Saturday, January 23, 2010

ပျိုးတစ်ခင်းသို့ ဦးညွှတ်ခြင်း ...

ကျမ ငယ်ရွယ်စဉ်ကလေးဘ၀ကတည်းက မြန်မာစာကို အင်မတန်ဝါသနာပါခဲ့သလို မြန်မာ ကဗျာလက်ရွေးစင်နဲ့ စကားပြေ သင်ရတဲ့အချိန်လေးတွေဆိုရင်လည်း အရမ်းပျော်ပါတယ် ....။အဲဒီလိုပဲ ကလေးပီပီ ကဗျာလေးတွေ အော်ဖတ်ရတာကိုလည်း အရမ်းသဘောကျခဲ့ပါတယ် ..။
“တစ်ကိုးလေးရှစ် ဇန္န၀ါရီ ၊ ငါတို့လွတ်လပ်ပီ
တိုင်းမြန်ပြည်ရောင်နီလွှမ်း ၊ ပြည်သူတို့အောင်ပန်း
ဗိုလ်အောင်ဆန်းက ဦးဆောင်တာ မြန်မာဗိသုကာ ..”
စသည်ဖြင့် လွတ်လပ်ရေးနေ့ ကဗျာပြိုင်ပွဲလေးတွေမှာ လေးလုံးစပ်ကဗျာလေးတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရင်း ကျမရဲ့ ငယ်ဘ၀တွေ ကြီးပြင်းလာခဲ့ပါတယ် ...။လက်ဦးဆရာမည်ထိုက်စွာ ၊ ပုဗ္ဗာစရိယ မိနဲ့ဖ ဆိုတဲ့အတိုင်း ကျမမေမေ ရဲ့ သွင်သင်မှု၊ ကျမရဲ့ပဉ္စမတန်းမြန်မာစာဆရာမရဲ့ လေ့ကျင့်ပျိုးထောင်မှုကြောင့် အလယ်တန်းကျောင်းသူကတည်းက မြန်မာစာစီစာကုံးတွေကို ချောမောပြေပြစ်စွာရေးနိုင်ခဲ့သလို ၊ တက္ကသိုလ်ဝင်တန်း မြန်မာစာဆရာကြီး ပျိုးခင်းဦးမြင့်နိုင် (အမရပူရ)ရဲ့ကျေးဇူးတွေကြောင့်ဆယ်တန်းမှာ ဘော်ဒါဆောင်တစ်ခုလုံး မြန်မာစာ အမှတ်အများဆုံးဆုကို ရခဲ့ပါတယ်...။
ဆရာကြီးက ကျမတက်ရောက်ခဲ့တဲ့ ဆယ်တန်းဘော်ဒါဆောင်တစ်ခုက မြန်မာစာဆရာကြီးဖြစ်ပြီး ထုံးစံအတိုင်း ချမ်းအေးလှတဲ့မန်းလေးဆောင်းမနက်ဝေလီဝေလင်းအချိန်တိုင်းမှာ ကျမတို့ကို မြန်မာစာသင်ကြားပေးဖို့ ရောက်လာတက်ပါတယ်...။ အမရပူရဘက်ကနေ စာလာသင်ရတဲ့ ကျမတို့ဆရာကြီးကို နံနက် ၅ နာရီထိုးတာနဲ့ အတန်းထဲကနေ အားလုံးစောင့်ကြရရင်း ဆရာကြီးအခန်းထဲဝင်လာတာနဲ့ တစ်ပြိုင်တည်း ပဉ္စဂုဏံ ၊ အဟံဝန္တာမိ အာစရိယဂုနံ အဟံဝန္တာမိ လို့ညီညီညာညာ ဆိုကြရပါတယ် ...။ ထုံးစံအတိုင်း မင်္ဂလာပါဆရာကြီးလို့  နှုတ်မဆက်ခင်မှာတော့ ~

“မြန်မာအကျိုး မြန်မာမျိုးကို ၊ တိုးပွားဝေဆာ
မြန်မာစာဖြင့် ၊ လှဂုဏ်တင့်ဖို့ ၊ မြှင့်တင်စို့ ...
မင်္ဂလာပါဆရာကြီးလို့ နှုတ်ဆက်ကြရပါတယ် ....။

စာသင်ချိန်ပြီးသွားရင်လည်း အဲဒီကဗျာလေးကို ရွတ်ဆိုပြီးမှ ကျေးဇူးတင်ပါတယ်ဆရာကြီးလို့ နှုတ်ဆက်ရပါတယ် ...။ အဲဒီလို နှုတ်ဆက်လိုက်ရတာကိုက အရမ်းပျော်ရွှင်ကျေနပ်စရာကောင်းလှသလို ၊ မြန်မာစာကို မြန်မာစာနဲ့တူအောင် တန်ဖိုးရှိသထက်ရှိအောင် စိတ်မ၀င်စား ၀င်စားလာအောင် ဆွဲခေါ်ပြီး သင်ကြားနိုင်တဲ့ဆရာကြီးနဲ့ အရမ်းတင့်တယ်လိုက်ဖက်တယ်လို့ ကျမ ရင်ထဲမှာခံစားရပါတယ် ...။စာမေးပွဲဖြေတိုင်း မြန်မာစာနဲ့ သမိုင်းဘာသာမှာ အမှတ်အများဆုံးရလေ့ရှိတဲ့ ကျမကို ဆရာကြီးက သိပ်ချစ်သလို ဗဟုသုတ ရသ ကဗျာ စာအုပ်လေးတွေအများကြီးကိုလဲ ဆုချခဲ့ပါတယ် ...။
ဆရာကြီးဟာ ကျမတို့ အောင်စာရင်းတွေ ထွက်ပြီးမကြာခင်မှာပဲ ကွယ်လွန် အနိစ္စရောက်သွားခဲ့တဲ့အတွက် နောက်ဆုံး ကန်တော့ နှုတ်ဆက်ခွင့်လေးတောင် မရလိုက်တဲ့အတွက်အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ရင်ထဲမှာ အမြဲမှတ်မှတ်ရရ ရှိနေခဲ့တဲ့ မြန်မာစာဆရာကြီးရဲ့ လမ်းစဉ်အတိုင်း ဆယ်တန်းကလေးတွေကို မြန်မာစာဘာသာ ရအောင်ယူပြီး သင်ကြားခဲ့သလို အဲဒီကဗျာလေးနဲ့ ကျမကို နှုတ်ဆက်စေခဲ့ပါတယ် ...။ 
ဆရာကြီးပြောခဲ့ဘူးတဲ့ စကားလေးတွေအတိုင်း ပြောရရင် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုကြည်လိုက်ခြင်းအားဖြင့် ရွတ်လိုက်ရသူရဲ့ ရင်ထဲမှာ ၊  နားထောင်လိုက်ရသူ ကြားလိုက်ရသူရဲ့ နှလုံးသားထဲမှာ တစ်ခုခုအကျိုးရှိသွားစေရုံသာမကပဲ လူတွေရဲ့ ကြမ်းကြုတ်တဲ့ စိတ်တွေကိုပါ လိမ္မာယဉ်ကျေးလာအောင် ဖန်တီးနိုင်မှုစွမ်းအားကောင်းစေတယ်ဆိုရင် အဲဒီ့ ကဗျာတွေကို တန်ဖိုးထား နှစ်သက်ပါ ၊ အတုယူလေ့လာပါ၊ ကျက်မှတ်သင့်တာကိုလည်း ကျက်မှတ်နာယူပါဆိုပြီး ဖြစ်ပါတယ် ...။
ကဗျာမှာ ကာရံ ၊ သီချင်းမှာ အသံ ဆိုတဲ့ စကားလေးတစ်ခွန်းအတိုင်း ကာရံလှလှပပ ကဗျာလေးတွေ အဓိပ္ပါယ်ကျကျနန နဲ့ လေးနက်လှပတဲ့ ကဗျာလေးတွေဆိုရင် သဘောကျမိပေမယ့် ကျမ ကိုယ်တိုင် တော့မရေးနိုင်သေးပါဘူးး) ဆရာကြီးရဲ့ ပဲ့ကိုင်လမ်းပြမှုကြောင့်... အဲဒီအချိန်ကတည်းက  ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရတာနဲ့ ရသတစ်ခုခုမြောက်အောင် ပေါ်လွင်နေရင် ကျမ အဲဒီကဗျာကို အထပ်ထပ်အခါခါ ဆက်ကာ ဆက်ကာ ဖတ်တတ်တဲ့ အကျင့်လေးရှိလာသလို ကဗျာလေးတွေကိုလဲ သတိရသလို ရွတ်ဆိုကြည့်မိရင်း အလွတ်ရနေတတ်ခဲ့ပါတယ် ...။
ဥပမာ ကဗျာလေးတစ်ပုဒ်က ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာကိုဖြစ်ပေါ်စေသော ကဗျာဆိုရင်
ဝိစ္ဆလရသမြောက်အောင် ၊  ထောင့်ငါးရာ ကိလေသာနဲ့ ချစ်ခင်စွဲလန်းစေတဲ့ အဖွဲ့ဆိုရင်တော့ သိင်္ဂါရရသ မြောက်အောင် ၊ အလှဘွဲ့တွေကို ပေါ်လွင်အောင်ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေဆိုရင်လည်း စိတ်ကိုကြည်နူးမှု ဖြစ်စေတဲ့အတွက် သန္တရသမြောက်အောင် စသည်ဖြင့် ဖွဲ့ဆိုနိုင်ကြတဲ့ ကဗျာဆရာတွေကို ကျမ အထင်ကြီးလေးစားသလို အားလဲကျမိပါတယ် ...။
ကျမကတော့ စိတ်ကူးပေါက်တဲ့ အချိန်တွေမှာ ကဗျာလေးတွေချရေးဖြစ်ပေမယ့် ရေးမိလိုက်တဲ့ ကဗျာတွေက  ဒွိဟ သံသယစိတ်နဲ့ ခံစားမှုရသကို အားနည်းစေတဲ့ ကဗျာမျိုးဖြစ်ရုံသာမကပဲ ကဗျာမဆန်တဲ့ စာညွန့်ပုံစံမျိုးတွေပဲ ရေးမိတော့ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိတာတော့အမှန်..။ အဲဒါကြောင့်ပဲ စိတ်ကူးပေါက်ရင် ၅ပုဒ်ရေးဖြစ်ပေမယ့် ကျမကိုယ်တိုင်က မနှစ်သက်တာနဲ့ ၁ပုဒ်လောက်ပဲ တင်ဖြစ်ခဲ့ပါတယ် ...။
ကျမ အရမ်းနှစ်သက်မိတဲ့ ကဗျာလးတစ်ပုဒ်ကို ကြုံကြိုက်တုန်းမှာပဲ ပြန်လည် ဖော်ပြပေးချင်ပါတယ် ...။ ဒီကဗျာလေးမှာ သုံးစွဲထားတဲ့ စကားလုံး ဝေါဟာရရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်မရှိတဲ့အပြင် ကဗျာလေးကို ဖတ်ရှုလိုက်ရသူရဲ့ စိတ်နှလုံးထဲမှာ အဓိပ္ပါယ်ကို ရှင်းလင်းစွာ သိရှိနားလည်ခြင်းဆိုတဲ့ သာရ ရသမြောက်မှုကို တွေ့ရသလို ကဗျာဆရာရဲ့ မြန်မာစာအပေါ် ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် ကဗျာဂုဏ်မြောက်နေတာကို စာဖတ်သူတို့ အထင်းသား တွေ့မြင်နိုင်ပါတယ် ....။
ဒီကဗျာလေးက တက္ကသိုလ်မြန်မာစာစုအုပ်ထဲမှာ ပြဌါန်းထားတာဖြစ်လို့တော်တော်များများက သိကြမယ် ထင်ပါတယ်..။ ကဗျာရေးသူကတော့ မိတ္ထီလာ  အ.ထ.က (၁)က မြန်မာစာ ဆရာကြီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ် ...။ ကဗျာလေးကို အရမ်းနှစ်သက်မိတဲ့အပြင် ကွယ်လွန် သွားခဲ့ပြီဖြစ်သော ကဗျာဆရာ - မြန်မာစာ ကျောင်းဆရာကြီး ဦးအေးငွေကို လေးစားစွာဖြင့် ဒီကဗျာလေးကို  စာဖတ်သူ အားလုံးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ...။

"ရုန်းရင်းကန်ရင်း"

လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ

မျက်လှည့်ပမာ တွေ့မြဲသာတည်း။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။



အေးငွေ
ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်

မြန်မာအကျိုး မြန်မာမျိုးကို တိုးပွားဝေဆာ ... မြန်မာစာဖြင့် လှဂုဏ်တင့်ဖို့ မြှင့်တင်ကြပါစို့...

ကျမ၏မြန်မာစာဆရာပျိုးခင်းဦးမြင့်နိုင်(အမရပူရ)နှင့်တစ်ကွ ၊ လေးစားအပ်သော မြန်မာစာဆရာကြီးများ ကဗျာဆရာကြီးများအား ရိုသေစွာ ဦးညွှတ်ပါ၏ ။
နှင်းဟေမာ
23 Jan 2010


12 comments:

konyi said...

မြန်မာအကျိုး မြန်မာမျိုးကို ၊ တိုးပွားဝေဆာ
မြန်မာစာဖြင့် ၊ လှဂုဏ်တင့်ဖို့ ၊ မြှင့်တင်စို့ ...
မင်္ဂလာပါဆရာကြီးလို့ နှုတ်ဆက်ကြရပါတယ် ....။ အဲဒီစကားလေးတော့ မြန်မာလူမျိုးတိုင်းမှတ်သားသင့်သလို သိတဲ့အတိုင်းလဲ ကြိုးစားအပ်ပါတယ်။ ရုန်းရင်ကန်းရင်ကဗျာလေးလဲ အရမ်းကောင်းပါတယ်။ ဘ၀ဆိုတာ ရုန်းကန်နေရတာပဲ။ ရုန်းကန်နေရတာခြင်းအတူတူ ဖြစ်လေ့ဖြစ်ထရှိတဲ့ လောကဓံသဘောတရားတွေသိထားတော့ ကြံခိုင်မူတော့ ရှိမယ်ထင်ပါတယ်။ မတုန်လှုပ်ဘူးဆိုတဲ့အခြေအနေထိမှမရောက်သေးတော့လေ..........
ခင်မင်စွာဖြင့်

Flower said...

နှင်းရေ.. အိမ်အသစ်ကလေးက အရမ်းလှတယ်.. မျက်စိတောင်မှားသွားတယ်..အိမ်မှား လာတာလား လို့လေ.. နှင်းရေးထားတာဖတ်ပြီး အစ်မလဲ မြန်မာစာ ဆရာကို သတိရမိတယ်.. အစ်မတို့ခေတ်က မြန်မာစာဆရာက အခု ဇာတ်ညွှန်းရေးနေတဲ့ ငြိမ်းမင်းခေါ် ဆရာ ဦးမျိုးအောင်ပါ.. စာအသင်အပြ သိပ်ကိုကောင်းပြီး ကျောင်းသားတွေကို စာသင်ချင်လာအောင် စိတ်ဝင်စားလာအောင် အရမ်းဆွဲဆောင်နိုင်တဲ့ ဆရာတစ်ဦးပါ.. သတိရအောင် အစဖော်ပေးလိုက်တဲ့ နှင်းကိုကျေးဇူးတင်ပါတယ်.. ပြီးတော့ နှင်းအခု ချိတ်ထားတဲ့ အစ်မရဲ့ ဘလောဂ့် လင့်က အသေဖြစ်နေတယ် မပြောင်းဘူးနော်.. http://missgreenlady.mylovecafe.net/ သို့မဟုတ် http://missgreenlady.mylovecafe.com/ နဲ့ ပြောင်းချိတ်ပေးပါနော်..
ပျော်ရွှင်ပါစေ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်း ရေ..

ပျိုးခင်းဦးမြင့်နိုင် သည် မြန်မာစာပေ အပေါ်မှာ တကယ့်ကို ချစ်ခင်မြတ်နိုးအလေးထားသည့် ဆရာကြီးမှန်း အရမ်းကို သိသာလှပါတယ် နှင်း ရေ။ မင်္ဂလာပါ ဆရာလို့ အမြဲနှုတ်ဆက်ဘူးတဲ့ ကျွန်တော့် အတွက်တော့ အခုလို “မြန်မာအကျိုး မြန်မာမျိုးကို ၊ တိုးပွားဝေဆာ မြန်မာစာဖြင့် ၊ လှဂုဏ်တင့်ဖို့ ၊ မြှင့်တင်စို့ ..... ဆိုပြီး နှုတ်ဆက်မင်္ဂလာပြုရတဲ့ ဆရာကြီးမျိုး မတွေ့ဘူးပါ။ တကယ့်ကို လေးစားဂုဏ်ယူပါတယ်။

ရုန်းရင်းကန်ရင်း ဆိုတဲ့ ကဗျာလေးကိုတော့ နှုတ်ဖျားမှာ စွဲနေအောင်ထိကို ဖတ်ဖူး မှတ်ဖူးခဲ့ပါတယ်။ အခုလို ပြန်လည် သတိတရ ဖတ်ရတော့လဲ ကဗျာလေးရဲ့ ရသတွေကို တိုးလို့ ခံစားနားလည်မိလာတယ်လေ။

ခင်မင်စွာဖြင့်
ကိုမျိုး

Anonymous said...

ဆရာကြီးအေးငွေရဲ့ ကဗျာကို ပြန်မျှဝေတဲ့အတွက် ကျေးဇူးအထူးပါပဲဗျာ။ အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ၊ မျက်လှည့်ပမာ တွေ့မြဲသာတည်း။ဆိုတဲ့ အပိုဒ်လေးကို ကြိုက်တယ်။ ကိုယ်တွေ့ခံစားနေရတယ်ဆိုတော့လေ။ စိတ်ခွန်အားရတဲ့ အတွက် ဆရာကြီးကို လေးစားမိပါတယ်။

ဆောင်းယွန်းလ said...

တန်ဖိုးရှိလှတဲ့ ပို့စ်ကောင်းလေးတခုပါပဲ ညီမလေးရေ...
ဦးအေးငွေရဲ့ ကဗျာလေးကလည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် ကောင်းမွန်လှပါတယ်

မြတ်မွန် said...

နှင်းနဲ့အတူ ထပ်တူထပ်မျှလေးစားစွာ..
ကဗျာဆရာကြီးတွေကို ဦးညွတ်သွားပါတယ်..

ကိုအောင် said...

အကို့မိန်းမတောင် ညီမလေးစာမျက်နှာက တဆင့် တရားနာလို့ရတဲ့ လင့်ခ်တွေဆီ နေ့တိုင်း နာဖြစ်တယ်၊
အားပေးလျက်ပါ ညီမရေ။

လင်းကြယ်ဖြူ said...

တက်ာကိုကောင်းတဲ့ စာစုလေးနဲ့
ကဗျာ ကောင်းလေးပါပဲ..
အားပေးနေပါတယ်ခင်ဗျာ
ပျော်ပါစေ
*.*.*

သူကြီးမင်း (တုံးဖလား) said...

မနှင်းက ဒါကြောင့် အရေးအသားတွေ ကောင်းနေတာကိုး။
ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတာ ဒါမျိုးမှ စစ်တာ။
မနှင်း ရေးတဲ့စာတွေလဲ အစဖတ်လိုက်ရင် အဆုံးထိ ဆွဲခေါ်သွားတာချည်းဘဲလေ။

အဆင်ပြေပါစေ ညီမ။

သုခုမလေဒီ said...

ကဗျာကိုဝါသနာပါပြီး၊ ဆရာကိုအလေးထားဦးညွတ်တဲ့ ညီမနှင်းရဲ့ ပိုစ့်လေးအတွက်ဂုဏ်ယူပါတယ်။ အနန္တဂိုဏ်းဝင် ဆရာ့ကျေးဇူးများဟာလည်း အလွန်ကြီးမားပါတယ်ညီမ။

အဆင်ပြေပျော်ရွှင်ပါစေ။

လသာည said...

ညီမလေးရေ.. ငယ်ပေမဲ့ အခုလို စိတ်ထားလေး ရှိတဲ့ ညီမလေးကို အစ်မတော့ တကယ်ပဲ လေးစားသွားတယ်
ချစ်တဲ့ အစ်မ

မေသစ္စာမောင် said...

ဒီကဗျာလေးကို ဖတ်ဖူးတယ် ညီမရေ..။ ကဗျာလေးကို နှစ်သက်မိလို့ အမလည်း ဘလော့ဂ်မှာ တင်ခဲ့ဖူးတယ်။