Saturday, January 23, 2010

ပျိုးတစ်ခင်းသို့ ဦးညွှတ်ခြင်း ...

ကျမ ငယ်ရွယ်စဉ်ကလေးဘ၀ကတည်းက မြန်မာစာကို အင်မတန်ဝါသနာပါခဲ့သလို မြန်မာ ကဗျာလက်ရွေးစင်နဲ့ စကားပြေ သင်ရတဲ့အချိန်လေးတွေဆိုရင်လည်း အရမ်းပျော်ပါတယ် ....။အဲဒီလိုပဲ ကလေးပီပီ ကဗျာလေးတွေ အော်ဖတ်ရတာကိုလည်း အရမ်းသဘောကျခဲ့ပါတယ် ..။
“တစ်ကိုးလေးရှစ် ဇန္န၀ါရီ ၊ ငါတို့လွတ်လပ်ပီ
တိုင်းမြန်ပြည်ရောင်နီလွှမ်း ၊ ပြည်သူတို့အောင်ပန်း
ဗိုလ်အောင်ဆန်းက ဦးဆောင်တာ မြန်မာဗိသုကာ ..”
စသည်ဖြင့် လွတ်လပ်ရေးနေ့ ကဗျာပြိုင်ပွဲလေးတွေမှာ လေးလုံးစပ်ကဗျာလေးတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရင်း ကျမရဲ့ ငယ်ဘ၀တွေ ကြီးပြင်းလာခဲ့ပါတယ် ...။လက်ဦးဆရာမည်ထိုက်စွာ ၊ ပုဗ္ဗာစရိယ မိနဲ့ဖ ဆိုတဲ့အတိုင်း ကျမမေမေ ရဲ့ သွင်သင်မှု၊ ကျမရဲ့ပဉ္စမတန်းမြန်မာစာဆရာမရဲ့ လေ့ကျင့်ပျိုးထောင်မှုကြောင့် အလယ်တန်းကျောင်းသူကတည်းက မြန်မာစာစီစာကုံးတွေကို ချောမောပြေပြစ်စွာရေးနိုင်ခဲ့သလို ၊ တက္ကသိုလ်ဝင်တန်း မြန်မာစာဆရာကြီး ပျိုးခင်းဦးမြင့်နိုင် (အမရပူရ)ရဲ့ကျေးဇူးတွေကြောင့်ဆယ်တန်းမှာ ဘော်ဒါဆောင်တစ်ခုလုံး မြန်မာစာ အမှတ်အများဆုံးဆုကို ရခဲ့ပါတယ်...။
ဆရာကြီးက ကျမတက်ရောက်ခဲ့တဲ့ ဆယ်တန်းဘော်ဒါဆောင်တစ်ခုက မြန်မာစာဆရာကြီးဖြစ်ပြီး ထုံးစံအတိုင်း ချမ်းအေးလှတဲ့မန်းလေးဆောင်းမနက်ဝေလီဝေလင်းအချိန်တိုင်းမှာ ကျမတို့ကို မြန်မာစာသင်ကြားပေးဖို့ ရောက်လာတက်ပါတယ်...။ အမရပူရဘက်ကနေ စာလာသင်ရတဲ့ ကျမတို့ဆရာကြီးကို နံနက် ၅ နာရီထိုးတာနဲ့ အတန်းထဲကနေ အားလုံးစောင့်ကြရရင်း ဆရာကြီးအခန်းထဲဝင်လာတာနဲ့ တစ်ပြိုင်တည်း ပဉ္စဂုဏံ ၊ အဟံဝန္တာမိ အာစရိယဂုနံ အဟံဝန္တာမိ လို့ညီညီညာညာ ဆိုကြရပါတယ် ...။ ထုံးစံအတိုင်း မင်္ဂလာပါဆရာကြီးလို့  နှုတ်မဆက်ခင်မှာတော့ ~

“မြန်မာအကျိုး မြန်မာမျိုးကို ၊ တိုးပွားဝေဆာ
မြန်မာစာဖြင့် ၊ လှဂုဏ်တင့်ဖို့ ၊ မြှင့်တင်စို့ ...
မင်္ဂလာပါဆရာကြီးလို့ နှုတ်ဆက်ကြရပါတယ် ....။

စာသင်ချိန်ပြီးသွားရင်လည်း အဲဒီကဗျာလေးကို ရွတ်ဆိုပြီးမှ ကျေးဇူးတင်ပါတယ်ဆရာကြီးလို့ နှုတ်ဆက်ရပါတယ် ...။ အဲဒီလို နှုတ်ဆက်လိုက်ရတာကိုက အရမ်းပျော်ရွှင်ကျေနပ်စရာကောင်းလှသလို ၊ မြန်မာစာကို မြန်မာစာနဲ့တူအောင် တန်ဖိုးရှိသထက်ရှိအောင် စိတ်မ၀င်စား ၀င်စားလာအောင် ဆွဲခေါ်ပြီး သင်ကြားနိုင်တဲ့ဆရာကြီးနဲ့ အရမ်းတင့်တယ်လိုက်ဖက်တယ်လို့ ကျမ ရင်ထဲမှာခံစားရပါတယ် ...။စာမေးပွဲဖြေတိုင်း မြန်မာစာနဲ့ သမိုင်းဘာသာမှာ အမှတ်အများဆုံးရလေ့ရှိတဲ့ ကျမကို ဆရာကြီးက သိပ်ချစ်သလို ဗဟုသုတ ရသ ကဗျာ စာအုပ်လေးတွေအများကြီးကိုလဲ ဆုချခဲ့ပါတယ် ...။
ဆရာကြီးဟာ ကျမတို့ အောင်စာရင်းတွေ ထွက်ပြီးမကြာခင်မှာပဲ ကွယ်လွန် အနိစ္စရောက်သွားခဲ့တဲ့အတွက် နောက်ဆုံး ကန်တော့ နှုတ်ဆက်ခွင့်လေးတောင် မရလိုက်တဲ့အတွက်အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ရင်ထဲမှာ အမြဲမှတ်မှတ်ရရ ရှိနေခဲ့တဲ့ မြန်မာစာဆရာကြီးရဲ့ လမ်းစဉ်အတိုင်း ဆယ်တန်းကလေးတွေကို မြန်မာစာဘာသာ ရအောင်ယူပြီး သင်ကြားခဲ့သလို အဲဒီကဗျာလေးနဲ့ ကျမကို နှုတ်ဆက်စေခဲ့ပါတယ် ...။ 
ဆရာကြီးပြောခဲ့ဘူးတဲ့ စကားလေးတွေအတိုင်း ပြောရရင် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုကြည်လိုက်ခြင်းအားဖြင့် ရွတ်လိုက်ရသူရဲ့ ရင်ထဲမှာ ၊  နားထောင်လိုက်ရသူ ကြားလိုက်ရသူရဲ့ နှလုံးသားထဲမှာ တစ်ခုခုအကျိုးရှိသွားစေရုံသာမကပဲ လူတွေရဲ့ ကြမ်းကြုတ်တဲ့ စိတ်တွေကိုပါ လိမ္မာယဉ်ကျေးလာအောင် ဖန်တီးနိုင်မှုစွမ်းအားကောင်းစေတယ်ဆိုရင် အဲဒီ့ ကဗျာတွေကို တန်ဖိုးထား နှစ်သက်ပါ ၊ အတုယူလေ့လာပါ၊ ကျက်မှတ်သင့်တာကိုလည်း ကျက်မှတ်နာယူပါဆိုပြီး ဖြစ်ပါတယ် ...။
ကဗျာမှာ ကာရံ ၊ သီချင်းမှာ အသံ ဆိုတဲ့ စကားလေးတစ်ခွန်းအတိုင်း ကာရံလှလှပပ ကဗျာလေးတွေ အဓိပ္ပါယ်ကျကျနန နဲ့ လေးနက်လှပတဲ့ ကဗျာလေးတွေဆိုရင် သဘောကျမိပေမယ့် ကျမ ကိုယ်တိုင် တော့မရေးနိုင်သေးပါဘူးး) ဆရာကြီးရဲ့ ပဲ့ကိုင်လမ်းပြမှုကြောင့်... အဲဒီအချိန်ကတည်းက  ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရတာနဲ့ ရသတစ်ခုခုမြောက်အောင် ပေါ်လွင်နေရင် ကျမ အဲဒီကဗျာကို အထပ်ထပ်အခါခါ ဆက်ကာ ဆက်ကာ ဖတ်တတ်တဲ့ အကျင့်လေးရှိလာသလို ကဗျာလေးတွေကိုလဲ သတိရသလို ရွတ်ဆိုကြည့်မိရင်း အလွတ်ရနေတတ်ခဲ့ပါတယ် ...။
ဥပမာ ကဗျာလေးတစ်ပုဒ်က ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာကိုဖြစ်ပေါ်စေသော ကဗျာဆိုရင်
ဝိစ္ဆလရသမြောက်အောင် ၊  ထောင့်ငါးရာ ကိလေသာနဲ့ ချစ်ခင်စွဲလန်းစေတဲ့ အဖွဲ့ဆိုရင်တော့ သိင်္ဂါရရသ မြောက်အောင် ၊ အလှဘွဲ့တွေကို ပေါ်လွင်အောင်ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေဆိုရင်လည်း စိတ်ကိုကြည်နူးမှု ဖြစ်စေတဲ့အတွက် သန္တရသမြောက်အောင် စသည်ဖြင့် ဖွဲ့ဆိုနိုင်ကြတဲ့ ကဗျာဆရာတွေကို ကျမ အထင်ကြီးလေးစားသလို အားလဲကျမိပါတယ် ...။
ကျမကတော့ စိတ်ကူးပေါက်တဲ့ အချိန်တွေမှာ ကဗျာလေးတွေချရေးဖြစ်ပေမယ့် ရေးမိလိုက်တဲ့ ကဗျာတွေက  ဒွိဟ သံသယစိတ်နဲ့ ခံစားမှုရသကို အားနည်းစေတဲ့ ကဗျာမျိုးဖြစ်ရုံသာမကပဲ ကဗျာမဆန်တဲ့ စာညွန့်ပုံစံမျိုးတွေပဲ ရေးမိတော့ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိတာတော့အမှန်..။ အဲဒါကြောင့်ပဲ စိတ်ကူးပေါက်ရင် ၅ပုဒ်ရေးဖြစ်ပေမယ့် ကျမကိုယ်တိုင်က မနှစ်သက်တာနဲ့ ၁ပုဒ်လောက်ပဲ တင်ဖြစ်ခဲ့ပါတယ် ...။
ကျမ အရမ်းနှစ်သက်မိတဲ့ ကဗျာလးတစ်ပုဒ်ကို ကြုံကြိုက်တုန်းမှာပဲ ပြန်လည် ဖော်ပြပေးချင်ပါတယ် ...။ ဒီကဗျာလေးမှာ သုံးစွဲထားတဲ့ စကားလုံး ဝေါဟာရရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်မရှိတဲ့အပြင် ကဗျာလေးကို ဖတ်ရှုလိုက်ရသူရဲ့ စိတ်နှလုံးထဲမှာ အဓိပ္ပါယ်ကို ရှင်းလင်းစွာ သိရှိနားလည်ခြင်းဆိုတဲ့ သာရ ရသမြောက်မှုကို တွေ့ရသလို ကဗျာဆရာရဲ့ မြန်မာစာအပေါ် ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် ကဗျာဂုဏ်မြောက်နေတာကို စာဖတ်သူတို့ အထင်းသား တွေ့မြင်နိုင်ပါတယ် ....။
ဒီကဗျာလေးက တက္ကသိုလ်မြန်မာစာစုအုပ်ထဲမှာ ပြဌါန်းထားတာဖြစ်လို့တော်တော်များများက သိကြမယ် ထင်ပါတယ်..။ ကဗျာရေးသူကတော့ မိတ္ထီလာ  အ.ထ.က (၁)က မြန်မာစာ ဆရာကြီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ် ...။ ကဗျာလေးကို အရမ်းနှစ်သက်မိတဲ့အပြင် ကွယ်လွန် သွားခဲ့ပြီဖြစ်သော ကဗျာဆရာ - မြန်မာစာ ကျောင်းဆရာကြီး ဦးအေးငွေကို လေးစားစွာဖြင့် ဒီကဗျာလေးကို  စာဖတ်သူ အားလုံးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ...။

"ရုန်းရင်းကန်ရင်း"

လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ

မျက်လှည့်ပမာ တွေ့မြဲသာတည်း။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။



အေးငွေ
ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်

မြန်မာအကျိုး မြန်မာမျိုးကို တိုးပွားဝေဆာ ... မြန်မာစာဖြင့် လှဂုဏ်တင့်ဖို့ မြှင့်တင်ကြပါစို့...

ကျမ၏မြန်မာစာဆရာပျိုးခင်းဦးမြင့်နိုင်(အမရပူရ)နှင့်တစ်ကွ ၊ လေးစားအပ်သော မြန်မာစာဆရာကြီးများ ကဗျာဆရာကြီးများအား ရိုသေစွာ ဦးညွှတ်ပါ၏ ။
နှင်းဟေမာ
23 Jan 2010


Saturday, January 16, 2010

အနှစ်တရား တိုးပွားစေချင်...


လူ့ဘ၀ဆိုတာ အကာနဲ့အနှစ် ခွဲခြားသိမြင်တတ်မှသာ အကာကိုခွဲပြီး အနှစ်ကို ဆွဲထုတ်ယူနိုင်လိမ့်မယ်။ အကာလောက်ကိုသာ အနှစ်ထင်နေရင် သို့မဟုတ် အကာနှင့်အနှစ် ပြောင်းပြန်အမြင်လွဲနေရင် အဖိုးတန်လှတဲ့လူ့ဘ၀မှာ အနှစ်မတွေ့ရတော့ဘဲ အကာနဲ့သာ တစ်ဘ၀လုံးဆုံးတတ်ပါတယ်။ ဗုဒ္ဓသာသနာဆိုတာအကာကို အကာမှန်းသိအောင်၊ အနှစ်ကို အနှစ်လို့မြင်အောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ညွှန်ပြပေးနေတဲ့ လမ်းစဉ်ပါ။ မိမိတို့သည် နေ့စဉ်မပြတ် အမြဲတမ်းလုပ်ဆောင်နေသော ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော လုပ်ဆောင်နေမူများသည် အကာလား၊ အနှစ်လား ဆိုတာကို မိမိ၏ကိုယ်ပိုင်ဥာဏ်ဖြင့် တွေးတောကြည့်ကာ သတိထားစေချင်ပါသည်။ အ၀ိဇ္ဇာတည်းဟူသော အမိုက်မှောင်ဖုံးလွမ်း၍သာ အကာကို အနှစ်ထင်၊ အနှစ်ကို အကာထင်၍ လူ့ဘ၀မှ ထွက်ခွါသွားရမည်ဆိုလျှင် လွန်စွာပင် ၀မ်းနည်းဖို့ကောင်းပေသည်။

လူ့ဘ၀တွင် လူသားစစ်စစ်တစ်ယောက် ပီသစေရန် အတ္တဟိတနှင့် ပရဟိတကို ညီညွတ်မျှတအောင် မိမိတို့ စွမ်းနိုင်သလောက် ကြိုးစားရပေမည်။ သို့မှသာ လူ့ဘ၀၏ အနှစ်တရားများကို ရှာဖွေတွေနိုင်ပေလိမ့်မည်။ လူ့ဘဝကိုရ၍ လူဖြစ်လာသည်နှင့်တစ်ပြိုင်နက် တာဝန်နှစ်ခုကို မလွဲမသွေဆောင်ရွက်ရမည်ဖြစ်ပေသည်။ ထိုတာဝန်နှစ်ခုကို ဆောင်ရွက်ရန်အလို့ငှာ လူဟူ၍ ဖြစ်လာခြင်းပင်ဖြစ်ပေသည်။ ထိုတာဝန်နှစ်ခုမှာ အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုး ကိုဆောင်ရွက်ခြင်းပင်ဖြစ်ပေသည်။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မိမိ၏ ကိုယ်ကျိုးစွန့်၍ လောကအတွက် အနစ်နာခံခြင်းဖြင့် တဏှာကို ပယ်သတ်တတ်သော အရဟတ္တမဂ်ဥာဏ်တော်ကို ရခဲ့၏။ ကိုယ်ကျိုးမစွန့်နိုင်ခြင်းသည် တဏှာကို မပယ်သတ်နိုင်သောကြောင့်ဖြစ်၏။ သူတစ်ပါးအကျိုးကိုဆောင်ရွက်ခြင်းဖြင့် သဗ္ဗညုတဥာဏ်တော်ကို ရခဲ့ပေသည်။
ထို့ကြောင့် အနစ်နာခံခြင်းသည် သာမာန်မဟုတ်ပေ။ အရဟတ္တမဂ်ဥာဏ်တော်ကို ရနိုင်စွမ်းရှိပေသည်။ သူတစ်ပါး၏ အကျိုးကိုဆောက်ရွက်ခြင်းဆိုသည်မှာလည်း သဗ္ဗညုတဥာဏ်တော်ကို ရစေနိုင်စွမ်းရှိပေ၏။ ထိုကြောင့် အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်းကို လူ့ဘ၀၏အနှစ်သာရဖြစ်သော တာဝန်နှစ်ရပ်ဟုဆိုရပေမည်။ မိမိတို့သည်လည်း အနှစ်သာရတရားများရင်ထဲတွင် တိုးပွားအောင် ဆောင်ရွန်ရန်လိုအပ်ပေသည်။ လောကမှာ မြတ်စွာဘုရားရှင်သာ အမြင့်မြတ်ဆုံး ပရဟိတ စွမ်းဆောင်ရှင်ဟုဆိုလျှင် သံသယဖြစ်ပွားစရာအလျဉ်းမရှိပေ။
မြတ်စွာဘုရားရှင်သည် အကြီးမားဆုံး အမြင့်မြတ်ဆုံး၊ အတိကျဆုံး၊ အပြည့်ဝဆုံး၊ အသေချာဆုံး၊ ပရဟိတ စွမ်းဆောင်ရှင်ဖြစ်ပေသည်။ ပရဟိတစိတ်နဲ့ပဲ ခက်ခဲတဲ့ ပါရမီတွေဖြည့်ခဲ့တယ်ဆိုတာလည်း သတ္တ၀ါအားလုံး အတွက်ပင် ဖြစ်ပေသည်။အတ္တဟိတ သက်သက်သာဆိုရင် ဘုရားဖြစ်အောင် ကျင့်နေဖို့တောင် မလိုတော့ပေ ။  အဘယ်ကြောင့် ဆိုသော် သုမေဓါ  ရှင်ရသေ့  ဘ၀က သာဝက ပါရမီပြည့်နေပြီဖြစ်ပေသည်။ ဆက်အားထုတ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ကို လက်တစ်ကမ်းတွင် ယူနိုင်စွမ်းရှိပေသည်။ ပရဟိတစိတ်ကြောင့်သာအသက် စည်းစိမ်များစွာ စွန့်လွှတ် အနစ်နာခံပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းမှုတွေကို ဖြည့်ကျင့်ခဲ့ဖြင်းဖြစ်ပါသည်။ အကြီးကျယ်ဆုံး ပရဟိတ လုပ်ငန်းကို လုပ်ဆောင်ပေးလိုသောကြောင့် အကြီးကျယ်ဆုံး သဗ္ဗညုတဥာဏ်တော်ကြီး ရဖို့အတွက် ကိုယ်ကျိုးစွန့်ခဲ့ခြင်းဖြစ်ပေသည်။ ပရဟိတအတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာ အောင်အနစ်နာခံကာ သတ္တ၀ါများအတွက်ဆောက်ရွက် ပေးခဲ့သည်မှာ မြတ်စွာဘုရားရှင်၏ မေတ္တာတရား၊ ကရုဏာတရားမှာ အနန္တပင်ဖြစ်ပေသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံလိုက်ခြင်းသည် ပါရမီဖြည့်ခြင်း ပင်ဖြစ်ပေသည်။
ပါရမီဆိုသည်မှာ မြင့်မြတ်သူတွေရဲ့ အလုပ်၊ တစ်နည်း မြင့်မြတ်သူ ဖြစ်ကြောင်းအလုပ်၊ မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့အလုပ်၊ မြင့်မြတ်သူအဖြစ် ပို့ဆောင်ဖန်တီးနိုင်တဲ့အလုပ်၊ နောက်ထပ်တဖန် `ပါရ´ဆိုတာ သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်၊ `မီ´ ဆိုတာ ရောက်စေနိုင်တဲ့တရား၊ ထို့ကြောင့် `ပါရမီ´ဆိုတာ `သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ တရား´ဟူ၍ နားလည်ရပေမည်။ ပရဟိတဆိုတာ ကိုယ်ကျိုးကို မငဲ့ဘဲ သူ့အတွက်ကောင်းကျိုးကို လုပ်ပေးတာဖြစ်ပါသည်။ သီးခြား အလှူဒါနကြီးတွေ လုပ်ကြတယ်ဆိုတာလည်း သူ့အတွက်ပါတယ်ဆိုပေမယ့်ကိုယ့်အတွက် ဦးတည်ပြီး လုပ်ကြခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ၀င်တို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်သော ကိုယ့်ရဲ့မဂ်ဖိုလ်နိဗ္ဗာန်ရရေးကို အဓိက ဦးတည်ခြင်းလဲဖြစ်ပေသည်။ ထို့ကြောင့် သီလရှိတဲ့မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး လှူကြတယ်ဆိုတာ ကိုယ့်အတွက်ငဲ့ပြီး ရွေးချယ်၍ လူခြင်းဖြစ်ပါသည်။
ပရဟိတဆိုတာကတော့ သူ့ဆီက ဘာတစ်ခုမှ မျှော်လင့်ချက်မထားပါဘူး၊ ငါတို့က ဒီလို ကူညီဆောင်ရွက်ပေးလိုက်ရင် သူတို့ကငါတို့ကို အသိအမှတ်ပြုပေးကြလိမ့်မယ်၊ ငါတို့ လိုအပ်တဲ့အခါ သူတို့က ပြန်ကူညီစောင့်ရှောက်ပေးကြလိမ့်မယ်လို့ လုံးဝမျှော်လင့်ချက်မထားပါဘူး၊ ပရဟိတသဘောဆိုတာ ကိုယ့်ကြောင့် သူချမ်းသာရင် မိမိရဲ့စိတ်ထဲမှာ ကျေနပ်နေမူမျိုးဖြစ်ပေသည်။ ကိုယ့်အတွက် မငဲ့မှ မြင့်မြတ်တဲ့ပရဟိတ စိတ်ဖြစ်မျိုးဖြစ်ပေမည်။
မြတ်စွာဘုရားရှင်ဟာဆိုရင် ကိုယ့်အတွက် ဘာအကျိုးမှမငဲ့ပြီး သဗ္ဗညုတဥာဏ်တော်ကြီးကို လိုချင်တာလည်း လောကအလယ်မှာ ကြွားဝါဖို့မဟုတ်ပေ။ ဥာဏ်ကြီးကျယ်မှအကြီးအကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်ဆောင်ရွက် အတွက်ပဲ ဖြစ်ပေသည်။ များများသိမှ များများပေးနိုင်မယ်၊ ကြီးကြီးသိမှ ကြီးကြီးလုပ်ပေးနိုင်မယ်၊ ကောင်းကောင်းသိမှလဲ ကောင်းကောင်း ဖန်တီး ပေးနိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့် ကြီးကြီးကျယ်ကျယ် လုပ်ပေးချင်လို့ ကြီးကျယ်တဲ့ဥာဏ်ကို ရဖို့အတွက် အကြီးကျယ်ဆုံး ပါရမီလုပ်ငန်းကို သတ္တ၀ါအားလုံးအတွက် ပါရမီဖြည့်ခြင်းပင်ဖြစ်ပေသည်။
ပရဟိတဆိုတာ ပေးဖို့သက်သက်တစ်ခုတည်းပါ။ လှူတဲ့အခါသီလရှိသူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက်ငဲ့လို့သော အလူမျိုး ဖြစ်ပေသည်။
ပရဟိတသည် အယုတ်၊ အလတ၊် အမြတ်မရွေး၊ လူမျိုးမရွေး ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး သတ္တ၀ါ
မရွေးအားလုံးရဲ့ အကျိုးအတွက် သူတို့ဆီကဘာတစ်ခုမှလဲ မျှော်လင့်ချက် မထားပါပဲ ကိုယ်ကြောင့် သူတစ်ပါး တွေချမ်းသာစေလိုချင်တဲ့ စိတ်မျိုးဖြစ်ပေသည်။ ဥပမာဆိုရသော် ခွေးကလေး တစ်ကောင် ရေနစ်မွမ်းလို့ ပင်ပန်းနေတာ ကိုမြင်လိုက်ရသောအခါ ကရုဏာအပြည့်နဲ့ မဖြစ်မနေ ဆယ်တင်ပေးလိုက်ပါတယ်။ လမ်းဘေးမှာ အစာငတ်ပြတ်လို့ အားအင်ချိနဲ့နေတဲ့ ခွေးငတ်ကလေး တစ်ကောင်ကို တွေ့မြင်လိုက်ရရင် ကရုဏာအပြည့်နဲ့ အစာကျွေးပေးလိုက်တယ်။ ခွေးလေးဆီကနေ ဘာကိုမှ မျှော်လင့်တောင့်တစရာ မထားပါဘူး။ ခွေးကလေးက ကျေးဇူးတင်ပါတယ်ဗျာ လို့ ကျေးဇူးတင်စကားလေးတောင် တုန့်ပြန်နိုင်စွမ်း မရှိပါဘူး။
သူ့ဆီက ဘာကိုမှ မလိုပါဘူး။ ကိုယ့်စေတနာ ကိုယ့်မေတ္တာ ကရုဏာကြောင့် ခွေးကလေး ဒုက္ခလွတ်ပြီး ချမ်းသာသွားရင် ပြီးပြီပဲ။ သူက မတုန့်ပြန်ပေမယ့် ကိုယ့်ရဲ့ အောင်မြင်တဲ့ စွမ်းဆောင်ချက်ကိုကြည့်ပြီး ကိုယ့်ဟာကိုယ် ကြည်နူး ၀မ်းသာရတာက လောကမှာ ဘယ်အရသာနဲ့မှ မလဲနိုင်တဲ့ အရသာပါ၊ ကိုယ့်စေတနာဟာ ကိုယ့်လုပ်ခ ရတာပဲဖြစ်ပေသည်။ ပရဟိတ စေတနာရှင်ဟာ ဒုက္ခလွတ်ပါစေဆိုတဲ့ ကရုဏာ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာနဲ့ပဲ ကူညီတတ်တယ်၊ ပေးကမ်းတတ်တယ်၊ ထောက်ပံ့တတ်တယ်၊ မေတ္တာ ကရုဏာအရင်းခံတဲ့ မြင့်မြတ်တဲ့ စေတနာနဲ့ပဲဆောင်ရွက်ပေးပါတယ်။ ဒါကြောင့်လဲ မြင့်မြတ်သူတွေရဲ့အလုပ်ဖြစ်တယ်။ ပရဟိတဆိုတာ သူ့အတွက် ကိုယ်အနာခံပေးတာ၊ သူလျှောက်လှမ်းနိုင်ဖို့ ကိုယ်က တံတားခင်းပေးတာ၊ အမြင့်မြတ်ဆုံး ပရဟိတစွမ်းဆောင်ရှင်ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ဓာတ်ကောင်းတွေ စိမ့်ဝင် ကူးစက်နေမှသာ မိမိတို့ရဲနှလုံးသားမှာ မြင့်မြတ်တဲ့ ပရဟိတစိတ်တွေ ကိန်းနေမှာ ဖြစ်ပါတယ်။
ပရဟိတ အလုပ်ကို မလုပ်ပဲ မနေနိုင်ဘူး၊ မြင့်မြတ်တဲ့ စိတ်ရှိသူပီပီ ဒါငါလုပ်ရမှာပါလို့ သိနေကြတယ်။ ထိုသို့ဆောင်ရွက်မှသာ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာကျင့်သုံးရာရောက်ပါတယ်။ မိမိတို့သည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အတွက် မြတ်စွာဘုရားရှင်ရဲ့ လမ်းစဉ်အတိုင်း မလွဲမသွေ လိုက်နာလုပ်ဆောင်အပ်ပေသည်။ သီတဂူ ဆရာတော်ဘုရားကြီးဟောကြားထားသော အရှင်ဓမ္မပါလဆုတောင်းတရားတော်မှ အနည်းငယ်ဖော် ပြလိုပါသည်။ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ နွားမတွေဟာ နို့ပေးပြီး လောကကို ကောင်းကျိုးပြုတယ်။ နွားထီးတွေဟာလဲ ပခုံးပွန်းအောင်ရုန်းပြီး လူသားတွေရဲ့ အကျိုးကို ဆောက်ရွယ်ပေးပါသည်။ ထိုနည်းအတူ သစ်ပင်တွေဟာလဲ လောကကို အကျိုးပြုတယ်။ သို့သော်ငြားလည်း သူတို့တွေဟာ အသိဥာဏ်မရှိတဲ့အတွက် ဘာကုသိုလ်မှ မရပါဘူး။ ဘာလို့လဲဆိုတော့ စားမယ်၊ အိပ်မယ်၊ ကာမဂုဏ်မှီဝဲမယ်ဆိုတဲ့ အသိကြောင့် ဘာကုသိုလ်မှ မရခြင်းဖြစ်ပါတယ်။
လူသားတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ဂုဏ်တွေ ငွေတွေ မဟုတ်ပါဘူး။ လူသားတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အသိဥာဏ်ပါ။ အသိရှိသော၊ စိတ်ဝိဥာဏ်ရှိသော၊ ဥာဏ်ရှိသော၊ သတိ၊ ၀ီရိယ၊ သဒ္ဓါရှိသော လူသားတစ်ယောက်ဟာ ကိုယ့်အကျိုးအတွက်ပဲ လုပ်သွားမယ်ဆိုရင် ဒီကမ္ဘာမြေကြီးပေါ်မှာ မရှိထိုက်ပါဘူး၊ သူများအကျိုအတွက်ရော လုပ်ဆောင်ပေးမှသာ လူသားစစ်စစ်ဖြစ်ပေမည်။ လူသားတစ်ယောက်ရဲ့ အသက်နှင့် ခန္ဓာဟာ အနှစ်တစ်ရာ အတွင်း ပျက်စီးနိုင်ပါတယ်။ လူသားတွေရဲ့ကောင်းကျိုးကို လုပ်ဆောင်သွားတဲ့ ဂုဏ်သတင်းကတော့ ဘယ်တော့မှ ပျက်စီးခြင်း ဖြစ်လိမ့်မည်မဟုတ်ပေ။ ကမ္ဘာဆုံးအောင် တည်တံ့နေလိမ့်မည်ဖြစ်ပေသည်။ အသိဥာဏ်ရှိသော လူသားတစ်ယောက် အနေနှင့် လောကီ၊ လောကုတ် နှစ်ဌာနသော အကျိုးစီးပွားတို့အား ဆောက်ရွက်ရင်း လောကအလှပန်းများ ဆင်နိုင်အောင် ကြိုးစားအားထုတ်အပ်ပေသည်။ အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုးစီးပွားလုပ်ဆောင်ရန် ရောက်ရှိလာသော လူသားများ ဖြစ်ကြပါစေဟု ပရဟိတစိတ်ဓါတ်ခွန်အားများ ဆထက်တစ်ပိုး တိုးပွားစေရန် ရည်သန်၍ ရင်ထဲကဆန္ဒအမှန်အား ရေးသားရင်း နိဂုံးချုပ်အပ်ပါသည်။

အသိတရားလက်ကိုင်ထား၍ ဆောင်ရွက်သွားနိုင်ကြပါစေ....။

ကိုညီ

ဒီနေရာလေးကို ရောက်လာကြသော စာဖတ်သူများအားလုံးအတွက် အနှစ်တရားများတိုးပွားကြစေဖို့ ရည်ရွယ်ပြီး ကျမတို့ မေတ္တာကမ္ဘာဖောင်ဒေးရှင်း ၀က်ဆိုဒ်ရဲ့ဒီနေရာလေးမ ကူးယူပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ် ....။အားလုံးပဲ ပရဟိတစိတ်ဓါတ်ခွန်အားများ  ရှင်သန်နိုးကြား နိုင်ကြပါစေဟု ဆန္ဒပြုရင်း ....

နှင်းဟေမာ
16 Jan 2010

Wednesday, January 13, 2010

ဗုဒ္ဓဘာသာဆိုတာ ...


ဆရာတော်ဘုရားကြီး၏ ပုံတော်ကို ကိုဝင်းမြင့် ၏ ဓမ္မသုခ ဆိုဒ်မှ ကူးယူ၍ ပူဇော်ပါသည် ...။

ဗုဒ္ဓရဲ့ ပုံတော်၊ ဆင်းတုတော်၊ ဘာကြောင့် ကိုးကွယ်နေသလဲ

ဗုဒ္ဓ၀ါဒမှာ မျက်စိမှိတ် ယုံကြည်ကိုးကွယ်ရတာမျိုး မရှိဘူး။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓရဲ့ ပုံတော် ရုပ်ဆင်းတုတော်တွေကို ဘာကြောင့် ကိုးကွယ်နေကြသလဲ လို့ မေးနိုင်ပါတယ်။
အဖြေကလွယ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ ပုံတော်ကို ရှိခိုးပူဇော်နေကြတာဟာ ချမ်းသာစည်းစိမ် တစုံတခုကို မျှော်လင့်တောင်တပြီး ရှိခိုးနေကြတာ မဟုတ်ပါဘူး။ အသက်ထင်ရှားရှိတဲ့ ဗုဒ္ဓရဲ့ ရှေ့မှောက် ရောက်နေတယ်လို့ ထင်မှတ်ပြီး အလွန်လေးနက်သော ဂါရ၀ဖြင့် ရှိခိုးပူဇော်နေကြခြင်း ဖြစ်တယ်။ အဲဒီ ရှိခိုးပူဇော်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲကို မိမိရဲ့စိတ်သွင်းပြီးကြည့်လိုက်စမ်းပါ။ ဘယ်လောက်အံ့သြစရာကောင်းသလဲ။
အတုမရှိတဲ့ မဟာပုရိသဗုဒ္ဓရဲ့ပုံတော်ရှေ့မှာ ပန်း ၊ ရေချမ်း ၊ ဆီမီး ဆွမ်း စသည် ကပ်လှူပြီး ရှိခိုးနေရ တာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်နှလုံးမှာ ကြည်လင် အေးချမ်းပြီးတော့ ဆုတ်နစ်သော စိတ်ဓာတ်ဟာ တက်ကြွလာတယ်။  ကျဆင်းနေသော  စိတ်ဓာတ်ဟာ တိုးပွားလာတယ်။  ညစ်ညူးနေသော စိဓာတ်ဟာ ကြည်လာတယ်။


ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု
ဗုဒ္ဓရှင်တော်ကလဲ မိမိရဲ့ သာဝကတွေကို မိမိကျင့်သလို ကျင့်စေချင်တယ်။ မိမိကို အတုယူစေချင်တယ်။ ဗုဒ္ဓရဲ့ ပုံတော်ရှေ့မှောက်မှာ ထိုင်၍ ဗုဒ္ဓကို အာရုံပြုပြီး ပူဇော်လိုက်တဲ့အခါ ဗုဒ္ဓနဲ့ အတူတူနေရတယ်လို့ စိတ်မှာ ၀င်စားလာတတ်ပါတယ်။
ဗုဒ္ဓနဲ့ အတူတူနေရတဲ့ ပုဂ္ဂိုလ်ဟာ မကောင်းသော အကျင့်တွေကို ကျင့်လို့ ဘယ်ဖြစ်တော့မလဲ။ တဖြည်းဖြည်း ဗုဒ္ဓဓာတ် ကူးလာနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓကလဲ ပညာဉာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်သည်ကို လက်ခံပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလဲ ဤရည်ရွယ်ချက်ဖြင့် ဗုဒ္ဓပုံတော်ကို ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။
ညောင်ပင်ဟာ ဗောဓိဉာဏ်ရဲ့ အထိမ်းအမှတ်တခု ဖြစ်ပါတယ်။ ဒီညောင်ပင်မှာ ဗောဓိဉာဏ်ရလို့ ဒီညောင်ပင်ကို ဗောဓိပင် ခေါ်ကြပါတယ်။

ဗုဒ္ဓဘာသာရဲ့ ပဓာန လုပ်ငန်းတခု
ရုပ်တု၊ ဆင်းတု၊ ညောင်ပင်စသည် ပူဇော်ခြင်း တွေဟာ ဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ အချက်တွေတော့ မဟုတ်ပါဘူး။ သို့သော် သမာဓိ ကောင်းစွာ ရရှိနိုင်တဲ့အတွက် လုပ်ထိုက်သော လုပ်ငန်းတရပ်ဖြစ်ပါတယ်။ ဒါကြောင့် အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်များဟာ အတုမဲ့ မဟာပုရိသ ဖြစ်တော်မူတဲ့ ဗုဒ္ဓရဲ့ ပုံတော်ကို သူတို့စိတ်ထဲမှာ ထင်ထင်ရှားရှား ထည့်သွင်းထားပြီး ဗောဓိဓာတ်ကို ရအောင် ယူကြတယ်။ စိတ်ကြည်လင်မှု ချမ်းသာမှုကို ရှာဖွေကြတယ်။
သို့သော် ဗုဒ္ဓဘာသာဝင်တွေဟာ ကျေးဇူးရှင် မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်နေကြခြင်းထက် မြတ်ဗုဒ္ဓကဲ့သို့ သစ္စာတရားတို့ကို သိအောင် အားထုတ်ခြင်း၊ သိက္ခာသုံးပါး၊ မဂ္ဂင်ရှစ်ပါး ပါရမီ ၁၀-ပါးတို့ကို အားထုတ်ခြင်းကသာလျှင် ပိုမြတ်ပါတယ်။ ဗုဒ္ဓကလဲ တပည့်သာဝကတို့ရဲ့ ပူဇော်ခြင်းထက် မိမိကျင့်သလို အကျင့်မြတ်တွေ ကျင့်ကြံလိုက်နာခြင်းကိုသာ မျှော်လင့်ပါတယ်။ ကျင့်ဖို့ချည်း တိုက်တွန်းနှိုးဆော်ပါတယ်။


ဗုဒ္ဓကို မြင်တွေ့တဲ့ လူ ဆိုတာ
ငါဘုရား၏ အဆုံးအမ အကျင့်မြတ်တွေကို ကျင့်ကြံ လိုက်နာသူသည် ငါဘုရားကို အမြတ်ဆုံး ပူဇော်သူမည်၏။ တရားမြင်သူသည် ငါဘုရားကို မြင်၏။ တရားမမြင်သူသည် ငါဘုရားကို မမြင်သေး-ဟု ဟောတော်မူခဲ့ပါတယ်။
သို့သော် ဗုဒ္ဓပုံတော်ထက် ပို၍ခံ့ညား သပ်ရပ် ထည်ဝါပြီး ကျက်သရေရှိသော အခြားရုပ်ပုံတခု ဤကမ္ဘာလောကမှာ မရှိတော့ပါ။
မျက်စိနဲ့မြင်ရတဲ့ ဗုဒ္ဓပုံတော်ကို မြင်ရ ကြည့်ရသောအခါ ဗုဒ္ဓပုံတော်ထဲမှာ ဗုဒ္ဓရဲ့ စိတ်ဓာတ်တွေ ပါဝင်လာတယ်လို့ ထင်ရပြီး မိမိရဲ့ နှလုံးသားမှာလဲ ဗောဓိဉာဏ်ရဲ့ အရောင်ဟာ ထင်ဟပ်လာတယ်လို့ ထင်မှတ်ရပါတယ်။
နောက်ထပ်ပြောလိုတာက ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓဘာသာ မှာ အသနားခံ၍ ဆုတောင်းခြင်း၊ ဗုဒ္ဓနှင့် ဆုတောင်းသူတို့ကြားထဲမှာ ဆက်သွယ်သူ (အောင်သွယ်သဘော) ကိုယ်စားလှယ်ထား၍ ဆုတောင်းခြင်းဆိုတာ မရှိပါဘူး။


ဗုဒ္ဓဘာသာတို့ ဆုတောင်းတယ်ဆိုတာ
ဘုန်းကြီးက လူတွေအလယ် ဆုတောင်းပေးရတယ် ဆိုတာမျိုး၊ ဒုက္ခရောက်လာလို့ ကယ်တင်တော်မူပါ။ ကျူးလွန်မိလာလို့ သနားစောင့်ရှောက်တော်မူပါ ဆိုတာမျိုးတွေ မရှိပါဘူး။
သို့သော် ဗုဒ္ဓထံမှာ ဆုပန်တယ်၊ ဆုတောင်းတယ်ဆိုတာ ရှိပါတယ်။ ကယ်တင်ဖို့ စောင့်ရှောက်ဖို့ တောင်းတာ မဟုတ်ပါဘူး။ မိမိဖြစ်ချင်တဲ့ ဆန္ဒကို မိမိရဲ့ ကောင်းမှုပေါ်မှာ အခြေခံပြီး ထုတ်ဆိုခြင်းသာ ဖြစ်ပါတယ်။
ဗုဒ္ဓကလဲ သင်တို့ တောင်းဆိုတာတွေကို ငါ ဘုရား ပေးမယ်လို့ ဘယ်တော့မှ ဘယ်တုန်းကမှ တာဝန်မခံပါဘူး။ အသနားခံခြင်း ဆုတောင်းခြင်းတွေမှတပါး မိမိဘ၀ ဖြူစင်သန့်ရှင်းရေး အသိဉာဏ် ပွင့်လင်းရေး ဒုက္ခမှ လွတ်မြောက်ရေးတို့အတွက် သိက္ခာသုံးပါး ကျင့်သုံးဖို့ကိုသာ ဗုဒ္ဓသည် ညွှန်ပြတော်မူလေ့ရှိပါသည်။
သိက္ခာသုံးပါးဆိုတာ-သီလ၊ သမာဓိ၊ ပညာ ပါပဲ။ သီလကျင့်တော့ ကိုယ်နှုတ်နှစ်ပါး ဖြူစင်သန့်ရှင်းသွားတယ်။ သမာဓိရအောင် အားထုတ်တော့ စိတ်အညစ်အကြေးတွေ တခဏ တဘ၀ သန့်ရှင်းအေးချမ်းသွားတယ်။ ပညာကျင့်စဉ် ကျင့်လိုက်တော့ ကိလေသာ အညစ်အကြေးတွေ အပြီးတိုင် ကင်းဝေးသန့်ရှင်းသွားတယ်။


ကမ္မဋ္ဌာန်းအားထုတ်တာ စိတ်ကူးယဉ်နေတာလား
တနည်းပြောရရင် ကမ္မဋ္ဌာန်းတရား အားထုတ်မှုမှ သန့်ရှင်းမှု၊ ငြိမ်းချမ်းမှုဆိုတာ ရတယ်။ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ငြိမ်ငြိမ်ကလေး ထိုင်ပြီး စိတ်ကူးယဉ်နေတာမျိုး မဟုတ်ပါဘူး။ စိတ်ကို ဗလာဟင်းလင်းဖြစ်အောင် လုပ်နေခြင်းလဲ မဟုတ်ပါဘူး။
ကောင်းကင်မှာပျံသွားတဲ့ ပျံလွှားငှက်ကလေးများကဲ့သို့ နှလုံးသားထဲက စိတ် စေတသိက်တွေဟာ အလွန် အရှိန်အဟုန်ပြင်းစွာနဲ့ သင်္ခတတရားတို့ ပျက်စီးပြိုကျနေမှု၊ မိမိခန္ဓာရဲ့ ပြောင်းလဲနေမှုတွေကို အမီလိုက်၍ ကြည့်နေခြင်းကို ကမ္မဋ္ဌာန်းလို့ ခေါ်တယ်။
ဗုဒ္ဓသည် တန်ခိုးမရှိတဲ့ ဆုပေးစကားကို မပြောကြားရုံသာမက အသနားခံ တောင်းဆိုနေတဲ့ အညံ့ခံလိုတဲ့ စိတ်ဓာတ်များကိုလဲ ညံ့ဖျင်းတဲ့ စိတ်မျိုးဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။


ဗုဒ္ဓရဲ့ လမ်းစဉ်
ဒါကြောင့် ဗုဒ္ဓ၀ါဒမှာ ကယ်တင်စောင့်ရှောက်ဖို့ မျှော်လင့်ပြီး ဆုတောင်းတာမျိုး မရှိပါဘူး။ ကိုယ့်ကိုယ်ကို အားကိုးပြီး ကိုယ့်ဘ၀လွတ်မြောက်ရေးအတွက် ဗုဒ္ဓညွှန်ပြပေးထားတဲ့ လမ်းစဉ်အတိုင်း ကိုယ့်အစွမ်းသတ္တိနဲ့ကိုယ် အားထုတ်နေကြပါတယ်။
ကမ္မဋ္ဌာန်း အားထုတ်တာကတော့ ကြားအောင်သွယ် ပုဂ္ဂိုလ်မလိုပါဘူး။ ကိုယ့်စိတ် ကိုယ့်ကိုယ်ကို ကိုယ်ကိုယ်တိုင်ပဲ ပြုပြင်ပြောင်းလဲပေးနေတာ ဖြစ်တယ်။
ဗုဒ္ဓ၀ါဒမှာ ကြောက်ရ ရိုသေရ နားထောင်ရမယ့် ဒေ၀ဗြဟ္မာ ဖန်ဆင်းရှင် စိုးမိုးသူ စသည် မရှိပါ။


ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ်
ဗုဒ္ဓသည် ကမ္ဘာ၊ လောက၊ နေ၊ လ၊ နက္ခတ်၊ ဂြိုဟ်၊ တာရာတွေထဲမှာ တန်ခိုးသတ္တိရှိသော အလုံးစုံကို အကုန်အစင် သိသော၊ တစုံတခုသောလာဘ်ကို ပေးသော၊ အလုံးစုံကို အကုန်အစင် ဖန်ဆင်းသော၊ အလုံးစုံကို အစိုးရသော၊ အမြဲတည်ရှိသော၊ အားလုံးသော လောကနှင့် စကြ၀ဠာ သတ္တ၀ါတို့၏ ရှေးဦးစွာက ဖြစ်နေသော၊ ရှိနေသော၊ တစုံတယောက်သော ဗြဟ္မာ၊ ဒေ၀တို့ကို လက်မခံပါ။ အယုံအကြည် မရှိပါ။
ဗုဒ္ဓ၀ါဒမှာ မမြင်ရ မသိရသော နေရာဌာန၊ တခုမှ မတွေ့မမြင်နိုင်သော အစမထင် တန်ခိုးရှင် တစုံတယောက်ထံမှ ကောင်းချီးမင်္ဂလာ သြဘာဆုလာဘ်များကို သယ်ဆောင်ပြီး ဖြန့်ဝေပေးနေသည့် ပုဂ္ဂိုလ်လည်း မရှိပါ။


ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ချက်
ထို့ကြောင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ၀ါဒကို ကျင့်သုံးသော ပုဂ္ဂိုလ် (ဗုဒ္ဓဘာသာဝင်) ဆိုတာဟာ အပြစ်ဒဏ်ကို ပေးတတ်၊ အပြစ်ကို ပယ်ဖျောက်တတ်သော ကောင်းချီးမင်္ဂလာ ဆုလာဘ်ကို ပေးတတ်သော တန်ခိုးဖြင့် လွှမ်းမိုးအုပ်ချုပ်နေသော၊ သဘာဝထက် လွန်ကဲသော၊ တန်ခိုးရှင်ဣဿရ တစုံတယောက်ကို ခစား ညွှတ်တွား၍ တာဝန်ထမ်းနေရသော ပုဂ္ဂိုလ်များ မဟုတ်ကြပါဘူး။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ တစုံတယောက်သော တန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ အစိုးရသူတို့ထံမှ အပြစ်ကို ပယ်ဖျောက်ခြင်း၊ ကောင်းချီးဆုလာဘ်များ ပေးသနားခြင်းတို့ကို မျှော်လင့်တောင့်တနေကြသူများလဲ မဟုတ်ကြပါဘူး။
မိမိတို့ ကောင်းဆိုးနှစ်မျိုးသော ဘ၀နှင့် ကောင်းကျိုး၊ ဆိုးကျိုးတို့ကို မိမိတို့ရဲ့ တန်ခိုးထက်လှစွာသော စိတ် စေတသိက်များကသာ ဖန်ဆင်းပြုလုပ်ပေးကြတယ်လို့ ယုံကြည်ထားကြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ တစုံတယောက်သော တန်ခိုရှင်၊ ဖန်ဆင်းရှင်တို့၏ ကယ်တင်စောင့်ရှောက်မှုကို မျှော်လင့်တောင့်တနေကြသူများ မဟုတ်ကြပါဘူး။


ကိုယ်ပိုင် အရည်အချင်းကို အသုံးချရတဲ့ ဘာသာ
ယခုလိုပြောလိုက်တဲ့အတွက် ဗုဒ္ဓ၀ါဒကို အထင်မမှားသင့်ပါ။ ဗုဒ္ဓ၀ါဒသည် လောကသစ္စာကို မငြင်းပယ်ပါ။ အခြားမည်သည့်ဘာသာကိုမှ မဆန့်ကျင်ပါ။ ဗုဒ္ဓ၀ါဒသည် သတ္တ၀ါတို့အတွက် ရေရာပြီး သေချာသော သဘာဝများကိုသာ အသိအမှတ် ပြုပါတယ်။
ဗုဒ္ဓ၀ါဒသည် လူသားတယောက်စီ တယောက်စီမှာ ရှိနေသော အလွန်တန်ခိုးထက်သည့်စိတ်၊ စေတသိက်တို့ကို အရင်းပြု၍ နည်းမှန်လမ်းမှန် တကယ်အားထုတ်ကျင့်ကြံထားသော ဆရာကောင်း ဆရာမြတ်တို့၏ အကူအညီ အဆုံးအမဖြင့် ကိုယ်တိုင် ကြိုးစားအားထုတ်မှသာလျှင် ဆင်းရဲဒုက္ခအပေါင်းမှ ကိုယ်တိုင် လွတ်မြောက်နိုင်တယ်လို့ ညွှန်ကြားပါတယ်။ သင်ပြပါတယ်။
ထို့ကြောင့် ဗုဒ္ဓ၀ါဒကို ဘယ်နည်းနှင့်မျှ ဘယ်အကြောင်းကြောင့်မျှ Religion လို့ မဆိုနိုင်ပါဘူး။ ဗုဒ္ဓ၀ါဒသည် ယုံကြည်ပြီး ဆုတောင်းနေရ၊ ကိုးကွယ်ပသနေရတဲ့ဝါဒမျိုးလည်း မဟုတ်ပါဘူး။ ကောင်းမြတ်သော သေချာရေရာသော ရည်ရွယ်ချက်ဖြင့် မိမိတို့ ပိုင်ထားတဲ့ တန်ခိုးထက်လှစွာသော သတိ၊ ၀ီရိယ၊ ပညာ စတဲ့ စိတ် စေတသိက်တို့ကို အသုံးချ၍ အားထုတ်ကျင့်ကြရသော ကျင့်စဉ်မျိုး ဖြစ်ပါတယ်။


ဗုဒ္ဓဘာသာသည် ဘာသာအားလုံးတို့ရဲ့ ဘာသာ
အကယ်၍ ဗုဒ္ဓ၀ါဒကို Religionလို့ ဆိုရင်တော့ အခြားအခြားသော Religion မျိုး မဟုတ်ပါဘူးလို့ ဆိုချင်ပါတယ်။
Buddhist Religion သည်-
၁။ အလွန်လေးနက်သော ဘ၀အမြင်ကို ကောင်းစွာ သင်ပြပေးသော Religion တခု ဖြစ်ပါတယ်။
၂။ ထိုလေးနက်သော ဘ၀အမြင်ကို အခြေခံ၍ ဘ၀လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ လမ်းညွှန်ပေးသော Religion တခုလဲ ဖြစ်ပါတယ်။
၃။ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် အားထုတ်သည့်အလျောက် အသိဉာဏ်များ တောက်ပြောင် ပွင့်လင်းလာအောင် သင်ပြပေးသော Religion လဲ ဖြစ်ပါတယ်။
၎။ လူသားတို့ရဲ့ တန်ခိုးထက်လှစွာသော စိတ်၊ စေတသိက်ကို စနစ်တကျ အသုံးချခွင့်ပေးသော Religion လဲ ဖြစ်ပါတယ်။
၅။ ဘ၀နှင့်သေမင်းကို ရင်မဆိုင်ရဲသော သတ္တ၀ါတို့အား ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ဘ၀နှင့်သေခြင်းကို ရင်ဆိုင်ရဲအောင် သင်ပြပေးသော Religion လဲ ဖြစ်ပါတယ်။
နိဂုံးချုပ် ပြောရပါလျှင်-
ဗုဒ္ဓ၀ါဒသည် ဘ၀ဒုက္ခ အားလုံးတို့ကို ပယ်ဖျောက်ပစ်ဖို့၊ ဘ၀ဒုက္ခမှ လွတ်မြောက်ဖို့ ကျင့်ရမယ့် အားထုတ်ရမယ့် စနစ်ကျသော ကျင့်စဉ် တမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒကို Religion လို့ ဆိုရင်တော့ Religion of All Religions လို့ ဆိုချင်ပါတော့တယ်။
သတ္တ၀ါအားလုံး အကျင့်မှန်ကို ကျင့်နိုင်ကြပါစေ။ သတ္တ၀ါအားလုံး ဘ၀ဇာတ်သိမ်း ဒုက္ခငြိမ်းကြပါစေ။ တရားကျင့်မူ၊ ခပ်သိမ်းသူ၊ သီတဂူသို့ အေးပါစေ။

သီတဂူ ဆရာတော်
( မြတ်မင်္ဂလာ ၁၉၉၉-ခု ဇွန်လ )

ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်တဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ ဆောင်းပါးတစ်ပုဒ်အား လာလည်ကြသူ မောင်နှမများနဲ့ စာဖတ်သူမောင်နှမများအားလုံး အကျိုးရှိစေဖို့အတွက် ရည်ရွယ်ပြီး ပြန်လည် မျှဝေလိုက်ပါတယ်..။ အားလုံးပဲ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မှန်ကန်စွာ သိရှိနားလည်ကြပြီး ယုံကြည်မှု သဒ္ဓါတရား နှင့် မိမိတို့၏ ကိုယ်ပိုင် အသိဉာဏ်ပညာတို့ကို ညီညွတ်စွာ ပေါင်းစပ်ပြီး ဝေဖန်ပိုင်းခြား သိနားလည်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။


အားလုံးကို ချစ်ခင်လေးစားလျှက် ~


နှင်းဟေမာ
13 Jan 2010

Saturday, January 9, 2010

မနှင်းတို့ရွာ (၂)

မနှင်းတို့ရွာ (၂)ကို မရေးခင်မှာ မနှင်းတို့ရွာ (၁)ကို စိတ်ပါဝင်စားစွာ အားပေးဖတ်ရှုကြသူများ မနှင်းတို့ရွာ(၂)ကို ဆက်လက်ရေးသားရန် တောင်းဆိုကြသူများ (နှင်းဟေမာ ကိုယ်ရည်သွေးလိုက်ပါသည်းD)မနှင်းတို့ရွာကို အလည်လိုက်ချင်ကြသူများကို အထူးပဲ ကျေးဇူးတင်မိပါကြောင်း နဲ့ မနှင်းတို့ရွာစခန်း ကိုလည်း တစ်ခါတစ်ခေါက်လောက် လှမ်းလာခဲ့ကြပါဦးလို့ အားလုံးကို ဖိတ်ခေါ်ချင်စမ်းလှပါသည်....။

ဒီတစ်ခါတော့ မနှင်းတို့ရွာမှာ တစ်ခုတည်းသောတွဲဘက်အထက်တန်းကျောင်းလေးနဲ့ ကျောင်းလေးက မွေးဖွားပေးလိုက်တဲ့ ရင်သွေးငယ်လေးများအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ် ...။ မနှင်းတို့ ရွာကျောင်းမှာ အဆက်ဆက်အုပ်ချူပ်ခဲ့ကြတဲ့ ကျောင်းအုပ်တွေအများအပြားရှိခဲ့တဲ့အထဲက မနှင်းတို့ ကျောင်းသားဘ၀မှာ တွေ့ဆုံကြုံခွင့်ရခဲ့ရတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ရဲ့အမည်ကတော့ ဦးစွာ ဖြစ်ပြီး ..ဆရာကြီးမှာ သားသမီး၂ယောက်ရှိပါတယ်...။ စာအရမ်းထူးချွန်တဲ့ ဆရာကြီးရဲ့သားက ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်း (RIT)က ဘွဲ့ရခဲ့ပြီး မနှင်းတို့ငယ်ငယ်ကတည်းက ရွာမှာ အထက်တန်း ကျောင်းသားတွေရဲ့လုပ်အားပေးဆရာ လုပ်ပါတယ် ...။ဆရာကြီးသမီးကတော့ အလယ်တန်းပြ ကျောင်းဆရာမလေးအဖြစ် ရွာကျောင်းမှာပဲ ယခုထိတာဝန် ထမ်းဆောင်နေဆဲဖြစ်ပါတယ် ....။မနှင်းတို့ရွာလေးရဲ့ အနောက်တောင်ဒေါင့်မှာတော့ ကဆုန်လပြည့်နေ့တိုင်း တစ်ရွာလုံးညောင်ရေသွန်းပွဲတော် ဆင်နွှဲလေ့ရှိတဲ့ ညောင်ပင်ကြီးအကြီးကြီး တစ်ပင်ရှိပြီး ညောင်ပင်ကြီးရဲ့ အရိပ်အာဝါသအောက်မှာတော့ မနှင်းတို့ကျေးရွာလေးရဲ့ တစ်ခုတည်းသော စာသင်ကျောင်းလေးက နေရာယူထားပါတယ် ....။
ရွာရဲ့တစ်ခုတည်းသော အစိုးရတွဲဘက်အထက်တန်း ကျောင်းလေးမှာ မနှင်းတို့ကျေးရွာသာမကပဲ အနီးနားကျေးရွာအုပ်စုဝင် ရွာတော်တော်များများက ကျောင်းသားကျောင်းသူလေးများစွာတို့က လာရောက်ပြီး ပညာရည်နို့သောက်စို့လျှက်ရှိကြပါတယ် ....။ သို့ပေမယ့် အခုထက်ထိတော့ မနှင်းတို့ကျောင်းလေးက အထက်တန်း ကျောင်းမပွင့်သေးပါဘူး ....။ အဲဒီ့အတွက် မနှင်းတို့ရွာကျောင်းက ကလေးတွေ ဆယ်တန်း စာမေးပွဲဖြေကြတဲ့အချိန်မှာတော့ အရမ်းဒုက္ခ ရောက်ရပါတယ် ...။
ရွာကနေ ဝေလီဝေလင်း ဘတ်စ်ကားအအိုကြီးနဲ့ စထွက်ရပြီး ရွာနဲ့ ၅မိုင်ခန့်ဝေးတဲ့ အစိုးရအထက်တန်းကျောင်းကြီးတစ်ကျောင်းမှာ သွားရောက်ဖြေဆိုကြရပါတယ် ....။ အပြန်မှာလဲ ကားကြီးက အိပဲ့ အိပဲ့ နဲ့ ရွာပြန်လာရတာ အဲဒီ့အချိန်တုန်းကတော့ အင်မတန် စိတ်ပျက်ဖို့ ကောင်းသလို အခုချိန်ပြန်စဉ်းစားလိုက်ရင်လည်း ပြန်မရနိုင်တော့တဲ့ ငယ်ဘ၀တွေကို လွမ်းရပြန်ပါတယ် ....။မနှင်းတို့ရွာလေးက သေးငယ်လှပေမယ့် ပညာရေးကို အလွန်ဦးစားပေးခဲ့တဲ့ ဥယျယဉ်မှူးနဲ့တူတဲ့ ဆရာကြီး ဆရာမကြီးဟောင်းတွေရဲ့ ပြုစုပျိုးထောင်မှုတွေ ကောင်းခဲ့တဲ့ အတွက် ရွာကျောင်းရဲ့အနာဂတ် ပန်းကလေးများရဲ့ ရနံ့ဟာလည်း အစဉ်အဆက် မွှေးကြိုင် သင်းပျံ့လို့နေခဲ့ပါတယ် ...။ ဆရာကြီးဦးစွာ အ၀င်အပါ ...ဆရာကြီးဆရာမကြီးတို့ရဲ့ အတွဲညီညီ ကြိုးပမ်းမှုကြောင့် ဆယ်တန်းဖြေဆိုကြမယ့် ကျောင်းသားအားလုံးဟာ စာမေးပွဲမဖြေခင် ၁လ အလိုမှာတော့ ရွာကျောင်းမှာပဲ အိပ် ရွာကျောင်းမှာပဲစားပြီး ဆရာ ဆရာမများက အပင်ပမ်း ခံ အိပ်ပျက်ခံကာ Night Study မှာ အပြင်းအထန် ၀င်ရောက်ကျက်မှတ်ကြရပါတယ် ....။
အငြိမ်းစား ဆရာကြီး ဆရာမကြီးများရဲ့ လမ်းညွှန်မှု နဲ့အတူ ရွာကျောင်းက ကျောင်းသားဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဆရာကြီးဦးစွာ ၊  ရွာသူကြီး ဦးသောင် ၊ ဆရာ ဆရာမများ ၊ ကျေးရွာမိဘများရဲ့ကြိုးပမ်းအားထုတ်မှုများကို အရင်းပြုပြီး ကျောင်းမီးစက်ကြီး တ၀ုန်း ၀ုန်း တဒိုင်းဒိုင်း နှိုးလျှက် မြို့နယ်ခရိုင်အလိုက်ထိ အောင်ချက်အကောင်းဆုံးဆိုတဲ့ အောင်မြင် မှုကို မနှင်းတို့ ဆယ်တန်းအောင်မြင်ခဲ့တဲ့နှစ်က ရယူနိုင်ခဲ့ပါတယ် ...။
မနှင်းတို့ကျောင်းက ကျောင်းသားလေးတွေဟာ ညနေရောက်ရင် ထင်းခွေ ရေခပ် ၊ ထန်းတက် ၊ထန်းလျှက်ကျို၊ မြေအိုးကောက် ၊ ဆိတ်ကျောင်း သိုးကျောင်း နွားကျောင်းကာဖြင့် ကောင်စိုက် ၊ ပျိုးနှုတ် နေ၀င်မိုးချူပ်အလုပ်တွေလုပ်ကြလျှက် ခါးကြားမှာ စာအုပ်ညှပ်ပြီး ပညာရှာရတဲ့ဘ၀တွေကနေ ရုန်းကန် ဖြတ်သမ်းကြရသူတွေက ပိုများလှပါတယ် ....။

မနှင်းတို့ သူငယ်ချင်းတွေထဲက မိသားစုများများရှိတဲ့သူတွေခမျာ ကလေးထိမ်းရင်းတစ်ဘက် စာကျက်ရပါတယ် ....။မနှင်းတို့ ရှေ့တစ်နှစ်က ဘာသာစုံဂုဏ်ထူးနဲ့ တစ်ခရိုင်လုံးမှာ အမှတ်အများဆုံး ရခဲ့တဲ့ ကျောင်းသူတစ်ယောက်ဆိုရင် နှင်းတို့အတွက် အနီးကပ်ဆုံး ရှေ့ဆောင်လမ်းပြတစ်ယောက်ပါပဲ ...
သူမမှာမောင်နှမ ၆ ယောက်ရှိပြီး အကြီးဆုံးသမီးလည်းဖြစ်ပါတယ် ...။မိဘနှစ်ပါးလုံး မရှိကြတော့တဲ့ သူမဘ၀မှာမိသားစုတာဝန်တွေကို သူမတစ်ယောက်ထဲ အရွယ်နဲ့မမျှ ရုန်းကန် စီမံခဲ့နေခဲ့ရသူလဲ ဖြစ်ပါတယ် ...။
သူမ စာမေးပွဲမ၀င်ခင်မှာပဲ ဖခင်နဲ့ မိခင် ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားခဲ့ရပြီး မောင်နှမတွေအတွက် မားမားမတ်မတ်ရပ်ကာ  ဘ၀ရဲ့လောကဒဏ်တရားတွေကို အမေ ဆိုတဲ့နေရာကနေ လွှဲပြောင်းယူလိုက်ရသူဖြစ်ပါတယ် ....။ အဲဒီ အချိန်မှာ သူမ ဆယ်တန်းစာမေးပွဲကြီးအတွက် အရမ်းနီးကပ်နေပြီဖြစ်တော့ သူမစာကျက်တစ်စက်မှ မပျက်ခဲ့ပါဘူး ....။ အောင်စာရင်းတွေ ထွက်လာတဲ့အခါမှာတော့ သူမက ဘာသာစုံဂုဏ်ထူးရှင်အဖြစ် ကျေးရွာတစ်ရွာလုံးနဲ့ တစ်နယ်လုံးရဲ့ဂုဏ်ကို ဆောင်ပေးနိုင်သူဖြစ်ခဲ့ပါတယ် ...။
မနှင်းတို့ရွာမှာ တစ်ချိန်က ကျောင်းအုပ်ဆရာမကြီးအဖြစ် နှစ်ပါင်းများစွာနေထိုင်သွားခဲ့တဲ့ မန္ထလေးမြို့ အထက်တန်းကျောင်းကြီးတစ်ခုက ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် သူမကိုခေါ်ယူသွားပြီးနောက် မန္တလေးဆေးတက္ကသိုလ်ကနေ သူမဆရာဝန်ဘွဲ့ကို ရခဲ့ပါတယ် ....။ သူမဟာ မနှင်း တို့ ရွာက နောင်လာနောင်သားတွေအတွက် ရှေ့ဆောင်လမ်းပြခဲ့တဲ့ ကြယ်လေးတစ်ပွင့် ဖြစ်ခဲ့သလို အတုယူလေးစား အားကျရလောက်တဲ့ ရွာကျောင်းရဲ့ သမိုင်းဝင် ကျောင်းသူ တစ်ယောက်လည်းဖြစ်ခဲ့ပါတယ် ....။
မနှင်း တို့ အထက်တန်းကျောင်းက စာကြည့်တိုက်ထဲကို ၀င်လိုက်မယ်ဆိုရင် ဘာသာစုံဂုဏ်ထူးရှင်များဆိုတဲ့ စာတမ်းအောက်မှာ မျက်နှာပြည့်ပြည့်ဝိုင်းဝိုင်းလေးနဲ့ အေးချမ်းစွာ ပြုံးနေတဲ့ သူမဓါတ်ပုံလေးကို တွေ့ကြရမှာဖြစ်ပါတယ် ...။သူမ ဆေးကျောင်းတက်နေစဉ်မှာ ဆေးကျောင်းသူအချင်းချင်းကို Guide ပြန်လုပ်ပြီး မိသားစု စားဝတ်နေရေးကို ဖြည့်ဆည်းပေးခဲ့ရတဲ့ သူမ ဘ၀မှာ ဘာကိုမှဦးစားမပေးနိုင်ခဲ့တာဟာ မနှင်းတို့ကျေးရွာက တောသူလေးတစ်ယောက်သာဖြစ်ပါတယ် ။ အေးဆေးတည်ငြိမ်တဲ့သူမက ဆေးတက္ကသိုလ်မှာလည်း စာထူးချွန်ရုံသာမကပဲ Queen ဆိုတဲ့နံမည်လေးပါရရှိခဲ့ပြီး ဆေးတက္ကသိုလ်ရဲ့အတုယူ အားကျထိုက်တဲ့ ကြယ်လေးတစ်ပွင့်လည်း ဖြစ်ခဲ့ပြန်ပါတယ်။
အဲဒီလို ကျောင်းသူမျိုးတွေရှိသလို ဆယ်တန်းမှာ ထူးချွန်စွာအောင်မြင်ခဲ့ပေမယ့် မိဘ အသိုင်းအ၀ိုင်းက ဘယ်လိုမှမထားနိုင်တော့လို့ ရွာမှာပဲ နေရင်း အသက်ငယ်ငယ်ရွယ်ရွယ်လေနဲ့ အိမ်ထောင်တွေကျပြီး တောင်သူလယ်သမားဘ၀ ၊ ထန်းသမားဘ၀ ၊ လက်လုပ်လက်စား(နေ့စားသမား)ဘ၀တွေနဲ့ ကျင်လည်ရုန်းကန်ရင်း ရွာမှာကျန်ရစ်ခဲ့ရှာသောသူတွေလည်း အများကြီးရှိခဲ့ပါတယ် ...ရှိနေပါတယ် ...  ရှိပါဦးမယ် .....။
မနှင်းတို့ရွာကျောင်းလေးရဲ့ အကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်...ဆရာကြီးဦးစွာရဲ့ လက်ထက်ကစပြီး ရွာကျောင်းရဲ့ အနောက်ဘက် မြေလွတ်တွေမှာ အတန်းအလိုက်နှစ်စဉ်စိုက်ပျိုးကြတဲ့ စပါးခင်းတွေ မြင်တွေ့ခွင့် ရခဲ့ကြပါတယ် ...။ ဆည်ကလွှတ်လိုက်တဲ့ ရေမြောင်းမကြီးကို ကျောင်းဝန်းထဲရောက်အောင် ဖောက်ခွင့်ရခဲ့ပြီး အထက်တန်းကျောင်းဆောင်ကြီးရဲ့ နောက်ဖေးမှာတော့ မာလကာနဲ့ သံပရာခြံကြီး ကိုပါ ကျောင်းရံပုံငွေအတွက် စီးပွားဖြစ်စိုက်ပျိုးခဲ့ပြန်ပါတယ် ...။ ရွာကျောင်းလေးမှာ ၀ါ ၊ စိမ်း ၊ နီ ၊ ပြာ အသင်းအလိုက် ခြံထဲဆင်းပြီး လုပ်အားပေးကြရတာလည်း အရမ်းပျော်ဖို့ကောင်းလှပါတယ် ...။ဆောင်းတွင်းရောက်ပြီဆိုရင် စာသင်ဆောင်တွေထဲမှာ ခိုက်ခိုက်တုန်အောင်အေးခဲနေတဲ့အတွက် ဘောလုံးကွင်းထဲက မြက်ခင်းပြင်မှာ စာသင်ကြရတယ် ...။
အဲဒီအချိန်နဲ့ ၀ါတွင်းကာလ ၀ါဆိုပန်းကပ်ထွက်ရတဲ့အချိန် ၊ ကျောင်းစပါးခင်းတွေ ကောက်ရိတ်ချိန် အားကစားပြိုင်ပွဲတွေ ကျင်းပတဲ့အချိန် စတဲ့အချိန်လေးတွေ ရောက်ပြီဆိုရင်တော့မနှင်းတို့ အပျော်ဆုံးပါပဲ ...းD
ကျောင်းဖွင့်ချိန်တွေမှာလည်း အားလပ်ချိန်ပေးပြီဆိုရင် ဆရာမတွေစုပေါင်းပြီးရောင်းတဲ့ ကျောင်းမုန့်ဈေးတန်း ကနေ သရက်ကင်တို့ ရေခဲချောင်းတို့ အသုတ်စုံတို့ ၀ယ်စားကြပါတယ် ...။အဲဒါနဲ့တင် မပြီးသေးပါဘူး ဆရာ ၊ ဆရာမတွေ မမြင်အောင် ကျောင်းတောင်ဘက်ညောင်ပင်ကြီးအောက်မှာ စက်ဘီးလေး တစ်စီးနဲ့ ဂလိုင်ခေါက်ပြီးရောင်းရတဲ့ ဦးကြီးမောင်း ဆီကနေလဲ ခိုးပြီးဝယ်စား ကြသေးတာတွေကိုလည်း ပြန်တွေးမိတိုင်း တစ်သက်မှာ တစ်ခါသာရခဲ့တဲ့ ကလေးဘ၀လေးတွေကို လွမ်းမိပါရဲ့ ....။
ကျောင်းအောက်က မယ်ဇလီပင်တန်းအရိပ်တွေမှာတော့ မျှော့ကြိုးခုန်တမ်း ၊ ထုတ်ဆီးထိုးတမ်း ၊ ဒီထိုးတမ်း ၊ တွတ်ထိုးတမ်း ၊ ဖိနပ်ပစ်တမ်း ၊ ပေတူပစ်တမ်း ကို သရေကွင်းကြေး ကစားကြပါတယ် ....။ကစားနည်းအမျိုးစုံမှာ တစ်ဘက်ကမ်းခတ်တဲ့ မနှင်းကတော့ ငယ်ငယ်က လက်နှစ်ဘက်မှာ ရောင်စုံသရေကွင်းအပြည့်နဲ့ ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်နေတက်ပါတယ်းDကျောင်းဝန်းအလယ်တည့်တည့်မှာတော့ နံနက်တိုင်း အတန်းအလိုက် ဘုရားသွားရောက်ရှိခိုးကြရတဲ့ ကျောင်းဓမ္မာရုံကြီး ရှိတယ် ...။နှစ်စဉ် ဆရာကန်တော့ပွဲနဲ့ ဆုပေးပွဲအခမ်းအနားတွေ ကျင်းပနေကြ နေရာလေးလည်းဖြစ်ပါတယ် ...။စပါးပေါ်ချိန်တွေဆိုရင် ကျောင်းမှာ အလှူရှင်ပေါ်လို့ ဆန်ပြုတ်တိုက်မယ်ဆိုရင် မနှင်းတို့ အရမ်းပျော်ပါတယ် ...အဲလိုနေ့မျိုးတွေမှာ အိမ်ကနေ ပုဂံတစ်ချပ် ဇွန်းတစ်ချောင်း လွယ်အိတ်ထဲ ထည့်ပြီးယူလာရတယ် .... ပြီးရင် ကျောင်းက ဆရာ ဆရာမတွေ ကိုယ်တိုင်ချက်တဲ့ ဆန်ပြုတ်မွှေးမွှေးပူပူလေးကို နှင်းကတော့ ၃ ပန်းကန်လောက်ကို အ၀ တီးပစ်တာပဲ အဟဲ ....း) မနှင်း ငယ်ငယ်က လူကပိန်သလောက် အင်မတန်အစားပုပ်တဲ့အတွက် မေမေက ပြောတယ် မနှင်း စားသမျှက အရိုးထဲရောက်သွားတာတဲ့လေ အဟား ...ကြော်ငြာဝင်တားD
မနှင်းတို့ကျောင်းလေးက မခမ်းနားလှပေမယ့် စာသင်ဆောင် နှစ်ထပ်တိုက်အရှည်ကြီး နှစ်ဆောင် နဲ့ ထရံဆောင်တစ်ထပ်တစ်ဆောင် ၊ သူငယ်တန်း နဲ့ တစ်တန်းကလေးတွေအတွက် ထရံကာ၊ခြေတံရှည်လေး ဆောင်လုပ်ထားတဲ့ အဖွားဒေါ်စောမေ ဆောက်ခဲ့တဲ့ ဒေါ်စောမေဆောင် ဆိုပြီး စုစုပေါင်း ၄ဆောင်ရှိပါတယ် ...။
မနှင်းတို့ကျောင်းမှာ ကျောင်းစာကြည့်တိုက် ၊ ဂီတအနုပညာခန်း ၊ ပန်းချီဆွဲခန်းဆိုပြီး သီးသန့်ရှိပြီး ဂီတချိန်မှာ သီချင်းကြီး သီချင်းခံ ယိုးဒယား ပတ်ပျိုး အပြင် ပတ်တလားတီး ၊ ကဗျာလွတ်အက စသည်တို့ကို လည်း ၀ါသနာပါသူများကို လေ့ကျင့် သင်ကြားပေးပါတယ် ...။မနှင်းကတော့ မြန်မာသီချင်းကြီးတွေဆိုရတာကို ပိုပြီးဝါသနာပါပါတယ် ...းpမနှင်းတို့ကျောင်းက ဆရာကြီး ၊ ဆရာမကြီး တို့ကလည်း အနုပညာမှာ တော်တော်ဝါသနာပါပြီးထူးချွန် ကြတဲ့အတွက် မနှင်း အပါအ၀င်ပေါ့လေ အဟီး ကျောင်းက ကလေးတွေကလည်း အလိုလို အနုပညာပိုးတွေကို ငယ်ငယ်လေးကတည်းက ခိုင်ခိုင်မာမာဝင်နေ ခဲ့ပါတယ် ...။
ငယ်ငယ်က ဂီတချိန်မှာ သင်ကြားခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ထဲမှာ“သင်ဆရာ မြင်ဆရာ ၊ ကြားဆရာများကိုလ .... ၀တ်ငါးပါးနဲ့ ပြည့်စုံလို့သာ .... တပည့်တွေများ...အပေါ် ... အသိတွေမမှားစေဖို့ ပညာအရောင် ....တန်ဆောင်ဆီမီး ...ထိန်ညီးလို့ဖြင့် အံချီးပေရာ ...ဆိုတဲ့ မြတ်ဆရာ တေးသီချင်း  စာသားလေးကို မနှင်းရဲ့ ငယ်ဘ၀နဲ့ ဆရာတွေကို သတိရ လွမ်းမိတိုင်း ပြန်ဆိုကြည့်မိတယ် ...။ အားကစားချိန်မှာလည်း ကာယဆရာကြီး ဦးကံသိန်းက ၀ီစီကြီးကို တရွှီးရွှီးနဲ့ အမြှုပ်ထွက်အောင်မှုတ်ပြီး အားကစားလေ့ကျင့်ပေးခဲ့ပါတယ် ...။မနှင်းကတော့ ဘောလုံးကွင်းထဲမှာ ဘောလုံးကန်ခွင့်ရတဲ့ အချိန်ဆိုရင် အရမ်းပျော်တယ် ... ဆရာကြီးက ဘော်လီဘောကစားနည်းသင်မယ်ဆိုလဲ မရဘူး ဆရားကြီး ဘောလုံးပဲကန်ချင်တယ်လို့... မရမက ၀ိုင်းပီး ပူဆာတက်ကြတယ် ...။အဲဒီတုန်းက မနှင်းတို့ အတန်းထဲက မိန်းကလေးတွေအားလုံးက တစ်ယောက်မှ နွဲ့နွဲ့နှောင်းနှောင်းမပါကြတဲ့အတွက် ၀ုန်းဒိုင်းကြဲ သောင်းကျန်းတဲ့ဒဏ်ကို ဆရာကြီးခမျာ ခံခဲ့ရရှာတယ် ...း)အခုတော့ မနှင်းတို့ရွာကျောင်းက ကာယဆရာကြီးလည်း ရှမ်းပြည်နယ်ဘက်မှာ ပညာရေးမှူးတစ်ယောက်အဖြစ် တာဝန်ထမ်းနေတယ်လို့ ကြားခဲ့ရတယ် ...။
အခြားအထွေအထွေအချိန်မှာတော့ ကဗျာ နဲ့ စာစီစာကုံး ၊ ဆောင်းပါး ပန်းချီဆွဲ အစရှိတဲ့ အထွေထွေ ဗဟုသုတတွေကို သင်ကြားလေ့ကျင့်ပေးပါတယ် ...။သင်ကြားရေးဘက်မှာလည်း ဆရာကြီးဆရာမကြီးတွေက တစ်ကယ့်ကို စေတနာအပြည့်နဲ့ သင်ကြားပေးကြသလို ထူးချွန် ကျောင်းသားကျောင်းသူများလဲ များစွာပ်ါထွက်ခဲ့ပါတယ် ...။ မနှင်းနဲ့ တစ်ခုံတည်းအမြဲတမ်းထိုင်ခဲ့တဲ့ သူငယ်ချင်းမလေးက အရမ်းကို စာတော်တယ် ... ကျောင်းပေါင်းစုံ ထူးချွန် စာမေးပွဲတွေမှာ ဘာသာစုံနဲ့ပထမရခဲ့ပါတယ် ...။ ယခုတော့ မန္ထလေးဆေးတက္ကသိုလ်ကနေပဲ ဆရာဝန် ဘွဲ့ရပြီး နယ်ဆေးရုံလေးတစ်ခုမှာ တာဝန်ထမ်းဆောင်လျှင်ရှိပါတယ် ...။
အားကစားဘက်ကိုကြည့်မယ်ဆိုရင် မနှင်းတို့ကျောင်းမှာ ဘောလုံးပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ နဲ့ ပြေးခုန်ပစ်ပြိုင်ပွဲ စသည့်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေ ကျောင်းသား အားကစားပြိုင်ပွဲအတွက် ပုံမှန်လေ့ကျင့်ပေးလေ့ရှိပါတယ် ...။
ဘယ်တော့မှ မေ့လို့မရနိုင်ခဲ့တာက အသားမဲမဲ အရပ်ပုပု နဲ့ လမ်းလျှောက်ရင် ခြေလှမ်းထက် လူကရှေ့ကို တစ်ဒေါင်လောက်ရောက်နေတက်တဲ့ သွက်လက်တက်ကြွလွန်းသော ကျောင်းသားကျောင်းသူတွေအတွက် ဘက်ပေါင်းစုံက အမြဲမြေတောင်မြှောက်ပေးခဲ့တဲ့ ကျောင်းအုပ်ဆရာကြီးဦးစွာ ရဲ့ပုံရိပ်လေးတွေကို ကျမ ယခုထိမြင်ယောင်နေဆဲပါပဲ ...။ပင်စင်အငြိမ်းစားရသွားပြီဖြစ်တဲ့ ဆရာကြီးက ပြီးခဲ့တဲ့နှစ်ကပဲ ကျန်းမာရေးအခြေအနေအရ ကွယ်လွန်သွားခဲ့ပြီလို့ ၀မ်းနည်းစွာ ကြားသိခဲ့ရပါတယ် ...။
မနှင်းတို့ကျောင်းက စာကြည့်တိုက်ကြီးရဲ့ ညာဘက်အခြမ်းမှာတော့ မနှင်းတို့မမွေးခင် ခေတ်အဆက်ဆက်က လူရည်ချွန်တွေ ...ဂုဏ်ထူးရှင်တွေ ရဲ့ဓါတ်ပုံလေးတွေကို အံသြစရာ ကောင်းလောက်အောင် တွေ့နိုင်ပြီး ကျောင်းသားဟောင်းတွေထဲက အရိုးအကြောပါရဂူကြီးတစ်ဦး ၊မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အရေပြားရောဂါ (အနာကြီးရောဂါ) အထူးကု ဆရာဝန်ကြီးတစ်ဦး ၊ ရိုရိုးဆရာဝန်များ၊ ပြည်ပရောက်ဆရာဝန်များ နဲ့ အငြိမ်းစား -တက္ကသိုလ်ပါမောက္ခချူပ်ကြီးတစ်ဦး နဲ့ တက္ကသိုလ်ကထိကဆရာ ဆရာမများ ၊ စိုက်ပျိုးရေး ဒေါက်တာဘွဲ့ရ အရာရှိကြီးတစ်ဦး နဲ့ စိုက်ပျိုးရေးအရာရှိများ၊ အင်ဂျင်မှူးကြီးတစ်ဦးနဲ့ အင်ဂျင်နီယာပညာရှင် အမြောက်အများရဲ့သမိုင်းကြောင်း တွေ ကိုပါ ရွာကျောင်းလေးအတွက် ဂုဏ်ယူစရာ ကောင်းလောက်အောင် တွေမြင့်နိုင်ပါတယ် ....။

အထူးခြားဆုံးကတော့ ရွာကျောင်းက ဆရာ ဆရာမ တွေ အဲဒီ့ကျောင်းသားဟောင်းတွေအားလုံးဟာ တစ်ချိန်က ကျောင်းဆရာဟောင်းကြီးတွေဖြစ်ကြတဲ့ အသက် ခုနှစ်ဆယ်ကျော် ရှစ်ဆယ်ကျော် ဆရာအိုကြီးတွေကို ယခုထက်တိုင် ချစ်ကြောက်ရိုသေကြလျှက် နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ ၊ နေ့လည် ၁နာရီတိတိအချိန်တိုင်း ရွာလည်သာသနာ့ဗိမ္မာန်တော်ကြီးအတွင်းမှာ ဆရာကန်တော့ပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါတယ် ...။
အငြိမ်းစားယူသွားကြပြီဖြစ်တဲ့ ဆရာကြီး ဆရာမကြီးများကို ပူဇ်ာကန်တော့တဲ့ ပွဲမှာ မေမေတို့နဲ့အတူ မနှင်းလဲ အမြဲလိုက်ပြီးကန်တော့လေ့ရှိပါတယ် ...။ အဲဒီ့ဆရာကန်တော့ပွဲကြီးက အရမ်းထူးခြားလွန်းတယ်လို့ မနှင်း ထင်ပါတယ် ....။ ရာထူးကြီးမားလှတဲ့ အဝေးရောက် အရာရှိတွေ၊ ဆရာဝန် အင်ဂျင်နီယာ စတဲ့ ပညာတက်တွေ....စီးပွားရေးလုပ်ငန်းရှင်တွေ ရွာကျောင်းက ဆရာဆရာမတွေ ၊ ရွာထဲက တောင်သူလယ်သမားဦးကြီးတွေ ၊ ပန်းရံ ပန်းပုဆရာကြီးတွေ ၊ ဆိုင်းသမား နှဲသမား နဲ့ ဇာတ်မင်းသားတွေ ၊ စတဲ့ အလွှာမျိုးစုံ တပည့်ဟောင်းကြီးတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်မြင်နိုင်ပါတယ် ....။
ဒီ့အပြင် ၀မ်း သာလွန်းလို့ကျတဲ့ ပီတိမျက်ရည်ကြားက ဆရာကြီးဆရာမကြီးတွေရဲ့ ရင်ထဲက စကားများဟာ မှတ်သားနာယူသင့်သလို ကျောင်းသားဟောင်းတွေရဲ့ ငယ်ဘ၀ အမှတ်တရ စကားတွေဟာလည်း မနှင်းတို့ အတွက် အဖိုးမဖြတ်နိုင်လောက်အောင် အားကျအတုယူချင်စရာတွေများခဲ့ပါတယ် ...။
“ကျွန်တော် စာမေးပွဲကျစဉ်က ဆရာကြီးဦးသွင် နဂန်(နွားရိုက်သည့်ဒုတ်) နဲ့အချက် ၅ ချက်ဆော်လိုက်တာ ဆရာကြီး မှတ်မိပါသေးလား ခင်မျာ... အဲဒီတုန်းက ဆရာကြီး နဂံ စာထက် ပါးစပ်ကပြောလိုက်တဲ့ စကားလေးကြောင့် ကျနော် စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သလို ယနေ့ ကျနော် လူဖြစ်ခွင့်ရခဲ့ပါတယ် ဆရာကြီးခင်ဗျာ ....”လို့ပြောသွားလိုက်တာများ ရင်ထဲမှာ အားကျလိုက်တာ ...။ တစ်နှစ်တစ်ခါ ကြားခွင့်ရလာတဲ့ အဲဒီ့ စကားသံတွေကြားမှာ ကျမတို့ ရွာက ကလေးတွေ ကြီးပြင်းခဲ့ကြပါတယ် .....။အဲဒီလို တွေ့ခွင့်ရတဲ့အခါတိုင်း ကြားခွင့်ရတဲ့အခါတိုင်း တစ်နေ့ငါလည်း သူတို့လို အားလုံးအလည်မှာ ဂုဏ်ယူဝံ့ကြွား စွာပြောနိုင်တဲ့ တပည့်တစ်ယောက်ဖြစ်ရင်ကောင်းမှာပဲလို့ အမြဲစိတ်ကူးယဉ်ခဲ့ပါတယ်း)
ယနေ့ ရွာကျောင်းမှာ ဆရာ ဆရာမတွေ ပြန်လုပ်နေကြသူတွေရှိတယ် ....နိုင်ငံရပ်ခြားတွေမှာ ပညာဆက်လက်သင်ယူနေသူတွေ ... အလုပ်လုပ်နေကြသူတွေ၇ှိတယ် .... အားကစားဘက်မှာထူးချွန်စွာနဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်နေသူ နဲ့ ထူးချွန် အားကစားပညာရှင်တွေရှိတယ် ။အနုပညာမှာဝါသနာ ပါပြီး ထူးချွန်တဲ့ အမျိုးသား ၊ အမျိုးသမီးဆိုင်းပညာရှင်...တွေရှိတယ် ...။
မနှင်းတို့ အသက်တွေတစ်နှစ်ပြီး တစ်နှစ် ကြီးသွားခဲ့ပေမယ့် ၊ သက္ကရာဇ်တွေ တစ်နှစ်ပြီးတစ်နှစ် ဟောင်းသွားပေမယ့်မနှင်းတို့ ရွာကျောင်းရဲ့ ခေါင်းလောင်သံလေးကတော့ တစ်လွင်လွင် သာမြဲ သာဆဲ..ဘာမှမပြောင်းလဲပဲ တည်ရှိနေပါတယ် ...။
ရွာကျောင်းလေးက မနှင်းတို့လို အမိရင်ခွင်ကနေ နှုတ်ဆက်ထွက်ခွာလာခဲ့ရတဲ့ ကျောင်းသား ဟောင်းတွေအတွက် တမ်းတ လွမ်းမောဖွယ်ကောင်းလှသလို ...စာသင်နှစ်တစ်နှစကုန်လို့ တစ်နှစ်ပြောင်းတိုင်း ထပ်တိုးလာခဲ့တဲ့ ရင်သွေးတိုင်းကို နွေးထွေးစွာခိုလှုံနိုင်တဲ့ ရင်ခွင်တစ်ခုအဖြစ်နဲ့ ထာဝရကြိုလင့်လျှက်ရှိနေပါတယ် ....။
ငယ်စဉ်တောင်ကျေးကလေးဘ၀လေးတွေမှာ ချော့ကာ...ခြောက်ကာ...မြှောက်ကာ...ပင့်ကာနဲ့ ပညာသင်ကြားပေးခဲ့ကြတဲ့ မနှင်းတို့ရွာကျောင်းမှ ပန်းပျိုးသူ ဥယျဉ်မှူးများသို့ဦးညွှတ်ရင်း....တစ်ဝမ်း တစ်ခါးအတွက် မတူညီတဲ့ လမ်းများအသီးသီးမှာ လျှောက်လှမ်းနေကြရတဲ့ မနှင်းတို့ရွာကျောင်းက ငယ်သူငယ်ချင်းလေးများသို့ မှန်းဆရင်း ကျမနှင်းဟေမာသည် ဤပို့စ်လေးဖြင့် ငယ်ဘ၀များအား သတိရခြင်းများစွာ ... တမ်းတခြင်းများစွာဖြင့် ရေးသားမိရင်း မနှင်းတို့ရွာ (၂)ကို ဒီနေရာလေးမှာပဲ လွမ်းဆွတ်ခြင်း များစွာဖြင့် ... အဆုံးသတ်ပါ၏ ။

ပို့စ်အရှည်ကြီးဖြစ်သွားလို့စာဖတ်သူမောင်နှမများလည်းဖတ်ရတာတော်တော် ငြီးငွေ့သွားမယ် ထင်ပါတယ် ...။ကျမစာမေးပွဲရှိနေလို့ ဘာစာမှရေးနိုင်သေးမှာမဟုတ်သလို ဘလော့တွေမှာသွားရောက် လည်ပတ်ဖို့လည်း ပျက်ကွက်ပါဦးမယ်...အားလုံးကိုခေတ္တနှုတ်ဆက်ပါတယ်...စာမေးပွဲဖြေဖို့ ပြင်ဆင်လိုက်ပါဦးမယ် ....း)

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...
နှင်းဟေမာ
9 Jan 2010




Tuesday, January 5, 2010

စင်္ကာပူနိုင်ငံတွင် နှင်းဆီရင်ခွင်နှစ်ပါးသဘင် ကပြဖျော်ဖြေမည်

မြန်မာ့ဇာတ်သဘင်ကို ချစ်ခင်မြတ်နိုးကြသော စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာအပေါင်းတို့အား ၀မ်းမြောက်ဖွယ်သတင်းကောင်းပါးအပ်ပါသည်....။

မကြာမှီမှာကျရောက်လာတော့မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ကြိုဆိုရင်း စင်္ကာပူနိုင်ငံရောက် အနုပညာချစ်သူများနှင့် တက်လူ ၊ ဘကျော် ၊ အောင်ပြည့်တို့ စီစဉ်သော ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ နှင်းဆီရင်ခွင်နှစ်ပါးသဘင် ကို (21 -3- 2010)တနင်္ဂနွေနေ့ နေ့လည်၃နာရီ တိတိအချိန်မှာ စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့မှာရှိတဲ့ Chinatown ၊ Kreta Ayer Prople's Theatreဇာတ်ရုံကြီးမှာကပြဖျော်ဖြေမှာဖြစ်ပါတယ်...။နှင်းဆီရင်ခွင်နှစ်ပါးသဘင်မှာ-(မင်းသား) တင်မောင်ဆန်းမင်းဝင်း (သစ္စာမေတ္တာရွှေမန်းသဘင်)၊မင်းသမီးများ - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မေကဗျာ ၊ ခင်ဖြူကြည် ၊ ခင်သီတာစိုး ၊ စန္ဒာတိုး ၊ နန်းဝေယံမြင့် ၊ ဖူး ၊ သိမ့် တို့ဖြစ်ကြပြီး လူရွှင်တော်များအဖြစ် - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် - နေတိုး ၊ ကျော်ကျော်ဗို ၊ ထွန်းထွန်း (Example) ၊ မိုးမိုး တို့မှ စတိတ်ရှိုး ၊ နှစ်ပါးအငြိမ့်များနဲ့အတူ ကပြဖျော်ဖြေကြမှာဖြစ်ပါတယ် ...။

ကြိုတင်လက်မှတ်များကိုတော့ (၁) ဒေ၀ီဦး - # 05-17 Peninsula Plaza
                                      (၂) T3 Treasure Travel - # 02-25 Peninsula Plaza
                                      (၃) ဆုံဆည်းရာ - # 05-35 Peninsula Plaza
                                      (၄) ရနံ့သစ် - B1 Peninsula Plaza
                                      (၅) Golden Crown (s) Pte.ltd - # 02-104 Boonlay Place
                                      (၆) သပြေနု - # 05-20 Peninsula Plaza

တို့မှာ ယခုအချိန်မှစတင်ပြီး ၀ယ်ယူနိုင်ကြပြီဖြစ်ပါကြောင်းလည်း ကြိုတင် သတင်း ကောင်းပါးလိုက်ပါတယ် ...။အသေးစိတ်သိရှိလိုပါက ဦးမြင့်စန်း (92954247)၊ ကိုဘကျော် ( 98301562) ၊ ကိုအောင်ပြည့် (81912634) ၊ ကိုကိုလေး ( 91405700) ၊ ဒေါ်နီနီ (84646989) နဲ့ မဖြူဖြူအေး (96485774) တို့ထံမှာ ဆက်သွယ်မေးမြန်းနိုင်ကြပါတယ် ...။အားလုံးပဲ စောစောဝယ်ထားမှ စိတ်ချရမှာမို့ နေရာကောင်းလေးရအောင် အမြန်ဆုံးသွးဝယ်နိုင်ကြဖို့ ကြိုင်တင်သတင်းကောင်းပါးလိုက်ပါတယ်....း)

ခင်မင်လေးစားစွာဖြင့်
နှင်းဟေမာ
5 Jan 2010

Friday, January 1, 2010

အစ်ကို ၀ိမုတ္တိသုခထံမှ မွေးနေ့အမှတ်တရ ဆုံးမစာ...

ညီမရေ...

ညီမမွေးနေ့ အတွက် တစ်ခုခု ရေးပေးဖို့  အကို့ ကို ပြီးခဲ့တဲ့လကတည်းက ပြောထားပေမယ့် အကို့ ဘက်က မအားတာရော၊ ဘာအကြောင်းအရာကို ညီမအတွက် အထူးပြုပြီး ရေးပေးရမလဲလို့  ခေါင်းထဲကမပေါ်လာတာရောနှင့် အခုမှဘဲ ရေးဖြစ်ပါတယ်။ မွေးနေ့ လက်ဆောင်က နဲနဲတော့ နောက်ကျနေပြီ။ စိတ်တော့မရှိပါနှင့်ညီမရေ။ နောက်ကျတဲ့အတွက် ခွင့်လွှတ်ပါနော်။
ညီမနှင့်အစ်ကိုနှင့်က ဘာသာရေးဘက်မှာဆို သံလျင်တောရဆရာတော် ဦးနိပုဏရဲ့  တပည့်တွေဖြစ်နေတာရယ်၊ ပညာရေးဘက်မှာလည်း ကျောင်းမတူပေမယ့် မွေးထုတ်ပေးတဲ့ မိခင်ပညာရေးအဖွဲ့ အစည်းတစ်ခုရဲ့  အောက်က မောင်နှမတွေဖြစ်နေတာရယ်တွေကြောင့် ညီမမွေးနေ့ 
အတွက် အစ်ကို့ အနေနှင့် အမှတ်တရ ချီးမြှောက်မှုတစ်ခုခုကတော့ လုပ်ပေးမှကို ဖြစ်မှာလေ။
အစ်ကို တက္ကသိုလ်ရောက်စအချိန်တွေမှာ ဘာသာာရေးကို စိတ်ဝင်တစားလေ့လာဖြစ်ရင်းက တဖြည်းဖြည်း မိရိုးဖလာယုံကြည်မှုကနေ ကိုယ်တိုင် သဒ္ဓါတရားနှင့် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဖြစ်တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်ရဲ့  အဆုံးအမတွေကို ကိုယ်တတ်နိုင်သလောက် လိုက်နာလိုစိတ်တွေ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းတော့ ဘုရားရှင်တိုင်းရဲ့  အနှစ်ချုပ်အဆုံးအမဖြစ်တဲ့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုတာလေးကို သတိပြုမိခဲ့ပြီး အဲဒီအဆုံးအမတော်ကိုဘဲ ကိုယ်နိုင်သလောက် လိုက်နာထိန်းသိမ်းဖို့ 
ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီအဆုံးအမတော်ကိုဘဲ နောက်တစ်ဘက်ကနေပြောတော့ မကောင်းမှုရှောင် တာက သီလသိက္ခာ၊ ကောင်းမှုဆောင် ဆိုတာက သမာဓိသိက္ခာ၊ ဖြူအောင်စိတ်ကိုထား ဆိုတာက ပညာသိက္ခာရယ်လို့  သိက္ခာ (၃)ပါးနှင့် ပိုင်းခြားသတ်မှတ်ထားတာကိုလည်း သိရှိသဘောပေါက်ခဲ့ပါတယ်။ ဒီအဆုံးအမတော်သုံးပါးကို မိမိစွမ်းနိုင်သလောက် ကြိုးစားထိန်းသိမ်းစောင့်ရှောက်ရင်း ပြည့်စုံသွားတဲ့ တစ်နေ့ မှာ သံသရာက လွတ်မြောက်မှုကို ရရှိနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့ရပါတယ်။ ဒီအဆုံးအမတော်သုံးပါးကို ထိန်းသိမ်းစောင့်ရှောက်မှုနှင့်အတူ ယောနိသော မနသိကာရ လို့ ခေါ်တဲ့ အသင့်အတင့်မှန်ကန်စွာနှလုံးသွင်းမှုကလည်း အရေးပါမှန်းကို နားလည်ခဲ့ရပါတယ်။
အကိုတို့ တတွေ အထူးပြုဘာသာာတွေသင်ရတဲ့အချိန်ကျတော့ ဆရာတွေက ဖော်မြူလာတွေ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို သရုပ်ခွဲတွက်ချက်ပြကြပါတယ်။ အဲဒီမှာ တစ်ချို့ ကိစ္စတွေမှာ ဖော်မြူလာကနေတွက်ထုတ်လို့ ရတဲ့အဖြေနှင့် တကယ့်အပြင်မှာ လုပ်လို့ ရနိုင်တဲ့ အနေအထားနှင့် နဲနဲဟနေတတ်တာတွေ ရှိတာကို တွေ့ ရတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဖော်မြူလာက ပေးတဲ့ ရလဒ်ကို Ideal Case လို့ သတ်မှတ်လိုက်ရပါတယ်။ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် လက်တွေ့ မှာ ဒါမျိုးရဖို့  မဖြစ်နိုင်ဘူးပေါ့။ ဖော်မြူလာနှင့် တွက်ထုတ်လို့ ထွက်လာတဲ့ အဖြေတချို့ ဟာ Ideal Case တွေဖြစ်နေတာကို တွေ့ ရတတ်ပါတယ်။အပြင်ဘက်လောက ဘ၀ကို ဖြတ်သန်းကြရတဲ့အချိန်တွေမှာ ကျောင်းတုန်းက သင်ခဲ့ရတဲ့ Ideal Case တွေလိုမျိုး အခြေအနေတွေဟာ အကိုတို့  ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘ၀မှာ အမြဲလို ကြုံနေရတတ်တာကို တွေ့ ရပါတယ်။ တကယ်ဆို ဒီကိစ္စဟာ ဒီလိုမျိုးဖြစ်သင့်ပါလျက်နှင့် အဲဒီလိုဖြစ်မလာဘူး။ လုပ်လို့ မရဘူး ဆိုတာမျိုးတွေ ခဏခဏကြုံဆုံရပါတယ်။ အကိုတို့ တစ်တွေဟာ များသောအားဖြင့် စိတ်ထဲမှာ Ideal တွေကို မှန်းဆမျှော်လင့်ထားပေမယ့်လို့  တကယ့်အခြေအနေမှာတော့ စိတ်ထဲကစံနှင့် နဲနဲလေးလွဲနေတာတွေ ရှိနေတတ်တာပါဘဲ။ ဒီအခါမှာ အလိုမကျမှု၊ စိတ်မကျေနပ်မှု၊ စိတ်မချမ်းမြေ့မှုတွေ ရင်ထဲမှာ ခံစားရပြီး ပူလောင်ကြရတော့တာပါဘဲ။ ဒီလိုမျိုးခံစားရပြီဆိုတဲ့အချိန်ကျရင်ဖြင့် မြတ်စွာဘုရားရှင်တိုင်းရဲ့ အဆုံးအမတော်ကို သတိရမိပါတယ်။ ကိုယ့်စိတ်ထဲမှာ မကျေနပ်မှုတွေကြောင့် ဖြစ်နေတဲ့ပြဿနာကို ဖန်တီးတဲ့ အခြေအနေ (သို့ ) ပုဂ္ဂိုလ် တစ်ဦးဦးနှင့်ပတ်သက်ပြီး မကောင်းတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေကို ကိုယ်က လုပ်လိုက်တော့မယ့်အခြေအနေမှာ မကောင်းမှုကို ရှောင် ဆိုတဲ့ သီလ သိက္ခာတော်ကြောင့် ထိန်းသိမ်းဖို့  သတိပေးလိုက်သလိုဖြစ်သွားပါတယ်။ ကိုယ်မနှစ်မြို့ တဲ့ ဒီမကောင်းတဲ့ ပြဿနာ (ပုဂ္ဂိုလ်) နှင့်ပတ်သက်တဲ့ အတွေးတွေ၊ အကြံအစည် စိတ်ကူးတွေကိုလည်း ကောင်းမှုဆောင် ဆိုတဲ့ သမာဓိသိက္ခာက လှမ်းထိန်းလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဖြူအောင်စိတ်ကိုထားဆိုတဲ့ ပညာသိက္ခာတော် နှင့်အညီ အကျိုးရှိမယ့် အပြုသဘောဆောင်မယ့် လုပ်ဆောင်မှု၊ ကြံစည်မှု၊ ပြောဆိုမှုတွေနှင့် ယခင်က စိတ်ထဲမှာ ဖြစ်နေတဲ့ မကောင်းတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးကို အစားထိုးဖို့  လုပ်ဆောင်နိုင်သွားပါတယ်။ ဒီလိုမျိုးဆောင်ရွက်လိုက်နိုင်ဖို့ အတွက် လိုအပ်တာကတော့ အသင့်အတင့်နှလုံးသွင်းလိုက်နိုင်ဖို့ 
(တနည်းသဘောထားမှန်ဖို့၊တည့်ဖိုပါဘဲ။တကယ်တော့သူလိုသလိုဖြစ်နေတဲ့လောကကြီးထဲမှာ
ကိုယ်ကအလိုက်သင့်နေနေကြရတဲ့သူတွေဖြစ်နေရတော့ အကြိမ်ပေါင်းများစွာမှာ ကိုယ့်စိတ်တိုင်းကျအခြေအနေမျိုးကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီလို စိတ်တိုင်းကျမဖြစ်တိုင်းမှာ စိတ်ထဲမှာ မကျေနပ်မှုတွေဘဲဖြစ်နေရရင် နောက်ဆုံးတော့ ကိုယ်ဘဲ စိတ်ပင်ပန်းရပြီး ဘုရားဟောအဆုံးအမနှင့်လည်း အလှမ်းဝေးသလိုလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အစ်ကိုတို့  ညီမတို့ တွေအားလုံးက အစ်ကိုတို့ ရင်ထဲမှာရှိနေတဲ့ Ideal တွေကို အသိ၊သတိတွေနှင့်ထိန်းကြောင်းရင်း ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်နေမယ်၊ ငါ့စိတ်ကို့  ဘယ်အကြောင်းအရာကြောင့်မှ ဖြူစင်တာလေး ပျက်မသွားအောင် ကြိုးစားထိန်းနေမယ်လို့  သံဓိဋ္ဌာန်ချမှတ်ရင်း နေ့ စဉ်ဘ၀ကို ကျော်ဖြတ်ကြမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စိတ်သက်သာမှုကို ခံစားကြရမှာပါ။ လောကအကျိုးကို ဆောင်ရွက်ကြတဲ့အခါစိတ်မချမ်းမသာဖြစ်နေတဲ့သူနှင့်စိတ်အေးချမ်းနေတဲ့သူနှင့်နှစ်ဦးမှာ အေးချမ်းနေတဲ့သူက ပိုပြီးအများအကျိုး ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတာကိုတော့ ညီမ သိပြီးသား ဖြစ်မှာပါလေ။ အစ်ကိုတို့ လုပ်ဖို့ လိုအပ်တာကတော့ သဘောထားမှန်မှန်နှင့် လောကကို ကြည့်တတ်၊ နားလည်မှုပေးတတ်ဖို့ ပါဘဲလေ။
ကဲ ညီမရေ... အစ်ကိုလည်း ဟိုရေး ဒီရေးနှင့် တော်တော်လေးတော့ စာရှည်သွားပြီ။
ညီမတစ်ယောက် အစ်ကိုရေးတဲ့စာထဲက ညီမအတွက် အသုံးတည့်မယ့် တစ်ခုခုတော့ ရနိုင်ကောင်းရဲ့ လို့  မျှော်လင့်မိပါရဲ့။ ဒါလည်းဘဲ Ideal ဖြစ်ချင်ဖြစ်နေမှာပါလေ။ :)
ညီမလေး တစ်ယောက် ယခုမွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ မွေးနေ့ ရက်ပေါင်းများစွာကို စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ဖြတ်သန်းနိုင်ပါစေ။မြတ်စွာဘုရားရှင်ရဲသာသနာတော်ကိုစောင့်ရှောက်နိုင်တဲ့
ူဖြစ်ပါစေ။လောကအကျိုး၊မိမိအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူဖြစ်ပါစေ....လို့  ဆုတောင်း ဆန္ဒပြုရင်း....

ခင်မင်စွာဖြင့်
၃၁-၁၂-၂၀၀၉ (ကြာသပတေးနေ့ )

ကျမ ငယ်စဉ်ကလေးဘ၀ကတည်းက  ဘာသာတရားကို ကြည်ညိုလေးစားတက်အေင် ဆုံးမသွင်သင်ပေးခဲ့သော ၊ ကျမတို့၏  မိဘသဖွယ်လည်းဖြစ်တော်မူသော ကျေးဇူးတော်ရှင် သံလျှင်တောရကြီး၏ နာယက ၊ မန္ထလေးတိုင်း ပျော်ဘွယ်မြို့နယ် ၊ ယင်းတော်မြို့မ ၊ မင်းကျောင်းသာသနာ့ရိပ်သာ နှင့် မင်းကျောင်းပရိယတ္တိစာသင်တိုက်ကြီး၏ နာယက ဆရာတော် ဘဒန္တနိပုန ၏ သားသမီး တပည့်များအဖြစ် ၊ ပြီးတော့ မေဂျာတူ မောင်နှမများဖြစ် အစ်ကို ၀ိမုတ္တိုသုခ နှင့် ကျမ ရင်းနှီးခင်မင်ခွင့်ရခဲ့ပါတယ်။ အရာအားလုံးအတွက်  ရင့်ကျက်မှုမရှိခဲ့သေးတဲ့ ကျမ နှင်းဟေမာ ရဲ့ လိုအပ်ချက်များကိုအထိုက်အလျှောက်ဆုံးမလမ်းညွှန်မှုများပေးခဲ့သည့်အတွက်အထူးပင်ခင်မင်လေးစားအပ်သော အစ်ကို ၀ိမုတ္တိသုခ ထံမှ မွေးနေ့အမှတ်တရ စာလေးတစ်စောင်ဖြစ်လို့ စာဖတ်သူများ အားလုံးအတွက်လည်း အကျိုးရှိစေဖို့ရည်ရွယ်ပြီး  2010 အတွက် နှစ်သစ်လက်ဆောင် ပထမဆုံး ပို့စ်လေးတစ်ခုအဖြစ် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ် ....။ မအားလပ်သည့်ကြားမှ အမှတ်တရ မွေးနေ့စာလေးတစ်စောင်ကို ရောက်အေင် ပေးပို့ခဲ့သော အစ်ကို ၀ိမုတ္တိသုခ ကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ် ......။

ရောက်လာသူအားလုံး နှစ်သစ်မှာ အေးချမ်းသာယာရှိကြပါစေ.....
အားလုံးကိုခင်မင်လေးစားလျှက် ...

နှင်းဟေမာ
1 Jan 2010