လူတိုင်းလူတိုင်းသည် အမိဝမ်းတွင်းကနေ လူ့လောကထဲကို စတင်ဝင်ရောက်လာခဲ့သော နေ့ ၊ ရက် ၊ အချိန် ကာလလေးတွေကနေ တစ်ဆင့် အသက်တစ်နှစ်ကြီးသွားတိုင်း သြော် ဒီနှစ်ဆိုရင်တော့ ငါ့အသက်ဘယ်နှစ်နှစ် ပြည့်သွားပြန်ပြီဟု ဆင်ခြင်သုံးသပ်မိကြပေလိမ့်မည်။
ကျေးဇူးတော်ရှင် ဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီးကတော့ အသက်ဘယ်လောက်ရှိပြီလဲလို့ မေးတော်မူတတ်ပြီး တပည့်တော်ရဲ့ အသက် (၈၀) ရှိပါပြီဘုရားလို့ လျှောက်ထားတဲ့အခါ ဆရာတော်ဘုရားကြီးက ၈၀ ဆိုတာ အသက်ကိုတွက်တာလား ၊ ဘာကိုတွက်လာတုန်းလို့ မေးမြန်းတော်မူတတ်သဖြင့် အချိန်ကို တွက်တာပါဘုရားဟု လျှောက်ထားကြရပါသည် ။အဲဒီလိုဖြေတိုင်း ဆရာတော်ဘုရားကြီး က အမြဲမပြတ်ဆုံးမတော် မူတတ်သည်မှာ -
“အချိန်ဆိုတာ ဒီလိုရှိပါတယ် ... အမိဝမ်းတွင်းမှာ ၀င်လေတို့ ထွက်လေတို့ မရှိသေးဘူး ။ ၀မ်းရဲ့အပြင်ကို ရောက်လာတဲ့အခါမှာတော့ အချိန်ဆိုတာစတင်ပါပြီ ...။ သွားလာလှုပ်ရှားရုန်းကန်နေကြရတဲ့ လူသားတိုင်းဟာ ကျန်းမာနေရင် တစ်နာ၇ီကို ၃၆၁ ရှိတာဟာ ထွက်လေဖြစ်ပြီး ၀င်လေကတော့ ၃၆၀သာရှိပါတယ်...။နှစ်ခုပေါင်းလိုက်တဲ့အခါ ၇၂၁ ရှိသွားပါတယ်။အဲဒါကို မိခင်ဝမ်းထဲက ထွက်စဉ် စခဲ့တဲ့ အချိန်ဖြစ်ပါတယ်...။
ဒီအချိန်တွေကလည်း စက္ကန့်ကနေ မိနစ် ၊ မိနစ်ကနေ နာရီ ၊ နာရီကနေ နေ့ရက် ၊ နေ့ရက်ကနေ လ ၊ လပြီးတော့ နှစ် ၊ အဲဒါတွေအားလုံးကိုပေါင်းလိုက်တော့ အခု မိမိတို့ရောက်ရှိနေတဲ့ အသက်အရွယ်ရဲ့ ဘယ်နှစ်နှစ် ရှိပြီဆိုတာမျိုးကို ရေတွက် သတ်မှတ်ကြပါတယ်...။
ဥပမာ လူတစ်ယောက်ဟာလူ့ဘ၀မှာ အနှစ်၈၀နေထိုင်ခွင့်ရတယ် ပဲဆိုကြပါစို့ ။ ဒီအသက်ရှစ်ဆယ်ကို ဘုရားလောင်းများနေတဲ့ နေရာဘုံနဲ့ တွက်ကြည့်လိုက်ရင် ... ဘုရားလောင်းနေတဲ့ဘုံမှာ လူ့ပြည်ကနှစ်ပေါင်း တစ်ရာ အသက်တစ်ရာဟာ ဟိုက ခြောက်နာရီသာရှိပါတယ်။တစ်ရက်တောင် မပြည့်ပါဘူး ။ ကိုယ်က အသက် ၈၀လောက်ပဲလူ့လောကမှာ နေထိုင်ခွင့်ရတယ်ပဲထား နှိုင်းယှဉ်ကြည့်ရင် နာရီပိုင်းမျှသာရှိပါတယ်...။လူ့ဘ၀ဆိုတာ တစ်ကယ့်ကို ခဏလေးမှ ခဏလေးပါပဲ။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး မယ်တော်မိနတ်သားကို အဘိဓမ္မာတရားဟောကြားတဲ့အခါမှာ လူ့ပြည့်နဲ့တွက်ရင် ၀ါတွင်းကာလ ၃လလို့ ဆိုကြပေမယ့် တစ်နည်းအားဖြင့် ရက်ပေါင်း ၉၀ လို့တွက်ရပေမယ့် တာဝတိသာစံတော်ချိန်နဲ့ တွက်တဲ့အခါမှာ ၅ မိနစ်နဲ့ ၆ စက္ကန့်သာသာလေးပဲ ရှိပါတယ်...။ အဲဒါကိုပဲ လူ့ဘ၀လို့ ခေါ်ဆိုကြပါတယ်...။
လူ့ဘ၀ရယ်လို့ ရောက်လာကြရင် ကုသိုလ်များများ ရအောင်လုပ်ကြ ၊ ရတနာမြတ်သုံးပါးနဲ့ မိဘဆရာသမားတွေကို ရှိခိုးဦးချတဲ့အခါ အမှတ်တမဲ့နဲ့ ၀တ်ကျေတန်းကျေဦးမချပဲ သမထနဲ့ ဖြစ်စေ၊၀ိပဿနာနဲ့ဖြစ်စေ ... ၀ဋ်ချစရာနှစ်မျိုးရှိပါတယ်...။
အဲဒီအထဲက သမထနဲ့ ၀ဋ်ချနည်းကတော့ -
ဗုဒ္ဓံပူဇေမိ ဗုဒ္ဓံမြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ ဘုရားဟု စိတ်အာရုံက သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆီကို ရောက်အောင်ထားပြီးမှ တစ်ကြိမ်ဦးချသင့်ပါတယ်...။
ထို့နည်းအတူပဲ - ဓမ္မံပူဇေမိ ဆို၍ မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သော တရားဒေသနာတော်များကို အာရုံပြုပြီးမှ တစ်ကြိမ်ဦးချပါ..။
ပြီးနောက် သံဃံပူဇေမိ - သမုတိနှင့် အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းကို ပူဇော်ပါ၏ဟူ၍ အာရုံကိုစူးစိုက်ကာ ရိုသေစွာ ၀ဋ်ချခြင်းတို့ဖြစ်ပါတယ်...။တစ်ခါတည်းခြုံမိအောင် ဘုရား တရား သံဃာအားလုံးကို ယခုလို အာရုံပြုဝဋ်ပြုခြင်းကို သမထဖြင့် ၀ဋ်ချခြင်းလို့ ခေါ်ပါတယ်...။
ဝိပဿနာနဲ့ ၀ဋ်ချခြင်းကတော့ - ကမ္မ၀ဋ် ၊ ကိလေသာဝဋ် ၊ ၀ိဘာဂ၀ဋ်ဟု ဆိုအပ်တဲ့ ၀ဋ်ကြီးသုံးပါးကနေ ကင်းလွတ်ရာအမှန် မြတ်နိဗ္ဗာန်ကို ရောက်ရ ရရာပါလို၏ ဘုရား ၊ ကြိုးစားအားထုတ်လွယ်သူ ဖြစ်ရပါစေသား ဘုရားလို့ ရှိခိုးဝဋ်ချခြင်းဟာ ၀ိပဿနာနှင့် ၀ဋ်ချခြင်းဖြစ်ပါတယ်....။
နောက်တစ်နည်းအားဖြင့်လည်း - မမြဲသော ခန္ဓာကိုယ်ကြီးကို ကိလေသာခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား ၊ တရား ၊ သံဃာ များအား လှူဒါန်းပါ၏ဘုရားဟူ၍ ဖြစ်ပြီး ဤသို့တစ်ကြိမ်ဝဋ်ချလိုက်ခြင်းသည် လူတစ်သိန်းအားတို့ကို ထမင်းအစာ ရေအစာ ကျွေးပေးပေးကမ်းလိုက်ရတာနှင့် ထပ်တူညီသော ကုသိုလ်ကိုရသည် ဟု ဆရာတော်ဘုရားကြီးက ဆုံးမဟောကြားတော် မူခဲ့ပါသည်။
မမြဲတဲ့ မိမိတို့ရဲ့ ခန္ဓာကိုယ်ကြီးကို မမြဲဘူးလို့ ဆင်ခြင်လိုက်တာဟာ ၀ိပဿနာဖြစ်သလို
မမြဲတဲ့ခန္ဓာကိုယ် ၊ ကိလေသာ မရှိတဲ့တရားကိုလဲ ဂုဏ်တော်လို့ ဆိုလိုက်တာပါပဲ ။ ကိလေသာ ကင်းကြောင်းဖြစ်တဲ့တရား ကိလေသာ ကင်းပြီးဖြစ်တဲ့ သံဃာတော်တွေ အာရုံပြုတာ သမထရော ၊ ဂုဏ်တော်ပါ ပါဝင်သွားပြီး လှူဒါန်းပါ၏လို့ ဆိုလိုက်တဲ့အတွက် ဒါနရော သမထရော ၀ိပဿနာရောပါ အားလုံး ပါသွားပြီး ဖြစ်ပါတယ်...။
ဘ၀များစွာ သံသရာက စပြီး အခုအချိန်ထိ ဘုရား ၊ တရား ၊ သံဃာ များရဲ့အပေါ်မှာ ကာယကံ အပြစ် ၊ ၀စီကံအပြစ် ၊ မနောကံအပြစ် ဟူသော အပြစ်တွေရှိခဲ့ပါသော် အဲဒီအပြစ်တွေကို ပျောက်အောင် ကန်တော့ကြရပါတယ် ။အဲဒီလို ကန်တော့ကြတဲ့နေရာမှာ ၀မ်းထဲ ကိန်းအောင်းနေတဲ့ မာန်ကို လျှော့ထားရပါမယ် ။များသောအားဖြင့်တော့ ကန်တော့တော့ ကန်တော့ကြပါတယ် မာန်ကိုတော့ မလျှော့ကြပါဘူး ။
ဒါ့ကြောင့် ကျမတို့လို ဘာသာတရားကို လေ့လာလိုက်စားနေဆဲ လူငယ်များအဖို့ အထူးသဖြင့် ဖူးမျှော်မာန်လျှော့ ဆိုတာလေးကို အဓိက မှတ်ထားသင့်ပါတယ်။
ဖူး ဆိုတဲ့ အတိုင်း သက်တောထင်ရှား ဘုရားထိအောင် ဥာဏ်နှင့် ဖူးလိုက် ၊ အာရုံထဲပေါ်လာလိုက်တဲ့အခါ မာန်ကိုပါလျှော့လိုက် ၊ ဒီလိုကန်တော့လိုက်ခြင်းအားဖြင့် ဘ၀များစွာကတင်လာတဲ့ အပြစ်တွေ ၊ အကြွေးတွေ ပျောက်ကင်းစေနိုင်ပါတယ်လို့ ဆရာတော်ဘုရားကြီးက ဟောကြားဆုံးမတော် မူထားခဲ့ပါတယ်။ ဒီလို ကန်တော့လိုက်ခြင်းအားဖြင့် အသက်ရှည်ခြင်း ၊ အဆင်းလှခြင်း ၊ ချမ်းသာကြီးခြင်း ၊ ခွန်အားကြီးခြင်း ၊ ဥာဏ်ပညာကြီးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါတယ်...။
(ကျေးဇူးတော်ရှင် မဟာဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တနာရဒ အမြဲတမ်း ဟောကြားဆုံးမတော် မူခဲ့သော ဆင်ခြေရာလိုတရားတော်မှ ကောက်နှုတ်၍ ကျမ၏ ဘလော့စာမျက်နှာလေးအား လာရောက်လည်ပတ်ကြသူများ အားလုံးအတွက် အကျိုးရှိစေရန် ရည်ရွယ်၍ ပြန်လည်ဝေမျှပါသည်...။)
ဆက်လက်ရေးသားဖော်ပြပါမည်။
မေတ္တာစိတ်ဓါတ်တရာမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ပါစေ...
နှင်းဟေမာ
29 August 2010 - 2:46 AM
3 comments:
သချာင်္သမားတစ်ယောက်ရဲ့ ဝေမျှမှုကို သချာင်္
သမားတစ်ယောက်က လာဖတ်ပါတယ်
အားပေးလျက်ပါ ....း)
ကျေးဇူးတင်ပါတယ် ကိုအောင် ရေ...းD
စိတ်ထဲနှလုံးသွင်း မှတ်သားသွားပါတယ် နှင်းလေးရေ...
Post a Comment