Tuesday, March 16, 2010

ဆမ်ဘာဝမ်းအတာသင်္ကြန်ပွဲတော်(၂၀၁၀)ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပမည်

"ဟောင်းရွက်ညှါ ခါလှစ်လို့ ... တာသစ်ကယ်တဲ့ နံ့ကြိုင် ....
ထုတ်ဖြူးလေဆော်က ၊ ပန်းကံ့ကော် ၀တ်မှုံကျင်း
သင်းပျံ့လို့လှိုင် .....ကြယ်နှစ်ပြိုင် စိတြငယ်နှင့် ငွေလသော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ..... ထွန်းထိန်လို့လင်း ..... "
ဆိုတဲ့ ဖိုးသူတော်ဦးမင်းရဲ့ တန်ခူးလ ဘွဲ့လေးနဲ့အတူ မကြာမီမှာ ကျရောက်လာတော့မယ့် ကျမ တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုရဲ့ ရိုးရာယဉ်ကျေးမှု အတာရေသဘင်ပွဲတော်ကြီးကို ပျော်ရွှင်ကြည်နူးစွာဖြင့် ကြိုဆို ရင်း ... ကျမရဲ့ မောင်နှမအပေါင်းလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လူ့ဘ၀ရဲ့ စစ်မှန်သော အနှစ်သာရများကို ရယူပိုင်ဆိုင် နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ....။

ကမ္ဘာပေါ်မှာရှိကြတဲ့ ယဉ်ကျေးသောလူမျိုးတိုင်းဟာ နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကူးပြောင်းတဲ့အခါ အလေးအမြတ်ထားကြသလို မိမိတို့ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံ အလိုက် ရိုးရာနှစ်သစ်ကူးပွဲတော်များ ကျင်းပကြခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုလေ့ ရှိကြပါတယ် ...။
ထို့အတူပဲ ကျမ နှင်းဟေမာတို့ နေထိုင်ရာ စင်္ကာပူကျွန်းနိုင်ငံလေးပေါ်မှာ ပညာရေး ၊ စီးပွားရေး ၊ မိသားစုအရေးတွေနဲ့ မှီတင်းနေထိုင်ကြရတဲ့ မြန်မာမိသားစုများ နဲ့ မျိုးဆက်သစ် လူငယ် မောင်မယ်များအတွက် ... ပျော်ရွှင် ကြည်နူးဖွယ်ရာ ရိုးရာ ယဉ်ကျေးမှုများကို ထိန်းသိမ်း စောင့်ရှောက်ကာဖြင့် (Sembawang)ဆမ်ဘားဝမ်းမြို့ ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်ဘုရားမှ ကြီးမှူး၍ မြန်မာ့ရိုးရာ အတာရေသဘင် ပွဲတော်ကြီးကို ဧပြီလ ( ၁၁ ) ရက်နေ့ ၊ နံနက် (၇) နာရီမှ ညနေ (၅) နာရီ တိတိအချိန်ထိ Sembawang Park မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်...။

မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓအဆုံးအမ (ဗုဒ္ဓယဉ်ကျေးမှု)မှ မြစ်ဖျားခံ ဆင်းသက်လာသည်ဟု ယုံကြည်သည့်အလျောက်-
- အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းစောင့်လျှောက်ရန်
- ပြည်ပရောက် မျိုးဆက်သစ် လူငယ်များ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သိရှိ ၊ မြတ်နိုး တန်ဖိုးထားတတ်စေရန်ဟူသော ကောင်းမြတ်သော ရည်ရွယ်ချက်တို့ဖြင့် ဆမ်ဘာဝမ်း ၂၀၁၀ သင်္ကြန်ပွဲတော်ကြီးကို ကျင်းပပြုလုပ်ရခြင်းဖြစ်တဲ့အတွက် ... မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး တန်ဖိုးထားစွာဖြင့် အရက်သေစာများ သောက်စား မူးရစ် ရမ်းကားခြင်းမပြုကြရန်ကိုလည်း ဆရာတော်ဘုရားနှင့် ဆမ်ဘာဝမ်းသင်္ကြန် ဖြစ်မြောက်ရေးကော်မတီမှ အထူးတောင်းပန် မေတ္တာ ရပ်ခံထားပါတယ်...။
ခေတ်အဆက်ဆက်မှာ ယဉ်ကျေးသိမ်မွေ့စွာ ကျင်းပလာခဲ့တဲ့ သင်္ကြန်ပွဲတော်တိုင်းမှာ ခေတ်အားလျော်စွာ တစ်နှစ်ထက်တစ်နှစ် အသွင်အပြင်များ သရုပ်ပျက် ပြောင်းလဲ လာခဲ့တာကို တွေ့ရပေမယ့် ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ကျမတို့ သူငယ်ချင်းတစ်စု စင်္ကာပူနိုင်ငံ၊ ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘုရား ကြီးမှူးကျင်းပတဲ့ ဆမ်ဘာဝမ်း ကမ်းခြေက မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲရင်း အားလုံးနဲ့ လေ့လာသုံးသပ် ၊ နှိုင်းယှဉ်ကြည့်မိပါတယ်...။
လူ့လောကကို အကျိုးပြု ထိန်းသိမ်း စောင့်ရှောက်သော ၊ မြန်မာ့ယဉ်ကျေးမှုကို နှစ်ပရိစ္ဆေဒ မည်မျှ ကြာညောင်း၍ မည်မျှပင် ရှေးကျစေကာမူ လျစ်လျှူရှုမထားဘဲ အရှည်တည်တံ့စေရန် အစဉ်ကြိုးစား အားထုတ်လျှက်ရှိသော ဆမ်ဘာဝမ်း ဆရာတော်ဘုရားနဲ့ သင်္ကြန်ပွဲဖြစ်မြောက်ရေး အဖွဲ့သားများရဲ့ ကြိုးပမ်းချက်များကိုလည်း လေးစားစွာဖြင့် တွေ့မြင်ခွင့်ခဲ့ရပါတယ်..။
ယခုနှစ်သင်္ကြန်ရက်များမှာလည်း ဆမ်ဘားဝမ်းဆရာတော်ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ ...ရဟန်း သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ဗုဒ္ဓရုပ်ပွါးတော်များအား ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဘုရားပုထိုး ပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ ကျောင်းကန် ဇရပ်တို့ကို သန့်ရှင်းခြင်းတို့အပြင် ....ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်းအနီးမှာရှိတဲ့ ၊ ဆမ်ဘားဝမ်းကမ်းခြေမှာလည်း မြန်မာ့ ရိုးရာယဉ်ကျေးမှု ပွဲတော်ကို တစ်နှစ်ထက်တစ်နှစ် ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲနိုင်ရန်အတွက် အထူး ကြိုးပမ်းလျှက်ရှိကြပါတယ်....။


ဒါ့အပြင် ဆမ်ဘာဝမ်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို အားခဲ၍ ရောက်လာကြတဲ့ မြန်မာမိသားစုများ ၊ လူကြီးလူရွယ် ကျောင်းသား လူငယ်များအားလုံးတို့ကို စတုဒီသာမဏ္ဍပ်များမှ မြန်မာ့ရိုးရာ မုန့်မျိုးစုံတို့ဖြင့် အဟာရ ဒါနကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာနှင့်အညီ စင်္ကာပူနိုင်ငံရောက် သက်ကြီးဝါကြီး အဘိုး အဘွား ပုဂ္ဂိုလ်တို့ကိုလည်း ရိုသေလေးစားစွာ ပူဇော်ကန်တော့ခြင်း နှင့် ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်းမှ တနင်္ဂနွေနေ့ ယဉ်ကျေး လိမ်မာ ကျောင်းသား ကျောင်းသူလေးများအဖွဲ့မှလည်း ၃၈ဖြာ မင်္ဂလာ တရားတော်များဖြင့် ရွတ်ဖတ်ပူဇော်ခြင်းတို့အပြင် စင်္ကာပူနိုင်ငံရောက် မြန်မာ့အနုပညာ ၀ါသနာရှင်များ ကလည်း မြန်မာ့ရိုးရာ သင်္ကြန် အဆို ၊ အက ၊ ယဉ်ကျေးသိမ်မွေ့လှသော သုခုမ အနုပညာတို့ဖြင့် ရောက်လာကြသူ ရွှေမြန်မာအပေါင်းကို ကဏ္ဍစုံလင်စွာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေတင်ဆက်သွားကြမှာ ဖြစ်လို့ ဧပြီလ (၁၁)ရက်နေ့မှာ မသိလိုက်သူမရှိရလေအောင် ကျမ နှင်းဟေမာရဲ့ ဒီနေရာလေးကနေပဲ စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာအပေါင်းကို ခင်မင်လေးစားစွာဖြင့် ကြေငြာမောင်းခတ်ပေးလိုက်ပါတယ်းD

မိမိတို့ရဲ့ ရိုးရာ ၊ ကိုယ်ပိုင်ယဉ်ကျေးမှု အနုပညာကို တန်ဖိုးထား ချစ်မြတ်နိုးကြသူအားလုံး ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ကြသလို ... စတုဒီသာအလှူဒါနပြုလိုသူများ ၊ ဘိုးဘွားများအတွက် ဆေးဝါး ၊ တရားစာအုပ် ၊ တရားတော်စီဒီများ နှင့် အခြား ကန်တော့ပစ္စည်းများနဲ့အဘက်ဘက်မှ ပါဝင် ကူညီလှူဒါန်းလိုကြသူများ အနေဖြင့်လည်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များထံသို့ ယနေ့မှ စတင်ပြီး ဆက်သွယ် လှူဒါန်း နိုင်ကြပါကြောင်းလည်း ထပ်မံပြီး သတင်းကောင်း ပါးလိုက်ပါတယ်....း)
( +65 64055322, +65 97635306, +65 98301562, +65 91986614 )


မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကြီးမှာ ကျမတို့ မောင်နှမတစ်တွေ အခြေအနေ အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံမှာ ရောက်ရှိနေကြပေမယ့် အေးမြကြည်လင်ခြင်း ၊ အညစ်အကြေးကို ဆေးကြောခြင်း ၊ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်၍ ချစ်ခင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း ဟူသောနိမိတ် သုံးပါးကိုယူ၍ မြန်မာ့ဆိုင်းဝိုင်းကြီးမှ တူးပို့ တူးပို့ တေးသံသာတို့နှင့်အတူ ...စင်္ကာပူနိုင်ငံတွင် သားသမီး ၊ မြေးတို့ဖြင့် လာရောက်နေထိုင်ကြသော ဘိုးဘွားမိဘတို့ကို မျိုးဆက်သစ် လူငယ်များအနေဖြင့် ရိုးရာမပြတ် ပူဇော်ရင်း ကြည်နူးချမ်းမြေ့နိုင်ကြသော ပီတိအပြုံးပန်းတို့နှင့်အတူ...မြန်မာ့ရိုးရာ ၊ မြန်မာယဉ်ကျေးမှုနှင့် အလှမ်းဝေး ကွာနေကြပေမယ့် ဘာသာတရားနှင့် ရင်းနှီး ကျွမ်းဝင်လျှက်ရှိကြသော ဓမ္မဥယျာဉ် ဘုန်းတော်ကြီးကျောင်းမှ မြန်မာ့ရင်သွေးငယ်လေးများရဲ့ ၃၈ဖြာမင်္ဂလာ တရားတော် ရွတ်ဖတ် ပူဇော်သံများဖြင့် သောသောညံနေမည့် ....စင်္ကာပူနိုင်ငံရဲ့ ဆမ်ဘာဝမ်း(၂၀၁၀)အတာသင်္ကြန်ပွဲတော်ကြီးကို ကျမတို့နဲ့ အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ရင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ ကျမရဲ့ မောင်နှမ အားလုံးတို့လည်း ...........
“နှစ်သစ်မှာ...ကျက်သရေမင်္ဂလာ၊အဖြာဖြာသစ်ဆန်း၍၊တင့်လန်းဝေဖြာနိုင်ကြစေဖို့  ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ...း)

 

အားလုံးကို ချစ်ခင်လေးစားလျှက်

နှင်းဟေမာ
( 16 March 2010 )

1 comments:

လင်းကြယ်ဖြူ said...

ပျော်စရာကောင်းမယ်ဆိုတာ သေချာပါတယ်ဗျိုး...
ကောင်းမှု အလှူ ကုသိုလ်ယူတဲ့ ပွဲမို့
အားကျ မိပါတယ်ခင်ဗျာ....
ပျော်ပါစေ
*.*.*