(၁)
လရဲ့ အေးမြမှုက ရင်ထဲထိအောင် စိမ့်သည် ....။
ဒီအချိန်ဆို ကျမရေးခဲ့ဘူးတဲ့ ကဗျာတစ်ပုဒ်ကို သူအလွတ်ရနေလောက်ပြီလား မသိ ....။
ညမွှေးပန်းရနံ့တွေ အားပါးတရ ရှူရှိုက်ခဲ့ရင်း..... ညမွှေးပန်းနဲ့ ပတ်သတ်တဲ့ ကဗျာလေးတစ်ပုဒ်ကို ရေးချခဲ့ဘူးသော အတိတ်ဆီက လသာသည့် ညတစ်ညကို တွေးလိုက်မိတိုင်း အတိုင်းမသိ ရင်ထဲတစ်စိမ့်စိမ့် လွမ်းဆွတ်တမ်းတမိသည်...။
စိတ်ကူးပေါက်သလို ချရေးသားမိတဲ့ ကဗျာလေးတစ်ပိုဒ်ကို အမှတ်မထင်ဖတ်မိပြန်တော့ အဝေးက အညာမြို့သေးသေးလေးဆီက ညမွှေးပန်းလို့ အမည်ရတဲ့စာအုပ်ဆိုင်လေးနဲ့ စာအုပ်တွေကြားမှာ အမြဲနစ်ဝင်
မွေ့ပျော်နေတတ်သူ တစ်ယောက်ကိုလဲ သတိရ ... မတမ်းတမိပဲ မနေနိုင်ခဲ့....။
ညမွှေးပန်း စာပေဆိုတဲ့ပြာလဲ့လဲ့ မီးရောင်စာလုံးလေးကို အဝေးက ငေးမောမိရင်း ဆိတ်ငြိမ်အေးချမ်းလှတဲ့ စာအုပ်ဆိုင်လေး ရှိရာဘက်ကို တစ်လှမ်းချင်း လျှောက်ခဲ့ဘူးတဲ့ အတိတ်က ညနေတွေကို ပြန်လည်တွေးမိတိုင်း မိမိစိတ်က ငယ်ရွယ်နုပျိုသွားသည့်အပြင် အလွမ်းဖွဲ့ တေးသီချင်းလေးတစ်ပုဒ်ကိုလည်း နှလုံးသားက အလိုအလျှောက် ညည်းဆိုမိလျက်သား........။
ညမွှေးပန်းနဲ့အကျွမ်းတစ်ဝင်ရှိလှတဲ့ ကျမကို ရင်းနှီးနေပြီးသား ၀န်ထမ်းလေးနှစ်ယောက်နဲ့ တစ်စုံတစ်ယောက်က အပြုံးနဲ့ အမြဲတမ်း ဆီးကြို နှုတ်ဆက်တတ်တဲ့ အညာမြေ ညနေတွေက လွမ်းမောဖွယ်ကောင်းခဲ့သလောက် ....အခုတော့ ... ဟောင်းနွမ်း ဆွေးမြေ့သွားတဲ့ သက္ကရာဇ်တွေအစား ညမွှေးပန်းစာပေဆိုတဲ့ နံမည်လေးကလွဲလို့ အရာအားလုံးဟာ ကျမအတွက် အစိမ်းသက်သက်ဖြစ်တွေဖြစ်လို့ ....။
ပြောင်းလဲသွားပြီဖြစ်တဲ့ ဆိုင်ရဲ့ ၀န်ထမ်းဝတ်စုံ ယူနီဖောင်းလေးတွေကအစ မျက်စေ့ထဲမှာ တစ်မျိုးအမြင်ဆန်းနေခဲ့သလို ၊ သစ်လွင်တောက်ပပြီး အများကြီးခမ်းနားလာတဲ့ ဆိုင်အပြင်အဆင်တွေကလဲ ကျမရဲ့အမြင်တွေကို အံ့သြငေးမောစေခဲ့တာ ..... အော် ..... ဒါဟာ တစ်စုံတစ်ယောက်ရဲ့ စိတ်ကူးနဲ့ လက်တွေ့ကျကျအောင်မြင်မှုတွေကို သက်သေပြနေတဲ့ နေရာလေးပါလားလို့ တွေးရင်း ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ ကြည်နူးမိသလို သူ့အတွက်လဲ ဂုဏ်ယူမိတဲ့ ညနေခင်းတစ်ခုအဖြစ် အသက်ဝင်တောက်ပလို့ နေပြန်တယ်......။
ရုတ်တရက် အာရုံထဲမှာ ဖျတ်ကနဲသတိတရ ပေါ်လာတာက ကျမသိပ်မြတ်နိုးတဲ့ ညမွှေးပန်းရုံတွေ ....
ကျမသိပ်ချစ်တဲ့ အဲဒီညမွှေးပန်းရုံတွေရှိရာဘက်ကို ... အပြေးအလွှားနဲ့ ရှာဖွေကြည့်မိတော့ .....အုတ်တံတိုင်းဖြူဖြူတွေကသာ နေရာယူလို့ထားတာကို တွေ့လိုက်ရတဲ့အခါ လွမ်းဆွတ်တာလား နာကျင်မိတာလား ကျမမဝေခွဲတတ်ခဲ့......တစ်ချိန်က ဒီညမွှေးပန်းရုံတွေကို သိပ်ချစ်တာပဲလို့ သူ့အနားမှာ အထပ်ထပ်ပြောခဲ့ဘူးတဲ့ ညနေဘက်တွေကိုသာ တသသတမ်းတမိရင်း အရင်ညမွှေးပန်းရုံတည်ရှိရာ နေရာလေးဆီကနေ အသာအယာကျောခိုင်း ထွက်ခဲ့လိုက်ပါတယ်....။
လစ်ဟာသွားတဲ့ နှလုံးသားတစ်နေရာမှာ အဲဒီပန်းရုံတွေမရှိတော့ပေမယ့် အတိတ်ကမေ့မရတဲ့ ပန်းရနံ့တွေကတော့ ကျမအာရုံထဲမှာ သင်းထုံမွှေးပျံ့မြဲဖြစ်သလို .....၀ိုးတ၀ါးညရဲ့အိပ်မက်တွေထဲမှာလဲ သိပ်ကိုမွှေးမြလှသော လသာတဲ့ညများဆီက ညမွှေးပန်းရုံကြီးက အသက်ဝင်လှပနေမြဲ..........................။
***********************************************************
(၂)
ပညာရေးတက္ကသိုလ်ကျောင်းဆင်းပြီးကာစ အထက်တန်းပြဆရာမပေါက်စတစ်ယောက်ဖြစ်တဲ့ကျမက ကျောက်ပန်းတောင်းမြို့ ရဲ့ အထက်တန်းကျောင်းလေးမှာ တန်းပြဆင်းဖို့ တာဝန်ကျခဲ့စဉ်ကဖြစ်သည်။
“ဖြူ က စာရေး အရမ်းကောင်းတယ်နော် ... မဂ္ဂဇင်းတွေတော်တော်များများမှာ ဖြူရေးတဲ့ ၀တ္ထုတွေကို ဖတ်ရတယ် .... ချိုက စာဖတ်ဝါသနာပါတဲ့သူဆိုတော့ ၀တ္ထုတွေ မဂ္ဂဇင်းတွေဆို အသစ်ထွက်သမျှ တစ်ခုမှကို မလွတ်စေရဘူးလေ... မဂ္ဂဇင်းတစ်ခုထဲမှ ဖြူ့ရဲ့လုံးချင်းဝတ္ထုမကြာခင်ထွက်မယ်ဆိုလို့ စာအုပ်ဆိုင်ကိုတောင် ကျမ အမြဲတမ်းမေးကြည့်မိတယ်....
ကျောက်ပန်းတောင်းမြို့ခံ ဆရာမလေးဖြစ်တဲ့ ချိုက ကျမသူငယ်ချင်း သူသူမြတ်ကတစ်ဆင့် ကျမကို ရွှေနှင်းဖြူရယ်လို့ သိနေတယ်ဆိုတော့.........
“အိုး ဟုတ်လား ...ဒါဆို ချိုက ကျမရဲ့ပရိသတ်ပေါ့ ဘယ်လိုလဲချို ကျမရေးတဲ့ဝတ္ထုတွေရဲ့ အားနည်းချက်တွေကိုရော ၊ စာဖတ်သူတစ်ယောက်အနေနဲ့ ကျမချို့ယွင်းချက်လေးတွေကို ပွင့်ပွင့်လင်းလင်းပြောကြည့်ပါလား .... လို့ ကျမက ရယ်မောရင်း ၀မ်းသာအားရ ဆိုဖြစ်ခဲ့သည်..။
“ဖြူရေးတဲ့ ၀တ္ထုလေးတွေကို အရမ်းသဘောကျတယ် .....ကျမကစာဖတ်ရတာ သိပ်ဝါသနာပါပေမယ့် စာကြောင်းတစ်ကြောင်းတောင် ပြေပြစ်အောင် ရေးနိုင်တဲ့သူမဟုတ်တော့ ဖြူ့ဝတ္ထုတွေကို မဝေဖန်ရဲပါဘူး ဖြူရယ်....... ဒါနဲ့ ဖြူ .... ကြော်ငြာထားတဲ့လုံးချင်းဝတ္ထုက ဘယ်တော့ထွက်မှာလဲ ” လို့ မေးလိုက်တဲ့ ဆရာမချိုနွယ်ရဲ့ စကားကြောင့်
“ကျမလဲ ၀ါသနာပါသလောက်အချိန်မပေးနိုင်ပါဘူး ချိုရယ် ...ကျောင်းကတစ်ဘက်နဲ့ဆိုတော့ အမေနေ့ မတိုင်ခင်မှာ စမ်းရေစီးသံ ... ဆိုတဲ့ မိခင်မေတ္တာဖွဲ့ဝတ္ထုတိုပေါင်းချုပ်လေးကို ထုတ်နိုင်ဖို့ပဲ မနည်းကြိုးစားနေရတယ်....
“ကောင်းတယ်ဖြူ .... ဖြူ့ရဲ့ဝတ္ထုတိုတွေ ၊ ဆောင်ပါးတွေက မဂ္ဂဇင်းတွေထဲမှာ နေရာရပြီးသားဆိုတော့ ဖြူ က အောင်မြင်ပြီးသားပါ .... အော် ဒါနဲ့ ဖြူ ဒီမြို့မှာ စာအုပ်ဝယ်ချင်တာ ငှါးချင်တာ တစ်ခုခုလုပ်ချင်တာ ရှိရင်လဲ ချို့ကိုပြောနော် .......ဒီမြို့က တောမြို့လေးဆိုပေမယ့် စာပေချစ်သူတွေ အရမ်းများတယ် ဖြူရဲ့ ...... ဟိုဘက် တစ်လမ်းကျော်လောက် လမ်းလျှောက်လိုက်ရင် ညမွှေးပန်းရုံကြီးတစ်ခုရှိတယ်...။
ညနေဘက်ဆို သိပ်ကိုမွှေးပျံ့ပြီးလွမ်းစရာကောင်းတဲ့ အဲဒီပန်းရုံကြီးရဲ့ အနောက်ဘက်မျက်နှာစာလေးမှာတော့ ညမွှေးပန်းလို့ နံမည်ပေးထားတဲ့ စာအုပ်ဆိုင်လေး ရှိတယ် ဖြူရဲ့.....
ထိုသတင်းကိုကြားကြားချင်းပဲ ၀မ်းသာပျော်ရွှင်ခြင်းနဲ့အတူ ကျမရဲ့မျက်ဝန်းတွေကလဲ အရောင်တွေတစ်ဖျတ်ဖျတ် လင်းလက်တောက်ပသွားခဲ့မယ်ထင်တယ်...
“အို .... ဟုတ်လား ချို... စာအုပ်တွေရောစုံရဲ့လား ”လို့အလျင်စလိုမေးလိုက်တယ်...။
“အင်း ....ဆိုင်လေးကသေးပေမယ့် စာအုပ်အဟောင်းတွေ အသစ်တွေ တော်တော်စုံစုံလင်လင်ရှိတဲ့အပြင် အရောင်းဆိုင်လေးလဲပါတယ် နောက်ဘာသာရေးနဲ့ပတ်သတ်တဲ့စာပေတွေကိုလဲ အခမဲ့ငှါးတယ်လေ...ဖြူ သွားချင်ရင် ချို လိုက်ပို့ပေးပါ့မယ်.... ညနေ ၅ နာရီ ကနေ ည၁၀နာရီထိ ဖွင့်တယ် ... ဆိုင်လေးထဲကိုရောက်ရင်ဖြူနှစ်သက်မှာပါ ”
“ကောင်းတယ် ချို ... ကျမက ကိုယ်တိုင်စာရေးတာကို ၀ါသနာပါသလို စာဖတ်ရတာကိုလဲ အရမ်းနှစ်သက်တယ် ကျမရောက်တဲ့အရပ်မှာ ပထမဆုံးရှာဖြစ်တဲ့နေရာတွေက စာအုပ်ဆိုင်နဲ့ မုန့်ဟင်းခါးဆိုင်ပဲလေ .....လို့ ကျမက အပြုံးဖြင့် ဆိုဖြစ်တော့
“ဟုတ်ပြီ ..ဟုတ်ပြီ စာအုပ်ဆိုင်ကတော့ ညမွှေးပန်းစာပေရှိတယ်...မုန့်ဟင်းခါးကိုတော့ ကျမကိုယ်တိုင်ချက်ကျွေးပါ့မယ် ... မြောင်းမြဒေါ်ချိုထက် လက်ရာကောင်းတယ် .....ကျောက်ပန်းတောင်း ဒေါ်ချိုလေ ဟား ဟား ဟု ချိုက ပြန်၍ နောက်လိုက်တဲ့အတွက် အားပါးတရ ရယ်မောဖြစ်ကြတယ် ......
တစ်ကယ်ပါပဲ ....ချို ညွှန်းလိုက်တာထက်ကို ညမွှေးပန်းစာပေက ပြည့်စုံလွန်းလှပါတယ်....။
သာမန်စာအုပ်ဆိုင်လေးဆိုပေမယ့် အထိုက်အလျှောက်ဆွဲဆောင်မှု ရှိနေခဲ့တဲ့ ဒီဆိုင်လေးကို အဲဒီနေ့ကစပြီး ကျမ အမြဲတမ်းလိုလို ရောက်ဖြစ်ခဲ့တော့တယ် ...။
ညမွှေးပန်းကို ရောက်ဖြစ်တဲ့ အဲဒီနေ့ကတည်းကပဲ လူတစ်ယောက်နဲ့ စတင်ရင်းနှီးဖို့အကြောင်း ဖန်လာခဲ့တာပေါ့....။
ဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုက ကျမနှစ်သက်မိတဲ့ စာရေးဆရာတွေနဲ့ ကျမဖတ်ချင်သမျှ စာအုပ်အဟောင်းတွေ အားလုံးက ထာဝရ စာအုပ်စင် လို့အမည်ပေးထားတဲ့ သီးသန့်စာအုပ်ကောင်တာကြီး တစ်ခုဆီမှာ ရှိနေခဲ့တာပဲဖြစ်တယ်....။
အဲဒီနေ့က ထာဝရစာအုပ်စင်ကြီးနားမှာ လိုချင်တဲ့စာအုပ်လေး တစ်အုပ်ကို အသည်းအသန်ရှာဖွေနေခဲ့တဲ့ ကျမကို ....
“ကျနော် ဘာအကူအညီပေးရမလဲ ခင်ဗျာ ... ဆိုပြီး လူတစ်ယောက်က မေးလာခဲ့တယ်.....
“အော် ကျမ တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးတွေရွာမှဖြင့်လျှင်ကွယ် စာအုပ်ကို လိုက်ရှာနေတာပါ .... လို့ဆိုတော့
အနည်းငယ်မြင့်တတ်သွားပုံရတဲ့ သူ့မျက်ခုံးနှစ်ဘက်ကို ကျုံ့လိုက်ရင်း အံ့သြသွားပုံရတဲ့ သူက
“တိုက်တိုက်ဆိုင်ဆိုင်ဗျာ .... ကျတော်ညဘက် ဖတ်မလားဆိုပြီး ခုနကပဲ အဲဒီစာအုပ်ကို ယူထားလိုက်မိတာ ... အဲဒါကြောင့် ဒီစင်မှာ ရှိမနေတာပါ .... ခဏစောင့်နော် ကျတော်သွားယူပေးပါ့မယ် ”
“အော် ... နေပါစေရှင် ကျမနောက်မှပဲယူပါ့မယ် ... အဲဒီစာအုပ်က ကျမဖတ်ပြီးသားစာအုပ်လေးပါ နောက်တစ်ခေါက်ထပ်ဖတ်ချင်တာနဲ့ ပြန်ရှာကြည့်တာပါ ...
“ယူသွားပါဗျာ ... ကျတော်လဲ အခေါက်ခေါက်အခါခါ ဖတ်ပြီးသားပါ .... လို့ပြောရင်းဆိုရင်း သူထိုင်နေကျ စားပွဲရှိရာဘက်ကို ခပ်သုတ်သုတ်လေးထွက်သွားပြီး ကျမကို စာအုပ်လေး လာပြန်ပေးပါတယ်
“ကျေးဇူးတင်ပါတယ်ရှင် ကျမကို သွားခွင့်ပြုပါဦး လို့ နှုတ်ဆတ်ရင်း ကောင်တာက စာရင်းမှတ်တဲ့ ကောင်မလေးဆီမှာ မှတ်ဖို့ပေးရင်း ညမွှေးပန်းစာပေထဲက ထွက်ခဲ့လိုက်ပါတယ်.....
အဲဒီလိုပါပဲ ....ကျမကတော့ စာသင်ကျောင်းလေးနဲ့ အနီးဆုံးဖြစ်ပြီး ညမွှေးပန်းရုံတွေကို ဖြတ်ကျော်သွားရတဲ့ ညမွှေးပန်းစာပေဆိုတဲ့ အမိုးပြာလေးရဲ့အောက်ကို အဲဒီနေ့ရက်ကစလို့ နေ့စဉ်ရောက်ဖြစ်ခဲ့သလို .......
အဲဒီနေ့မှာပဲ “ မိုးတွေရွာမှဖြင့်လျှင်ကွယ်..... ” ဆိုတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်လေး တစ်အုပ်ကို အကြောင်းပြုပြီး ခင်မင်ခွင့်ရခဲ့တဲ့လူတစ်ယောက်ကတော့ တစ်ခါတစ်ရံ တစ်ပတ်လောက် ပျောက်သွားလိုက် ရံဖန်ရံခါ ဆိုသလို စာအုပ်ဆိုင်လေးထဲကို ရေးကြီးသုတ်ပြာပြန် ရောက်လာလိုက်နဲ့ အမြဲတမ်းလိုလို အလုပ်တွေနဲ့ ရှုပ်နေတတ်ခဲ့ပြန်တယ် ....
ဘာကြောင့်မှန်းမသိ ညမွှေးပန်းဆိုင်လေးနဲ့အတူ သူ့ကိုပါ တွယ်တာမိလာတဲ့ ကျမရဲ့ သံယောဇဉ်အတိုင်းအတာလေးတစ်ခုဟာလဲ သူရှိမနေတဲ့ မိုးသည်းညနေခင်းတွေနဲ့အတူ ရင်ထဲမှာအမြဲတမ်းမှိုင်းမှိုင်းပျပျပါပဲကွယ်.......။
သူပြန်ရောက်လာလို့ ကျမနဲ့တွေ့တဲ့အချိန်တိုင်းမှာတော့ အသိအမှတ်ပြုမျက်ဝန်းတစ်စုံနဲ့အတူ ပါးချိုမ့်နှစ်ဘက်ကိုပါ ခွက်ဝင်သွားအောင်ပြုံးပြရင်း ......
“ဖြူရေ .... စာအုပ်အသစ်တွေပါလာတယ်ဗျ.....ဖြူလိုချင်တဲ့စာအုပ်ရှိရင်လဲ ကျတော့်ကိုပြောနော် ဘာမှအားမနာနဲ့ဆိုပြီး လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လေ့ရှိတဲ့ အဲဒီလူရဲ့ ပုံစံက စာအုပ်တွေကို ရူးသွပ်စွာနှစ်သက်ခဲ့သူတစ်ယောက် ၊ ကျမလိုပဲ စာအုပ်ဂျပိုးတစ်ယောက်ဖြစ်ခဲ့ရုံမျှမက ..... ကျမကို ကျမကိုခင်မင်တွယ်တာခဲ့ဘူးတဲ့လူတစ်ယောက်ဖြစ်တဲ့အပြင် အရာရာမှာ သိပ်ကိုနားလည်ရခက်တဲ့လူတစ်ယောက်ပါ ဖြစ်နေခဲ့ပြန်တယ်....။
******************************************
(၃)
“သူ့သဏ္ဍာန်ဖြူဖြုဖွေးပါတဲ့
ကြူကြူမွှေးတဲ့ ပန်းတစ်ခိုင် ....
ရနံ့လှိုင် ဘယ်သူပြိုင်ဝံ့တယ်
နမ်းမ၀အောင် မွှေးသည့်ပန်း ...
“ကောင်းလိုက်တဲ့ကဗျာလေးဗျာ .... ကျတော်အရမ်းနှစ်သက်တယ်ဖြူ..... ဘာဖြစ်လို့လဲဆိုတော့ကျတော်က ကဗျာတွေကို အရမ်းမြတ်နိုးတာဗျ ... အထူးသဖြင့် စံပါယ်တို့ နှင်းဆီတို့ သဇင်တို့ စတဲ့ပန်းတွေကိုပဲ တင်စားပြီးရေးထားတဲ့ ကဗျာတွေစာတွေ သီချင်းတွေကိုပဲ တွေ့ခဲ့ဘူးတာ ... ညမွှေးပန်းကို ခုလို တင်စားပြီးရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ကို တွေ့လိုက်ရတော ကျတော် အရမ်းဝမ်းသာသွားတယ် ..... ကြက်သီးတောင် ထတယ်ဗျာ .... တဲ့
ကဗျာလေးရဲ့နောက်ဆုံးနှစ်ပိုဒ်ကို အထပ်ထပ်ဖတ်နေတဲ့သူ့ရဲ့ချီးမွမ်း ထောပဏာပြုသံ အဆုံးမှာ ပြုံးရုံသာ ပြုံးနေခဲ့လိုက်ရင်း ဒီကဗျာရှင်က ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ သူ့ကို မပြောပြဖြစ်ခဲ့ပါ ....။
“အော် ဖြူ ဒီစာအုပ်လေးက အခုလမှ အသစ်ထွက်တာလေ ...ရွှေနှင်းဖြူ ဆိုတဲ့ စာရေးဆရာမ တစ်ယောက် ရေးတာ ... ကျောက်ပန်းတောင်းမြို့လေးနဲ့ ညမွှေးပန်းအကြောင်းလေးပါကတည်းက ကျတော်ရောင်းဖို့ရော ငှါးဖို့ရော ၀ယ်လာလိုက်တာလေ .... ကျတော်ကတော့ စာရေးဆရာသိပ်မရွေးဘူးဗျ သူ့ရဲ့ရေးသားတဲ့ဟန်လေးတွေ သဘောကျလို့ ထွက်တိုင်းတော့ စောင့်ဖတ်ဖြစ်တယ်...”
ရင်ထဲမှာ ကျေနပ်ကြည်နူးမိတဲ့စိတ် .... ရယ်ချင်နေတဲ့စိတ်ကို မနည်းမြိုသိပ်ထားရင်း ကိုယ့်ကို ရွှေနှင်းဖြူမှန်းမသိပဲ ချီးမွမ်းခန်းဖွင့်နေခဲ့တဲ့သူ့
ကို ကျမက အဲဒီ့အညတရစာရေးဆရာမပေါက်စလေး ရွှေနှင်းဖြူပါလို့ပြောပြချင်ခဲ့မိပေမယ့် သူ့အလိုလို
နှုတ်ဆိတ်၍ပဲ နေဖြစ်ခဲ့တယ် .....။
“ကျတော်တို့ ကျောက်ပန်းတောင်းနယ်က စကားဝါမြေလို့ နံမည်ကြီးတဲ့အတွက် စကားဝါပန်းလို့ခေါ်တဲ့ တောင်တော်ပန်း တွေပဲရှိတာမဟုတ်ပါဘူး ...ဖြူရယ် ....
ရာသီအလိုက်ပွင့်ကြတဲ့ ညမွှေးပန်းတွေ ၊ ယုဇနပန်းတွေ နဲ့ နောက် ဧကရာဇ်ပန်းတွေ ... တမာပန်းရနံ့တွေ စတဲ့ အမျိုးအမည်စုံလင်တဲ့ တောပန်းတောင်ပန်းတွေကလဲ အများကြီးရှိသေးတာလေ... လို့ ဂုဏ်ယူဝံ့ကြွားစွာပြောနေတဲ့ လူတစ်ယောက်ရဲ့နှလုံးသားမှာ သူ မွေးဖွားကြီးပြင်းခဲ့တဲ့ အညာမြို့လေးရဲ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးကြောင်း အထင်းသား ပေါ်လွင်နေခဲ့တယ် .....
လူမှုရေးလုပ်ငန်းတွေနဲ့ အကျိုးပြုလုပ်ငန်းတွေကိုပဲ တတ်တတ်ကြွကြွလုပ်ကိုင်ရင်း ရံဖန်ရံခါဆိုသလို သူဝါ သနာပါတဲ့ စာအုပ်တွေကြားမှာ အချိန်ကုန်နေခဲ့တဲ့လူငယ်တစ်ယောက်ဟုသာ သုံးသပ်ခဲ့ဘူးပေမယ့် ကဗျာကိုချစ်တဲ့သူတစ်ယောက် အညာကိုချစ်တဲ့လူတစ်ယောက် .... လို့အသိအမှတ်ပြုလိုက်မိပြန်တယ်။
“ရှင်က စာပေ၊ အနုပညာနဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သတ်ရင် အမြဲတမ်း လေးလေးနက်နက် ရှိတာနော် ... ရှင့်အတွက် ချမ်းသာတဲ့လုပ်ငန်းမဟုတ်ပေမယ့် ၀ါသနာပါရာကိုလုပ်ရင်း ပျော်မွေ့နေတတ်တဲ့ ရှင့်ကိုကြည့်ရတာ ကျမတစ်ကယ် အားကျမိပါတယ် ဆိုတဲ့ ကျမရဲ့ ဝေဖန်သုံးသပ်ချက်ကိုတော့ .....
“ကျတော့်ကို နားလည်ပေးနိုင်တဲ့သူက လောကကြီးမှာ ဆုံးသွားပြီဖြစ်တဲ့ ကျတော့်အမေပြီးရင် ရှားရှားပါးပါး မိတ်ဆွေဖြစ်တဲ့ ခင်ဗျားကို လက်ညှိုးထိုးပြရမှာပဲ.... ခုခေတ် လူငယ်စကားနဲ့ပြောရရင်တော့ ကျတော်က ဘ၀အာမခံချက်ရယ်လို့ ဘာတစ်ခုမှ မပြနိုင်သေးတဲ့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ပေါ့ဗျာ ...
တစ်ကယ်တော့ ယုံကြည်ချက်ဆိုတာ အောင်မြင်သူတွေရဲ့ရင်ဘတ်ထဲက ဘယ်တော့မှ မလဲနိုင်တဲ့အလံဆိုတဲ့အဆို တစ်ခုအတိုင်းပါပဲ ...... ကျတော့်ရဲ့ယုံကြည်ချက်တွေအတွက် အောင်မြင်တဲ့အလံတစ်ခုကိုတော့ လွှင့်ထူနိုင်ဖို့ ကျတော် ကြိုးစားသွားမှာပါ ....
“ဘာပဲဖြစ်ဖြစ်လေ.... မိမိကိုယ်တိုင် စိတ်ကြိုက်တည်ဆောက်ထားတဲ့ဘ၀ဆိုတာကိုတော့ မိမိ ကိုယ်တိုင်အမြဲတမ်း ကျေနပ်နှစ်သက် နေတတ်ဖို့တော့ လိုအပ်တယ်နော် ....”
လို့ ကျမကဆိုတော့ သူ့ရဲ့ တောက်ပနေတဲ့ မျက်ဝန်းတစ်စုံက ကျမ မသိတဲ့ အရိပ်တွေနဲ့အတူ မိုးရေစက်တွေကြားက ညမွှေးပန်းရုံတန်းတွေ ဘက်ကိုအတန်ကြာ ငေးမောသွားခဲ့တာ ကျမ အဲဒီ့မျက်ဝန်းတွေကို ဘယ်မေ့ရက်နိုင်ပါ့မလဲကွယ် ......။
*********************************************************
(၄)
တစ်ခုသော ညနေစောင်းလေးမှာ ကျမစာအုပ်လေးတစ်ချို့ကို လက်မှာပွေ့ပိုက်ရင်း သူနဲ့အတူ အေးအေးဆေးဆေး လမ်းလျှောက်ဖြစ်ခဲ့တယ် ....။
အဲဒီညနေခင်းက လိုအပ်တာထက် တိတ်ဆိတ်ခြောက်သွေ့နေခဲ့သလို .... ကျမခြေလှမ်းတွေကလဲ လိုအပ်တာထက် နှေးကွေးလေးလံနေခဲ့တာ ဘာ့ကြောင့်များလဲ ....
အဲဒီနောက်မှာ ငြိမ်သက်မှုကို အရင်ဆုံးဖြိုခွင်းလိုက်နိုင်တဲ့ သူ့ဆီက စကားသံသဲ့သဲ့ကို ကြားခွင့်ရလိုက်တယ်
“ဖြူ ... ဘ၀အမြင် နဲ့ နှလုံးသားခံစားချက် ဆိုတဲ့အပေါ်မှာ ကျတော့် သုံးသပ်ချက် နဲ့ယူဆချက်လေးတစ်ချို့ကို ဖြူ့ကိုပြောပြချင်တယ်....
လေးလေးနက်နက် တောင်းဆိုလာတဲ့ သူ့စကားအသွားအလာပေါ်မှာ လိုလားစွာ စီးမျောလိုက်ပါမိရင်း ကျမ ခေါင်းတစ်ချက်ကို အသာအယာ ငြိမ့်ပြလိုက်တယ် ....
“ကျတော်ကလေ ၊ အခမဲ့ပညာရေးကျောင်းတွေ ၊ ကျန်းမာရေးနဲ့ပတ်သတ်တာတွေ ၊စာပေဟောပြောပွဲစီစဉ်တာတွေ ဆိုတဲ့ ကျတော့်အတွက် ပိုက်ဆံမရတဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ရှုပ်ထွေးနေချိန်မှာ .......... ကျတော့ကို နားလည်မှုမပေးနိုင်ခဲ့တဲ့ ၊ ကျတော့ဘ၀နဲ့ တစ်ထပ်တည်း တစ်သားတည်းကျနိုင်မယ့် အမျိုးသမီးတစ်ယောက်အပေါ်မှာ အတိုင်းအတာတစ်ခုထိ မြတ်နိုးတွယ်တာမိခဲ့တာ ကျတော့ကိုယ် ကျတော်အပစ်တင်မိတယ်ဖြူ......
တံတွေးတစ်ချက်ကို မြိုချလိုက်ရင်း ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့ သူ့မျက်ဝန်းနက်တွေမှာ နာကြင်မှုအရိပ်အယောင်နှင့်အလွမ်းရိပ်တို့ယှက်ဖြာနေခဲ့တာကို တွေ့ရတော့ ကျမသူ့စကားတွေအတွက် ခပ်အက်အက်လေး ရယ်မောပစ်ချင်ခဲ့မိသည်..... သို့သော ကျမ မရယ်ဖြစ်ခဲ့ပါ......။
သူ့ဘက်ကလဲ အတန်ကြာငြိမ်သက်ပြီးကာမှ ခြောက်သွေ့အက်ကွဲနေသောလေသံတိုးတိုးလေးနဲ့ ဆက်ပြောလာခဲ့ပြန်တယ် .......
ဒါပေမယ့် ဖြူ ကျတော် အမှန်တစ်ကယ်ချစ်မြတ်နိုးခဲ့သူ တစ်ဦးတစ်ယောက်အတွက် ထိခိုက်နစ်နာမှာ ... အထူးသဖြင့် ချစ်ခြင်းမေတ္တာတရားလို့ခေါ်တဲ့ စာတမ်းလေးတစ်ပုဒ်ကို ကျတော့်အနေနဲ့ တာဝန်ကျေအောင် မပြုစုနိုင်မှာ၊ မြတ်နိုးမိသူတစ်ယောက်အတွက် ချစ်ခြင်းမေတ္တာတရားဆိုတဲ့ ခေါင်းစဉ်လေးတစ်ခုအောက် ကဗျာလေးတစ်ပုဒ်လောက်ကိုတောင် ပြီးအောင်အဆုံးမသတ်နိုင်မှာကို ကျတော်အစိုးရိမ်ဆုံးပါပဲ ဖြူ ....တဲ့
ကျမ သူ့ရဲ့ဆိုလိုရင်းကို နားလည်ချင်ပါသည်... သို့သော် နှလုံးသားကနားမလည်နိုင်ခဲ့ပါ.....။
ဖြူကရော ချစ်ခြင်းမေတ္တာဆိုတဲ့စကားကို ဘယ်လိုနားလည်လက်ခံထားသလဲ ဆိုတဲ့သူဆွေးနွေးလာတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ခေါင်းစဉ်တစ်ခုအတွက် ..... ကျမ သက်ပြင်းတစ်ချက်ကိုခပ် ပြင်းပြင်းလေးရှူရှိုင်လိုက်မိတယ် .....။
“အင်း ... ချစ်ခြင်းမေတ္တာဆိုတာကို ခေါင်းစဉ်တစ်ခုလိုပဲတပ်တပ် စာတမ်းတစ်ပုဒ်လိုပဲရေးရေး... လှပတဲ့ ခိုင်မာတဲ့ ချစ်ခြင်း မေတ္တာတရားကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင်တော့... တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ယုံကြည်လေးစားမှု ၊ နားလည်ခွင့်လွှတ်မှုနဲ့ ၊ ဆွေးနွေးညှိနှိုင်းမှု ၊ အပြန်အလှန် စိတ်ပျော်ရွှင်ချမ်းမြေ့မှု ပေးစွမ်းနိုင်အောင် ကြိုးစားဖို့လိုအပ်သလို ...........ပွင့်လင်းရိုးသားမှုတော့ရှိရတယ်လေ ......
တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ကူညီပံ့ပိုးပေးနိုင်ဖို့ ပါရမီဖြည့်နိုင်ဖို့ဆိုတာတွေကလဲ အရေးအကြီးဆုံး အခန်းကဏ္ဍမှာပါဝင်တယ်ဆိုတာလောက်တော့ ကျမ နားလည် လက်ခံထားတယ်.....
“ဖြူပြောတာ တော်တော်လေးပြည့်စုံသွားပါပီ ... ဒါပေမယ့်ဖြူ လူတိုင်းက အဲဒီလို အပြောနဲ့လက်တွေ့နဲ့ ထပ်တူညီနိုင်ကြပါ့မလား ....ဆိုတဲ့မေးခွန်းအတွက်တော့
“ဒါကတော့ မေတ္တာတရားကို အခြေခံပါလိမ့်မယ် ....လို့ ကျမ တိုတိုတုတ်တုတ်ပဲ ဖြေဖြစ်ခဲ့တယ်...။
ဆိုင်ထဲမှာ စာအုပ်လာငှါးသူတစ်ချို့လဲ ရောက်လာခဲ့ပြီမို့ ..... စကားစပြတ်သွားကြရင်း အတွေးကိုယ်စီနဲ့ ငြိမ်သက်နေခဲ့ချိန်တစ်ခဏ ...
မြောက်ပြန်လေတစ်ချက်ရဲ့တိုက်ခတ်လာမှုနဲ့အတူ ညမွှေးပန်းရနံ့တွေက စာအုပ်ဆိုင်ရဲ့ပြတင်းပေါက် လေးကနေတစ်ဆင့် ၀င်ရောက်မွှေးပျံ့လာခဲ့တာ ....ညနေခင်းဟာ ခြောက်သွေ့တိတ်ဆိတ်ပေမယ့် ခံစားတတ်သူရဲ့ ရင်ခွင်ကို တစ်မျိုးလေး ကြည်နူးချမ်းမြေ့စေပြန်တာ အရိပ်တစ်ခုကြောင့်ထင်ပါရဲ့ကွယ် .........။
ကျမ ပြန်ရတော့မယ့်အချိန်ရောက်လာပြီမို့ မသိမသာစာအုပ်ဆိုင်လေးထဲက တိုင်ကပ်နာရီလေးဆီကို မော့ကြည့်လိုက်တော့ သူကလဲ အလိုက်သိစွာနဲ့
“ကဲ မိုးတောင်ချူပ်နေပြီဖြူ ... ဖြူလဲပြန်ချင်ပြီထင်ပါရဲ့ တဲ့ ......
ကျမလဲ ခေါင်းတစ်ချက်ကို အသာအယာငြိမ့်ပြလိုက်ရင်း
“ဒါနဲ့ .... မနက်ဖြန်ရှင်ခရီးသွားတော့မယ်နော် လို့တိုးတိတ်စွာဆိုဖြစ်တော့ .........
“ထုံးစံအတိုင်ပဲပေါ့ဖြူ .... ကျတော် ဒီတစ်ခေါက်ခရီးသွားတာ အရင်ကထက်ပိုပြီး ကြာလိမ့်မယ်...။
သက်ပြင်းချသံခပ်သဲ့သဲ့လေးရဲ့နောက်မှာ နားလည်မှုတွေထွန်းညှိုထားတဲ့ လေပြေလေးတစ်ချက်ကလည်း ခပ်ငြိမ့်ငြိမ့်စီးမြောလိုက်ပါလာခဲ့သလို .....အခါတိုင်းလိုပါပဲ သူကလဲ ကျမကိုအထူးတလည်နှုတ်မဆက်သလို ကျမကလဲ တိတ်ဆိတ်ခြင်းများဖြင့်သာ ................။
ခြောက်သွေ့တိတ်ဆိတ်လွန်းတဲ့ညနေခင်းတစ်ခုရဲ့ အောက်မှာ... သံယောဇဉ်ဆိုတဲ့ တံတားလေးတစ်စင်းကို ကျမတို့နှစ်ဦးရဲ့ရင်းတွင်းမှာ နားလည်မှုအခင်းအကျင်းလေးတွေနဲ့အတူ နှစ်ဦးသဘောတူ တည်ဆောက်မိခဲ့ကြရင်းပေါ့ ....။
************************************************
(၅)
ကျမလက်ထဲက စာရွက်လေးတစ်ရွက်ကြောင့် သူသူကတော့ ကလေးတစ်ယောက်လို ခုန်ပေါက်ပျော်မြူးနေခဲ့တယ် .....။
ဒေါ်ရွှေနှင်းဖြူ ၊ ဒေါ်သူသူမြတ် ဆိုတဲ့ နံမည်ရဲ့အပေါ်မှာက ကျောက်ပန်းတောင်း
မြို့လေးကနေ တောင်ပေါ် မြို့တစ်မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ အထက်တန်းကျောင်းလေးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်သည် ဆိုတဲ့ စာလေး ......
အဲဒီနေရာကို သွားဖို့ သူသူနဲ့ကျမ နှစ်ယောက်တိုင်ပင်ပြီး ရွေးခြယ် လျှောက်ထားဖြစ်ခဲ့ကြတာ .....
ဒီနေရာ ဒီဒေသလေးကို သံယောဇဉ်ဖြစ်နေခဲ့ပြီဆိုပေမယ့် ကျမတို့လုပ်ချင်တဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ကျမတို့ စိတ်ကြိုက်ရွေးခြယ်ခဲ့ကြခြင်းသာ ....။
အဲဒီလိုနဲ့ပဲ ပြောင်းရွှေ့ရတော့မယ့် ရက်က တဖြေးဖြေးနီးကပ်လာခဲ့တယ်...။
အညာဒေသရဲ့ အငွေ့အသက် ... တောမြို့လေးရဲ့ရိုးသားမှုဂုဏ် .... လွမ်းမောဖွယ်ကောင်းတဲ့ စကားဝါ လမ်းသွယ် .... စမ်းရေအိုင်အလည်က ငွေဗျိုင်းဖြူဖြူလေးတွေနဲ့ ကျမအိမ်ခေါင်းရင်းက ညမွှေးပန်းရနံ့ တွေအားလုံးက ဘယ်လိုပဲကြည့်ကြည့် ကျမအတွက် ချစ်စရာ ကောင်းနေခဲ့တော့တယ် ...။
တစ်ကယ်တော့ ကျမက ကျောက်ပန်းတောင်းလို့ခေါ်တဲ့ ဒီအညာမြို့လေးက စာသင်ကျောင်းလေးကို တာဝန်ကျလာခဲ့တာ သိပ်မကြာလှသေးပေမယ့် အားလုံးနဲ့ အင်ကျွမ်းတ၀င်ဖြစ်ပြီး နေခဲ့မိတာ ...။
အချိန်တိုတိုလေးအတွင်းမှာပဲ ဒီတောမြို့လေးနဲ့ ကျမရဲ့လုပ်ငန်းခွင်မှာရော ၊ ပတ်ဝန်းကျင် အားလုံးနဲ့ပါမကျန် အလွယ်တစ်ကူ ရင်းနှီးနွေးထွေးလာခဲ့တာဟာလဲ ... အံ့တော့အံ့သြစရာပါပဲ ....။
အထက်တန်းပြဆရာ ဆရာမ၀န်ထမ်းသိပ်မများလှတဲ့ တောမြို့ကျောင်းလေးမှာ အလုပ်နဲနဲများတယ်ဆိုပေမယ့် ...
ရသမျှအချိန်လေးတွေမှာ စာအုပ်ဖတ်ခြင်းနဲ့ ၊ တစ်ခါတစ်ရံ စိတ်ကူးပေါက်တဲ့အခါမှာ ကဗျာလေးတွေ ရေးခြင်းတွေနဲ့ပဲ ကုန်ဆုံးစေခဲ့တာဟာ ကျမရဲ့ နေသားကျလာတဲ့ ပုံစံခွက်တစ်ခုလဲဖြစ်ခဲ့တယ် ....။
ရေးလက်စ ကဗျာစာရွက်လေးကို လက်ထဲမှာကိုင်ရင်း ....ကောင်းကင်ပေါ်က ရွှန်းမြနေတဲ့လ လမင်းကြီးကို ငေးမောနေဖြစ်ခဲ့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ မသိ ..။
သတိပြန်ဝင်လာမှ ဗလာစာရွက် အကြမ်းလေးပေါ်မှာ ရေးချထားခဲ့တဲ့ ကဗျာ အပိုင်းအစလေးတွေကို သေသေချာချာပြန်စီလိုက်တယ်...။
ကျမနေထိုင်တဲ့ အိမ်သေးသေးလေးရဲ့ခေါင်းရင်းမှာ အဆုတ်လိုက်အခိုင်လိုက်ပွင့်ဝေနေကြပြီး သင်းပျံ့တဲ့ ရနံ့တွေနဲ့ ကျမစိတ်ရဲ့စိတ်ကို ညစဉ်အေးချမ်းကြည်နူးမှုလေးတွေ ပေးစွမ်းခဲ့တဲ့ ညမွှေးပန်းလေးတွေ......
ကျမသိပ်ချစ်တဲ့ အဲဒီ ညမွှေးပန်းလေးတွေနဲ့ နှုတ်ဆက်ခွဲခွာရတော့မယ်ဆိုတော့ ရင်ထဲမှာတစ်ကယ် မကောင်းမိ။
အတွေးတွေ ဟိုရောက် ဒီရောက်နဲ့ မြောက်ပြန်လေလေးတစ်ချက် တိုက်ခတ်မှုနဲ့အတူ ပျံ့လွင့်လာတဲ့ ပန်းရနံ့တွေနဲ့အပြိုင် .... ညမွှေးပန်းဆိုတဲ့ညနေတိုင်းသွားနေကျ စာအုပ်ဆိုင်လေးကိုပါ သတိရလိုက်မိပြန်တယ် ....
ပြီးနောက် အခုတလော ညမွှေးပန်းကို ရောက်မလာတာ တစ်ပတ်လောက်ရှိပြီဖြစ်တဲ့ လူတစ်ယောက် ... ဘယ်မြို့ ဘယ်နယ်ရောက်ပြီး ဘယ်လိုလုပ်ငန်းတွေလုပ်နေလဲဆိုတာကို ဒီတစ်ခေါက်နားဆင်ခွင့်ရခြင်းက သူနဲ့အတူ ညမွှေးပန်းစာပေဆိုတဲ့ အမိုးပြာအဆောက်အအုံလေးကို နှုတ်ဆက်ခွဲခွာရတော့မယ့် နောက်ဆုံးအကြိမ်လဲဖြစ်နေခဲ့ပြန်တယ်လေ....။
ကျမ အဲဒီမြို့လေးကနေ ပြောင်းရွှေ့ရမယ့် နောက်ဆုံးနေ့ရက်တွေအထိ ညမွှေးပန်းဆိုတဲ့ ဆိုင်လေးကို သူအရောက်ပြန်မလာနိုင်ခဲ့ ...။
လူမှုရေးလုပ်ငန်း တွေအတွက် ခရီးလွန်နေမယ့် သူ့အကြောင်းကိုတွေးမိရင်း ညမွှေးပန်းနဲ့သူ့အတွက် ရင်ထဲကပဲ တိတ်တစ်ဆိတ်နှုတ်ဆက်ဖြစ်ခဲ့လိုက်တယ် ....။
***************************************
(၆)
တစ်နေ့ ၊ တစ်ရက် ၊ တစ်လ ၊ တစ်နှစ် ဆိုတဲ့ အချိန်ကာလတွေက အလွန်မြန်ဆန်လွန်းလှသလို အချိန်ကာလ နေရာဒေသတွေလိုက်ပြီး လူတွေရဲ့အခြေအနေတွေ ပုံစံ အနေအထားတွေပါ ပြောင်းလဲသွားတတ်ကြပါတယ် ....။
အဲဒီလိုပဲ စာပေမြတ်နိုးမိသူ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကျမလဲ လုပ်ငန်းခွင်ထဲမှာ အထက်တန်းပြကျောင်းဆရာမလေးဘ၀ ၊ အဲဒီကနေ ရာထူးတိုးတွေနဲ့ နယ်ပေါင်းစုံကို မသွားချင်တော့တဲ့ အချိန်ကလဲ ကျမရဲ့အသက်အရွယ်အပိုင်းအခြားကာလတစ်ခုက လူလတ်ပိုင်းအရွယ်ကို ကျော်လွန်ကာနီးခဲ့ပြီမို့ တောင်ပေါ်မြို့လေးတစ်ခုမှာပဲ အခမဲ့ပညာရေးကျောင်းလေးတစ်ခုကို စေတနာရှင်တွေ ၊ ပညာ၇ှင်တွေ ၊ စာပေသမားတွေရဲ့အကူအညီနဲ့ပူးပေါင်းထူထောင်ဖြစ်ခဲ့ကြတယ်....။
အသက်အရွယ်နဲ့ အတွေ့အကြုံအရ တစ်ဘက်ကလည်း ၀ါသနာနဲ့ ကျမရေးဖြစ်ခဲ့သမျှ ဘ၀အတွေးအမြင် ဗဟုသုတလေးတွေအပြင် ၊ တတ်နိုင်သမျှ ပညာရေးနဲ့ ပတ်သတ်သော ဆောင်းပါးတွေကို မဂ္ဂဇင်း နဲ့ ဂျာနယ်တွေမှာ လစဉ်ဆိုသလို ထည့်သွင်းရေးသားဖြစ်သလို ရံဖန်ရံခါ စာပေဟောပြောပွဲတွေမှာ ဟောပြောဖြစ်ရင်း ရွှေနှင်းဖြူ ကလောင်နံမည်လေးကလည်း မသိသူမရှိအောင်ဖြစ်လာခဲ့တယ်.....။
“ ဒေါ်ရွှေနှင်းဖြူ ရေ နေ့လည်တစ်နာရီတိတိမှာ ရှင့်ရဲ့ဟောပြောမှုစရမယ်နော်
လို့ သတိပေးရင်း ပြန်ထွက်သွားခဲ့တဲ့ သူငယ်ချင်းမမက ယနေ့အထိ ကျမနဲ့အတူ လက်တွဲမဖြုတ်ပဲစိတ်တူ ကိုယ်တူ ၀ါသနာတူ လုပ်ငန်းတူသည့် သူငယ်ချင်း သူသူမြတ် ....
“ဟုတ်ကဲ့ပါ ဒေါ်သူသူမြတ်ရယ် လို့ ကျမက ပြန်ပြီးနောက်ပြောင်ကျီစယ်လိုက်တယ် ....
အဲဒီတော့မှ ကျမရောက်နေခဲ့တဲ့ နေရာက ကျောက်ပန်းတောင်းမြို့၊
စာပေဟောပြောပွဲတစ်ခုမှာ လူအုပ်ကြီးနဲ့အတူ ရှိနေခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပြန်ထားလိုက်မိတယ် ....။
အဲဒီအချိန်မှာပဲ “ ဒေါ်ရွှေနှင်းဖြူရေ ကျတော်မိတ်ဆက်ပေးရဦးမယ် ဆိုတဲ့ စကားသံနဲ့အတူ စာပေဟောပြောပွဲတာဝန်ခံလဲဖြစ်အဲဒီ မြို့လေးရဲ့ ဘ၀အလင်းအိမ်စာကြည့်တိုက်ကို မတည်လှူဒါန်းသူလဲဖြစ်သည့် ဆရာဝန်ကြီးတစ်ယောက်က ကျမနဲ့အသက်ရွယ်တူလောက်ပဲဖြစ်မည့် လူတစ်ယောက်ကို မိတ်ဆက်ပေးရင်း ကျမတို့ပြန်လည်ဆုံဆည်းဖြစ်ကြပြန်သည်။ ....
“ဒေါ်ရွှေနှင်းဖြူ ဒါ ကျတော်တို့ပြောပြောနေတဲ့ ညမွှေးပန်း လူမှုကူညီရေးလုပ်ငန်းတွေရဲ့ အသင်း ဥက္ကဌ ဦးမြတ်တေဇာ ဆိုတာလေ .....ကိုမြတ် ရေ ဒါကတော့ ခင်ဗျားအရမ်းကို နှစ်သက်တဲ့ စာရေးဆရာမ ရွှေနှင်းဖြူ ..... ကျွန်တော်အခုလုပ်နေတဲ့ HIV စောင့်ရှောက်ရေးဂေဟာတွေမှာ ကလေးတွေရဲ့ ပညာရေးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်တွေပေါ့ဗျာ .....လို့ မိတ်ဆက်ပေးပါတယ်....။
“တွေ့ရတာဝမ်းသာပါတယ်ရှင် ဆိုပြီး မျက်နှာကို သေသေချာချာကြည့်လိုက်မိတဲ့တစ်ခဏ .....
“ တည်ကြည်ခန့်ငြားနေတဲ့ ထင်ထင်ရှားရှားအပြုံးတွေနဲ့အတူ စူးရှတောက်ပနေတဲ့ မျက်ဝန်းတစ်စုံနဲ့ ဦးမြတ်တေဇာ .....လို့ခေါ်တဲ့လူတစ်ယောက် ...... ကျမကို ရင်းရင်းနှီးနှီးကို မှတ်မိနေခဲ့တယ်တဲ့ လူတစ်ယောက်က.......
“ဖြူ .... ဟိုး လွန်ခဲ့တဲ့နှစ်တွေက ဒီမြို့လေးကနေပြောင်းသွားတော့ ကျွန်တော်တို့ နှုတ်မဆက်လိုက်ရဘူးနော်..... ဖြူ ထားပေးခဲ့တဲ့ စမ်းရေစီးသံဆိုတဲ့စာအုပ်လက်ဆောင်လေး နဲ့ ရွှေနှင်းဖြူ ဆိုတဲ့ ဆိုင်းထိုးထားတဲ့ စာမျက်နှာလေးအတွက် ကျေးဇူးတင်ကြောင်းပြောချင်နေခဲ့တာပါ ... ခုမှပဲဆုံကြရတော့တယ်တဲ့ .......
“ ဟုတ်ကဲ့ ကျမတို့တွေ မမျှော်လင့်နဲ့နေရာမှာ မမျှော်လင့်ပဲဆုံခဲ့ကြပြန်ပြီ... လို့ တိုးတိတ်စွာဖြေလိုက်မိတဲ့ ကျမစကားသံတွေက အသက်အရွယ်နဲ့အတူ တည်ငြိမ်ရင့်ကျက်မှုတွေ ပါဝင်နေခဲ့တာ သူလဲသတိပြုမိမယ်ထင်ပါရဲ့......
“တွေ့ရတာ တစ်ကယ်ပဲဝမ်းသာပါတယ် ... ညမွှေးပန်းဆိုတဲ့လူမှုပရဟိတလုပ်ငန်းတွေရဲ့ဆောင်ရွက်မှုတွေ အောင်မြင်မှုတွေက ဦးမြတ်တေဇာရဲ့ဂုဏ်သင်းတွေက ဟိုး ...အညာဒေသမှာပွင့်ကြတဲ့ ညမွှေးပန်းလေးလိုပဲ တစ်နိုင်ငံလုံးမှာ မွှေးကြိုင်သင်းပျံ့နေခဲ့တာကို ကျမကြားရတော့ ရှင့်အတွက်တစ်ကယ်ပဲ ကျေနပ်အားရနေခဲ့တာပါ .......
ရှင် မှတ်မိမလား မသိဘူး ကျမကိုယ်တိုင်ရေးသားခဲ့တဲ့ ညမွှေးပန်း ဆိုတဲ့ လုံးချင်းဝတ္ထုလေးထဲက ဦးမြတ်တေဇာနှစ်သက်တယ်ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကိုလေ ......
အေးချမ်းလှတဲ့ မျက်နှာအရေးအကြောင်းတွေတောင်ပေါ်စပြုနေတဲ့ လူကြီးတစ်ယောက်ရဲ့ အမူအရာနဲ့အတူ
“ကျွန်တော်ရုန်းကန်လာခဲ့ရတဲ့ ဘ၀ခရီးနဲ့ထပ်တူပဲ ဒီကဗျာလေးကို အထပ်ထပ်ရွတ်ဆိုလာခဲ့ရင်း ကဗျာပိုင်ရှင်တစ်ယောက်ကိုလဲ အမြဲ ချီးကျူးဂုဏ်ပြူနေခဲ့တာပေါ့ဖြူ တဲ့.....
ဘယ်လိုပဲဖြစ်ဖြစ် ကျမကို သတိရခြင်း မရခြင်းတွေထက် သူ့ရဲ့ကျမ ကဗျာလေးအပေါ်တန်ဖိုးထားမှုတစ်ခုအတွက် ကျွန်မ၀မ်းသာကျေနပ်မိခဲ့ပြန်တယ်.....။
“ကျမ အားလုံးကို အမြဲတမ်းသတိရပါတယ် .... ကျမဘယ်သူ ဘယ်ဝါ လဲ ၊ ဘာအလုပ်ကိုလုပ်သလဲ ၊ ကျမနံမည်အပြည့်အစုံကရော ဘယ်သူလဲလို့တောင် အရေးတယူ မမေးခဲ့ဘူးတဲ့ လူတစ်ယောက်ကိုလဲ ညမွှေးပန်းတွေနဲ့အတူ သတိရဖြစ်ပါတယ်လို့ ကျမကအပြုံးတစ်ခုနဲ့အတူ ရိုးသားစွာဆိုဖြစ်တော့ ......
အားနာခြင်း ၊ တောင်းပန်လိုခြင်းစတဲ့ ခံစားချက်ပေါင်းများစွာနဲ့ ရောယှက်နေခဲ့တဲ့ သူ့မျက်နှာပေါ်က အရိပ်တွေကိုတွေ့ခွင့်ရလိုက်တယ်....။
ပြီးတော့တစ်လုံးချင်း ပီပီသသကြားလိုက်ရတဲ့ သူ့အသံက ဟိုးအဝေးဆီကလာနေသလိုပဲ.......
ပြန်တွေးလိုက်မိတိုင်း `နှလုံးသားတစ်ခုလုံးကို နွေးထွေးစေခဲ့တာပါကွယ်.........
“ကျွန်တော်တို့နှစ်ယောက်က` တစ်ယောက်ကိုတစ်ယောက် ရှာစရာမှမလိုတာပဲဖြူ .... ကျွန်တော်ဘယ်တုန်းကမှ ဖြူ့ကို နှုတ်မဆက်ဘူးသလို ဖြူလဲကျွန်တော့်ကို နှုတ်ဆက်သွားခဲ့သူမဟုတ်ဘူးလေ...
ရည်မှန်းချက်နဲ့ အများအတွက်ဆောင်ရွက်နေကြတဲ့ နှလုံးသားဖြူစင်သူတွေအချင်းချင်းကြားမှာ နားလည်မှုတစ်ခါးတစ်ချပ်သာ အမြဲရှိနေမယ်ဆိုရင် .... ကျွန်တော်တို့တွေနှုတ်ဆက်စရာလိုသေးလို့လား...
တစ်ယောက်ကိုတစ်ယောက် လူချင်းဝေးနေကြပေမယ့် နှလုံးသားချင်းနီးစပ်သလို ရင်ခုန်သံတွေလဲ အမြဲတူညီနေကြတယ်မဟုတ်လားဖြူတဲ့ ..........
ကျေနပ်မှုအပြုံးတစ်ခုနဲ့ တုံ့ပြန်နေဆဲမှာပဲ .... အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ကြတဲ့ အမျိုးသားတစ်ဦးထံမှ ဟောပြောပွဲအစီအစဉ်စတင်တော့မှာဖြစ်တဲ့အကြောင်းကြေငြာလိုက်တဲ့အတွက် ....
ကျမဟောပြောမယ့် အလှည့်မကျခင်မှာ အပြေးအလွှားနေရာပြန်ယူဖို့ သူ့ကို နှုတ်ဆက်ခဲ့လိုက်ပါတယ် ............။
အဲဒီအချိန်လေးမှာ သူ့ဘက်က လှိုက်လှိုက်လှဲလှဲတောင်းဆိုလာတဲ့ အရာတစ်ခုက .....
“ဖြူ .... ဖြစ်နိုင်ရင် ညမွှေးပန်းဆိုတဲ့ကဗျာလေးကို ရွတ်ပြဖြစ်အောင် ရွတ်ပြပါနော်တဲ့ .....
ကျွန်မအသာအယာခေါင်းငြိမ့်ပြခဲ့ရင်း ..... ကျမရဲ့ဟောပြောမှုပြုစဉ်အတွင်းမှာ ကျောက်ပန်းတောင်းမြို့လေးရဲ့ ပရိတ်သတ်တွေကို ကျမရဲ့စာပေဥယျာဉ်အတွင်းကို တစ်ဖြေးဖြေးခေါ်ဆောင်သွားရင်း အဲဒီမြို့လေးမှာ သာမန်စာရေးဆရာမဘ၀လေးနဲ့ကျမ ပထမဆုံးကျင်လည်ခဲ့ရတဲ့နေ့ညများစွာထဲက သူသိပ်နှစ်သက်တဲ့ အဲဒီကဗျာလေးကိုပါ စီးမျောစွာရွတ်ဆိုပေးခဲ့တယ်........................
ကဗျာလေးရဲ့အစက ..............................
“ပန်းကဗျာ ရေယဉ်ကြောမှာလ........
စန်းသော်တာပမာပြုချင်စမ်းပါဘိ................
မွှေးမြမြ သူ့ဂုဏ်အင်သတင်းကို.........
စာညွှန်းကာ ဖွင့်ဆိုပြုလိုက်မယ်.............
မွှေးလွန်းသည့်ပန်း .....................တဲ့.... အဲဒီလို အစချီထားတဲ့ ညမွှေးပန်းဆိုတဲ့ကဗျာတစ်ပုဒ်ကို ကျမရွတ်ဆိုနေစဉ်မှာ တည်ကြည်ဖြောင့်မတ်ခြင်း ၊ ပိုမိုရင့်ကျက်ခြင်း ၊
မိမိကိုယ်မိမိယုံကြည်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်တွေများစွာနဲ့တစ်ချိန်ကကျွန်မနားလည်ရခက်ခဲ့သော.... အခုအချိန်မှာ ကျမနားလည်ပေးမိသော ကျမထက်အဆပေါင်းများစွာ ရင့်ကျက်နေခဲ့သူတစ်ယောက်ကလဲ ပရိတ်သတ်နဲ့အတူ စာရေးဆရာမတစ်ဦးဖြစ်တဲ့ကျွန်မရဲ့ စာပေတွေအပေါ်မှာ ရိုးသားသောမြတ်နိုးခြင်းတွေနဲ့ စီးမျောလိုက်ပါနေခဲ့တယ်ဆိုတာတော့ အသေအချာပါပဲကွယ်........................။
********************************************************************
ကျမနဲ့ ဘလော့စာမျက်နှာလေး ကင်းကွာနေတာကြာခဲ့ပါပြီ....
စာရေးခြင်းကိုရူးသွပ်မိသူအညတရဘလော့ဂါ တစ်ယောက်ဖြစ်တဲ့ ကျမရဲ့ ၀တ္ထုတိုလေးတွေ....ကဗျာအပိုင်းအစလေးတွေ ..... စာတိုပေစ မှတ်စုတိုလေးတွေကို .... သီးခံ၍ လာရောက်ဖတ်ရှုခံစားပေးကြသည့်အတွက် အထူးကျေးဇူးတင်မိပါသည်။
အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
( 2: 42 AM : 29/08/2012 )