Wednesday, March 5, 2014

ပြန်လည်နိုးထခြင်း

ဘာလိုလိုနဲ့ နွေဦးပေါက်ခဲ့ပြီ ....အော် မရောက်တာကြာပြီ ဖြစ်တဲ့ ဘလော့ရွာလေးဆီပြန်လာခဲ့မိရင်း  ရော်ရွက်ဝါလေးတွေ လေမှာဝဲနေတဲ့ နွေဦးရာသီအတွက် အလွမ်းဖွဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုတော့ ချရေးလိုက်မိတယ်...။
ဟိုး လွန်ခဲ့သော ၁၃နှစ်ဆီကိုပြန်သတိရမိတော့ ဒီလိုရာသီမှာ ဆယ်တန်းစာမေးပွဲကြီးအတွက် တိုက်ပွဲဝင်ဖို့ အားယူနေတဲ့ ကလေးဘ၀လေးကို လွမ်းဆွတ်မိသွားပြန်တယ်။ ပြန်မရနိုင်တဲ့ ဖြူစင်ရိုးသားသော ငယ်ဘ၀တွေက ကျမအတွက်တော့ သိပ်ကိုတမ်းတလွမ်းဆွတ်ဖွယ်တွေပါပဲ။ 
ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုနဲ့ တောင်ပေါ်မြေက အညတရမြို့ပြလေးတစ်ခုမှာ အခြေတည်ခဲ့ရပေမယ့် ကျမကတော့ မိမိချစ်တဲ့မြို့လေးမှာ နေခဲ့ရလို့ ကိုယ့်ဘ၀လေးကိုယ်ကျေနပ်နေခဲ့ရပြန်တယ်...။ နွေဦးပေါက်တဲ့ရာသီရောက်ပြီဆိုတော့ ကျမစိတ်တွေလဲ ကတောက်ကယက်နဲ့ ရွက်ဝါလေးတွေနဲ့အပြိုင် အတွေးတွေကလဲ အမြဲလိုလိုပြန့်ကျဲနေတတ်ခဲ့တယ်...။
လာရှိုး မူဆည် ဘက်ကိုတတ်တဲ့ လမ်းမကြီးရဲ့ မနီးမဝေးမှာ ကျမဆိုင်လေးရှိတာမို့ ကားသွားကားလာတွေက စည်ကားသလို ဘုရားဖူးခရီးသည်တွေကလဲ ဒုနဲ့ဒေးပါပဲ...။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကလေးငယ်လေးတွေကတော့ သူတို့ကို့သယ်ဆောင်သွားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ဘော်ဒါဆောင်ကားတွေပေါ်ကနေ အော် ဟစ် လို့သွားကြတယ် .... 
ငါ့မှာ စွမ်းအားတွေရှိတယ် ငါ့မှာယုံကြည်ချက်တွေရှိတယ်  ငါမုချအောင်ရမယ်တဲ့ ......
သူတို့အော်ဟစ်သွားတဲ့ စကားလုံးလေးတွေက သူတို့ကိုယ်သူတို့ အင်အားတွေပေးနေတာပါပဲ ..။
ကျမအရမ်းသဘောကျမိသလို သူတို့လေးတွေမုချအောင်ပါစေလို့လဲ တောင်းဆုပြုမိတယ်...။
ကျမကိုယ်တိုင်လဲပဲ သူတို့အရွယ်တုန်းက ဒီလိုအချိန်မှာ ဒီလိုအော်ဟစ်ပြီး စာမေးပွဲကြီးအတွက် အဆင်သင့်ဖြစ်နေခဲ့ပြီးသားလေ ကျမကိုယ် ကျမလည်း ယုံကြည်ခဲ့တယ် ငါ ဆယ်တန်းကို နှစ်ချင်းပေါက် ဂုဏ်ထူးနဲ့ အောင်မြင်ရမယ်လို့လေ။ကြိုးစားတဲ့အတိုင်းလဲ ဖြစ်လာခဲ့ပါတယ်...။
 အဲဒီလိုခံစားချက်မျိုးကို အခုလိုအသက်အရွယ်မှာတော့ ကျမရင်ထဲမှာ ရှိမနေခဲ့တော့တာ ဘာကြောင့်ပါလိမ့်နော်...။
အသက်က ဆယ်ကျော်သက်မဟုတ်တော့သလို အသက်၃၀ ၀န်းကျင် လူလတ်ပိုင်းကို ကူးလာခဲ့ပြီဆိုတော့ ကျမကိုယ်ကျမ ဘ၀စာမေးပွဲဝင်ရမယ့် ကျောင်းသူတစ်ဦးလို့ ဆိုလို့ရတာပေါ့။
ဒီအရွယ်မှာတော့ ဘ၀နဲ့ပတ်သတ်တဲ့ သင်ခန်းစာတွေကို အခုချိန်မှာ ကျမကောင်းကောင်း ကျေညက်ခဲ့ပြီလားလို့မေးလို့ရပါတယ်...။
ဘ၀ဟာလဲ အများကြီးပြောင်းလဲခဲ့သလို ကျမရဲ့ဆုံးဖြတ်ချက်တွေလဲ မှားကောင်းမှားခဲ့မယ် ...။
မိမိဖြတ်သမ်းလာခဲ့ရတဲ့ နှစ်ကာလတွေအတွင်းမှာ အကောင်း အဆိုး အမျိုးမျိုးသော လောကဓံအထုအထောင်း တွေကို အံတုခဲ့ရင်း ဘ၀ဆိုတဲ့ စာမေးပွဲတစ်ခုကို အောင်မြင်စွာဖြတ်ကျော်ဖို့ ကျမရှေ့ဆက်ပြီး အရိုးသားဆုံးကြိုးစားရပေဦးမယ်ဆိုတဲ့ အတွေးတစ်ခုကို ကောင်းကောင်းရလိုက်ပါတယ်...။
ဆယ်တန်းကလေးလေးတွေလို ကျမလဲပဲ ငါ့မှာစွမ်းအားတွေရှိတယ် ... ငါ့မှာယုံကြည်ချက်တွေရှိတယ် ဆိုသလိုပဲ ... ဟုတ်ပါတယ် အခုချိန်မှာ ကျမရဲ့ရှေ့ဆက်ရမယ့် အနာဂတ်အတွက် အရာရာကို ရင်ဆိုင်ရဲဖို့ ကျမရင်မှဖြစ်သော သမီးငယ်လေးတစ်ယောက် ကျမဘ၀ထဲကို ရောက်လာခဲ့ပြီဖြစ်လို့ သမီးလေးရဲ့အနာဂတ်အတွက် အကောင်းဆုံးဖြစ်ဖို့ ကျမမှာ မိခင်ကောင်းတစ်ယောက်ရဲ့ စွမ်းအားတွေရှိခဲ့ပါပြီ...။ယုံကြည်မျှော်လင့်ချက်တွေလဲ အပြည့်နဲ့ပေါ့....။
ကျန်ရှိနေသေးတဲ့ နေ့ရက်လေးတွေမှာ သမီးလေးအတွက် အကောင်းဆုံးတွေကို ဖန်တီးရင်း
ကျမချစ်တဲ့ ဘလော့လေးမှာလဲ တတ်နိုင်သလောက် စာတွေပြန်ရေးပါဦးသွားဖို့ ပြင်ဆင်နေပါတယ်လို့ ပြောရင်းအားလုံးကို နှုတ်ခွန်းဆက်သပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
နှင်း