Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, September 25, 2011

ဧရာဝတီကိုထာဝရရှင်သန်စေလိုသည်

ကချင်၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ မြန်မာ ၊ ရခိုင် ၊ ရှမ်း ဆိုတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ အသက်သွေးကြော ..... အမိမြန်မာနိုင်ငံတော်ကြီး ထာဝရရှင်သန်ခြင်းအတွက် နှလုံးသားဝိဥာဏ် .....မြန်မာတစ်မျိုးသားလုံးအတွက် တန်ဖိုးအနဂ္ဃကြီးမားလှသော ဧရာဝတီမြစ်ကြီးနဲ့ ပတ်သတ်ပြီး တုန်လှုပ်စရာ ၊ ရင်နာစရာ ၊ ခြောက်ခြားဖွယ်ရာ သတင်းစကားတွေကို အခုတလော မီဒီယာတွေကနေ တစ်ဆင့် ၊ ဘလော့ဂါမောင်နှမတွေကနေတစ်ဆင့် ၊ ကျမနေထိုင်တဲ့ ကျွန်းနိုင်ငံလေးပေါ်မှာ တိုင်းပြည်ကိုသိပ်ချစ်တဲ့ မြန်မာလူမျိုးစုတွေဖြန့်ဝေပေးခဲ့တဲ့ လက်ကမ်းစာစောင်တွေကနေ တစ်ဆင့် တုန်လှုပ်ဖွယ်ရာ စီမံကိန်းသတင်းတွေကို ကြားသိခဲ့ရသည်...။


"မေခ၊မေလိခ ဆိုတာ မြန်မာပြည်သူတို့အတွက် ခွဲမရတဲ့ အသည်းလိုပဲ ၊ဧရာဝတီနဲ့ မြန်မာပြည်ဆိုတာကလဲ စွယ်တော်ရွက်လေးလို နှ စ်လွှာမှ တရွက်တည်း ဆိုတာ နည်းနည်းလေးမှ တွေးမကြည့်ကြပေဘူးလားလို့ ကျမ ရင်နာစွာတွေးမိပါသည်...။

သမိုင်းကို ဖျက်ရင် အမှန်တရားကျန်သေးတယ် ၊ ပထ၀ီကိုဖျက်ရင် တိုင်းပြည်ပျက်ပြီဆိုတဲ့ ကျမတို့ စာပေဖခင်ကြီး ဆရာဦးအောင်သင်း ရဲ့ လေးနက်မှန်ကန်တဲ့အဆိုအတိုင်းပြောရလျှင် ကျမတို့ချစ်သော အမိဧရာဝတီကြီးသာ တိမ်ကောသွားခဲ့ပါက ကျမတို့မြန်မာလူမျိုးသာမက ၊ တိုင်းပြည်တစ်ခုလုံးပါ ပျောက်ပျက်ရပေတော့မည်။
လွန်စွာမှာ စိုးရိမ်ကြောင့်ကြဖွယ်ကောင်းလွန်းသည့် စီမံကိန်းကြီးတစ်ခုပင်ဖြစ်တော့သည်။

ကျမလက်လှမ်းမှီသမျှ ဧရာဝတီအကြောင်း နှင့်ုမြစ်ဆုံဆည်စီမံကိန်းတည်ဆောက်ခြင်းမှ ရရှိလာမည့် ဆိုးကျိုးများကို ဖော်ပြရလျှင် -
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏မြောက်ဘက် ၊ ရေခဲသောတောင်ထိပ် တောင်ဖျားမှ ကျဆင်းလာသော ရေများမှအစာပြုကာ မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်မှတစ်ဆင့် ပင်လယ်ထဲသို့စီးဝင်ကာ အစမှအဆုံး မြန်မာနိုင်ငံအတွင်းမှာတည်ရှိစီးဆင်းနေပြီး ကျမတို့မြန်မာနိုင်ငံ တစ်နိုင်ငံတည်းပိုင်ဆိုင်ခဲ့သော မြစ်ကြီးတစ်စင်းဖြစ်ပါသည် ။
၂၆၁၂၂၇ စတုရန်းမိုင် အကျယ်အ၀န်းရှိခဲ့သော ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ်၏အလျားမှာ ၁၃၄၈ မိုင်ရှိပြီး မိုးရေခံရပ်ဝန်း ၁၈၉၁၉ စတုရန်းမိုင် ၊ မြစ်ဝှမ်းဒေသအားဖြင့် ၁၅၉,၇၃၅ စတုရန်းမိုင် (နိုင်ငံတော်၏ ၆၁ ရာခိုင်နှုန်း ) ရှိသည်။
ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ဆိုတဲ့ တိုင်းကြီးများကို ဖြတ်သမ်းစီးဆင်းပြီး ဧရာဝတီဲမြစ်ဝှမ်းတွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ ရာခိုင်နှုန်းတည်မှီနေထိုင်လျှက်ရှိကြသည် ။
ဧရာဝတီမြစ်ကြောတစ်လျှောက်မှာလဲ မြို့ကြီးမြို့ငယ်ပေါင်း ၇၀ကျော်တို့က နေထိုင်လျှက်ရှိကြပြီး ကျမတို့အမိမြန်မာနိုင်ငံတော်ကြီးတစ်ခုလုံးရဲ့ အရေးကြီးဆုံး ကူးသမ်းရောင်းဝယ်ရေးလမ်းကြောင်းကြီးတစ်ခုဆိုလျှင်လဲ မမှားပါ ။
တိုင်းပြည်အရေး နိုင်ငံတော်အရေးနှင့် မြန်မာတစ်မျိုးသားလုံး၏ အရေးတိုင်းသည် မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိကြသည့်အလျှောက် ကျမတို့မြန်မာတစ်မျိုးသားလုံးအနေဖြင့် ဧရာဝတီမြစ်ကြီးထာဝရရှင်သန်စေရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်က ပြင်းထန်စွာကန့်ကွက်ကြရပေလိမ့်မည်။
မြစ်ဆုံ၏အလှတရားများ ပျက်စီးသွားမည့်အပြင် မြစ်ဆုံဒေသမှာ ရိုးသားစွာနေထိုင်လျှက်ရှိကြသော ကချင်မျိုးနွယ်စုများ၏ ရိုးရာ ၊ ယဉ်ကျေးမှု ၊ လူမှုစီးပွားတစ်ခုလုံးပါ ကြီးမားစွာထိခိုက်နနစ်နာကြရတော့မည့်အရေးလဲဖြစ်သည် ။
စိုက်ပျိုးမြေသစ်တောများနှင့် သယံဇာတထုတ်လုပ်နိုင်သော မြေဧရိယာ ၁၈၀၀၀ ဧကခန့် ထာဝရ ရေအောက်မှာ နစ်မြှပ်သွားပေတော့မည်။
မျိုးသုဉ်းလုဖြစ်နေသော ရှားပါးတိရိစ္ဆာန် ၊ ကျေးငှက်သာရကာမျိုးစံနှင့် ၊ သစ်ပင်ပန်းမံပေါင်းများစွာ မျိုးတုံးပျောက်ကွယ်ကြပေတော့မည် ...။

စီမံကိန်းအရ ကျမတို့သိရသမျှတည်ဆောက်မည့်ဆည်စာရင်းများဖြစ်သည့် မြစ်ဆုံ (တပ်ဆင်ဓါတ်အား - ၆၀၀၀)  ၊ လိုင်ဇာ (တပ်ဆင်ဓါတ်အား - ၁၅၆၀) ၊ ကောင်းလန်ဖူး (တပ်ဆင်ဓါတ်အား - ၁၇၀၀)  ၊ လာကင် (တပ်ဆင်ဓါတ်အား - ၁၄၀၀)  ၊ ဖိဇော (တပ်ဆင်ဓါတ်အား - ၁၅၀၀)  ၊ ပါရှီ (တပ်ဆင်ဓါတ်အား - ၁၆၀၀) ၊ ချီဗွေ (တပ်ဆင်ဓါတ်အား - ၃၄၀၀) စုစုပေါင်းတပ်ဆင်ဓါတ်အားနဲ့ ၁၇၁၆၀ ဆည်ဧရိယာပေါင်း ၁၄၄၄၅၀ ဧကတည်ဆောက်ကြပါလျှင် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်အကျိုးဆက်များမှာ ကျမတို့မြန်မာနိုင်ငံနဲ့ မြန်မာတိုင်းရင်းသားလူမျိုးစုအားလုံးအတွက် ဘာတစ်ခုမှအကျိုးအမြတ်ရနိုင်စရာမရှိ။
ထို့အပြင် အထက်ဖော်ပြပါဆည်များစွာမှ ထုတ်လုပ်ရရှိလာသော လျှပ်စစ်ဓါတ်အား ၉၉ ရာခိုင်နှုန်းကို တရုတ်ပြည်မှ တရုတ်လူမျိုးတို့အတွက်တင်ပို့မှာဖြစ်ပြီး ဒေသတွင်းမြန်မာလူမျိုးတို့အတွက်ကိုမူ ၁ရာခိုင်နှုန်းသာသုံးစွဲခွင့်ပြုမှာဖြစ်သည် ။
ထိုစီမံကိန်းကြီးသည် မိမိနိုင်ငံ ၊ မိမိတို့လူမျိုးအတွက် တစ်စုံတစ်ရာအကျိုးအမြတ်မရှိပဲ အစတေးခံရမည့် အမိဧရာဝတီ၏ အနာဂတ်မှာ အင်မတန်မှစိုးရိမ်ကြောင့်ကြဖွယ်ရာကောင်းလှပေသည်။

အထက်ပါဆည်များမှရရှိလာသော အကျိုးအမြတ်၏ ၇၀ ရာခိုင်နှုန်းအား တရုတ်လူမျိုးတို့က အကျိုးခံစားပြီး မြန်မာအစိုးရက ၂၀ ရာခိုင်နှုန်း ပွဲစားခ ၁၀ရာခိုင်နှုန်း ခွဲဝေယူကြမည့်အရေးအတွက် ကျမတို့ ကျမတစ်မျိုးသားလုံး၏ အမွန်မြတ်ဆုံးသော အမျိုးသားအမွေအနှစ်ကို အဆုံးရှုံးခံကြရမည်မှာလဲ ဟကန်မလွဲပင်ဖြစ်သည်။
ကြီးမားသောဆည်ကြီးများ၏ ရေထုအလေးချိန်ကြောင့် ပြင်းထန်သောငလျင်ကြီးများ ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များကလည်း ယူဆ သုံးသပ်ကြသည်။
ဥပမာအားဖြင့်ဆိုရလျှင် တရုတ်တို့၏ပယောဂကြောင့် သေဆုံးခဲ့သော ထင်ရှားသည့် တရုတ်ပြည်မှ မြစ်ဝါမြစ်ကြီး ( Yellow River ) ၏သမိုင်းကြောင်းကိုလဲ ပြန်လည်သုံးသပ်ကြည့်သင့်ပါသည်။
မြစ်ဝါမြစ်ကြီးသည် တရုတ်တို့၏ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှားပြသလျှက်ရှိသော ဥပမာရပ်တစ်လဲဖြစ်ပြန်သည်။ တခဏတာအကျိုးအမြတ်ရရှိမှုကိုသာကြည့်တတ်သည့် တရုတ်တို့၏ ယန်စီရေကာတာစီမံကိန်းကြောင့် နောက်ဆုံးပိုင်းတွင် ဒုက္ခများစွာကြုံတွေ့ကာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော်ဆုံးရှုံးထိခိုင်ခံခဲ့ရသည့် ဖြစ်ရပ်မှာ သတိထားသင့်သော အဓိက အချက်တစ်ချက်လဲဖြစ်သည်။
ထို့အပြင် တရုတ်လူမျိုးပေါင်း ၄သန်းကျော် ၊ ကျွဲ နွား ၂သန်းကျော် နှင့် လယ်မြေဧက ၉ သန်းကျော် ပါ ပျက်စီးဆုံးရှုံးခဲ့ကြဘူးသည်။ 
ယံစီမြစ်ရေခမ်းမှုကြောင့် အနီးပတ်ဝန်းကျင်မှ မြစ်ဆွယ်ပေါင်း ၃၀၀ ကျော် ၊ ရေကန်ကြီးပေါင်း ၂၆၆ ကန် ခမ်းခြောက်သွားခဲ့ရသည့် မှတ်တမ်းမှာ ကမ္ဘာ့ပထ၀ီဝင်သမိုင်းစာမျက်နှာတွင် အထင်အရှား ရှိခဲ့ပါသည်။
ထို့ကြောင့် သိပ္ပံပညာရှင်များက ၂၀၀၈ ခုနှစ်က စီချွမ်းငလျင်သည် ဇီပင်ပူရေကာတာကြောင့် ဖြစ်ခဲ့ရသည်ဟု အတည်ပြုဖော်ပြခဲ့ကြသည်။

တရုတ်လူမျိုးတို့၏ ရေကာတာစီမံကိန်းများကြောင့် မြစ်ဝါနှင့် ယံစီမြစ် တို့သာမကပဲ Pearl River ၊ Huai River ၊ Songhua River ၊ Hai River နှင့် Liao River တို့ပါ ကြီးမားစွာ ပျက်စီးဆုံးရှုံးခဲ့ကြပြီးဖြစ်ပါသည်။

တရုတ်တို့၏ လုပ်ရပ်နှင့် သမိုင်းကြောင်းကို လေ့လာသုံးသပ်ကြရင်း မိမိတို့နိုင်ငံတော်ကြီးအတွက် ကာကွယ်လိုစိတ် ၊ အမိနိုင်ငံတော်ကြီး၏ အသက်သွေးကြောဖြစ်သော မြစ်မင်းဧရာဝတီကြီး ထာဝရရှင်သန်စေရေးအတွက် မြစ်ဆုံစီးမံကိန်းကြီး ရပ်တန့်ဖို့အရေးကို
မြန်မာနိုင်ရင်းသားပြည်သူလူထု တစ်ရပ်လုံးက ပြင်းထန်စွာတားမြစ်ကာကွယ်သင့်လှပါသည်။

သို့ပါ၍ကျမတို့ မြန်မာတိုင်းရင်းသား လူမျိုးပေါင်းများစွာရောက်ရှိနေကြပြီဖြစ်သော စင်္ကာပူကျွန်းနိုင်ငံတွင်လည်း ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများအဖွဲ့က ဦးစီးဦးဆောင်ပြု၍ ဟောပြောပွဲကြီးကို ယခုလာမည့် ၂၀၁၁ခုနှစ် ၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် စင်္ကာပူနိုင်ငံ ၊ Kreta Ayer Therater မှာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ထိုဟောပြောပွဲကြီးသည် ကျမတို့အဝေးရောက် မြန်မာလူမှုအသိုင်းအ၀ိုင်း၏ ကနဦးခြေလှမ်းအစဖြစ်ပြီး ထိုအဖွဲ့အစည်းအနေဖြင့် ယခုကဲ့သို့သော ဟောပြောလှုပ်ရှားမှုများကို ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ မြို့ကြီးမြို့ငယ်များတွင်လည်း ဆက်လက် ကျင်းပပြုလုပ်သွားကြမည်ဖြစ်ပါသည်။

ဧရာဝတီကိုထာဝရရှင်သန်စေရေး ( စင်္ကာပူနိုင်ငံ ) ဟောပြောပွဲကြီးတွင် အမည်နာမထင်ရှားသော စာရေးဆရာများ နှင့် ကျွမ်းကျင်သူ ပညာရှင်များက မြန်မာပြည်မှ လာရောက်ဟောပြောကြမည်ဖြစ်ပါသည်။
အမျိုးမျိုးသော နယ်ပယ်အသီးသီးမှ အောင်မြင်ထင်ရှားသော အနုပညာရှင်များ၏ ဗီဒီယိုအမေးအဖြေများနှင့်အတူ အမဧရာဝတီအား ကာကွယ်လိုမှု ခံစားချက်များအား ဤဟောပြောပွဲတွင် ပါဝင်ထည့်သွင်းသွားမည်ဖြစ်ပါသည်။
အားလုံးဝိုင်းဝန်းကြိုးပမ်းလျှက်ရှိကြသော ဟောပြောမှုများသည် ယခုလုပ်ဆောင်လျှက်ရှိသော မြစ်ဆုံဆည်စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲပျက်စီးသွားမည့်ဆိုးကျိုးများ ၊ နောက်ဆက်တွဲအကျိုးဆက်များကို အချက်အလက်ကျစွာဖြင့် လေ့လာသုံးသပ်ချက်အုတ်မြစ်ပေါ်တွင်အခြေခံကာ သက်ဆိုင်ရာ ပညာရှင်များကဟောပြောဆွေးနွေးကြမည်ဖြစ်ပါသည်။
 သို့ပါ၍ ဧရာဝတီကို ချစ်ကြသော ၊ ဧရာဝတီကိုရှင်သန်စေလိုသော မြန်မာတိုင်းရင်းသား အားလုံးမပျက်မကွက်တတ်ရောက်နိုင်ကြရန် လေးစားစွာဖြင့် အသိပေးနှိုးဆော်လိုက်ပါသည်။

လေးစားစွာဖြင့်
နှင်းဟေမာ

Thursday, June 3, 2010

သီတဂူတရားပွဲ

စင်္ကာပူကျွန်းပေါ်တွင် မှီတင်းနေထိုင်ကြသည့် ဘလော့ဂါမောင်နှမများနှင့် စာဖတ်သူ မောင်နှမများ ၊ တရားချစ်ခင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အား လေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။



ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး မှ စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုများအား ဇွန်လ ( ၁၀ ) ရက် ကြာသပတေးနေ့တွင် Chwee Chian Road ပေါ်ရှိ POH ERN SHIH Temple ၌ ညနေ (၇) နာရီမှ (၉)နာရီအချိန်ထိ နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာကောင်းများကို ဟောကြားချီးမြှင့်တော် မူမည်ဖြစ်ပါသည်။
သို့ပါ၍ တရားချစ်ခင်စိတ်ကောင်းဝင်ကြသည့် ဓမ္မမိတ်ဆွေမောင်နှမများအနေဖြင့် စင်္ကာပူနိုင်ငံ၏ ကြုံတောင့်ကြုံခဲလှစွာသော သီတဂူတရားပွဲကြီးသို့ အတူတစ်ကွ တရားတော်နာယူ ကြည်ညိုနိုင်ကြရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါတယ်...။
Habour Front MRT Exit-A တွင်ကြိုပို့ကားနှင့်လမ်းညွှန်များထားရှိမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

Note: There is no place to park for private car.

Forward mail မှရရှိလာသောသတင်းအားအများသူငါတရားနာသွားရောက်နိုင်စေရန်နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်ဖော်ပြခြင်းဖြစ်ပါသည်။

သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ...

နှင်းဟေမာ
3 Jun 2010

Saturday, May 22, 2010

စင်္ကာပူနိုင်ငံ၏ပထမအကြိမ်ယဉ်ကျေးလိမ္မာ ကလေးတရားပွဲ

သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။ ဓမ္မကထိက ဗဟုဇနဟိတဓရ
ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ မှ ၂၈-၅-၂၀၁၀ တွင် စင်္ကာပူနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ဗုဒ္ဓဘာသာ မြန်မာ ရင်သွေးငယ်လေးများကို ယဉ်ကျေးလိမ္မာကလေးတရားပွဲအဖြစ် ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည်။ ယဉ်ကျေးလိမ္မာကလေးတရားပွဲကို Morning Session အနေဖြင့် စင်္ကာပူစံတော်ချိန်နံနက် ၉ နာရီတိတိမှ ၁၂ နာရီတိတိအချိန်ထိ အသက် (၁၂)နှစ်အောက် ကလေးငယ်လေးများအတွက် ဟောကြားချီးမြှင့်၍ Evening Session အနေဖြင့် နေ့လည် ၁နာရီတိတိအချိန်မှ ညနေ ၄နာရီတိတိ အချိန်အထိ အသက် (၁၂)နှစ်မှ အသက် (၁၈)ထိကလေးငယ်လေးများကို ဟောကြား ချီးမြှင့်တော်မူမည် ဖြစ်ပါသည်။
တရားပွဲကျင်းပမည့်နေရာမှာ - Informatics Jurong Campus No,(10). Science Centre Road,
Singapore 609079 (Near Jurong East MRT) ဖြစ်ပြီး ၊ တရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့ မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်လေးများကို ယဉ်ကျေးလိမ္မာကလေးတရားပွဲသို့ ပို့ဆောင်ပေးလိုပါက mcchild.dhammatalk@gmail.com နှင့် eschild.dhammatalk@gmail.com သို့
အောင်ဖော်ပြပါ ပုံစံအတိုင်း ၂၅-၅-၂၀၁၀ အင်္ဂါနေ့တွင် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြပါကြောင်း ၀မ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည်။
Registration Form Sample :
Name _ _ _ _ _ _ _ _ _ _
Age _ _ _ _ _ _ _ _ _ _
Gender _ _ _ _ _ _ _ _ _ _
Education _ _ _ _ _ _ _ _ _ _
Parent _ _ _ _ _ _ _ _ _ _
Address _ _ _ _ _ _ _ _ _ _
Phone _ _ _ _ _ _ _ _ _ _
email _ _ _ _ _ _ _ _ _ _

အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းလိုပါက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြပါသည်။

ကိုဇင်မင်းယု - +65 9004 9227 ၊ 8117 2324
ကိုသောင်းထိုက် - +65 8160 8064
တရားတော်ကို ရိုသေစွာ နာယူကြမည့် ကလေးငယ်လေးများ၏ အုပ်ထိမ်းသူ မိဘများလည်း မိမိတို့၏ ရင်သွေးငယ်များနှင့် တကူတကွ တရားနာယူနိုင်ကြပါသည် ဆိုသည့်အကြောင်းလည်း ၀မ်းမြောက်ဖွယ် ထပ်မံသတင်းကောင်းပါးအပ်ပါသည်။ဗုဒ္ဓဘာသာ မြန်မာလူမျိုးအတွက် အထွဋ်အမြတ်ဖြစ်သော ကဆုန်လပြည့်ဗုဒ္ဓနေ့ ( Vesak Day )အခါ သမယမှာ -
 “ကလေး ကလေး အထင်မသေးနဲ့ ၊ ကလေးက လူကြီးဖြစ်တာ .....
ကလေးကောင်းမှ လူကြီးကောင်းမှာ ၊ လူကြီးကောင်းမှ အားလုံးကောင်းမှာ .... ”
ဆိုတဲ့ ရွှေဥမင် ဆရာတော်ဘုရားရဲ့ လင်္ကာလေးအတိုင်း မိမိတို့ရဲ့ ကလေးငယ်လေးများ ပြည်ပမှာ နေထိုင်ကြီးပြင်းကြရပေမယ့် ဘာသာရေး အသိစိတ်ဓါတ်မြင့်မားတိုးတက်လာအောင် သွင်သင်ဆုံးမလျှက်ရှိတော်မူသော ဆရာတော်ဘုရား၏ ယဉ်ကျေးလိမ္မာအထူးတရားပွဲသို့ တတ်ရောက်နာယူနိုင်ကြပြီး အသိအလိမ္မာ ၊ ဥာဏ်ပညာများ ဖွံ့ဖြိုးတိုးတတ်လာကြစေရန် အလို့ငှါ နိဗ္ဗာန်ကို အကျိုးမျှော်လျှက် ... ရိုသေလေးစားစွာဖြင့် အသိပေး နှိုးဆော်အပ်ပါသည်။

ဤသတင်းကို ပေးပို့သော www.dhammadownload.com မှ Admin အားအထူးပင် ကျေးဇူးတင်ပါသည်။
မေတ္တာစိတ်ဓါတ် တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...

ရိုသေလေးစားစွာဖြင့် ~
နှင်းဟေမာ
22 May 2010 ( 1:55 pm )


Tuesday, April 27, 2010

ရွှေပြည်ဟိန်းဆရာတော် ( သီတဂူကြာတစ်ပွင့် ) တရားပွဲ

ကျမနှင်းဟေမာ၏ ဘလော့ဂါ မောင်နှမအပေါင်းနှင့် စာဖတ်သူမောင်နှမအပါင်းတို့အား ရိုသေလေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်....။
လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေး အခမဲ့ ကျမ်းမာရေး ၀န်ဆောင်မှုပေးနေသော ရွှေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်း၏ နာယက ပိဋက တစ်ပုံခွဲဆောင် ရွှေပြည်ဟိန်း ဆရာတော် အရှင်ခေမာသီရိလင်္ကာရ မှ တရားတော်များ ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။



တရားပွဲကျင်းပမည့်နေရာ

နေ့ရက် မေလ ၂ ရက် ၂၀၁၀ (တနင်္ဂနွေနေ့) စင်္ကာပူစံတော်ချိန် ညနေ ၄း၃၀ နာရီ မှ ၅း၃၀ နာရီတိတိတွင် အောက်ဖော်ပြပါ နေရာ၌ ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည်။

Palelai Thai Buddhist Temple
49 Bedok Walik, S 469145, Tel: 6443-3324
Tanah Merah MRT ( Exit B )
Take Bus No. 2, 9. Alight at 2 stop (Opp Bedok Mkt Pl)
http://www.streetdirectory.com/?x=103.94655777141&y=1.3307337725354&l=12&s=sg


မေလ ၂ ရက် ၂၀၁၀ (တနင်္ဂနွေနေ့) စင်္ကာပူစံတော်ချိန်   ညနေ ၇း၀၀ နာရီ မှ ၈း၀၀ နာရီတိတိအချိန်တွင် အောက်ဖော်ပြပါ နေရာ၌ ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည်။

#08-38 Blk 708 Jurong West St. 71, S 640708
Near to Pioneer MRT
Take Bus 179, 185, 241, 243 at Boonlay Int. Alight at 5 stop (Blk 978)
Take Bus 179, 241 at Pioneer MRT (Blk 651A). Alight at 2 stop (Blk 978)

 
ကမ္ဘာ့နိုင်ငံအသီးသီးမှ တရားချစ်ခင် သူတော်စင်များအနေဖြင့် အထက်ပါတရားပွဲများကို-
ဓမ္မသုခ http://live.dhammathukha.com/ နှင့် အဖြူရောင်သံစဉ် http://apytz.net/
တို့မှရုပ်သံတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါ၍ ပရဟိတလူသား အကျိုးပြုလုပ်ငန်းများဖြင့် သာသနာပြုတော်မူလျှက်ရှိသော သီတဂူကြာတစ်ပွင့် ဆရာတော်ဘုရား၏ တရားတော်များကို နာယူနိုင်ကြရန် ရိုသေလေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။


ဆရာတော် အရှင်ခေမာသီရိလင်္ကာရ၏ အတ္ထုပ္ပတ္တိအကျဉ်း


ဆရာတော်ကို ၁၉၅၇ခုနှစ်ဖေဖော်ဝါရီလ ၂၅ရက်တွင် စစ်ကိုင်းတိုင်း၊  ကန့်ဘလူ မြို့ မိုးကောင်းရွာနေ အဖဦးကံကြီး အမိဒေါ်ခင် တို့မှဖွား မြင် သည်။ ၁၁နှစ်သား အရွယ်တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်သည်။ ၁၅နှစ်သားအရွယ်တွင်အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းဘာသာဠီကာ ကျမ်းပြု ဆရာတော်ဘုရားကြီးထံ တွင် ပညာသင်ကြားခဲ့ပြီး ၁၈နှစ်သား တွင်သာသနာ့လင်္ကာရ သာမနေကျော်ဘွဲ့ကို မန္တလေးသကျသီဟ အသင်းကြီးမှ ဆက်ကပ်တော်မူခဲ့ပါသည်။ အသက်၂၀ ရဟန်းဖြစ်စတွင် ပိဋကတစ်ပုံ အာဂုံဆောင်အောင်မြင်တော်မူခဲ့ပြီး ၊အသက် ၂၁ တွင်ပိဋကတစ်ပုံခွဲဆောင်အောင်
မင်တော်မူခဲ့ပါသည်။
အသက်၂၈တွင် သီတဂူဆရာတော်၏ အများကျိုးပြု ပရဟိတ လုပ်ငန်းများကို အားကျကြည်ညိုလှ၍ ဆရာတော်၏ ခြေတော်ရင်းသို့ခိုလှုံခဲ့သည်။ သီတဂူကြာ တစ်ပွင့်အမည်ဖြင့် ဓမ္မပလ္လင် ပေါ်သို့ရောက် ခဲ့သည်။ စစ်ကိုင်းတောင်ရိုးတွင် ရွှေကျောင်းဆရာတော်အဖြစ် တင်မြှောက်ခြင်းခံယူရပြီး၊ ၁၉၉၂ခုနှစ်တွင် သီတဂူဆရာတော်နှင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အမေရိကန်၊ အိန္ဒိယ၊ နီပေါနိုင်ငံများသို့ လှည့်လည်ခဲ့သည်။ ၁၉၉၅တွင်စစ်ကိုင်း မင်းကွန်းကမ်းရိုးတန်း ကားလမ်းကို ဖောက်လုပ်တော်မူခဲ့ပါသည်။

၁၉၉၆တွင် ရန်ကုန်မြို့ ရွှေပြည်ဟိန်းကျောင်း ဆရာတော်အဖြစ်တင်မြှောက်ခြင်းခံယူရပြီး ၂၀၀၁တွင် ကျန်းမာရေးအလှူယာဉ် စီမံကိန်းကိုစတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၄တွင်ရွေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်းကို စတင်ဆောင်ရွက်ခဲ့သည်။ဆရာတော်သည်  သီတဂူဆရာတော်ဘုရားကြီး၏ လမ်းညွှန်းမှုဖြင့် ပရဟိတလုပ်ငန်းတိုင်းကို အဆင့်ဆင့် မြှင့်တင်၍ ဆောင်ရွက်တော်မူလျှက်ရှိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ....
ရိုသေလေးစားစွာဖြင့်

နှင်းဟေမာ
( 27 April 2010 )



Tuesday, January 5, 2010

စင်္ကာပူနိုင်ငံတွင် နှင်းဆီရင်ခွင်နှစ်ပါးသဘင် ကပြဖျော်ဖြေမည်

မြန်မာ့ဇာတ်သဘင်ကို ချစ်ခင်မြတ်နိုးကြသော စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာအပေါင်းတို့အား ၀မ်းမြောက်ဖွယ်သတင်းကောင်းပါးအပ်ပါသည်....။

မကြာမှီမှာကျရောက်လာတော့မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ကြိုဆိုရင်း စင်္ကာပူနိုင်ငံရောက် အနုပညာချစ်သူများနှင့် တက်လူ ၊ ဘကျော် ၊ အောင်ပြည့်တို့ စီစဉ်သော ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ နှင်းဆီရင်ခွင်နှစ်ပါးသဘင် ကို (21 -3- 2010)တနင်္ဂနွေနေ့ နေ့လည်၃နာရီ တိတိအချိန်မှာ စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့မှာရှိတဲ့ Chinatown ၊ Kreta Ayer Prople's Theatreဇာတ်ရုံကြီးမှာကပြဖျော်ဖြေမှာဖြစ်ပါတယ်...။နှင်းဆီရင်ခွင်နှစ်ပါးသဘင်မှာ-(မင်းသား) တင်မောင်ဆန်းမင်းဝင်း (သစ္စာမေတ္တာရွှေမန်းသဘင်)၊မင်းသမီးများ - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မေကဗျာ ၊ ခင်ဖြူကြည် ၊ ခင်သီတာစိုး ၊ စန္ဒာတိုး ၊ နန်းဝေယံမြင့် ၊ ဖူး ၊ သိမ့် တို့ဖြစ်ကြပြီး လူရွှင်တော်များအဖြစ် - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် - နေတိုး ၊ ကျော်ကျော်ဗို ၊ ထွန်းထွန်း (Example) ၊ မိုးမိုး တို့မှ စတိတ်ရှိုး ၊ နှစ်ပါးအငြိမ့်များနဲ့အတူ ကပြဖျော်ဖြေကြမှာဖြစ်ပါတယ် ...။

ကြိုတင်လက်မှတ်များကိုတော့ (၁) ဒေ၀ီဦး - # 05-17 Peninsula Plaza
                                      (၂) T3 Treasure Travel - # 02-25 Peninsula Plaza
                                      (၃) ဆုံဆည်းရာ - # 05-35 Peninsula Plaza
                                      (၄) ရနံ့သစ် - B1 Peninsula Plaza
                                      (၅) Golden Crown (s) Pte.ltd - # 02-104 Boonlay Place
                                      (၆) သပြေနု - # 05-20 Peninsula Plaza

တို့မှာ ယခုအချိန်မှစတင်ပြီး ၀ယ်ယူနိုင်ကြပြီဖြစ်ပါကြောင်းလည်း ကြိုတင် သတင်း ကောင်းပါးလိုက်ပါတယ် ...။အသေးစိတ်သိရှိလိုပါက ဦးမြင့်စန်း (92954247)၊ ကိုဘကျော် ( 98301562) ၊ ကိုအောင်ပြည့် (81912634) ၊ ကိုကိုလေး ( 91405700) ၊ ဒေါ်နီနီ (84646989) နဲ့ မဖြူဖြူအေး (96485774) တို့ထံမှာ ဆက်သွယ်မေးမြန်းနိုင်ကြပါတယ် ...။အားလုံးပဲ စောစောဝယ်ထားမှ စိတ်ချရမှာမို့ နေရာကောင်းလေးရအောင် အမြန်ဆုံးသွးဝယ်နိုင်ကြဖို့ ကြိုင်တင်သတင်းကောင်းပါးလိုက်ပါတယ်....း)

ခင်မင်လေးစားစွာဖြင့်
နှင်းဟေမာ
5 Jan 2010

Friday, December 18, 2009

သီတဂူတရားပွဲတိုက်ရိုက်နာယူနိုင်ပါသည်

ကျမ၏ ဘလော့ဂါ မောင်နှမများနှင့် စာဖတ်သူမောင်နှမအပေါင်းတို့အား ရိုသေးလေးစားစွာဖြင့် သတင်းကောင်း ပါးအပ်ပါသည် ...။

အမေရိကန်နိုင်ငံ၊ မီနီဆိုးတားပြည်နယ် မေပယ်ဝုမြို့ သီတဂူဓမ္မ၀ိဟာရကျောင်းတွင် ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီးမှ (19.12.2009 ) စနေနေ့ နံနက် မော်စကို စံတော်ချိန် နံနက် ၄ နာရီ ၊ စင်္ကာပူစံတော်ချိန် နံနက် ၉ နာရီ နှင့်  မြန်မာစံတော်ချိန် နံနက် ၇:၃၀ တိတိအချိန်တွင် တရားတော်ကို ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည် ...။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြကုန်သော တရားချစ်ခင် ဗုဒ္ဓဘာသာဝင်အားလုံးတို့အား တရားတော်ကို တိုက်ရိုက်နာယူနိုင်ကြရန်အတွက် ဓမ္မသုခဆိုဒ်  http://live.dhammathukha.com/
မှ တရားတော်အား တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါကြောင်း စာဖတ်သူအပေါင်းအား သတင်းကောင်းပါးအပ်ပါသည် ။
သို့ပါ၍ တရားတော်ကို တိုက်ရိုက် နာယူကြည်ညိုလိုကြသော မောင်နှမများ အနေဖြင့် ဒီနေရာလေးမှာ ကျမတို့နှင့်အတူတကွ တရားတော်ကို နာယူကြည်ညိုနိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော်၍  အသိပေး နှိုးဆော်လိုက်ရခြင်းဖြစ်ပါသည် ...။
( ဒီသတင်းကို ပေးပို့သော ဖိုးသား ~ အဖြူရောင်မေတ္တာ အား အထူးကျေးဇူးတင်ပါသည် )

ရိုသေလေးစားစွာဖြင့်
နှင်းဟေမာ
(18 Dec 2009  10:09 AM)

Tuesday, November 24, 2009

သာသနာ့အာဇာနည်ဖြူးဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူခြင်း


ကြည်ညိုလေးစား ခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ နှင့် စာဖတ်သူမောင်နှမများ ၊ ကျမ၏ .... ဘလော့ဂါ  မောင်နှမအပေါင်းတို့အား ၀မ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည် .......

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းတွင် ဆက်လက်ဆေးကုသမှု ခံယူလျှက်ရှိရာမှ ယနေ့ ( 24 Nov 2009 ) ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက်  (၇)နာရီခန့်၌ ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီဖြစ်ပါသည်...။
ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ယခု ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်ပါသည်။ဆရာတော်ဘုရားကြီးသည် ပဲခူးတိုင်း ၊  ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ သွေးနဲ့ရေးတဲ့သာသနာ အစရှိသော ထေရ၀ါဒစစ်စစ်တရားဓမ္မများကိုလည်း ဟောကြားတော်မူခဲ့ပါသည်။
ထို့ပြင် ဆရာတော်ဘုရားကြီးသည် အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုတော်မူခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့ ၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကြီးကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများကို ပြသပေးတော်မူလျှက်ရှိရာမှ ( 24 Nov 2009 ) ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက် (၇)နာရီခန့်၌ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါသည် ....။
သာသနာ့အာဇာနည်တစ်ပါး ဆုံးရှုံးသွားခဲ့ရသည့်အတွက်ဖော်မပြနိုင်အောင်ဝမ်းနည်းတုန်လှုပ်မိခဲ့ပါသည်..။
ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကိုလည်း ကမ္ဘာတစ်ဝန်းတွင်ရောက်ရှိနေကြပါသော ကျေးဇူးတော်ရှင်ဖြူးဆရာတော်ဘုရားကြီး၏ တပည့်များ ၊ ဆရာတော်ဘုရားကြီးအတွက် စိုးရိမ်စွာ သတင်းစောင့်စားနေကြသူများအားလုံး သိရှိစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါသည်....။
ဖြူးမဟာစည်ဆရာတော်ဘုရားကြီး၏ တရားဂုဏ်တော်ရှိပူဇော် တရားတော်မှ သံဝေဂလင်္ကာလေးဖြင့် ဆရာတော်ဘုရားကြီးအား ရှိခိုးပူဇော်လိုက်ပါသည် .....

မနေရလို့ သေကြသောအခါ ...
ကိုယ့်နောက်ကို ဘာများပါမှာ
ပစ္စည်းစုစု တစ်ခုမပါ ...
ဇနီးမယားနဲ့ သမီးသားမပါ
အိုးအိမ်များနဲ့ တိုက်ကားမပါ ...
ဆင်မြင်းများနဲ့ ကျွဲနွားမပါ
ဗန်းခုံလေးနဲ့ တောင်ဝှေးလည်းမပါ
ထီးဖိနပ်နဲ့ သပိတ်လည်းမပါ ...
သပိတ်ကြီးနဲ့ ထီးလည်းမပါ
ကိုယ်ပြုထားကံများ သူတို့ပါ ......။


လေးစားစွာဖြင့်
နှင်းဟေမာ

Monday, November 9, 2009

သီတဂူတရားပွဲ

စင်္ကပူကျွန်းပေါ်တွင် မှီတင်းနေထိုင်ကြသည့် ဘလော့ဂါမောင်နှမများနှင့် စာဖတ်သူ မောင်နှမများ ၊ တရားချစ်ခင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အား လေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး မှ စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုများအား နိုဝင်ဘာ ( ၁၅ ) ရက် တနင်္ဂနွေနေ့တွင် Eunos MRT အနီး မင်္ဂလ၀ိဟာရ ကျောင်းအတွင်း၌ ညနေ (၄) နာရီမှ (၆)နာရီအချိန်ထိ နိဗ္ဗာန်ရောက်ကြောင်းတရားဒေသနာကောင်းများကိုဟောကြားချီးမြှင့်တော်မူမည်ဖြစ်ပါသည်။
တရားတော်နာ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေအပေါင်းတို့အားလည်း  သီတဂူဆရားတော်ဘုရားကြီး ဟောကြားချီးမြှင့်တော်မူသော တရားတော် CD များ ၊ သီတဂူမေတ္တာပို့ဓမ္မစာစောင်များ ၊ ရေသန့်ဗူးများကို ဝေငှ၍ ဒါနပြုမှာဖြစ်ပါတယ်....။
တရားပွဲပြီးဆုံးသွားပါက တရားနာပရိတ်သတ်များအနေဖြင့်လည်း တရားတော် နာယူကြသည့်နေရာ ၊ ဌါနအတွင်းတွင် စုပေါင်းသန့်ရှင်းရေးများပြုလုပ်ခြင်းဖြင့် ကုသိုလ် ပါဝင်နိုင်ကြပါကြောင်း ထပ်မံ၍ သတင်းကောင်းပါးအပ်ပါတယ်...။
သို့ပါ၍ တရားချစ်ခင် စိတ်ကောင်းဝင်ကြသည့် ဓမ္မမိတ်ဆွေမောင်နှမများအနေဖြင့် စင်္ကာပူနိုင်ငံ၏ ကြုံတောင့်ကြုံခဲလှစွာသော သီတဂူတရားပွဲကြီးသို့ အတူတစ်ကွ တရားတော်နာယူကြည်ညိုနိုင်ကြရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါတယ်...။

သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ...

နှင်းဟေမာ
9 Nov 2009

Monday, August 3, 2009

ဓမ္မစေတီအထူးတရားပွဲ


ထေရ၀ါဒ ဓမ္မဒဿနသမ္ပဒါ နည်းအဖြာဖြာဖြင့် တရားဒေသနာတော်များကို ဖြန့်ဝေဟောကြားတော်မူသော ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒန္တကောသလ္လ M.A(Buddhism) ၏ အထူးတရားပွဲ ( အွန်လိုင်းအထူးတရားပွဲ )

ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒန္တကောသလ္လ M.A(Buddhism) သည် သြဂုတ်လ ၇ ရက် ဒေသစံတော်ချိန် ( Pacific Standard Time (UTC-8)) ည ၇ နာရီ ၊ မြန်မာစံတော်ချိန် သြဂုတ်လ - ၈ ရက် မနက် ၈ နာရီခွဲ ၊ စင်္ကာပူစံတော်ချိန် နံနက် ၁၀ နာရီ ၊ ရုရှားစံတော်ချိန် နံနက် ၆ နာရီ တိတိ အချိန်တွင် ထေရ၀ါဒ တရားဒေသနာတော်ကို ဟောကြားချီးမြှင့်တော်မူမည်ဖြစ်ပါသည်။
အဆိုပါတရားပွဲအား http://www.live.dhammathukha.com/ မှ တိုက်ရိုက်နာ နိုင်အောင် Live Show လွှင့်ပေးမည်ဖြစ်ပါကြောင်း နှိုးဆော်အသိပေး လိုက်ရပါသည်။
သို့ပါ၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဝင် တရားချစ်ခင်သူတော်စင်များအပေါင်းတို့အနေဖြင့် ကြုံတောင့်ကြုံခဲလှစွာသော ထေရ၀ါဒ အွန်လိုင်း အထူးတရားပွဲကို အတူတစ်ကွ ရိုသေစွာ နာယူကြည်ညိုနိုင်ကြရန် အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်။

ခင်မင်လေးစားစွာဖြင့်
နှင်းဟေမာ
3 August 2009

Friday, July 24, 2009

ဓမ္မစေတီ တရားပွဲ

ထေရ၀ါဒ ဓမ္မဒဿနသမ္ပဒါလမ်းစဉ်ဖြင့် တရားဒေသနာတော်များကို ဖြန့်ဝေဟောကြားတော်မူသော
ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒန္တကောသလ္လ သည် ယခုနှစ်ဝါတွင်းကာလ၌ အမေရိကန်နိုင်ငံတွင်
ဝါဆိုတော်မူမည်ဟု ကြားသိရပါသည်။ ဆရာတော်ဘုရားမှ ထေရ၀ါဒ တရားတော်ကို သြဂုတ်လ (၁) ရက်နေ့ စနေနေ့ညနေ အမေရိကန်စံတော်ချိန် (၆)နာရီ တွင် အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဒေလီးစီးတီးမြို့ ၊ 699 SERRAMONTE BLVD ( Little Theater) ၌ဟောကြားတော်မူမည်ဖြစ်ပါသည်...။ တရားပွဲနှင့် ပတ်သတ်၍ ဖုန်းနံပါတ် - ( 510)278-8053 သို့ဆက်သွယ်မေးမြန်းနိုင်ကြပြီး
အခြားနိုင်ငံအသီးသီးမှ တရားနာယူလိုကြသော ပရိတ်သတ်များအတွက် skype online မှတစ်ဆင့်လဲ
တိုက်ရိုက်နာယူနိုင်ကြရန် (26 July 2009) တနင်္ဂနွေနေ့ ရုရှား(မော်စကို) စံတော်ချိန် နံနက် (၆)နာရီ ၊(စင်္ကာပူစံတော်ချိန် နံနက် (၁၀) နာရီတိတိ) အချိန်တွင် စီစဉ်ထားရှိပါသည်....။
skype account ရှိသူများအားလုံးသည် skypedhammalive သို့ Invite လုပ်ထားနိုင်ကြပြီး တရားပွဲ မစတင်မီအချိန်၌ skypedhammalive မှ Invite လုပ်ထားသူများအားလုံးထံသို့ ခေါ်ယူဆက်သွယ်လာမည်ဖြစ်ပါသည်။သို့ပါ၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဝင် တရားချစ်ခင်သူတော်စင်များအပေါင်းတို့အနေဖြင့် ကြုံတောင့်ကြုံခဲလှစွာသော ထေရ၀ါဒ အထူးတရားပွဲကို အတူတစ်ကွ နာယူကြည်ညိုနိုင်ကြရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်။

နှင်းဟေမာ
24 July 2009