Saturday, September 12, 2009

အချစ် ... အလွမ်းဖြင့်ကျန်ရစ်စေသော

(တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ ဆုံဆည်းခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ကြိမ်တစ်ခါပဲရှိတယ် .......)
အမှန်တော့ ကျမ က စိတ်ကူးယဉ်မှုတွေနဲ့ ....... ဘ၀ဆိုတာကြီးကို ရီဝိုင်း(Rewind ) ပြန်ပြီး လုပ်ချင်ခဲ့သူ... လေထဲမှာပဲ တိုက်အိမ်ဆောက်နေသူ..... သတ္တိမရှိခဲ့တဲ့ သာမန် ခပ်ညံ့ညံ့ မိန်းမ တစ်ယောက်လို့သာ ကိုယ့်ကိုယ်ကို ပြစ်တင်ရှုံ့ချမိပြန်ပါတယ်..။ အခုချိန်မှာများ ကျမ အတွက် အရာအားလုံးကိုသာ တစ်က ပြန်စခွင့်ရမယ်ဆိုရင်လေ..... ကျမ လောက်ပျော်ရွှင်နိုင်တဲ့သူ ကမ္ဘာမြေမှာ ရှိနိုင်ပါဦးမလားလို့ တွေးမိရင်း ဘာမှ မဟုတ်တဲ့ ခပ်ကြောင်ကြောင် မိန်းမ တစ်ယောက်လို့ မိမိကိုယ် မိမိ အထင်သေးမိပြန်တယ် .....။
ကျမ ဆုံးရှုံးသွားခဲ့တာက ဘာမှ မပြောပလောက်တဲ့ နှောင်ကြိုးလေးတစ်ချောင်း လို့ဆိုပေမယ့် ပိုင်ဆိုင်ခွင့်သာ ရခဲ့မယ်ဆိုရင်လည်း ကျမ အတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးတဲ့လေ .....။ ဒီတစ်ခါ တော့ ကျမ နှလုံးသားရဲ့ အမှတ်မရှိမှုနဲ့ သစ္စာစောင့်သိမှုတွေအတွက် မလေးစားပဲ မနေနိုင်တော့.........။ ကျမ ကလေ .... ဟိုး .......
ငယ်ငယ်လေးကတည်းက အိပ်မက်ရောင်စုံထွန်းညှိထားတဲ့ စိတ်ကူးသစ်ပင်ကြီးအောက်မှာ မရနိုင်တဲ့ ကြယ်လေးတစ်စင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်လေးကိုမှ အရုးအမူး တမ်းတ နှစ်သက်ခဲ့ဘူးသူ......။
အဲလိုပါပဲ ..... သူ့ ကို ချစ်မိခဲ့တဲ့ အချိန်က စပြီး ဆိုပါတော့ ပိုင်ဆိုင်ရမှာက နှောင်ကြိုးတစ်ချောင်း ကျမ တစ်ကယ်ဆုံးရှုံးသွားခဲ့တာက ကမ္ဘာကြီးတစ်ခုလုံးပါပဲလေ.........။
( နှင်းဟေမာ )

တောင်ပေါ်မြို့လေးရဲ့တစ်နေရာက စက်တင်ဘာ နံနက်ခင်းလေးတစ်ခုမှာပေါ့ ....အဲဒီ့နေ့က နှင်းမိုးတွေ လည်း တဖွဲဖွဲကျနေခဲ့တယ်.....။
ကျမတို့ တစ်တွေ စုဝေးရာ အဆောင်ခန်းမဘက်ဆီကို သွားနေကျ လမ်းရိုးလေးအတိုင်း ခါတိုင်းနေ့တွေလိုပဲ တဖြေးဖြေး လျှောက်လာခဲ့ကြတယ်...။
ဖြစ်ချင်တော့ ကျမ တို့ ခန်းမကို မရောက်ခင်လေးမှာပဲ မိုးက သည်းကြီးမည်းကြီးရွာချတော့တာပါပဲ....။ သူငယ်ချင်းတစ်တွေ အပျင်းကြီးလိုက်ကြပုံများ ထီးကလည်း တစ်ယောက်မှ ယူမလာမိကြဘူး... အဲဒါနဲ့ပဲ မိုးလုံစေမယ်လို့ ယူဆရတဲ့ အဆောက်အဦးဟောင်းကြီးတစ်ခုထဲကို အပြေးအလွှားဝင်လိုက်ကြရင်း .... ပေါ့
စက်တင်ဘာမိုးရေစက်တွေက လူတစ်ယောက် နဲ့ ကျမ ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ် ......။
အခု စဉ်းစားလိုက်မိရင် ကျမ ရဲ့ ရင်ခုန်သံတွေ ကလည်း ယနေ့ထိ အသစ်အသစ်တွေ ဖြစ်နေတုန်းပါပဲလား လို့တွေးဖြစ်ရင်း ကျမ သူ့ ကို အပြင်းအထန် သတိရသွားခဲ့မိတယ် .....။
အဲဒီ့နေ့က ...
သူ .. ကျမ ကို အမှတ်တမဲ့လေးပဲ ကြည့်ခဲ့တာ... ကျမ ကလည်း မထင်မှတ်ပဲ သူ့မျက်ဝန်းတစ်စုံကို မြင်ဖြစ်အောင်မြင်သွားခဲ့တာ....။
စက္ကန့်ပိုင်းလေးအတွင်းမှာပါပဲ အဲဒီမျက်ဝန်းလေးတွေက တစ်ဆင့် သူ ကျမကို စကားတွေအများကြီးများပြောသွားခဲ့သလားလို့ ....ထင်ယောင်ထင်မှား ၀ိုးတ၀ါးရှိနေဆဲပါပဲ....။
တစ်ဒင်္ဂလေးမှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ မျက်ဝန်းတစ်စုံကို ကိုယ့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာက ချက်ချင်းဆိုသလို အလွတ်ရရင်း သူနဲ့ဝေးသွားကြတဲ့ ရာသီစက်ဝန်းရဲ့ နေ့ရက်တွေတိုင်းမှာတောင် အဲဒီ့
မျက်ဝန်းတွေကို တမ်းတ လွမ်းဆွတ်နေခဲ့တုန်းပဲ....။
ဟော .... နောက်တစ်ကြိမ် တွေ့ကြပြန်ပြီ ..... အဲဒီ့နေ့လည်မှာပဲ ထမင်းစားဆောင်ကြီးရဲ့ အလယ်
တည့်တည့်မှာ ကျမ တို့သူငယ်ချင်း တစ်အုပ်စုလုံးက နေရာယူခဲ့တဲ့နေ့ .....။ ထမင်းစားနေကြရင်း အကြောင်းအရာတစ်ခုကို ဟာသမြောက်အောင် “စ တက် “နောက် တက်တဲ့ ကျမတို့အုပ်စုက ထုံးစံအတိုင်း
တ၀ါးဝါး တဟားဟား နဲ့ အော်ရယ်နေခဲ့ကြတယ် ....။ ဒီလို အသံကြားရင် တော်တော်များများကအကြောင်းသိထားကြတာမို့ ဘယ်သူကမှ အထူးအဆန်းဖြစ်နေမှာမဟုတ်တာ သေချာတယ် ....။အားလုံးထဲမှာ အသက်အငယ်ဆုံးတွေဖြစ်ပြီး
ပျော်ပျော်နေတက်တဲ့ ... ပေါ့ပါးစွာ ကူညီတက်တဲ့ ၊ အရမ်း “အစ “အနောက် သန်တဲ့ ကျမတို့ သူငယ်ချင်း
တစ်စုကို အားလုံးက ချစ်တဲ့မျက်စေ့နဲ့ ခွင့်လွှတ်နားလည်ပေးကြပါတယ် ....။
နောက်မှ ရောက်လာပုံရတဲ့ သူ့ အတွက်တော့ တော်တော် အံ့သြနေခဲ့ပုံပဲ ....။
မိန်းကလေးတွေဖြစ်နေပြီး ဒီလောက်တောင် အိနြေ္ဒ၊သိက္ခာ နည်းရလားလို့ သူအထင်ခံရမှာတော့ကျမ တိတ်တိတ်လေး စိုးရိမ်မိခဲ့သေးရဲ့..... အဟီး ကျမ သူငယ်ချင်းတွေ သိလို့ကတော့ အထူးအဆန်းဖြစ်ပြီး ကျမကို ၀ိုင်းကလော်တုတ်ကြမည်မှာ ဗေဒင်မေးစရာတောင် မေးစရာ မလိုပါ......။
ကိုယ့်အတွေးနဲ့ ကိုယ် ထမင်းကို ငုံ့စားနေဆဲ ... စိတ်ထဲမှာ မလုံမလဲခံစားလာရတယ်....။
တစ်စုံတစ်ယောက်ကများ ကိုယ့်ကို သေသေချာချာ စိုက်ကြည့်နေခဲ့သလားလို့ အလိုလို ခံစားသိနားလည်တက်တဲ့ စိတ်ကြောင့် ဘေးဘီဝဲယာ ကို ကိုယ် ရှာဖွေကြည့်လိုက်တဲ့အခါ ..... တွေ့ပါပြီ ...တရားခံ အစစ်ကို ... ရင်ထဲမှာ ဖျောက်ပစ်လို့မရနိုင်သေးတဲ့ ဒီမျက်ဝန်းနက်နက်လေးတစ်စုံပေါ့ ....။

ဟင် ...ဘေးမှာက ကျမ နဲ့ မျက်နှာကြောမတည့်သော လေအိုးပိန် ဆိုတဲ့ လူပါလား...။ကျမဘေးက သူငယ်ချင်းတွေဆီ အချင်းချင်း မျက်လုံးကနေတစ်ဆင့် မက်ဆေ့ခ်ျပို့လိုက်တဲ့အခါမှာတော့ အားလုံးရဲ့အားရုံတွေအသီးသီးက ပြိုင်တူပင် ထိုလူသစ်ထံသို့ မြှားဦးလှည့်သွားခဲ့ကြပါတယ်....။
သူငယ်ချင်း “ခိုင် က ရုတ်တရက် ထပြောလိုက်တာက စိတ်ဝင်စားစရာပဲ အဲဒီ့ လူ နဲ့ လေအိုးပိန် စကားဖောင်ဖွဲ့နေကြတယ်တဲ့ .....။ ဒီလူနဲ့ သူက သိနေကြတယ်ပေါ့ ဒါဆိုရင်တော့ ကျမတို့ထက် ၃ တန်းကြီးတဲ့ ဒီလေအိုးပိန်တို့နဲ့ တစ်နှစ်ထဲ ဖြစ်ဖို့များတယ်....တဲ့ ။ ဘုရားရေ.... သူတို့ ဘာတွေ ပြောနေကြလည်းမသိ...။
သေချာတာကတော့ အင်မတိ အင်မတန် ချဲ့ကားပြီး စကားကို လေတစ်လုံးမိုးတစ်လုံး ပြောတက်တဲ့ အဲဒီလေအိုးကို တော့ ကျမလန့်မိတာ အမှန် ....။
စကားကို မဟုတ်တာရော၊ဟုတ်တာရော ပေါင်းကာ လေတစ်လုံးမိုးတစ်လုံးပြောပြီး နောက်ဆုံးကျမှ အဖျားရှူးသွားတက်လွန်းလို့ သူ့ကို လေအိုးပိန် ဆိုတဲ့ အမည် ကို ကျမ တို့အုပ်စုကပဲ ပေးထားခဲ့တာလေ...။(အဟဲ..)လေးအိုးတို့က ပေါင်းတော့လည်း မိန်းကလေးတွေနဲ့ပဲ ပေါင်းတာများပြီး....တော်တော်စပ်စပ်စုစုနိုင်ကာ ယောင်္ကျားလုပ်နေပြီး အတင်းကလည်း အင်မတိ အင်မတန် အအုပ်သန်တဲ့သူ.... ။
အထူးသဖြင့် ကျမတို့အုပ်စုကို အစတုန်းက သူ ၀င်ရောချင်ပေမယ့် ကိုယ်တို့တွေက အရောမခံတဲ့ အခါမှာတော့ သူက ထုံးစံအတိုင်း ကွယ်ရာမှာ ကိုယ်တို့ တစ်အုပ်စုလုံးရဲ့အတင်းကို အားရပါးရကို အုပ်ပါလေတော့တယ်...။
အဲမှာ စတွေ့တာပါပဲ ဆတ်ဆတ်ထိမခံတက်တဲ့ ကိုယ်တို့တစ်တွေကလည်း သူ့ကို ကြုံတာနဲ့
ဝိုင်းတွယ်ကြတော့တာပဲ.....။
သူ့ဂွင်ထဲရောက်လာပြီဆိုတော့ခုလဲ ကြည့် ဒီလူအသစ်ကို ကိုယ့်တို့ အကြောင်း ဘာတွေများ ဖောက်သယ်ချနေလည်းမသိဘူး .....။
သူ ဆိုတဲ့ လူကလဲ လေအိုးပြောတာကို ခေါင်းတညိမ့်ညိမ့်နဲ့ ပြုံးပြီးတော့ နားထောင်နေလိုက်တာများ .... ဟွင်း ပြီးတော့ လည်း ကျမ တို့ ရှိတဲ့ဘက်ကို မသိမသာကြည့်နေခဲ့ပြန်သေးတယ်....။
သေချာပါတယ် ... ကျမ တို့မကောင်းကြောင်း ၊ အကျင့်ပုပ်ကြောင်း ၊ စွာကြောင်း ၊ အများကြီး .... ငယ်ကျိုးငယ်နာတွေ ဖော်ပါတော့မယ်...။
သူ့ကိုကြည့်ရတာအေးမလိုလိုနဲ့ ဒီလေအိုးနဲ့မှ ဘာလို့ အရောဝင်နေလဲမသိဘူးလို့ စိတ်ထဲက သူ့ကိုပဲ အပြစ်တင်မိခဲ့တယ်...။ကျမ စိတ်တွေ ဘာဖြစ်နေပါလိမ့် တစ်သက်လုံးက ဘယ်သူ့မှဂရုမစိုက်ပဲ နေလာတာ ... ခုမှများ ဘာဖြစ်နေရတာလဲမသိပါဘူး ..... စိတ်တွေတော့ အရမ်းရှုပ်လာခဲ့တာ အမှန်ပဲ...။
ကျမ မသင်္ကာလို့ သူတို့ဘက်ကို ကြည့်လိုက်မိတိုင်း သူ့မျက်ဝန်းတွေနဲ့က ရှောင်လွဲလို့ မရေအောင်ကို ဒိုင်းကနဲ တိုးတော့တာပဲလေ...။
အဲလိုတိုးမိတိုင်းလည်း ကိုယ့်ရင်ဘတ်ကြီးထဲက နီကိုရဲ စာအုပ်ထဲကခုနှစ်တန်းကျောင်းသားလေး ရင်ခုန်သွားတာ ရင်ထဲမှာ ပတ်မကြီးထတီးလိုက်သလို ဆိုပြီး. အဲလိုနှိုင်းပြီးပြောရတာလည်း ရှက်မိပါရဲ့ ... ကိုယ်က ပူပူနွေးနွေး အင်ဂျင်နီယာဘွဲ့လေး မကြာခင် တက်ရောက်ယူရတော့မည့်သူ.....။
လုပ်ငန်းခွင် သင်တန်းကျောင်းတောင် ရောက်နေပြီ ..... ဒါပေမယ့် ရင်ခုန်တာက တားဆီး၊ရပ်တန့်လို့ရကောင်းတဲ့ အရာမှ မဟုတ်ခဲ့လေတော့ လည်း....... သက်ပျင်းတွေပဲ အခါခါ ချမိပါတယ် ...။
ဒီလိုနဲ့ပဲ နေ့ တွေ ရက်တွေ .... လ တွေ .... များစွာကို ဖြတ်ကျော်ခဲ့ကြရင်း
ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့တဲ့ ဆုံဆည်းမှု မျက်ဝန်းနှစ်စုံရဲ့ ...... ခပ်ဟဟ စည်းတွေကြားမှာလည်း
မရေရာတဲ့ အရေးအကြောင်းလေးက ခပ်ဝါးဝါး နေရာယူလာခဲ့ပါတယ်....။သေချာတာ တစ်ခုက .... ကျမ ရင်ထဲမှာ ဘယ်တော့မှ ဟောင်းနွမ်းလို့ ရိုးမသွားနိုင်တဲ့ သူ့ဆီက နုညံ့တဲ့ အပြုံးလေးတစ်ခုကိုပါ ထပ်မံ ရရှိခဲ့တာဖြစ်ပါတယ်....။

အတူတူဖြတ်သမ်းခဲ့ကြတဲ့ အဲဒီ့ ရာသီစက်ဝန်း တစ်ခုအတွင်းမှာ သူ နဲ့ ကျမ တို့ နှစ်ယောက်ရဲ့ ရင်ထဲမှာလည်း ဖွင့်မပြောဖြစ်ခဲ့ကြပေမယ့် ရင်းနှီးနွေးထွေးနေတဲ့ ခံစားမှုတွေလည်း ထပ်တူ ညီစေခဲ့ကြပြန်တယ် .....။
ဒါပေမယ့်လည်းလေ....ဘယ်လိုမှ ဆက်စပ်လို့မရနိုင်တဲ့ ဘ၀နှစ်ခုဆိုတာ သူရော ကိုယ်ရော နှစ်ယောက်စလုံးရဲ့ ဦးနှောက်အသိမှာ ကိုယ်စီရှိနေခဲ့ကြပြန်တော့ အကောင်းဆုံးကတော့ နောက်ဆုတ်ဖို့ တစ်ခုတည်းသာ ရှိခဲ့ပါတယ်........။
တစ်ကယ်တော့ အချစ်ဆိုတာ ကျမတို့ နှစ်ယောက်လုံး အတွက်တော့ ဘ၀တွေ မဟုတ်ခဲ့ကြပြန်ဘူးလေ....။
အဲဒီလိုနဲ့ ရာသီစက်ဝန်းရဲ့ အပြောင်းအလွဲလေး တစ်ခုကြားမှာ
ခံယူချက်ခြင်း တူညီကြတဲ့ နှလုံးသား တစ်စုံရဲ့ချစ်ခြင်းတွေ အပြစ်ကင်းဖို့ လိုအပ်လာခဲ့ပါတယ်....။
ဘ၀ .... ပတ်ဝန်းကျင် .... အသိုင်းအ၀ိုင်း ..... အတိတ် ၊ အနာဂတ် စဉ်းစားကြည့်လိုက်မိတဲ့အခါ ..... အို... အရာအားလုံးကို ကျမ မုန်းတယ်...။
ဖြူစင်တဲ့ နှလုံးသား ချစ်ခြင်း တွေဆိုတာ သက်သေပြနိုင်ဖို့ အတွက် ကိုယ့်တို့နှစ်ယောက်လုံး ကြေကွဲ နက်ရှိုင်းစွာ ကျောခိုင်းခဲ့ကြရမယ်တဲ့လား .....။

ကံကြမ္မာက ဘယ်လောက်တောင် ရက်စက်စွာ ဒဏ်ခတ်ခံလိုက်လေသလဲ... နာနာကျင်ကျင် ပြန်တွေးလိုက်မိရင် .... ကျမလေ... အရာအားလုံးကို “တစ်” ကနေပဲ ပြန်စချင်ခဲ့မိတယ် ......။
ကျမ နှလူံးသားကရော ... ဘယ်အချိန် ဘယ်ကာလ အထိ အရာအားလုံးကို လှည့်စားနေဦးမှာလဲလို့ မေးလာရင်.... ကျမ ကိုယ်တိုင်လဲရေရေရာရာမဖြေတက်ခဲ့ပြန်ဘူး.....။
ကျမရဲ့ ဦးနှောက်တွေက ထက်မြတ်လွန်းနေခဲ့တာလား...... တစ်ချိန်က အဲလိုထင်ခဲ့မိတာလေ.....။ ခုချိန်မှာတော့ ကျမ ထင်တာ မမှားခဲ့ရင် ကျမ က ခပ်ကြောင်ကြောင်
အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်နေခဲ့တဲ့ လူသားတစ်ယောက် ဖြစ်နေခဲ့ပြန်ရော ......။
ဒီဖြစ်စဉ်တွေအားလုံးရဲ့ အဆုံးမှာတော့ ထူးဆန်းတာ တစ်ခုက ကျမ သူငယ်ချင်းတွေ နဲ့ လေဗူးပိန်တို့ တော်တော် သင့်မြတ်ချစ်ခင်လာခဲ့ကြတယ်....။
နားလည်မှုတွေရပြီး သူငယ်ချင်းအရင်းခေါက်ခေါက်ငယ်ပေါင်းကြီးတွေလိုလိုမြင်တွေ့လာခဲ့ရတယ် ....။
သူငယ်ချင်းတွေကတော့ သူ နဲ့ပတ်သတ်လာတိုင်း ကျမ ကို ဘယ်တော့မှ မတိုက်တွန်းကြသလို ဘယ်တော့မှလည်း မတားမြစ်ရက်ကြဘူး ....။
သူတို့တစ်တွေက ကျမ ဘ၀ကို နားလည်မှုအရှိဆုံး သူငယ်ချင်းတွေအဖြစ် ရပ်တည်ပေးခဲ့ကြတယ် ....။
သူ နဲ့ ကိုယ်တို့ရဲ့ ခွဲခွာခြင်း လမ်းဆုံးမှာ ကျမ နဲ့ ထပ်တူခံစားကြေကွဲပေးရင်း နွေးထွေးတဲ့ နှစ်သိမ့်မှုလေးတွေလည်း တစ်ယောက်တစ်မျိုး ပေးခဲ့ကြတယ် ........... ။
ကျမ ဘ၀ရဲ့ အနွေးထွေးဆုံး ရင်ခုန်သံတွေ ဥပေက္ခာပြုတက်နိုင်အောင် ကိုယ်ကိုယ်တိုင် ကြိုးစားတည်ဆောက်ခဲ့တဲ့ ပွဲမှာ သူတို့တစ်တွေရဲ့ ပုခုံးထက်မှာလည်း ကျမ အကြိမ်ကြိမ် ငိုရှိုက်ခဲ့ဘူးတယ် ....။
ထူးခြားလေးနက်တဲ့ သူ့မျက်ဝန်းလေးတွေက တစ်ဆင့် ၊ ရရှိဘူးတဲ့ သူ့ အပြုံးလေးတွေက တစ်ဆင့် ၊ နားလည်မှုရှိတဲ့ သူ့ရဲ့ စကားသံလေးတွေက တစ်ဆင့် ၊ ထင်မှတ်မထားတဲ့ ကာလတွေမှာ ကျမ အမှန်တစ်ကယ် သူ့ကို ချစ်မိသွားခဲ့တာလေ.....ကျမ ဘယ်လိုများ တားဆီးနိုင်စွမ်း ရှိပါ့မလဲ......။
ဘာဆက်လုပ်သင့်သလဲဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကိုပဲ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စဉ်းစား အဖြေထုတ်ခဲ့ရင်း..... ဦးနှောက် နဲ့ နှလုံးသား လွန်ဆွဲကြတာလည်း အကြိမ်ကြိမ် .......။
အဲဒီ့ပွဲမှာ ကိုယ့်ရင်ဘတ်ကြီး တစ်ခုလုံးကသာ ဒဏ်ရာတွေ ဗရပွနဲ့ပဲ ကျေကျေနပ်နပ်နပ်ကြီးအရှုံးပေးခဲ့ရတာလဲ အထပ်ထပ် အခါခါ ..... ဒါတွေလည်း ရှိပါစေတော့လေ....။
ခုလို စက်တက်ဘာလရဲ့ ညနေခင်းလေးတစ်ခုမှာပေါ့ ကျမ သတိရမိသေးတယ်....။
အဲဒီနေ့က ဘ၀မှာ မှတ်မှတ် ရရ ဆိုသလို သူနဲ့အတူ Ever Smile ဆိုတဲ့ မြို့ပတ်လမ်းဒေါင့်က လက္ဘက်ရည်ဆိုင် သေးသေးလေးမှာ ပထမဆုံး အကြိမ် ကြည်နူးစွာထိုင်ဖြစ်ခဲ့ကြတဲ့နေ့....။ အဲဒီ့ညနေခင်းလေးက ကိုယ်နဲ့ အမြဲတမ်းရင်းနှီးကျွမ်းဝင်လှတဲ့ သူ့မျက်ဝန်းလေးတွေကို အနီးကပ်မြင်တွေ့ခွင့် ရခဲ့တဲ့ လှပတဲ့ ညနေခင်းလေးတစ်ခုလည်းဖြစ်ခဲ့ပါတယ် ....။
လေးနက်တောက်ပစွာကြည့်တက်တဲ့ မျက်ဝန်းလေးတစ်စုံမှာ မျက်တောင်မွှေးရှည်ရှည်စင်းစင်း
လေးတွေပိုင်ဆိုင်ထားလိမ့်မယ်လို့ ကျမ ထင်မထားခဲ့မိဘူး ....။
သူ့ရဲ့ မျက်ဝန်းတွေ အဝေးကို ငေးစိုက်ကြည့်နေတိုင်း အရမ်းကြည့်လို့ကောင်းတယ် လို့ ထင်မိတယ်...။
အရိုးသားဆုံးဝန်ခံရရင် လှပတဲ့ အဲဒီ့ညနေလေးမှာ ကျမ တစ်သက်တာလုံးစာအတွက် သူ့ကို တိတ်တိတ်လေး ခိုးကြည့်မိခဲ့ပါတယ် ....။

အဲဒီ့မျက်ဝန်းလေးတစ်စုံပေါ့ မချစ်တက်တဲ့ ကျမ ရဲ့နှလုံးသားကို ချစ်တက်အောင် ၊ မလွမ်းတက်တဲ့ နှလုံးသားကို လွမ်းတက်အောင် သင်ပေးခဲ့တာလေ .....။
မထင်မှတ်ပဲ ကျမ ကို မေးခဲ့သေးတယ် .... နှင်း .. လက္ဘက်ရည်ရောကြိုက်ရဲ့လားတဲ့ ... ။ ရှက်ရှက်နဲ့ပဲ ၀န်ခံခဲ့ရပါတယ်.... သူက လက္ဘက်ရည်သောက်မလား နှင်း ကိုယ် Smile မှာလက္ဘက်ရည်လိုက်တိုက်မယ်လေ... ဆိုတော့ ကျမ က ကြိုက်တယ်လို့ ညာခဲ့မိတယ်....။ ဆိုင်လည်းရောက်ရောလက္ဘက်ရည် ဘာသောက်မလဲဆိုတော့ ဘာမှမသောက်ဖူးတော့ မှာဖို့ကို အူကြောင်ကြောင်ဖြစ်နေခဲ့တဲ့ ကျမ အရိပ်အကဲကို သူသတိထားမိသွားခဲ့တယ် ....။ ရံဖန်ရံခါ မွေးနေ့လေးတွေမှာသူငယ်ချင်းတွေနဲ့ လက္ဘက်ရည်ဆိုင်ထိုင်ဖြစ်ပေမယ့် ကျမ အတွက် ဒါ ပထမဆုံးအကြိမ် လက္ဘက်ရည်သောက်ဖြစ်ခဲ့တာလို့ အမှန်အတိုင်းဝန်ခံလိုက်တော့ မျက်ဝန်းနက်နက်လေးတွေက အံ့သြသွားတဲ့
အရိပ်လေးတွေနဲ့ ကျမကို ငေးကြည့်နေခဲ့တယ် ....။ ပြီးတော့မှာ နှင်းရေ...ဘယ်လက္ဘက်ရည်ကတော့ ဘယ်လိုအရသာရှိတယ် ၊ အခေါ်အဝေါ်လေးတွေက အစ ဘယ်လိုရှိတယ် ဆိုပြီးစိတ်ရှည်လက်ရှည်နဲ့ ပဲ ရှင်းပြခဲ့တယ်....။
အဲဒီ့ညနေလေးမှာ သူနှစ်သက်စွာ သောက်တက်တဲ့ ပေါ့ကျ ဆိုတာလေးကိုပဲ ကျမ ရင်ထဲမှာစွဲမြဲစွာ ယနေ့ထိ မှတ်မှတ်ရရရှိနေခဲ့ပါတယ် .....။
ဆောင်းကာလရဲ့ တစ်ခုသော ညနေခင်းလေးမှာပေါ့ ကျမတို့နှစ်ယောက် စစ်ဆေးရုံ
ဝန်းကြီးကိုဖြတ်ပြီး ဘုရားကျောင်းနံဘေးက မြေနီလမ်းလေးမှာ အတူတူ လမ်းလျှောက်ဖြစ်ကြတယ် .....။
အဲဒီ့နေ့က သူ့လည်ပင်းမှာ ကျမ ကိုယ်တိုင် ပင်ပင်ပမ်းပမ်း ထိုးထားပေးတဲ့ မီးခိုးရောင် မာဖလာလေးကို ပတ်ထားခဲ့တယ် .....။
အရမ်းအေးဆေးတဲ့ သူ့အမူယာလေးက သွက်လက်ပေါ့ပါးနေလိုက်တာ ကျမဆီကိုပါ သူ့ရဲ့ပျော်ရွှင်ကြည်နူးမှုလေးတွေ ကူးစက်ပျံ့နှံ့လို့ လာခဲ့တယ် .....။
အမှတ်တမဲ့ ရင်ထဲက သတိထားခဲ့မိတာက ယောင်္ကျားလေးဖြစ်နေပြီး ပြုံးလိုက်တိုင်း ထင်းကနဲ မြင်လိုက်ရတဲ့ ပါးချိုင့်လေး တစ်စုံ .....။ ကျမ တိတ်တိတ်လေးပဲ ပြုံးမိခဲ့တယ် ....။

ဆုံဆည်းခဲ့ကြတဲ့ ကာလတွေ အတွင်းမှာ ရရှိခဲ့ဘူးတဲ့ အကြည့် ၊ အပြုံး ၊ သူ့ဆီက ရှားပါးတဲ့ စကားလုံးလေးတွေက တစ်ဆင့် သူ့အပေါ်မှာ ကျမ ရဲ့ တွယ်တာမှု၊လေးစား မြတ်နိုးမှု ဆိုတာတွေကလည်း အတိုင်းအဆမဲ့ စေခဲ့ကြတယ်...။
သူက ကျမနဲ့ တွေ့တိုင်း စကားတွေကို အမြဲဦးဆောင် ပြောတက်ပေမယ့် ကျမ ကတော့
အမြဲနှုတ်ဆိတ်လို့သာ နေမြဲ....။ အားမလိုအားမရနဲ့ နှင်းက လည်း နည်းနည်းတော့ပြောဦးလေ လို့ တောင်းဆိုလာမှပဲ စည်းအပြင်ဘက်က ဥပဒေနဲ့ မငြိစွန်းစေသော စကားလေးတွေကို မနည်းရွေးချယ် ပြောခဲ့ရတယ်....။
သူ နဲ့ ကျမတို့ ကြားမှာ ပျော်ရွှင်ကြည်နူးစရာ၊ တစ်သက်မမေ့နိုင်စရာ ကောင်းတဲ့ အဲဒီလို မွန်းကျပ်ကျပ် နေ့ရက်လေးတွေလည်း ရှိခဲ့ဘူးလေရဲ့......။
အင်း .... တစ်ခါ တစ်ရံမှာ ..... ပြန်ပြောတာထက် လေးနက်မယ်ထင်ခဲ့လို့ ကျမ ဘက်က နှုတ်ဆိတ်နေခဲ့မိခဲ့တာတွေ ရှိသလို အဲဒါကို သူကလည်း မိန်းမတစ်ယောက်ရဲ့မာယာလို့တော့ ကျမ ကို ထင်ကောင်းထင်ခဲ့နိုင်ပါတယ် ...။


တစ်ကယ်တော့ သူ အသေအချာ မသိခဲ့တာပဲ နေမှာပါ..... ယနေ့ထိ မသေဆုံးသေးတဲ့ ကျမ ရင်ထဲက လေးနက်မှုတွေနဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့အကြောင်းကိုလေ .....။
အသေအချာပါပဲ ကျမ တို့နှစ်ဦးကြားက ခပ်ရေးရေး တားထားခဲ့ပြီးသား စည်းလေးတစ်ကြောင်း အခိုင်အမာ ခွဲခြားပေးခဲ့တဲ့နေ့ ကို ကံကြမ္မာက အသေအချာကို သတ်မှတ်ပေးခဲ့ပါတယ်..... ။
နောက်ဆုံး ခွဲခွာခဲ့ကြတဲ့နေ့တုန်းက ပေါ့.... သူ ကျမ ကို အပြုံးလေးတစ်ချက်နဲ့ပဲ မျက်ဝန်းလေးတွေက တစ်ဆင့် နှုတ်ဆက် ခဲ့ပါတယ် ....။ သူ့အပြုံးတွေထဲမှာ ကြေကွဲရိပ်တွေ ထင်ဟပ်နေခဲ့တော့ ကျမရင်တွေ အတိုင်းအဆမဲ့ နာကျင်ခဲ့ရပြန်တယ်..။
ကျမဘယ်တော့မှ မေ့လို့မရခဲ့သေးပါဘူးကွယ် ....။ ဘာပဲဖြစ်ဖြစ် ကျမ ရဲ့ ကြေကွဲမှုတွေအတွက် ကျေနပ်စွာ ခံယူလိုက်တယ် ....။
ဒီနေ့လည်း နှင်းမိုးတွေရွာနေပြန်တယ် .... အဲဒါလဲ စက်တင်ဘာ ပဲလေ.... နူးညံ့ညင်သာတဲ့ ခြေလှမ်းတွေနဲ့ အတူ နှလုံးသားတစ်လုံးကို ပြောင်းဆန်အောင် လှုပ်ခတ်စေခဲ့တာ .......အဲဒါလည်းစက်တင်ဘာပါပဲ..။ အပြုံးလေးတစ်ချက်နဲ့ တစ်သက်တာလုံးအတွက် အမှတ်တရတွေ ရရှိခဲ့ဖူးတာ ..... အော် .... အဲဒါလည်း စက်တင်ဘာပဲလေ .....။
ကျမ စက်တင်ဘာဆိုရင် အရမ်းကြောက်တယ် .... အို .... ဘာလို့ကြောက်ရမှာလည်း စက်တင်ဘာဆိုတာ ကျမ တန်ဖိုးထားရမယ့် အရာ ..... ဘယ်တော့မှ မမေ့ကောင်းတဲ့ နှလုံးသားရဲ့ ပြတိုက်တစ်နေရာလေ ....။
နှလုံးသား နဲ့ ဘ၀တစ်ခုလုံး ပြတ်သားစွာဆုံးဖြတ်ရဲခဲ့တာ ကျမ ကျေနပ်ဂုဏ်ယူရမှာပေါ့ ....။

အထီးကျန်ဆန်လွန်းခဲ့တဲ့ အဲဒီ့နေ့ရက်တစ်ချို့တစ်လေမှာတောင် ကျမရဲ့စိတ်ပြဌါန်းမှုတိုင်းက သူ ဆိုတဲ့လူတစ်ယောက်နဲ့ ပတ်သတ်လာရင် အရာရာတိုင်းက လေးနက်လှပလို့နေခဲ့ပြန်တဲ့အခါ ကျမ ရဲ့
ကြေကွဲမှု ရှိုက်သံတစ်ချို့ကလေည်း နုညံ့သက်ဝင်လို့ ....နေခဲ့တယ်....။


သူနဲ့ ဝေးသွားခဲ့တဲ့နေ့ရက်တွေမှာ ကျမအနားကနေ ရုတ်တရက်ပျောက်သွားခဲ့တဲ့ ပုံရိပ်တစ်ခုကို ရှာဖွေရင်း အလွမ်းသီချင်းလေးတွေကို စတင်ခံစားတက်လာခဲ့တယ် .....။
ကျမအနားက သူမရှိတော့တဲ့အခါ ... ပုံမှန်ဖြတ်လျှောက်နေကြ ကျမတို့ ဌါန ဘေးက ချယ်ရီပင်တန်းလေးတွေ အစီအရီ ရှိနေတဲ့ မြေနီနီလမ်းကျဉ်းလေးကိုပဲ လှမ်းမျှော်ကြည့်ရင်း အလွမ်းကဗျာတွေ ရေးခြင်း အတက်ကို အဲဒီ့နေ့ရက်တွေက စလို့ ကျမ ကျွမ်းကျင်စွာ တက်မြောက်လာခဲ့ပါတယ် .....။
ကျမပတ်ဝန်းကျင်မှာ သူမရှိတော့တဲ့ နေ့ရက်လေးတွေကစပြီး အဆောင်ရှေ့က နံမည် ခေါ်သံနဲ့အတူ ဧည့်သည်ရောက်နေတယ်ဆိုတဲ့ ခေါ်သံကြားတိုင်း သူများဖြစ်လေမလားလို့ အမြဲမျှော်လင့်ခဲ့ရင်း
ကိုယ့်ရဲ့ ပွင့်လင်းတက်တဲ့ စိတ်ရင်းအမှန်တွေကလည်း မြိုသိပ်ခြင်းတွေနဲ့အတူအလိုလို လွင့်စင်ပျောက်ကွယ်သွားခဲ့ပြန်ပါတယ် ....။
သူကိုယ့်ကို ရုတ်တရက်မေးခဲ့ဘူတဲ့ စကားလေးတစ်ခွန်းက ဘ၀ မှာ တန်ဖိုးအထားဆုံးနဲ့ အမြတ်နိုးဆုံးအရာက ဘာများဖြစ်မလဲတဲ့ .....။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ သူ့ရင်ထဲက အဖြေနဲ့ ကိုယ့်ဆန္ဒတွေ တစ်ထပ်တည်းကျခဲ့တဲ့ အဲ့ဒီအဖြေလေးအတွက် ကျမ ကိုယ်တိုင်လည်းနှစ်သက် မြတ်နိုးမိပြန်ပါရဲ့.....။
ဘ၀မှာ ကျမ တို့နှစ်ယောက်အတွက် တန်ဖိုးအထားဆုံးအရာက ဘာများဖြစ်နိုင်ပါဦးမလဲနော် .....။ သူပြောသွားခဲ့တဲ့ အမြတ်နိုးဆုံးအရာထဲက ဘ၀မှာ ဘယ်တော့မှ ဆုံဆည်းခွင့်မရတော့တဲ့ ရင်ဘတ်ထဲက ကောင်မလေး တစ်ယောက်တဲ့ ..... ကျမ ဖြစ်ခွင့်ရတယ် ဆိုရင်ပဲ ရောင့်ရဲကျေနပ်ရမှာပေါ့ ......။
စက်တင်ဘာတွေ တစ်ရစ်ပြီး တစ်ရစ် နဲ့ သက္ကရာဇ်တွေသာ တိုးတိုးလာတယ် ရင်ထဲက အလေးနက်ဆုံးအရာတွေအားလုံးကတော့ ဘယ့်အတွက်ကြောင့်မှ မဟောင်းနွမ်းခဲ့သေးတာလဲ အသေအချာပါကွယ် ....။

အစွဲအလန်း ကြီးသူတစ်ယောက်အတွက် ရင်ဘတ်ထဲက ဝေဒနာ တစ်ခုကို အစားထိုးကုသဖို့ဆိုတာလည်း ထင်သလောက် မရင့်ကျက်သေးတော့ အထိကလဲနာကျင် ...ကျမ ရဲ့ ချစ်တက်တဲ့ နှလုံးသားတစ်ခုလုံးကလဲ အဆုံးထိကြေကွဲ အို .... အဆုံးထိအောင် ... အလိုက်သိ လိမ္မာမိကြတဲ့ သစ္စာတရားတွေကပါ ကျမ နှလုံးသားတစ်ခု လုံးကို အထပ်ထပ်နာကျင် စေခဲ့ပါတယ်............။


( တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ ဆုံဆည်းခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ကြိမ်တစ်ခါပဲရှိတယ်ဆိုရင် ကိုယ်အမှန်တစ်ကယ် ချစ်ခဲ့မိသူတစ်ယောက်ကိုတော့ ချစ်တယ် လို့ ပြောခဲ့ကြပါ နော်.........။
စစ်မှန်စွာချစ်ကြသူတိုင်း ပျော်ရွှင်စွာဆုံဆည်းနိုင်ကြပါစေလို့ တောင်းဆုပြုပါတယ် .........။ကျမ ရဲ့ နှလုံးသားတစ်ခုလုံးနဲ့ သီကုံးထားသော စာလုံးတိုင်းကို စိတ်ရှည်သီးခံစွာဖြင့် မျှဝေခံစား ဖတ်ရှုပေးကြသူများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်မိပါတယ် .....အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါသော် ကျမ နှင်းဟေမာ ၏ ညံ့ဖျင်းမှုသာဖြစ်ပါတယ် .... အားလုံးပဲနားလည်ခွင့်လွှတ်ပေးကြပါစေလို့ ဆန္ဒပြုရင်း.... )


အားလုံးကို ချစ်ခင်လေးစားတဲ့

နှင်းဟေမာ
12 Sep 2009 ( 2:45 AM )

18 comments:

စူး said...

ဒီတစ်ခါ တော့ ကျမ နှလုံးသားရဲ့ အမှတ်မရှိမှုနဲ့ သစ္စာစောင့်သိမှုတွေအတွက် မလေးစားပဲ မနေနိုင်တော့...

ညီမရယ်... ဒီဝတ္တုလေးက အမကိုလဲ ကိုင်လှုပ်သွားတယ်..
အရမ်းကိုခံစားပီးဖတ်သွားပါတယ်..။ ညီမ အရမ်းရှည်နေတော့ အပိုင်းလေး ၂ပိုင်းလောက်ခွဲပီး ပြန်တင်ပါလား..ညီမ ..။ အကြံပေးတာပါ။စာဖတ်သူတွေက သိပ်ရှည်ရင် ဖတ်ရတာ ပျင်းတယ်တဲ့ အမကိုလဲ ဘလော့ရေးတဲ့အမကြီးတယောက် ပြောလို့...။

အမဘလော့လည်း ခဏပိတ်ထားတယ်ညီမရေ.. ပြန်ဖွင့်တဲ့ အချိန်ကျရင် အသစ်တွေနဲ့ ပြန်ဖွင့်မှာမို့ပါ..။

မယ့်ကိုး said...

ညီမလေးရေ..ကောင်းလိုက်တာ။ စကားလုံးတစ်လုံးချင်းစီ စာကြောင်းတစ်ကြောင်းချင်းစီက ဆွဲဆောင်မှုရှိလိုက်တာ။

အပေါ်က မစူးပြောတာလည်း ဟုတ်ပါတယ်။ တစ်ချို့တွေအတွက်ပေါ့။

အစ်မတော့ မနက်စောစောစီးစီးဒီလို စာကောင်းလေးဖတ်ရတာ သိပ်အားရကျေနပ်သွားတာပဲ။ခံစားရတယ်ညီမလေးရေ...

ဝက်ဝံလေး said...

ည အိပ်လို့မရလို့ ဘလော့ဂ်လိုက်လည် ဖတ်နေတာ နှင်းရေ ဖတ်ရတာ ရင်ထဲမှာ နွေးခနဲ ဖြစ်သွားတယ် ဘာလို့လဲမသိဘူး လှိုက်ခနဲ တခုခုကို သတိရသလိုပဲ ဘာမှလဲမဟုတ်ပါဘူး နှင်းရယ် စက်တင်ဘာက ညီမ့အတွက်တော့ အမှတ်တရပေါ့ ညီမ့ကို မွေးပေးတဲ့လ လေးပါ ရိုးစင်းပါတယ် ညီမ့အတွက်ကတော့

ကဲ နှင်းရေ ပြန်တော့မယ်နော် ပြန်လည် ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းရင်းးးးးး

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်း..

မိုးတွေ ရွာတဲ့ နေ့တွေ မှာ... လဘက်ရည် ပေါ့ကျ လေး တစ်ခွက်လောက် ကြိုးစားပြီး သောက်ကြည့်ပါလား နှင်း..

ဒီ ပိုစ့်လေးကို ဖတ်ပြီး ရင်ထဲမှာ တမျိုးကြီးပဲ..



ခင်မင်စွာဖြင့်
ကိုမျိုး

Yu Ya said...

မနှင်းရေ... တစ်ပုဒ်လုံး Non-Stop ဖတ်လိုက်တယ်ဗျ။ အခုတော့ ရင်ထဲမှာ ဘာညာဘာညာနဲ့။

လူတိုင်းကို Happy Ending လေးတွေဖြစ်စေချင်တာပါ။

ကိုယ်အမှန်တကယ် ချစ်ခဲ့မိသူတစ်ယောက်ကို ချစ်တယ်လို့ ပြောဖို့ အကောင်းဆုံး ရဲ့ ၀ံ့ပေးလိုက်တာဟာ တစ်ဘ၀လုံးအတွက် ကျေနပ်ပီတိ ဖြစ်နေကြရမှပါ။

yu ya

တလနွန် said...

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ ဆုံဆည်းခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ကြိမ်တစ်ခါပဲရှိတယ်ဆိုရင် ကိုယ်အမှန်တစ်ကယ် ချစ်ခဲ့မိသူတစ်ယောက်ကိုတော့ ချစ်တယ် လို့ ပြောခဲ့ကြပါ နော်.........

ရင်ထဲကို ပြင်းပြင်းရှရှထိမိခဲ့တဲ့စကားလုံးပါပဲ။

ပထမဦးဆုံး ဒီအိမ်ကို ရောက်ဖူးပေမဲ့ ဒီစာရှည်ကို ဆုံးအောင်ကို ဖတ်ဖြစ်သွားပါတယ်။ စာကောင်းလေး ဖတ်ရတဲ့အတွက် ဝမ်းသာမိတယ်

konyi said...

နှလုံးသားနဲ့ သီကုံးထားတဲ့ စာသားတွေအားလုံးကို မျှ ဝေခံစားသွားပါတယ်နော်။(ထပ်တူပေါ့ )
အချစ်ဆိုတာကလဲ အရမ်းဆန်းကြယ်တဲ့အရာတစ်ခုလို့တော့ တွေးမိပါတယ်..
မောင်လှမျိုး(ချင်းချောင်းခြံ)နဲ့ အမျိုးတော်လားမသိဘူးနော်။
( တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ ဆုံဆည်းခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ကြိမ်တစ်ခါပဲရှိတယ်ဆိုရင်
ကိုယ်အမှန်တစ်ကယ် ချစ်ခဲ့မိသူတစ်ယောက်ကိုတော့ ချစ်တယ် လို့ ပြောခဲ့ကြပါ နော်.........။)
အဲဒါကြီးကတော့ မှိုင်းဝါဒလို့ ခံယူတယ်..သဘောမတူချင်ဘူး..
ဘာလို့လဲဆိုတော့ ကိုယ်ကချစ်တာတော့ဟုတ်ပါတယ်..သူက ပြန်မချစ်နိုင်လောက်ဘူးဆိုရင်
အန်တီနှင်းလို့ အလွမ်းတွေခံစားပြီး ကလောင်ထိပ်က စာသားတွေ စီးလာမှာကြောက်တယ်..
ပျော်ရွင်ပါစေ အန်တီနှင်း

ပန်းရင့်ရောင် said...

နှင်းရေ
ရေးတာလည်းအရမ်းကောင်းတယ်။
ကျွန်မတောင် ပြန်သတိရသွားတယ်။(ငယငယ်တုန်းကကို)
ကျွန်မလည်း တစ်ချိန်က ရူးသွပ်ဖူးသူမို့ တကယ်အပီအပြင်ခံစားရတယ်။
ခုလည်း ရူးသွပ်ဆဲ အဟဲ။
သယ်ရင်းလေး ပျော်ရွှင်ပါစေ။
နှင်းရဲ့ ပန်း
ပန်းရင့်ရောင်

မိုးစက်အိမ် said...

အရေးအသားတွေက သိမ်.မွေ.တယ် ... အချစ်အတွက်
ကံမကောင်းခဲ.တာသိရတော. စိတ်မကောင်းဘူးဗျာ ...
အမှန်တစ်ကယ် ချစ်ခဲ့မိသူတစ်ယောက်ကိုတော့ ချစ်တယ် လို့ ပြောခဲ့ကြပါ ဆိုတဲ.စာသားလေးကတော.ဗျာ ရင်ထဲမှာ
ဘာညာ ဘာညာတောင်ဖြစ်သွားရတယ် ... :)
အချစ်အတွက် ကံကောင်းနိုင်ပါစေဗျာ

နွေဆူးလင်္ကာ said...

ကျနော်လည်း ကိုယ်အမှန်တကယ် ချစ်ခဲ့သူတစ်ယောက်ကို ချစ်တယ်လို့ ပြောချင်ခဲ့တာပါ။ ဒါပေမယ့် ... ... ထားလိုက်ပါတော့။ အချစ်ဆိုတာ ကျနော့်ဘ၀ထဲကို တစ်ဘ၀စာ နောက်ကျပြီးမှ ရောက်လာခဲ့တယ်လေ ...

ဆောင်းယွန်းလ said...

ခံစားချက်အစစ်အမှန်တွေက ရင်ဘတ်ထဲကရိုးသားစွာပွင့်ကျလာလို့နဲ့တူတယ်
ဖတ်လို့ကောင်းလိုက်တာညီမလေးရေ

”အဲလိုပါပဲ ..... သူ့ ကို ချစ်မိခဲ့တဲ့ အချိန်က စပြီး ဆိုပါတော့ ပိုင်ဆိုင်ရမှာက နှောင်ကြိုးတစ်ချောင်း ကျမ တစ်ကယ်ဆုံးရှုံးသွားခဲ့တာက ကမ္ဘာကြီးတစ်ခုလုံးပါပဲလေ” ဆိုတဲ့ရင်ထဲကဖွင့်ဟချက်လေးကိုကြိုက်တယ်ညီမလေး

သြော်..စက်တင်ဘာအလွမ်းမိုးတွေသည်းနေတာကိုလည်းမြင်
လိုက်ရပါတယ်

yangonthar said...

အချစ်က မွေးဖွားပေးလိုက်တဲ့ စကားလုံးလေး တွေတိုင်းက အင်မတန် လှပသလို အလွမ်း
ငွေ့ တွေ ဝေဝေ နေတတ်တော့တာပဲ .... စက် တင်ဘာ ဆောင်းနဲ့ အတူ သီထားတဲ့  အလွမ်း တေးလေးတစ်ပုဒ်ပါ ....
အချစ်ဟာ မရရှိခင်မှာ ရှိန်းသက်ချိုမြ ရင်ခုန်ရပါတယ် ချစ်နေမိပြီးလို့  သိတဲ့အချိန်ကစပြီး ရှိန်းရာက ပူလာပါတယ် နောက်တော့ လောင်မြိုက်ရတာပေါ့ ... အလွမ်း ငွေ့ တွေက ရင်ထဲက လှိုက်အူပြီးထွက်လာရတယ် ကောင်းတယ်မနှင်းရေ ကောင်းလှပါတယ် အရေးအသားလေးတွေ က စာရေးသူနဲ့ ထပ် တူ လွမ်းသွား ဆွေးသွားအောင် စွဲဆောင်မှု အားကောင်းနေပါတယ်ဗျာ
ကျေးဇူး
ခင်မင်လျှက်
ရန်ကုန်သား

ရွှေပြည်သူ (ShwePyiThu) said...

သေချာခံစားပြီး ဖတ်သွားပါတယ် ညီမလေးရေ။ “တစ်ကယ်တော့ အချစ်ဆိုတာ ကျမတို့ နှစ်ယောက်လုံး အတွက်တော့ ဘ၀တွေ မဟုတ်ခဲ့ကြ ပြန်ဘူးလေ....။” ဆိုတာလေးကို သိပ်ကြိုက်မိပါတယ်။ နာကျင်မှုတွေနဲ့ ကင်းဝေးပါစေ နှင်းရေ...

Unknown said...

မျှဝေခံစားပေးကြသော ကျမရဲ့ မောင်နှမ အားလုံးကို အရမ်းပဲ ကျေးဇူးတင်မိပါတယ်.....အကြံကောင်းလေးပေးသွားတဲ့ မမစူး နဲ့ မမကိုး ရေ... အရမ်း ကျေးဇူးတင်ပါတယ်နော် ... မစိစစ်ပဲ တပြိုင်တည်း တင်လိုက်မိတာ စာတွေအရမ်းများသွားတယ်.... အဲဒီ့ အတွက် စာဖတ်သူများ ငြီးငွေ့သွားကြတယ်ဆိုရင် အနူးအညွတ် တောင်းပန်ပါတယ်ရှင့် ...။
အားလုံးကို ချစ်ခင်လေးစားတဲ့
နှင်းဟေမာ

ကြည်ဖြူပိုင် said...

ဘလော့ဂ်ဖြတ်ထားလို့ဘယ်မှ မသွားဖြစ်အောင်ချုပ်ထိန်းနေတာ..
ဒီနေ့တော့ တိတ်တိတ်လေးအိမ်လည်လိုက်တယ်
အရမ်းကောင်းတဲ့စာလေးနဲ့တိုးတယ်
စာအရေးသားတွေအရမ်းတိုးတက်လာတယ်နော်
ညက်နေတာပဲ
ရင်ထဲကခံစားချက်ပါရင်စာရေးတာပိုညက်တတ်တယ်။
တကယ့်အဖြစ်လေးများလားဟင်

emayarKhin said...

ညီမငယ်ရေ...အရေးအသားကောင်းကောင်းနဲ့
ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတပုဒ်ပါပဲ.......
ခံစားချက်တွေလဲပါတယ်..ထင်ပါ့....
အမရာကတော့..ချစ်သူတိုင်းကိုပျော်စေချင်သူ
ပါကွယ်.....ချစ်တဲ့သူနဲ့ဆုံဆည်းနိုင်ပါစေလို့...
ဆန္ဒပြုရင်းးး.....

mysterysnow said...

နှင်းရေ
ဘဝမှာ ဒီလို အဖြစ်မျိုးကို တစ်ခါလောက်တော့ ကြုံရစမြဲပါ...
နုနယ်တဲ့အရွယ်မှာဆိုတော့ ခံစားချက်တွေနုနယ်ခဲ့သလို ဆုံးဖြတ်ချက်တွေလဲ မပြတ်သားကြဘူးလေ...
တကယ်ဆို တွေဝေခြင်းက ဆုံးရှုံးခြင်းကို အစပျိုးခဲ့တာပါ....
နောက်ဆုံးရတာက နောင်တနဲ့
အလွမ်းလှလှလေးတွေလေ...
ခုတော့ ညီမလေးရဲ့ ဇာတ်လမ်းလေးကို သေသေချာချာ ခံစားသွားပါတယ်...

နှင်းနဲ့မာယာ

Unknown said...

ထပ်တူခံစားမိပါတယ်

မနှင်းဟေမာ....

လက်ရှိတော့ ကြေကွဲနေ့ညတွေကို ဖြတ်သန်းရတုန်းပါပဲ...

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...