Monday, August 31, 2009

မုန်းသော်လည်း....ကျမနှင့်အတူရှိနေသောအရာတစ်ခု

ပန်းရင့်ရောင်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ....။သူ Tag လိုက်တိုင်း နှင်းဟေမာ က မပါ မပြီးဘူး...။

အဲလိုချစ်စရာကောင်းတဲ့ သူငယ်ချင်း ...။ ;)
မုန်းသော်လည်း ကျမနဲ့ အတူရှိနေတဲ့ အရာတစ်ခုဆိုတော့ ကိုယ့်မှာပိုင်ဆိုင်သမျှတွေထဲက မုန်းတဲ့အရာ ကို စဉ်းစားပြီး ရှာကြည့်လိုက်တယ်....။ကိုယ်စုဆောင်းထားသမျှလေးတွေကလဲ နှစ်သက်လို့ ၀ယ်ထားတာ နဲ့ သူများအမှတ်တရပေးတာကို အမြတ်တနိုးသိမ်းထားတာလေးတွေပဲ ကျမမှာရှိတယ်....။

ပန်း ရေ... နှင်းတော့ အခက်တွေ့နေပြီ ဘာကို မုန်းရင် ကောင်းမလဲ ... လုပ်ပါဦး...။အင်း ဟုတ်ပြီ တရားရှာ ကိုယ်မှာတွေ့ဆိုတဲ့ စကားလိုပဲ မိမိကိုယ်မိမိ ပြန်သုံးသပ်ကြည့်ရင်တော့ မုန်းစရာကောင်းတာ က ပြေးကြည့်စရာမလိုဘူး....။ကျမ က ငယ်ငယ်လေးကတည်းက အရမ်း ဒေါသကြီးတက်တယ်...။ စနေသမီး စိတ်က လည်းကြီးလိုက်တာမှ ဆတ်ဆတ်ထိမခံလေ....။ဘယ်လောက်ထိ မခံလည်းဆိုရင် ဟိးpကြုံတုန်းကိုယ့်အကြောင်းကိုဖောက်သည်ချရဦးမယ်....။
ငယ်ငယ်တုန်းက ကျမက သစ်ပင်တက်တာ အရမ်းဝါသနာပါတယ်...။သမီး နှင်းရေ ..လို့ မေမေက ခေါ်လိုက်တာနဲ့ အိမ်နောက်ဖေးက မကျည်းပင်ကြီးပေါ်ကနေ မျောက်လို ပလုန်းထိုးပြီး ဂျွန်းတွေဘာတွေပစ်ဆင်းရတာ...။ မေမေ မိရင်လဲ မသက်သာဘူး...။ ကျမ ဖေဖေ က တော့ မေမေ့လို မရိုက်တက်ဘူး ပါးစပ်ကပဲ သမီးရယ် အဖေတို့က ဒီသမီးလေးတစ်ယောက်တည်းမွေးထားတာ အကောင်းလေးကနေ သစ်ပင်ပေါ်တက်လို့်ပြုတ်ကျရင် ကျိုးသွားမှ ခက်မယ်တဲ့...။

ကျမကလဲ ဘယ်လိုဝါသနာမှန်းကိုမသိပါဘူး...။ ကျမတို့ရွာက စကားဝါလမ်းမကြီးဘေးမှာ ရှိပြီး ပုပ္ပါးတောင်ကြီ်းနဲ့ လှမ်းတောင်မြင်နေရပြီဆိုတော့ အင်း....မျောက်နဲ့ရေကြောမြေကြောလိုက်နေလားမသိဘူး.။
လူကြီးတွေလစ်တာနဲ့ သစ်ပင်ပေါ်ရောက်နေပြီ...။အဲဒီလိုနဲ့ ကျမ သစ်ပင်တွေခိုးခိုးပြီး တက်နေတာ မိဘတွေ မသိကြဘူး..။ တစ်နေ့မှာတော့ ကျမသူငယ်ချင်း သန္တာဆိုတဲ့ ကောင်မလေးက ဈေးကုန်းတောင်ဘက်ကျောင်းမှာ မကျည်းရွက်တွေအရမ်းနုနေတယ်..သွားခူးရအောင်တဲ့ လာပြီး အဖော်စပ်ပါလေရော....။ကျောင်းမှာ အဲဒီ့နေ့က အုပ်စုအားကစားပြိုင်ပွဲရှိတဲ့နေ့...။အိမ်ပြန်တာ နောက်ကျရင်လဲ သိပ်ကိစ္စမရှိဘူးလေ...။
အဲဒီနေ့က လူကြီးတွေကလဲ လစ်တာနဲ့ အိမ်ကို ခဏပြန် ကျောင်းလွယ်အိတ်ထဲက စာအုပ်တွေ အားလုံးပစ်ချခဲ့ပြီး ရှည်နေတဲ့ကြိုးကို စလွယ်သိုင်းလို့ကောင်းအောင် အထုံးလေးတစ်ခု လုပ်လိုက်တယ်...။
မနက်က အားကစားပြိုင်ပွဲမှာလဲ ကျမက အပြေးတို့၊ အမြင့်ခုန်တို့က ပြိုင်သေးတာ ..။
ကျမ က အမြင့်ခုန်တော့ တစ်ကယ်တော်တာ...။ ဟိ ...းp ...ပေါက်ပေါက်မြောက်မြောက်တော့ မဟုတ်ပါဘူး ။
အတူတူ မျောက်ရှုံးအောင် ဆော့လာခဲ့တဲ့ ငယ်သူငယ်ချင်းထဲမှာတော့ တစ်ကယ်ပေါက်မြောက်သွားသူလဲရှိရဲ့။ညဘက် လသာပြီဆိုလို့ကတော့ အထုပ်ပစ်တမ်း၊ ဖိနပ်ပစ်တမ်း..စစ်တိုက်တမ်း ကစားတော့တာပဲ...။ အဲဒီ့ထဲက သူငယ်ချင်းကောင်လေးတစ်ယောက်ကတော့ အခု မြန်မာ့လက်ရွေးစင်ဘောလုံးသမားကြီးဖြစ်လို့ ...(ယခု ကမ္ဘောဇအသင်း၌)...။ကျမ ထင်တာတော့
ဒီကောင် စိုးမင်းဦး လည်း ပုပ္ပါးနဲ့နီးလို့ထင်ပါရဲ့ ငယ်ငယ်က မြောက်ရှုံးအောင်ကို ဆော့တားp( သူ့ကြည့်လိုက်ရင် ကြောင်ချီးရုတ်ကို အမြဲပေါက်နေတားD) သူငယ်ချင်း အတင်း တုတ်လိုက်တာ
လမ်းတွေချော်ကုန်ပြီ ... ခုန မကျည်းပင်တက်ရတော့မယ့်နေရာလေး ပြန်သွားမယ်နော်...။

ကျမကို မေမေက ဘယ်လိုမှ မနိုင်တာနဲ့ အားကစားပွဲ အတွက် ခရမ်းရောင် ဘောင်းဘီတိုအသစ်လေးတစ်ထည် ၀ယ်ပေးခဲ့တယ်...။အဲ..လွယ်အိတ်ကို စလွယ်သိုင်း ပြီး...အဲဒီဘောင်းဘီအသစ်လေးကို လည်း ၀တ်လို့ပေါ့လေ...။
ပြီးတော့ မြောက်ကြွ မြောက်ကြွနဲ့...ဈေးကုန်းတောင်ဘက်ကျောင်း ဘုန်းကြီးကျောင်းဝန်းထဲက မကျည်းပင်ကြီးရှိရာဆီကို ဒိုး လိုက်ကြတာများ တန်းနေတာပဲပေါ့...။ကလေးတွေ စုစုပေါင်း ၇ယောက်လောက်တော့ရှိမယ်ထင်တယ်...။ကိုယ့်ထက်အကြီး တွေလဲပါတယ်...ကိုယ့်ထက် ငယ်တဲ့ဟာလေးတွေလဲပါတယ် အစုံပေါ့...။တစ်ညနေလုံး သစ်ပင်တက်နေတာ....။

အချိန်ကနေ၀င်ရီတယောရောက်ပြီ... တစ်နေကုန်ကုန်ချစ်ချစ်တောက်အောင် ပူထားတဲ့ နေ၀န်းကြီးကလဲ ရွာအနောက်ဘက်က ထန်းတောတွေဘက်ကို အပြေးအလွှားခရီးနှင်နေခဲ့ပြီ...။လယ်တောက ကောက်စိုက်သမ တွေနဲ့ နွားကျောင်းသားတွေလဲ ပြန်လာကုန်ကြပြီ....။တစ်နေကုန် ထမင်းမေ့ ဟင်းမေ့ သစ်ပင်ပေါ်ရောက်နေလိုက်တာ အိမ်ကို သတိရသွားပြီး အပြေးတစ်ပိုင်းပြန်ဆင်းလာတဲ့အခါမှတော့ သစ်ကိုင်းကိုပင်ကောင်းကောင်းမမြင်ရတော့....။
မနည်းကို စမ်းပြီးဆင်းလာခဲ့ကြရတယ်...။အောက်လဲရောက်ရော သူငယ်ချင်းရဲ့ညီမလေးက ပက်လက်ကြီးလန်ပြီး တဂစ်ဂစ်နဲ့ နေအောင် တက်နေတာလဲတွေ့ရော ကျမ တော်တော် မျက်လုံးပြုးပြီး
လန့်သွားပါတယ်...။
သူငယ်ချင်းဖြစ်သူတွေက ခြေမကို တံတွေးဆွတ်ပြီး နှိပ်ရတယ် .. နှိပ်ကြ နှိပ်ကြ ဆိုလို့ ကျမတို့ လည်း ၀ိုင်းပြီး နှိပ်ကြပါတယ် ၊အရေးထဲ ရေကငတ်နေပါတယ်ဆို တံတွေးက လည်း မရှိဘူးဖြစ်နေတယ်..ဘယ်လို လုပ်လုပ် မရပါဘူး.......။ အဲဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အပြေးသန်တယ်လို့ ယူဆထားတဲ့ ကျမ ကပဲ ရွာထဲဘက်ပြေးပြီးလူကြီးတွေခေါ်ရပါတယ်..။
တော်ပါသေးတယ် အဲဒီ့ကလေးမလေး သေမသွားတာ ကံကောင်းတယ်...။
ကျမ နဲ့ သန္တာနဲ့ကတော့ အကင်းပါးတဲ့သူတွေဆိုတော့ ကောင်မလေး ပြန်ကောင်းလာတာနဲ့ သန္တာက သူ့အဖေကိုကြောက်လို့ သူ့တို့ အဖိုးအဖွားတွေရှိတဲ့ နေရာကို တစ်ချိုးတည်းပြေးပါတော့တယ်...။
ကျမ လည်း အလိုတူအလိုပါဆိုတော့ ဖိနပ်တောင်မပါဘူး မေမေလာတာမြင်တာနဲ့ သန္တာ့ လမ်းစဉ်အတိုင်းပဲ အဖိုး အဖွားတွေအိမ်ကို တစ်ချိုးတည်းပြေးရပါတော့တယ်....။
ကျမကို မေမေက ရိုက်နေကျမို့ အဖွားတို့အိမ်မှာက ကျမ အတွက်တော့လုံခြံတဲ့နေရာလို့ထင်ထားခဲ့တာ...။
ညစာထမင်းစားပြီးချိန်မှာတော့ ကျမ ဖေဖေ ရောက်ချလာပြီး .. အဖိုးအဖွားတွေရှေ့မှာ ကျမကို ပွေ့ချီပြီး အိမ်ပြန်ခေါ်သွားပါတယ်...။ဒီကလည်း ဟုတ်ပြီပေါ့လေ...။
အိမ်လည်းရောက်ရော အဖေ က ကျမကို ချူပ်ထားပေးပြီး အမေက တုတ်နဲ့ရိုက်ပါတော့တယ်...။
အစကတော့ ကျမ အော်ငိုသေးတယ်...။
ပြီးတော့ ခုလို မျိုး ၂ယောက်လုံးက ရိုက်ရမလားဆိုပြီး ဒေါသတွေကြီးလာပြီး လုံးဝကို မငိုတော့ပဲ ကြိုက်သလောက်ရိုက်လို့ ပါးစပ်က အော်ပြောလိုက်တယ်...။အဲဒီမှာအဖေက သူ့ကို ပြန်အော်တယ်ဆိုပြီး ရေသုတ်တဲ့ တဘက်လေးနဲ့ ၂ချက်ရိုက်ချလိုက်ပါတယ်...။ငယ်သေးပေမယ့် တစ်ကယ်ရိုက်တယ်ဆိုတာ စိတ်က သိတယ်...။အရမ်းလည်းဝမ်းနည်းသွားတယ်....။
ကျမ ဘယ်လောက်ထိ စိတ်ကြီးလဲဆို၇င် အဲဒီနေရာမှာတင် ဒေါသအရှိန်ကြောင့် မေ့မြောသလို ကိုဖြစ်သွားခဲ့ပါတယ်...။ ပြန်သတိရလာတဲ့ အချိန်မှာ ကျမ အဖေ့ ကို စကားမပြောခဲ့ပါဘူး...။
ဘယ်လောက်ထိဆိုးလည်းဆို၇င် ကျမ အဲဒီ့နေ့ကနေစပြီး အဖေ့ ကို ၆ လလောက်ကြာတဲ့ထိကို စကားမပြောခဲ့ပဲ နေခဲ့ဘူးပါတယ်...။ခရီးဝေးကနေ ဖေဖေပြန်လာရင်လဲ ဘာနဲ့ချော့ချော့ လုံးဝကို မရဘူး။
ကျမ ဖေဖေကလည်း ကျမ ရဲ့ဒေါသကို တော်တော်လေး လန့်သွားပုံရပါတယ်...။
အဲဒီနေ့ကနေစပြီး ..... ဒီနေ့ထိဆိုပါတော့ ကျမ ကို လေသံပြင်းပြင်းလေးနဲ့တောင် မဆူရက် မပြောရက်အောင် ဖြစ်သွားခဲ့ပါတယ်...။ပြန်စဉ်းစားကြည့်မိရင်လည်း စိတ်မကောင်းဖြစ်ရတယ်...။
ကျမငယ်ငယ်က ဖြစ်ခဲ့မိတဲ့ ဒေါသကို အရမ်းမုန်းမိပါတယ်...။
အမှန်ကတော့ ကျမ က မေမေရိုက်ရင် ဘာမှမဖြစ်ခဲ့ပါဘူး တစ်ခါမှ လေသံမာမာနဲ့တောင် ကျမ ကို မဆူရက်ခဲ့တဲ့ ဖေဖေက ကျမကို အဖိုး အဖွားအိမ်ကနေ ညာခေါ်သွားပြီး ခုလို ရိုက်တာကိုခံလိုက်ရတော့ ကျမလည်း ရုတ်တရတ် ဒေါသကြီးသွားခဲ့တာ ။ငယ်လည်းငယ်သေးတော့ ကျမ အပေါ်မှာ မိဘတွေထားရှိတဲ့ စေတနာနဲ့ မေတ္တာတရားကို နားမလည်ခဲ့သေးဘူး..။
အသက်အရွယ်တွေရလာတဲ့အခါ .. မိဘကအမွေပေးခဲ့တဲ့ ပညာနဲ့ ဆုံးမလမ်းညွှန်ခဲ့တဲ့ အသိဥာဏ်တွေကြောင့် ဘာသာတရားကို လေ့လာကိုင်းရှိုင်းခဲ့တဲ့အခါ ကျမ ရဲ့ ဒေါသတရားတွေကို အသိတရားလေးနဲ့ ထိန်းတက်လာခဲ့ပါတယ်...။
ဆရာတော်ကြီးတွေရဲ့ တရားတော်တွေနာကြားရတဲ့ အခါ မှာတော့ ဒေါသ ရဲ့ရလဒ်တွေအားလုံးကို ပိုသိလာခဲ့ပါတယ်...။ဒီလောက် တရားတွေနာနေတာတောင် ထစ်ခနဲဆို ကျမ ရဲ့ဒေါသလေးက အကင်းမသေချင်ပါဘူး...။ဒေါသဖြစ်ရတဲ့အတွက် ရလဒ်က အမြဲတမ်းပူလောင်ပါတယ်...။
ကျမ ဘယ်လောက်ထိ ဒေါသကိုမထိမ်းသိမ်းနိုင်သလဲဆိုရင်....ကျမ ရဲ့ ဘလော့ထဲကို အကုသိုလ် ဖြစ်စေတဲ့ စာလေးတစ်ကြောင်းလောက် ၀င်ရေးသွားတာတောင် ကျမ က ဆက်ဆက်ထိ မခံပြန်ရေးတက်သူပါ...။မဟုတ်မခံဆိုပေမယ့် အဲဒီ့ ဒေါသရဲ့ အကျိုးကလည်း မကောင်းနိုင်ပါဘူး ........။
“အကြင်သူသည်
ဒေါသထွက်နေသောသူကို
တစ်ဖန်ပြန်ပြီးဒေါသထွက်၏
ထိုသူသည် ပထမဒေါသထွက်နေသူထက်
မိုက်မဲသူ ၊ ယုတ်မာသူဖြစ်၏။ ”



ဆိုတဲ့ အပဏ္ဏကဇာတ်အဌကထာ ထဲက အတိုင်းပါပဲ ...။ ဒေါသကြောင့် ကျမရလိုက်တဲ့ အရှုံးတွေပါပဲ....။
ဒါကတော့ အားလုံးသိနေတဲ့ ဥပမာလေးကိုပဲပြလိုက်တာပါ....။ မကောင်းတဲ့ဒေါသစိတ်တွေ ကို အနိုင်ယူတဲ့နည်းလမ်းက တစ်ခုပဲရှိပါတယ်....။ဒေါသမီးကို မေတ္တာရေနဲ့သာ ငြိမ်းစေနိုင်ပါတယ်...။
ကျမတို့လူငယ်တွေဆိုတာက ဘယ်လောက်ပဲ သည်းခံနိုင်ပါတယ်ပြောပြော အတိုင်းအတာတစ်ခုထက်လွန်လာရင် ဒေါသက အရင်ဝင်လာတက်တာက ကိုယ်တွေ့ပဲလေ....။
ဒီနေရာမှာ ကျမ ဗဟုသုတအနေနဲ့ ပြန်ပြီးဝေမျှချင်ပါတယ်...။ဒေါသဖြစ်ပေါ်လာပုံ အဆင့်၃ဆင့်ကို နားလည်ဖို့လည်း လိုအပ်ပါတယ်...။


၁။ စိတ်အစဉ်တွင် အမြဲမပြတ် သိမ်မွေ့စွာကိန်းအောင်းနေသော ( အနုသယ ဒေါသ )
၂။ စိတ်အစဉ်တွင် ထကြွသောင်းကျန်းစ ပြုလာသော ( ပရိယုဌါန ဒေါသ )
၃။ ကာယကံ၊ ၀စီကံ တို့ဖြင့် ထကြွသောင်းကျန်းလာသော ( ၀ီ တိက္ကမဒေါသ) ... ဆိုပြီး ဖြစ်ပါတယ်...။

စိတ်အစဉ်တွင် အမြဲမပြတ် သိမ်မွေ့စွာကိန်းအောင်းနေသော ဒေါသ ( အနုသယ ဒေါသ ) ကတော့ အနာဂါမိမဂ်ဖြင့်သာ ပယ်သတ်နိုင်ပါတယ်...။မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး ပို့သတော်မူသော မေတ္တာပို့မှာ ကြောက်တက်၊မကြောက်တက် ၊ နှစ်ရပ်များစွာသတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ...ဆိုတာလေးကို အရင်ကတော့ ပါးစပ်ကသာပို့နေတာ သိပ်နားမလည်ခဲ့ပါဘူး...။မေတ္တာရှင်ဆရာတော် ဦးဇ၀န တရားတွေနာကြည့်မှကြောက်တက်သော ပုဂ္ဂိုလ်များဆိုတာက ပုထုဇဉ်၊ သောတာပန် ၊ အသဒါဂါမ် ပုဂ္ဂိုလ်များကိုဆိုလိုတာဖြစ်တယ်...။ဒေါသကို ပယ်ပြီးဖြစ်၍ မကြောက်တက်သော ပုဂ္ဂိုလ်များမှာ အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ် များကို ဆိုလိုပါတယ်...လို့ နားလည် သဘောပါခဲ့ပါတယ်...။
ထိုအချက်ကိုထောက်ပြီး ကြောက်တက်သော သဘောတရားမှာ ဒေါသဖြစ်သောကြောင့် အနာဂါမ် နှင့် ရဟန္တာဖြစ်လျှင် အကြောက်တရားမရှိတော့လို့ မှတ်ရပါတယ်...။
နံပါတ်၂ဖြစ်တဲ့ ဒေါသ စိတ်အစဉ်တွင် ထကြွသောင်းကျန်းစ ပြုလာသော ( ပရိယုဌါန )ကိုတော့ မေတ္တာဘာဝနာနဲ့ ပယ်သတ်နိုင်ပါတယ်...။နောက်ဆုံးဖြစ်တဲ့ ကာယကံ၊ ၀စီကံ တို့ဖြင့် ထကြွသောင်းကျန်းလာသော ( ၀ီ တိက္ကမဒေါသ)ကိုတော့ သီလဖြင့်သာပယ်သတ်နိုင်ပါတယ်...။ကျမ ကိုယ်တိုင်လည်း အဲဒီနည်းလမ်းလေးအတိုင်း ရသမျှအချိန်လေးမှာ တက်နိုင်သလောက် ကြိုးစားလိုက်နာနေပါတယ်...။
ကျမလိုပဲ ဒေါသကြီးတက်ကြသူ သူငယ်ချင်းများ ၊ ကျမ ထက်ငယ်ကြသေးတဲ့ မောင်လေး၊ ညီမလေးများအတွက် ... အများကြီးမဟုတ်ရင်တောင် အနည်းငယ်တော့ အကျိုးရှိစေမယ်လို့မျှော်လင့်မိပါတယ်...။
အားလုံးပဲ...အရင်းလဲ အဖျားထင်းဖြစ်ဆိုတဲ့ စကားပုံလေးကဲ့သို့ ကျမတို့ စိတ်အစဉ်မှာ ထကြွသောင်းကျန်းမှု အမြဲ ပြုတက်သော( ပရိယုဌါန ဒေါသ )ကို အတက်နိုင်ဆုံး ထိမ်းနိုင်အောင် မိမိတို့၏ စိတ်အစဉ်ကို သတိရနေတဲ့ အချိန်တိုင်းမှာ မေတ္တာတရား ပွားများ၍ ဘာဝနာတရားကို ရသလောက်အချိန်လေးမှာ နာကြား ကြခြင်း၊လက်တွေ့လည်း တက်နိုင်သလောက်လေး ၊ ရှုမှတ်ပွားများ ကြခြင်းဖြင့် ၀ီတိက္ကမ ဒေါသကို အတက်နိုင်ဆုံးပယ်သတ်နိုင်ကြပါစေဟုဆန္ဒပြုလိုက်ပါတယ်....။


( လွမ်းစရာကောင်းတဲ့ငယ်ဘ၀အကြောင်းလေးတွေနဲ့ မုန်းသော်လည်း ကျမ နဲ့ အတူရှိနေတဲ့ အရာတစ်ခုကို ပြန်လည်ပေါင်းစပ်လိုက်မိပါတယ်... အမှားအယွင်းတစ်စုံတစ်ရာပါခဲ့သော် ကျမ နှင်းဟမာ ရဲ့
တာဝန်သာဖြစ်ပါတယ်... အားလုံးပဲ နားလည်ခွင့်လွှတ်နိုင်ကြပါစေနော်...း)


ခင်မင်လေးစားမှုများဖြင့်
နှင်းဟေမာ
31 August 2009
( 11: 34 pm )

11 comments:

ဝက်ဝံလေး said...

ပေါက်ကျော်မလေး နှင်းရေ စာလာဖတ်သွားတယ် ဟားဟားးးးးးးးးးး တကယ့်ပေါက်ကျော်မပါလား ဟရိုးးးးး ညီမက ဆော့ပေမယ့် အဲလောက်ထိတော့ ဗြောင်းမဆန်ဘူးထင်ပါ့ ဟိဟိ
ကောင်းပါတယ် ငယ်တုံးပဲ ဆော့နိုင်တာနော့် ညီမလဲ အဖေ့ကို စိတ်ကောက်ဖူးတယ် မေမေ က အဲလိုမလုပ်ရဘူး ဆိုတာနဲ့ ပြန်ပြေသွားတယ် ညီမက စနေ သမီးမဟုတ်လို့ ထင်တယ်နော် အဟက် :P

Unknown said...

မနှင်းဟေမာရေ....

အားပါးပါး... စိတ်ကတော့ကြီးပါ့...
ဒေါသရဲ့ အကျိုးအပြစ်တွေကို ခံစားမှုလေးနဲ့ ရှင်းပြပေးထားတာ အရမ်းကောင်းတယ်ဗျာ....

အားပေးလျှက်ပါ....
ပြည့်စုံ (ဝေါသားလေး)

မိုးအိမ့်ဖြူ said...

အော် မျောက်ရှုံးအောင်တောင် ဆော့လေသကော ... တော်တော်လေးကို ဆိုးလေ၏.... :P ဒေါသကို လည်းကြောက်သွားပါပြီ နောကိ ကို ဘာမှ မလုပ်တော့ဘူးနော် စိတ်ညစ်သွားတယ် နဲ့တူပါတယ် ဟိဟိ အခုရော ဒေါသပြေသွားပြီလားဟင်။ ပြေပါတော့နော်..။ စာတွေက တော်တော်ဖတ်လို့ကောင်းတယ်ဗျာ...။ ပြန်ရှင်းပြချင်လေးကို တော့ ကြိုက်တယ်ဗျာ :)

ကိုရင်နော်ခင်လေးငယ် said...

ဟယ်... အပင်ပေါ်မှာ ကောင်မလေး တစ်ယောက်တော့..း)

ဒီကလေးမ တော်တော်ဆိုး.. စိတ်ကောက်ချက်ကလည်း လွန်ရော.. ဒေါသလေးကလည်း ကြီးလိုက်တာ... တော်သေးရဲ့ တရားသဘောလေးတွေ သိနေလို့..

ဖတ်ရတာ မျက်လုံးထဲမြင်လာတယ်.. အဲ့ဒီ အဆိုးမလေးကို..း)

ချစ်ခင်စွာဖြင့်..

yangonthar said...

မနှင်းဟေမာရေ
သူ က စိတ်သိပ်ကြီးတာပဲနော်လို့ အပြောခံရ တာ ထက် သူက သိပ် အေးချမ်းတာပဲလို့ အပြောခံရတာ
အင်မတန် ခြားနားလှပါတယ် .... ဒေါသ
ရှိမှန်းသိတယ် ဒေါသဖြစ်နေတာ ကို မကြိုက်
ဘူး ... ကိုယ့်ရှိတဲ့ ဒေါသ မာန ကိုသတိ တရား နဲ့  ရိုက်ပုတ်နှိပ်ကွပ်နေတဲ့ မနှင်းဟေမာကို အင်မတန်ချီးကျူးလေးစား
မိပါတယ်။ အပြောလွယ်သလောက် အလုပ်
ခက်တယ်ဆိုတာ ပြောမယုံကြုံမှသိပါ။
မေတ္တာနဲ့ လည်း နေသားတကျ ရှိနေတယ်
ဆိုတာ ဒီစာလေး ဖတ်ကြည့်ရုံနဲ့  တွေ့ နိုင်
ပါတယ် .... မေတ္တာရိပ်လွှမ်းခြုံနေတဲ့ ဒီ
ဘလော့လေးနဲ့ အတူ မေတ္တာတော် ထိုအ
ကျိုးတွေနဲ့ မနှင်းဟေမာ တစ်ယောက် တိုးလို့ သာ အေးအေးမြမြ သာသာယာယာရှိ ပါစေ
ကြောင်း လေးစားချီးကျူးလျှက် ဆုမွန်ကောင်း
တောင်းလိုက်ပါရစေ .....
ခင်တဲ့ 
ရန်ကုန် :D
အေးမြသာယာပါစေ :)

ဇွန်မ said...

ခံစားချက်ပါလို့ထင်တယ် အရေးအသားလေးတွေ အတော်လေးကောင်းတယ် ပျော်ရွှင်ပါစေနော်

Dream said...

အယ်..ကောင်မလေး တော်တော်ဆိုးပါလား... အပင်ပေါ်တတ်တယ်ပေါ့လေ...ဟိဟိ..နောက်ဆို ပေါင်းလို့ရသွားပြီ...တူတူတက်မယ်...း)

ဒေါသရဲ့ အကြောင်းလေးကို ဖတ်မှတ်သွားပါတယ်... တီတီနှင်းရေ... အခုလို ဖတ်မှတ်ထားတာလေး ပြန်လည်ရှင်းပြပေးထားတာ ကျေးဇူးတင်ပါတယ်... မှတ်သားသွားပါတယ်.။

လေးစားလျှက်
မက်မက်

စူး said...

နှင်းဟေမာ..

အယ် တူတူပဲ..အမက မျောက်မူးလဲ.တဲံ..ညီမတို့က အဲ့ဖက်ကဆို
မန်ကျည်းတောကဘုန်းကြီးကျောင်း မှာရှိတဲ့ ဘုန်းဘုန်းဦးမေဓာ..ကိုသိလား
အမတို့ ကြီးကြီးက ပုပ္ပါးတောင်ကလပ်က က ထမင်းဆိုင်နဲ့ ဓာတ်ပုံတိုက် ဖွင့်ထတာ..လွန်ခဲ့တဲ့ နှစ်တွေကပေါ့..။ အခုတော့ မရှိတော့ပါဘူး။ အမတို့က အမြဲ ကျောင်းပိတ်တိုင်း သွားလည်တယ်။
ဘုန်းဘုန်းကဆို အမကို မျောက်မူးလဲတဲ့. အခုချိန်ထိခေါ်တုန်းပဲ။ ဒါဆို ဘယ်လောက်ဆော့လဲ မှန်းကြည့်တော့..။

အမလဲအဲလိုအမြင့်တက်ဝါသနာပါတယ်။
ဒေါသလဲကြီးတယ်။ စိတ်လဲကြီးတယ်။ညီမရေးတဲ့ ဒီစာကို သေသေချာချာဖတ်သွားတယ်။ အရမ်းကောင်းပါတယ်. တရားဆုံးမစာ လေးတွေ..။
အင်း..လိုက်နာရမှာပဲ.. ကြီုးစားပီးတော့

Unknown said...

နှင်းရေ

မန့်ပြီနော်။
မျောက်လွဲကျော်မလေးပေါ့။
နှင်းရေ ကျွန်မကတော့ အမြင့်ကြောက်တယ်။
ဒါကြောင့် သစ်ပင်ပေါ်မတက်ဘူး။
စာရေးတာ အရမ်းကောင်းပါတယ်။
ရှင်းပြပုံလေးက မိုက်တယ်။

နှင်းရဲ့ ပန်း

ပန်းရင့်ရောင်

ကိုအောင် said...

ငယ်ဘ၀တွေကို ဖတ်ရတာ လွမ်းစရာတွေပဲ၊ စာတွေဖတ်
ရတာ အရမ်းကောင်းတယ် ညီမရေ၊ အားပေးလျက်။

မယ့်ကိုး said...

ညီမလေးစိတ်ကြည်ကြည်ကောင်းကောင်းလေးနဲ့ ရေးထားတဲ့ စာလေးကို ဒုတိယအကြိမ်လာဖတ်သွားပါတယ်။
သိပ်တန်ဖိုးရှိတဲ့စာလေးပါ။ အားကျလိုက်တာ ညီမလေးရေ...
မမတော့ အကုသိုလ်များတဲ့စာတွေပဲ ရေးနေဖြစ်တား)