Wednesday, April 7, 2010

နှုတ်ဆက်တေး ...














“ ချစ်သူ ရေ............

နွေဦးပေါက်တော့မယ် ...
နှစ်ဟောင်းတစ်ခုလည်း
ကုန်ဆုံးတော့မယ်.....
ကောက်သစ်စားပွဲတွေလည်း
ပြီးဆုံးကာနီးသလို
ကျမတို့တစ်တွေလည်း
လမ်းခွဲရတော့မယ်...။

ပိတောက်တွေလည်း
နွမ်းခြောက်ကာနီးသလို .....
နှလုံးသားတစ်ခုလည်း
လောင်ကျွမ်းသေဆုံးခဲ့တယ်....။

အဝေးဆုံးထိ ဝေးမသွားကြသေးခင်
မင်းကို အသက်ထက်ဆုံး
ချစ်သွားဦးမယ်ဆိုတာကိုတော့
ကျမ အလေးနက်ဆုံးပြောခဲ့ပါရစေ.......။


အလွမ်းဆိုတာကလည်း
ခံစားတတ်သူအတွက်သာ
ပညတ်ထားတဲ့အရာမို့...........

တွေ့ဆုံခြင်းဆိုတာကလည်း
ခွဲခွာခြင်းရဲ့အနီးဆုံးက
မှတ်တိုင်တစ်နေရာမို့...........

အမြဲတမ်း မဟုတ်ခဲ့ရင်တောင်
ပင်လယ်ပြာပြာတွေမြင်တိုင်း.....
တောမီးနီနီတွေ မြင်တိုင်း
မိုးတွေတဖွဲဖွဲရွာတိုင်း .....
သရက်ဖူးရနံ့တွေရတိုင်း ......
သနပ်ခါးရနံ့တွေ သင်းပျံ့တိုင်း
အညာမြေမှာ တမာပန်းတွေဝေတိုင်း
တခဏလောက်ပဲဖြစ်ဖြစ်
ကျမကို သတိရပေးပါ......။


မိုးတိမ်တွေဆိုတာ ....
တောင်တန်းတွေဆီကိုပဲ လွင့်ပါးတာမို့........
အချစ်ဆိုတာကလည်း
ခံစားတတ်သူအချင်းချင်းသာ
ညီမျှချင်းချလို့ ရတာမို့................

အတောင်ပံတွေ ရှိသရွေ့
အမြင့်ကိုသာ ပျံသန်း
အတောက်ပဆုံး မင်းပျံသန်းပါ...။
အနာဂတ်ကိုတွေ့တဲ့အထိ
အဆုံးအစမဲ့ မင်းပျံသန်းပါ ..........။


“မင်းရဲ့ဘ၀မှာ
အမြဲစိမ်းတောလေးတစ်ခုက
အသင့် ရှိနေပြီးသားလေ..............”

ချစ်သူရေ....
ဘ၀မှာ စိတ်ပျက်အားငယ်စရာတွေနဲ့ ကြုံရင်
ကျောက်ဆောင်တွေလို
ခိုင်မာတဲ့စိတ်ဓါတ်နဲ့
ရင်ဆိုင်လိုက်ပါ ..........။

မိုးမမြင် လေမမြင်
အောင်မြင်မှုတွေရခဲ့ရင်လဲ
အရာရာဟာ...မတည်မြဲဘူးဆိုတဲ့ အသိနဲ့
ယှဉ်တွဲပြီး နှလုံးသွင်းပါ...........။

အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင်
မွန်းကျပ်မှုတွေနဲ့ ပူလောင်ခဲ့ရင်တော့
အနွေးထွေးဆုံး ရင်ခွင်တစ်ခုကို
ပထမဆုံးသတိရပေးပါနော်.....။

ဘ၀ဆိုတာ.......
အားငယ်ဖို့ အချိန်မရှိအောင်
တိုတောင်းလွန်းတာမို့.........

အချိန်နာရီတွေဆိုတာ....
တစ်ယောက်ကိုတစ်ယောက်...
သေးသိမ်ဖို့ အချိန်မရှိအောင်
ကုန်ဆုံး တတ်တာမို့..........

နွေဦးမပေါက်မီ.............
သင်္ကြန်မရောက်မီ...........
ကျမတို့ ထာဝရမခွဲခွာကြမီ........

အစစ်မှန်ဆုံးချစ်ခြင်းတွေ
အပြစ်ကင်းဖို့အတွက်
ဘယ်တော့မှ အပြုံးမပျက်ပဲ ...
ချစ်သူရေ...........ကျမတို့ ...
နောက်ဆုံး နှုတ်ဆက်ကြမယ်နော်.....။

Thank you လို့ နောက်ဆုံးပြောခဲ့ပြီး ... ကျောခိုင်းသွားခဲ့သူ တစ်ယောက်အတွက် ... နှုတ်ဆက်တေးတစ်ပုဒ်ကို ကျမ ကြေကွဲစွာ ရေးဖြစ်ခဲ့ပါတယ်...။ ဒီတေးလေးမဆုံးခင်မှာပဲ  သူ ...ကျမ အနားကိုပြန်ရောက် လာခဲ့ပါတယ် ... ဘာပဲဖြစ်ဖြစ် ကျမ သူ့ကို ကျေးဇူးတင်ပါတယ်  ... Thank You နော် ...း)
ကဗျာအရှည်ကြီးကို မျှဝေခံစားပေးကြသော ကျမရဲ့ မောင်နှမအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်း)
( စုံစမ်းမေးမြန်းခြင်း သီးခံပါးD )

နှင်းဟေမာ ...
( 6 April 2010 )

12 comments:

သုခုမလေဒီ said...

နှင်းရေ.. ကဗျာလေးလာဖတ်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေနော်။ thank you ပါ။း))

Unknown said...

အောက်ကနေ စရေတယ်၊ ငါးခုမြောက်ပိုဒ်ကို ခံစားရေးပုံသိချင်တယ်၊ သီးခံ၍မေးခြင်းပါကွယ်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်း ရေ..

မေးမလို့ လုပ်တုန်းဘဲ ရှိသေး။ စုံစမ်းမေးမြန်းခြင်း သီးခံပါတဲ့။
နှုတ်ဆက်တေး မဟုတ်ဘဲ.. အမွေပြတ်ပါ ကြော်ငြာလိုက်သလိုဘဲ... :P :P :) :)...

စတာနော် နှင်း။ ကဗျာအရှည်ကြီးမို့ တစ်ပိုဒ်ဖတ်..တစ်ခါနား..တစ်ခါခံစား။ နောက်တစ်ပိုဒ်ဖတ်..နောက်တစ်ခါနား..နောက်တစ်ခါခံစား.... :) :)...

နှုတ်ဆက်တေးကလဲ မောနေအောင် ဆိုရတယ်... နှုတ်ဆက်တာဘဲ နှင်းရယ်... "တ တာ.." ဆို ပြီးရော...

ခင်မင်စွာဖြင့် နောက်သွားသည်။

ကိုမျိုး

Unknown said...

ကိုမျိုးရေ...
နောက်တစ်ခါ Thank You ပြောခံရရင်တော့ ကိုမျိုးပြောသလို တာ့ ..တာ ပဲ လုပ်လိုက်တော့မယ်နော်
းD
နှင်း...

Unknown said...

နှုတ်ဆက်တေး အစွမ်းတော်တော်ထက်တယ်နော်. နည်းပေးပါဦး မေတ္တာဖြင်. .....

မိုးအိမ့်ဖြူ said...

ညီမလေးရေ
လမ်းတစ်ဝက်မှာ တွေ့တဲ့သူ
လမ်းတစ်ဝက်မှာပဲ ခွဲခဲ့ရတယ်
နေ၀င်ချိန်ကို မေ့နေရင်
မနက်ခင်းကို ဆုံးရှုံးရမှာပဲလေ
ဒါတွေက တွေ့ကြုံနေကျမို့လို့ သိပ်တော့ မဆန်းတော့ပါဘူး

ညီမလေးရဲ့ ကိုကြီး

mysterysnow said...

နှုတ်ဆက်တေးလေးဖတ်ပြီး
နှင်းကိုသနားနေတာ ...
ပြန်လာတယ်ဆိုလို့ ဝမ်းသာသွားတယ်...

အဆင်ပြေပါစေနော်...

မနှင်း

ကိုအောင် said...

နူတ်ဆက်ခဲ့တဲ့လူ ပြန်လာပြီ မဟုတ်လား ပျော်စရာပေါ့ကွာ။

လသာည said...

အဟင့် နုတ်မဆက်နဲ့ ငိုချင်တယ်းP
နောက်တာနော်။ ညလေး နှင်း အဆင်ပြေပျော်ရွှင်ပါစေနော်..

သူကြီးမင်း (တုံးဖလား) said...

ခံစားချက်နှင့်ရေးဖွဲ့ထားတာမို့ ရေးဖွဲ့နေတုန်း ဘယ်လောက် ခံစားပူလောင်နေမလဲ ဆိုတာ သဘောပေါက်ပါတယ်။ အဆင်ပြေသွားပြီဆိုတော့လဲ ၀မ်းသာပါတယ်။ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။

လင်းကြယ်ဖြူ said...

အဆင်ပြေသွားတယ်ဆိုတာ အကောင်းသဘောပါ..
ဒီတော့လည်း ဆက်လက်အဆင်ပြေရင်း
ပျော်ကြပါစေ လို့...း)
*.*.*

မယ့်ကိုး said...

ကဗျာလေးကောင်းတယ် ညီမလေးရယ်။ အဆုံးသတ်ဖတ်ရတာလည်း ပျော်စရာကောင်းတယ်...
ညီမလေး အမြဲပျော်ရွှင်ပါစေ...