Thursday, March 31, 2011

ကမ္ဘာမြေရဲ့ချစ်သူ ....













“ကမ္ဘာမြေပေါ်ကို နင်းမိလိုက်တိုင်း
ကိုယ့်ရဲ့ခြေအစုံအောက်မှာ
ပန်းတို့ရဲ့ နုညံ့မှုတွေခင်းကျင်းထားသလို
ဘ၀ကို ကျေနပ်နှစ်သက်စေခဲ့သူ.....


“စိတ်မှာတောင့်တလိုက်ရုံနဲ့
နှုတ်ကဖွင့်ဟဖို့မလို .....
ကိုယ်လိုချင်တာမှန်သမျှ
အစစအရာရာ အလိုက်သိတတ်လွန်းသူ .....


ကိုယ်ရှင်သန်ရာ ဘ၀ဥယျာဉ်ထဲမှာ
ပူပင်သောကတွေဖယ်ရှင်း ပျော်ရွှင်ခြင်းတွေကိုသာ
တစ်မျှော်တစ်ခေါ်ဖူးပွင့်အောင်
ဆောင်ကျဉ်းစိုက်ပျိုးနိုင်ခဲ့သူ ......


ကိုယ်ဘယ်လို ဆိုးဆိုး
အတိုးချပြီးသီးခံ ကိုယ့်ရဲ့အနိုင်ယူတဲ့ဒဏ်တွေကို ခံရင်း
မာန်မာနကင်းစွာလဲကြင်နာတတ်ခဲ့သူ ......


ချစ်သူရေ ..............
ဘယ်သူတွေ ဘာပဲပြောပြော
မေတ္တာတရားကို မေတ္တာတရားချင်းထုဆစ်လို့
သစ္စာတရားကို သစ္စာတရားခြင်း ထွန်းညှိလို့
ချစ်ခြင်းရဲ့ အလင်္ကာမြို့ကို
အနှစ်တစ်ရာ မယိုင်မလဲအောင်
အခိုင်မြဲဆုံး သစ္စာတရားတွေနဲ့
တစ်သက်လုံးပဲ တည်ဆောက်သွားစို့နော် ....။

       ****************************************************

                                    ချစ်သူနှစ်ဦးရဲ့တစ်နှစ်ပြည့် အမှတ်တရ



အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
31 March 2011

Wednesday, March 23, 2011

ကျမနဲ့ ကျမချက်တဲ့ ငါးဆားနယ်ဟင်း

ကျမရဲ့မီးဖိုဆောင်လေးလို့ ခေါင်းစဉ်တစ်ခုတပ်ပြီးကာမှ ကိုယ်တိုင်ချက်တဲ့ဟင်းလေးတွေကို ကိုယ်တိုင်ပဲ စိတ်တိုင်းမကျတာနဲ့ မတင်ဖြစ်ခဲ့ဘူး ။
ဒီတစ်ပတ်တော့ ဈေးထဲကနေ လတ်လတ်ဆတ်ဆတ်ငါးတစ်ကောင်ကိုဝယ်လာဖြစ်ခဲ့တယ်...။
ဟင်းဆိုရင် အပေါ့အရွှတ်တွေ ၊ အရောင်အဆင်းမရှိတဲ့ဖြူဖတ်ဖြူရော်တွေ ၊ အချိုချက်တာတွေကို လုံးဝမစားတတ်တဲ့ ကျမအတွက် ငါးကိုဘယ်လိုချက်ရမလဲလို့ စဉ်းစားရင်း ငါးဆားနယ်(ငဆနယ်) လုပ်ထားပြီးမှ ခရမ်းချဉ်သီးလေးနဲ့ ငဆနယ်ဟင်းဆီပြန်လေးတစ်ခွက်ချက်ဖို့ စိတ်ကူးလိုက်တယ် ....။
ငါးဆနယ်က မလုပ်ဖြစ်တာတော့ကြာပြီ ... ဟိုးအရင်က သူငယ်ချင်းနားမှာ ကြည့်ထားခဲ့တား)

မြန်မာပြည်မှာအစိုးရ၀န်ထမ်း အလုပ်တာဝန်နဲ့ ပြည်နယ်တစ်ခုမှာတာဝန်ကျခဲ့တော့ ကျမနေရတဲ့အဆောင်က မြို့ထဲနဲ့လဲဝေးတယ် ဈေးနဲ့လဲဝေးတော့ ကျမတို့ဝန်ထမ်းတွေအတွက် တစ်ပတ်တစ်ခါဆိုသလို ငါးကားကြီးတစ်စီးရောက်လာပြီး ငါးတွေဝေပေးလေ့ရှိပါတယ် ....။
အဲဒီမှာ  အဆောင်မနေတဲ့ အိမ်ထောင်ရှင် ဆရာမကြီးတွေကတော့ သူတို့ဝေစုကို ကျမတို့အဆောင်က ကလေးတွေ ယူချင်တဲ့သူ ယူဆိုပြီး မီးဖိုခန်းထဲက ဇလုံကြီးတစ်လုံးထဲမှာ ထားပေးခဲ့တတ်တယ် ...။
ကျမနဲ့တစ်ခန်းထဲ အတူတူနေရတဲ့ မြင့်သူဇာလှိုင် ဆိုတဲ့ ဆရာမလေးက ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ကဆိုတော့ ငါးပိရေသိပ်တာ ၊ ငါးဆားနယ်လုပ်တာတော့ တော်တော်လေးကျွမ်းကျင်တယ် ....။
အဲဒါနဲ့ ကျမတို့နှစ်ယောက်ပေါင်းပြီး ပြည်နယ်ဘုရားပွဲမှာ စဉ့်အိုးကြီးကြီးတစ်လုံးဝယ်လိုက်တယ် ...။

ကျမတို့ချက်မစားနိုင်တဲ့ ငါးတွေရော အဆောင်က သူငယ်ချင်းတွေရဲ့ငါးတွေရော ပေါင်းပြီး ၊ အရွယ်ညီအတုံး အကွင်း အကွင်းလေးတွေအဖြစ် လှလှပပ တုံးလိုက်တယ် ...။
ပြီးတာနဲ့ ဆား ၊ ဟင်းချိုမှုန့် ၊ နနွန်းမှုန့်တို့နဲ့ စိမ့်ဝင်အောင်နယ်ပြီး စဉ့်အို့ခြောက်ခြောက်လေးထဲမှာ လက်သန့်သန့်လေးနဲ့ တစ်ထပ်ချင်းသိပ်လိုက် ဆားတစ်ထပ်ထည့်လိုက်နဲ့ ပြီးတဲ့အခါ ပလပ်စတစ်အကြည် သန့်သန့်လေးနဲ့ လေလုံအောင်စဉ့်အိုးအ၀ကိုဖုံးလိုက်ပြီး သံပန်းကန်ပြားအဟောင်းတစ်ချပ်နဲ့ ဖုံးထားလိုက်တယ် ....။
ကျမတို့လုပ်တဲ့ ငါးဆားနယ်အိုးကြီးက နောက်ဆုံးမှာတော့ လက်မလည်အောင် ရောင်းကောင်းတဲ့ အိုးကြီတစ်လုံးဖြစ်လာခဲ့တယ် ....။
အဆောင်မှာ ဘာဟင်းမှမရှိဘူးဆိုရင် ငါးဆားနယ်ကြော်၊ တာလပေါ့ဟင်းရည်အိုးကြီးတစ်အိုး နဲ့ ငရုတ်သီးထောင်းတစ်ခွက်ကတော့ အမြဲတမ်းလိုလိုရှိနေတတ်တယ် ...။

ကျမနဲ့ မြင့်သူဇာလှိုင်က ငါးဆားနယ်သိပ်တဲ့တာဝန်ကိုယူပြီး ၊ မိဥမ္မာထော ဆိုတဲ့ အစ်မကတော့ တာလပေါ့ဟင်းအိုးကြီးကို တာဝန်ယူတယ် ....။ ငရုတ်သီးထောင်းဖို့ ငါးဆားနယ်ကြော်ဖို့ကိုတော့ အဆောင်ထဲက သူငယ်ချင်းတွေက အလှည့်ကျတာဝန်ယူကြရင်း ကျမတို့တို့ရဲ့ ထမင်းဝိုင်းကြီးကလဲ ဘယ်တော့မှမပြောင်းလဲသော ဟင်းလျာတွေနဲ့ အမြဲစည်ကားလေ့ရှိပါတယ် .....။

အဆောင်ခေါင်းရင်းက မလွှပင်ကြီးကလဲ ဖွေးဖွေးလှုပ်အောင် ပွင့်လိုက်၊ ကြွေလိုက်ရှိခဲ့ပေမယ့် ကျမတို့လက်ချက်နဲ့ အပင်ပေါ်မှာရော ၊ မြေကြီးပေါ်မှာရော ကြာကြာမနေရ ရှာပါဘူး ။
စားစရာ ပြတ်လပ်သွားပြီဆိုရင် .... အဲဒီ မလွှပွင့်တွေကို မြေအိုးကြီးနဲ့အခါးလျှော့သွားအောင်ပြုတ်ပြီး ကြက်သွန်နီစိမ်း ၊ မြေပဲထောင်း ၊ ဆီချက် ၊ ငရုတ်သီးမှုန့်နဲ့ နယ်ပြီး ဇလုံကြီးထဲမှာ ပယ်ပယ်နယ်နယ် သုတ်စားလေ့ရှိကြတယ် ...။

ကျမတို့ ကျောင်းနဲ့မျက်နှာချင်းဆိုင် ကြာအင်းတောင်တန်းပေါ်က ဘဒတ်စာလို့ခေါ်တဲ့ အဖြူရောင်အပွင့်လေးတွေကလဲ ကျမတို့ ပြည်နယ်ဝန်ထမ်းတွေအတွက် လောက်ငအောင်ပွင့်ပေးရှာပါတယ် ...။
ဘဒတ်စာနဲ့ ကင်ပွန်းချဉ်ကလိုက်ဖက်တဲ့ အတွဲဆိုတော့ မိုးရွာလို့ တောင်ပေါ်မှာ ဘဒတ်စာတွေ ထွက်ပြီဆိုရင် ကျောင်ဝန်းထဲက ကင်မွန်းပင်တန်းကြီးကလဲ ကျမတို့လက်ချက်နဲ့ အညွှန့်တော်တော်နဲ့ပြန်မထွက်နိုင်ရှာတော့ဘူး .....။
ရှားပါးဆင်းရဲပေမယ့် အဲဒီဘ၀ကိုပဲ ကျမတို့ပျော်ခဲ့ကြတာ ......နှစ်တွေကြာခဲ့ပေမယ့် တစ်သက်မမေ့စရာ အတိတ်က ပုံရိပ်လွှာလေးတွေကို ပြန်လည်အောက်မေ့မိရင်း ငါးဆားနယ်ဟင်းတစ်ခွက်ကို ပြန်လည် ချက်ပြုတ်ဖြစ်ခဲ့တာပါ ....။

ငါးဆားနယ်သိပ်ထားတဲ့ ဗူးထဲကနေ ငါးဆနယ်တုံးလေးတွေကို လိုသလောက်ယူ၊ ဆားတွေဖယ်ထုတ်ပြီး ရေအထပ်ထပ် ဆေးထားလိုက်တယ် ....။
ပြီးရင် ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ကိုပါးပါးလှီးပြီး ၊  နံနံပင်တွေကို ရေစင်အောင် ဆေးထားပါတယ်...။


ပထမဆုံးဆီသတ်ပြီး ခရမ်းချဉ်သီးအနှစ်ရတဲ့အခါမှာ ငါးဆနယ်တွေကို ထည့်လိုက်ပီး ကျက်လောက်တဲ့အခါမှာ အရသာလိုသလိုပြင်လိုက်ပါတယ် ...။ ပြီးရင်တော့ ဆီလည်ရေလည်အနေလောက်မှာ နံနံပင်လေးအုပ်ပြီး ချလိုက်တာနဲ့ ထမင်းစားလို့မြိန်စေမယ့် ငါးဆနယ်ဟင်းတစ်ခွက် ကျက်သွားပါပြီ ...။

အရသာက လေးလေးပင်ပင်ရှိတော့ အချဉ်နဲ့လိုက်ဖက်တာမို့ ရှားရှားပါးပါးရတဲ့ မရမ်းသီးလေးကို ပုဇွန်ခြောက်မှုန့် ၊ မြေပဲမှုန့်တို့နဲ့ သုတ်လိုက်ပါတယ်....။
သူငယ်ချင်းရဲ့ မုန့်ညှင်းရွက်ဟင်းချို ပူပူလေးနဲ့ပါ တွဲဖက်ပြီး စားလိုက်ကြတာ ...............
အဲဒီထမင်းဝိုင်းလေးက ကျမတို့အတွက်တော့ အမှတ်တရပါပဲ .....း)

အားလုံးကိုချစ်ခင်လေးစားလျှက် ~
နှင်းဟေမာ
(22 March 2011)

Wednesday, March 16, 2011

ရွှေမန်းမြို့က ရှင်ပြုအလှူ(၂)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က မန္ထလေးမြို့၊  မဟာအောင်မြေမြို့နယ် ၊ လမ်း ၈၀၊ ၄၀ လမ်းနှင့် ၄၁လမ်းကြား၊ ပေါက်မြိုင်တိုက် ၊ အေးငြိမ်းအောင်မြင်သိဒ္ဒိရှင် ဓမ္မာရုံကြီးမှာ လူရွှင်တော်စာရေးဆရာ ဦးချစ်စရာ ရဲ့ (သား) မောင်စိုးမင်းအောင် ၊ လူရွှင်တော်ဦးဒီပါရဲ့မြေးလေး နဲ့ ယနေ့ထိ သာ့သနာ့အမွေခံယူခွင့်မရရှာသေးတဲ့ ကလေးလေးတစ်ယောက်တို့ သာသနာ့ဘောင်သို့သွတ်သွင်းပြီးနောက် သမီး မစုမြတ်အောင် (ခ) မရတနာစုကြည် ကို မြတ်နားသမင်္ဂလာဆင်ယင်ကျင်းပသည့်အလှူတော်မင်္ဂလာ အောင်ပွဲကြီးရဲ့ အလှူကြီးနေ့အကြောင်းကို  အလှူတော်မှတ်တမ်း ဒုတိယပိုင်းအနေဖြင့် အမှတ်တရ ရေးသားအပ်ပါသည် .....။

                          အာရုံတတ်ချိန်နံနက်ခင်းဆီက  အလှူတော်မင်္ဂလာမဏ္ဍပ်ကြီး
အလှူကြီးနေ့ နံနက်ဝေလီဝေလင်းအချိန်မှာ မန်းလေးမြို့မှ ပင့်သံဃာတစ်ဆယ့်တစ်(၁၁)ပါး ကို အားရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်....။

ညကလဲ ပွဲကြည့်ထားသေးတယ် .....မနက်၎နာရီလောက် အိပ်ယာထရတော့ အိပ်ရေးကမ၀ဘူး ...။
အိပ်ချင်မူးတူးနဲ့ ဆွမ်းကပ်နေပုံးD
နံနက် အာရုံဆွမ်းကပ်ပြီးတဲ့နောက်မှာတော့ ဖိတ်ကြားထားတဲ့ ပရိတ်သတ်တွေမလာခင်မှာ   မိတ်ကပ်ဖန်တီးရှင်-အကြည် ( ကြည်ခိုင်မိုး)ဆီကို ကိုယ့်မျက်နှာကို ကြည့်ပျော်ရှုပျော်လေးဖြစ်ဖို့အတွက် ပြေးရပြန်ပါတယ်...  အဟဲ ( ဗွီဒီယိုရိုက်မှာဆိုတော့ နဲနဲလှချင်တာပေါ့း)

မန်းလေးမြို့ထုံးစံအရ နံနက်(၈)နာရီဆိုရင် ဖိတ်ထားတဲ့ လူတွေက အကုန်စုံနေပြီ ၊ နေ့လည် ၁၁လောက်ဆို လူမရှိတော့ဘူးလို့ဆိုပေမယ့် ကျမတို့ အလှူနေ့ကတော့ နံနက်(၈)နာရီလောက်ထဲက စီကားလိုက်တာ နေ့လည် ၁နာရီကျော် ဘိတ်သိတ်မစခင်အချိန်ထိ စည်ကားနေဆဲလူတွေနဲ့အတူ ထမင်းရုံထဲမှာလဲ မနားတမ်း ထမင်းကျွေးနေရဆဲဖြစ်ပါတယ် ....။
မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်းတွေနဲ့ သာသနာပြုတော်မူတဲ့ သီတဂူကြယ်တစ်ပွင့်ဆရာတော်ဘုရားကလဲ မအားလပ်တဲ့ကြားက အလှူကိုကြွရောက်ချီးမြှင့်တော်မူပါတယ် ....။မောင်ရှင်လောင်းလေးတွေကိုလည်း ဆရာတော်ဘုရားကိုယ်တိုင် သင်္ကန်းစီးပေးပြီး ၊ ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့ပါတယ် .....။
အလှူကြီးနေ့မှာတော့  ငါးခြောက်နှပ် ၊ ကုလားပဲနှပ် ၊ ပဲပင်ချဉ်သုတ် ၊ ကြက်သွန်နီနဲ့ငရုတ်သီးအရွကြော် ၊ ပဲဟင်းချိုတို့နဲ့ အချိုတည်းဖို့ မန်းလေးထိုးမုန့် ၊ လက္ဘက်သုတ် နဲ့ ရေနွေးကြမ်း ၊ သီးမွှေးငှပျောသီး တို့နဲ့ ဖိတ်ကြားထားသူ လူ ၁၀၀၀ ကျော်ကို နေ့လည်စာဖြင့် ဧည့်ခံ၊ လှူဒါန်း ကျွေးမွေးခဲ့ပါတယ် ....။

အလှူတစ်ခုလုပ်ပြီဆိုရင် ကျမ အစိုးရိမ် အပူပန်မိဆုံးက ကျွေးနေရင်း ထမင်းတွေ ဟင်းတွေ မလောက်ငှမှာကိုပဲ ဖြစ်ပါတယ် ...။
အလှူမတိုင်ခင်ကတည်းက ကျမအနေနဲ့ လူရွှင်တော် စာရေးဆရာ ဦးချစ်စရာကြီးကို .....လေးချစ်ရေ မလိုအပ်တဲ့ ၊ တစ်ခြားအပိုကုန်မှာတွေကိုပဲ လျှော့ချ ၊ အလှူမှာကျွေးမဲ့ ထမင်းဟင်းကိုတော့  ကုန်ချင်သလောက်ကုန်ပါစေ  အလျှံအပယ်ချက်ပါ... ကိုရင်လေးတွေအတွက် သင်္ကန်းပရိတ်က္ခရာရှစ်ပါး အစုံကို ၊ အလှူမြောက်အောင်  ၀ယ်ပါဆိုတဲ့ စကားကိုပဲ ကျမ ထပ်ကာတစ်လဲလဲ မှာခဲ့မိတာ ....။
တစ်ကယ်ပဲ စိတ်ချမ်းသာစရာကောင်းပါတယ် ....လူတွေ ဘယ်လောက်များများ ထမင်း ဟင်းကလဲ ပြတ်လပ်မသွားခဲ့တဲ့အပြင်  အလှူဟင်းကကောင်းလိုက်တာဆိုပြီး လာသမျှလူတွေအားလုံးက အားပါးတရ စားကြတဲ့အတွက် အရမ်းပဲ ၀မ်းသာ ၊ ပီတိဖြစ်ရပါတယ် ....။

 အလှူနေ့မှာ ဆရာမကြီး လူထုဒေါ်အမာရဲ့(သား) ဆရာညီပုလေး ၊ မင်းခိုက်စိုးစံ၊ ဆရာမ ယဉ်ယဉ်နု(မန္ထလေး) နဲ့ ဖိတ်ကြားထားတဲ့ စာရေးဆရာအတော်များများ လာရောက်ခဲ့ကြသလို ကျမချစ်ခင်လေးစားရတဲ့ စာရေးဆရာမ ခင်ခင်ထူး နဲ့ သမီးလေး တို့လဲ တတ်ရောက်ခဲ့ကြပါတယ်...။ ဆရာနေ၀င်းမြင့်ကတော့ စာပေဟောပြောပွဲအတွက် နယ်ကိုသွားနေရလို့ အလှူနေ့က မလိုက်လာနိုင်ခဲ့ပါဘူး....။
ကျမအတွက် ဆရာမရေးခဲ့တဲ့ စာပေဗိမ္မာန်ဆုရ စာအုပ် နဲ့ အခြား ရှားပါးစာအုပ်လေးတွေကို လက်ဆောင်ပေးလိုက်တော့ ကျမ အရမ်းပဲ... ကြည်နူးဝမ်းသာရပါတယ်....။
                                      ဆရာမခင်ခင်ထူး ၊ သမီးလေးတို့နဲ့ အမှတ်တရ .....
စာရေးဆရာမ ယဉ်ယဉ်နု (မန္ထလေး) ကလည်း အလှူနေ့မှာ ကျမအတွက် လက်ဆောင်ပေးဖို့ဆိုပြီး စာအုပ်လေးတွေ ယူလာပါတယ် ...။ ဆရာမက လေဖြတ်ထားတဲ့အတွက် ညာဘက်လက်တစ်ဘက်က စာမရေးနိုင်ခဲ့ပေမယ့် သူများကိုရေးခိုင်းပြီး စာပေဗိမ္မာန်ဆုကိုရရှိခဲ့တဲ့အကြောင်းလေးကို ကျမကို ပြောပြတော့ စိတ်မကောင်းဖြစ်မိသလို အရမ်းလဲလေးစားစရာကောင်းတဲ့ စာပေမိခင်တစ်ဦးအဖြစ် အသိအမှတ်ပြုမိပါတယ် ...။
အခုလို လူရွှင်တော် စာရေးဆရာဦးချစ်စရာရဲ့ လှူချင်တဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ၊ လှူဒါန်းခွင့်ရခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကြောင့် ၊ ကျမ လေးစားတန်ဖိုးထားရတဲ့ စာပေအသိုင်းအ၀ိုင်းက ဆရာကြီး ဆရာမကြီးတွေနဲ့ ရင်းနှီးစွာ တွေ့ခွင့် ၊ ဆုံခွင့် ၊ ကန်တော့ခွင့်ပါ ရခဲ့ပါတယ် ....။

                                    ဆရာမ ယဉ်ယဉ်နု (မန္ထလေး) နှင့် အမှတ်တရ
ဆို၊က၊ရေး၊တီး ရွှေတံဆိပ်ဆုရှင်မောင်ရှင်လောင်း မောင်နှမနှစ်ယောက်ကလဲ တေးသီချင်းနဲ့ အားပါးတရ ဧည့်ခံဖျော်ဖြေကြပါတယ် ....။ လူရွှင်တော် နဲ့ မင်းသမီးကမွေးလာတဲ့ မျိုးဆက်လေးတွေဆိုတော့ မခေဘူးလို့ပြောရမယ် ။ တစ်ကယ့် ၀ါရင့်အဆိုတော်ကြီးတွေလိုပါပဲ ....။
ကိုအောင်ကျော်မြင့် နဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့(မြေး)  နန်းခင်မွှေး တို့က တေးသီချင်းများသီဆိုပြီး
ကျောက်ပန်းတောင်း (မင်းသမီး)-စကားဝါ ဒေလီမြင့်ရဲ့ (သမီး) ညီမလေး မှုံနံ့သာသွယ် က အကနဲ့ တွဲဖက်ကာ ပျော်ရွှင်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်....။
အဲဒါပြီးတဲ့နောက်မှာတော့ ဘိတ်သိတ်သွန်းလောင်းရန် တာဝန်ယူထားတဲ့ စာရေးဆရာ မန်းတက္ကသိုလ် စိုးနိုင်က ဆိုင်း - မန္ထလေးသိန်းအောင် (သား) ပိုင်အောင်တို့နဲ့ တွဲဖက်ပြီး မောင်ရှင်လောင်းများကို အစီအစဉ် ၅ရပ်နဲ့ ဘိတ်သိတ်မြှောက်ကာ နားထွင်းမင်္ဂလာပြုပါတယ် .....။

မန်းလေးမြို့ ၊သဘင်အစည်းအရုံးဥက္ကဌကြီး- နန်းတော်ရှေ့ဆရာတင်ရဲ့ (သား) ဖြစ်သူ ဘဘ ဦးရွှေနန်းတင် ကလဲ မြန်မာ့ရိုးရာသုခုမအနုပညာနဲ့စာပေကို ချစ်ခင်လေးစားသောအားဖြင့် လူရွှင်တော်စာရေးဆရာ ဦးချစ်စရာ ၊ ဒေါ်အေးအေးသွင်တို့ရဲ့ ရင်သွေးရတနာများကို လာရောက်လှူဒါန်းပေးတဲ့ ကျမတို့ရဲ့ ဒါနစေတနာကို ချီးမြှောက်သောအားဖြင့် ကျေးဇူးတင်မင်္ဂလာစကားများ အားပါးတရ ပြောကြားပေးခဲ့ပါတယ် .....။
မြန်မာ့ဆိုင်းက နောက်ခံဗျောတီးပေးပြီး  မောင်ရှင်လောင်းလေးတွေကို ဘိတ်သိတ်ထမင်း နဲ့ ဘိတ်သိတ်ဟင်းများ အခုလို ခွံ့ကျွေးရပါတယ် .....
အဲဒီအချိန်မှာ အလှူ့ဒါယိကာဦးချစ်စရာတို့ မိသားစုနဲ့ မောင်ရှင်လောင်းလေးတွေရဲ့ ဆွေမျိုးမိဘတွေ ၊ ဘိတ်သိတ်ပွဲကြည့်သူတွေ အားလုံးက အလှူအတွက် ကြည်နူး ၀မ်းသာတဲ့ မျက်ရည်စတွေနဲ့အတူ မြင်ရသူတိုင်းရဲ့ ရင်ကို ၀မ်းနည်း ၀မ်းသာဖြစ်စေခဲ့ပါတယ် ...။
မစုမြတ်အောင်ကို နားသမင်္ဂလာပြုလုပ်နေပုံ
ဘိတ်သိတ်ဆရာအဖြစ် တာဝန်ယူဆောင်ရွက်ပေးသော စိုးနိုင် (မန်းတက္ကသိုလ်)
 ဘိတ်သိတ် အခမ်းအနားပြီးတဲ့နောက်မှာတော့ အလှူတော်မင်္ဂလာ အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကျိတ်ကျိတ်တိုးနေတဲ့ လူအုပ်ကြီးကြားမှာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ပါတယ် ....။
အဲဒါတွေပြီးတဲ့နောက်မှာတော့ သာသနာ့ဘောင်ကိုဝင်ရောက်ရတော့မယ့် မောင်ရှင်လောင်းလေးများကို ဆံချပြီး ဆရာတော် သံဃာတော်တို့ထံမှ သင်္ကန်းစီး ၊ သီလခံယူကာ မြင့်မြတ်သော သာ့သနာ့ဘောင်ကို ၀င်ရောက်ကြပါတယ် ....။

အားလုံးပြီးတဲ့နောက်မှာတော့ သီတဂူကြယ်တစ်ပွင့်ဆရာတော်မှ ကိုယ်ပိုင်ဆိုင်တဲ့  ပစ္စည်း ဥစ္စာထဲက သူတစ်ပါးအတွက် ဘာမျှော်လင့်ချက်မှမပါပဲ သန့်စင်မွန်မြတ်စွာ လှူဒါန်းခြင်းနဲ့ စိတ်ထားတတ်ခြင်း တို့ကိုအခြေခံသော ပါရမီထိုက်တဲ့ဒါနသြ၀ါဒတရားဒေသနာကို ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့ကို ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းကြပါတယ် .....။
သံဃာတော်တစ်ပါးလျှင် ဒွိစုံသင်္က္ခန်း(၂) စုံနှင့် အခြားလှူဖွယ်ပစ္စည်းများ ၊ ပစ္စည်းလေးပါးအတွက် န၀ကမ္မ၀တ္ထုငွေ တစ်ပါးလျှင် ၃၀၀၀၀၀ ( သုံးသောင်းကျပ်) တို့ကို သံဃာတော် တစ်ဆယ့်နှစ်ပါးတို့အား ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ သာဓု အနုမောဒနာခေါ်ဆိုခဲ့ကြပါတယ် .....။

ညနေ ၄နာရီတိတိအချိန်မှာ အလှူတော်ကြီး အောင်မြင်စွာပြီးမြောက်သွားခဲ့ပါတယ် .....။ညပိုင်းအချိန်မှာတော့ မန်းလေးမြို့ကျက်သရေဆောင် မြို့မဂီတ၀ိုင်းတော်သားများ ၊ ရတနာပုံသန်းဌေးအောင် ဆိုင်းအဖွဲ့တို့နဲ့အတူ ဟာသလူရွှင်တော်-စာရေးဆရာ -အလှူ့ဒါယိကာကြီး ဦးချစ်စရာ ၊ ဦးမော့(စ်) ၊ ဦးရန်အောင် ၊ ဦးဒီပါ ၊ တို့နဲ့အတူ ရှေ့ထွက်မင်းသမီး ကျမ နှင်းဟေမားp ၊ ခေါင်းဆောင်မင်းသမီး နန်းခင်မွှေးတို့က အလှူအောင်ပွဲအတွက် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြပါတယ်....။

                  ************************************************
အလှူတစ်ခုလုပ်နိုင်ဖို့ဆိုတာ လှူချင်တဲ့ဆန္ဒရှိရုံနဲ့လဲ မရနိုင်သလို .... ငွေကြေးပြည့်စုံရုံ ၊ မိမိတစ်ယောက်ထဲရှိရုံနဲ့လဲ မပြီးပါဘူး ၊  ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေ အစစအရာရာ အကူအညီ အထောက်အပံ့ ရှိမှသာ ပြည့်စုံအောင်မြင်တဲ့ အလှူပွဲကြီးတစ်ခုဖြစ်မြောက်ရတာပါ ....။

အထူးသဖြင့် အခုလို မွန်မြတ်တဲ့ ရှင်ပြု အလှူတော်ကြီးတစ်ခုအဖြစ် ကျမကိုလှူဒါန်းခွင့်ရအောင် ပထမဆုံး “တိုင်ပင်ခဲ့တဲ့ လူရွှင်တော် စာရေးဆရာကြီး ဦးချစ်စရာ ” ၊ ဒီအလှူကြီး ဖြစ်မြောက်ဖို့ရာအတွက် ကျမဘေးကနေ အစစအရာရာ ကူညီပါရမီဖြည့်ဆည်းပေးခဲ့တဲ့ ကိုအောင်ကျော်မြင့် ၊ အလှူမတိုင်ခင်ကနေ အလှူပြီးတဲ့အထိ  လိုအပ်တဲ့ ကားတွေအားလုံးကို စိတ်ကြိုက်ယူသုံးခွင့်ပြုပြီး အစစအရာရာ စိတ်ရောကိုယ်ရောနှစ်ကာ အလှူအတွက်မနေမနား ကူညီပေးခဲ့တဲ့ မန်းလေးမြို့က ကိုမောင်မောင် တို့ကို အရမ်းကျေးဇူးတင်မိပါတယ်...။

နောက်ပြီး အလှူမတိုင်ခင်ကနေ အလှူပြီးမြောက်တဲ့အထိ အစစအရာရာ အကူအညီပေးခဲ့တဲ့ အန်တီနန်းခင်မွှေး ၊ အလုပ်ရှုပ်နေတဲ့ကြားက ကျမကို အချိန်များစွာပေးပြီး မေတ္တာနဲ့ပြင်ဆင်ပေးခဲ့တဲ့ - ကျမကမဲ့ အငြိမ့်စင်ပေါ်ထိ လိုက်လာပြီး အားပေးခဲ့တဲ့ မိတ်ကပ်ကြည်ခိုင်မိုး၊  လမ်း ၈၀ မဟာအောင်မြေ ရပ်ကွက်တစ်ခုလုံးက ကျမ ချစ်ခင်ရတဲ့ မန်းလေးသူ ၊ မန်းလေးသား မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ခဲ့မိပါတယ် ဆိုတာလေးကို ဒီနေရာလေးမှာ ကျမရဲ့ တစ်သက်တာ အမှတ်တရအဖြစ်  မှတ်တမ်းတင် ရေးသားအပ်ပါတယ်.........။

အားလုံးကို ချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
(16 March 2011)

Friday, March 11, 2011

မန်းရွှေမြို့က ရှင်ပြုအလှူတော် (၁)

မြန်မာ့ဇာတ်သဘင်ပညာရပ်များ နှင့် သုခုမအနုပညာရှင်ကြီးမှာ ပေါ်ထွက်ရာ ၊ သုခုမ သဘင်ပညာရပ်များ ထွန်းကားရာ မြို့တော်ကြီး တစ်ခုဖြစ်တဲ့ မန္တလေးမြို့တော်ကြီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် နဲ့  ၂၀ ရက်နေ့က  သာသနာ့အမွေ ခံယူသည့်ပွဲ တစ်နည်းအားဖြင့် ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီးကို ၀မ်းမြောက်စွာ ၊ ကြည်နူးစွာနဲ့ အောင်အောင်မြင်မြင် လှူဒါန်းမှုပြုနိုင်ခဲ့ပါတယ်...။

ပြီးခဲ့တဲ့နှစ်က ခုလိုအချိန်မှာလဲပဲ ကျမကိုယ်တိုင်သွားရောက် လှူဒါန်းဖြစ်ခဲ့တဲ့ မန္ထလေးတိုင်း ၊ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာ အနီးမှာတည်ရှိတဲ့ အနာကြီး ရောဂါဆေးရုံကြီးမှာလဲ အလှူဒါနအဖြစ် အနာကြီးရောဂါဝေဒနာရှင်များစွာအတွက် ဆေး ၊ ၀ါး ၊ အဟာရပဒေသာပင် အတွက် ကျပ်ဆယ်သိန်းတိတိနဲ့ ဆန်အိတ် ၊ ဆီပုံး များကို သွားရောက်လှူဒါန်းဖြစ်ခဲ့စဉ်က မန်းလေးမြို့ကြီးကို တစ်ခေါက်တစ်ခါ ရောက်ခဲ့ပါသေးတယ် ....။

ယခုနှစ်မှာလဲပဲ မန်းလေးမြို့မှ ဟာသလူရွှင်တော်ကြီးတစ်ဦးဖြစ်တဲ့အပြင် စာရေးဆရာ ၊  (မန္ထလေးသား စစ်စစ်ကြီးပါဗျာ ဆိုတဲ့ ဟာသ၊ ပြဇာတ်ကိုရေးသားတင်ဆက်ခဲ့သူ)  လေးချစ် (ခေါ်) ဦးချစ်စရာကြီးက .....

“မနှင်းရေ ... လေးချစ် သားလေးကို အခုချိန်ထိရှင်မပြုနိုင်သေးဘူး ... ဖြစ်နိုင်မယ်ဆိုရင် လေးချစ်မသေခင်မှာ သားလေးကိုရှင်ပြုခွင့်ရခဲ့ချင်တယ် ” ဆိုပြီး ကျမကို တိုင်ပင်ခဲ့ပါတယ် .... ။

 မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာ စစ်စစ်များကို ကျမအနေနဲ့ များစွာတန်ဖိုးထားသလို လေးစားထိုက်တဲ့ အနုပညာရှင် ၊ ထူးချွန်တဲ့သဘင်ပညာရှင်များကိုလဲ ကျမ အမှန်တစ်ကယ်  လေးစား တန်ဖိုး ထားမိပါတယ်...။
အဲဒါကြောင့်ပဲ ကျမအနေနဲ့ ဦးချစ်စရာကြီးရဲ့ လှူချင်တဲ့ ဆန္ဒကိုလဲ ဖြည့်ဆည်းခွင့်ရအောင် ၊ ကျမကိုယ်တိုင်လဲပဲ မွန်မြတ်တဲ့အလှူတစ်ခုအဖြစ် ပါရမီထိုက်တဲ့ ဒါနမြောက်သွားအောင် ဒီအလှူပွဲကြီးကို ကျင်းပဖို့ အဝေးကနေ ၄လနီးပါးလောက် ဖုန်းနဲ့ပဲ စီစဉ်ပြီး တိုင်ပင်ခဲ့ကြပါတယ် ....။
အလှူရက်ကိုတော့ စင်္ကာပူနိုင်ငံရဲ့နှစ်သစ်ကူးရုံးပိတ်ရက်တိုလေးကိုလုပ်ဖို့ ရွေးချယ်ခဲ့ပြီး  မန်းလေးမြို့က ရှင်ပြု ၊ နားသအလှူတော်မင်္ဂလာပွဲအတွက် တတ်ကြွသော ခြေလှမ်းများစွာဖြင့် ချီတတ်ဖြစ်ခဲ့ပါတယ် ....။

အလှူတော်မင်္ဂလာအခမ်းအနားကိုတော့ မန္ထလေးမြို့၊  မဟာအောင်မြေမြို့နယ် ၊ လမ်း ၈၀၊ ၄၀ လမ်းနှင့် ၄၁လမ်းကြား၊ ပေါက်မြိုင်တိုက် ၊  အေးငြိမ်းအောင်မြင်သိဒ္ဒိရှင် ဓမ္မာရုံကြီးမှာမဏ္ဍပ်ထိုးပြီး ကျင်းပခဲ့ပါတယ်...။
ရွှေရောင်ဝင်းနေတဲ့ အလှူတော်မဏ္ဍပ်ကြီး
မန်းလေးမြို့ သုခုမအနုပညာရှင်ကြီး .... လူရွှင်တော် ၊ စာရေးဆရာ ဦးချစ်စရာရဲ့ (သား) မောင်စိုးမင်းအောင် ၊ သမီး မရတနာစုကြည် (ခ) မစုမြတ်အောင် ၊ မန်းလေးမြို့မှ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဟာသလူရွှင်တော်ကြီး ဦးဒီပါ ရဲ့မြေးလေး နဲ့ ယနေ့ထိတိုင် ရှင်ပြုခွင့်မရသေးတဲ့ သားလေးတစ်ယောက်တို့ကို ရှင်သာမဏေအဖြစ် သွတ်သွင်းရန် ၊ နားထွင်းမင်္ဂလာကျင်းပရန်အတွက် အလှူဝင်နေ့မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း  မောင်ရှင်လောင်းလှည့်လည်ပါတယ် ......

ကြည်နူးမှု ပီတိတွေကြားက အလှူဒါယိကာကြီး ဦးချစ်စရာကြီးနဲ့ ဇနီး ဒေါ်အေးအေးသွင်(ခ) မခိုင် ......


မန်းလေးမဟာမြတ်မုနိဘုရားကြီးကို ဖူးမျှော်၍ရွှေသင်္ကန်းကပ်လှူပြီး မန်းလေးရဲ့ ထုံးနန်းစဉ်လာအတိုင်းပဲ မဟာမြတ်မုနိဘုရားကြီးကနေ မန္ထလေးဘိုးဘိုးကြီးနတ်နန်း ကို ဦးခိုက်ရန်အတွက် ကျုံးတစ်လျှောက် ယာဉ်တန်းကြီးဖြင့် လှည့်လည် သွားရောက် ခဲ့ကြရပါတယ်။



မန်းလေးမှာ ကားဝယ်ပြီဆိုလျှင် ၊ ဆိုင်ကယ် ၀ယ်ပြီဆိုလျှင် မန်းလေးဘိုးဘိုးကြီးနန်းကို သွားပြီး ဦးတိုက်ကြလေ့ရှိသလို ၊ ရှင်ပြု နားသအလှူတော်မင်္ဂလာပွဲတွေမှာလဲ မောင်ရှင်လောင်းများနဲ့အတူ မန်းလေးတောင် ဘိုးဘိုးကြီးနန်းမှာ နတ်ပြသွားရတာဟာ မန်းလေးမြို့ရဲ့ ဖျောက်ဖျက်လို့မရတဲ့ ထုံးတန်းဓလေ့ တစ်ခုလဲဖြစ်ပါတယ် ....။

                                        မန္ထလေးတောင် ဘိုးဘိုးကြီးနတ်နန်းမှာ
မောင်ရှင်လောင်းများနတ်ပြနေပုံ
 အဲဒီ့အပြင် အလှူ့အစ်မအဖြစ် ရှိနေရတဲ့ ကျမကိုလဲ မိဆိုင်နတ်၊ဖဆိုင်နတ်ကို မဖြစ်မနေတင်ရမယ်ဆိုလို့ ကျမတို့ ဘိုးဘွား ၊ အမိ အဘ နဲ့ ကျမကိုမွေးဖွားရာ ပုပ္ပါးနယ်ပိုင်ဖြစ်တဲ့ အဘမြင်းဖြူရှင်ထံမှာလည်း ထုံးစံအရ မိဆိုင်နတ် ၊ ဖဆိုင်နတ်ကို ပွဲပေး ကန်တော့ ရပါတယ်...။


                                      အလှူ့အရွကြီး အဲ မှားလို့ အလှူ့အစ်မကြီးးD


မေတ္တာဖြင့်ကူညီပေးကြတဲ့ ရွှေတံဆိပ်ဆုရ မဟာအောင်မြေမြို့နယ် လူငယ်ဗျောအဖွဲ့နဲ့အတူ ဟာသလူရွှင်တော် ဦးမော် (ခ) ဦးမော့(စ်) ကလည်း “ ဒါနအရာ ... သုံးတန်စေတနာ ပြဌါန်းကာ .... ” အစရှိတဲ့ သူ့ပါးစပ်ထဲတွေ့ကရာ တေးသီချင်းတွေနဲ့ မမောနိုင်မပမ်းနိုင် ပျော်ရွှင်စွာနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သလို  ....
မန်းလေးမြို့မှ သစ်လွင်အငြိမ့် နှင့် ရွှေမဟာဇာတ်ပိုင် ၊ (မင်းသမီးကြီး) ရွှေမန်းသူမြင့်မြင့်သန်း ကလဲ ဗျောစည်အဖွဲ့ နဲ့အတူ တေးသီချင်းများနဲ့ အားပါးတရ တွဲဖက် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ် ....။
မောင်ရှင်လောင်းလေးတွေလဲ ဗိုက်ဆာကုန်ကြပြီ ....
မန်းလေးတောင်ခြေမှာ၊ ဇာတ်သဘင်ပညာရှင်များရဲ့ ပျော်ပျော်ပါးပါး အဆို အကတွေပြီးတဲ့အခါမှာတော့ အလှူတော်မဏ္ဍပ်ကြီးဆီသို့ ပြန်လည်ဆိုက်ရောက်လာကြပါတယ်...။
ပရိတ်သတ်များနဲ့ ရပ်ကွက်ကလူတွေ ကလေးတွေအားလုံးကို အလှူဝင်နေ့မှာ ထမင်းနဲ့ အလှူငါးခြောက်ကြော် ၊ မှန်ရောင်ဟင်းချို ၊ သရက်ချဉ်သုတ် ၊ ငရုတ်သီးကြော် တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ် ....။
ကျမအနေနဲ့က အလှူရဲ့အစီအစဉ်တွေနဲ့ ဘယ်လိုတွေလုပ်ရတယ်ဆိုတာတွေကို သိပ်စဉ်းစား မထားတော့ အလှူဝင်အတွက် ဘာကိုမှ ကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့မိဘူး ။
ကျမတို့ ပြုလုပ်တဲ့အလှူက ခုလောက်ကြီးလဲ ကြီးကျယ်ခမ်းနားတဲ့ အလှူကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိတာလဲ ပါပါတယ် ...။

အလှူလုပ်တယ်ဆိုတော့ ရိုးရိုးလေးပဲ လာတဲ့ပရိသတ်ကို ထမင်းကျွေးမယ် ၊ ရပ်ကွက်တစ်ခုလုံးကို စတုဒီသာကျွေးမယ်ပြီးရင် ပင့်သံဃာတော်တွေကို လှူဖွယ်ဝတ္ထုအစုစုနဲ့ ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းမယ် နောက်ဆုံးအဖြစ် ပရိက္ခရာရှစ်ပါးအစုံအလင်နဲ့ မောင်ရှင်လောင်းတွေကိုရှင်သာမဏေအဖြစ် ကိုရင်လေး တွေဝတ်ကြမယ် ဒီလောက်ပဲ သိထားခဲ့ပါတယ်....။


တစ်ကယ့်တစ်ကယ် အလှူပွဲကြီးကျင်းပတဲ့အခါမှာ  ထင်ထားတာထက် အဆပေါင်းများစွာ ကြီးမားသွားခဲ့တော့ အံ့လဲ သြခဲ့ရတယ် .....အလှူအတွက် ၀မ်းသာပီတိလဲ ဖြစ်ခဲ့ရပါတယ်...။

ဖျော်ဖြေဧည့်ခံရေးအနေနဲ့လဲ အလှူဝင်ညမှာ ဆိုင်း မန္ထလေးသိန်းအောင်(သား) ပိုင်အောင် အဖွဲ့၊ ရွှေဖလား လူရွှင်တော် ပထမဆုရ ၊ ဖိုက်စတား အဖွဲနဲ့အတူ (မင်းသမီး) ပန်တျာ- ၀င်းသပြေထွန်း  တို့အဖွဲ့က ပထမပိုင်းဖျော်ဖြေတင်ဆက်ခဲ့ကြသလို  ၊ ဟာသလူရွှင်တော်ကြီးများဖြစ်ကြတဲ့ ဦးစိန်ရိုး ၊ ဦးမိုးဒီ ၊ ဦးဥသြ ၊ ဦးကောင်းစံ ၊ ဦးရွှေဂဲ(ရွှေမန်းသဘင်) အဖွဲ့နှင့် မင်းသမီး ကျားလေးစိန် တို့က ဒုတိယပိုင်းအဖြစ် ဦးချစ်စရာကြီးရဲ့အလှူအတွက် ဂုဏ်ပြုတဲ့အနေနဲ့ မေတ္တာဖြင့် လာရောက်ကပြဖျော်ဖြေခဲ့ကြပါတယ် .....။

ကျမရဲ့အလှူတော်မှတ်တမ်းတစ်ခုအဖြစ် .... အလှူကြီးနေ့အခမ်းအနားနဲ့ လှူဒါန်းမှူများကို အပိုင်း(၂)မှာ ဆက်လက်ရေးသားပါဦးမည်......။

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
11/03/2011

Thursday, March 3, 2011

ကျမချစ်တဲ့မြို့

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကျော်လောက်က ကျမအချစ်ဆုံးမြို့လေးတစ်မြို့ကို ပြန်ဖြစ်ခဲ့တယ် ။
အဲဒီမြို့လေးက ကျမရဲ့စိတ်ကူးယဉ် အိပ်မက်ရှည်တွေထဲမှာ အမြဲရှိနေတတ်ပြီး မြန်မာပြည်မှာ ကျမအနေထိုင်ချင်ဆုံးမြို့ဟာလဲ အဲဒီမြို့လေးပဲဖြစ်ခဲ့တယ် ....။
ကျမရဲ့ မွေးရပ် ၊ ဇာတိမြေမဟုတ်ပေမယ့် ကျောင်းသားဘ၀ ၊ ၀န်ထမ်းဘ၀ အမျိုးမျိုးအဖုံဖုံကြုံဆုံမှုတွနဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ အချိန်ကြာမြင့်စွာနေထိုင်ခွင့် ရခဲ့တဲ့မြို့လေး လဲဖြစ်ပါတယ်.....။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအနီးမှာတည်ရှိပြီး အေးချမ်းတဲ့ ရာသီဥတု ၊ သဘာဝတောတောင်ရေမြေ  အလှအပတွေနဲ့ အမြဲတမ်း သန့်ရှင်း သပ်ရပ်စွာ တည်နေတဲ့မြို့လေးလဲဖြစ်တယ်....။
အဲဒီမြို့လေးဟာ ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ အနက်ရောင်ပိတ်သားပေါ်က တန်ဖိုးကြီး ပုလဲပွင့်လေးတစ်ပွင့်နဲ့ လဲ အလားသဏ္ဍာန်တူပါတယ် .....။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမြို့လေးက ကျမအတွက် အစိမ်းသက်သက်ဖြစ်မနေခဲ့ပဲ အမြဲတမ်း အေးမြ လှိုက်လှဲစွာဆီးကြိုနေတတ်တယ်...။
နှစ်တွေအကြာကြီးသာ ကုန်ဆုံးခဲ့ပေမယ့် အဲဒီမြို့လေးမှာရှိတဲ့ ကျမချစ်တဲ့ ခင်တဲ့သူတွေကတော့ ဒီအတိုင်းလေးပဲ ဘာမှ ထူးထူးခြားခြား မပြောင်းလဲကြသေးပါဘူး....။

     
ကျမအတွက်  မြန်မာအကျီလှလှလေးတွေ အမြဲချူပ်ပေးတတ်တဲ့ အစ်မရဲ့စက်ချူပ်ဆိုင်လေး။

အဲဒီမြို့လေးမှာ  နေရမယ့်ရက်ကလဲ အရမ်း နည်းပါးလွန်းတော့ မနက်စောစော အိပ်ယာထပြီး မြို့ပတ်လမ်းမကြီးအတိုင်း လမ်းထ လျှောက်ဖြစ်ခဲ့သေးတယ်....။
စားနေကျ သစ်တောလမ်းက သတ်သတ်လွတ်ရှမ်းခေါက်ဆွဲဆိုင်လေးမှာ တို့ဟူးပျော့နဲ့ ရှမ်းစီးတစ်ပွဲ ၊ ရှမ်းဖွယ် ခရမ်းချဉ်သီးအနှစ်များများလေး တစ်ပွဲနဲ့ တို့ဟူးကြော်တစ်ပွဲ တီးခဲ့သေးတယ်း)
ဘယ်နေရာမှာမှ မရနိုင်တဲ့ အဲဒီဆိုင်လေးရဲ့ခေါက်ဆွဲအရသာက အရမ်းစားလို့ကောင်းပါတယ် ...။

                          
နေ့လည် ၁၁နာရီခွဲမှာ သူငယ်ချင်းတွေနဲ့ လားရှိုးလမ်းမကြီးပေါ်မှာရှိတဲ့ တူးတူးမြန်မာထမင်းဆိုင်မှာ ဆုံဖို့ချိန်းထားတော့ ဈေးထဲက ကျမစားချင်တဲ့ တောင်ပေါ်အစားအစာတွေကို မနက်စောစောပဲ သွားဝယ်ဖြစ်ခဲ့တယ်...။
ဈေးအလယ်တန်းက ဖက်ရှင်လို့အမည်ရတဲ့ ဆံပင်ညှပ် ၊ ခေါင်းလျှော်နေကျဆိုင်လေးကိုပါသွားပြီး ခေါင်းလျှော်ခဲ့သေးတယ် ..... ခေါင်းတစ်ခါလျှော်ရင် တစ်ထောင်တိတိ ကျပါတယ် ....။
ခေါင်းလျှော် ၊ ဈေးဝယ်ပြီး အိမ်ပြန် ရေချိုးပြီးမှ တူးတူးမြန်မာ ထမင်းဆိုင်ကို ထွက်လာခဲ့တယ် ....။


အဲဒီမြို့လေးရဲ့ လားရှိုးလမ်းမကြီးဘေးမှာ တည်ရှိတဲ့ တူးတူးမြန်မာထမင်းဆိုင်လေးက သပ်ရပ်သန့်ရှင်းတဲ့အပြင် အရသာကလဲ အကောင်းဆုံးဖြစ်ပါတယ် ....။
ကျမတို့သူငယ်ချင်းတစ်တွေ နေ့လည်စာစားပြီးတဲ့နောက်မှာတော့ ဒီဇင်ဘာခြံက စတော်ဘယ်ရီခင်း ထဲကိုသွားပြီး အသီးခူးစားရင်း နို့စတော်ဘယ်ရီသောက်ရင်းနဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေကိုပြောကာ နောက်ပြောင် ၊ ရယ်မောနေလိုက်ကြတာ အချိန်ဟာ ကုန်မှန်းမသိကုန်ဆုံးသွားခဲ့တယ် ...။

စတော်ဘယ်ရီစိုက်ပျိုးခြင်း ၊ ပဲကျောက်စိမ်းနဲ့ ဂန္ဓမာသစ်ခွစိုက်ပျိုးရေးလုပ်ငန်းကို ကျမကိုယ်တိုင်လည်း ၀ါ သနာလဲပါ အဲဒီမြို့လေးမှာနေခဲ့စဉ်ကလဲ စီးပွားဖြစ်စိုက်ပျိုးခဲ့ဘူးတော့ စိုက်ခင်းထဲကို ဆင်းရတာ အရမ်း ပျော်စရာကောင်းပါတယ် ...။

                              
စိုက်ခင်းကြီးကိုကြည့်ရတာ အရွက်ဆေး ၊ အသီးဆေးနိုင်နင်းတဲ့အပြင် ပေါင်းနိုင်တဲ့အနေအထားဖြစ်လို့ စိမ်းစိုလန်းဆန်းနေပါတယ် ....။
စတော်ဘယ်ရီပင်ရဲ့သဘောတရားက အရွက်ပိုးမကျပဲ နွယ်တွေသန်တယ် ဆိုရင် အတတ်တွေ အရမ်းပွားလာပြီး ထွက်လာတဲ့ အတတ်လေးတွေကို ပြန်ဖဲ့ပြီး ဘောင်သစ်ပြန်စိုက်ပျိုးလို့ ရပါတယ် ...။
ဘောင်အလိုက် မျိုးပြန်ရောင်းစားလို့လဲရပါတယ် ...။
စတော်ဘယ်ရီက ပဲကျောက်စိမ်းတို့ ၊ ဂန္ဓမာသစ်ခွတို့လို ဆေးလိုက်ရတာလဲမများဘူး ၊ ဖိုးလမင်းကောင်လေးတွေမကြိုက်တဲ့အတွက် ပိုးသတ်ဆေး ၊ ကျောက်ဆေးတွေမလိုတဲ့အပြင် ဂရုစိုက်ယုယမှုလဲ ပဲခင်း ၊ ပန်းခင်းတွေလောက် သိပ်မလုပ်ရတဲ့အတွက် လူသက်သာပြီး  ရာသီပေါ်သီးနှံအနေနဲ့ အရှုံးမရှိနိုင်တဲ့ အဲဒီမြို့လေးရဲ့ စိုက်ပျိုးရေး လုပ်ငန်းတစ်ခုလဲ ဖြစ်ပါတယ်။


နွားနို့စစ်စစ်ကို စတော်ဘယ်ရီနဲ့ ပစ်ပစ်လေးဖျော်ထားတာပါ ...။
ပန်းကန်ပြားထဲက နို့ခဲလေးတွေက နွားနို့မလှိုင်ခဲစစ်စစ်လေးတွေနဲ့လုပ်ထားတာဖြစ်လို့ ချိုစိမ့်ပီး အရမ်းအီတယ် ....။ ကျမက အချို အစိမ့်တွေသိပ်မကြိုက်တော့ တစ်ခဲပဲစားနိုင်ခဲ့တယ် ....။
ကျမတို့ သူငယ်ချင်းတစ်သိုက် ...ထမင်းလဲစား ၊ အအေးလဲသောက်ပြီးပြီဆိုတော့ ပန်းခြံထဲကိုသွားလည်ကြဖို့ ဆုံးဖြတ်လိုက်တယ် ...။
ချစ်သူများနေ့ဆိုတော့ ပန်းခြံထဲမှာ လူတွေစည်ကားနေပြီး ပန်းခင်းလေးတွေကိုလဲ အသည်းပုံလေးတွေဖော်ထားတာက ပန်းခြံထဲကိုရောက်လာကြတဲ့ ချစ်သူစုံတွဲတွေအတွက်တော့ ပျော်ရွှင်ကြည်နူးကြည်နူးစရာကောင်းတဲ့ အိပ်မက်ကမ္ဘာလေးထဲကို ရောက်နေသလိုခံစားရမှာ အသေအချာပါပဲ ......။

ပန်းတွေနဲ့ဝေ ...း)))
 

အခုတစ်လောမှာ ကျမစိတ်ဝင်စားတဲ့ ခေါင်းစဉ်လေးတွေနဲ့ Blogတွေကိုပဲ ရွေးပြီး တိတ်တိတ်လေး လိုက်ဖတ်ဖြစ်နေပေမယ့်  Blog ဂင်းခြင်းနဲ့တော့ တော်တော်လေး အဆက်ပြတ်နေခဲ့ပါတယ်....။
ဘယ်လိုပဲဖြစ်ဖြစ် ကျမဘလော့ရဲ့ စာမျက်နှာလေးပေါ်ကို ပုံမှန် လာရောက်လည်ပတ်နေကြသူများ အားလုံးကို အထူး ကျေးဇူးတင်မိပါတယ် .....။

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
(3/3/2011)