Friday, December 17, 2010

“အလွမ်းပင်အောက်မှာ... နှင်းတွေပျောက်တဲ့ည...”


အခုလိုပဲ နှင်းတွေ တစ်ဖွဲဖွဲ .... ကျနေခဲ့တဲ့အချိန် ......
အေးမြသော ဆောင်းတစ်ညရဲ့ အလှပဆုံးသော အချိန် ....
လမ်းမပေါ်က ရောင်စုံမီးအလှတွေနဲ့ ခမ်းနား တောက်ပနေတဲ့အချိန်
ခရစ်စမတ်စ်ရဲ့ တေးသီချင်းသံတွေ ...လေထဲမှာ လွင့်ပျံသီကျူးနေခဲ့ချိန် ....


“ ဤအိမ်ပေါ်မှာ ...ကောင်းချီးမင်္ဂလာ ရောက်စေသော် ရောက်စေသော် ...... ဤအဆောင်ပေါ်မှာ ...ကောင်းချီးမင်္ဂလာ ရောက်စေသော် ရောက်စေသော် ........”
ဆိုတဲ့ ခရစ်စမတ်စ် ဆုတောင်းသီချင်းသံတွေနဲ့ ကျမသိပ်ချစ်ရတဲ့ ဂီတသံတွေက ကျမတို့ ရန်ကင်းဆောင်ကြီးတစ်ခုလုံးမှာ လွင့်ပျံလို့နေခဲ့တဲ့ အချိန်ပေါ့ ........ ။


အခါတိုင်းနှစ်တွေကလိုပဲ .... အဲဒီခရစ်စမတ်စ်မှာ .... ကျမတို့ အခန်း(၅) အဆောင်သူတွေ ဦးဆောင်ပြီး အာလူးထမင်း နဲ့ ငါးထမင်းနယ်တွေကို ..... ငှက်ပျောဖက်တွေနဲ့ လက်မလည်နိုင်အောင် ထုတ်ကြရင်း ပျော်ရွှင်နေခဲ့ကြတဲ့ညဆိုလဲ မမှားပါဘူး  ....။


အဲဒီညမှာ ကျမတို့အဆောင်မှူးနဲ့ အဆောင်တွင်းက သူငယ်ချင်းများရဲ့ မိတ်ဆွေတွေ ၊ ဘုရားကျောင်းက မိတ်ဆွေတွေလဲ သီချင်းတွေ လာရောက်သီဆိုကြမှာဖြစ်တဲ့အတွက် ...ဟောခန်း အကျယ်ကြီးတစ်ခုထဲမှာ စုပေါင်းဝိုင်းဖွဲ့နိုင်ဖို့ အခမ်းအနားလေးတစ်ခုကိုပါ ပြင်ဆင်ခဲ့ကြပါတယ် ...။

                            **************************************

ရင်ခုန်စရာကောင်းတဲ့ အဲဒီ ခရစ်စမတ်စ်ညမှာပဲ ....တစ်ဖွဲ့ပြီး တစ်ဖွဲ့သီဆိုဖျော်ဖြေကြတဲ့ တေးသီချင်းသံတွေကို နားဆင်ခံစားရင်း ကျမတို့အားလုံးပျော်နေခဲ့တယ်....။

အားလုံးထဲမှာ ကျမ သတိထားလိုက်မိတဲ့ အသံပိုင်ရှင်က  စစ်စိမ်းရောင်ဂျာကင်ကို ၀တ်ဆင်ထားပြီး ဂစ်တာတစ်လက်ကို ကျွမ်းကျင်စွာ တီးခတ်နေခဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်...။

ကျမရင်ထဲမှာ အံ့သြခြင်း .... မယုံကြည့်နိုင်ခြင်းတွေနဲ့ပေါ့.... သူ့ကို သတိထားမိပြီး ကြည့်လိုက်မိတဲ့အချိန်မှာ .... မမျှော်လင့်ပဲ နှစ်လိုဖွယ် ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်တဲ့ သူ့အပြုအမူကြောင့်...ကျမ ပိုပြီး အံ့သြသွားခဲ့မိတာတော့ အမှန် ...

စိတ်ထဲမှာ ဇဝေဇ၀ါနဲ့ သူ့ကို မကြာခဏဆိုသလို ခိုးကြည့်ဖြစ်တော့ ဘုရားသခင် .... သူလဲ ကျမကို မကြာခဏ ပြုံးပြီး ကြည့်နေခဲ့တာလေ.....
သူ့အကြည့်တွေထဲမှာ ရင်းနှီးမှုအရိပ်အယောင်တွေ ပါဝင်နေခဲ့တယ်ဆိုတော့ သူလည်း ကျမကို အမှတ်တရရှိနေခဲ့သေးတာပေါ့ .....

အခုလို မျှော်လင့်မထားခဲ့တဲ့ အချိန်မှာ ... မမျှော်လင့်ပဲ ပြန်လည်ဆုံတွေ့လိုက်ရတာ ကျမအတွက်တော့ တစ်ကယ့်ကို မယုံကြည်နိုင်စရာ တစ်ခုလိုပါပဲ.....။
သူနဲ့ကျမ ခဏ ဆိုမှ ခဏလေးပဲ အပြင်မှာဆုံခဲ့ကြတာပါ....။

သူက “ရီးနေးဆန်း (Renaissance)” ဆိုတဲ့ နံမည်တစ်ခုနဲ့ အောင်မြင်စပြုနေတဲ့ ဂီတ အနုပညာ သမားတစ်ယောက်လေ ... ။

ကျမကတော့ သူ့ အသံကို စွဲစွဲလန်းလန်းနဲ့ အရမ်း ခရေဇီဖြစ်ခဲ့သူ ပရိတ်သတ်ထဲက တစ်ယောက်ပေါ့....။
မဂ္ဂဇင်းတစ်ခုမှာ သူ့ပုံပါတဲ့ အင်တာဗျူးလေးကို ဖတ်လိုက်ရတာနဲ့ အဲဒီစာအုပ်ကို အပြီးအပိုင်ဝယ်ထားခဲ့လိုက်တာ ... ကျမရဲ့ တိတ်တစ်ခိုးရူသွပ်မှုကိုတာ သူသိရင် ဟားတိုက်ရယ်မောနေမှာလား ....
ကျမရဲ့ ရူးသွပ်မှုက အဲလောက်နဲ့တင် မပြီးဆုံးသေး ....

“ရေချမ်း ရေ ... နင့်ရဲ့ ဆိုင်ဖွင့်ပွဲမှာ ရီနေးဆန်း ကို ခေါ်လို့ မရဘူးလား ....”  ဆိုတဲ့ ကျမရဲ့ တောင်းဆိုမှုကို ရေချမ်းထူး က အလွယ်တစ်ကူပဲ လိုက်လျောခဲ့တော့ ..... ကျမ တစ်ကယ်ပဲပျော်ရွှင်သွားခဲ့သေးတာ...


ရေချမ်းထူး လို့ခေါ်တဲ့ ကောင်လေးနဲ့ ကျမ က တစ်မြို့ထဲသား ငယ်သူငယ်ချင်းတွေ....ကျောင်းပြီးပြီးချင်းမှာပဲ နှစ်ဘက်မိဘတွေရဲ့ သဘောတူညီမှုနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ကြတယ်....။


သူက ကျမနဲ့ သက်တူ ၊ အရွယ်တူ ဆိုပေမယ့် ကျမထက် အများကြီးရင့်ကျက်တည်ငြိမ်သလို ကျမက ကိုယ်ပိုင်စီးပွားရေးပဲ လုပ်ရမလိုလို ... အစိုးရအလုပ်ပဲဝင်တော့မလိုလို ယောင်လည်လည်ဖြစ်နေတဲ့အချိန်မှာကတည်းက သူကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နိုင်တဲ့သူ တစ်ယောက်ဖြစ်ခဲ့တယ် ....။


ရေချမ်းထူးက ကျမဘ၀အတွက် အသင့်တော်လုံး ဘ၀လက်တွဲဖော်တစ်ယောက်အဖြစ် ကျမဘ၀ကို အများကြီးနားလည်ပေးနိုင်တဲ့ လက်တွဲဖော်အဖြစ် လက်ခံခဲ့ရင်း ကျမရဲ့အနာဂတ်အတွက် သူ့ကို အခိုင်အမာ ရွေးချယ်ဖြစ်ခဲ့တယ်....။
ဆိုင်ဖွင့်ပွဲမတိုင်ခင် တစ်ပတ်လောက်က ရေချမ်းထူး ကျမဆီကို ဖုန်းဆက်လာခဲ့ပြီး.....

“ မိပိန် ... ဆိုင်ဖွင့်ပွဲနီးပြီနော် ... နင့်ကို ငါလာခေါ်မယ် ခွင့်တင်ပြီး ခွင့်ယူဖို့လုပ်ထားလိုက်ဦး ... နင်ပြောတဲ့ ရီးနေးဆန်း တို့ အဖွဲ့လဲပါမယ် တစ်ခြားနံမယ်ကြီး အဆိုတော်တွေလဲ ဖိတ်ထားတယ် တဲ့.....”

အဲဒီနေ့က ကျမအရမ်းပျော်သွားခဲ့သလို ကျမအပေါ်မှာ အလိုက်သိတဲ့ ရေချမ်းကိုလဲ အရမ်း ကျေးဇူးတင်တာပဲလို့ ပြောဖြစ်လိုက်သေးတယ် .... ။
စီးပွားရေးလုပ်ငန်းတွေနောက်မှာပဲ အငမ်းမရလိုက်နေတတ်တဲ့ ရေချမ်းထူးကတော့ ကျမရေးနေတဲ့ ကဗျာတွေ စာတွေကို သူ့ရဲ့ကုန်ပစ္စည်းစာရင်းတွေလောက်တောင် တန်ဖိုးမထားတတ်သူဖြစ်တယ်...။
ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ၊ နာကျင်ခြင်း ကြေကွဲခြင်းဆိုတဲ့ စိတ်ခံစားမှုစကားလုံးတွေကို ဟာသတစ်ပုဒ်လောက်တောင် တန်ဖိုးမထားတတ်တဲ့ အဲဒီကောင်လေးက .......

“ နင်ပျော်ရင် ငါလဲပျော်တာပါပဲ မိပိန်ရယ် ဆိုတဲ့ ....စကားတစ်ခွန်းလောက်ကိုပဲ
ဝတ်ကျေတမ်းကျေ ပြောတတ်ခဲ့သူဖြစ်တယ် ....

သူ့ရဲ့ သီချင်းခွေတွေထဲမှာ သူ့ပုံကို ရံဖန်ရံခါဆိုသလို တွေ့နေကျဆိုပေမယ့် အပြင်မှာတော့ သူ့ကို ရေချမ်း
ရဲ့ ဆိုင်သစ်ဖွင့်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဘူးခဲ့တာပေါ့...။

အဲဒီည ဆိုင်ဖွင့်ပွဲပြီးဆုံးသွားတော့ .... ရေချမ်း ကပဲ...

“ကိုဆန်း ဒါကျတော့်ရဲ့ .... ဇနီးလောင်း လေ ... ကျတော်တို့က ငယ်သူငယ်ချင်းတွေပဲ ...  သူငယ်ချင်းတွေအားလုံးကတော့ သူ့ကို ချစ်စနိုးနဲ့ မိပိန် လို့ခေါ်တယ် ....သူ့နံမည်အရင်းက....“ ဖြူစင်သူ..တဲ့ ... မှတ်ထားဦးနော် ...  ”

“ဟုတ်ကဲ့ မဖြူစင်သူ တွေ့ရတာတစ်ကယ်ပဲ ၀မ်းသာပါတယ် ... ကျတော့်ကို အပြင်မှာတွေ့လဲ ခေါ်ပါ ကျတော်လဲ ရင်းရင်းနှီးနှီးပဲ မဖြူစင်သူ ကို မိပိန်လို့ ခေါ်လို့ရမလားတဲ့...”

ရင်းရင်းနှီးနှီးနဲ့ ပြုံးပြီးမေးလာခဲ့တဲ့ သူ့ကို ကျမခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရင်း
“ဟုတ်ကဲ့ ခေါ်လို့ရပါတယ်... လို့ ပြန်ဖြေဖြစ်ခဲ့သည် ...။

သူက အနုပညာသမားတစ်ယောက်ဆိုပေမယ့် ကျမထင်ထားတာထက် အများကြီး ရင့်ကျက်တည်ငြိမ်မယ့် မျက်နှာမျိုး ဖြစ်တယ် ...
သူ့ရဲ့လေးထောင့်ကျကျမေးရိုးတွေနဲ့ စူးရှတဲ့ မျက်ဝန်းတွေက သာမန်အနုပညာသမားနဲ့မတူပဲ စိတ်ကူးယဉ်မှုထက် လက်တွေကျကျ ဘ၀ကို တည်ဆောက်မယ့် မျက်နှာမျိုးလို့ ကျမ သုံးသပ်လိုက်မိတယ်....

ကျမကိုတွေ့တွေ့ချင်း... ဖြတ်ခနဲငေးစိုက်ကြည့်လိုက်တဲ့ မျက်ဝန်းနက်တွေကို ချက်ချင်းဆိုသလို တည်ငြိမ်တဲ့အရောင်တစ်ခုပြောင်းလဲနိုင်ခဲ့တာဟာ သူ့ရဲ့အရည်အချင်းတွေပဲလား  ... အနုပညာသမားတစ်ယောက်ရဲ့ မာယာတွေလားဆိုတာ ကျမ မခွဲခြားတတ်ခဲ့ပါ ....။
လှစ်ခနဲ တစ်ချက်ရယ်လိုက်တဲ့ အဲဒီ့အပြုံးတွေမှာ လျှို့ဝှက်ခြင်းသင်္ကေတတွေ ပါဝင်နေခဲ့တယ်ဆိုတဲ့
ကျမရဲ့ ခပ်ကြောင်ကြောင်အတွေးက တစ်ကယ်ပဲ မှန်ကန်နေခဲ့တာလား  ....။

သေချာတာ တစ်ခုကတော့ အဲဒီနေ့ည စတွေ့ခဲ့ချိန်က အစပြုပြီး ကျမသူ့ကို ပိုမိုစွဲလန်းခဲ့မိတာပါလို့ တော့ အားလုံးကို ကျမ အရိုးသားဆုံး ၀န်ခံချင်မိတယ်....။

အဲဒီနေ့က “တွေ့ရတာ ၀မ်းသာပါတယ် ...လို့ တိုးတိတ်စွာနှုတ်ဆက်လိုက်ရင်း ...
အခုမှ တွေ့ဆုံခွင့်ရတဲ့ တစ်စိမ်းယောင်္ကျားလေးတစ်ယောက်အပေါ်မှာ အလွယ်တစ်ကူ ယိမ်းယိုင်မိခဲ့တဲ့ ကျမနှလုံးသားကိုတော့ ရှက်ရွံ့စွာ ဖုံးကွယ်ခဲ့ချင်သေးတာ ....။

 ကျမတို့နှစ်ဦးစလုံးရဲ့ ရင်ဘတ်ထဲကစကားသံတစ်ချို့ကို အပြန်အလှန်ဘာသာပြန်နေခဲ့တာလားလို့ အတိအကျ မပြောပြနိုင်ခဲ့ပေမယ့်.... သူနဲ့ကျမရဲ့ အဲဒီတစ်ညတာဆုံတွေ့မှုကစလို့ နံရံရဲ့ တစ်ဘက်စီမှာ ခြားနားထားပြီးသားဖြစ်တဲ့ အဲဒီ မျက်ဝန်းတစ်စုံကိုမှ ကျမ အရူးအမူးတမ်းတဖြစ်ခဲ့တာ ... မှားယွင်းမှုတွေရဲ့အစ ဆိုရင် မမှားခဲ့ပါဘူးကွယ် .....။ 

                          *****************************************

အတွေးတစ်ချို့နဲ့ ငေးငိုင်နေခဲ့တဲ့ ကျမကို ...

 “ မိပိန် ... စစ်စိမ်းရောင်ဂျာကင်ဝတ်ထားတဲ့ တစ်ယောက်ရဲ့စတိုင်လ်က အရမ်းမိုက်တယ်နော်  အသံလဲအရမ်းကောင်းတယ် .... အဲဒါ အခုနောက်ပိုင်း နံမည်တော်တော်ရနေတဲ့ အဆိုတော်ရီနေးဆန်းဆိုတာလေ ... အဲဒီ့လူက ခဏ ခဏ ရှင့်ကို ခိုးကြည့်နေတာ ရှင်သိတယ်မို့လား ... လို့ ကျမသူငယ်ချင်း သဉ္ဇာ က အနားကိုကပ်ပြီး တိုးတိုးလေးပြောလိုက်တယ် .....”

“ထုံးစံအရပဲ ကျမရဲ့ ညစ်ပေပေ အမူအရာအတိုင်း.. ဘယ်သူ့ကိုပြောတာလဲ သဉ္ဇာ ... မိပိန် သတိမထားမိပါဘူး”  ဆိုတဲ့ မုသားတစ်ခွန်းကိုပဲ ကျမ ဗြောင်ကျကျ သုံးလိုက်မိတယ် .....။
တော်တော်လည်း မျက်စေ့လျှင်တဲ့ သဉ္ဇာမ ဟု စိတ်ထဲက ရေရွတ်နေတုန်းမှာပဲ .....

“မိပိန် ရှင်က ဖြူစင်သူ ဆိုတဲ့ နံမည်လေးနဲ့လိုက်အောင်ကို ရှင့်မျက်နှာလေးက အပြစ်ကင်းပြီး ချစ်စရာကောင်းနေလို့ထင်တယ် အားလုံးထဲမှာ ရှင်က ဘာမှပြင်ဆင်မထားပဲကို ပေါ်လွင်နေတယ် ...အားလုံးထဲမှာမှ သူရှင့်ကို သတိထားမိတာ အံ့သြစရာပဲနော် ...... သဉ္ဇာလဲ ရှင့်လောက်ချစ်စရာမကောင်းချင်နေပါစေ ... ရှင့်လောက်အရပ်မြင့်ပြီး ရှင့်လိုပဲ မဲနက်ဖြောင့်စင်းနေတဲ့ ဆံပင်ရှည်ရှည်လေးတွေကို ပိုင်ဆိုင်ရရင်ပဲ တော်ပါပီတဲ့ ....

“မြှောက်မနေစမ်းပါနဲ့ ဒေါ်သဉ္ဇာရယ် ... ကျူပ်မှာ ဘာမှကျွေးစရာမရှိဘူး ရော့ ... လက်မဆေးပဲ နယ်ထားတဲ့ အာလူးထမင်းနယ်သာ အ၀စားလိုက်တော့ .... လို့ စကားကို ပိတ်ပြောလိုက်မှ သူငယ်ချင်းမမက ပါးစပ်ပိတ်သွားခဲ့တယ် ...။

ပြောရမယ်ဆိုလျှင် ကျမအပါအ၀င် ကျမတို့အဆောင်ထဲက အမျိုးသမီးလေးတွေ အားလုံးရဲ့ မျက်လုံးတွေက စစ်စိမ်းရောင် ဂျာကင်အကျီပိုင်ရှင်ဆီမှာပဲ ရောက်နေကြမယ်ဆိုတာ ကျမ သိပ်သိတာပေါ့ ... သူက အခုတစ်လောလူတော်များများရဲ့ အားပေးမှုကို ရရှိနေခဲ့သူလေ ... ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့အောင်မြင်မှုနဲ့ အနုပညာအတွက် ကျမ သူ့ကိုယ်စား ၀မ်းမြောက်မိခဲ့တယ် ... သူ့နံမည်ကို အော်ခေါ်နေကြတဲ့ ပရိတ်သတ်ရဲ့ အသံတွေအတွက် သူ့ကိုယ်စားကျမလဲ ထပ်တူကြည်နူးမိတယ် ...

သူက နံမည်ရနေတဲ့ အဆိုတော်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင်တောင် .....
အဆောင်မှာပြောနေကျ စကားနဲ့ ပြောရရင်... SKB (ဆော်ကြည်ဘဲ) ဆိုတဲ့ နံမည်တစ်ခုနဲ့ အဆောင်ထဲက မမတွေရဲ့ ပါးစပ်ဖျားမှာ ပြောမဆုံးပေါင်တောသုံးထောင်ရေပန်းစားနေမယ့် ပုံစံမျိုးလေ...

မိန်းကလေးတော်တော်များများ စိတ်ဝင်စားခံရတဲ့ လူတစ်ယောက်ဆိုရင် အရေးမလုပ်သလို ခပ်တင်းတင်းလုပ်ပြချင်တဲ့ပုံစံကလည်း ကျမရဲ့ မူပိုင်စတိုင်လ်တစ်ခုလို့ ပြောရမလား ... ။
အဲလို မိန်းမမျိုးကိုမှ သူကလဲ အရူးအမူး စွဲလန်းခဲ့သူတဲ့လေ .....

သူက သိသိသာသာ သတိထားမိပြီး နှုတ်ဆက်ပြုံးပြခဲ့တာတောင် ကျမက ဟန်ဆောင်မြိုသိပ်ပြီး အသိအမှတ်မပြုသလို ခပ်တည်တည် တုံ့ပြန်ခဲ့ခဲ့တာ ....။
အားလုံးက သူ့ကို သတိထားပြီး စိတ်ဝင်စားနေချိန်မှာ ကျမရဲ့တုံ့ပြန်မှု အတွက်တော့ သူ ကျမကို တော်တော်အထာကိုင်တဲ့ မိန်းမလို့ ကောက်ချက်ချလေမလား မပြောတတ် ...။

သို့ပေမယ့် မတတ်နိုင် ... အနည်းငယ်ညစ်ကျယ်ကျယ်နိုင်လှတဲ့ ကျမရဲ့မွေးရာပါ စိတ်ဓါတ်ကို က အဲလိုလုပ်လိုက်ရမှ ကျေနပ်သူလေ... ဂရုမစိုက်တဲ့အမူအယာနဲ့ပဲ လက်ထဲက  အာလူးထမင်းနယ်ကိုသာ အားပါးတရ ငုံ့စားဖြစ်ခဲ့တယ် ....။


                         **********************************************

ဘယ်လိုမှ မျှော်လင့်မထားပါဘူး ... ကျမထိုင်နေတဲ့ စားပွဲရှိရာကို စစ်စိမ်းရောင်ဂျာကင်ပိုင်ရှင်က ဖြေးဖြေးချင်းလျှောက်လာခဲ့တယ် .... တန်းတန်းမတ်မတ် ကျမဆီလျှောက်လာနေတဲ့ သူစတိုင်လ်မှာ ယုံကြည်မှုတွေအပြည့်ရှိနေသလိုပဲ ....မာနကင်းမဲ့တဲ့ အရိပ်အယောင်တွေကို အထင်းသားတွေ့မြင်နေရတယ် ..... ပြီးတော့ နွေးထွေးလှိုက်လှဲ စွာနဲ့ သူ ကျမကို နှုတ်ဆက်ခဲ့တာက....

“မိပိန် ကျတော့ကို မှတ်မိတယ်မို့လား  .. ကျတော် ကိုဆန်းလေ ....ဖြူစင်သူ ရဲ့... တဲ့

အိုး .. သူကျမ ကို တစ်ကယ်မှတ်မိတာပဲ ... ဖြူစင်သူ ဆိုတဲ့ နံမည်ကိုရော မိပိန်ဆိုတဲ့ ချစ်စနိုးနံမည်လေးကိုရော သူခေါ်လိုက်တာ ....
အခုတစ်ခါ သူကျမကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ဘယ်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိသော အရောင်တွေနဲ့ တစ်ဖျတ်ဖျတ်လင်းလက်တောက်ပလို့ ....
လျှို့ဝှက်ခြင်းကင်းနေတဲ့ သူ့နှုတ်ခမ်းမှာတွဲခိုလာတဲ့ အပြုံးတွေက ကျမနှလုံးသားရဲ့ ရင်ခုန်ခြင်းကို ရှက်ရွံ့ခြင်းကင်းစေခဲ့တာလား ... ကျမ မပြောတတ် ....

“ ကျမ မှတ်မိပါတယ် ... ကျမက  ရှင့်ရဲ့ပရိတ်သတ်တစ်ယောက်ပဲလေ ... လို့ တည်ငြိမ်စွာ ဆိုဖြစ်တော့

“ဟုတ်ရဲ့လား  ... ဒါဆိုရင်တော့ ကျတော် သိပ်ပျော်ပါတယ်ဗျာ ....ဒါနဲ့ မိပိန် ဒီကို ဘယ်လိုရောက်နေခဲ့တာလဲဟင် ... ဆိုတဲ့ သူ့ရဲ့ အံ့သြနေတဲ့မေးခွန်းတစ်ခုအတွက် ...

“အော် ကျမ ဒီစက်ရုံမှာ တာဝန်ကျနေတဲ့ ၀န်ထမ်းလေ .......အခုလှမ်းမြင်နေရတဲ့
ခွဲမှူးတွေနေတဲ့ အ၀ါရောင် အဆောင်ကြီ်းမှာ ကျမနေပါတယ် ...... ”  လို့ဆိုတော့

“အိုး .......ဟုတ်လား ကျတော်က မိပိန်ကို လွန်ခဲ့တဲ့ ခြောက်လလောက်က  ကိုရေချမ်းထူး မိတ်ဆက်ပေးတော့လေ ... ကလေးလေးတစ်ယေက်လိုပဲ မြင်ခဲ့တာ ....
မိပိန်က အရာရှိပေါက်စပါလား ဒီမြို့လေးက ကျတော့်မြို့လေးပါ မိပိန် ... ခရစ်စမတ်စ်နေ့တိုင်းမှာ ကျတော့် မြို့လေးကို ရောက်အောင်လာတတ်တယ် ပြီးတော့ ခရစ်စမတ်စ် ညတွေမှာ ကျတော် ခုလိုပဲ ငယ်သူငယ်ချင်းတွေနဲ့ အပျော်တမ်းလျှောက်ဆိုဖြစ်တယ်လေ  .... ကျတော်မျှော်လင့်မထားခဲ့ပဲ
ဒီညမှာ .. ကျတော် အတွေ့ချင်ဆုံး သူတစ်ယောက်နဲ့ တွေ့ခွင့်ရခဲ့လို့ ... ကျတော့်အတွက်တော့ ဟောဒီ့ခရစ်စမတ်စ် က အဓိပ္ပါယ်အရှိခဲ့ဆုံးပါပဲ မိပိန် ..... တဲ့ ”

သူအလေးအနက်ထားပြီး ကျမကို ရင်းရင်းနှီးနှီးစကားတွေပြောနေခဲ့တာ ကျမအတွက် အိပ်မက်တစ်ခုမှာ နစ်ဝင် စီးမျောနေရသလိုပါပဲ ....
အနည်းငယ် အဖျားခတ်တုန်ရင်နေခဲ့တဲ့ သူ့စကားသံတွေထဲမှာ မယုံကြည်နိုင်စရာ ကြေကွဲရိပ်တွေ ပါနေခဲ့တာ ဘာကြောင့်များလဲ ... သူ့မျက်ဝန်းထဲမှာ လွမ်းဆွတ်မှုတွေရှိနေခဲ့တာကရော  ... အနုပညာသမားတစ်ယောက်ရဲ့ မာယာတွေများလား ....
ကျမ သူ့ကို ယုံကြည်ချင်ပါတယ် .....


                                     ***********************************

ဒါတွေဟာ တိုက်ဆိုင်မှုသက်သက်လို့ပဲ ဆိုရမလား လွန်ခဲ့တဲ့ ၆ လလောက်မှာ သူနဲ့ကျမ တစ်ကြိမ်တစ်ခါလေးပဲ အပြင်မှာ ဆုံဘူးခဲ့တာလေ ...

နှစ်ယောက်လုံးရဲ့ ရင်ထဲမှာ ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်းနဲ့ ထပ်တူညီမျှတဲ့  .....ကြေကွဲမှုတွေ ကိုယ်စီကိန်းအောင်းနေခဲ့ကြသတဲ့လား ..... ဘာပဲဖြစ်ဖြစ် ဒါဟာ ကျမနဲ့သူ့အတွက် ကျိန်စာသင့်ခဲ့တာပဲ ဖြစ်မှာပါလေ ......

“မိပိန် Happy Xmas နော် ....ကျတော့်ကို သွားခွင့်ပြုပါဦး ...ကျတော် သီချင်းဆက်ဆိုလိုက်ဦးမယ် ....အားပေးနော်  ....လို့ အနားနားကပ်ပြီး တိုးတိုးလေး ပြောသွားခဲ့သူကို ခေါင်းတစ်ချက်ငြိမ့်ပြဖြစ်ခဲ့တယ်...။

လူတွေသတိထားပြီး ကြည့်နေတဲ့အချိန်မှာ အဲဒီလောက်ထိ ရင်နှီးစွာပြောနေခဲ့ကြတဲ့ ကျမတို့နှစ်ယောက်ကို ဘယ်လိုမြင်ကြမလဲဆိုတာကို သူလုံးဝ ဂရုမစိုက်ခဲ့သလို ကျမလည်း ဂရုမစိုက်ချင် .... အဲဒီအချိန်မှာ ...

“ချစ်ဆွေရယ် ၀မ်းမြောက်စွာတေးဆိုမယ် .. ဘုရားဂုဏ်တော် မွေးနေ့မှာ ပြုံးပျော်မယ် ... ဆိုတဲ့ တေးသီချင်းက ကျမရဲ့ အာရုံစုစည်းမှုတစ်ခုကို ပြန်လည်နိုးထစေခဲ့တယ် ....။

သူ့အသံက အနည်းငယ်သြရှရှတဲ့ အေးမြတိတ်ဆိတ်တဲ့ အသံရှင်မျိုးဖြစ်တဲ့အတွက်  ငြိမ်သက်မှုတစ်ခုကို အလွယ်တစ်ကူညှို့ငင်နိုင်သော ဆွဲဆောင်မှုရှိသည့် အသံဟု ကျမ မြင်သည် ....။

ရီးနေးဆန်း ဆိုတာ သိသွားကြပြီး ပရိတ်သတ်ရဲ့ တောင်းဆိုမှုတွေနဲ့ တစ်ပုဒ်ပြီး တစ်ပုဒ်သီဆိုသွားခဲ့တဲ့
သူ့ရဲ့ တေးသီချင်းသံကြားမှာ ကျမကိုယ်တိုင်လည်း နစ်ဝင်စီးမျောမိရင်းပေါ့ ....  ခံစားချက်ပေါင်းများစွာနဲ့ လွမ်းစရာကောင်းတဲ့ ခရစ်စမတ်စ်ညဟာလည်း  ပြီးဆုံးကာနီးခဲ့ပါတယ်...။

“နောက်ဆုံးအနေနဲ့ ကျတော့်ရဲ့နောက်ဆုံးထွက်မယ့် စီးရီးစ်ထဲက သီချင်းသစ်လေးတစ်ပုဒ်နဲ့ ပရိတ်သတ်ကို နှုတ်ဆက်ချင်ပါတယ် ...
ဒီသီချင်းလေးက ကျတော့်ရင်ထဲမှာ တိတ်တခိုးစွဲလန်းမိတဲ့ ကောင်မလေးတစ်ယောက်ကို တမ်းတမိရင်း....ရည်ညွှန်းရေးဖွဲ့ဖြစ်တာပါ .....
သီချင်းနံမည် လေးက စီးရီးစ် Title ရဲ့ခေါင်းစဉ်လေးပါပဲ ......
“ဖြူစင်သူသို့ ....” လို့အမည်ရပါတယ် .....”

အားလုံးရဲ့ လက်ခုပ်သံတွေ ဆူညံသွားခဲ့သလို .... အဆောင်ထဲက အမျိုးသမီးလေးတွေရဲ့ မျက်ဝန်းတွေကလဲ ကျမဆီကို စုပြုံပြီးရောက်လာခဲ့ကြတယ် ... ကျမ ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ပါ ....
ကျမမျက်နှာကို ငေးပြီး သီဆိုနေခဲ့တဲ့ သူ့သီချင်းသံတွေကြားမှာ ခံစားနားဆင်ရင်း သီချင်းဆုံးတဲ့အထိ သူ့ကိုပဲပြန်လည်ငေးမောဖြစ်ခဲ့တယ် ....။

သဉ္ဇာ က ကျမလက်နှစ်ဘက်ကို ရုတ်တစ်ရက် ဆုတ်ကိုင်လာရင်း .....

“မိပိန် ရှင်တို့ နှစ်ယောက်မှာ အဲလောက်ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းတွေရှိခဲ့တာလား ... ဒီသီချင်းက ရှင့်အတွက်သူရေးခဲ့တယ်ဆိုတာ သေချာတယ် ... ဟော အခုလည်း ကြည့်လေ ... ရှင့်မျက်နှာကို မလွတ်တမ်းငေးကြည့်ပြီးတော့ ဖြူစင်သူသို့ ဆိုတဲ့ သီချင်းကို လေးလေးနက်နက် သူဆိုနေခဲ့တာ ရှင်သိလား ..... တဲ့ .... ဘေးက ကျမတောင် ငိုချင်လာတယ် မိပိန်ရယ်တဲ့ ....

ကျမ ဘာမှ မကြားချင်ပါ ... ဘာကိုမှ မသိချင်တော့ပါ ... သူဘာတွေသီဆိုသွားခဲ့တာလဲ ကျမ တစ်ကယ်မခံစားချင်ခဲ့တော့ ...
ကျမနှလုံးသားက ပျော့ပျောင်းနုညံ့သလောက် ကျမဘ၀ထက် နှလုံးသားရဲ့ဆန္ဒ ကို မလိုက်နိုင်ခဲ့တာ ခွင့်လွှတ်ပါလို့ ရင်ထဲမှာ တိတ်တိတ်လေး တောင်းပန်ရင်း ညှိုးနွမ်းနေတဲ့ သူ့မျက်လုံးတွေကို နောက်ဆုံးနှုတ်ဆက်လိုက်ပါသည် ....။

သူတို့ရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပြီးဆုံးသွားပြီမို့ အစားအသောက်တွေနဲ့ ဧည့်ခံနေကြသည် ....။
အဲဒီအချိန်မှာ သူကတော့ ဂစ်တာတစ်လက်ကို ကျောမှာသိုင်းလွယ်ရင်း စီးကရက်တစ်လိပ်ကို သောက်ကာ နှင်းတွေဝေနေခဲ့တဲ့ တောင်တန်းပြာတွေကို ငေးမောနေခဲ့ပါတယ်....။

ကျမဆီကို တစ်လှမ်းချင်းလျှောက်လာခဲ့ရင်း ....ကျမဘေးက ခုံလေးမှာ ၀င်ထိုင်လိုက်တယ် .....။
ဆောင်းတွင်းရဲ့ အအေးဓါတ်ကြောင့် ပါးစပ်ထဲက အငွေ့တွေကို မကြာခဏဆိုသလို လွှင့်ထုတ်နေရင်း ..... အတန်ကြာ နှုတ်ဆိတ်နေခဲ့သူ က....... 

 “ မိပိန် ကျတော် ပြန်တော့မယ်နော် ... တဲ့ ...
ကျမ သူ့မျက်နှာကို မကြည့်ပဲ ခေါင်းတစ်ချက်ကိုပဲ ငြိမ့်ပြလိုက်တော့ ....

“မိပိန် ... ကျတော့်ဘ၀မှာ ... မြင်မြင်ချင်းချစ်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို တစ်ကြိမ်တစ်ခါလေးပဲဖြစ်ဖြစ် ရိုးသားစွာနဲ့ ချစ်တယ်လို့တော့ ပြောခွင့်ရချင်ခဲ့တာပါ  ....
ကျတော့်ကို ခွင့်လွှတ်ပါနော် ... တဲ့ ...

စိတ်ကူးမယဉ်သင့်တော့ပေမယ့် သူ့အလိုလိုဖြစ်တည်လာခဲ့တဲ့ စစ်မှန်တဲ့ ခံစားမှုကို  ကြေကွဲစွာ ထိမ်းချူပ် မြိုသိပ်ယုံမှတစ်ပါး အခြားမရှိခဲ့တော့တာ သူရော ကျမရော အလိုလိုနားလည်လက်ခံထားပြီးသား ဖြစ်ပါသည် ...။

“ကျတော့်အချစ်ကို အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် မိပိန် ...  ဘယ်လိုမှ ဆုံဆည်းခွင့် မရနိုင်တော့ပေမယ့် ကျတော့် နှလုံးသားထဲမှာ နောက်ကျမှတွေ့ခဲ့ကြပေမယ့်  ဖြူစင်သူ ဆိုတဲ့  မိန်းမတစ်ယောက်နဲ့မှ ....ရူးမိုက်စွာချစ်ခဲ့မိတာပါ.... ”

ခြောက်ကပ်ကပ် လေသံတစ်ခုကို တိုးနိုင်သမျှ တိုးရင်း တံတွေးတစ်ချက်ကို မြိုလိုက်တဲ့ သူ့ရင်ထဲကခံစားချက်နဲ့ သူ့နှလုံးသားရဲ့ ကွဲအက်သံကို ကျမနှလုံးသားနဲ့ နားဆင်ခံစားနိုင်ခဲ့ပါသည် ....။
 
ပါးပြင်ပေါ်မှာ ပေါက်ကနဲကျလာတဲ့ မျက်ရည်တစ်စက်ကိုပါ သူမသိအောင် ဆံနွယ်တစ်ချို့နဲ့ ဖုံးကွယ်ထားလိုက်ရင်း  .... နှင်းငွေ့တွေ လွှမ်းခြုံနေခဲ့တဲ့ စွယ်တော်လမ်းဘက်ကို ခပ်သွက်သွက် လျှောက်လှမ်းခဲ့လိုက်မိတယ်.........

ကျမသူ့အတွက် ဘာတစ်ခုမှ ပြောစရာစကားမရှိသလို ဟန်ဆောင်ခဲ့ပေမယ့် ... ဟာလာ ဟင်းလင်းဖြစ်နေတဲ့ နှလုံးသား တစ်ခုလုံးကတော့ သည်းသည်းထန်ထန် ငိုကြွေးနေခဲ့တယ် .....

တစ်ကယ်တော့ ကျမတို့အသက်အရွယ်တွေက ဆယ်ကျော်သက်တွေလို လေတိုက်တိုင်းလှုပ်ခတ်ပြီး သစ်ရွက်ကြွေတိုင်း ရယ်မောနေမယ့်အစား ဘ၀ကို လက်တွေ့ကျကျသွားရတော့မယ့် အပိုင်းအခြားတွေလေ ....။

“ ဆုံဆည်းခွင့် မပေးခဲ့ပေမယ့် ... ရှင်နဲ့ ခေတ္တခဏ တွေ့ဆုံခွင့်ပေးလိုက်တဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ထာဝရ အောက်မေ့ရင်းပေါ့ ..........

အထူးသဖြင့် ဟောဒီခရစ်စမတ်စ်ညတွေ ရောက်တိုင်း....
အခုလို နှင်းတွေတဖွဲဖွဲကျနေတာကို မြင်တွေ့ခွင့်ရတိုင်း....
ခရစ်စမတ်စ်ညရဲ့ တေးသီချင်းသံတွေ လေထဲမှာလွင့်ပျံလာတိုင်း ....
အခုလို လမ်းမ လမ်းသွယ်ထက်မှာ ရောင်စုံမီးအလှတွေနဲ့ ခရစ်စမတ်စ်ရဲ့ညကို အလှဆင်ထားတဲ့ မြင်ကွင်းတွေတွေ့ခွင့်ရတိုင်းပဲ ..... ကျမ ရှင့်ကို လွမ်းနေဦးမှာပါ ..... လို့ ရင်ထဲကပြောမိတဲ့ အသံတွေကို သူကြားနိုင်မည်မဟုတ်ပါ .......

ရှင့်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်မိတဲ့ ကျမကို ခွင့်လွှတ်ပါ .... ...။
ကျမက တစ်စုံတစ်ဦးရဲ့ ကျောခိုင်းမှုကို ခံရမှာကို စိုးရိမ်ထိန့်လန့်မိသူလေ ....
အထူးသဖြင့် ကျမ သိပ်ချစ်ခဲ့ရတဲ့ ရှင့်လိုလူတစ်ယောက်ရဲ့ စတင်ကျောခိုင်းမှုမျိုးကို ကျမ မခံစားနိုင်ဆုံးပါပဲ .....။

ဖြူစင်ဖွေးလွတဲ့ နှင်းတွေကတော့ ဒီဇင်ဘာညရဲ့ခရစ်စမတ်စ်အလှကို လှသထက်လှအောင် ခြယ်သပေးနိုင်ကြပေမယ့် ကျမရဲ့အတ္တနဲ့မာနကတော့ စစ်မှန်တဲ့ကျမတို့နှစ်ယောက်ရဲ့ချစ်ခြင်းတစ်ခုကို အရုပ်ဆိုးအကျည်းတန်စေခဲ့တာ ကျမကိုခွင့်လွှတ်ပါလို့ ရင်ထဲကပဲ တောင်းပန်ခဲ့မိရင်း .......
လွမ်းစရာကောင်းတဲ့ ခရစ်စမတ်စ်ညဟာလည်း ကြေကွဲခြင်းတွေနဲ့ မိုးလင်းသွားခဲ့တယ် ......။

ဘယ်လိုပဲဖြစ်ဖြစ်ပါ ....အလွမ်းပင်အောက်မှာ နှင်းတွေပျောက်ခဲ့ပေမယ့် ဒီဇင်ဘာလရဲ့ ခရစ်စမတ်စ်ည တစ်ညရောက်တိုင်း ... သူ့နှလုံးသားရင်ပြင်ထက်က မှတ်တိုင်တစ်နေရာရာမှာ  ကျမနဲ့ပတ်သတ်တဲ့အရိပ်လေး တစ်ခုတစ်လေတော့ ထင်ကျန်ခဲ့မှာပါလေ .....................။

                                ************************************

လာမယ့် ၂၅ ဒီဇင်ဘာ ၂၀၁၀ မှာ ရောက်လာတော့မယ့် ခရစ်စမတ်စ်ညလေးအတွက် ကျမ ဒီပို့စ်လေးကို အမှတ်တရ ရေးဖြစ်ခဲ့တာပါ ....။
ကျမနဲ့ထပ်တူထပ်မျှ ခံစားပေးကြတဲ့ မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ် ...... ။
အားလုံးပဲ Happy New Year and Happy Christmas  ပါ ....း)

ချစ်ခင်လေးစားလျှက် .....

နှင်းဟေမာ...
( 17 December 2010 ) 04:28 pm

4 comments:

mysterysnow said...

ချမ်းချမ်းစီးစီးမှာ လွမ်းပြီး
စိတ်မကောင်းဖြစ်အောင်လုပ်တယ်နော်....

မနှင်း

အဖြူရောင်နတ်သမီး said...

ဒီဇင်ဘာအလွမ်းဓာတ်ခံရှိတယ်ပေါ့လေ...
အချစ်ဇာတ်လမ်း လွဲလွဲလေးကို လွမ်းလွမ်းလေး ဖတ်သွားပါတယ် နှင်းလေးရေ...

မြစ်ကျိုးအင်း said...

ဇာတ်လမ်းလေးက သေသေသပ်သပ်လေးနဲ့
သိမ်သိမ်မွေ့မွေ့လေး ပြီးသွားတယ်။
မဆုံဆည်းတဲ့ ဇာတ်လမ်းလေးကို ဖတ်တော့
ဒီဇင်ဘာက ပိုအေးသွားတယ်။

သူကြီးမင်း (တုံးဖလား) said...

မိနှင်းရယ်။ ဇာတ်လမ်းက သိမ်မွေ့လှချည်လား။ ဒီလိုဆို ဒီလို ဒီဇင်ဘာနှင့် ဒီလိုနှင်းတွေကို မြင်တွေ့တဲ့ ခရစ်စမတ်ကို ရောက်တိုင်း နှလုံးသားတွေ နာကြင်နေတော့မှာပေါ့။
ဇာတ်လမ်းလေးအတိုင်း ခံစားသွားပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)