Friday, November 6, 2009

ဓမ္မရနံ့သင်းပျံ့ပါစေ...



ညီမလေးရေ...

အလုပ်တစ်ဘက်၊ ကျောင်းတစ်ဘက်နဲ့မို့လို့ သိပ်ကိုပင်ပန်းနေရှာမှာပဲဆိုပြီး မနှောင့်ယှက်ဘဲထားလိုက်တာ ကြာသွားတော့ မေ့တောင်သွားပြီလား မသိပါဘူး။ နှစ်သစ်ကူး ဓမ္မလက်ဆောင် ပို့ပေးလိုက်ပါတယ်။
ပတ်ဝန်းကျင်မှာ အားငယ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံတိုင်း အချိန်မရွေး၊ အကြောင်းမရွေး တိုင်ပင်နိုင်ပါတယ်။ ဘ၀ဆိုတာကတော့ ကောင်းတစ်ချီ ဆိုးတစ်လှည့်ပေါ့။ အမြဲတမ်းကြီး နေ့မဟုတ်သလို အမြဲတမ်းကြီးလည်း ညမဖြစ်ပါဘူး။ လောကထဲမှာ ရှိနေသရွေ့ကတော့ လောကဓမ္မဆိုတဲ့ လောကဓံတရားတွေနဲ့ ကြုံနေရမှာပဲလေ။ အကောင်းလောကဓံ၊ အဆိုးလောကဓံ နှစ်မျိုးရှိတဲ့အထဲက အကောင်းများများကြုံဖို့ကတော့ ဒါန၊ သီလ၊ ဘာဝနာ များများလုပ်ဖို့ပါပဲ။ ဒါနက ပြင်ပပစ္စည်း စိုက်ထုတ်ဖို့ လိုပေမယ့် ကျန်တဲ့နှစ်ခုကတော့ လုပ်ချင်စိတ်လေးရှိရုံနဲ့ လုပ်လို့ရတာပဲလေ။ ဘာမှလည်း မကုန်ဘူး။ အကျိုးလည်း ပိုကြီးတယ်။ အဆိုးတွေနဲ့ ကြုံရတယ်ဆိုတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ အကုသိုလ်အကျိုးမပေးနိုင်လောက်အောင်ကို ငါ့ရဲ့ ကုသိုလ်တာရိုးက မလုံသေးပါလားလို့ပဲ မှတ်ရမယ်။ ပိုလုံအောင်၊ ပိုကောင်းအောင်ပဲ ကြိုးစားရမယ်။ ဒီလိုမှ မဟုတ်ဘဲ စိတ်တိုနေမယ်၊ စိတ်ဆင်းရဲနေမယ်ဆိုရင်တော့ အကုသိုလ်အတိုးယူသလို ဖြစ်နေမှာပဲ။ ဘ၀ထဲမှာ အလိုက်သင့်နေတတ်ဖို့က အရေးကြီးပါတယ်။ ဘာသာရေးအသုံးအနှုန်းနဲ့ ပြောရရင် ယောနိသောမနသိကာရ ရှိဖို့ပါ။ ခပ်ပေါ့ပေါ့ပြောရရင် အကောင်းမြင်တတ်ခြင်းပါ။ အဲဒါက ကုသိုလ်ဖြစ်ခြင်းရဲ့ အနီးဆုံးအကြောင်းပါပဲ။ မဂ်၊ ဖိုလ်ကိုတောင် ပေးနိုင်ပါတယ်။ ဥပမာဆိုရရင် လှိုင်းထန်တဲ့ ရေပြင်ကျယ်ကို လှေငယ်နဲ့ ဖြတ်ကူးတဲ့အခါ လှိုင်းရိုက်တာကို အလိုက်သင့်ခံပြီး လိုရာကို သွားတတ်ဖို့က အလွန်ပဲအရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကန့်လန့်ကြီး သွားခံမယ်ဆိုရင်တော့ ကိုယ့်လှေပဲ တစ်စစီဖြစ်ပြီး နစ်မြုပ်ဒုက္ခရောက်ရမှာပေါ့။ ဒီလိုပါပဲ လောကဓံလှိုင်းထန်တဲ့ သံသရာရေကြောကို ဖြတ်တဲ့အခါမှာလည်း ပညာနဲ့ အလိုက်သင့်ခံပြီး လိုရာပန်းတိုင်ကို ရောက်အောင်သွားတတ်ရပါမယ်။ ကြားဖူးတဲ့စကားလေးတစ်ခွန်းနဲ့ ခိုင်မာအောင် ပြောပါဦးမယ်။ (စိတ်ဓာတ်မပြည့်ဝသေးတဲ့သူဟာ ပြဿနာတစ်စုံတစ်ခု ကြုံရရင် သူများကို အပြစ်တင်တတ်တယ်တဲ့။ အထိုက်အလျောက် ပြည့်ဝတဲ့သူကတော့ မိမိကိုယ်ကို အပြစ်တင်တတ်တယ်တဲ့။ လုံးဝပြည့်ဝပြီးသူများကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူးတဲ့။) လောကဓမ္မကို အမှန်အတိုင်း သိမြင်ပြီး မတုန်မလှုပ် လက်ခံသွားနိုင်တာပါ။ ဒါကို အလိုက်သင့်ခံယူတတ်တယ်လို့ ဆိုချင်တာပါ။
လောကမှာ အန္တရာယ်များတဲ့ ရေလမ်းခရီးကို သွားတဲ့အခါ ကိုယ့်လှေလေးကိုယ် အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက်ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ စိတ်တိုင်းကျ ဖြည့်တင်းပြီးမှ သွားကြသလို မိမိတို့ရဲ့ ရှေ့ဆက်ရမယ့် သံသရာခရီးကြီးအတွက် ပစ္စုပ္ပန်ဘ၀ဆိုတဲ့လှေလေးကို ကုသိုလ်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက်ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ ဖြည့်တင်းထားရပါမယ်။ ရိုးရိုးခရီးက ကိုယ်စိတ်တိုင်းကျတဲ့နေ့မှ သွားလို့ရပေမယ့် သံသရာခရီးက ဘယ်အချိန်သွားရမယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် အမြဲအသင့်ဖြစ်နေဖို့ အရေးကြီးပါတယ်။ သတိတရားလေး လက်ကိုင်ထားပြီး ကိုယ့်စိတ်ကိုယ် ကုသိုလ်ဖြစ်တိုင်း၊ အကုသိုလ်ဖြစ်တိုင်း အတတ်နိုင်ဆုံး သိနေပေးမယ်ဆိုရင် သတိပဌာန်တရား ပွါးများပြီးဖြစ်လို့ လှေကတော့ ခိုင်ပါပြီ။ ဒါန၊ သီလ ရိက္ခာတွေပါ တင်ထားပြီးပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို အစိုးမရတဲ့ဘ၀မှာ သူက ဘယ်အချိန်လာထွက်ခိုင်း၊ ထွက်ခိုင်း ကျေကျေနပ်နပ်ကြီး သွားလို့ရပြီပေါ့။
ဓမ္မလက်ဆောင်ကတော့ ဒါပါပဲ။ ညီမလေးတစ်ယောက် ဘ၀ထဲမှာ အလိုက်သင့် နေတတ်ထိုင်တတ်ရှိနိုင်ပါစေ။
ဆရာလေး (ဓမ္မရနံ့)


( ဒီစာလေးက မြန်မာနှစ်သစ်ကူး နှစ်တစ်နှစ်မှာ နှင်း ကို စိတ်ဓါတ်တွေယိမ်းယိုင်ပြီး ပြိုလဲမကျခင်မှာ သတိတရားနဲ့ ထိမ်းနိုင်အောင် ၊လမ်းမှားသို့ မရောက်ရလေအောင် အမြဲသတိပေးဆုံးမခဲ့တဲ့ ငယ်ဆရာဖြစ်တော်မူသော ဆရာလေးတစ်ပါးကနေ ပို့ပေးလိုက်တဲ့ စာလေးတစ်စောင်ဖြစ်ပါတယ်...။
ဒီစာလေးကြောင့် ဘ၀လမ်းကြောင်းတွေဖြောင့်တန်းခဲ့ဘူးတယ် ၊ ဒီစာလေးကြောင့် စိတ်ပင်ပမ်း ညှိုးနွမ်းမှုတွေ အားလုံးကို ပြန်လည်လန်းဆန်းစေခဲ့ပါတယ်..။ကျမစိတ်ဓါတ်ကျနေတဲ့အချိန်တိုင်း ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလောက်အောင် အခက်အခဲတွေနဲ့ကြုံတွေ့ရတိုင်း ဒီစာလေးတစ်စောင်က ကျမရဲ့ စိတ်ဓါတ်ခွန်အားတွေကို  ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်...။
နှင်းဟေမာ ရဲ့ စိတ်အားဖြည့် ဓမ္မရနံ့ ဖြစ်သည့်အတွက် အားလုံးသော နှင်း ရဲ့ ဘလော့ဂါ မောင်နှမများနဲ့ စာဖတ်သူမောင်နှမများအတွက်  ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
ဒီစာလေးကို ရေးသားပေးပို့ပြီး ကြုံရင်ကြုံသလို ကျမကို ဆုံးမသွင်သင်ခဲ့သော၊ ငယ်ငယ်ကတည်းက ပါးစပ်ကပြောလို့မရရင် ဒုတ်နဲ့ရိုက်ပြီး ဆုံးမခဲ့သော ၊ အချိန်အတိအကျဖြင့် ဘာသာ ရေးစာပေများကို
စိတ်ဝင်စားလာအောင် ဖတ်တတ်လာအောင်အလေ့အကျင့်ကောင်းလေးတစ်ခုကိုပြုစုပျိုးထောင်ပေးခဲ့သော ဆရာကောင်းတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်...။
သူကိုယ်တိုင်  နေ့ ည မနား စာဝါများကို ကျက်မှတ်ရင်း ၊ အတန်းငယ်သီလရှင်ဆရာလေးများကိုပါ
စာဝါများပြန်လည်ပို့ချရင်းဖြင့်ပင် အတန်းစဉ် မြန်မာတစ်ပြည်လုံးမှာ ပထမ ရခဲ့ရုံသာမက အဂ္ဂမဟာကျော်ဘွဲ့တံဆိပ်တော် ကိုပါ ဆပ်ကပ်ခြင်းခံခဲ့ရသော သာသနာ့အာဇာနည် သီလရှင်ဆရာလေးတစ်ပါး လည်းဖြစ်ပါတယ် ။ 
ကျမငယ်စဉ်ကလေးဘ၀မှာ ဘာသာတရားအပေါ်  ကြည်ညိုတက်တဲ့ သူတစ်ယောက်ဖြစ်လာအောင် လမ်းညွှန်မှုများလည်းပေးခဲ့တဲ့ အတွက် ဆရာလေး ရဲ့ဂုဏ်ကျေးဇူးတွေကို
ထာဝစဉ်ရှိခိုးဦးညွှတ်လျှက် ဤပို့စ်လေးအား ဖော်ပြလိုက်ရခြင်းပါတယ်............။
( ခွင့်ပြုချက်မယူပဲ ဤပို့စ်လေးအား ရေးသားဖော်ပြလိုက်ရသည့်အတွက် ခွင့်လွှတ်ပေးပါဆရာလေး ဘုရား ၊ အရိုက်မခံရတာ နည်းနည်းကြာသွားလို့ပါဘုရားးP)

“လူ့ဘ၀တစ်ခုမှာ အဆုံးအမ မရှိရင် သေနေတဲ့သူနဲ့အတူတူပါပဲ...ဒါ့ကြောင့်လူတိုင်း လူတိုင်းဟာ ပုဂ္ဂိုလ်ထူးကို မရှာကြပဲ မိမိကို အမှန်တစ်ကယ် ဆုံးမပဲ့ကိုင်နိုင်တဲ့ ဆရာကောင်းကိုတော့ ရှာမှီးကြ ဆိုတဲ့ ဆရာတော်ဥူးသုမင်္ဂလ ဟောကြားဆုံးမထားတဲ့ စကားလေးအတိုင်း ကျမတို့ အားလုံးပဲ  ရှင်လျှက်သေနေကြသူများမဖြစ်ရလေအောင် ကျန်ရှိနေသေးတဲ့ အချိန်တိုလေးအတွင်းမှာ ဆရာကောင်းများရဲ့ အဆုံးအမများကို အတူတစ်ကွ နာယူကြပြီး ၊ နာယူထားတဲ့အတိုင်းလည်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါစို့ဟု ကျမရဲ့မောင်နှမများအားလုံးကို တိုက်တွန်းလိုက်ပါတယ် ....။


အားလုံး၏ နှလုံးသား၌ စိတ်အားဖြည့်ဓမ္မရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင် ရနိုင်ကြပါစေ...
နှင်းဟေမာ
( 6 Nov 2009 )

(ဓမ္မရနံ့ရေးသားသော စာပေများကို ဒီနေရာလေးမှာ သွားရောက်ဖတ်မှတ်နိုင်ကြပါတယ်)

9 comments:

အိအိချောကလျာ said...

နှင်းရေ ... အထူးပဲကျေးဇူးတင်ပါတယ်နော်။ နှင်းဘ၀တခုလုံးအတွက် ဓမ္မရနံ့သင်းပျံ့ပါစေလို့ ထပ်ဆုတောင်းပေးပါတယ်။ စာလေးကိုအပြီးထိဖတ် လိုက်ရတော့ ကိုယ်လည်းစိတ်ကြည်နူးမိပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေကွယ်

ကြည်ဖြူပိုင် said...

ညီမလေးနှင်းေ၇...ဓမ္မရနံ့လေးသင်းပျံ့ချင်လို့လာလည်သွားတယ်နော်
အစစအရာရာပျော်ရွှင်အဆင်ပြေပါစေ

Dream said...

ဆုံးမစာလေးကို တဆင့်ပြန်လည် ဆုံးမပြောပြပေးတာ
ကျေးဇူးပါ တီနှင်းရေ............

ဆရာလေးက လေးစားစရာ အင်မတန် ကောင်းပါတယ်...... ဆရာလေးရဲ့ ဆုံးမစကားကို နာယူမှတ်သားထိုက်ပါတယ်... အခုလို ဆရာကောင်း တစ်ယောက်ရဲ့ အဆုံးအမကို ရရှိတဲ့ တီနှင်းအတွက် ဂုဏ်ယူမိပါတယ်....

တလနွန် said...

ဓမ္မရနံ့  ကို တလေးတစား လာဖတ်မှတ်သွားပါတယ်ခင်ဗျာ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်းရေ...

ဓမ္မရနံ့များ နေရာတိုင်းမှာ၊ အချိန်တိုင်းမှာ သင်းပျံ့မွှေးကြိုင် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် နှင်းရေ...

ခင်မင်စွာဖြင့်
ကိုမျိုး

သက်တန့်ချို said...

သူငယ်ချင်းနှင်းရေ..ဓမ္မတေးသံတွေ နဲ့ ပျံ့နှံ့နေတဲ့ နေရာလေးကို အမြဲေ၇ာက်ဖြစ်ပါတယ်ဗျာ..ကျနော်က ဒီနေရာလေးမှာ တိတ်တိတ်လေး ငြိမ်းချမ်းနေချင်တာ..ပို့စ်အသစ်လေး ကိုဖတ်သွားပါတယ် ။ သူငယ်ချင်း အမြဲတမ်းကျန်းမာပျော်ရွှင်ပါစေနော်...။(ဆရာလေးက ရိုက်မှာမဟုတ်ပါဘူး ဟီး )ခင်မင်စွာဖြင့် ...သက်တန့်ချို

ပန်းရင့်ရောင် said...

နှင်းရေ
သေချာဖတ်တယ်သိလား။အလိုက်သင့်နေနိုင်အောင်လည်း ကျွန်မကြိုးစားနေဆဲပါ။ကျွန်မကိုတော့ အဓိက ဘာသာတရားဖြစ်ဖြစ် စိတ်ဓါတ်ပိုင်းဖြစ်ဖြစ် သွန်သင်ပေးတာ ဖေဖေပါ။အဲလို ဆရာသီးသန့်ရယ်တော့ မရှိဘူး။နှင်း...ရဲ့စာလေးက တန်ဖိုးရှိပါတယ်။ကျွန်မရဲ့ တဖက်စွန်းရောက်နေတဲ့ စိတ်တွေကို နှင်းစာလေးအတိုင်း အတတ်နိုင်ဆုံးလိုက်နာပြီး ပြင်ဆင်ဖို့ ကြိုးစားလိုက်မယ်နော်။Never give up!(ကျွန်မ အကောင်းမြင်အကောင်းတွေးတတ်အောင်လည်း ကြိုးစားရဦးမယ်:) )နှင်း အရာရာအဆင်ပြေပြီး အေးချမ်းပါစေ။

နှင်းရဲ့ ပန်း

မယ့်ကိုး said...

တန်ဖိုးရှိလွန်းတဲ့ စာလေးကို မျှပေးတာ ကျေးဇူးပါ ညီမလေးရေ...

မောင်နှင်းလှိုင် said...

ကျနော် မဟေမာ ပို့ စ်အသစ်တက်တိုင်းစောင့်ဖတ်ဖြစ်ပါ
တယ်။ ဘာသာရေးပို့ စ်တွေ အရမ်းသဘောကျတာပဲ။
ဒေါက်တာ မင်းတင်မွန်နဲ့ အခြားကောင်းနိုးရာရာစာအုပ်တွေလည်းထပ်တင်ပေးပါဦး။ ဦးဥာဏီက တရားတွေ သိပ်နာလို့ ကောင်းတယ်။ ဒီ
ဒါနအတွက် သာဓုခေါ်ပါတယ်။ မဟေမာ ကျနော်ဆီလာလည်ထားတာတွေ့ တော့ရှက်တောင်သွားတယ်။ ကျနော် ဆက်ရေးချင်စိတ်မရှိတော့လို့ ဘာမှအသစ်မရေးဖြစ်တော့ဘူး။ နဂိုကတည်းကကျနော်ကအဖတ်သမား၊ အရေးသမားမဟုတ်ဘူး။ သိတဲ့အတိုင်းပဲမဟေမာ နိုင်ငံခြားမှာနေရတာ ရုပ်ဝတ္ထု သာပြည့်စုံတာ၊ စိတ်အမတန်မွန်းကျပ်တာကိုး...၊ ဘာပဲပြောပြော မဟေမာတို့ လို စိတ်ခွန်အားဖြစ်စေမဲ့ ပို့ စ်တွေရေးတဲ့သူတွေရှိတော့ ဖြေသာတာပေါ့ဗျာ။ ပို့ စ်အ
သစ်တွေမျှော်နေမယ်။