စင်္ကာပူကျွန်းတွင်မှီတင်း နေထိုင်ကြသော ရွှေမြန်မာ ညီအစ်ကို၊ မောင်နှမ အားလုံးတို့အား ရိုသေလေးစားစွာဖြင့် ၀မ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည် ။
အမျိုး ၊ ဘာသာ၊ သာသနာ နှင့် မြန်မာ့ ယဉ်ကျေးမှု ရိုးရာအမွေအနှစ်များ မပျောက်ပျက်စေရန် ထိန်းသိမ်း စောင့်ရှောက်လျှက်ရှိသော စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်ဘုရားများနှင့် ကော်မတီဝင်များ၊ အလှူရှင်၊ စေတနာရှင်၊ အနုပညာဝါသနာရှင် လူကြီး ၊ လူငယ်များ စုပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ လာမည့် ( ၂၁-၁၁-၂၀၁၀ ) တနင်္ဂနွေနေ့တွင် ဆမ်ဘာဝမ်း တန်ဆောင်တိုင်ပွဲတော်ကြီးကို ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်းအနီးရှိ Semberwang Park (ဆမ်ဘာဝမ်းပန်းခြံ) ၌ နံနက်( ၉း၃၀) မှ ညနေ( ၅း၀၀) နာရီ တိတိအချိန်အထိ အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်...။
အခမ်းအနား အစီစဉ်များ
နံနက်ပိုင်းအစီအစဉ်
နံနက် ၉း ၃၀ တိတိအချိန်တွင် ရိုးရာ တန်ဆောင်တိုင် ပွဲတော်ကို ဓမ္မဥယျာဉ်ကျောင်းဆရာတော်များ ၊ စတုဒီသာအလှူရှင်များ၊ ကထိန်သင်္ကန်း အလှူရှင်များ နှင့် အနုပညာရှင် ညီအစ်ကို မောင်နှစ်မများမှ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး စင်္ကာပူနိုင်ငံမှ ၀ါသနာရှင် အနုပညာမောင်နှမများနှင့်အတူ နန်းတော်ရှေ့ဆရာတင်၏ မြေးများဖြစ်ကြသော မင်းသား နန်းဝင်း နှင့် မင်းသမီး နန်းခင်မွှေး တို့မှ မြန်မာတေးသီချင်များ ၊ တေးသရုပ်ဖော် အကအလှများဖြင့် စတင်၍ ဖျော်ဖြေတင်ဆက်ပါမည်...။
နေ့လည်ပိုင်းအစီအစဉ်
နေ့လယ်ပိုင်း အချိန်တွင် - “မန္တလေးသားစစ်စစ်ကြီး” ပြဇာတ်ဖြင့် နံမည်ကျော်ကြား လူကြိုက်များခဲ့သော မန်းရွှေမြို့တော်မှ - ဟာသလူရွှင်တော်ကြီး ဦးချစ်စရာ ရေးသားတင်ဆက်မည့် ""ကျီးမနိုးပွဲ" အမည်ရ အော်ပဒါ ဖြင့်လည်းကောင်း ၊
- နန်းတော်ရှေ့ဆရာတင်၏ မြေးများဖြစ်ကြသော မင်းသား-နန်းဝင်း နှင့် မင်းသမီး နန်းခင်မွှေး တို့မှ (နန်းတော်ရှေ့ဆရာတင် ကိုယ်တိုင်ရေးစပ်သီကုံးခဲ့သော အနုပညာလက်ရာသီချင်းများနှင့်အတူ) ကပြဖျော်ဖြေမည့် အငြိမ့်ခန်း တို့ဖြင့်လည်းကောင်း ကထိန်ပွဲလာ ရွှေမြန်မာ ပရိတ်သတ်များအား ယခင်နှစ်များနှင့်မတူ - တမူထူးခြားစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည် ။
ညနေပိုင်းအစီအစဉ်
ညနေပိုင်းအချိန်တွင် မင်းသားနန်းဝင်း (နန်းတော်ရှေ့ဆရာတင်၏မြေး)ကိုယ်တိုင် ရေးသား တင်ဆက်မည့် ကထိန်သင်္ကန်းလှူဒါန်းရသောအကျိုးသွား ဇာတ်တော်လာ ပြဇာတ်ကို တန်ဆောင်တိုင်ပွဲတော်လာ ရွှေမြန်မာပရိတ်သတ်များ ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် ဟာသများစွာ ပေါင်းစပ်ကာဖြင့် ခေတ်နှင့် လျှော်ညီစွာ တင်ဆက်ကပြသွားမည် ဖြစ်ပါသည်...။
တစ်မူထူးခြား၍ မန္ထလေးမြို့ကျက်သရေဆောင် မင်းသားနန်းဝင်း ၊ မင်းသမီး နန်းခင်မွှေး ၊ ဟာသ လူရွှင်တော်ကြီး ဦးချစ်စရာတို့နှင့်အတူ နိုင်ငံကျော်ရွှေတံဆိတ်ဆုရှင် ဖိုးသင်္ကြန် မှ စင်္ကာပူနိုင်ငံရောက် အနုပညာရှင်များနှင့် တွဲဖက်ကာ မြန်မာ့ဆိုင်းပညာဖြင့် ကူညီပံ့ပိုးတီးခတ် သွားမည်ဖြစ်ပါသည်....။
ကထိန်ပွဲသို့ ကြွရောက်လာကြသော ရွှေမြန်မာ ညီအစ်ကို ၊ မောင်နှမများကို ဓမ္မဥယျာဉ်ကျောင်း စတုဒိသာ အလှူရှင်မိသားစုများမှ - မြန်မာ့ရိုးရာ စတုဒိသာ မြန်မာမုန့်များဖြင့် (အခမဲ့) တစ်နေ့တာလုံး တည်ခင်း ဧည့်ခံကျွေးမွေးကြမည် ဖြစ်ပါကြောင်းကို ရိုသေလေးစားစွာဖြင့် သတင်းကောင်း ပါးအပ်ပါသည် ...။
သို့ဖြစ်ပါ၍ မြန်မာတို့၏ အမျိုး ၊ ဘာသာ သာသနာနှင့် ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုးစွာ တန်ဖိုးထား စောင့်ရှောက် ထိန်းသိမ်း ကြသော မြန်မာပြည်ဖွား မြန်မာနိုင်ငံသား အားလုံးတို့အနေဖြင့်-
ယခုလာမည့် တန်ဆောင်မုန်းလပြည့် (၂၁-၁၁-၂၀၁၀) တနင်္ဂနွေနေ့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် ဓမ္မဥယျာဉ် မဟာဘုံကထိန်- တန်ဆောင်တိုင် ပွဲတော်ကြီးသို့ လာရောက်ကာ တစ်နှစ်တစ်ခါ ထူးခြားမွန်မြတ်စွာ ဆက်ကပ်ရသော ကထိန်သင်္ကန်းများ လှူဒါန်းကြရင်း ၊ မြန်မာအလွမ်းပြေ စတုဒိသာ မုန့်ပဲသရေစာများကို မြိန်ယှက်စွာ စားသုံးရင်း ၊ ကြုံတောင့်ကြုံခဲလှစွာသော မြန်မာ့ရိုးရာ အနုပညာစစ်စစ်များကို ခံစား ကြည့်ရှုနိုင်ကြရန် အတွက် ရိုသေလေးစားစွာဖြင့် သတင်းကောင်း ပါးလိုက်ပါတယ် ....။
တန်ဆောင်တိုင်ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုး လိုသူများအနေဖြင့်လည်း အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ တိုက်ရိုက်ဆက်သွယ်၍ ကူညီလှူဒါန်းနိုင်ကြပါကြောင်းလည်း ရိုသေလေးစားစွာဖြင့် ထပ်မံ၍ သတင်းကောင်း ပါးလိုက်ပါတယ် ...။
ဓမ္မဥယျာဉ်ကျောင်းကော်မတီ - +65 64055322 / 98595661 / 97341415 / 91692235
ကိုဌေးဝင်း - +65 96666793
ဦးမြင့်စန်း - +65 92954247
ကိုအောင်ကျော်မြင့် - +65 98301562
အားလုံးကိုချစ်ခင်လေးစားလျှက်-
နှင်းဟေမာ
(28-10-2010) 2:47 pm
6 comments:
လူများတော့ ပျော်ဖို့ကောင်းမှာ အသေအချာပဲ
ညီမလေးရေ။
ပျော်စရာကောင်းမှာနော်၊ အစီအစဉ်တွေက အများကြီးပါလား
စတုဒိသာ ပိုစားပြီး ပိုလည်ခဲ့..။ တရားပွဲအတွက်လည်း ကြိုတင် သာဓုခေါ်ခဲ့ပါတယ်..
အစီအစဉ်တွေ ကောင်းလှချည်လား။
အဲဒီကို ပြောင်းလာရမလိုဖြစ်နေပြီ...။
ဒီမှာ ရှိပေမယ့် တခါမှ မရောက်ဖူးဘူးရယ်... ဆမ်ဘာဝမ်ကျောင်းကို.. သတင်းလေးအတွက်ကျေးဇူး...း)
အမ ကြော်ငြာ လေးကို share ဖို့ copy ကူးသွားပါတယ်။
အမ ကြော်ငြာလေးကို share ဖို့ copy ကူးသွားပါတယ်။
Post a Comment