Saturday, January 9, 2010

မနှင်းတို့ရွာ (၂)

မနှင်းတို့ရွာ (၂)ကို မရေးခင်မှာ မနှင်းတို့ရွာ (၁)ကို စိတ်ပါဝင်စားစွာ အားပေးဖတ်ရှုကြသူများ မနှင်းတို့ရွာ(၂)ကို ဆက်လက်ရေးသားရန် တောင်းဆိုကြသူများ (နှင်းဟေမာ ကိုယ်ရည်သွေးလိုက်ပါသည်းD)မနှင်းတို့ရွာကို အလည်လိုက်ချင်ကြသူများကို အထူးပဲ ကျေးဇူးတင်မိပါကြောင်း နဲ့ မနှင်းတို့ရွာစခန်း ကိုလည်း တစ်ခါတစ်ခေါက်လောက် လှမ်းလာခဲ့ကြပါဦးလို့ အားလုံးကို ဖိတ်ခေါ်ချင်စမ်းလှပါသည်....။

ဒီတစ်ခါတော့ မနှင်းတို့ရွာမှာ တစ်ခုတည်းသောတွဲဘက်အထက်တန်းကျောင်းလေးနဲ့ ကျောင်းလေးက မွေးဖွားပေးလိုက်တဲ့ ရင်သွေးငယ်လေးများအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ် ...။ မနှင်းတို့ ရွာကျောင်းမှာ အဆက်ဆက်အုပ်ချူပ်ခဲ့ကြတဲ့ ကျောင်းအုပ်တွေအများအပြားရှိခဲ့တဲ့အထဲက မနှင်းတို့ ကျောင်းသားဘ၀မှာ တွေ့ဆုံကြုံခွင့်ရခဲ့ရတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ရဲ့အမည်ကတော့ ဦးစွာ ဖြစ်ပြီး ..ဆရာကြီးမှာ သားသမီး၂ယောက်ရှိပါတယ်...။ စာအရမ်းထူးချွန်တဲ့ ဆရာကြီးရဲ့သားက ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်း (RIT)က ဘွဲ့ရခဲ့ပြီး မနှင်းတို့ငယ်ငယ်ကတည်းက ရွာမှာ အထက်တန်း ကျောင်းသားတွေရဲ့လုပ်အားပေးဆရာ လုပ်ပါတယ် ...။ဆရာကြီးသမီးကတော့ အလယ်တန်းပြ ကျောင်းဆရာမလေးအဖြစ် ရွာကျောင်းမှာပဲ ယခုထိတာဝန် ထမ်းဆောင်နေဆဲဖြစ်ပါတယ် ....။မနှင်းတို့ရွာလေးရဲ့ အနောက်တောင်ဒေါင့်မှာတော့ ကဆုန်လပြည့်နေ့တိုင်း တစ်ရွာလုံးညောင်ရေသွန်းပွဲတော် ဆင်နွှဲလေ့ရှိတဲ့ ညောင်ပင်ကြီးအကြီးကြီး တစ်ပင်ရှိပြီး ညောင်ပင်ကြီးရဲ့ အရိပ်အာဝါသအောက်မှာတော့ မနှင်းတို့ကျေးရွာလေးရဲ့ တစ်ခုတည်းသော စာသင်ကျောင်းလေးက နေရာယူထားပါတယ် ....။
ရွာရဲ့တစ်ခုတည်းသော အစိုးရတွဲဘက်အထက်တန်း ကျောင်းလေးမှာ မနှင်းတို့ကျေးရွာသာမကပဲ အနီးနားကျေးရွာအုပ်စုဝင် ရွာတော်တော်များများက ကျောင်းသားကျောင်းသူလေးများစွာတို့က လာရောက်ပြီး ပညာရည်နို့သောက်စို့လျှက်ရှိကြပါတယ် ....။ သို့ပေမယ့် အခုထက်ထိတော့ မနှင်းတို့ကျောင်းလေးက အထက်တန်း ကျောင်းမပွင့်သေးပါဘူး ....။ အဲဒီ့အတွက် မနှင်းတို့ရွာကျောင်းက ကလေးတွေ ဆယ်တန်း စာမေးပွဲဖြေကြတဲ့အချိန်မှာတော့ အရမ်းဒုက္ခ ရောက်ရပါတယ် ...။
ရွာကနေ ဝေလီဝေလင်း ဘတ်စ်ကားအအိုကြီးနဲ့ စထွက်ရပြီး ရွာနဲ့ ၅မိုင်ခန့်ဝေးတဲ့ အစိုးရအထက်တန်းကျောင်းကြီးတစ်ကျောင်းမှာ သွားရောက်ဖြေဆိုကြရပါတယ် ....။ အပြန်မှာလဲ ကားကြီးက အိပဲ့ အိပဲ့ နဲ့ ရွာပြန်လာရတာ အဲဒီ့အချိန်တုန်းကတော့ အင်မတန် စိတ်ပျက်ဖို့ ကောင်းသလို အခုချိန်ပြန်စဉ်းစားလိုက်ရင်လည်း ပြန်မရနိုင်တော့တဲ့ ငယ်ဘ၀တွေကို လွမ်းရပြန်ပါတယ် ....။မနှင်းတို့ရွာလေးက သေးငယ်လှပေမယ့် ပညာရေးကို အလွန်ဦးစားပေးခဲ့တဲ့ ဥယျယဉ်မှူးနဲ့တူတဲ့ ဆရာကြီး ဆရာမကြီးဟောင်းတွေရဲ့ ပြုစုပျိုးထောင်မှုတွေ ကောင်းခဲ့တဲ့ အတွက် ရွာကျောင်းရဲ့အနာဂတ် ပန်းကလေးများရဲ့ ရနံ့ဟာလည်း အစဉ်အဆက် မွှေးကြိုင် သင်းပျံ့လို့နေခဲ့ပါတယ် ...။ ဆရာကြီးဦးစွာ အ၀င်အပါ ...ဆရာကြီးဆရာမကြီးတို့ရဲ့ အတွဲညီညီ ကြိုးပမ်းမှုကြောင့် ဆယ်တန်းဖြေဆိုကြမယ့် ကျောင်းသားအားလုံးဟာ စာမေးပွဲမဖြေခင် ၁လ အလိုမှာတော့ ရွာကျောင်းမှာပဲ အိပ် ရွာကျောင်းမှာပဲစားပြီး ဆရာ ဆရာမများက အပင်ပမ်း ခံ အိပ်ပျက်ခံကာ Night Study မှာ အပြင်းအထန် ၀င်ရောက်ကျက်မှတ်ကြရပါတယ် ....။
အငြိမ်းစား ဆရာကြီး ဆရာမကြီးများရဲ့ လမ်းညွှန်မှု နဲ့အတူ ရွာကျောင်းက ကျောင်းသားဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဆရာကြီးဦးစွာ ၊  ရွာသူကြီး ဦးသောင် ၊ ဆရာ ဆရာမများ ၊ ကျေးရွာမိဘများရဲ့ကြိုးပမ်းအားထုတ်မှုများကို အရင်းပြုပြီး ကျောင်းမီးစက်ကြီး တ၀ုန်း ၀ုန်း တဒိုင်းဒိုင်း နှိုးလျှက် မြို့နယ်ခရိုင်အလိုက်ထိ အောင်ချက်အကောင်းဆုံးဆိုတဲ့ အောင်မြင် မှုကို မနှင်းတို့ ဆယ်တန်းအောင်မြင်ခဲ့တဲ့နှစ်က ရယူနိုင်ခဲ့ပါတယ် ...။
မနှင်းတို့ကျောင်းက ကျောင်းသားလေးတွေဟာ ညနေရောက်ရင် ထင်းခွေ ရေခပ် ၊ ထန်းတက် ၊ထန်းလျှက်ကျို၊ မြေအိုးကောက် ၊ ဆိတ်ကျောင်း သိုးကျောင်း နွားကျောင်းကာဖြင့် ကောင်စိုက် ၊ ပျိုးနှုတ် နေ၀င်မိုးချူပ်အလုပ်တွေလုပ်ကြလျှက် ခါးကြားမှာ စာအုပ်ညှပ်ပြီး ပညာရှာရတဲ့ဘ၀တွေကနေ ရုန်းကန် ဖြတ်သမ်းကြရသူတွေက ပိုများလှပါတယ် ....။

မနှင်းတို့ သူငယ်ချင်းတွေထဲက မိသားစုများများရှိတဲ့သူတွေခမျာ ကလေးထိမ်းရင်းတစ်ဘက် စာကျက်ရပါတယ် ....။မနှင်းတို့ ရှေ့တစ်နှစ်က ဘာသာစုံဂုဏ်ထူးနဲ့ တစ်ခရိုင်လုံးမှာ အမှတ်အများဆုံး ရခဲ့တဲ့ ကျောင်းသူတစ်ယောက်ဆိုရင် နှင်းတို့အတွက် အနီးကပ်ဆုံး ရှေ့ဆောင်လမ်းပြတစ်ယောက်ပါပဲ ...
သူမမှာမောင်နှမ ၆ ယောက်ရှိပြီး အကြီးဆုံးသမီးလည်းဖြစ်ပါတယ် ...။မိဘနှစ်ပါးလုံး မရှိကြတော့တဲ့ သူမဘ၀မှာမိသားစုတာဝန်တွေကို သူမတစ်ယောက်ထဲ အရွယ်နဲ့မမျှ ရုန်းကန် စီမံခဲ့နေခဲ့ရသူလဲ ဖြစ်ပါတယ် ...။
သူမ စာမေးပွဲမ၀င်ခင်မှာပဲ ဖခင်နဲ့ မိခင် ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားခဲ့ရပြီး မောင်နှမတွေအတွက် မားမားမတ်မတ်ရပ်ကာ  ဘ၀ရဲ့လောကဒဏ်တရားတွေကို အမေ ဆိုတဲ့နေရာကနေ လွှဲပြောင်းယူလိုက်ရသူဖြစ်ပါတယ် ....။ အဲဒီ အချိန်မှာ သူမ ဆယ်တန်းစာမေးပွဲကြီးအတွက် အရမ်းနီးကပ်နေပြီဖြစ်တော့ သူမစာကျက်တစ်စက်မှ မပျက်ခဲ့ပါဘူး ....။ အောင်စာရင်းတွေ ထွက်လာတဲ့အခါမှာတော့ သူမက ဘာသာစုံဂုဏ်ထူးရှင်အဖြစ် ကျေးရွာတစ်ရွာလုံးနဲ့ တစ်နယ်လုံးရဲ့ဂုဏ်ကို ဆောင်ပေးနိုင်သူဖြစ်ခဲ့ပါတယ် ...။
မနှင်းတို့ရွာမှာ တစ်ချိန်က ကျောင်းအုပ်ဆရာမကြီးအဖြစ် နှစ်ပါင်းများစွာနေထိုင်သွားခဲ့တဲ့ မန္ထလေးမြို့ အထက်တန်းကျောင်းကြီးတစ်ခုက ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် သူမကိုခေါ်ယူသွားပြီးနောက် မန္တလေးဆေးတက္ကသိုလ်ကနေ သူမဆရာဝန်ဘွဲ့ကို ရခဲ့ပါတယ် ....။ သူမဟာ မနှင်း တို့ ရွာက နောင်လာနောင်သားတွေအတွက် ရှေ့ဆောင်လမ်းပြခဲ့တဲ့ ကြယ်လေးတစ်ပွင့် ဖြစ်ခဲ့သလို အတုယူလေးစား အားကျရလောက်တဲ့ ရွာကျောင်းရဲ့ သမိုင်းဝင် ကျောင်းသူ တစ်ယောက်လည်းဖြစ်ခဲ့ပါတယ် ....။
မနှင်း တို့ အထက်တန်းကျောင်းက စာကြည့်တိုက်ထဲကို ၀င်လိုက်မယ်ဆိုရင် ဘာသာစုံဂုဏ်ထူးရှင်များဆိုတဲ့ စာတမ်းအောက်မှာ မျက်နှာပြည့်ပြည့်ဝိုင်းဝိုင်းလေးနဲ့ အေးချမ်းစွာ ပြုံးနေတဲ့ သူမဓါတ်ပုံလေးကို တွေ့ကြရမှာဖြစ်ပါတယ် ...။သူမ ဆေးကျောင်းတက်နေစဉ်မှာ ဆေးကျောင်းသူအချင်းချင်းကို Guide ပြန်လုပ်ပြီး မိသားစု စားဝတ်နေရေးကို ဖြည့်ဆည်းပေးခဲ့ရတဲ့ သူမ ဘ၀မှာ ဘာကိုမှဦးစားမပေးနိုင်ခဲ့တာဟာ မနှင်းတို့ကျေးရွာက တောသူလေးတစ်ယောက်သာဖြစ်ပါတယ် ။ အေးဆေးတည်ငြိမ်တဲ့သူမက ဆေးတက္ကသိုလ်မှာလည်း စာထူးချွန်ရုံသာမကပဲ Queen ဆိုတဲ့နံမည်လေးပါရရှိခဲ့ပြီး ဆေးတက္ကသိုလ်ရဲ့အတုယူ အားကျထိုက်တဲ့ ကြယ်လေးတစ်ပွင့်လည်း ဖြစ်ခဲ့ပြန်ပါတယ်။
အဲဒီလို ကျောင်းသူမျိုးတွေရှိသလို ဆယ်တန်းမှာ ထူးချွန်စွာအောင်မြင်ခဲ့ပေမယ့် မိဘ အသိုင်းအ၀ိုင်းက ဘယ်လိုမှမထားနိုင်တော့လို့ ရွာမှာပဲ နေရင်း အသက်ငယ်ငယ်ရွယ်ရွယ်လေနဲ့ အိမ်ထောင်တွေကျပြီး တောင်သူလယ်သမားဘ၀ ၊ ထန်းသမားဘ၀ ၊ လက်လုပ်လက်စား(နေ့စားသမား)ဘ၀တွေနဲ့ ကျင်လည်ရုန်းကန်ရင်း ရွာမှာကျန်ရစ်ခဲ့ရှာသောသူတွေလည်း အများကြီးရှိခဲ့ပါတယ် ...ရှိနေပါတယ် ...  ရှိပါဦးမယ် .....။
မနှင်းတို့ရွာကျောင်းလေးရဲ့ အကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်...ဆရာကြီးဦးစွာရဲ့ လက်ထက်ကစပြီး ရွာကျောင်းရဲ့ အနောက်ဘက် မြေလွတ်တွေမှာ အတန်းအလိုက်နှစ်စဉ်စိုက်ပျိုးကြတဲ့ စပါးခင်းတွေ မြင်တွေ့ခွင့် ရခဲ့ကြပါတယ် ...။ ဆည်ကလွှတ်လိုက်တဲ့ ရေမြောင်းမကြီးကို ကျောင်းဝန်းထဲရောက်အောင် ဖောက်ခွင့်ရခဲ့ပြီး အထက်တန်းကျောင်းဆောင်ကြီးရဲ့ နောက်ဖေးမှာတော့ မာလကာနဲ့ သံပရာခြံကြီး ကိုပါ ကျောင်းရံပုံငွေအတွက် စီးပွားဖြစ်စိုက်ပျိုးခဲ့ပြန်ပါတယ် ...။ ရွာကျောင်းလေးမှာ ၀ါ ၊ စိမ်း ၊ နီ ၊ ပြာ အသင်းအလိုက် ခြံထဲဆင်းပြီး လုပ်အားပေးကြရတာလည်း အရမ်းပျော်ဖို့ကောင်းလှပါတယ် ...။ဆောင်းတွင်းရောက်ပြီဆိုရင် စာသင်ဆောင်တွေထဲမှာ ခိုက်ခိုက်တုန်အောင်အေးခဲနေတဲ့အတွက် ဘောလုံးကွင်းထဲက မြက်ခင်းပြင်မှာ စာသင်ကြရတယ် ...။
အဲဒီအချိန်နဲ့ ၀ါတွင်းကာလ ၀ါဆိုပန်းကပ်ထွက်ရတဲ့အချိန် ၊ ကျောင်းစပါးခင်းတွေ ကောက်ရိတ်ချိန် အားကစားပြိုင်ပွဲတွေ ကျင်းပတဲ့အချိန် စတဲ့အချိန်လေးတွေ ရောက်ပြီဆိုရင်တော့မနှင်းတို့ အပျော်ဆုံးပါပဲ ...းD
ကျောင်းဖွင့်ချိန်တွေမှာလည်း အားလပ်ချိန်ပေးပြီဆိုရင် ဆရာမတွေစုပေါင်းပြီးရောင်းတဲ့ ကျောင်းမုန့်ဈေးတန်း ကနေ သရက်ကင်တို့ ရေခဲချောင်းတို့ အသုတ်စုံတို့ ၀ယ်စားကြပါတယ် ...။အဲဒါနဲ့တင် မပြီးသေးပါဘူး ဆရာ ၊ ဆရာမတွေ မမြင်အောင် ကျောင်းတောင်ဘက်ညောင်ပင်ကြီးအောက်မှာ စက်ဘီးလေး တစ်စီးနဲ့ ဂလိုင်ခေါက်ပြီးရောင်းရတဲ့ ဦးကြီးမောင်း ဆီကနေလဲ ခိုးပြီးဝယ်စား ကြသေးတာတွေကိုလည်း ပြန်တွေးမိတိုင်း တစ်သက်မှာ တစ်ခါသာရခဲ့တဲ့ ကလေးဘ၀လေးတွေကို လွမ်းမိပါရဲ့ ....။
ကျောင်းအောက်က မယ်ဇလီပင်တန်းအရိပ်တွေမှာတော့ မျှော့ကြိုးခုန်တမ်း ၊ ထုတ်ဆီးထိုးတမ်း ၊ ဒီထိုးတမ်း ၊ တွတ်ထိုးတမ်း ၊ ဖိနပ်ပစ်တမ်း ၊ ပေတူပစ်တမ်း ကို သရေကွင်းကြေး ကစားကြပါတယ် ....။ကစားနည်းအမျိုးစုံမှာ တစ်ဘက်ကမ်းခတ်တဲ့ မနှင်းကတော့ ငယ်ငယ်က လက်နှစ်ဘက်မှာ ရောင်စုံသရေကွင်းအပြည့်နဲ့ ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်နေတက်ပါတယ်းDကျောင်းဝန်းအလယ်တည့်တည့်မှာတော့ နံနက်တိုင်း အတန်းအလိုက် ဘုရားသွားရောက်ရှိခိုးကြရတဲ့ ကျောင်းဓမ္မာရုံကြီး ရှိတယ် ...။နှစ်စဉ် ဆရာကန်တော့ပွဲနဲ့ ဆုပေးပွဲအခမ်းအနားတွေ ကျင်းပနေကြ နေရာလေးလည်းဖြစ်ပါတယ် ...။စပါးပေါ်ချိန်တွေဆိုရင် ကျောင်းမှာ အလှူရှင်ပေါ်လို့ ဆန်ပြုတ်တိုက်မယ်ဆိုရင် မနှင်းတို့ အရမ်းပျော်ပါတယ် ...အဲလိုနေ့မျိုးတွေမှာ အိမ်ကနေ ပုဂံတစ်ချပ် ဇွန်းတစ်ချောင်း လွယ်အိတ်ထဲ ထည့်ပြီးယူလာရတယ် .... ပြီးရင် ကျောင်းက ဆရာ ဆရာမတွေ ကိုယ်တိုင်ချက်တဲ့ ဆန်ပြုတ်မွှေးမွှေးပူပူလေးကို နှင်းကတော့ ၃ ပန်းကန်လောက်ကို အ၀ တီးပစ်တာပဲ အဟဲ ....း) မနှင်း ငယ်ငယ်က လူကပိန်သလောက် အင်မတန်အစားပုပ်တဲ့အတွက် မေမေက ပြောတယ် မနှင်း စားသမျှက အရိုးထဲရောက်သွားတာတဲ့လေ အဟား ...ကြော်ငြာဝင်တားD
မနှင်းတို့ကျောင်းလေးက မခမ်းနားလှပေမယ့် စာသင်ဆောင် နှစ်ထပ်တိုက်အရှည်ကြီး နှစ်ဆောင် နဲ့ ထရံဆောင်တစ်ထပ်တစ်ဆောင် ၊ သူငယ်တန်း နဲ့ တစ်တန်းကလေးတွေအတွက် ထရံကာ၊ခြေတံရှည်လေး ဆောင်လုပ်ထားတဲ့ အဖွားဒေါ်စောမေ ဆောက်ခဲ့တဲ့ ဒေါ်စောမေဆောင် ဆိုပြီး စုစုပေါင်း ၄ဆောင်ရှိပါတယ် ...။
မနှင်းတို့ကျောင်းမှာ ကျောင်းစာကြည့်တိုက် ၊ ဂီတအနုပညာခန်း ၊ ပန်းချီဆွဲခန်းဆိုပြီး သီးသန့်ရှိပြီး ဂီတချိန်မှာ သီချင်းကြီး သီချင်းခံ ယိုးဒယား ပတ်ပျိုး အပြင် ပတ်တလားတီး ၊ ကဗျာလွတ်အက စသည်တို့ကို လည်း ၀ါသနာပါသူများကို လေ့ကျင့် သင်ကြားပေးပါတယ် ...။မနှင်းကတော့ မြန်မာသီချင်းကြီးတွေဆိုရတာကို ပိုပြီးဝါသနာပါပါတယ် ...းpမနှင်းတို့ကျောင်းက ဆရာကြီး ၊ ဆရာမကြီး တို့ကလည်း အနုပညာမှာ တော်တော်ဝါသနာပါပြီးထူးချွန် ကြတဲ့အတွက် မနှင်း အပါအ၀င်ပေါ့လေ အဟီး ကျောင်းက ကလေးတွေကလည်း အလိုလို အနုပညာပိုးတွေကို ငယ်ငယ်လေးကတည်းက ခိုင်ခိုင်မာမာဝင်နေ ခဲ့ပါတယ် ...။
ငယ်ငယ်က ဂီတချိန်မှာ သင်ကြားခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ထဲမှာ“သင်ဆရာ မြင်ဆရာ ၊ ကြားဆရာများကိုလ .... ၀တ်ငါးပါးနဲ့ ပြည့်စုံလို့သာ .... တပည့်တွေများ...အပေါ် ... အသိတွေမမှားစေဖို့ ပညာအရောင် ....တန်ဆောင်ဆီမီး ...ထိန်ညီးလို့ဖြင့် အံချီးပေရာ ...ဆိုတဲ့ မြတ်ဆရာ တေးသီချင်း  စာသားလေးကို မနှင်းရဲ့ ငယ်ဘ၀နဲ့ ဆရာတွေကို သတိရ လွမ်းမိတိုင်း ပြန်ဆိုကြည့်မိတယ် ...။ အားကစားချိန်မှာလည်း ကာယဆရာကြီး ဦးကံသိန်းက ၀ီစီကြီးကို တရွှီးရွှီးနဲ့ အမြှုပ်ထွက်အောင်မှုတ်ပြီး အားကစားလေ့ကျင့်ပေးခဲ့ပါတယ် ...။မနှင်းကတော့ ဘောလုံးကွင်းထဲမှာ ဘောလုံးကန်ခွင့်ရတဲ့ အချိန်ဆိုရင် အရမ်းပျော်တယ် ... ဆရာကြီးက ဘော်လီဘောကစားနည်းသင်မယ်ဆိုလဲ မရဘူး ဆရားကြီး ဘောလုံးပဲကန်ချင်တယ်လို့... မရမက ၀ိုင်းပီး ပူဆာတက်ကြတယ် ...။အဲဒီတုန်းက မနှင်းတို့ အတန်းထဲက မိန်းကလေးတွေအားလုံးက တစ်ယောက်မှ နွဲ့နွဲ့နှောင်းနှောင်းမပါကြတဲ့အတွက် ၀ုန်းဒိုင်းကြဲ သောင်းကျန်းတဲ့ဒဏ်ကို ဆရာကြီးခမျာ ခံခဲ့ရရှာတယ် ...း)အခုတော့ မနှင်းတို့ရွာကျောင်းက ကာယဆရာကြီးလည်း ရှမ်းပြည်နယ်ဘက်မှာ ပညာရေးမှူးတစ်ယောက်အဖြစ် တာဝန်ထမ်းနေတယ်လို့ ကြားခဲ့ရတယ် ...။
အခြားအထွေအထွေအချိန်မှာတော့ ကဗျာ နဲ့ စာစီစာကုံး ၊ ဆောင်းပါး ပန်းချီဆွဲ အစရှိတဲ့ အထွေထွေ ဗဟုသုတတွေကို သင်ကြားလေ့ကျင့်ပေးပါတယ် ...။သင်ကြားရေးဘက်မှာလည်း ဆရာကြီးဆရာမကြီးတွေက တစ်ကယ့်ကို စေတနာအပြည့်နဲ့ သင်ကြားပေးကြသလို ထူးချွန် ကျောင်းသားကျောင်းသူများလဲ များစွာပ်ါထွက်ခဲ့ပါတယ် ...။ မနှင်းနဲ့ တစ်ခုံတည်းအမြဲတမ်းထိုင်ခဲ့တဲ့ သူငယ်ချင်းမလေးက အရမ်းကို စာတော်တယ် ... ကျောင်းပေါင်းစုံ ထူးချွန် စာမေးပွဲတွေမှာ ဘာသာစုံနဲ့ပထမရခဲ့ပါတယ် ...။ ယခုတော့ မန္ထလေးဆေးတက္ကသိုလ်ကနေပဲ ဆရာဝန် ဘွဲ့ရပြီး နယ်ဆေးရုံလေးတစ်ခုမှာ တာဝန်ထမ်းဆောင်လျှင်ရှိပါတယ် ...။
အားကစားဘက်ကိုကြည့်မယ်ဆိုရင် မနှင်းတို့ကျောင်းမှာ ဘောလုံးပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ နဲ့ ပြေးခုန်ပစ်ပြိုင်ပွဲ စသည့်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေ ကျောင်းသား အားကစားပြိုင်ပွဲအတွက် ပုံမှန်လေ့ကျင့်ပေးလေ့ရှိပါတယ် ...။
ဘယ်တော့မှ မေ့လို့မရနိုင်ခဲ့တာက အသားမဲမဲ အရပ်ပုပု နဲ့ လမ်းလျှောက်ရင် ခြေလှမ်းထက် လူကရှေ့ကို တစ်ဒေါင်လောက်ရောက်နေတက်တဲ့ သွက်လက်တက်ကြွလွန်းသော ကျောင်းသားကျောင်းသူတွေအတွက် ဘက်ပေါင်းစုံက အမြဲမြေတောင်မြှောက်ပေးခဲ့တဲ့ ကျောင်းအုပ်ဆရာကြီးဦးစွာ ရဲ့ပုံရိပ်လေးတွေကို ကျမ ယခုထိမြင်ယောင်နေဆဲပါပဲ ...။ပင်စင်အငြိမ်းစားရသွားပြီဖြစ်တဲ့ ဆရာကြီးက ပြီးခဲ့တဲ့နှစ်ကပဲ ကျန်းမာရေးအခြေအနေအရ ကွယ်လွန်သွားခဲ့ပြီလို့ ၀မ်းနည်းစွာ ကြားသိခဲ့ရပါတယ် ...။
မနှင်းတို့ကျောင်းက စာကြည့်တိုက်ကြီးရဲ့ ညာဘက်အခြမ်းမှာတော့ မနှင်းတို့မမွေးခင် ခေတ်အဆက်ဆက်က လူရည်ချွန်တွေ ...ဂုဏ်ထူးရှင်တွေ ရဲ့ဓါတ်ပုံလေးတွေကို အံသြစရာ ကောင်းလောက်အောင် တွေ့နိုင်ပြီး ကျောင်းသားဟောင်းတွေထဲက အရိုးအကြောပါရဂူကြီးတစ်ဦး ၊မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အရေပြားရောဂါ (အနာကြီးရောဂါ) အထူးကု ဆရာဝန်ကြီးတစ်ဦး ၊ ရိုရိုးဆရာဝန်များ၊ ပြည်ပရောက်ဆရာဝန်များ နဲ့ အငြိမ်းစား -တက္ကသိုလ်ပါမောက္ခချူပ်ကြီးတစ်ဦး နဲ့ တက္ကသိုလ်ကထိကဆရာ ဆရာမများ ၊ စိုက်ပျိုးရေး ဒေါက်တာဘွဲ့ရ အရာရှိကြီးတစ်ဦး နဲ့ စိုက်ပျိုးရေးအရာရှိများ၊ အင်ဂျင်မှူးကြီးတစ်ဦးနဲ့ အင်ဂျင်နီယာပညာရှင် အမြောက်အများရဲ့သမိုင်းကြောင်း တွေ ကိုပါ ရွာကျောင်းလေးအတွက် ဂုဏ်ယူစရာ ကောင်းလောက်အောင် တွေမြင့်နိုင်ပါတယ် ....။

အထူးခြားဆုံးကတော့ ရွာကျောင်းက ဆရာ ဆရာမ တွေ အဲဒီ့ကျောင်းသားဟောင်းတွေအားလုံးဟာ တစ်ချိန်က ကျောင်းဆရာဟောင်းကြီးတွေဖြစ်ကြတဲ့ အသက် ခုနှစ်ဆယ်ကျော် ရှစ်ဆယ်ကျော် ဆရာအိုကြီးတွေကို ယခုထက်တိုင် ချစ်ကြောက်ရိုသေကြလျှက် နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ ၊ နေ့လည် ၁နာရီတိတိအချိန်တိုင်း ရွာလည်သာသနာ့ဗိမ္မာန်တော်ကြီးအတွင်းမှာ ဆရာကန်တော့ပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါတယ် ...။
အငြိမ်းစားယူသွားကြပြီဖြစ်တဲ့ ဆရာကြီး ဆရာမကြီးများကို ပူဇ်ာကန်တော့တဲ့ ပွဲမှာ မေမေတို့နဲ့အတူ မနှင်းလဲ အမြဲလိုက်ပြီးကန်တော့လေ့ရှိပါတယ် ...။ အဲဒီ့ဆရာကန်တော့ပွဲကြီးက အရမ်းထူးခြားလွန်းတယ်လို့ မနှင်း ထင်ပါတယ် ....။ ရာထူးကြီးမားလှတဲ့ အဝေးရောက် အရာရှိတွေ၊ ဆရာဝန် အင်ဂျင်နီယာ စတဲ့ ပညာတက်တွေ....စီးပွားရေးလုပ်ငန်းရှင်တွေ ရွာကျောင်းက ဆရာဆရာမတွေ ၊ ရွာထဲက တောင်သူလယ်သမားဦးကြီးတွေ ၊ ပန်းရံ ပန်းပုဆရာကြီးတွေ ၊ ဆိုင်းသမား နှဲသမား နဲ့ ဇာတ်မင်းသားတွေ ၊ စတဲ့ အလွှာမျိုးစုံ တပည့်ဟောင်းကြီးတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်မြင်နိုင်ပါတယ် ....။
ဒီ့အပြင် ၀မ်း သာလွန်းလို့ကျတဲ့ ပီတိမျက်ရည်ကြားက ဆရာကြီးဆရာမကြီးတွေရဲ့ ရင်ထဲက စကားများဟာ မှတ်သားနာယူသင့်သလို ကျောင်းသားဟောင်းတွေရဲ့ ငယ်ဘ၀ အမှတ်တရ စကားတွေဟာလည်း မနှင်းတို့ အတွက် အဖိုးမဖြတ်နိုင်လောက်အောင် အားကျအတုယူချင်စရာတွေများခဲ့ပါတယ် ...။
“ကျွန်တော် စာမေးပွဲကျစဉ်က ဆရာကြီးဦးသွင် နဂန်(နွားရိုက်သည့်ဒုတ်) နဲ့အချက် ၅ ချက်ဆော်လိုက်တာ ဆရာကြီး မှတ်မိပါသေးလား ခင်မျာ... အဲဒီတုန်းက ဆရာကြီး နဂံ စာထက် ပါးစပ်ကပြောလိုက်တဲ့ စကားလေးကြောင့် ကျနော် စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သလို ယနေ့ ကျနော် လူဖြစ်ခွင့်ရခဲ့ပါတယ် ဆရာကြီးခင်ဗျာ ....”လို့ပြောသွားလိုက်တာများ ရင်ထဲမှာ အားကျလိုက်တာ ...။ တစ်နှစ်တစ်ခါ ကြားခွင့်ရလာတဲ့ အဲဒီ့ စကားသံတွေကြားမှာ ကျမတို့ ရွာက ကလေးတွေ ကြီးပြင်းခဲ့ကြပါတယ် .....။အဲဒီလို တွေ့ခွင့်ရတဲ့အခါတိုင်း ကြားခွင့်ရတဲ့အခါတိုင်း တစ်နေ့ငါလည်း သူတို့လို အားလုံးအလည်မှာ ဂုဏ်ယူဝံ့ကြွား စွာပြောနိုင်တဲ့ တပည့်တစ်ယောက်ဖြစ်ရင်ကောင်းမှာပဲလို့ အမြဲစိတ်ကူးယဉ်ခဲ့ပါတယ်း)
ယနေ့ ရွာကျောင်းမှာ ဆရာ ဆရာမတွေ ပြန်လုပ်နေကြသူတွေရှိတယ် ....နိုင်ငံရပ်ခြားတွေမှာ ပညာဆက်လက်သင်ယူနေသူတွေ ... အလုပ်လုပ်နေကြသူတွေ၇ှိတယ် .... အားကစားဘက်မှာထူးချွန်စွာနဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်နေသူ နဲ့ ထူးချွန် အားကစားပညာရှင်တွေရှိတယ် ။အနုပညာမှာဝါသနာ ပါပြီး ထူးချွန်တဲ့ အမျိုးသား ၊ အမျိုးသမီးဆိုင်းပညာရှင်...တွေရှိတယ် ...။
မနှင်းတို့ အသက်တွေတစ်နှစ်ပြီး တစ်နှစ် ကြီးသွားခဲ့ပေမယ့် ၊ သက္ကရာဇ်တွေ တစ်နှစ်ပြီးတစ်နှစ် ဟောင်းသွားပေမယ့်မနှင်းတို့ ရွာကျောင်းရဲ့ ခေါင်းလောင်သံလေးကတော့ တစ်လွင်လွင် သာမြဲ သာဆဲ..ဘာမှမပြောင်းလဲပဲ တည်ရှိနေပါတယ် ...။
ရွာကျောင်းလေးက မနှင်းတို့လို အမိရင်ခွင်ကနေ နှုတ်ဆက်ထွက်ခွာလာခဲ့ရတဲ့ ကျောင်းသား ဟောင်းတွေအတွက် တမ်းတ လွမ်းမောဖွယ်ကောင်းလှသလို ...စာသင်နှစ်တစ်နှစကုန်လို့ တစ်နှစ်ပြောင်းတိုင်း ထပ်တိုးလာခဲ့တဲ့ ရင်သွေးတိုင်းကို နွေးထွေးစွာခိုလှုံနိုင်တဲ့ ရင်ခွင်တစ်ခုအဖြစ်နဲ့ ထာဝရကြိုလင့်လျှက်ရှိနေပါတယ် ....။
ငယ်စဉ်တောင်ကျေးကလေးဘ၀လေးတွေမှာ ချော့ကာ...ခြောက်ကာ...မြှောက်ကာ...ပင့်ကာနဲ့ ပညာသင်ကြားပေးခဲ့ကြတဲ့ မနှင်းတို့ရွာကျောင်းမှ ပန်းပျိုးသူ ဥယျဉ်မှူးများသို့ဦးညွှတ်ရင်း....တစ်ဝမ်း တစ်ခါးအတွက် မတူညီတဲ့ လမ်းများအသီးသီးမှာ လျှောက်လှမ်းနေကြရတဲ့ မနှင်းတို့ရွာကျောင်းက ငယ်သူငယ်ချင်းလေးများသို့ မှန်းဆရင်း ကျမနှင်းဟေမာသည် ဤပို့စ်လေးဖြင့် ငယ်ဘ၀များအား သတိရခြင်းများစွာ ... တမ်းတခြင်းများစွာဖြင့် ရေးသားမိရင်း မနှင်းတို့ရွာ (၂)ကို ဒီနေရာလေးမှာပဲ လွမ်းဆွတ်ခြင်း များစွာဖြင့် ... အဆုံးသတ်ပါ၏ ။

ပို့စ်အရှည်ကြီးဖြစ်သွားလို့စာဖတ်သူမောင်နှမများလည်းဖတ်ရတာတော်တော် ငြီးငွေ့သွားမယ် ထင်ပါတယ် ...။ကျမစာမေးပွဲရှိနေလို့ ဘာစာမှရေးနိုင်သေးမှာမဟုတ်သလို ဘလော့တွေမှာသွားရောက် လည်ပတ်ဖို့လည်း ပျက်ကွက်ပါဦးမယ်...အားလုံးကိုခေတ္တနှုတ်ဆက်ပါတယ်...စာမေးပွဲဖြေဖို့ ပြင်ဆင်လိုက်ပါဦးမယ် ....း)

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...
နှင်းဟေမာ
9 Jan 2010




10 comments:

Flower said...

နှင်းမြန်မာပြည်ပြန်ရောက်လာရင် တို့က ရောက်အောင်လာလည်ပါ့မယ်.. ထမင်းကျွေးမယ်ဟုတ်..
အညာဟင်းလေးနဲ့စားချင်ပါသေးရဲ့

ချစ်တဲ့

ချော

~ဏီလင်းညို~ said...

မနှင်းဟေမာရေ...
ဒီစာလေးကိုဖတ်ပြီး... ငယ်ငယ်က ကျောင်းသားဘ၀လေးကိုတောင် ပြန်သတိရမိသွားတယ်...။ တစ်ခါတစ်လေဆို ဆရာမတွေက ကျောင်းဝင်းထဲမှာရှိတဲ့ စိန်ပန်း၊ကုက္ကိုလ် စတဲ့ အပင်ကြီးတွေအောက်ထွက်ပြီး စာသင်ပေးခဲ့တာလေးတွေကိုပါ...
ဆက်ရေးပါဦးနော့်...
(စာမေးပွဲ ဖြေနိုင်ပါစေဗျ....)
ခင်မင်တဲ့
ဏီလင်းညို

WWKM said...

ညီမလေးနှင်းရေ..

စာမေးပွဲကို အောင်မြင်စွာနဲ့ ဖြေဆိုနိုင်ပါစေ.

ပို့စ်အရှည်ကြီးကို စိတ်ဝင်တစားဖတ်သွားတာ ကြက်သီးတောင် ထမိသွားပါတယ်.

မောင်နှမ၆ယောက်ရဲ့ အကြီးဆုံးအစ်မကြီးရဲ့ဘ၀လေးကို ဖတ်ရပြီး ကြက်သီးထမိအောင်ပဲ ဂုဏ်ယူမိလိုက်ပါတယ်။သူ့နေရာမှာ ကိုယ်သာဆိုရင် ရူးသွားမလားပဲနော်.. တော်လိုက်တာ..တကယ်ချီးမွမ်းမိပါတယ်.

စာတစ်ပုဒ်လုံး ရေးထားတာ တကယ်ဖတ်လို့ ကောင်းပါတယ် ညီမလေးရေ.
ဆက်ရေးနော်..

မမ၀ါ

ပန်းရင့်ရောင် said...

နှင်းရေ
ကျောင်းအကြောင်းရေးမှပဲ ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့ ကျောင်းတွေကို ပြန်သတိရတော့တယ်။နှင်းတို့ရွာကို အခွင့်အခါကြုံရင်လာလည်ချင်ပါသေးတယ်။သာယာပြီး နေချင်စဖွယ်ကောင်းမဲ့ပုံပဲလေနော့။ခေါ်မယ်ဟုတ် :) ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်းရေ..

စာထဲမှာ မျောပါသွားလိုက်တာ .... မနှင်းတို့ရွာကိုရောက်ပြီး စာသင်ကျောင်းဘက်ကို ရောက်သွားသလိုပါဘဲနော်။
တကယ့်ကို ထူးချွန်ကြိုးစားသူတွေရဲ့ အောင်မြေတွေအပြည့်နဲ့ ရွာကလာတဲ့ နှင်းဟေမာ မို့... စာမေးပွဲအတွက် စာကြိုးစားပါလို့ ထပ်ပြီး ဆရာ မလုပ်တော့ပါဘူးနော်...
အစစအရာရာ အောင်မြင်ချောမွေ့ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် နှင်း ရေ...

ခင်မင်စွာဖြင့်
ကိုမျိုး

Linn Htet Aung said...

လာမယ်ကွယ် လာမယ်
ထမင်းလေးတော့ ကျွေးနော်၊
ငါးပိရည်နဲ့ဆိုလည်း စားလို့ဝင်ပါတယ် ဟဲဟဲ

နင်ခေါ်ခေါ်နေတဲ့
ကြွက်စုတ်

သူကြီးမင်း (တုံးဖလား) said...

မနှင်းတို့ရွှာအကြောင်းလေးက အတုယူစရာ အားကျစရာ လွမ်းမောစရာတွေနှင့် ပြည့်နှက်နေတယ်။

စာမေးပွဲဖြေခါနီးပြီဆိုတော့ စာမေးပွဲအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အားလုံးအဆင်ပြေပါစေ။

မြစ်ကျိုးအင်း said...

ပညာရေးနဲ့ပါတ်သတ်လို့ ရေခံမြေခံ ကောင်းသလို ဆရာတွေရဲ့ အားကျိုးမာန်တက် ဖြည့်ဆည်းပေးကလည်း ကြည်နူးစရာပါပဲ။

စိတ်ဓါတ်အင်မတန်ခိုင်မာတဲ့သူမို့လို့လည်း မိသားစုအတွင်းမှာ ဝမ်းနည်းစရာတွေ ကြုံ တာတောင် ဘာသာစုံ ဂုဏ်ထူးရအောင် ဖြေနိင်တာ တကယ်ကို လေးစားချီးကျူး စရာပါပဲ

အပိုင်း ၃ လေးလည်း ဆက်ရေးပါအုံး

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်လို့ကောင်းလိုက်တာ ညီမလေးရယ်။ မောင်နှမ၆ယောက်ရဲ့ အမကြီးအမိရာ နှင်းတို့ရွာက ဆရာဝန်အစ်မကြီးအကြောင်း ဖတ်ရတော့ သိပ်လေးစားမိပါတယ်။ ဒီလိုလူမျိုးတွေပေါ့... ကိုယ်တိုင် ထူးချွန်ရုံမကဘဲ သူ့အကြောင်း ကြားရသူတွေကိုပါ Inspiration ပေးနိုင်တယ်ဆိုတာ။ ထူးချွန်သူတွေ မွေးထုတ်ပေးနေတဲ့ နှင်းတို့ရွာကို အခွင့်ကြုံရင် လာလည်ချင်ပါသေးတယ်။

ဆန်းဝင်း said...

စာတွေလာဖတ်ပါတယ်..
တွေ့ရတာ နောက်ကျတယ်ဗျာ..အဖေါ်ရှာနေတာ အခုမှ တွေ့တယ်.. ကျောက်ပန်းတောင်းအသင်း အတွက် ပို့စ်တွေ တောင်းဆိုပါရစေ..