ဒီနေ့ဟာ ကျမ နှင်းဟေမာရဲ့ တစ်နှစ်တစ်ခါ ဘာမှထွထွေထူးထူး လုပ်ဘူးခြင်း မရှိခဲ့တဲ့ မွေးနေ့လေးပါ ။
“မွေးနေ့ဆိုတာ... အိုပွဲပါ ” ဆိုတဲ့ တိပိဋက ယောဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးအတိုင်းပြောရရင်...အခုကျရောက်တဲ့ ဒီဇင်ဘာ ၃၁ရက်နေ့ နံနက် ၁နာ၇ီ ၁၅ မိနစ်အချိန် လောက်မှာ လူ့လောကထဲကို ခေတ္တရောက်ရှိလာခဲ့တဲ့ ကျမ...နှင်းဟေမာလည်း တစ်နှစ်အိုခဲ့ပြန်ပါပြီလို့ စဉ်းစားလိုက်မိပါတယ် ...။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုဆိုကြမဲ့ နေ့ရက်လေးနဲ့ ထပ်တူကျနေခဲ့တဲ့ ကျမရဲ့ မွေးနေ့လေးဟာ ... ကျမတို့ ဘ၀သံသရာခရီးသွားတွေအတွက်တော့ လူ့လောကကြီးကနေ ထွက်ခွာဖို့ ဘူတာ တစ်ခုကနေ နောက်ထပ် ဘူတာတစ်ခုကို ခရီးရောက်ခဲ့ပြန်ပြီလို့ သတိပေးလိုက်တာနဲ့ အတူတူပါပဲ ....။ ဒီလို တစ်နှစ်မှာ တစ်ခါဆိုတဲ့ ဇရာရဲ့သင်္ကေတ အမှတ်တရ ရက်စွဲလေးတစ်ခုကို ရောက်ရှိလာတိုင်း ကျမ စဉ်းစားဖြစ်တာလေးတစ်ခုရှိပါတယ် ...။
ဒီနှစ်မှာ ငါဘာတွေ ကောင်းကျိုးလုပ်ပြီးခဲ့ပြီလဲ ... ဘာတွေအမှားလုပ်ခဲ့မိသလဲ ... ငါသေရင်ယူသွားနိုင်မယ့် ရိက္ခာတွေ ဘယ်လောက်စုဆောင်းမိပြီလဲဆိုတာလေးတွေပါပဲ ....။ နောက်တစ်ခုကတော့ မွေးနေ့ကိတ်လေးကို စားပွဲပေါ်မှာတင်ပြီး ချစ်ခင်ရင်းနှီးသူတွေနဲ့အတူတစ်ကွ Happy Bithday လို့ ကဗျာဆန်ဆန် အခွင့်အရေးမျိုးကို တစ်ကြိမ်တစ်ခါမှ မရခဲ့ဘူးတဲ့ ကျမ ဘ၀မှာ .... အမှတ်တရ လုပ်ဖြစ်တာလေးတွေဆိုလို့ ... ကျမကို အမြဲ သတိတရ ရှိနေကြမယ့် ကျေးဇူးရှင် မိဘနှစ်ပါးထံကို ဖုန်းဆက်ပါတယ် ...။ အားပါးတရ စကားတွေအများကြီးနဲ့အတူ စင်္ကာပူ-မြန်မာ ဆက်သွယ်မှုလိုင်းလေးကနေ တစ်ဆင့် ဖေဖေ နဲ့ မေမေတို့အား ထာဝစဉ်ဦးခိုက်ပါကြောင်း နဲ့ ကာယကံ ၊
ဝစီကံ ၊ မနောကံတို့ဖြင့် ပြစ်မှားခဲ့မိသည် ရှိသော် ခွင့်လွှတ်ပေးပါရန် ၀န်ချတောင်းပန်လိုက်ပါတယ် ...။ ဖုန်းလိုင်းလေး ပြတ်ကျမသွားခင်မှာတော့ ကျမ ဖေဖေ နဲ့ မေမေ့ ထံမှ အမှတ်တရ မွေးနေ့လက်ဆောင်စကားလေးများကိုလည်း ထုံးစံအတိုင်း ပူစာလိုက်ပါတယ် ....။
“မိုးနှင်းစက်လေးတွေနဲ့အတူ ........
ကမ္ဘာမြေလောကထဲကို အေးချမ်းစွာရောက်ရှိလာခဲ့တဲ့
မေမေ့ အသည်းပန်းလေးတစ်ပွင့် .....
ရှေ့ဆက်ရဦးမယ့် အနာဂတ်လမ်းတွေမှာ
သာယာဖြောင့်တန်စွာဖြင့် ....
တိုး၍ ...တိုး၍ သာ ...လန်းပါစေ ... ”
ဆိုတဲ့ အမှတ်တရ မွေးနေ့ဆုတောင်းသံလေး တစ်ခုကို နှင်းရဲ့ မေမေ့ ထံမှ ကဗျာဆန်ဆန်လေး လက်ခံရရှိခဲ့ပါတယ် ....။ဖေဖေ့ဆီက ရလိုက်တဲ့ အမှတ်တရ မွေးနေ့လက်ဆောင်လေးကတော့ တစ်နှစ်တစ်ခါ ဆိုသလို ဖေဖေ့ဆီက ကြားဘူးနေကျဖြစ်တဲ့ တိပိဋက ယောဆရာတော် ဘုရားကြီးရဲ့ “မွေးနေ့ဆိုတာ အိုပွဲပါ...” ဆိုတဲ့ လင်္ကာလေးတစ်ပုဒ်ပါပဲ ....။ အနှစ်သာရပြည့်ဝပြီး မွေးနေ့ရှင်တိုင်းအတွက် ... ဘယ်တော့မှရိုးမသွားနိုင်တဲ့ လင်္ကာလေးဖြစ်လို့ အားလုံးအတွက် ပြန်လည်မျှဝေ လိုက်ပါတယ် ။
မွေးနေ့ဆိုတာ အိုပွဲပါ .....
- တနှစ်တခါ ၊ မွေးနေ့ပါ ၊ လူမှာခေါ်ရိုးရှိ။
- တကယ်ပြောင်းတာ ၊ ရုပ်နာမ်ပါ ၊ ခန္ဓာမမြဲသိ။
- ရုပ်နာမ် ဓမ္မ ၊ မမြဲကြ ၊ ခဏ ခဏ ပြောင်းနေ၏။
- သေမင်း မှတ်တိုင် ၊ နောက်တစ်တိုင် ၊ ရင်ဆိုင်ရောက်လာ၏။
- မွေးနေ့ဆိုတာ ၊ အိုပွဲပါ ၊ သေချာ ဥာဏ်ဖြင့်ကြည့်။
- အသက် သိက္ခာ ၊ ကြီးစရာ ၊ လူမှာနှစ်မျိုးရှိ။
- အသက်ကြီးရုံ ၊ အားမစုံ ၊ အကုန်ကြောက်ရ၏။
- အသိမကြွယ် ၊ အကျင့်ကွယ် ၊ အိုပယ်ဖြစ်သွား၏။
- အကျင့်သိက္ခာ ၊ ကြီးမှသာ ၊ မှန်စွာ စိတ်အေး၏။
- ကြီးလေ လှလေ ၊ အေးမြပေ ၊ လူတွေချစ်ကြ၏။
- မွေးနေ့မင်္ဂလာ ၊ ရတနာ ၊ ကောင်းစွာရအောင်ဖြည့်။
( တိပိဋက ယောဆရာတော် )
နောက်တစ်ခုကတော့ ကျမ ပိုင်ဆိုင်တဲ့ ဟောဒီ့ ဘလော့စာမျက်နှာလေး တစ်နေရာမှာ အထီးကျန်ခြင်း ၊ ဖွင့်အန်ခြင်းများစွာကို လွတ်လပ်စွာ အသက်သွင်းခွင့်ရအောင်လက်တွဲ၍ ခေါ်ခဲ့ကြသော ကျမရဲ့ ဘလော့ဂါ မောင်နှမများ ၊ ၀ါသနာအရ ရေးချမိသမျှ ပို့စ်များကို လာရောက်ဖတ်ရှု ခံစားပေးကြတဲ့ စာဖတ်သူ မောင်နှမများ အားလုံးကို ... အွန်လိုင်းပေါ်မှာ မွေးနေ့ဆုတောင်းသံများ သောသောညံအောင် လက်ခံရရှိခဲ့တဲ့ ဟောဒီ့ ဒီဇင်ဘာရက်စွဲလေးတစ်ခုနဲ့အတူ အမြဲကျေးဇူးတင်နေပါ့မယ် ...။ကျမလက်ခံရရှိတဲ့ အမှတ်တရ မွေးနေ့လက်ဆောင်လေးတွေက သိပ်ပြီးများများစားစားမရှိလှပေမယ့် တန်ဖိုးထားမိသော အရာလေးတွေဖြစ်လို့ ဒီနေရာလေးမှာပဲ အမှတ်တရသိမ်းထားလိုက်ပါတယ် ....။
ဆရာလေး (ဓမ္မရနံ့ ) မှ ပေးပို့လိုက်သော မွေးနေ့လက်ဆောင် ကဗျာလေးပါ ...
( အစ်ကို ဆောင်းယွန်းလ ထံမှ အမှတ်တရ ကဗျာလေးတစ်ပုဒ်ပါ...း)
“ နှင်းကဗျာ ”
နှင်းတွေဝေနေတဲ့....
ဟေမာန်ဆောင်းကဗျာတစ်ပုဒ်....
မာထန်တဲ့လောကဓံကို...
သူမက အပြုံးမပျက်...
ငယ်ရွယ်နုပျိုခြင်းတွေကို ပိုင်ဆိုင်လို့...
ချင်းတွင်းမြစ်တစ်စင်းရဲ့ အလှလို....
မွေးရပ်မြေကို တွယ်တာဖော်ကျူးတယ်....
နေ့ရက်တိုင်းမှာလည်း....
မှာတမ်းတွေကို အက္ခရာတင်လို့....
ပျော်စရာ ဘ၀လေးမှာ....
ရွှင်လန်းချမ်းမြေ့ချင်းတွေ ပိုင်ဆိုင်ပါစေ....
စေတနာအပြည့်နဲ့ ဆုမွန်ခြွေ....
ချီးမွှမ်းထိုက်သူကို ချီးမွှမ်းခြင်းသည် မင်္ဂလာပါ ဆိုသည့်အတိုင်း... မင်္ဂလာမွေးနေ့လေးကို မင်္ဂလာစကားဖြင့်နှုတ်ဆက်ဂုဏ်ပြုပါရစေညီမ...ညီမဘလော့လေးကို အင်တာနက် စာမျက်နှာပေါ်မှာ မိတ်ဆက်ခွင့်ရခဲ့သည်မှ ညီမစိတ်ဓာတ်နှင့် လုပ်ရပ်တွေကို လေးစား ဂုဏ်ယူခဲ့ရပါတယ်..
ညီမမှာ အများအကျိုးကို လိုလားသည့် လေးစားထိုက်သော အများအကျိုးဆောင်စိတ်ဓာတ် နှင့် မိမိ၏ဆင်းရဲခြင်းကင်းရာသို့ လိုလားသည့် မွန်မြတ်သန့်စင်သည့် သူတော်ကောင်းစိတ်ဓာတ်တို့ ကိန်းဝပ်နေသည့်ကိုလည်း ခန့်မှန်းသိ သိခဲ့ရပါတယ်...။ဤသို့ မွန်မြတ်သောစိတ်ဓာတ်အကိုင်းအခက် အလက်လေးများနှင့် ဝေဆာဖူးပွင့်နေသည့် အပင်လေးတစ်ပင်အဖြစ် ရှင်သန်ခွင့်ရတာဖြင့် ဤဘဝ လူဖြစ်ရခြင်း၏ ဝမ်းမြောက်ဂုဏ်ယူစရာအမှန်ပါပဲ...။သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနာနိုင်သမို့ ညီမရဲ့အပင်လေးကိုလည်းပိုမို၍ဝေဆာဖူးပွင့်နိုင်သောအပင်လေးတစ်ပင်ဖြစ်အောင်ပြုစုပျိုးထောင်နိုင်ပါစေ..အေးမြတဲ့ ဒီဇင်ဘာည ဒီည ညီမ မွေးနေ့မှာ အမှတ်တရ စဉ်းစားထားတာလေးကိုပါ ပူပူနွေးနွေးလေး ပေးလိုပါတယ်.......။
“မွေးနေ့ဆိုတာကတော့ သေနေ့ကို ညွှန်းနေတဲ့ Index.life ဖိုင်ပါညီမ... Index.life ဖိုင်ထဲမှာ ရှိနေတဲ့ script တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး...။
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်၍ တရားနာခြင်း၊ နာယူပြီးနောက် နာယူခဲ့သော တရားတော်အား အဖန်ဖန် အမှတ်ရ သတိနှိုးဆွလျက် မိမိကိုယ် မိမိလေးစားချစ်ခင် တန်ဖိုးထားကာ ဆုံးမနေသူအဖို့ script ထဲမှာ သူတော်ကောင်း Functions တွေ တိုးတိုးလာပါတယ်ညီမ...ဒီ Functions တွေတစ်ခုနှင့် တစ်ခုချိတ်ဆက်ပြီးတော့ မြှင့်မြတ်တဲ့သေခြင်း Result ကို ထုတ်ပေးသွားကြမှာပါ...မွေးနေ့ဖိုင်လေးကတော့ Ever Run နေတယ်ညီမ... သူတော်ကောင်း Functions တွေ တိုးတိုးလာအောင် "သတိ" ထားပေးပါ... ဤသို့ဖြင့် ချမ်းသာ ကျန်းမာ အေးမြတဲ့ ဘဝကို ဆွတ်ခူးခွင့်ရပါစေ...”
လေးစားစွာဖြင့်
ဝင်းမြင့်
http://thitsartayar.com/
(၃၁/၁၂/၂၀၀၉)
ကျမ တန်ဖိုးထားအပ်သော ဆုံးမစာလေးကို အမှတ်တရ ရေးသားပေးခဲ့တဲ့ အစ်ကိုဝင်းမြင့် (သစ္စာတရား) ၊ မအားလပ်တဲ့ကြားက ကျမမွေးနေ့မှာ မှတ်မှတ်ရရလေး သတိပေးတဲ့ မမမေဟန် ( ဓမ္မသုခ) ... တရားနာယူခွင့် ရတဲ့အတွက် အထူး ကျေးဇူးတင်မိပါတယ် ...။ အမှတ်တရ ကဗျာလေးကို ပေးပို့သော ကျမရဲ့ ငယ်ဆရာဖြစ်တဲ့ ဆရာလေး ဓမ္မရနံ့ ၊ ခင်မင်လေးစားရတဲ့ ကျမ အစ်ကို ဆောင်းယွန်းလ ၊ အရမ်းခင်မင်ရတဲ့ သယ်ရင်းလေး သက်တန့်ချို .အမှတ်တရမွေးနေ့ကဒ်လေးတွေကို ပထမဦးဆုံးပေးပို့သော ချစ်သူငယ်ချင်း ပန်းရင့်ရောင် နဲ့ မွေးနေ့ကဒ်များစွာကို ပေးပို့ကြသော ဘလော့ဂ်မောင်နှမများနဲ့စာဖတ်သူမောင်နှမများ၊နှင်းရဲ့မွေးနေ့လေးမှာ www.hninhaymar.com
လေးကိုအမှတ်တရပေးခဲ့သော ကြွက်စုတ်လေးတစ်ကောင် အဲလေ ... ဘလော့ဂါ ကိုနွယ်ရိုး ၊
နှင်း အတွက် မွေးနေ့လက်ဆောင် ပို့စ်လေးအဖြစ် ( ဘလော့ဂါ အငြိမ့် - ၃ ) ကို ဆက်လက် ရေးသားနေခဲ့တဲ့ နှင်းရဲ့ အစ်ကိုမြစ်ကျိုးအင်း နဲ့ အွန်လိုင်းပေါ်ကနေ အမှတ်တရ မွေးနေ့ဆုလေးတွေ တောင်းပေးခဲ့ကြတဲ့ နှင်းဟေမာ ရဲ့ မောင်နှမများ အားလုံး ... ကိုအရမ်း ...အရမ်းကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာလေးကနေ ပြောကြားရင်း အားလုံးပဲ Happy New Year ..........................း)
နှင်းဟေမာ
31 Dec 2009