ လွမ်းဆွတ်ခြင်းတွေလား ၊ နာကြင် ကြေကွဲရိပ်တွေလားဆိုတာ မသိရပေမယ့်  ဖြူစင်ရိုးသားမှုမျက်ဝန်းအိမ်လေးတစ်စုံမှာတော့ မျက်ရည်စက်လေးတွေ တွဲခိုလို့ နေခဲ့လေရဲ့ .... တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတဲ့ နောက်မှာ တောက်လောင်တဲ့ သောကမီးတွေက လူတစ်ယောက်ရဲ့ ဘ၀ကို ပူလောင်လွန်းလှပါသည်....။ ရင်ထဲမှာ လေးလံမွန်းကျပ်စွာနဲ့ပဲ သက်ပြင်းတစ်ချက်ကို မသိမသာချလိုက်မိရင်း....
“တစ်ကယ်တော့ ညီမလေးရယ် အိပ်မက်တစ်ခုကြေမွပျက်စီးသွားတာဟာ ဘ၀တစ်ခုလုံး ပျက်သုန်းသွားတာ မဟုတ်ပါဘူး ...”
“ တစ်ခါတစ်ရံမှာရူးမိုက်တတ်တဲ့ ချစ်ခြင်းတွေက  အနာဂတ်တစ်ခု တည်ဆောက်နိုင်ဖို့ အတားအဆီးတစ်ခု ဖြစ်သွားတတ်တယ်......”
အမှတ်မထင်ရလိုက်တဲ့ ဒဏ်ရာဆိုတာရှိခဲ့ရင်လည်း  အခိုက်အတန့်ပါပဲ ညီမလေးရယ်...လူတစ်ယောက်ရဲ့ဘ၀မှာ အဲဒီအရာတွေထက် အရေးကြီးတဲ့အလုပ်တွေ ၊ အဓိပ္ပါယ်ရှိတဲ့ အလုပ်တွေ လုပ်ဖို့ တာဝန် အသီးသီးရှိနေကြတယ်...တာဝန်သိတတ်ဖို့နဲ့ ဘ၀ကို ယုံကြည်ချက်အပြည့်နဲ့ရဲဝံ့စွာဆက်လျှောက်လှမ်းနိုင်ဖို ....အတွက်.....စိတ်ဓါတ်  ခွန်အား တွေတော့ လိုတာပေါ့ ....ညီမလေးရယ် ”
ကျမရဲ့ ခံယူချက်လေးတစ်ချို့ကို သူမလေးနာလည်သဘောပေါက်ဖို့  ပြောလိုက်မိရင်း....
အရာအားလုံးကို ပြတ်သားစွာ ဆုံးဖြတ်ကျောခိုင်းခဲ့ဘူးသော ၊ ဘ၀ကိုရဲဝံ့စွာလျှောက်လှမ်းခဲ့ဘူးသော အတိတ်က ပုံရိပ်တစ်ချို့ကို ပြန်လည် သတိရလိုက်မိသည်...။
အတိတ်ဆိုတာကိုပြန်လည်သတိရမိပေမယ့် ကျမရင်ထဲမှာ ဘယ်အရာကိုမှ တမ်းတလွမ်းဆွတ်ခြင်း ဆိုတာတွေလည်း ရှိမနေခဲ့တော့တာ သေချာပါသည် ....။ တစ်ချိန်က အရူးအမူးချစ်ခဲ့ဘူးတဲ့ ကျမနှလုံးသားတွေက အခုချိန်မှာ ကျမဖတ်နေကျဖြစ်တဲ့ ဘာသာရေး စာအုပ်တွေရဲ့စာတစ်ကြောင်းလောက်တောင် အရေးမပါခဲ့တော့ပါလားလို့ တွေးမိတဲ့အခါ ကျမရဲ့ နှုတ်ခမ်းတစ်စုံဟာလည်း ကျေနပ်စွာ ပြုံးနေခဲ့ပါလိမ့်မည်......။

(၂)
ဘာလိုလိုနဲ့ ရာသီစက်ဝန်းတွေတောင် တစ်ကျော့ပြီး တစ်ကျော့လည်ပတ်ခဲ့ပြန်ပြီ....။
လတ်ဆတ်အေးမြစွာ ဖြာကျလာတဲ့ နေရောင်ခြည်နံနက်ခင်းအောက်မှာ ယူနီဖောင်းလေးကို သေသေသပ်သပ် ၀တ်ဆင်ပြီး စာသင်ဆောင်ခန်းမဘက်ဆီသို့ ဦးတည်ခဲ့လိုက်သည်...။ စာသင်ခန်းအတွင်းက ခုံလေးတွေပေါ်မှာ ညီညာသေသပ်စွာ တင်ထားကြတဲ့ အစိမ်းရောင် ဆင်တူ လွယ်အိတ်လေးများ.......။
ကျမတို့အားလုံး ဘုရားခန်းရှိရာ ခန်းမဆောင်သို့ မသွားမီ စာသင်ခန်းကို စနစ်ကျ မကျ တချက်စစ်ဆေးလိုက်ကြသည်..။ ကျောင်းဝန်းတစ်ပတ် ပတ်လိုက်ရတာနဲ့ နည်းနည်းနောက်ကျသွားခဲ့ပြီ ထင်ပါရဲ့ ....။
တစ်နေ့တာ၏အစ မင်္ဂလာရှိသောနံနက်ခင်းတိုင်းမှာ မြတ်စွာဘုရားရှင်အား  ပန်း၊ ရေချမ်း ကပ်လှူ ပူဇော်ခြင်း၊ ငါးပါးသီလဆောက်တည်ခြင်း ၊ နေ့အလိုက်ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း ၊ ပဌါန်းဖြင့်ပူဇော်ခြင်း ၊ ပြီးမြောက်တဲ့အခါ ...မေတ္တာပို့ခြင်း ... အမျှပေးဝေခြင်းတို့အား အစဉ်အတိုင်း ပြုလိုက်ကြရသည်....။
အားလုံး ပြီးသွားတဲ့အခါမှာတော့ အတန်းကြီးတွေကနေ အတန်းငယ် ကလေးလေးတွေ တစ်တန်းခြင်းစီအလိုက် ဘုရားခန်းမဆောင်ကြီးကနေ စာသင်ဆောင်ဘက်သို့ အတန်းပိုင်ဆရာမများဖြင့် ညီညီညာညာ ထွက်ခွာသွားကြသည်....။
လုံခြုံနွေးထွေးလှသော မေတ္တာတရား၏ အရိပ်အောက်မှ ရှင်သန်ခွင့်ရကြတဲ့ ချစ်စရာ ကလေးငယ်လေးများနဲ့အတူ ဆရာမလေး သိမ့် ကိုရုတ်တရတ်ကြည့်လိုက်မိရင်း ..အော် ဘာလိုလိုနဲ့ သူမ ဒီကျောင်းလေးကို ပြန်လည်ပြီး တာဝန်တွေထမ်းဆောင်ခဲ့တာတောင် ရာသီ တစ်ကျော့ လည်ပတ်သွားခဲ့ပြီပဲ လို့ စဉ်းစားလိုက်မိသည်....။ အသက်ငယ်ပေမယ့် စိတ်ဓါတ်ခိုင်မာမှုရှိတဲ့ ... ဒဏ်ရာတွေရခဲ့ပေမယ့် အရိပ်မဲ့နေသော ပန်းကလေးတွေကို နွေးထွေးစွာစောင့်ရှောက်နိုင်မှုရှိတဲ့ နှလုံးသားဖြူစင်သော သူမလေးကို ကျမ ရင်ထဲမှာ.မလေးစားပဲ မနေနိုင် .....။
ဖက်ဖူးစိမ်းရောင် ချည်ထည်ပေါ်မှာ အဖြူရောင် ပိုးချည်မျှင်လေးတွေနဲ့ လှပစွာယက်ဖောက်ထားတဲ့ ချိတ်လုံခြည်လေးနဲ့အတူ အဖြူရောင်ရင်ဖုံးပန်းထိုးအကျီဆင်တူလေးတွေနဲ့ ယဉ်ကျေးသိမ်မွေ့စွာ စာသင်ကြားနေကြတဲ့ ဆရာမလေးများ ...၊ကျောင်းသားဝတ်စုံလေးတွေကို တူညီစွာ ၀တ်ဆင်ကြလျှက် တီတီတာတာ ကဗျာရွတ်ဆိုနေကြတဲ့ ကျမရဲ့ အသည်းပန်းကလေးများလို့ တင်စားလို့ရတဲ့ အရိပ်မဲ့ပန်းရိုင်းကလေးများ ..... မြင်ကွင်းအားလုံးကို မျက်စေ့တဆုံးငေးမောကြည့်မိရင်း ကျမရင်ထဲမှာ ကြည်နူးမှု အသင်္ချေနဲ့အတူ လှပတဲ့ နံနက်ခင်းတစ်ခုဟာလည်း အဓိပ္ပါယ်များစွာဖြင့် အသက်ဝင် တောက်ပ လို့နေခဲ့ပါသည်....။

(၃)
ငြိမ်းချမ်းသာယာမှုအတိပြီးတဲ့ ဒီကျောင်းလေးကို တောင်ပေါ်နယ်မြို့လေးနဲ့ မလှမ်းမကမ်းက တောင်ကမူလေးပေါ်မှာ တည်ဆောက်ထားခဲ့ပြီး ကျမသိပ်ချစ်တဲ့ တောရိုင်း တောင်ရိုင်းပန်းကလေးတွေကလည်း အပြာရောင်မိုးကောင်းကင်ကြီးအောက်က ဖြူစင်ဖွေးလွနေတဲ့ အဆောက်အဦးလေးတွေနဲ့အတူ အလွန်ပနံရစွာဖြင့် တင့်တယ်လှပလို့ နေခဲ့ပြန်ပါတယ်...။
အတွေးတွေနဲ့ လွင့်မျောနေခဲ့ရင်း ယနေ့အတွက် အရိပ်မဲ့နေကြရှာသော ကလေးငယ်လေးများကို မွေးနေ့ကုသိုလ်ပြုရန် တစ်ခြားသောမြို့တစ်မြို့မှအလှူရှင်မိသားစုများ ရောက်လာကြပေတော့မည်... ။ ကြိုတင်စီစဉ်စရာရှိတာလေးတွေကို  စီစဉ်ရန်အတွက် ဝေယျာဝစ္စပြုကြသော ၀န်ထမ်းများထံ သွားရောက်စီစဉ် ပေးရဦးမည် မဟုတ်ပါလား....။
တောင်ပေါ်မြို့လေးဆိုပေမယ့် ဆောင်းအကုန်နွေအကူး ရာသီဥတုကြောင့်ထင်သည်...နှဖူးပြင်ပေါ်က စီးကျလာတဲ့....ချွေးစလေးတွေကို လက်ကိုင်ပ၀ါလေးနဲ့ အသာအယာ သုတ်လိုက်ရင်း ...  ကျမခရီးတစ်ခုကို မသွားခင် အားလုံးတာဝန်လွှဲပြောင်းယူရမည့် သီတာလို့ခေါ်တဲ့ အသက် ၃၀ကျော်ဆရာမလေးနဲ့ အရေးကြီးလိုအပ်ချက်များကို ဆွေးနွေးတိုင်ပင်ခြင်းကို အဆုံးသတ်လိုက်ကြသည် ....။ ယနေ့မွေးနေ့ အလှူရှင်မိသားစုကို နှုတ်ဆက်စကား နှင့် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားရန်ရှိနေသေးသည် ...။ 
မွေးနေ့ရှင်ရဲ့စာရင်းလေးကို ပြန်ကြည့်လိုက်တော့ နှင်းကဗျာရဲ့အသက်(၁၀)နှစ်မြောက်မွေးနေ့အလှူ....တဲ့ ....။ ကျမနဲ့မွေးလတူတဲ့ မွေးနေ့ရှင် နှင်းကဗျာ ဆိုတဲ့ သမီးလေးအတွက် မှတ်မှတ်ရရဖြစ်စေရန် ရည်ရွယ်ပြီး ကျမရေးခဲ့သော နှလုံးသားရှင်သန်ရာ...ဆိုတဲ့ စာအုပ်လေးပေါ်မှာ သေသပ်လှပသော လက်မှတ်လေးတစ်ခုကို ထိုးလိုက်တယ်.....။
အဲဒီအချိန်မှာပဲ ဆရာလေး သိမ့် ရုတ်တရက်ရောက်လာပြီး ....
“အစ်မ ... အလှူရှင်တွေ ပြန်ကြတော့မယ် .. အစ်မနဲ့ တွေ့လို့ရမလားလို့လဲ မေးနေကြတယ် ....”
“အိုး ဟုတ်ပါရဲ့ ညနေတောင် စောင်းတော့မှာပဲ အလှူခန်းမထဲမှာ အားလုံးအဆင်ပြေချောမွေ့ကြရဲ့လား သိမ့် ” လို့  မေးရင်း ကျမတို့ အားလုံး မေတ္တာခန်မဆောင်ကြီးသို့ ဦးတည်ခဲ့လိုက်သည်....။

(၄)
မေတ္တာခန်းမဆောင်ကြီးဆိုတာက ကျမတို့ ဒီပရဟိတကျောင်းလေးရဲ့ တစ်ခုတည်းသော ခန်းမဖြစ်သည် ။တစ်ခါ တစ်ရံ မွေးနေ့ရှင်များက အဟာရဒါန ပညာဒါန ကျန်းမာရေးဒါနလေးတွေ လာရောက်လှူဒါန်ဒါန်းလျှင် အခမ်းအနားလေးနဲ့ စနစ်တစ်ကျ ကျင်းပပေးပါသည် ...။
တစ်ခါတစ်ရံမှာတော့ ဤကျောင်းလေးအတွင်းမှာ မှီတင်းနေမထိုင်ကြတဲ့ ကျမနဲ့ ၀န်ထမ်းများအားလုံး ၊ ကျမချစ်တဲ့ ကလေးငယ်လေးများအားလုံးအတွက် ဓမ္မသဘင်ပွဲများကျင်းပပေးသလို  ၊ ကျမငယ်ရွယ်စဉ်ကတည်းက လေးစားခင်မင်ခဲ့ရသော  ရွှေပြည်သူ ၊နှင်းနဲ့မာယာ ၊အနမ်း ၊ မေသစ္စာမောင် ၊  မယ်ကိုး ၊ လသာည ၊ နဲ့ ချော (အစိမ်းရောင်လွင်ပြင် )အစရှိတဲ့ အမျိုးသမီးစာရေးဆရာမကြီးများကလည်း တစ်နှစ်တစ်ခါဆိုသလို ကလေးငယ်လေးများအတွက် နှလုံးသားအဟာရဖြစ်စေမည့်အကြောင်းအရာများနှင့် မြန်မာအမျိုးသမီးငယ်လေးများအတွက် လိမ်မာယဉ်ကျေးမှုဆိုင်ရာ  စာရေးစာပေဟောပြောပွဲများ ကျင်းပရာ ခန်းမဆောင်ကြီးလည်းဖြစ်သည်...။
ခန်းမထဲမှာ ကလေးငယ်လေးများနဲ့ နှုတ်ဆက်နေရာကနေ ပြန်ဖို့အသင့်ဖြစ်နေပုံရတဲ့ အလှူရှင်မိသားစုများရှိရာကို ကျမ အားနာစွာ လျှောက်လာမိရင်း....
“ဆောရီးပါရှင် ကျမတို့ အလုပ်နည်းနည်းများသွားလို့ ဒီဘက်ကိုလာဖို့ နောက်ကျသွားတယ် ... ကျမ မြသက်နှင်းပါ .... လို့ ကိုယ့်ကိုယ်ကို နှုတ်ဆက်လိုက်ပါတယ် ....
“ဟုတ်ကဲ့ ဒေါ်မြသက်နှင်း.....နေကောင်းကျန်းမာရဲ့လား.... ကျနော့်ကို မှတ်မိရဲ့လား ” လို့ ရင်းနှီးစွာ နှုတ်ဆက်လိုက်တဲ့ အသံ....ဒီအသံက ကျမနဲ့ အတော်ရင်းနှီးပါသည် ....
ကျမလည်း ချွေးစိုနေတဲ့ ပါဝါမျက်မှန်လေးကို လက်တစ်ဘက်နဲ့ ပြန်တင်လိုက်မိရင်း ... ဘယ်သူဘယ်ဝါ လည်းဆိုတာ ကျမသေသေချာချာ မှတ်မိသွားတဲ့ တစ်ခဏ ...ရင်ထဲမှာအံ့သြသွားခဲ့ရပေမယ့် ရင့်ကျက်သွားတဲ့အပြုံးတစ်ခုနဲ့အတူပဲ....
“ဟုတ်ကဲ့ ကျမနေကောင်းကျန်းမာလျှက်ပါ အလှူရှင်မိသားစုများအနေနဲ့ ပြန်လည်တွေ့ဆုံခွင့်ရတာ ၀မ်းသာမိပါတယ်..ကျမတို့မတွေ့ကြတာတောင် အတော်ကြာပြီနော်...”ဟု....တည်ငြိမ်စွာ ပြောဖြစ်လိုက်သည် ....ကျမအသက်ထက် သုံးနှစ်လောက်ကြီးတဲ့လူတစ်ယောက်က...သိသိသာသာ အသက်အရွယ်အရ ရင့်ရော်သွားခဲ့တာက လွဲရင် အမြဲတည်ငြိမ်မှုရှိတဲ့ သူ့ပုံစံနဲ့ ပြုံးလိုက်တဲ့ သူ့အမူအယာကတော့ အရင်တုန်းကအတိုင်း ဘာမှမပြောင်းလဲပါ ....
“လူချင်းမတွေ့ဖြစ်ကြပေမယ့် ကိုယ်.. မြသက်နှင်း နဲ့ပတ်သတ်တဲ့ သတင်းတွေအမြဲကြားနေရပါတယ်...”
အံ့သြမှုနဲ့အတူ ...သူ့ကို တစ်ချက်ကြည့်ဖြစ်တယ်ဆိုပေမယ့် တိုက်ဆိုင်မှုရှိတိုင်း သူ့ကို အရိုးသားဆုံး သတိရဖြစ်ခဲ့တဲ့အကြောင်းလေးတွေတော့ ဘယ်တော့မှ ကျမ ပြောပြဖြစ်တော့မည် မဟုတ်ပါ
“ကိုယ် တစ်ကယ်ပဲ မြသက်နှင်းကို လေးစားပါတယ် ... ဘ၀တစ်ခုလုံးကို အကျိုးပြုလုပ်ငန်းတွေအတွက် အခုလို ပုံအောပေးလိုက်တာ ဘ၀မှာရှင်သန်ရတာ တစ်ကယ် ကျေနပ်စရာပါပဲ...
သူ့ဘေးမှာ ရပ်နေကြတဲ့ သူ့အမျိုးသမီးလေး နဲ့ အလှူရှင် သမီးငယ်လေးတို့ကို ကြည့်၍...
“ဒီနေ့ မွေးနေ့အလှူရှင်သမီးလေး နှင်းကဗျာ ပေါ့ဟုတ်လား ... သမီးလေးရဲ့ မွေးနေ့မှာ ဒီနေရာကို အခုလိုအလှူလာလုပ်ပေးတာ တစ်ကယ်ပဲ မွန်မြတ်ပါတယ်....ဒါက  အလှူရှင်သမီးလေးအတွက် မွေးနေ့အမှတ်တရပါ...”လို့ပြောရင်း အ၀ါရောင်မျက်နှာဖုံးလှလှလေးနဲ့သေသပ်လှပနေတဲ့ စာအုပ်လေးတစ်အုပ်ကို ကမ်းပေးလိုက်သည် ....။
“အယ် တိုက်ဆိုင်လိုက်တာ မြတ် ဟိုတစ်နေ့က မောင့်ကို မှာတာ ဒီစာအုပ်လေးပဲလေ ဆိုင်မှာကုန်နေတယ်ဆိုလို့ မိတ်ဆွေတစ်ယောာက်ဆီက ငှါးဖတ်မယ်စိတ်ကူးထားတာ အခုလို စာရေးသူကိုယ်တိုင်က သမီးလေးအတွက် ပေးတော့ အမှတ်တရလေး ပိုဖြစ်သွားပြီ .. ကျေးဇူးတင်လိုက်တာ မမရယ်တဲ့ ..... ချစ်စရာ သမီးလေးကလည်း ကျေးဇူးတင်လိုက်တာ အန်တီတဲ့ .....
စကားပြော သိမ့်မွေ့ပြေပြစ်ပြီး ရိုးသားမှုအရိပ်အရောင်လေးတွေရောယှက်နေတဲ့ သူ့ဇနီးချောချောလေးနဲ့ ချစ်စရာ သမီးလေးတို့ကို ကျမ ... နုညံ့စွာပြုံးပြဖြစ်ရင်း .......
“ဒီလကုန်က ကျမ မွေးနေ့ဆိုတော့..မွေးနေ့အမှတ်တရ စာအုပ်လေးထွက်ဖို့ရှိတယ် ....အဲဒီကျရင်လဲ အားပေးပါဦးန်ာလို့ ကျမရယ်မောစွာဆိုလိုက်ပြီး
ကဲ.... အလှူရှင် မိသားစုတွေ ပြန်တော့မယ်ထင်တယ် စကားကောင်းနေတာနဲ့ နောက်ကျနေပြီလို့ပြောလိုက်ရင်း စကားစတွေကို ဖြတ်လိုက်သည် ။

(၅)
အရာရာတိုင်းအပေါ်မှာ အမြဲနားလည်တတ်ပြီး အထူးသဖြင့် လူတစ်ဘက်သားကို အားနာတတ်တဲ့ သူ့အမူအယာတွေထဲမှာ မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ ကျမကို စကားတွေ အားပါးတရပြောချင်သေးပုံရပါသည် ။သို့သော်....နားလည်မှုရှိစွာသူ့အမူအယာ အတိုင်း အသာအယာ ခေါင်းငြိမ့်ရင်း
“ကောင်းပါပြီ...အားလုံးပဲ ကျနော်တို့မိသားစုကို ပြန်ဖို့ခွင့်ပြုပါဦး... ဒီလို သာယာတဲ့ နေရာလေးတစ်ခုမှာ ကိုယ့်သမီးအတွက် အဓိပ္ပါယ်ရှိတဲ့ မွေးနေ့ပွဲလေးတစ်ခု ကျင်းပခွင့်ရလို့ ... ကိုယ်တို့မိသားစုက တစ်ကယ်ပဲ ကျေးဇူးတင်မိပါတယ်.....
အော် ဒါနဲ့ စကားမစပ် ဒေါ်မြသက်နှင်း ရေးခဲ့တဲ့ ပန်းရိုင်းကလေးများ... ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးကတည်းက ကိုယ်တို့မိသားစု ဒီနေရာကို စိတ်ထဲမှာ ပုံဖော်ကြည့်ဖြစ်ရင်း အပြင်မှာလဲ အရောက်လာချင်ခဲ့တာကြာပါပြီ... အခုမှပဲ ၁၀နှစ်မြောက်အမှတ်တရ သမီးလေးရဲ့ မွေးနေ့မှာ မှတ်မှတ်ရရလေးဖြစ်စေချင်တာနဲ့ တစ်ကယ်လိုအပ်နေတဲ့နေရာလေးမှာ လှူဒါန်းချင်တာနဲ့ ဒီနေရာလေးကို ရွေးဖြစ်ခဲ့တာပါ
တိုက်တိုက်ဆိုင်ဆိုင်လေ  သမီးလေးမွေးလက နှင်းရဲ့မွေးနေ့နဲ့ တစ်လတည်းဖြစ်နေတော့ မွေးလရောက်တိုင်း အညာမှာပြန်ပြီး ယဉ်ကျေးလိမ်မာသင်တန်းလေးတွေဖွင့်လှစ်ပေးတဲ့ မြသက်နှင်း ရဲ့ သတင်းတွေကို ကြားရတော့ အခုလို တွေ့ဆုံခွင့်ရမယ်လို့တောင် မျှော်လင့်မထားခဲ့မိဘူး ....ကဲ ....မြသက်နှင်းရေ...ကိုယ်တို့ကို ခွင့်ပြုပါဦး ...တဲ့ ....”
စကားတွေအများကြီးကို  ရင်းနှီးစွာပြောလိုက်ရင်း ကျမကို နှုတ်ဆက်လိုက်တဲ့သူ့မျက်ဝန်းတွေနဲ့ ဆုံဆည်းဖြစ်ရင်း ကျမတို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာ တစ်ဦးကိုတစ်ဦး နားလည်ခြင်း ၊ အပြန်အလှန်လေးစားခြင်း ၊ မထင်မှတ်ပဲဆုံဆည်းလိုက်ရသည့်တစ်ခဏမှာ အံ့သြ၀မ်းသာခြင်းဆိုတဲ့ ခံစားမှုမျိုးကို ကျမတို့ အပြန်အလှန် နားလည်မိကြပါသည်...။

(၆)
“ ယနေ့ အလှူရှင်မိသားစုများ .... ကျန်းမာပါစေ ... ချမ်းသာပါစေ .... ၀မ်းသာပါစေ .... လန်းဖြာပါစေ.... အစရှိသဖြင့် ညီညီညာညာ ဆုတောင်းမေတ္တာပို့သ နှုတ်ဆက်သံလေးတွေ ချစ်စရာ ကလေးငယ်လေးများဆီကနေ ဝေေ၀ဆာဆာပျံ့လွင့်လာခဲ့သလို မေတ္တာခန်းမဆောင်ကြီးထဲကနေ ကျမနှင့်ဝန်ထမ်းများအားလုံးကလည်း လှိုက်လှဲဖော်ရွေလှစွာဖြင့် သူတို့ မိသားများ ထွက်ခွာသွားရာ နေရာထိ လိုက်လံနှုတ်ဆက်လိုက်ကြပါတယ်.....။
အခုနက အနည်းငယ်ပူလောင်သလို ခံစားလိုက်ရတဲ့ ရာသီဥတုကလည်း တောင်ပေါ်မြို့လေးရဲ့ ညနေစောင်းနဲ့အတူ တိုးဝင် ပျောက်ကွယ်သွားကြလေပြီ....။မကြာခင်မှာ တီတီတာတာ လာရောက်ချွဲနွဲ့ကြဦးမယ့် ကျမရဲ့ ပန်းရိုင်းလေးတွေလည်း ခြံဝန်းလေးထဲမှာ လွတ်လပ်စွာ မြူးထူး ဆော့ကစားနေကြလေပြီ ....။
အတိတ်ကို တူးဆွပြီး တွေးတော ငေးမောနေဖို့အတွက် ကျမမှာ အချိန်မရှိပါ .....။ ဘာပြီးရင် ဘာလုပ်ရမယ် ဆိုတဲ့ နှလုံးသားနဲ့ ဦးနှောက်က ညီညွတ်မျှတစွာ ချမှတ်လိုက်တဲ့ အချိန်ဇယားတွေကြားမှာ အလွမ်းဆိုတာအတွက် ကျမမှာ နေရာ ကွက်လပ်မရှိခဲ့တာလည်း ကြာခဲ့ပြီဖြစ်သလို... ၀ါသနာရပ်တွေနဲ့ အကျိုးပြုလုပ်ငန်းတွေကြားမှာ ...ကျင်လည်လာခဲ့တာလည်း ကျမအသက်တောင် မကြာခင်မှာ နှစ်လေးဆယ်ပြည့်ပေတော့မည် ....။
မွေးရက်အမှီထုတ်ဖို့ စီစဉ်ထားတဲ့ “ကျမ၏အနှစ်လေးဆယ်မြောက်ခရီး ”....ဆိုတဲ့ စာအုပ်လေးဖြစ်မြောက်ဖို့ သတိရမိရင်း ....ကြည်နူးမှုအပြုံးတို့နဲ့အတူ တောင်ကမူလေးပေါ်က မေတ္တာနှင်း...အမျိုးသမီးစောင့်ရှောက်ရေး ကျောင်းလေးထဲကို တစ်လှမ်းချင်းပြန်ဝင်သွားလိုက်တဲ့ ကျမရဲ့ ခြေလှမ်းတွေတိုင်းဟာလည်း အဓိပ္ပါယ်ရှိတဲ့ရှင်သန်ခြင်းတွေနဲ့ အသက်ဝင်လှပလို့နေခဲ့ပါလိမ့်မည် ......။

နှလုံးသားတစ်ခု အဓိပ္ပါယ်ပြည့်ဝစွာ ရှင်သန်နိုင်မှုဆိုတဲ့ အတွေးစလေးတစ်ခုကနေ...နှလုံးသား၏ ဘ၀စာမျက်နှာတစ်ခုအဖြစ် စိတ်ကူးယဉ်  ပုံဖော်ကြည့်မိတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ဖြစ်လို့ ခံစားဖတ်ရှုကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်...။ အားလုံးပဲ မိမိတို့ရဲ့နှလုံးသားရှင်သန်ခြင်းအတွက် စစ်မှန်သော နားခိုရာ အရိပ်တစ်နေရာကို အဓိပ္ပါယ်ရှိစွာ ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ...... ။

အားလုံးကို ချစ်ခင်လေးစားလျှက်...

နှင်းဟေမာ
28 March 2010

Thursday, March 25, 2010

နှုတ်ဆက် အလွမ်း...


စိတ်ရှိတိုင်းသာ ကြွေလိုက်ရရင် ...
ဒီအပင် ........................
ဒီလောက် လွမ်းစရာမကောင်းနိုင်ဘူး ။
စိတ်ရှိတိုင်းသာ ဝေလိုက်ရရင်...
ပိတောက်ပန်းတွေ .....................
ဒီလောက် လွမ်းစရာမကောင်းနိုင်ဘူး။

ခုတော့ ..........................
အလွမ်းစိတ်နဲ့ တစ်ပင်လုံးဝေ
ပင်လုံးညွတ်နေပေမယ့် .........
လွမ်းတယ်” ဆိုတဲ့စကားတစ်ခွန်းတောင်
သုံးခွင့်မရှိတော့သူပါ “.... ” ရေ....။

တစ်ကယ်တမ်း ........
တမ်းတခြင်းဆိုတာက ......
အနေဝေးမှပွင့်တဲ့ပန်း ....။
အချစ်...ဆိုတာက.........
ကမ်းမမြင်မှ လှတဲ့ပင်လယ်...။
အလွမ်းဆိုတာကတော့ ...
ကိုယ်တို့အတွက် ......
ဘယ်ဆီဘယ်ဝယ်
ဆိုတာမျိုးပါပဲကွယ်.......။

“ထင်သလောက်....
မရင့်ကျက်သေးပေမယ့် ...
ဝေးသလောက် ...........
အလွမ်းရင့်တဲ့ ရာသီမှာ...
မင်းနဲ့ငါ လည်း
နံရံထူထူသာ ခြားစေတော့ .....။

မှတ်ချက် ။     ။ အလွမ်း နှင့် ကျမ ... ယနေ့မှစ၍ နံရံခြားလိုက်ပါသည်း)

နှင်းဟေမာ
( 25 March 2010 )



Tuesday, March 16, 2010

ဆမ်ဘာဝမ်းအတာသင်္ကြန်ပွဲတော်(၂၀၁၀)ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပမည်

"ဟောင်းရွက်ညှါ ခါလှစ်လို့ ... တာသစ်ကယ်တဲ့ နံ့ကြိုင် ....
ထုတ်ဖြူးလေဆော်က ၊ ပန်းကံ့ကော် ၀တ်မှုံကျင်း
သင်းပျံ့လို့လှိုင် .....ကြယ်နှစ်ပြိုင် စိတြငယ်နှင့် ငွေလသော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ..... ထွန်းထိန်လို့လင်း ..... "
ဆိုတဲ့ ဖိုးသူတော်ဦးမင်းရဲ့ တန်ခူးလ ဘွဲ့လေးနဲ့အတူ မကြာမီမှာ ကျရောက်လာတော့မယ့် ကျမ တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုရဲ့ ရိုးရာယဉ်ကျေးမှု အတာရေသဘင်ပွဲတော်ကြီးကို ပျော်ရွှင်ကြည်နူးစွာဖြင့် ကြိုဆို ရင်း ... ကျမရဲ့ မောင်နှမအပေါင်းလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လူ့ဘ၀ရဲ့ စစ်မှန်သော အနှစ်သာရများကို ရယူပိုင်ဆိုင် နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ....။

ကမ္ဘာပေါ်မှာရှိကြတဲ့ ယဉ်ကျေးသောလူမျိုးတိုင်းဟာ နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကူးပြောင်းတဲ့အခါ အလေးအမြတ်ထားကြသလို မိမိတို့ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံ အလိုက် ရိုးရာနှစ်သစ်ကူးပွဲတော်များ ကျင်းပကြခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုလေ့ ရှိကြပါတယ် ...။
ထို့အတူပဲ ကျမ နှင်းဟေမာတို့ နေထိုင်ရာ စင်္ကာပူကျွန်းနိုင်ငံလေးပေါ်မှာ ပညာရေး ၊ စီးပွားရေး ၊ မိသားစုအရေးတွေနဲ့ မှီတင်းနေထိုင်ကြရတဲ့ မြန်မာမိသားစုများ နဲ့ မျိုးဆက်သစ် လူငယ် မောင်မယ်များအတွက် ... ပျော်ရွှင် ကြည်နူးဖွယ်ရာ ရိုးရာ ယဉ်ကျေးမှုများကို ထိန်းသိမ်း စောင့်ရှောက်ကာဖြင့် (Sembawang)ဆမ်ဘားဝမ်းမြို့ ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်ဘုရားမှ ကြီးမှူး၍ မြန်မာ့ရိုးရာ အတာရေသဘင် ပွဲတော်ကြီးကို ဧပြီလ ( ၁၁ ) ရက်နေ့ ၊ နံနက် (၇) နာရီမှ ညနေ (၅) နာရီ တိတိအချိန်ထိ Sembawang Park မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်...။

မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓအဆုံးအမ (ဗုဒ္ဓယဉ်ကျေးမှု)မှ မြစ်ဖျားခံ ဆင်းသက်လာသည်ဟု ယုံကြည်သည့်အလျောက်-
- အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းစောင့်လျှောက်ရန်
- ပြည်ပရောက် မျိုးဆက်သစ် လူငယ်များ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သိရှိ ၊ မြတ်နိုး တန်ဖိုးထားတတ်စေရန်ဟူသော ကောင်းမြတ်သော ရည်ရွယ်ချက်တို့ဖြင့် ဆမ်ဘာဝမ်း ၂၀၁၀ သင်္ကြန်ပွဲတော်ကြီးကို ကျင်းပပြုလုပ်ရခြင်းဖြစ်တဲ့အတွက် ... မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး တန်ဖိုးထားစွာဖြင့် အရက်သေစာများ သောက်စား မူးရစ် ရမ်းကားခြင်းမပြုကြရန်ကိုလည်း ဆရာတော်ဘုရားနှင့် ဆမ်ဘာဝမ်းသင်္ကြန် ဖြစ်မြောက်ရေးကော်မတီမှ အထူးတောင်းပန် မေတ္တာ ရပ်ခံထားပါတယ်...။
ခေတ်အဆက်ဆက်မှာ ယဉ်ကျေးသိမ်မွေ့စွာ ကျင်းပလာခဲ့တဲ့ သင်္ကြန်ပွဲတော်တိုင်းမှာ ခေတ်အားလျော်စွာ တစ်နှစ်ထက်တစ်နှစ် အသွင်အပြင်များ သရုပ်ပျက် ပြောင်းလဲ လာခဲ့တာကို တွေ့ရပေမယ့် ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ကျမတို့ သူငယ်ချင်းတစ်စု စင်္ကာပူနိုင်ငံ၊ ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘုရား ကြီးမှူးကျင်းပတဲ့ ဆမ်ဘာဝမ်း ကမ်းခြေက မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲရင်း အားလုံးနဲ့ လေ့လာသုံးသပ် ၊ နှိုင်းယှဉ်ကြည့်မိပါတယ်...။
လူ့လောကကို အကျိုးပြု ထိန်းသိမ်း စောင့်ရှောက်သော ၊ မြန်မာ့ယဉ်ကျေးမှုကို နှစ်ပရိစ္ဆေဒ မည်မျှ ကြာညောင်း၍ မည်မျှပင် ရှေးကျစေကာမူ လျစ်လျှူရှုမထားဘဲ အရှည်တည်တံ့စေရန် အစဉ်ကြိုးစား အားထုတ်လျှက်ရှိသော ဆမ်ဘာဝမ်း ဆရာတော်ဘုရားနဲ့ သင်္ကြန်ပွဲဖြစ်မြောက်ရေး အဖွဲ့သားများရဲ့ ကြိုးပမ်းချက်များကိုလည်း လေးစားစွာဖြင့် တွေ့မြင်ခွင့်ခဲ့ရပါတယ်..။
ယခုနှစ်သင်္ကြန်ရက်များမှာလည်း ဆမ်ဘားဝမ်းဆရာတော်ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ ...ရဟန်း သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ဗုဒ္ဓရုပ်ပွါးတော်များအား ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဘုရားပုထိုး ပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ ကျောင်းကန် ဇရပ်တို့ကို သန့်ရှင်းခြင်းတို့အပြင် ....ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်းအနီးမှာရှိတဲ့ ၊ ဆမ်ဘားဝမ်းကမ်းခြေမှာလည်း မြန်မာ့ ရိုးရာယဉ်ကျေးမှု ပွဲတော်ကို တစ်နှစ်ထက်တစ်နှစ် ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲနိုင်ရန်အတွက် အထူး ကြိုးပမ်းလျှက်ရှိကြပါတယ်....။


ဒါ့အပြင် ဆမ်ဘာဝမ်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို အားခဲ၍ ရောက်လာကြတဲ့ မြန်မာမိသားစုများ ၊ လူကြီးလူရွယ် ကျောင်းသား လူငယ်များအားလုံးတို့ကို စတုဒီသာမဏ္ဍပ်များမှ မြန်မာ့ရိုးရာ မုန့်မျိုးစုံတို့ဖြင့် အဟာရ ဒါနကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာနှင့်အညီ စင်္ကာပူနိုင်ငံရောက် သက်ကြီးဝါကြီး အဘိုး အဘွား ပုဂ္ဂိုလ်တို့ကိုလည်း ရိုသေလေးစားစွာ ပူဇော်ကန်တော့ခြင်း နှင့် ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်းမှ တနင်္ဂနွေနေ့ ယဉ်ကျေး လိမ်မာ ကျောင်းသား ကျောင်းသူလေးများအဖွဲ့မှလည်း ၃၈ဖြာ မင်္ဂလာ တရားတော်များဖြင့် ရွတ်ဖတ်ပူဇော်ခြင်းတို့အပြင် စင်္ကာပူနိုင်ငံရောက် မြန်မာ့အနုပညာ ၀ါသနာရှင်များ ကလည်း မြန်မာ့ရိုးရာ သင်္ကြန် အဆို ၊ အက ၊ ယဉ်ကျေးသိမ်မွေ့လှသော သုခုမ အနုပညာတို့ဖြင့် ရောက်လာကြသူ ရွှေမြန်မာအပေါင်းကို ကဏ္ဍစုံလင်စွာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေတင်ဆက်သွားကြမှာ ဖြစ်လို့ ဧပြီလ (၁၁)ရက်နေ့မှာ မသိလိုက်သူမရှိရလေအောင် ကျမ နှင်းဟေမာရဲ့ ဒီနေရာလေးကနေပဲ စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာအပေါင်းကို ခင်မင်လေးစားစွာဖြင့် ကြေငြာမောင်းခတ်ပေးလိုက်ပါတယ်းD

မိမိတို့ရဲ့ ရိုးရာ ၊ ကိုယ်ပိုင်ယဉ်ကျေးမှု အနုပညာကို တန်ဖိုးထား ချစ်မြတ်နိုးကြသူအားလုံး ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ကြသလို ... စတုဒီသာအလှူဒါနပြုလိုသူများ ၊ ဘိုးဘွားများအတွက် ဆေးဝါး ၊ တရားစာအုပ် ၊ တရားတော်စီဒီများ နှင့် အခြား ကန်တော့ပစ္စည်းများနဲ့အဘက်ဘက်မှ ပါဝင် ကူညီလှူဒါန်းလိုကြသူများ အနေဖြင့်လည်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များထံသို့ ယနေ့မှ စတင်ပြီး ဆက်သွယ် လှူဒါန်း နိုင်ကြပါကြောင်းလည်း ထပ်မံပြီး သတင်းကောင်း ပါးလိုက်ပါတယ်....း)
( +65 64055322, +65 97635306, +65 98301562, +65 91986614 )


မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကြီးမှာ ကျမတို့ မောင်နှမတစ်တွေ အခြေအနေ အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံမှာ ရောက်ရှိနေကြပေမယ့် အေးမြကြည်လင်ခြင်း ၊ အညစ်အကြေးကို ဆေးကြောခြင်း ၊ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်၍ ချစ်ခင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း ဟူသောနိမိတ် သုံးပါးကိုယူ၍ မြန်မာ့ဆိုင်းဝိုင်းကြီးမှ တူးပို့ တူးပို့ တေးသံသာတို့နှင့်အတူ ...စင်္ကာပူနိုင်ငံတွင် သားသမီး ၊ မြေးတို့ဖြင့် လာရောက်နေထိုင်ကြသော ဘိုးဘွားမိဘတို့ကို မျိုးဆက်သစ် လူငယ်များအနေဖြင့် ရိုးရာမပြတ် ပူဇော်ရင်း ကြည်နူးချမ်းမြေ့နိုင်ကြသော ပီတိအပြုံးပန်းတို့နှင့်အတူ...မြန်မာ့ရိုးရာ ၊ မြန်မာယဉ်ကျေးမှုနှင့် အလှမ်းဝေး ကွာနေကြပေမယ့် ဘာသာတရားနှင့် ရင်းနှီး ကျွမ်းဝင်လျှက်ရှိကြသော ဓမ္မဥယျာဉ် ဘုန်းတော်ကြီးကျောင်းမှ မြန်မာ့ရင်သွေးငယ်လေးများရဲ့ ၃၈ဖြာမင်္ဂလာ တရားတော် ရွတ်ဖတ် ပူဇော်သံများဖြင့် သောသောညံနေမည့် ....စင်္ကာပူနိုင်ငံရဲ့ ဆမ်ဘာဝမ်း(၂၀၁၀)အတာသင်္ကြန်ပွဲတော်ကြီးကို ကျမတို့နဲ့ အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ရင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ ကျမရဲ့ မောင်နှမ အားလုံးတို့လည်း ...........
“နှစ်သစ်မှာ...ကျက်သရေမင်္ဂလာ၊အဖြာဖြာသစ်ဆန်း၍၊တင့်လန်းဝေဖြာနိုင်ကြစေဖို့  ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ...း)

 

အားလုံးကို ချစ်ခင်လေးစားလျှက်

နှင်းဟေမာ
( 16 March 2010 )

Friday, March 5, 2010

မင်္ဂလာပါ ...

ကျမ နှင်းဟေမာ တစ်ယောက် အမိ မြန်မာပြည်ကနေ ... ကျွန်းကလေးတစ်ခုပေါ်က ပုံမှန်လည်ပတ်ရဦးမည့် ကျဉ်းကြပ်လှတဲ့ ဘ၀တစ်ခုထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ ...း)
လတ်တစ်လောမှာတော့ အီးမေးလ်တွေလောက်ပဲ စစ်နိုင်ပါသေးတယ် ... ရောက်ရောက်ခြင်း Gtalk မ၀င်ရမနေနိုင်လို့ ၀င်လိုက်တော့ အွန်လိုင်းကနေ နှုတ်ဆက်သူများကို အကြောင်းကြောင်းကြောင့် ပြန်မပြောနိုင်ခြင်းများနဲ့ ဖုန်းခေါ်လို့မရပါလို့ အီးမေးပို့ကြသော မောင်နှမများအားလုံးကိုလဲ Reply ပြန်မလုပ်ခဲ့တဲ့ ကျမကို နားလည် ခွင့်လွှတ်ပေးကြပါလို့ ကြိုတင် တောင်းပန် အပ်ပါတယ်.. ။
ကျမ မြန်မာပြည်ရောက်ပြီး ၁၅ရက်လောက်အကြာမှာ လက်မှာယားနာတွေပေါက်လာပါတယ် ...။ တစ်ချို့ကလည်း ရာသီဥတုအပူကနေ အအေးကိုပြောင်းလို့ သဲဝဲ ပေါက်တာလို့ပြောကြပါတယ်းp ဘာပဲဖြစ်ဖြစ် ယားနာ(၀ဲ)တွေရဲ့နှိပ်စက်မှုကြောင့် ကျမ လက်နှစ်ဘက်လုံးက ရောက်ရောက်ခြင်း တစ်ပတ်လောက်ထိ ဘယ်အရာနဲ့မှ ထိလို့မရသလို ကွန်ပြူတာကိုလည်း ကောင်းစွာအသုံးမပြုနိုင်ခဲ့ပါဘူး ။
နောက်တစ်ခုကတော့ အဆုတ်သိပ်မကောင်းလှတဲ့ ကျမရဲ့ ကျန်းမာရေးအခြေအနေအရ အအေးမိဖျားနာလာတဲ့ဒဏ်ကြောင့် စကား ကောင်းစွာမပြောနိုင်သေးသည့် အတွက် ဖုန်းပိတ်ထားခြင်းဖြစ်ပါတယ် ...။ လောလောဆည် ကုမ္ပဏီဆေးခန်းမှာပဲ ဆေးကုသမှု ခံယူရင်း အကြွေးတင်နေခဲ့တဲ့ အလုပ်တွေကြားမှာ နစ်မြှုပ်လျှက်ရှိနေပါသေးတယ် ဆိုတဲ့အကြောင်းကို သက်ဆိုင်သူများ အားလုံးသိရှိစေရန် ဒီနေရာကနေ အကြောင်းကြားရင်း ပျက်ကွက်မှု အားလုံးအတွက် အနူးအညွတ်တောင်းပန်လိုက်ပါတယ် ...။
မကြာခင်မှာ အောင်မြင်စွာပြီးမြောက်ခဲ့တဲ့ ကျမတို့ မေတ္တာကမ္ဘာအသင်းရဲ့ တတိယအကြိမ်မြောက် အလှူတော်တစ်ခုဖြစ်သော မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အုတ်ဖိုကျေးရွာမှာတည်ရှိတဲ့ ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိကြတဲ့ အနာကြီးရောဂါ ဝေးဒနာရှင်များစွာအတွက် ဆေးအလှူဒါန နဲ့ အဟာရ အလှူဒါနမှတ်တမ်းများကို စာရင်းရှင်းတမ်းနဲ့ အတူ အလှူရှင် မှတ်တမ်းများကိုပါ ထပ်မံဖော်ပြသွားပါ့မယ်ဆိုတဲ့အကြောင်းကိုလည်း အလှူရှင်အပေါင်းအား အသိပေးရင်း အားလုံးကို ဒီပို့စ်လေးနဲ့အတူ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ် ....။


အားလုံးပဲ ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေ ...
ချစ်ခင်လေးစားစွာဖြင့်

နှင်းဟေမာ
5 March 2010