Saturday, December 12, 2009

ကျမ၏တစ်နေ့တာနှင့်ရေးမိရေးရာ...

ဘာရယ်လို့တော့မဟုတ်ပါဘူး နေ့စဉ်နဲ့အမျှ ကိုယ်ပိုင်အချိန်ဆိုတာမရှိသလောက် ရှားပါးလွန်းတဲ့ ကျမ တစ်နေ့တာနဲ့ ဘ၀အတွက် ရုန်းကန်နေရတာလေးတွေကို ချရေးချင်စိတ်ရှိတာနဲ့ ရေးလိုက်တာပါ ....။
မနက်မိုးလင်းပြီဆိုတာနဲ့ အိပ်ယာထအလွန်ပျင်းတဲ့ ကျမ အမေ့အိမ်နဲ့ မြန်မာပြည်က အစိုးရ၀န်ထမ်းဘ၀ကို အရင်ဆုံးသတိရမိပြီး နံနက်အိပ်ယာထကာနီးတိုင်း ပြန်ပြေးချင်စိတ်ပေါက်မိခဲ့တာလည်း နှစ်တွေကြာခဲ့ပါပြီ ....။ ဒီလိုနဲ့ပဲ အနာဂတ်အတွက် ကိုယ့်စိတ်ကို ပြန်တင်းရင်း ရုံးကိုနေ့စဉ် ပြေးခဲ့ရပြန်ပါတယ် ...။

ဒါကတော့ စင်္ကာပူကျွန်းတစ်နေရာက ကျမ နှင်းဟေမာ နေထိုင်ရာ ရပ်ကွက်လေးဖြစ်ပါတယ် ....။


ဒီတိုက်ရဲ့ ၉လွှာမှာ ကျမ နှင်းဟေမာ နေထိုင်ပါတယ် ..လမ်းကြုံရင် ထမင်းဝင်စားပါနော် ဟဲ ဟဲး))


နေ့စဉ်နေ့တိုင်း အိမ်ကနေ ရုံးကို ၀ရုန်းသုန်းကားနဲ့အပြေးအလွှားသွားရသလို အစည်းဝေး
တက်ရမယ့်မနက်တွေရောက်တိုင်းလည်း ကြောက်ဒူးတုန်ခဲ့ရပြန်တယ် ...။ သူများတွေပြောစကားအရ ကြာလာရင် ရိုးသွားမှာလို့ဆိုကြပေမယ့် တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ကျမ Project ပြဿနာတွေကြားမှာ အသစ်အသစ်တွေနဲ့သာ ခေါင်းမဖော်နိုင်အောင် ယနေ့ထိ ရုန်းကန်နေရပါတယ် ....။
 ဒီနေရာလေးကတော့ မနက်မိုးလင်းတာနဲ့ ကျမကိုဆီးကြိုနေတဲ့ ကျမရဲ့ရှုပ်ပွနေတဲ့ ရုံးခန်းလေးပါ




ရုံးအစည်းအဝေးပြီးသွားတာနဲ့ ဆိုဒ်ထဲကိုပြေးဖို့အတွက်လိုအပ်တာတွေပြင်ဆင်ရပြန်ပါတယ် ။
ဆိုဒ်နဲ့ ရုံးနဲ့ခရီးက တောင်နဲ့မြောက်ဖြစ်နေလို့  စာရွက်စာတမ်းနဲ့ အရေးကြီး Drawingတွေ ကျန်ခဲ့ရင် ပြဿနာ တစီတတန်းကြီးတက်မှာဆိုတော့  အေးစက်နေတဲ့ ကော်ဖီတစ်ခွက်ကို ရေအေးလို ကမန်းကတန်းမော့ရပါတဲ့ ကျမ ဘ၀.... ဟိ ဟိ ..  အမှန်တော့ ကော်ဖီကို လုံးဝ မကြိုက်သလို အရသာကို မခံတက်တာ ...... လူကြားကောင်းအောင်လို့ တမင်ပြောတားD


ရည်မှန်းချက်တွေနဲ့ အမျိုးမျိုးသောအခက်အခဲတွေကြားမှာဘယ်လောက်ကြာကြာနစ်မြှုပ်နေရဦးမယ်ဆိုတာ မသေချာပေမယ့် ကျမ ကိုယ်တိုင်ရွေးချယ်ခဲ့ပြီးသား လမ်းတစ်ခုဖြစ်ခဲ့လေတော့ ဒီလမ်းကို ကျမ ဆုံးအောင်တော့ ဆက်လျှောက်ရပါဦးမယ် ....။

ဒီနေရာလေးကတော့ ကျမတို့ ကုမ္ပဏီက Project အများဆုံးရရှိထားတဲ့ Sentosa Cove က Treasure Island လို့ခေါ်တဲ့ ပင်လယ်ကိုမြေဖို့ပြီး တည်ဆောက်ထားတဲ့နေရာလေးဖြစ်ပါတယ် ...။



ညဘက်တွေမှာလည်း လူက ကွန်ပြူတာရှေ့ကနေ မထချင်သလို အိပ်ရေးကလည်း ကောင်းကောင်း
မ၀သလို ခံစားရတယ် ... ရုံးရောက်တော့လည်း မသောက်ပဲ မူးချင်နေတယ် ဟီးး))
ပဌါန်းကို တစ်နေ့တစ်ခေါက် မှန်မှန်ရွတ်လေ့ရှိတဲ့ ကျမ  အခုလို Scaffolding တွေကြားမှာ အလုပ်လုပ်ရတော့ ကျမ အပါအ၀င် အလုပ်သမားများ အားလုံး အန္တရာယ်ကင်း ဘေးရှင်းကြစေဖို့ သတိရတိုင်း မေတ္တာပို့လိုက် ဘုရားစာရွတ်လိုက် လုပ်နေမိသလို ... အရမ်းအလုပ်ရှုပ်ရင်လည်း ဘာမှကို သတိမရအား တဲ့နေ့တွေလည်း ရှိပါတယ် ...။ ဆိုဒ်ထဲမှာ အလုပ်လုပ်ရတာက နေပူတာ နဲ့ လေတိုက်တာကလွဲရင်ပေါ့လေ  ရုံးပေါ်မှာထက် လွတ်လပ်တယ် ... Blog တွေဆီကို ပုံမှန်မသွားနိုင်တော့ ပျင်းတာပေါ့လေ  ...းD




ဒီကျွန်းသေးသေးလေးက ကျမလို Piping Engineer အလုပ်သမားတစ်ယောက် အတွက် ပူပြင်းတောင်လောင်ခဲ့ပေမယ့် နိုင်ငံတစ်ကာက ကြွယ်ဝချမ်းသာတဲ့ လုပ်ငန်းရှင်မိသားစုတွေ အဖို့တော့ စိတ်လွတ်လပ်စွာနဲ့ အပန်းဖြေစရာ အိမ်ယာလေးတွေဖြစ်ပါတယ် ..။
ဒီကျွန်းတစ်နေရာက ဘန်ဂလိုအိမ်ယာတွေအားလုံးမှာ ကျမ တို့ ပိုက်လိုင်းတွေလိုက်စစ်ရပါတယ် ...။ အားတဲ့အချိန်လေးတွေမှာ ကိုယ်နဲ့မဆိုင်တဲ့ အရာတွေအားလုံးကို လိုက်လံငေးမော လေ့လာမိရင်း ဒီလူတွေဟာ ပိုက်ဆံကိုထားစရာနေရာ မရှိတော့လို့ ဇိမ်ခံပစ္စည်းနဲ့ အိမ်အပြင်အဆင်တွေအားလုံးကို လိုအပ်တာထက် မကုန် ကုန်အောင် ဖြုန်းတီးထားသလို တွေ့ရတယ် ...။
ဘန်ဂလိုတစ်လုံးနဲ့ တစ်လုံးရဲ့ ဒီဇိုင်းတွေဟာ တူမလိုလိုနဲ့ ကွဲပြားနေခဲ့သလို ကျမတို့ လူ့ဘ၀အလွှာအသီးသီးရဲ့ ခြားနားလှတဲ့ ဘ၀ပေးကံကြမ္မာ နဲ့ အတိတ်ဘ၀က ဒါန သီလ တွေကိုပါ သုံးသပ်ကြည့်ရင်း ဆိုဒ်ထဲမှာ အလုပ်လုပ်နေရင်းကနေ တရားတောင် ပေါက်လာတယ် ...း)

ဒီဘန်ဂလိုလေးတွေတစ်ချို့က မကြာခင်မှာ အပ်ဖို့နီးပြီဆိုတော့ ကျမ နဲ့ ကျမရဲ့ Project Manager ၊ M&E Engineer တို့ ကိုယ့်တာဝန်အသီးသီးမှာ လိုအပ်တာလေးတွေ  ပြန်စစ်ကြတယ်....။
ပိုင်ရှင်သူဌေးတွေ စိတ်ကျေနပ်မှုရှိတာတွေ့ရသလို အာခီပညာရှင်တွေကိုလည်း အရမ်းပဲ လေးစားမိပါတယ် ....။
အာခီပညာရပ်ကို နားမလည်ပေမယ့် သူတို့ရဲ့ အမြင်နဲ့ ဖန်တီးမှုတွေကို ဘန်ဂလို တစ်ခုနဲ့ တစ်ခု မထပ်စေရပဲ မှန်တွေအမျိုးမျိုးသုံးပြီး သဘာဝအလှကို ပေါ်လွင်အောင်အသားပေးထားတဲ့ ဒီဇိုင်းဆန်းဆန်းတွေကြားမှာ ကျမ နေ့စဉ်နဲ့အမျှ အံ့သြငေးမောရင်း ကျမ ရဲ့ ပိုက်လိုင်းတွေကိုလည်း အမှားနည်းအောင် တွက်ချက် နေရာချရပါတယ် ....။
ဒီ ဘန်ဂလို တစ်လုံးကို 4 Million လောက်အကုန်အကျခံပြီးဆောက်ထားကြပြီး
အပြင်ကနေကြည့်ရင် တိုက်တွေက ပုပုလေးတွေလို့ထင်ရပေမယ့် အတွင်းထဲမှာတော့ ၄ ထပ် ၅ ထပ်ရှိပါတယ် ...။
ကျမတို့ တစ်တွေလည်း ဆင်းလိုက်တက်လိုက် ပြေးလွှားနေရတာ တော်တော်ပင်ပမ်းလှ ပါတယ် ။




တစ်ချို့ဘန်ဂလိုတွေမှာ သဘာဝကျောက်တုန်းတွေနဲ့ အလှဆင်ထားသလို ကျွန်းသားတော်တော်များများနဲ့ အသားပေးပြီး ဒီဇိုင်းထွင်ထားကြပါတယ် ...

ကျမရဲ့ Project Manager Mr.Tay နဲ့  M&E Engineer

အိပ်ခန်း Master Bad Room ထဲကနေမြင်တွေနိုင်တဲ့သဘာဝကျတဲ့ ရှုခင်းလေးတွေပါ

ဒါကတော့ ဆိုဒ်ထဲမှာ ပေတိပေစုတ်နဲ့နေရတဲ့ ကျမ နှင်းဟေမာ..ရုပ်မြင်ရင်လန့်အော်မှာစိုးလို့ တမင် မမြင်ရတဲ့ပုံ တင်လိုက်တားD

တစ်နေ့တာ အလုပ်တွေကြားမှာ အပူဒဏ်တွေကို အံတုရင်း ရေပူပူကိုလည်း အငမ်းမရ သောက်တက်လာခဲ့သလို ဘ၀တွေလည်း နေသားတကျ ဖြစ်ခဲ့ပါတယ်  .....။
ရုံးဆင်းချိန် အိမ်ပြန်ပြီးရေချိုး ထမင်းစား အနားယူချင်ပေမယ့် ...  နားလို့မရသေးတဲ့အတွက်
ညနေ ၆ နာရီခွဲအမှီ ကျောင်းကို အပြေးအလွှားသွားခဲ့ရပြန်ပါတယ် ...။
စာသင်ခန်းထဲရောက်တော့လည်း ကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး ။
သူလိုကိုယ်လို အပြေးအလွှားနဲ့ ဘ၀ကို မနေမနားရုန်းကန်နေကြတဲ့ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံက လူတွေကြားမှာ အလိုက်သင့် အသားကျသွားအောင် ကြိုးစားခဲ့ရပြန်ပါတယ် ...။
မြန်မာတွေ အရမ်းပေါတဲ့ ဒီနိုင်ငံမှာ ကျမ အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာတော့ မြန်မာဆိုလို့ ကျမ တစ်ယောက်သာရှိသလို ဆိုဒ်ထဲမှာလည်း မြန်မာမိန်းကလေးဆိုလို့ ကျမ တစ်ယောက်သာရှိပါတယ်။
ဒါပေမယ့် ကျောင်းမှာတော့ မြန်မာ သူငယ်ချင်းရှိပါတယ် ....။
ဘယ်လိုပဲဖြစ်ဖြစ်  ဘ၀ကပေးလာတဲ့ အခြေအနေတိုင်းကို နေတက်ဖို့ ကြိုးစားပြင်ဆင်ရင်း အဆုံးသတ်အောင်မြင်မှုပန်းတိုင်ထိရောက်အောင် ကျမ အသက်ရှင်သ၍တော့ ဆက်လျှောက်နေပါဦးမယ် ....။

ဒီပုံလေးတွေက ကျမတို့ စာသင်ခန်းထဲက ပုံလေးတွေပါ ... အတန်းထဲမှာ လူ ငါးဆယ်လောက်ရှိပေမယ့် ထုံးစံအတိုင် Mechanical ဆိုတော့ မိန်းကလေး ၃ ယောက်ပဲ ရှိပါတယ် ...။


ည ၁၁လောက်မှာ အတန်းဆင်းပြီး ကျောင်းကနေ ဘူတာကို မြန်မာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ လမ်းလျှောက်ခဲ့ကြတယ် ... မြန်မာပြည်ကိုပဲ ပြန်မယ်လို့ တတွတ်တွတ်ရွတ်နေတက်တဲ့ ကျမကို တစ်ခြားနိုင်ငံကို ကူးဖို့ ပြင်ဆင်နေကြတဲ့  ကျမ သူငယ်ချင်းတွေက မယုံကြည်ခြင်း နားမလည်နိုင်ခြင်းတွေနဲ့ တုံ့ပြန်တက်သလို .... ဒီနိုင်ငံသားအဖြစ်ကို ကျေကျေနပ်နပ် ခံယူလိုက်ကြတဲ့ သူတို့တစ်တွေကိုလည်း ကျမ နားမလည်ခြင်း ၊ အံ့သြခြင်းတွေနဲ့အတူ မေးခွန်းတွေ အထပ်ထပ်မေးခဲ့ဘူးတယ် ....။
သူတို့အပေါ်မှာ နားလည်မှုမပေးခဲ့တဲ့ ကျမ... ဒီနေ့တော့ မြန်မာသံရုံးကို  အခွန်တွေတနင့်တပိုးပေးဆောင်ဖို့ ဘဏ်ထဲကနေ ငွေတွေအများကြီး ထုတ်ခဲ့ရတယ် ....။
အလုပ်ထဲမှာ ခါတိုင်းနေ့တွေကထက် ပိုပြီးမောသလို ... ကျမသောက်နေကျရေဗူးထဲက ရေတစ်ချို့ကလည်း ခါတိုင်းနေ့တွေကထက် ကျက်ကျက်ဆအောင် ပူနေခဲ့တယ် ...။
နှဖူးပေါ်ကကျလာတဲ့ ချွေးတွေ ကျမစီးနေကျ SafetyShoe ပေါ်တစ်စက်စက် ကျနေတာကို ငေးမောရင်း ကျမ သူငယ်ချင်းတစ်ချို့ ရွေးချယ်ခဲ့တဲ့လမ်းနောက်ကို မလိုက်ပဲ ... ဘ၀သံသယာက ကျန်ရှိနေခဲ့တဲ့
ဝတ်ကျွေးတွေကို အမြန်ဆုံးနည်းနဲ့ အကျေဆပ်လိုက်ဖို့ပဲ ကျေကျေနပ်နပ် စိတ်ကူးမိတယ် ...။
သေသေချာချာစဉ်းစားမိတော့ ကျမ ဒီနိုင်ငံရောက်တာ ကြာခဲ့ပေမယ့် ဒီနေ့ပေးရမယ့် ငွေကြေးတွေလောက် ကျမကိုယ်ပိုင် တစ်ခါမှ မသုံးစွဲခဲ့ဘူးသလို ကျမ မိဘတွေဆီကိုလည်း မပို့ခဲ့ဘူးသေးတော့ အရမ်းနှမြောနေခဲ့တာတော့ ၀န်ခံပါတယ် ...း)
ဒါလေးကလည်း ဒီနေ့အခွန်ဆောင်ဖို့ ပိုက်ဆံတွေပေးလိုက်ရတော့ ခါတိုင်းနေ့တွေကထက် ပိုမောလို့ ရင်ဖွင့်လိုက်တဲ့သဘောပါနော်.... ဘယ်သူ့ကိုမှ ပုပ်ခတ်စော်ကားတာမဟုတ်ပါဘူး ...
ကိုယ့်ဝတ်ကျွေးနဲ့ကိုယ်ဆိုတာ ကျမ ရဲ့ မောင်နှမတွေကို ရင်ဖွင့်ရုံသက်သက်ပါပဲ....။
အခုတစ်လော ခရစ်စမတ်စ် လည်း နီးပြီဆိုတော့ အပြန်လမ်းတစ်လျှောက်မှာ လွန်ခဲ့တဲ့ ညနေတွေထက် ပိုလှနေခဲ့ပါတယ် ........။



ရောင်စုံမီးတွေ ထိန်ထိန်လင်းနေခဲ့တဲ့ ဒီကျွန်းလေးပေါ်မှာ ရပ်တည်နေခဲ့ရပေမယ့် တစ်ကယ်တမ်းတော့ ကျမတို့ ဘ၀တွေက ပျော်ရွှင်ချမ်းမြေ့စရာ မကောင်းခဲ့ပါဘူး ....။




ဒီနေရာလေးက ကျမ အိမ်ကိုပြန်နေကျ လမ်းလေးပါ ....ကျောင်းတက်ရတဲ့ ညတွေတိုင်းကျမ နေထိုင်တဲ့ အိမ်လေးကို  ရထား ၁နာရီနီးပါးလောက် စီးရတဲ့အတွက် ည ၁၂ နာရီလောက်မှ ပုံမှန်ပြန်ရောက်ပါတယ် ..။



အိမ်ပြန်ရောက်တာနဲ့ ရေချိုး ပြီး မနက်ရုံးသွားဖို့တစ်ခါ ပြင်ဆင်လိုက်ရတာ ည၁နာရီ လောက်မှ ပုံမှန်အိပ်ယာဝင်ဖြစ်တယ် ...။ မနက်ရောက်တဲ့အချိန်ကလည်း မြန်ဆန်သလို အိပ်ရေးကလဲ မ၀ တ၀ နဲ့ ထပြီး ရုံးကို အပြေးအလွှားသွားရင်း ဘ၀မှာ ကြိုးစားရုန်းကန်ခြင်းတွေနဲ့ တိုက်ပွဲမကျမချင်းတော့ အနာဂတ်အတွက် အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရပါဦးမယ် ......။

စိတ်တွေ လေးလံ မွန်းကျပ်နေလို့ စိတ်ကူးရှိသလို ချရေးမိလိုက်တဲ့ပို့စ်လေးတစ်ခုပါ
မျှဝေခံစားပေးသူများ အားလုံး ....... ကျေးဇူးအထူးတင်ပါတယ် ...း))

အားလုံးကို ခင်မင်လေးစားလျှက်
 နှင်းဟေမာ
11 Dec 2009 , 2:33am






23 comments:

မောင်ကောင်း said...

အစ်မရေ.. စာလေးဖတ်မိတော့ အစ်မတစ်ယောက်လို ကိုယ်ချင်းစာမိပါတယ်.. ရောက်တဲ့နေရာမှာ ရတနာသုံးပါးကို မမေ့မလျော့ပဲ ဘ၀တက်လမ်းကို လျောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..။ စကားတစ်ခုလက်ဆောင်ပေးလိုက်ပါတယ်..။
လောကရေးလည်း မဖျင်းနဲ့ ဓမ္မရေးလည်း မကင်းစေနဲ့(ဓမ္မဘေရီဆရာတော်) ဆိုတဲ့ ဆရာတော်ရဲ့ အဆုံးအမစကားလေးပါ။ နာယူကျင့်ကြံနိုင်ပါစေ...။

konyi said...

"This, too, shall pass away"
ကောင်းကင်ပြင် ကြည်စင်ချိန်မှာ
တိမ်တိုက်တွေ လာနိုင်တာ သတိထားပါ။
အမှောင်ထဲ ရှိသည့်အခါ
ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ။
ယနေ့ သင့်ကံကြမ္မာ မည်သို့ပင်ရှိစေ
ဒါလည်း ပြီးသွားမယ် ဆိုတာ သတိရပါ။" တဲ့
Take care sis.

အိမ့်ချမ်းမြေ့ said...

နှင်းရေ...
ဂုဏ်ယူပါတယ်..
လုပ်ငန်းခွင်ထဲမှာလည်း ဂရိုစိုက်ပါ..

အပေါ်က ကိုညီရေးထားတာလေးကလဲ အရမ်းကောင်းပါတယ်။

ခင်မင်လျှက်..
မလေး

WWKM said...

ညီမလေးနှင်းရေ..

ဘ၀ဆိုတာဒီလိုပါပဲ ညီမလေးရယ်.. ရုန်းကန်လှုတ်ရှား
နေရတဲ့သူတွေကြီးပါပဲ။ကိုယ်တစ်ယောက်တည်း ရုန်းကန်လှုတ်ရှားနေရတာမဟုတ်ဖူးနော်..စိတ်ဓါတ်မကျနဲ့ဦး။ အခု သူဌေးကြီးတွေ ဖြစ်နေတဲ့သူ
တွေကလည်း အရင်ကသူတို့ရုန်းကန်ပြီး ကြိုးစားခဲ့ကြ
လို့ ဒီဘ၀ရောက်လာကြတာ များပါတယ်။
ရှေ့ကုသိုလ်ကံကြောင့် မိဘ၀မ်းတွင်းကထွက်လာတာနဲ့
မိဘက ချမ်းသာတဲ့သူမို့ ရုန်းကန်လှုတ်ရှားစရာမလိုပါပဲ သူဌေးသူကြွယ်တွေ ဖြစ်နေကြတဲ့သူတွေလည်း ရှိနေကြ
တာပေါ့လေ..
များသောအားဖြင့် မမတို့တွေအားလုံးဟာ ဘ၀တူတွေပါ
ညီမလေးရေ... အနည်းနဲ့အများရုန်းကန်လှုတ်ရှားနေကြ
ရတာပါပဲ။ အားမလျှော့နဲ့နော်.. ငါလည်း တချိန်မှာ သူဌေးမကြီးဖြစ်ရမယ်လို့ စိတ်ထဲမှာတွေးထား။
ညီမလေးက လိမ္မာပြီးသားပဲကို ဘာသာရေးလည်း မမေ့
မလျှော့တတ်တဲ့သူ တစ်ယောက်မို့ ညီမလေးရဲ့ ဘ၀ရှေ့
ရေးလှပ ပျော်ရွှင်နိုင်မှာ သေခြာပါတယ် နှင်းရေ။

ညီမလေး ကျန်းမာပျော်ရွှင်ပါစေ.
Aja Aja ...ဖိုက်တင်!!!!!!!!!!!!

With love,
Ma Ma War.

~ဏီလင်းညို~ said...

မနှင်းဟေမာရေ...
မြန်မာအမျိုးသမီးလေးတစ်ယာက်အနေနဲ့ တိုင်းတစ်ပါးမှာ တစ်ကိုယ်တည်းရပ်တည်နေရတာကို ခံစားနားလည်မိပါတယ်ဗျာ..။ စာလေးတွေကို လိုက်ဖတ်ရင်း... ကျွန်တော်တောင်မောလာမိသလိုပါပဲဗျာ...။
အပေါ်မှာ မလေးတို့၊ အစ်မ၀ါတို့ အားပေးသွားသလိုပါပဲနော်...။ အစစအရာရာ အဆင်ပြေပါစေဗျာ...။ (ဒါပဲဆုတောင်းပေးတတ်တာဗျ...:D...)

ခင်မင်တဲ့
ဏီလင်းညို

သိင်္ဂါကျော် said...

အခက်အခဲတွေ ရှိပေမယ့် ကိုယ့်ဘဝကိုယ် ရပ်တည်နေနိုင်တဲ့ သူတွေကို အားကျပါတယ်.. သူငယ်ချင်းတွေ တော်တော်များများလည်း အဲဒီမှာ ရောက်နေကြတယ်..
ကိုယ်ကတော့ ဒီမှာကျန်နေပြီး မိဘကို အားကိုးနေရလို့ မှားခဲ့တယ်လို့ အမြဲခံစားရပါတယ်..
အားတင်းထားပါ .. နှင်းဟေမာ...

သက်တန့်ချို said...

သူငယ်ချင်းနှင်းဟေမာရေ... ဘ၀ လေးကို ဖတ်သွားပါတယ် ။ ကော်ဖီလည်း မကြိုက်ဖူးနော်. ဟီး ကောင်းတယ် .. ။ တနယ်တဝေးမှာ ခလုတ်မထိဆူးမညိပါစေနဲ့..သူငယ်ချင်း

လင်းဒီပ said...

မျှဝေခံစားသွားပါတယ်...

အစ်ကိုလည်း ဒီလိုပါပဲ။
ဒီကျွန်းနိုင်ငံလေးကနေ ပိုပြီး ရေရာခိုင်မာတဲ့ နိုင်ငံကြီးတစ်ခုကို လာခဲ့ဖို့ မိတ်ဆွေတွေက ကမ်းလှမ်းတဲ့အခါ
သားစလုံးမှာ ဘယ်လောက်ကြာကြာ နေပြီးရင် ပြန်လာမှာလဲဆိုတဲ့ မိဘတွေ စကားကို ပြန်ပြန်ကြားနေမိတယ် ။

ဘယ်လိုပဲ ပြဿနာတွေရှိရှိ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံလေးကိုပဲ ဘယ်တော့ပြန်ဖြစ်မလဲဆိုတာ အမြဲ ခေါင်းထဲမှာရှိတယ် ။

ဖတ်ဖူးတဲ့ကဗျာတစ်ပုဒ်လိုပါပဲ
“အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်တဲ့ သစ်ပင်တစ်ပင်ပဲ ဖြစ်ချင်တယ်”

လောလောဆယ်တော့ site ထဲ မှာ ချွေးတလုံးလုံးနဲ့ လူမျိုးပေါင်းစုံနဲ့ ပြေးပြေးလွှားလွှားပေါ့ ။

အဆင်ပြေပါစေ ညီမရေ..

လင်းဒီပ said...

PS အချိန်ရရင် မနှင်းတို့ရွာ ဆက်ရေးပါဦး..။

မြတ်မွန် said...

ဟုတ်ပါတယ် နှင်းရေ..တိုင်းတစ်ပါးမှာ ဒီလိုပဲ ပြင်းစရာ ကောင်းပါတယ်..သွားစရာ နေရာရှိတော့ဘူး..။
ခင်မင်စွာဖြင့်။။

ညီညီ said...

ကြိုးစားမှု့ တိုင်းမှာ အရာထင်ပါတယ်.။ ခုတ်ချက် တိုင်းမှာ အရာမထင်တောင် ခုတ်ရာများရင် အရာထင်လာမှာပဲလို့ ယုံကြည်ရင်းနဲ့ ဆက်လျှောက်ရမဲ့ ခရီးမှာ အားသစ်မွေးဖွါးနိုင်ပါစေ.။

အဆင်ပြေပါစေ အစ်မရေ.

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

နွေဆူးလင်္ကာ said...

လေးလံမွန်းကျပ်တဲ့စိတ်တွေ ထွက်ပေါက်လေးရပါစေလို့ ဆုတောင်းပေးနေမယ်နော်။ ကြိုးစားခွင့် ရှိတုန်း ကြိုးစားပါ။ အခွင့်အရေးဆိုတာ နှစ်ခါမလာဘူးဆိုတဲ့ စကားပုံလည်း ရှိတာပဲ။ အင်္ဂလိပ်စကားပုံပေမယ့် ဘိုလို မရေးတတ်လို့ ဟီးဟီး။ နောင်တဆိုတာ ပူလောင်လွန်းလှမှန်း ကိုယ်တွေ့မို့ သိခဲ့ရတာပါ။ ကြိုးစားပါ နှင်းရေ ...

လသာည said...

ညီမလေးရေ.. ကြိုးစားနေတဲ့ညီမလေးရဲ့ ပုံရိပ်လေးကို မြင်ယောင်ရင်း အရမ်းကိုချစ်မိတယ်။ အခက်အခဲဆိုတာကို “ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းအားကို အားစမ်းနေကြတဲ့ ပြိုင်ဘက်တွေ”အဖြစ်သဘောထားလိုက်ပါ..
ကဲ... ကြိုးစားကြစို့..

သုခုမလေဒီ said...

ညီမလေးရေ..ခုလိုနေ့စဉ်နဲ့အမျှရုန်းကန်လှုပ်ရှားနေကြတဲ့ သူတွေအားလုံးကိုကိုယ်ချင်းစာပါတယ်။ ညီမလေးလည်း
အတော်ပင်ပန်းတယ်နော်။ အဆင်ပြေပျော်ရွှင်ပါစေညီမ။ စကာင်္ပူရောက်မှ ညီမအိမ်မှာထမင်းလာစားတော့မယ်နော် ခုတော့ လေယဉ်ဖိုးဆုလိုက်အုံးမယ်း))

yangonthar said...

မလွယ်ပါ့လား ဟရို့  တစ်နေ့ တာ အလုပ်တွေ နဲ့  ကျနော်ဆို အသက်တောင် ဖြောင့်အောင် ရှူ နှိုင်ပါ့မလားမသိဘူး ..... မနှင်းရဲ့  တစ်နေ့ တာ လေးကို စိတ်ဝင်တစားဖတ်သွားပါတယ်
ခင်တဲ့
ရန်ကုန်သား :)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်းရေ..

မနက်လင်းကတည်းက ညမိုးချုပ်အထိ အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရတာပါလားနော်။ မနက်အိပ်ယာထ ပျင်းတာတော့ ကိုမျိုးကိုမီမယ် မထင်ဘူး။ မနက်တိုင်း အလုပ်မသွားဘူးပဲ တွေးနေတာလေ။ အိပ်ယာထပျင်းတာ။ သံရုံးပေးရတဲ့ အခွန်ငွေကတော့ နှမြှောဆုံးဘဲ။ နှင်းရေ.. ဘာတွေပဲ အဆက်မပြတ်လုပ်နေရ..လုပ်နေရ... ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပါလို့....

ခင်မင်စွာဖြင့်
ကိုမျိုး

ဆောင်းယွန်းလ said...

ညီမလေးရေ...
ဘဝဆိုတာကတော့ ဒီလိုပဲ ဖြတ်သန်းကြရတာပဲလေ..
မပျော်ရွှင်တဲ့နေရာမှာပဲ ပျော်စရာလေးတွေရှာကြံပြီး ပျော်အောင်နေရတာမဟုတ်လား...
ကျန်းမာရေးတော့ ဂရုစိုက်ပါ...
အစစအရာရာ အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးနေမယ်...

မြစ်ကျိုးအင်း said...

ညီမလေးရေ စာဖတ်ပြီးတော့ မောသွားတယ် လို့မပြောတော့ပါဘူး။ ဘာကြောင့်ဆိုတော့ အားလုံးရဲ့ ရုန်းကန်ရမှု သိပ်မကွာကြဘူးလေ
ခေတ်ဆိုးရဲ့ ပြယုဂ်တွေပေါ့။
ဒီလိုပဲ ရင်ထဲမှာ မွန်းကျပ်လာရင် စာလေးတွေ ရေးပြီးရင်ဖွင့်ပေါ့။ တယောက်ကို တယောက်အားပေးပြီး ရှေ့ဆက်ရမှာပဲ မဟုတ်လား။
အားတင်းထားပါ။

(ဟိုနေ့ထဲက လာဖတ်ပြီးပြီ အချိန်မရလို့ ပြန်သွား ရတာ)

Anonymous said...

အပေါ်မှာ အားပေးတဲ့စကားတွေများနေပြီဆိုတော့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး။ အဲဒီတော့ လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ.။

မြတ်နိုး said...

ညီမရေ..
ညီမရဲ့ ရုန်းကန်ပြေးလွှား လှုပ်ရှားနေတဲ့နောက်ကို ညီမစာဖတ်ပီး မြင်ယောင်မိတယ်။ အားလဲကျတယ်။ အမလဲ အဲလို လုပ်ချင်ခဲ့တယ်။ တကယ်ပြောတာပါ။ လုပ်ကြည့်ချင်ခဲ့တာပါ။
ညီမကတော်လိုက်တာ။ ဘ၀ဆိုတာ ဒီလိုပဲပြေးလွှားနေရတာတဲ့ ညီမရဲ့။
စာထဲကအတိုင်းပြောလို့ ညီမ စိတ်မဆိုးလောက်ဘူးထင်ပါတယ်။

အမလဲ ညီမတို့လို ရုန်းကန်ကြည့်ချင်တယ်။ ဒါကလဲ ဘ၀ပေးကံအရ တယောက်နဲ့တယောက်မှမတူတာပဲနော်။ ညီမရေ... လူတိုင်းလူတိုင်းမှာတော့ မတူညီတဲ့ ဘ၀ပေးတွေနဲ့အတူ ကြိုးစားအားထုတ်ရတာခြင်းတော့ ဘယ်တူနိုင်ပါ့မလဲ..နော်။ အမလဲ အမအလျောက်တော့ ကြိုးစားရတာပေါ့။ဒါပေမဲ့ အမကတော့လေ ညီမတို့လို ကိုယ့်ထူးကိုယ်ချွန်ပီး ကြိုးစားနေရတဲ့သူတွေကို ပိုအားကျတယ်။ ကိုယ့်ကိုတောင် အဆင်သင့်လေးရဖို့ အမြဲကြိုးစားအားထုတ်နေခဲ့တာထက် ညီမတို့လို ကျောင်းတဖက် အလုပ်တဖက်နဲ့ ထူးချွန်အောင် ကြိုးစားနေတဲ့သူတွေကို မမှီဘူးထင်တာပဲ ညီမရေ..။

အားကျလိုက်တာနော်။ ညီမရဲ့ ကြိုးစားမှုကို မြင်ရတော့ ၀မ်းလဲသာတယ်။ အားလဲကျတယ်။ ညီမလိုမျိုး လူတော်တွေ မြန်မာပြည်မှာ အများကြီးရှိနေဦးမှာပါ။ ဂုဏ်ယူပါတယ်..ညီမရေ။ ကြိုးစားတဲ့အတွက် ရလဒ်ကောင်းမှာပါ..ညီမရေ..

Linn Htet Aung said...

ကောင်းတယ်ဟာ ငါ့လိုပဲ အဲဦးထုတ်ကြီးနဲ့ပေါ့ (ငါတော့ဆောင်းရတော့ဘူး ခွိခွိ)

NweYoe

ကြည်ဖြူပိုင် said...

ညီမလေးနှင်းဟေမာရေ
ဆိုက်ထဲကိုသွားရတာ
ဘယ်လောက်ပင်ပန်းလဲဆိုတာ
အမနားလည်ကိုယ်ချင်းစာပါတယ်....ညီမလေးတို့လိုဆောက်လက်စ
တိုက်တာအဆောက်အအုံတွေမပြောနဲ့ ဆောက်ပြီးသားအဆင်သင့်အဆောက်အဦ်ထဲသွားပြီး Quantity သွားစစ်တာတောင် တော်တော်မောလှပါတယ်
အခွန်ဆောင်ဖို့ဘဏ်ထဲကငွေတစ်ထပ်ကြီးထုတ်ရတာတော့....အင်း...အမောဆုံးပေါ့လေ
အားတင်းထားပါငါ့ညီမရေ
ကျောင်းပြီးတော့မှာပဲ
ကျားယို
cheers

မေသစ္စာမောင် said...

ဂုဏ်ယူပါတယ် ညီမရေ။
တချိန်ချိန်မှာတော့ ညီမရဲ့ ကြိုးစားမှုကြောင့် ဒီဘ၀ တိုက်ပွဲမှာ အနိုင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အောင်မြင်စွာနဲ့ ဘ၀ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။