Monday, September 27, 2010

ရင်နင့်အောင်မွှေး


အဲဒီ့အဖြူရောင် သစ္စာပန်းလှလှတွေကိုသာ ကျတော် မချစ်တတ်ခဲ့ဘူးဆိုရင် . .... သာယာငြိမ့်ညောင်းလှတဲ့ အဲဒီ မြန်မာတေးသွားလေးတစ်ပုဒ်ကိုသာ ကျတော် နားဆင်ခံစားခွင့်မရခဲ့ဘူးဆိုရင် ..... လေးနက်တောက်ပတဲ့ အဲဒီ့မျက်ဝန်းနက် တစ်စုံနဲ့  ကျတော် ဆုံတွေ့ခွင့် မရခဲ့ဘူးဆိုရင် ....အဲဒီနေ့က ....နှလုံးသားရှိတဲ့ အရပ်တစ်နေရာကိုသာ ကျတော် ရောက်မသွားခဲ့ဘူးဆိုရင်ပေါ့ ....ကျတော့ ရဲ့ဘ၀တစ်ခုလုံးကလည်း အခုလောက်ထိတော့ အကြီးအကျယ် ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါ ....။

....ရန်နောင်......


တိတ်ဆိတ်ငြိမ်သက်လွန်းသော....ထင်းရှူးမြေရဲ့ခြံဝန်းလေးအတွင်းက .....
ကဗျာဆန်ဆန်လှပသေသပ်တဲ့ တစ်ထပ်တိုက်အဆောက်အဦးလေးမှာ ခရမ်းရောင်စာလုံးဖြင့်ရေးထားသော ဆိုင်းပုဒ်တစ်ခုကို ချိတ်ဆွဲထားသည် ....။

သစ္စာမြေ ..... 

ခြံရှေ့မျက်နှာစာမှာတော့ သစ္စာပန်း(သို့မဟုတ်) တစ်ချို့က စစ္စပန်း လို့ခေါ်တဲ့ တောင်ပေါ်မြို့ရဲ့ရာသီဥတုနဲ့မှ လှပစွာ ရှင်သန်သောပန်းခင်းကြီးက ထိုအဆောက်အဦးရှေ့မျက်နှာစာမှာ ဝေေ၀ဆာဆာဖူးပွင့်လို့နေကြသည်...။

ရိုးတံရှည်ရှည်စိမ်းညို့ညို့ရှိပြီး သူ့ရဲ့ပွင့်ဖတ်လေးတွေကတော့ ပန်းခရမ်းရောင် လေးတွေဖြစ်တဲ့အတွက် ကျတော် ထိုပန်းခင်းကို ကြည့်ပြီး စိတ်ကြည်နူးလန်းဆန်းမှုကို ရလိုက်ပါသည်...။
အုတ်နီခဲလေးတွေကို သဘာဝအတိုင်း စနစ်တကျသေသပ်စွာခင်းထားတဲ့ လမ်းသွယ်လေးရဲ့ တစ်ဘက်မှာတော့  ထင်းရှူးရိပ်တွေရှိနေပြီး စက်ဘီးလေးတွေ ၊ ဆိုင်ကယ်လေးတွေ ... ဂျစ်ကားလေးတွေ နဲ့ ပြိုင်ကားလှလှလေးတွေက နေရာယူလို့ထားသည်။

လူငယ်တွေတော်တော်များများ ၀င်ထွက်သွားလာပုံရသည့် ခြံဝန်းလေး၏ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးတဲ့နောက်.... ကျတော့်အနေနဲ့ အဆောက်အဦးထဲကို ၀င်သွားရမလား ... ရှေ့ကနေပဲ မယောင်မလည် စောင့်နေရရင် ကောင်းမလားလို့တွေးနေဆဲ .....

“မင်္ဂလာပါရှင် .... သစ္စာမြေက ကြိုဆိုပါတယ် .... ဘာများကူညီပေးရပါမလဲ ”

အသက် ၂၅နှစ်အရွယ်လောက်သာရှိဦးမည့် အမျိုးသမီးငယ်တစ်ဦးက ကျနော့ကို ထွက်၍ဆီးကြိုနှုတ်ဆက်လိုက်ပါသည် ...။

အထက်အောက်ဆင်တူ ခရမ်းရောင်မြန်မာဝတ်စုံကိုဝတ်ဆင်ထားသော  သူမ၏ပုံစံအရ ...သစ္စာမြေ ...ဟူသော နေရာလေးကို ကျနော်ပို၍ပင် စိတ်ဝင်စားသွားမိသည်။

“မင်္ဂလာပါ ညီမ ... လို့ ကျနော်ကလဲ ပြန်လည်နှုတ်ဆက်ပြုံးပြလိုက်ရင်း ... စိုင်းကျော်စွာဆိုတဲ့ နံမည်နဲ့ ဒီမှာ ၀န်ထမ်းတစ်ယောက်များ ရှိပါသလား ခင်ဗျာ ... ” လို့ ကျနော်က မေးလိုက်တော့ ...

“ဟုတ်ကဲ့ရှင့် ရှိပါတယ်ရှင် ...အတွင်းက ဧည့်ခန်းဆောင်မှာ စောင့်လို့ရပါတယ် ... ကျမ အတန်းချိန်တွေကို check  လုပ်ပြီး အကြောင်းကြားပေးထားပါ့မယ် ... ”

“ဟုတ်ကဲ့ ကျေးဇူးပါ ညီမ.... ” လို့ ပြောရင်း သူမဦးဆောင်ခေါ်သွားရာ အဆောက်အဦးနောက်ကို ကျနော်
ဝင်ခဲ့လိုက်ပါသည်...။

ထိုဧည့်ခန်းမဆောင်ထဲကို ကျတော်ခြေချလိုက်တယ် ဆိုရင်ပဲ ....ကျနော်သိပ်ကြိုက်သည့် နိုင်ငံခြား နှင်းဆီရနံ့တွေက ဧည့်ခန်းဆောင်တစ်ခုလုံးမှာ မွှေးကြိုင်သင်းပျံ့လို့နေပါသည်။

နောက်ပြီးတော့ ....ဧည့်ခန်းဆောင် တစ်ခုလုံးမှာလည်း ခရမ်းနုရောင်တွေက နေရာယူထားပြီး ကျနော် ဘယ်လိုမှ ထင်မှတ်မထားသည့် မြင်ကွင်းအောက်မှာ တွေ့လိုက်ရသည်က ခမ်းနားသပ်ရပ်စွာ ခင်းကျင်းထားသော ဧည့်ခန်းဆောင်ထဲမှာ ကျတော်အရမ်းနှစ်သက်မိသော အဖြူရောင်နှင်းဆီပန်း စစ်စစ်တွေ.....။
ကျတော် အံ့သြစွာငေးမောမိရင်း ....မဆီမဆိုင်လို့ပဲပြောရမလား .... ခရမ်းရောင် သိပ်ကြိုက်သော .... အဖြူရောင်နှင်းဆီပန်းတွေကို သိပ်ချစ်တတ်သော ... တစ်ချိန်က ကျတော့်ချစ်သူ ကောင်မလေးကို  တမ်းတမ်းတတ သတိရလိုက်မိပါသည် ...။

ကျတော် အတွေးတစ်ချို့ဖြင့် ငေးမောနေဆဲ ......

“အစ်ကို ... ဆရာ ဦးစိုင်းကျော်စွာက နောက်တစ်နာရီလောက်မှ အတန်းချိန် ပြီးပါမယ်... လို့ ထိုဝန်ထမ်း အမျိုးသမီးလေးက လာပြောတော့ စောင့်ရမည့်အချိန်အတွက် ကျတော် ဘာလုပ်ရမှန်း မသိဖြစ်သွားရင်း ....

“အော် ဟုတ်လား ညီမ ... ရပါတယ် ကျတော် ဒီမှာပဲ ထိုင်စောင့်လိုက်တော့မယ် ...

လို့ ကျတော်က ဆိုတော့ ကောင်မလေးက တစ်ချက် စဉ်းစားသလို ပြုလိုက်ပြီး ....

“ဒီမှာ ထိုင်စောင့်ရတာ  .. အစ်ကို ပျင်းနေရင် ဒီဘက်ကနေ တည့်တည့်သွားလိုက်ပါ .... လှမ်းမြင်နေရတဲ့  ကုန်းမြင့်လေးပေါ်မှာ ... ကျမတို့ ကျောင်းရဲ့ မြတ်ရွှေအိုး စာကြည့်တိုက်နဲ့ စာအုပ်ဆိုင်လေး ဖွင့်ထားတာရှိပါတယ်... အဲဒီထဲမှာ ၀င်ပြီးလေ့လာလို့ရပါတယ် ... ”

စာအုပ်တွေဖတ်ရတာ ဖွေနှောက်ရတာကို အလွန်ဝါသနာပါသော ကျတော့်အတွက် ထိုကောင်မလေး ပြောလိုက်သော စကားက အားတတ်စရာ ဖြစ်သွားသည် .... ကျတော် ၀မ်းသားအားရနဲ့ပင် ...

“ဟုတ်ကဲ့ပါ ခင်ဗျာ.... ကျတော် စာဖတ်ရတာကို အရမ်းဝါသနာပါတဲ့အတွက် ... ဒီလိုအကြံကောင်းလေးပေးတာ သိပ်ကို ကျေးဇူးတင်သွားပြီ ... လို့ ၀န်ထမ်းဧည့်ကြိုလေးကို ပြောလိုက်ရင်း .....

စိတ်ဝင်စား တတ်ကြွစွာဖြင့် မြတ်ရွှေအိုး သို့ - ဟု လမ်းညွှန်ထားသော မြှားလေးအတိုင်း ကျွန်တော် လျှောက်ခဲ့လိုက်ပါသည်။


------------------------------------------------------------------------------

“ယနေ့ကြွလာ မိတ်သဟာ..... ချမ်းသာကိုယ်စိတ်မြဲပါစေ ...
ဤဆိုင်တွင်းမှာ များဆွေသဟာ ... ချမ်းသာကိုယ်စိတ်မြဲပါစေ ....
ဤကျောင်းအတွင်းမှာ....  ပန်းသစ္စာ ...အမြဲသာ ထာဝရ .... လန်းပါစေ ..... ”

အိုး ... ကျတော့်ရင်ဘတ်ထဲကို သာယာငြိမ့်ငြောင်းစွာဖြင့် စီးဆင်း ... ၀င်ရောက်လာသော တေးသီချင်းသံလေး .....
ကျတော် ဒီအသံလေးကို ကောင်းကောင်းကြီးကို ရင်းနှီးကျွမ်းဝင်လှသည်ဟု ခံစားရသည် ...။
အခု နောက်ထွက်လာတဲ့ မိုနိုတေးသံရှင်တစ်ယောက်ယောက်ပဲဖြစ်မည်ဟု မတင်မကျ အဖြေထုတ်လိုက်ရင်း... စာအုပ်အရောင်းဆိုင်ဘက် မ၀င်သေးပဲ ... မြတ်ရွှေအိုး စာကြည့်တိုက်သို့ ဟူသော လမ်းညွှန်မြှားလေးအတိုင်း ဆက်လျှောက်လာခဲ့လိုက်ပါသည် ....။

ဆိုင်ထဲမှာ နုညံ့ညင်သာစွာ ပျံ့လွင့်ကျန်ရစ်ခဲ့သော တေးသီချင်း အလိုက်လေးကတော့ အဆိုတော်ဟေမာနေ၀င်းရဲ့ မေတ္တာပို့တေးတစ်ပုဒ်ထဲက သံစဉ်အတိုင်းဖြစ်တာ သေချာသည်...။

သို့သော်.... တေးသီချင်းစာသားလေးတွေက ဤကျောင်း ၊ ဤဆိုင်လေးအတွက် သီသန့်စပ်ဆိုပြီးမှ စန္ဒယားတီးပြီး ကောင်မလေးတစ်ယောက်သီဆိုပေးထားတာဖြစ်မည်ဟုတွေးမိရင်း ကိုယ်ပိုင်ကျောင်းလေးကို တစ်ပိုင်တစ်နိုင်ထူထောင်ထားသော ပိုင်ရှင်၏ စိတ်ကူးနှင့် အတွေးကို ကျနော် နှစ်နှစ်ကာကာ ချီးကျူးလိုက်မိသည် ...။

သစ္စာမြေ.... ဆိုသော နံမည်လေးကို ပေးထားသော ဒီကျောင်းကို ကျတော် ရိုးရိုးသာမန် ပုဂ္ဂလိက စာသင်ကျောင်းတစ်ခုအဖြစ်သာ သိခဲ့သည် ....။

တောတောင်ရေမြေနဲ့ သဘာဝ ရာသီဥတုရောကောင်းမွန်သည့်အပြင် ... ပန်းပေါင်းစုံတို့ဖြင့် အလှဆင်ထားသော သပ်ရပ်သန့်ရှင်းလှသည့် ဒီမြို့လေးမှာ အခုလို ပုဂ္ဂလိက ထူထောင်ထားသော ကျောင်းလေးတွေ များစွာရှိသည်ဟု ကျတော် သိခဲ့တာ ကြာခဲ့ပါပြီ ...။
သို့သော် ဒီလောက် စိတ်ကူးကောင်းကောင်းနဲ့ အနုပညာရော .. ၀ါသနာရော ... စေတနာရော ပေါင်းစပ်ထားသည့် ဒီကျောင်းမျိုးကို ကျနော် မတွေ့ခဲ့ဘူးပါ...။

ဆိတ်ငြိမ်သေသပ်လှသော စာကြည့်တိုက်ထဲမှာလည်း လူငယ်အများစု တိတ်ဆိတ်ငြိမ်သက်စွာ စာဖတ်နေကြသည့် မြင်ကွင်းတစ်ချို့မှာ ကျတော် မအံ့သြပဲ မနေနိုင်သလို ... မလေးစား မချီးကျူးပဲလည်း မနေနိုင်ပါ ။
ကျတော် အခုမှ သဘောပေါက်လိုက်ပါသည် ...။
အပြင်မှာ ရပ်ထားသော စက်ဘီး ၊ ဆိုင်ကယ် ၊ ကားတွေနဲ့ လူငယ်တွေအများစုဟာ လက္ဘက်ရည်ဆိုင် ၊ ဂိမ်းဆိုင် ၊ ကာရာအိုကေဆိုင်မဟုတ်ပါပဲ ... ဘာကြောင့် ဒီလိုနေရာမှ စုနေရတာလဲဆိုတဲ့ အတွေးက အခုမှ အဖြေပေါ်သွားသည် ....။

မြတ်ရွှေအိုးစာကြည့်ခန်း ဟု ရေးထားသော အခန်းကျယ်ကြီးထဲကို ကျတော် စိတ်ဝင်တစားဖြင့်
ဝင်လာခဲ့လိုက်သည် ဆိုလျှင်ပဲ ....

“ Weath is ephemeral , knowledge is a solid pot of gold ”
   { ဥစ္စာဟူသည် မျက်လှည့်မျိုး ၊ ပညာဟူသည် မြတ်ရွှေအိုး }

ဟူသော... စာတန်းလေးကို တွေ့လိုက်ရတော့ ကျတော် ပြုံးလိုက်မိသည် ...။ 
တော်တော်လဲ စိတ်ကူးယဉ်ဆန်လွန်းသော နေရာလေး ... ဟု ထပ်မံကောက်ချက်ချလိုက်မိသည် ..။

စာကြည့်တိုက်နှင့် စာအုပ်အရောင်းဆိုင်လေးရဲ့ နေရာတော်တော်များများမှာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့်  ပညာနှင့်ပတ်သတ်သော စကားပုံလေးတွေ ချိတ်ဆွဲထားခြင်းဟာ အမှန်တစ်ကယ် လိုက်ဖက် သင့်တင့်လှသည်ဟု ကျတော်မြင်သည် ...။

ယခုခေတ်လူငယ်အများစု...အင်တာနက်ဆိုင် မှာ ချက်တင်ဝင်ပြီး အချိန်တွေဖြုန်းနေကြသလို  ၊ လက္ဘက်ရည်ဆိုင်နဲ့ ၊ ကာရာအိုကေဆိုင်တွေမှာလဲ  .. တွေ့ရတတ်သည်...။
ယခုခေတ်မြန်မာပြည်မှာ ရေပန်းစား၍ အလုပ်ဖြစ်နေသော KTV တွေမှာ ငွေနဲ့အချိန်ကို ဖြုန်းတီးနေကြသော လူကြီး ၊ လူငယ်များစွာကိုသာ ကျတော် တွေ့မြင်နေရသည့်အတွက်  ... မကြာခင်ကမှ မြန်မာပြည်ကို ပြန်လာခဲ့သော ကျတော့အတွက် ဒီမြို့လေးနှင့် ဒီမြေသည် အံသြစရာ လေးစားစရာ ချီးကျူးစရာ စသော ရသပေါင်းစုံကို တစ်ပြိုင်တည်းလိုလို ပေးစွမ်းနိုင်သည်ဟု ကျတော် ဟူဆမိပါသည် ။

ဟိုကြည့်ဒီကြည့်နဲ့ အံ့သြငေးမောနေသော ကျတော့အနားကို လူငယ်လေးတစ်ယောက် အပြေးအလွှား ရောက်လာပြီး......

“ မင်္ဂလာပါ အစ်ကို ... သစ္စာမြေကို ရောက်လာတာ ပထမဆုံးဖြစ်မယ်ထင်ပါတယ် ခင်ဗျာ ...ဟု ယဉ်ကျေးပျူငှါစွာ လာရောက်နှုတ်ဆက်လာပါသည် ...။

သစ္စာမြေနှင့် ပတ်သတ်၍ စိတ်ဝင်စားစွာဖြင့် စပ်စုချင်နေသော ကျတော့အတွက် အတော်ပဲဖြစ်သွားပြီး ...

“ ဟုတ်တယ် ညီလေး ... အစ်ကို က ဧည့်သည်ပါ .. ပထမဆုံးရောက်ဖူးခြင်းပဲကွာ ... လို့ ဖြေလိုက်တော့ ကောင်လေးက ကျတော့ကို မေးခွန်းတစ်ခုမေးလိုက်သည် ...။

“သြော် .... အစ်ကို တစ်ခြားမြို့ကနေပြီး ... ကလေးကျောင်းလာထားတာ ထင်တယ်.. ”
ကျတော် သဘောကျစွာဖြင့် ဟတ်ကနဲ တစ်ချက်ရယ်လိုက်ရင်း ...

“မဟုတ်ဘူးကွ ... အစ်ကို အလည်သတ်သတ်ပါပဲ ... ဒီစာကြည့်တိုက်နဲ့ စာအုပ်ဆိုင်ကို လာလေ့လာတာပါ ..” လို့ပြန်ဖြေလိုက်တော့ သဘောပေါက်သွားပုံရတဲ့ ၀န်ထမ်းလေးက

“အစ်ကို စိတ်ကြိုက်လေ့လာပါခင်ဗျာ ... သိချင်တာရှိလဲ ကျတော့ကို မေးပါ ...  ဒီဘက်ကောင်တာတွေအားလုံးက နည်းပညာနဲ့ ပတ်သတ်တဲ့စာအုပ်တွေနဲ့ ...computer software စာအုပ်တွေ ဆော့ဝဲစီဒီတွေပါ ... 

ဒုတိယမြောက်ကောင်တာကတော့ အထွေအထွေဗဟုသုတနဲ့ မဂ္ဂဇင်း ဖက်၇ှင်စာအုပ်တွေထားပါတယ် ..။
တတိယမြောက်Roll တစ်ခုလုံးက ဘာသာပြန်နဲ့ နိုင်ငံခြားဝတ္ထုတွေပါ ခင်ဗျာ ... 
စတုတ္ထမြောက်က က မြန်မာဝတ္ထုတွေနဲ့ ကဗျာ ၊ ဆောင်းပါး ၊ မဂ္ဂဇင်း အထွေထွေစတာ တွေထားပါတယ် ...။
ဟိုး .... ဘက်မှာက ကျောင်းသုံးပုံနှိပ်စာအုပ်တွေရှိပါတယ် ...။
ညာဘက် တစ်ခြမ်းလုံးကတော့ ဘာသာရေးနဲ့ပတ်သတ်တဲ့ စာအုပ်တွေ အားလုံးရှိပါတယ် ... ခင်ဗျာ ...
ထူးခြားမှုတစ်ခုကတော့ နိုင်ငံခြားကနေ လိုအပ်တဲ့ စာအုပ်တွေလဲ သီးသန့်မှာယူပေးတဲ့ ၀န်ဆောင်မှုလဲရှိပါတယ် .... ”

အံ့သြစွာဖြင့် ကျတော့်ရဲ့ မျက်ခုံးနှစ်ဘက် အနည်းငယ် မြင့်တတ်သွားမိသည် ထင်သည် ...။

“ ဟုတ်လား ညီလေး ..... တော်တော်လေးစုံတာပဲနော် ... ဒါနဲ့ ကျောင်းနဲ့ပတ်သတ်တာတွေရော အသေးစိတ် ရှင်းပြလို့ရလား အစ်ကို စိတ်ဝင်စားလို့ပါ ...လို့ ကျတော်က ဆိုတော့ ....

“ဟုတ်ကဲ့ ရပါတယ် ခင်ဗျာ ... ကျတော်တို့ကျောင်းမှာက အဓိကဖြစ်တဲ့ အလယ်တန်းကနေ တက္ကသိုလ်ဝန်တန်းအထိရှိပါတယ်။

သီးသန့်တည်ထောင်ထားတဲ့ ပရဟိတမူလတန်းကျောင်းလေးလဲ တွဲပြီးဖွင့်ထားပါတယ်ခင်ဗျာ ...

အဲဒီမူလတန်း ပြီးသွားတဲ့အခါ သူတို့တွေကို  ပညာရေးထောက်ပံ့စရိတ်နဲ့ သစ္စမြေမှာပဲအလယ်တန်း အထက်တန်းတတ်ရပါတယ် ။ 
နောက်ပြီးတော့ပြင်ပက ပညာရေးထူးချွန်ပြီး ကျောင်းမနေနိုင်သေးတဲ့ ကလေးတွေလဲ အများအပြားရှိပါတယ် ခင်ဗျာ .... 
ကျတော်ကိုယ်တိုင်လဲ ထောက်ပံ့စရိတ်နဲ့ ဒီကျောင်းလေးကနေပဲ ဆယ်တန်းအောင်ပါတယ် အခု ဘွဲ့ရပြီးတော့ အချိန်ပိုင်း Guide အနေနဲ့ ရော ... စာကြည့်တိုက်ဝန်ထမ်းအဖြစ်ပါပြန်လုပ်နေပါတယ် .... 

ကျနော်တို့ ဒီဆိုင်လေးက နေရတဲ့ ၀င်ငွေကို ပရဟိတကျောင်းသားတွေအတွက်သာ သီးသန့်သုံးပါတယ် ”  ဟု ၀န်ထမ်းကောင်လေးက စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့အခါ ....

“အော်.... အတွေးအခေါ်လေးတွေရော လုပ်ဆောင်ချက်လေးတွေရော သိပ်ကောင်းတယ် ... တစ်ကယ်ကို လေးစားပါတယ်ကွာ .... ” လို့ ကျနော်ကဆိုတော့...

“ဒါနဲ့ အစ်ကိုက ဒီမြို့က မဟုတ်ဘူးထင်တယ်နော်လို့ ကျတော့်ကို ဖော်ရွေလှိုက်လှဲသော ၀န်ထမ်းလေးက ထပ်ပြီး မေးခွန်းထုတ်လာပါတယ်  ....။

“အစ်ကိုက ဧည့်သည်ပါ ညီလေး ... ဒီကျောင်းမှာ အစ်ကို့သူငယ်ချင်းက ၀န်ထမ်းလုပ်ရင်း ပညာပါရမီဖြည့်ဆည်းနေတယ်လို့ ပြောပြလို့ ... အစ်ကို သူ့ဆီလာလည်ရင်း ... လေ့လာချင်တာနဲ့ တစ်ခါတည်း လာလိုက်တာ .... 

“ ဟုတ်လား အစ်ကို ဘယ်သူများလဲ ကျတော် ၀န်ထမ်းအားလုံးနဲ့ ရင်းနှီးပါတယ် ...

“ စိုင်းကျော်စွာ ပါ ဒီမြို့သားပဲလေ ...

“ဟာ .. အဲဒါ ကျတော့ဆရာပဲလေ .. ဆရာစိုင်းကျော်စွာက စာသင်အရမ်းကောင်းတယ် ... သူက ကျွန်တော်တို့ကျောင်းမှာ သင်္ချာအဓိကသင်တယ် ပြီးတော့ English Speakingနဲ့ ကွန်ပြူတာအခမဲ့သင်တန်းမှာလဲ  ဌါနမှူးလေ ...

“ အော် ... ဟုတ်လားလို့ ..... ကျနော် အံ့သြသွားမိရင်း ...ကျတော့သူငယ်ချင်း စိုင်းကြီးကို ချီးကျူးလေးစားလိုက်မိပါသည် ....။

ကျနော် မြန်မာပြည်ကို ပြန်မလာဖြစ်ခဲ့တာကြာပြီ .....။
ကျောင်းပြီးကတည်းက နိုင်ငံခြားကို ထွက်လာပြီး ပညာဆက်လက်သင်ယူလိုက် ၊ လုပ်ငန်းခွင်ဝင်လိုက်နဲ့ မအားလပ်အောင် ဗျာများပြီး လူမှုရေး ၊ ဘာသာရေးတွေနဲ့ အလှမ်းဝေးကွာလာလိုက်တာ ....
ဒီနှစ်တော့ မဖြစ်ဖြစ်အောင် ပြန်လာခဲ့ရင်း ကျောင်းတုန်းက အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ စိုင်းကြီးဆီကို ပထမဆုံးဆက်သွယ်ဖြစ်သည်...။
အမှန်တစ်ကယ်တော့ စက်တင်ဘာ၂၆ ရက်နေ့မှာ ကျရောက်မည့် ကျတော့်မွေးနေ့အတွက် စိုင်းကြီးကို ပညာဒါန ပရဟိတကျောင်းလေးမှာ လှူဒါန်းဖို့တိုင်ပင်ရင်း ကျတော်လာရောက်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်...။

ကျတော် အတွေးတွေနဲ့ လွင့်မြောနေတုန်းမှာပဲ...

“ဟော ... အစ်ကို ... ဟိုမှာ ဆရာစိုင်းလာနေပြီ ”

ဆိုတဲ့ အသံကြားမှ သတိပြန်ဝင်လာခဲ့သည်။
စာအုပ်စင်ကောင်တာဘေးမှာ ပြုံးရွှင်စွာဖြင့် လျှောက်လာနေတဲ့ စိုင်းကြီးရဲ့မျက်နှာဟာ အသက်အရွယ်အရ ပိုပြီး ရင့်ကျက်တည်ငြိမ်လာတာက လွဲလို့ အရင်တုန်းကလိုပဲ ဘာမှ မပြောင်းလဲသေးပါ...။

စိုင်းကြီးလို့ ခေါ်တဲ့စိုင်းကျော်စွာက ကျောင်းမှာကတည်းက ဘာသာရေးအလွန်လိုက်စားသည့်အပြင် အားကစားဘက်မှာရော စာပေဘက်မှာပါ ထူးချွန်လှသည့် လူတော်တစ်ယောက်လဲဖြစ်သည် ....။

ကျတော်တို့ သူငယ်ချင်းနှစ်ဦး နွေးထွေးစွာ လက်ဆွဲနှုတ်ဆက်လိုက်ကြပါသည် ...။

“ငါ့ကောင်ကြီးက ပိုချော ပိုခန့်လာတယ်ကွာ .. မြန်မာပြည် ဘယ်နှစ်ရက် နေမယ်စိတ်ကူးထားလဲ ....
စိုင်းကြီးရဲ့မေးခွန်းကို ကျတော် ရုတ်တရက်ပြန်မဖြေသေးပဲ .... ပြုံးနေလိုက်ရင်း ...

“အေးကွာ ... အတိအကျ ပြောလို့မရသေးပါဘူး .. ဟုသာ ဖြေလိုက်ပါသည် ... 

ကျတော် ပြင်းပြင်းပြပြ တွေ့ချင်လှသော ကျွန်တော်က သိပ်ချစ်ပြီး ကျွန်တော့်ကို သိပ်ချစ်သော ကောင်မလေးတစ်ယောက်ကို ရှာချင်သေးသည်ဟုတော့ သူငယ်ချင်းကို မပြောဖြစ်ခဲ့တော့ပါ ...။

------------------------------------------------------------------------------------------
စက်တင်ဘာ ၂၆ ရက် ၊ တနင်္ဂနွေနေ့ ....
ဒီနေ့ဟာ ကျတော့်ရဲ့ မွေးနေ့ဖြစ်သည် .....သစ္စာမြေ ပရဟိတမူလတန်းကျောင်းမှာ ကျွန်တော်ပညာရေးပဒေသာပင် စိုက်ထူပြီး အဟာရဒါနအဖြစ် နေ့လည်စာကို ကျွေးမွေးနိုင်ဖို့ စိုင်းကျော်စွာက စီစဉ်ထားမည်ဟု ဆိုသည် ...။

ချမ်းစိမ့်စိမ့်ဖြစ်လာသော... တောင်ပေါ်မြို့လေးရဲ့ ဆောင်းနှင်းတွေကြားက ကျတော်ဖြတ်သမ်းခဲ့တဲ့ လမ်းတွေပေါ်မှာ Name နှင့် Address Card လေးတွေ ကို လည်ပင်းမှာကြိုးလေးတွေဖြင့် ချိတ်ဆွဲထားကြသော အသက်ကြီးကြီး အဖိုးကြီး အဖွားကြီးတွေ ... 
လေ့ကျင့်ခန်းလုပ်သူက လုပ် ၊ ဘုရားကျောင်းကန်သွားကြဖို့ အေးအေးလူလူ လမ်းဖြေးဖြေး လျှောက်သူကလျှောက်လို့ ... သူတို့ကိုကြည့်ရတာ ရင်ထဲမှာ ကြည်နူးချမ်းမြေ့စရာ ကောင်းလှသည် ...။
နိုင်ငံခြားက စားသောက်ဆိုင်တွေမှာ စားပွဲထိုးလိုက်လုပ်နေရရှာသော ၊ လမ်းဘေးက အမှိုက်ပုံးတွေထဲမှာ ဗူးခွံ ပုလင်းခွံတွေ လိုက်ကောက်ရင်း စားဝတ်နေရေးအတွက် မသန်မစွမ်းသော်လည်း မိမိကိုယ်မိမိ ရုန်းကန်ကြရရှာသော တရုတ်အဖိုးကြီး အဖွားကြီးတွေ၏ ဘ၀နှင့် နှိုင်းယှဉ်ကြည့်မိရင်း ကျတော်တို့တိုင်းပြည်၏ ချစ်စရာ မြင်ကွင်းတစ်ချို့အတွက် ကျတော် ကျေနပ်လိုက်မိပြန်သည် ....

ကျတော်နဲ့ သိပ်မကွာလှသော လူလတ်ပိုင်း အမျိုးသားအမျိုးသမီးတစ်ချို့တစ်လေကလည်း ဖက်ရှင်အမျိုးမျိုး ဆွယ်တာ ခေါင်းစွပ် မာဖလာ နဲ့ လမ်းလျှောက်သူကလျှောက် ပြေးသူကပြေးလို့ ... 
ကျတော့်ထက် ငယ်ကြသော ဆယ်ကျော်သက် ၂၀ကျော် ၃၀ နီးပါးအရွယ် တစ်ချို့အထိ စည်ကားလှသော ဒီလမ်းမလေးဟာ အေးမြသာယာသော ဆောင်နံနက်ခင်းနဲ့သော လိုက်ဖက်ပနံရစွာဖြင့် လှပနေတော့သည်ဟု ကျတော်သုံးသပ်ရင်း ဒီမြေကို သိပ်ချစ်သော ကောင်မလေးရဲ့ စကားတစ်ချို့ထဲက....

သူမပြောတဲ့ တောင်ပေါ်ဆောင်းရဲ့အကြောင်း .......

သူမပြေးနေကျ ဟောဒီ့လမ်းလေးအကြောင်း .......

သူမ သိပ်ကြိုက်တဲ့ ရှမ်းခေါက်ဆွဲဆိုင်လေးအကြောင်း နဲ့ 

သူမ နားနေကျ ဘုရားကျောင်းရှေ့က ခုံပြာပြာလေးအကြောင်း ... 

“အထူးသဖြင့် ငွေကြေးတွေ ပကာသနတွေပြည့်စုံနေမှ ဘ၀က ချမ်းသာတာ မဟုတ်ဘူး .... စိတ်ချမ်းသာမှ လူချမ်းသာတာ ... ကျမတို့မြို့လေးကလေ ... သိပ်ကိုအေးချမ်းတယ် .... မြို့သူမြို့သားတွေရဲ့ ဘ၀ဟာလဲ ရိုးစင်းပြီး ငြိမ်းချမ်းမှုရှိတယ် ...... ”
လို့အမြဲတမ်းပြောတတ်တဲ့ ကောင်မလေးရဲ့ စကားသံတွေကို ကျတော် ယနေ့ထိ အလွတ်ရနေခဲ့သည် ...။

အတွေးတစ်ချို့နဲ့ လမ်းဆက်လျှောက်နေဆဲ ... ကျတော့မြင်ကွင်းထဲမှာ သူမပြောသော ဘုရားကျောင်းဝန်းကြီးဟု ယူဆရသည့်နေရာကို လှမ်းမြင်လိုက်ရသည်....။

ဒီနေရာ ဒီဒေသကို ကျတော် တစ်ခါမှ မရောက်ဘူးသော်လည်း သူမ ရဲ့ မျက်တောင်စင်းစင်းလေးတွေကို မှေးပြီး ကျတော့ကို အားပါးတရ ပြောပြတတ်တဲ့ ညနေခင်းတိုင်းက စကားသံတွေကို ကျတော် အလွတ်ရနေခဲ့ပြီးသားဖြစ်သည် ...။

ထို့အတွက် သူသိပ်ချစ်သော သူမ ကျင်လည်ခဲ့သော သူမနေထိုင်နေသည်ဟု ယူဆရသော ဒီဒေသဟာ ကျတော့်အတွက် သိပ်မစိမ်းလှပါ ....။

ဟော .... ခုံပြာပြာလေးတွေကို ကျတော် တွေ့လိုက်ရသည့်တစ်ခဏ ... 
ကျတော့် ရင်တွေ ... အတိုင်းအဆမရှိ မြန်ဆန်သွားခဲ့သည် ... ထင်သည် ...။
ကျတော့် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းလေးတွေ ထသွားအောင် တစ်ခုခုထူးခြားမှုရှိနေပြီဟု ကျတော်ခံစားရသည်....။

သူမပြောခဲ့ဘူးသော ဘုရားကျောင်းရှေ့တည့်တည့်က ခုံလေးကို ကျွန်တော်အပြေးအလွှားလိုက်ရှာပြီး ထိုင်လိုက်မိတော့ .... 

ဘုရားသခင် ............ ကျတော် သူမလေးရဲ့ အငွေ့အသက်တစ်ချို့ကိုတောင် ရလိုက်သလိုလို ...

ငါ ရူးသွပ်သွားတာလားရယ်လို့ ကျတော့်ကိုယ် ကျတော် ပြန်တွေးကြည့်တော့ .......

ဟုတ်မှာပါ သူမကို စတွေ့ခဲ့တဲ့ တစ်ခုသော ညနေခင်းတစ်ခုကတည်းက ကျွန်တော်ရော သူမရော ... သွက်သွက်ခါအောင်ရူးသွပ်သွားခဲ့ကြတာ ကျတော် ၀န်ခံပါသည် ... ။

အတိတ်ကို ပြန်လည်တူဆွမိရင် ရင်ဘတ်ထဲက ဒဏ်ရာတွေက ငိုပြလိမ့်မယ် ... ဆိုတဲ့ သူမရေးစပ်ခဲ့ဘူးတဲ့ ကဗျာလေးအတိုင်းပဲ ကျတော် အမှန်တစ်ကယ်တော့ အတိတ်ကို မတူးဆွချင်တော့သလို ... ဒဏ်ရာဟောင်းတွေကိုလဲ မငိုစေချင်တော့ပါ ... 
တစ်ခုပဲကျွန်တော်သိချင်သည် ... သူမ ကျွန်တော့ကို တစ်ကယ်မချစ်ခဲ့တာလား ... ကျွန်တော့ ရင်ထဲကို သေသေချာချာ မဖတ်တတ်ခဲ့တာလား ... ကျွန်တော့အနားက ဘာကြောင့်လွှဲဖယ်သွားခဲ့ရတာလဲလို့ သူမကို မေးချင်မိတဲ့ မေးခွန်းလေးတစ်ခုသာ ကျွန်တော့ဆီမှာ ရှိနေခဲ့ပါသည် ....။

ဘယ်လိုပဲဖြစ်ဖြစ် .....
ကျွန်တော်သိပ်ချစ်သော သူမဆီက မွေးနေ့အမှတ်တရလေး တစ်ခုတစ်လေကို မနက်ဖန်ရောက်လာတော့မယ့် ကျတော့်မွေးနေ့လေးမှာ မဖြစ်နိုင်ခဲ့ပေမယ့် ..
မျှော်လင့်ချင်မိတာက ကျွန်တော့ရဲ့ စိတ်ကူးယဉ်မှုနဲ့ ၊ ရူးသွပ်မှု သက်သက်သာ ဖြစ်ပါလိမ့်မည် ....။

စက်တင်ဘာ ၂၆ .... ဆိုတဲ့ မွေးနေ့ရက်စွဲတစ်ခုကို သူမ နှလုံးသားထဲမှာ ယနေ့ထိရှိနိုင်ပါဦးမလားရယ်လို့ ကျတော် အတိအကျမပြောနိုင်တော့ပေမယ့် ...
ကျွန်တော်တစ်ယောက်ထဲ တိတ်ဆိတ်ကြေကွဲစွာ ကြိုဆိုခဲ့ရတဲ့ မွေးနေ့နှစ်ပေါင်းများစွာမှာ သူမကို သိပ်လွမ်းနေခဲ့တယ် ဆိုတာကိုတော့ သိစေချင်လွန်းလှပါသည် ....။

“ကိုယ့်ရဲ့ အနာဂတ်ထဲ.....
ဘယ်အချိန် အပြီးဝင်လာမလဲဆိုတဲ့ .....
နေ့စွဲလေးတစ်ခုကို တောင့်တရင်းနဲ့
မှောင်နေတဲ့ ည .... မှားခဲ့တဲ့ကာလနဲ့
မင်းကို လွမ်းရတဲ့ညတွေကို ....
အမှန်တစ်ကယ် .. လွန်မြောက်ချင်လှပါပြီ
အချစ်ရယ် ......

ဆိုတဲ့ သူမရေးသားခဲ့သော ကဗျာလေးထဲက အတိုင်း ... ယခုလက်ရှိ ခံစားရသူဟာ ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့ပြီး ... သူမကို လွမ်းရတဲ့ညတွေကို အမှန်တစ်ကယ်ပဲ ကျွန်တော်လွန်မြောက်ချင်မိခဲ့ပါသည် .....။

ဘုရားကျောင်းက ခေါင်းလောင်းသံတွေကြားမှာ ကျွန်တော် သူမအကြောင်းကို တွေးတောရင်း ရင်ထဲက လေးလေးနက်နက်တောင်းဆုပြုလိုက်မိသည် ....။

-----------------------------------------------------

ကျတော့်လက်က နာ၇ီကို တစ်ချက် ငုံ့ကြည့်လိုက်တော့ ... နံနက် ၇ နာရီတိတိ .......

သစ်တောလမ်းက ရှမ်းခေါက်ဆွဲ ဆိုင်မှာ ကျွန်တော်နဲ့ စိုင်းကြီး မနေ့ညလမ်းမခွဲခင်က ချိန်းထားခဲ့ကြသည် ...။
 ရှမ်းခေါက်ဆွဲဆိုင်လေးထဲသို့ ကျတော်လှမ်းဝင်ခဲ့လိုက်ရင်း နှစ်ယောက်စာအတွက် တစ်ခါတည်းမှာထားလိုက်သည်....။
မကြာခင်မှာပဲ အချိန်တိကျသော စိုင်းကျော်စွာရောက်လာပြီး ....

“ ညက အိပ်လို့ကောင်းရဲ့လား သူငယ်ချင်း .. ဘယ်လိုလဲ ပန်းဟေ၀န် ဟော်တယ်က ... ဆိတ်ငြိမ်အေးချမ်းတယ်မို့လား ”

“ဟာ .. အရမ်းအေးဆေးတယ် သူငယ်ချင်း ... ညက ရာသီဥတုကြောင့်နည်းနည်းအေးလို့ ဂစ်တာတီးပြီး သီချင်းတောင် သိပ်မဆိုနိုင်ဘူးကွာ ... ဟား ဟား... လို့ ကျတော်က ရယ်မောစွာပြန်ဖြေလိုက်တော့ ...

“ခုချိန်က ဒီလောက်က မအေးသေးဘူး ... လာတော့မယ် ရှေ့လလောက်ကျရင် အေးတာမှ နေစရာမရှိဘူး ...ဟူသော စိုင်းကြီးစကားကို ကြားရတော့ .....

“စက်တင်ဘာလကုန်ကာနီးပြီဆိုရင်လေ .... မိုးကလဲရွာတယ်.....
ချမ်းကလဲချမ်းတယ် ... အဲဒီအချိန်ကျရင် ... ကျမနေတဲ့မြို့လေးကို ... အစ်ကို့ကို အလည်ခေါ်မယ်နော် ....

ဟု  ... သူမပြောဘူးသော စကားလေးတွေကို ကျတော် သွားပြီး သတိရလိုက်ပြန်သည်....။

ဆိုင်က ကောင်မလေးက  ရှမ်းခေါက်ဆွဲပူပူလေးနဲ့ တိုဟူးကြော် ၊ ၀က်ခေါက်ကြော်တွေကို လာချနေပြီဖြစ်တဲ့အတွက် .... ကျတော်နဲ့ စိုင်းကြီးတို့ နံနက်စာ ပူပူနွေးနွေးကို အားပါးတရ စားလိုက်ကြပါသည်...။


“ဒီနေ့ မင်းရဲ့မွေးနေ့အလှူအတွက် .. သစ္စာမြေမှာအားလုံး အဆင်သင့်ဖြစ်နေပီ ....


ကျတော် ကျေးဇူးတင်စွာဖြင့် စိုင်းကြီးပခုံးကို လှမ်းပုတ်လိုက်ရင်း ..

“အေးကွာ... အခုလို လှူနိုင်ဖို့ အကြံကောင်းတွေပေးတာရော .. အစ အဆုံး စီစဉ်ပေးတာရောအတွက် အရမ်းကို ကျေးဇူးတင်ပါတယ် လို့ကျတော် လေးလေးနက်နက်ပြောလိုက်တော့

 “ငါတို့က ကျေးဇူးတင်ရမှာပါကွာ ... ဒီလို ကျောင်းမျိုးက ရေရှည်ရပ်တည်ဖို့အတွက်ဆိုရင် အခုလို ပဒေသာပင်စိုက်ပေးနိုင်တဲ့ အလှူရှင်တွေ အများကြီး ပေါ်ပေါက်လာဖို့လိုအပ်တယ် လေ .....
ဒီလိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေက ငါတို့ရဲ့ ဘ၀ပါပဲ .....

ကျတော့သူငယ်ချင်းရဲ့ စကားကို ကြားလိုက်ရတော့ ကျတော် မိမိကိုယ် မိမိ တာဝန်မဲ့သလိုလို ... မလုံသလိုခံစားလိုက်ရသည် ...။ 
ကျတော်တို့တစ်တွေက လူချင်းတူသော်လည်း ခံယူချက်ချင်း ခံယူတတ်ပုံချင်း ကွဲပြားကြပါသည်...။
ကျတော့်ဘ၀မှာ.... သူတို့တစ်တွေလောက် အများအကျိုးကို ဘ၀နှင့်ရင်းပြီး မစွမ်းဆောင်နိုင်ခဲ့သော်ငြား စွမ်းဆောင်နိုင်သူများစွာကို အထောက်အပံ့ပေးနိုင်သော လူသားတစ်ဦးဖြစ်လာဖို့တော့ အမြဲကြိုးစားသွားရဦးမည်ဟူသော အသိတရားတစ်ချက်ကို ရလိုက်ပါသည်...။

“ဟိတ်ကောင် ငစိုင်း .. မင်း ခုထိ လူပျိုကြီးပဲနော်လို့ ကျတော်က နောက်တော့

စိုင်းကြီး မျက်နှာကြီးက ပြုံးဖြီးဖြီးနဲ့ ....

“အဲလိုတွေ လိုက်လုပ်နေရင်းနဲ့ပဲ ဒီနေ့အထိ မစွံတော့တာ ငါ့ကောင်ရေ ....ဘ၀က အေးအေးဆေးဆေး
ဒီလိုပဲကောင်းပါတယ်ကွာ .. အများအကျိုးဆောင် ကိုယ့်အကျိုးပြောင်ပေါ့ ... ဟား ဟား

စိုင်းကြီးက သူ့ဘာသူပြောလဲပြော သဘောလဲကျပြီး ... အစားအသောက်ကလဲ မပြတ်ပါ .... တောင်ပေါ်မြို့ရဲ့ ရှမ်းခေါက်ဆွဲကလဲ အတော့်ကို ကောင်းလှပါသည်....။
ခရမ်းချဉ်သီးအနှစ်များများ .. လတ်လတ်ဆတ်ဆတ် ကြက်သွန်မိတ်နိုင်နိုင်နဲ့ ရှမ်းခေါက်ဆွဲလေးက မွှေးပြီး အရသာလည်း ရှိလှသည် ....။
တစ်ချက်တစ်ချက်မှာ .... ရုတ်တရတ်တိုက်ခတ်လာသော တောင်ပေါ်လေကြောင့် စိမ့်ကနဲဖြစ်သွားသည့်အတွက် ....ကျတော့ရဲ့ ဂျာကင်အကျီဇစ်ကလေးကို ဆွဲပိတ်လိုက်ရင်း ....
ဒီ တောင်ပေါ်မြို့လေးရဲ့တစ်နေရာရာမှာ .... ရှိမလား မရှိမလားဆိုတာ... အတိအကျမသိရသော ကျတော်သိပ်ချစ်ရသည့် ကောင်မလေးတစ်ယောက်   .... 
ချမ်းများချမ်းနေမလားရယ်လို့ ကျတော် စိုးရိမ်လိုက်မိရင်း ..... ကျတော့်ရဲ့ ရူးသွပ်တမ်းတမှုတွေအတွက် မသိမသာ သက်ပျင်းတစ်ချက်ကို အသာလေး ခိုး၍ ချဖြစ်လိုက်ပါသည်  ....။ 

------------------------------------------------------------------------
သစ္စာမြေရဲ့ တာဝန်ခံတစ်ယောက်က ကျတော့်ကို သီးသန့်တွေးချင်သည်ဟု ဆိုသည့်အတွက် ကျတော် စိုင်းကြီးနဲ့အတူ ကုန်းမြင့်လေးတစ်နေရာက တိုက်ပုပုလေးဆီကို ဦးတည်ခဲ့ကြပါသည်...။

ထိုအဆောက်အဦးလေးရဲ့ မျက်နှာစာမှာလည်း ကျောင်းအ၀င်ပေါက်က နည်းတူ သစ္စာပန်းတွေဝေေ၀ဆာဆာဖူးပွင့်လို့နေကြသည် ...။

ထူးခြားမှုတစ်ခုက ပန်းခရမ်းရောင် ဂန္ဓမာသစ်ခွတွေလည်း ရောယှက်ပြီးစိုက်ပျိုးထားတာကို တွေ့ရသည် ...။
ကိုယ်ပိုင်သီးသန့်စီးပွားလေးကို ပရဟိတလေးဖြင့်ရောယှက်ကာ စိတ်ကူးကောင်းကောင်း ပုံဖော်နိုင်သော ထိုလူကို ကျတော် မမြင်ရသေးသော်ငြား စိတ်ကူးယဉ်ဆန်၍ အေးချမ်းသော ဘ၀ပိုင်ရှင်တစ်ယောက်ဟုတော့ သုံးသပ်လိုက်မိပါသည် ...။

“ဆရာမရေ... ကျတော် တို့ပါ ... အလှူရှင်ရော ပါလာပါတယ် လို့ စိုင်းကြီးက အသံပြုလိုက်တော့

“ ၀င်လာခဲ့ပါ ဦးစိုင်းကျော် ဟူသော အသံနဲ့အတူ အသက် ၃၅နှစ်ခန့် အမျိုးသမီးတစ်ဦး ထွက်လာပါသည် 

“အော် ဆရာမ ပြုံးသက် ...  ဒေါ်စု ခေါ်ထားလို့ပါ ... ဒါက ကျတော့ သူငယ်ချင်းလေ ...သစ္စာမြေ မူလတန်းကျောင်းအတွက် ပညာရေးထောက်ပံ့မှုပဒေသာပင်လှူမယ့် အလှူရှင်ပေါ့ ....

“ဟုတ်ကဲ့ ဆရာ ကျမကို စု က ပြောပြထားပါတယ် လို့ သဘောကောင်းဖော်ရွေသော ဆရာမလေးက

“ကျမ ဒေါ်ပြုံးပြုံးသက် ပါ .. သစ္စာမြေကျောင်းရဲ့ အထွေထွေအတွင်းရေးမှူးပါ .... လို့
သူ့ကိုယ်သူ မိတ်ဆက်လိုက်ရင်း ကျတော့ကို  အပြုံးဖြင့် နှုတ်ဆက်ပါသည်...
“လာပါ ဧည့်ခန်းထဲကိုကြွပါဦး .. ခဏနေ ခန်းမဘက်ကို အတူတူသွားကြတာပေါ့ ဟု ဆိုလာသော ဆရာမပြုံးနောက်ကို ကျတော်တို့ လိုက်ခဲ့ကြသည် ....။

ဒီတိုက်လေးက လူနေအိမ်သီးသန့်လေးဖြစ်တဲ့အတွက် အခန်းတွေက မကျယ်သလို သိပ်လည်း မကျဉ်းလှပါ ....အမျိုးသမီးနှစ်ဦး နေထိုင်းဖို့ရာအတွက် အနေတော်လေးသာဖြစ်သည်...။
သစ္စာမြေကျောင်းရဲ့ တာဝန်ခံဟာ အသက် ၃၅ နှစ်ပတ်ဝန်းကျင်လောက်သာ ရှိဦးမည့် အမျိုးသမီးတစ်ယောက်ဟု ကျတော်ခန့်မှန်းမိရင်း မြန်မာ အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုနှင့် စိတ်ဓါတ်ကို ပို၍ပင် အံ့သြလေးစား လိုက်မိပြန်သည်...။
ဧည့်ခန်းမှာ ခင်းကျင်းထားသော ကြိမ်ခုံလေးတွေ... စားပွဲပေါ်မှာ အလှထိုးထားသော ပန်းအိုးထဲက ဂန္ဓမာသစ်ခွလှလှလေးတွေကို ဖြတ်ပြီး ......
ရုတ်တရက် ကျတော့်မျက်လုံးတွေက.... အခန်းနံရံမှာ..  ချိတ်ဆွဲထားသော ဓါတ်ပုံလေးတစ်ခုဆီကို ကြည့်ဖြစ်လိုက်ပါသည်....။

ချစ်သူနှစ်ဦး တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နားလည်မှုရှိစွာနဲ့ ကြည့်နေကြသော သဘာဝကျကျဓါတ်ပုံလေး ....
ဒီနေရာမျိုးမှာ ဒီလိုဓါတ်ပုံမျိုးကို တွေ့ရလိမ့်မည်ဟု ကျတော် ဘယ်လိုမှ မျှော်လင့်မထားခဲ့မိပါ ....။
ပြုံးနေခဲ့သော သူ့မျက်ဝန်းတွေမှာ သူမကို ဘယ်လောက်ထိချစ်တဲ့အကြောင်းတွေကို အထင်းသားမြင်တွေ့ရသည်.......ကျတော့်ပါးစပ်က ရုတ်တရက် ဆွံ့အ သွားသလို .. ကျတော့ မျက်ဝန်းတွေကို ကျတော် မယုံကြည်သလိုဖြစ်မိရင်း မျက်မှန်ကိုချွတ်၍ လက်ဖြင့် တစ်ချက်ပွတ်သပ်ပြီး ထိုဓါတ်ပုံလေးကို နောက်တစ်ပြန် ပြန်ပြီး ကြည့်လိုက်မိပြန်သည် ....။

အပြာရောင်အကျီကိုဝတ်ဆင်ထားတဲ့ အမျိုးသားဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာက နုနည်ပျိုမြစ်နေသေးသော ကျတော့်ပုံ ဖြစ်သလို ... ပန်းနုရောင်အကျီလေးကိုဝတ်ဆင်ထားသော သူမက ကျတော် သိပ်ချစ်သော ကျတော် သိပ်တွေ့ချင်ခဲ့သော စုဝေနှင်း ဟုခေါ်သည့် သူမသာဖြစ်သည် ...။ ကျတော်နှင့်သူမတို့ အပြန်အလှန် ငေးကြည့်နေကြသော ပုံလေး ..... ထိုဓါတ်ပုံလေးရဲ့ဘေးမှာ ရေးသားထားခဲ့တာက ....

“အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ် .....
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ် .....
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ် .....ဆိုရင် ....”
စုဝေနှင်း .... 

ဆိုတဲ့ နံမည်လေး နဲ့ ကျတော် ဘယ်တော့မှ မေ့လို့မရသေးတဲ့ ဆိုင်းလှလှလေးပါ ထိုးထားခဲ့ပါတယ်...။

ကျတော် မယုံကြည်ခြင်းများစွာ ... အံ့သြခြင်းများစွာ ... ပျော်ရွှင်ခြင်းများစွာဖြင့် တစ်စုံတစ်ယောက်ကို နေရာအနှံ့ အပြေးအလွှားရှာဖွေလိုက်မိတော့ ....
ကျတော့် နောက်ကျောဘက်ဆီမှာ မတ်တပ်ရပ်နေရင်း ကျတော့်ကို ငေးမောကြည့်နေသော အဲဒီ့မျက်ဝန်းလေးတွေနဲ့ ကျတော့်ရဲ့ သူမ ..

နှင်း .........

လို့ ကျတော် သူမကို လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်တော့ ....

အဖြူရောင်သစ္စာပန်းစီးလှလှလေးကို ကျွန်တော့်လက်သို့ ကမ်းပေးလိုက်ရင်း ....

“Happy Birthday အစ်ကို .... လို့ တိုးတိတိညင်သာစွာ ရေရွတ်လိုက်တဲ့ သူမရဲ့ အသံခပ်သဲ့သဲ့လေးကို ကျတော်ကြားလိုက်ရပါသည် .....

မြန်မာဆန်ဆန်နှင့် ယဉ်ကျေးသိမ်မွေ့နေသော သူမကို ကျတော် ချစ်မြတ်နိုးစွာဖြင့် ငေးကြည့်လိုက်ပြီး သူမလက်ထဲက အဖြူရောင် သစ္စာပန်းစည်းလေးကို လှမ်းယူခဲ့လိုက်သည် ...။
“အစ်ကို ... ကျမ ... ဟိုး .. လွန်ခဲ့တဲ့ နှစ်တစ်နှစ်က မပေးဖြစ်လိုက်တဲ့ မွေးနေ့လက်ဆောင်လေးအတွက်ပါ တစ်ခါတည်း ပေါင်းပြီးပေးလိုက်တယ်နော် ....
ကျမရဲ့မွေးနေ့လက်ဆောင်က အစ်ကို့အတွက် တန်ဖိုးမရှိပေမယ့် ... ဟောဒီ့ အဖြူရောင်သစ္စာပန်းတွေက အစ်ကို့ကို ကျမ သစ္စာရှိရှိ နဲ့ တစ်ဘ၀စာလုံးအတွက် သိပ်ချစ်ခဲ့တဲ့အကြောင်းတွေကို ပြောပြပါလိမ့်မယ် ....” 

“ကျတော် နားလည်ခွင့်လွှတ်သော အပြုံးတစ်ချက်နဲ့အတူ ခေါင်းငြိမ့်ပြလိုက်ရင်း .....

သူမပေးသော သစ္စာပန်းစည်းလေးကို လှမ်းယူလိုက်ရင်း ကျတော် အားပါးတရ နမ်းရှိုက်လိုက်သည်....။ 
ကျတော့်ရင်ထဲက အလွမ်းတွေထိ နင့်နင့်သည်းသည်း မွှေးစေခဲ့သည့် ပန်းများဖြစ်သည် ...။

ရင်နင့်အောင် မွှေးကြိုင်သင့်ပျံ့နေသော ထိုပန်းစည်းဖြူဖြူလေးကို စည်းနှောင်ထားသော အဖြူရောင်ဖဲကြိုးလေးပေါ်မှာ တွဲလောင်းကျနေတဲ့ ငွေမှင်ရောင် ကဒ်ပြားလေးတစ်ခု....

“ Thinking of you with love on your birthday and wishing you everything that brings you happiness today and always ”

ဆိုတဲ့ မပြောင်းလဲသော သူမရဲ့ မွေးနေ့ဆုတောင်းလေး .... ကို ကျတော်ဖတ်လိုက်ရတော့ .....

“you are my first love and wished me , thank you Hninn ....

လို့ကျတော် တိုးတိုးလေး သူမနားကို ကပ်ပြောလိုက်သည်  ... ။

သူမ နှင့် ကျတော် တစ်ယောက်ကိုတစ်ယောက်...နှစ်ဦးတည်းသာ သိရှိနားလည်နိုင်သော အဓိပ္ပါယ်များစွာဖြင့် ကြည်နူးစွာ ရယ်မောလိုက်မိကြတဲ့တစ်ခဏ  .....

ချယ်ရီFM ရေဒီယို လိုင်းမှ ရုတ်တရက်ပျံ့လွင့်လာတဲ့ သီချင်းသံလေးကို ထပ်မံကြားလိုက်ရတော့ ... ပို၍တိုက်ဆိုင်သွားသည့်အတွက် အားပါးတရပင် အော်ဟစ်ရယ်မောလိုက်ကြပါသည် .....။
သီချင်းလေးက နေမျိုး သီဆိုထားတဲ့ .. မင်းတစ်ယောက်သာ ဆိုတဲ့ သာယာငြိမ့်ငြောင်းသော ကျတော်တို့ နှစ်ယောက်ရဲ့ အမှတ်တရ သီချင်းလေး ..............

“လေပြည်ညှင်းတွေ တိုင်ခတ်မှ ...သာယာပါတယ် ချစ်သူအပြုံး .... 
အချိန်တိုင်းမှာ အနားရှိမှ ပျော်ရွှင်ပါတယ် ချစ်သူအပြုံး ... 
အိပ်မက်ထဲက ထုတ်လို့မရ ကြင်နာသူရေ.. မင်းမျက်ဝန်း .... 
ဘယ်လိုမှကို မေ့လို့မရ ကြင်နာသူရေ မင်းမျက်ဝန်း .... 
တစ်ယောက်ထဲသာ မင်းတစ်ယောက်ထဲကို ချစ်တာ ... 
တစ်ယောက်ထဲသာ မင်းတစ်ယောက်ပဲမြတ်နိုးတာ .... 
ကိုယ့်ဘ၀မှာ .. မင်းတစ်ယောက်သာ အလိုချင်ဆုံး ................”

-----------------------------------------------------------------------------------------


ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ရက်နေ့ဟာ ကျမဘ၀မှာ သိပ်ချစ်ခဲ့ရသော သူ၏ မွေးနေ့လေးဖြစ်သလို ... ကျမသူ့ကို မွေးနေ့အမှတ်တရလေးတွေပေးမယ်လို့ ကတိပေးထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျမဘက်မှ မှားယွင်းစွာ ပျက်ကွက်ခဲ့မိပါတယ် ....။
ဘာမှမဟုတ်သေးသော သာမန်အညတရ ဘလော့ဂါ စာရေးသူတစ်ဦးဖြစ်သော ကျမအနေဖြင့်
ကျမအသက်နဲ့ထပ်တူချစ်မြတ်နိုးသော ဒီဘလော့လေးပေါ်ကနေပဲ .. ရင်နင့်အောင်မွှေး ဆိုသည့် ဤ၀တ္ထုတိုလေးအား ...သူ့အတွက် မွေးနေ့အမှတ်တရဖြစ်စေဖို့ ရည်ညွှန်းရင်း နှလုံးသားဖြင့် စိတ်ကူးယဉ် ရေးသားလိုက်ပါတယ် ... ။

Happy Birthday ...း)     

မျှဝေခံစားဖတ်ရှုပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ် 
အားလုံးကို ခင်မင်လေးစားလျှက် ...

နှင်းဟေမာ
27 September 2010 2:58 AM 

15 comments:

ကြည်ဖြူပိုင် said...

နှင်းရေ
ဒီဝတ္ထုလေးကို ဖတ်ပြီး သူဆိုတဲ့လူကလဲ သိပ်ကိုသဘောကျသွားမှာပါ။
အပြင်မှာပေးတဲ့လက်ဆောင်လေးထက်တောင်
တသက်တာမက်မက်မောမော သိမ်းထားမှာပါ။

ဆန္ဒတွေပြည့်ဝပျော်ရွှင်ပါစေ။

ဇွန်မ said...

အမနှင်းရေ ဝတ္ထုလေးဖတ်သွားပြီနော် ဆက်လက်ရေးသား မျှဝေနိုင်ပါစေ။

သဒ္ဓါလှိုင်း said...

နှင်းရေ..
အကောင်းဆုံးမွေးနေ့လက်ဆောင်လေးပါလားကွယ်..။
ပစ္စည်းထက်တန်ဖိုးရှိတဲ့နှလုံးသားထဲကပေါက်ဖွားခဲ့တဲ့
နှလုံးသားလက်ဆောင်မွန်ပါ.။
ဝတ္ထုလေးတွေကအမြဲအသက်ဝင်နေတာပဲနော်.။
နှင်းရဲ့ချစ်သူနဲ့အမြဲတန်းနားလည်မှုတွေ၊ချစ်ခင်မှုတွေနဲ့
အတူအကွနေနိုင်ပါစေ..။
ခင်မင်စွာ
သဒ္ဓါ

မယ့်ကိုး said...

“အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ် .....
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ် .....
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ် .....ဆိုရင် ....”

မွေးနေ့လက်ဆောင်လေးက ချစ်စရာကောင်းလိုက်တာ။ မွေးနေ့ရှင်တော့ အရမ်းပျော်သွားမှာပဲ။

သုခုမလေဒီ said...

ဟယ်..တကယ့်အဖြစ်ပေါ့ true story လေးလာရောက် ခံစားသွားပါတယ် နှင်းရေ..
သူနဲ့အတူ အဆင်ပြေပျော်ရွှင်ပါစေနော်..

ကိုအောင် said...

ဝတ္ထုက ဖတ်လို့ကောင်းတယ်၊ အညာနံ့တသင်းသင်းနဲ့ ...း)

Unknown said...

ကျောင်းလေးနဲ့ စာကြည့်တိုက်လေးကို သဘောကျတယ်.။ အဲဒါမျိုးလေး အခြေအနေပေးရင် လုပ်ချင်ပါသေးတယ်...။ အစ်မရဲ့ သူအတွက်ကတော့ HAPPY BIRTHDAY ပါ..

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းရေ
နောက်ကျတယ်ဆိုပေမဲ့လို့ ဘယ်လောက်တောင်အချိန်ယူပြီး ရေးထားတယ်ဆိုတာ သိသာပါတယ်ကွယ်
စေတနာကို သူတစ်ယောက်နားလည်မှာပါ
ဒီလက်ဆောင်လေးကိုလည်း သိပ်ကိုသဘောကျသွားမယ် ထင်ပါတယ်..
၂ယောက်လုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်
ပျော်ရွှင်သာယာသောဘ၀ကိုပိုင်ဆိုင်ပြီး
ချစ်သူနဲ့ရာသက်ပန် ရွှေလက်ခိုင်ခိုင် မြဲနိုင်ပါစေလို့နော်

ခင်တဲ့
မချော

Anonymous said...

ဟေမာရေ အရမ်းကောင်းပါတယ် ဖတ်ပြီးတော့ ရင်ထဲမှာ တစ်မျိုးကြီးခံစားရတယ်သိလား ဒါပေမဲ့ အဲဒီ သူ ဆိုတဲ့ တစ်ယောက်ကိုတော့ အရမ်းသိချင်တယ်

လသာည said...

နှင်းရေ သူ့အတွက် အကောင်းဆုံးမွေးနေ့လက်ဆောင် အဖြစ် သူကလည်း သဘောကျနေတယ်မို့လား။ ချစ်သူနှစ်ဦး ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေနော်။

PS- နှင်းက စာအရေးအသားတအားညက်တယ်။ စာတွေဆက်ရေးဖို့ တိုက်တွန်းချင်တယ်။ အောင်မြင်မှာ သေချာတယ်။နာမည်ကြီး စာရေးဆရာမလေး ဖြစ်သွားရင် မမေ့နဲ့နော်။

Unknown said...

Hninn Yay, It is the most memorable & very precious birthday present so far I am thinking of. I do really appreciate on your love, peace, praise and remarkable idea which is come out from bottom of your heart. Many Thanks

အဖြူရောင်နတ်သမီး said...

နှင်းလေးရေ...
အခုမှပဲရောက်တော့တယ်...
True Story လေးကိုဖတ်ရင်း...
နှင်းလေးရဲ့ “သူ”...ရဲ့ မွေးနေ့အတွက် ဆုတောင်းပေးသွားတယ်နော်...

မြစ်ကျိုးအင်း said...

သိပ်ကောင်းတဲ့ လက်ဆောင်လေးပဲ။
ဇာတ်လမ်းထဲမှာ ညီမလေး ဖြစ်ချင်တဲ့ ဆန္ဒတွေပါ တွေ့လိုက်ရတယ်။

Unknown said...

very romantic present for your love.i think your love also like your present.may you and your love be happy throughout your life without interruption.

nyi ma lay
phyo

မြသွေးနီ said...

ချစ်သူအတွက် တန်ဖိုးမဖြတ်နိုင်မယ့်
ချစ်စရာလက်ဆောင်လေးတစ်ခုဖြစ်မှာသေချာပါတယ
်ညီမရေ..။

(ညီမလင့်ခ်လည်း ချိတ်ထားလိုက်ပါတယ်။ ခွင့်ပြုမယ်ထင်ပါတယ်ရှင်)

ခင်မင်စွာ....

မြသွေးနီ
www.myathwayni.com