Wednesday, September 8, 2010
ခိုပြာပန်းတို့ လှုပ်ခတ်သံ
“နင့်ဘ၀ တိုးတတ်မြင့်မားဖို့အတွက်ဆိုရင် .. ငါမတားရက်ပါဘူး စံပါယ် ... ပျံသန်းရာခြင်းမတူညီကြတဲ့အတွက် .. နားခိုရာနေရာတွေလဲ ကွဲလွဲသွားတာ ငါဝမ်းနည်းပါဘူး  .. ဒါပေမယ့် နင်တစ်ယောက်ထဲဝမ်းနည်းအားငယ်လာတဲ့အခါ .. နင်သိပ်ပြီး အထီးကျန်လာတဲ့အခါ နင့်ကိုဘယ်တော့မှမမေ့တဲ့ ဟောဒီ့.... မြလွှာကုန်းကို မရောက်ရောက်အောင် ပြန်လာခဲ့ပါ ...။
“စံပါယ် ... ဟိုး ... အနောက်တောင်ဘက်ယွန်းယွန်းက ကျူရိုးကုန်းစေတီဘုရားပွဲတော်ရောက်တိုင်း  .. ငါနင့်ကို လွမ်းနေမယ်ပါ့မယ်  ... နင်နဲ့ငါ အကြည့်ချင်းဆုံဘူးတဲ့ ... မြကြာယံ ဆွမ်းတော်ကြီးခံ စတင်မယ့်နေ့ရက်တိုင်းမှာ ငါ နင့်ကို စောင့်နေပါ့မယ် .......။ နင်အခုမျက်နှာမူထားတဲ့ ခရေကုန်းကို နင်လှမ်းကြည့်လိုက်စမ်းပါ ... ခရေပင်တန်းတွေကို ဖြတ်ပြီးလျှောက်လှမ်းရမယ့် ငါ့ရဲ့နေ့ရက်တွေတိုင်းမှာ ...ငါနင့်ကို လွမ်းနေလိမ့်မယ် ... အဲဒီ့ ခရေကုန်း တိုက်နယ်ဆေးရုံမှာပဲ...  ငါအမြဲတမ်းရှိနေလိမ့်မယ် စံပါယ် .... ”
နွေညနေ၏ တစ်ခုသော ညနေစောင်းလေးတစ်ခုမှာဖြစ်သည် ...။
အညာနွေ၏ တိုက်ခတ်လာသော လေပြေတစ်ချက်နဲ့အတူ ကျမလျှောက်လာရာ လမ်းတစ်လျှောက်လုံးမှာလည်း  ခရေပန်းရနံ့တို့ဖြင့် သင်းပျံ့ ကြိုင်လှိုင်လို့နေပါသည်...။ ဒီလိုရနံ့ ... ဒီလိုအငွေ့အသက်လေးတွေက ဒီနယ်မြေလေးဆီကို အပြီးပြန်လာခဲ့တဲ့  ကျမကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနေသယောင်  .....။
အမှန်တစ်ကယ်တော့ ကျမငယ်စဉ်ကလေးဘ၀ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ပန်းခရေရနံ့တွေကို ကျမတမ်းတလွမ်းဆွတ်ခဲ့မိတာ ကြာခဲ့ပြီ....။ နေ့စဉ် အသုံးပြုနေကျဖြစ်သော နိုင်ငံခြားဖြစ် Dior ရေမွှေးရနံ့သင်းသင်းကို အညာမှာပွင့်တဲ့ ဒီပန်းခရေတွေလောက်...ကျမ မမက်မောခဲ့ပါ .... ။ 
ငြိမ်းချမ်းသာယူမှု ဟူသမျှကို တစ်ခုတစ်နေမျှ မပေးစွမ်းနိုင်သော ထိုနေရာကို အပြီးတိုင်စွန့်ခွာနိုင်ခဲ့သည့် ရင်ထဲကဆုံးဖြတ်ချက်တစ်ခုအတိုင်း  ....ဒီနေရာလေးကိုပြန်လာခဲ့သည့် ကျမခြေလှမ်းတွေက ဟိုး လွန်ခဲ့သော နှစ်ပေါင်းများစွာက ဒီနေရာမှာ လျှောက်လှမ်းခဲ့သော ခြေလှမ်းတွေနဲ့မတူသော ယုံကြည်ချက်တွေ ... အားအင်တွေ ရှိနေခဲ့သည့်အတွက် ကျမ ကိုယ့်ကိုယ်ကို ကျေနပ်မိသည် ....။
တစ်ဖြေးဖြေးနီးကပ်လာသော ခရေကုန်းဆေးရုံဝန်းလေးထဲကို ဒီမြေကိုခြေချချခြင်း ကတည်းက  ပါလာသမျှ အထုတ်အပိုးတွေကို အိမ်မှာပစ်ချခဲ့ရင်း အပြေးအလွှားဆိုသလို သူ့ကိုရှာဖို့ ရောက်လာခဲ့မိသည်...။ နှစ်ပေါင်းများစွာအတွင်း... ဘာမှပြောင်းလဲမသွားသော ဆေးရုံဝန်းကြီးထဲက အဆောက်အဦးတစ်ချို့ရှေ့မှာ ရင်းနှီးကျွမ်းဝင်စွာ ဖြတ်လျှောက်ခဲ့ပြီး အပြာနှင့်အဖြူရောင်ဝတ်စုံလေးကို ၀တ်ဆင်ထားသော သူနာပြုဆရာမလေးတစ်ဦးကို တွေ့လိုက်တာနဲ့ သူ့နောက်ကနေ မနည်းမှီအောင် အပြေးတစ်ပိုင်းလိုက်ခဲ့ရင်း  ....
“ဆရာမ ... ဒီဆေးရုံမှာ ဒေါက်တာ ရွှေတိုးအောင် ဆိုတာ ရှိပါသလားရှင် ... လို့ ဆရာမလေးကို မေးလိုက်သည် ....။
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကျမ မြင်ဘူးသလိုလို ရှိလှသော ဆရာမလေးကလဲ ကျမကို ဇဝေဇ၀ါ ရင်းနှီးကျွမ်းဝင်လှသော မျက်လုံးများဖြင့်ကြည့်ရင်း -
“ဒေါက်တာရွှေတိုးအောင်က ခရိုင်ကို အစည်းဝေးသွားတတ်နေပါတယ်ရှင် ...”
“အော် ဟုတ်လား ... ဒါနဲ့ ဒေါက်တာစုမွန်သင်း ဆိုတဲ့နံမည်ရော ဒီဆေးရုံမှာ ရှိပါသလား လို့ကျမက ဆက်ပြီးမေးလိုက်မိတော့ ....
“ဒေါက်တာ စုမွန်သင်း ... အော် .. သူကတော့ အခုမှထွန်စဖာနဲ့ရောက်လာမယ့် ဆရာဝန်ပါရှင့် အခုလောလောဆည် အလုပ်စမ၀င်သေးပါဘူး ....”
လို့ပြန်ဖြေရင်း ထိုဆရာမလေးက အံသြမှုအရိပ်အယောင်ဖြင့် ကျမကို မေးခွန်းတစ်ခု ဆက်မေးခဲ့ပါသည် .....။
“ ဟို ... မမက မမ မြစံပါယ်လှိုင် လားဟင် .... တဲ့
ကျမကို သိနေသော မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကောင်မလေးကို ကျမ အံ့သြစွာကြည့်လိုက်ရင်း ....
“ဟုတ်တယ် ညီမလေး ... မမကို သိတယ်လား ”
“ မမစံပါယ် သမီးက နှောင်းနှောင်း လေ ...မမ မမှတ်မိဘူးထင်တယ် တဲ့
“ဟယ် ... ညီမလေး နှောင်းနှောင်း .. ကြည့်ပါဦး အပျိုကြီးဖြစ်ပြီး ချောလာလိုက်တာ ... ယူနီဖောင်းလေးကလဲ ၀တ်ထားတော့ မမက  ချက်ချင်းမမှတ်မိဘူး ...ငယ်ရုပ်လေးကိုပဲ သတိရတော့တာလေ....”
“ဟုတ်တယ် မမစံပါယ်ရဲ့ .. နှောင်းနှောင်း နဲ့ မမက ၅ နှစ်လောက်ကွာတော့ ဘယ်မှတ်မိမလဲ မမစံပါယ်ပြန်မလာတာတောင် ဘယ်နှစ်နှစ်ရှိနေပြီလဲ ... နှောင်းနှောင်းက မမစုမွန်သင်း ဆီက ဓါတ်ပုံလေးကြည့်ဘူးလို့ မမကို ချက်ချင်းမှတ်မိနေတာ ....တဲ့
“ စုမွန်ကအခု ဘယ်မှလဲ ညီမလေး ...
“ဒေါက်တာစုမွန်သင်း က အခု ညောင်ဦးဆေးရုံမှာပဲလေ .. ပိုစတင်သွားကတည်းက အဲဒီ့မှာပဲ ...  မြလွှာကုန်းကို ထရန်စဖာတင်ထားတာ ... အခုကျလာပြီလေ ...မကြာခင်ရောက်လာတော့မှာပေါ့... လာပါမမစံပါယ်ရဲ့  ရုံးခန်းဘက်ကို လိုက်ခဲ့ပါဦး အပြင်မှာ နေနဲနဲပူတယ် ... ”
“မလိုက်တော့ပါဘူး နှောင်းရယ် .. မမခရေတန်းမှာ လမ်းလျှောက်ချင်သေးလို့ သွားလိုက်ဦးမယ်နော် အိမ်ရောက်မှ အေးအေးဆေးဆေးစကားပြောကြရအောင် ... မမကို ခွင့်ပြုဦး လို့ ညီမလေးနှောင်းနှောင်းကို  နှုတ်ဆက်ရင်း ဆေးရုံးဝန်းကြီးထဲကနေ ထွက်လာခဲ့လိုက်သည်...။
----------------------------
ကျမဒီမြေကို ရောက်ရင် သူ့ကိုသိပ်တွေ့ချင်တာ သူမသိခဲ့တာလား ... တာဝန်အရ .. ခရီးသွားနေရလို့ ကျမကို စောင့်မနေနိုင်ခဲ့တာလား ... ဒါမှမဟုတ် .. ကျမကို စောင့်မျှော်နေခဲ့တယ်ဆိုတဲ့ သူ့ရဲ့နေ့ရက်တစ်ချို့ကို သူညည်းငွေ့သွားခဲ့တာလားလို့ တွေးဖြစ်ရင်း ...  မြလွှာကုန်းဘက်သို့ပြန်ရန် လေးပင်သော ခြေလှမ်းများဦးတည်လိုက်သည် ...။
မြလွှာကုန်းဆိုတာ ကျမရဲ့ မွေးဖွားကြီးပြင်းခဲ့ရာ ရွာလေးမှ တောင်ပိုင်းကျသော ကုန်းမြင့်အပိုင်းလေးတစ်ခု ဖြစ်ပြီး ဆိတ်ငြိမ်အေးချမ်းလှသော နေရာလေးတစ်ခုလို့ ဆိုရင်လည်း မမှားပါ ...။
မြလွှာကုန်း ဆိုတဲ့နံမည်လေးကို ကြားရင် ...ကျမဘယ်နေရာပဲရောက်နေနေ ကျမရဲ့နှလုံးသွေး လည်ပတ်မှုတိုင်းကို နွေးထွေးစေပါသည် ...။
မြလွှာကုန်း၏ ခရေပင်တန်းတွေကိုဖြတ်လျှောက်ဖြစ်တိုင်း ကျမ ငယ်ငယ်က ပြေးလွှား ဆော့ကစားခဲ့ဘူးသော ပုံရိပ်တစ်ချို့ကို တမ်းတလွမ်းဆွတ်မိသည်...။
ကျမငယ်ငယ်ကဆိုတဲ့ အတွေးတစ်စကြောင့် မြလွှာကုန်းရဲ့အရှေ့ဘက်ချောင်းရိုးက သူငယ်ချင်းမလေး စုမွန်သင်း ကို ပို၍ပင် သတိရလိုက်သည် ...။
ဟိုး လွန်ခဲ့တဲ့ ငါးတန်းကျောင်းသူအရွယ်လောက်က ...  စုမွန်တို့ အိမ်ကို ကျမက အလည်အပတ်သွားတော့ စုမွန်သင်းနဲ့ သူ့အစ်မ မမ မေမွန်သင်း က သူတို့အိမ်ဘေးခြံစည်းရိုးက တလုတ်မန်ကျည်းသီးတွေကို တံချူနဲ့ခူးပြီး ၀ါးဆန်ကာခြင်းတောင်းထဲထည့်ကာ... ကျမကို ကျွေးမွေးဧည့်ခံခဲ့သည်ကို ယနေ့အထိ မမေ့နိုင်သေး...။
ပိုက်ဆံမချမ်းသာပေမယ့် စေတနာကောင်းလွန်းသော စုမွန်တို့မိသားစုကို ကျမအရမ်းချစ်ခင် ရင်းနှီးမိသလို စာအရမ်းတော်ကြတဲ့ စုမွန်သင်း တို့မောင်နှမတစ်တွေကိုလဲ ကျမ ငယ်ငယ်ကတည်းက အထင်ကြီးလေးစားခဲ့သည် ...။ 
၅ တန်းကနေ ၉တန်းထိ နွေရာသီကျောင်းစဖွင့်ကာနီးတိုင်း ကျမတို့တောမြို့သေးသေးလေးရဲ့ ခရေကုန်း အ.လ.က  အတန်း(ဘီ )မှာ စုမွန် နဲ့ ကျမက အမြဲတမ်း ရှေ့ဆုံးခုံကို ရအောင်ဦးကြရသည် ...။
အော် .. ဘာလိုလိုနဲ့ ကျမမေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့တဲ့ ကာလတွေ တစ်လျှောက်မှာ ကျမတို့အားလုံးလည်း အသက် ၃၀နီးပါး အရွယ်ပိုင်းတွေကို ချဉ်းနင်း ၀င်ရောက်လာခဲ့ကြပါလားဟု တွေးဖြစ်ရင်း သက်ပြင်းမောတစ်ချက်ကို ချဖြစ်ပါသည် ....။
-------------------------------------------------------------------
“စံပယ် ... မိစံပယ် ဟုတ်တယ်နော် ...”
ကျမရဲ့ နောက်အပါးဆီကနေ ၀မ်သားအားရနဲ့ ခေါ်လိုက်တဲ့ အသံရှင်ကို ကျမဘယ်သူဖြစ်မလဲလို့ မှန်းကြည့်ရင်း ............
“ဟယ်... မြစန်းကြည် ... တစ်ကယ့်ကို လူကြီးပုံစံကြီးဖြစ်နေတော့ ငါ့မှာတော်တော်စဉ်းစားယူရတယ် သူငယ်ချင်းရယ် ... နင့်ပါးပေါ်က မှည့်နက်လေးကို သတိရမိလို့သာ တော်တော့တယ် ...”
လို့ ကျမက အညာလေသံနဲ့ အားရပါးရပြန်နှုတ်ဆက်တော့ မြစန်းကြည်ရဲ့မျက်ဝန်းမှာ မျက်ရည်ကြည်လေးတွေဖြင့်ပင် ဖြာလက်၍နေခဲ့သည် ...။
၁၀တန်းအောင်ပြီး တက္ကသိုလ် ဆက်မတတ်နိုင်ရှာပဲ လယ်ထဲချောင်းထဲအလုပ်ကိုလုပ်ရင်း မြလွှာကုန်းမှာ ကျန်ရစ်ခဲ့တဲ့   ငယ် သူငယ်ချင်းမလေး မြစန်းကြည်ကို ကျမ အားပါးတရ ပွေ့ဖက်နှုတ်ဆက်ဖြစ်သည် ....။
“ မိစံပါယ် ... ငါ မြကြာယံ ချောင်းကမ်းထိပ်မှာလေ ကုလားပဲ နဲ့ပြောင်းတွေစိုက်ထားတယ် သိလား ... ”
“ ညကျရင် နင်စားဖို့ ပြောင်းဖူးလတ်လတ်ဆတ်ဆတ်တွေ ချိုးလာမယ်  ကုလားပဲအစိုတွေ နှုတ်လာခဲ့မယ်နော် ငါတို့ငယ်ငယ်တုန်းကလိုပဲ မီးမြိုက်ပီး စားကြမယ် ... တဲ့ ....
ဟိုး တုန်းကအတိုင်း ... ရိုးသား၍ ဟန်ဆောင်ခြင်းကင်းလှသော မြစန်းကြည်ရဲ့မျက်နှာလေးကို ကြည့်ရတာ...ကျမရင်ကို အေးချမ်းစေပြန်သည်။
“ဟဲ့ မိစံပါယ် .. နင်ငါ့ကို ဘာလို့စိုက်ကြည့်နေတာလဲ ... ဟီး ... ရှက်တောင်ရှက်လာပီဟာ .. ညနေကျရင် ငါ တောထဲကနေ မြန်မြန်ပြန်လာခဲ့မယ်နော် သိလား ... အခုငါသွားလိုက်ဦးမယ် ... နင်ပျင်းရင်လဲ အရင်တုန်းကလို ငါရှိတဲ့ လယ်ထဲကို လိုက်လာခဲ့နော် .....”
“အေးပါဟယ် .. ငါလိုက်လာခဲ့မှာပေါ့ ....”
ကျမကိုနှုတ်ဆက်ပြီး ချောင်းကမ်းဘက်ကို ခပ်သုတ်သုတ်လေး ပြေးထွက်သွားသော သူငယ်ချင်းမလေးကို ကျမ ငေးမောကာ ကျန်ခဲ့ရင်း မြလွှာကုန်းအရှေ့ဘက်က ခရေတောဘက်ကို တစ်ယောက်တည်းလျှောက်ခဲ့လိုက်သည် ....။
မြလွှာကုန်းနဲ့ခရေတောကို ရောက်ရင် ...ငယ်စဉ်ကလေးဘ၀က သူငယ်ချင်းတစ်သိုက်နဲ့အတူ ခရေအတူတူသီကုံးခဲ့ကြသော  နွေရာသီနေ့ရက်တွေကို ကျမ မြင်ယောင် တမ်းတ မိသည် ....။
ကျမက ဟိုးငယ်ငယ်ကတည်းက ....ခရေပန်းလေးတွေကိုကောက်ပြီး  ပုံစံအမျိုးမျိုးနဲ့ အလှပုံဖော်လိုက် .... ပန်းပွင့်ပုံ ပန်းချီလေးတွေဆွဲပြီး သူငယ်ချင်းတွေကို လက်ဆောင်ပေးလိုက် ၊ ကဗျာလေးတွေစပ်...၀တ္ထုတိုလေးတွေရေးပြီး သူငယ်ချင်းတွေကို ဖတ်ခိုင်းလိုက်လုပ်တတ်လွန်းသည့်  ကျမကို ကျမသူငယ်ချင်း ကောင်လေးက အရူးမဟုခေါ်တတ်သည်...။
အရွယ်နဲ့မလိုက်အောင် စာအုပ်နှင့်မျက်နှာမခွာတမ်း စာဖတ်ဝါသနာပါသော ထိုကောင်လေးကိုတော့ ကျမက စာဂျပိုးဟု ပြန်ခေါ်သည်...။
“ငါလဲ စာရေးတာ ၀ါသနာပါတယ် မိစံပါယ်ရဲ့ .. ငါ့အဖေက ပြောတယ် .. စာရေးတာ ၀ါသနာပါရင် ... စာများများရေးတတ်ချင်ရင် စာတွေလဲ များများဖတ်ရတယ်တဲ့ ... နင်လဲ စာအုပ်တွေဖတ်လေဟာ... ”
လို့ ထိုကောင်လေးက ကျမကို အမြဲတမ်း တိုက်တွန်းခဲ့ဘူးသည် .....။
ကောင်လေးနှင့်ပတ်သတ်ခဲ့သမျှသော အကြောင်းအရာတွေကို ... အမြဲတမ်းဆန့်ကျင်ခဲ့သည့်ကြားက .. ကောင်လေးရဲ့ စကားသံတွေကို ပြန်လည် ကြားယောင်မိပြန်သော ကျမစိတ်ကို ကျမ နားမလည်နိုင်ပါ..။
ကလေးဘ၀ကတည်းက ... ကျမအပေါ်မှာ ... တွယ်တာလာခဲ့တဲ့ ... ကောင်လေးရဲ့ရင်ထဲက စကားလုံးတွေကို ဘာ့ကြောင့်များ လျစ်လျူရှုခဲ့မိပါလိမ့်ကွယ် ....
“ကောင်လေးရေ .. နင့်ကို တွေ့ရင် ... ငါကိုယ်တိုင်ရေးထားခဲ့တဲ့ ကဗျာတွေကို နင်ဖတ်ပြီး ဝေဖန်ပေးဦးနော်... ” လို့ ကျမတိုးတိုးလေး ပြောလိုက်မိသည် ....။
မြကြာယံရဲ့ တိုက်နယ်ဆေးရုံလေးနံဘေးမှာ ခရေပင်တန်းကြီးရှိတဲ့အတွက် ထိုဆေးရုံလေးကို ခရေတန်းဆေးရုံရယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်...။
ကျမတို့ သူငယ်ချင်းတစ်တွေ ထိုခရေတန်းက လမ်းမထက်မှာ ကစားကြတိုင်း ကျမသူငယ်ချင်း ကောင်လေးက အမြဲတမ်းပြောတတ်ကြတယ် ... အဲဒီ့အချိန်တုန်းက ကောင်းလေးက ပြောတယ် ....
“ငါကြီးလာတဲ့အခါ ဆေးတက္ကလိုလ်တတ်မယ် ... ပြီးရင် ခရေကုန်း ဆေးရုံမှာဆရာဝန်လုပ်မယ်... ပြီးတော့  ငါနေထိုင်ကြီးပြင်းလာတဲ့ ဟောဒီ့မြကြာယံမှာပဲ တစ်သက်လုံးနေမယ်တဲ့....”
 ကျမရဲ့ သူငယ်ချင်းမလေး စုမွန်သင်းကလည်း -
“ ခေါင်းလေးငြိမ့်ပြီး ငါလဲနင့်လိုပဲ ဆရာဝန်လုပ်ပြီး မြကြာယံမှာပဲ တစ်သက်လုံးနေမယ် .... လို့ အမြဲတမ်းထောက်ခံတတ်တယ်...။
အဲဒီအချိန်တုန်းက ကျမက -
“ငါကတော့  နင်တို့အားလုံးနဲ့ မြကြာယံကို ချစ်ပါတယ်ဟာ  ... 
ဒါပေမယ့် ဒီတစ်နေရာထဲမှာပဲ ငါမနေချင်ပါဘူး ...ငါ့ဘ၀ရဲ့ တိုးတတ်ရာ တိုးတတ်ကြောင်းအတွက် နိုင်ငံခြားမှာပညာတော်သင်သွားမယ် .. ငါ့ရည်မှန်းချက်တွေ ပြည့်တဲ့အခါ  ငါသိပ်ချစ်တဲ့ မြကြာယံနဲ့ ဒီကလူတွေဆီကို ပြန်လာမယ်လေ ... အဲဒီအချိန်ကျရင် နင်တို့က ငါ့ကို  ဒီခရေကုန်းမှာပဲ ကြိုနေကြလေဟာ ... ” လို့ ကျမကတာ့ ခေါင်းလေးမော့ပြီး ၀ံ့ကြွားစွာ ပြောတတ်ခဲ့ပါတယ် ....။
အဲဒီလိုနဲ့ .... ကျမတို့တက္ကသိုလ်ဝန်တန်း စာမေးပွဲတွေအောင်ပြီး လမ်းညွှန်စာအုပ်တွေ ကျလာတဲ့အချိန်မှာ ဆုံးဖြတ်ချက်ခိုင်မာတဲ့ သူက မန္ထလေးဆေးတက္ကသိုလ်ကိုသာ တတ်ရောက်ဖို့ ရွေးချယ်ခဲ့သည် ...။ သူနဲ့ ရည်ရွယ်ချက် မျှော်မှန်းချက်...ထပ်တူနီးပါး ကျနေတဲ့ ကျမရဲ့ သူငယ်ချင်းမလေး စုမွန်သင်း ကလဲ သူနဲ့အတူတူ ဆေးတက္ကသိုလ်သို့ ၀င်ခွင့်ရကြသည်...။
သူတို့လောက် ခိုင်မာပြတ်သားတဲ့ရည်မှန်းချက်မရှိပဲ ရောက်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားမည်ဟု ဆုံးဖြတ်ရင်း ကျမ၀ါသနာပါသည့် အင်ဂျင်နီယာလိုင်းကို တက်ရောက်ဖို့ ရွေးချယ်ဖြစ်ခဲ့သည် ....။တစ်ခြားသော ကျမတို့ သူငယ်ချင်းတွေကလည်း ပညာရေးတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် ၊ စိုက်ပျိုးရေးတက္ကသိုလ် နဲ့ မေဂျာအသီးသီးကို ရွေးခြယ်လျှောက်ထားခဲ့ကြသည် ...။
-------------------------------------------
တက္ကသိုလ်အသီးသီးမှာ စတင် တက်ရောက်ကြရတဲ့ အချိန်ကာလတွေအတွင်း တစ်ယောက်ကို တစ်ယောက်အဆက်အသွယ်တွေ မပြတ်ခဲ့ကြပါ...။သို့သော် တစ်ကျောင်းနဲ့တစ်ကျောင်း အနည်းငယ် အလှမ်းဝေးတာမို့ တောထဲဘက်မှာ ကျောင်းတတ်ရသော ကျမတစ်ယောက်ထဲသာ သူငယ်ချင်းအားလုံးနှင့် ကွဲသွားသလိုဖြစ်လာခဲ့သည်...။
ဒုတိယနှစ် အောင်စာရင်းတွေထွက်ပြီး သိပ်မကြာခင် မြကြာယံဆွမ်းတော်ကြီးလောင်းပွဲမှာ ကျမတို့သူငယ်ချင်းတစ်တွေပြန်ဆုံဖြစ်ကြသည် ...။
မူလတန်း ၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဘ၀တွေကလို ကျမတို့သူငယ်ချင်းအုပ်စုတွေထဲကပဲ ဆွမ်းတော်ကြီးခံ ဆိုင်းထမ်းကို ဖိုးသူတော် အထက်အောက် ဆင်တူ ၀တ်စုံဖြင့်လှည့်လှည်ကြတာကို ကြည့်ပြီး ဆွမ်းတော်ကြီးလောင်းလှူကြသည့် ကျမတို့ စုမွန်တို့ ၊ မြစန်းကြည်တို့က အော်ဟစ်ရယ်မောခဲ့ကြသည် ....။
အဲဒီနောက် ကျမတို့ကျောင်းတွေမပြီးခင်မှာ ဒုတိယအကြိမ်အဖြစ် ကျူရိုးဘုရားပွဲတော်ရာသီမှာ သူငယ်ချင်းတွေအားလုံး ထပ်မံဆုံဆည်းဖြစ်ပြန်သည် ..။
စုမွန်က ဆေးကျောင်းသူဖြစ်လာမှ ပိုပြီးချောလာသလို .. သူကတော့ အရင်ကထက်ပိုမိုရင့်ကျက်တည်ငြိမ်ကာ ယောင်္ကျားပီသ လာသည်ဟု ကျမထင်သည် ...။ဘယ်လိုပဲဖြစ်ဖြစ် ငယ်ရုပ်သိပ်မပြောင်းသေးသည့်  မျက်နှာမှာ ပါဝါမျက်မှန်တစ်လက်တိုးလာသည့်အတွက် ကောင်လေးကိုကြည့်ပြီး ကျမကျိတ်၍ ပြုံးလိုက်မိသည် ....။
ပါဝါမျက်မှန်လေးအောက်က ကျမကို သေချာစူးစိုက်ကြည့်နေတဲ့ ကောင်လေးက - 
“ ပိန်လိုက်တာ မိစံပါယ်ရာ.... အားဆေးလေး ဘာလေးသောက်ပါလား ” တဲ့ ကျမကလဲ ....
“ဟုတ်ကဲ့ပါဒေါက်တိုရယ် ... ကျမက နဂိုပိန်ဆိုတော့ အားဆေးသောက်လဲ ထူးပြီး ၀မလာပါဘူး ”
လို့ ရယ်ကျဲကျဲနဲ့ ပြန်ဖြေလိုက်တယ် ...။
ဆရာဝန်မဖြစ်သေးဘူး ဆေးကုချင်နေပြီဖြစ်တဲ့ ကောင်လေးက မန္ထလေးမြို့မပြန်ခင် တစ်ညနေက မြကြယံချောင်းထိပ်မှာ  ကျမကို ယွန်းသေတ္တာလေးတစ်ဘူး လက်ဆောင်ပေးခဲ့သည်...။မြကြာယံမှာတုန်းက ထိုယွန်းသေတ္တာလေးကို ဖွင့်မကြည့်ဖြစ်ခဲ့ပါ .... ကျောင်းက အဆောင်ပြန်ရောက်မှ ကောင်လေး ပေးခဲ့သော ယွန်းသေတ္တာလေးကို သတိရပြီး  ဖွင့်ကြည့်ဖြစ်သည် ...။
သေတ္တာလေးထဲမှာ ... ခရေပန်းခြောက်လေးတစ်ချို့နဲ့ အတူ ... ကျမနဲ့ခပ်ဆင်ဆင်တူသော စူပုပ်ပုပ်မျက်နှာနဲ့ ကောင်မလေးပုံဆွဲထားသော ...  ခဲခြစ်ပန်းချီစာရွက်လေးတစ်ရွက် ...။
ကောင်လေးရဲ့ လက်ဆောင်တစ်ချို့မှာ ကဗျာဆန်ဆန်ဖြင့် ဘာအဓိပ္ပါယ်မှ သိသိသာသာ ဖော်ကျူးထားတာမျိုး မပါရှိခဲ့သော်လည်း မြကြာယံဆွမ်းတော်ကြီးပွဲမှာ ဆွမ်းဆိုင်းထမ်းကို ထမ်းထားတဲ့ ကောင်လေးရဲ့မျက်ဝန်းတစ်စုံထံမှ အကြည့်တစ်ချက်ကို သတိရလိုက်မိသည်....။
မမျှော်လင့်ပဲ အကြည့်ချင်းဆုံခဲ့သော နွေနံနက်တွင် သူ့မျက်ဝန်းထဲက အရိပ်တစ်ချို့ကို ဖတ်မိအောင်မကြိုးစားခဲ့တဲ့ ကျမက အခုမှ လှုပ်ရှားသလို ဖြစ်လာတဲ့ ခံစားမှုအချို့ကို ဘာသာပြန်ဖို့ ကြိုးစားခဲ့မိပါသည် ....။
မြလွှာကုန်းရဲ့ခရေပင်တန်းမှာကျမတစ်ယောက်ထဲ လျှောက်လာမိရင်း ချက်ချင်းတွေ့ဆုံခွင့်မရခဲ့သည့် ကောင်လေးတစ်ယောက်ကို ပို၍ ပို၍ .... သတိရမိပြန်ပါသည်...။
ခရေပင်တန်းအောက်က ခရေပွင့်တစ်ချို့ကို ကောက်ယူရင်း -ကျမမွေးနေ့တုန်းက ကောင်လေးရဲ့ မွေးနေ့အမှတ်တရ ကဗျာလေးကို ကျမ ရေရွတ်နေခဲ့သည် .... ။
ဆေးကျောင်းသားဖြစ်မှ ကဗျာစရေးဘူးတဲ့ ကောင်လေးရဲ့ ကဗျာတွေက နုညံ့လှပပြီး ... အဓိပ္ပါယ်ပြည့်ဝသည်ဟု ကျမ ထင်သည် ...။ဘ၀အမြင်နဲ့ ရည်မှန်းချက်ပန်းတိုင်အကြောင်းတွေ ပြောကြရင် ကျမနဲ့ကောင်လေးက အမြဲဆန့်ကျင်ဘက်လို ဖြစ်နေတတ်သလောက် ကဗျာကြောင်း ၊ စာပေတွေအကြောင်းပြောကြရင်တော့ ကမ္ဘာပေါ်မှာ ကျမတို့နှစ်ယောက်ထဲသာ ရှိသည်ဟု ထင်မိတတ်သော နေ့ရက်တွေရှိခဲ့ဘူးသည် ....။
တစ်ဦးကို တစ်ဦး ဘယ်အချိန်ကတည်းက အရောင်ပြောင်းလဲကာ ငြိတွယ်မိကြသလဲဆို အတိအကျ မသိတော့ပေမယ့် အမြဲတမ်းလိုလိုတော့ မြကြာယံကို လွမ်းတိုင်း ... ကောင်လေးတစ်ယောက်ရဲ့ မျက်နှာလေးကိုပါ တမ်းတလွမ်းဆွတ်မိတာ ၀န်ခံရပါမည် ....။
သိပ်ပြီးတိုးတတ် ပြောင်းလဲမှုရှိမလာခဲ့သော ... အေးချမ်းငြိမ်သက်ခြင်းတွေလဲ ပျက်ပြယ်မသွားသေးသော ကောင်လေးသိပ်ချစ်သော ဟောဒီ့ မြလွှာကုန်းကို ကျမ ရောက်အောင် ပြန်လာခဲ့ပါသည် ..။
သို့သော် မြလွှာကုန်းမှာ .... ကျမကသိပ်ချစ်သော ကျမကို သိပ်ချစ်ကြသော ကောင်လေးအပါအ၀င် ... လူတစ်ချို့ကတော့ ကျမကို  ...ဟိုး ...အရင်အိမ်ပြန်ချိန်တွေကလို နွေးထွေးစွာ ဆီးကြိုမနေခဲ့ကြပါ  ....။ 
---------------------------------------------------
မပြောင်းလဲခြင်းတွေထဲက များစွာသော ပြောင်းလဲခြင်းတစ်ချို့ကို တွေးဖြစ်ရင်း မျက်ဝန်းဝမှာ သူ့အလိုလိုလျှံတတ်လာသော မျက်ရည်အချို့ကို သိမ်းဆည်းလိုက်သည်...။
ကျမတို့ခြံနဲ့ သိပ်အလှမ်းမဝေးလှသော ကောင်လေးတို့ ခြံဘက်ကို အလွမ်းပြေ လှမ်းကြည့်လိုက်တော့  အိုဟောင်းကာ ရေညှိအထပ်ထပ်တက်နေသော တိုက်ကြီးပေါ်မှာ ခိုပြာပန်းတွေပွင့်ဝေနေတာတွေ့လိုက်ရသည်...။
“ မိစံပါယ် .. နင်က ခိုပြာပန်းလဲကြိုက်တာပဲလား ... အဲဒီပန်းတွေသီပြီးရင် ငါ့စာအုပ်တွေလာမကိုင်နဲ့နော် ... အဲဒီပန်းတွေက ကြက်သွန်ဖြူစော်နံတယ် ငါမကြိုက်ဘူးတဲ့ ....”
တော်တော်ကြီးကျယ်တဲ့ အဲဒီ့ကောင်လေးကို ကျမကြည့်မရတာနဲ့ ခိုပြာပွင့်တွေကို အရှည်ကြီးသီပြီး သူ့နားက ခဏ ခဏဖြတ်လျှောက်သွားတတ်သလို .. သူ့စာအုပ်တွေကိုပါ အမြင်ကပ်ကပ်နဲ့ လှန်လှောကြည့်ပစ်လိုက်သည် ... အဲလိုလုပ်တဲ့အခါ ကောင်လေးက ကျမကို မျက်တောင်ကုတ်ပြီး ပေစောင်းစောင်းကြည့်တတ်သည် ....။
ကျမကလည်း လျှာတစ်လစ်ထုတ်ပြီး ပြောင်စပ်စပ်လုပ်ပြတတ်သော ကြောင့်-
“ မိန်းကလေးဆိုတာ .... အိဒြေ္ဒရရ ပြုံးရတယ် ငပေါမရဲ့....” လို့  ကျမကို ကြုံတုန်း ဆရာလုပ်လိုက်သေးသည်...။
ကောင်လေးဆရာဝန်ဖြစ်ပြီးနှစ်မှာ ကျမ မြလွှာကုန်းကို တစ်ခေါက်ရောက်ဖြစ်တော့ ကောင်လေးတို့တိုက်ရှေ့မှာ ခိုပြာတွေပွင့်ဝေနေတာကို ကျမအံ့သြစွာမြင်လိုက်ရသည် ...။
“ဒီပန်းအနံ့တွေကို နင်မကြိုက်ပဲနဲ့ ဘာလို့ စိုက်ထားတာလဲ .. ” လို့ကျမက မေးတော့
“ အနံ့ကို မကြိုက်ပေမယ့် ... ခိုပြာပန်းသီတဲ့ ကောင်မလေးတစ်ယောက်ကို သတိရမိလို့ စိုက်ထားတာပါ”
တဲ့ .... စကားတွေ တော်တော်ပြောတတ်လာသည့် ကောင်လေးကို ကျမ အံ့သြသွားသလို ရှိပေမယ့် မသိချင်ယောင် ဆောင်ပြီးပဲ နေခဲ့လိုက်သည် ....။
ကျမ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ကျောင်းဝင်ခွင့်လျှောက်ဖို့ အသည်းအသန် လုပ်နေတော့ ...ကောင်လေးကိုလည်း  ဘွဲ့လွန်ဆက်တတ်ဖို့ ကျမ တိုက်တွန်းခဲ့ဘူးသည် ...။
ခေါင်းကို ညင်သာစွာခါရမ်းလိုက်ရင်း  ကောင်လေးက ...သူ ပိုစတင်ကျရာ တိုက်နယ်ဆေးရုံလေး တစ်ခုမှာပဲ အေးချမ်းစွာ တာဝန်ထမ်းမည်ဟု ဆိုခဲ့သည်...။ အဲဒီတုန်းက ကောင်လေးပြောခဲ့တဲ့ စကားတစ်ချို့ကို ကျမ ယနေ့ထိ မမေ့ခဲ့ပါ ....။
“ငါ ဆရာဝန်ဖြစ်ချင်တဲ့ ရည်မှန်းချက်က .. ဆင်းရဲနွမ်းပါးသူတွေ ..ချို့တဲ့သူတွေ နဲ့ ဘိုးဘွားတွေရဲ့ကျန်းမာရေးကို စေတနာနဲ့ ပြုစုစောင့်ရှောက်ချင်လို့ ပါ မိစံပါယ်ရယ် ... နောက်ပြီး ငါဝါသနာပါတဲ့ အခမဲ့ ပညာရေးထောက်ပံ့မှုလုပ်ငန်းတွေလဲ ငါကိုယ်တုင်ဦးဆောင်ပြီး ဖွင့်မယ် ...
“သိပ်တိုးတတ်ချင်တဲ့ နင်ပဲနိုင်ငံခြားကို သွားပါ ... တစ်နေ့ရွာကို သတိရခဲ့တယ်ဆိုရင်..... ငါတို့အားလုံးကို နင်မမေ့ခဲ့ဘူးဆိုရင် ... လူ့ဘ၀ရဲ့ တစ်ကယ့်အနှစ်သာရတစ်ခုဟာ ဘာလဲ ... လို့နင်နားလည် သဘောပေါက်လာတဲ့ တစ်နေ့ကျရင် ... ငါ့ရဲ့စိတ်ကူးနဲ့ ရည်မှန်းချက်တွေကို လက်တွဲကူညီဖို့ .. နင်မြလွှာကုန်းကို ပြန်လာခဲ့ပေါ့ဟာ ” တဲ့ ....။
ကျမ နိုင်ငံခြားကိုထွက်လာကာနီးမှာ ကောင်လေးကို နှုတ်ဆက်ခဲ့ပါတယ် ...။
အဲဒီအချိန်တုန်းက ... ကောင်လေးရဲ့ မျက်နှာမှာ ... ကျမကို သီးသန့် ပြောဖို့စကားလုံးတွေရှိနေခဲ့လိမ့်မယ်လို့ ကျမ မျှော်လင့်ခဲ့သော်ငြား ကောင်လေးရဲ့တည်ငြိမ်တဲ့ မျက်နှာထားက တစ်ခုခုကြောင့် တားဆီးဟန့်တား ထားသလို မြိုသိပ်ခဲ့တာကို ကျမသိတယ်...။
ကောင်လေးတစ်ယောက်နဲ့ ကွဲပြားခြားနားလွန်းတဲ့ ကျမရဲ့ ရည်မှန်းချက်တွေအတွက် ....
“မြလွှာကုန်းနဲ့ အမြဲထာဝရ သင်းပျံ့နေတဲ့ ... ခရေပင်တန်း ..... ကျမရဲ့ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ကျမ သီကုံးနေကျ ခိုပြာပန်းတွေ .... ပြီးတော့ ....ငွေမှင်ရောင်ထနေတဲ့ ကျမတို့ မြို့အ၀င်က မြကြာယံချောင်း ....ရှေးရိုးဆန်ပြီး တည်ငြိမ်အေးချမ်းလှတဲ့ ကောင်လေးတစ်ယောက် ... အားလုံးကို .... ကျမ ခွဲခွာနှုတ်ဆက်ခဲ့ရတဲ့ နေ့ရက်တွေအတွက် ရင်ထဲကပဲ တောင်းပန်ဖြစ်ခဲ့သည် ....။
----------------------------------------------------------------
မြလွှာကုန်းစေတနာဆေးခန်း ဆိုတဲ့ အပြာရောင်ဆိုင်းပုဒ်လေးကို ငေးကြည့်နေတုန်းမှာပဲ ...
“ ဒီအခမဲ့ဆေးခန်းလေးက လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ကိုရွှေတိုးအောင် တို့ မမစုမွန်တို့ က ဦးစီးဦးဆောင်လုပ်ပြီးဖွင့်ပေးထားတာလေ .. နှောင်းနှောင်း လဲ အမြဲတမ်းဒီမှာ ဆေးခန်းထိုင်တယ် ” လို့ နှောင်းနှောင်း က ပြောပြခဲ့တယ် ...။
ကောင်လေး နဲ့ စုမွန်သင်း ...နောက်ပြီး ညီမလေး  နှောင်းနှောင်း တို့ရဲ့မြင့်မြတ်တဲ့စိတ်ထားလေးကို ကျိတ်၍ ချူးကျူးလိုက်မိရင်း ... မြလွှာကုန်း ပညာဒါန အခမဲ့ စာသင်ကျောင်းလေးမှာ ဆရာမလျှောက်ထားမည့် လက်ထဲက လျှောက်လွှာစာရွက်လေးကို တစ်ချက်ငုံ့ကြည့်လိုက်သည် ...။
“ အဲဒီကျောင်းလေး စလုပ်တာ တစ်နှစ်ပဲရှိသေးတယ် မမစံပါယ် ရဲ့ ... မမမေမွန်သင်းက အခု ခရေကုန်း အ.လ.က မှာ ဆရာမလေ ... ဒီကျောင်းလေးမှာ အလှည့်ကျ တာာဝန်ယူပေးတယ် ...
“ဒီကျောင်းလေးကို ခရေကုန်းက ကျောင်းသူ ကျောင်းသာဟောင်းတွေကပဲ ၀ိုင်းပြီး ထူထောင်ခဲ့ကြတာလေ  ... ”
“ဟုတ်လား ..” လို့ ကျမ အံ့သြစွာ ရေရွတ်လိုက်ရင်း....
ဒီလျှောက်လွှာလေးထဲက တာဝန်ခံကျောင်းအုပ်ကြီးဆိုတဲ့ နေရာအောက်က နံမည်လေးတစ်ခုကို သေသေချာချာကြည့်လိုက်မိသည် ...
ဒေါက်တာ ရွှေတိုးအောင် ... ဆိုတဲ့ နံမည်လေးတစ်ခုကို တွေ့လိုက်ရတော့ ...အတော်လေးကို အံ့သြသွားခဲ့တယ် ... ဆေးရုံတာဝန်တစ်ဘက် ... ပညာရေးမြှင့်တင်မှုလုပ်ငန်းတွေတစ်ဘက်နဲ့ ရပ်ရွာအကျိုးကို သယ်ပိုးနိုင်လွန်းသော ကောင်လေး၏ မြင့်မြတ်သော နှလုံးသားကို ကျမ ... မလေးစားပဲ ဘယ်လိုမှ မနေနိုင်တော့ပါ ...။
ကျမမှာ ဒီလိုရည်မှန်းချက်မျိုးတွေ ပြင်းပြင်းပြပြရှိလာခဲ့တာ သိပ်မကြာသေးပေမယ့် ... ကျမရင်ထဲက ဆန္ဒနဲ့ လုပ်ပေးချင်တာလေးတွေ အားလုံးက .. ကောင်လေး၏ ကြိုးစားမှုတွေဖြင့်မြလွှာကုန်းမှာ အားလုံးရှိနေခဲ့ပြီးပြီ ဖြစ်သည် ....။
ဘာသာရေးစာပေတွေ ဗဟုသုတ စာပေတွေကို ငယ်ငယ်ကတည်းက လေ့လာ ဖတ်မှတ် သော ကောင်လေးတစ်ယောက်ရဲ့ ပြည့်ဝသည့်ရည်မှန်းချက်နှင့် မွန်မြတ်သည့် လုပ်ဆောင်ချက်တို့ကို ကျမ အလေးအနက်ထားကာဖြင့် အသိအမှတ်ပြုလိုက်ပါသည်...။
------------------------------------------------------------
မနက်ဝေလီဝေလင်းကတည်းက ကျမကို မေမေက လာနှိုးသည့်အတွက် ... အိပ်ယာကနေ စောစောထပြီး ကျမမကြုံခဲ့ရတာကြာပြီဖြစ်သော မြလွှာကုန်းဆွမ်းတော်ကြီးခံကို  ဆွမ်းလောင်းဖို့ ထပြီးချက်ပြုတ်ပြင်ဆင်ဖြစ်သည်...။
ကျမ ဖွားဖွားရှိစဉ်ကတည်းက ဆွမ်းတော်ကြီးခံဆိုင်းထမ်းထဲကို အိမ်ရှေ့မှာပွင့်တဲ့ နှင်းပန်းဖြူဖြူလေးတွေနဲ့ ခရေပန်းကုန်းအရှည်ကြီးတစ်ကုန်း ... အိမ်ခြံထဲကသီးတဲ့ ခြောက်လမျိုး မာလကာသီးကြီးတွေနဲ့ ဆွမ်း ၊မုန့် ဖွယ်ဖွယ်ရာရာဟင်းတစ်ချို့ကို စီစဉ်ပြီး အိမ်ရှေ့မှာ အဆင်သင့်အနေအထားလေးတွေဖြင့် ရပ်စောင့်နေလိုက်ကြသည် ....
“ ဆွမ်းတော်ကြီးခံ ... ဆွမ်းတော်ကြီးခံ ... လာပြီဗျို့ .. မနက်ခင်းလင်းအာရုံမှာ ရောင်နီပျို့ပျို့ ... မြကြာယံချောင်းနဘေးက ... ဖိုးသူတော်တို့ ဆွမ်းခံလာပြီဗျို့  ..... ”
ဆိုတဲ့ ရွာသားတွေတီးမှုတ်သီဆိုပြီး လှည့်လည်လာတဲ့ အသံက ကျမနေထိုင်ရာ ခရေတန်းနဲ့ တဖြေးဖြေးချင်း နီးကပ်လို့လာခဲ့ပြီ ....။
ဆွမ်းတော်လောင်းဖို့ ကျမ လင်ပန်းလေးကို မြှောက်ကိုင်ထားသလို ... မြစန်းကြည်ကလဲ ကျမအနားမှာ နေရာယူထားခဲ့သည် ... ။
ကျမတို့နဲ့ မလှမ်းမကမ်းမှာ နှောင်းနှောင်း တို့ ညီအစ်မ တစ်တွေက နေရာယူလို့ ...။ ဆွမ်းတော်ကြီးခံအဖွဲ့ ကျမတို့ လမ်းထဲကို ကွေ့ပြီးဝင်လာတော့ ....
ရှေ့ဆုံးက အထက်အောက်အဖြူရောင်ဝတ်စုံနဲ့ မျက်နှာပြားပြားကောင်လေးကို သေသေချာချာကြည့်လိုက်တဲ့အခါ  ...။
“ ဟယ် ... ဖိုးပြား ... ကျော်စွာဝင်း ... ”
ငယ်ငယ်က ကျမသူငယ်ချင်းကောင်လေးတစ်ယောက် ...ကျမကို ပြောင်စပ်စပ်မျက်နှာဖြင့်-
 “ ဖိုးပြားမဟုတ်တော့ဘူး ... မြလွှာကုန်း ကျောင်းဆရာဦးပြားဖြစ်နေပြီဗျ... လို့ ခပ်တိုးတိုးလေး ကပ်ပြောသွားသေးသည် ...။
ရင်ထဲက လှိုက်တတ်လာတဲ့ အပျော်တစ်ခုနဲ့အတူ ငယ်ငယ်တုန်းက ကလေးဘ၀ကို ပြန်ရလိုက်သလို ပျော်မြူးသွားလိုက်သိမှာ အတိုင်းမသိတော့ ....။
“ဟေး ...ဘာငေးနေတာလဲ မိစံပါယ် ငပေါမ ... ငါ့ဆိုင်းထမ်းထဲကို  မာလကာသီးလောင်းလေဟာ ”
လို့အော် ပြောလိုက်တဲ့ အသံလာရာကို ကြည့်လိုက်မိတော့ ...
“ဟယ် ....ဖိုးရဲ ... နင်လဲ မြလွှာကုန်းကို ပြန်လာတယ်ဟုတ်လား ...”
“အံမယ် ... အထူးအဆန်းလုပ်လို့ ငါတို့အားလုံး ဒီကနေ တဖ၀ါးမှ မခွာဘူး ... ခွာတဲ့သူတွေကလဲ .. ၀ါးတွင်း ဆွမ်းတော်ကြီးခံပထမဆုံးနေ့မတိုင်ခင် နှစ်တိုင်း ပြန်လာနေကျ ... နင်ပဲမလာတာ အရူးမရဲ့ .. ငါက မြလွှာကုန်းမှာပဲ လ ၀ က အရာရှိနော် ... နေ့လည်မှနင့်ဆီကို မှတ်ပုံတင်လာစစ်မယ် ”
သစ်သီးဆိုင်းတန်းအလေးကြီးကို ထမ်းထားတဲ့ကြားက စကားတွေ မနားတမ်းပြောသွားနိုင်သော ဖိုးရဲဟာ လူကြီးတစ်ယောက်နဲ့ကို မတူသေး ပါလားလို့ တွေးရင်း ကျမ အူမြူးစွာဖြင့် အော်ရယ်နေလိုက်မိပါသည် ...။
“ဘာတွေ သဘောကျနေတာလဲ ... ငပေါမရဲ့ ... ဘုရားပန်းတွေလောင်းဖို့မေ့နေဦးမယ် ...”
ဟော ... လာပြန်ပါပီ ... မုန့်လက်ကောက် လို့ နံမည်ရထားတဲ့ ...ကျမ သူငယ်ချင်း ...နိုင်ဇော် ...
 ဒီကောင်ကိုတော့ ရဲအုပ်ဖြစ်နေသည်ဟု ကြားပြီး အခုမှသာတွေ့ရတော့သည် ...။ အရက်ရှည်ရှည် ဗိုက်ပူပူနှင့် နိုင်ဇော် လို့ခေါ်တဲ့ မုန့်လက်ကောက်ကို  မြင်တော့ ... ငယ်ငယ်က အကြောင်းကို သတိရပြီး ပို၍ပင် ရယ်လိုက်မိတော့သည်...။
“ပြောလေ ကဲလေပါလား မိစံပါယ် ရာ ... သိပ်မရယ်နဲ့နော် ... မြလွှာကုန်းရဲက ရယ်ရင် မကြိုက်ဘူး လာဖမ်းလိမ့်မယ် တဲ့ ... နင်ငါ့ကို တွေ့ချင်ရင်မြလွှာကုန်း ရဲစခန်းထဲလာခဲ့ ”  လို့ အော်သွားလိုက်သေးသည် ...။
မြစန်းကြည်ကလဲ ... အားကျမခံ ...
“ ဟဲ့ ... ငါတို့ လာခဲ့ရင် နင်မုန့်လက်ကောက် ကျွေးမှာလား .. ”လို့ ပြန်နောက်လိုက်သေးသည် ...။
မုန့်လက်ကောက် ဆိုတဲ့ နံမည်က နိုင်ဇော့် ကို ကျမတို့ အုပ်စုတွေ ပေးလိုက်သော နံမည်ဖြစ်သည်...။
ကျမတို့ငယ်ငယ်က နိုင်ဇော်တို့ အိမ်အပေါ်ထပ်မှာ ကျူရှင်ဆရာ အိမ်ခေါ်ပြီး
ဝိုင်းကျူရှင်သဘောမျိုးစာသင်ကြသည် ။ နိုင်ဇော့် အမေ အန်တီညွန့်က  ကျူရှင်ဆရာ နဲ့ ကျမတို့အားလုံးကို မုန့်လက်ကောက်ကျွေးမယ်ဆိုပြီး နောက်ဖေးကို ထွက်သွားသည် ...။
အဲဒီ့အချိန်အထိ စာသင်မည့်နေရာကို နိုင်ဇော် ရောက်မလာခဲ့သေး ...။ နိုင်ဇော့် အမေက ခဏကြာတော့ မုန့်တွေထည့်ထားတဲ့ ဒန်အိုးကြီးပျောက်သွားတဲ့အတွက် နိုင်ဇော် ရှိလားလို့ စာသင်ခန်းကိုလာရှာသည် ..။ နိုင်ဇော့် ကိုလဲမတွေ့ .. မုန့်လက်ကောက်ဒန်အိုးကြီးကိုလဲ မတွေ့တော့မှ သဘောပေါက်သွားပြီး ဒုတ်တစ်ချောင်းကောက်လျှက် -
“ ထွက်ခဲ့ .. နိုင်ဇော် ဘယ်မှာလဲ ငါသိတယ်နော် .... ” လို့  ၅ ကြိမ်လောက်အော်မှ အိမ်ထပ်ခိုးပေါ်ကနေ မုန့်လက်ကောက်အိုးကြီးနဲ့ မျက်နှာမှာလဲချွေးစေးတွေပြန်ပြီး ထွက်ချလာတော့သည် ...။
သူ့အမေ ရိုက်တော့မယ်ဆိုတာ သိတာတောင် သူ့လက်မှစီးကျလာတဲ့ ထန်လျှက်အရည် (တနှဲရည်)တွေကို လျှာနဲ့ကုန်းရက်လိုက်သေးသည် ...။ကလေးနဲ့မလိုက် အဲလောက်တောင်အစားမက်သည့် နိုင်ဇော် ကို ကျမတို့အားလုံး အောချယူရသည်..။ဆယ်တန်းအောင်တော့ သူက မန္ထလေး ရဲသိပ္ပံမှာတတ်ရောက်ပြီး အဝေးသင်ဘွဲ့ဖြင့် ရတနာပုံ တက္ကသိုလ်မှ ဘွဲ့ရခဲ့သည် ...။
ကျမရဲ့အတွေးစတွေ ငယ်ငယ်က ကလေးဘ၀ကို သတိရအောက်မေ့နေတုန်းမှာ ... မြစန်းကြည်က ကျမကို လက်တို့လိုက်သည် .... ။
“ စံပါယ် ... ဟိုမှာ ဆွမ်းတော်မြသပိတ်ဆိုင်းထမ်းကို ထမ်းလာတာ ဘယ်သူလဲလို့ ကြည့်လိုက်စမ်းပါ ...”
ဟိုး ...ငယ်ငယ်ကတည်းက ဆွမ်းဆိုင်းထမ်းမြသပိတ်ကို အမြဲတမ်း ထမ်းလေ့ရှိတဲ့ ဖိုးသူတော်ဝတ်စုံလေးနဲ့ ကောင်လေးရဲ့ ပုံရိပ်လေးကို မြင်ယောင်တမ်းတရင်း ... တဖြေးဖြေးလှမ်းလာတဲ့ ဆိုင်းထမ်းလာရာကို ငေးကြည့်လိုက်တယ် ....
ပြီးတော့ .. စူးရှ နက်ရှိုင်းစွာနဲ့ ငယ်နံမည်လေးတစ်ခုကို တုန်ရင်လှုပ်ရှားစွာအော်ခေါ်လိုက်မိတယ် -
“ ဖိုးပြူး ... ...................................
ကောင်လေးကလဲ ကျမကို သူခေါ်နေကျအတိုင်း လှိုက်လှိုက်လှဲလှဲပြန်ခေါ်လိုက်တယ် ...
“အရူးမ........................................ တဲ့ ....
ကျမရဲ့ ကြွေလင်ပန်းအ၀ါရောင်လေးထဲက ဆွမ်းတော်ပန်းပန်ပြားကို ကောင်လေးတို့ထမ်းလာတဲ့ ဆွမ်းဆိုင်းထမ်းမှာ လောင်းလိုက်ရင်း ကောင်လေးကို လှိုက်လှဲစွာပြုံးပြလိုက်တယ် .....
ကျမအနားကိုရောက်လာတဲ့ ကောင်လေးက ကျမကို စေ့စေ့ကြည့်လိုက်ရင်း ......
“  မိစံပါယ် ... နင် တစ်ကယ်ပြန်လာတယ်နော် တဲ့ ......”
ကောင်လေးကို ခေါင်းငြိမ့်ပြုံးပြရင်း ကောင်လေးရုတ်တရက် ကမ်းပေးလိုက်တဲ့ ခရေပန်းကုံးလေးကို ယုယစွာ လှမ်းယူလိုက်တယ် .....
ဖိုးသူတော်ဝတ်စုံအထက်အောက်အဖြူရောင်လေးကို ၀တ်ဆင်ထားသော ၀င်းဖန့်ကြည်လင်နေသည့် ကောင်လေးမျက်နှာမှာ အပြုံးတွေ ဝေနေခဲ့သလို ... မြလွှာကုန်းက ခရေပန်းရနံ့တွေကလည်း ခါတိုင်းနံနက်ခင်းတွေထက် မွှေးကြိုင်သင်းပျံ့လို့နေခဲ့ပါသည် ......။
ထို့အတူ .... မြကြာယံချောင်းရေရဲ့ စီးဆင်းသံသည်လည်း ခါတိုင်းနေ့တွေကထက် ငြိမ့်ညောင်းသာယာနေမည်ဖြစ်သလို ... ကောင်လေးတို့ တိုက်ခေါင်မိုးပေါ်ကအဆုတ်လိုက် အခိုင်လိုက်ပွင့်ဝေနေကြတဲ့ ခိုပြာပန်းတို့လှုပ်ခတ်သံသည်လည်း....  မြလွှာကုန်းဆိုသည့် ကျမချစ်သော တောနယ်တစ်ခွင်လုံးကို သာယာကြည်နူးစေလောက်အောင် ပနံရစွာဖြင့် တင့်တယ်လှပ၍ နေပါတော့သည်.....။
ကျမရဲ့ စာဖတ်သူ မောင်နှမတစ်ချို့က ...မနှင်းရေ ....ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဇာတ်လမ်းလေးတွေကိုပါ ရေးသားပါဦးလို့ ... တိုက်တွန်းခဲ့တာကြောင့် ... ဒီဝတ္ထုတိုလေးကို ကျမကြိုးစားပမ်းစားနဲ့ မအားလပ်တဲ့ကြားက ရေးဖြစ်သွားပါတယ် ... ။ ဒီဝတ္ထုမှာ ကျမရဲ့ ဇာတ်ကောင်တစ်ချို့စရိုက်ကို ကျမငယ်သူချင်းတစ်ချို့ဆီက စရိုက်လေးတွေကို ထည့်သွင်း ရေးသားထားပါတယ် ...။ ကျမရဲ့ မွေးရပ်ဇာတိအညာက တောမြို့လေးတစ်ခုရဲ့ ချစ်စရာအကြောင်းအရာလေးတစ်ချို့ကို နောက်ခံထားပြီး ... ကျမ၏ စိတ်ကူးယဉ်အတွေးသက်သက်တို့ ဖြင့် ပြန်လည်ပေါင်းစပ်ရေးဖွဲ့ထားတာ ဖြစ်လို့ ... ဘယ်လိုပဲဖြစ်ဖြစ် လာရောက်ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်မိပါတယ် ....
အားလုံးကို ချစ်ခင်လေးစားလျှက် ....
နှင်းဟေမာ
( 08 Sep 2010  3:45am )
6 comments:
မြစ်ကျိုးအင်း said...
မွေးရပ်မြေနဲ့ ငယ်သူငယ်ချင်းတွေ အကြောင်း ဖတ်ရတိုင်း ကြည်နူးရသလို လွမ်းမောရတယ်။
ဘဝရဲ့ ပူလောင်မှုတွေ ၊ လူတွေရဲ့ ဟန်ဆောင်မှုတွေ ကြုံတိုင်း ငယ်ဘဝကို လွမ်းမိတယ်။
ဝတ္ထုလေးတွေရေးတာကို ဝမ်းသာတယ် ညီမလေး။ များများတွေပြီး များများရေးပေါ့။
သဒ္ဓါလှိုင်း said...
ညီမလေးနှင်းရဲ့ဝတ္ထုလေးတွေကဆွဲအားအပြည့်နဲ့
ဖတ်ရတာခံစားချက်မျိုးစုံပေးတယ်.။
လွမ်းမောစရာကောင်းတဲ့ငယ်ဘ၀ပုံရိပ်တွေကိုလည်း
အထင်းသားမြင်ရတယ်။
ခုလိုမျိုးလေးတွေများများရေးဖို့တိုက်တွန်းပါတယ်.။
အားပေးနေမယ်နော်.။
ခင်မင်စွာ
မသဒ္ဓါ
ချော(အစိမ်းရောင်လွင်ပြင်) said...
နှင်းရေ
ဝတ္ထုလေးရော နံမည်လေးတွေရော ချစ်စရာလေးရယ်
တို့လဲ ပန်းဆိုရင်သိပ်ကြိုက်တာ
ပန်းနံမည်နဲ့အတူ ပန်းအမျိုးပေါင်းများစွာကိုလည်း စိတ်ဝင်စားမိတယ်
နှင်းရဲ့ ဒီဝတ္ထုလေးကလည်း နူးနူးညံ့ညံ့လေးနဲ့ ဖတ်ရတာ နှစ်သက်ကြည်နူးစရာလေးရယ်..
ခိုပြာပန်းဆိုတာနံမည်ကိုက ချစ်စရာလေးနော်
အရောင်လေးကလည်း ခရမ်းပြာရောင်လေး
အပြင်မှာတော့ မြင်ဖူးဘူး..
ဇွန်မ said...
အမရေ ဝတ္ထုကောင်းတစ်ပုဒ် ဖတ်သွားတယ်နော် နာမည်ဆန်းလေးကို သဘောကျတယ်း)
ကြည်ဖြူပိုင် said...
ကောင်းလိုက်တဲ့ဝတ္ထုလေး
နှင်းရေးတဲ့ ၀တ္ထုတွေထဲမှာ ဒီဝတ္ထုလေးကိုအကြိုက်ဆုံးပဲ
ရသ အစုံအလင်မြင်ရပြီး ဇာတ်လမ်းအစကနေ အဆုံးတိုင်ပါတယ်
ဖတ်ရင်း ကြည်နူးဖွယ်ကောင်းတဲ့ရွာလေးနဲ့ ဇာတ်ကောင်တွေကိုမြင်ယောင်သွားမိတယ်။
အထူးသဖြင့်အကြိုက်ဆုံးက ခေါင်းစဉ်လေးပါပဲ။
နှင်းရေ
ဒီလိုဝတ္ထုမျိုးများများရေးပါ
ဆက်ဖတ်ချင်ပါသေးတယ်
ကိုကိုးအိမ်(မန္တလေး) said...
နှင်းရေ ဖတ်ရင်း ကြက်သီးတွေထပြီး မျက်ရည်တွေတောင် ၀ိုင်းမိတယ်ဗျာ.. တကယ်စိတ်ထဲမှာ ကိုယ်တိုင်ဝင်ခံစားနေ၇သလိုကို ခံစားရစေပါတယ်အမရေ ..
နောက်လည်းဒါမျိုးဇာတ်လမ်းလေးတွေရေးပါဗျာ.
မဟေမာရဲ့ အမြဲတမ်းပရိတ်သတ်ပါ...
ပြည်ပရောက်အညာသားတို့အတွက် ငိုချင်တောင်ငိုချနိုင်မယ့် ဇာတ်ကွက်လေးပါ.. ကျေးဇူးတင်ပါတယ်
ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)