ငယ်ငယ်တုန်းက အညာမှာပွဲကြည့်တုန်း ဇာတ်မင်းသားတွေဆိုတဲ့ တေးသီချင်းတစ်ပုဒ်ကိုတောင် ရုတ်တစ်ရက် သွားပြီး သတိရလိုက်မိတယ် ... ။ သီချင်းစာသားက “ ကာမဘုံသား ဆုံလည်နွားသို့နှယ် ...အနိတ္တက္ကမ ဆိုတဲ့ဘုံမှာ ကျင်လည်ခဲ့ကြတာတွေရယ် ... မဆုံးနိုင်တော့တယ် ..... တစ်ဝဲလည်လည် သမုဒယဆိုသော တဏှာရယ် ငြိလာတဲ့သံယောဇဉ်ကကွယ် သားရယ် သမီးရယ် ဇနီးရယ် ခင်ပွန်းလင်သယ် ဆွေရယ် မျိုး..ရယ် ...ချစ်ကြိုးသွယ်သွယ်နှောင်ဖွဲ့လေတယ် မဆုံးနိုင်တော့တယ် မြဲခိုင်လှတဲ့ သံသရာ ခရီး.......သည် ....”ဆိုတဲ့ တေးသီချင်းစာသားလေး သိပ်တော့မရတော့ဘူး မှားနေရင်လဲပြင်ပေးသွားကြပါးp ငယ်ငယ်ကတော့ ဘာရယ်မဟုတ်ဘူး ရွာဘုရားပွဲပြီးသွားလို့ မင်းသား မင်းသမီးတွေပြန်သွားရင် ကလေးပီပီ မင်းသမီး ကတိုင်းကစားကြတယ် ...။ အဲဒီလိုနဲ့ ကျမလည်း အဖေ့ ပုဆိုးကြီးကို အိမ်က မသိအောင်ခိုးပြီး သူငယ်ချင်းတွေအိမ်မှာ သနပ်ခါးတုန်းနဲ့ ရေပုံးကြိုးကို မိုက်ကရိုဖုန်းလုပ်ပြီး သံသရာခရီးသည်တေးသီချင်းနဲ့အတူ ငယ်ဘ၀တွေကြီးပျင်းလာကြရတယ် ....။
အဲဒီတုန်းက အဓိပ္ပါယ်သိလို့တော့ မဟုတ်ဘူး ကလေးဆိုတော့ ဆိုလို့ကလို့ကောင်းနေရင် ပါးစပ်ကလည်း နှုတ်တိုက်ရနေတာပဲလေ...။ အော် ... အသက်အရွယ်က ပြောလာတဲ့ အသိဥာဏ်တွေအရ ငါတို့ငယ်ငယ်က သီဆိုရင်းကခဲ့ကြတဲ့ သံသရာခရီးသည်ဆိုတဲ့ တေးသီချင်းစာသားလေးရဲ့ အနက်အဓိပ္ပါယ်က ဒီလိုပါလားဆိုတာတဖြည်းဖြည်း သဘောပေါက်လာခဲ့တယ်...။
တစ်နေ့နဲ့တစ်နေ့ မိုးလင်းကနေ မိုးချုပ် လုပ်လိုက်ရတဲ့အလုပ်တွေ ၊ ကလေး ကတည်းကနေ အခုထိ ကျက်လိုက်ရတဲ့စာတွေ ၊ လူ့လောကကြီးရဲ့များလိုက်တဲ့ ပူပင်သောကတွေနဲ့ လုံးချာလည်နေခဲ့တာ အသက်တွေလည်း တစ်နှစ်ထက်တစ်နှစ် ကြီးလာခဲ့ရတယ်...။ဖြစ်ချင်တဲ့ ဆန္ဒတွေ လိုချင်တဲ့လောဘတွေ နဲ့ ထားလိုက်တဲ့ ရည်မှန်းချက်တွေကတော့ ဘယ်တော့မှမဆုံး သေးပါဘူး ... ။ ကိုယ့်ဘ၀ကိုယ် ကျေနပ်ရောင့်ရဲတတ်အောင် ဆရားတော်ဘုရားကြီးများရဲ့ တရားတော်တွေကိုလည်း နာလိုက်ရတာ နေ့စဉ်နဲ့အမျှပါပဲ ...။ ဒီတရားတွေထဲမှာရော ဖတ်သမျှစာပေတွေထဲမှာရော ကြားလိုက်နာလိုက်ရတာတွေကလဲ မမြဲတဲ့ သင်္ခါရ ၊ သေခြင်းတရား နဲ့ပတ်သတ်တာတွေ နာဖန်များလွန်းလို့ အလွတ်တောင် ရနေသလို ရှိခဲ့ပေမယ့် ...တစ်ကယ်တမ်းတော့ မဆင်ခြင်မိပြန်ဘူး ။
သေခြင်းတရားဆိုတာကို မေ့မေ့လျော့လျော့ပဲနေလာခဲ့လိုက်တာ.... လွန်ခဲ့တဲ့ နှစ်တွေတုန်းက မြန်မာပြည်မှာ ခေါင်းအရမ်းကိုက်တဲ့ ရောဂါတစ်ခုက မွေးရာပါ မဟုတ်ပဲနဲ့ စွဲကပ်လာခဲ့တယ်။
ရောဂါ ထလာပြီဆိုရင် သေမတက်ခံစားရတယ်။တစ်ချက် တစ်ချက်မှ ထထဖြစ်တက်တော့ အဲဒီ့
ဝေဒနာခံစားနေရချိန်မှာ ... အော် ငါလဲ ဒီရောဂါနဲ့ အသက်အရွယ်မရွေး အချိန်အခါမရွေး သေသွားနိုင်ပါလားလို့ တွေးဖြစ်ရင်း တော်တော်လေးတုန်လှုပ်သွားတယ်..။ ကျမ အမှန်တစ်ကယ်တော့ သေဖို့ ဘာမှအဆင်သင့်မဖြစ်သေးဘူးဆိုတာ အဲဒီ့ အချိန်မှာ သက်သေပြနေခဲ့တယ်...။ အမှန်အတိုင်းဝန်ခံရရင် နောက်ဘ၀အတွက် စိတ်ချလက်ချသေရဲလောက်တဲ့ သတ္တိမျိုးက ကျမမှာမရှိသေးပါဘူး ...။ဘေးပတ်ဝန်းကျင်က ရင်းနှီးခင်မင်ကြတဲ့ မိတ်ဆွေတွေက သေကြ ၊ ကိုယ့်ဆွေမျိုး ဘိုးဘွားတွေပါ သေကြ ၊ ကိုယ့်ပတ်ဝန်းကျင်က မွေးကင်းစကလေးကအစ သေကြေပျက်စီးကြတဲ့အခါမှာ သံဝေဂရပေမယ့် မိမိကိုယ်တိုင် အိုတဲ့ နာတဲ့ အခါမှ ရင်ထဲက အလိုလို တုန်လှုပ်လာခဲ့တာ...။ ဘုရားရှင်ဟောတဲ့ မြင်းလေးမျိုးဥပမာပြတဲ့ ဒေသနာထဲကလို အသံကြားရုံနဲ့ ပြေးတဲ့မြင်း ၊ တို့လိုက်ရုံနဲ့ ပြေးတဲ့မြင်း ၊ အသားနာအောင်ရိုက်မှ ပြေးတဲ့မြင်း ၊ အရိုးကွဲအောင် အသားပြဲအောင်ရိုက်မှ ပြေးတဲ့မြင်း ၊ ဆိုတဲ့ထဲက ငါဟာလည်း မိမိ သေမတက်ခံစားရမှ ပြေးရကောင်းမှန်းသိခဲ့တာပါလားလို့ စဉ်းစားမိရင်း အရိုးကွဲအောင် အသားပြဲအောင်ရိုက်မှ ပြေးတဲ့မြင်း အမျိုးအစားထဲကလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်မိတယ်....။ ကဲ ရေးချင်တာတွေ ရေးလိုက်တာ ဦးတည်ချက်ပျောက်သွားပြီ ... အဟီး ကမ္ဘာဆက်ပျက်ဖို့တောင် မေ့သွားမိတယ်... ။
အဲဒီတော့ သေခြင်းတရားကို ဦးတည်ပြေးလွှားဖို့ သတိပေးသလို ဖြစ်နေတဲ့ ကမ္ဘာပျက်တော့မယ်ဆိုရင် ခေါင်းစဉ်ကို သတိတရ တဂ်ပေးဖော်ရတဲ့ အစ်ကို အောင်သာငယ်ကို ကျမ အရမ်းကျေးဇူးတင်ပါတယ်။
ဒီပို့စ်ကို ကျမအနေနဲ့ မကြာခင်သေရတော့မယ်ဆိုရင် သဘောမျိုးလေးနဲ့ နှိုင်းယှဉ်ပြီးတော့ပဲ ဖြေသွားချင်ပါတယ်ရှင်။
ကမ္ဘာပျက်တော့မယ်ဆိုရင် ( သို့မဟုတ် ) မကြာခင်သေရတော့မယ်ဆိုရင်
၁။ ဘယ်သူတွေနဲ့ ရှိနေချင်သလဲ

တကယ်သေရတော့မယ့် ဘ၀မကူးခင်အချိန်လေးအတွင်းက ကျမ အတွက် အရမ်း အရေးကြီးပါတယ်..။
ချစ်ခင်အားကိုးမိသူတွေကလည်း ကျမကို ကယ်တင်နိုင်မှာ မဟုတ်တဲ့အတွက် ရင်ထဲက ဆန္ဒအမှန်က ရှိစေချင်ပေမယ့် မှန်ကန်တဲ့အသိဥာဏ်နဲ့စဉ်းစားကြည့်ရင် ကျမအတွက်ပူဆွေးသောကရောက်နေမဲ့သူတွေကို
အနားမှာ ရှိမနေစေချင်ပါဘူး။
၂။ ဘာတွေခံစားနေရမလဲချစ်ခင်အားကိုးမိသူတွေကလည်း ကျမကို ကယ်တင်နိုင်မှာ မဟုတ်တဲ့အတွက် ရင်ထဲက ဆန္ဒအမှန်က ရှိစေချင်ပေမယ့် မှန်ကန်တဲ့အသိဥာဏ်နဲ့စဉ်းစားကြည့်ရင် ကျမအတွက်ပူဆွေးသောကရောက်နေမဲ့သူတွေကို
အနားမှာ ရှိမနေစေချင်ပါဘူး။
မကြာခင်မှာ သေရတော့မယ်လို့ နောက်ဆုံးအချိန်ကို သိနေပြီးသား ကျမအတွက် ရောဂါကြောင့်သေရင် နာကျင်တဲ့ဝေဒနာတော့ ရှိနေမှာပါပဲ ...။ အတိတ်က၀ဋ်ကြွေးတွေကြောင့်
ခေါင်းတွေပြင်းထန်စွာကိုက်တဲ့အချိန်တိုင်း ကျမ ကုတင်ပေါ်မှာ သေလုမျောပါးခံစားရပါတယ်..။
မျက်ရည်တွေကလဲ တလိမ့်လိမ့်စီးကျပြီး လူကလဲမလှုပ်နိုင်ဘူး ...။အဲဒီ့အချိန်မှာ အမေ့ကို လွမ်းတဲ့ ခံစားမှုက ရုတ်တရတ်ပေါ်လာရင် ၀မ်းနည်းပြီး ငိုချင်လာတော့ ရောဂါကမသက်သာပဲ ပိုပြီးပြင်းထန်စွာ ခံစားရတယ်...။နောက်တော့ စိတ်ကို ငြိမ်အောင်ကြိုးစားပြီး ငယ်ငယ်တုန်းက
သံလျှင်တောရ ၀ိပဿနာရိပ်သာမှာတရားထိုင်ခဲ့တဲ့ နည်းအတိုင်း
သတိပဌါန်တရား လေးပါးထဲက ဝေဒနာနုပဿနာ သတိပဌါန်ကိုရှုမှတ်ကြည့်တဲ့အခါ ကြာတော့ တရားရဲ့ ငြိမ်းအေးတဲ့ အရသာရော ၊ ဝေဒနာကြောင့် ပင်ပမ်းလွန်းတာရော ၊ ပြင်းလွန်းတဲ့ ဆေးအရှိန်ရောပေါင်းပြီး အိပ်ပျော်သွားခဲ့တယ်...။ပြောချင်တာကဒီရောဂါနဲ့ ကျမသေခဲ့ရင် မသေခင်မှာတော့ ခေါင်းတစ်ခုလုံးက ပြင်းထန်စွာ နာကျင်ကိုက်ခဲမှုဒဏ်ကို ခံနေရမှာ အမှန်ပါပဲ ... အဲဒီခံစားမှုအတွက် ကျမလုပ်နိုင်တာက
ဝေဒနာနုပဿနာ သတိပဌါန်ကို သတိနဲ့ရှုမှတ်နေနိုင်ဖို့ တစ်ခုပဲဖြစ်ပါတယ်...။
၃။ ဘာတွေပြင်ဆင်ထားမလဲ
ကျန်ရှိနေသေးတဲ့ အချိန်တိုင်း ၊ နေ့တိုင်း ပစ္စုပ္ပာန်တိုင်းမှာ နေတတ်ဖို့ ၊ သေတတ်ဖို့ ပြင်ဆင်ပါ့မယ်။
အသေဆိုးနဲ့ သေရမယ့် ဒုက္ခကနေ လွတ်မြောက်ဖို့အတွက် အလောဘ ၊ အဒေါသ ၊ အမောဟ ဆိုတဲ့ ကုသိုလ်စိတ်တွေနဲ့ပဲ ချမ်းသာအောင် အတတ်နိုင်ဆုံး အပြစ်ကင်းအောင် ပြင်ဆင်နေပါ့မယ်...။ ပါရမီထိုက်တဲ့ ဒါနပြုခြင်း ၊ ၀ါရိတ္တသီလ နှင့် စာရိတ္တသီလ တို့ကို တတ်နိုင်သမျှ ဆောက်တည်ခြင်း ၊
ဘာဝနာအားထုတ်ခြင်း တွေ နဲ့ နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်စေဖို့ တက်နိုင်သလောက် ရိက္ခာလေးတွေကို စုဆောင်းရင်း သံသရာခရီးကြီးတစ်ခုကို အောင်မြင်စွာကူးနိုင်ဖို့ အတွက် အတက်နိုင်ဆုံး ကြိုးစားပြင်ဆင်ထားပါ့မယ် ...။
၎။ ၀မ်းနည်းမိမှာက
ယခုဘ၀အတွက် ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ မြင့်မားတဲ့ အနာဂတ် ရည်မှန်းချက်တွေ ကြိုတင်ပြင်ဆင်ချက်တွေ နဲ့ ခိုင်မာမှု အထိုက်အလျောက် ရှိခဲ့ပေမယ့် ... သံသရာကနေ လွတ်မြောက်ဖို့ရာအတွက် ဘာဝနာ နဲ့ပတ်သတ်တဲ့ ပြင်ဆင်ချက်တွေကို အခိုင်အမာ မလုပ်နိုင်သေးတဲ့ ကျမ အတွက် နောင်တရခြင်းတွေနဲ့အတူ ၀မ်းနည်းမိမှာပါ ...။
၅။ကြောက်လန့်မိတာက..
“ယခုခါမူ ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”ဆိုတဲ့ စလေဦးပုည သတိပေးဆုံးမခဲ့တဲ့ ကဗျာထဲကလို ပလုံစီမြုပ်တဲ့ထဲမှာကျမပါမှာကိုတော့ သေမလောက် ကြောက်မိပါတယ်...။
၆။ ဆောင်ထားချင်တာက
မသေခင်ဆောင်ထားချင်တာကတော့ လူသားတိုင်းကျင့်သုံးဆောက်တည်သင့်သော မေတ္တာ ၊ ကရုဏာ ၊မုဒိတာ ၊ ဥပေက္ခာ ဆိုတဲ့
ဗြဟ္မ၀ိဟာရတရားလေးပါးကို သတိဥာဏ် နဲ့အတူ ဆောင်ထားချင်ပါတယ်..။
၇။ဘာတွေရေးမိမလဲ
ကျမ မသေခင်မှာ လူသားတွေအတွက် အများကြီးမဟုတ်ခဲ့ရင်တောင် နည်းနည်းလောက်ပဲ ဖြစ်ဖြစ် မိမိစာလေးတစ်ပုဒ်ဖတ်ပြီး အကျိုးရှိသွားမယ်ဆိုရင် မသေမချင်း စာတွေရေးချင်မိပါတယ်...။
( ပေါက်တက်ကရ စာများ ကဗျာများ လည်း အပျင်းပြေ ရေးချင်ပါသေးတယ် ...အဲဒါကတော့
ရင်ထဲက ၀ါသနာအရ မစွန့်လွှတ်နိုင်သေးလို့ပါး)
၈။တွေးမိတွေးရာအတွေး
အခု ဒီစာကိုရေးနေတုန်းမှာပဲ ....
ကျေးဇူးတော်ရှင် ဆရာတော်ဥူးသူမင်္ဂလ ရဲ့ပြေး ဆိုတဲ့တရားကို ပြန်တွေးလိုက်မိတယ်....။
ဆရာတော်က တရားဟောနေတုန်းမှာ ဟေး .... မသာတွေ ၊ ဟေး .... အသုဘတွေ ၊ ဟေး ...အမျိုးယုတ်တွေ လို့ အားရပါးရပဲ တပည့် ဒကာ ဒကာမတွေကို ခေါ်လိုက်တယ်....
ဘုရား .... လို့ ၀ိုင်းပြီး ထူးကြတဲ့ အသံတွေကြားတော့ သဘောပါလွန်းလို့ ပြုံးလိုက်မိရင်း ရင်ထဲကနေလည်း လှိုက်လှိုက်လှဲလှဲထူးလိုက်မိတာက ဘုရား.............တဲ့။
၉။ ဂုဏ်ယူချင်တာက
ကျမ မသေခင်အချိန်လေးမှာ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ခွင့်ရခဲ့တဲ့အတွက် ၊ သာသနာနဲ့ကြုံတုန်း ဆရားကောင်းတွေနဲ့ ဆုံတုန်း အဆုံးအမတရား ၊ သတိပဌါန်တရား ၊ သစ္စာတရားတွေကို နားကြားခွင့်ရတဲ့အတွက် ... တရားတော်တွေကို မပျင်းမရိနာယူချင်တဲ့စိတ်ရှိသူဖြစ်ခဲ့တဲ့အတွက် ၊ အင်မတန် အကျိုးကျေးဇူးကြီးမားလှတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အပေါ်မှာ အကြွင်းမဲ့ ယုံကြည်သော သဒ္ဓါတရားကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အတွက် ၊ ဘုရားဂုဏ် တ၇ားဂုဏ် သံဃာ့ဂုဏ်အား ဦးထိပ်ပန်ဆင်ခဲ့သူ တစ်ယောက်အဖြစ် ဂုဏ်ယူပါတယ်...။
၁၀။ ရှာကြံဖြေသိမ့်မိတာက
လူ့ဘ၀တစ်ခုရောက်လာတုန်း အဆုံးအမ မရှိရင်သေနေတာနဲ့အတူတူပဲ ၊ ဗုဒ္ဓ ဓမ္မ သံဃ အဆုံးအမ မရှိပဲ သေရတာထက် စာရင် ဒီအဆုံးအမတွေကို နှလုံးသွင်းပြီးတော့ပဲ ဒါန သီလ ဘာဝနာတွေကို တက်နိုင်သမျှ ကြိုးစားအားထုတ်ရင်း သေရတာက သာပြီးမြတ်ပါတယ်...လို့ ရှာကြံဖြေသိမ့်လိုက်မိတယ် ...
၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း
ကျူးရင့်ချင်တဲ့ဥဒါန်းလေးကို တွေးမိရင်း ငယ်စဉ်ကလေးဘ၀လေးကို ပြေးပြီး သတိရမိလိုက်တယ် ...။
ကျမ ငယ်ငယ်ကတည်းက ကျေးဇူးတော်ရှင် သံလျှင်တောရ၀ိပဿနာရိပ်သာ နာယက ဆရာတော်ဘုရားကြီး ဘဒန္တနိပုဏ ရဲ့ ကျေးဇူးကြောင့် နှစ်စဉ်နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက်ရောက်ရင် သံလျှင်တောရ၀ိပဿနာတရားစခန်းတိုင်းမှာ သီလရှင်ဝတ်လေးနဲ့ တရားရိပ်သာဝင်ခဲ့ရတယ် ... တစ်ခါမှ သင်္ကြန်တွင်းရေကစားတယ်ဆိုတာ မရှိခဲ့ရဘူး ။ တရားထူးမရဘူးသေးပေမယ့် သံလျှင်ဝိပဿနာ တရားစခန်းမှာ အမြဲတမ်းဆိုခဲ့ရတဲ့ တရားစာတွေ ၊ နှစ်စဉ် ဆရာတော်ကြီးဟောတဲ့ ဥာဏ်စဉ် ၁၆ ပါး ဆိုတာ စကားမပီခင်ကတည်းက ကျေညက်နေအောင်ရခဲ့တယ် ...။ သံလျှင်တောရ ဆရာတော်ကြီး ရေးစပ်ထားတဲ့ လင်္ကာတွေထဲက တစ်ပိုဒ်ကို ကျူးရင့်ချင်တဲ့ ဥဒါန်းလေးတစ်ပုဒ်အဖြစ် ထုတ်နှုတ်ပြီး ဖော်ပြပေးလိုက်ပါတယ်...။
“အိုယောဂီများ သတိထားလော့ ဘုရားမြတ်စွာ သာသနာနှင့် ကြုံလာသည့်ခိုက် ဥာဏ်ဖြင့်စိုက်၍ ဆိုက်ဆိုက်မိမိ မဂ်ဖိုလ်ထိအောင် သတိပဌါန်လေးပါး မြတ်တရားကို မပွားပဲလျှက်လူ့ပြည်ထက်၌ အသက်တရာ နေရပါလည်း နေကာမတ္တ ကျိုးမရဘူး ၊ ကျိုးမရစွာ နေရတာထက် ဥာဏ်စဉ်တက်အောင် တစ်ရက်တာမျှ ပွားလုံ့လဖြင့် နေရပါသော် ဘ၀ရေးရာ ကောင်းမြတ်သာဟု မြတ်စွာတံခွန် အမိန့်တော်ချွန်သည် အလွန်တန်ဖိုးရှိသတည်း.....။
အားလုံးသော ကျမ၏ ဘလော့ဂါမောင်နှမများနှင့်စာဖတ်သူမောင်နှမများအားလုံး ကျန်ရှိနေသေးတဲ့ နေ့ရက်လေးတွေအတွင်းမှာ သံသရာအတွက် အကျိုးရှိစွာအသုံးချတက်ကြသူများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်..။
နှင်းဟေမာ
12 Nov 2009
13 comments:
ကိုယ့်ခံစားချက်ကို ရေးတာပဲ နှင်းရယ်.. ဘာများမှားယွင်းတိမ်းစောင်းနိုင်မလဲ..
ကမ္ဘာပျက်နေတယ်ဆိုမှတော့လေ...
ခင်မင်လျှက်..
ဟုတ်ကဲ့ မမအိမ့် ခုလို အားပေးတာ ကျေးဇူးပါ...
ညီမလေး ဖျတ်လိုက်ပီနော် ... မမအိမ့် တစ်ယောက်လုံးရှိတယ် ကြောက်ဘူးကွ ...းD
ကမ္ဘာပျက်တယ် မပျက်ဘူးဆိုတာတော့ ထားလိုက်ပါတော့..။ ဒါပေမဲ့ ကိုယ့်ရဲ့နောက်ဆုံးအချိန်မှာ ဘယ်လိုရင်ဆိုင်ဖြတ်သန်းနိုင်မလဲဆိုတာတော့ အိုင်ဒီယာ ရသွားတာတော့အမှန်ပါပဲဗျာ။
မနှင်းရေ..
ပို့စ်ကလေးဖတ်ရတာ တကယ်အဓိပ္ပါယ်ရှိတယ်။ တကယ်ကောင်းပါတယ်။ လေးလေးနက်နက်ရေးတဲ့အခါလဲ လေးလေးနက်ပေါ့။
ပေါ့ပေါ့ပါးပါးရေးရင်လဲ ပေါ့ပေါ့ပါးပါးပေါ့။
ဘယ်လိုဘဲ ဖြစ်ဖြစ် စာဖတ်သူတွေရဲ့ ရင်ထဲမှာ တစ်ခုခုကျန်ထားခဲ့တယ်ဆိုရင် စာရေးရကျိုးနပ်တာပေါ့။
ပြုံးပျော်နိုင်ပါစေ။
ညလေးရေ..ဖတ်ရင်းက သဘောကျပြီး ချီးကျူးနေတာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ထက်ပိုပြီး တရားရှိပါလားဆိုပြီးတော့လေ.. ။ ဘာပဲဖြစ်ဖြစ် ဆက်ရေးပါ.. အမြဲအားပေးနေတယ်.။
ရေးပေးတာ ကျေးဇူးပါ ညီမရေ့...
သည်ပို့စ်လေး ဖတ်ပြီးတော့ ဘုရားတရားလုပ်ဖို့ လိုနေပြီလို့ စဉ်းစားမိတယ်...း)
အစစ အရာရာ အဆင်ပြေပါစေ...
နှင်းရေ
လူဆိုတာ သေမျိုးဆိုတော့
ကမ္ဘာမပျက်ခင်လဲ သေချင်သေနိုင်တာပဲနှင်းရယ်....
ဘာပဲဖြစ်ဖြစ် နှင်းရေးပြထားတဲ့
အယူအဆ ခံယူချက်ကလေးကိုလဲ သဘောကျမိတယ်...
မနှင်း
ကမ္ဘာမပျက်ပေမယ့် တရားအလုပ်ကို ပိုပြီး ကြိုးစားကြ ဘို့ အသိလေးကို ထပ်ပြီး နိုးဆော်ပေးသလို ခံစားရ တယ်။
ကမ္ဘာပျက်ပျက် မပျက်ပျက် သေရမှာပဲလေ။ ပူးတေလဲ အခုတလော ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးကို မေတ္တာပိုပို့မိတယ်။ အရင်ကတော့ အနန္တစင်္ကြာဝဠာ အတွင်း မှီတင်းနေထိုင်ကြကုန်သော အနန္တနတ်ဗြဟ္မာ၊ အနန္တသတ္တဝါတွေကို မေတ္တာပို့လိုက်တော့ ဒီကမ္ဘာသူ ကမ္ဘာသားတွေ ပါပြီးသားဆိုပြီးတော့ သီးသန့် ကမ္ဘာသူ ကမ္ဘာသားတွေကို ခွဲထုတ်ပြီး မေတ္တာမပို့မိဘူး။ ခုတော့ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးကို သီးသန့် မေတ္တာထပ်ပို့နေတာ ၄ ၊ ၅ လလောက်ရှိနေပြီ။ ကမ္ဘာပျက်ခဲ့ရင်တောင်မှ ဘယ်လိုလူမျိုးကိုမှ အသေဆိုးနဲ့ မသေစေချင်ဘူးလေ။ နာဂစ်မှ ကိုယ့်နိုင်ငံသူ/သားတွေ သေခဲ့ကြတာလဲ အသေဆိုးတမျိုးပေါ့။ ဒါမျိုးတွေ ဘယ်သူ့ကိုမှ ထပ်မကြုံစေချင်တော့ဘူး။
ညီမလေး နှင်းဟေမာရေ..
ကမ္ဘာပျက်အရေးကို တရားအတွေးလေးနဲ့ ရေးထားတာ သံဝေဂ ရစရာပါပဲ..
စိတ်သဘောလေး နုညံ့သိမ်မွေ့နေတာ ပေါ်လွှင်လိုက်တာ..
ခင်မင်လေးစား ချစ်ခြင်းအားဖြင့်..
ကိုရင်နော်
မနှင်းဟေမာရေ...
တက်ဂ်ပို့စ်လေးလာဖတ်ပါတယ်ဗျာ...။
ဖတ်ရင်းနဲ့ လည်းတွေးစရာလေးတွေ၊ အသိလေးတွေရသွားတဲ့ အတွက် ကျေးဇူးပါခင်ဗျာ...။
(တင်ထားတာ မနှင်ဟေမာရဲ့ပုံလားဗျ...။ ချောတယ်...။ မုန့်ဝယ်ကျွေးတော့..:D...)
ခင်မင်လျှက်....
ဏီလင်းညို...
ညီမလေးတွေးတဲ့ အတွေးမျိုးတွေတွေးနိုင်ဖို့အတွက် ညီမလေးထက်အသက်အများကြီးကြီးတဲ့ အကိုတယောက် အများကြီးကြိုးစားဖို့လိုပါသေးလားဆိုတာကို တွေးမိသွားပါတယ်...
တန်ဖိုးရှိလှတဲ့ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်ညီမလေးရေ
ညီမရေ အရှင်ဆန္ဒာဓိက ဟောထားတဲ့ စာအုပ်လေးကိုသတိရမိတယ် (မသေခင်ဘာလုပ်ကြမလဲ) ဆိုတဲ့ စာအုပ်ပါ အခုထဲက
သေတတ်အောင်ကျင့်ထားမှ ဒယ်အိုနားကလွတ်မှာ အဟီး
အိပ်တာလဲသေတာနဲ့ တူတာဘဲ သူကအသေလေး လေ
Post a Comment