Monday, January 3, 2011

တောကင်းပုံသီး ဘာလချောင်ကြော်

အားလုံးပဲမင်္ဂလာပါ ....။
ကျမ ရေးခဲ့သမျှ ကဏ္ဍအလိုက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ကျမရဲ့မီးဖိုဆောင်လေး ဆိုတဲ့ကဏ္ဍတစ်ခုကို ထပ်မံပြီးထည့်သွင်းရေးသားချင်တဲ့ စိတ်ကူးလေးတစ်ခုပေါ်လာပါတယ် ...။
တစ်နေ့နဲ့တစ်နေ့ အပြင်ကအစားအသောက်တွေဝယ်စားခဲ့ရတာကြာလာတော့ တော်တော်လေး ငြီးငွေ့လာသလို လူလဲတစ်နေ့တစ်ခြား လုံးပါးပါးလာတယ်ပဲပြောရမလားးD ငါးဖောင်ရိုးခြောက်နဲ့နင်လား ငါလား ဖြစ်လာခဲ့ပါတယ် ...။
အဲဒါနဲ့ပဲ ကျန်းမာရေးကိုအထိခိုက်မခံနိုင်တော့တဲ့အဆုံး မိနှင်းတစ်ယောက် ကြိုးစားပမ်းစားနဲ့ တတ်သလောက်မှတ်သလောက် ကိုယ်တိုင်ချက်စားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် ...။
သူများအတွက် ကောင်းတာမကောင်းတာ အပထားလို့ ဟင်းဆိုရင် ငံပြာရည် ၊ ငပိ ၊ ဆားလေးလေးနဲ့ ငရုတ်သီးစပ်စပ်အရသာပါမှ ထမင်းတစ်ပန်းကန်ကုန်အောင် စားနိုင်တဲ့ ကျမအတွက် မီးဖိုဆောင်လေးထဲကို မ၀င်မှီကတည်းက ငရုတ်သီးနဲ့ ငပိ ငံပြာရည် စတဲ့ လက်နက်အစုံအလင်ကို စတင်ပြင်ဆင်ရပါတယ် ....။
ချက်ဖို့ပြုတ်ဖို့အတွက် အိုး ခွက် ပန်းကန်တွေကတော့ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက အစုံပလုံလာပို့သွားတဲ့သူတစ်ယောက်ကြောင့် ကိုယ့်ကိုယ်များ ရွဲ့ပြီးဝယ်ပေးသလားထင်ပြီး ထားဖို့နေရာကလဲအရမ်း ကျဉ်းလွန်းတာမို့ ချောင်ထဲပဲထိုးထားခဲ့မိတာ ....။
အခုတော့ ကျမအတွက် တော်တော် အဆင်ပြေပြေဖြစ်သွားတဲ့အတွက် ကျေးဇူးတင်လိုက်မိပါတယ် ....။
အသား၊ငါးတွေကို အသီးအရွက်လောက်မနှစ်သက်တဲ့ကျမအတွက် ဈေးထဲကနေ ဟင်းသီး ဟင်းရွက်များများနဲ့ အသုတ်အနယ်လုပ်ဖို့အတွက်လောက်သာ ရွေးချယ်ပြီး ၀ယ်ယူဖြစ်ခဲ့ပါတယ် ....။ အဲဒီထဲက အိန္ဒိယကလာတဲ့ ကင်းပုံသီးသေးသေးလေးတွေကို မစားရတာကြာပြီဖြစ်တဲ့အတွက် ပထမဆုံးချက်ဖို့ စိတ်ကူးလိုက်ပါတယ် ....။

ကင်းပုံသီးဘာလချောင်ကြော်အတွက် ပထမဆုံးတောကင်းပုံသီး သေးသေးလေးတွေကို ဇကာနဲ့ သုံးလေးထပ်လောက်ရေစင်အောင်ဆေးလိုက်ပါတယ်။
ကျမတို့ရွာမှာတော့ ဒီအရွယ်အစားလေးတွေက တောလမ်းနံဘေးက ခြုံတွေကြားမှာအလေ့ကျပေါက်တဲ့အတွက် တောကင်းပုံသီးလို့ခေါ်တာပါ ။
ရေစင်အောင်ဆေးထားတဲ့ တောကင်းပုံသီးလေးတွေကို အမြီးခေါင်းတိပြီးတဲ့နောက်မှာတော့ ဓါးနဲ့ အရွယ်အစားကြီးရင် လေးခြမ်း ၊ သေးသေးလေးတွေဆိုရင် နှစ်ခြမ်း စသည်ဖြင့် အဆင်ပြေသလို ခွဲခြမ်းလေးတွေ ခွဲလိုက်ပါတယ် ....။

အနှစ်အတွက် လိုအပ်တဲ့ဟာတွေကိုတော့ သိပ်မခန့်မှန်းတတ်သေးတာနဲ့ ငယ်ငယ်တုန်းကကျမတို့ မျက်စေ့မှိတ်ကြေး ကစားကြတဲ့အခါ ပါးစပ်က ဆိုရတဲ့အထဲမှာ “ကြက်သွန်ဖြူခုနှစ်မြှောင့် နင်နဲ့ငါနဲ့ မစားလောက် ... ဗျောက် ... ဆင်ကြီး အမြီးထောင် ... ဗြောင် ... စာကလေး အမွေးနှုတ်ဗြုတ် ” ဆိုတဲ့အဆိုကို သတိရမိပြီး  ကြက်သွန်ဖြူ ၇မြှောင့် ကိုအခွန်ခွာပြီး စိတ်လိုက်ပါတယ် ...။ ကြက်သွန်နီတစ်ဥ ခပ်လတ်လတ်ကိုပါ အခွံခွာပြီးတာနဲ့ ပုဇွန်ခြောက်လက်တစ်ဆုတ်လောက်ကိုပါ ရေစိမ်ထားလိုက်ပါတယ် ...။ ငပိကိုတော့ ကျမအကြိုက် မျှင်ငပိ လက်ထောင်းကိုပဲ အသုံးပြုပါတယ် ...။

အဲဒါပြီးတဲ့နောက်မှာတော့ -  ခုနကအခွံခွာထားပြီးသား ကြက်သီဖြူနီ ၊ ရေစိမ်ပြီးပွလာတဲ့ ပုဇွန်ခြောက်တွေကို ငရုတ်ဆုံထဲထည့်ပြီး အောက်ထပ်ကလူတွေ ခေါင်းကျိန်းအောင် ထောင်းပစ်လိုက်ပါတယ် ....။
ဆီကျက်ပီလား မကျက်သေးဘူးလား သိပ်ပြီးမခန့်မှန်းတတ်တာမို့ ငရုတ်သီးမှုန့်ကိုပါ မီးကျွမ်းမှာစိုးရိမ်ပြီး ငရုတ်သီးစက်နဲ့ကြိတ်ပြီးသားအမှုန့်တွေကိုပါ ထည့်ပြီးထောင်းပါတယ်...။
ထောင်းလို့ရလာတဲ့ အနှစ် စီးစီးညက်ညက်လေးကို ဆီပူပူမှာထည့်ပြီးကြော်လိုက်ပါတယ် ....။ အားလုံးလိပ်သွားပြီဆိုတော့ ငံပြာရေလေးလောင်း ၊ ငပိလေးပါဆီရောသတ်လိုက်ပြီး ဆား ဟင်းချိုမှုန့်ကိုပါ တစ်ခါတည်းထည့်ပါတယ် ....။
ဟင်းအရသာကတော့ စွံမစွံ မသိရသေးဘူး ၊ ဟင်းအနှစ်ရဲ့ အနံ့လေးကတော့ တော်တော်ကို မွှေးလာပါတယ် ဟဲ ဟဲ ....။


အနှစ်က ဆီပြန်လာပီဆိုမှ တောကင်းပုံသီးခွဲခြမ်းလေးတွေကို ထည့်ပြီး နာနာလုံးပါတယ် ...။ အနှစ်ရဲ့အရသာကို ကင်းပုံသီးထဲကို စိမ့်ဝင်သွားတဲ့အထိ မွှေပေးလိုက်တယ်...။အရသာက အသီးထဲဝင်မ၀င်တော့ မသိဘူး ဇွန်းနဲ့အားရပါးရ မွှေလိုက်တာ ဒယ်အိုးက Coating နဲနဲကွာသွားလို့ အဆူခံလိုက်ရပါသေးတယ်းp

အဲဒီအနေအထားကနေ ဆီပြန်ပြန်လာတိုင်း ရေလေးတစ်ခွက်တစ်ခွက်စွက်လိုက်ပါတယ် ...။ တောကင်းပုံသီးကို နူးအိသွားအောင်လို့ပါ ... ( အဟီး ... လေသံကတော့ ဆရာမကြီးလိုလို ဘာလိုလိုနဲ့ )
မချောတို့ မမဂျာမုန်းတို့ကို အားကျလို့ပြောကြည့်တာပါး)



တောကင်းပုံသီးလေးတွေ နူးအိလာပြီလို့ ယူဆပြီဆိုတော့မှ အရသာအခြေအနေသိရအောင် နဲနဲမြည့်ကြည့်လိုက်ပါတယ် ...။ သူများကြိုက်မကြိုက်တော့ မသိဘူး ကျမပါးစပ်နဲ့တော့ကွက်တိပဲ စားရတဲ့အရသာက လေးလေးပင်ပင်ရှိပါတယ်း)

အဆင့်ဆင့်ပြီးသွားပြီဆိုရင်တော့ အလွန်အင်မတန်ပဲ ထမင်းစားလို့မြိန်စေတဲ့ တောကင်းပုံသီး ဘာလချောင်ကြော်တစ်ခွက် ဖြစ်သွားပါပြီ ...။ တစ်ကယ်ပဲ အဲဒီနေ့က တောကင်းပုံသီးဘာလချောင်ကြော်နဲ့ ကျမချက်ထားတဲ့ ထမင်းတစ်အိုးလုံးကို အပြောင်ဆွဲလိုက်ကြပါတယ် ....။
မယုံရင်တော့ လမ်းကြုံတဲ့အခါ အိမ်ကို ထမင်းစားကြွပါရှင်း))))

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
( 2 Jan 2011 )

7 comments:

မြူးမြူး said...

Ohhhh!!! My favourite!!! Will go and buy from indian store and cook for dinner tonight. :)

မြစ်ကျိုးအင်း said...

အဲဒီလိုတော့ မစာဖူးဘူး။
ငယ်ငယ်က ပုဇွန်နဲ့ ချက်ကျွေးလို့ ကင်းပုံသီးဆိုရင် ကြိုက်တဲ့စိတ်ဝင်နေတာ။

ကိုအောင် said...

ဟင်းက ရှယ်ပါလား ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကင်းပုံသီးကို အဲလို ကြော်စားတာ ကြိုက်တယ်
ကျွတ်ကျွတ်လေး ၀ါးရတဲ့ အရသာက ဘယ်လိုလေးမှန်းမသိဘူး
နှင်းက ဟင်းချက်မကောင်းဘူးတာ ပြောတာကြည့်ရတာ စားချင်စရာလေးပါ။
ချက်ထားတာ သွားရေကျချင်လာတယ်.. ပုံကိုကြည့်ပြီးတော့လေ.. နောက်လဲ ချက်ဦးနော်

ပါရမီဖြည့်ဖက်လေး said...

ကင်းပုံသီးကြိုက်တယ်။ စားချင်စရာလေး။ ခုတောင် ထမင်းပူပူလေးနဲ့ စားချင်လာပြီ။

ရွှေပြည်သူ (ShwePyiThu) said...

တကယ့်ကို စားချင်စရာပါပဲ နှင်းရေ... ကိုယ်တိုင်က အချက်အပြုတ်မှာ အရည်အချင်းသုညဆိုတော့ တကယ်ကို အားလည်းကျမိပါတယ်။ လမ်းကြုံရင် တကယ်ဝင်စားမှာနော်...

(တိုက်တိုက်ဆိုင်ဆိုင် ပို့စ်တင်ထားတဲ့နေ့လေးက အစ်မမွေးနေ့ ဖြစ်နေတာတွေ့ရတော့ ဘာမဆိုင်ညာမဆိုင် ကျေနပ်လိုက်သေးတယ်း)

သူကြီးမင်း (တုံးဖလား) said...

မိနှင်းရေ...
မရောက်တာကြာလို့ အိမ်ဝင်ပြီး တောကင်းပုံသီး ဘာလချောင်ကြော် ၀င်စားသွားပါတယ်။

အဆင်ပြေတယ်မဟုတ်လား။
ဘာအခက်အခဲဘဲ ကြုံကြုံ ပျော်ရွှင်နိုင်အောင် ကြိုးစားပါ။ မိနှင်းက ဟင်းချက်ကောင်းတော့ သူငယ်ချင်းတွေ ၀ိုင်းနေမှာ မြင်ယောင်မိသေးတယ်။

ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)