အခုလိုနှင်းတွေဝေနေခဲ့တဲ့ ဒီဇင်ဘာတစ်ညမှာ....တစ်စုံတစ်ယောက်သောသူ အတွက် .. ဂုဏ်ပြုအ ထိမ်းအမှတ်အဖြစ် ...မီးပုံပွဲလေးတစ်ခု ကျင်းပခဲ့ကြတယ် ...။အဲဒီ့ညမှာ ခါတိုင်းနှစ်တွေကလိုပါပဲ ... ချယ်ရီတွေ လည်းဝေနေတယ် ....
အဆုတ်လိုက်အခဲလိုက် ပွင့်နေကျတောင်ပေါ်ချယ်ရီတွေလည်း အဲဒီညမှာ ခါတိုင်းနှစ်တွေကလောက်တော့ လန်းဆန်းမွှေးပျံ့မှုရှိမနေခဲ့တာ သေချာပါတယ် ...။
အဲဒီညက ကျမ အတွက် သက်ဝင်တောက်ပခြင်း ကင်းမဲ့စွာ ဖြတ်သမ်းခဲ့ရတဲ့ တစ်ညတာလည်းဖြစ်တယ် ...။
အဲဒီညမှာပေါ့ ... ကျမမျက်နှာပေါ်က လှုပ်ရှားသမျှအရေးအကြောင်းတွေကို စောင့်ကြည့်အကဲခတ်နေမယ့် မျက်လုံးတစ်စုံနဲ့ အဓိပ္ပါယ်မဲ့ အေးစက်စွာ ရင်ဆိုင်ခဲ့ရတဲ့ ည လည်းဖြစ်တယ် .... ။
ကောင်းကင်မှာ လ မသာခဲ့ပေမယ့် လူတစ်ချို့အတွက်တော့ ကဗျာဆန်ဆန်လှပနေခဲ့ပါလိမ့်မယ် ...။ မှိန်တစ်လှည့် လင်းတစ်လှည့် နဲ့ အကင် သံဇကာတွေကြားက မီးဖိုရဲ့အလင်းရောင်အောက်မှာ ...တိတ်ဆိတ်စွာ ကြေကွဲနေခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာတော့ အဲဒီ့ ညဟာ အထီးကျန်ဆန်လွန်းခဲ့ပါတယ် ...။
ဝိုင်ခွက်တစ်ချို့ကို ညီညီညာညာမြှောက်ချီကြရင်း ကောင်းချီးသြဘာပေးနေခဲ့ကြတဲ့ လူတစ်စုရဲ့ ဆူညံမှုပြယုတ်တွေအောက်က နှလုံးသား တစ်စုံ ရဲ့ ယိုင်နဲ့နဲ့ ရှိုက်သံတစ်ခုကိုတော့ လျစ်လျူရှုခဲ့ကြတယ် ထင်ပါရဲ့ .....။ ကျမ သိပ်သိချင်ခဲ့ပါတယ်....အဲဒီ့ညက ...တမ်းတလွမ်းဆွတ်ခြင်းတွေလား ၊ ကျန်ရှိနေသေးတဲ့ သံယောဇဉ် အမျှင်လေးတွေလား ... သေသေချာချာတော့ သရုပ်မခွဲတက်ခဲ့ ပါဘူး ....။ ကျမ အတွက် သူ့နှလုံးသား စေစားရာကရော ကြေကွဲနေခဲ့မလား ၊ နာကျည်းနေခဲ့မလားရယ်လို့ သိပ် သိချင်ခဲ့မိတဲ့ ရင်ထဲကဆန္ဒတွေ နင့်နင့်သဲသဲ ပွင့်ဝေခဲ့ရတဲ့ ဆောင်းတစ်ညလည်း ဖြစ်ခဲ့တယ် .......။
အဲဒီလိုနဲ့ ဆုံဆည်းဖို့ကြိုးစားနေတဲ့ သူ့မျက်ဝန်းတွေက တစ်ဖျတ်ဖျတ်တောက်ပမှုတွေနဲ့အတူ ....လင်းလတ်မှု တစ်ချို့မှာ ကျမ အတွက် နှုတ်ဆက်ခြင်းတွေ ရှိနေခဲ့တယ် .... ။
တောင်းပန်ခြင်းတွေနဲ့အတူ အပြန်အလှန် နားလည်မှုကို ရှာကြရင်း သူနဲ့ကျမ ရဲ့ တစ်ဘ၀စာ နှောင်ဖွဲ့ခဲ့သမျှတွေအတွက် တစ်သက်စာ ကြေကွဲခဲ့ရတဲ့ ည တစ်ညလည်းဖြစ်ခဲ့ပြန်တယ် ....။
ရှောင်လွဲဖို့ကြိုးစားလိုက်မိတိုင်း နှစ်ပေါင်းများစွာ ချည်နှောင်မိခဲ့တဲ့ နှောင်ဖွဲ့မှုကြိုးတစ်မျှင်က ဟန်ဆောင်ခြင်း ကမ်းပါးဖက်ကို တအိအိ ပြိုဆင်းခဲ့ပြန်တော့ အနက်ရှိုင်းဆုံး ရှိုက်သံတစ်ခုဟာလည်း ဒီဇင်ဘာ နှင်းစက်အချို့နဲ့ အတူ တိုးလျေ၀၀ါးစွာ ပျောက်ကွယ်ခဲ့ရတဲ့ ည လည်းဖြစ်ခဲ့ပါတယ် ။
ကျမ တစ်ကယ်ပဲ ပြတ်သားခဲ့တာလား ... ဒါမှမဟုတ် မာနတွေကြောင့် မှားခဲ့မိတာလား ...
ဟန်ဆောင်မှု အပြုံးတုအောက်မှာ ရင်ထဲက မျက်ရည်စတွေနဲ့ အလျော်အစားပေးခဲ့ရတဲ့ည တစ်ညတော့ဖြစ်ခဲ့လေရဲ့ ...။
ခပ်ကြမ်းကြမ်းတိုက်ခတ်လာတဲ့ ဆောင်းလေရဲ့အရှိန်ကြောင့်လား မပြောတတ် .... ကျမ နှလုံးသားထဲက တလှပ်လှပ် ချမ်းအေးမှုးဓါတ်တစ်ခုနဲ့အတူ ....အဲဒီ့ ဒီဇင်ဘာ တစ်ညတာက ပြန်စဉ်းစားမိတိုင်း ကျမ အတွက်တော့ စိတ်ပျက်စရာ ညလည်းဖြစ်ခဲ့ပြန်တယ် ....။
ဆောင်းတစ်ညတာရဲ့ ညှင်းပမ်းမှုအအေးဒဏ်ကို အလူးအလဲခံရင်း ကိုယ့်စိတ်တွေ အဝေးကို လွင့်ထွက်မသွားရအောင် စုစည်းထိမ်းချူပ်ခဲ့ရတဲ့ည ....နှင်းတွေသိပ်သိပ်သည်းသည်း ဝေခဲ့တဲ့ အဲဒီ့ညက ဖြူလွလွယုန်မွေးဆွယ်တာကို ၀တ်ဆင်ထားခဲ့တဲ့ လူတစ်ယောက်ကို မကြည့်ဖြစ်အောင်ထိမ်းချုပ်ခဲ့ရင်း အဓိပ္ပယ်ကင်းမဲ့စွာ မိုးလင်းခဲ့ရတဲ့ ညလည်းဖြစ်တယ် ....။
ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို အေးခဲစွာ ပိုင်းခြားမိရင်း နာကျင်ခြင်းတွေ လျစ်လျှူရှုရတဲ့ အခါ ..... မာကျောမှုနှလုံးသားတစ်စုံဟာလဲ အခါခါသေရပါတယ် ....
မီးခိုးရောင် လက်အိပ်လေးနဲ့ နွေးထွေးခြင်းကင်းမဲ့ခဲ့သောလက်အစုံကို မြဲမြံစွာပိုက်မိရင်း ချယ်ရီပင်တန်း တွေစီနေတဲ့ Mechanical ဌါနဘေးက မြေနီနီလမ်းလေးကို ဦးတည်ချက်မဲ့ လျှောက်ခဲ့မိတယ်....
အားလုံးနဲ့အဝေးဆုံးကို နောက်ဆုံး ကျောခိုင်းခဲ့ရတဲ့ညဟာလည်း ... အဲဒီ့ညပါပဲ ....
ဆောင်းလေတိုးသံ သဲ့သဲ့လေးသာ နားဆင်ခွင့်ရတဲ့ ချယ်ရီပင်ရိပ် တစ်နေရာမှာ နာရီပေါင်းများစွာ ဟန်ဆောင်ခဲ့ရသမျှ ထိမ်းချုပ်မဲ့ မျက်ရည်စတို့နဲ့အတူ ရင်ခတ်စွာ ငိုရှိုက်ခဲ့မိတဲ့ည တစ်ညလည်းဖြစ်တယ် ...
ခပ်ကြမ်းကြမ်းတိုက်ခတ်လာတဲ့ ဆောင်းလေအေးအေးရဲ့ကြားမှာ ခြေစုံရပ်မိတဲ့ တခဏ မျက်ရည်စတွေကို ညင်သာစွာသုတ်လာပေးတဲ့ အရိပ်တစ်ခုရဲ့ နွေးထွေးမှု လက်တစ်စုံကတော့ ဆောင်းနှင်းမြုမှုန်တွေရဲ့ ကြားမှာ ခပ်ဝါးဝါးရယ်သာ .....
ပြန်တွေးလိုက်မိတိုင်း ခပ်ပါးပါးအရာရာထင်ရုံသာ ကျန်တော့တဲ့ ဆောင်းနှင်းတွေကြားက အရိပ်တစ်ခုဟာ အိပ်မက်များလား တစ်ကယ်လား ဆိုတာ ပြန်လည် ခွဲခြားဖို့အတွက် မသဲကွဲခဲ့လေသောညတစ်ညပါပဲ ....။
အမှတ်တရတွေ နဲ့ ကြေကွဲစေခဲ့တဲ့ အဲဒီ့ညကပေါ့ သည်းသည်းထန်ထန် ငိုကြွေးမိရင်း မလှမပနှုတ်ဆက်ခဲ့ကြတဲ့ ညတစ်ည လဲဖြစ်ခဲ့တယ် ....
ပတ်ဝန်းကျင်ရဲ့ဝေဖန်ချက်တွေအားလုံးကို လျစ်လျှူရှုနိုင်ခဲ့ပေမယ့်အစားထိုးမရတဲ့ မိဘဆိုတဲ့ အရိပ်တစ်ခုအောက်က ပြတ်သားမှုမရှိလှတဲ့ ကျမကို သူ စိတ်ပျက် ၊ နာကျည်း သွားတဲ့ည ......။
ဘာပဲဖြစ်ဖြစ် အရာအားလုံးအတွက် သိတတ်မှုတွေ နဲ့အတူ လူတစ်ယောက်ကို လျစ်လျူရှု ကျောခိုင်းခဲ့ဘူးတဲ့ညဟာ နှင်းဝေတဲ့ ဆောင်းတစ်ည ဖြစ်ခဲ့တယ် ......။
တစ်စစ ဝေးကွာကျန်ရစ်ခဲ့တဲ့ ဆောင်း တစ်ညမှာ ချယ်ရီတွေဝေခဲ့သလား ... နှင်းမိုးတွေစွေခဲ့သလား ....မသိခဲ့ပေမယ့် ... ကျမ စိတ်တွေ မတွေဝေခဲ့တာကတော့ သေချာပါတယ် ..........။
နောက်တစ်ကြိမ်ဆိုတဲ့ အခွင့်အရေးတစ်ခုဟာ ဒီဘ၀မှာ မရှိနိုင်တော့ပေမယ့်
နှင်းဝေတဲ့ဆောင်းတစ်ညတာကို ရောက်တိုင်း ... ကျမ ရင်မှနွမ်းလျခြင်းတွေနဲ့အတူ သူ့ အတွက် သိပ်သည်းဆ အလွမ်းနှင်းတွေဟာလည်း ထာဝရ ဝေမြဲ ဝေဆဲပါပဲကွယ် ...
ဒီဇင်ဘာလရဲ့နှင်းဝေတဲ့ဆောင်းတစ်ညကို မှန်ဆမိရင်း ကျမ သူ့ကို သိပ်လွမ်းခဲ့မိတဲ့အကြောင်းလေး
ကို ချယ်ရီပန်းလေးတွေက တစ်ဆင့် ဆောင်းလေတိုးသံသဲ့သဲ့ကြားမှာ တိုးတိုးလေးတော့ ပြောပြချင်ခဲ့မိပါတယ် ............။
နှင်းဝေတဲ့ဆောင်းတစ်ညကို ကျမ နဲ့ထပ်တူ ခံစားဖတ်ရှုပေးသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် .... ရောက်လာတော့မယ့် သက္ကရာဇ်တစ်ခုကို တိတ်ဆိတ်ကြေကွဲစွာ ကြိုဆိုရင်း မှန်းဆကာ လွမ်းရဦးမယ့် ဆောင်းတစ်ညတာကို ဖြတ်သမ်းနိုင်ဖို့အတွက် ရင်ထဲက နှင်းတွေ စိတ်ရှိတိုင်း ဝေလိုက်မိပါတယ် ...........။
နှစ်သစ်မှာ စစ်မှန်စွာချစ်တက်ကြသူတိုင်းဆုံဆည်းခွင့်ရကြပါစေလို့ တောင်းဆုပြုရင်း
အားလုံးကိုချစ်ခင်လေးစားတဲ့...
နှင်းဟေမာ
23 Dec 2009
13 comments:
ရောက်လာတော့မယ့် သက္ကရာဇ်တစ်ခုကို တိတ်ဆိတ်ကြေကွဲစွာ ကြိုဆိုရင်း မှန်းဆကာ လွမ်းရဦးမယ့် ဆောင်းတစ်ညတာကို ဖြတ်သမ်းနိုင်ဖို့အတွက် ရင်ထဲက နှင်းတွေ စိတ်ရှိတိုင်း ဝေလိုက်မိပါတယ် ...........။ <<<ဒီစာသားလေးကိုဖတ်ရင်းစိတ်မကောင်းဘူး
ညီမလေးနှင်းရေ။
နှစ်သစ်မှာ စစ်မှန်စွာချစ်တက်ကြသူတိုင်းဆုံဆည်းခွင့်ရကြပါစေလို့ ညီမလေးတောင်းဆုပြုသလိုပဲ.ပြန်လည်တောင်းဆုပြုပါတယ်နော်
နှင်းရေ..လှလိုက်တဲ့ ပိုစ့်လေးဘဲနော်
ဖတ်နေရင်းနဲ့ နှင်းတွေကြား မြေနီလမ်းလေး ဆောင်းလေတိုးသံ ချယ်ရီပင်ရိပ် တစ်နေရာ ဖတ်ရင်း နစ်မြောသွားတယ် နှင်းရေ..
လွမ်းစရာလေး.. ဖတ်သွားတယ်နော်..
ပတ်ဝန်းကျင်ရဲ့ဝေဖန်ချက်တွေအားလုံးကို လျစ်လျှူရှုနိုင်ခဲ့ပေမယ့်အစားထိုးမရတဲ့ မိဘဆိုတဲ့ အရိပ်တစ်ခုအောက်က ပြတ်သားမှုမရှိလှတဲ့ ကျမကို သူ စိတ်ပျက် ၊ နာကျည်း သွားတဲ့ည ......။
နောက်ခံအကြောင်းအရာကိုပါ ၀တ္ထုတပုဒ်ရေး အုံးလေ ။ ရှင်သန်နေသ၍ နောက်ထပ် ကြည်နူးဖွယ် ဆောင်း ညတွေကိုလည်း ကြုံလာအုံးမှာပါ ။
နှင်းနဲ့အတူလွမ်းမိသွားပြီနော်...
မင်္ဂလာပါ နှင်းရေ..
နှင်းဝေတဲ့ဆောင်းတစ်ည ကို ခံစားဖတ်ရှုသွားပါတယ်။ နှင်းတွေဝေတိုင်း သတိရနေတတ်ပေမယ့် သတိရရင်း ပျော်ရွှင်ဖွယ် နှင်းတစ်ညကို ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းပြုလိုက်ပါတယ် နှင်းရေ။
ပျော်ရွှင်ဖွယ် Christmas နဲ့ နှစ်သစ်ပါ နှင်းရေ..
ခင်မင်စွာဖြင့်
ကိုမျိုး
စာလေးကြိုက်လိုက်တာ ညီမလေးရေ...
ညီမလေးနဲ့ အတူတူ လွမ်းဆွတ်နာကျင်မိပါတယ်။
လွမ်းစရာကြီးပါလား။
ဖတ်ရတာ တစ်ငြိမ့်ငြိမ့်ပါဘဲ။
ဆောင်းသံသဲ့သဲ့ကြားတယ် ဒီဇင်ဘာ ငါ့ကို နင့်ရဲ့ နှင်းမုန်တိုင်းအတူခေါ်ဆောင်သွားပေးပါ..
ဟေမာ
ဟေမာ့ဝတ္ထုလေးကိုဖတ်ပြီး ကိုယ်တိုင်လည်း
နှင်းတွေဝေတဲ့ အတိတ်ကိုပြန်လွမ်းမိသွားတယ်...ဟုတ်တယ်.. ဒီရာသီက လွမ်းစရာအကောင်းဆုံးဘဲနော်.. ဘာကိုလွမ်းလို့လွမ်းမိမှန်းမသိတဲ့ခံစားချက်မျိုးလေး..
နှစ်သစ်မှာပျော်ရွှင်ပါစေနော်...
ချော( အစိမ်းရောင်လွင်ပြင်)
လွမ်းစရာနှင်းဝေတဲ့ဆောင်းက ဒီဇင်ဘာကို တံခါးခေါက်တိုင်း အတိတ်ကိုပြန်ပြန်ညှို့ယူနေသလိုဖြစ်မှာပေါ့ ညီမလေးရေ
မနှင်းဟေမာရေ....
လွမ်းစရာကောင်းတဲ့ဒီဇင်ဘာရဲ့နောက်ခံပန်းချီကားချပ်လေးတစ်ခုပေါ်က တစ်စုံတစ်ရာအတွက် တစ်စုံတစ်ခုကို လက်လွှတ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ကြေကွဲခြင်းသံစဉ်လေးတွေကို နားထောင်သွားတယ်ဗျာ...။
(တန်းပလိပ်လေးက နည်းနည်းမှောင်တယ်ဗျာ မနှင်းဟေမာ...။ ပြီးတော့ အောက်ခံပန်းပွင့်လေးတွေက စာတွေနဲ့ ရောနေသလိုပါပဲ...။ ကျွန်တော့်လို မျက်စိအားသိပ်မကောင်းတဲ့ စာဖတ်သူတွေလည်းရှိနေမှာမို့ ပြောတာနော်ဗျ...။ စိတ်မဆိုးပါနဲ့ဗျာနော်...။ အားအရမ်းစိုက်ရတယ်လေ...။ စာဖတ်ရတာ...။)
ခင်မင်တဲ့
ဏီလင်းညို
ငါ့ကိုလွမ်းတာတော့ ဟုတ်ပါဘူးနော်။ :D
ထိတယ်ဟ။ အလွမ်းခံရတဲ့သူတော့ ဖတ်မိရင် ငိုခြင်းချလောက်တယ်။ ငါတောင်မှ ၂ ခေါက်သုံးခေါက်လောက် ထပ်ဖတ်ပြီး လွမ်းလွမ်းလာတယ် (ငါနေတဲ့မြို့လေးက နှင်းတွေကို........... )
NweYoe
Post a Comment