Monday, July 27, 2009

အပ်နှင်းလိုက်သည်....


မဆုံနိုင်တော့တဲ့
မျက်ဝန်းတစ်စုံကိုလွမ်းမိတိုင်း ...။
ခြားနားမှု စည်းတစ်ဘက်က
ပြန်မရနိုင်တဲ့
နေ့ ည တွေကို သတိရတိုင်း
အတိတ်က မေ့မရသေးတဲ့
အပြုံးစတွေကို တမ်းတတိုင်း
အလွမ်းညတာတွေလဲ ရှည်ခဲ့ရတယ် ...။

နီးစပ်နိုင်ခွင့်မရှိတဲ့ ဘ၀မှာ
စည်း ဆိုတာက ခြားခဲ့ပြန်တော့
နားလည်မှုနိယာမတွေနဲ့
အဆုံး အစတွေ မဲ့စေခဲ့ကြတယ် ...။

တစ်သက်တာရဲ့
ခွဲခွာမှုလမ်းဆုံးမှာတောင်
အသိအမှတ်မပြုဖြစ်ကြတဲ့အခါ
နှလုံးသားဟာလည်း
အခါခါသေရတယ် ...။

ရေးဖြစ်ခဲ့တဲ့
အခန်းဆက် ၀တ္တုတွေတိုင်းက
ကမောက်ကမ
စည်းချက်မလှမပ ကဗျာတွေ ရေးချရင်း
မင်းကိုလွမ်းတဲ့ ညတွေတိုင်းကလဲ
မိုးလင်းဖို့ ခက်လှပြန်တယ်....။

ကံကြမ္မာကပဲ အငြိုးဖွဲ့တာလား
သံသရာကပဲ အကြွေးရှိခဲ့တာလား
တစ်ကြိမ်တစ်ခါ ဆိုရုံလေးချစ်ခဲ့ကာမှ
အကြိမ်တစ်ရာမက နာကြင်ခဲ့ရတာ
ဘာကြောင့်များလဲကွယ်...။

မဆုံနိုင်တော့တဲ့ သံသရာထဲမှာ
ငါပိုင်ဆိုင်သမျှ အချစ်၊အလွမ်း သစ္စာ .....
အလေးနက်ဆုံး နှလုံးသားကတစ်ဆင့်
အရာ အားလုံးကို အပ်နှင်းခဲ့မယ်
ငါ့ရင်ခွင် နွမ်းကြွေသမျှ ....
မင်း တစ်ယောက်တည်း အတွက်ပါကွယ်....။

သီချင်းလေးတစ်ပုဒ်နားထောင်ရင်းကနေ ခံစားချက်အပြည့်နဲ့ ချရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ...။ ကိုယ်တွေ့လားလို့တော့ လာမမေးကြနဲ့....ကြိုပြောထားတာနော် ... မဖြေဘူး သတ်ပစ်လိုက်....။
အားလုံးကို ခင်တဲ့

နှင်းဟေမာ
27 July 2009

6 comments:

နွေဆူးလင်္ကာ said...

သံသယာတော့ မလုပ်ပါနဲ့။ သံသရာတော့ လုပ်လိုက်ပါ။ ကိုယ်တွေ့မဟုတ်လည်း ကဗျာရေးလို့ ရပါတယ်။ သတ်တော့ မသတ်ပါရစေနဲ့

နှင်းဟေမာ said...

အမှားပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....။

အနော် said...

ကဗျာလေး လာဖတ်သွားတယ်နော်
ခံစားချက်အပြည့်နဲ့ရေးထားလို့လား မသိ ရင်ထဲကို နင့်သွားပါတယ်
တစ်ကြိမ်တစ်ခါ ဆိုရုံလေးချစ်ခဲ့ကာမှ
အကြိမ်တစ်ရာမက နာကြင်ခဲ့ရတာ
ဘာကြောင့်များလဲကွယ်...။
အဲ့ဒီနေရာလေး သဘောကျတယ်....
ကဗျာလေးတွေ ရေးတိုင်း လာဖတ်မယ်နော်

Nge Naing said...

ကဗျာလေးသိပ်ကောင်းပါတယ်။ ခံစားချက်နဲ့ ရေးထားတာ ဖြစ်မယ်ထင်တယ်။ ဖြစ်ချင်တာ မဖြစ်ရတာကို လူ့ဘ၀မှာ ရှောင်လွဲလို့ မရတဲ့ လောကဓံတခုအဖြစ် နှလုံးသွင်းပြီး ယမုဒယ အပူတွေ ငြိမ်းအောင် ကြိုးစားနိုင်ပါစေ။

ရွှေပြည်သူ (ShwePyiThu) said...

မိန်းကလေးတစ်ယောက်ရဲ့ နူးညံ့တဲ့အချစ်ကို မြင်ရတဲ့ကဗျာလေးပါ။ ကိုယ်တွေ့လားလို့ မမေးတော့ပါဘူး... ထင်ချင်ရာ ထင်လိုက်ပြီ ;) (နောက်တာနော် မနှင်းဟေမား)

ကြည်ဖြူပိုင် said...

မမေးနဲ့ချိုလို့မေးတော့ဘူးနော်။ ကိုယ်တွေ့ရားဟင်?

ဟဲဟဲ..မေးတော့ပါဘူး