Tuesday, September 22, 2009

မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်း၏ဒုတိယအကြိမ်မြောက်အလှူတော်အတွက်နှိုးဆော်လွှာ

စာနာထောက်ထားခြင်း၊ ဖေးမကူညီခြင်း၊ ငဲ့ညှာသနားခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ရက်ရောပေးကမ်းခြင်း၊ ချီးမြှောက်ကယ်တင်ခြင်း ၊ ဂရုဏာထားခြင်း တည်းဟူသော မေတ္တာတရား၏ အနှစ်သာရ နှင့် ဗုဒ္ဓ၏ အဆုံးအမများကို အခြေခံ၍ မိမိတို့ နိုင်ငံ၏ အမျိုးဘာသာ သာသနာတော်အား တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသလောက် ထိန်းသိမ်း စောင့်ရှောက်သွားရန်၊
အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများအား မွန်မြတ်သော ပရဟိတစိတ်ဓါတ်ဖြင့် မိမိတို့ တတ်စွမ်းသလောက် ကူညီထောက်ပံ့ သွားရန်နှင့်
နွမ်းပါးသော ကလေးငယ်လေးများ၏ အနာဂတ် ဘ၀အခြခိုင်မာမှုအတွက် တတ်နိုင်သမျှ ကူညီဖေးမသွားကြရန်...
ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော
..... မြန်မာပြည်သို့ အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယ အကြိမ်မြောက်အလှူတော်ကို ( 21-09-2009) စင်္ကာပူစံတော်ချိန် နေ့လည် ၂နာရီတွင် ပြုလုပ်ပြီးစီးသော အသင်း၏ အစည်းဝေးဆုံးဖြတ်ချက်အရ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများထဲမှ အလိုအပ်ဆုံးနေရာလေးတစ်ခုအား လှူဒါန်းရန် အတည်ပြုသတ်မှတ်ခဲ့ကြပါသည်...။
အသင်းသားအားလုံး၏ သဘောတူဆုံးဖြတ်ချက်အရ အောက်တိုဘာလကုန်၌ အခြခံပညာမူလတန်းလွန်ကျောင်းလေးတွင် အရေးတကြီးလိုအပ်လျှက်ရှိသော စာသင်ဆောင် တစ်ဆောင် ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။
အမြန်ဆုံးအကောင်အထည်ဖော်လှူဒါန်းနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များ အနေဖြင့် ကျမ တို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း နှင့် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် ကျမ မနှင်းဟေမာ ( စည်းရုံးရေးမှူး - စင်္ကာပူ ) မှ အသင်းအဖွဲ့တစ်ခုလုံး၏ ကိုယ်စား အားလုံးသော ဘလော့ဂါ မောင်နှမများ ၊ မေတ္တာကမ္ဘာ အသင်းသားများ နှင့် စေတနာထက်သန်ကြသော အလှူရှင်များထံသို့ အသိပေးနှိုးဆော်အပ်ပါသည်....။


ဒုတိယ အကြိမ်မြောက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ လှူဒါန်းမည့် နေရာ

မေတ္တကမ္ဘာအသင်း၏ ဒုတိယအကြိမ်မြောက် အလှူတော် အတွက် သတ်မှတ်ချက်နေရာမှာ မန္ထလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်းရှိ မကြီးချိုကျေးရွာ အခြခံပညာ မူလတန်းလွန်ကျောင်း ဖြစ်ပါသည်။



ထိုကျောင်းလေးမှာ မြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးပြီး ယခင်က မူလတန်းအဆင့်၌သာရှိ၍ သူငယ်တန်းမှ စတုတ္ထတန်းထိ ကလေးငယ်လေးများ ပညာဆည်းပူးသင်ယူလျှက်ရှိကြပါသည်....။ စတုတ္ထတန်း အောင်မြင်ပြီးကြသော ကလေးငယ် လေးများမှာ ရွာနှင့် ၄ မိုင်ခန့်ကွာဝေးလှသော ဆီမီးကန်ကျေးရွာ ၊ အခြေခံပညာ တွဲဘက် အထက်တန်းကျောင်းသို့ နေ့စဉ် ခြေလျင် တက်ရောက် ပညာသင်ကြားရပါသည်....။
လမ်းခရီးကြမ်းတမ်းမှု ၊ ရာသီဥတု ဆိုးရွားမှု နှင့် ချောင်း၊ မြောင်းဖြတ်သန်းသွားလာရန် အခက်အခဲဖြစ်မှုတို့ ကြောင့် ထိုပတ်ဝန်းကျင် ကျေးရွာလေးများမှ ကလေးငယ် များသည် စတုတ္ထတန်းအောင်မြင်ပြီးလျှင် ကျောင်းဆက်လက်မတက်ရောက်နိုင်မှု နှုန်းထား ပိုမို များပြားလာခဲ့ပါသည် ...။ ထိုအခက်အခဲအမျိုးမျိုးတို့ကြောင့် ကျေးရွာ လူကြီးများမှ ကြိုးပမ်းဆောင်ရွက်လာခဲ့ရာ ယခုနှစ်မှ စတင်၍ မူလတန်းလွန်ကျောင်းလေးအဖြစ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရပါသည်....။
ထိုကျောင်းလေးတွင် စုစုပေါင်း စာသင်ဆောင် ၂ဆောင်ရှိရာ မူလတန်း ကလေးငယ်လေးများ၏ စာသင်ဆောင်မှာ ဆိုးရွားစွာ ယိုယွင်းပျက်စီးနေမှု ၊ အမိုးမလုံ အကာမလုံမှု ၊ ကျောင်းသစ်သားတိုင်များမှာလည်း ဆွေးမြေ့ယိုင်နဲ့နေမှု နှင့် ကျေးရွာလေး၏ စီးပွားရေးအခြေအနေအရ ပြန်လည်ပြုပြင်ရန်အခက်အခဲရှိမှုတို့ ကြောင့် ထိုကျောင်းလေးတွင် ပညာသင်ကြားပေးကြရသော ဆရာ၊ဆရာမလေးများ နှင့် ပညာသင်ယူလျှက်ရှိကြသော ကျောင်းသား ကျောင်းသူ ကငယ်လေးများမှာ အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရပါသည်....။


ကျောင်း၏ လိုအပ်ချက်ကွက်လပ်နှင့် လက်ရှိအခြေအနေ


ဘေးပတ်လည်မှ ယိုယွင်းပျက်စီးနေသော ကျောင်း၏ လက်ရှိအနေအထား
ကျမတို့ အသင်းအနေဖြင့် မိမိတို့တတ်နိုင်သလောက် ငွေကြေးပမာဏလေးဖြင့် လက်ရှိကျောင်းဆောင်အဟောင်းလေးအား ပြန်လည်၍ စာသင်ဆောင်အသစ်လေးတစ်ဆောင် ကို ဆောက်လုပ်လှူဒါန်းသွားကြမည်ဖြစ်ပါသည်။ထိုကျောင်းဆောင်လေးအား
လာမည့်အောက်တိုဘာလကုန်မှ စတင်ပြီး ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ လှူဒါန်းမည့်ကျောင်းဆောင်သစ်တွင် ကျောင်းအုပ်ရုံးခန်းအပါအ၀င် သူငယ်တန်းလေး၊ သူငယ်တန်းကြီး ၊ ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်း ၊ ကလေးငယ်လေးများ အတွက် စာသင်ခန်း ၅ ခန်း ပါဝင်မည် ဖြစ်ပါသည်.....။ကျမတို့ ကောက်ခံရရှိသော အလှူငွေအပေါ်တွင် မူတည်ပြီး စာသင်ဆောင်အနေအထားနှင့် ကလေးငယ်လေးများ သက်သာစွာ ပညာ သင်ယူနိုင်ရေးအတွက် စာရေးခုံလေးများပါ ထည့်ဝင်လှူဒါန်းသွားမည်ဖြစ်ပါသည်....။
အတန်းအလိုက် ကလေးငယ်လေးများ စာသင်ယူနေကြပုံ
ကျောင်းလေးမှာ အမိုးမလုံသည့်အတွက် ကလေးငယ်လေးများမှာယခုကဲ့သို့ စာသင်ယူကြရပါသည်။ မိုးတွင်းကာလ၌လည်း စာသင်ကြားရန်အတွက် အခက်အခဲရှိသည်ဟု သိရပါသည်။
သို့ပါ၍ တစ်ယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူမှ ရမည်ဟူသော စကားအတိုင်း အများ၏ ပူးပေါင်းမှုဖြင့် ပိုမိုကောင်းမွန် ခိုင်ခံ့သော စာသင်ကျောင်းလေးတစ်ကျောင်း ဖြစ်ပေါ်လာစေရန် နှင့် ကလေးငယ်လေးများ၏ အနာဂတ် ပညာရေးအခက်အခဲလေးများကို တစ်ဘက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးကြရန်အတွက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အနေဖြင့် မိမိတို့၏ အလှူတော်တွင် ပူးပေါင်းပါဝင်လှူဒါန်းလိုကြသော အလှူရှင်အပေါင်းတို့အားလည်း လှိုက်လှဲစွာဖြင့် ကြိုဆိုဖိတ်ခေါ်အပ်ပါသည်....။
“အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာရောက်ပါတယ်၊ အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာရောက် ပါတယ်၊ ဆီမီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင်ဓာတ်ကို ပေးလှူရာရောက်ပါတယ်၊ အိမ်ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးအားလုံးကို ပေးလှူရာ ရောက်ပါတယ်” ........ လို့ ကျမတို့ရဲ့ မြတ်စွာဘုရားရှင် ဟောကြားဆုံးမတော် မူခဲ့တဲ့အတိုင်း အလွန်ကြီးကျယ်မြင့်မြတ်လှသော ကျောင်းအလှူတော်ကို အမှန်တစ်ကယ် ဖြည့်ဆည်းပေးရန်လဲ လိုအပ်နေသော နေရာလေးတစ်ခုကို မိမိတို့ချွေးနည်းစာများထဲမှ တက်နိုင်သလောက် ကူညီလှူဒါန်းကြပါရန် ကျမ၏ မောင်နှမ အားလုံးကို တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်.....။
လှူဒါန်းလိုသူများအနေဖြင့် ကျမ နှင်းဟေမာ ( mwf.hninhaymar@gmail.com ) Email ထံသို့ ဆက်သွယ်၍ မေးမြန်း၍ လှူဒါန်းနိုင်ကြပါသည်....။
“ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ...သူတစ်ပါးကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး (ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဌိကိလေသာ ၊ ငါကောင်းစားဖို့ တည်းဟူသော လောဘကိလေသာများကို ပါ အထိုက်အလျောက် လျော့ပါးကုန်ခမ်းစေသော အကျိုးကျေးဇူးများစွာကို ရရှိစေသည့် ပရဟိတအများအကျိုးပြုလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် မိမိတို့ တတ်စွမ်းသလောက် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုနိုင်ကြရန် အတွက် ကျမ နှင်းဟေမာ မှ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ကိုယ်စား တိုက်တွန်းနှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်.....။
အားလုံးပဲ မေတ္တာစိတ်ဓါတ် ၊ တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...
နှင်းဟေမာ ( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )
22 SEPT 2009




16 comments:

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီး လေးလည်းလေးစားတယ်။ ဒီလိုနှလုံးသားတွေ ရှိပါသေးလားဆိုပြီးလည်း ကြည်နူးမိတယ်။

ကြည်ဖြူပိုင် said...

ငါ့ညီမလေးသာဓုတွေလုပ်နေတယ်။ကောင်းပ။လွမ်းလို့..ရောက်စ်

Rebel said...

ဒီလိုနှလုံးသားတွေ တွေနှစ်သက်တယ်

မြတ်နိုး said...

ကောင်းပါ၏..အဲလိုလုပ်ရတာ သိပ်ပျော်စရာကောင်းပါတယ်။ ကြည်နူးစရာလဲ ကောင်းပါတယ်။ အမက လူမူရေး တွေမှာ ကူညီရတာ သိပ်ပျော်တယ်။

အမတော့ လောလောဆယ် ဘဝရပ်တည်ရေးခိုင်မာအောင် အရင်လုပ်နေရသေးတယ်.

ဆက်မလုပ်နိုင်သေးဘူး..။
နေင် ၃နှစ်အတွင်းတော့ အကောင်အထည် ဖော်ဖြစ်မယ်ထင်တယ်
အခုတော့ နိုင်သလောက်လေးပဲ လုပ်နေသေးတယ်..

ဆောင်းယွန်းလ said...

ညီမလေးရေ..
အခုလိုမွန်မြတ်တဲ့စိတ်ဓာတ်နဲ့ကူညီတတ်တဲ့ ညီမလေးရဲ့စေတနာထက်သန်မှုတွေအတွက် လေးစားဂုဏ်ယူမိပါတယ်...
ငွေလှုဖို့အတွက် အီးမေးလ်ကနေပဲမေးတော့မယ်
ဒါမှမဟုတ်ရင် chotoo88@gmail.com ကိုမေးလ်ပို့ပေးလို့ရမလား...ဘယ်လိုလှုလို့ရမလဲဆိုတာကိုမေးလ်ပို့လို့ရမလား
ညီမလေးရေ..အကိုလည်း အကိုတတ်နိုင်သလောက်လှုချင်လို့ပါ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်း ..

တတ်နိုင်သလောက်လေး လှူဒါန်းဘို့ ဆန္ဒရှိနေပါတယ် နှင်း။

ဘယ်နေ့ နောက်ဆုံးထား လှူဒါန်း ရမယ်ဆိုတာလေး သိပါရစေ နှင်း။

မေတ္တာဖြင့်
ကိုမျိုး

မယ့်ကိုး said...

ညီမလေးရေ...

မနားတော့တာ ဝမ်းသာလိုက်တာ။ အစ်မ ထပ်ဆက်သွယ်လိုက်မယ်နော်။

Unknown said...

ဟုတ်ကဲ့ပါ မမကိုးရေ.....
လှိုက်လှဲဝမ်းမြောက်စွာကြိုဆိုလျှက်ပါ
နားလည်ပေးမှုအားလုံးအတွက်လည်း
ကျေးဇူးပါ မမရေ...။
နှင်း

ရင်ရဲ့ ရိုးရာ said...

သာဓု သာဓု သာဓု သာဓုခေါ်ပါတယ်ဗျာ ဒီလိုနှလုံးသားပိုင်ရှင်တွေကို လေးစားပါ၏
ပုံတွေကြည့်ပြီး စိတ်မကောင်းပါ ကျွန်တော်တို့ငယ်ငယ်
ရွာမှာတုန်းကလည်း ထိုလောက်မဆိုးပေးမင့် ပေါက်ပြဲယိုယွင်းနေသော ကျောင်းကြီး ကိုတက်ခဲ့ရဖူးပါသည်။

Unknown said...

မနှင်းဟေမာရေ....

သာဓုပါဗျာ....

ပညာဒါနဆိုတာ အရမ်းမြတ်တယ်ဗျို့...

သူကြီးမင်း (တုံးဖလား) said...

ဘာသာတိုင်းက ကြိုက်တဲ့ ၀န်ဆောင်လုပ်ငန်းလေးတစ်ခုပါဘဲ။ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ပြုလုပ်တဲ့သူတိုင်းကို ဂုဏ်ယူလေးစားပါတယ်။
ကျနော့်ဆီလဲ လင့်ခ်ချိတ်ထားပေးလိုက်ပါ့မယ်။

အားလုံးအဆင်ပြေကြပါစေ။

မိုးစက်အိမ် said...

မဟေမာရေ အခုလိုမျိုး မွန်မြတ်တဲ.စိတ်ထားနဲ. လုပ်ကိုင်
နေတာတွေ.ရတာတော. တကယ်ချီးကျူးပါတယ်ဗျာ ....
နောင်လည်းဆထက်တိုးလို. လုပ်ကိုင်နိုင်ပါစေဗျာ ...

ဝက်ဝံလေး said...

သာဓုပါ နှင်းရေ ဓာတ်ပုံလေးတွေ ကြည့်ရတာ စိတ်မကောင်းဘူး နော်

မြစ်ကျိုးအင်း said...

တကယ်လိုအပ်တဲ့နေရာလေးပါပဲ

လူမှုရေး လုပ်ငန်းတွေအတွက် လေးစားမိပါတယ်။

တတ်နိင်သမျှ ပါဝင်ကူညီ ပါ့မယ်။

Anonymous said...

အလွန်တရာမှ မွန်မြတ်သန့်စင်တဲ့ တကယ့်မေတ္တာရှေ့ထားတဲ့ ပို့စ်လေးပါပဲဗျာ။ အခုလိုမျက်မြင်လက်တွေ့ သိလိုက်မြင်လိုက်ရတော့ စိတ်ထဲ မကောင်းဘူးဗျာ...။ စိတ်လဲနာတယ်.. ဒီလိုဖြစ်နေတာ သိရဲ့ မြင်ရဲ့သားနဲပ မသိကျိုးကျွံပြုနေတဲ့ နိုင်ငံအုပ်ချုပ်တဲ့ ကောင်တွေကို စိတ်နာလို့ မဆုံးဘူးဗျာ...။ ပြန်ခဲ့ရင် ကိုယ်ထိလက်ရောက် သွားလှူမယ်ဗျာ ကျေးဇူးပါ။

Anonymous said...

ဘယ်နေရာလဲဆိုတာ အတိအကျသိပါရစေဗျာ။