Tuesday, April 27, 2010

ရွှေပြည်ဟိန်းဆရာတော် ( သီတဂူကြာတစ်ပွင့် ) တရားပွဲ

ကျမနှင်းဟေမာ၏ ဘလော့ဂါ မောင်နှမအပေါင်းနှင့် စာဖတ်သူမောင်နှမအပါင်းတို့အား ရိုသေလေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်....။
လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေး အခမဲ့ ကျမ်းမာရေး ၀န်ဆောင်မှုပေးနေသော ရွှေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်း၏ နာယက ပိဋက တစ်ပုံခွဲဆောင် ရွှေပြည်ဟိန်း ဆရာတော် အရှင်ခေမာသီရိလင်္ကာရ မှ တရားတော်များ ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။



တရားပွဲကျင်းပမည့်နေရာ

နေ့ရက် မေလ ၂ ရက် ၂၀၁၀ (တနင်္ဂနွေနေ့) စင်္ကာပူစံတော်ချိန် ညနေ ၄း၃၀ နာရီ မှ ၅း၃၀ နာရီတိတိတွင် အောက်ဖော်ပြပါ နေရာ၌ ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည်။

Palelai Thai Buddhist Temple
49 Bedok Walik, S 469145, Tel: 6443-3324
Tanah Merah MRT ( Exit B )
Take Bus No. 2, 9. Alight at 2 stop (Opp Bedok Mkt Pl)
http://www.streetdirectory.com/?x=103.94655777141&y=1.3307337725354&l=12&s=sg


မေလ ၂ ရက် ၂၀၁၀ (တနင်္ဂနွေနေ့) စင်္ကာပူစံတော်ချိန်   ညနေ ၇း၀၀ နာရီ မှ ၈း၀၀ နာရီတိတိအချိန်တွင် အောက်ဖော်ပြပါ နေရာ၌ ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည်။

#08-38 Blk 708 Jurong West St. 71, S 640708
Near to Pioneer MRT
Take Bus 179, 185, 241, 243 at Boonlay Int. Alight at 5 stop (Blk 978)
Take Bus 179, 241 at Pioneer MRT (Blk 651A). Alight at 2 stop (Blk 978)

 
ကမ္ဘာ့နိုင်ငံအသီးသီးမှ တရားချစ်ခင် သူတော်စင်များအနေဖြင့် အထက်ပါတရားပွဲများကို-
ဓမ္မသုခ http://live.dhammathukha.com/ နှင့် အဖြူရောင်သံစဉ် http://apytz.net/
တို့မှရုပ်သံတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါ၍ ပရဟိတလူသား အကျိုးပြုလုပ်ငန်းများဖြင့် သာသနာပြုတော်မူလျှက်ရှိသော သီတဂူကြာတစ်ပွင့် ဆရာတော်ဘုရား၏ တရားတော်များကို နာယူနိုင်ကြရန် ရိုသေလေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။


ဆရာတော် အရှင်ခေမာသီရိလင်္ကာရ၏ အတ္ထုပ္ပတ္တိအကျဉ်း


ဆရာတော်ကို ၁၉၅၇ခုနှစ်ဖေဖော်ဝါရီလ ၂၅ရက်တွင် စစ်ကိုင်းတိုင်း၊  ကန့်ဘလူ မြို့ မိုးကောင်းရွာနေ အဖဦးကံကြီး အမိဒေါ်ခင် တို့မှဖွား မြင် သည်။ ၁၁နှစ်သား အရွယ်တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်သည်။ ၁၅နှစ်သားအရွယ်တွင်အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းဘာသာဠီကာ ကျမ်းပြု ဆရာတော်ဘုရားကြီးထံ တွင် ပညာသင်ကြားခဲ့ပြီး ၁၈နှစ်သား တွင်သာသနာ့လင်္ကာရ သာမနေကျော်ဘွဲ့ကို မန္တလေးသကျသီဟ အသင်းကြီးမှ ဆက်ကပ်တော်မူခဲ့ပါသည်။ အသက်၂၀ ရဟန်းဖြစ်စတွင် ပိဋကတစ်ပုံ အာဂုံဆောင်အောင်မြင်တော်မူခဲ့ပြီး ၊အသက် ၂၁ တွင်ပိဋကတစ်ပုံခွဲဆောင်အောင်
မင်တော်မူခဲ့ပါသည်။
အသက်၂၈တွင် သီတဂူဆရာတော်၏ အများကျိုးပြု ပရဟိတ လုပ်ငန်းများကို အားကျကြည်ညိုလှ၍ ဆရာတော်၏ ခြေတော်ရင်းသို့ခိုလှုံခဲ့သည်။ သီတဂူကြာ တစ်ပွင့်အမည်ဖြင့် ဓမ္မပလ္လင် ပေါ်သို့ရောက် ခဲ့သည်။ စစ်ကိုင်းတောင်ရိုးတွင် ရွှေကျောင်းဆရာတော်အဖြစ် တင်မြှောက်ခြင်းခံယူရပြီး၊ ၁၉၉၂ခုနှစ်တွင် သီတဂူဆရာတော်နှင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အမေရိကန်၊ အိန္ဒိယ၊ နီပေါနိုင်ငံများသို့ လှည့်လည်ခဲ့သည်။ ၁၉၉၅တွင်စစ်ကိုင်း မင်းကွန်းကမ်းရိုးတန်း ကားလမ်းကို ဖောက်လုပ်တော်မူခဲ့ပါသည်။

၁၉၉၆တွင် ရန်ကုန်မြို့ ရွှေပြည်ဟိန်းကျောင်း ဆရာတော်အဖြစ်တင်မြှောက်ခြင်းခံယူရပြီး ၂၀၀၁တွင် ကျန်းမာရေးအလှူယာဉ် စီမံကိန်းကိုစတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၄တွင်ရွေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်းကို စတင်ဆောင်ရွက်ခဲ့သည်။ဆရာတော်သည်  သီတဂူဆရာတော်ဘုရားကြီး၏ လမ်းညွှန်းမှုဖြင့် ပရဟိတလုပ်ငန်းတိုင်းကို အဆင့်ဆင့် မြှင့်တင်၍ ဆောင်ရွက်တော်မူလျှက်ရှိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ....
ရိုသေလေးစားစွာဖြင့်

နှင်းဟေမာ
( 27 April 2010 )



Thursday, April 22, 2010

မျက်လုံးဖွင့်ပြီးအိပ်ကြည့်ပါ ....

အိပ်လို့မရတဲ့ညတွေမှာ ...တစ်ခါ တစ်ရံ စိတ်ရှိတိုင်း သီချင်းအော်ဆိုလိုက်ရတာလဲ ...လူတစ်ယောက်ရဲ့ ရင်ထဲကို အနည်း အကျဉ်းတော့  သက်သာရာ ရစေတယ်လို့ နှင်း ထင်ပါတယ် ...။ နှင်း ကတော့ အညာသူပီပီ မြန်မာသံစဉ် တေးသီချင်းတွေကို ဆိုလိုက်ရမှ ပိုပြီး အရသာရှိသလို ခံစားရတာမို့ ...ဒီတစ်ညတော့ Sing For You ကိုသွားပြီး မြန်မာသံစဉ်တေးသီချင်းတစ်ပုဒ်ကို စိတ်ရှိတိုင်း အော်လိုက်မိပါတယ်...။
ကိုမျိုး (မွေးရပ်မြေအညာ) ပေးထားတဲ့ နံမည်..အဆိုတော် နှင်းဟေမာနေမ၀င် သီဆိုထားတဲ့ မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ ဆိုတဲ့ တေးသီးချင်းလေးတစ်ပုဒ်ကို ကျမ နှင်းဟေမာ ကဲ့သို့ မြန်မာသံစဉ်ကို ချစ်ခင်နှစ်သက်ကြသူများအတွက် အမှတ်တရ ဝေမျှပေးလိုက်ပါတယ်...။ အသံနဲ့ နှိပ်စက်လိုက်ရလို့ အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ် ...းD ....။
အသည်းကွဲနေသူများ .. သို့မဟုတ် ....  ထွက်ပေါက်ပိတ်မိနေသူများ ရှိခဲ့ရင်လဲ Sing For You မှာ ကျမနဲ့အတူ လွတ်လပ်စွာ သီဆို ပေါက်ကွဲဖို့ ဖိတ်ခေါ်ပါတယ် ...း)

( မှတ်ချက်။  ။ပတ်ဝန်းကျင် Complain ကြောင့် ရဲလာလျှင် တာဝန်မယူပါးD )




ကျမနဲ့ထပ်တူ နားဆင်ခံစားပေးကြသူ ကျမရဲ့ မောင်နှမများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်...း)
မင်္ဂလာဆောင်တွေမှာလဲ အခါတော်ပေး သီချင်း လိုက်ဆိုပေးပါတယ် ...လာမည့် သီတင်းကျွတ်မှာ မင်္ဂလာဆောင်မည့်သူများ ကျမ နှင်းဟေမာထံမှာ အမြန်ဆုံးဆက်သွယ်ပြီး ဘွတ်ကင် ယူထားနိုင်ကြပါကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်းD

ခင်မင်လေးစားစွာဖြင့်

နှင်းဟေမာ ( 22 April 2010 , 1:25 am )

Saturday, April 17, 2010

စင်္ကာပူကျွန်းမှာ မင်္ဂလာရှိတဲ့ ဆမ်ဘာဝမ်း ( 2010) အတာသင်္ကြန် (၁)

ပြီးခဲ့သော တနင်္ဂနွေ(11-04-2010)နေ့က စင်္ကာပူကျွန်းပေါ်မှာတည်ရှိတဲ့ ဆမ်ဘာဝမ်း ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်ဘုရားများကြီးမှူး ကျင်းပသော မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် နှင့် သက်ကြီးပူဇော်ပွဲကို စင်္ကာပူနိုင်ငံ ၊ ဆမ်ဘာဝမ်းမြို့ ၊ SembawangPark(ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်းအနီး ) မှာ မြန်မာတို့၏ ယဉ်ကျေးသိမ်မွေ့လှသော ဓလေ့ထုံးနန်းနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်  ....။

                                 ဆမ်ဘာဝမ်းသင်္ကြန်ကျင်းပရာ Sembawang Park
အဲဒီနေ့မှာ ... ပန်းငုဝါတို့ကလည်း ထိန်ထိန်သာအောင် ပွင့်နေခဲ့ပါတယ်.....
အင်ကြင်းပင်အောက်မှာ မြတ်စွာဘုရားရှင်အား ပန်းများဖြင့် ပူဇော်ကြပါတယ်....။
ဆမ်ဘာဝမ်း သင်္ကြန်ပွဲတော်ကြီးထဲကို ရောက်လာလိုက်ပြီဆိုရင်ပဲ ...ဖျော်ဖြေရေးမဏ္ဍပ်ဆီက မြန်မာ့ရိုးရာ ဆိုင်းဝိုင်းသံကြီးကို မြိုင်မြိုင်ဆိုင်ဆိုင် ကြားလိုက်ရပါတယ် ...။ ခန့်ညားထည်ဝါလှတဲ့ ဇာတ်စင်ကြီးကလဲ အင်ကြင်ပင်တွေရဲ့ကြားမှာ ခမ်းနားစွာ နေရာယူထားခဲ့ပြီး စင်္ကာပူရောက် ရွှေမြန်မာများကလည်း တစ်ဖွဲဖွဲ တစ်သဲသဲနဲ့ ရောက်ရှိလို့လာကြပါတယ်...။
သင်္ကြန်ပွဲကို အားခဲလို့ ရောက်ရှိလာကြတဲ့ ပရိတ်သတ်များအတွက် ဆရာတော် ဘုရားများဦးဆောင်တဲ့ စတုဒီသာ အလှူရှင်အပေါင်းတို့ကလည်း လှိုက်လှဲပျူငှါ ၊ ဧည့်ဝတ်ကျေပွန်စွာဖြင့် လာရောက် သုံးဆောင်ကြဖို့ သူ့ထက်ငါ အပြိုင်အဆိုင်  ဖိတ်ခေါ်ကျွေးမွေးကြပါတယ်...။
ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်ဝလွန်းသော ဆမ်ဘာဝမ်းအတာသင်္ကြန်ပွဲတော်ဝန်းကြီးထဲမှာ မြန်မာတို့ရဲ့ စစ်မှန်သော ယဉ်ကျေးမှုနဲ့ နွေးထွေးသော အပြုံးပန်းများကို တစ်ပြိုင်တည်းဆိုသလို ခံစား ရရှိခဲ့ပါတယ်....။

စတုဒီသာ အလှူရှင်အဖွဲ့များရဲ့စေတနာ ...

ဧည့်ဝတ်ကျေလွန်းလှသော အပြုံးပိုင်ရှင်များ ...
ဆမ်ဘာဝမ်းကမ်းခြေ ဇာတ်ခုံဘက်ဆီက “ စိန်မြင့်စန်းအဖွဲ့ တီးတဲ့လက်သံ ... ဘ၀ဂ်ညံအောင်သာ .... တံတြာ .. သီတာ ... သာယာယဉ်ကျေး ... မြန်မာသံတေးတွေကို ... တေးဆိုသီကျူး ... အထူးပင်နှစ်သက်စရာ ... တင်ဆက်တဲ့ သူရဲ့စေတနာ .... ” စတဲ့ စိန်မြင့်စန်း ဆိုင်းအဖွဲ့ရဲ့သီချင်းနဲ့ မြိုင်ဆိုင်သော  တီးလုံးသံရှိရာ ဘက်ကိုလဲ ခြေထောက်ကလှည့်ချင် ... စတုဒီသာ မုန့်တွေကလည်း တစ်ခုပီး တစ်ခု စားချင်နဲ့ အဲဒီအချိန်မှာ ဖြစ်နိုင်ရင် နှစ်ကိုယ် သုံးကိုယ်လောက်လောက် ခွဲထားလို့ရရင် အကောင်းသားလို့ တွေးဖြစ်လိုက်သေးတယ် ....း))

ကြာဇံကြော်နဲ့ ၀က်သားဒုတ်ထိုး အလှူရှင်များ...
သစ်သီးကုသိုလ်ရှင်များအဖွဲ့ရဲ့ စေတနာ ...
မုန့်လက်ဆောင်းကုသိုလ်ရှင်များ....
နန်းကြီးသုတ်ကုသိုလ်ရှင်များ ....

အဲဒီနေ့မှာ ... စင်္ကာပူရောက် မြန်မာပရိတ်သတ်တွေ သောင်းနဲ့ချီပြီး လာကြတာကို တွေ့ရပါတယ် ...။ ဒါပေမယ့် ဆရာတော်ဘုရားနဲ့ အလှူရှင်များရဲ့ ထက်သန်သော စေတနာ ၊ မွန်မြတ်သော သဒ္ဓါတရားကြောင့် ညနေ ပွဲပြီးချိန်ထိ စတုဒီသာ လုံးဝ ပြတ်မသွားပဲ လူတိုင်း ၊ လူတိုင်း စိတ်ကြိုက် စားသောက်နိုင်ကြတာကို တွေ့ရပါတယ်...။

ဒါကတော့ မနှင်းတို့အကြိုက် မုန့်ဟင်းခါးပါ ....ပွဲအကြို ဇာတ်ခုံဆောက်တဲ့ညကတည်းက ဒီနေရာမှာ နန်းကြီးသုတ်နဲ့ ကျွေးမွေးဧည့်ခံနေခဲ့ပါတယ် ...


ရေသန့်အလှူရှင်များကလည်း တစ်တပ်တစ်အား
မုန့်လုံးရေပေါ် အရမ်းစားလို့ကောင်းပါတယ်... မျက်နှာပြောင်တယ်ပဲပြောပြော ၃ခါထက်မနည်း သွားစားဖြစ်ခဲ့ပါတယ်းD
 

ဆမ်ဘာဝမ်းအတာသင်္ကြန်ပွဲလောက် စည်ကားသိုက်မြိုက်ပြီး အဘက်ဘက်က ပြည့်စုံနေတဲ့ ပွဲမျိုးကို ကျမ ဒီနိုင်ငံကို ရောက်လာပြီးတဲ့ နှစ်ကာလတွေအတွင်း ပထမဆုံကြုံဖူးချင်းပါပဲ ....။ ရိုင်းစိုင်းစွာ မူးရူး ရမ်းကားခြင်းများကို တင်းကျပ်စွာ စည်းကမ်းထိမ်းချူပ်တာကိုလည်း တွေ့ရပါတယ် ...။ မြန်မာရိုးရာယဉ်ကျေးမှု ဓလေ့ထုံးနန်းကို အပြည့်အ၀ ထိမ်းသိမ်းပေးသော ယခုလို ပွဲမျိုးကို မြန်မာပြည်မှာပင် မတွေ့နိုင်ပါ...။

                         ညိုမြသီချင်းသီဆိုပေးတဲ့ ညီမလေး ချယ်ရီ နဲ့ အက ညီမလေး သိမ့် ...

ရွှေမန်းသူ တေးသီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုသွားတဲ့ မခက်ခက်ဇော်နဲ့ အက - မခင်ဖြူကြည်

                         
ဇာတ်ဆရာ ကိုဘကျော် နဲ့ ဆက်တင်မန်နေဂျာ  အစ်ကိုရွှေနွယ်ရိုး



ဆမ်ဘာဝမ်း ဓမ္မဥယျာဉ်ကျောင်းမှ တရုတ်ဘာသာစကားလေ့လာသင်ယူနေကြသော ကျောင်းသားများကလည်း တရုတ်သီးချင်းဖြင့် ဖျော်ဖြေကြစဉ် ....

ဖျော်ဖြေရေးအစီအစဉ်ကိုတော့ နံနက် ၉ နာရီတိတိမှာ စတင်ခဲ့ပြီး တစ်ပိုင်းနဲ့ တစ်ပိုင်းကြားမှာတော့ သက်ကြီးပူဇော်ပွဲပြုလုပ်ပါတယ် ....။

စင်္ကာပူနိုင်ငံရောက် ဘိုးဘွားမိဘများ ....
ရိုးရာအတာ သင်္ကြန်ပွဲကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသော စင်္ကာပူရောက်မြန်မာများရဲ့ အမှတ်တရအဖြစ် ကျမရဲ့ မောင်နှမအားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ် ....။ ဒီနှစ်မှာ ဆမ်ဘာဝမ်းသင်္ကြန်ပွဲကို ပါဝင်ဆင်နွှဲခွင့်မရလိုက်သူများ နောက်နှစ်ခါ သင်္ကြန်မှာ ဆုံတွေ့ကြမယ်နော်းD
ဆမ်ဘာဝမ်း အတာသင်္ကြန်ပွဲတော် ၂၀၁၀ အပိုင်း(၂) ကို ...နောက်ပို့စ်တစ်ခုအဖြစ် တင်ပါဦးမယ် ....။

နှစ်သစ်မှာအားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

အားလုံးကိုချစ်ခင်လေးစားလျှက်

နှင်းဟေမာ
18 April 2010

Saturday, April 10, 2010

မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏တတိယအကြိမ်မြောက်အလှူတော်မှတ်တမ်း

(06-07-2009) ခုနှစ်တွင် ပရဟိတလုပ်ငန်းများကို စိတ်အားထက်သန်ကြသော ၀ါသနာတူသူငယ်ချင်း တစ်စုတို့ ပေါင်းစုလျှက် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော ကျမတို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ တတိယအကြိမ်မြောက် အလှူတော်ကို မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အုတ်ကန်ကျေးရွာ၌ တည်ရှိသော ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးတွင် အနာကြီးရောဂါကိုခံစားနေကြရသော အဖိုး အဖွားများနှင့် ဝေဒနာရှင်များစွာတို့အတွက် လိုအပ်သော ဆေးဝါးနှင့် အဟာရဒါန ဆန်၊ ဆီများကို သွားရောက် လှူဒါန်းဖြစ်ခဲ့ပါတယ်....။
ကျမနှင်းဟေမာတို့ ဇာတိရွာသားတစ်ဦးဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အရေပြားရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာတင့်ကျော်၏ အကူအညီဖြင့်ကျမနှင်းဟေမာ နှင့် အနာကြီးရောဂါဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာတို့ အဆင်ပြေသည့် ရက်ကိုသတ်မှတ်လိုက်ကြပြီး ( ၁၇-၀၂-၂၀၁၀ ) နေ့မှာ မန်းလေးမြို့ခံ ဆွေမျိုးမိသားစုများနှင့်အတူ မတ္တရာမြို့နယ်၊ အုန်ကန်ကျေးရွာမှ အနာကြီးရောဂါဆေးရုံကြီးသို့ နံနက် ၁၁နာရီခန့်မှာ ရောက်ရှိသွားခဲ့ပါတယ်...။


                                                  မန္တလေးမြို့မှ အထွက် ...
                                      အုတ်ကန်ကျေးရွာ အနာကြီးရောဂါဆေးရုံကြီးအနီး
ရေနံ့သာ အနာကြီးရောဂါဆေးရုံဝန်းအတွင်း
အနာကြီးရောဂါဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာ
ဆရာမ ဒေါ်နော်ရို့စ်
ဆေးရုံးဝန်းထဲကို မ၀င်ရသေးခင်မှာပဲ ဆေးရုံအုပ်ကြီးနှင့် ဆရာမ နော်ရို့စ် အ၀င်အပါ အနာကြီးရောဆေးရုံကြီးမှ ၀န်ထမ်းများက လှိုက်လှဲဖော်ရွေစွာ ဆီးကြိုနှုတ်ဆက်ကြပါတယ်...။ သူတို့တစ်တွေရဲ့ မျက်နှာမှာ တူညီတဲ့ အပြုံး ၊ ထပ်တူကျတဲ့ မေတ္တာတရားတွေနဲ့ မွန်မြတ်တဲ့ စေတနာ ... အေးမြတဲ့ အကြင်နာအရိပ်တွေ ယှက်သန်းနေတယ်လို့ ခန့်မှန်းလိုက်မိပါတယ်...။
ကျမတို့အသင်းသားများနဲ့ ကျမ ရဲ့ စာဖတ်သူမောင်နှမများ စုပေါင်းလှူဒါန်းငွေစုစုပေါင်းငွေ နှင့် ဆန်အိတ် (သန့်စင်ပြီး)- ၁၅ လုံး နှင့် ပဲဆီသန့် (၁၅)ပိဿာတို့ ကို ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကျမတို့ကို ဆေးရုံဝန်းထဲမှ အနာကြီးရောဂါ ဝေဒနာသည်များရှိရာသို့ သွားရောက်ဖြစ်ခဲ့ပါတယ်...။


                                 ဆရာမ ဒေါ်နော်ရို့စ် မှ အလှူငွေလက်ခံယူနေစဉ်
အနာကြီးရောဂါဆေးရုံကြီးအတွက် လှူဒါန်းရန် ဆန် ၁၅ အိတ်နဲ့ ပဲဆီ ၁၅ ပိဿာတို့ကို ရွှေနတ်သားဆန်စက်မှ ၀င်ရောက်ဝယ်ယူခဲ့ပြီး ဆေးရုံထိအရောက် ဆန်စက်မိသားစုများမှ လိုက်ပို့ပေးကြပါတယ်...။



                                                        ဆေးရုံဝန်းအတွင်း
အနာကြီးရောဂါဆေးရုံကြီးမှ လူနာအဖိုး ၊ အဖွားများ



ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးမှာ စုစုပေါင်း လူနာ ၂၀၀ကျော်ရှိပါတယ်..။ လူနာဆောင်တွေမှာအမြဲတမ်းဆေးကုသမှု ခံယူလျှက်ရှိကြသော လူနာများ နဲ့ ရောဂါ ပြင်းထန်မှ တတ်ရောက် ကြသော လူနာများ ၊ သံဃာတော်များ စသည်ဖြင့် စုစုပေါင်း အဆောင် ၇ ဆောင်သို့ ရောက်ဖြစ်ခဲ့ပါတယ်...။
အနာကြီးရောဂါဝေဒနာရှင်များအတွက် နေ့စဉ်ကျွေးမွေးသော ထမင်း နှင့် ဟင်း ကိုကြည့်ပြီး ကျမ တစ်ကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်...။ ကျမသွားရောက်ခဲ့တဲ့ အချိန်မှာ ရေနံ့သာ အနာကြီးရောဂါ ဆေးရုံကြီးမှဝေဒနာသည်များအတွက် ဆေးပဒေသာပင် စိုက်ထူရန် ရည်ရွယ်ခဲ့ပေမယ့် ဆေးရုံအုပ်ကြီးနဲ့ ဆရာမများရဲ့လမ်းညွှန်မှုဖြင့် လက်ရှိအခက်အခဲများဖြစ်သော ၆လစာဆေးဝါးကုသစရိတ်နှင့် အဟာရဒါနအတွက်ကိုပဲ ခွဲခြမ်း၍ အဆင်ပြေသလို လှူဒါန်းဖြစ်ခဲ့ပါတယ်...။
    

ကျမတို့ရဲ့ နိုင်ငံမှာ အမှန်တစ်ကယ် လိုအပ်နေခဲ့တဲ့ ကွက်လပ်လေးတွေ များစွာရှိနေပါတယ်...။ကျမတို့ လူငယ်များအနေနဲ့ မိမိတို့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း လေးတွေမှာ ပရဟိတစိတ်ဝင်စားကြသူများက ဦးဆောင် ဦးရွက်ပြုပြီး  အဆင်ပြေသလို စုပေါင်း လှူဒါန်းသွားနိုင်ကြမယ် ဆိုရင် လှူဒါန်းရသူရော အလှူခံလိုက်ရသူရော နှစ်ဦးနှစ်ဘက်လုံးမှာ တန်ဖိုးမဖြတ်နိုင်အောင် အကျိုးကျေးဇူးများလှပါတယ်...။
ကျမတို့ရဲ့ မေတ္တာကမ္ဘာအသင်းအနေနဲ့ ဒီထက်မက ခိုင်မာတဲ့ အဖွဲ့အစည်းလေးတစ်ခုဖြစ်ပေါ်လာအောင် လိုအပ်တဲ့နေရာလေးတွေမှာ လိုအပ်သလို ကူညီလှူဒါန်းခွင့်ရအောင် ၊ အထူးသဖြင့် ဤအလှူလေးဖြစ်ပေါ်လာအောင် ၀ိုင်းဝန်းလှူဒါန်းကြသော ကျမ၏ အသင်းဝင်မောင်နှမများ ၊ ဘလော့ဂါမောင်နှမများ နဲ့ စာဖတ်သူ မောင်နှမများအားလုံးကို အထူးပင်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းကိုလည်း ဒီနေရာလေးကနေ ပြောကြားလိုက်ပါတယ်...။
နောင်လှူဒါန်းမည့် စတုတ္ထအကြိမ် ၊ ပဉ္စမအကြိမ် .....တွေမှာလည်း ကျမတို့ မေတ္တာကမ္ဘာ လူမှုကူညီရေးအသင်းနှင့် အတူ ပူးပေါင်းလှူဒါန်းကြပါဦးလို့ ကျမ နှင်းဟေမာမှ ထပ်မံ၍ နှိုးဆော်တိုက်တွန်းရင်း အလှူရှင်များစာရင်းနှင့် အလှူတော်မှတ်တမ်းများကိုပါ အများ သူငါတို့ သာဓုခေါ်ဆိုနိုင်ကြရန် အလို့ငှါ ဝေေ၀ဆာဆာ မှတ်တမ်းတင် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်...။
 
ကျမတို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အုတ်ကန်ကျေးရွာ ၊ ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးသို့ လှူဒါန်းခဲ့သော အလှူငွေ စုစုပေါင်းမှာ - ကျပ် ( ၁၀၂၆၅၀၀ ) ဆယ်သိန်းနှစ်သောင်း ခြောက်ထောင်ငါးရာကျပ်တိတိ ဖြစ်ပါသည်...။
ထိုအလှူတော်အတွက် တစ်တပ်တစ်အားပါဝင်လှူဒါန်းကြသော အလှူရှင်စာရင်းများကို မှတ်တမ်းတင်ရင်း အလှူငွေ စုစုပေါင်း နှင့် စာရင်းရှင်းတမ်းကို ဖော်ပြအပ်ပါသည်  -

၁) ကိုဝေယျာလင်း ( စင်္ကာပူ ) - S$ 50

၂) ကိုကိုကျော်သက်ထွန်း ( စင်္ကာပူ ) - S$ 100

၃) မရတနာတင် ( စင်္ကာပူ ) - S$ 50

၎) မနှင်းဟေမာ ( စင်္ကာပူ )  - S$ 50 နှင့် မြန်မာငွေ - ၁၇၆၈၀၀ ကျပ်တိတိ
( တစ်သိန်းခုနှစ်သောင်းခြောက်ထောင်ရှစ်ရာကျပ်) 
                                    
၅) ကိုကို ( စင်္ကာပူ ) - S$ 50

၆) မခင်သန္တာဝင်း ( စင်္ကာပူ ) - S$ 50

၇) ကိုမျိုးမင်းကျော် ( စင်္ကာပူ ) - S$ 50

၈) ကိုကျော်သူဟိန်း ( စင်္ကာပူ ) - S$ 20

၉) မအိဖြူဝင်း ( စင်္ကာပူ ) - S$ 20

၁၀) ကိုနေမျိုးထွန်း ( စင်္ကာပူ ) - S$ 50

၁၁) မလီလီဟွာ ( စင်္ကာပူ ) - S$ 50

၁၂) ကိုအောင်မျိုးဦး ( စင်္ကာပူ ) - S$ 80

၁၃) ကိုထွန်းလှိုင် ( စင်္ကာပူ ) - S$ 10

၁၄) ကိုကျော်လွင်ဦး (စင်္ကာပူ) - S$ 50

၁၅) ဘလော့ဂါကြည်ဖြူပိုင်(နွေဦးမိုး) - စင်္ကာပူ - S$ 10

၁၆) ကိုကျော်ဇေလှ+မပွင့်ဖြူစန်း
      (Dhamma Knowledge မိသားစု) - စင်္ကာပူ - S$ 50

၁၇) ကိုဖြိုးမောင်မောင်ဖြိုး ( စင်္ကာပူ ) - S$ 20

၁၈) ကိုဇေယျာလင်း နှင့် မခင်ဖြူစင် ( စင်္ကာပူ ) - S$ 50

၁၉) ကိုတိုးကြွယ်အောင် ( စင်္ကာပူ ) - S$ 10

၂၀) ကိုသက်နိုင် ( စင်္ကာပူ ) - S$ 50

၂၁) ကိုအောင်ဇင်ကိုကို ( စင်္ကာပူ ) - S$ 20

၂၂) မအေးအေးတိုး ( စင်္ကာပူ ) - S$ 10

၂၃) အစ်ကို ပိတောက်မြေ နှင့် မမရွှေစင် - ၁၀၀၀၀၀ ( တစ်သိန်းကျပ် )
     (ပိတောက်မြေမိသားစု)

၂၄) မမိုးသူဇာ ( စင်္ကာပူ ) - S$ 30

၂၅) မမျိုးမျိုးရီ ( စင်္ကာပူ ) - S$ 30

၂၆) ကိုဘိုဘိုဟန် ( စင်္ကာပူ) - S$ 40

၂၇) ကိုမြင့်ဇော် ( စင်္ကာပူ) - S$ 50

စုစုပေါင်း အနာကြီးရောဂါဆေးရုံကြီးသို့လှူဒါန်းရန် လက်ခံရရှိသော အလှူတော်ငွေ စုစုပေါင်းမှာ -
စင်္ကာပူဒေါ်လာ - S$ 1050 နှင့် မြန်မာငွေ - ၁၀၀၀၀၀ ( တစ်သိန်းကျပ်တိတိ) ဖြစ်ပါသည်။
မြန်မာပြည်သို့လွှဲပြောင်းငွေကို  ရွှေရတနာ ( ပင်နီးဆူလားပလာဇာ ) မှ ပေါက်ဈေး ၁ဒေါ်လာလျှင် ၇၁၄ ကျပ်နှုန်းဖြင့်လွှဲပြောင်းငွေမှာ - S$ 1050 x 714 = 749700 ကျပ်တိတိ နှင့် မြန်မာငွေ စုစုပေါင်းမှာ (၈၄၉၇၀၀)ကျပ် -ရှစ်သိန်း လေးသောင်း ကိုးထောင် ခုနှစ်ရာ ကျပ်တိတိဖြစ်ပါသည် ...။
ငွေစာရင်းမရှင်းလင်းသည်များရှိပါက ( သို့မဟုတ် ) တစ်ခုခုလွဲမှားမှုများရှိပါက လီလီဟွာ ( ဘဏ္ဍာရေးမှူး ) ထံသို့ဖြစ်စေ ၊ မရတနာ (အတွင်းရေးမှူး )ထံသို့ဖြစ်စေ ၊ ကျမ နှင်းဟေမာ ထံသို့ဖြစ်စေ ..တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြပါသည် ...။

အားလုံးပဲ ... ပါရမီထိုက်သော ဒါနကိုထာဝရ ပြုနိုင်ကြပါစေ...

နှင်းဟေမာ 
( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )