Monday, December 13, 2010

ကျန်ရစ်ခဲ့သော ဒီဇင်ဘာ


သတင်းတွေမကြားရတော့တဲ့
တစ်ခဏဆိုတဲ့ကာလဟာ ....
ဘာမှ မပြောပလောက်ပေမယ့် ...
ငါ့အတွက်တော့ အားလုံးနဲ့ ကမ္ဘာခြားခဲ့သလိုပါပဲ ...
ဒီဇင်ဘာ ....။


နွေးထွေးမှုတွေနဲ့ ကင်းဝေးခဲ့တဲ့
နေ့ရက်တွေကနေ ရေတွက်ရင် ...
မင်းနှုတ်ဖျားက စကားသံတစ်ချို့ကို
နားဆင်ခွင့်ရဖို့ ကြိုးစားမိတဲ့ရက်က
အဆပေါင်းများစွာ ပိုများနေခဲ့တယ် ....


မဖြစ်နိုင်တော့ပေမယ့် ...
“...... ရေ လို့ ခေါ်သံကြားတိုင်း
ယောင်ယောင်ပြီး ထူးခဲ့မိတဲ့ ဆောင်းညချမ်းက...
ငါ့ကို အမြဲတမ်းလှောင်ပြောင်နေတာ
ရက်စက်လွန်းပါလား ဒီဇင်ဘာရယ်...


တစ်ကယ်တော့
လွဲနေတဲ့ မာနနဲ့ မှားနေတဲ့ကာလတွေကြားက
အမှန်တစ်ကယ်အလင်းပျောက် သွားခဲ့သူက
အမြဲအားငယ်တတ်တဲ့ မင်းရင်ခွင်ထဲက
ကြယ်လေးတစ်စင်းဆိုတာ
လမင်း ကောင်းကောင်းသိသင့်တယ်...


ပြန်မပြောချင်တော့တဲ့ သက္ကရာဇ်တစ်ခုရဲ့
သမိုင်းတစ်ပုဒ်ကိုသာ
ပြန်လည်ပြင်ဆင်ခွင့်ရမယ်ဆိုရင်လေ...
ဟောဒီ့ ဆောင်းညချမ်းတွေက စလို့
အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ချင်ခဲ့တာ....
မင်း အသိဆုံးပါ .. ဒီဇင်ဘာ ...


မဖြစ်နိုင်ခဲ့ပေမယ့် ....
ဒီဇင်ဘာ ဆောင်းမနက်ခင်းတစ်ခုအောက်က
ဆွယ်တာအနီရောင်လေးနဲ့
အူကြောင်ကြောင် ကောင်မလေးတစ်ယောက်ကိုများ
ကယောက်ကတမ်း မင်း တွေ့ခဲ့မိမယ်ဆိုရင် ...


သူမှန်းကိုယ်မှန်း မသဲမကွဲသေးတဲ့
နှင်းမှုန်ဖွဲဖွဲတွေကြားက
စစ်ကိုင်းလမ်းတစ်နေရာမှာသာ မင်းနဲ့ငါတွေ့ခဲ့ကြရင်....


ဘတ်(စ်)ကား အအိုကြီးပေါ်က
ဂျာကင်ဖြူဖြူလေးနဲ့ .....
သနပ်ခါးရနံ့တွေသင်းနေတဲ့
ကောင်းမှုတော်ရင်ပြင်ပေါ်မှာများ
တို့နှစ်ယောက် ....ဆုံခဲ့ကြရင် .....


ရင်လှိုက်သည်းလှိုက်နဲ့ ....
တစ်ဘ၀စာလုံးအတွက် မင်းငါ့ကို ပြုံးပြမှာလား .....
ကြိုများသိတတ်ခဲ့ရင် ....
ပြောပြစမ်းပါဦး ဒီဇင်ဘာ .....


အရိုးသားဆုံးဝန်ခံရရင် .....
မြောင်းနံဘေးက တမာလမ်းလေးနဲ့
ထွန်းသစ်စ လို့ အမည်ရတဲ့
မန်းလေးလမ်းမပေါ်က ကဖေးဆိုင်လေးကအစ
ဆူးကုန်းက ပီစီအို ဖုန်းဆိုင်လေးကအဆုံး
အရာအားလုံးကို ... အစ အဆုံးဆိုသလိုပဲ
ငါလွမ်းနေတုန်းပါ   ဒီဇင်ဘာရေ ....


အကောင်းဆုံးတွေကိုသာ တည်ဆောက်ခဲ့တဲ့ကြားက
မှားပြီးရင်း မှားခဲ့ကြတဲ့ ဘ၀တွေကြားမှာ
ဆုတောင်းပြည့်တယ်ဆိုပြီး အမြဲရောက်ခဲ့တဲ့
ရွှေသိမ်တော်ဘုရားကုန်းကိုများ
မင်းနဲ့အတူ သွားခွင့်ရဦးမယ်ဆိုရင်ပေါ့
နောက်ဆုံးအနေနဲ့ တောင်းဆုတစ်ခုပဲပြုချင်ခဲ့တာလဲ
ပြောပြပေးပါ  ဒီဇင်ဘာ ....


မရိုးသားခဲ့ခြင်းတွေထဲက
ရိုးသားမှုကို ပြန်လည်ရှာဖွေရင်း .....
နာကျည်းခြင်းတွေထဲက
နွေးထွေးမှုတွေကို ပြန်လည်အောက်မေ့ရင်း
မှားယွင်းခြင်းတွေထဲက
အမှန်တရားတစ်ခုအတွက် ဆက်လက်ရှင်သန်ရင်း
အစစ်မှန်ဆုံးချစ်ခြင်းတစ်ခုကို
ချစ်သူ အကြွင်းမဲ့ လက်ခံပေးမယ့်ရက်ကို
အယူခံဝင်..... ရေတွက်နေရင်းနဲ့
မိုးစုန်းစုန်းချူပ်သွားခဲ့တဲ့ညနေခင်းမှာ
နာကျင်စွာ ကျန်ရစ်ခဲ့ရသူကလည်း
လမင်းရဲ့ ရင်ခွင်ထဲက အရောင်မှိန် ကြယ်လေးတစ်စင်းပါပဲ
ဒီဇင်ဘာရယ် ...........။





အားလုံးကိုချစ်ချင်လေးစားလျှက်...


နှင်းဟေမာ
(13 December 2010 4:38 pm)

10 comments:

ကိုအောင် said...

နောက်ထပ် ဒီဇင်ဘာ ညချမ်းတွေမှာ ပျော်ရွှင်
စရာတွေနဲ့ ဆုံစည်းပါစေ ...

သူကြီးမင်း (တုံးဖလား) said...

ဒီ ဘယ်သူမှ မသိပေမဲ့ ဒီဇင်ဘာလေးကို သိနေမှာပါ။ တစ်စုံတစ်ခုကို တစ်ခုခုက သိနေတယ်ဆိုရင်ဘဲ ကျေနပ်စရာပါ ညီမရေ..။ ပြီးပြည့်စုံမှုတွေနဲ့ဘဲ ဆုံဆည်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သဒ္ဓါလှိုင်း said...

ညီမလေးရေ.........
လွမ်းစရာကောင်းလိုက်တဲ့ဒီဇင်ဘာရယ်..။
ဒီဇင်ဘာမှာပဲအစစ်မှန်ဆုံးချစ်ခြင်းတခုကို
ရနိုင်ပါစေလို့ဆုတောင်းပါတယ်နော်.။

ခင်မင်တဲ့
သဒ္ဓါ

mysterysnow said...

နှင်း

ပျော်ရ့င် ချမ်းမြေ့စရာ ဒီဇင်ဘာလလေးဖြစ်ပါစေနော်....

မနှင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းရေ
တို့လည်း ဒီဇင်ဘာနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေ အများကြီးရှိခဲ့ဖူးတယ်..
ဘာလို့ဆို ဒီဇင်ဘာဆို တို့ဘက်မှာ ပျော်ပွဲရွှင်ပွဲတွေ သိပ်များတာလေ..
လူတိုင်းအတွက် ပျော်စရာဒီဇင်ဘာချည်းဘဲ ဖြစ်နိုင်ရင်သိပ်ကောင်းမှာနော်

ခင်တဲ့

မချော

Unknown said...

မ....
မရဲ့ Blog လေးကိုဝင်လို့မရတော့လို့ ဘာများဖြစ်သွားတာလဲလို့ စိတ်ပူနေတာ...
စာတွေ ဆက်ရေးပါ...မ...
အမြဲတမ်း မ ကို အားပေးနေမှာ...

မရဲ့စာတွေကို တိတ်တိတ်လေး လာလာဖတ်နေတတ်တဲ့ မေ

မြစ်ကျိုးအင်း said...

အနိမ့်အမြင့်ကံတရားကြားမှာ ပျော်ရွှင်ဖွယ် ဒီဇင်ဘာကို ပြန်ကြုံနိင်ပါသေးတယ်။

zue said...

Really so nice Poem..
I also miss December..

သိင်္ဂါကျော် said...

ကဗျာလေးက လွမ်းစရာလေး..
ပျော်စရာ ဒီဇင်ဘာတွေ ကြုံပါစေလို့ ဆုတောင်းပါတယ်..

အဖြူရောင်နတ်သမီး said...

ကံကောင်းခြင်းတွေ ပြည့်နှက်နေတဲ့..
ချစ်ခြင်းရနံ့တွေပြည့်နှက်နေတဲ့...
ပျော်ရွှင်ခြင်းတွေ ပြည့်နှက်နေတဲ့...
ဒီဇင်ဘာပေါင်းများစွာနဲ့ ဆုံတွေ့နိုင်ပါစေ..နှင်းလေးရေ...