Friday, August 28, 2009

ငယ်စဉ်ဘ၀ ... စိတ်ဒုက္ခ

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ၊ ပန်ကောင်းမှူး ဆိုတဲ့ ရှမ်းကျေးရွာလေး မှာ ကျမ ငယ်စဉ်က နေခဲ့ရဘူးပါတယ် ....။
အဲဒီမှာနေခဲ့တဲ့ အချိန်တုန်းက ကျမ အသက်က တော်တော်လေးကို ငယ်ပါသေးတယ်....။
ဒါပေမယ့် အဖြစ်အပျက်လေးတွေကိုလည်း ယနေ့ထိ သတိရနေဆဲပဲ...။
အဲဒီအချိန်က နှင်း မေမေ က ... အစိုးရ ၀န်ထမ်းဆိုတော့ မေမေတာဝန်ကျတဲ့နေရာမှာ ကျမလဲ အတူလိုက်လာခဲ့ပါတယ်....။
အဲဒီဒေသလေးက ၇ိုးသားတဲ့ ရှမ်းလူမျိုးတွေ နေကြပြီး အရမ်းလည်း ခေါင်းပါးတဲ့အပြင် မိုင်းကိုင်မြို့လေးနဲ့လည်း တော်တော်လေး အလှမ်းဝေးပါသေးတယ်....။ လှည်းလမ်းခရီးကလည်း အရမ်းကို ကြမ်းလှပါတယ် ...။
အဲဒီမှာ မေမေရယ် နှင်းရယ် ... ပြီးတော့ မေ့မေ့လက်ထောက် ဆရာမလေးတစ်ယောက်ရယ် အတူတူနေခဲ့ကြရပါတယ်...။ ကျမ တို့ အတွက် ကျောင်းနဲ့မလှမ်းမကမ်းက တောင်ကုန်းမြင့်လေးပေါ်မှာ အင်ဖက်တွေမိုးထားတဲ့ ၀ါးခြေတံရှည် အိမ်လေးတစ်လုံးဆောက်ပေးခဲ့တယ်....။
အဲဒီမူလတန်းကျောင်းလေး နဲ့ နှင်းတို့နေတဲ့တောင်ကုန်းလေးတွေရဲ့ကြားမှာတော့ သစ်တော်ပင်တန်းကြီးတွေက ၀န်းရံလို့...။
အိမ်လေးကနေ ကျောင်းရဲ့ဆန့်ကျင်ဘက်နေရာကို ကြည့်လိုက်တော့ လိမ္မော်ခင်း၊ မက်မန်းခင်း နဲ့ ပဲပုပ်ခင်းတွေ...ဟင်းသီးဟင်းရွက်ခင်းတွေ ၊ နာနတ်ခင်းတွေ နဲ့
တမျှော်တခေါ် ရှည်လျားလှတဲ့စိမ်းစို ညို့မှိုင်းနေတဲ့ ရှမ်းတောင်တန်းကြီးတွေက ၀န်းရံလို့ပေါ့ ...။
ပန်ကောင်းမှူး က အဓိကအားဖြင့်တော့ လိမ္မော် အဓိကထွက်တဲ့ ဒေသလေးဖြစ်ပါတယ် ....။
နေ့ခင်းဘက်မှာ သာယာလှပသလောက် နယ်မြေက မအေးချမ်းတဲ့အတွက် ညဘက်ရောက်မှာကိုတော့ နှင်း အရမ်းကြောက်မိတယ် ....။
ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက မဲမှောင်နေပြီး ညဘက်ရောက်ပြီဆိုရင် ရွာထဲကို သူပုန် တွေကလဲ မကြာမကြာ
ဝင်လာတက်ပြန်တယ်....။သူတို့လာပြီဆိုရင် မေမေ တို့အားလုံး နဲ့ကျမတို့အိမ်လေးနဲ့
မလှမ်းမကမ်းမှာနေကြတဲ့ တောင်ကြီးဘက်က ဦးလေး ဆရာကျောင်း နှစ်ယောက်ကလဲ သူတို့လာတော့မယ့် နေ့ကို ရောက်ပြီဆိုရင် ပြာယာခတ်နေအောင်ကြောက်နေတက်ကြတယ်...။
အဝေးကြီးက လာတဲ့ မြင်းခွာသံတွေကြားပြီဆိုတာနဲ့ စကားတွေပြောနေကြတဲ့ လူကြီးတွေ အားလုံးလည်း
မီးအိမ်လေးတွေကိုအမြန်ငြိမ်းလိုက်ကြတော့တယ် ....။
အဲဒီအချိန်ဆိုရင် နှင်း ကလည်း ကြောက်လွန်းလို့ မေမေ့ နားကိုအတင်းတိုးကပ်ပြီး ဒူးလေးတွေတောင် တဆတ်ဆတ်တုန်နေခဲ့တာ....။သူတို့တွေ လာပြီဆိုတာနဲ့ ကျမတို့ တဲအိမ်လေး တွေမှာ
သိမ့်သိမ့်တုန်မတက်ပဲ မြင်းခွာသံတွေ တရစပ်ဝုန်းဒိုင်းကြဲပဲ ရောက်လာကြပါတယ်...။ ပြီးရင် ခေါင်းဆောင်ဖြစ်ပုံရတဲ့ လူကြီးတစ်ယောက်က အသံဝဲ၀ဲနဲ့ ဆရာကျောင်း...ဆရာကျောင်း ဆိုပြီး အော်ခေါ်ပါတော့တယ်...။
သူတို့တွေ လာပြီးဆိုတာနဲ့ ကျောင်းမှာ အကြီးဆုံးတာဝန်ယူထားတဲ့ ကျမ မေမေ က ဦးဆောင်ပြီး သူတို့ကို ထွက်ကြိုရတယ် ....မေမေ့ ကို ဟိုမေး ဒီမေး မေးကြတယ်...။
ဒီတစ်ပတ် ကျောင်းကို ဘယ်သူတွေလာသွားလဲ ဘယ်သွားကြလဲ ... ပြီးရင် ဆရာကျောင်းတို့ နေတက်အောင် နေကြ...အပြင်လူတွေ တစ်ယောက်မှမမြင်ချင်ဘူး ...။
လိုအပ်တာပြော .... ရှုပ်ရှုပ်ရှက်ရှက်တွေ ဘာမှမမြင်ချင်ဘူး စသဖြင့် ကျမ နားမလည်သေးတဲ့ စကားတွေ ပြောကြားပြီး မြင်းတွေနဲ့ လူတစ်စုက ရွာထဲဘက်ကို ဦးတည်သွားကြတယ်...။

အဲဒီရွာလေးကနေ ကျမတို့ ဇာတိနေရာကို ပြောင်းခွင့် ရတယ်ဆိုတဲ့ စာလေးရတဲ့နေ့က ကျမတို့ သားမိ ၂ယောက် မှာ ပျော်လိုက်ရတာ ...အရမ်းပါပဲ....။ သံယောဇဉ်တွယ်နောကြရှာတဲ့ ကျေးရွာကလူကြီးတွေ
ရွာကကျောင်းသားလေးတွေနဲ့ မိဘတွေ က လက်ဆောင်ပစ္စည်းလေးတွေနဲ့ လာပြီးနှုတ်ဆက်ကြရှာတယ်....။
ဧည့်သည်ဆိုတာ အချိန်တန်ရင် အိမ်ပြန်ကြရမှာပဲ မဟုတ်လား ....။
ဝါးတွေနဲ့ဆောက်လုပ်ပြီး အင်ဖက်လေးတွေ မိုးထားပေမယ့် ကြီးမားကျယ်ဝန်းလှတဲ့ အ.မ.က ပန်ကောင်းမှူး ဆိုတဲ့ ကျမ ငယ်ဘ၀က ကြီးကျယ်ခမ်းနားတယ်လို့ ထင်ခဲ့တဲ့
နေရာလေးကို အဲဒီ့နေ့ကစလို့ ကျမတို့ အပြီးတိုင် နှုတ်ဆက်ခွဲခွာခဲ့ကြပါတယ် ....။
ဘာပဲဖြစ်ဖြစ် ကျမ ရဲ့ ဘ၀အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့တဲ့ ပန်ကောင်းမှူး ကိုတော့ အရမ်းချစ်မိပါတယ် ....။
ပန်ကောင်းမှူးကနေ မိုင်းကိုင်ထိ ရွာကနေ လှည်းစီစဉ်ပေးခဲ့ပြီး၊ မိုင်းကိုင်ကိုရောက်တော့ ဖေဖေက ကျမတို့သားအမိကို လာကြိုနေခဲ့ပါတယ်...။
ဒီဘ၀လေးက ကျမ အရမ်းငယ်သေးပေမယ့် ယနေ့ထိ ရင်ထဲမှာ မှတ်မှတ်ရရ ရှိနေဆဲပါပဲ...။
ဟိုးငယ်ငယ်တုန်းက စိတ်ဒုက္ခရောက်ခဲ့ရပြီးအမှတ်တရလေးပါ ဖြစ်ခဲ့ရဘူးတဲ့ အကြောင်းအရာ လေးတစ်ခုကို ဆွဲထုတ်ပြီး ပြန်ရေးတာပါ...။

နှင်းက ဖေဖေ နဲ့ မေမေတို့ရဲ့ တစ်ဦးတည်းသော သမီးပါ...။
ငယ်ငယ်တည်းက မိသားစု အတွင်းရေးကိစ္စတွေတိုင်းအတွက် ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ်
ဝမ်းသာတာပဲ ဖြစ်ဖြစ် ၊ ၀မ်းနည်းအားငယ်တာပဲ ဖြစ်ဖြစ် ဘ၀က ချမှတ်ပေးလိုက်တဲ့ ကောင်းဒဏ်၊ဆိုးဒဏ် အားလုံးကို ကျမ တစ်ယောက်ထဲ ခံယူခဲ့ရပါတယ်....( ဘယ်သူ့ကို မျှဝေပေးစရာမရှိလို့ )။
အဲဒါကြောင့် ကျမ က ဘ၀ဆိုတဲ့ ကျောင်းနဲ့ ပတ်သတ်ပြီး စာကျေညက်ခဲ့တယ်လို့ လည်းကိုယ့်ကိုယ်ကို ခံယူထားပါတယ် ...။
ဖေဖေ ၊ မေမေ နဲ့ ဆွေမျိုးတွေကြားမှာ တော့ ကျမ က စံပြ သမီး တစ်ယောက်ဆိုတဲ့ ရာထူးကို ယနေ့ထိအလိုအလျှောက် ရနေတုန်းပဲ ...။
ကျမ မိသားစုမှာလည်း ဖေဖေရယ် မေမေရယ် ကျမရယ် ... မွေးစားထားတဲ့ မေမေတို့ သမီးလေး တစ်ယောက်ရယ် မိသားစုလေးယောက်ရှိပါတယ်...။ကျမဘ၀ရဲ့ တစ်သက်တာလုံးမှာ မိဘနဲ့ အတူတူနေခဲ့ရတဲ့ နေ့ရက်ဆိုတာ လက်ချိုးရေလို့ရတယ်....။
အလယ်တန်းပြီးကတည်းက ကျမ မိဘတွေက ဘော်ဒါဆောင်တစ်ခုကို ပို့ခဲ့ပါတယ်...။
အထက်တန်းအောင်ပြီးတော့လည်း မန္ထလေးမှာ တစ်နှစ်လောက် ဆယ်တန်းဂိုက်ပြန်လုပ်နေရင်း ကျောင်းတက်ဖို့စောင့်ခဲ့တယ် ....။ အဲဒီကနေ .... တစ်လျှောက်လုံး ကျောင်းတက်လိုက် အလုပ်ဝင်လိုက်နဲ့ ...
လုံးလည် ချာလည် လိုက်ပြီး နိုင်ငံခြားကိုသာ ရောက်လာခဲ့တယ် ... ခုချိန်ထိလည်း ကျမ ကျောင်းမပြီးသေးပါဘူး....။ (ကျမရဲ့မိဘတွေနဲ့လည်း အေားအေးဆေးဆေးကို တစ်ခါမှ အကြာကြီးမနေခဲ့ရပါဘူး...)

ဘ၀တစ်သက်တာမှာ အတိုင်းအတာတစ်ခုထိ အဆင်ပြေ တည်ငြိမ်လာခဲ့တယ်လို့ ကျမ ခံယူခဲ့တဲ့ နေ့တစ်နေ့ အထိ ဘယ်သူ့ဆီက ဘယ်လိုအကူအညီမျိုးကိုမှ ကျမ မယူခဲ့သလို .... ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်လမ်းကိုယ်ပဲ ဖောက်ခဲ့ရပါတယ်...။
ကျမက ရည်မှန်းချက်ကို အမြဲတမ်း ကြီးကြီးမားမားကြီးတွေပဲထားပြီး ဖြစ်ချင်တာကို မရ ရအောင် လုပ်တက်တဲ့ အကျင့်လေးရှိတယ်...(ဒီနေ့ထိတော့ ဘာမှမဟုတ်သေးတဲ့ ၊ မရေရာတဲ့ လမ်းခရီးတစ်ခုကို စမ်းတ၀ါးဝါး လျှောက်လှမ်းနေဆဲဖြစ်တဲ့ သာမန် အညတရ ကောင်မလေး တစ်ယောက်ပါပဲးp)

ဘလော့ ရေးလာတဲ့ သက်တမ်းလေးမှာ ၀ါသနာတူ ၊ အရွယ်တူ ၊ လျှောက်တဲ့ ခရီးလမ်းတွေ တူညီခဲ့ကြတဲ့ သူငယ်ချင်းမလေး ပန်းရင့်ရောင် က ပထမဦးဆုံး Tag ခဲ့တဲ့သူပါပဲ ....။ကျမ ရဲ့ ဘ၀အစိတ်
အပိုင်းလေးတစ်ချို့ကို ဒီပို့စ်လေးနဲ့အတူဖော်ပြပေးလိုက်တယ်နော်း)
ရေးသားခဲ့တဲ့ ထဲမှာ လွဲချော်တိမ်းစောင်းမှုနဲ့ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါသော် ကျမ နှင်ေးဟမာ ၏ အပြစ်နှင့် လိုအပ်ချက်များသာဖြစ်ပါသည်..။
မေတ္တာဖြင့် ခွင့်လွှတ်နားလည်နိုင်ကြပါစေ...။

အားလုံးကို ခင်မင်လေးစားတဲ့

နှင်းဟေမာ
29 Aug 2009 ( 1 : 46 am )

9 comments:

ဝက်ဝံလေး said...

နှင်းရေ စာလေး ဖတ်သွားပါတယ် ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားခဲ့တယ်ဆိုတော့ တော်တော်လေး လေးစားမိပါတယ် နှင်းရေ စာလေးတွေလဲ ဆက်လက်ရေးသားနိုင်ပါစေ နော်

ညီမလဲ တောင်ကြီးမှာ နေခဲ့ဖူးတယ် ဗထူးတဲ့ သိမယ်ထင်တယ် နှင်းရေ ခဏပါပဲ သိပ်လဲမကြာပါဘူး အရမ်းနေလို့ကောင်းတဲ့ နေရာလေး တခုပေါ့ နှင်းရယ် တို့လဲ အဲဒီတုံးက ငယ်ပါသေးတယ်

ကိုမျိုး (အညာမြေ) said...

နှင်း ရဲ့ ငယ်စဉ်ဘ၀ ကို ဖတ်ပြီး နှင်းကို အရမ်းလေးစားမိပါတယ်.. အမြဲတမ်း အားမပျက် ကြိုးစားနေတဲ့ နှင်း အတွက်လဲ ဂုဏ်ယူပါတယ်..

အစစ အရာရာ အောင်မြင်ပါစေ။

ကိုမျိုး

Unknown said...

နှင်းရေ........
နှင်းရဲ့ငယ်ဘ၀က ပိုစိတ်ဝင်စားဖို့ကောင်းတယ်။
နှင်း အစစအရာရာ အဆင်ပြေပါစေ...........

နှင်းရဲ့သူငယ်ချင်း
ပန်းရင့်ရောင်

ကိုရင်နော်ခင်လေးငယ် said...

တောထဲတောင်ထဲမှာ နေခဲ့ရတဲ့ ငယ်ဘဝလေးက စိတ်ဝင်စားဖို့ ကောင်းလိုက်တာ..

ခဏလေးသွားနေရတဲ့သူအဖို့တောင် ကြောက်လန့်စရာကောင်းခဲ့ရတာ.. အဲ့ဒီမှာမွေး အဲ့ဒီမှာကြီးကြတဲ့ ကလေးငယ်တွေ အတွက်တော့....

ခက်မင်လေးစားချစ်ခြင်းအားဖြင့်..

yangonthar said...

မနှင်းဟေမာ ရေ ငယ်စဉ်ဘဝလေးကို ရင်တထိတ်ထိတ်နဲ့ ဖတ်သွားပါတယ်
အေးမြသာယာပါစေ
ရန်ကုန်သား :D

သီဟသစ် said...

ညီမနှင်းဟေမာရေ

ရင်ထိတ်စရာ ငယ်ဘ၀အကြောင်းလေးပါလားကွယ်
မှတ်မိတာလေးတွေ ရှိရင်လဲ ဆက်ရေးပါကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

ရွှေပြည်သူ (ShwePyiThu) said...

စိတ်လှုပ်ရှားစရာ ငယ်ဘဝအတွေ့အကြုံလေးကို စိတ်ဝင်တစား ဖတ်သွားပါတယ်။ ငယ်ငယ်လေးကထဲက အကောင်းအဆိုးတွေကို တွေ့ကြုံခံစားခဲ့ဖူးသူတွေက သူများတွေထက် ရင့်ကျက်လွယ်ကြ စိတ်ဓာတ်ပြည့်ဝကြတာပါပဲ။

“ဘ၀တစ်သက်တာမှာ အတိုင်းအတာတစ်ခုထိ အဆင်ပြေ တည်ငြိမ်လာခဲ့တယ်လို့ ကျမ ခံယူခဲ့တဲ့ နေ့တစ်နေ့ အထိ ဘယ်သူ့ဆီက ဘယ်လိုအကူအညီမျိုးကိုမှ ကျမ မယူခဲ့သလို .... ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်လမ်းကိုယ်ပဲ ဖောက်ခဲ့ရပါတယ်...။”

လေးစားပါတယ် ညီမလေး...

Unknown said...

ခုလို မျှဝေခံစားပေးကြတဲ့ အတွက် .....အတိုင်းမသိ ကျေးဇူး တင်မိပါတယ်....။

ချစ်ခင်လေးစားစွာဖြင့်
နှင်းဟေမာ

မယ့်ကိုး said...

မျှဝေခံစားပါတယ် ညီမလေးရေ.... အိမ်ရဲ့အဝေးမှာ နေခဲ့ရတာခြင်းတူလို့ပါ။