Thursday, December 31, 2009

ကျမရဲ့မွေးနေ့

ဒီနေ့ဟာ ကျမ နှင်းဟေမာရဲ့ တစ်နှစ်တစ်ခါ ဘာမှထွထွေထူးထူး လုပ်ဘူးခြင်း မရှိခဲ့တဲ့ မွေးနေ့လေးပါ ။
“မွေးနေ့ဆိုတာ... အိုပွဲပါ ” ဆိုတဲ့ တိပိဋက ယောဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးအတိုင်းပြောရရင်...အခုကျရောက်တဲ့ ဒီဇင်ဘာ ၃၁ရက်နေ့ နံနက် ၁နာ၇ီ ၁၅ မိနစ်အချိန် လောက်မှာ လူ့လောကထဲကို ခေတ္တရောက်ရှိလာခဲ့တဲ့ ကျမ...နှင်းဟေမာလည်း တစ်နှစ်အိုခဲ့ပြန်ပါပြီလို့ စဉ်းစားလိုက်မိပါတယ် ...။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုဆိုကြမဲ့ နေ့ရက်လေးနဲ့ ထပ်တူကျနေခဲ့တဲ့ ကျမရဲ့ မွေးနေ့လေးဟာ ... ကျမတို့ ဘ၀သံသရာခရီးသွားတွေအတွက်တော့ လူ့လောကကြီးကနေ ထွက်ခွာဖို့ ဘူတာ တစ်ခုကနေ နောက်ထပ် ဘူတာတစ်ခုကို ခရီးရောက်ခဲ့ပြန်ပြီလို့ သတိပေးလိုက်တာနဲ့ အတူတူပါပဲ  ....။ ဒီလို တစ်နှစ်မှာ တစ်ခါဆိုတဲ့ ဇရာရဲ့သင်္ကေတ အမှတ်တရ ရက်စွဲလေးတစ်ခုကို ရောက်ရှိလာတိုင်း ကျမ စဉ်းစားဖြစ်တာလေးတစ်ခုရှိပါတယ် ...။
ဒီနှစ်မှာ ငါဘာတွေ ကောင်းကျိုးလုပ်ပြီးခဲ့ပြီလဲ ... ဘာတွေအမှားလုပ်ခဲ့မိသလဲ ... ငါသေရင်ယူသွားနိုင်မယ့် ရိက္ခာတွေ ဘယ်လောက်စုဆောင်းမိပြီလဲဆိုတာလေးတွေပါပဲ ....။ နောက်တစ်ခုကတော့ မွေးနေ့ကိတ်လေးကို စားပွဲပေါ်မှာတင်ပြီး ချစ်ခင်ရင်းနှီးသူတွေနဲ့အတူတစ်ကွ Happy Bithday လို့ ကဗျာဆန်ဆန် အခွင့်အရေးမျိုးကို တစ်ကြိမ်တစ်ခါမှ မရခဲ့ဘူးတဲ့ ကျမ ဘ၀မှာ ....  အမှတ်တရ လုပ်ဖြစ်တာလေးတွေဆိုလို့ ... ကျမကို အမြဲ သတိတရ ရှိနေကြမယ့် ကျေးဇူးရှင် မိဘနှစ်ပါးထံကို ဖုန်းဆက်ပါတယ် ...။ အားပါးတရ စကားတွေအများကြီးနဲ့အတူ စင်္ကာပူ-မြန်မာ ဆက်သွယ်မှုလိုင်းလေးကနေ တစ်ဆင့် ဖေဖေ နဲ့ မေမေတို့အား ထာဝစဉ်ဦးခိုက်ပါကြောင်း နဲ့ ကာယကံ ၊
ဝစီကံ ၊ မနောကံတို့ဖြင့် ပြစ်မှားခဲ့မိသည် ရှိသော် ခွင့်လွှတ်ပေးပါရန် ၀န်ချတောင်းပန်လိုက်ပါတယ် ...။ ဖုန်းလိုင်းလေး ပြတ်ကျမသွားခင်မှာတော့ ကျမ ဖေဖေ နဲ့ မေမေ့ ထံမှ အမှတ်တရ မွေးနေ့လက်ဆောင်စကားလေးများကိုလည်း ထုံးစံအတိုင်း ပူစာလိုက်ပါတယ် ....။

“မိုးနှင်းစက်လေးတွေနဲ့အတူ ........
ကမ္ဘာမြေလောကထဲကို အေးချမ်းစွာရောက်ရှိလာခဲ့တဲ့
မေမေ့ အသည်းပန်းလေးတစ်ပွင့် .....
ရှေ့ဆက်ရဦးမယ့် အနာဂတ်လမ်းတွေမှာ
သာယာဖြောင့်တန်စွာဖြင့် .... 
တိုး၍ ...တိုး၍ သာ ...လန်းပါစေ ... ” 
ဆိုတဲ့  အမှတ်တရ မွေးနေ့ဆုတောင်းသံလေး တစ်ခုကို နှင်းရဲ့ မေမေ့ ထံမှ ကဗျာဆန်ဆန်လေး လက်ခံရရှိခဲ့ပါတယ် ....။ဖေဖေ့ဆီက ရလိုက်တဲ့ အမှတ်တရ မွေးနေ့လက်ဆောင်လေးကတော့ တစ်နှစ်တစ်ခါ ဆိုသလို ဖေဖေ့ဆီက ကြားဘူးနေကျဖြစ်တဲ့ တိပိဋက ယောဆရာတော် ဘုရားကြီးရဲ့ “မွေးနေ့ဆိုတာ အိုပွဲပါ...” ဆိုတဲ့ လင်္ကာလေးတစ်ပုဒ်ပါပဲ ....။ အနှစ်သာရပြည့်ဝပြီး မွေးနေ့ရှင်တိုင်းအတွက် ... ဘယ်တော့မှရိုးမသွားနိုင်တဲ့ လင်္ကာလေးဖြစ်လို့ အားလုံးအတွက် ပြန်လည်မျှဝေ လိုက်ပါတယ် ။

မွေးနေ့ဆိုတာ အိုပွဲပါ .....

- တနှစ်တခါ ၊ မွေးနေ့ပါ ၊ လူမှာခေါ်ရိုးရှိ။

- တကယ်ပြောင်းတာ ၊ ရုပ်နာမ်ပါ ၊ ခန္ဓာမမြဲသိ။
- ရုပ်နာမ် ဓမ္မ ၊ မမြဲကြ ၊ ခဏ ခဏ ပြောင်းနေ၏။
- သေမင်း မှတ်တိုင် ၊ နောက်တစ်တိုင် ၊ ရင်ဆိုင်ရောက်လာ၏။
- မွေးနေ့ဆိုတာ ၊ အိုပွဲပါ ၊ သေချာ ဥာဏ်ဖြင့်ကြည့်။
- အသက် သိက္ခာ ၊ ကြီးစရာ ၊ လူမှာနှစ်မျိုးရှိ။
- အသက်ကြီးရုံ ၊ အားမစုံ ၊ အကုန်ကြောက်ရ၏။
- အသိမကြွယ် ၊ အကျင့်ကွယ် ၊ အိုပယ်ဖြစ်သွား၏။
- အကျင့်သိက္ခာ ၊ ကြီးမှသာ ၊ မှန်စွာ စိတ်အေး၏။
- ကြီးလေ လှလေ ၊ အေးမြပေ ၊ လူတွေချစ်ကြ၏။
- မွေးနေ့မင်္ဂလာ ၊ ရတနာ ၊ ကောင်းစွာရအောင်ဖြည့်။

( တိပိဋက ယောဆရာတော် )

နောက်တစ်ခုကတော့ ကျမ ပိုင်ဆိုင်တဲ့ ဟောဒီ့ ဘလော့စာမျက်နှာလေး တစ်နေရာမှာ အထီးကျန်ခြင်း ၊ ဖွင့်အန်ခြင်းများစွာကို လွတ်လပ်စွာ အသက်သွင်းခွင့်ရအောင်လက်တွဲ၍ ခေါ်ခဲ့ကြသော ကျမရဲ့ ဘလော့ဂါ မောင်နှမများ ၊  ၀ါသနာအရ ရေးချမိသမျှ ပို့စ်များကို  လာရောက်ဖတ်ရှု ခံစားပေးကြတဲ့ စာဖတ်သူ မောင်နှမများ အားလုံးကို ... အွန်လိုင်းပေါ်မှာ မွေးနေ့ဆုတောင်းသံများ သောသောညံအောင် လက်ခံရရှိခဲ့တဲ့ ဟောဒီ့ ဒီဇင်ဘာရက်စွဲလေးတစ်ခုနဲ့အတူ အမြဲကျေးဇူးတင်နေပါ့မယ် ...။ကျမလက်ခံရရှိတဲ့ အမှတ်တရ မွေးနေ့လက်ဆောင်လေးတွေက သိပ်ပြီးများများစားစားမရှိလှပေမယ့် တန်ဖိုးထားမိသော အရာလေးတွေဖြစ်လို့ ဒီနေရာလေးမှာပဲ အမှတ်တရသိမ်းထားလိုက်ပါတယ် ....။

ဆရာလေး (ဓမ္မရနံ့ ) မှ ပေးပို့လိုက်သော မွေးနေ့လက်ဆောင် ကဗျာလေးပါ ...

ညီမလေးအတွက်…




လောကဓံတွေ ဘယ်လောက်ရိုက်ခတ်
အပြုံးမပျက် အမုန်းမဖက်
လေးနက် မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့
ဓမ္မနဲ့ ဘ၀ကို ထပ်မျှဖို့ကြိုးစား
ရိုးသားတဲ့ ဘ၀ရှင် ညီမလေးရေ…။
ပမာဒလက်နက်က မနှိပ်စက်
အသိဉာဏ်မြတ်တဲ့ ညီမလေးအတွက်
မွေးနေ့အပျော်ရက် (ဇရာ)သံဝေဂက
(ဘ၀မှာ) ရှုံးချက်မနာ ဒုက္ခကွာပြီး
သံသရာစခန်းမှာ လမ်းသာစေပါလိမ့်မယ်…။
အရင်းတောင် ပြန်ရခက်တဲ့ ဘ၀မှာ
အတ္တနဲ့ ပရ အညီအမျှဖက်
ဆိုင်ရာဝတ်တွေ မချွှတ်ဆပ်ပြီး
အမြတ်ထွက်စေခဲ့သူ ညီမလေးတစ်ယောက်
အဓိပ္ပါယ်ပြည့်တဲ့ မွေးနေ့များစွာ ပိုင်ဆိုင်ပြီး
အိုလေကောင်းလေ ဟောင်းလေသစ်လေ ဖြစ်နိုင်စေ…။
ဓမ္မရနံ့

( အရမ်းခင်မင်ရတဲ့ ဘလော့ဂါနွယ်ရိုး ရဲ့အမှတ်တရလေးကတော့  ဒီနေရာလေးမှာ ကြည့်နိုင်ပါတယ် ...မကြာခင်မှာပြောင်းရွှေ့တော့မယ့် အိမ်သစ်လေးလဲဖြစ်ပါတယ် ... )



( ချစ်သူငယ်ချင်းလေး ဒေါက်တာမေနှင်းလွှာဖြူ ပေးပို့သော အမှတ်တရမွေးနေ့ကဒ်လေးတွေပါး)



( အစ်ကို ဆောင်းယွန်းလ ထံမှ အမှတ်တရ ကဗျာလေးတစ်ပုဒ်ပါ...း)


“ထာဝစဉ်လန်းနေမယ့် မညှိုးပန်းတပွင့်သို့”


တခါတုန်းက ဒီလိုအချိန်မျိုး
ဟေမာန်ရဲ့ နှင်းမိုးတွေ တဖွဲဖွဲ ရွာနေတဲ့
မြေကမ္ဘာရဲ့ တနေရာမှာ
ဒီဇင်ဘာ နှင်းပန်းလေး တပွင့်
အလှဆုံး လောကနဲ့ အပြိုင်ပွင့်ခဲ့တယ်….

အဲဒီ နှင်းပန်းလေးဟာ
သူမရဲ့ နှလုံးသားနဲ့ ယက်လုပ်တဲ့
ဓမ္မတေးသီချင်း တပုဒ်ကို
ချိုသော နှုတ်ခမ်းများနဲ့ သီကြူးရင်း…
၂၃ ၁/၂ ဒီဂရီတိမ်းစောင်းမှုက ပေးလာတဲ့
လောကပါလ တရားတွေကို
သူမရဲ့ ခိုင်မာတဲ့ အသိတရားနဲ့ သင်ကြားခဲ့ရင်း..
ဗုဒ္ဓရဲ့ သြဝါဒတွေအောက် ရှင်သန်ကြီးပြင်းခဲ့တယ်….

ဒီဇင်ဘာပေါင်းများစွာကို
သူမရဲ့ ဂုဏ်ရနံ့နဲ့ သင်းပျံ့စေခဲ့တဲ့
အဲဒီ နှင်းပန်းလေးဟာ
လက်တလော နေ့ရက်တွေမှာတော့..
ရနံ့အဆင်းမတူတဲ့ ပန်းတွေပွင့်ရာ အရပ်
ဌာနေကမ္ဘာနဲ့ ဝေးရာအရပ် တနေရာမှာ
ဇာတိလွမ်းစိတ်ကို ဓမ္မနဲ့ဖြေသိမ့် ပွင့်လန်းရင်း
ပညာအလင်းမီးတိုင်ကို ထွန်းညှိလို့
အသိ သတိတွေနဲ့ ဆက်လက်ရှင်သန်ဖို့ အားမွေးနေတယ်…

နှင်းပန်းကလေးရေ..
ဘဝမုန်တိုင်းတွေ ဘယ်လောက်ပဲထန်ထန်
လေဆန်ကိုအံတုလို့ သစ္စာတရားတို့ကို ထုဆစ်နေလေဦး…

နှင်းပန်းကလေးရေ..
သောကလေပြင်းတွေ ဘယ်လိုပဲတိုက်တိုက်
မင်းရဲ့ ရိုးရွက်ညှာတံကို ဦးမငိုက်စတမ်းပေါ့…..

နှင်းပန်းကလေးရေ…
မင်းဟာ မေတ္တာတရားနဲ့ ပွင့်လန်းတဲ့ ပန်းကလေးမို့
မင်းရဲ့ဘဝ စမ်းရေလို ထာဝစဉ်အေးမြနေမှာ သေချာပါတယ်ကွယ်…..။

ဆောင်းယွန်းလ
( သူငယ်ချင်း သက်တန့်ချို ရဲ့ အမှတ်တရ ကဗျာလေး ၂ပုဒ်ပါ ....း)

“ နှင်းကဗျာ ”
နှင်းတွေဝေနေတဲ့....
ဟေမာန်ဆောင်းကဗျာတစ်ပုဒ်....
မာထန်တဲ့လောကဓံကို...
သူမက အပြုံးမပျက်...
ငယ်ရွယ်နုပျိုခြင်းတွေကို ပိုင်ဆိုင်လို့...
ချင်းတွင်းမြစ်တစ်စင်းရဲ့ အလှလို....
မွေးရပ်မြေကို တွယ်တာဖော်ကျူးတယ်....
နေ့ရက်တိုင်းမှာလည်း....
မှာတမ်းတွေကို အက္ခရာတင်လို့....
ပျော်စရာ ဘ၀လေးမှာ....
ရွှင်လန်းချမ်းမြေ့ချင်းတွေ ပိုင်ဆိုင်ပါစေ....
စေတနာအပြည့်နဲ့ ဆုမွန်ခြွေ....

                                               သက်တန့်ချို

“သူငယ်ချင်း”


သူငယ်ချင်း...
ဘ၀ဆိုတာ...
အထင်ကရ..ပြတိုက်တစ်ခုတော့...
မဟုတ်ခဲ့ဘူး...
အဲဒီအိမ်ကြီးထဲမှာ...
ပျော်ရွှင်ခြင်းတွေ....
ဝမ်းနည်းခြင်းတွေ...
ရိုက်ခတ်မှုတွေ....
စိတ်ပျက်စရာတွေနဲ့....
ငါတို့ တစ်နေ့မှာတော့...
လောကဓံလို့ခေါ်တဲ့ လူအိုကြီးတစ်ယောက်နဲ့.....
တွေ့ကိုတွေ့ရလိမ့်မယ်....
ငါတို့က....
ကြယ်စင်ကိုရှာဖွေတာလား...
လမင်းရဲ့ အရောင်ကိုငတ်မွတ်တာလား....
သေချာတာကတော့...
' အလင်း ' ကိုရှာဖွေနေကြတာပဲ....
မပြီးဆုံးနိုင်တဲ့ခရီးတစ်ခု...
ဘူတာအိုများစွာလည်း ဖြတ်ခဲ့ပြီးပြီ...
အဓိကဆိုတာဘာလဲ...
သာမညဆိုတာဘာလဲ....
ငါတို့ခွဲခြားနိုင်ခဲ့ကြရဲ့လား....
ဘ၀ က...ခါးပါတယ်ကွာ...
လူသားအများစုအတွက်တော့...
တို့တွေသွားကြရမှာက...
ပန်းတိုင်တစ်ခုလား...
မှတ်တိုင်တစ်ခုလား...
ရွာငယ်တစ်ခုလား....
ရောက်ရှိနေခဲ့ကြတာကတော့....
အိုမင်းခြင်းရဲ့....
ခေတ်လွန်တစ်ဖက်ကမ်းမှာပေါ့....
ငါတို့......
ရွက်တွေခိုင်မာဖို့လိုတယ်....
တက်တွေသန်မာဖို့လိုတယ်.....
မုန်တိုင်းကတော့...
လျော့ပေးလိမ့်မယ်မဟုတ်ပေဘူး....

သက်တန့်ချို


ကျမတို့အားလုံးကို ကို  ဘာသာရေးအသိများတိုးပွားအောင် ၊ တရားတော်များကို အမြဲနားကြားခွင့် လေ့လာဖတ်မှတ်ခွင့်များရအောင် သတိပေးဆုံးမခဲ့သော  ..... ပြည်ပရောက်ဗုဒ္ဓဘာသာလူငယ်များအတွက်  ရှေ့ဆောင်လမ်းပြသဖွယ်လည်း ဖြစ်သော အစ်ကို ၀င်းမြင့်( သစ္စာတရား ) ရဲ့ မွေးနေ့အမှတ်တရ ဆုံးမ စကားလေးကို ရိုသေလေးစားစွာဖြင့် ဒီနေရာလေးမှာ  ပြန်လည်ဖော်ပြလိုက်ပါတယ် .....။

“အကိုလည်း အလုပ်များနေတာနဲ့ အခုမှပဲ ရောက်ဖြစ်ပါတယ် ညီမ.. ညီမ မွေးနေ့မှာ မေတ္တာဆုတောင်းလွှာများ ဝေဝေဆာဆာဖြင့် တွေ့ရတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်...။

ချီးမွှမ်းထိုက်သူကို ချီးမွှမ်းခြင်းသည် မင်္ဂလာပါ ဆိုသည့်အတိုင်း... မင်္ဂလာမွေးနေ့လေးကို မင်္ဂလာစကားဖြင့်နှုတ်ဆက်ဂုဏ်ပြုပါရစေညီမ...ညီမဘလော့လေးကို အင်တာနက် စာမျက်နှာပေါ်မှာ မိတ်ဆက်ခွင့်ရခဲ့သည်မှ ညီမစိတ်ဓာတ်နှင့် လုပ်ရပ်တွေကို လေးစား ဂုဏ်ယူခဲ့ရပါတယ်..
ညီမမှာ အများအကျိုးကို လိုလားသည့် လေးစားထိုက်သော အများအကျိုးဆောင်စိတ်ဓာတ် နှင့် မိမိ၏ဆင်းရဲခြင်းကင်းရာသို့ လိုလားသည့် မွန်မြတ်သန့်စင်သည့် သူတော်ကောင်းစိတ်ဓာတ်တို့ ကိန်းဝပ်နေသည့်ကိုလည်း ခန့်မှန်းသိ သိခဲ့ရပါတယ်...။ဤသို့ မွန်မြတ်သောစိတ်ဓာတ်အကိုင်းအခက် အလက်လေးများနှင့် ဝေဆာဖူးပွင့်နေသည့် အပင်လေးတစ်ပင်အဖြစ် ရှင်သန်ခွင့်ရတာဖြင့် ဤဘဝ လူဖြစ်ရခြင်း၏ ဝမ်းမြောက်ဂုဏ်ယူစရာအမှန်ပါပဲ...။သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနာနိုင်သမို့ ညီမရဲ့အပင်လေးကိုလည်းပိုမို၍ဝေဆာဖူးပွင့်နိုင်သောအပင်လေးတစ်ပင်ဖြစ်အောင်ပြုစုပျိုးထောင်နိုင်ပါစေ..အေးမြတဲ့ ဒီဇင်ဘာည ဒီည ညီမ မွေးနေ့မှာ အမှတ်တရ စဉ်းစားထားတာလေးကိုပါ ပူပူနွေးနွေးလေး ပေးလိုပါတယ်.......။
“မွေးနေ့ဆိုတာကတော့ သေနေ့ကို ညွှန်းနေတဲ့ Index.life ဖိုင်ပါညီမ... Index.life ဖိုင်ထဲမှာ ရှိနေတဲ့ script တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး...။
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်၍ တရားနာခြင်း၊ နာယူပြီးနောက် နာယူခဲ့သော တရားတော်အား အဖန်ဖန် အမှတ်ရ သတိနှိုးဆွလျက် မိမိကိုယ် မိမိလေးစားချစ်ခင် တန်ဖိုးထားကာ ဆုံးမနေသူအဖို့ script ထဲမှာ သူတော်ကောင်း Functions တွေ တိုးတိုးလာပါတယ်ညီမ...ဒီ Functions တွေတစ်ခုနှင့် တစ်ခုချိတ်ဆက်ပြီးတော့ မြှင့်မြတ်တဲ့သေခြင်း Result ကို ထုတ်ပေးသွားကြမှာပါ...မွေးနေ့ဖိုင်လေးကတော့ Ever Run နေတယ်ညီမ... သူတော်ကောင်း Functions တွေ တိုးတိုးလာအောင် "သတိ" ထားပေးပါ... ဤသို့ဖြင့် ချမ်းသာ ကျန်းမာ အေးမြတဲ့ ဘဝကို ဆွတ်ခူးခွင့်ရပါစေ...”

လေးစားစွာဖြင့်


ဝင်းမြင့်
http://thitsartayar.com/
(၃၁/၁၂/၂၀၀၉)

ကျမ တန်ဖိုးထားအပ်သော ဆုံးမစာလေးကို အမှတ်တရ ရေးသားပေးခဲ့တဲ့  အစ်ကိုဝင်းမြင့် (သစ္စာတရား) ၊ မအားလပ်တဲ့ကြားက ကျမမွေးနေ့မှာ မှတ်မှတ်ရရလေး သတိပေးတဲ့ မမမေဟန် ( ဓမ္မသုခ) ... တရားနာယူခွင့် ရတဲ့အတွက် အထူး ကျေးဇူးတင်မိပါတယ် ...။ အမှတ်တရ ကဗျာလေးကို ပေးပို့သော ကျမရဲ့ ငယ်ဆရာဖြစ်တဲ့ ဆရာလေး ဓမ္မရနံ့ ၊ ခင်မင်လေးစားရတဲ့ ကျမ အစ်ကို ဆောင်းယွန်းလအရမ်းခင်မင်ရတဲ့ သယ်ရင်းလေး  သက်တန့်ချို .အမှတ်တရမွေးနေ့ကဒ်လေးတွေကို ပထမဦးဆုံးပေးပို့သော ချစ်သူငယ်ချင်း ပန်းရင့်ရောင် နဲ့ မွေးနေ့ကဒ်များစွာကို ပေးပို့ကြသော ဘလော့ဂ်မောင်နှမများနဲ့စာဖတ်သူမောင်နှမများ၊နှင်းရဲ့မွေးနေ့လေးမှာ www.hninhaymar.com 
လေးကိုအမှတ်တရပေးခဲ့သော ကြွက်စုတ်လေးတစ်ကောင် အဲလေ ... ဘလော့ဂါ ကိုနွယ်ရိုး  ၊  
နှင်း အတွက် မွေးနေ့လက်ဆောင် ပို့စ်လေးအဖြစ်  ( ဘလော့ဂါ အငြိမ့် - ၃ ) ကို ဆက်လက် ရေးသားနေခဲ့တဲ့ နှင်းရဲ့ အစ်ကိုမြစ်ကျိုးအင်း  နဲ့ အွန်လိုင်းပေါ်ကနေ အမှတ်တရ မွေးနေ့ဆုလေးတွေ တောင်းပေးခဲ့ကြတဲ့ နှင်းဟေမာ ရဲ့ မောင်နှမများ အားလုံး ... ကိုအရမ်း ...အရမ်းကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာလေးကနေ ပြောကြားရင်း အားလုံးပဲ Happy New Year ..........................း)

နှင်းဟေမာ
31 Dec 2009

Monday, December 28, 2009

စိတ်ကူးတောင်ပံခတ်သံများ

နောင်လာမယ့် ၅ နှစ်မှာ....မိမိရဲ့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုအဖြစ်  ဘာလုပ်ရင်ကောင်းမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ကျမ အကြိမ်ကြိမ်စဉ်းစားမိပါတယ် ...။ သေချာတာ တစ်ခုကတော့ ကိုယ့်မြေကိုယ့်ရေ မဟုတ်တဲ့ မိဘနဲ့ အဝေးဆုံးအရပ်ကနေ အမြန်ဆုံးစွန့်ခွာချင်မိတဲ့ ကျမ အတွက် ၊ ကိုယ်ပိုင်အချိန်တွေကို ငွေနဲ့လဲလှယ်ပြီး အလုပ် Pressure တွေကြားကနေ ရုန်းထွက်ချင်ခဲ့တဲ့ ကျမအတွက် ... မိမိနိုင်ငံပြန်တဲ့အခါ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ကိုင်ဖို့ဆိုတဲ့ အတွေးက အမြဲလိုလိုရှိနေခဲ့ပါတယ် ။ အဲဒီလို တွေးတောရုံတင်မကပဲနဲ့ ကျမတို့လို ဥာဏလုပ်သား (Knowledge Worker)တွေအနေနဲ့က မိမိတို့ရဲ့ အနာဂတ်အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေအတွက်  Knowledge တွေအမြဲဖြည့်နေသင့်ပါတယ် ။ 
စီးပွားရေးလမ်းကြောင်းတစ်ခုပေါ်က မိတ်ဆွေအတော်များများကို ကျမ မိဘတွေကနေ တစ်ဆင့် ကြုံကြိုက်သလို ကြုံကြိုက်သလိုတော့ လေ့လာဖြစ်ခဲ့ပါတယ် ...။ စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်တော့မယ့် လူတွေအတွက် သူများဆီက အကြံဥာဏ်တောင်းခံခြင်းဆိုတဲ့ Awareness (အသိ) ရဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုလို့ မြင်ပါတယ် ...။
ပေးလာတဲ့ အကြံဥာဏ်ထဲကနေမှ ယူသင့် ပယ်သင့်ဆိုတဲ့အချက်ကိုတော့ ကိုယ့်ရဲ့ အနေအထားလေးနဲ့ Internalization လုပ်ယူသွားရပါမယ် ...။အဲဒီ့အတွက် ကျမ အနေနဲ့ မိသားစုစီးပွားရေးလုပ်ငန်းထဲမှာပဲ အလွယ်တစ်ကူ အလိုက်သင့်လေး ၀င်သွားရမလား ..ဒါမှမဟုတ် ... မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ပဲ မိသားစုလုပ်ငန်းနဲ့ မတူအောင်  ထိုးဖောက်ကြည့်မလား ဆိုတာကို စဉ်းစားနေပါတယ် ...။
ဖေဖေကတော့ ကျမကို  လူပေါင်းစုံ စရိုက်ပေါင်းစုံနဲ့ ပြောဆိုလုပ်ကိုင်ရမဲ့ အရောင်းအ၀ယ်အလုပ်ကို လုံးဝအားမပေးခဲ့သလို မိမိတက်တဲ့ ပညာရပ်နဲ့ပဲ အေးအေးချမ်းချမ်း ရပ်တည်စေချင်ခဲ့သူ ... မေမေ ကတော့ စီးပွားရေးနဲ့ပတ်သတ်ပြီး အမြင်ကျယ်ပြန့်သလို ကျမကိုလဲ ပညာရေးကိစ္စလေးတွေ အထိုက်အလျှောက် ပြီးမြောက်တဲ့အခါမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်သူ ... နောက် ကျမ ရဲ့အန်တီ ကတော့ သူမကိုယ်တိုင် အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပီပီ ကျမ ကိုလဲ ဒီမှာ ထိုက်သင့်တဲ့ လုပ်ငန်း အတွေ့အကြုံလေး တွေရလာတဲ့အခါ  ပြန်လာပြီး မိသားစုစီးပွားရေးထဲကိုပဲ ဆွဲခေါ်ချင်ခဲ့သူ .... ။
အဲလို ကိစ္စရပ်လေးတွေရဲ့နောက်မှာတော့ စိတ်ကူးယဉ်ဆန်ပြီး ၀ါသနာနဲ့ စီးပွားရေးလုပ်ငန်းကို ပူးတွဲပြီး ပုံဖော်ကြည့်ချင်ခဲ့မိတဲ့ ကျမ အတွေးတွေကတော့ မိသားစုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြန်တယ် ...။ ကျမ ရဲ့ရည်ရွယ်ချက်က စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာ မိမိရဲ့ အကျိုးအမြတ်နဲ့ အောင်မြင်မှုတစ်ခုအတွက်သာမကပဲ  မိမိ ရင်ထဲက ၀ါသနာရယ် ၊ အများအပေါ်မှာထားအပ်တဲ့ စေတနာရယ် ကိုပေါင်းစပ်ပြီး အကောင်အထည်ဖော်ကြည့်ချင်မိတယ် ...။ကျမ စာသင်ရတာကို အရမ်း
ဝါသနာပါ ပါတယ် ...။
ဒီနိုင်ငံကို ထွက်မလာခင်တုန်းက ကျမ သံယောဇဉ်ထားခဲ့ရသမျှ အရာအားလုံးကို စွန့်လွှတ်ခဲ့ရတယ် ...။ အစိုးရ၀န်ထမ်းဘ၀မှာ တက်လမ်းသိပ်မရှိလှပေမယ့် အခြေကျနေတဲ့ အေးချမ်းတဲ့ဘ၀တစ်ခုကိုတော့ ကျမ တစ်ကယ်မက်မောခဲ့ပါတယ် ...။ သို့ပေမယ့်လည်း တစ်ခုခုကို လိုချင်တဲ့အခါတိုင်း တစ်ခုခုကို ပေးဆပ်ကြရမယ့် ကျမတို့လူသားတိုင်းအတွက် ဘယ်လောက်ပဲ သံယောဇဉ်ရှိခဲ့ပါစေ ..
စာသင်ရကြားမှု ၀ါသနာဘယ်လောက်ပဲ ကြီးခဲ့ပါစေ ဘ၀အတွက်ဆိုတော့  စွန်လွှတ်ခဲ့ရပါတယ် ...။ ဒီဌါနကနေ တကယ် ထွက်ရတော့မယ်ဆိုတဲ့ အချိန်မှာတော့ ကျမ ရဲ့သင်ကြားရေး စာအုပ်လေးတစ်ချို့ကို ပြန်အပ်ခဲ့ရမှာ ၀မ်းနည်းသလိုလို ....  ကျမ အခန်းထဲက မြေဖြူပုံးလေးတစ်ချို့ကိုငေးကြည့်မိရင်း မျက်ရည်ဝဲ၀ဲ နဲ့ ငိုချင်သလိုလို ခံစားခဲ့ရပြန်ပါတယ် ...။ ကိုယ့်သေတ္တာလေးကို ဖွင့်ကြည့်မိပြန်တော့လည်း နက်ပြာရောင် ချည်ချိတ်ထမီလေးတွေနဲ့ အဖြူရောင် ရင်ဖုံးအကျီလေးတွေကို ငေးမောမိရင်း သက်ပြင်း အခါခါ ချမိပြန်တယ် ...။ ကျမ ဘယ်လောက်ပဲ တွယ်တာမြတ်နိုးခဲ့ပါစေ ... သူများတွေရဲ့နောက်မှာ မကျန်ရစ်ခဲ့ချင်တဲ့ ဆန္ဒတွေက ကျမရဲ့ တက္ကသိုလ်ဆရာမ ဆိုတဲ့ ဘ၀တစ်ခုကို တွန်းလှန်ပြစ်နိုင်ခဲ့ပြန်တယ်။ အဲဒီကတည်းကငါဘာကိုဝါသနာပါသလဲ ဆိုတာကို ကျမကောင်းကောင်းသိခဲ့ရတယ် ...။
ကျမ ကျောင်းသားဘ၀တုန်းက အရမ်းစားကြိုးစားလှတဲ့ အထဲမှာမပါခဲ့ပေမယ့် ကလေးတွေကို စာသင်ရတော့မယ့်မနက် မတိုင်ခင် ညစဉ်ညတိုင်း ၁နာ၇ီ ၂ နာရီလောက်ထိ ကြိုးစားပမ်းစား စာကြည့်ဖြစ်ခဲ့တယ် ...။ သူတို့တစ်တွေ နားလည်ဖို့အတွက် ဘယ်လိုရှုထောင့်ကနေ ရှင်းပြရမလဲဆိုတဲ့ စေတနာနဲ့ ၄ ချိန်ဆက်တိုက် မက ပါးစပ်ကနေ အမြှုပ်ထွက်လောက်အောင်ထိ ကျမ သင်နိုင်ခဲ့တယ် ...။
ကျောင်းသားဘ၀က မကျေညက်ခဲ့သမျှစာတွေကို ၀ါရင့်ဆရာ ဆရာမတွေဆီမှာ တစ်ကူးတစ်က သွားပြီး သူတို့တစ်တွေ ကိုယ့်ဘသာရပ်မှာ ကောင်းစွာဖြေနိုင်ကြပါစေဆိုတဲ့ ဆန္ဒတွေနဲ့ အပင်ပမ်းခံခဲ့ပါတယ် ...။
ကျမ ယနေ့ထိ သတိရမိတုန်းပဲ ...ပထမဆုံး ... ကျမတို့ ပိုစတင်တွေချတော့ ... သူငယ်ချင်းတွေအားလုံးက မန္ထလေး ၊ မိတ္ထီလာ ၊ တောင်ငူ ၊ ပြည် ၊ စတဲ့ နေရာတွေမှာ ၂ယောက်တစ်တွဲ ၃ ယောက်တစ်တွဲ ကျခဲ့ကြတယ် ...။ ကျမ နံမည်ကို ရှာမတွေ့တော့ ကျမလဲ ချာချာလည်နေအောင် ရှာလိုက်တဲ့အခါ .... ( ကရင်ပြည်နယ် ၊ ဘားအံ ) ဆိုတဲ့ဒေသတစ်ခုကို ကျမ တွေ့လိုက်ရတယ် ...။ ဘယ်နေ့ဘယ်ရက် အရောက်သွားရမယ်ဆိုတော့လည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ အိမ်ကိုတောင် မပြန်နိုင်တော့ပဲ ရန်ကုန်ထိမဖြစ်မနေ သွားခဲ့ရတယ်...။ ရန်ကုန်ကနေ ရွှေစင်စင်္ကြာ ကားနဲ့အတူပဲဘာအံကို ရောက်သွားတယ် ...။ ကြာအင်းတောင် ၊ ဇွဲကပင်တောင်တွေဝန်းရံကာဆီးနေတဲ့ ကျမတို့ကျောင်းကြီးဟာ ညို့ညို့မှိုင်းမှိုင်းနဲ့ သာသာယာယာရှိခဲ့သလို အနေကြာလာတော့လည်း ကျောင်းသံယောဇဉ် ၊ တပည့်တွေသံယောဇဉ်တွေနဲ့အတူ အညာကိုမေ့ပြီး ကျမ အတော်လေးပျော်ရွှင်ခဲ့မိပါတယ်...။
“ပြတ်တုန်း လပ်တုန်း ၂၃ ” လို့ ကျမတို့ ၀န်ထမ်းဘ၀က ပြောနေကျစကားအတိုင်း တစ်ခါ တစ်လေ ၂၃ရက်နေ့တောင် မရောက်သေးဘူး လက်ထဲမှာ တစ်ပြားမှ မကျန်တော့တဲ့ ရက်စွဲတစ်ချို့ကိုလည်း ဖြတ်သမ်းခဲ့ရပါရဲ့ ...း)
လစဉ် မိဘဆီကနေ ဖုန်းဆက်ပြီး မေမေ ... ၅ သောင်းပို့လိုက်ပါဦး ဒီတစ်လတော့
၃ သောင်းလောက်ဆိုရပါပီ မေမေ ..ဆိုတဲ့ တစ်လ တစ်မျိုး မရိုးရတဲ့ လက်ဖြန့်မှုဘ၀တွေမှာ ကြာကြာမခံနိုင်ခဲ့တဲ့ ကျမ ဆယ်တန်းကျောင်းသားတွေကို စာပြဖို့ ကြိုးစားခဲ့ရပြန်တယ် ...။
အဲဒီအချိန်ကနေ စပြီး ညနေ ကျောင်းဆင်းချိန်တိုင်း ကရင်ပြည်နယ် က ဆယ်တန်း ဘော်ဒါဆောင်လေးတွေမှာ မြို့ခံတွေရဲ့အကူအညီနဲ့ ဆယ်တန်းမြန်မာစာနဲ့ Physic၂ ဘာသာကို သင်ကြားတဲ့ဆရာမအလုပ်ကို ဆက်လုပ်ဖြစ်ခဲ့ပါတယ် ...။ အဲဒီတော့မှ ကျမ မှာပုံမှန်ဝင်ငွေလေးတွေ ရလာပြီး အိမ်က လက်ဖြန့်တောင်းရတဲ့ဘ၀ကနေ လွတ်မြောက်ခဲ့ရတယ် ...။
ဒီဘ၀တွေမှာ နေသားကျလာခဲ့တဲ့ ကျမက စကားသံ ၀ဲဝဲလေးတွေနဲ့ ကျမ သိပ်ချစ်ခဲ့ရတဲ့ ဖားစည်မြေက ကရင်လူမျိုး ကလေးလေးတွေအပေါ်မှာ တွယ်တာခဲ့ရသလို ...ကလေးတွေဆီက ချစ်ခင်အားကိုးမှု တွေကိုလည်း အပြည့်အ၀ ပိုင်ဆိုင်ခဲ့ရရင်း ဘ၀ဟာ ကလေးတွေနဲ့ပဲ ရှင်သန်တက်လာခဲ့ရတယ် ...။
မမျှော်လင့်တဲ့ မိုးဦးကာလတစ်ခုမှာတော့ ဘယ်အရာမှမမြဲတဲ့ သဘောတရားအရ .. ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဖြိုး က ကျမကို သူ့ရုံးခန်းထဲခေါ်ပြီးတွေ့ခဲ့တယ် ...။ဆရာမ ကို တစ်ခြားကျောင်းတစ်ကျောင်းကနေ နံမည်နဲ့တပ်ပြီးခေါ်ထားတဲ့အတွက် လိုအပ်ချက်အရ မဖြစ်မနေ ပြောင်းရွှေ့ရမယ်တဲ့ ...။
ကျမ ဘယ်လိုမှ ထင်မှတ်မထားခဲ့တဲ့အချိန် ...အားလုံးအပေါ်မှာ သံယောဇဉ်ဖြစ်ပြီး အခြေတကျ ဖြစ်နေတဲ့အချိန်မှာ အဲလိုလုပ်ရက်လေခြင်းဆိုပြီး ဆရာမကြီးရုံးခန်းထဲမှာပဲ ငိုချလိုက်မိတယ် ...။
ဆရာမကြီးက ကျမကို သူတက်နိုင်သေလာက် ကူညီပြီး ကျောင်းရဲ့လိုအပ်ချက်အရလို့ အထက်ကို ဖုန်းဆက်ပြီး Request လုပ်ခဲ့ပေမယ့် Training တစ်ခုကိုတက်ရောက်ခဲ့ရတဲ့ ထဲမှာ ကျမ ပါခဲ့ဘူးတဲ့အတွက် ဘယ်လိုမှ လူစားလဲပေးလို့လဲ မရခဲ့ပြန်ပါဘူး ...။ ကျမ ကို သံယောဇဉ်ရှိခဲ့တဲ့ ဆရာမကြီးကပဲ ကလေးတွေ စာမေးပွဲပြီးတဲ့အထိ ပြန်ဆွဲထားပေးခဲ့ပါတယ် ...အဲဒီအတွက် ကျမ ဒေါက်တာဖြိုး ကို ယနေ့ထိ ကျေးဇူးတင်နေဆဲပါပဲ ...။ ရွှေဖားစည် ရန်ကုန် - ဘားအံ ကားပေါ်ကို ကျမ မတက်ခင်မှာ ကျမ သင်ခဲ့ရတဲ့ ကျမ မေဂျာက ကလေးတွေ ... ပထမနှစ် EC , EP က Meachanical Subject ကိုသင်ခဲ့ရတော့ အဲဒီ၂ မေဂျာက ကလေးလေးတွေ .. ကရင်ဘော်ဒါဆောင်က ကျမရဲ့ ဆယ်တန်း ကလေးလေးတွေ အားလုံး လိုက်ပို့လိုက်ကြတာ ဘားအံ ကားကွင်းတစ်ခုလုံး အဲဒီနေ့က အဖြူနဲ့ နက်ပြာရောင် ယူနီဖောင်းလေးတွေနဲ့ နေရာယူသွားခဲ့တယ် ...။ယနေ့ထိ ကျမရင်ထဲမှာ မှတ်မှတ်ရရရှိနေဆဲပဲ ...ဘာလိုလိုနဲ့ နှစ်တွေကြာလာခဲ့သလို ကျမ တပည့်လေးတွေနဲ့ ဒီကျွန်းနိုင်ငံလေးမှာ ယခုရက်ပိုင်းအတွင်း ပြန်လည် ဆုံဆည်းခွင့်ရခဲ့ပါတယ် ...။ အဲဒီအတွက် .. ကျမ ကျေနပ်ပျော်ရွှင်ခဲ့ရပြန်တယ် ...။
ကရင်ပြည်နယ်ကို အပြီးတိုင်နှုတ်ဆက်ခဲ့ရတဲ့ အဲဒီညမှာ ...ဘားအံ-ရန်ကုန် ကားလမ်းတစ်လျှောက်လုံး ကျမ ကောင်းကောင်းအိပ်စက်လို့မရခဲ့ပါဘူး ...။နောင်တစ်ချိန်ကျရင် ကျမ ၀ါသနာအရမ်းပါတဲ့ စာသင်ကြားရေးအလုပ်တစ်ခုကိုတော့ ဇောက်ချပြီး လုပ်ဦးမယ် ..ဆိုတဲ့ ဆန္ဒတစ်ခုကပါ အဲဒီနေ့က စပြီး ရင်ထဲမှာကိန်းအောင်းလာခဲ့တယ် ထင်ပါရဲ့ ...။
စိတ်လိုလက်ရ နဲ့ စိတ်ကူးယဉ်ကြည့်လိုက်မိတိုင်း ရာသီဥတုကောင်းတဲ့ မြို့လေးတစ်မြို့လောက်မှာ ကျမ တစ်ပိုင်တစ်နိုင်ဖြစ်စေမယ့် ပညာရေးဘော်ဒါဆောင်လေး တစ်ခုကို ထူထောင်ချင်မိပါတယ် ... ။
အဲဒီအတွက် အောင်မြင်မှုဆိုတာကတော့ ကျမရဲ့ အရည်အချင်းနဲ့ ဆိုင်သလို လုပ်ငန်း အကျိုးပေး နဲ့လည်းဆိုင်ပါလိမ့်မယ် ...။ နောက်ခံ မိဘရဲ့ပံ့ပိုးမှုနဲ့လဲ ဆိုင်သလို မိတ်ဆွေကောင်း သူငယ်ချင်းကောင်း
ဝန်ထမ်းကောင်းတွေနဲ့ တွေ့ဖို့လဲ လိုအပ်ပြန်ပါတယ် ...။ကျမ ပိုင်ဆိုင်တဲ့ အဲဒီနေရာလေးမှာ အမှန်တစ်ကယ်ထူးချွန်ပြီး မပြည့်စုံတဲ့ကလေးတွေကို အခမဲ့ သင်ကြားပေးချင်တယ် ...။ တစ်မူထူးခြားတဲ့ အဆန်းအပြားလေးတွေနဲ့အတူ အနာ၈တ်ကလေးတွေရဲ့ ဘ၀ကို စေတနာ ၀ါသနာ အနစ်နာ ဆိုတဲ့ နာသုံးနာနဲ့ပြည့်ဝပြီး မေတ္တာတရားတွေမွှေးပျံ့နေစေမယ့် ပညာရေးစံအိမ်လေးတစ်လုံးကို ကျမရဲ့ စိတ်ကူးထဲမှာတော့ အမြဲတမ်းလိုလို ... တစ်ယောက်ထဲတည်ဆောက်ဖြစ်ခဲ့ပါတယ် ...။
တစ်ကယ်တော့ စီးပွားရေးအသစ်တစ်ခုကို မြေစမ်း ခရမ်းပျိုးပြီး စတင်ထူထောင်တဲ့အခါမှာ ကျမအတွက် Crisis အကျပ်အတည်းဆိုနဲ့တော့ စတင်ရင်ဆိုင်ရမှာ အမှန်ပါပဲ ..။
ရင်ဆိုင်ကြုံတွေ့လာရဦးမယ့် Crisis အကျပ်အတည်းဆိုတာလေးကို  သူများနဲ့ မတူ ကွဲပြားအောင်လုပ်တဲ့ Differentiation နဲ့ ဘယ်လိုဖြေရှင်းရင်ဆိုင်ရမလဲဆိုတာကိုတော့ ကျမ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ အချိန်ယူရပါဦးမယ် ..။
ကျမ စီးပွားရေးလုပ်ငန်းကို ထူထောင်တဲ့အခါမှာ....ဘယ်ဟာပဲဖြစ်ဖြစ်  စည်းစနစ်ကျကျနဲ့ သေသေသပ်သပ်လေးဖြစ်ဖို့ အတွက် Get Big လို့ခေါ်တဲ့ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ကြီး ထိ မရည်ရွယ်ပဲ Get Niche (ဈေးကွက်သီးသန့်လေးတစ်ခု) လောက်ကိုပဲ ရည်ရွယ်ပြီး လုပ်သွားပါ့မယ် ...။
ဘ၀နဲ့ ဆန္ဒတွေ တစ်ထပ်တည်းကျနိုင်ဖို့ဆိုတာက မသေချာခဲ့တော့ ကျမရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ပြီး မလုပ်နိုင်ခဲ့ဘူး ဆိုရင်...ဆိုတဲ့အတွေးနဲ့ တစ်ခြား လမ်းကြောင်း လေးတစ်ခုကိုလည်း ပြန်ပြောင်း စဉ်းစား ကြည့်မိတဲ့အခါ...ကျမရဲ့ဘိုးဘွား မိဘ တွေရဲ့ လက်ငုတ်လက်ရင်း တစ်ခုဖြစ်တဲ့ ပွဲရုံလုပ်ငန်းကိုပဲ ဆက်လက်လုပ်ကိုင်သွားရမှာပါပဲ ...။
မြန်မာပြည်မှာ အသက်ငယ်ငယ်နဲ့ စီးပွားရေးလုပ်ငန်းကို ဦးဆောင်နိုင်တဲ့ ကျမ မိတ်ဆွေတစ်ဦးကတော့ ဘယ်လုပ်ငန်းကိုပဲ လုပ်လုပ် အခုခေတ် စီးပွားရေးမှာ ၀င်ဆန့်နိုင်ဖို့ အတွက်ကတော့ Human Capital ကိုတည်ထောင်နိုင်မှ အလွယ်တကူဝင်ဆန့်နိုင်တယ်လို့ ပြောပါတယ်   ...။
ကိုယ်လုပ်တဲ့ လုပ်ဆောင်ချက်တိုင်းမှာ အောင်မြင်ဖို့ အတွက်ဆိုတာကလည်း အမြဲတမ်း Competitive ဖြစ်နေဖို့  လိုအပ်ပြန်ပါတယ်  ...။
အခုချိန်မှာတော့ ကျမ တက်နိုင်သလောက် လက်လှမ်းမီသလောက်ကို လေ့လာရင်း ကျမ ပတ်ဝန်းကျင်က ရလာတဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ ဆီက အကြံဥာဏ်ကောင်းလေးတွေကို စုဆောင်း နေတုန်းပါပဲ ...။ ဘယ်လောက်ကောင်းတဲ့ အကြံဥာဏ်တွေပဲ ဖြစ်နေပါစေ ကိုယ်ကိုယ်တိုင် လက်တွေ့ မကျင့်သုံးနိုင်ရင်တော့ တန်ဖိုးမရှိပြန်ပါဘူး ။ 
ကျမ အမှန်တစ်ကယ် လိုက်နာ ကျင့်သုံးနိုင်တဲ့ တစ်နေ့မှာ ... စိတ်ကူးထဲက အတိုင်းလက်တွေ့လုပ်နိုင်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာတဲ့ တစ်နေ့မှာ ဒီပို့စ်ကို လက်တွေ့ကျကျနဲ့ ဆက်လက်ရေးသားနိုင်တဲ့ အခွင့်အရေးများရှိခဲ့ရင်   .. ရေးချင်ပါသေးတယ် ... အဟတ် ...း)
ကျမရဲ့ စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားကြသူများ အနေနဲ့ကတော့ စီးပွားရေးပါတနာတွေအဖြစ် ကြိုဆိုပါတယ် ... ဥပမာ ။     ။ ကျမက ပညာရေးဘော်ဒါဆောင်တစ်ခုကို ဖွင့်နိုင်ခဲ့မယ်ဆိုရင် Stationery စာရေးကိရိယာတွေကို ဖြန့်ဖြူးတဲ့လုပ်ငန်းရှင်မျိုး ( သို့မဟုတ် ) ကျမ ပွဲရုံလုပ်ငန်းကိုလုပ်တဲ့ အခါ ကျမပွဲရုံက ကုန်တွေကို သွင်းမည့်သူ သို့မဟုတ် ဖြန့်ဖြူးရောင်းချပေးသူမျိုးတွေလည်း ရှိကောင်းရှိလာနိုင်ပါတယ် ...။ ဘလော့ဂ်ဂါ မောင်နှမတွေနဲ့ စာဖတ်သူ မောင်နှမတွေထဲကများ စီးပွားရေးပါတနာအဖြစ်
စိတ်ဝင်စားသူများရှိပါက နောင် ၅ နှစ်အတွင်းမှာ ကျမနှင်းဟေမာထံကို အချိန်မရွေး ဆက်သွယ်နိုင်ကြပါတယ်နော်  ... အဟား ...  နောက်တာပါးD
ချစ်သောမိတ်တွေပျက်မသွားစေဖို့အတွက်နဲ့ ... တိုတောင်းလှတဲ့ လူ့ဘ၀လေးမှာ ခဏတာတွေ့ဆုံကြရတုန်း မလိုလားအပ်တဲ့အမုန်းတရားတွေ ရောက်မလာစေဖို့အတွက် ...ကျမ ဘယ်လုပ်ငန်းကိုပဲ လုပ်လုပ် သေချာတာတစ်ခုကတော့  ရှယ်ယာပါဖို့ လုံးဝ ခေါ်မှာမဟုတ်ပါဘူးရှင်  ...း)

ဒီပို့စ်လေးကတော့ မမ၀ါ “၀ါဝါခိုင်မင်း” ရဲ့ ကျမနဲ့မောင် ပို့စ်လေးကနေ ခွဲထွက်လာခဲ့တဲ့ အမှတ်တရ တဂ်ပို့လေးဖြစ်ပါတယ် ...။ မမ၀ါရေ ...ညလေးကို အမှတ်တရခင်မင်စွာတဂ်လာပေးတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်... အလုပ်နည်းနည်းများနေလို့ ဖြေတာနောက်ကျသွားပါတယ် ဆိုင်တာတွေရော မဆိုင်တာတွေရော ပါသွားပြီနော်...။ရေးချင်တဲ့ အကြောင်းအရာလေးအတွက် စဉ်းစားလိုက်မိရင်း အတိတ်ကအမှတ်တရာလေးများကိုပါ ပြန်လည်ပေါင်းစပ်လိုက်မိပါတယ် ...။

နှင်းရဲ့ဘလော့ဂါ မောင်နှမများနဲ့ စာဖတ်သူ မောင်နှမများ အားလုံးပဲ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့အတူ ဆန်းသစ်လှပတဲ့ အကြံဥာဏ်သစ်လေးများကို မွေးဖွားရင်း နှစ်သစ်ကိုကြိုဆိုနိုင်ကြပါစေ...လို့ .... ဆုမွန်ကောင်းများတောင်းလိုက်ပါတယ် ............။
အားလုံးပဲ .... Cheers  !!!!!!!!!

နှင်းဟေမာ
28 Dec 2009

Wednesday, December 23, 2009

နှင်းဝေတဲ့ဆောင်းတစ်ည


အခုလိုနှင်းတွေဝေနေခဲ့တဲ့ ဒီဇင်ဘာတစ်ညမှာ....တစ်စုံတစ်ယောက်သောသူ အတွက် .. ဂုဏ်ပြုအ ထိမ်းအမှတ်အဖြစ် ...မီးပုံပွဲလေးတစ်ခု ကျင်းပခဲ့ကြတယ် ...။အဲဒီ့ညမှာ ခါတိုင်းနှစ်တွေကလိုပါပဲ ... ချယ်ရီတွေ လည်းဝေနေတယ် ....
အဆုတ်လိုက်အခဲလိုက် ပွင့်နေကျတောင်ပေါ်ချယ်ရီတွေလည်း အဲဒီညမှာ ခါတိုင်းနှစ်တွေကလောက်တော့ လန်းဆန်းမွှေးပျံ့မှုရှိမနေခဲ့တာ သေချာပါတယ်  ...။
အဲဒီညက ကျမ အတွက် သက်ဝင်တောက်ပခြင်း ကင်းမဲ့စွာ ဖြတ်သမ်းခဲ့ရတဲ့ တစ်ညတာလည်းဖြစ်တယ် ...။
အဲဒီညမှာပေါ့ ... ကျမမျက်နှာပေါ်က လှုပ်ရှားသမျှအရေးအကြောင်းတွေကို စောင့်ကြည့်အကဲခတ်နေမယ့် မျက်လုံးတစ်စုံနဲ့ အဓိပ္ပါယ်မဲ့ အေးစက်စွာ ရင်ဆိုင်ခဲ့ရတဲ့ ည လည်းဖြစ်တယ် .... ။
ကောင်းကင်မှာ လ မသာခဲ့ပေမယ့် လူတစ်ချို့အတွက်တော့ ကဗျာဆန်ဆန်လှပနေခဲ့ပါလိမ့်မယ် ...။ မှိန်တစ်လှည့် လင်းတစ်လှည့် နဲ့ အကင် သံဇကာတွေကြားက မီးဖိုရဲ့အလင်းရောင်အောက်မှာ ...တိတ်ဆိတ်စွာ ကြေကွဲနေခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာတော့ အဲဒီ့ ညဟာ အထီးကျန်ဆန်လွန်းခဲ့ပါတယ် ...။

ဝိုင်ခွက်တစ်ချို့ကို ညီညီညာညာမြှောက်ချီကြရင်း ကောင်းချီးသြဘာပေးနေခဲ့ကြတဲ့ လူတစ်စုရဲ့ ဆူညံမှုပြယုတ်တွေအောက်က နှလုံးသား တစ်စုံ ရဲ့ ယိုင်နဲ့နဲ့ ရှိုက်သံတစ်ခုကိုတော့ လျစ်လျူရှုခဲ့ကြတယ် ထင်ပါရဲ့ .....။ ကျမ သိပ်သိချင်ခဲ့ပါတယ်....အဲဒီ့ညက ...တမ်းတလွမ်းဆွတ်ခြင်းတွေလား ၊ ကျန်ရှိနေသေးတဲ့ သံယောဇဉ် အမျှင်လေးတွေလား ... သေသေချာချာတော့ သရုပ်မခွဲတက်ခဲ့ ပါဘူး ....။ ကျမ အတွက် သူ့နှလုံးသား စေစားရာကရော ကြေကွဲနေခဲ့မလား ၊ နာကျည်းနေခဲ့မလားရယ်လို့ သိပ် သိချင်ခဲ့မိတဲ့ ရင်ထဲကဆန္ဒတွေ နင့်နင့်သဲသဲ ပွင့်ဝေခဲ့ရတဲ့ ဆောင်းတစ်ညလည်း ဖြစ်ခဲ့တယ် .......။
အဲဒီလိုနဲ့ ဆုံဆည်းဖို့ကြိုးစားနေတဲ့ သူ့မျက်ဝန်းတွေက တစ်ဖျတ်ဖျတ်တောက်ပမှုတွေနဲ့အတူ ....လင်းလတ်မှု တစ်ချို့မှာ ကျမ အတွက် နှုတ်ဆက်ခြင်းတွေ ရှိနေခဲ့တယ် .... ။
တောင်းပန်ခြင်းတွေနဲ့အတူ အပြန်အလှန် နားလည်မှုကို ရှာကြရင်း  သူနဲ့ကျမ ရဲ့ တစ်ဘ၀စာ  နှောင်ဖွဲ့ခဲ့သမျှတွေအတွက် တစ်သက်စာ ကြေကွဲခဲ့ရတဲ့ ည တစ်ညလည်းဖြစ်ခဲ့ပြန်တယ် ....။
ရှောင်လွဲဖို့ကြိုးစားလိုက်မိတိုင်း နှစ်ပေါင်းများစွာ ချည်နှောင်မိခဲ့တဲ့ နှောင်ဖွဲ့မှုကြိုးတစ်မျှင်က ဟန်ဆောင်ခြင်း ကမ်းပါးဖက်ကို တအိအိ ပြိုဆင်းခဲ့ပြန်တော့ အနက်ရှိုင်းဆုံး ရှိုက်သံတစ်ခုဟာလည်း ဒီဇင်ဘာ နှင်းစက်အချို့နဲ့ အတူ တိုးလျေ၀၀ါးစွာ ပျောက်ကွယ်ခဲ့ရတဲ့ ည လည်းဖြစ်ခဲ့ပါတယ် ။

ကျမ တစ်ကယ်ပဲ ပြတ်သားခဲ့တာလား ...  ဒါမှမဟုတ် မာနတွေကြောင့် မှားခဲ့မိတာလား ...
ဟန်ဆောင်မှု အပြုံးတုအောက်မှာ ရင်ထဲက မျက်ရည်စတွေနဲ့ အလျော်အစားပေးခဲ့ရတဲ့ည တစ်ညတော့ဖြစ်ခဲ့လေရဲ့ ...။
ခပ်ကြမ်းကြမ်းတိုက်ခတ်လာတဲ့ ဆောင်းလေရဲ့အရှိန်ကြောင့်လား မပြောတတ် ....  ကျမ နှလုံးသားထဲက တလှပ်လှပ် ချမ်းအေးမှုးဓါတ်တစ်ခုနဲ့အတူ ....အဲဒီ့ ဒီဇင်ဘာ တစ်ညတာက ပြန်စဉ်းစားမိတိုင်း ကျမ အတွက်တော့ စိတ်ပျက်စရာ ညလည်းဖြစ်ခဲ့ပြန်တယ် ....။
ဆောင်းတစ်ညတာရဲ့ ညှင်းပမ်းမှုအအေးဒဏ်ကို အလူးအလဲခံရင်း ကိုယ့်စိတ်တွေ အဝေးကို လွင့်ထွက်မသွားရအောင် စုစည်းထိမ်းချူပ်ခဲ့ရတဲ့ည ....နှင်းတွေသိပ်သိပ်သည်းသည်း ဝေခဲ့တဲ့ အဲဒီ့ညက ဖြူလွလွယုန်မွေးဆွယ်တာကို ၀တ်ဆင်ထားခဲ့တဲ့ လူတစ်ယောက်ကို မကြည့်ဖြစ်အောင်ထိမ်းချုပ်ခဲ့ရင်း အဓိပ္ပယ်ကင်းမဲ့စွာ မိုးလင်းခဲ့ရတဲ့ ညလည်းဖြစ်တယ် ....။
ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို အေးခဲစွာ ပိုင်းခြားမိရင်း နာကျင်ခြင်းတွေ လျစ်လျှူရှုရတဲ့ အခါ ..... မာကျောမှုနှလုံးသားတစ်စုံဟာလဲ အခါခါသေရပါတယ် ....
မီးခိုးရောင် လက်အိပ်လေးနဲ့ နွေးထွေးခြင်းကင်းမဲ့ခဲ့သောလက်အစုံကို မြဲမြံစွာပိုက်မိရင်း ချယ်ရီပင်တန်း တွေစီနေတဲ့ Mechanical ဌါနဘေးက မြေနီနီလမ်းလေးကို  ဦးတည်ချက်မဲ့ လျှောက်ခဲ့မိတယ်....
အားလုံးနဲ့အဝေးဆုံးကို နောက်ဆုံး ကျောခိုင်းခဲ့ရတဲ့ညဟာလည်း  ... အဲဒီ့ညပါပဲ ....

ဆောင်းလေတိုးသံ သဲ့သဲ့လေးသာ နားဆင်ခွင့်ရတဲ့ ချယ်ရီပင်ရိပ် တစ်နေရာမှာ နာရီပေါင်းများစွာ ဟန်ဆောင်ခဲ့ရသမျှ ထိမ်းချုပ်မဲ့ မျက်ရည်စတို့နဲ့အတူ ရင်ခတ်စွာ ငိုရှိုက်ခဲ့မိတဲ့ည တစ်ညလည်းဖြစ်တယ် ...
ခပ်ကြမ်းကြမ်းတိုက်ခတ်လာတဲ့ ဆောင်းလေအေးအေးရဲ့ကြားမှာ ခြေစုံရပ်မိတဲ့ တခဏ မျက်ရည်စတွေကို ညင်သာစွာသုတ်လာပေးတဲ့ အရိပ်တစ်ခုရဲ့ နွေးထွေးမှု လက်တစ်စုံကတော့ ဆောင်းနှင်းမြုမှုန်တွေရဲ့ ကြားမှာ ခပ်ဝါးဝါးရယ်သာ .....
ပြန်တွေးလိုက်မိတိုင်း ခပ်ပါးပါးအရာရာထင်ရုံသာ ကျန်တော့တဲ့ ဆောင်းနှင်းတွေကြားက အရိပ်တစ်ခုဟာ အိပ်မက်များလား တစ်ကယ်လား ဆိုတာ ပြန်လည် ခွဲခြားဖို့အတွက် မသဲကွဲခဲ့လေသောညတစ်ညပါပဲ ....။
အမှတ်တရတွေ နဲ့ ကြေကွဲစေခဲ့တဲ့ အဲဒီ့ညကပေါ့ သည်းသည်းထန်ထန် ငိုကြွေးမိရင်း မလှမပနှုတ်ဆက်ခဲ့ကြတဲ့ ညတစ်ည လဲဖြစ်ခဲ့တယ် ....
ပတ်ဝန်းကျင်ရဲ့ဝေဖန်ချက်တွေအားလုံးကို လျစ်လျှူရှုနိုင်ခဲ့ပေမယ့်အစားထိုးမရတဲ့ မိဘဆိုတဲ့ အရိပ်တစ်ခုအောက်က  ပြတ်သားမှုမရှိလှတဲ့ ကျမကို သူ စိတ်ပျက် ၊ နာကျည်း သွားတဲ့ည ......။
ဘာပဲဖြစ်ဖြစ် အရာအားလုံးအတွက် သိတတ်မှုတွေ နဲ့အတူ  လူတစ်ယောက်ကို လျစ်လျူရှု ကျောခိုင်းခဲ့ဘူးတဲ့ညဟာ  နှင်းဝေတဲ့ ဆောင်းတစ်ည ဖြစ်ခဲ့တယ် ......။

တစ်စစ ဝေးကွာကျန်ရစ်ခဲ့တဲ့  ဆောင်း တစ်ညမှာ ချယ်ရီတွေဝေခဲ့သလား  ...  နှင်းမိုးတွေစွေခဲ့သလား ....မသိခဲ့ပေမယ့် ... ကျမ စိတ်တွေ မတွေဝေခဲ့တာကတော့ သေချာပါတယ် ..........။
နောက်တစ်ကြိမ်ဆိုတဲ့ အခွင့်အရေးတစ်ခုဟာ ဒီဘ၀မှာ  မရှိနိုင်တော့ပေမယ့်
နှင်းဝေတဲ့ဆောင်းတစ်ညတာကို ရောက်တိုင်း ... ကျမ ရင်မှနွမ်းလျခြင်းတွေနဲ့အတူ သူ့ အတွက် သိပ်သည်းဆ အလွမ်းနှင်းတွေဟာလည်း ထာဝရ ဝေမြဲ ဝေဆဲပါပဲကွယ် ...
ဒီဇင်ဘာလရဲ့နှင်းဝေတဲ့ဆောင်းတစ်ညကို မှန်ဆမိရင်း ကျမ သူ့ကို သိပ်လွမ်းခဲ့မိတဲ့အကြောင်းလေး
ကို ချယ်ရီပန်းလေးတွေက တစ်ဆင့် ဆောင်းလေတိုးသံသဲ့သဲ့ကြားမှာ တိုးတိုးလေးတော့ ပြောပြချင်ခဲ့မိပါတယ် ............။

နှင်းဝေတဲ့ဆောင်းတစ်ညကို ကျမ နဲ့ထပ်တူ ခံစားဖတ်ရှုပေးသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် .... ရောက်လာတော့မယ့် သက္ကရာဇ်တစ်ခုကို တိတ်ဆိတ်ကြေကွဲစွာ ကြိုဆိုရင်း မှန်းဆကာ လွမ်းရဦးမယ့် ဆောင်းတစ်ညတာကို ဖြတ်သမ်းနိုင်ဖို့အတွက် ရင်ထဲက နှင်းတွေ စိတ်ရှိတိုင်း ဝေလိုက်မိပါတယ် ...........။

နှစ်သစ်မှာ စစ်မှန်စွာချစ်တက်ကြသူတိုင်းဆုံဆည်းခွင့်ရကြပါစေလို့ တောင်းဆုပြုရင်း
အားလုံးကိုချစ်ခင်လေးစားတဲ့...

နှင်းဟေမာ
23 Dec 2009

Friday, December 18, 2009

သီတဂူတရားပွဲတိုက်ရိုက်နာယူနိုင်ပါသည်

ကျမ၏ ဘလော့ဂါ မောင်နှမများနှင့် စာဖတ်သူမောင်နှမအပေါင်းတို့အား ရိုသေးလေးစားစွာဖြင့် သတင်းကောင်း ပါးအပ်ပါသည် ...။

အမေရိကန်နိုင်ငံ၊ မီနီဆိုးတားပြည်နယ် မေပယ်ဝုမြို့ သီတဂူဓမ္မ၀ိဟာရကျောင်းတွင် ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီးမှ (19.12.2009 ) စနေနေ့ နံနက် မော်စကို စံတော်ချိန် နံနက် ၄ နာရီ ၊ စင်္ကာပူစံတော်ချိန် နံနက် ၉ နာရီ နှင့်  မြန်မာစံတော်ချိန် နံနက် ၇:၃၀ တိတိအချိန်တွင် တရားတော်ကို ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည် ...။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြကုန်သော တရားချစ်ခင် ဗုဒ္ဓဘာသာဝင်အားလုံးတို့အား တရားတော်ကို တိုက်ရိုက်နာယူနိုင်ကြရန်အတွက် ဓမ္မသုခဆိုဒ်  http://live.dhammathukha.com/
မှ တရားတော်အား တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါကြောင်း စာဖတ်သူအပေါင်းအား သတင်းကောင်းပါးအပ်ပါသည် ။
သို့ပါ၍ တရားတော်ကို တိုက်ရိုက် နာယူကြည်ညိုလိုကြသော မောင်နှမများ အနေဖြင့် ဒီနေရာလေးမှာ ကျမတို့နှင့်အတူတကွ တရားတော်ကို နာယူကြည်ညိုနိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော်၍  အသိပေး နှိုးဆော်လိုက်ရခြင်းဖြစ်ပါသည် ...။
( ဒီသတင်းကို ပေးပို့သော ဖိုးသား ~ အဖြူရောင်မေတ္တာ အား အထူးကျေးဇူးတင်ပါသည် )

ရိုသေလေးစားစွာဖြင့်
နှင်းဟေမာ
(18 Dec 2009  10:09 AM)

Saturday, December 12, 2009

ကျမ၏တစ်နေ့တာနှင့်ရေးမိရေးရာ...

ဘာရယ်လို့တော့မဟုတ်ပါဘူး နေ့စဉ်နဲ့အမျှ ကိုယ်ပိုင်အချိန်ဆိုတာမရှိသလောက် ရှားပါးလွန်းတဲ့ ကျမ တစ်နေ့တာနဲ့ ဘ၀အတွက် ရုန်းကန်နေရတာလေးတွေကို ချရေးချင်စိတ်ရှိတာနဲ့ ရေးလိုက်တာပါ ....။
မနက်မိုးလင်းပြီဆိုတာနဲ့ အိပ်ယာထအလွန်ပျင်းတဲ့ ကျမ အမေ့အိမ်နဲ့ မြန်မာပြည်က အစိုးရ၀န်ထမ်းဘ၀ကို အရင်ဆုံးသတိရမိပြီး နံနက်အိပ်ယာထကာနီးတိုင်း ပြန်ပြေးချင်စိတ်ပေါက်မိခဲ့တာလည်း နှစ်တွေကြာခဲ့ပါပြီ ....။ ဒီလိုနဲ့ပဲ အနာဂတ်အတွက် ကိုယ့်စိတ်ကို ပြန်တင်းရင်း ရုံးကိုနေ့စဉ် ပြေးခဲ့ရပြန်ပါတယ် ...။

ဒါကတော့ စင်္ကာပူကျွန်းတစ်နေရာက ကျမ နှင်းဟေမာ နေထိုင်ရာ ရပ်ကွက်လေးဖြစ်ပါတယ် ....။


ဒီတိုက်ရဲ့ ၉လွှာမှာ ကျမ နှင်းဟေမာ နေထိုင်ပါတယ် ..လမ်းကြုံရင် ထမင်းဝင်စားပါနော် ဟဲ ဟဲး))


နေ့စဉ်နေ့တိုင်း အိမ်ကနေ ရုံးကို ၀ရုန်းသုန်းကားနဲ့အပြေးအလွှားသွားရသလို အစည်းဝေး
တက်ရမယ့်မနက်တွေရောက်တိုင်းလည်း ကြောက်ဒူးတုန်ခဲ့ရပြန်တယ် ...။ သူများတွေပြောစကားအရ ကြာလာရင် ရိုးသွားမှာလို့ဆိုကြပေမယ့် တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ကျမ Project ပြဿနာတွေကြားမှာ အသစ်အသစ်တွေနဲ့သာ ခေါင်းမဖော်နိုင်အောင် ယနေ့ထိ ရုန်းကန်နေရပါတယ် ....။
 ဒီနေရာလေးကတော့ မနက်မိုးလင်းတာနဲ့ ကျမကိုဆီးကြိုနေတဲ့ ကျမရဲ့ရှုပ်ပွနေတဲ့ ရုံးခန်းလေးပါ




ရုံးအစည်းအဝေးပြီးသွားတာနဲ့ ဆိုဒ်ထဲကိုပြေးဖို့အတွက်လိုအပ်တာတွေပြင်ဆင်ရပြန်ပါတယ် ။
ဆိုဒ်နဲ့ ရုံးနဲ့ခရီးက တောင်နဲ့မြောက်ဖြစ်နေလို့  စာရွက်စာတမ်းနဲ့ အရေးကြီး Drawingတွေ ကျန်ခဲ့ရင် ပြဿနာ တစီတတန်းကြီးတက်မှာဆိုတော့  အေးစက်နေတဲ့ ကော်ဖီတစ်ခွက်ကို ရေအေးလို ကမန်းကတန်းမော့ရပါတဲ့ ကျမ ဘ၀.... ဟိ ဟိ ..  အမှန်တော့ ကော်ဖီကို လုံးဝ မကြိုက်သလို အရသာကို မခံတက်တာ ...... လူကြားကောင်းအောင်လို့ တမင်ပြောတားD


ရည်မှန်းချက်တွေနဲ့ အမျိုးမျိုးသောအခက်အခဲတွေကြားမှာဘယ်လောက်ကြာကြာနစ်မြှုပ်နေရဦးမယ်ဆိုတာ မသေချာပေမယ့် ကျမ ကိုယ်တိုင်ရွေးချယ်ခဲ့ပြီးသား လမ်းတစ်ခုဖြစ်ခဲ့လေတော့ ဒီလမ်းကို ကျမ ဆုံးအောင်တော့ ဆက်လျှောက်ရပါဦးမယ် ....။

ဒီနေရာလေးကတော့ ကျမတို့ ကုမ္ပဏီက Project အများဆုံးရရှိထားတဲ့ Sentosa Cove က Treasure Island လို့ခေါ်တဲ့ ပင်လယ်ကိုမြေဖို့ပြီး တည်ဆောက်ထားတဲ့နေရာလေးဖြစ်ပါတယ် ...။



ညဘက်တွေမှာလည်း လူက ကွန်ပြူတာရှေ့ကနေ မထချင်သလို အိပ်ရေးကလည်း ကောင်းကောင်း
မ၀သလို ခံစားရတယ် ... ရုံးရောက်တော့လည်း မသောက်ပဲ မူးချင်နေတယ် ဟီးး))
ပဌါန်းကို တစ်နေ့တစ်ခေါက် မှန်မှန်ရွတ်လေ့ရှိတဲ့ ကျမ  အခုလို Scaffolding တွေကြားမှာ အလုပ်လုပ်ရတော့ ကျမ အပါအ၀င် အလုပ်သမားများ အားလုံး အန္တရာယ်ကင်း ဘေးရှင်းကြစေဖို့ သတိရတိုင်း မေတ္တာပို့လိုက် ဘုရားစာရွတ်လိုက် လုပ်နေမိသလို ... အရမ်းအလုပ်ရှုပ်ရင်လည်း ဘာမှကို သတိမရအား တဲ့နေ့တွေလည်း ရှိပါတယ် ...။ ဆိုဒ်ထဲမှာ အလုပ်လုပ်ရတာက နေပူတာ နဲ့ လေတိုက်တာကလွဲရင်ပေါ့လေ  ရုံးပေါ်မှာထက် လွတ်လပ်တယ် ... Blog တွေဆီကို ပုံမှန်မသွားနိုင်တော့ ပျင်းတာပေါ့လေ  ...းD




ဒီကျွန်းသေးသေးလေးက ကျမလို Piping Engineer အလုပ်သမားတစ်ယောက် အတွက် ပူပြင်းတောင်လောင်ခဲ့ပေမယ့် နိုင်ငံတစ်ကာက ကြွယ်ဝချမ်းသာတဲ့ လုပ်ငန်းရှင်မိသားစုတွေ အဖို့တော့ စိတ်လွတ်လပ်စွာနဲ့ အပန်းဖြေစရာ အိမ်ယာလေးတွေဖြစ်ပါတယ် ..။
ဒီကျွန်းတစ်နေရာက ဘန်ဂလိုအိမ်ယာတွေအားလုံးမှာ ကျမ တို့ ပိုက်လိုင်းတွေလိုက်စစ်ရပါတယ် ...။ အားတဲ့အချိန်လေးတွေမှာ ကိုယ်နဲ့မဆိုင်တဲ့ အရာတွေအားလုံးကို လိုက်လံငေးမော လေ့လာမိရင်း ဒီလူတွေဟာ ပိုက်ဆံကိုထားစရာနေရာ မရှိတော့လို့ ဇိမ်ခံပစ္စည်းနဲ့ အိမ်အပြင်အဆင်တွေအားလုံးကို လိုအပ်တာထက် မကုန် ကုန်အောင် ဖြုန်းတီးထားသလို တွေ့ရတယ် ...။
ဘန်ဂလိုတစ်လုံးနဲ့ တစ်လုံးရဲ့ ဒီဇိုင်းတွေဟာ တူမလိုလိုနဲ့ ကွဲပြားနေခဲ့သလို ကျမတို့ လူ့ဘ၀အလွှာအသီးသီးရဲ့ ခြားနားလှတဲ့ ဘ၀ပေးကံကြမ္မာ နဲ့ အတိတ်ဘ၀က ဒါန သီလ တွေကိုပါ သုံးသပ်ကြည့်ရင်း ဆိုဒ်ထဲမှာ အလုပ်လုပ်နေရင်းကနေ တရားတောင် ပေါက်လာတယ် ...း)

ဒီဘန်ဂလိုလေးတွေတစ်ချို့က မကြာခင်မှာ အပ်ဖို့နီးပြီဆိုတော့ ကျမ နဲ့ ကျမရဲ့ Project Manager ၊ M&E Engineer တို့ ကိုယ့်တာဝန်အသီးသီးမှာ လိုအပ်တာလေးတွေ  ပြန်စစ်ကြတယ်....။
ပိုင်ရှင်သူဌေးတွေ စိတ်ကျေနပ်မှုရှိတာတွေ့ရသလို အာခီပညာရှင်တွေကိုလည်း အရမ်းပဲ လေးစားမိပါတယ် ....။
အာခီပညာရပ်ကို နားမလည်ပေမယ့် သူတို့ရဲ့ အမြင်နဲ့ ဖန်တီးမှုတွေကို ဘန်ဂလို တစ်ခုနဲ့ တစ်ခု မထပ်စေရပဲ မှန်တွေအမျိုးမျိုးသုံးပြီး သဘာဝအလှကို ပေါ်လွင်အောင်အသားပေးထားတဲ့ ဒီဇိုင်းဆန်းဆန်းတွေကြားမှာ ကျမ နေ့စဉ်နဲ့အမျှ အံ့သြငေးမောရင်း ကျမ ရဲ့ ပိုက်လိုင်းတွေကိုလည်း အမှားနည်းအောင် တွက်ချက် နေရာချရပါတယ် ....။
ဒီ ဘန်ဂလို တစ်လုံးကို 4 Million လောက်အကုန်အကျခံပြီးဆောက်ထားကြပြီး
အပြင်ကနေကြည့်ရင် တိုက်တွေက ပုပုလေးတွေလို့ထင်ရပေမယ့် အတွင်းထဲမှာတော့ ၄ ထပ် ၅ ထပ်ရှိပါတယ် ...။
ကျမတို့ တစ်တွေလည်း ဆင်းလိုက်တက်လိုက် ပြေးလွှားနေရတာ တော်တော်ပင်ပမ်းလှ ပါတယ် ။




တစ်ချို့ဘန်ဂလိုတွေမှာ သဘာဝကျောက်တုန်းတွေနဲ့ အလှဆင်ထားသလို ကျွန်းသားတော်တော်များများနဲ့ အသားပေးပြီး ဒီဇိုင်းထွင်ထားကြပါတယ် ...

ကျမရဲ့ Project Manager Mr.Tay နဲ့  M&E Engineer

အိပ်ခန်း Master Bad Room ထဲကနေမြင်တွေနိုင်တဲ့သဘာဝကျတဲ့ ရှုခင်းလေးတွေပါ

ဒါကတော့ ဆိုဒ်ထဲမှာ ပေတိပေစုတ်နဲ့နေရတဲ့ ကျမ နှင်းဟေမာ..ရုပ်မြင်ရင်လန့်အော်မှာစိုးလို့ တမင် မမြင်ရတဲ့ပုံ တင်လိုက်တားD

တစ်နေ့တာ အလုပ်တွေကြားမှာ အပူဒဏ်တွေကို အံတုရင်း ရေပူပူကိုလည်း အငမ်းမရ သောက်တက်လာခဲ့သလို ဘ၀တွေလည်း နေသားတကျ ဖြစ်ခဲ့ပါတယ်  .....။
ရုံးဆင်းချိန် အိမ်ပြန်ပြီးရေချိုး ထမင်းစား အနားယူချင်ပေမယ့် ...  နားလို့မရသေးတဲ့အတွက်
ညနေ ၆ နာရီခွဲအမှီ ကျောင်းကို အပြေးအလွှားသွားခဲ့ရပြန်ပါတယ် ...။
စာသင်ခန်းထဲရောက်တော့လည်း ကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး ။
သူလိုကိုယ်လို အပြေးအလွှားနဲ့ ဘ၀ကို မနေမနားရုန်းကန်နေကြတဲ့ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံက လူတွေကြားမှာ အလိုက်သင့် အသားကျသွားအောင် ကြိုးစားခဲ့ရပြန်ပါတယ် ...။
မြန်မာတွေ အရမ်းပေါတဲ့ ဒီနိုင်ငံမှာ ကျမ အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာတော့ မြန်မာဆိုလို့ ကျမ တစ်ယောက်သာရှိသလို ဆိုဒ်ထဲမှာလည်း မြန်မာမိန်းကလေးဆိုလို့ ကျမ တစ်ယောက်သာရှိပါတယ်။
ဒါပေမယ့် ကျောင်းမှာတော့ မြန်မာ သူငယ်ချင်းရှိပါတယ် ....။
ဘယ်လိုပဲဖြစ်ဖြစ်  ဘ၀ကပေးလာတဲ့ အခြေအနေတိုင်းကို နေတက်ဖို့ ကြိုးစားပြင်ဆင်ရင်း အဆုံးသတ်အောင်မြင်မှုပန်းတိုင်ထိရောက်အောင် ကျမ အသက်ရှင်သ၍တော့ ဆက်လျှောက်နေပါဦးမယ် ....။

ဒီပုံလေးတွေက ကျမတို့ စာသင်ခန်းထဲက ပုံလေးတွေပါ ... အတန်းထဲမှာ လူ ငါးဆယ်လောက်ရှိပေမယ့် ထုံးစံအတိုင် Mechanical ဆိုတော့ မိန်းကလေး ၃ ယောက်ပဲ ရှိပါတယ် ...။


ည ၁၁လောက်မှာ အတန်းဆင်းပြီး ကျောင်းကနေ ဘူတာကို မြန်မာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ လမ်းလျှောက်ခဲ့ကြတယ် ... မြန်မာပြည်ကိုပဲ ပြန်မယ်လို့ တတွတ်တွတ်ရွတ်နေတက်တဲ့ ကျမကို တစ်ခြားနိုင်ငံကို ကူးဖို့ ပြင်ဆင်နေကြတဲ့  ကျမ သူငယ်ချင်းတွေက မယုံကြည်ခြင်း နားမလည်နိုင်ခြင်းတွေနဲ့ တုံ့ပြန်တက်သလို .... ဒီနိုင်ငံသားအဖြစ်ကို ကျေကျေနပ်နပ် ခံယူလိုက်ကြတဲ့ သူတို့တစ်တွေကိုလည်း ကျမ နားမလည်ခြင်း ၊ အံ့သြခြင်းတွေနဲ့အတူ မေးခွန်းတွေ အထပ်ထပ်မေးခဲ့ဘူးတယ် ....။
သူတို့အပေါ်မှာ နားလည်မှုမပေးခဲ့တဲ့ ကျမ... ဒီနေ့တော့ မြန်မာသံရုံးကို  အခွန်တွေတနင့်တပိုးပေးဆောင်ဖို့ ဘဏ်ထဲကနေ ငွေတွေအများကြီး ထုတ်ခဲ့ရတယ် ....။
အလုပ်ထဲမှာ ခါတိုင်းနေ့တွေကထက် ပိုပြီးမောသလို ... ကျမသောက်နေကျရေဗူးထဲက ရေတစ်ချို့ကလည်း ခါတိုင်းနေ့တွေကထက် ကျက်ကျက်ဆအောင် ပူနေခဲ့တယ် ...။
နှဖူးပေါ်ကကျလာတဲ့ ချွေးတွေ ကျမစီးနေကျ SafetyShoe ပေါ်တစ်စက်စက် ကျနေတာကို ငေးမောရင်း ကျမ သူငယ်ချင်းတစ်ချို့ ရွေးချယ်ခဲ့တဲ့လမ်းနောက်ကို မလိုက်ပဲ ... ဘ၀သံသယာက ကျန်ရှိနေခဲ့တဲ့
ဝတ်ကျွေးတွေကို အမြန်ဆုံးနည်းနဲ့ အကျေဆပ်လိုက်ဖို့ပဲ ကျေကျေနပ်နပ် စိတ်ကူးမိတယ် ...။
သေသေချာချာစဉ်းစားမိတော့ ကျမ ဒီနိုင်ငံရောက်တာ ကြာခဲ့ပေမယ့် ဒီနေ့ပေးရမယ့် ငွေကြေးတွေလောက် ကျမကိုယ်ပိုင် တစ်ခါမှ မသုံးစွဲခဲ့ဘူးသလို ကျမ မိဘတွေဆီကိုလည်း မပို့ခဲ့ဘူးသေးတော့ အရမ်းနှမြောနေခဲ့တာတော့ ၀န်ခံပါတယ် ...း)
ဒါလေးကလည်း ဒီနေ့အခွန်ဆောင်ဖို့ ပိုက်ဆံတွေပေးလိုက်ရတော့ ခါတိုင်းနေ့တွေကထက် ပိုမောလို့ ရင်ဖွင့်လိုက်တဲ့သဘောပါနော်.... ဘယ်သူ့ကိုမှ ပုပ်ခတ်စော်ကားတာမဟုတ်ပါဘူး ...
ကိုယ့်ဝတ်ကျွေးနဲ့ကိုယ်ဆိုတာ ကျမ ရဲ့ မောင်နှမတွေကို ရင်ဖွင့်ရုံသက်သက်ပါပဲ....။
အခုတစ်လော ခရစ်စမတ်စ် လည်း နီးပြီဆိုတော့ အပြန်လမ်းတစ်လျှောက်မှာ လွန်ခဲ့တဲ့ ညနေတွေထက် ပိုလှနေခဲ့ပါတယ် ........။



ရောင်စုံမီးတွေ ထိန်ထိန်လင်းနေခဲ့တဲ့ ဒီကျွန်းလေးပေါ်မှာ ရပ်တည်နေခဲ့ရပေမယ့် တစ်ကယ်တမ်းတော့ ကျမတို့ ဘ၀တွေက ပျော်ရွှင်ချမ်းမြေ့စရာ မကောင်းခဲ့ပါဘူး ....။




ဒီနေရာလေးက ကျမ အိမ်ကိုပြန်နေကျ လမ်းလေးပါ ....ကျောင်းတက်ရတဲ့ ညတွေတိုင်းကျမ နေထိုင်တဲ့ အိမ်လေးကို  ရထား ၁နာရီနီးပါးလောက် စီးရတဲ့အတွက် ည ၁၂ နာရီလောက်မှ ပုံမှန်ပြန်ရောက်ပါတယ် ..။



အိမ်ပြန်ရောက်တာနဲ့ ရေချိုး ပြီး မနက်ရုံးသွားဖို့တစ်ခါ ပြင်ဆင်လိုက်ရတာ ည၁နာရီ လောက်မှ ပုံမှန်အိပ်ယာဝင်ဖြစ်တယ် ...။ မနက်ရောက်တဲ့အချိန်ကလည်း မြန်ဆန်သလို အိပ်ရေးကလဲ မ၀ တ၀ နဲ့ ထပြီး ရုံးကို အပြေးအလွှားသွားရင်း ဘ၀မှာ ကြိုးစားရုန်းကန်ခြင်းတွေနဲ့ တိုက်ပွဲမကျမချင်းတော့ အနာဂတ်အတွက် အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရပါဦးမယ် ......။

စိတ်တွေ လေးလံ မွန်းကျပ်နေလို့ စိတ်ကူးရှိသလို ချရေးမိလိုက်တဲ့ပို့စ်လေးတစ်ခုပါ
မျှဝေခံစားပေးသူများ အားလုံး ....... ကျေးဇူးအထူးတင်ပါတယ် ...း))

အားလုံးကို ခင်မင်လေးစားလျှက်
 နှင်းဟေမာ
11 Dec 2009 , 2:33am






Sunday, December 6, 2009

အမှတ်တရ ဒီဇင်ဘာ



သတိရခြင်းဆိုတဲ့ စကားလုံးတွေကို
နှုတ်ဆိတ်ဖို့ ကြိုးစားမိရင်း
တိတ်တဆိတ် တမ်းတခြင်းတွေနဲ့
မသိစိတ်တွေကို နှိုးဆွ ...
နိုးထခဲ့ရတဲ့ ငါ့မနက်ခင်းတွေအောက်မှာ
ဒီဇင်ဘာ မိုးစက်တွေနဲ့အတူ
လွမ်းခဲ့မိသူတစ်ယောက်ဆီ ရည်ရွယ်မှန်းဆ
တောင်ပေါ်ဒေသတစ်ခုမှာ
နှင်းတွေတဖွဲဖွဲ ကျနေခဲ့သလို
ငါ့အလွမ်းတွေလဲ ....
တသည်းသည်းငိုနေခဲ့ပါတယ် “... ရယ်...။

ဒီဇင်ဘာရောက်တိုင်း
ငါပိုင်ဆိုင်နေကျ မွေးနေ့ဆုတောင်းတစ်ကဒ်နဲ့
ငါသိပ်ချစ်တဲ့ နှင်းစက်လေးတွေ အားလုံး
အတိတ်ရာဇ၀င်မှာ..ကျန်ရစ်ခဲ့သလို...
ငါ့မျက်ဝန်း နက်နက်တွေလဲ
ဒီဇင်ဘာ မိုးစက်တွေရဲ့အောက်မှာ .....
တလက်လက်စိုနေခဲ့ပါတယ် “... ရယ်...။

ဒီဇင်ဘာဆောင်းအရိပ်တွေလို
တို့နှစ်ယောက်ရဲ့ အတိတ်ရာဇ၀င်တွေ 
ပြိုကျ  ပျက်စီးခဲ့ပေမယ့်
သိပ်သည်းဆ ဖြူလွလွနှင်းတွေ
တသည်းသည်းငိုလေတဲ့အခါ ...
မစိုပြေလေသော ဟောဒီ့ ဒီဇင်ဘာမှာ
ငါသိပ်သတိရတာလဲ
မင်းတစ်ယောက်ထဲကိုပါ  “.... ရယ်...။

တစ်ကြိမ်တစ်ခါမှ မပြောဖြစ်ခဲ့လေသော
ငါ့ရင်ထဲက စကားတစ်ခွန်းလဲ ထာဝစဉ်ဆွံ့အ
ချစ်ခွင့်မရတဲ့ ဒီဇင်ဘာမှာ...
လွမ်းဆွတ်သမျှ နာကျင်...
ချယ်ရီမြို့လေးနဲ့ နှင်းငွေ့တွေကြားမှာ
အရိပ်ပါးပါးလေး အရာထင်ရုံနဲ့
နာနာကျင်ကျင် လွမ်းနေဦးမယ်ဆိုတာ...
ဒီဇင်ဘာအသိဆုံးပါ ကွယ်...။

နှင်းနဲ့ထပ်တူ ခံစားဖတ်ရှုပေးကြသော မောင်နှမအားလုံးကို ကျေူးဇူးတင်ပါတယ်း)
အားလုံးကို ချစ်ခင်လေးစားလျှက်...
နှင်းဟေမာ
(6 December 2009 1:38 am)