Tuesday, May 18, 2010

သူနဲ့ကျမ




ဆုံးရှုံးခြင်းဆိုတာ ဘာကိုခေါ်ပါသလဲလို့ တစ်စုံတစ်ယောက်က ကျမကို မေးလာခဲ့မယ်ဆိုရင် ... ကျမအတွက် ဘယ်သောအခါမှ အဖြေမရှိခဲ့ပါ...။ အထူးသဖြင့် သူနဲ့ပတ်သတ်တဲ့ အရာရာတိုင်းအပေါ်မှာ ကျမ ရဲ့ပြုမူဆောင်ရွက်ချက် နဲ့ သုံးသပ်ချက်တိုင်းသည် အရှုံးနဲ့အမြတ်တွက်ချက်မှု အနည်းအကျဉ်းမျှ ပါဝင်မှုရှိမနေခဲ့တာ သေချာပါသည်....။
သူနဲ့ကျမရဲ့ အချစ်တစ်ခုတည်းနဲ့တင် ကျမတို့နှစ်ဦးကြားမှာ ဘယ်လိုကွဲလွဲချက်မျိုးမှ ရှိမနေခဲ့သလို.. သူ့အချစ်ကို ကျမ ဘယ်ပေတံနဲ့မှ တိုင်းတာ ချိန်စပ်ပြီး၍လည်း မကြည့်ခဲ့ဘူးပါ ......
သူနဲ့ကျမ ရဲ့ချစ်ခြင်းမှာ တစ်ယောက်ကိုတစ်ယောက် ဘာမျှော်လင့်ချက်မှ ရှိမနေခဲ့တာ သေချာပါသည် ...။ သူ့ကို ချစ်ခဲ့မိခြင်းအတွက် .... အခါးသီးဆုံးသော ကံကြမ္မာ တစ်ခုဆီကို ကျမ ဘ၀တစ်ခုလုံးနဲ့ အပြုံးမပျက်လဲလှယ်ယူခဲ့ရင်း သူ..ဆိုတဲ့ လူတစ်ယောက်အတွက် ကျမ ကျေကျေနပ်နပ် ပေးဆပ်ခဲ့ဘူးပါသည်...။

အခန်း(၁)

“နှင်းရွှေစင်  ......”
နောက်ကျောဘက်ဆီကနေ ရုတ်တရက်ထွက်လာတဲ့ ကျမနံမည် ခေါ်သံတစ်ခုကြောင့် ရုတ်တရက် လှည့်ကြည့်လိုက်မိရင်း.....
“သြော် ... မိကေ   .. မတွေ့တာကြာသွားပြီ ကြည့်ပါဦး နင်က အရမ်းဝလာတော့ ကျမ ရုတ်တရတ် မှတ်တောင်မမှတ်မိဘူး ...”
“ဟုတ်တယ် ကေ ကတော့ နှင်းကို ဒုတိယထပ်မှာကတည်းကတွေ့တယ်  အပေါ်ထပ်ကို တက်သွားတာမြင်လိုက်လို့ ပြေးလိုက်လာတာလေ ...အပြင်ထွက်ဖို့ကို ကြောက်တဲ့ သူက အခုဒီကို လာတာ ဘာကိစ္စ .... ” 

စင်္ကာပူနိုင်ငံရဲ့ မြို့လည်တည့်တည့် ဗဟိုဖြစ်တဲ့ City Hall MRT အနီးက ပင်နီဆူလားပလာဇာမှာ ကျမတို့ မြန်မာလူမျိုးတွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ ၊ စားသောက်ဆိုင်တွေ ၊ ပါတိတ်ဆိုင်နဲ့ အခြားငွေလွှဲနိုင်တဲ့ ဆိုင်တွေ  ဘုရားလှူဖို့ သပြေပန်းကနေစပြီး နောက်ဆုံး ငပိရည်နဲ့ တို့စရာမျိုးစုံထိ ၀ယ်ယူရရှိနိုင်တဲ့ မြန်မာစတိုးဆိုင်တွေ က ပြည့်ညက်နေအောင် နေရာယူထားကြတယ် ....။
အထူးသဖြင့် စနေ တနင်္ဂနွေလို နေ့ရက်တွေမှာ လူတွေအရမ်းများတဲ့အတွက် ငွေလွှဲစရာ နဲ့ ၀ယ်ခြမ်းစရာလေးတွေ ရှိရင် လူကြုံမှာယူတတ်ပေမယ့် စာအုပ်ဂျပိုးတစ်ယောက်ဖြစ်တဲ့ ကျမအတွက်တော့ တစ်ခါတစ်ရံ  စာအုပ်ငှါးသွားဖို့ လိုအပ်လာခဲ့တယ် .....။

“ အော် .. ဟုတ်တယ် ... ကျမ အပေါ်ဆုံးထပ်က ဓမ္မပန်းခင်းစာကြည့်တိုက် မှာ...စာအုပ်တစ်ချို့ လာငှါးတာလေ ...”
“ အေးဟယ် မိနှင်းတို့ကတော့ ခုချိန်ထိ ဘာမှ မပြောင်းလဲဘူး ... စာအုပ်တွေကြားထဲမှာ နစ်ဝင် မွေ့ပျော်နေတုန်းပဲနော် ... လူကလဲ ... အရင်ကလို ပိန်ပိန်လေးပဲ ... ”


“ဟုတ်တယ် ကေ ရယ် ကျမ က ကျန်းမာရေးကလဲ ချူချာတော့ပိုဆိုးတယ် ပိန်ပိန်မဲမဲနဲ့ အမြဲပဲ ဘယ်တော့မှ မပြောင်းလဲဘူး အဟဲ လူတွေကတော့ ကျမကိုပြောကြတယ် ငါးကြီးချောက်ရုပ်ပေါက်နေတယ်တဲ့ ...းD ”

“ဟယ် အဲလို ဘယ်သူပြောတာလဲ ဧကန္တမဟုတ်မှလွဲရော ... ကြက်ဂတုံးတို့ ၊ ကိုကိုကြီးတို့
အုပ်စုဖြစ်မယ် ....ဟား ဟား အဲဒီ့ ကောင်တွေနဲ့လဲ အဆက်ပြတ်နေတာကြာပြီဟာ ....နှင်း နဲ့ရော တွေ့ဖြစ်သေးလား ”
“ အခုတစ်လော ကျမ ဘယ်သူငယ်ချင်းနဲ့မှကို မတွေ့ဖြစ်ပါဘူး မိကေရယ် ... နင့်ကိုတောင် သတိရဖြစ်ပေမယ့် ငါ ဖုန်းမခေါ်ဖြစ်တာပဲကြည့်လေ ....”
မိကေက မျက်စောင်းတစ်ချက်ကို အားပါးတရထိုးလိုက်ရင်း .....

“ မိနှင်းနော် နင်က ငါ့ကို နင်အလိုရှိရင်သာ ရေးကြီးသုတ်ပြာနဲ့ လှမ်းခေါ်တာပါ ... အဆင်ပြေနေရင်တော့ ငါခေါ်တာတောင် ထူးဖော်မရဘူး ... ဟွန်း  ”

“ မဟုတ်ရပါဘူး မိကေ ရယ် .. နင်နဲ့ငါက ကောင်းအတူဆိုးအတူ တစ်ယောက်အကြောင်းတစ်ယောက် နားလည်ပြီး မျှဝေခံစားတတ်တဲ့ သူငယ်ချင်းတွေပဲဟာ ... ငါ အခုတစ်လော အလုပ်တွေ အရမ်များနေလို့ပါဟာ ....” လို့ ကျမ  ဖြေလိုက်ရတယ် ....။

ဒီနိုင်ငံကို ရောက်လာပြီဆိုကတည်းက ကျမတို့ အရမ်းချစ်ခင်ကြတဲ့ ငယ်သူငယ်ချင်းတွေလဲ တစ်ယောက်ကို တစ်ယောက် အရမ်းကြီး ဂရုမစိုက်နိုင်ကြတော့.....။ 
တစ်ခါတစ်ရံမှာ လူမှုရေးပျက်ကွက်မှုလေးတွေရှိလာသလို တစ်ယောက်ကိုတစ်ယောက် အဆက်အသွယ်မလုပဖြစ်တာ များလာတော့ရင်ထဲမှာ သတိရဖြစ်ပေမယ့် အပြင်မှာတော့ သူစိမ်းတွေလိုပင် ဖြစ်လာကြသလားလို့ ခံစားမိတယ် ...။
မြန်မာပြည်က သူငယ်ချင်းတွေ အွန်လိုင်းတတ်လာတဲ့အခါ စကားတွေပြောဖြစ်ကြပေမယ့် ဒီနိုင်ငံမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ကျတော့ သိပ်ပြီး အထွေအထူး မပြောဖြစ်ကြတော့ ... ။
မိကေနဲ့ ကျမက တက္ကသိုလ် ပထမနှစ်ကတည်းက အတူတူလည်ပင်းဖက်ပြီး ပေါင်းလာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေလေ .... တစ်မြို့ထဲသားတွေချင်းဖြစ်သလို .. စိတ်တူ ကိုယ်တူနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်စာနာပေးတတ်ကြတဲ့ ညီအစ်မအရင်းတွေလိုဆိုရင်လည်း မမှားပါဘူး..။
ကျမ စိတ်ပျက်အားငယ်နေတတ်တဲ့အခိုက်အတန့်တွေမှာ သူမက ကျမနဲ့အတူ မျှဝေခံစားပေးတတ်သလို ... ကျမ အမှားလုပ်ခဲ့မိတဲ့အခါမှာလည်း သူမက ရဲ့ဝံ့ပြတ်သားစွာ အမုန်းခံပြီး ထောက်ပြနိုင်ခဲ့သူ ....။
ဘာပဲဖြစ်ဖြစ် သူမက ကျမဘ၀ရဲ့ အကောင်းဆုံးသော သူငယ်ချင်းတစ်ယောက်အဖြစ် အသင့် ရှိနေတတ်ခဲ့တဲ့အတွက် ကျမ မိကေကို အမြဲကျေးဇူးတင်ခဲ့တယ် ....။
ကျမတို့ သူငယ်ချင်းနှစ်ယောက် စကားလက်ဆုံကျဖြစ်ရင်း လမ်းမလယ်မှာ ဖြစ်နေတာကို သတိရသွားမိတာနဲ့ .....
“ကဲ ... မိကေခိုင် သူငယ်ချင်း .. ကျမတို့ ဆုံဖြစ်တုန်း ဆိုင်တစ်ဆိုင်လောက်မှာ သွားထိုင်ကြရအောင် တစ်ခုခုစားရင်း အေးအေးဆေးဆေး စကားပြောရအောင် ရွှေအင်းလေးကိုပဲ သွားကြတာပေါ့ ...”


“အိုး ကောင်းတယ် နှင်းရေ... ကေ လဲ နှင်းနဲ့ စကားတွေပြောချင်နေတယ် သိလား နောက်ပြီးတော့.လေ ......
မိကေ က  စကားကို ရုတ်တရက်ဖြတ်ချလိုက်တော့ ကျမ သဘောပေါက်စွာ ပြုံးဖြစ်လိုက်ရင်း

“ မိကေ .... ကျမကို တစ်ခုခုမေးစရာရှိနေမယ်လို့ ကျမသိပါတယ်  ...”


စိတ်မကောင်းစွာ ပြန်ကြည့်လိုက်တဲ့ မိကေခိုင်ရဲ့ မျက်ဝန်းတွေကို ကျမ ရဲဝံ့စွာရင်ဆိုင်လိုက်ရင်း ကျမလည်း ကေ့ ကို စကားတွေအများကြီးပြောချင်နေပါတယ် ....

“လာ မိကေ ရွှေအင်းလေးကို သွားကြစို့ ” လို့ ကျမကပဲ ဦးဆောင်ခေါ်လိုက်ရင်း ပင်နီဆူလားပလာဇာရဲ့ မြေအောက်ထဲမှာရှိတဲ့ ဆိတ်ငြိမ်သေသပ်သော ရွှေအင်းလေး စားသောက်ဆိုင်လေးထဲကို ကျမတို့ သူငယ်ချင်းနှစ်ယောက် ၀င်ခဲ့လိုက်ကြတယ် ....။


“ဘာစားမလဲ နှင်း ... နန်းကြီးသုတ်ပဲလား ”လို့ ကေခိုင့်အမေးကို ကျမ ခေါင်းတစ်ချက်ဆတ်ပြလိုက်တော့
သက်ပြင်းကို လေးတွဲ့စွာချလိုက်တဲ့ ကျမ အချစ်ဆုံး သူငယ်ချင်းမလေးရဲ့ မျက်ဝန်းတွေကို မသိသလို ရှောင်လွဲပြီး နေဖြစ်ခဲ့တယ် ....။


“ နှင်း .... သူ့ကို အခုထိ မမေ့နိုင်သေးဘူးလား နှင်းရယ် ....ဘဖြစ်လို့ အခုထိ ရူးသွပ်နေခဲ့တာလဲ ... ”


သူမရဲ့ မချင့်မရဲလေသံနဲ့ မေးလိုက်တဲ့ မေးခွန်းတွေကို ပြန်လည်ချေပနိုင်ဖို့ အတွက် ကျမမှာ ခွန်အားတွေမရှိခဲ့ပါ .....။

အခန်း(၂)

ကြယ်စင်တွေကင်းမဲ့နေတဲ့ မှိုင်းညို့ညို့ကောင်းကင်ပြင်နောက်ခံကို အပီအပြင်ရေးဆွဲထားတဲ့ နံရံပေါ်က ပန်းချီကားချပ်ဆီကို မျက်ရည်စတစ်ချို့ ဝေ့သီနေမဲ့ ကျမရဲ့ အကြည့်တွေနဲ့  လွှဲထားဖြစ်ခဲ့တယ် ....။
ငါ့ရင်ထဲကို နင်မြင်နိုင်မှာပါ မိကေရယ် ........။
တစ်ချိန်က ....  သူနဲ့ကျမတို့ အတူတူလမ်းလျှောက်ဖြစ်ကြသော  ကြယ်တွေကင်းမဲ့နေတဲ့ လမသာသော ကောင်းကင်တစ်ခုနဲ့ ဆည်းဆာညနေလေးကို လွမ်းမော တသ သတိရမိသွားပြန်တယ် ....။

တစ်ကယ်တော့ သူနဲ့ကျမ က အဲဒီညနေလေးမှာ ကောင်းကင်ကြီးကို အတူတူမော့ကြည့်ပြီး  ကြယ်လေးတွေကို ရေတွက်ရင်း တေးသီချင်းတွေကို အတူတူ ဟစ်အော် ညည်းဆိုကြဖို့ တိုင်ပင်ထားကြတယ် .... ဖြစ်ချင်တော့ အဲဒီညနေလေးမှာ ထူးခြားစွာ ကြယ်တွေပျောက်ဆုံးနေခဲ့သလို သူနဲ့ကျမတို့ရဲ့ အနာဂတ်ကောင်းကင်ကြီးကလည်း မျှော်လင့်ချက်မဲ့ မှိုင်းညို့ရီဝေလို့သာ နေခဲ့ပြန်တဲ့အခါ ညနေဆည်းဆာရဲ့အလှဟာလဲ မပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်လို အသက်ဝင်ပေမယ့် မတောက်ပနိုင်ခဲ့ပါဘူးကွယ်  .....။

“နှင်း ... သူငယ်ချင်း မုန့်တီသုတ်တွေ ပွကုန်ပြီ ... အရင်စားလိုက်ဦးနော် ...” လို့ ကေခိုင်က သတိပေးမှ ကျမရဲ့ အတွေးစတွေကိုကပျာကယာ ဖြတ်လိုက်ရတယ် ...။

ကျမ က မြန်မာအမျိုးသမီးတစ်ဦးပီသစွာပဲ ချဉ် ငန် စပ်လက်သုတ်နယ် တွေဆိုရင် အရမ်းကြိုက်တတ်တယ် ... အထူးသဖြင့် သူကိုယ်တိုင် သုတ်ကျွေးတတ်တဲ့ မုန့်တီသုတ်က ဘယ်လက်ရာနဲ့မှ ကျမဘ၀မှာ မလဲနိုင်ခဲ့ပါဘူး ....း) သူစိတ်လိုလက်ရနဲ့ မုန့်တီသုတ်လုပ်ကျွေးတိုင်းပေါ့ ...

“ နှင်း ကိုယ်သုတ်တဲ့ မုန့်တီသုတ်က ပင်နီးဆူလား ပလာဇာက အသုတ်တွေနဲ့ ဘာမှမဆိုင်ဘူး သိလား ... စားကြည့်နော် လျှာလည်သွားမယ် ...” လို့ အားရပါးရလဲ ပြောတတ်ခဲ့တယ် ... အတွေးတွေနဲ့ သူ့ကိုသတိရမိရင်း ကျမ ပြုံးမိသွားခဲ့တယ် ထင်ပါရဲ့ .....


“ကဲ .. မမနှင်း ကျမနဲ့ စကားပြောမလို့ ဒီကို လာတာလား... ရှင့် ရဲ့ အတိတ်ကို တူးဆွပြီး သတိပြန်ရဖို့ ဒီကိုလာတာလား ...စကားပြောရအောင်ပါ .... ဖြစ်နိုင်ရင် အားလုံးမဟုတ်ရင်တောင် ဖြေးဖြေးချင်း မေ့ပစ်လိုက်ပါလို့ ငါ တောင်းဆိုပါတယ်ဟာ ..... ”

“ ဆောရီး သူငယ်ချင်းရယ် လူတစ်ယောက်ကို မေ့ဖို့ဆိုတာ ပြောသလောက် လွယ်လို့လား ... ကဲ ထားပါလေ ... ကျမ သူ့ကို သတိရမိသွားလို့ပါ .... ပြောပါဦး မိကေခိုင် နင် အခု Eunos ဘက်မှာ နေတာမို့လား အလုပ်အကိုင်ရောအေးဆေးပဲမို့လား ”


“အားလုံးအိုကေ တယ် နှင်း ... ကေ အလုပ်ပြောင်းလိုက်ပြီ BoonLay ဘက်ကို ပြောင်းသွားပါပြီလို့ နှင်းကို ပြောနေတာလေ....  ဟွန်း သူများပြောတာကျတော့ ဦးနှောက် ထဲမှာရှိမှ မရှိပဲနဲ့ .... ဆယ်ခါမြောက်ရှိနေပီ နင့်ကို ပြောနေတာ ... ”


မျက်စောင်းကို အားရပါးရထိုးပြီး ကျမကို ရန်လုပ်နေတဲ့ မိကေခိုင်ကို အားနာစွာ ကြည့်လိုက်ရင်း ....


“အေးဟာ မိကေ ...ကျမ  စိတ်ထဲမှာ ဒီနေ့သိပ်မကောင်းဘူး လာမယ့် ဆန်းဒေးမှာ နင် ငါ့အိမ်လာခဲ့ဟာနော် အဲဒီ့နေ့မှပဲ ငါတို့ တ၀ကြီး စကားတွေပြောကြမယ်လေ” လို့ ချော့မော့နှစိသ်မ့်ရင်း ကျမစိတ်တွေကတော့ သူ့ကို ပြင်းပြင်းပြပြ သတိရလွမ်းခဲ့ရတိုင်း သွားရောက်ထိုင်လေ့ရှိတဲ့ နေရာလေးတစ်ခုဆီကို ဦးတည်ဖို့ ပြင်ဆင်နေခဲ့မိသည်  ....။
ကျမစိတ်ကို တစ်စွန်းတစ်စ ဖတ်နိုင်တဲ့ မိကေ ကတော့ သက်ပြင်းတစ်ချက်ကို လေးတွဲ့စွာချရင်း နင့်ကို ငါပြန်လိုက်ပို့မယ် မိနှင်း .... တဲ့ .....။
ကျမခေါင်းကို လေးတွဲ့စွာ ခါရမ်းလိုက်ရင်း ဒီနေ့အတွက် ကျမကို တစ်နေရာရာ သွားခွင့်ပြုပါ မိကေရယ် လို့ တောင်းဆိုလိုက်မိတယ် ....။
နားလည်စွာ ငြိမ်သက်ရင်း ကျန်ရစ်ခဲ့တဲ့ ကျမ သူငယ်ချင်းမလေးကို လက်ပြနှုတ်ဆက်ရင်း Taxi တစ်စီးပေါ်ကို တတ်ခဲ့လိုက်တယ် .....။
ချစ်သူရေ ... ပတ်ဝန်းကျင်က တွက်ချက်ပေးလိုက်တဲ့ ကျမ အတွက် အရှုံးဆိုတဲ့ စကားလုံးတစ်လုံးဟာ အခုအချိန်မှာ သူ့အတွက် ကျမသက်သေပြနိုင်တဲ့ အပြစ်အကင်းဆုံးသော ချစ်ခြင်း သက်သေတစ်ခုသာဖြစ်ခဲ့မယ်လို့ ကျမ ယုံကြည်ပါတယ်  .....။

လောကအလယ်မှာ ကျမ ခေါင်းငုံ့ခဲ့ရတဲ့ အချိန်တွေဆိုတာ သူ့အတွက်ကြောင့်သာ ဖြစ်ခဲ့ပါလိမ့်မယ် .....။
သို့ပေမယ့်လဲ... ထိုရလဒ်တစ်ခုအတွက် ကျမ ကျေကျေနပ်နပ်ခံယူတတ်ခဲ့ပါတယ်ကွယ် ....။
ကျမ အရိုးသားဆုံး ၀န်ခံရရင်လေ  သူ့ရဲ့အပြုံးတစ်ချက်နဲ့တင် ပင်လယ်ပြင်မှာ ပြာကျနေခဲ့ရတဲ့ ကျမ ရဲ့ ယိုင်နဲ့နဲ့ အားအင်တွေ ပြန်လည်အသက်ဝင်တောက်ပစေပါတယ် .....။ထိုအရာက..လူတွေပြောတဲ့သူ့ရဲ့ မာယာနဲ့ ဖျားယောင်းမှုတစ်ခုတစ်လေမှ မပါဝင်ခဲ့ပါဘူးဆိုတာကို ကျမ အားလုံးကို သူ့အတွက် အယူခံဝင်ပေးချင်မိခဲ့တယ် .....။
အဘယ့်ကြောင့် ကျမ သူ့အတွက် အပြင်းအထန် အယူခံဝန်ရပါသနည်းဟု ကျမကို အားလုံးက
မေးလာခဲ့သော် ကျမ အရိုးသားဆုံးသော အဖြေတစ်ခုသာပေးလိုက်နိုင်ပါတယ်....။ကျမ သူ့ကို သိပ်ချစ်ခဲ့၍သာ ဖြစ်ပါတယ်လို့  ....။

“ Hello .... Miss ... Where you want to go ?   "
ကျမရဲ့ အတွေးတွေဘယ်လောက်ထိ ပျံ့လွင့်နေခဲ့သည်ဆိုတာ ကျမ မသိ .... အသက်ခပ်ကြီးကြီးနဲ့ Taxi  Driver တရုတ်အဖိုးကြီး ရဲ့ စိတ်မရှည်တဲ့ လေသံကို ကြားလိုက်ရတော့ မှ ကျမ ပျာပျာသလဲပဲ ....
“ Sorry Uncle I want to go  .... ”
Taxi Driver Uncle ကြီးက စိတ်မကြည်သလိုအမူအယာနဲ့ ကျမကို ဘာမှပြန်မပြောခဲ့.... အဲဒီလိုပါပဲ ကျမက သူနဲ့ပတ်သတ်လာတိုင်းပေါ့ ဟိုး အရင်ကတည်းက အမှားမှား အယွင်းယွင်းတွေ ဖြစ်လေ့ဖြစ်ထရှိခဲ့ပါတယ် ..... ။
တိုက်ဆိုင်မှုရှိလို့လားမသိ ... ကျမ ရင်ထဲမှာ မှတ်မှတ်ရရရှိနေတဲ့ ဘလော့ဂါ နှင်းဟေမာ ရေးခဲ့ဘူးတဲ့ ကဗျာလေးတစ်ပုဒ်ထဲက .....
“သူ့အကြောင်းတွေတွေးလိုက်မိတိုင်း
ရင်ခုန်သံဟာ အတောင်ပံတပ်လို့
ဟိုး .... ကောင်းကင်အဆုံးထိ ပြေးထွက်သွားလိုက်တာ...
မီးခိုးမဆုံး မိုးမဆုံးပါပဲ ချစ်သူရယ် .... ဆိုတဲ့ အပိုဒ်လေးကို  ရင်ထဲမှာ ကြေကြေကွဲကွဲ ရွတ်ဆို ဖြစ်လိုက်သေးသည် ....။

အခန်း(၃)

ကျမရဲ့ အတွေးတွေ မဆုံးသေးခင်မှာပဲ ကျမ စီးလာတဲ့ Citi Taxi အ၀ါရောင်လေးက စင်္ကာပူနိုင်ငံရဲ့ တစ်နေရာက စကားဖြူပင်လေးတွေရဲ့အောက်ကို ရပ်တန့်ပေးခဲ့တယ် ....။
ကျသင့်ငွေကို ပေးလိုက်ပြီးနောက်  ကျေးဇူးတင်ပါတယ် အန်ကယ်လို့ ပြောလိုက်တော့... Taxi Driver ဦးလေးကြီးက ကျမကို တွေဝေစွာကြည့်လိုက်ပြီး မင်း နေကောင်းရဲ့လား လို့ ကြင်နာစွာမေးလိုက်တယ်...။
အိုး ..... ကျမ မျက်နှာတွေ ဘယ်လောက်တောင် နီရဲပြီး ကျမ အမူအယာတွေက ဘယ်လောက်ထိ ပျက်ယွန်းနေခဲ့သလဲဆိုတာ ကျမ မသိ.....။
ဒီအချိန်မှာ ကြင်နာစွာမေးဖော်ရတဲ့ အသက်ကြီးကြီးနဲ့ အန်ကယ်ကြီးကို ကျမ ကျေးဇူးတင်စွာဖြင့် “ I am ok , Thank you Uncle လို့ တိုးတိတ်စွာ ဖြေလိုက်တယ် ....။ ငိုချင်ရက် လက်တို့ဆိုသလိုပဲ .... ရုတ်တရက် ၀ဲတတ်လာတဲ့ မျက်ရည်စက်တွေကို လွှတ်ပေးလိုက်ရင်း ကျမ ကောင်းကင်ကြီးကို အားပါးတရ မော့ကြည့်လိုက်တယ် ....။
အပြာရောင်သန်းနေတဲ့  လွမ်းမောစရာကောင်းလှတဲ့ မိုးကောင်းကင်ကြီးတစ်ခုရယ်  .... အဆုံးအစ မရှိအောင် ငေးမောလို့ရတဲ့ ပင်လယ်ပြင်ကြီးတစ်ခုရယ် .... ဖြူစင်ဖွေးလွနေတဲ့ သူနဲ့ကျမ အတူလျှောက်ဖူးနေကျ သဲသောင်ပြင်မွမွလေးတွေရယ် .... လေတိုက်တိုင်း ပျံ့လွင့်လာတတ်တဲ့ အင်ကြင်းပန်း နဲ့ စကားပန်း ရနံ့လေးတွေရယ် ... ကျမကို လွမ်းမောစွာ ... နွေးထွေးစွာ ဆီးကြို ထွေးပွေ့လို့နေခဲ့လေရဲ့ ...။
တစ်ကယ်တော့ ဒီနေရာလေးကို ကျမ မလာဖြစ်အောင် ထိမ်းသိမ်းထားတဲ့ကြားက ရောက်ဖြစ်အောင် ရောက်လာခဲ့တာပါ ...။ စင်္ကာပူကျွန်းဆိုတဲ့ နေရာတစ်ခုမှာ ကျမဘယ်တုန်းကမှ မပျော်မွေ့ခဲ့ပါ ...။ သို့သော် ဒီ တစ်နေရာကိုတော့ ကျမ သိပ်ချစ်ခဲ့သည် ... ဒီနေရာလေးမှာ ကျမ တို့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နားလည်မှုကို ရှာဖွေခဲဘူးကြသည် ... ဒီနေရာလေးမှာပဲ သူနဲ့ကျမ တစ်ယောက်ကိုတစ်ယောက် ဖေးမခဲ့ကြဘူးသည် .... ဒီနေရာလေးမှာ သူနဲ့ကျမ ချစ်သူတွေ ဖြစ်ခဲ့ကြသည် .... ဒီနေရာလေးမှာပဲ ကျမ တို့ချစ်တဲ့ တေးသီချင်းတွေ ကို အတူတူရေးစပ်သီကုံးရင်း အပြုံးပန်းတွေ ပွင့်ဝေခဲ့ဘူးကြသည် ....။အဆုံးမဲ့တဲ့ ဒီပင်လယ်ကြီးကို တိုင်တည်ပြီး ကတိသစ္စာတွေ ထားခဲ့ကြဘူးသည် .... ဒီကမ်းခြေက ပန်းရနဲ့တွေ လွှမ်းခြုံနေတဲ့ လေပြေနုနုလေးတွေရဲ့ကြားမှာ သူ ...ကျမရဲ့ ပါးပြင်လေးကို အမြတ်တနိုး နမ်းရှိုက်ခဲ့ဘူးသည် ....။ ဒီကမ်းခြေက မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး သီချင်းလေးတွေအတူတူ ဟစ်ကြွေး သီဆိုခဲ့ဘူးသည် .... ဒီကမ်းခြေက သဲသောင်ပြင်ဖွေးဖွေးလေးတွေပေါ်မှာ သူ့လက်ကို အားကိုးတကြီး တွဲပြီး အကြိမ်ကြိမ် လျှောက်ခဲ့ဘူးကြသည် .....။ သို့သော် ... အခုအချိန်မှာ အရာအားလုံးက သူနဲ့ကျမ အတွက်တော့ အိပ်မက်တစ်ခုအဖြစ် အတိတ်တစ်နေရာမှာ ခပ်ဝါးဝါးသာာ ကျန်ရစ်ခဲ့ပါသည် ....။


ဘာပဲဖြစ်ဖြစ် ကျမ ကျေနပ်သည် ...။ အခုအချိန်မှာ ကျမ သူ့ကို အရမ်းတွေ့ချင်မိတာ ကျမ အရိုးသားဆုံး ၀န်ခံပါသည် ... ။ ကျမ ဒီနေရာလေးကို .. ယနေ့လာခဲ့တာက နောက်ဆုံးနှုတ်ဆက်ဖို့ လာခဲ့တာဖြစ်သလို ...ကျမရဲ့ တမ်းတလွမ်းဆွတ်ခြင်းတွေအတွက် အမှတ်တရများစွာကို ဒီနေရာလေးမှာပဲ အပြီးတိုင် ချန်ထားခဲ့ချင်သည် ....။
တိုက်ဆိုင်တယ်လို့ပဲပြောရမလား ... သူကျမကို ပထမဆုံး ခေါ်လာခဲ့တဲ့ ခုလို ညနေလေးတစ်ခုမှာ... ဒီနေ့လိုပါပဲ မိုးတွေတဖွဲဖွဲ ကျနေခဲ့တယ် .... နေ၀င်ချိန်ညနေစောင်းလေးမှာ မီးရောင်စုံထွန်းညှိထားတဲ့ ပင်လယ်နဲ့မလှမ်းမကမ်းက သဘောင်္ကြီးတွေဆီကို အတူတူငေးမောဖြစ်ကြရင်း ... ပျော်ရွှင်ကြည်နူးခဲ့ဘူးတဲ့ အဲဒီ့ညနေ လေးကို ကျမ သိပ်လွမ်းနေခဲ့ပါတယ် ….။
တစ်ခါတစ်လေမှာ သူနဲ့ကျမ အရာအားလုံးကို ခဏမေ့ပြီး ရယ်မောစရာတွေပြောဖြစ်ကြတယ် ....။ ကလေးလေးတစ်ယောက်လို အပြစ်အကင်းဆုံး အော်ဟစ်ရယ်မောတတ်သော သူ့ကို ကျမ ငေးမောရင်း ကုန်ဆုံးသွားခဲ့သော ညနေများစွာကို ကျမ သိပ်ချစ်တယ်....။
တစ်ခါတစ်ရံမှာ သူနဲ့ကျမ အတိတ်ကိုခဏမေ့ပြီး အနာဂတ်အတွက် စိတ်ကူးယဉ်ပုံဖော်ဖြစ်ခဲ့ကြတယ် ....။တစ်ခါတစ်ရံမှာ ဘာကိုမှ မျှော်လင့်ခွင့်မရခဲ့သော သူနဲ့ကျမတို့  နှလုံးသားတစ်စုံရဲ့  တီးတိုးငိုရှိုက်မှုကို အပြန်အလှန် ဖုံးကွယ်ခဲ့ကြသော ညနေများစွာလဲ ရှိခဲ့ဘူးတယ် ...။
သူသီဆိုပြခဲ့သော တေးသီချင်းများစွာကို နစ်ဝင်ကြည်နူးခဲ့ဘူးသော နေ့ရက်များစွာ ကုန်ဆုံးသွားမှာကိုလည်း ကျမ သေမလောက်ကြောက်ခဲ့ဘူးပါတယ် ....။
တစ်ခါ တစ်လေမှာ ... သူနဲ့ကျမ ဘယ်အရာနဲ့မှ ခိုင်းနှိုင်းပြလို့မရအေင် ကြေကွဲခဲ့ကြတဲ့ နေ့ရက်တွေရှိကြတယ် ... သို့သော် ကျမတို့ရဲ့ အချစ်နဲ့ တစ်ယောက်ကိုတစ်ယောက်က နွေးထွေးစေခဲ့သလို အပြန်အလှန်နားလည် နှစ်သိမ့်မှုနဲ့ နှလုံးသားကို အငိုတိတ်စေခဲ့ပြန်တယ် ....။အထူးသဖြင့် အစားထိုးလို့မရအောင် ကြေကွဲ တမ်းတခဲ့ရသော  နှုတ်ဆက်ညနေတွေတိုင်းအတွက် ကျမ မငိုတတ်အောင် ပဲ ကြိုးစားခဲ့ပါတယ်ကွယ် ....။

“သူနဲ့ကျမသည် ... ဘ၀၏ ရှုပ်ထွေးမှုများ ထိန်းချူပ်မှုများကြားတွင် လူးလွန့်လှုပ်ရှားနေရသည့်အတွက် တစ်ယောက်၏ရင်ဘတ်ထဲက ရှိုက်သံကို တစ်ယောက်က နားဆင်ခံစားပေးနိုင်ရုံ သက်သက်သာ တွေ့ဆုံခဲ့ကြပါသည် ....။ကျမ၏ ပျော်ရွှင်ခြင်း ကြေကွဲခြင်းသည် သူဖြစ်ခဲ့သလို ... သူ၏ ပျော်ရွှင်ခြင်း ကြေကွဲခြင်းသည်လည်း ကျမသာလျှင်ဖြစ်ခဲ့ပါ၏ ...။ ကျမ၏နှလုံးသားတွင် သူ၏ချစ်ခြင်းဝိညာဉ်များထာဝရရှင်သန်နေခဲ့သလို ..... သူ၏ နှလုံးသားတွင်လည်း  ကျမ ၏ချစ်ခြင်းဝိညာဉ်များဖြင့် ထာဝရရှင်သန်ခွင့်ရနေသေးသရွေ့ ကျမ ရှင်သန်နိုင်ပါသေး၏ ။
သူနဲ့ကျမတို့ရဲ့ အဖြူရောင်ချစ်ခြင်းတရားတွေ .... နှလုံးသားမှာ မြဲမြံစွာဖက်တွယ်ထားနိုင်ကြပါသေး၏ ....။ သူနဲ့ကျမ ဘယ်သောအခါမှ မဆုံဆည်းကြရသည့်တိုင် ..... အတ္တမဲ့ချစ်ခြင်းတရားတို့ဖြင့် သူနဲ့ကျမတို့၏ အနာဂတ်ကို တူညီသော နှလုံးသားဝိညာဉ်များဖြင့် .... အတူတစ်ကွ ဖန်တီးတည်ဆောက်ခွင့်ရနိုင်ကြပါသေး၏ ။
သို့သော်... သူနဲ့ကျမတို့ရဲ့ စစ်မှန်သော ချစ်ခြင်းတွေ အပြစ်ကင်းစင်ဖို့အတွက် ... ကျမ သိပ်ချစ်ရသော သူ့ကို သစ္စာရှိသူတစ်ယောက်အဖြစ် လောကအလယ်တွင်  ရဲ့ဝံ့စွာရပ်တည်နိုင်စေချင်ခဲ့တဲ့ ကျမရဲ့ဆန္ဒတွေ နင့်နင့်သည်းသည်း ပွင့်ဝေခဲ့သမျှအတွက် ....သူ့ဘ၀ရဲ့ အရာရာကို အကောင်းဆုံးဖြစ်စေခဲ့အောင် ကျမ  ကြိုးစားခဲ့ရပါ၏  .....”

ချစ်လျှက်နှင့်ကွဲကွာခဲ့ကြသော ....
ကွဲကွာလျှက်နှင့် ထာဝရသတိရနေသော.....
သတိရနေလျှက်နှင့် နားလည်မှုတစ်စုံတစ်ရာပေးကာ ချစ်ခဲ့ရသော .....
ချစ်သူများအတွက် မျှဝေ ခံစားရေးဖွဲ့ပါသည် ..... 


မှတ်ချက် ။     ။ အလွမ်းဖွဲ့ဝတ္ထုတို ၊ကဗျာများကို စိတ်ကူးယဉ်အတွေးသက်သက်ဖြင့်သာ ခံစား ရေးဖွဲ့ပါသည် ...။

အားလုံးကို ချစ်ခင်လေးစားလျှက်.....

နှင်းဟေမာ
( 18  May 2010 ) 12:30 AM










7 comments:

ယုန်ကလေးရဲ့နေရာ said...

မနှင်းဟေမာရေးတဲ့ကဗျာတွေ၊အ၀တ္တုတိုတွေအားလုံးက လွမ်းဓတ်ပါတဲ့ဟာတွေချည်းပဲနော်။
ပျော်ရွင်ဖွယ်ကောင်းတဲ့ဝတ္တုလေးတွေလည်းရေးပါအုံး
လို့တောင်းဆိုပါတယ်။
စိတ်ကူးယဉ်အတွေးသက်သက်ဆိုပေမဲ့လည်း
ဖတ်လို့အင်မတန်ကောင်းပါတယ်။

လင်းဒီပ said...

လွမ်စရာလေး..။

Flower said...

ခံစားမှုတစ်စွန်းတစ်စလေများလား ညီမလေးရေ
ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်..
ကိုယ်တိုင်ခံစားလိုက်ရသလိုပါဘဲ.
လောကကြီးမှာ ချစ်ရက်နဲ့ မတူညီတဲ့ အကြောင်းတရားတွေကြောင့်
ခွဲခွာရတဲ့ဖြစ်ရပ်တွေ၊ အချစ်တွေကို ၇င်ထဲမှာ သိမ်းဆည်းထားလိုက်ရတဲ့ အဖြစ်အပျက်လေးတွေ
အများကြီးပါဘဲလေ
ထပ်တူကျတဲ့အချစ်ဆိုတာ ရှားမှရှားပါဘဲ ညီမရေ..
ပျော်ရွှင်ချမ်းမြေ့ပါစေနှင်းလေးရေ..

ချစ်ခင်စွာ

မချော

ကိုအောင် said...

လွမ်းစရာတွေပါလား ...။

thadarhline said...

အချစ်တွေကိုသိမ်းဆည်းထားရတာလောက်ခံစားရတာ
ဆိုးပါ့မလား..ညီမနှင်း..
ညီမနှင်းရဲ့ဝတ္ထုကိုဖတ်ပြီးခံစားခဲ့ရတယ်။
အရေးအသားကလည်းကောင်းလိုက်တာနော်..။

ခင်တဲ့
မသဒ္ဓါ

လသာည said...

ညီမလေး..
ချစ်သူကို ခံစားနားလည်ပေးတတ်တဲ့ စိတ်ထားလေးက သိပ်ချစ်စရာကောင်းတယ်..
အလွမ်းများဝေးပါစေ ညီမလေးရယ်

သိင်္ဂါကျော် said...

အလွမ်း အဖွဲ့အနွဲ့ကောင်းလေးပါ..
ဘာကြောင့် ကွဲသွားကြတာလဲ ဆိုတာ သိပ်မရှင်းလိုက်ဘူး..။
ပြန်ဆုံဖို့ မဖြစ်နိုင်တာ သေချာရဲ့လား ဟင်..။