Showing posts with label ကျမရဲ့မီးဖိုဆောင်လေး. Show all posts
Showing posts with label ကျမရဲ့မီးဖိုဆောင်လေး. Show all posts

Wednesday, March 23, 2011

ကျမနဲ့ ကျမချက်တဲ့ ငါးဆားနယ်ဟင်း

ကျမရဲ့မီးဖိုဆောင်လေးလို့ ခေါင်းစဉ်တစ်ခုတပ်ပြီးကာမှ ကိုယ်တိုင်ချက်တဲ့ဟင်းလေးတွေကို ကိုယ်တိုင်ပဲ စိတ်တိုင်းမကျတာနဲ့ မတင်ဖြစ်ခဲ့ဘူး ။
ဒီတစ်ပတ်တော့ ဈေးထဲကနေ လတ်လတ်ဆတ်ဆတ်ငါးတစ်ကောင်ကိုဝယ်လာဖြစ်ခဲ့တယ်...။
ဟင်းဆိုရင် အပေါ့အရွှတ်တွေ ၊ အရောင်အဆင်းမရှိတဲ့ဖြူဖတ်ဖြူရော်တွေ ၊ အချိုချက်တာတွေကို လုံးဝမစားတတ်တဲ့ ကျမအတွက် ငါးကိုဘယ်လိုချက်ရမလဲလို့ စဉ်းစားရင်း ငါးဆားနယ်(ငဆနယ်) လုပ်ထားပြီးမှ ခရမ်းချဉ်သီးလေးနဲ့ ငဆနယ်ဟင်းဆီပြန်လေးတစ်ခွက်ချက်ဖို့ စိတ်ကူးလိုက်တယ် ....။
ငါးဆနယ်က မလုပ်ဖြစ်တာတော့ကြာပြီ ... ဟိုးအရင်က သူငယ်ချင်းနားမှာ ကြည့်ထားခဲ့တား)

မြန်မာပြည်မှာအစိုးရ၀န်ထမ်း အလုပ်တာဝန်နဲ့ ပြည်နယ်တစ်ခုမှာတာဝန်ကျခဲ့တော့ ကျမနေရတဲ့အဆောင်က မြို့ထဲနဲ့လဲဝေးတယ် ဈေးနဲ့လဲဝေးတော့ ကျမတို့ဝန်ထမ်းတွေအတွက် တစ်ပတ်တစ်ခါဆိုသလို ငါးကားကြီးတစ်စီးရောက်လာပြီး ငါးတွေဝေပေးလေ့ရှိပါတယ် ....။
အဲဒီမှာ  အဆောင်မနေတဲ့ အိမ်ထောင်ရှင် ဆရာမကြီးတွေကတော့ သူတို့ဝေစုကို ကျမတို့အဆောင်က ကလေးတွေ ယူချင်တဲ့သူ ယူဆိုပြီး မီးဖိုခန်းထဲက ဇလုံကြီးတစ်လုံးထဲမှာ ထားပေးခဲ့တတ်တယ် ...။
ကျမနဲ့တစ်ခန်းထဲ အတူတူနေရတဲ့ မြင့်သူဇာလှိုင် ဆိုတဲ့ ဆရာမလေးက ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ကဆိုတော့ ငါးပိရေသိပ်တာ ၊ ငါးဆားနယ်လုပ်တာတော့ တော်တော်လေးကျွမ်းကျင်တယ် ....။
အဲဒါနဲ့ ကျမတို့နှစ်ယောက်ပေါင်းပြီး ပြည်နယ်ဘုရားပွဲမှာ စဉ့်အိုးကြီးကြီးတစ်လုံးဝယ်လိုက်တယ် ...။

ကျမတို့ချက်မစားနိုင်တဲ့ ငါးတွေရော အဆောင်က သူငယ်ချင်းတွေရဲ့ငါးတွေရော ပေါင်းပြီး ၊ အရွယ်ညီအတုံး အကွင်း အကွင်းလေးတွေအဖြစ် လှလှပပ တုံးလိုက်တယ် ...။
ပြီးတာနဲ့ ဆား ၊ ဟင်းချိုမှုန့် ၊ နနွန်းမှုန့်တို့နဲ့ စိမ့်ဝင်အောင်နယ်ပြီး စဉ့်အို့ခြောက်ခြောက်လေးထဲမှာ လက်သန့်သန့်လေးနဲ့ တစ်ထပ်ချင်းသိပ်လိုက် ဆားတစ်ထပ်ထည့်လိုက်နဲ့ ပြီးတဲ့အခါ ပလပ်စတစ်အကြည် သန့်သန့်လေးနဲ့ လေလုံအောင်စဉ့်အိုးအ၀ကိုဖုံးလိုက်ပြီး သံပန်းကန်ပြားအဟောင်းတစ်ချပ်နဲ့ ဖုံးထားလိုက်တယ် ....။
ကျမတို့လုပ်တဲ့ ငါးဆားနယ်အိုးကြီးက နောက်ဆုံးမှာတော့ လက်မလည်အောင် ရောင်းကောင်းတဲ့ အိုးကြီတစ်လုံးဖြစ်လာခဲ့တယ် ....။
အဆောင်မှာ ဘာဟင်းမှမရှိဘူးဆိုရင် ငါးဆားနယ်ကြော်၊ တာလပေါ့ဟင်းရည်အိုးကြီးတစ်အိုး နဲ့ ငရုတ်သီးထောင်းတစ်ခွက်ကတော့ အမြဲတမ်းလိုလိုရှိနေတတ်တယ် ...။

ကျမနဲ့ မြင့်သူဇာလှိုင်က ငါးဆားနယ်သိပ်တဲ့တာဝန်ကိုယူပြီး ၊ မိဥမ္မာထော ဆိုတဲ့ အစ်မကတော့ တာလပေါ့ဟင်းအိုးကြီးကို တာဝန်ယူတယ် ....။ ငရုတ်သီးထောင်းဖို့ ငါးဆားနယ်ကြော်ဖို့ကိုတော့ အဆောင်ထဲက သူငယ်ချင်းတွေက အလှည့်ကျတာဝန်ယူကြရင်း ကျမတို့တို့ရဲ့ ထမင်းဝိုင်းကြီးကလဲ ဘယ်တော့မှမပြောင်းလဲသော ဟင်းလျာတွေနဲ့ အမြဲစည်ကားလေ့ရှိပါတယ် .....။

အဆောင်ခေါင်းရင်းက မလွှပင်ကြီးကလဲ ဖွေးဖွေးလှုပ်အောင် ပွင့်လိုက်၊ ကြွေလိုက်ရှိခဲ့ပေမယ့် ကျမတို့လက်ချက်နဲ့ အပင်ပေါ်မှာရော ၊ မြေကြီးပေါ်မှာရော ကြာကြာမနေရ ရှာပါဘူး ။
စားစရာ ပြတ်လပ်သွားပြီဆိုရင် .... အဲဒီ မလွှပွင့်တွေကို မြေအိုးကြီးနဲ့အခါးလျှော့သွားအောင်ပြုတ်ပြီး ကြက်သွန်နီစိမ်း ၊ မြေပဲထောင်း ၊ ဆီချက် ၊ ငရုတ်သီးမှုန့်နဲ့ နယ်ပြီး ဇလုံကြီးထဲမှာ ပယ်ပယ်နယ်နယ် သုတ်စားလေ့ရှိကြတယ် ...။

ကျမတို့ ကျောင်းနဲ့မျက်နှာချင်းဆိုင် ကြာအင်းတောင်တန်းပေါ်က ဘဒတ်စာလို့ခေါ်တဲ့ အဖြူရောင်အပွင့်လေးတွေကလဲ ကျမတို့ ပြည်နယ်ဝန်ထမ်းတွေအတွက် လောက်ငအောင်ပွင့်ပေးရှာပါတယ် ...။
ဘဒတ်စာနဲ့ ကင်ပွန်းချဉ်ကလိုက်ဖက်တဲ့ အတွဲဆိုတော့ မိုးရွာလို့ တောင်ပေါ်မှာ ဘဒတ်စာတွေ ထွက်ပြီဆိုရင် ကျောင်ဝန်းထဲက ကင်မွန်းပင်တန်းကြီးကလဲ ကျမတို့လက်ချက်နဲ့ အညွှန့်တော်တော်နဲ့ပြန်မထွက်နိုင်ရှာတော့ဘူး .....။
ရှားပါးဆင်းရဲပေမယ့် အဲဒီဘ၀ကိုပဲ ကျမတို့ပျော်ခဲ့ကြတာ ......နှစ်တွေကြာခဲ့ပေမယ့် တစ်သက်မမေ့စရာ အတိတ်က ပုံရိပ်လွှာလေးတွေကို ပြန်လည်အောက်မေ့မိရင်း ငါးဆားနယ်ဟင်းတစ်ခွက်ကို ပြန်လည် ချက်ပြုတ်ဖြစ်ခဲ့တာပါ ....။

ငါးဆားနယ်သိပ်ထားတဲ့ ဗူးထဲကနေ ငါးဆနယ်တုံးလေးတွေကို လိုသလောက်ယူ၊ ဆားတွေဖယ်ထုတ်ပြီး ရေအထပ်ထပ် ဆေးထားလိုက်တယ် ....။
ပြီးရင် ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ကိုပါးပါးလှီးပြီး ၊  နံနံပင်တွေကို ရေစင်အောင် ဆေးထားပါတယ်...။


ပထမဆုံးဆီသတ်ပြီး ခရမ်းချဉ်သီးအနှစ်ရတဲ့အခါမှာ ငါးဆနယ်တွေကို ထည့်လိုက်ပီး ကျက်လောက်တဲ့အခါမှာ အရသာလိုသလိုပြင်လိုက်ပါတယ် ...။ ပြီးရင်တော့ ဆီလည်ရေလည်အနေလောက်မှာ နံနံပင်လေးအုပ်ပြီး ချလိုက်တာနဲ့ ထမင်းစားလို့မြိန်စေမယ့် ငါးဆနယ်ဟင်းတစ်ခွက် ကျက်သွားပါပြီ ...။

အရသာက လေးလေးပင်ပင်ရှိတော့ အချဉ်နဲ့လိုက်ဖက်တာမို့ ရှားရှားပါးပါးရတဲ့ မရမ်းသီးလေးကို ပုဇွန်ခြောက်မှုန့် ၊ မြေပဲမှုန့်တို့နဲ့ သုတ်လိုက်ပါတယ်....။
သူငယ်ချင်းရဲ့ မုန့်ညှင်းရွက်ဟင်းချို ပူပူလေးနဲ့ပါ တွဲဖက်ပြီး စားလိုက်ကြတာ ...............
အဲဒီထမင်းဝိုင်းလေးက ကျမတို့အတွက်တော့ အမှတ်တရပါပဲ .....း)

အားလုံးကိုချစ်ခင်လေးစားလျှက် ~
နှင်းဟေမာ
(22 March 2011)

Monday, January 3, 2011

တောကင်းပုံသီး ဘာလချောင်ကြော်

အားလုံးပဲမင်္ဂလာပါ ....။
ကျမ ရေးခဲ့သမျှ ကဏ္ဍအလိုက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ကျမရဲ့မီးဖိုဆောင်လေး ဆိုတဲ့ကဏ္ဍတစ်ခုကို ထပ်မံပြီးထည့်သွင်းရေးသားချင်တဲ့ စိတ်ကူးလေးတစ်ခုပေါ်လာပါတယ် ...။
တစ်နေ့နဲ့တစ်နေ့ အပြင်ကအစားအသောက်တွေဝယ်စားခဲ့ရတာကြာလာတော့ တော်တော်လေး ငြီးငွေ့လာသလို လူလဲတစ်နေ့တစ်ခြား လုံးပါးပါးလာတယ်ပဲပြောရမလားးD ငါးဖောင်ရိုးခြောက်နဲ့နင်လား ငါလား ဖြစ်လာခဲ့ပါတယ် ...။
အဲဒါနဲ့ပဲ ကျန်းမာရေးကိုအထိခိုက်မခံနိုင်တော့တဲ့အဆုံး မိနှင်းတစ်ယောက် ကြိုးစားပမ်းစားနဲ့ တတ်သလောက်မှတ်သလောက် ကိုယ်တိုင်ချက်စားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် ...။
သူများအတွက် ကောင်းတာမကောင်းတာ အပထားလို့ ဟင်းဆိုရင် ငံပြာရည် ၊ ငပိ ၊ ဆားလေးလေးနဲ့ ငရုတ်သီးစပ်စပ်အရသာပါမှ ထမင်းတစ်ပန်းကန်ကုန်အောင် စားနိုင်တဲ့ ကျမအတွက် မီးဖိုဆောင်လေးထဲကို မ၀င်မှီကတည်းက ငရုတ်သီးနဲ့ ငပိ ငံပြာရည် စတဲ့ လက်နက်အစုံအလင်ကို စတင်ပြင်ဆင်ရပါတယ် ....။
ချက်ဖို့ပြုတ်ဖို့အတွက် အိုး ခွက် ပန်းကန်တွေကတော့ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက အစုံပလုံလာပို့သွားတဲ့သူတစ်ယောက်ကြောင့် ကိုယ့်ကိုယ်များ ရွဲ့ပြီးဝယ်ပေးသလားထင်ပြီး ထားဖို့နေရာကလဲအရမ်း ကျဉ်းလွန်းတာမို့ ချောင်ထဲပဲထိုးထားခဲ့မိတာ ....။
အခုတော့ ကျမအတွက် တော်တော် အဆင်ပြေပြေဖြစ်သွားတဲ့အတွက် ကျေးဇူးတင်လိုက်မိပါတယ် ....။
အသား၊ငါးတွေကို အသီးအရွက်လောက်မနှစ်သက်တဲ့ကျမအတွက် ဈေးထဲကနေ ဟင်းသီး ဟင်းရွက်များများနဲ့ အသုတ်အနယ်လုပ်ဖို့အတွက်လောက်သာ ရွေးချယ်ပြီး ၀ယ်ယူဖြစ်ခဲ့ပါတယ် ....။ အဲဒီထဲက အိန္ဒိယကလာတဲ့ ကင်းပုံသီးသေးသေးလေးတွေကို မစားရတာကြာပြီဖြစ်တဲ့အတွက် ပထမဆုံးချက်ဖို့ စိတ်ကူးလိုက်ပါတယ် ....။

ကင်းပုံသီးဘာလချောင်ကြော်အတွက် ပထမဆုံးတောကင်းပုံသီး သေးသေးလေးတွေကို ဇကာနဲ့ သုံးလေးထပ်လောက်ရေစင်အောင်ဆေးလိုက်ပါတယ်။
ကျမတို့ရွာမှာတော့ ဒီအရွယ်အစားလေးတွေက တောလမ်းနံဘေးက ခြုံတွေကြားမှာအလေ့ကျပေါက်တဲ့အတွက် တောကင်းပုံသီးလို့ခေါ်တာပါ ။
ရေစင်အောင်ဆေးထားတဲ့ တောကင်းပုံသီးလေးတွေကို အမြီးခေါင်းတိပြီးတဲ့နောက်မှာတော့ ဓါးနဲ့ အရွယ်အစားကြီးရင် လေးခြမ်း ၊ သေးသေးလေးတွေဆိုရင် နှစ်ခြမ်း စသည်ဖြင့် အဆင်ပြေသလို ခွဲခြမ်းလေးတွေ ခွဲလိုက်ပါတယ် ....။

အနှစ်အတွက် လိုအပ်တဲ့ဟာတွေကိုတော့ သိပ်မခန့်မှန်းတတ်သေးတာနဲ့ ငယ်ငယ်တုန်းကကျမတို့ မျက်စေ့မှိတ်ကြေး ကစားကြတဲ့အခါ ပါးစပ်က ဆိုရတဲ့အထဲမှာ “ကြက်သွန်ဖြူခုနှစ်မြှောင့် နင်နဲ့ငါနဲ့ မစားလောက် ... ဗျောက် ... ဆင်ကြီး အမြီးထောင် ... ဗြောင် ... စာကလေး အမွေးနှုတ်ဗြုတ် ” ဆိုတဲ့အဆိုကို သတိရမိပြီး  ကြက်သွန်ဖြူ ၇မြှောင့် ကိုအခွန်ခွာပြီး စိတ်လိုက်ပါတယ် ...။ ကြက်သွန်နီတစ်ဥ ခပ်လတ်လတ်ကိုပါ အခွံခွာပြီးတာနဲ့ ပုဇွန်ခြောက်လက်တစ်ဆုတ်လောက်ကိုပါ ရေစိမ်ထားလိုက်ပါတယ် ...။ ငပိကိုတော့ ကျမအကြိုက် မျှင်ငပိ လက်ထောင်းကိုပဲ အသုံးပြုပါတယ် ...။

အဲဒါပြီးတဲ့နောက်မှာတော့ -  ခုနကအခွံခွာထားပြီးသား ကြက်သီဖြူနီ ၊ ရေစိမ်ပြီးပွလာတဲ့ ပုဇွန်ခြောက်တွေကို ငရုတ်ဆုံထဲထည့်ပြီး အောက်ထပ်ကလူတွေ ခေါင်းကျိန်းအောင် ထောင်းပစ်လိုက်ပါတယ် ....။
ဆီကျက်ပီလား မကျက်သေးဘူးလား သိပ်ပြီးမခန့်မှန်းတတ်တာမို့ ငရုတ်သီးမှုန့်ကိုပါ မီးကျွမ်းမှာစိုးရိမ်ပြီး ငရုတ်သီးစက်နဲ့ကြိတ်ပြီးသားအမှုန့်တွေကိုပါ ထည့်ပြီးထောင်းပါတယ်...။
ထောင်းလို့ရလာတဲ့ အနှစ် စီးစီးညက်ညက်လေးကို ဆီပူပူမှာထည့်ပြီးကြော်လိုက်ပါတယ် ....။ အားလုံးလိပ်သွားပြီဆိုတော့ ငံပြာရေလေးလောင်း ၊ ငပိလေးပါဆီရောသတ်လိုက်ပြီး ဆား ဟင်းချိုမှုန့်ကိုပါ တစ်ခါတည်းထည့်ပါတယ် ....။
ဟင်းအရသာကတော့ စွံမစွံ မသိရသေးဘူး ၊ ဟင်းအနှစ်ရဲ့ အနံ့လေးကတော့ တော်တော်ကို မွှေးလာပါတယ် ဟဲ ဟဲ ....။


အနှစ်က ဆီပြန်လာပီဆိုမှ တောကင်းပုံသီးခွဲခြမ်းလေးတွေကို ထည့်ပြီး နာနာလုံးပါတယ် ...။ အနှစ်ရဲ့အရသာကို ကင်းပုံသီးထဲကို စိမ့်ဝင်သွားတဲ့အထိ မွှေပေးလိုက်တယ်...။အရသာက အသီးထဲဝင်မ၀င်တော့ မသိဘူး ဇွန်းနဲ့အားရပါးရ မွှေလိုက်တာ ဒယ်အိုးက Coating နဲနဲကွာသွားလို့ အဆူခံလိုက်ရပါသေးတယ်းp

အဲဒီအနေအထားကနေ ဆီပြန်ပြန်လာတိုင်း ရေလေးတစ်ခွက်တစ်ခွက်စွက်လိုက်ပါတယ် ...။ တောကင်းပုံသီးကို နူးအိသွားအောင်လို့ပါ ... ( အဟီး ... လေသံကတော့ ဆရာမကြီးလိုလို ဘာလိုလိုနဲ့ )
မချောတို့ မမဂျာမုန်းတို့ကို အားကျလို့ပြောကြည့်တာပါး)



တောကင်းပုံသီးလေးတွေ နူးအိလာပြီလို့ ယူဆပြီဆိုတော့မှ အရသာအခြေအနေသိရအောင် နဲနဲမြည့်ကြည့်လိုက်ပါတယ် ...။ သူများကြိုက်မကြိုက်တော့ မသိဘူး ကျမပါးစပ်နဲ့တော့ကွက်တိပဲ စားရတဲ့အရသာက လေးလေးပင်ပင်ရှိပါတယ်း)

အဆင့်ဆင့်ပြီးသွားပြီဆိုရင်တော့ အလွန်အင်မတန်ပဲ ထမင်းစားလို့မြိန်စေတဲ့ တောကင်းပုံသီး ဘာလချောင်ကြော်တစ်ခွက် ဖြစ်သွားပါပြီ ...။ တစ်ကယ်ပဲ အဲဒီနေ့က တောကင်းပုံသီးဘာလချောင်ကြော်နဲ့ ကျမချက်ထားတဲ့ ထမင်းတစ်အိုးလုံးကို အပြောင်ဆွဲလိုက်ကြပါတယ် ....။
မယုံရင်တော့ လမ်းကြုံတဲ့အခါ အိမ်ကို ထမင်းစားကြွပါရှင်း))))

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
( 2 Jan 2011 )