Saturday, August 14, 2010

အချစ်စစ်ဖြင့် ထာဝရ၀န်းရံထားသော ...

မြဲအိပ်ယာထနောက်ကျလေ့ရှိတဲ့ ကျမမျက်လုံးတွေက ဒီနေ့နံနက်မှာတော့ စောစောစီးစီး နိုးနေခဲ့ပါတယ် ...။ ကျမရဲ့မကောင်းတဲ့အကျင့်တစ်ခုက Good Morning Hninn Yay ... ဆိုတဲ့ ကျမရဲ့ နှိုးစက်လေးဆီက အသံတစ်ခုမထွက်မချင်း လူကနိုးနေခဲ့ရင်လဲ အမြဲတမ်း ဆက်အိပ်တတ်တဲ့ အကျင့်လေးတစ်ခုရှိတယ်...။ ထိုအကျင့်လေးကို သိနေခဲ့တဲ့ ကျမရဲ့နှိုးစက်လေးကလည်း Hninn Yay ....လို့ ဒုတိယအကြိမ်မြောက်ထပ်ပြီး နှိုးတတ်ပြန်တယ် .....။ ညက မိုးအနည်းငယ်ရွာထားခဲ့၍လား မပြောတတ် ...ချမ်းစိမ့်စိမ့် အအေးဓါတ်လေးကြောင့် ခါတိုင်းထက်တော့ ကျမရဲ့စိတ်တွေ လန်းလန်းဆန်းဆန်းဖြစ်လို့နေခဲ့တယ်...။
အဲဒီအချိန်မှာ အတွေးထဲ  ဖြတ်ကနဲ သတိရလိုက်မိတာက ...ကျမရဲ့ နှင်းဆီပန်းအိုးလေးကို ရေလောင်းဖို့ ...။ ရုံးတတ်နောက်ကျမှာကိုတောင် သိပ်ပြီးစိုးရိမ်မှုမရှိတတ်ခဲ့တဲ့ ကျမက ... ကျမအမြတ်နိုးဆုံးနှင်းဆီပန်းအိုးလေးကိုတော့ ရေအေးအေးလေးလောင်းချင်တဲ့ ဆန္ဒလေးတစ်ခုက အလိုလိုရောက်လာခဲ့တယ်....။
မင်္ဂလာရှိတဲ့ နံနက်ခင်းတွေတိုင်းမှာ  နှင်းရေ... ဆိုတဲ့ နှုတ်ဆက်သံလေးကို ကျမ ကြည်နူးနှစ်သက်စွာ လက်ခံရယူရင်း ...နှင်းဆီပန်းအိုးလေးရှိရာ ဧည့်ခန်းဘက်ကိုထွက်လာခဲ့လိုက်တယ် ...မည်သူတစ်ဦးတစ်ယောက်ဆီကမှ လက်ဆောင်ပစ္စည်းရယ်လို့ မှတ်မှတ်ရရ မရှိခဲ့ဘူးတဲ့ “မေသူနှင်း ..လို့ခေါ်တဲ့ ကျမရဲ့ ဘ၀မှာ.... ကျမ ဘယ်အရာကိုများ လက်ခံရရှိရင် နှစ်သက်ကြည်နူးနိုင်မလဲလို့တော့ ခဏ ခဏတွေးဖြစ်ခဲ့ပါရဲ့ ....။ 
ကျမက ဟိုး ... ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ဆန်တတ်သလို ... ဖြစ်ချင်တာ လိုချင်တာတစ်ခုကိုလဲ ခေါင်းမာစွာလုပ်တတ်တဲ့ အကျင့်ဆိုးလေးတစ်ခုကိုတော့ ပိုင်ဆိုင်ထားခဲ့လေရဲ့....။အဲဒီစိတ်ဓါတ်လေးတစ်ခုကြောင့်ပဲ ကျမဘ၀မှာ မထင်မှတ်တဲ့အခြေအနေတွေနဲ့အတူ ကြီးမားတဲ့ အပြောင်းအလဲတွေကို ကျမ အမြဲရင်ဆိုင်ခဲ့ရပါတယ် ....။
ကျမက သိပ်ပြီး ကဗျာဆန်ဆန်လေးတွေကို နှစ်သက်တတ်သလောက် ကျမသိပ်ချစ်ရတဲ့ သူကတော့ ဘယ်တုန်းကမှ ကဗျာဆန်ဆန်နဲ့ ကျမကိုမချစ်ပြတတ်ခဲ့ပါ ....။ အမှန်တစ်ကယ်တော့ ကျမ နှင်းဆီပန်းအိုးလေးတွေ သိပ်လိုချင်တယ်ဆိုတာကို သူ့ကို အကြိမ်အကြိမ်အခါခါ ပြောပြဖြစ်ခဲ့ဘူးတယ် ....။ တစ်ခါတစ်ရံမှာတော့ တော်တော် အလိုက်မသိရကောင်းလား ဆိုပြီး ....
"အစ်ကို .. ကျမကို နှင်းဆီပန်းအိုးဝယ်ပေးမှာလား ကျမ ကိုယ်တိုင်ပဲသွားဝယ်ရမလား ” လို့ပဲ ပွင့်ပွင့်လင်းလင်း မေးလိုက်ရတော့တယ်... ။
အဲဒီတော့မှပဲ ရုံးကနေ စောစောစီးစီးပြန်လာပြီး Thomson Road မှာတည်ရှိတဲ့ Good Wood Florist လို့ခေါ်တဲ့ အိပ်မက်စိတ်ကူးထဲက ပန်းခြံလှလှလေးတစ်ခုတည်ရှိရာကို ပို့ပေးပြီး ကျမနှစ်သက်တဲ့ နှင်းဆီပင်လှလှလေးတစ်ပင်ကို သူကိုယ်တိုင်ရွေးချယ်ပြီး ၀ယ်ပေးခဲ့ပါတယ် ... ။
ကျမက သူ့မျက်နှာရဲ့ အရိပ်အကဲလေးတစ်ခုကိုဖမ်းပြီး ... သူဘာဖြစ်နေသလဲဆိုတာကိုတောင် အသေးစိတ် နားလည်ခံစားပေးတတ်သလောက် ... သူကတော့ ကျမနဲ့ပတ်သတ်တဲ့အသေးစိတ်လေးတွေကို သိပ်ပြီး ဖတ်ရှုတတ်ပုံမရပါ ...။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကျမလောက် ကဗျာဆန်ဆန် မချစ်တတ်ပေမယ့် ....အရာအားလုံးထက် ...သူ ကျမကို သိပ်ချစ်သည်ဆိုတာကိုတော့ ကျမ အကြွင်းမဲ့ နားလည်ခံစား၍ ရပါသည် ... ။

ဘ၀မှာ ဘယ်အရာပဲလုပ်လုပ် အခက်အခဲတွေအမျိုးမျိုးနဲ့အတူ ရင်ဆိုင်ပြီးကာမှ အောင်မြင်မှုတစ်ခုကို ခက်ခက်ခဲခဲရလေ့ရှိတတ်တဲ့ ကျမရဲ့ကံကြမ္မာတစ်ခုဟာ ဆူးတွေအများကြီးကြားကနေ နူညံ့လှပစွာအသက်ဝင်ရတဲ့ နှင်းဆီပန်းတစ်ပွင့်နဲ့ အလားသဏ္ဍာန်တူသည်ဟု ကျမ ထင်ပါသည် ....။
ဒါ့ကြောင့်ကျမဘ၀နဲ့ ထပ်တူနီးပါးကျတယ်လို့ ခံစားလို့ရတဲ့  နှင်းဆီပန်းတွေဆိုရင် အရမ်းခရေဇီဖြစ်သလို ... အရမ်းလဲ တန်ဖိုးထား မြတ်နိုးပါသည် ...။ 
တစ်ခါတစ်ရံမှာ... အရာအားလုံးကိုခဏ မေ့ပြီး ကျမသိပ်မြတ်နိုးတဲ့နှင်းဆီပန်းရနံ့လေးကို အားပါးတရ ရှူရှိုက်ချင်မိသည် ....။ နှင်းဆီပန်းရဲ့အလှဟာ ရဲရင့်တည်ငြိမ်သလို... သူ့ကိုယ်သူလဲ ယုံကြည်ချက်အပြည့်အ၀ရှိသည်ဟု ကျမခံစားလို့ရပါသည် ...။ဘယ်လိုပဲဖြစ်ဖြစ် ဆူးခက်တွေရဲ့ကြားမှာ အားမာန်အပြည့်ရှိစွာနဲ့ မဟာဆန်ဆန်လှပတဲ့ ပန်းတွေဖြစ်လို့ နှင်းဆီပန်းတွေကို  ကျမ သိပ်ချစ်ပါသည် ...။

တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့..ကျမတို့ နှစ်ယောက်ကြားမှာ  ပြဿနာဖြစ်တယ်ဆိုတာ သိပ်ကိုရှားပါးလှပါတယ် ...။ ကျမက အရာရာကို သွေးအေးစွာ ကိုင်တွယ်ဖြေရှင်းတတ်သလောက် ... သူကတော့ ကလေးတစ်ယောက်လို ဆူပူသောင်းကျန်းပြီး ဖြေရှင်းရမှ ကျေနပ်တတ်သူဖြစ်တယ်...။သွေးပူတတ်လွယ်တဲ့ သူ့အမူအရာဟာ ကျမအတွက်တော့ အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို တစ်မျိုးချစ်စရာကောင်းလို့ နေခဲ့ပြန်တယ် ....း)
ပစ္စည်းတစ်ခုကို ၀ယ်တဲ့အခါတိုင်း အင်မတန်ချေး(ဂျီး) များတတ်တဲ့ကျမကိုတော့ သူအမြဲစိတ်ရှည်ပြီး သီးခံလေ့ရှိပါတယ်...။ ရံဖန်ရံခါဆိုသလို စိတ်ကောက်တာ ပြန်ချော့တာလေးတွေ ရှိပေမယ့် ကြီးမားတဲ့ကွဲလွဲချက်မျိုးတွေသိပ်မရှိလှတဲ့ သူနဲ့ကျမရဲ့ အကျင့်စရိုက် တော်တော်များများကတော့  ခွဲခြားလို့မရအောင် တစ်သားထဲကျနေပြီးသား ဖြစ်နေပြန်ပါတယ် ....။

11 August ...

“နှင်း... ဒီနှင်းဆီပန်းတွေထဲမှာ အ၀ါရောင်လေးက အလှဆုံးပဲ .. ဒါလေးပဲယူလိုက်နော် ”
သူ့လက်ထဲမှာ ပါလာတဲ့ နှင်းဆီအိုးလေးထဲမှာ အ၀ါရောင်ရှိတဲ့ နှင်းဆီပွင့်ဖတ်လေးတွေက နုညံ့လှပလို့ နေခဲ့တယ် ... ။
ဘယ်အရာမဆို သူကြိုက်ရင်ပြီးရော အကုန်လိုက်ပြီး ခေါင်းငြိမ့်တတ်တဲ့ ကျမကတော့ ....
“ဟုတ်ကဲ့ အစ်ကို ...  ဒါလေးပဲ ယူလိုက်မယ်နော် ” ဆိုပြီး  ပန်းအိုးလေးကို ပွေ့ပြီး ငွေရှင်းကောင်တာဘက်ကို ထွက်သွားတဲ့ သူ့နောက်ကို လိုချင်တာရလိုက်တဲ့ ကလေးငယ်တစ်ယောက်လိုပဲ ပျော်ရွှင်စွာလိုက်သွားလိုက်ပါသည် ....။
ကျမ သိပ်မြတ်နိုးရတဲ့ အဲဒီနှင်းဆီပန်းတွေကို ....ကျမ သိပ်ချစ်ရတဲ့လူတစ်ယောက်ဆီကနေ ဘ၀မှာပထမဆုံး လက်ခံရရှိခဲ့ဘူးတာဖြစ်လို့ ...အဲဒီနေ့ဟာ ကျမဘ၀ရဲ့ အမှတ်တရရက်စွဲတွေထဲက နေ့ရက်တစ်ရက် အဖြစ်  အမြဲထာဝရ ရှိနေပါလိမ့်မည် ....။
ဘယ်အရာကိုမှ ကြိုတင်မှန်းဆလို့ မရနိုင်ကြတဲ့ ကျမတို့လူ့ဘ၀တွေရဲ့ကံကြမ္မာဟာ... တစ်ခါတစ်ရံမှာတော့ ကြောက်စရာကောင်းလောက်အောင်ပဲ ဆန်းကြယ်တတ်ပြန်ပါတယ် ...။ပတ်ဝန်းကျင် အသိုင်းအ၀န်းတစ်ခုနဲ့တူတဲ့ နှင်းဆီဆူးခက်တွေရဲ့ကြားမှာ ရုန်းကန်လှုပ်ရှားရင်း တစ်ယောက်ကိုတစ်ယောက် ဖေးမအားပေးကာ ချစ်ခဲ့ကြရတဲ့ ကျမတို့ ချစ်သူနှစ်ယောက်၏ ဘ၀တွေနှင့် ကံကြမ္မာကို ကျမတို့ မမြင်တွေ့နိုင်ကြပါ...။သို့သော်...  ကျမတို့ အသက်ရှင်နေထိုင်ခွင့်ရတဲ့ နေ့စွဲတွေအထိ ဆူးခက်တွေကြားက နှင်းဆီပွင့်ဖတ်လေးတွေ ရဲရဲဝံ့ဝံ့ လှပနေခဲ့သလို ကျမတို့နှစ်ယောက်ရဲ့ အစစ်မှန်ဆုံးချစ်ခြင်းတွေကလည်း အလားသဏ္ဍာန်တူညီစွာဖြင့် အခက်အခဲတွေအမျိုးမျိုးကြားက ရဲဝံ့စွာ ...အသက်ဝင်တောက်ပစွာဖြင့်  ကမ္ဘာမြေ၏ တစ်ထောင့်တစ်နေရာရာမှာ တင့်တည်စွာ လှပခွင့် ရလိမ့်ဦးမည်ဟု ကျမအပြည့်အ၀ ယုံကြည်လက်ခံထားခဲ့ပါသည် ...။


ကျမရဲ့အတွေးနဲ့စိတ်ကူးယဉ်ခံစားမှုသက်သက်တို့ ပေါင်းစပ်ပြီးရေးဖွဲ့ဖြစ်သော ၀တ္ထုတိုလေးတစ်ပုဒ်ဖြစ်လို့ အချိန်ပေးပြီး လာရောက်ဖတ်ရှုကြသော ...
ကျမနဲ့ထပ်တူထပ်မျှ မျှဝေခံစားပေးသော ...ကျမရဲ့ မောင်နှမများအားလုံးကို အထူးပဲ ကျေးဇူး တင်မိပါတယ်....။

ချစ်ခင်လေးစားစွာဖြင့် ~
နှင်းဟေမာ

8 comments:

ကြည်ဖြူပိုင် said...

ဇာတ်ကောင်နာမည်လေးက နှင်း ဆိုလို့ ညီမလေးလားလို့ စဉ်းစားမိသေးတယ်
သိပ်ကောင်းတဲ့ ၀တ္တုလေးပါပဲညီမရေ
စိတ်ချမ်းသာစရာပါ

သဒ္ဓါလှိုင်း said...

ဖတ်နေရင်းညီမလေးနှင်းလို့ပဲပုံဖေါ်ပြီးဖတ်ခဲ့တယ်..။
ထာဝရအချစ်စစ်နဲ့ဝန်းရံနိုင်ပါစေ..။
မျှဝေခံစားသွားပါတယ်..

ခင်တဲ့
သဒ္ဓါ

သူကြီးမင်း (တုံးဖလား) said...

ချစ်သူတို့လက်များ မြဲမြံစွာ ထာဝရ တွဲနိုင်ကြပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ့်အဖြစ်အပျက်လေးတစ်ခုလို့ ရင်ထဲမှာ စွဲမှတ်ခံစားသွားပါတယ်နှင်းရေ
အချစ်စစ်တို့ဖြင့် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ဆုတောင်းပေးသွားပါတယ်.. တို့လဲ နှင်းဆီပန်းကို သိပ်ကြိုက်ပါတယ်..

အဖြူရောင်နတ်သမီး said...

ဝတ္ထုဆိုပေမယ့်...
ခံစားချက်တွေပါနေတယ်..နှင်းလေးရေ
အရမ်းကောင်းတဲ့ ဝတ္ထုလေးကို နှင်းလေးနဲ့ထပ်တူ ခံစားသွားတယ်နော်...

သုခုမလေဒီ said...

ဝတ္ထုလေးထဲကလို ယုံကြည်တဲ့အတိုင်းပြည့်ဝပါစေနှင်း...

မြစ်ကျိုးအင်း said...

ညီမလေးရေ
ဖတ်ကောင်းတဲ့ အဖွဲ့လေးပါဘဲ
တကယ့်ခံစားချက်ဆိုရင်တော့ အမြန်ဆုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ

အမ်တီအန် said...

ချစ်စရာအရေးအသားလေးကို နှစ်သက်စွာ ဖတ်သွားပါတယ်..။ ဖြစ်ရပ်မှန်လေးများလား..? ။
ဘာပဲဖြစ်ဖြစ် ချစ်သူနဲ့ ဆုံစည်းပျော်ရွှင်နိုင်ပါစေနော်..။
(လင့်ခ်လည်းချိတ်ထားလိုက်ပါတယ်နော်)

ခင်မင်စွာ..

မြသွေးနီ
www.myathwayni.com