Wednesday, July 15, 2009

အချစ်ဆုံး သူငယ်ချင်းသို့


ညက အိပ်မက်ထဲမှာ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ စကားတွေအကြာကြီး ပြောနေကြတယ်လို့ မက်ခဲ့တယ်...။အဲဒါနဲ့ပဲ ငါနင့်ကို တစ်နေကုန် သတိရနေခဲ့တာ သူငယ်ချင်းရေ.....ငါတို့ မဆုံဖြစ်ကြတာတောင် တော်တော်ကြာခဲ့ပြီနော်...။ဒီနေ့မနက်ရုံးသွားခါနီး မိုးလေးကလဲ တဖွဲဖွဲကျနေတယ်...သူငယ်ချင်း ရေ...။
ရာသီဥတုလေးကပါ ချမ်းစိမ့်စိမ့်ဖြစ်နေတာနဲ့ ဒို့နှစ်ယောက်ဆင်တူရှိတဲ့ သိုးမွေးဆွယ်တာအကျီလေးကိုပါ ထပ်ဝတ်ခဲ့လိုက်တယ်...။ငါ ဒီအကျီလေး .......မ၀တ်ဖြစ်တာတော်တော်ကြာနေပြီ...။မှတ်မှတ်ရရ ပြင်ဦးလွင် ရဲ့နံနက်ခင်းတစ်ခုမှာပေါ့ ငါ့နံမည်ခေါ်သံကြားလို့ အပြင်ကို ထွက်ကြည့်လိုက်တော့ မီးရထားက ၀န်ထမ်းလေးတစ်ယောက် အထုပ်လေးတစ်ထုပ်ကို ကိုင်ပြီးစောင့်နေတယ်..။နင်က လူကြုံပေးလိုက်တာပါတဲ့ မှာစရာရှိရင် မနက်ဖန် တစ်ခေါက်ပြန်လာခဲ့ပါ့မယ်တဲ့။ နင်က အဲဒီအချိန်တုန်းက စကိုင်းက မီးရထားစက်ပြင်ဌါနမှာ လက်ထောက်စက်ရုံအုပ်တာဝန်ကို ထမ်းဆောင် နေတဲ့အချိန်...။ငါကလည်း အစိုးရဌါနတစ်ခုမှာ တာဝန်ကျစပေါ့ ...။ ငါလည်း ညနေ ၅ နာရီ တာဝန်ချိန်ပြီးတာနဲ့သူငယ်ချင်းတစ်ယောက်နဲ့အတူ မြို့ထဲကို ထွက်ပြီး ဘာဝယ်ပေးရင်ကောင်းမလဲလို့ စဉ်းစားတဲ့အခါ ဆောင်းတွင်းလဲရောက်နေပြီဆိုတော့ နင့်အတွက် အနွေးထည်လေးနဲ့ မေမြို့အမှတ်တရ မုန့်လေးတွေပဲ ၀ယ်ခဲ့လိုက်တယ်...။
ပုလဲဖြူမှာ ၀င်ကြည့်ရင်း ငါနှစ်သက်တဲ့ အဖြူခံလေးမှာမီးခိုးရောင် နဲ့ နီညိုရောင် အစင်းလေး ကနင်နဲ့ လိုက်မှာပဲလို့တွေးရင်း ငါတို့နှစ်ယောက်ဆင်တူဖြစ်အောင် ငါ့အတွက်ပါ နှစ်ထည်ဝယ်ဖြစ်သွားတယ်...။
နှစ်တွေတောင်ကြာခဲ့ပြီပဲ .... နင့်အကျီလေးတော့ ဟောင်းနွမ်းသွားလောက်ပြီနော်...။
အတွေးလွန်နေတာနဲ့ ပဲ ငါ့မှာ ဘုရားကို မြန်မြန် ၇ှိခိုးလိုက်ရတယ်...။
ပြီးတော့စက်ဘီးခြင်းထဲမှာ ထမင်းချိုမ့် ၊ ထီး ၊ ရေဗူးတို့ကို မြန်မြန်ကောက်ထည့် ကျောပိုးအိတ်ကို ကောက်လွယ်ပြီး ထုံးစံအတိုင်း အိမ်ထဲကနေ ၀ုန်းဒိုင်းကျဲပြီးထွက်လာခဲ့ရတယ်ဟာ...။
သူငယ်ချင်းရေ ငါကတော့ ခုချိန်ထိ မနက်စောစော အိပ်ယာထမှာကို ပျင်းနေတုန်းပဲ ....။ဒါပေမယ့်လည်း အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကံ၊ ဥာဏ်၊၀ီရိယ ဒီသုံးခုလုံးနဲ့ ပြည့်ဝအောင် ငါအမြဲကြိုးစားနေပါတယ်...။အင်မတန် နှေးကွေးလှသော ဓါတ်လှေကားကလည်းတော်တော်နဲ့ ရောက်မလာ..။ စိတ်ကို မနည်းရှည်အောင်ဆွဲဆန့်လိုက်ရင်း ငါစိတ်မ၇ှည်လို့ ပါးစပ်ကို စူပုပ်နေတိုင်း ငါ့ကိုစိတ်တိုအောင် နင် စ' ခဲ့ နောက် ခဲ့ တာလေးတွေကိုပါ ကြားယောင်နေမိတယ်...။
နှစ်တွေပြောင်းလဲခဲ့ပေမယ့် နင်က ငါ့ဘ၀ရဲ့အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အဖြစ် ငါ အမြဲသတိရနေမှာပါဟာ..။
မိုးလေးတစ်ဖျောက်ဖျောက်အောက် မှာ လက်တစ်ဘက်က ထီးကိုဆောင်း တစ်ဘက်က လက်ကိုင်ကို ထိန်းပြီး ဖြေးဖြေးပဲ ကုမ္ပဏီ ရှိရာကို စီးလာခဲ့လိုက်တယ် ... ။ ရုံးက လူကြီးတွေမြင်ရင်တော့ ငါ့ကို သဲသဲလှုပ်ဝိုင်းအော်ကြလိမ့်မယ်...။ သူတို့က ငါ့ကို စက်ဘီးနဲ့ နေ့တိုင်းရုံးတက်နေတာကို အန္တရာယ်များတယ်ဆိုပြီး ၀ိုင်းပြောနေကြတာသိလား...။
ဂရုစိုက်၊ဖြေးဖြေးစီးနော်လို့ မှာလိုက်ရတာလဲ အမြဲတမ်းပဲ..။
ငါတို့သူငယ်ချင်းနှစ်ယောက် ကျောင်းသွားရင် စက်ဘီးတစ်စီးနဲ့ တစ်စီး လိုက်တိုက်ကြတာလေ တိုက်လိုက်ရတဲ့သူက အနိုင်ယူပြီးထွက်ပြေးတာတွေကို သူတို့ကို ငါပြန်ပြီး ပြောပြရဦးမယ်....။
ဒီလို မိုးဖွဲဖွဲလေးရွာနေတဲ့ အချိန်လေးမှာ ငါတို့ မေဂျာက တောင်ကြီး၊အင်းလေးကို ပျော်ပွဲစားထွက်ကြတော့ နင် ကျန်နေခဲ့ရတယနော်...။
ကားက ထွက်စပြုနေတဲ့ အချိန်မှာမှ အဝေးက နင်စက်ဘီးလေးကို အတင်းနင်းလာတာ မြင်လိုက်ရတယ်...။ငါ့အတွက် လမ်းစားဖို့ မုန့်တွေလာပို့ပေးတာတဲ့ ... တစ်ကိုယ်လုံးချွေးတွေ ၊ မိုးရေစက်တွေ နဲ့ ရွှဲစိုနေတဲ့ နင့်ကိုကြည့်ပြီး ငါစိတ်မကောင်းဖြစ်ခဲ့ရတယ် ....။
ငါကတော့ နင်အဆောင်ကို ပြန်ပြီး နွေးနွေးထွေးထွေးနေနော်လို့တောင် ပြောခွင့်မရခဲ့ပါဘူး...။ နင်ကသာ ငါနေမကောင်းဖြစ်တိုင်း ဆေးခန်းကို ပြာပြာသလဲနဲ့ အတင်းပို့ ခဲ့တာ...။ နင် ငါ့အပေါ် ဂရုစိုက်ခဲ့တဲ့ အတွက် ဒီနေ့ထိ ငါနင့်ကို ကျေးဇူး တင်နေမိတုန်းပဲဟာ...။
ဖြုစင်တဲ့ နင့်ရဲ့စေတနာက ငါ့ဘ၀မှာ ဘယ်တော့မှ တန်ဘိုးဖြတ်လို့မရပါဘူး...။ဒီနေ့တော့ ငါနင့်ကို အရမ်းကို သတိရနေမိတယ်...။ခုချိန်လောက်ဆို နင့်ရဲ့ လုပ်ငန်းခွင်ထဲက သူငယ်ချင်းမိတ်ဆွေသစ်တွေနဲ့ တွေ့ပြီး ငါ့ကို များမေ့နေခဲ့မလား...။
အမြဲတမ်းမဟုတ်ရင်တောင် တိုက်ဆိုင်မှုလေးတွေရှိတိုင်း နင် ငါ့ကို သတိရနေခဲ့မယ်ဆိုရင် ကျေနပ်ပါတယ်ဟာ.....။အဲဒါကို နင်ကြားရင်တော့ မဲ့ပြုံး ပြုံးမှာ သေချာတယ် ....။
ဘာတဲ့ နင်ငါ့ကို အမြဲနှိပ်ကွပ်ခဲ့တာလေ....နင်ကလည်း အများကြီးမပေးနိုင်ပဲနဲ့ သူများဆီကတော့ အပြည့်အ၀လိုချင်တာ နင် တရားမှမရှိတာတဲ့ ...။
ဘယ်လိုပဲပြောပြော ငါကတော့ ကျေနပ်ခဲ့တယ်သူငယ်ချင်း နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ခွင့်ရခဲ့လို့လေ ....။
ကျောင်းကနေ ငါတို့မြို့တွေ ကိုပြန်ကြတော့ ရထားပေါ်မှာ တို့နှစ်ယောက်ရှိစု မဲ့စု ပိုက်ဆံလေးနဲ့ ကြက်သားကြော်တွေဝယ်စားကြတာကို သတိရမိတယ်...။
သူများတွေလာလုကြလို့ နင့်ရဲ့ ဂျင်းဘောင်းဘီအိပ်ကပ်ထဲမှာ ကြက်သားကြော်တွေ အတင်းထိုးထည့် ပြီးမှ ဒို့နှစ်ယောက်ထဲ ရထားပြတင်းပေါက်နားမှာ သူများတွေမသိအောင် သွားခိုးစားကြတာကို ပြန်မြင်ယောင်မိတိုင်း ငါ ငါအားရပါးရ ရယ်နေတုန်းပဲ ....။
ပိုက်ဆံတစ်ပြားမှ မပါတော့တဲ့အခါ ရထားခိုးစီးကြတဲ့ အခါတွေလည်းရှိတယ်..။နင်ကတော့ မြို့ပေါ်မှာနေတဲ့သူဆိုတော့ ကားခမကုန်ဘူးလေ ...။
ငါကရွာထိ ကား ၂နာရီလောက်ပြန်စီးရဦးမှာဆိုတော့ ငါ့အတွက် ပိုက်ဆံကို ရထားတွဲထိန်းကြီးဆီကနေ နင်ကချေးပေးခဲ့သေးတာ...။
အိမ်ကနေ ကျောင်းကို ပြန်၇တော့မယ်ဆိုရင်လည်း နင်က ရထားစထွက်တဲ့ မြို့မှာ နေတော့ ဘူတာကြီးကနေ ခုံဦးပြီး မိန့်မိန့်ကြီး ထိုင်လိုက်လာတက်တာ ...။ နောက်ဆုံးတော့လဲ ကျောင်းရောက်တဲ့အထိ မတ်တပ်ပဲ ရပ်စီးရတာပဲ ...။
အမြဲငါ့အတွက် အနစ်နာခံခဲ့တဲ့နင့်ကို ငါကလဲ အကြိမ်ပေါင်းများစွာ အနိုင်ယူ ဗိုလ်ကျခဲ့ဘူးတယ် ...။ငါစာကြောင်းလေးတစ်ကြောင်းဖတ်မိတော့ နင့်ကို လွမ်းလိုက်တာဟာ...။
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်တဲ့ သူငယ်ချင်းနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။ တဲ့
ငါ့ဘ၀တစ်လျှောက်လုံးမှာ နင့်လောက်နားလည်ခွင့်လွှတ်ပေးနိုင်တဲ့ သူငယ်ချင်းမျိုး ၊ သဘောထားချင်း အတိုက်ဆိုင်ဆုံးသောသူငယ်ချင်းမျိုး ဘယ်တော့မှ မရနိုင်တော့ဘူးလေ...။
ငါတို့နှစ်ယောက် ဘယ်တော့မှ ပြန်ဆုံနိုင်မယ်တော့မယ်ဆိုတာ မရေရာပေမယ့် အချစ်ဆုံးသူငယ်ချင်း နင့်ကို ငါ့နှလုံးသားရဲ့တစ်နေရာမှာ အမြဲသိမ်းထားဆဲပါ...။
ဝမ်းနည်းစရာ ၀မ်းသာစရာတွေ နဲ့ကြုံတိုင်း ငါနင့်ကို ရင်ဖွင့်ချင်ပါသေးတယ်....ဘယ်တော့ မှကဗျာမဆန်တက်တဲ့ နင့်ကို ငါ့ရဲ့စိတ်ကူးယဉ်တာတွေမှန်သမျှ အတိုးချပြီးတော့ ဖောက်သည်ချခြင်ပါသေးတယ် .....။
ဟန်ဆောင်ထိန်းချုပ်မှုတွေမပါပဲ ရောက်တက်ရာရာတွေ ၊ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေ အဲ မှားလို့ ရယ်စရာ ဟာသလေးတွေ ပြောပြီး နင်နဲ့ငါ အားပါးတရ အော်ရယ်လိုက်ချင်သေးတယ်ဟာ...။
ငါတို့တစ်တွေ ရေကြည်ရာမျက်နုရာမှာ ဘ၀အတွက် ရုန်းကန် နေကြရပေမယ့် တစ်နေ့နေ့ မှာတော့ ငါနင့်ဆီကို မရောက် ရောက်အောင်လာခဲ့မယ် သူငယ်ချင်းရေ .....။
ငါကိုယ်တိုင်နင့်ကို ဘယ်လောက်ထိသတိရကြောင်း၊ ဘယ်လိုတွေ လွမ်းကြောင်းဆိုတဲ့ ငါ့ ခံစားချက်တွေကို ဖွဲနွဲ့ပြီးပြောပြချင်ပါတယ်...။
ဒါပေမယ့် ဘယ်နေရာ ဘယ်ဒေသကို ရောက်နေလဲဆိုတာ အတိအကျ မသိရတော့တဲ့ ဘ၀တွေမှာ ငါနင့်ကို ဘယ်လို ဆက်သွယ်ပြီး ပြောပြရမလဲ ...။
ငါ့ရဲ့ ခံစားချက်တို့ ဖွဲ့တည်ရာ နှင်းဟေမာ ဆိုတဲ့ ငါပိုင်ဆိုင်တဲ့ ဘလော့လေးကနေတဆင့် မြန်မာပြည်ရဲ့ အဝေး
တစ်နေရာကနေ နွေးထွေးတဲ့ ငါ့မေတ္တာနဲ့ ပဲ နင့်အတွက် တောင်းဆု ပြုလိုက်ပါတယ်။နင် ကျန်းမာပျော်ရွှင်ပါစေ သူငယ်ချင်း ......။
နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်း
( သတိရခြင်းများစွာ ၊ လွမ်းဆွတ်ခြင်း များစွာဖြင့် အချစ်ဆုံးသူငယ်ချင်း P.N.M အတွက် ဒီပို့စ်လေးကို ရေးဖြစ်ခဲ့ပါသည်....။အာလုံးပဲ မျှဝေခံစားနိုင်ကြပါစေရှင်...။)


နှင်းဟေမာ
15 JULY 2009

Sunday, July 12, 2009

မြစမ်းမျက်ရည်

ကိုယ့်နေရာသာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်၊
မည်မျှ တင့်လည်း
မပွင့် နေခြည်၊
အုံ့မှိုင်းသည်သို့မကြည်မွေ့ချေ၊
သူ့ရပ်မြေတည့်။

သူတို့ စကား၊
သူတို့ကြား၌ပျားသို့ မချို၊
မှိုသို့ မလန်း၊
ပန်းသို့ မရွှင်ကိုယ့်မိခင်ကို၊
တမြင်မြင်တမ်း၊
အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊
ရေကြည်မြကိုသောက်ရပေဖူး၊
သူ့ကျေးဇူးကိုအထူးသိလည်း၊
ဇာတိလွမ်းနာ၊
မဖြေသာခဲ့။

သူ့မြေမှာမူသာယာဘိခြင်း၊
သင်းပါဘိတောင်းကောင်းပါဘိတကား၊
အသိသားပင်တရားလက်ကိုင်၊
ဆင်ခြင်နိုင်လည်းမခိုင်စိတ်ဝမ်း၊
နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။

ဆရာကြီးဦးတင်မိုး

ကျမ နှစ်သက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ...။ကိုရွာသားလေးကတော့ အသဲခိုက်မိတဲ့ကဗျာလို့တင်စားထားလေရဲ့။
ဒီကဗျာလေးကို ဖတ်လိုက်ရတဲ့ ခဏ ရင်ထဲမှာ အသဲခိုက်မတက်ပါပဲ လှုတ်လှုတ်ခတ်ခတ်လေး ခံစားမိပါတယ်...
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်...။

နှင်းဟေမာ
11 JULY 2009

ပြန်လည်သုံးသပ်ခြင်း




လိုအပ်ချက်တွေ များစွာနဲ့ငါ
တစ်ခါတစ်လေ လူတွေနဲ့ အဆင်မပြေတဲ့ငါ
ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ
အမြဲ လွဲတတ်တဲ့ငါ
ရည်မှန်းချက်တွေများစွာအတွက်
အဆုံးမသတ်တတ်သေးတဲ့ငါ
တွေဝေမှုတွေ များစွာနဲ့
မဆုံးဖြတ်နိုင်သေးတဲ့ငါ
စိတ်ဓါတ်တွေ ပုံပုံကျ ပြန်ထဖို့
ခက်ခဲလှတဲ့အခါ ကျမှ....
လိုအပ်ချက်တွေများစွာနဲ့
ငါ့ကိုယ်ငါ ပြန်သုံးသပ်ကြည့်မိတယ်....

ငါဟာ မှန်ကန်ဖြောင့်မတ်ဖို့၊
သစ္စာရှိဖို့ လိုအပ်တယ်
ငါ့ကိုယုံကြည်ကြသူများ
ငါ့ကိုအားကိုးနေသူများအတွက်။
ငါဟာ ရိုးသားဖြောင့်မှန်ဖို့ လိုတယ်
ငါ့ကို တန်ဖိုးထားသူများ
ငါ့ကိုလေးစားကြသူများအတွက်။
ငါဟာ ကြံ့ခိုင်ဖို့ လဲလိုတယ်
ကျေးဇူးရှင်မိဘနှစ်ပါးနဲ့
ငါ့ရဲ့ မဆုံးနိုင်သောရည်ရွယ်ချက်များအတွက်။
ငါဟာ ရဲရင့်ဖို့လိုအပ်တယ်
စွန့်စား စရာတွေ အများအပြားနဲ့
လောကဒဏ်အလှည့်အပြောင်းတွေအတွက်။
ငါဟာ ရန်သူ မိတ်ဆွေမခွဲပဲ ပေါင်းသင်းဆက်ဆံဖို့လိုတယ်
ငါ့ရဲ့ ရင့်ကျက်မှုတွေနဲ့
သည်းခံနိုင်မှု စွမ်းရည်တွေအတွက်။
ငါဟာ ပေးဆပ်နိုင်ဖို့တော့လိုတယ်
ရယူလိုမှုကင်းစွာနဲ့
စိတ်ဓာတ်ရင့်ကျက်မှုတွေအတွက်။
ငါ့ကိုယ်ငါ နှိမ့်ချဖို့လည်းလိုတယ်
အတ္တနဲ့ မာန်မာနတွေ
လျှော့ချနိုင်ဖို့အတွက်။
ငါဟာ မှန်ကန်ဖြောင့်မတ်လာတဲ့တစ်နေ့
ငါရဲ့စိတ်ဓာတ်တွေ ကြံ့ခိုင်လာတဲ့တစ်နေ့
ငါ ရင့်ကျက်တည်ငြိမ်လာတဲ့တစ်နေ့
ငါ့ရဲ့ ဆုံးဖြတ်ချက်တွေ ရဲရင့်ပြတ်သားလာတဲ့တစ်နေ့
ငါ လူအားလုံးကို တန်းတူမြင်နိုင်တဲ့တစ်နေ့
ငါ့ရဲ့ပေးဆပ်ခြင်းတွေ ကျယ်ပြန့်လာတဲ့တစ်နေ့
ငါ့ရဲ့ မာန်မာန အတ္တတွေ ကင်းစင်သွားတဲ့တစ်နေ့
ငါ့ကို ချဉ်းကပ်ကြလိမ့်မယ်
အဲဒီအခါ ငါ ကျေနပ် ကြည်နူးမယ် ...
ငါ ပျော်ရွှင် ၀မ်းမြောက်မယ်...
အဲဒီအခါ ငါ ပူးပေါင်းညီညွတ်မှုတွေနဲ့
လောကကြီးကို အလှဆင်မယ်...
တိုတောင်းတဲ့ ငါ့ ဘ၀ခရီးတစ်ခုမှာ
အဓိပ္ပါယ်ရှိစွာ ရှင်သန်နိုင်ဖို့ အတွက်ပေါ့....

အဆင်မပြေမှုလေးတွေနဲ့ ကြုံရတိုင်း မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ် တက်ကြပါစေရှင်....။

နှင်းဟေမာ
11 JULY 2009

Monday, July 6, 2009

အနားသတ် ကမ်း

ငါတို့ဟာ… အ၀ိဇ္ဇာဟင်းလင်းပြင်ထဲက
အမှုန်အမွှား ကြယ်လေးတွေပါ
ဘ၀ရဲ့ဆင်းရဲတွေကို အကြောက်အလန့်မရှိ
သုခနဲ့ ရွှန်းလက်ထွန်းလင်းခဲ့ချင်ကြတော့
ဒုက္ခတွေကပဲ ဖွဲ့ကျအုံ့ဆိုင်း မှိုင်းရီခဲ့…။

ငါတို့က… မအောင်နိုင်တဲ့ စာမေးပွဲကိုမှ
ဂုဏ်ထူးနဲ့ ပထမရချင်နေသူတွေလေ
အနိုင်မရဖူးတဲ့ အိုနာသေဘေးကို အံတုရင်း
လောကဓံရဲ့ ရယ်သံချိုအောက်မှာ မိန်းမောမိကြတော့
မှတ်တိုင်မဲ့ လမ်းပျောက်ခရီးသည်တွေ ဖြစ်ခဲ့ကြ…။

နောက်ဘ၀အထိ အနှောင့်အယှက်ဖြစ်စေမယ့်
ဆန္ဒတွေနဲ့ ရွေးချယ်မိုက်မှားမိခဲ့ကြ
ငါတို့ကပဲ ဆုတောင်းတွေ မှားခဲ့တာလား
ဆုတောင်းတွေကပဲ ငါတို့ကို မှားယွင်းသွားစေခဲ့တာလား
ဘယ်လောက်ဆိုးလိုက်တဲ့ မသိမှုလဲကွယ်…။

မသိလို့မပြင်၊ မပြင်လို့မသိ
စူးရှနက်ရှိုင်းတဲ့ အသိဥာဏ်တွေနဲ့
သံသရာဝဲဂယက်က ရုန်းထွက်လို့
စုန်ပြီးခဲ့တဲ့ ဘ၀ပေါင်းများစွာအတွက်
အဆန်လမ်းလေးချက်နဲ့ ချေဖျက်ဖို့ ကြိုးစားကြမယ်လေ…။

ကိလေသာမီးတောက်တွေရဲ့ အေးငြိမ်းရာ
သံယောဇဉ်အစွဲအလမ်းတွေရဲ့ ပြတ်ငြိမ်းရာ
ဒုက္ခဆင်းရဲတွေရဲ့ ချုပ်ငြိမ်းရာ
အနှိုင်းမဲ့ အဆုံးသတ် အငြိမ်းဓာတ်တစ်ခုက
(ဟိုးရှေ့မှာ…) ငါတို့ကို ကြိုလင့်နေလေရဲ့ ...။


( ကျမ ငယ်စဉ်ကလေးဘ၀တည်းက လေးစားခဲ့ရသော ၊ ကျမ ရဲ့ ငယ်ဆရာလဲ ဖြစ်သော အဂ္ဂမဟာကျော် သီလရှင်ဆရာလေး တစ်ပါးရေးတဲ့ ကဗျာလေးပါ...။နှစ်သက်မိသော ကဗျာလေးတစ်ပုဒ်ဖြစ်လို့ အားလုံးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်...။ )

နှင်းဟေမာ
7 JULY 2009

ပရဟိတစိတ်ဓါတ်များရှင်သန်စေရန်

ငါကဲ့သို့ စွမ်းအားနှင့်ပြည့်စုံသော ယောကျားင်္ အတွက် တကိုယ်တည်းကူးမြောက်၍ အဘယ်ကဲ့သို့အကျိုးရှိအံ့နည်း။ငါသည် သဗ္ဗညုတဥာဏ် ရပြီးနောက် နတ်နှင့်တကွသော လောကကို ကူးမြောက်စေအံ့.( ဇာတက နိဒါန်း )

လူ့သားတစ်ယောက် တန်ဖိုးကို တိုင်းတာရာမှာ အတ္တကိုယ်ဖယ်ရှားပြီး အများအကျိုး ဘယ်လောက်လုပ်နိုင်သလဲဆိုတာနဲ့လည်း တိုင်းတာရပါမယ်။
ရှင်သန်သမျှ ကာလလေးမှာ လူဟာ အမြဲကိုလှုပ်ရှား ရုန်းကန်နေရပါတယ်. အသာလေးထိုင်ပြီး အိပ်စား လုပ်နေခွင့်မရှိပါဘူး ၊ ဗုဒ္ဓအလိုတော်အရဆိုရင်တော့ ဥဋ္ဌာနဖလူပဇီဝီ ဖြစ်နေလို့ပါပဲ ၊ ဆ၀ါလာတ သုတ္တန်မှာလည်း မြတ်ဗုဒ္ဓ ဟောပြတဲ့ ပုဂ္ဂိုလ် ၄ ယောက်ဟာ လည်း စိတ်ဝင်စားစရာကောင်းပါတယ်...။

၁။ ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ
၂။ ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ
၃။ ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ
၎။ ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ..
ဆိုပြီး ဖြစ်ပါတယ်...။

မြတ်စွာဘုရားရှင်သည်လည်း ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ လူသားပေါင်း သန်း ၆ ထောင်ကျော်ကို တူရာတူရာ စုရင် ဒီ လေးမျိုးသာ ရကြောင်း ဟောပြတော်မူခဲ့ပါတယ်..။
ဒီလေးယောက်ထဲမှာ ကိုယ့်အကျိုးလည်းလုပ်ပြီး ပရဟိတလည်းဆောင်ရွက်သူကို အမြတ်ဆုံးလူသားအဖြစ် မြတ်ဗုဒ္ဓက သတ်မှတ်တော်မူပါတယ်...။
ဘ၀တခုကို ရောက်လာတဲ့ မိမိတို့တစ်တွေလဲ လူဖြစ်ရကျိုးနပ်အောင် လူပီသအောင် လူ့နှလုံးသားပီပြင်အောင် ပရဟိတလုပ်ငန်းတွေ လုပ်ကြရပါမယ် ....။ ဘုရားလောင်း ကြွေးကြော်ခဲ့တဲ့ အထက်ဖော်ပြပါ စကားဟာ ပရဟိတဆောင်ရွက်ဖို့ တွန်းအားတခုဖြစ်သလို ငါလိုယောကျာင်္းက တယောက်တည်း နိဗ္ဗာန်သွားလို့အကျိုးမရှိဘူး ဒီလောကကြီးထဲက နတ်လူဗြဟ္မာတွေကိုလဲ ကူးမြောက်စေမယ် ဆိုတဲ့ ကျူးရင့်သံဟာ တကယ့်ကို မိမိတို့ နှလုံးသားကို လှုပ်နှိုးနေခဲ့ပါတယ်...။
လူပီသတဲ့လူ မြတ်ဗုဒ္ဓသတ်မှတ်တဲ့ လူမြတ်စာရင်းဝင်အောင် ကျမတို့ တစ်တွေလဲ ကြိုးစားဆောင်ရွက်သင့်ပါတယ်...။
မိမိတို့တတွေဟာ တခဏမျှ လူ့ဘ၀ရကြ။လူထဲသူထဲ လူနဲ့သူနဲ့နေကြ။လူ့ကိစ္စ လူ့ဝတ္တရား လူ့တာဝန်တွေ ယူကြရ ပါတယ်...။
လူ့အတွေး လူ့အမြင် လူ့အသိတွေ သိခွင့်ရကြရစဉ်ကာလမှာ ဘယ်လောက်ကြာအောင် မျိုးဆက်ရှည် တည်တံ့ဦးမယ်မှန်း မသိတဲ့ လူ့လောကအတွင်း လူသားအချင်းချင်း ရိုင်းပင်းကူညီမှု ၊ လူသား အချင်းချင်း ချစ်ကြည်ရင်းနှီးစေမှုတွေနဲ့ လူ့သတင်း လူချင်းဆောင်ကာ လူ့သမိုင်းကောင်းစေဖို့ အလုပ်ကောင်းတွေ လည်း လုပ်ကြရပါမယ်။
အလုပ်ကောင်းလုပ်နိုင်ဖို့ အဓိက က စိတ်ကောင်းရှိဖို့ ထက်သန်တဲ့ဆန္ဒရှိဖို့ စေတနာသန့်ဖို့တော့ အဓိက လိုအပ်ပါတယ်..။
မြတ်ဗုဒ္ဓကတော့ အချိန်များစွာ အသက်များစွာ ဘ၀များစွာ စည်းစိမ်ဥစ္စာများစွာ ပေးဆပ်ခဲ့ပြီး ဓမ္မဆိုတာကို ထားပစ်ခဲ့ပါတယ်။ သူထားခဲ့တဲ့ ဓမ္မဆိုတာ ဘယ်လောက်များ လောက လူသားတွေကို ကျေးဇူးပြုနေသလဲဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံးနားလည် သိရှိထားပြီးဖြစ်ပါတယ် ...။
မိမိတို့တစ်တွေက ကော တိုတောင်းလှသော လူ့ဘ၀ကြီးမှာ နေထိုင်ကြတုန်း မိမိအတွက်ဘာတွေယူပြီး လောကအကြီးအတွက် ဘာတွေထားရစ်ခဲ့ကြမလဲ....ဆိုတာကို စဉ်းစားကြရပါမယ်..။

လောကကြီးထဲက သစ်ပင်တွေဟာ အသီးနဲ့ လောကကြီးကို အကျိုးပြုနေပါတယ်.မြစ်တွေ ချောင်းတွေဟာ အမြဲစီးဆင်းပြီး သန့်စင်တဲ့ရေစင်နဲ့ လောကကြီးကို အကျိုးပြုသလို နေဟာလည်း နေရောင်ခြည်နဲ့ လောကြီးကို အကျိုးပြုနေပါတယ်. လရောင်ဟာလည်း အေးမြတဲ့အလင်းရောင်နဲ့ လောကကြီးကိုအကျိုးပြုနေပါတယ်.. ဒါတွေဟာ သက်ရှိတွေမဟုတ်သလို အသိဥာဏ်ရှိတဲ့လူတွေလည်း မဟုတ်ပါဘူး..ဒီလို သက်မဲ့တွေတောင် လောကကြီးကို ကျေးဇူးပြုနိုင်သေးရင် အသိဥာဏ်ရှိတဲ့ လူသားဖြစ်တဲ့ မိမိတို့ကရော လူလူချင်း ကျေးဇူးမပြုသင့်ဘူးလား ......။
ဗုဒ္ဓဘုရားလောင်းတော် ဥဒါန်းကျူးရင့်တော်မူခဲ့တဲ့အတိုင်း ..........
လူသားဒုက္ခရောက်တာကို ကိုယ့်နှလုံးသားက ဘာမှမဖြစ်ဘူးဆိုရင် ဒီလူရဲ့နှလုံးသားဟာ သူတော်စင် နှလုံးသားလို့ မဆိုနိုင်ပါဘူး..သူတပါး ဒုက္ခရောက်တာကို မြင်ရရင် ရင်ထဲမှာ တကယ့်ကို နာကြင်စွာခံစား တုန်လှုပ်မှ သူတော်စင်တို့ နှလုံးသားလို့ ဆိုရပါမယ် ။
ဟူ၍ကျမတို့ Metta World Foundation လူမှုကူညီရေးအသင်းမှ ဆရာတော်ဘုရားသည်လည်း အသင်းဝင် လူငယ်အများအား ယခုကဲ့သို့ ဟောကြားဆုံးမတော်မူခဲ့ပါတယ်...။
ဆရာတော်၏ လမ်းညွန်ဆုံးမမှုအတိုင်း ကျမတို့ တစ်တွေသည်လည်း သူတော်စင်တို့ နှလုံးသားမျိုးကို ပိုင်ဆိုင်နိုင်ကြစေရန် အသက်ရှင်ရန် ကျန်ရှိနေသေးသော အချိန်လေးများတွင် မိမိတို့တက်စွမ်းသရွေ့ ကြိုးစားဆောင်ရွက်ကြရပေလိမ့်မည်...။
သို့မှာသာ မြတ်ဗုဒ္ဓသတ်မှတ်ခဲ့တော်မူခဲ့သည့် ကိုယ့်အကျိုးလည်း လုပ်ပြီး ပရဟိတလည်းဆောင်ရွက်သူ အမြတ်ဆုံးလူသားများအဖြစ် လောက ကမ္ဘာကြီးကို အလှဆင်နိုင်ကြပေလိမ့်မည်..ဖြစ်ပါသည်။

ဒီကနေ့က ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ရဲ့ ၀ါဆိုလပြည့် ဓမ္မစကြာနေ့ နေ့ထူးနေ့မြတ်လေးဖြစ်ပါတယ်...။ဒီနေ့လေး အတွက် အထူးပို့စ်လေးအဖြစ် ပရဟိတစိတ်ဓါတ်များ ရှင်သန်စေရန် ဟူသော ပို့စ်အသစ်လေးတစ်ခု ဖော်ပြပေးလိုက်ပါတယ်...။ ဆရာတော် အရှင် တိက္ခဥာဏလင်္ကာရ ရဲ့ ပရဟိတဆိုင်ရာတရားတော် တချို့မှ ပြန်လည် ကောင်နှုတ်ထားခြင်းဖြစ်ပါတယ်..။လာရောက်လည်ပတ်ကြသူ အားလုံး ပရဟိတစိတ်ဓါတ်များ ရှင်သန်နိုးကြား၍ လောကကမ္ဘာကြီးကို တစ်ထောင့်တစ်နေရာတို့မှ အလှဆင်နိုင်ကြသူများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ပါတယ်ရှင်...။

နှင်းဟေမာ
7 July 2009