Wednesday, March 5, 2014

ပြန်လည်နိုးထခြင်း

ဘာလိုလိုနဲ့ နွေဦးပေါက်ခဲ့ပြီ ....အော် မရောက်တာကြာပြီ ဖြစ်တဲ့ ဘလော့ရွာလေးဆီပြန်လာခဲ့မိရင်း  ရော်ရွက်ဝါလေးတွေ လေမှာဝဲနေတဲ့ နွေဦးရာသီအတွက် အလွမ်းဖွဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုတော့ ချရေးလိုက်မိတယ်...။
ဟိုး လွန်ခဲ့သော ၁၃နှစ်ဆီကိုပြန်သတိရမိတော့ ဒီလိုရာသီမှာ ဆယ်တန်းစာမေးပွဲကြီးအတွက် တိုက်ပွဲဝင်ဖို့ အားယူနေတဲ့ ကလေးဘ၀လေးကို လွမ်းဆွတ်မိသွားပြန်တယ်။ ပြန်မရနိုင်တဲ့ ဖြူစင်ရိုးသားသော ငယ်ဘ၀တွေက ကျမအတွက်တော့ သိပ်ကိုတမ်းတလွမ်းဆွတ်ဖွယ်တွေပါပဲ။ 
ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုနဲ့ တောင်ပေါ်မြေက အညတရမြို့ပြလေးတစ်ခုမှာ အခြေတည်ခဲ့ရပေမယ့် ကျမကတော့ မိမိချစ်တဲ့မြို့လေးမှာ နေခဲ့ရလို့ ကိုယ့်ဘ၀လေးကိုယ်ကျေနပ်နေခဲ့ရပြန်တယ်...။ နွေဦးပေါက်တဲ့ရာသီရောက်ပြီဆိုတော့ ကျမစိတ်တွေလဲ ကတောက်ကယက်နဲ့ ရွက်ဝါလေးတွေနဲ့အပြိုင် အတွေးတွေကလဲ အမြဲလိုလိုပြန့်ကျဲနေတတ်ခဲ့တယ်...။
လာရှိုး မူဆည် ဘက်ကိုတတ်တဲ့ လမ်းမကြီးရဲ့ မနီးမဝေးမှာ ကျမဆိုင်လေးရှိတာမို့ ကားသွားကားလာတွေက စည်ကားသလို ဘုရားဖူးခရီးသည်တွေကလဲ ဒုနဲ့ဒေးပါပဲ...။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကလေးငယ်လေးတွေကတော့ သူတို့ကို့သယ်ဆောင်သွားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ဘော်ဒါဆောင်ကားတွေပေါ်ကနေ အော် ဟစ် လို့သွားကြတယ် .... 
ငါ့မှာ စွမ်းအားတွေရှိတယ် ငါ့မှာယုံကြည်ချက်တွေရှိတယ်  ငါမုချအောင်ရမယ်တဲ့ ......
သူတို့အော်ဟစ်သွားတဲ့ စကားလုံးလေးတွေက သူတို့ကိုယ်သူတို့ အင်အားတွေပေးနေတာပါပဲ ..။
ကျမအရမ်းသဘောကျမိသလို သူတို့လေးတွေမုချအောင်ပါစေလို့လဲ တောင်းဆုပြုမိတယ်...။
ကျမကိုယ်တိုင်လဲပဲ သူတို့အရွယ်တုန်းက ဒီလိုအချိန်မှာ ဒီလိုအော်ဟစ်ပြီး စာမေးပွဲကြီးအတွက် အဆင်သင့်ဖြစ်နေခဲ့ပြီးသားလေ ကျမကိုယ် ကျမလည်း ယုံကြည်ခဲ့တယ် ငါ ဆယ်တန်းကို နှစ်ချင်းပေါက် ဂုဏ်ထူးနဲ့ အောင်မြင်ရမယ်လို့လေ။ကြိုးစားတဲ့အတိုင်းလဲ ဖြစ်လာခဲ့ပါတယ်...။
 အဲဒီလိုခံစားချက်မျိုးကို အခုလိုအသက်အရွယ်မှာတော့ ကျမရင်ထဲမှာ ရှိမနေခဲ့တော့တာ ဘာကြောင့်ပါလိမ့်နော်...။
အသက်က ဆယ်ကျော်သက်မဟုတ်တော့သလို အသက်၃၀ ၀န်းကျင် လူလတ်ပိုင်းကို ကူးလာခဲ့ပြီဆိုတော့ ကျမကိုယ်ကျမ ဘ၀စာမေးပွဲဝင်ရမယ့် ကျောင်းသူတစ်ဦးလို့ ဆိုလို့ရတာပေါ့။
ဒီအရွယ်မှာတော့ ဘ၀နဲ့ပတ်သတ်တဲ့ သင်ခန်းစာတွေကို အခုချိန်မှာ ကျမကောင်းကောင်း ကျေညက်ခဲ့ပြီလားလို့မေးလို့ရပါတယ်...။
ဘ၀ဟာလဲ အများကြီးပြောင်းလဲခဲ့သလို ကျမရဲ့ဆုံးဖြတ်ချက်တွေလဲ မှားကောင်းမှားခဲ့မယ် ...။
မိမိဖြတ်သမ်းလာခဲ့ရတဲ့ နှစ်ကာလတွေအတွင်းမှာ အကောင်း အဆိုး အမျိုးမျိုးသော လောကဓံအထုအထောင်း တွေကို အံတုခဲ့ရင်း ဘ၀ဆိုတဲ့ စာမေးပွဲတစ်ခုကို အောင်မြင်စွာဖြတ်ကျော်ဖို့ ကျမရှေ့ဆက်ပြီး အရိုးသားဆုံးကြိုးစားရပေဦးမယ်ဆိုတဲ့ အတွေးတစ်ခုကို ကောင်းကောင်းရလိုက်ပါတယ်...။
ဆယ်တန်းကလေးလေးတွေလို ကျမလဲပဲ ငါ့မှာစွမ်းအားတွေရှိတယ် ... ငါ့မှာယုံကြည်ချက်တွေရှိတယ် ဆိုသလိုပဲ ... ဟုတ်ပါတယ် အခုချိန်မှာ ကျမရဲ့ရှေ့ဆက်ရမယ့် အနာဂတ်အတွက် အရာရာကို ရင်ဆိုင်ရဲဖို့ ကျမရင်မှဖြစ်သော သမီးငယ်လေးတစ်ယောက် ကျမဘ၀ထဲကို ရောက်လာခဲ့ပြီဖြစ်လို့ သမီးလေးရဲ့အနာဂတ်အတွက် အကောင်းဆုံးဖြစ်ဖို့ ကျမမှာ မိခင်ကောင်းတစ်ယောက်ရဲ့ စွမ်းအားတွေရှိခဲ့ပါပြီ...။ယုံကြည်မျှော်လင့်ချက်တွေလဲ အပြည့်နဲ့ပေါ့....။
ကျန်ရှိနေသေးတဲ့ နေ့ရက်လေးတွေမှာ သမီးလေးအတွက် အကောင်းဆုံးတွေကို ဖန်တီးရင်း
ကျမချစ်တဲ့ ဘလော့လေးမှာလဲ တတ်နိုင်သလောက် စာတွေပြန်ရေးပါဦးသွားဖို့ ပြင်ဆင်နေပါတယ်လို့ ပြောရင်းအားလုံးကို နှုတ်ခွန်းဆက်သပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
နှင်း

Thursday, August 30, 2012

မြတ်နိုးမိသည်မှတစ်ပါး ....



(၁)
လရဲ့ အေးမြမှုက ရင်ထဲထိအောင် စိမ့်သည် ....။
ဒီအချိန်ဆို ကျမရေးခဲ့ဘူးတဲ့ ကဗျာတစ်ပုဒ်ကို သူအလွတ်ရနေလောက်ပြီလား မသိ ....။
ညမွှေးပန်းရနံ့တွေ အားပါးတရ ရှူရှိုက်ခဲ့ရင်း..... ညမွှေးပန်းနဲ့ ပတ်သတ်တဲ့ ကဗျာလေးတစ်ပုဒ်ကို ရေးချခဲ့ဘူးသော အတိတ်ဆီက လသာသည့် ညတစ်ညကို တွေးလိုက်မိတိုင်း အတိုင်းမသိ ရင်ထဲတစ်စိမ့်စိမ့် လွမ်းဆွတ်တမ်းတမိသည်...။

စိတ်ကူးပေါက်သလို ချရေးသားမိတဲ့ ကဗျာလေးတစ်ပိုဒ်ကို အမှတ်မထင်ဖတ်မိပြန်တော့ အဝေးက အညာမြို့သေးသေးလေးဆီက ညမွှေးပန်းလို့ အမည်ရတဲ့စာအုပ်ဆိုင်လေးနဲ့ စာအုပ်တွေကြားမှာ အမြဲနစ်ဝင်
မွေ့ပျော်နေတတ်သူ တစ်ယောက်ကိုလဲ သတိရ ... မတမ်းတမိပဲ မနေနိုင်ခဲ့....။

ညမွှေးပန်း စာပေဆိုတဲ့ပြာလဲ့လဲ့ မီးရောင်စာလုံးလေးကို အဝေးက ငေးမောမိရင်း ဆိတ်ငြိမ်အေးချမ်းလှတဲ့ စာအုပ်ဆိုင်လေး ရှိရာဘက်ကို တစ်လှမ်းချင်း လျှောက်ခဲ့ဘူးတဲ့ အတိတ်က ညနေတွေကို ပြန်လည်တွေးမိတိုင်း မိမိစိတ်က ငယ်ရွယ်နုပျိုသွားသည့်အပြင် အလွမ်းဖွဲ့ တေးသီချင်းလေးတစ်ပုဒ်ကိုလည်း နှလုံးသားက အလိုအလျှောက် ညည်းဆိုမိလျက်သား........။

ညမွှေးပန်းနဲ့အကျွမ်းတစ်ဝင်ရှိလှတဲ့ ကျမကို ရင်းနှီးနေပြီးသား ၀န်ထမ်းလေးနှစ်ယောက်နဲ့ တစ်စုံတစ်ယောက်က အပြုံးနဲ့ အမြဲတမ်း ဆီးကြို နှုတ်ဆက်တတ်တဲ့ အညာမြေ ညနေတွေက လွမ်းမောဖွယ်ကောင်းခဲ့သလောက် ....အခုတော့ ... ဟောင်းနွမ်း ဆွေးမြေ့သွားတဲ့ သက္ကရာဇ်တွေအစား ညမွှေးပန်းစာပေဆိုတဲ့ နံမည်လေးကလွဲလို့ အရာအားလုံးဟာ ကျမအတွက် အစိမ်းသက်သက်ဖြစ်တွေဖြစ်လို့ ....။
ပြောင်းလဲသွားပြီဖြစ်တဲ့ ဆိုင်ရဲ့ ၀န်ထမ်းဝတ်စုံ ယူနီဖောင်းလေးတွေကအစ မျက်စေ့ထဲမှာ တစ်မျိုးအမြင်ဆန်းနေခဲ့သလို ၊ သစ်လွင်တောက်ပပြီး အများကြီးခမ်းနားလာတဲ့ ဆိုင်အပြင်အဆင်တွေကလဲ ကျမရဲ့အမြင်တွေကို အံ့သြငေးမောစေခဲ့တာ ..... အော် ..... ဒါဟာ တစ်စုံတစ်ယောက်ရဲ့ စိတ်ကူးနဲ့ လက်တွေ့ကျကျအောင်မြင်မှုတွေကို သက်သေပြနေတဲ့ နေရာလေးပါလားလို့ တွေးရင်း ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ ကြည်နူးမိသလို သူ့အတွက်လဲ ဂုဏ်ယူမိတဲ့ ညနေခင်းတစ်ခုအဖြစ် အသက်ဝင်တောက်ပလို့ နေပြန်တယ်......။

ရုတ်တရက် အာရုံထဲမှာ ဖျတ်ကနဲသတိတရ ပေါ်လာတာက ကျမသိပ်မြတ်နိုးတဲ့ ညမွှေးပန်းရုံတွေ ....
ကျမသိပ်ချစ်တဲ့ အဲဒီညမွှေးပန်းရုံတွေရှိရာဘက်ကို ... အပြေးအလွှားနဲ့ ရှာဖွေကြည့်မိတော့ .....အုတ်တံတိုင်းဖြူဖြူတွေကသာ နေရာယူလို့ထားတာကို တွေ့လိုက်ရတဲ့အခါ လွမ်းဆွတ်တာလား နာကျင်မိတာလား ကျမမဝေခွဲတတ်ခဲ့......တစ်ချိန်က ဒီညမွှေးပန်းရုံတွေကို သိပ်ချစ်တာပဲလို့ သူ့အနားမှာ အထပ်ထပ်ပြောခဲ့ဘူးတဲ့ ညနေဘက်တွေကိုသာ တသသတမ်းတမိရင်း အရင်ညမွှေးပန်းရုံတည်ရှိရာ နေရာလေးဆီကနေ အသာအယာကျောခိုင်း ထွက်ခဲ့လိုက်ပါတယ်....။

လစ်ဟာသွားတဲ့ နှလုံးသားတစ်နေရာမှာ အဲဒီပန်းရုံတွေမရှိတော့ပေမယ့် အတိတ်ကမေ့မရတဲ့ ပန်းရနံ့တွေကတော့ ကျမအာရုံထဲမှာ သင်းထုံမွှေးပျံ့မြဲဖြစ်သလို .....၀ိုးတ၀ါးညရဲ့အိပ်မက်တွေထဲမှာလဲ သိပ်ကိုမွှေးမြလှသော လသာတဲ့ညများဆီက ညမွှေးပန်းရုံကြီးက အသက်ဝင်လှပနေမြဲ..........................။

               ***********************************************************
(၂)

ပညာရေးတက္ကသိုလ်ကျောင်းဆင်းပြီးကာစ အထက်တန်းပြဆရာမပေါက်စတစ်ယောက်ဖြစ်တဲ့ကျမက ကျောက်ပန်းတောင်းမြို့ ရဲ့ အထက်တန်းကျောင်းလေးမှာ တန်းပြဆင်းဖို့ တာဝန်ကျခဲ့စဉ်ကဖြစ်သည်။
“ဖြူ က စာရေး အရမ်းကောင်းတယ်နော် ... မဂ္ဂဇင်းတွေတော်တော်များများမှာ ဖြူရေးတဲ့ ၀တ္ထုတွေကို ဖတ်ရတယ် .... ချိုက စာဖတ်ဝါသနာပါတဲ့သူဆိုတော့ ၀တ္ထုတွေ မဂ္ဂဇင်းတွေဆို အသစ်ထွက်သမျှ တစ်ခုမှကို မလွတ်စေရဘူးလေ... မဂ္ဂဇင်းတစ်ခုထဲမှ ဖြူ့ရဲ့လုံးချင်းဝတ္ထုမကြာခင်ထွက်မယ်ဆိုလို့ စာအုပ်ဆိုင်ကိုတောင် ကျမ အမြဲတမ်းမေးကြည့်မိတယ်....
 ကျောက်ပန်းတောင်းမြို့ခံ ဆရာမလေးဖြစ်တဲ့ ချိုက ကျမသူငယ်ချင်း သူသူမြတ်ကတစ်ဆင့် ကျမကို ရွှေနှင်းဖြူရယ်လို့ သိနေတယ်ဆိုတော့.........
“အိုး ဟုတ်လား ...ဒါဆို ချိုက ကျမရဲ့ပရိသတ်ပေါ့ ဘယ်လိုလဲချို ကျမရေးတဲ့ဝတ္ထုတွေရဲ့ အားနည်းချက်တွေကိုရော ၊ စာဖတ်သူတစ်ယောက်အနေနဲ့ ကျမချို့ယွင်းချက်လေးတွေကို ပွင့်ပွင့်လင်းလင်းပြောကြည့်ပါလား .... လို့ ကျမက ရယ်မောရင်း ၀မ်းသာအားရ ဆိုဖြစ်ခဲ့သည်..။

“ဖြူရေးတဲ့ ၀တ္ထုလေးတွေကို အရမ်းသဘောကျတယ် .....ကျမကစာဖတ်ရတာ သိပ်ဝါသနာပါပေမယ့် စာကြောင်းတစ်ကြောင်းတောင် ပြေပြစ်အောင် ရေးနိုင်တဲ့သူမဟုတ်တော့ ဖြူ့ဝတ္ထုတွေကို မဝေဖန်ရဲပါဘူး ဖြူရယ်....... ဒါနဲ့ ဖြူ .... ကြော်ငြာထားတဲ့လုံးချင်းဝတ္ထုက ဘယ်တော့ထွက်မှာလဲ ” လို့ မေးလိုက်တဲ့ ဆရာမချိုနွယ်ရဲ့ စကားကြောင့်

“ကျမလဲ ၀ါသနာပါသလောက်အချိန်မပေးနိုင်ပါဘူး ချိုရယ် ...ကျောင်းကတစ်ဘက်နဲ့ဆိုတော့ အမေနေ့ မတိုင်ခင်မှာ စမ်းရေစီးသံ ... ဆိုတဲ့ မိခင်မေတ္တာဖွဲ့ဝတ္ထုတိုပေါင်းချုပ်လေးကို ထုတ်နိုင်ဖို့ပဲ မနည်းကြိုးစားနေရတယ်....

“ကောင်းတယ်ဖြူ .... ဖြူ့ရဲ့ဝတ္ထုတိုတွေ ၊ ဆောင်ပါးတွေက မဂ္ဂဇင်းတွေထဲမှာ နေရာရပြီးသားဆိုတော့ ဖြူ က အောင်မြင်ပြီးသားပါ .... အော် ဒါနဲ့ ဖြူ ဒီမြို့မှာ စာအုပ်ဝယ်ချင်တာ ငှါးချင်တာ တစ်ခုခုလုပ်ချင်တာ ရှိရင်လဲ ချို့ကိုပြောနော် .......ဒီမြို့က တောမြို့လေးဆိုပေမယ့် စာပေချစ်သူတွေ အရမ်းများတယ် ဖြူရဲ့ ...... ဟိုဘက် တစ်လမ်းကျော်လောက် လမ်းလျှောက်လိုက်ရင် ညမွှေးပန်းရုံကြီးတစ်ခုရှိတယ်...။
ညနေဘက်ဆို သိပ်ကိုမွှေးပျံ့ပြီးလွမ်းစရာကောင်းတဲ့ အဲဒီပန်းရုံကြီးရဲ့ အနောက်ဘက်မျက်နှာစာလေးမှာတော့ ညမွှေးပန်းလို့ နံမည်ပေးထားတဲ့ စာအုပ်ဆိုင်လေး ရှိတယ် ဖြူရဲ့.....

ထိုသတင်းကိုကြားကြားချင်းပဲ ၀မ်းသာပျော်ရွှင်ခြင်းနဲ့အတူ ကျမရဲ့မျက်ဝန်းတွေကလဲ အရောင်တွေတစ်ဖျတ်ဖျတ် လင်းလက်တောက်ပသွားခဲ့မယ်ထင်တယ်...

“အို .... ဟုတ်လား ချို... စာအုပ်တွေရောစုံရဲ့လား ”လို့အလျင်စလိုမေးလိုက်တယ်...။

“အင်း ....ဆိုင်လေးကသေးပေမယ့် စာအုပ်အဟောင်းတွေ အသစ်တွေ တော်တော်စုံစုံလင်လင်ရှိတဲ့အပြင် အရောင်းဆိုင်လေးလဲပါတယ် နောက်ဘာသာရေးနဲ့ပတ်သတ်တဲ့စာပေတွေကိုလဲ အခမဲ့ငှါးတယ်လေ...ဖြူ သွားချင်ရင် ချို လိုက်ပို့ပေးပါ့မယ်.... ညနေ ၅ နာရီ ကနေ ည၁၀နာရီထိ ဖွင့်တယ် ... ဆိုင်လေးထဲကိုရောက်ရင်ဖြူနှစ်သက်မှာပါ  ”

“ကောင်းတယ် ချို ... ကျမက ကိုယ်တိုင်စာရေးတာကို ၀ါသနာပါသလို စာဖတ်ရတာကိုလဲ အရမ်းနှစ်သက်တယ် ကျမရောက်တဲ့အရပ်မှာ ပထမဆုံးရှာဖြစ်တဲ့နေရာတွေက စာအုပ်ဆိုင်နဲ့ မုန့်ဟင်းခါးဆိုင်ပဲလေ .....လို့ ကျမက အပြုံးဖြင့် ဆိုဖြစ်တော့

“ဟုတ်ပြီ ..ဟုတ်ပြီ စာအုပ်ဆိုင်ကတော့ ညမွှေးပန်းစာပေရှိတယ်...မုန့်ဟင်းခါးကိုတော့ ကျမကိုယ်တိုင်ချက်ကျွေးပါ့မယ် ... မြောင်းမြဒေါ်ချိုထက် လက်ရာကောင်းတယ် .....ကျောက်ပန်းတောင်း ဒေါ်ချိုလေ ဟား ဟား ဟု ချိုက ပြန်၍ နောက်လိုက်တဲ့အတွက် အားပါးတရ ရယ်မောဖြစ်ကြတယ် ......

တစ်ကယ်ပါပဲ ....ချို ညွှန်းလိုက်တာထက်ကို ညမွှေးပန်းစာပေက ပြည့်စုံလွန်းလှပါတယ်....။

သာမန်စာအုပ်ဆိုင်လေးဆိုပေမယ့် အထိုက်အလျှောက်ဆွဲဆောင်မှု ရှိနေခဲ့တဲ့ ဒီဆိုင်လေးကို အဲဒီနေ့ကစပြီး ကျမ အမြဲတမ်းလိုလို ရောက်ဖြစ်ခဲ့တော့တယ် ...။

ညမွှေးပန်းကို ရောက်ဖြစ်တဲ့ အဲဒီနေ့ကတည်းကပဲ လူတစ်ယောက်နဲ့ စတင်ရင်းနှီးဖို့အကြောင်း ဖန်လာခဲ့တာပေါ့....။

ဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုက ကျမနှစ်သက်မိတဲ့ စာရေးဆရာတွေနဲ့ ကျမဖတ်ချင်သမျှ စာအုပ်အဟောင်းတွေ အားလုံးက ထာဝရ စာအုပ်စင် လို့အမည်ပေးထားတဲ့ သီးသန့်စာအုပ်ကောင်တာကြီး တစ်ခုဆီမှာ ရှိနေခဲ့တာပဲဖြစ်တယ်....။

အဲဒီနေ့က ထာဝရစာအုပ်စင်ကြီးနားမှာ လိုချင်တဲ့စာအုပ်လေး တစ်အုပ်ကို အသည်းအသန်ရှာဖွေနေခဲ့တဲ့ ကျမကို ....

“ကျနော် ဘာအကူအညီပေးရမလဲ ခင်ဗျာ ... ဆိုပြီး လူတစ်ယောက်က မေးလာခဲ့တယ်.....

“အော် ကျမ တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးတွေရွာမှဖြင့်လျှင်ကွယ် စာအုပ်ကို လိုက်ရှာနေတာပါ .... လို့ဆိုတော့

အနည်းငယ်မြင့်တတ်သွားပုံရတဲ့ သူ့မျက်ခုံးနှစ်ဘက်ကို ကျုံ့လိုက်ရင်း အံ့သြသွားပုံရတဲ့ သူက

“တိုက်တိုက်ဆိုင်ဆိုင်ဗျာ .... ကျတော်ညဘက် ဖတ်မလားဆိုပြီး ခုနကပဲ အဲဒီစာအုပ်ကို ယူထားလိုက်မိတာ ... အဲဒါကြောင့် ဒီစင်မှာ ရှိမနေတာပါ .... ခဏစောင့်နော် ကျတော်သွားယူပေးပါ့မယ် ”

“အော် ... နေပါစေရှင် ကျမနောက်မှပဲယူပါ့မယ် ... အဲဒီစာအုပ်က ကျမဖတ်ပြီးသားစာအုပ်လေးပါ နောက်တစ်ခေါက်ထပ်ဖတ်ချင်တာနဲ့ ပြန်ရှာကြည့်တာပါ ...

“ယူသွားပါဗျာ ... ကျတော်လဲ အခေါက်ခေါက်အခါခါ ဖတ်ပြီးသားပါ .... လို့ပြောရင်းဆိုရင်း သူထိုင်နေကျ စားပွဲရှိရာဘက်ကို ခပ်သုတ်သုတ်လေးထွက်သွားပြီး ကျမကို စာအုပ်လေး လာပြန်ပေးပါတယ်

“ကျေးဇူးတင်ပါတယ်ရှင် ကျမကို သွားခွင့်ပြုပါဦး လို့ နှုတ်ဆတ်ရင်း ကောင်တာက စာရင်းမှတ်တဲ့ ကောင်မလေးဆီမှာ မှတ်ဖို့ပေးရင်း ညမွှေးပန်းစာပေထဲက ထွက်ခဲ့လိုက်ပါတယ်.....

အဲဒီလိုပါပဲ ....ကျမကတော့ စာသင်ကျောင်းလေးနဲ့ အနီးဆုံးဖြစ်ပြီး ညမွှေးပန်းရုံတွေကို ဖြတ်ကျော်သွားရတဲ့ ညမွှေးပန်းစာပေဆိုတဲ့ အမိုးပြာလေးရဲ့အောက်ကို အဲဒီနေ့ရက်ကစလို့ နေ့စဉ်ရောက်ဖြစ်ခဲ့သလို .......

အဲဒီနေ့မှာပဲ “ မိုးတွေရွာမှဖြင့်လျှင်ကွယ်..... ” ဆိုတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်လေး တစ်အုပ်ကို အကြောင်းပြုပြီး ခင်မင်ခွင့်ရခဲ့တဲ့လူတစ်ယောက်ကတော့ တစ်ခါတစ်ရံ တစ်ပတ်လောက် ပျောက်သွားလိုက် ရံဖန်ရံခါ ဆိုသလို စာအုပ်ဆိုင်လေးထဲကို ရေးကြီးသုတ်ပြာပြန် ရောက်လာလိုက်နဲ့ အမြဲတမ်းလိုလို အလုပ်တွေနဲ့ ရှုပ်နေတတ်ခဲ့ပြန်တယ် ....

ဘာကြောင့်မှန်းမသိ ညမွှေးပန်းဆိုင်လေးနဲ့အတူ သူ့ကိုပါ တွယ်တာမိလာတဲ့ ကျမရဲ့ သံယောဇဉ်အတိုင်းအတာလေးတစ်ခုဟာလဲ သူရှိမနေတဲ့ မိုးသည်းညနေခင်းတွေနဲ့အတူ ရင်ထဲမှာအမြဲတမ်းမှိုင်းမှိုင်းပျပျပါပဲကွယ်.......။

သူပြန်ရောက်လာလို့ ကျမနဲ့တွေ့တဲ့အချိန်တိုင်းမှာတော့ အသိအမှတ်ပြုမျက်ဝန်းတစ်စုံနဲ့အတူ ပါးချိုမ့်နှစ်ဘက်ကိုပါ ခွက်ဝင်သွားအောင်ပြုံးပြရင်း ......

“ဖြူရေ .... စာအုပ်အသစ်တွေပါလာတယ်ဗျ.....ဖြူလိုချင်တဲ့စာအုပ်ရှိရင်လဲ ကျတော့်ကိုပြောနော် ဘာမှအားမနာနဲ့ဆိုပြီး လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လေ့ရှိတဲ့ အဲဒီလူရဲ့ ပုံစံက စာအုပ်တွေကို ရူးသွပ်စွာနှစ်သက်ခဲ့သူတစ်ယောက် ၊ ကျမလိုပဲ စာအုပ်ဂျပိုးတစ်ယောက်ဖြစ်ခဲ့ရုံမျှမက ..... ကျမကို ကျမကိုခင်မင်တွယ်တာခဲ့ဘူးတဲ့လူတစ်ယောက်ဖြစ်တဲ့အပြင် အရာရာမှာ သိပ်ကိုနားလည်ရခက်တဲ့လူတစ်ယောက်ပါ ဖြစ်နေခဲ့ပြန်တယ်....။

                           ******************************************
(၃)
“သူ့သဏ္ဍာန်ဖြူဖြုဖွေးပါတဲ့
ကြူကြူမွှေးတဲ့ ပန်းတစ်ခိုင် ....
ရနံ့လှိုင် ဘယ်သူပြိုင်ဝံ့တယ်
နမ်းမ၀အောင် မွှေးသည့်ပန်း ...

“ကောင်းလိုက်တဲ့ကဗျာလေးဗျာ .... ကျတော်အရမ်းနှစ်သက်တယ်ဖြူ..... ဘာဖြစ်လို့လဲဆိုတော့ကျတော်က ကဗျာတွေကို အရမ်းမြတ်နိုးတာဗျ ... အထူးသဖြင့် စံပါယ်တို့ နှင်းဆီတို့ သဇင်တို့ စတဲ့ပန်းတွေကိုပဲ တင်စားပြီးရေးထားတဲ့ ကဗျာတွေစာတွေ သီချင်းတွေကိုပဲ တွေ့ခဲ့ဘူးတာ ... ညမွှေးပန်းကို ခုလို တင်စားပြီးရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ကို တွေ့လိုက်ရတော ကျတော် အရမ်းဝမ်းသာသွားတယ် ..... ကြက်သီးတောင် ထတယ်ဗျာ .... တဲ့

ကဗျာလေးရဲ့နောက်ဆုံးနှစ်ပိုဒ်ကို အထပ်ထပ်ဖတ်နေတဲ့သူ့ရဲ့ချီးမွမ်း ထောပဏာပြုသံ အဆုံးမှာ ပြုံးရုံသာ ပြုံးနေခဲ့လိုက်ရင်း ဒီကဗျာရှင်က ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ သူ့ကို မပြောပြဖြစ်ခဲ့ပါ ....။

“အော် ဖြူ ဒီစာအုပ်လေးက အခုလမှ အသစ်ထွက်တာလေ ...ရွှေနှင်းဖြူ ဆိုတဲ့ စာရေးဆရာမ တစ်ယောက် ရေးတာ ... ကျောက်ပန်းတောင်းမြို့လေးနဲ့ ညမွှေးပန်းအကြောင်းလေးပါကတည်းက ကျတော်ရောင်းဖို့ရော ငှါးဖို့ရော ၀ယ်လာလိုက်တာလေ .... ကျတော်ကတော့ စာရေးဆရာသိပ်မရွေးဘူးဗျ သူ့ရဲ့ရေးသားတဲ့ဟန်လေးတွေ သဘောကျလို့ ထွက်တိုင်းတော့ စောင့်ဖတ်ဖြစ်တယ်...”

ရင်ထဲမှာ ကျေနပ်ကြည်နူးမိတဲ့စိတ် .... ရယ်ချင်နေတဲ့စိတ်ကို မနည်းမြိုသိပ်ထားရင်း ကိုယ့်ကို ရွှေနှင်းဖြူမှန်းမသိပဲ ချီးမွမ်းခန်းဖွင့်နေခဲ့တဲ့သူ့
ကို ကျမက အဲဒီ့အညတရစာရေးဆရာမပေါက်စလေး ရွှေနှင်းဖြူပါလို့ပြောပြချင်ခဲ့မိပေမယ့် သူ့အလိုလို
နှုတ်ဆိတ်၍ပဲ နေဖြစ်ခဲ့တယ် .....။

“ကျတော်တို့ ကျောက်ပန်းတောင်းနယ်က စကားဝါမြေလို့ နံမည်ကြီးတဲ့အတွက် စကားဝါပန်းလို့ခေါ်တဲ့ တောင်တော်ပန်း တွေပဲရှိတာမဟုတ်ပါဘူး ...ဖြူရယ် ....

ရာသီအလိုက်ပွင့်ကြတဲ့ ညမွှေးပန်းတွေ ၊ ယုဇနပန်းတွေ နဲ့ နောက် ဧကရာဇ်ပန်းတွေ ... တမာပန်းရနံ့တွေ စတဲ့ အမျိုးအမည်စုံလင်တဲ့ တောပန်းတောင်ပန်းတွေကလဲ အများကြီးရှိသေးတာလေ... လို့ ဂုဏ်ယူဝံ့ကြွားစွာပြောနေတဲ့ လူတစ်ယောက်ရဲ့နှလုံးသားမှာ သူ မွေးဖွားကြီးပြင်းခဲ့တဲ့ အညာမြို့လေးရဲ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးကြောင်း အထင်းသား ပေါ်လွင်နေခဲ့တယ် .....

လူမှုရေးလုပ်ငန်းတွေနဲ့ အကျိုးပြုလုပ်ငန်းတွေကိုပဲ တတ်တတ်ကြွကြွလုပ်ကိုင်ရင်း ရံဖန်ရံခါဆိုသလို သူဝါ သနာပါတဲ့ စာအုပ်တွေကြားမှာ အချိန်ကုန်နေခဲ့တဲ့လူငယ်တစ်ယောက်ဟုသာ သုံးသပ်ခဲ့ဘူးပေမယ့် ကဗျာကိုချစ်တဲ့သူတစ်ယောက် အညာကိုချစ်တဲ့လူတစ်ယောက် .... လို့အသိအမှတ်ပြုလိုက်မိပြန်တယ်။

“ရှင်က စာပေ၊ အနုပညာနဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သတ်ရင် အမြဲတမ်း လေးလေးနက်နက် ရှိတာနော် ... ရှင့်အတွက် ချမ်းသာတဲ့လုပ်ငန်းမဟုတ်ပေမယ့် ၀ါသနာပါရာကိုလုပ်ရင်း ပျော်မွေ့နေတတ်တဲ့ ရှင့်ကိုကြည့်ရတာ ကျမတစ်ကယ် အားကျမိပါတယ် ဆိုတဲ့ ကျမရဲ့ ဝေဖန်သုံးသပ်ချက်ကိုတော့ .....

“ကျတော့်ကို နားလည်ပေးနိုင်တဲ့သူက လောကကြီးမှာ ဆုံးသွားပြီဖြစ်တဲ့ ကျတော့်အမေပြီးရင် ရှားရှားပါးပါး မိတ်ဆွေဖြစ်တဲ့ ခင်ဗျားကို လက်ညှိုးထိုးပြရမှာပဲ.... ခုခေတ် လူငယ်စကားနဲ့ပြောရရင်တော့ ကျတော်က ဘ၀အာမခံချက်ရယ်လို့ ဘာတစ်ခုမှ မပြနိုင်သေးတဲ့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ပေါ့ဗျာ ...

 တစ်ကယ်တော့ ယုံကြည်ချက်ဆိုတာ အောင်မြင်သူတွေရဲ့ရင်ဘတ်ထဲက ဘယ်တော့မှ မလဲနိုင်တဲ့အလံဆိုတဲ့အဆို တစ်ခုအတိုင်းပါပဲ ...... ကျတော့်ရဲ့ယုံကြည်ချက်တွေအတွက် အောင်မြင်တဲ့အလံတစ်ခုကိုတော့ လွှင့်ထူနိုင်ဖို့ ကျတော် ကြိုးစားသွားမှာပါ ....

“ဘာပဲဖြစ်ဖြစ်လေ.... မိမိကိုယ်တိုင် စိတ်ကြိုက်တည်ဆောက်ထားတဲ့ဘ၀ဆိုတာကိုတော့ မိမိ ကိုယ်တိုင်အမြဲတမ်း ကျေနပ်နှစ်သက် နေတတ်ဖို့တော့ လိုအပ်တယ်နော် ....”
လို့ ကျမကဆိုတော့ သူ့ရဲ့ တောက်ပနေတဲ့ မျက်ဝန်းတစ်စုံက ကျမ မသိတဲ့ အရိပ်တွေနဲ့အတူ မိုးရေစက်တွေကြားက ညမွှေးပန်းရုံတန်းတွေ ဘက်ကိုအတန်ကြာ ငေးမောသွားခဲ့တာ ကျမ အဲဒီ့မျက်ဝန်းတွေကို ဘယ်မေ့ရက်နိုင်ပါ့မလဲကွယ် ......။

            *********************************************************
(၄)
တစ်ခုသော ညနေစောင်းလေးမှာ ကျမစာအုပ်လေးတစ်ချို့ကို လက်မှာပွေ့ပိုက်ရင်း သူနဲ့အတူ အေးအေးဆေးဆေး လမ်းလျှောက်ဖြစ်ခဲ့တယ် ....။
အဲဒီညနေခင်းက လိုအပ်တာထက် တိတ်ဆိတ်ခြောက်သွေ့နေခဲ့သလို .... ကျမခြေလှမ်းတွေကလဲ လိုအပ်တာထက် နှေးကွေးလေးလံနေခဲ့တာ ဘာ့ကြောင့်များလဲ ....
အဲဒီနောက်မှာ ငြိမ်သက်မှုကို အရင်ဆုံးဖြိုခွင်းလိုက်နိုင်တဲ့ သူ့ဆီက စကားသံသဲ့သဲ့ကို ကြားခွင့်ရလိုက်တယ်

“ဖြူ ... ဘ၀အမြင် နဲ့ နှလုံးသားခံစားချက် ဆိုတဲ့အပေါ်မှာ ကျတော့် သုံးသပ်ချက် နဲ့ယူဆချက်လေးတစ်ချို့ကို ဖြူ့ကိုပြောပြချင်တယ်....

လေးလေးနက်နက် တောင်းဆိုလာတဲ့ သူ့စကားအသွားအလာပေါ်မှာ လိုလားစွာ စီးမျောလိုက်ပါမိရင်း ကျမ ခေါင်းတစ်ချက်ကို အသာအယာ ငြိမ့်ပြလိုက်တယ် ....

“ကျတော်ကလေ ၊ အခမဲ့ပညာရေးကျောင်းတွေ ၊ ကျန်းမာရေးနဲ့ပတ်သတ်တာတွေ ၊စာပေဟောပြောပွဲစီစဉ်တာတွေ ဆိုတဲ့ ကျတော့်အတွက် ပိုက်ဆံမရတဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ရှုပ်ထွေးနေချိန်မှာ .......... ကျတော့ကို နားလည်မှုမပေးနိုင်ခဲ့တဲ့ ၊ ကျတော့ဘ၀နဲ့ တစ်ထပ်တည်း တစ်သားတည်းကျနိုင်မယ့် အမျိုးသမီးတစ်ယောက်အပေါ်မှာ အတိုင်းအတာတစ်ခုထိ မြတ်နိုးတွယ်တာမိခဲ့တာ ကျတော့ကိုယ် ကျတော်အပစ်တင်မိတယ်ဖြူ......

တံတွေးတစ်ချက်ကို မြိုချလိုက်ရင်း ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့ သူ့မျက်ဝန်းနက်တွေမှာ နာကြင်မှုအရိပ်အယောင်နှင့်အလွမ်းရိပ်တို့ယှက်ဖြာနေခဲ့တာကို တွေ့ရတော့ ကျမသူ့စကားတွေအတွက် ခပ်အက်အက်လေး ရယ်မောပစ်ချင်ခဲ့မိသည်..... သို့သော ကျမ မရယ်ဖြစ်ခဲ့ပါ......။

သူ့ဘက်ကလဲ အတန်ကြာငြိမ်သက်ပြီးကာမှ ခြောက်သွေ့အက်ကွဲနေသောလေသံတိုးတိုးလေးနဲ့ ဆက်ပြောလာခဲ့ပြန်တယ် .......

ဒါပေမယ့် ဖြူ ကျတော် အမှန်တစ်ကယ်ချစ်မြတ်နိုးခဲ့သူ တစ်ဦးတစ်ယောက်အတွက် ထိခိုက်နစ်နာမှာ ... အထူးသဖြင့် ချစ်ခြင်းမေတ္တာတရားလို့ခေါ်တဲ့ စာတမ်းလေးတစ်ပုဒ်ကို ကျတော့်အနေနဲ့ တာဝန်ကျေအောင် မပြုစုနိုင်မှာ၊ မြတ်နိုးမိသူတစ်ယောက်အတွက် ချစ်ခြင်းမေတ္တာတရားဆိုတဲ့ ခေါင်းစဉ်လေးတစ်ခုအောက် ကဗျာလေးတစ်ပုဒ်လောက်ကိုတောင် ပြီးအောင်အဆုံးမသတ်နိုင်မှာကို ကျတော်အစိုးရိမ်ဆုံးပါပဲ ဖြူ ....တဲ့

ကျမ သူ့ရဲ့ဆိုလိုရင်းကို နားလည်ချင်ပါသည်... သို့သော် နှလုံးသားကနားမလည်နိုင်ခဲ့ပါ.....။

ဖြူကရော ချစ်ခြင်းမေတ္တာဆိုတဲ့စကားကို ဘယ်လိုနားလည်လက်ခံထားသလဲ ဆိုတဲ့သူဆွေးနွေးလာတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ခေါင်းစဉ်တစ်ခုအတွက် ..... ကျမ သက်ပြင်းတစ်ချက်ကိုခပ် ပြင်းပြင်းလေးရှူရှိုင်လိုက်မိတယ် .....။

“အင်း ... ချစ်ခြင်းမေတ္တာဆိုတာကို ခေါင်းစဉ်တစ်ခုလိုပဲတပ်တပ် စာတမ်းတစ်ပုဒ်လိုပဲရေးရေး... လှပတဲ့ ခိုင်မာတဲ့ ချစ်ခြင်း မေတ္တာတရားကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင်တော့... တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ယုံကြည်လေးစားမှု ၊ နားလည်ခွင့်လွှတ်မှုနဲ့ ၊ ဆွေးနွေးညှိနှိုင်းမှု ၊ အပြန်အလှန် စိတ်ပျော်ရွှင်ချမ်းမြေ့မှု ပေးစွမ်းနိုင်အောင် ကြိုးစားဖို့လိုအပ်သလို ...........ပွင့်လင်းရိုးသားမှုတော့ရှိရတယ်လေ ......
တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ကူညီပံ့ပိုးပေးနိုင်ဖို့ ပါရမီဖြည့်နိုင်ဖို့ဆိုတာတွေကလဲ အရေးအကြီးဆုံး အခန်းကဏ္ဍမှာပါဝင်တယ်ဆိုတာလောက်တော့ ကျမ နားလည် လက်ခံထားတယ်.....

“ဖြူပြောတာ တော်တော်လေးပြည့်စုံသွားပါပီ ... ဒါပေမယ့်ဖြူ လူတိုင်းက အဲဒီလို အပြောနဲ့လက်တွေ့နဲ့ ထပ်တူညီနိုင်ကြပါ့မလား ....ဆိုတဲ့မေးခွန်းအတွက်တော့

“ဒါကတော့ မေတ္တာတရားကို အခြေခံပါလိမ့်မယ် ....လို့ ကျမ တိုတိုတုတ်တုတ်ပဲ ဖြေဖြစ်ခဲ့တယ်...။

ဆိုင်ထဲမှာ စာအုပ်လာငှါးသူတစ်ချို့လဲ ရောက်လာခဲ့ပြီမို့ ..... စကားစပြတ်သွားကြရင်း အတွေးကိုယ်စီနဲ့ ငြိမ်သက်နေခဲ့ချိန်တစ်ခဏ ...
မြောက်ပြန်လေတစ်ချက်ရဲ့တိုက်ခတ်လာမှုနဲ့အတူ ညမွှေးပန်းရနံ့တွေက စာအုပ်ဆိုင်ရဲ့ပြတင်းပေါက် လေးကနေတစ်ဆင့် ၀င်ရောက်မွှေးပျံ့လာခဲ့တာ ....ညနေခင်းဟာ ခြောက်သွေ့တိတ်ဆိတ်ပေမယ့် ခံစားတတ်သူရဲ့ ရင်ခွင်ကို တစ်မျိုးလေး ကြည်နူးချမ်းမြေ့စေပြန်တာ အရိပ်တစ်ခုကြောင့်ထင်ပါရဲ့ကွယ် .........။
ကျမ ပြန်ရတော့မယ့်အချိန်ရောက်လာပြီမို့ မသိမသာစာအုပ်ဆိုင်လေးထဲက တိုင်ကပ်နာရီလေးဆီကို မော့ကြည့်လိုက်တော့ သူကလဲ အလိုက်သိစွာနဲ့

“ကဲ မိုးတောင်ချူပ်နေပြီဖြူ ... ဖြူလဲပြန်ချင်ပြီထင်ပါရဲ့ တဲ့ ......

ကျမလဲ ခေါင်းတစ်ချက်ကို အသာအယာငြိမ့်ပြလိုက်ရင်း
“ဒါနဲ့ .... မနက်ဖြန်ရှင်ခရီးသွားတော့မယ်နော် လို့တိုးတိတ်စွာဆိုဖြစ်တော့ .........

“ထုံးစံအတိုင်ပဲပေါ့ဖြူ .... ကျတော် ဒီတစ်ခေါက်ခရီးသွားတာ အရင်ကထက်ပိုပြီး ကြာလိမ့်မယ်...။

သက်ပြင်းချသံခပ်သဲ့သဲ့လေးရဲ့နောက်မှာ နားလည်မှုတွေထွန်းညှိုထားတဲ့ လေပြေလေးတစ်ချက်ကလည်း ခပ်ငြိမ့်ငြိမ့်စီးမြောလိုက်ပါလာခဲ့သလို .....အခါတိုင်းလိုပါပဲ သူကလဲ ကျမကိုအထူးတလည်နှုတ်မဆက်သလို ကျမကလဲ တိတ်ဆိတ်ခြင်းများဖြင့်သာ ................။

ခြောက်သွေ့တိတ်ဆိတ်လွန်းတဲ့ညနေခင်းတစ်ခုရဲ့ အောက်မှာ... သံယောဇဉ်ဆိုတဲ့ တံတားလေးတစ်စင်းကို ကျမတို့နှစ်ဦးရဲ့ရင်းတွင်းမှာ နားလည်မှုအခင်းအကျင်းလေးတွေနဲ့အတူ နှစ်ဦးသဘောတူ တည်ဆောက်မိခဲ့ကြရင်းပေါ့ ....။

                      ************************************************
(၅)
ကျမလက်ထဲက စာရွက်လေးတစ်ရွက်ကြောင့် သူသူကတော့ ကလေးတစ်ယောက်လို ခုန်ပေါက်ပျော်မြူးနေခဲ့တယ် .....။
ဒေါ်ရွှေနှင်းဖြူ ၊ ဒေါ်သူသူမြတ် ဆိုတဲ့ နံမည်ရဲ့အပေါ်မှာက ကျောက်ပန်းတောင်း

မြို့လေးကနေ တောင်ပေါ် မြို့တစ်မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ အထက်တန်းကျောင်းလေးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်သည် ဆိုတဲ့ စာလေး ......
အဲဒီနေရာကို သွားဖို့ သူသူနဲ့ကျမ နှစ်ယောက်တိုင်ပင်ပြီး ရွေးခြယ် လျှောက်ထားဖြစ်ခဲ့ကြတာ .....

ဒီနေရာ ဒီဒေသလေးကို သံယောဇဉ်ဖြစ်နေခဲ့ပြီဆိုပေမယ့် ကျမတို့လုပ်ချင်တဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ကျမတို့ စိတ်ကြိုက်ရွေးခြယ်ခဲ့ကြခြင်းသာ ....။

အဲဒီလိုနဲ့ပဲ ပြောင်းရွှေ့ရတော့မယ့် ရက်က တဖြေးဖြေးနီးကပ်လာခဲ့တယ်...။

အညာဒေသရဲ့ အငွေ့အသက် ... တောမြို့လေးရဲ့ရိုးသားမှုဂုဏ် .... လွမ်းမောဖွယ်ကောင်းတဲ့ စကားဝါ လမ်းသွယ် .... စမ်းရေအိုင်အလည်က ငွေဗျိုင်းဖြူဖြူလေးတွေနဲ့ ကျမအိမ်ခေါင်းရင်းက ညမွှေးပန်းရနံ့ တွေအားလုံးက ဘယ်လိုပဲကြည့်ကြည့် ကျမအတွက် ချစ်စရာ ကောင်းနေခဲ့တော့တယ် ...။

တစ်ကယ်တော့ ကျမက ကျောက်ပန်းတောင်းလို့ခေါ်တဲ့ ဒီအညာမြို့လေးက စာသင်ကျောင်းလေးကို တာဝန်ကျလာခဲ့တာ သိပ်မကြာလှသေးပေမယ့် အားလုံးနဲ့ အင်ကျွမ်းတ၀င်ဖြစ်ပြီး နေခဲ့မိတာ ...။

အချိန်တိုတိုလေးအတွင်းမှာပဲ ဒီတောမြို့လေးနဲ့ ကျမရဲ့လုပ်ငန်းခွင်မှာရော ၊ ပတ်ဝန်းကျင် အားလုံးနဲ့ပါမကျန် အလွယ်တစ်ကူ ရင်းနှီးနွေးထွေးလာခဲ့တာဟာလဲ ... အံ့တော့အံ့သြစရာပါပဲ ....။

အထက်တန်းပြဆရာ ဆရာမ၀န်ထမ်းသိပ်မများလှတဲ့ တောမြို့ကျောင်းလေးမှာ အလုပ်နဲနဲများတယ်ဆိုပေမယ့် ...

ရသမျှအချိန်လေးတွေမှာ စာအုပ်ဖတ်ခြင်းနဲ့ ၊ တစ်ခါတစ်ရံ စိတ်ကူးပေါက်တဲ့အခါမှာ ကဗျာလေးတွေ ရေးခြင်းတွေနဲ့ပဲ ကုန်ဆုံးစေခဲ့တာဟာ ကျမရဲ့ နေသားကျလာတဲ့ ပုံစံခွက်တစ်ခုလဲဖြစ်ခဲ့တယ် ....။

ရေးလက်စ ကဗျာစာရွက်လေးကို လက်ထဲမှာကိုင်ရင်း ....ကောင်းကင်ပေါ်က ရွှန်းမြနေတဲ့လ လမင်းကြီးကို ငေးမောနေဖြစ်ခဲ့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ မသိ ..။

သတိပြန်ဝင်လာမှ ဗလာစာရွက် အကြမ်းလေးပေါ်မှာ ရေးချထားခဲ့တဲ့ ကဗျာ အပိုင်းအစလေးတွေကို သေသေချာချာပြန်စီလိုက်တယ်...။
ကျမနေထိုင်တဲ့ အိမ်သေးသေးလေးရဲ့ခေါင်းရင်းမှာ အဆုတ်လိုက်အခိုင်လိုက်ပွင့်ဝေနေကြပြီး သင်းပျံ့တဲ့ ရနံ့တွေနဲ့ ကျမစိတ်ရဲ့စိတ်ကို ညစဉ်အေးချမ်းကြည်နူးမှုလေးတွေ ပေးစွမ်းခဲ့တဲ့ ညမွှေးပန်းလေးတွေ......

ကျမသိပ်ချစ်တဲ့ အဲဒီ ညမွှေးပန်းလေးတွေနဲ့ နှုတ်ဆက်ခွဲခွာရတော့မယ်ဆိုတော့ ရင်ထဲမှာတစ်ကယ် မကောင်းမိ။

အတွေးတွေ ဟိုရောက် ဒီရောက်နဲ့ မြောက်ပြန်လေလေးတစ်ချက် တိုက်ခတ်မှုနဲ့အတူ ပျံ့လွင့်လာတဲ့ ပန်းရနံ့တွေနဲ့အပြိုင် .... ညမွှေးပန်းဆိုတဲ့ညနေတိုင်းသွားနေကျ စာအုပ်ဆိုင်လေးကိုပါ သတိရလိုက်မိပြန်တယ် ....
ပြီးနောက် အခုတလော ညမွှေးပန်းကို ရောက်မလာတာ တစ်ပတ်လောက်ရှိပြီဖြစ်တဲ့ လူတစ်ယောက် ... ဘယ်မြို့ ဘယ်နယ်ရောက်ပြီး ဘယ်လိုလုပ်ငန်းတွေလုပ်နေလဲဆိုတာကို ဒီတစ်ခေါက်နားဆင်ခွင့်ရခြင်းက သူနဲ့အတူ ညမွှေးပန်းစာပေဆိုတဲ့ အမိုးပြာအဆောက်အအုံလေးကို နှုတ်ဆက်ခွဲခွာရတော့မယ့် နောက်ဆုံးအကြိမ်လဲဖြစ်နေခဲ့ပြန်တယ်လေ....။

ကျမ အဲဒီမြို့လေးကနေ ပြောင်းရွှေ့ရမယ့် နောက်ဆုံးနေ့ရက်တွေအထိ ညမွှေးပန်းဆိုတဲ့ ဆိုင်လေးကို သူအရောက်ပြန်မလာနိုင်ခဲ့ ...။

လူမှုရေးလုပ်ငန်း တွေအတွက် ခရီးလွန်နေမယ့် သူ့အကြောင်းကိုတွေးမိရင်း ညမွှေးပန်းနဲ့သူ့အတွက် ရင်ထဲကပဲ တိတ်တစ်ဆိတ်နှုတ်ဆက်ဖြစ်ခဲ့လိုက်တယ် ....။

                                 ***************************************
(၆)
တစ်နေ့ ၊ တစ်ရက် ၊ တစ်လ ၊ တစ်နှစ် ဆိုတဲ့ အချိန်ကာလတွေက အလွန်မြန်ဆန်လွန်းလှသလို အချိန်ကာလ နေရာဒေသတွေလိုက်ပြီး လူတွေရဲ့အခြေအနေတွေ ပုံစံ အနေအထားတွေပါ ပြောင်းလဲသွားတတ်ကြပါတယ် ....။
အဲဒီလိုပဲ စာပေမြတ်နိုးမိသူ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကျမလဲ လုပ်ငန်းခွင်ထဲမှာ အထက်တန်းပြကျောင်းဆရာမလေးဘ၀ ၊ အဲဒီကနေ ရာထူးတိုးတွေနဲ့ နယ်ပေါင်းစုံကို မသွားချင်တော့တဲ့ အချိန်ကလဲ ကျမရဲ့အသက်အရွယ်အပိုင်းအခြားကာလတစ်ခုက လူလတ်ပိုင်းအရွယ်ကို ကျော်လွန်ကာနီးခဲ့ပြီမို့ တောင်ပေါ်မြို့လေးတစ်ခုမှာပဲ အခမဲ့ပညာရေးကျောင်းလေးတစ်ခုကို စေတနာရှင်တွေ ၊ ပညာ၇ှင်တွေ ၊ စာပေသမားတွေရဲ့အကူအညီနဲ့ပူးပေါင်းထူထောင်ဖြစ်ခဲ့ကြတယ်....။

အသက်အရွယ်နဲ့ အတွေ့အကြုံအရ တစ်ဘက်ကလည်း ၀ါသနာနဲ့ ကျမရေးဖြစ်ခဲ့သမျှ ဘ၀အတွေးအမြင် ဗဟုသုတလေးတွေအပြင် ၊ တတ်နိုင်သမျှ ပညာရေးနဲ့ ပတ်သတ်သော ဆောင်းပါးတွေကို မဂ္ဂဇင်း နဲ့ ဂျာနယ်တွေမှာ လစဉ်ဆိုသလို ထည့်သွင်းရေးသားဖြစ်သလို ရံဖန်ရံခါ စာပေဟောပြောပွဲတွေမှာ ဟောပြောဖြစ်ရင်း ရွှေနှင်းဖြူ ကလောင်နံမည်လေးကလည်း မသိသူမရှိအောင်ဖြစ်လာခဲ့တယ်.....။

“ ဒေါ်ရွှေနှင်းဖြူ ရေ နေ့လည်တစ်နာရီတိတိမှာ ရှင့်ရဲ့ဟောပြောမှုစရမယ်နော်

လို့ သတိပေးရင်း ပြန်ထွက်သွားခဲ့တဲ့ သူငယ်ချင်းမမက ယနေ့အထိ ကျမနဲ့အတူ လက်တွဲမဖြုတ်ပဲစိတ်တူ ကိုယ်တူ ၀ါသနာတူ လုပ်ငန်းတူသည့်  သူငယ်ချင်း သူသူမြတ် ....

“ဟုတ်ကဲ့ပါ ဒေါ်သူသူမြတ်ရယ် လို့ ကျမက ပြန်ပြီးနောက်ပြောင်ကျီစယ်လိုက်တယ် ....

အဲဒီတော့မှ ကျမရောက်နေခဲ့တဲ့ နေရာက ကျောက်ပန်းတောင်းမြို့၊
စာပေဟောပြောပွဲတစ်ခုမှာ လူအုပ်ကြီးနဲ့အတူ ရှိနေခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပြန်ထားလိုက်မိတယ် ....။

အဲဒီအချိန်မှာပဲ “ ဒေါ်ရွှေနှင်းဖြူရေ ကျတော်မိတ်ဆက်ပေးရဦးမယ် ဆိုတဲ့ စကားသံနဲ့အတူ စာပေဟောပြောပွဲတာဝန်ခံလဲဖြစ်အဲဒီ မြို့လေးရဲ့ ဘ၀အလင်းအိမ်စာကြည့်တိုက်ကို မတည်လှူဒါန်းသူလဲဖြစ်သည့် ဆရာဝန်ကြီးတစ်ယောက်က ကျမနဲ့အသက်ရွယ်တူလောက်ပဲဖြစ်မည့် လူတစ်ယောက်ကို မိတ်ဆက်ပေးရင်း ကျမတို့ပြန်လည်ဆုံဆည်းဖြစ်ကြပြန်သည်။ ....

“ဒေါ်ရွှေနှင်းဖြူ ဒါ ကျတော်တို့ပြောပြောနေတဲ့ ညမွှေးပန်း လူမှုကူညီရေးလုပ်ငန်းတွေရဲ့ အသင်း ဥက္ကဌ ဦးမြတ်တေဇာ ဆိုတာလေ .....ကိုမြတ် ရေ ဒါကတော့ ခင်ဗျားအရမ်းကို နှစ်သက်တဲ့ စာရေးဆရာမ ရွှေနှင်းဖြူ ..... ကျွန်တော်အခုလုပ်နေတဲ့ HIV စောင့်ရှောက်ရေးဂေဟာတွေမှာ ကလေးတွေရဲ့ ပညာရေးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်တွေပေါ့ဗျာ .....လို့ မိတ်ဆက်ပေးပါတယ်....။

“တွေ့ရတာဝမ်းသာပါတယ်ရှင် ဆိုပြီး မျက်နှာကို သေသေချာချာကြည့်လိုက်မိတဲ့တစ်ခဏ .....

“ တည်ကြည်ခန့်ငြားနေတဲ့ ထင်ထင်ရှားရှားအပြုံးတွေနဲ့အတူ စူးရှတောက်ပနေတဲ့ မျက်ဝန်းတစ်စုံနဲ့ ဦးမြတ်တေဇာ .....လို့ခေါ်တဲ့လူတစ်ယောက် ...... ကျမကို ရင်းရင်းနှီးနှီးကို မှတ်မိနေခဲ့တယ်တဲ့ လူတစ်ယောက်က.......

“ဖြူ .... ဟိုး လွန်ခဲ့တဲ့နှစ်တွေက ဒီမြို့လေးကနေပြောင်းသွားတော့ ကျွန်တော်တို့ နှုတ်မဆက်လိုက်ရဘူးနော်..... ဖြူ ထားပေးခဲ့တဲ့ စမ်းရေစီးသံဆိုတဲ့စာအုပ်လက်ဆောင်လေး နဲ့ ရွှေနှင်းဖြူ ဆိုတဲ့ ဆိုင်းထိုးထားတဲ့ စာမျက်နှာလေးအတွက် ကျေးဇူးတင်ကြောင်းပြောချင်နေခဲ့တာပါ ... ခုမှပဲဆုံကြရတော့တယ်တဲ့ .......

“ ဟုတ်ကဲ့ ကျမတို့တွေ မမျှော်လင့်နဲ့နေရာမှာ မမျှော်လင့်ပဲဆုံခဲ့ကြပြန်ပြီ... လို့ တိုးတိတ်စွာဖြေလိုက်မိတဲ့ ကျမစကားသံတွေက အသက်အရွယ်နဲ့အတူ တည်ငြိမ်ရင့်ကျက်မှုတွေ ပါဝင်နေခဲ့တာ သူလဲသတိပြုမိမယ်ထင်ပါရဲ့......

“တွေ့ရတာ တစ်ကယ်ပဲဝမ်းသာပါတယ်  ... ညမွှေးပန်းဆိုတဲ့လူမှုပရဟိတလုပ်ငန်းတွေရဲ့ဆောင်ရွက်မှုတွေ အောင်မြင်မှုတွေက ဦးမြတ်တေဇာရဲ့ဂုဏ်သင်းတွေက ဟိုး ...အညာဒေသမှာပွင့်ကြတဲ့ ညမွှေးပန်းလေးလိုပဲ တစ်နိုင်ငံလုံးမှာ မွှေးကြိုင်သင်းပျံ့နေခဲ့တာကို ကျမကြားရတော့ ရှင့်အတွက်တစ်ကယ်ပဲ ကျေနပ်အားရနေခဲ့တာပါ .......
ရှင် မှတ်မိမလား မသိဘူး ကျမကိုယ်တိုင်ရေးသားခဲ့တဲ့ ညမွှေးပန်း ဆိုတဲ့ လုံးချင်းဝတ္ထုလေးထဲက ဦးမြတ်တေဇာနှစ်သက်တယ်ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကိုလေ ......

အေးချမ်းလှတဲ့ မျက်နှာအရေးအကြောင်းတွေတောင်ပေါ်စပြုနေတဲ့ လူကြီးတစ်ယောက်ရဲ့ အမူအရာနဲ့အတူ

“ကျွန်တော်ရုန်းကန်လာခဲ့ရတဲ့ ဘ၀ခရီးနဲ့ထပ်တူပဲ ဒီကဗျာလေးကို အထပ်ထပ်ရွတ်ဆိုလာခဲ့ရင်း ကဗျာပိုင်ရှင်တစ်ယောက်ကိုလဲ အမြဲ ချီးကျူးဂုဏ်ပြူနေခဲ့တာပေါ့ဖြူ တဲ့.....

ဘယ်လိုပဲဖြစ်ဖြစ် ကျမကို သတိရခြင်း မရခြင်းတွေထက် သူ့ရဲ့ကျမ ကဗျာလေးအပေါ်တန်ဖိုးထားမှုတစ်ခုအတွက် ကျွန်မ၀မ်းသာကျေနပ်မိခဲ့ပြန်တယ်.....။

“ကျမ အားလုံးကို အမြဲတမ်းသတိရပါတယ် .... ကျမဘယ်သူ ဘယ်ဝါ လဲ ၊ ဘာအလုပ်ကိုလုပ်သလဲ ၊ ကျမနံမည်အပြည့်အစုံကရော ဘယ်သူလဲလို့တောင် အရေးတယူ မမေးခဲ့ဘူးတဲ့ လူတစ်ယောက်ကိုလဲ ညမွှေးပန်းတွေနဲ့အတူ သတိရဖြစ်ပါတယ်လို့ ကျမကအပြုံးတစ်ခုနဲ့အတူ ရိုးသားစွာဆိုဖြစ်တော့ ......

အားနာခြင်း ၊ တောင်းပန်လိုခြင်းစတဲ့ ခံစားချက်ပေါင်းများစွာနဲ့ ရောယှက်နေခဲ့တဲ့ သူ့မျက်နှာပေါ်က အရိပ်တွေကိုတွေ့ခွင့်ရလိုက်တယ်....။
ပြီးတော့တစ်လုံးချင်း ပီပီသသကြားလိုက်ရတဲ့ သူ့အသံက ဟိုးအဝေးဆီကလာနေသလိုပဲ.......
ပြန်တွေးလိုက်မိတိုင်း `နှလုံးသားတစ်ခုလုံးကို နွေးထွေးစေခဲ့တာပါကွယ်.........

 “ကျွန်တော်တို့နှစ်ယောက်က` တစ်ယောက်ကိုတစ်ယောက် ရှာစရာမှမလိုတာပဲဖြူ .... ကျွန်တော်ဘယ်တုန်းကမှ ဖြူ့ကို နှုတ်မဆက်ဘူးသလို ဖြူလဲကျွန်တော့်ကို နှုတ်ဆက်သွားခဲ့သူမဟုတ်ဘူးလေ...
ရည်မှန်းချက်နဲ့ အများအတွက်ဆောင်ရွက်နေကြတဲ့ နှလုံးသားဖြူစင်သူတွေအချင်းချင်းကြားမှာ နားလည်မှုတစ်ခါးတစ်ချပ်သာ အမြဲရှိနေမယ်ဆိုရင် .... ကျွန်တော်တို့တွေနှုတ်ဆက်စရာလိုသေးလို့လား...
တစ်ယောက်ကိုတစ်ယောက် လူချင်းဝေးနေကြပေမယ့် နှလုံးသားချင်းနီးစပ်သလို ရင်ခုန်သံတွေလဲ အမြဲတူညီနေကြတယ်မဟုတ်လားဖြူတဲ့ ..........

ကျေနပ်မှုအပြုံးတစ်ခုနဲ့ တုံ့ပြန်နေဆဲမှာပဲ .... အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ကြတဲ့ အမျိုးသားတစ်ဦးထံမှ ဟောပြောပွဲအစီအစဉ်စတင်တော့မှာဖြစ်တဲ့အကြောင်းကြေငြာလိုက်တဲ့အတွက် ....
ကျမဟောပြောမယ့် အလှည့်မကျခင်မှာ အပြေးအလွှားနေရာပြန်ယူဖို့ သူ့ကို နှုတ်ဆက်ခဲ့လိုက်ပါတယ် ............။
အဲဒီအချိန်လေးမှာ သူ့ဘက်က လှိုက်လှိုက်လှဲလှဲတောင်းဆိုလာတဲ့ အရာတစ်ခုက .....

“ဖြူ .... ဖြစ်နိုင်ရင် ညမွှေးပန်းဆိုတဲ့ကဗျာလေးကို ရွတ်ပြဖြစ်အောင် ရွတ်ပြပါနော်တဲ့ .....

ကျွန်မအသာအယာခေါင်းငြိမ့်ပြခဲ့ရင်း ..... ကျမရဲ့ဟောပြောမှုပြုစဉ်အတွင်းမှာ ကျောက်ပန်းတောင်းမြို့လေးရဲ့ ပရိတ်သတ်တွေကို ကျမရဲ့စာပေဥယျာဉ်အတွင်းကို တစ်ဖြေးဖြေးခေါ်ဆောင်သွားရင်း အဲဒီမြို့လေးမှာ သာမန်စာရေးဆရာမဘ၀လေးနဲ့ကျမ ပထမဆုံးကျင်လည်ခဲ့ရတဲ့နေ့ညများစွာထဲက သူသိပ်နှစ်သက်တဲ့ အဲဒီကဗျာလေးကိုပါ စီးမျောစွာရွတ်ဆိုပေးခဲ့တယ်........................

ကဗျာလေးရဲ့အစက ..............................

“ပန်းကဗျာ ရေယဉ်ကြောမှာလ........
စန်းသော်တာပမာပြုချင်စမ်းပါဘိ................
မွှေးမြမြ သူ့ဂုဏ်အင်သတင်းကို.........
စာညွှန်းကာ ဖွင့်ဆိုပြုလိုက်မယ်.............
မွှေးလွန်းသည့်ပန်း .....................တဲ့.... အဲဒီလို အစချီထားတဲ့ ညမွှေးပန်းဆိုတဲ့ကဗျာတစ်ပုဒ်ကို ကျမရွတ်ဆိုနေစဉ်မှာ  တည်ကြည်ဖြောင့်မတ်ခြင်း ၊ ပိုမိုရင့်ကျက်ခြင်း ၊ မိမိကိုယ်မိမိယုံကြည်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်တွေများစွာနဲ့တစ်ချိန်ကကျွန်မနားလည်ရခက်ခဲ့သော.... အခုအချိန်မှာ ကျမနားလည်ပေးမိသော ကျမထက်အဆပေါင်းများစွာ ရင့်ကျက်နေခဲ့သူတစ်ယောက်ကလဲ ပရိတ်သတ်နဲ့အတူ စာရေးဆရာမတစ်ဦးဖြစ်တဲ့ကျွန်မရဲ့ စာပေတွေအပေါ်မှာ ရိုးသားသောမြတ်နိုးခြင်းတွေနဲ့ စီးမျောလိုက်ပါနေခဲ့တယ်ဆိုတာတော့ အသေအချာပါပဲကွယ်........................။

********************************************************************
ကျမနဲ့ ဘလော့စာမျက်နှာလေး ကင်းကွာနေတာကြာခဲ့ပါပြီ.... 
စာရေးခြင်းကိုရူးသွပ်မိသူအညတရဘလော့ဂါ တစ်ယောက်ဖြစ်တဲ့ ကျမရဲ့ ၀တ္ထုတိုလေးတွေ....ကဗျာအပိုင်းအစလေးတွေ ..... စာတိုပေစ မှတ်စုတိုလေးတွေကို .... သီးခံ၍ လာရောက်ဖတ်ရှုခံစားပေးကြသည့်အတွက် အထူးကျေးဇူးတင်မိပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်~

နှင်းဟေမာ
( 2: 42 AM : 29/08/2012 )

Tuesday, September 27, 2011

မွေးနေ့ရှင်အတွက် မွေးနေ့ဆုတောင်း


“ ရင်ထဲမှာနွေးထွေးလှိုက်လှဲခြင်းတွေနဲ့
သံယောဇဉ်ကြိုးတွေက အထပ်ထပ်....
ခိုင်မြဲစွာ ရစ်ပတ်ချည်ရင်း
နားလည်ခွင့်လွှတ်ခြင်းနဲ့
နှစ် ...လ ...ရက်....တွေကျော်ဖြတ်လာခဲ့တာ ....
ဒီနေ့ဟာ ... ၂၆ စက်တင်ဘာတဲ့ကွယ်......
ဟောဒီ့ရက်လေးကို ဘ၀တစ်သက်
ဘယ်တော့မှ မမေ့နိုင်ရက်ပါဘူးချစ်သူ ...”

“ကျမအတွက် အလိုက်သိတတ်လွန်းတဲ့
မွေးနေ့ရှင်နဲ့အတူ ....၂၆ စက်တင်ဘာကိုချစ်တယ်...
မလိုသူတွေရဲ့ ထိုးနှက်မှု....
ပြစ်တင်ဝေဖန် ကဲ့ရဲ့သူတွေရဲ့ရန်ကို မမှုပဲ
သူ့ဘ၀ရဲ့ အနှစ်၃၀ကျော်ကာလမှာ
ကျမအတွက် ဘ၀ကို သုညကပြန်စရဲခဲ့တဲ့
စက်တင်ဘာ၂၆ မွေးနေ့ပိုင်ရှင်ကို ချစ်တယ်.....”
“မှတ်တိုင်တစ်ခုရဲ့ ခရီးတစ်ထောက်မှာ
လွတ်လပ်ပျော်ရွှင်ခြင်းနဲ့ 
အောင်မြင်မှုပန်းတိုင်တစ်ခုဆီကို ရောက်ဖို့
ကျမလက်ကို မြဲမြဲတွဲပြီး
ယုံကြည်စွာ လျှောက်လှမ်းရဲတဲ့
ဟောဒီ့စက်တင်ဘာ ၂၆ ရက်မှာကျရောက်သော
မွေးနေ့ရှင်သူ့အတွက်.....
ကျမအနားမှာ ဘယ်အခက်အခဲကိုမှမှုပဲ
အမြဲထာဝရတတ်ကြွပျော်ရွှင်နေခဲ့သူ 
တစ်ယောက်အတွက်.....

ဂီတနဲ့အနုပညာကြားမှာ
ရူးသွပ်စွာ မွေ့လျော်တတ်သူတစ်ဦးအတွက် ...

စာပေကိုမြတ်နိုးပြီး ကျမချစ်တဲ့ကဗျာတွေကို
တန်ဖိုးထားတတ်သူ  .... သူ့အတွက်....
ယနေ့ကျရောက်ခဲ့သော
မွေးနေ့ရက်မြတ်မှ အစပြု၍ ....

အချစ်စစ်စစ်နဲ့ ဘ၀အသစ်ကြားမှာ
မျှော်လင့်ခြင်း အသစ်တွေနဲ့
အောင်မြင်သော ...ပျော်ရွှင်သော ...
အဓိပ္ပါယ်ရှိသော မွေးနေ့ပေါင်းများစွာကို
ဖြတ်ကျော်နိုင်ပါစေ....

၂၆ စက်တင်ဘာ ၂၀၁၁ ဆိုတဲ့
သူ့ဘ၀ရဲ့ သတိပြုစရာ မှတ်တိုင်တစ်နေရာကနေ
အစပြုပြီး ......အိုခြင်း နာခြင်း သေခြင်းအမည်ရတဲ့
ခရီးဆုံးမှတ်တိုင် မရောက်ခင်အထိ
ကိုယ့်အနားမှာ အမြဲထာဝရ ရှိနိုင်သူတစ်ဦး
ဖြစ်စေကြောင်းရယ်လို့လဲ ..... ကမ္ဘာမြေကို တိုင်တည်ပြီး
ဆုတောင်း သစ္စာပြုလိုက်ပါတယ် .....”
ချစ်တဲ့မွေးနေ့ရှင်တစ်ဦး ပျော်ရွှင်ချမ်းမြေ့ပါစေကွယ် .....း)

*********************************************
ယနေ့နံနက်စောစော ၂၆ ရက် စက်တင်ဘာ ၂၀၁၁ မှာ မွေးနေ့ရှင်က သူ့အတွက် မွေးနေ့လက်ဆောင်ဘာပေးမှာလဲလို့ မေးခဲ့တော့  .... ပိုက်ဆံနဲ့ဝယ်လို့မရနိုင်တဲ့ ကျမအမြတ်နိုးဆုံး ကဗျာတစ်ပုဒ်ကို သူ့အတွက် မွေးနေ့အမှတ်တရ ရေးပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်....။

ကျေနပ်ပျော်ရွှင်သွားတဲ့ သူ့အမူအယာကြောင့် ကျမတစ်ကယ်ပဲ ၀မ်းသာကျေနပ်မိပါတယ်။
စာပေကိုမြတ်နိုးပြီး ၊ ကျမ သိပ်ချစ်တဲ့ ကဗျာတွေကို တန်ဖိုးတတ်သူ တစ်ဦးရဲ့ ကျေနပ်ပီတိအပြုံးတွေအတွက် ... ကျမ အရမ်းကျေးဇူးတင်မိပါတယ်....။
Happy Birthday ...နော် ....း)

“နှင်း...

Sunday, September 25, 2011

ဧရာဝတီကိုထာဝရရှင်သန်စေလိုသည်

ကချင်၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ မြန်မာ ၊ ရခိုင် ၊ ရှမ်း ဆိုတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ အသက်သွေးကြော ..... အမိမြန်မာနိုင်ငံတော်ကြီး ထာဝရရှင်သန်ခြင်းအတွက် နှလုံးသားဝိဥာဏ် .....မြန်မာတစ်မျိုးသားလုံးအတွက် တန်ဖိုးအနဂ္ဃကြီးမားလှသော ဧရာဝတီမြစ်ကြီးနဲ့ ပတ်သတ်ပြီး တုန်လှုပ်စရာ ၊ ရင်နာစရာ ၊ ခြောက်ခြားဖွယ်ရာ သတင်းစကားတွေကို အခုတလော မီဒီယာတွေကနေ တစ်ဆင့် ၊ ဘလော့ဂါမောင်နှမတွေကနေတစ်ဆင့် ၊ ကျမနေထိုင်တဲ့ ကျွန်းနိုင်ငံလေးပေါ်မှာ တိုင်းပြည်ကိုသိပ်ချစ်တဲ့ မြန်မာလူမျိုးစုတွေဖြန့်ဝေပေးခဲ့တဲ့ လက်ကမ်းစာစောင်တွေကနေ တစ်ဆင့် တုန်လှုပ်ဖွယ်ရာ စီမံကိန်းသတင်းတွေကို ကြားသိခဲ့ရသည်...။


"မေခ၊မေလိခ ဆိုတာ မြန်မာပြည်သူတို့အတွက် ခွဲမရတဲ့ အသည်းလိုပဲ ၊ဧရာဝတီနဲ့ မြန်မာပြည်ဆိုတာကလဲ စွယ်တော်ရွက်လေးလို နှ စ်လွှာမှ တရွက်တည်း ဆိုတာ နည်းနည်းလေးမှ တွေးမကြည့်ကြပေဘူးလားလို့ ကျမ ရင်နာစွာတွေးမိပါသည်...။

သမိုင်းကို ဖျက်ရင် အမှန်တရားကျန်သေးတယ် ၊ ပထ၀ီကိုဖျက်ရင် တိုင်းပြည်ပျက်ပြီဆိုတဲ့ ကျမတို့ စာပေဖခင်ကြီး ဆရာဦးအောင်သင်း ရဲ့ လေးနက်မှန်ကန်တဲ့အဆိုအတိုင်းပြောရလျှင် ကျမတို့ချစ်သော အမိဧရာဝတီကြီးသာ တိမ်ကောသွားခဲ့ပါက ကျမတို့မြန်မာလူမျိုးသာမက ၊ တိုင်းပြည်တစ်ခုလုံးပါ ပျောက်ပျက်ရပေတော့မည်။
လွန်စွာမှာ စိုးရိမ်ကြောင့်ကြဖွယ်ကောင်းလွန်းသည့် စီမံကိန်းကြီးတစ်ခုပင်ဖြစ်တော့သည်။

ကျမလက်လှမ်းမှီသမျှ ဧရာဝတီအကြောင်း နှင့်ုမြစ်ဆုံဆည်စီမံကိန်းတည်ဆောက်ခြင်းမှ ရရှိလာမည့် ဆိုးကျိုးများကို ဖော်ပြရလျှင် -
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏မြောက်ဘက် ၊ ရေခဲသောတောင်ထိပ် တောင်ဖျားမှ ကျဆင်းလာသော ရေများမှအစာပြုကာ မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်မှတစ်ဆင့် ပင်လယ်ထဲသို့စီးဝင်ကာ အစမှအဆုံး မြန်မာနိုင်ငံအတွင်းမှာတည်ရှိစီးဆင်းနေပြီး ကျမတို့မြန်မာနိုင်ငံ တစ်နိုင်ငံတည်းပိုင်ဆိုင်ခဲ့သော မြစ်ကြီးတစ်စင်းဖြစ်ပါသည် ။
၂၆၁၂၂၇ စတုရန်းမိုင် အကျယ်အ၀န်းရှိခဲ့သော ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ်၏အလျားမှာ ၁၃၄၈ မိုင်ရှိပြီး မိုးရေခံရပ်ဝန်း ၁၈၉၁၉ စတုရန်းမိုင် ၊ မြစ်ဝှမ်းဒေသအားဖြင့် ၁၅၉,၇၃၅ စတုရန်းမိုင် (နိုင်ငံတော်၏ ၆၁ ရာခိုင်နှုန်း ) ရှိသည်။
ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ဆိုတဲ့ တိုင်းကြီးများကို ဖြတ်သမ်းစီးဆင်းပြီး ဧရာဝတီဲမြစ်ဝှမ်းတွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ ရာခိုင်နှုန်းတည်မှီနေထိုင်လျှက်ရှိကြသည် ။
ဧရာဝတီမြစ်ကြောတစ်လျှောက်မှာလဲ မြို့ကြီးမြို့ငယ်ပေါင်း ၇၀ကျော်တို့က နေထိုင်လျှက်ရှိကြပြီး ကျမတို့အမိမြန်မာနိုင်ငံတော်ကြီးတစ်ခုလုံးရဲ့ အရေးကြီးဆုံး ကူးသမ်းရောင်းဝယ်ရေးလမ်းကြောင်းကြီးတစ်ခုဆိုလျှင်လဲ မမှားပါ ။
တိုင်းပြည်အရေး နိုင်ငံတော်အရေးနှင့် မြန်မာတစ်မျိုးသားလုံး၏ အရေးတိုင်းသည် မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိကြသည့်အလျှောက် ကျမတို့မြန်မာတစ်မျိုးသားလုံးအနေဖြင့် ဧရာဝတီမြစ်ကြီးထာဝရရှင်သန်စေရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်က ပြင်းထန်စွာကန့်ကွက်ကြရပေလိမ့်မည်။
မြစ်ဆုံ၏အလှတရားများ ပျက်စီးသွားမည့်အပြင် မြစ်ဆုံဒေသမှာ ရိုးသားစွာနေထိုင်လျှက်ရှိကြသော ကချင်မျိုးနွယ်စုများ၏ ရိုးရာ ၊ ယဉ်ကျေးမှု ၊ လူမှုစီးပွားတစ်ခုလုံးပါ ကြီးမားစွာထိခိုက်နနစ်နာကြရတော့မည့်အရေးလဲဖြစ်သည် ။
စိုက်ပျိုးမြေသစ်တောများနှင့် သယံဇာတထုတ်လုပ်နိုင်သော မြေဧရိယာ ၁၈၀၀၀ ဧကခန့် ထာဝရ ရေအောက်မှာ နစ်မြှပ်သွားပေတော့မည်။
မျိုးသုဉ်းလုဖြစ်နေသော ရှားပါးတိရိစ္ဆာန် ၊ ကျေးငှက်သာရကာမျိုးစံနှင့် ၊ သစ်ပင်ပန်းမံပေါင်းများစွာ မျိုးတုံးပျောက်ကွယ်ကြပေတော့မည် ...။

စီမံကိန်းအရ ကျမတို့သိရသမျှတည်ဆောက်မည့်ဆည်စာရင်းများဖြစ်သည့် မြစ်ဆုံ (တပ်ဆင်ဓါတ်အား - ၆၀၀၀)  ၊ လိုင်ဇာ (တပ်ဆင်ဓါတ်အား - ၁၅၆၀) ၊ ကောင်းလန်ဖူး (တပ်ဆင်ဓါတ်အား - ၁၇၀၀)  ၊ လာကင် (တပ်ဆင်ဓါတ်အား - ၁၄၀၀)  ၊ ဖိဇော (တပ်ဆင်ဓါတ်အား - ၁၅၀၀)  ၊ ပါရှီ (တပ်ဆင်ဓါတ်အား - ၁၆၀၀) ၊ ချီဗွေ (တပ်ဆင်ဓါတ်အား - ၃၄၀၀) စုစုပေါင်းတပ်ဆင်ဓါတ်အားနဲ့ ၁၇၁၆၀ ဆည်ဧရိယာပေါင်း ၁၄၄၄၅၀ ဧကတည်ဆောက်ကြပါလျှင် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်အကျိုးဆက်များမှာ ကျမတို့မြန်မာနိုင်ငံနဲ့ မြန်မာတိုင်းရင်းသားလူမျိုးစုအားလုံးအတွက် ဘာတစ်ခုမှအကျိုးအမြတ်ရနိုင်စရာမရှိ။
ထို့အပြင် အထက်ဖော်ပြပါဆည်များစွာမှ ထုတ်လုပ်ရရှိလာသော လျှပ်စစ်ဓါတ်အား ၉၉ ရာခိုင်နှုန်းကို တရုတ်ပြည်မှ တရုတ်လူမျိုးတို့အတွက်တင်ပို့မှာဖြစ်ပြီး ဒေသတွင်းမြန်မာလူမျိုးတို့အတွက်ကိုမူ ၁ရာခိုင်နှုန်းသာသုံးစွဲခွင့်ပြုမှာဖြစ်သည် ။
ထိုစီမံကိန်းကြီးသည် မိမိနိုင်ငံ ၊ မိမိတို့လူမျိုးအတွက် တစ်စုံတစ်ရာအကျိုးအမြတ်မရှိပဲ အစတေးခံရမည့် အမိဧရာဝတီ၏ အနာဂတ်မှာ အင်မတန်မှစိုးရိမ်ကြောင့်ကြဖွယ်ရာကောင်းလှပေသည်။

အထက်ပါဆည်များမှရရှိလာသော အကျိုးအမြတ်၏ ၇၀ ရာခိုင်နှုန်းအား တရုတ်လူမျိုးတို့က အကျိုးခံစားပြီး မြန်မာအစိုးရက ၂၀ ရာခိုင်နှုန်း ပွဲစားခ ၁၀ရာခိုင်နှုန်း ခွဲဝေယူကြမည့်အရေးအတွက် ကျမတို့ ကျမတစ်မျိုးသားလုံး၏ အမွန်မြတ်ဆုံးသော အမျိုးသားအမွေအနှစ်ကို အဆုံးရှုံးခံကြရမည်မှာလဲ ဟကန်မလွဲပင်ဖြစ်သည်။
ကြီးမားသောဆည်ကြီးများ၏ ရေထုအလေးချိန်ကြောင့် ပြင်းထန်သောငလျင်ကြီးများ ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များကလည်း ယူဆ သုံးသပ်ကြသည်။
ဥပမာအားဖြင့်ဆိုရလျှင် တရုတ်တို့၏ပယောဂကြောင့် သေဆုံးခဲ့သော ထင်ရှားသည့် တရုတ်ပြည်မှ မြစ်ဝါမြစ်ကြီး ( Yellow River ) ၏သမိုင်းကြောင်းကိုလဲ ပြန်လည်သုံးသပ်ကြည့်သင့်ပါသည်။
မြစ်ဝါမြစ်ကြီးသည် တရုတ်တို့၏ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှားပြသလျှက်ရှိသော ဥပမာရပ်တစ်လဲဖြစ်ပြန်သည်။ တခဏတာအကျိုးအမြတ်ရရှိမှုကိုသာကြည့်တတ်သည့် တရုတ်တို့၏ ယန်စီရေကာတာစီမံကိန်းကြောင့် နောက်ဆုံးပိုင်းတွင် ဒုက္ခများစွာကြုံတွေ့ကာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော်ဆုံးရှုံးထိခိုင်ခံခဲ့ရသည့် ဖြစ်ရပ်မှာ သတိထားသင့်သော အဓိက အချက်တစ်ချက်လဲဖြစ်သည်။
ထို့အပြင် တရုတ်လူမျိုးပေါင်း ၄သန်းကျော် ၊ ကျွဲ နွား ၂သန်းကျော် နှင့် လယ်မြေဧက ၉ သန်းကျော် ပါ ပျက်စီးဆုံးရှုံးခဲ့ကြဘူးသည်။ 
ယံစီမြစ်ရေခမ်းမှုကြောင့် အနီးပတ်ဝန်းကျင်မှ မြစ်ဆွယ်ပေါင်း ၃၀၀ ကျော် ၊ ရေကန်ကြီးပေါင်း ၂၆၆ ကန် ခမ်းခြောက်သွားခဲ့ရသည့် မှတ်တမ်းမှာ ကမ္ဘာ့ပထ၀ီဝင်သမိုင်းစာမျက်နှာတွင် အထင်အရှား ရှိခဲ့ပါသည်။
ထို့ကြောင့် သိပ္ပံပညာရှင်များက ၂၀၀၈ ခုနှစ်က စီချွမ်းငလျင်သည် ဇီပင်ပူရေကာတာကြောင့် ဖြစ်ခဲ့ရသည်ဟု အတည်ပြုဖော်ပြခဲ့ကြသည်။

တရုတ်လူမျိုးတို့၏ ရေကာတာစီမံကိန်းများကြောင့် မြစ်ဝါနှင့် ယံစီမြစ် တို့သာမကပဲ Pearl River ၊ Huai River ၊ Songhua River ၊ Hai River နှင့် Liao River တို့ပါ ကြီးမားစွာ ပျက်စီးဆုံးရှုံးခဲ့ကြပြီးဖြစ်ပါသည်။

တရုတ်တို့၏ လုပ်ရပ်နှင့် သမိုင်းကြောင်းကို လေ့လာသုံးသပ်ကြရင်း မိမိတို့နိုင်ငံတော်ကြီးအတွက် ကာကွယ်လိုစိတ် ၊ အမိနိုင်ငံတော်ကြီး၏ အသက်သွေးကြောဖြစ်သော မြစ်မင်းဧရာဝတီကြီး ထာဝရရှင်သန်စေရေးအတွက် မြစ်ဆုံစီးမံကိန်းကြီး ရပ်တန့်ဖို့အရေးကို
မြန်မာနိုင်ရင်းသားပြည်သူလူထု တစ်ရပ်လုံးက ပြင်းထန်စွာတားမြစ်ကာကွယ်သင့်လှပါသည်။

သို့ပါ၍ကျမတို့ မြန်မာတိုင်းရင်းသား လူမျိုးပေါင်းများစွာရောက်ရှိနေကြပြီဖြစ်သော စင်္ကာပူကျွန်းနိုင်ငံတွင်လည်း ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများအဖွဲ့က ဦးစီးဦးဆောင်ပြု၍ ဟောပြောပွဲကြီးကို ယခုလာမည့် ၂၀၁၁ခုနှစ် ၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် စင်္ကာပူနိုင်ငံ ၊ Kreta Ayer Therater မှာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ထိုဟောပြောပွဲကြီးသည် ကျမတို့အဝေးရောက် မြန်မာလူမှုအသိုင်းအ၀ိုင်း၏ ကနဦးခြေလှမ်းအစဖြစ်ပြီး ထိုအဖွဲ့အစည်းအနေဖြင့် ယခုကဲ့သို့သော ဟောပြောလှုပ်ရှားမှုများကို ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ မြို့ကြီးမြို့ငယ်များတွင်လည်း ဆက်လက် ကျင်းပပြုလုပ်သွားကြမည်ဖြစ်ပါသည်။

ဧရာဝတီကိုထာဝရရှင်သန်စေရေး ( စင်္ကာပူနိုင်ငံ ) ဟောပြောပွဲကြီးတွင် အမည်နာမထင်ရှားသော စာရေးဆရာများ နှင့် ကျွမ်းကျင်သူ ပညာရှင်များက မြန်မာပြည်မှ လာရောက်ဟောပြောကြမည်ဖြစ်ပါသည်။
အမျိုးမျိုးသော နယ်ပယ်အသီးသီးမှ အောင်မြင်ထင်ရှားသော အနုပညာရှင်များ၏ ဗီဒီယိုအမေးအဖြေများနှင့်အတူ အမဧရာဝတီအား ကာကွယ်လိုမှု ခံစားချက်များအား ဤဟောပြောပွဲတွင် ပါဝင်ထည့်သွင်းသွားမည်ဖြစ်ပါသည်။
အားလုံးဝိုင်းဝန်းကြိုးပမ်းလျှက်ရှိကြသော ဟောပြောမှုများသည် ယခုလုပ်ဆောင်လျှက်ရှိသော မြစ်ဆုံဆည်စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲပျက်စီးသွားမည့်ဆိုးကျိုးများ ၊ နောက်ဆက်တွဲအကျိုးဆက်များကို အချက်အလက်ကျစွာဖြင့် လေ့လာသုံးသပ်ချက်အုတ်မြစ်ပေါ်တွင်အခြေခံကာ သက်ဆိုင်ရာ ပညာရှင်များကဟောပြောဆွေးနွေးကြမည်ဖြစ်ပါသည်။
 သို့ပါ၍ ဧရာဝတီကို ချစ်ကြသော ၊ ဧရာဝတီကိုရှင်သန်စေလိုသော မြန်မာတိုင်းရင်းသား အားလုံးမပျက်မကွက်တတ်ရောက်နိုင်ကြရန် လေးစားစွာဖြင့် အသိပေးနှိုးဆော်လိုက်ပါသည်။

လေးစားစွာဖြင့်
နှင်းဟေမာ

Monday, April 25, 2011

“ကျမ သီဆိုတဲ့ မန္တလေးသူ ....”

မန္တလေးသူ ဆိုတဲ့ ဒီတေးသီချင်းလေးကို မန္တလေးမြို့နှစ် (၁၅၀) ပြည့်အထိမ်းအမှတ် အကြိုကာလကမှာ အကယ်ဒမီ ဦးစိန်မွတ္တား နဲ့ လူရွှင်တော်စာရေးဆရာ ဦးချစ်စရာ ကြီးတို့က ရေးစပ်သီးကုံးခဲ့ကြပါတယ် ....။ ဒီသီချင်းရဲ့ အဓိပ္ပါယ်လေနဲ့ ငြိမ့်ညောင်းတဲ့ တီးလုံးလေးကို အရမ်းနှစ်သက်မိတာကြောင့် ကျမကိုယ်တိုင် ဆိုကမယ့် မန္ထလေးမြို့အငြိမ့်တစ်ခုအတွက် ရွေးခြယ်ဖြစ်ခဲ့ပါတယ် ....။
ဆိုင်းကိုတော့  ဦးကျောက်စိမ်း (မြန်မာပြည် -ကျောက်စိမ်း) ကလက်စွမ်းပြ တီးခတ်ပေးခဲ့တာ ဖြစ်ပါတယ် ....။
အသံဖိုင်လေးကို အမှတ်တရ ရချင်ခဲ့တဲ့ ကျမအတွက် ကီးဘုတ် ကိုစိုးမိုး (မီစူးတေးသံသွင်း )က မအားလပ်တဲ့ကြားကနေ ကြိုးစားပမ်းစား အသံဖမ်းထားပေးလို့ ရှားရှားပါးပါး ရလိုက်တဲ့အသံဖိုင်လေးကို Youtube ပေါ်မှာတင်ဖြစ်ရင်း ကျမရဲ့ ကိုယ်ပိုင် Blogပေါ်မှာလည်း တေးသီချင်း လက်ဆောင်အဖြစ် အမှတ်တရ ပြန်လည်မျှဝေလိုက်ပါတယ် ........။




မြန်မာ့အနုပညာကို ချစ်မြတ်နိုးစွာဖြင့် တန်ဖိုထား နားဆင်ခံစားပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်...။

အားလုံးကို ချစ်ခင်လေးစားလျှက် ~
နှင်း

Wednesday, April 13, 2011

“ရာဇ၀င်ထဲကပိတောက်ချစ်သူ ....


“ရွှေမန်းသူတို့အလှသင်္ကြန်..... ရိုးရိုးလေးနဲ့မြန်မာဆန်ဆန် .....သိဂီရွှေလျှံ ပိတောက်ဝါနဲ့လဲ လိုက်ဖက်ပြန် ... ဘိုးသိကြားဦးမာဃနဲ့ သမီးလေးများ ရေကစားနေဟန် ....... ထင်ယောင်ဝိုးတ၀ါး ... ရိုးသား.......လို့ စိတ်ဝယ်ထင်မိပြန် ရွှေ........မန်းသင်္ကြန် .........မန္တလေးသူတို့ရေကစားတဲ့ဟန် .....

မြူးကြွသွက်လက်နေသော သင်္ကြန်ဒိုးသံနဲ့အတူ သီချင်းသီဆိုသူတစ်ယောက်ရဲ့အသံနဲ့ဟန်ကလဲ အရမ်းလိုက်ဖက်လွန်းလှသည် ။
သီချင်းနံမည်လေးကိုက ရွှေမန်းသင်္ကြန် တဲ့ ................
မြန်မာ လူငယ်တစ်ဦးဖြစ်ပေမယ့် မြန်မာသင်္ကြန်နဲ့ အထိအတွေ့နည်းလှသည့် ကျမက သင်္ကြန်သီချင်းတွေဆိုရင် ကျမတို့ပုပ္ပါး ၊ ကျောက်ပန်းတောင်း နယ်တွေမှာ သိပ်ကိုရေပန်းစားသည့်

“ရေရေတွေ ရွှဲကုန်ပြီ .... ရေရေတွေရွှဲကုန်ပြီ ... ရေရေတွေ ရွှဲကုန်ပြီ ... ဟောတော့ ...ချမ်းလိုက်တာ အသည်းကိုတုန်ရောရှင် ဆိုတဲ့ သီချင်းလောက်ကိုပဲ သိခဲ့သူဖြစ်သလို ...
တောနယ်မှာကြီးပြင်းပြီး ရွာက တရော် ကင်ပွန်းသီးနဲ့ ခေါင်းလျှော် ရေချိုးဖို့ ၊ မုန့်လုံးရေပေါ်စားဖို့ ဖိတ်တဲ့မဏ္ဍပ်လောက်ကိုသာ ကြားဘူး ၊ မြင်ဘူးခဲ့တဲ့ကျမအတွက် .... အခုလိုယိမ်းအက အလှတွေနဲ့ မြို့ပြရဲ့ ရေနန်းသီတာ သင်္ကြန်မဏ္ဍပ်ကြီးရဲ့ က အိပ်မက်တစ်ခုထဲမှာရောက်နေသလိုခံစားနေရသည် ....။

အံ့သြခြင်း ၊ ပျော်ရွှင်ခြင်း ၊ ကြည်နူးခြင်း ဆိုတဲ့ စိတ်ခံစားမှုတွေရဲ့နောက်မှာ စင်မြင့်ထက်က ရွှေမန်းသင်္ကြန်တေးသံသာတစ်ပုဒ်ကို ဟန်ပါပါသီဆိုနေတဲ့ သီချင်းရှင်ကို ငေးမောနေရင်း ၊ ကျမ မက တတ်တဲ့ သင်္ကြန်ယိမ်းသမတို့ရဲ့ မြူးကြွတဲ့ အကတွေကိုငေးမောနေမိရင်းတစ်ခဏမှာ ....

“ဖြိုး နဲ့ သင်း ... ဘယ်တုန်းကရောက်နေတာလဲ ငါက နင်တို့လာမယ်လို့တောင် မထင်ဘူး ” လို့ဆိုရင်း အနားကို ၀ုန်းကနဲ ရောက်လာကြတဲ့ မေနွယ် တို့ နီလာ တို့ကိုကြည့်ပြီး အနည်းငယ် လန့်ဖြန့်သွားမိသည်...။

မေနွယ်တို့ အဖွဲ့ဆိုတာက ကျမတို့ကျောင်းမှာ အရမ်းပေါ်ပြူလာဖြစ်တဲ့ ခပ်ကဲကဲ အုပ်စုတွေဖြစ်သည် ။
မြို့ခံတွေလဲဖြစ်သလို မိဘကလဲပိုက်ဆံချမ်းသာတဲ့အတွက် ယူနီဖောင်းဝတ်ဆင်ရတဲ့ ကျမတို့အစိုးရနည်းပညာကောလိပ် ဆိုတဲ့ကျောင်းမှာတောင် ယူနီဖောင်းကို ဒီဇိုင်းအမျိုးမျိုးချူပ်ပြီး တစ်နှစ်လုံးမထပ်အောင် ၀တ်နိုင်ကြသူတွေလည်းဖြစ်သည် ....။

ဟော .....အခုလဲပဲ အနက်ရောင် အသားကပ်ဘောင်းဘီကို ... အနက်ရောင်လက်ပြက် ပြောင်ပြောင်လက်လက်ကိုယ်ကျပ်အကျီတွေနှင့် တွဲဝတ်ထားပြီး နေကာမျက်မှန်အမဲကို ဟန်ပါပါတပ်ထားသေးသည့် စတိုင်တွေက လုံးဝအမိုက်စား ...။
အဆိုးဆုံးက နှုတ်ခမ်းပေါ်မှာတင်ထားတဲ့ အရောင်တွေကလဲ မဲပုပ်ပုပ်အရောင်တွေ .... ဖြူဖွေးဥနေတဲ့လက်ချောင်းလေးရဲ့လက်သည်းခွံပေါ်ကအစ အနက်ရောင်ဆေးတွေခြယ်သထားသလို ဆင်ယင်ထားတဲ့ ဖန်စီ နားဆွဲ ၊ လက်ကောက် ၊ ချိန်းကြိုး ၊ ဆွဲကြိုး ၊ ပြူးပြောင်နေတဲ့ လက်စွပ်ကြီးကအစ အားလုံးဟာ အမဲရောင်တွေချည်းပဲ ဆင်မြန်းထားတာ ....ထူးဆန်းနေတဲ့သူတို့အပြင်အဆင်တွေကို တစ်ခုချင်း လိုက်ကြည့်ပြီးတဲ့နောက်မှာတော့ အမဲရောင်မြင်ရင် ခေါင်းမူးတတ်တဲ့ ကျမ ခေါင်းတွေချာချာလည်အောင်  မူးနောက်နောက်ဖြစ်သွားမိသည်....။

“ဟယ် ဘယ်လိုဖြစ်လာရတာလဲ မေနွယ် နဲ့ နီလာရယ် ” လို့ ကျမဘေးက သင်း ကမနေနိုင်စွာနဲ့ထမေးလိုက်တော့

“ခုခေတ်က အီမိုခေတ်လေ သင်းရဲ့ အဲဒါကြောင့် မေတို့က ဒီနှစ်သင်္ကြန်မှာ အီမိုစတိုင်လုပ်ထားတာ ဘယ်လိုလဲ မိဖြိုး ငါလှတယ်မို့လား ဟိ ဟိ
လို့ပြောလိုက်တဲ့ သူမဟန်ကိုက ကလေးတစ်ယောက်လိုလဲ ချစ်စရာကောင်းနေပြန်သေးတာ .....

ကျမကတော့ အားနာပါးနာနဲ့ပဲ ပီးပီးရောဆိုပြီး အင်း လှတယ်လို့ပဲ ပြောလိုက်သည်...။

မေနွယ်က တရုတ်စပ် ကပြားမလိုလို အသားကဖြူစပ်စပ်ဖြစ်နေပြန်တော့ အမဲရောင်ဝတ်စုံနှစ်ခုကြားမှာ ဖြူဖွေးနေတဲ့ဗိုက်သားကလဲ အထင်းသား ....

အတန်းထဲက ကောင်လေးတွေနဲ့တွေ့လို့ကတော့ ပေါက်တတ်ကရ အစအနောက်ခံရမှာသေချာသည် ...။
ဆံပင်ကောက်ကောက်ကွေးကွေး လူကသေးသေးလေးနဲ့ နီလာ့ပုံကတော့ အီမိုစတိုင်ပြင်ဆင်ထားပုံက အမဲရောင်အပြင်အဆင်တွေကြားမှာ လူလေးက ပုပုကွကွ သေးသေးလေးဖြစ်နေတော့ တော်တော်လေး ရယ်ချင်စရာ ကောင်းနေသေးသည် ....။
သူမက အရပ်ကလေးနဲနဲရှည်တော့ ကြည့်ရတာသိပ်တော့မဆိုးလှ ....။
အော် ဒါဟာ သရုပ်ပျက်သင်္ကြန်ဖြစ်လာဖို့ ဖန်တီးနေတဲ့ ၀တ်စားဆင်ယင်မှုတွေပဲဖြစ်မည်လို့ ကျမ တစ်ကိုယ်ထဲတွေးလိုက်မိရင်း  ...အဝေးကိုလွင့်သွားမိတဲ့ အာရုံကိုပြန်လည်စုစည်းကာ ကျမကြိုက်နှစ်သက်မိတဲ့ ရွှေမန်းသင်္ကြန်သီဆိုရာ စင်မြင့်ထက်ကို တစ်ချက်ပြန်ငေးကြည့်နေလိုက်မိသည် ..။

အဲဒီလိုကြည့်လိုက်မိတဲ့ တစ်ခဏတာလေးက အခုနကထက် အဆပေါင်းများစွာ ကျမဘ၀ကြီးတစ်ခုလုံးကို ပါ မူးနောက်တုန်ခါသွားအောင် လှုပ်ကိုင်ပစ်စေခဲ့မယ်လို့ ကျမကြိုသိခဲ့မယ်ဆိုရင် ဟောဒီ့ခမ်းနားလှပတဲ့ သင်္ကြန်မဏ္ဍပ်ကြီးဆီကိုလဲ အဲဒီနေ့က ကျမလာခဲ့မိလိမ့်မည်မဟုတ်သလို .... ရွှေမန်းသင်္ကြန်တေးသီချင်းနဲ့ ယိမ်းအဖွဲ့ကိုလဲ ကျမသေသေချာချာ ငေးမောကြည့်ဖြစ်လိမ့်မည် မဟုတ်ပါ....။

“ရွှေကျူံးတော်ပတ်လည်ကာရံ ..........ရွှေမန်းသူတို့ ထီးမူနန်းဟန် ...သနပ်ခါးပါးကွက်နဲ့ ဒို့အညာသူတို့      သဏ္ဍာန် .... ” ဆိုတဲ့ တေးသီချင်းစားသားနေရာမှာ ကျမကို လက်ညှိုးလေးထိုးပြီး သီဆိုသွားတဲ့သူ့အမူအရာကြောင့် ကျမ မနေတတ်မထိုင်တတ်အောင် ရှက်သွားခဲ့တာလား ... ကျမသူ့ကို မသိစိတ်ရဲ့တစ်နေရာက စွဲလမ်းသွားစေခဲ့တာလား ဆိုတာ အဲဒီအချိန်က ကျမ မဝေခွဲတတ်ခဲ့ပါ ....

အံ့သြစရာ ကောင်းတာတစ်ခုကတော့ စင်ပေါ်ကနေ ကျမမျက်ဝန်းနဲ့ တန်းတန်းမတ်မတ် ဆုံဆည်းအောင်ကြည့်နေတတ်တဲ့ သူ့မျက်လုံးတွေကို  အဲဒီညနေကရင်ဆိုင်ရှောင်လွဲလို့မရနိုင်ခဲ့ခြင်းက ကျမနဲ့သူရဲ့ချစ်ခြင်းမေတ္တာကြိုးတစ်ချောင်းကို အခိုင်မြဲဆုံးဖြစ်အောင် စတင် သွယ်တန်းခဲ့ခြင်းရဲ့အထိမ်းအမှတ်တစ်ခုအဖြစ် သူနဲ့ ကျမရဲ့ ဘ၀တစ်သက်တာမှာ အမှတ်တရ တင်ကျန်ရစ်ပေလိမ့်မည် ....။

“ရွှေသွန်းဖြိုးတို့ကို ရေလောင်းမယ်ဟေ့ .... ဆိုပြီး အနားကိုရုတ်တရတ်ရောက်လာကြတဲ့ ကျောင်းက ဘိုဘို တို့ အုပ်စုတွေကိုမြင်တော့ ကျမ ဘယ်ထွက်ပြေးရမှန်းမသိအောင် လန့်သွားမိသည် ...။

ဒီပွဲတွေကို အရမ်းကြည့်ချင်လွန်းလို့သာ လာကြည့်ရတာ ရေလောင်းခံရမှာကို သေမတတ်ကြောက်တတ်တဲ့ ကျမအကြောင်းကို ကောင်းကောင်းသိသော သင်းက ....

“ဟဲ့ ... ဘိုဘို နင်တို့ရေလောင်းချင်ရင် ဟိုးဘက်မှာ ကဲနေတဲ့ မေနွယ်တို့အုပ်စုကို သွားလောင်းပါလား ... ငါတို့ကအေးအေးဆေးဆေးပွဲကြည့်ချင်လို့လာတာနော် ...နင့်ကိုကြိုပြောထားရဲ့သားနဲ့ ရွှေသွန်းဖြိုးက လဲ သိပ်ပြီးနေကောင်းတာမဟုတ်ဘူး နင်ပဲ ရေမလောင်းစေရဘူးလို့ အာမခံပြီးခေါ်လာပြီးတော့ လို့သင်းက စိတ်ဆိုးစွာ ပြောလိုက်တော့

“မရဘူး လောင်းမှာပဲ .... သင်္ကြန်ရေဆိုတာ သိမ်သိမ်မွေ့မွေ့လောင်းရင် အန္ထရာယ်ကင်းပါတယ်ဟ.....သင်္ကြန်ပီးသွားရင် နင်တို့က လောင်းပါဆိုတောင် ငါက မလောင်းဘူး .... မီးက ခဏခဏ ပျက်လွန်းလို့ ဒီရေက မီးစက်နဲ့နှိုးပြီး တင်ထားရတဲ့ရေနော် .....ဘာမှတ်နေလဲ ဆိုပြီး ပြောပြောဆိုဆိုနဲ့ ဘိုဘိုက သင်း ကို ဘယ်ကနေယူလာမှန်းမသိတဲ့ ငွေဖလားသေးသေးလေးနဲ့ ရေအေးအေးလေးတစ်ခွက်ကို အရင်ဆုံး လောက်လိုက်ပါတယ် ....

အဲဒီအချိန်မှာ... ဘိုဘို့နောက်ကျောဘက်ဆီကနေ
“ညီလေးသူငယ်ချင်းတွေနဲ့ ပျော်နေတာလား.....မေမေလိုက်ရှာနေတယ် သွားလိုက်ဦးနော် လို့ဆိုရင်း ကျမတို့ဘက်ကို လှည့်ကာ 
“ညီမလေးတို့ ဘယ်တုန်းက ဒီမဏ္ဍပ်ကိုရောက်နေတာလဲ သင်္ကြန်ထမင်းစားပြီးကြပီလားလို့ မေးလိုက်တဲ့အတွက် ကျမတို့ လဲ
“ဟုတ်ကဲ့ စားပြီးပြီရှင့်လို့ ပြန်ဖြေလိုက်ကြသည် ....။
ခုနက စင်ပေါ်မှာ ရွှေမန်းသင်္ကြန်သီချင်းဆိုတဲ့ သူပဲ.... ဘယ်လိုလုပ်ပြီး ဘိုဘိုနဲ့ ခင်တာပါလိမ့်လို့တွေးနေဆဲမှာပဲ .... ဘိုဘိုက

“ကိုကြီး ဒါသားတို့ကျောင်းက သူငယ်ချင်းတွေလေ ... သူက သင်းစုလှိုင် တဲ့ မြစ်ကြီးနားက  ... သူက ရွှေသွန်းဖြိုး တဲ့ ... ကျောက်ပန်းတောင်းက တောသူလေ ကိုကြီး ....ဟဲဟဲ ....  ဒါ ငါ့ရဲ့အစ်ကိုကြီးလေ  ...အစ်ကိုကြီးနဲ့ငါက ညီအစ်ကိုနှစ်ယောက်ထဲရှိတာဆိုပေမယ့် အသက်က ၁၀ နှစ်တိတိကွာတယ်... ငါဆိုးချင်တိုင်း ဆိုးလို့ရတယ် အဟဲ လို့ ဘိုလိုက စပ်ဖြီးဖြီးနဲ့ မိတ်ဆက်ပေးတော့

“တွေ့ရတာ ၀မ်းသာတယ် ...ညီမလေးတို့ အေးအေး ဆေးဆေးပွဲကြည့်ဦးနော်ဆိုတဲ့ သူ့ဟန်ပန်က အသက်ထက်ကို လူကြီးဆန်လွန်းသူဟု ကျမမြင်မိသည်..။

“ကိုကြီး သူတို့က ပွဲတော့ ကြည့်ချင်တယ် ရေလောင်းမှာလဲကြောက်တယ်လေ ... အဲဒါကြောင့် ဘိုဘိုက အရင်ဆုံးရေလာလောင်းတာ နောက်တစ်ယောက် ရွှေသွန်းဖြိုးကို လောင်းဖို့ကျန်သေးတယ် သူက အရမ်းစွာလို့ ကြောက်လို့ မလောင်းသေးတာ .... ဟီး ကိုကြီးပဲလောင်းလိုက်တော့လို့ ဘိုဘိုက ဆိုတော့
တည်ငြိမ် နှစ်လိုဖွယ်ရာ ပြုံးလိုက်ရင်း  

“ဟုတ်လား ညီမလေး ... ကျွန်တော့်ကို  မိတ်ဖြစ်ဆွေဖြစ် ရေလောင်းခွင့်ပြုမလား .... လို့သူက ယဉ်ကျေးသိမ်မွေ့စွာမေးလိုက်တော့ ...ကျမလဲ ဘာပြောရမှန်းမသိ ဖြစ်မိရင်း အပြုံးနဲ့သာခေါင်းငြိမ့်ပြဖြစ်လိုက်သည် ....

 ဘိုဘိုကမ်းပေးလိုက်တဲ့ ငွေဖလားထဲကရေလေးအေးအေးလေးနဲ့ ကျမပုခုံးပေါ်မှာ ၀ဲကျနေတဲ့ဆံနွယ်စလေးတွေကို သူ့လက်တစ်ဘက်က အသာမြှောက်တင်ပေးရင်း ညင်ညင်သာသာလေး ကျမပုခုံးပေါ်ကနေ ရေတွေ လောင်းချလိုက်သည်..........

အဲဒီအချိန်မှာ ရေနန်းသီတာမဏ္ဍပ်ဆီကလဲ................

 “သင်္ကြန်တွင်းမို့ ပန်းပိတောက်ဝေလွင် ....မြန်မာ့ယဉ်ကျေးမှု အတာရေသဘင် .... တစ်ဦးပေါ်တစ်ဦးတွင် ရင်းနှီးကာကျွမ်းဝင်...ပုလဲရည်ငွေစင်သွန်းလောင်းကာပင်...အတီးအမှုတ်အကအခုန် ငြိမ့်ညောင်းလို့ယဉ်...ဒီနှစ်သစ်တွင် ကြည်လင်...ရွှင်လန်းချမ်းမြေ့ပါစေချင်..........................”

 ဆိုတဲ့ ကျက်သရေ မင်္ဂလာရှိတဲ့သင်္ကြန်တေးသွားလေး တစ်ပုဒ်က ပျံ့လွင့်လို့လာခဲ့သည် .....
သီချင်းလေးရဲ့ ညွှန်းဖွဲ့သီကုံးထားတဲ့ စကားလုံးအသုံးအနှုန်းလေးတွေက ရှေးယခင်က အတာရေသဘင်ပွဲတွေမှာ သာယာအေးချမ်းမှု ၊ နူးညံ့သိမ်မွေ့မှု ၊ တန်ခူးလရာသီရဲ့ ထင်ရှားတဲ့ ပုံရိပ်လေးတွေကို စွဲမက်စေရန် ဖော်ကျူးထားနိုင်မှုတွေကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လွမ်းဆွတ်စေခဲ့ပြန်သည် .....။

တေးသီချင်းသံလေးကို နောက်ခံထားပြီး ငွေဖလားလေးနဲ့ ရေလောင်းနေတဲ့ သူ့မျက်ဝန်းရဲ့ အကြည့်နက်နက်တွေကို ကျမရင်မဆိုင်ရဲသလို လွှဲဖယ်ထားမိရင်း  .... ကယောင်ကတမ်းနဲ့ ဘိုဘို့လက်ထဲက ဖလားလေးကို ယူပြီးသူ့ကို ပြန်လောင်းလိုက်သည် ....။

“ဖလားဖြူဖြူဖွေးဖွေးလွင်...ရေကစားလို့ပင်...မေအများပြုံးရွှင်...ရွှေရည်လူးထူးတဲ့အတာသဘင်...ရေသီတာသင်းသင်းမွှေးပျံ့လွင်.........မန်းသူတွေတအားပက်ရင်..........အစ်ကိုများအသည်းဘ၀င်...ကြည်နူးပြုံးရွှင်...ရွှေရည်လူးထူးတဲ့အတာသဘင်.............ဆယ်ကမ္ဘာဆုံးတော့မေ့မရထင်... .............


တော်တော်ပဲ တိုက်ဆိုင်လွန်းသည့် သီချင်းစားသားလေတွေ ..... ဒီသီချင်းလေးထဲကလိုပါပဲ .... ညီမလေးနဲ့ အစ်ကို့ကို စတင်ဆုံဆည်းခွင့်ပေးခဲ့တဲ့ အတာသဘင်ပွဲတော်ကြီးကို ဆယ်ကမ္ဘာဆုံးရင်တောင် အစ်ကို မေ့လို့ရမယ်မထင်ပါဘူး လို့ အဲဒီနေ့က တိုးတိတ်ညင်ညာစွာ ပြောလိုက်တဲ့ သူ့စကားသံတွေကို ကျမနှလုံးသားထဲမှာ စွဲမြဲစွာ မှတ်သားထားမိပါသည်...။


“ကဲ ... ညီမလေးတို့ ဒီနားမှာ ခဏပွဲကြည့်နေခဲ့ကြဦးနော် .... Entertainmentအစီအစဉ်တွေအတွက် အစ်ကို စင်ပေါ်ကို ခဏပြန်သွားရဦးမယ် .....ခဏနေရင် တစ်ခေါက်ပြန်လာခဲ့မယ်လို့ဆိုရင်း သူကျမတို့အနားက ထွက်သွားတော့ ကျမတို့လဲ အေးအေးဆေးဆေး ပွဲဆက်ကြည့်နေလိုက်ကြသည် ....။

အဲဒီအချိန်ကတည်းက ပွဲထဲမှာစိတ်မ၀င်စားတော့သလို သူ့ဆီကို ကပ်ငြိစွာပါပါသွားတတ်တဲ့ ကိုယ့်စိတ်ကို မနည်းပြန်စုစည်းမိရင်း သူဒီဘက်ကိုများ ပြန်လာမလာလို့မျှော်မိလိုက်တာကလဲ အကြိမ်ကြိမ် .....

ထို့အတူ သူလဲပဲ ကျမလို ဖျော်ဖြေရေးစင်မြင့်ထက်ကနေ အလုပ်တွေရှုပ်နေလိုက် ကျမဘက်ကို စိတ်မချသလို တစ်ချက်လှည့်ကြည့်လိုက်နဲ့ နောက်ဆံတင်းနေခဲ့သေးတာ ..... ကျမဘယ်တော့မှ မမေ့....။

“ဖြိုး ... ဘိုဘို့ အကိုကြီးကတော့ နင့်ကို သဘောကျနေတာ အရမ်းသိသာတယ်နော် ..... လို့ မနေနိုင်စွာ တိုးတိုးလေးကပ်ပြောလာတဲ့ သင်းကြောင့် ကျမကလဲ ကျေနပ်ပျော်ရွှင်သလို .... သင်း ကိုပြန်ပြီးတော့ရင်ဖွင့်မိခဲ့တယ်...

“သင်း ... ကျမလေ ... သူ့မျက်နှာကို မြင်မြင်ချင်း သိပ်ကိုရင်းနှီးနေခဲ့တယ် ... သူလဲကျမလိုပဲ ခံစားရမယ်ဆိုတာ ကျမ အလိုလိုသိနေခဲ့တယ် ....အဲဒါကို နင်ယုံလား လို့ဆိုတော့

“အေးဟ ..... သင်္ကြန်ဖူးစာဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်ဖြိုးရဲ့ ....  နောက်နှစ်သင်္ကြန်ကျရင် ဒီသီချင်းသံတွေကြားတိုင်း ရှင်သူ့ကို လွမ်းနေတော့မယ်ဖြိုးရဲ့လို့ ကျမကို ပြောလိုက်တဲ့ သင်းစကားမှ မဆုံးသေး ......

သူ ကျမတို့အနားကို အပြေးတစ်ပိုင်းရောက်လာပြီး မုန့်လုံးရေပေါ်တွေလာကျွေးလိုက် ၊ ကျမနားမှာထိုင်ကာ အတူတူပွဲကြည့်လိုက် ကိစ္စရှိရင် စင်ပေါ်ကို ပြေးသွားလိုက်နဲ့ အလုပ်တွေရှုပ်နေခဲ့ပါသည်...။
ပွဲအစီအစဉ်တွေပြီးဆုံးကာနီး ကျမတို့ပြန်တော့မယ်လို့ သူ့ကိုနှုတ်ဆက်တော့  ပိတောက်ဝါလေးတစ်ခက်ကို ကျမလက်ထဲမှာ အသာလေးထည့်ပေးရင်း  .....ကျမအနားကို တိုးတိုးလေး သူပြောလိုက်တဲ့ စကားတစ်ခွန်းက ...

“ညီမလေး.... ဒီနေ့က သင်္ကြန်ပွဲတော်ရဲ့နောက်ဆုံးနေ့လေ ..... မနက်ဖြန်ဆိုရင် အစ်ကို့ အလုပ်ရှိတဲ့ ကျွန်းနိုင်ငံလေးတစ်ခုဆီကို အစ်ကို  ပြန်ရတော့မယ် .... နောက်နှစ်မှာ ဒို့များကံမကုန်သေးရင် ပြန်ဆုံကြဦးစို့နော်  တဲ့ ........

အော် ... ဘိုဘိုပြောဘူးတယ် သူ့အစ်ကိုက နိုင်ငံခြားမှာ အင်ဂျင်နီယာတစ်ယောက်ဆိုတာကို ... ဟုတ်ပေသားပဲ ....ကျမသူ့ကို ဘယ်လိုနှုတ်ဆက်ရင်ကောင်းမလဲဆိုတဲ့အတွေးနဲ့အတူ ရင်ထဲမှာ လှိုက်ကနဲ ၀မ်းနည်းပေမယ့် ဟန်ဆောင် အားယူပြုံးပြပြီး ခေါင်းလေးကိုပဲ အသာအယာငြိမ့်ပြနိုင်ခဲ့ပါသည် ။

လက်ထဲက ပိတောက်ပန်းလေးတစ်ခက်ကို ကယောင်ကတမ်းနဲ့ ခေါင်းမှာပန်ဆင်လိုက်ရင်း .... နောက်နှစ်မှာလဲ ကျမ သူငယ်ချင်းတွေအားလုံး နဲ့အတူ.....ပိတောက်ပန်းလေးတစ်ခက်ကိုပန်ပြီး  အစ်ကိုနဲ့ဆုံတွေ့ရမယ့် နေ့ရက်ကို စောင့်မျှော်နေပါ့မယ်.... လို့ကျမကဆိုဖြစ်တော့ .....

တောက်ပ၀င်းလက်သွားတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ .....
“အစ်ကို ကတိပေးပါတယ် .... ဟောဒီ မန္ထလေးမြို့ရဲ့ ရွှေမန်းသင်္ကြန်မဏ္ဍပ်ကြီးဆီကို အစ်ကို မရောက် ရောက်အောင်လာပြီး ....ဟောဒီ့က ပိတောက်ပန်းချစ်သူလေးကို တွေ့အောင်ရှာပါ့မယ် ...တဲ့

ပိတောက်ပန်းချစ်သူဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျမကို  ရုတ်တရက် ဖွင့်ပြောသွားသူအတွက်ကြောင့် ရှက်သွေးဖြာသွားမရင်း သူ့အနားက ပြေးထွက်လာခဲ့မိတယ် ....။

 ၂၀၁၀ဆိုတဲ့ ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေက ကျမနဲ့ သူ့ကိုဆုံဆည်းခွင့်ပေးခဲ့တဲ့ သက္ကရာဇ်တစ်ခုဖြစ်သလို ရွှေမန်းသင်္ကြန်ဆိုတဲ့ တေးသီချင်းသံလေးကလဲ ကျမဘ၀မှာ ဘယ်တော့မှ မေ့လို့မရတဲ့တေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ......။
နေ့ရက်တွေကနေ လ ၊ လတွေကနေ နှစ်တစ်နှစ်ဆိုပြီး ပြောင်းလဲကုန်ဆုံးသွားဦးမယ့် နှစ်ဟောင်းတစ်ခုရဲ့ နေ့ရက်လေးတွေကို လက်ရေချိုးရင်း ကျမစွဲလန်းမြတ်နိုးမိသူတစ်ယောက်ကို ဘယ်လောက်ထိ တမ်းတလွမ်းဆွတ်နေခဲ့သလဲဆိုတာကို .... ရွှေမန်းသင်္ကြန်ဆိုတဲ့တေးသီချင်းလေးနဲ့ သူအမှတ်တရပေးခဲ့တဲ့ ပိတောက်ပန်းခက်လေးပဲ ကောင်းကောင်းသိခဲ့ပါလိမ့်မည်.........။

                  *********************************************

( ၂၀၁၁ ရဲ့သင်္ကြန်အကြိုနေ့မှာဖြစ်သည်....)

“ဟယ် ... မေနွယ် နင့်အဖွားနဲ့ တရားစခန်းပါသွားတယ်ဆိုလို့ ငါတို့တောင် နင့်ကိုချီးကျူးနေတာ ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ ....”

ရုတ်တရက် ဘိုဘို က အာဗြဲကြီးနဲ့ အောဟစ်ပြီးမေးလိုက်တော့ အကျီကြိုးတစ်ချောင်းနဲ့ ဂျင်းဘောင်းဘီအပြာရောင်ကို ၀တ်ပြီးကဆုန်ပေါက်ပြေးလာတဲ့ မေနွယ်တစ်ယောက် ဟောဟဲ ဟောဟဲ ဆိုက်ပြီး .......

“နေစမ်းပါဦး ဘိုဘိုရယ် .... ငါ့မှာ တရားစခန်းကနေ အုတ်တံတိုင်းကျော်ပြီး ခိုးထွက်လာခဲ့တာ .... နီလာရော နီလာတစ်ယောက်တွေ့မိသေးလား ဖြိုး လို့ ကျမကိုမေးတော့

“အင်း ကျမတွေ့လိုက်တယ် ခုနက အထုတ်တစ်ထုတ်ကိုလဲ ကိုင်ထားပြီး တစ်ယောက်ယောက်ကို လိုက်ရှာနေသလိုပဲ လို့ဆိုတော့

“ဟယ် ...ဟုတ်လား အဲဒီ ဂျပုမက အခုလိုကျတော့လဲ ချစ်ဖို့ကောင်းပြန်ရော ... နေဦး ပြီးတော့မှ ငါနင်တို့ဆီပြန်လာခဲ့မယ် ..... အခုဒီအ၀တ်တွေက ငါတရားစခန်းဝင်တဲ့နေ့က ၀တ်သွားတဲ့ဟာတွေ အဖွားမသိအောင် အိမ်ကို ထည့်မပေးလိုက်ပဲ တမင်သိမ်းထားတာလေ ဟီး  ..... ဒီနေ့ဝတ်ဖို့က ကြိုတင်စီစဉ်ပြီးသား နီလာဆီမှာ ငါပေးထားတယ် အဲဒီအမျိုးသမီးကို ငါရှာလိုက်ဦးမယ် သွားပြီဟေ့ ”
ဆိုပြီး ပြာတီးပြာယာနဲ့ ထွက်သွားတော့သည် ။

“တော်တော်ကို ဗယုတ်ကျတဲ့ဟာတွေ” ဟုသင်းက ပြောလိုက်ရင်း ကျမဘက်ကို လှည့်ကာ

“ဖြိုး ... နင်ဘိုဘို့ကို မမေးကြည့်ဘူးလား သူ့အစ်ကို ပြန်လာလားဆိုတာ ”

ကျမက ခေါင်းကို အသာအယာယမ်းပြလိုက်တော့ ... အရာရာကို စိတ်မြန်လက်မြန်ရှိတဲ့ သင်းက

“ ငါ ဘိုဘို့ကို ခေါ်ပြီးမေးလိုက်မယ်ဟာနေဦး .....ဆိုပြီး ပြောပြောဆိုဆို ဘိုဘို့ကို မြင်လိုက်တာနဲ့

“ဟဲ့ ဘိုဘို လာဦး ငါနင့်ကို မေးဦးမယ်လို့ သင်းက အော်ခေါ်လိုက်သည်...။

“အေး လာခဲ့မယ် ခဏလေး ခဏလေး ငါအရေးကြီးလို့ ဟိုဘက်သွားလိုက်ဦးမယ် ပြန်လာခဲ့မယ်လို့ အော်သွားပြီး ဘိုဘိုကလဲ တော်တော်နဲ့ ပြန်မလာတော့ ......

“သူမလာဖြစ်တာနေမှာပေါ့ သင်းရယ် ..... ထားလိုက်ပါဟာ မေးမနေပါနဲ့တော့လို့ ဆိုရင်း ကျမသက်ပျင်းတစ်ချက်ကို လေးလံစွာချဖြစ်ပါသည် ...။

ဖျော်ဖြေရေးအစီအစဉ်များကျင်းပရာ ရွှေမန်းသင်္ကြန်စာတမ်းကြီးနဲ့ မဏ္ဍပ်ကြီးကလဲ ယခင်နှစ်တွေကထက် ပိုပြီး ခမ်းနားလှပနေသည် ....။

တစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုသွားကြတဲ့ အတာတေးတို့သညလည်း နန်းဆန်သည့် မန်းသင်္ကြန်ကို ပိုမို၍ ခွန်းချို
ဝေဆာစေခဲ့ပြန်ပါသည်။

မန္တလေး အတာရေနန်းသဘင်သည် အစဉ်အလာကြီးသည့် မြန်မာ့သင်္ကြန်ကို ညွှန်းဆို ကိုယ်စားပြုခဲ့သည်။ သင်္ကြန်တေးသီချင်းအချို့၏ တီးခတ်မှုအနုပညာ ၊ ရေးစပ်မှုပညာ နှင့် ညှို့ငင်ဆွဲဆောင်နိုင်စွမ်းရှိသည့် သင်္ကြန်တေးတွေကိုလည်း ကျမအားလုံးနီးပါးလိုလို ရင်းနှီးကျွမ်းဝင်နေခဲ့ပြီဖြစ်သည် ....။

ကျမရင်ဘတ်ထဲမှာ ဟိုး အရင်နှစ်တွေကထက် သင်္ကြန်ကို ပိုလို့ချစ်သည် .... သင်္ကြန်သီချင်းတွေကို ပိုလို့မြတ်နိုးမိသည် .... သင်္ကြန်မှာဆုံဆည်းခဲ့ဘူးသူ တစ်ဦးကို ပြောမပြတတ်အောင်ပဲ တမ်းတ လွမ်းဆွတ်လှပါသည် ....။

တမ်းတလွမ်းဆွတ်ခြင်းနဲ့အပြိုင် စတိတ်စင်ထက်မှ ကြောငြာသံကို ကြားလိုက်ရပြန်သည် ....။
နောက်ထပ်ဖျော်ဖြေတင်ဆက်ရန် အလှည့်ကျတဲ့အဖွဲ့တစ်ဖွဲ့ကို စင်မြင့်ပေါ်မှာ နေရာယူဖို့အတွက် အနောင်ဇာဖြစ်သူက ဖိတ်ခေါ်ကြော်ငြာနေပြီဖြစ်သည် .....။

မန္တလေးမြို့ ကျက်သရေဆောင် မြို့မတေးဂီတအဖွဲ့က တီးခတ်လိုက်တဲ့ သာယာငြိမ့်ညောင်းလှသည့် သင်္ကြန်တေးသွားလေးနဲ့ အတူ....
ဇာတ်ခုံတစ်ဘက်တစ်ချက်ဆီကနေ ယခုနှစ်၂၀၁၁ခုနှစ်အတွက် သင်္ကြန်အရောင်ဟုသတ်မှတ်ထားသော ခရမ်းရောင်နဲ့ ရွှေဝါရောင်ရောစပ်ထားသည့် အတာရေသဘင်ဝတ်စုံဆန်းဆန်းလေးတွေကို ၀တ်ဆင်ထားသော ယိမ်းအဖွဲ့လေးကပါ အတာသင်္ကြန် တေးသီချင်းလေးနဲ့အပြိုင် ယဉ်ကျေးသိမ်မွေ့စွာ ထွက်လာကြပါသည် ....။

ပြီးတော့ အဲဒီသီချင်းကို သီဆိုမည့်သူပါထွက်လာတော့ ကျမ ရုတ်တရက် အံ့သြမှင်သက်စွာဖြင့် .......သူ ဟုတ်မှ ဟုတ်ရဲ့လားလို့ သင်းကိုလက်တို့ပြီး မေးလိုက်မိသည်...။

ကြိုတင်သိနေပုံရတဲ့ မရွှေသင်းကတော့  ပြုံးဖြီးဖြီးကြီးလုပ်ပြီး ............

“နင်မျက်စေ့မှားတာနေမှာပါ ဖြိုးရယ်တဲ့ .......ကျမက အံ့သြ၀မ်းသာလွန်းစွာနဲ့ပဲ

 “ အောင်မယ် ... ရှင်က သိရက်နဲ့ ကျမကို တမင်လျှို့ဝှက်ထားတာပေါ့လေ ဟုတ်လားလို့ ပြောရင်း သင်းရဲ့လက်ကို နာနာလေး တစ်ချက်ဆွဲဆိတ်လိုက်ပစ်လိုက်သည်....။

“အား .....နာတယ်.... ငါမဟုတ်ဘူး အဲဒါ ဇာတ်ခုံပေါ်က သီချင်းဆိုနေတဲ့ နင့်လူကြီးက အဲလို တမင်ပြောခိုင်းလို့ ပါဗျို့ .... လို့အော်လိုက်တော့ .... ကျမ ရယ်မောစွာနဲ့ သူရှိရာစင်မြင့်ထက်ကို လှမ်းကြည့်လိုက်ပါသည် ......။

ကျမကို လက်ညှိုးလေးထိုးပြီး သူသီဆိုနေခဲ့တဲ့ တေးသီချင်းစာသားလေးက ........

“ပိတောက်ပန်းချစ်သူလေးကို တမ်းတမ်းတတ ရင်ထဲလွမ်းကာ .... ပိတောက်တစ်ခက်ပန်ကာ သူ့မျက်နှာထားက ပြုံးလို့ ရွှင်စွာ .........တစ်ခုသော သင်္ကြန်ပွဲမှာ နွဲပျော်လို့ဖြင့် ဆုံတွေ့မမေ့စရာ.........ယနေ့ထက်တိုင်သာ ကိုယ့်ရင်ထဲ စွဲလန်းနေတာ........ဘယ်ဆီပိတောက်လမ်း ဘယ်ရေနန်းမှာ ရောက်လို့နေတာ.......သင်္ကြန်ပွဲတိုင်းမှာ တစ်ကိုယ်ထဲလျှောက်လာ ရင်မောလှစွာငေးမောဖွေရှာ......ပြန်လည်တွေ့လေမလား.....တွေးထင်စိတ်မှာ.......ပိတောက်ဝါပွင့်သော..........အတာ.....”

နွမ်းလျနေတဲ့ ကျမစိတ်တွေအားလုံးက ပိတောက်ပွင့်သောအတာ ဆိုတဲ့ တေးသီချင်းသံလေးရဲ့ နောက်မှာ စီးမျောလိုက်ပါသွားမိရင်း ..... ၂၀၁၁ ရွှေမန်းသင်္ကြန်မဏ္ဍပ်ကြီးရဲ့ စင်မြင့်ထက်က ကျမအချစ်ရဆုံးသူ့မျက်နှာကို ပျော်ရွှင်စွာငေးကြည့်နေဖြစ်ခဲ့တာ ....... ဟောဒီ့သင်္ကြန်ဟာ ကျမအတွက်တော့ အလှပဆုံးသင်္ကြန်ပါပဲ ..........။
                   **************************************************
၂၀၁၁မှာကျရောက်တဲ့ နှစ်သစ်အတာသင်္ကြန်ပွဲလေးကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သမ်းနိုင်ကြပါစေ
အားလုံးပဲ မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် .....။

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ

Wednesday, April 6, 2011

နှစ်သစ်ကူးသီတဂူအထူးတရားပွဲ (စင်္ကာပူ)


စင်္ကာပူကျွန်းတွင် မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာ ၊ မြန်မာ သူငယ်ချင်းမိတ်ဆွေ အားလုံးတို့အား ရိုသေလေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်...။
မြန်မာလူမျိုးတို့၏ ထူးခြားမွန်မြတ်သော နှစ်သစ်ကူး သင်္ကြန်အခါသမယတွင် စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့၌ ရောက်ရှိနေကြသော မြန်မာလူငယ်များအား ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးမှ နှစ်သစ်ကူး အထူးတရားဒေသနာတော်များကို ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည်။
သို့ပါ၍ တရားတော်နာ ကုသိုလ်ကောင်းမှု အတူပြူရင်း မင်္ဂလာနှစ်သစ်ကိုကြိုဆိုနိုင်ကြရန် ရိုသေလေးစားစွာဖြင့် သတင်းကောင်းပါးလိုက်ပါသည် ....။

နေ့ရက် - ၁၇ ဧပြီလ ၂၀၁၁

အချိန်   - ညနေ ၆ နာရီခွဲမှ ၈ နာရီအချိန်ထိ

နေရာ   - Poh Ern Shih Temple , 17 D Chwee Chian Road
             Shuttle Bus Will be Provide ( Harbour Front MRT Exit A )

သီတဂူစမ်းလပမာ ချမ်းမြသာယာရှိကြပါစေ.....
ရိုသေလေးစားစွာဖြင့် ~
နှင်းဟေမာ

Thursday, March 31, 2011

ကမ္ဘာမြေရဲ့ချစ်သူ ....













“ကမ္ဘာမြေပေါ်ကို နင်းမိလိုက်တိုင်း
ကိုယ့်ရဲ့ခြေအစုံအောက်မှာ
ပန်းတို့ရဲ့ နုညံ့မှုတွေခင်းကျင်းထားသလို
ဘ၀ကို ကျေနပ်နှစ်သက်စေခဲ့သူ.....


“စိတ်မှာတောင့်တလိုက်ရုံနဲ့
နှုတ်ကဖွင့်ဟဖို့မလို .....
ကိုယ်လိုချင်တာမှန်သမျှ
အစစအရာရာ အလိုက်သိတတ်လွန်းသူ .....


ကိုယ်ရှင်သန်ရာ ဘ၀ဥယျာဉ်ထဲမှာ
ပူပင်သောကတွေဖယ်ရှင်း ပျော်ရွှင်ခြင်းတွေကိုသာ
တစ်မျှော်တစ်ခေါ်ဖူးပွင့်အောင်
ဆောင်ကျဉ်းစိုက်ပျိုးနိုင်ခဲ့သူ ......


ကိုယ်ဘယ်လို ဆိုးဆိုး
အတိုးချပြီးသီးခံ ကိုယ့်ရဲ့အနိုင်ယူတဲ့ဒဏ်တွေကို ခံရင်း
မာန်မာနကင်းစွာလဲကြင်နာတတ်ခဲ့သူ ......


ချစ်သူရေ ..............
ဘယ်သူတွေ ဘာပဲပြောပြော
မေတ္တာတရားကို မေတ္တာတရားချင်းထုဆစ်လို့
သစ္စာတရားကို သစ္စာတရားခြင်း ထွန်းညှိလို့
ချစ်ခြင်းရဲ့ အလင်္ကာမြို့ကို
အနှစ်တစ်ရာ မယိုင်မလဲအောင်
အခိုင်မြဲဆုံး သစ္စာတရားတွေနဲ့
တစ်သက်လုံးပဲ တည်ဆောက်သွားစို့နော် ....။

       ****************************************************

                                    ချစ်သူနှစ်ဦးရဲ့တစ်နှစ်ပြည့် အမှတ်တရ



အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
31 March 2011

Wednesday, March 23, 2011

ကျမနဲ့ ကျမချက်တဲ့ ငါးဆားနယ်ဟင်း

ကျမရဲ့မီးဖိုဆောင်လေးလို့ ခေါင်းစဉ်တစ်ခုတပ်ပြီးကာမှ ကိုယ်တိုင်ချက်တဲ့ဟင်းလေးတွေကို ကိုယ်တိုင်ပဲ စိတ်တိုင်းမကျတာနဲ့ မတင်ဖြစ်ခဲ့ဘူး ။
ဒီတစ်ပတ်တော့ ဈေးထဲကနေ လတ်လတ်ဆတ်ဆတ်ငါးတစ်ကောင်ကိုဝယ်လာဖြစ်ခဲ့တယ်...။
ဟင်းဆိုရင် အပေါ့အရွှတ်တွေ ၊ အရောင်အဆင်းမရှိတဲ့ဖြူဖတ်ဖြူရော်တွေ ၊ အချိုချက်တာတွေကို လုံးဝမစားတတ်တဲ့ ကျမအတွက် ငါးကိုဘယ်လိုချက်ရမလဲလို့ စဉ်းစားရင်း ငါးဆားနယ်(ငဆနယ်) လုပ်ထားပြီးမှ ခရမ်းချဉ်သီးလေးနဲ့ ငဆနယ်ဟင်းဆီပြန်လေးတစ်ခွက်ချက်ဖို့ စိတ်ကူးလိုက်တယ် ....။
ငါးဆနယ်က မလုပ်ဖြစ်တာတော့ကြာပြီ ... ဟိုးအရင်က သူငယ်ချင်းနားမှာ ကြည့်ထားခဲ့တား)

မြန်မာပြည်မှာအစိုးရ၀န်ထမ်း အလုပ်တာဝန်နဲ့ ပြည်နယ်တစ်ခုမှာတာဝန်ကျခဲ့တော့ ကျမနေရတဲ့အဆောင်က မြို့ထဲနဲ့လဲဝေးတယ် ဈေးနဲ့လဲဝေးတော့ ကျမတို့ဝန်ထမ်းတွေအတွက် တစ်ပတ်တစ်ခါဆိုသလို ငါးကားကြီးတစ်စီးရောက်လာပြီး ငါးတွေဝေပေးလေ့ရှိပါတယ် ....။
အဲဒီမှာ  အဆောင်မနေတဲ့ အိမ်ထောင်ရှင် ဆရာမကြီးတွေကတော့ သူတို့ဝေစုကို ကျမတို့အဆောင်က ကလေးတွေ ယူချင်တဲ့သူ ယူဆိုပြီး မီးဖိုခန်းထဲက ဇလုံကြီးတစ်လုံးထဲမှာ ထားပေးခဲ့တတ်တယ် ...။
ကျမနဲ့တစ်ခန်းထဲ အတူတူနေရတဲ့ မြင့်သူဇာလှိုင် ဆိုတဲ့ ဆရာမလေးက ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ကဆိုတော့ ငါးပိရေသိပ်တာ ၊ ငါးဆားနယ်လုပ်တာတော့ တော်တော်လေးကျွမ်းကျင်တယ် ....။
အဲဒါနဲ့ ကျမတို့နှစ်ယောက်ပေါင်းပြီး ပြည်နယ်ဘုရားပွဲမှာ စဉ့်အိုးကြီးကြီးတစ်လုံးဝယ်လိုက်တယ် ...။

ကျမတို့ချက်မစားနိုင်တဲ့ ငါးတွေရော အဆောင်က သူငယ်ချင်းတွေရဲ့ငါးတွေရော ပေါင်းပြီး ၊ အရွယ်ညီအတုံး အကွင်း အကွင်းလေးတွေအဖြစ် လှလှပပ တုံးလိုက်တယ် ...။
ပြီးတာနဲ့ ဆား ၊ ဟင်းချိုမှုန့် ၊ နနွန်းမှုန့်တို့နဲ့ စိမ့်ဝင်အောင်နယ်ပြီး စဉ့်အို့ခြောက်ခြောက်လေးထဲမှာ လက်သန့်သန့်လေးနဲ့ တစ်ထပ်ချင်းသိပ်လိုက် ဆားတစ်ထပ်ထည့်လိုက်နဲ့ ပြီးတဲ့အခါ ပလပ်စတစ်အကြည် သန့်သန့်လေးနဲ့ လေလုံအောင်စဉ့်အိုးအ၀ကိုဖုံးလိုက်ပြီး သံပန်းကန်ပြားအဟောင်းတစ်ချပ်နဲ့ ဖုံးထားလိုက်တယ် ....။
ကျမတို့လုပ်တဲ့ ငါးဆားနယ်အိုးကြီးက နောက်ဆုံးမှာတော့ လက်မလည်အောင် ရောင်းကောင်းတဲ့ အိုးကြီတစ်လုံးဖြစ်လာခဲ့တယ် ....။
အဆောင်မှာ ဘာဟင်းမှမရှိဘူးဆိုရင် ငါးဆားနယ်ကြော်၊ တာလပေါ့ဟင်းရည်အိုးကြီးတစ်အိုး နဲ့ ငရုတ်သီးထောင်းတစ်ခွက်ကတော့ အမြဲတမ်းလိုလိုရှိနေတတ်တယ် ...။

ကျမနဲ့ မြင့်သူဇာလှိုင်က ငါးဆားနယ်သိပ်တဲ့တာဝန်ကိုယူပြီး ၊ မိဥမ္မာထော ဆိုတဲ့ အစ်မကတော့ တာလပေါ့ဟင်းအိုးကြီးကို တာဝန်ယူတယ် ....။ ငရုတ်သီးထောင်းဖို့ ငါးဆားနယ်ကြော်ဖို့ကိုတော့ အဆောင်ထဲက သူငယ်ချင်းတွေက အလှည့်ကျတာဝန်ယူကြရင်း ကျမတို့တို့ရဲ့ ထမင်းဝိုင်းကြီးကလဲ ဘယ်တော့မှမပြောင်းလဲသော ဟင်းလျာတွေနဲ့ အမြဲစည်ကားလေ့ရှိပါတယ် .....။

အဆောင်ခေါင်းရင်းက မလွှပင်ကြီးကလဲ ဖွေးဖွေးလှုပ်အောင် ပွင့်လိုက်၊ ကြွေလိုက်ရှိခဲ့ပေမယ့် ကျမတို့လက်ချက်နဲ့ အပင်ပေါ်မှာရော ၊ မြေကြီးပေါ်မှာရော ကြာကြာမနေရ ရှာပါဘူး ။
စားစရာ ပြတ်လပ်သွားပြီဆိုရင် .... အဲဒီ မလွှပွင့်တွေကို မြေအိုးကြီးနဲ့အခါးလျှော့သွားအောင်ပြုတ်ပြီး ကြက်သွန်နီစိမ်း ၊ မြေပဲထောင်း ၊ ဆီချက် ၊ ငရုတ်သီးမှုန့်နဲ့ နယ်ပြီး ဇလုံကြီးထဲမှာ ပယ်ပယ်နယ်နယ် သုတ်စားလေ့ရှိကြတယ် ...။

ကျမတို့ ကျောင်းနဲ့မျက်နှာချင်းဆိုင် ကြာအင်းတောင်တန်းပေါ်က ဘဒတ်စာလို့ခေါ်တဲ့ အဖြူရောင်အပွင့်လေးတွေကလဲ ကျမတို့ ပြည်နယ်ဝန်ထမ်းတွေအတွက် လောက်ငအောင်ပွင့်ပေးရှာပါတယ် ...။
ဘဒတ်စာနဲ့ ကင်ပွန်းချဉ်ကလိုက်ဖက်တဲ့ အတွဲဆိုတော့ မိုးရွာလို့ တောင်ပေါ်မှာ ဘဒတ်စာတွေ ထွက်ပြီဆိုရင် ကျောင်ဝန်းထဲက ကင်မွန်းပင်တန်းကြီးကလဲ ကျမတို့လက်ချက်နဲ့ အညွှန့်တော်တော်နဲ့ပြန်မထွက်နိုင်ရှာတော့ဘူး .....။
ရှားပါးဆင်းရဲပေမယ့် အဲဒီဘ၀ကိုပဲ ကျမတို့ပျော်ခဲ့ကြတာ ......နှစ်တွေကြာခဲ့ပေမယ့် တစ်သက်မမေ့စရာ အတိတ်က ပုံရိပ်လွှာလေးတွေကို ပြန်လည်အောက်မေ့မိရင်း ငါးဆားနယ်ဟင်းတစ်ခွက်ကို ပြန်လည် ချက်ပြုတ်ဖြစ်ခဲ့တာပါ ....။

ငါးဆားနယ်သိပ်ထားတဲ့ ဗူးထဲကနေ ငါးဆနယ်တုံးလေးတွေကို လိုသလောက်ယူ၊ ဆားတွေဖယ်ထုတ်ပြီး ရေအထပ်ထပ် ဆေးထားလိုက်တယ် ....။
ပြီးရင် ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ကိုပါးပါးလှီးပြီး ၊  နံနံပင်တွေကို ရေစင်အောင် ဆေးထားပါတယ်...။


ပထမဆုံးဆီသတ်ပြီး ခရမ်းချဉ်သီးအနှစ်ရတဲ့အခါမှာ ငါးဆနယ်တွေကို ထည့်လိုက်ပီး ကျက်လောက်တဲ့အခါမှာ အရသာလိုသလိုပြင်လိုက်ပါတယ် ...။ ပြီးရင်တော့ ဆီလည်ရေလည်အနေလောက်မှာ နံနံပင်လေးအုပ်ပြီး ချလိုက်တာနဲ့ ထမင်းစားလို့မြိန်စေမယ့် ငါးဆနယ်ဟင်းတစ်ခွက် ကျက်သွားပါပြီ ...။

အရသာက လေးလေးပင်ပင်ရှိတော့ အချဉ်နဲ့လိုက်ဖက်တာမို့ ရှားရှားပါးပါးရတဲ့ မရမ်းသီးလေးကို ပုဇွန်ခြောက်မှုန့် ၊ မြေပဲမှုန့်တို့နဲ့ သုတ်လိုက်ပါတယ်....။
သူငယ်ချင်းရဲ့ မုန့်ညှင်းရွက်ဟင်းချို ပူပူလေးနဲ့ပါ တွဲဖက်ပြီး စားလိုက်ကြတာ ...............
အဲဒီထမင်းဝိုင်းလေးက ကျမတို့အတွက်တော့ အမှတ်တရပါပဲ .....း)

အားလုံးကိုချစ်ခင်လေးစားလျှက် ~
နှင်းဟေမာ
(22 March 2011)

Wednesday, March 16, 2011

ရွှေမန်းမြို့က ရှင်ပြုအလှူ(၂)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က မန္ထလေးမြို့၊  မဟာအောင်မြေမြို့နယ် ၊ လမ်း ၈၀၊ ၄၀ လမ်းနှင့် ၄၁လမ်းကြား၊ ပေါက်မြိုင်တိုက် ၊ အေးငြိမ်းအောင်မြင်သိဒ္ဒိရှင် ဓမ္မာရုံကြီးမှာ လူရွှင်တော်စာရေးဆရာ ဦးချစ်စရာ ရဲ့ (သား) မောင်စိုးမင်းအောင် ၊ လူရွှင်တော်ဦးဒီပါရဲ့မြေးလေး နဲ့ ယနေ့ထိ သာ့သနာ့အမွေခံယူခွင့်မရရှာသေးတဲ့ ကလေးလေးတစ်ယောက်တို့ သာသနာ့ဘောင်သို့သွတ်သွင်းပြီးနောက် သမီး မစုမြတ်အောင် (ခ) မရတနာစုကြည် ကို မြတ်နားသမင်္ဂလာဆင်ယင်ကျင်းပသည့်အလှူတော်မင်္ဂလာ အောင်ပွဲကြီးရဲ့ အလှူကြီးနေ့အကြောင်းကို  အလှူတော်မှတ်တမ်း ဒုတိယပိုင်းအနေဖြင့် အမှတ်တရ ရေးသားအပ်ပါသည် .....။

                          အာရုံတတ်ချိန်နံနက်ခင်းဆီက  အလှူတော်မင်္ဂလာမဏ္ဍပ်ကြီး
အလှူကြီးနေ့ နံနက်ဝေလီဝေလင်းအချိန်မှာ မန်းလေးမြို့မှ ပင့်သံဃာတစ်ဆယ့်တစ်(၁၁)ပါး ကို အားရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်....။

ညကလဲ ပွဲကြည့်ထားသေးတယ် .....မနက်၎နာရီလောက် အိပ်ယာထရတော့ အိပ်ရေးကမ၀ဘူး ...။
အိပ်ချင်မူးတူးနဲ့ ဆွမ်းကပ်နေပုံးD
နံနက် အာရုံဆွမ်းကပ်ပြီးတဲ့နောက်မှာတော့ ဖိတ်ကြားထားတဲ့ ပရိတ်သတ်တွေမလာခင်မှာ   မိတ်ကပ်ဖန်တီးရှင်-အကြည် ( ကြည်ခိုင်မိုး)ဆီကို ကိုယ့်မျက်နှာကို ကြည့်ပျော်ရှုပျော်လေးဖြစ်ဖို့အတွက် ပြေးရပြန်ပါတယ်...  အဟဲ ( ဗွီဒီယိုရိုက်မှာဆိုတော့ နဲနဲလှချင်တာပေါ့း)

မန်းလေးမြို့ထုံးစံအရ နံနက်(၈)နာရီဆိုရင် ဖိတ်ထားတဲ့ လူတွေက အကုန်စုံနေပြီ ၊ နေ့လည် ၁၁လောက်ဆို လူမရှိတော့ဘူးလို့ဆိုပေမယ့် ကျမတို့ အလှူနေ့ကတော့ နံနက်(၈)နာရီလောက်ထဲက စီကားလိုက်တာ နေ့လည် ၁နာရီကျော် ဘိတ်သိတ်မစခင်အချိန်ထိ စည်ကားနေဆဲလူတွေနဲ့အတူ ထမင်းရုံထဲမှာလဲ မနားတမ်း ထမင်းကျွေးနေရဆဲဖြစ်ပါတယ် ....။
မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်းတွေနဲ့ သာသနာပြုတော်မူတဲ့ သီတဂူကြယ်တစ်ပွင့်ဆရာတော်ဘုရားကလဲ မအားလပ်တဲ့ကြားက အလှူကိုကြွရောက်ချီးမြှင့်တော်မူပါတယ် ....။မောင်ရှင်လောင်းလေးတွေကိုလည်း ဆရာတော်ဘုရားကိုယ်တိုင် သင်္ကန်းစီးပေးပြီး ၊ ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့ပါတယ် .....။
အလှူကြီးနေ့မှာတော့  ငါးခြောက်နှပ် ၊ ကုလားပဲနှပ် ၊ ပဲပင်ချဉ်သုတ် ၊ ကြက်သွန်နီနဲ့ငရုတ်သီးအရွကြော် ၊ ပဲဟင်းချိုတို့နဲ့ အချိုတည်းဖို့ မန်းလေးထိုးမုန့် ၊ လက္ဘက်သုတ် နဲ့ ရေနွေးကြမ်း ၊ သီးမွှေးငှပျောသီး တို့နဲ့ ဖိတ်ကြားထားသူ လူ ၁၀၀၀ ကျော်ကို နေ့လည်စာဖြင့် ဧည့်ခံ၊ လှူဒါန်း ကျွေးမွေးခဲ့ပါတယ် ....။

အလှူတစ်ခုလုပ်ပြီဆိုရင် ကျမ အစိုးရိမ် အပူပန်မိဆုံးက ကျွေးနေရင်း ထမင်းတွေ ဟင်းတွေ မလောက်ငှမှာကိုပဲ ဖြစ်ပါတယ် ...။
အလှူမတိုင်ခင်ကတည်းက ကျမအနေနဲ့ လူရွှင်တော် စာရေးဆရာ ဦးချစ်စရာကြီးကို .....လေးချစ်ရေ မလိုအပ်တဲ့ ၊ တစ်ခြားအပိုကုန်မှာတွေကိုပဲ လျှော့ချ ၊ အလှူမှာကျွေးမဲ့ ထမင်းဟင်းကိုတော့  ကုန်ချင်သလောက်ကုန်ပါစေ  အလျှံအပယ်ချက်ပါ... ကိုရင်လေးတွေအတွက် သင်္ကန်းပရိတ်က္ခရာရှစ်ပါး အစုံကို ၊ အလှူမြောက်အောင်  ၀ယ်ပါဆိုတဲ့ စကားကိုပဲ ကျမ ထပ်ကာတစ်လဲလဲ မှာခဲ့မိတာ ....။
တစ်ကယ်ပဲ စိတ်ချမ်းသာစရာကောင်းပါတယ် ....လူတွေ ဘယ်လောက်များများ ထမင်း ဟင်းကလဲ ပြတ်လပ်မသွားခဲ့တဲ့အပြင်  အလှူဟင်းကကောင်းလိုက်တာဆိုပြီး လာသမျှလူတွေအားလုံးက အားပါးတရ စားကြတဲ့အတွက် အရမ်းပဲ ၀မ်းသာ ၊ ပီတိဖြစ်ရပါတယ် ....။

 အလှူနေ့မှာ ဆရာမကြီး လူထုဒေါ်အမာရဲ့(သား) ဆရာညီပုလေး ၊ မင်းခိုက်စိုးစံ၊ ဆရာမ ယဉ်ယဉ်နု(မန္ထလေး) နဲ့ ဖိတ်ကြားထားတဲ့ စာရေးဆရာအတော်များများ လာရောက်ခဲ့ကြသလို ကျမချစ်ခင်လေးစားရတဲ့ စာရေးဆရာမ ခင်ခင်ထူး နဲ့ သမီးလေး တို့လဲ တတ်ရောက်ခဲ့ကြပါတယ်...။ ဆရာနေ၀င်းမြင့်ကတော့ စာပေဟောပြောပွဲအတွက် နယ်ကိုသွားနေရလို့ အလှူနေ့က မလိုက်လာနိုင်ခဲ့ပါဘူး....။
ကျမအတွက် ဆရာမရေးခဲ့တဲ့ စာပေဗိမ္မာန်ဆုရ စာအုပ် နဲ့ အခြား ရှားပါးစာအုပ်လေးတွေကို လက်ဆောင်ပေးလိုက်တော့ ကျမ အရမ်းပဲ... ကြည်နူးဝမ်းသာရပါတယ်....။
                                      ဆရာမခင်ခင်ထူး ၊ သမီးလေးတို့နဲ့ အမှတ်တရ .....
စာရေးဆရာမ ယဉ်ယဉ်နု (မန္ထလေး) ကလည်း အလှူနေ့မှာ ကျမအတွက် လက်ဆောင်ပေးဖို့ဆိုပြီး စာအုပ်လေးတွေ ယူလာပါတယ် ...။ ဆရာမက လေဖြတ်ထားတဲ့အတွက် ညာဘက်လက်တစ်ဘက်က စာမရေးနိုင်ခဲ့ပေမယ့် သူများကိုရေးခိုင်းပြီး စာပေဗိမ္မာန်ဆုကိုရရှိခဲ့တဲ့အကြောင်းလေးကို ကျမကို ပြောပြတော့ စိတ်မကောင်းဖြစ်မိသလို အရမ်းလဲလေးစားစရာကောင်းတဲ့ စာပေမိခင်တစ်ဦးအဖြစ် အသိအမှတ်ပြုမိပါတယ် ...။
အခုလို လူရွှင်တော် စာရေးဆရာဦးချစ်စရာရဲ့ လှူချင်တဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ၊ လှူဒါန်းခွင့်ရခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကြောင့် ၊ ကျမ လေးစားတန်ဖိုးထားရတဲ့ စာပေအသိုင်းအ၀ိုင်းက ဆရာကြီး ဆရာမကြီးတွေနဲ့ ရင်းနှီးစွာ တွေ့ခွင့် ၊ ဆုံခွင့် ၊ ကန်တော့ခွင့်ပါ ရခဲ့ပါတယ် ....။

                                    ဆရာမ ယဉ်ယဉ်နု (မန္ထလေး) နှင့် အမှတ်တရ
ဆို၊က၊ရေး၊တီး ရွှေတံဆိပ်ဆုရှင်မောင်ရှင်လောင်း မောင်နှမနှစ်ယောက်ကလဲ တေးသီချင်းနဲ့ အားပါးတရ ဧည့်ခံဖျော်ဖြေကြပါတယ် ....။ လူရွှင်တော် နဲ့ မင်းသမီးကမွေးလာတဲ့ မျိုးဆက်လေးတွေဆိုတော့ မခေဘူးလို့ပြောရမယ် ။ တစ်ကယ့် ၀ါရင့်အဆိုတော်ကြီးတွေလိုပါပဲ ....။
ကိုအောင်ကျော်မြင့် နဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့(မြေး)  နန်းခင်မွှေး တို့က တေးသီချင်းများသီဆိုပြီး
ကျောက်ပန်းတောင်း (မင်းသမီး)-စကားဝါ ဒေလီမြင့်ရဲ့ (သမီး) ညီမလေး မှုံနံ့သာသွယ် က အကနဲ့ တွဲဖက်ကာ ပျော်ရွှင်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်....။
အဲဒါပြီးတဲ့နောက်မှာတော့ ဘိတ်သိတ်သွန်းလောင်းရန် တာဝန်ယူထားတဲ့ စာရေးဆရာ မန်းတက္ကသိုလ် စိုးနိုင်က ဆိုင်း - မန္ထလေးသိန်းအောင် (သား) ပိုင်အောင်တို့နဲ့ တွဲဖက်ပြီး မောင်ရှင်လောင်းများကို အစီအစဉ် ၅ရပ်နဲ့ ဘိတ်သိတ်မြှောက်ကာ နားထွင်းမင်္ဂလာပြုပါတယ် .....။

မန်းလေးမြို့ ၊သဘင်အစည်းအရုံးဥက္ကဌကြီး- နန်းတော်ရှေ့ဆရာတင်ရဲ့ (သား) ဖြစ်သူ ဘဘ ဦးရွှေနန်းတင် ကလဲ မြန်မာ့ရိုးရာသုခုမအနုပညာနဲ့စာပေကို ချစ်ခင်လေးစားသောအားဖြင့် လူရွှင်တော်စာရေးဆရာ ဦးချစ်စရာ ၊ ဒေါ်အေးအေးသွင်တို့ရဲ့ ရင်သွေးရတနာများကို လာရောက်လှူဒါန်းပေးတဲ့ ကျမတို့ရဲ့ ဒါနစေတနာကို ချီးမြှောက်သောအားဖြင့် ကျေးဇူးတင်မင်္ဂလာစကားများ အားပါးတရ ပြောကြားပေးခဲ့ပါတယ် .....။
မြန်မာ့ဆိုင်းက နောက်ခံဗျောတီးပေးပြီး  မောင်ရှင်လောင်းလေးတွေကို ဘိတ်သိတ်ထမင်း နဲ့ ဘိတ်သိတ်ဟင်းများ အခုလို ခွံ့ကျွေးရပါတယ် .....
အဲဒီအချိန်မှာ အလှူ့ဒါယိကာဦးချစ်စရာတို့ မိသားစုနဲ့ မောင်ရှင်လောင်းလေးတွေရဲ့ ဆွေမျိုးမိဘတွေ ၊ ဘိတ်သိတ်ပွဲကြည့်သူတွေ အားလုံးက အလှူအတွက် ကြည်နူး ၀မ်းသာတဲ့ မျက်ရည်စတွေနဲ့အတူ မြင်ရသူတိုင်းရဲ့ ရင်ကို ၀မ်းနည်း ၀မ်းသာဖြစ်စေခဲ့ပါတယ် ...။
မစုမြတ်အောင်ကို နားသမင်္ဂလာပြုလုပ်နေပုံ
ဘိတ်သိတ်ဆရာအဖြစ် တာဝန်ယူဆောင်ရွက်ပေးသော စိုးနိုင် (မန်းတက္ကသိုလ်)
 ဘိတ်သိတ် အခမ်းအနားပြီးတဲ့နောက်မှာတော့ အလှူတော်မင်္ဂလာ အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကျိတ်ကျိတ်တိုးနေတဲ့ လူအုပ်ကြီးကြားမှာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ပါတယ် ....။
အဲဒါတွေပြီးတဲ့နောက်မှာတော့ သာသနာ့ဘောင်ကိုဝင်ရောက်ရတော့မယ့် မောင်ရှင်လောင်းလေးများကို ဆံချပြီး ဆရာတော် သံဃာတော်တို့ထံမှ သင်္ကန်းစီး ၊ သီလခံယူကာ မြင့်မြတ်သော သာ့သနာ့ဘောင်ကို ၀င်ရောက်ကြပါတယ် ....။

အားလုံးပြီးတဲ့နောက်မှာတော့ သီတဂူကြယ်တစ်ပွင့်ဆရာတော်မှ ကိုယ်ပိုင်ဆိုင်တဲ့  ပစ္စည်း ဥစ္စာထဲက သူတစ်ပါးအတွက် ဘာမျှော်လင့်ချက်မှမပါပဲ သန့်စင်မွန်မြတ်စွာ လှူဒါန်းခြင်းနဲ့ စိတ်ထားတတ်ခြင်း တို့ကိုအခြေခံသော ပါရမီထိုက်တဲ့ဒါနသြ၀ါဒတရားဒေသနာကို ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့ကို ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းကြပါတယ် .....။
သံဃာတော်တစ်ပါးလျှင် ဒွိစုံသင်္က္ခန်း(၂) စုံနှင့် အခြားလှူဖွယ်ပစ္စည်းများ ၊ ပစ္စည်းလေးပါးအတွက် န၀ကမ္မ၀တ္ထုငွေ တစ်ပါးလျှင် ၃၀၀၀၀၀ ( သုံးသောင်းကျပ်) တို့ကို သံဃာတော် တစ်ဆယ့်နှစ်ပါးတို့အား ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ သာဓု အနုမောဒနာခေါ်ဆိုခဲ့ကြပါတယ် .....။

ညနေ ၄နာရီတိတိအချိန်မှာ အလှူတော်ကြီး အောင်မြင်စွာပြီးမြောက်သွားခဲ့ပါတယ် .....။ညပိုင်းအချိန်မှာတော့ မန်းလေးမြို့ကျက်သရေဆောင် မြို့မဂီတ၀ိုင်းတော်သားများ ၊ ရတနာပုံသန်းဌေးအောင် ဆိုင်းအဖွဲ့တို့နဲ့အတူ ဟာသလူရွှင်တော်-စာရေးဆရာ -အလှူ့ဒါယိကာကြီး ဦးချစ်စရာ ၊ ဦးမော့(စ်) ၊ ဦးရန်အောင် ၊ ဦးဒီပါ ၊ တို့နဲ့အတူ ရှေ့ထွက်မင်းသမီး ကျမ နှင်းဟေမားp ၊ ခေါင်းဆောင်မင်းသမီး နန်းခင်မွှေးတို့က အလှူအောင်ပွဲအတွက် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြပါတယ်....။

                  ************************************************
အလှူတစ်ခုလုပ်နိုင်ဖို့ဆိုတာ လှူချင်တဲ့ဆန္ဒရှိရုံနဲ့လဲ မရနိုင်သလို .... ငွေကြေးပြည့်စုံရုံ ၊ မိမိတစ်ယောက်ထဲရှိရုံနဲ့လဲ မပြီးပါဘူး ၊  ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေ အစစအရာရာ အကူအညီ အထောက်အပံ့ ရှိမှသာ ပြည့်စုံအောင်မြင်တဲ့ အလှူပွဲကြီးတစ်ခုဖြစ်မြောက်ရတာပါ ....။

အထူးသဖြင့် အခုလို မွန်မြတ်တဲ့ ရှင်ပြု အလှူတော်ကြီးတစ်ခုအဖြစ် ကျမကိုလှူဒါန်းခွင့်ရအောင် ပထမဆုံး “တိုင်ပင်ခဲ့တဲ့ လူရွှင်တော် စာရေးဆရာကြီး ဦးချစ်စရာ ” ၊ ဒီအလှူကြီး ဖြစ်မြောက်ဖို့ရာအတွက် ကျမဘေးကနေ အစစအရာရာ ကူညီပါရမီဖြည့်ဆည်းပေးခဲ့တဲ့ ကိုအောင်ကျော်မြင့် ၊ အလှူမတိုင်ခင်ကနေ အလှူပြီးတဲ့အထိ  လိုအပ်တဲ့ ကားတွေအားလုံးကို စိတ်ကြိုက်ယူသုံးခွင့်ပြုပြီး အစစအရာရာ စိတ်ရောကိုယ်ရောနှစ်ကာ အလှူအတွက်မနေမနား ကူညီပေးခဲ့တဲ့ မန်းလေးမြို့က ကိုမောင်မောင် တို့ကို အရမ်းကျေးဇူးတင်မိပါတယ်...။

နောက်ပြီး အလှူမတိုင်ခင်ကနေ အလှူပြီးမြောက်တဲ့အထိ အစစအရာရာ အကူအညီပေးခဲ့တဲ့ အန်တီနန်းခင်မွှေး ၊ အလုပ်ရှုပ်နေတဲ့ကြားက ကျမကို အချိန်များစွာပေးပြီး မေတ္တာနဲ့ပြင်ဆင်ပေးခဲ့တဲ့ - ကျမကမဲ့ အငြိမ့်စင်ပေါ်ထိ လိုက်လာပြီး အားပေးခဲ့တဲ့ မိတ်ကပ်ကြည်ခိုင်မိုး၊  လမ်း ၈၀ မဟာအောင်မြေ ရပ်ကွက်တစ်ခုလုံးက ကျမ ချစ်ခင်ရတဲ့ မန်းလေးသူ ၊ မန်းလေးသား မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ခဲ့မိပါတယ် ဆိုတာလေးကို ဒီနေရာလေးမှာ ကျမရဲ့ တစ်သက်တာ အမှတ်တရအဖြစ်  မှတ်တမ်းတင် ရေးသားအပ်ပါတယ်.........။

အားလုံးကို ချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
(16 March 2011)