Monday, December 28, 2009

စိတ်ကူးတောင်ပံခတ်သံများ

နောင်လာမယ့် ၅ နှစ်မှာ....မိမိရဲ့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုအဖြစ်  ဘာလုပ်ရင်ကောင်းမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ကျမ အကြိမ်ကြိမ်စဉ်းစားမိပါတယ် ...။ သေချာတာ တစ်ခုကတော့ ကိုယ့်မြေကိုယ့်ရေ မဟုတ်တဲ့ မိဘနဲ့ အဝေးဆုံးအရပ်ကနေ အမြန်ဆုံးစွန့်ခွာချင်မိတဲ့ ကျမ အတွက် ၊ ကိုယ်ပိုင်အချိန်တွေကို ငွေနဲ့လဲလှယ်ပြီး အလုပ် Pressure တွေကြားကနေ ရုန်းထွက်ချင်ခဲ့တဲ့ ကျမအတွက် ... မိမိနိုင်ငံပြန်တဲ့အခါ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ကိုင်ဖို့ဆိုတဲ့ အတွေးက အမြဲလိုလိုရှိနေခဲ့ပါတယ် ။ အဲဒီလို တွေးတောရုံတင်မကပဲနဲ့ ကျမတို့လို ဥာဏလုပ်သား (Knowledge Worker)တွေအနေနဲ့က မိမိတို့ရဲ့ အနာဂတ်အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေအတွက်  Knowledge တွေအမြဲဖြည့်နေသင့်ပါတယ် ။ 
စီးပွားရေးလမ်းကြောင်းတစ်ခုပေါ်က မိတ်ဆွေအတော်များများကို ကျမ မိဘတွေကနေ တစ်ဆင့် ကြုံကြိုက်သလို ကြုံကြိုက်သလိုတော့ လေ့လာဖြစ်ခဲ့ပါတယ် ...။ စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်တော့မယ့် လူတွေအတွက် သူများဆီက အကြံဥာဏ်တောင်းခံခြင်းဆိုတဲ့ Awareness (အသိ) ရဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုလို့ မြင်ပါတယ် ...။
ပေးလာတဲ့ အကြံဥာဏ်ထဲကနေမှ ယူသင့် ပယ်သင့်ဆိုတဲ့အချက်ကိုတော့ ကိုယ့်ရဲ့ အနေအထားလေးနဲ့ Internalization လုပ်ယူသွားရပါမယ် ...။အဲဒီ့အတွက် ကျမ အနေနဲ့ မိသားစုစီးပွားရေးလုပ်ငန်းထဲမှာပဲ အလွယ်တစ်ကူ အလိုက်သင့်လေး ၀င်သွားရမလား ..ဒါမှမဟုတ် ... မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ပဲ မိသားစုလုပ်ငန်းနဲ့ မတူအောင်  ထိုးဖောက်ကြည့်မလား ဆိုတာကို စဉ်းစားနေပါတယ် ...။
ဖေဖေကတော့ ကျမကို  လူပေါင်းစုံ စရိုက်ပေါင်းစုံနဲ့ ပြောဆိုလုပ်ကိုင်ရမဲ့ အရောင်းအ၀ယ်အလုပ်ကို လုံးဝအားမပေးခဲ့သလို မိမိတက်တဲ့ ပညာရပ်နဲ့ပဲ အေးအေးချမ်းချမ်း ရပ်တည်စေချင်ခဲ့သူ ... မေမေ ကတော့ စီးပွားရေးနဲ့ပတ်သတ်ပြီး အမြင်ကျယ်ပြန့်သလို ကျမကိုလဲ ပညာရေးကိစ္စလေးတွေ အထိုက်အလျှောက် ပြီးမြောက်တဲ့အခါမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်သူ ... နောက် ကျမ ရဲ့အန်တီ ကတော့ သူမကိုယ်တိုင် အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပီပီ ကျမ ကိုလဲ ဒီမှာ ထိုက်သင့်တဲ့ လုပ်ငန်း အတွေ့အကြုံလေး တွေရလာတဲ့အခါ  ပြန်လာပြီး မိသားစုစီးပွားရေးထဲကိုပဲ ဆွဲခေါ်ချင်ခဲ့သူ .... ။
အဲလို ကိစ္စရပ်လေးတွေရဲ့နောက်မှာတော့ စိတ်ကူးယဉ်ဆန်ပြီး ၀ါသနာနဲ့ စီးပွားရေးလုပ်ငန်းကို ပူးတွဲပြီး ပုံဖော်ကြည့်ချင်ခဲ့မိတဲ့ ကျမ အတွေးတွေကတော့ မိသားစုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြန်တယ် ...။ ကျမ ရဲ့ရည်ရွယ်ချက်က စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာ မိမိရဲ့ အကျိုးအမြတ်နဲ့ အောင်မြင်မှုတစ်ခုအတွက်သာမကပဲ  မိမိ ရင်ထဲက ၀ါသနာရယ် ၊ အများအပေါ်မှာထားအပ်တဲ့ စေတနာရယ် ကိုပေါင်းစပ်ပြီး အကောင်အထည်ဖော်ကြည့်ချင်မိတယ် ...။ကျမ စာသင်ရတာကို အရမ်း
ဝါသနာပါ ပါတယ် ...။
ဒီနိုင်ငံကို ထွက်မလာခင်တုန်းက ကျမ သံယောဇဉ်ထားခဲ့ရသမျှ အရာအားလုံးကို စွန့်လွှတ်ခဲ့ရတယ် ...။ အစိုးရ၀န်ထမ်းဘ၀မှာ တက်လမ်းသိပ်မရှိလှပေမယ့် အခြေကျနေတဲ့ အေးချမ်းတဲ့ဘ၀တစ်ခုကိုတော့ ကျမ တစ်ကယ်မက်မောခဲ့ပါတယ် ...။ သို့ပေမယ့်လည်း တစ်ခုခုကို လိုချင်တဲ့အခါတိုင်း တစ်ခုခုကို ပေးဆပ်ကြရမယ့် ကျမတို့လူသားတိုင်းအတွက် ဘယ်လောက်ပဲ သံယောဇဉ်ရှိခဲ့ပါစေ ..
စာသင်ရကြားမှု ၀ါသနာဘယ်လောက်ပဲ ကြီးခဲ့ပါစေ ဘ၀အတွက်ဆိုတော့  စွန်လွှတ်ခဲ့ရပါတယ် ...။ ဒီဌါနကနေ တကယ် ထွက်ရတော့မယ်ဆိုတဲ့ အချိန်မှာတော့ ကျမ ရဲ့သင်ကြားရေး စာအုပ်လေးတစ်ချို့ကို ပြန်အပ်ခဲ့ရမှာ ၀မ်းနည်းသလိုလို ....  ကျမ အခန်းထဲက မြေဖြူပုံးလေးတစ်ချို့ကိုငေးကြည့်မိရင်း မျက်ရည်ဝဲ၀ဲ နဲ့ ငိုချင်သလိုလို ခံစားခဲ့ရပြန်ပါတယ် ...။ ကိုယ့်သေတ္တာလေးကို ဖွင့်ကြည့်မိပြန်တော့လည်း နက်ပြာရောင် ချည်ချိတ်ထမီလေးတွေနဲ့ အဖြူရောင် ရင်ဖုံးအကျီလေးတွေကို ငေးမောမိရင်း သက်ပြင်း အခါခါ ချမိပြန်တယ် ...။ ကျမ ဘယ်လောက်ပဲ တွယ်တာမြတ်နိုးခဲ့ပါစေ ... သူများတွေရဲ့နောက်မှာ မကျန်ရစ်ခဲ့ချင်တဲ့ ဆန္ဒတွေက ကျမရဲ့ တက္ကသိုလ်ဆရာမ ဆိုတဲ့ ဘ၀တစ်ခုကို တွန်းလှန်ပြစ်နိုင်ခဲ့ပြန်တယ်။ အဲဒီကတည်းကငါဘာကိုဝါသနာပါသလဲ ဆိုတာကို ကျမကောင်းကောင်းသိခဲ့ရတယ် ...။
ကျမ ကျောင်းသားဘ၀တုန်းက အရမ်းစားကြိုးစားလှတဲ့ အထဲမှာမပါခဲ့ပေမယ့် ကလေးတွေကို စာသင်ရတော့မယ့်မနက် မတိုင်ခင် ညစဉ်ညတိုင်း ၁နာ၇ီ ၂ နာရီလောက်ထိ ကြိုးစားပမ်းစား စာကြည့်ဖြစ်ခဲ့တယ် ...။ သူတို့တစ်တွေ နားလည်ဖို့အတွက် ဘယ်လိုရှုထောင့်ကနေ ရှင်းပြရမလဲဆိုတဲ့ စေတနာနဲ့ ၄ ချိန်ဆက်တိုက် မက ပါးစပ်ကနေ အမြှုပ်ထွက်လောက်အောင်ထိ ကျမ သင်နိုင်ခဲ့တယ် ...။
ကျောင်းသားဘ၀က မကျေညက်ခဲ့သမျှစာတွေကို ၀ါရင့်ဆရာ ဆရာမတွေဆီမှာ တစ်ကူးတစ်က သွားပြီး သူတို့တစ်တွေ ကိုယ့်ဘသာရပ်မှာ ကောင်းစွာဖြေနိုင်ကြပါစေဆိုတဲ့ ဆန္ဒတွေနဲ့ အပင်ပမ်းခံခဲ့ပါတယ် ...။
ကျမ ယနေ့ထိ သတိရမိတုန်းပဲ ...ပထမဆုံး ... ကျမတို့ ပိုစတင်တွေချတော့ ... သူငယ်ချင်းတွေအားလုံးက မန္ထလေး ၊ မိတ္ထီလာ ၊ တောင်ငူ ၊ ပြည် ၊ စတဲ့ နေရာတွေမှာ ၂ယောက်တစ်တွဲ ၃ ယောက်တစ်တွဲ ကျခဲ့ကြတယ် ...။ ကျမ နံမည်ကို ရှာမတွေ့တော့ ကျမလဲ ချာချာလည်နေအောင် ရှာလိုက်တဲ့အခါ .... ( ကရင်ပြည်နယ် ၊ ဘားအံ ) ဆိုတဲ့ဒေသတစ်ခုကို ကျမ တွေ့လိုက်ရတယ် ...။ ဘယ်နေ့ဘယ်ရက် အရောက်သွားရမယ်ဆိုတော့လည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ အိမ်ကိုတောင် မပြန်နိုင်တော့ပဲ ရန်ကုန်ထိမဖြစ်မနေ သွားခဲ့ရတယ်...။ ရန်ကုန်ကနေ ရွှေစင်စင်္ကြာ ကားနဲ့အတူပဲဘာအံကို ရောက်သွားတယ် ...။ ကြာအင်းတောင် ၊ ဇွဲကပင်တောင်တွေဝန်းရံကာဆီးနေတဲ့ ကျမတို့ကျောင်းကြီးဟာ ညို့ညို့မှိုင်းမှိုင်းနဲ့ သာသာယာယာရှိခဲ့သလို အနေကြာလာတော့လည်း ကျောင်းသံယောဇဉ် ၊ တပည့်တွေသံယောဇဉ်တွေနဲ့အတူ အညာကိုမေ့ပြီး ကျမ အတော်လေးပျော်ရွှင်ခဲ့မိပါတယ်...။
“ပြတ်တုန်း လပ်တုန်း ၂၃ ” လို့ ကျမတို့ ၀န်ထမ်းဘ၀က ပြောနေကျစကားအတိုင်း တစ်ခါ တစ်လေ ၂၃ရက်နေ့တောင် မရောက်သေးဘူး လက်ထဲမှာ တစ်ပြားမှ မကျန်တော့တဲ့ ရက်စွဲတစ်ချို့ကိုလည်း ဖြတ်သမ်းခဲ့ရပါရဲ့ ...း)
လစဉ် မိဘဆီကနေ ဖုန်းဆက်ပြီး မေမေ ... ၅ သောင်းပို့လိုက်ပါဦး ဒီတစ်လတော့
၃ သောင်းလောက်ဆိုရပါပီ မေမေ ..ဆိုတဲ့ တစ်လ တစ်မျိုး မရိုးရတဲ့ လက်ဖြန့်မှုဘ၀တွေမှာ ကြာကြာမခံနိုင်ခဲ့တဲ့ ကျမ ဆယ်တန်းကျောင်းသားတွေကို စာပြဖို့ ကြိုးစားခဲ့ရပြန်တယ် ...။
အဲဒီအချိန်ကနေ စပြီး ညနေ ကျောင်းဆင်းချိန်တိုင်း ကရင်ပြည်နယ် က ဆယ်တန်း ဘော်ဒါဆောင်လေးတွေမှာ မြို့ခံတွေရဲ့အကူအညီနဲ့ ဆယ်တန်းမြန်မာစာနဲ့ Physic၂ ဘာသာကို သင်ကြားတဲ့ဆရာမအလုပ်ကို ဆက်လုပ်ဖြစ်ခဲ့ပါတယ် ...။ အဲဒီတော့မှ ကျမ မှာပုံမှန်ဝင်ငွေလေးတွေ ရလာပြီး အိမ်က လက်ဖြန့်တောင်းရတဲ့ဘ၀ကနေ လွတ်မြောက်ခဲ့ရတယ် ...။
ဒီဘ၀တွေမှာ နေသားကျလာခဲ့တဲ့ ကျမက စကားသံ ၀ဲဝဲလေးတွေနဲ့ ကျမ သိပ်ချစ်ခဲ့ရတဲ့ ဖားစည်မြေက ကရင်လူမျိုး ကလေးလေးတွေအပေါ်မှာ တွယ်တာခဲ့ရသလို ...ကလေးတွေဆီက ချစ်ခင်အားကိုးမှု တွေကိုလည်း အပြည့်အ၀ ပိုင်ဆိုင်ခဲ့ရရင်း ဘ၀ဟာ ကလေးတွေနဲ့ပဲ ရှင်သန်တက်လာခဲ့ရတယ် ...။
မမျှော်လင့်တဲ့ မိုးဦးကာလတစ်ခုမှာတော့ ဘယ်အရာမှမမြဲတဲ့ သဘောတရားအရ .. ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဖြိုး က ကျမကို သူ့ရုံးခန်းထဲခေါ်ပြီးတွေ့ခဲ့တယ် ...။ဆရာမ ကို တစ်ခြားကျောင်းတစ်ကျောင်းကနေ နံမည်နဲ့တပ်ပြီးခေါ်ထားတဲ့အတွက် လိုအပ်ချက်အရ မဖြစ်မနေ ပြောင်းရွှေ့ရမယ်တဲ့ ...။
ကျမ ဘယ်လိုမှ ထင်မှတ်မထားခဲ့တဲ့အချိန် ...အားလုံးအပေါ်မှာ သံယောဇဉ်ဖြစ်ပြီး အခြေတကျ ဖြစ်နေတဲ့အချိန်မှာ အဲလိုလုပ်ရက်လေခြင်းဆိုပြီး ဆရာမကြီးရုံးခန်းထဲမှာပဲ ငိုချလိုက်မိတယ် ...။
ဆရာမကြီးက ကျမကို သူတက်နိုင်သေလာက် ကူညီပြီး ကျောင်းရဲ့လိုအပ်ချက်အရလို့ အထက်ကို ဖုန်းဆက်ပြီး Request လုပ်ခဲ့ပေမယ့် Training တစ်ခုကိုတက်ရောက်ခဲ့ရတဲ့ ထဲမှာ ကျမ ပါခဲ့ဘူးတဲ့အတွက် ဘယ်လိုမှ လူစားလဲပေးလို့လဲ မရခဲ့ပြန်ပါဘူး ...။ ကျမ ကို သံယောဇဉ်ရှိခဲ့တဲ့ ဆရာမကြီးကပဲ ကလေးတွေ စာမေးပွဲပြီးတဲ့အထိ ပြန်ဆွဲထားပေးခဲ့ပါတယ် ...အဲဒီအတွက် ကျမ ဒေါက်တာဖြိုး ကို ယနေ့ထိ ကျေးဇူးတင်နေဆဲပါပဲ ...။ ရွှေဖားစည် ရန်ကုန် - ဘားအံ ကားပေါ်ကို ကျမ မတက်ခင်မှာ ကျမ သင်ခဲ့ရတဲ့ ကျမ မေဂျာက ကလေးတွေ ... ပထမနှစ် EC , EP က Meachanical Subject ကိုသင်ခဲ့ရတော့ အဲဒီ၂ မေဂျာက ကလေးလေးတွေ .. ကရင်ဘော်ဒါဆောင်က ကျမရဲ့ ဆယ်တန်း ကလေးလေးတွေ အားလုံး လိုက်ပို့လိုက်ကြတာ ဘားအံ ကားကွင်းတစ်ခုလုံး အဲဒီနေ့က အဖြူနဲ့ နက်ပြာရောင် ယူနီဖောင်းလေးတွေနဲ့ နေရာယူသွားခဲ့တယ် ...။ယနေ့ထိ ကျမရင်ထဲမှာ မှတ်မှတ်ရရရှိနေဆဲပဲ ...ဘာလိုလိုနဲ့ နှစ်တွေကြာလာခဲ့သလို ကျမ တပည့်လေးတွေနဲ့ ဒီကျွန်းနိုင်ငံလေးမှာ ယခုရက်ပိုင်းအတွင်း ပြန်လည် ဆုံဆည်းခွင့်ရခဲ့ပါတယ် ...။ အဲဒီအတွက် .. ကျမ ကျေနပ်ပျော်ရွှင်ခဲ့ရပြန်တယ် ...။
ကရင်ပြည်နယ်ကို အပြီးတိုင်နှုတ်ဆက်ခဲ့ရတဲ့ အဲဒီညမှာ ...ဘားအံ-ရန်ကုန် ကားလမ်းတစ်လျှောက်လုံး ကျမ ကောင်းကောင်းအိပ်စက်လို့မရခဲ့ပါဘူး ...။နောင်တစ်ချိန်ကျရင် ကျမ ၀ါသနာအရမ်းပါတဲ့ စာသင်ကြားရေးအလုပ်တစ်ခုကိုတော့ ဇောက်ချပြီး လုပ်ဦးမယ် ..ဆိုတဲ့ ဆန္ဒတစ်ခုကပါ အဲဒီနေ့က စပြီး ရင်ထဲမှာကိန်းအောင်းလာခဲ့တယ် ထင်ပါရဲ့ ...။
စိတ်လိုလက်ရ နဲ့ စိတ်ကူးယဉ်ကြည့်လိုက်မိတိုင်း ရာသီဥတုကောင်းတဲ့ မြို့လေးတစ်မြို့လောက်မှာ ကျမ တစ်ပိုင်တစ်နိုင်ဖြစ်စေမယ့် ပညာရေးဘော်ဒါဆောင်လေး တစ်ခုကို ထူထောင်ချင်မိပါတယ် ... ။
အဲဒီအတွက် အောင်မြင်မှုဆိုတာကတော့ ကျမရဲ့ အရည်အချင်းနဲ့ ဆိုင်သလို လုပ်ငန်း အကျိုးပေး နဲ့လည်းဆိုင်ပါလိမ့်မယ် ...။ နောက်ခံ မိဘရဲ့ပံ့ပိုးမှုနဲ့လဲ ဆိုင်သလို မိတ်ဆွေကောင်း သူငယ်ချင်းကောင်း
ဝန်ထမ်းကောင်းတွေနဲ့ တွေ့ဖို့လဲ လိုအပ်ပြန်ပါတယ် ...။ကျမ ပိုင်ဆိုင်တဲ့ အဲဒီနေရာလေးမှာ အမှန်တစ်ကယ်ထူးချွန်ပြီး မပြည့်စုံတဲ့ကလေးတွေကို အခမဲ့ သင်ကြားပေးချင်တယ် ...။ တစ်မူထူးခြားတဲ့ အဆန်းအပြားလေးတွေနဲ့အတူ အနာ၈တ်ကလေးတွေရဲ့ ဘ၀ကို စေတနာ ၀ါသနာ အနစ်နာ ဆိုတဲ့ နာသုံးနာနဲ့ပြည့်ဝပြီး မေတ္တာတရားတွေမွှေးပျံ့နေစေမယ့် ပညာရေးစံအိမ်လေးတစ်လုံးကို ကျမရဲ့ စိတ်ကူးထဲမှာတော့ အမြဲတမ်းလိုလို ... တစ်ယောက်ထဲတည်ဆောက်ဖြစ်ခဲ့ပါတယ် ...။
တစ်ကယ်တော့ စီးပွားရေးအသစ်တစ်ခုကို မြေစမ်း ခရမ်းပျိုးပြီး စတင်ထူထောင်တဲ့အခါမှာ ကျမအတွက် Crisis အကျပ်အတည်းဆိုနဲ့တော့ စတင်ရင်ဆိုင်ရမှာ အမှန်ပါပဲ ..။
ရင်ဆိုင်ကြုံတွေ့လာရဦးမယ့် Crisis အကျပ်အတည်းဆိုတာလေးကို  သူများနဲ့ မတူ ကွဲပြားအောင်လုပ်တဲ့ Differentiation နဲ့ ဘယ်လိုဖြေရှင်းရင်ဆိုင်ရမလဲဆိုတာကိုတော့ ကျမ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ အချိန်ယူရပါဦးမယ် ..။
ကျမ စီးပွားရေးလုပ်ငန်းကို ထူထောင်တဲ့အခါမှာ....ဘယ်ဟာပဲဖြစ်ဖြစ်  စည်းစနစ်ကျကျနဲ့ သေသေသပ်သပ်လေးဖြစ်ဖို့ အတွက် Get Big လို့ခေါ်တဲ့ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ကြီး ထိ မရည်ရွယ်ပဲ Get Niche (ဈေးကွက်သီးသန့်လေးတစ်ခု) လောက်ကိုပဲ ရည်ရွယ်ပြီး လုပ်သွားပါ့မယ် ...။
ဘ၀နဲ့ ဆန္ဒတွေ တစ်ထပ်တည်းကျနိုင်ဖို့ဆိုတာက မသေချာခဲ့တော့ ကျမရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ပြီး မလုပ်နိုင်ခဲ့ဘူး ဆိုရင်...ဆိုတဲ့အတွေးနဲ့ တစ်ခြား လမ်းကြောင်း လေးတစ်ခုကိုလည်း ပြန်ပြောင်း စဉ်းစား ကြည့်မိတဲ့အခါ...ကျမရဲ့ဘိုးဘွား မိဘ တွေရဲ့ လက်ငုတ်လက်ရင်း တစ်ခုဖြစ်တဲ့ ပွဲရုံလုပ်ငန်းကိုပဲ ဆက်လက်လုပ်ကိုင်သွားရမှာပါပဲ ...။
မြန်မာပြည်မှာ အသက်ငယ်ငယ်နဲ့ စီးပွားရေးလုပ်ငန်းကို ဦးဆောင်နိုင်တဲ့ ကျမ မိတ်ဆွေတစ်ဦးကတော့ ဘယ်လုပ်ငန်းကိုပဲ လုပ်လုပ် အခုခေတ် စီးပွားရေးမှာ ၀င်ဆန့်နိုင်ဖို့ အတွက်ကတော့ Human Capital ကိုတည်ထောင်နိုင်မှ အလွယ်တကူဝင်ဆန့်နိုင်တယ်လို့ ပြောပါတယ်   ...။
ကိုယ်လုပ်တဲ့ လုပ်ဆောင်ချက်တိုင်းမှာ အောင်မြင်ဖို့ အတွက်ဆိုတာကလည်း အမြဲတမ်း Competitive ဖြစ်နေဖို့  လိုအပ်ပြန်ပါတယ်  ...။
အခုချိန်မှာတော့ ကျမ တက်နိုင်သလောက် လက်လှမ်းမီသလောက်ကို လေ့လာရင်း ကျမ ပတ်ဝန်းကျင်က ရလာတဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ ဆီက အကြံဥာဏ်ကောင်းလေးတွေကို စုဆောင်း နေတုန်းပါပဲ ...။ ဘယ်လောက်ကောင်းတဲ့ အကြံဥာဏ်တွေပဲ ဖြစ်နေပါစေ ကိုယ်ကိုယ်တိုင် လက်တွေ့ မကျင့်သုံးနိုင်ရင်တော့ တန်ဖိုးမရှိပြန်ပါဘူး ။ 
ကျမ အမှန်တစ်ကယ် လိုက်နာ ကျင့်သုံးနိုင်တဲ့ တစ်နေ့မှာ ... စိတ်ကူးထဲက အတိုင်းလက်တွေ့လုပ်နိုင်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာတဲ့ တစ်နေ့မှာ ဒီပို့စ်ကို လက်တွေ့ကျကျနဲ့ ဆက်လက်ရေးသားနိုင်တဲ့ အခွင့်အရေးများရှိခဲ့ရင်   .. ရေးချင်ပါသေးတယ် ... အဟတ် ...း)
ကျမရဲ့ စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားကြသူများ အနေနဲ့ကတော့ စီးပွားရေးပါတနာတွေအဖြစ် ကြိုဆိုပါတယ် ... ဥပမာ ။     ။ ကျမက ပညာရေးဘော်ဒါဆောင်တစ်ခုကို ဖွင့်နိုင်ခဲ့မယ်ဆိုရင် Stationery စာရေးကိရိယာတွေကို ဖြန့်ဖြူးတဲ့လုပ်ငန်းရှင်မျိုး ( သို့မဟုတ် ) ကျမ ပွဲရုံလုပ်ငန်းကိုလုပ်တဲ့ အခါ ကျမပွဲရုံက ကုန်တွေကို သွင်းမည့်သူ သို့မဟုတ် ဖြန့်ဖြူးရောင်းချပေးသူမျိုးတွေလည်း ရှိကောင်းရှိလာနိုင်ပါတယ် ...။ ဘလော့ဂ်ဂါ မောင်နှမတွေနဲ့ စာဖတ်သူ မောင်နှမတွေထဲကများ စီးပွားရေးပါတနာအဖြစ်
စိတ်ဝင်စားသူများရှိပါက နောင် ၅ နှစ်အတွင်းမှာ ကျမနှင်းဟေမာထံကို အချိန်မရွေး ဆက်သွယ်နိုင်ကြပါတယ်နော်  ... အဟား ...  နောက်တာပါးD
ချစ်သောမိတ်တွေပျက်မသွားစေဖို့အတွက်နဲ့ ... တိုတောင်းလှတဲ့ လူ့ဘ၀လေးမှာ ခဏတာတွေ့ဆုံကြရတုန်း မလိုလားအပ်တဲ့အမုန်းတရားတွေ ရောက်မလာစေဖို့အတွက် ...ကျမ ဘယ်လုပ်ငန်းကိုပဲ လုပ်လုပ် သေချာတာတစ်ခုကတော့  ရှယ်ယာပါဖို့ လုံးဝ ခေါ်မှာမဟုတ်ပါဘူးရှင်  ...း)

ဒီပို့စ်လေးကတော့ မမ၀ါ “၀ါဝါခိုင်မင်း” ရဲ့ ကျမနဲ့မောင် ပို့စ်လေးကနေ ခွဲထွက်လာခဲ့တဲ့ အမှတ်တရ တဂ်ပို့လေးဖြစ်ပါတယ် ...။ မမ၀ါရေ ...ညလေးကို အမှတ်တရခင်မင်စွာတဂ်လာပေးတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်... အလုပ်နည်းနည်းများနေလို့ ဖြေတာနောက်ကျသွားပါတယ် ဆိုင်တာတွေရော မဆိုင်တာတွေရော ပါသွားပြီနော်...။ရေးချင်တဲ့ အကြောင်းအရာလေးအတွက် စဉ်းစားလိုက်မိရင်း အတိတ်ကအမှတ်တရာလေးများကိုပါ ပြန်လည်ပေါင်းစပ်လိုက်မိပါတယ် ...။

နှင်းရဲ့ဘလော့ဂါ မောင်နှမများနဲ့ စာဖတ်သူ မောင်နှမများ အားလုံးပဲ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့အတူ ဆန်းသစ်လှပတဲ့ အကြံဥာဏ်သစ်လေးများကို မွေးဖွားရင်း နှစ်သစ်ကိုကြိုဆိုနိုင်ကြပါစေ...လို့ .... ဆုမွန်ကောင်းများတောင်းလိုက်ပါတယ် ............။
အားလုံးပဲ .... Cheers  !!!!!!!!!

နှင်းဟေမာ
28 Dec 2009

12 comments:

Flower said...

ဟေမာလေး
ရည်မှန်းချက်တွေ မြင့်မြင့်မားမား ထားတတ်တဲ့အတွက်လေးစားပါတယ်..
နောင်၅နှစ်မှာ ဟေမာရဲ့ စိတ်ကူးအိမ်မက်တွေ တကယ်ကို အကောင်အထည်ဖြစ်လာနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်နော်..

ခင်မင်လျှက်

ချော (အစိမ်းရောင်လွင်ပြင်)

ကြည်ဖြူပိုင် said...

ညီမလေးရဲ့စိတ်ကူးလေးတွေကောင်းမွန်ပါတယ်ကွယ်
အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေနော်

မြစ်ကျိုးအင်း said...

အလိုရမ္မက်နည်းစွာနဲ့ စိတ်ကူးထားတဲ့ လုပ်ငန်း လေးက အတ္တနဲ့ ပရဟိတ မျှတနေလို့ ချီးကျူး ချင်ပါတယ်။
ပညာရေး ဘော်ဒါဆောင်လေး ဖွင့်နိင်သလို ချို့တဲ့ ကျောင်းသားတွေကိုလည်း အခွင့်အရေး ရအောင် လုပ်ဆောင် ပေးမယ်လို့ ထင်မိတယ်။

အရာရှိသားသမီးတွေ သူဌေးသားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်နေချိန်မှာ လက်လုပ်လက်စား သားသမီးတွေက အများကြီး ပြတ်ကျန်နေခဲ့တာ တကယ်ကို အနာဂတ် အတွက် ရင်လေး စရာပါပဲ ။

ကွာဟချက်တွေ အများကြီး မရှိရအောင် လုပ်ဆောင်ပေးစေချင်တယ်။

မြစ်ကျိုးအင်း said...

ကျောင်းဆရာမ ဘဝလေး ဖတ်ရတာ ကြည်နူး စရာပါပဲ ညီမလေးရေ ။
အလင်းရောင်တွေထဲမှာ ပညာအလင်းရောင် ပေးတာ အမွန်မြတ်ဆုံးပါပဲ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်း ရေ..

ဘားအံ မှာ တာဝန်ကျပြီး ကျောင်းသူ ကျောင်းသား တွေနဲ့ ဆရာတပည့်သံယောဇဉ် လေးတွေကို ဖတ်ရတာ အရမ်းကို ကြည်နူးစရာ ကောင်းပါတယ်။
စေတနာ ၀ါသနာ အပြည့်နဲ့မို့ ဒီလုပ်ငန်းကို လုပ်ကိုင်မယ် ဆိုရင်လဲ အောင်မြင်မှာ သေချာပါတယ်။ မိဘလက်ငုပ် လုပ်ငန်းကိုတော့ တကယ်လုပ်မယ်ဆိုရင် မိဘတွေက တသားတည်းဖြစ်အောင် သင်ပြပေးမှာမို့.. အရာအားလုံး အောင်မြင်အောင် စွမ်းဆောင်နိုင်မယ့် နှင်း အဖြစ် မျက်စိထဲမှာ ကြိုတင် မြင်ယောင် မှန်းဆလို့ ရပါတယ် ဗျာ။

အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေလို့ ဆန္ဒပြုရင်း..

ခင်မင်စွာဖြင့်
ကိုမျိုး

Libratun said...

ရေးတတ်လိုက်တာဗျာ။ အောင်မြင်ပါစေ။

WWKM said...

ညီမလေးရေးထားတာလေး တကယ်ဖတ်ရတာ အရသာရှိလိုက်တာ.. တော်တယ် ညီမလေးက.
မမလည်း တက္ကသိုလ်ကျောင်းပိတ်ရက်မှာ ၁၀
တန်းကျုရှင်ပြခဲ့ဘူးတယ်လေ..မမကဘိုင်အိုသင်ပြီး ဦးဥာဏ်က တစ်ပတ်တခါ ရန်ကုန်ကနေလာပြီး အင်္ဂလိပ်၊သချာင်္ လာသင်ပေးဘူးတာပေါ့.. ဆရာတစ်ယောက်ရဲ့
ပီတိကို မမလည်း မျှဝေခံစားပေးနိုင်ပါတယ်။
ညီမလေးဆို ကျောင်းသူကျောင်းသားအများကြီး
တပည့်တွေရှိခဲ့တာ့ ပိုပြီးသံယောဇဉ်ကြီးမှာပေါ့
နော်..တကယ်တော့ မမလည်း တက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ဦးဥာဏ်နဲ့ အိမ်ထောင်ကျပြီးမှ မခွဲနိုင်တာနဲ့ အလုပ်ခေါ်တော့ ဧရာဝတီတိုင်းမှာရောက်နေခဲ့တာလေ..သွားမဖြေခဲ့ရဘူး။
ညီမလေးလုပ်ချင်တဲ့ ဘော်ဒါဆောင်အလုပ်ကလေးကို မမလည်း အားပေးပါတယ်နော်..မမတောင်မှ ၈ျပန်ကပြန်ရင် ဂျပန်စာသင်တဲ့ဆရာမလုပ်မလားလို့ တွေးနေသေးတာ.း)) စာသင်ရတာ ပျော်တယ်လေ..

ရေးပေးတာ ကျေးဇူးပါ ညီမလေးရေ..
ဒါနဲ့ နံပါတ်မှာ ၂ ??????

ကျန်းမာပျော်ရွှင်ပါစေ.

မမ၀ါ

Anonymous said...

နှင်းရေ
စိတ်ကူးတွေ မြန်မြန် အကောင်အထည်ဖော်နိုင်ပါစေ။တူ တူမတွေကို လာအပ်မယ်နော်:P။

မယ့်ကိုး said...

စေတနာထား ရဲရင့်ကြိုးစားတဲ့ ညီမလေးမို့ ညီမလေးလိုချင်တာ မှန်သမျှ အမြန်ဆုံးဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

သူကြီးမင်း (တုံးဖလား) said...

မနှင်းရဲ့ စေတနာနှင့်ခံယူမှုကို တကယ်လေးစားမိပါတယ်။
ဒါပေမဲ့... တစ်ခါတစ်ခါမှာ စိတ်ကူးနဲ့ လက်တွေ့ ကွာခြားတတ်တာကို ကြိုင်သိထားရင် စိတ်ကူးတွေ မှေးမှန်သွားတဲ့အခါ ယူကြုံးမရ မဖြစ်တော့ဘူးပေါ့။
မြန်မာလူမျိုးတွေက စိတ်ကူးနှင့်စေတနာအရမ်းထက်သန်ကြပါတယ်။ ဒါပေမဲ့လဲ အခြေအနေနှင့်အချိန်အခါအရ အကြောင်းကြောင်းကြောင့် အိပ်မက်ရုံဘဲ မက်ပြီး ပျောက်ပြယ်သွားကြတာ အများသားကလား။

ဘယ်လိုဘဲဖြစ်ဖြစ် မနှင်းရဲ့  ရွယ်ရည်ချက်တွေ ရာနှုန်းပြည့် ပြည့်ဝပါစေလို့ ကျနော် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။

အားလုံးအဆင်ပြေပါစေ။

နှစ်သစ်မှာလဲ စိတ်ချမ်းသာစရာတွေချည်းတွေ့ကြုံပါစေ။

ခင်မင်လျှက်
ကိုကိုမောင် (ပန်းရနံ့)

မေသစ္စာမောင် said...

ညီမရေ...ဒီပို့စ်လေးဖတ်ပြီးတော့မှ ညီမစာအရေးအသား ကောင်းမွန်ပြီး သိမ်မွေ့ယဉ်ကျေးတာ ဘာကြောင့်လည်းဆိုတာကို သဘောပေါက်တော့တယ်။
ကျောင်းဆရာမလေးကို :)

ကျောင်းသူကျောင်းသားတွေ အပေါ်မှာ ထားရှိတဲ့ ညီမရဲ့ စေတနာကို လေးစားပါတယ်...။
ညီမရဲ့ စိတ်ကူးလေးတွေကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

မြတ်မွန် said...

နှင်းရဲ့ နောင်၅နှစ် ဆိုတာလေး စဉ်စားထားတာ ကောင်းပါတယ်။