Thursday, December 31, 2009

ကျမရဲ့မွေးနေ့

ဒီနေ့ဟာ ကျမ နှင်းဟေမာရဲ့ တစ်နှစ်တစ်ခါ ဘာမှထွထွေထူးထူး လုပ်ဘူးခြင်း မရှိခဲ့တဲ့ မွေးနေ့လေးပါ ။
“မွေးနေ့ဆိုတာ... အိုပွဲပါ ” ဆိုတဲ့ တိပိဋက ယောဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးအတိုင်းပြောရရင်...အခုကျရောက်တဲ့ ဒီဇင်ဘာ ၃၁ရက်နေ့ နံနက် ၁နာ၇ီ ၁၅ မိနစ်အချိန် လောက်မှာ လူ့လောကထဲကို ခေတ္တရောက်ရှိလာခဲ့တဲ့ ကျမ...နှင်းဟေမာလည်း တစ်နှစ်အိုခဲ့ပြန်ပါပြီလို့ စဉ်းစားလိုက်မိပါတယ် ...။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုဆိုကြမဲ့ နေ့ရက်လေးနဲ့ ထပ်တူကျနေခဲ့တဲ့ ကျမရဲ့ မွေးနေ့လေးဟာ ... ကျမတို့ ဘ၀သံသရာခရီးသွားတွေအတွက်တော့ လူ့လောကကြီးကနေ ထွက်ခွာဖို့ ဘူတာ တစ်ခုကနေ နောက်ထပ် ဘူတာတစ်ခုကို ခရီးရောက်ခဲ့ပြန်ပြီလို့ သတိပေးလိုက်တာနဲ့ အတူတူပါပဲ  ....။ ဒီလို တစ်နှစ်မှာ တစ်ခါဆိုတဲ့ ဇရာရဲ့သင်္ကေတ အမှတ်တရ ရက်စွဲလေးတစ်ခုကို ရောက်ရှိလာတိုင်း ကျမ စဉ်းစားဖြစ်တာလေးတစ်ခုရှိပါတယ် ...။
ဒီနှစ်မှာ ငါဘာတွေ ကောင်းကျိုးလုပ်ပြီးခဲ့ပြီလဲ ... ဘာတွေအမှားလုပ်ခဲ့မိသလဲ ... ငါသေရင်ယူသွားနိုင်မယ့် ရိက္ခာတွေ ဘယ်လောက်စုဆောင်းမိပြီလဲဆိုတာလေးတွေပါပဲ ....။ နောက်တစ်ခုကတော့ မွေးနေ့ကိတ်လေးကို စားပွဲပေါ်မှာတင်ပြီး ချစ်ခင်ရင်းနှီးသူတွေနဲ့အတူတစ်ကွ Happy Bithday လို့ ကဗျာဆန်ဆန် အခွင့်အရေးမျိုးကို တစ်ကြိမ်တစ်ခါမှ မရခဲ့ဘူးတဲ့ ကျမ ဘ၀မှာ ....  အမှတ်တရ လုပ်ဖြစ်တာလေးတွေဆိုလို့ ... ကျမကို အမြဲ သတိတရ ရှိနေကြမယ့် ကျေးဇူးရှင် မိဘနှစ်ပါးထံကို ဖုန်းဆက်ပါတယ် ...။ အားပါးတရ စကားတွေအများကြီးနဲ့အတူ စင်္ကာပူ-မြန်မာ ဆက်သွယ်မှုလိုင်းလေးကနေ တစ်ဆင့် ဖေဖေ နဲ့ မေမေတို့အား ထာဝစဉ်ဦးခိုက်ပါကြောင်း နဲ့ ကာယကံ ၊
ဝစီကံ ၊ မနောကံတို့ဖြင့် ပြစ်မှားခဲ့မိသည် ရှိသော် ခွင့်လွှတ်ပေးပါရန် ၀န်ချတောင်းပန်လိုက်ပါတယ် ...။ ဖုန်းလိုင်းလေး ပြတ်ကျမသွားခင်မှာတော့ ကျမ ဖေဖေ နဲ့ မေမေ့ ထံမှ အမှတ်တရ မွေးနေ့လက်ဆောင်စကားလေးများကိုလည်း ထုံးစံအတိုင်း ပူစာလိုက်ပါတယ် ....။

“မိုးနှင်းစက်လေးတွေနဲ့အတူ ........
ကမ္ဘာမြေလောကထဲကို အေးချမ်းစွာရောက်ရှိလာခဲ့တဲ့
မေမေ့ အသည်းပန်းလေးတစ်ပွင့် .....
ရှေ့ဆက်ရဦးမယ့် အနာဂတ်လမ်းတွေမှာ
သာယာဖြောင့်တန်စွာဖြင့် .... 
တိုး၍ ...တိုး၍ သာ ...လန်းပါစေ ... ” 
ဆိုတဲ့  အမှတ်တရ မွေးနေ့ဆုတောင်းသံလေး တစ်ခုကို နှင်းရဲ့ မေမေ့ ထံမှ ကဗျာဆန်ဆန်လေး လက်ခံရရှိခဲ့ပါတယ် ....။ဖေဖေ့ဆီက ရလိုက်တဲ့ အမှတ်တရ မွေးနေ့လက်ဆောင်လေးကတော့ တစ်နှစ်တစ်ခါ ဆိုသလို ဖေဖေ့ဆီက ကြားဘူးနေကျဖြစ်တဲ့ တိပိဋက ယောဆရာတော် ဘုရားကြီးရဲ့ “မွေးနေ့ဆိုတာ အိုပွဲပါ...” ဆိုတဲ့ လင်္ကာလေးတစ်ပုဒ်ပါပဲ ....။ အနှစ်သာရပြည့်ဝပြီး မွေးနေ့ရှင်တိုင်းအတွက် ... ဘယ်တော့မှရိုးမသွားနိုင်တဲ့ လင်္ကာလေးဖြစ်လို့ အားလုံးအတွက် ပြန်လည်မျှဝေ လိုက်ပါတယ် ။

မွေးနေ့ဆိုတာ အိုပွဲပါ .....

- တနှစ်တခါ ၊ မွေးနေ့ပါ ၊ လူမှာခေါ်ရိုးရှိ။

- တကယ်ပြောင်းတာ ၊ ရုပ်နာမ်ပါ ၊ ခန္ဓာမမြဲသိ။
- ရုပ်နာမ် ဓမ္မ ၊ မမြဲကြ ၊ ခဏ ခဏ ပြောင်းနေ၏။
- သေမင်း မှတ်တိုင် ၊ နောက်တစ်တိုင် ၊ ရင်ဆိုင်ရောက်လာ၏။
- မွေးနေ့ဆိုတာ ၊ အိုပွဲပါ ၊ သေချာ ဥာဏ်ဖြင့်ကြည့်။
- အသက် သိက္ခာ ၊ ကြီးစရာ ၊ လူမှာနှစ်မျိုးရှိ။
- အသက်ကြီးရုံ ၊ အားမစုံ ၊ အကုန်ကြောက်ရ၏။
- အသိမကြွယ် ၊ အကျင့်ကွယ် ၊ အိုပယ်ဖြစ်သွား၏။
- အကျင့်သိက္ခာ ၊ ကြီးမှသာ ၊ မှန်စွာ စိတ်အေး၏။
- ကြီးလေ လှလေ ၊ အေးမြပေ ၊ လူတွေချစ်ကြ၏။
- မွေးနေ့မင်္ဂလာ ၊ ရတနာ ၊ ကောင်းစွာရအောင်ဖြည့်။

( တိပိဋက ယောဆရာတော် )

နောက်တစ်ခုကတော့ ကျမ ပိုင်ဆိုင်တဲ့ ဟောဒီ့ ဘလော့စာမျက်နှာလေး တစ်နေရာမှာ အထီးကျန်ခြင်း ၊ ဖွင့်အန်ခြင်းများစွာကို လွတ်လပ်စွာ အသက်သွင်းခွင့်ရအောင်လက်တွဲ၍ ခေါ်ခဲ့ကြသော ကျမရဲ့ ဘလော့ဂါ မောင်နှမများ ၊  ၀ါသနာအရ ရေးချမိသမျှ ပို့စ်များကို  လာရောက်ဖတ်ရှု ခံစားပေးကြတဲ့ စာဖတ်သူ မောင်နှမများ အားလုံးကို ... အွန်လိုင်းပေါ်မှာ မွေးနေ့ဆုတောင်းသံများ သောသောညံအောင် လက်ခံရရှိခဲ့တဲ့ ဟောဒီ့ ဒီဇင်ဘာရက်စွဲလေးတစ်ခုနဲ့အတူ အမြဲကျေးဇူးတင်နေပါ့မယ် ...။ကျမလက်ခံရရှိတဲ့ အမှတ်တရ မွေးနေ့လက်ဆောင်လေးတွေက သိပ်ပြီးများများစားစားမရှိလှပေမယ့် တန်ဖိုးထားမိသော အရာလေးတွေဖြစ်လို့ ဒီနေရာလေးမှာပဲ အမှတ်တရသိမ်းထားလိုက်ပါတယ် ....။

ဆရာလေး (ဓမ္မရနံ့ ) မှ ပေးပို့လိုက်သော မွေးနေ့လက်ဆောင် ကဗျာလေးပါ ...

ညီမလေးအတွက်…




လောကဓံတွေ ဘယ်လောက်ရိုက်ခတ်
အပြုံးမပျက် အမုန်းမဖက်
လေးနက် မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့
ဓမ္မနဲ့ ဘ၀ကို ထပ်မျှဖို့ကြိုးစား
ရိုးသားတဲ့ ဘ၀ရှင် ညီမလေးရေ…။
ပမာဒလက်နက်က မနှိပ်စက်
အသိဉာဏ်မြတ်တဲ့ ညီမလေးအတွက်
မွေးနေ့အပျော်ရက် (ဇရာ)သံဝေဂက
(ဘ၀မှာ) ရှုံးချက်မနာ ဒုက္ခကွာပြီး
သံသရာစခန်းမှာ လမ်းသာစေပါလိမ့်မယ်…။
အရင်းတောင် ပြန်ရခက်တဲ့ ဘ၀မှာ
အတ္တနဲ့ ပရ အညီအမျှဖက်
ဆိုင်ရာဝတ်တွေ မချွှတ်ဆပ်ပြီး
အမြတ်ထွက်စေခဲ့သူ ညီမလေးတစ်ယောက်
အဓိပ္ပါယ်ပြည့်တဲ့ မွေးနေ့များစွာ ပိုင်ဆိုင်ပြီး
အိုလေကောင်းလေ ဟောင်းလေသစ်လေ ဖြစ်နိုင်စေ…။
ဓမ္မရနံ့

( အရမ်းခင်မင်ရတဲ့ ဘလော့ဂါနွယ်ရိုး ရဲ့အမှတ်တရလေးကတော့  ဒီနေရာလေးမှာ ကြည့်နိုင်ပါတယ် ...မကြာခင်မှာပြောင်းရွှေ့တော့မယ့် အိမ်သစ်လေးလဲဖြစ်ပါတယ် ... )



( ချစ်သူငယ်ချင်းလေး ဒေါက်တာမေနှင်းလွှာဖြူ ပေးပို့သော အမှတ်တရမွေးနေ့ကဒ်လေးတွေပါး)



( အစ်ကို ဆောင်းယွန်းလ ထံမှ အမှတ်တရ ကဗျာလေးတစ်ပုဒ်ပါ...း)


“ထာဝစဉ်လန်းနေမယ့် မညှိုးပန်းတပွင့်သို့”


တခါတုန်းက ဒီလိုအချိန်မျိုး
ဟေမာန်ရဲ့ နှင်းမိုးတွေ တဖွဲဖွဲ ရွာနေတဲ့
မြေကမ္ဘာရဲ့ တနေရာမှာ
ဒီဇင်ဘာ နှင်းပန်းလေး တပွင့်
အလှဆုံး လောကနဲ့ အပြိုင်ပွင့်ခဲ့တယ်….

အဲဒီ နှင်းပန်းလေးဟာ
သူမရဲ့ နှလုံးသားနဲ့ ယက်လုပ်တဲ့
ဓမ္မတေးသီချင်း တပုဒ်ကို
ချိုသော နှုတ်ခမ်းများနဲ့ သီကြူးရင်း…
၂၃ ၁/၂ ဒီဂရီတိမ်းစောင်းမှုက ပေးလာတဲ့
လောကပါလ တရားတွေကို
သူမရဲ့ ခိုင်မာတဲ့ အသိတရားနဲ့ သင်ကြားခဲ့ရင်း..
ဗုဒ္ဓရဲ့ သြဝါဒတွေအောက် ရှင်သန်ကြီးပြင်းခဲ့တယ်….

ဒီဇင်ဘာပေါင်းများစွာကို
သူမရဲ့ ဂုဏ်ရနံ့နဲ့ သင်းပျံ့စေခဲ့တဲ့
အဲဒီ နှင်းပန်းလေးဟာ
လက်တလော နေ့ရက်တွေမှာတော့..
ရနံ့အဆင်းမတူတဲ့ ပန်းတွေပွင့်ရာ အရပ်
ဌာနေကမ္ဘာနဲ့ ဝေးရာအရပ် တနေရာမှာ
ဇာတိလွမ်းစိတ်ကို ဓမ္မနဲ့ဖြေသိမ့် ပွင့်လန်းရင်း
ပညာအလင်းမီးတိုင်ကို ထွန်းညှိလို့
အသိ သတိတွေနဲ့ ဆက်လက်ရှင်သန်ဖို့ အားမွေးနေတယ်…

နှင်းပန်းကလေးရေ..
ဘဝမုန်တိုင်းတွေ ဘယ်လောက်ပဲထန်ထန်
လေဆန်ကိုအံတုလို့ သစ္စာတရားတို့ကို ထုဆစ်နေလေဦး…

နှင်းပန်းကလေးရေ..
သောကလေပြင်းတွေ ဘယ်လိုပဲတိုက်တိုက်
မင်းရဲ့ ရိုးရွက်ညှာတံကို ဦးမငိုက်စတမ်းပေါ့…..

နှင်းပန်းကလေးရေ…
မင်းဟာ မေတ္တာတရားနဲ့ ပွင့်လန်းတဲ့ ပန်းကလေးမို့
မင်းရဲ့ဘဝ စမ်းရေလို ထာဝစဉ်အေးမြနေမှာ သေချာပါတယ်ကွယ်…..။

ဆောင်းယွန်းလ
( သူငယ်ချင်း သက်တန့်ချို ရဲ့ အမှတ်တရ ကဗျာလေး ၂ပုဒ်ပါ ....း)

“ နှင်းကဗျာ ”
နှင်းတွေဝေနေတဲ့....
ဟေမာန်ဆောင်းကဗျာတစ်ပုဒ်....
မာထန်တဲ့လောကဓံကို...
သူမက အပြုံးမပျက်...
ငယ်ရွယ်နုပျိုခြင်းတွေကို ပိုင်ဆိုင်လို့...
ချင်းတွင်းမြစ်တစ်စင်းရဲ့ အလှလို....
မွေးရပ်မြေကို တွယ်တာဖော်ကျူးတယ်....
နေ့ရက်တိုင်းမှာလည်း....
မှာတမ်းတွေကို အက္ခရာတင်လို့....
ပျော်စရာ ဘ၀လေးမှာ....
ရွှင်လန်းချမ်းမြေ့ချင်းတွေ ပိုင်ဆိုင်ပါစေ....
စေတနာအပြည့်နဲ့ ဆုမွန်ခြွေ....

                                               သက်တန့်ချို

“သူငယ်ချင်း”


သူငယ်ချင်း...
ဘ၀ဆိုတာ...
အထင်ကရ..ပြတိုက်တစ်ခုတော့...
မဟုတ်ခဲ့ဘူး...
အဲဒီအိမ်ကြီးထဲမှာ...
ပျော်ရွှင်ခြင်းတွေ....
ဝမ်းနည်းခြင်းတွေ...
ရိုက်ခတ်မှုတွေ....
စိတ်ပျက်စရာတွေနဲ့....
ငါတို့ တစ်နေ့မှာတော့...
လောကဓံလို့ခေါ်တဲ့ လူအိုကြီးတစ်ယောက်နဲ့.....
တွေ့ကိုတွေ့ရလိမ့်မယ်....
ငါတို့က....
ကြယ်စင်ကိုရှာဖွေတာလား...
လမင်းရဲ့ အရောင်ကိုငတ်မွတ်တာလား....
သေချာတာကတော့...
' အလင်း ' ကိုရှာဖွေနေကြတာပဲ....
မပြီးဆုံးနိုင်တဲ့ခရီးတစ်ခု...
ဘူတာအိုများစွာလည်း ဖြတ်ခဲ့ပြီးပြီ...
အဓိကဆိုတာဘာလဲ...
သာမညဆိုတာဘာလဲ....
ငါတို့ခွဲခြားနိုင်ခဲ့ကြရဲ့လား....
ဘ၀ က...ခါးပါတယ်ကွာ...
လူသားအများစုအတွက်တော့...
တို့တွေသွားကြရမှာက...
ပန်းတိုင်တစ်ခုလား...
မှတ်တိုင်တစ်ခုလား...
ရွာငယ်တစ်ခုလား....
ရောက်ရှိနေခဲ့ကြတာကတော့....
အိုမင်းခြင်းရဲ့....
ခေတ်လွန်တစ်ဖက်ကမ်းမှာပေါ့....
ငါတို့......
ရွက်တွေခိုင်မာဖို့လိုတယ်....
တက်တွေသန်မာဖို့လိုတယ်.....
မုန်တိုင်းကတော့...
လျော့ပေးလိမ့်မယ်မဟုတ်ပေဘူး....

သက်တန့်ချို


ကျမတို့အားလုံးကို ကို  ဘာသာရေးအသိများတိုးပွားအောင် ၊ တရားတော်များကို အမြဲနားကြားခွင့် လေ့လာဖတ်မှတ်ခွင့်များရအောင် သတိပေးဆုံးမခဲ့သော  ..... ပြည်ပရောက်ဗုဒ္ဓဘာသာလူငယ်များအတွက်  ရှေ့ဆောင်လမ်းပြသဖွယ်လည်း ဖြစ်သော အစ်ကို ၀င်းမြင့်( သစ္စာတရား ) ရဲ့ မွေးနေ့အမှတ်တရ ဆုံးမ စကားလေးကို ရိုသေလေးစားစွာဖြင့် ဒီနေရာလေးမှာ  ပြန်လည်ဖော်ပြလိုက်ပါတယ် .....။

“အကိုလည်း အလုပ်များနေတာနဲ့ အခုမှပဲ ရောက်ဖြစ်ပါတယ် ညီမ.. ညီမ မွေးနေ့မှာ မေတ္တာဆုတောင်းလွှာများ ဝေဝေဆာဆာဖြင့် တွေ့ရတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်...။

ချီးမွှမ်းထိုက်သူကို ချီးမွှမ်းခြင်းသည် မင်္ဂလာပါ ဆိုသည့်အတိုင်း... မင်္ဂလာမွေးနေ့လေးကို မင်္ဂလာစကားဖြင့်နှုတ်ဆက်ဂုဏ်ပြုပါရစေညီမ...ညီမဘလော့လေးကို အင်တာနက် စာမျက်နှာပေါ်မှာ မိတ်ဆက်ခွင့်ရခဲ့သည်မှ ညီမစိတ်ဓာတ်နှင့် လုပ်ရပ်တွေကို လေးစား ဂုဏ်ယူခဲ့ရပါတယ်..
ညီမမှာ အများအကျိုးကို လိုလားသည့် လေးစားထိုက်သော အများအကျိုးဆောင်စိတ်ဓာတ် နှင့် မိမိ၏ဆင်းရဲခြင်းကင်းရာသို့ လိုလားသည့် မွန်မြတ်သန့်စင်သည့် သူတော်ကောင်းစိတ်ဓာတ်တို့ ကိန်းဝပ်နေသည့်ကိုလည်း ခန့်မှန်းသိ သိခဲ့ရပါတယ်...။ဤသို့ မွန်မြတ်သောစိတ်ဓာတ်အကိုင်းအခက် အလက်လေးများနှင့် ဝေဆာဖူးပွင့်နေသည့် အပင်လေးတစ်ပင်အဖြစ် ရှင်သန်ခွင့်ရတာဖြင့် ဤဘဝ လူဖြစ်ရခြင်း၏ ဝမ်းမြောက်ဂုဏ်ယူစရာအမှန်ပါပဲ...။သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနာနိုင်သမို့ ညီမရဲ့အပင်လေးကိုလည်းပိုမို၍ဝေဆာဖူးပွင့်နိုင်သောအပင်လေးတစ်ပင်ဖြစ်အောင်ပြုစုပျိုးထောင်နိုင်ပါစေ..အေးမြတဲ့ ဒီဇင်ဘာည ဒီည ညီမ မွေးနေ့မှာ အမှတ်တရ စဉ်းစားထားတာလေးကိုပါ ပူပူနွေးနွေးလေး ပေးလိုပါတယ်.......။
“မွေးနေ့ဆိုတာကတော့ သေနေ့ကို ညွှန်းနေတဲ့ Index.life ဖိုင်ပါညီမ... Index.life ဖိုင်ထဲမှာ ရှိနေတဲ့ script တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး...။
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်၍ တရားနာခြင်း၊ နာယူပြီးနောက် နာယူခဲ့သော တရားတော်အား အဖန်ဖန် အမှတ်ရ သတိနှိုးဆွလျက် မိမိကိုယ် မိမိလေးစားချစ်ခင် တန်ဖိုးထားကာ ဆုံးမနေသူအဖို့ script ထဲမှာ သူတော်ကောင်း Functions တွေ တိုးတိုးလာပါတယ်ညီမ...ဒီ Functions တွေတစ်ခုနှင့် တစ်ခုချိတ်ဆက်ပြီးတော့ မြှင့်မြတ်တဲ့သေခြင်း Result ကို ထုတ်ပေးသွားကြမှာပါ...မွေးနေ့ဖိုင်လေးကတော့ Ever Run နေတယ်ညီမ... သူတော်ကောင်း Functions တွေ တိုးတိုးလာအောင် "သတိ" ထားပေးပါ... ဤသို့ဖြင့် ချမ်းသာ ကျန်းမာ အေးမြတဲ့ ဘဝကို ဆွတ်ခူးခွင့်ရပါစေ...”

လေးစားစွာဖြင့်


ဝင်းမြင့်
http://thitsartayar.com/
(၃၁/၁၂/၂၀၀၉)

ကျမ တန်ဖိုးထားအပ်သော ဆုံးမစာလေးကို အမှတ်တရ ရေးသားပေးခဲ့တဲ့  အစ်ကိုဝင်းမြင့် (သစ္စာတရား) ၊ မအားလပ်တဲ့ကြားက ကျမမွေးနေ့မှာ မှတ်မှတ်ရရလေး သတိပေးတဲ့ မမမေဟန် ( ဓမ္မသုခ) ... တရားနာယူခွင့် ရတဲ့အတွက် အထူး ကျေးဇူးတင်မိပါတယ် ...။ အမှတ်တရ ကဗျာလေးကို ပေးပို့သော ကျမရဲ့ ငယ်ဆရာဖြစ်တဲ့ ဆရာလေး ဓမ္မရနံ့ ၊ ခင်မင်လေးစားရတဲ့ ကျမ အစ်ကို ဆောင်းယွန်းလအရမ်းခင်မင်ရတဲ့ သယ်ရင်းလေး  သက်တန့်ချို .အမှတ်တရမွေးနေ့ကဒ်လေးတွေကို ပထမဦးဆုံးပေးပို့သော ချစ်သူငယ်ချင်း ပန်းရင့်ရောင် နဲ့ မွေးနေ့ကဒ်များစွာကို ပေးပို့ကြသော ဘလော့ဂ်မောင်နှမများနဲ့စာဖတ်သူမောင်နှမများ၊နှင်းရဲ့မွေးနေ့လေးမှာ www.hninhaymar.com 
လေးကိုအမှတ်တရပေးခဲ့သော ကြွက်စုတ်လေးတစ်ကောင် အဲလေ ... ဘလော့ဂါ ကိုနွယ်ရိုး  ၊  
နှင်း အတွက် မွေးနေ့လက်ဆောင် ပို့စ်လေးအဖြစ်  ( ဘလော့ဂါ အငြိမ့် - ၃ ) ကို ဆက်လက် ရေးသားနေခဲ့တဲ့ နှင်းရဲ့ အစ်ကိုမြစ်ကျိုးအင်း  နဲ့ အွန်လိုင်းပေါ်ကနေ အမှတ်တရ မွေးနေ့ဆုလေးတွေ တောင်းပေးခဲ့ကြတဲ့ နှင်းဟေမာ ရဲ့ မောင်နှမများ အားလုံး ... ကိုအရမ်း ...အရမ်းကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာလေးကနေ ပြောကြားရင်း အားလုံးပဲ Happy New Year ..........................း)

နှင်းဟေမာ
31 Dec 2009

28 comments:

ကိုလူထွေး said...

new year နဲ့အတူ ထူးခြားတဲ့ မွေးနေ့ရှင်မို့ မွေးနေ့မှာ ထပ်ဆင့်တိုး ပျော်ရွှင်ပါစေ ညီမရေ...

Happy Birthday

and

Happy New year...

းဝ)

သူကြီးမင်း (တုံးဖလား) said...

နှစ်သစ်လဲကုန် မွေးနေ့လဲရောက်ဆိုတော့ အသက်အသစ်ကလေးနှင့် နှစ်သစ်ကို ကြိုဆိုခွင့်ရတာပေါ့။
ကံကောင်းပါတယ်။

ဒါပေမဲ့ နှစ်ကုန်ခါနီးမွေးနေ့ရှင်တွေဟာ အသက်တစ်နှစ်အမြန်ကြီးသလိုဖြစ်နေတယ်နော်။ လူတစ်ယောက်ရဲ့ အသက်ကို ခုနှစ်နှင့်တွက်ကြတာကများတယ်လေ။

ဥပမာ။ ဘယ်ခုနစ်မွေးတာလဲလို့ မေးရင် ၁၉၈၀ ခုမှာ မွေးတာ စသဖြင့် ဖြေရတော့မှာလေ။ ဒါဆို ဒါဆိုရင် ဟိုဘက်နှစ်မှာ တစ်ရက်ထဲပေမဲ့ တစ်နှစ်လိုကြီး ခံစားရသွားရော့။ ဟဲ ဟဲ။ နားလည်လားတော့မသိဘူး။ ရှုပ်သွားပြီထင်တယ်။

မွေးနေ့မှသည် နှစ်ပေါင်းများစွာ အများအကျိုး သာသနာ့အကျိုးကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကိုအောင် said...

အသက်ရာကျော် ရှည်ပါစေ။

အဖြူရောင်နတ်သမီး said...

HAPPY BIRTHDAY ပါ နှင်းလေးရေ...
နှင်းလေးရဲ့မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော် တိုင် ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်...

မယ့်ကိုး said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးပါ ညီမလေးရေ။

ညက နက်မကောင်းလို့ သတိရနေပေမယ့် ဘယ်လိုမှ ဆုမတောင်းနိုင်ခဲ့ဘူး။

ညီမလေးရဲ့ မင်္ဂလာ မွေးနေ့မှစ ရာသက်ပန် ကိုယ်ရောစိတ်ပါ ချမ်းသာပါစေ...
ကြုံလာသမျှ အခက်အခဲ ဟူသမျှ ကြံကြံခံ ရင်ဆိုင်အောင်မြင်နိုင်လို့ ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့ပါစေ...

လို့

ချစ်တဲ့
အစ်မ

khin oo may said...

happy new year and happy birthday!

လင်းကြယ်ဖြူ said...

ံWish You Many Happy Return Of The Day
New Year Eve လေးနဲ့အတူ သာသာယာယာ ထပ်တူ
ကျ နေတဲ့ နေ့ထူးလေးတစ်ခုမှာ ပျော်ရွှင်ကြည်နူးနေတဲ့
မနှင်းဟေမာ ရဲ့ အမှတ်တရ ဒီနေ့ကလေးမှသည်
နောင်ကျန်ရှိနေတဲ့နှစ်ပေါင်းများစွာတိုင်းမှာ
ချစ်ခင်မြတ်နိုးရသူများ..ချစ်ခင်မြတ်နိုးတဲ့ အရာများ နဲ့
ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ရင်း
ပျော်ပါစေခင်ဗျာ...
Happy Birthday!!!
*.*.*

ဆောင်းယွန်းလ said...

မွေးနေ့နဲ့အတူရောက်ရှိလာမယ့် နှစ်သစ်မှာ ဘေးဘယာကင်းကွာလို့ ကျန်းမာရွှင်လန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ညီမလေးရေ....

~ဏီလင်းညို~ said...

မနှင်းဟေမာရေ...
မွေးနေ့ကိုမသိလိုက်ရလို့ ဘာမှလက်ဆောင်မပေးနိုင်တာ...စိတ်တောင်မကောင်းဘူး...တစ်ကယ်ဗျ..း(
မွေးနေ့အတွက်ရော လာမယ့်နှစ်သစ်အတွက်ပါ...စိတ်ချမ်းသာ ကိုယ်ကျန်းမာရွှင်လန်းစွာနဲ့ အစစအရာရာ အဆင်ပြေအောင်မြင်နိုင်ပါစေခင်ဗျာ...။
(မွေးနေ့မှာ ဘာမှလည်းကျွေးဘူးနော်...။ ငတ်သွားသည်။...:D...)
ခင်မင်တဲ့
ဏီလင်းညို

Linn Htet Aung said...

Happy Birthday and Happy New Year....

NweYoe

Unknown said...

နှင်း.............
မွေးနေ့မှာ ပျော်ရွှင်ပါစေ။ပျော်ရွှင်စရာနှစ်သစ်လေးကို အဆင်ပြေစွာ ကြိုဆိုနိုင်ပါစေ။
နှင်းရဲ့ ပန်း

မေသစ္စာမောင် said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးပါ ညီမလေးရေ..။
ကိုယ်ရော စိတ်ပါ ကျန်းမာရွှင်လန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Flower said...

နှင်းရေ

နံမည်နဲ့ လိုက်ဖက်တဲ့ ရာသီမှာမွေးတဲ့ နှင်းတစ်ယောက် ဒီဇင်ဘာရဲ့ နှင်းတွေလို အေးမြပြီး ဇန်န၀ါရီရဲ့ အားအင်သစ်နဲ့အတူ ရာသက်ပန် ရွှင်လန်းချမ်းမြေ့ပါစေနော်...လောကရဲ့ တစ်ထောင့်တစ်နေရာကနေ ကောင်းကျိုးတစ်ခုခု အမြဲ ဆောင်ရွက်သွားနိုင်ပါစေလို့..

ချစ်ခြင်းအားဖြင့်

ချော

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်း ရေ..

Happy Birthday နဲ့အတူ Happy New Year ပါလို့ ဆုမွန်ချွေလိုက်ပါတယ် နှင်းရေ..

ခင်မင်စွာဖြင့်
ကိုမျိုး

အိမ့်ချမ်းမြေ့ said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်လဲဖြစ်ပါစေ...

ခင်တဲ့..
မလေး

Unknown said...

အစ်မရေ..ကိုသက်သန့်ချို blog မှာမှ အစ်မမွေးနေ့မှန်း သိလိုက်ရတယ်..။ ကြိုမသိလို့ ဘာလက်ဆောင်မှမပေးနိုင်ပေမယ့် နှစ်သစ်မှာ တကမ္ဘာလုံးက လူသားတွေရဲ့ပျော်ရွှင်မှုနဲ့အတူ မွေးဖွားလာခဲ့တဲ့ မမနှင်းတစ်ယောက် ပျော်ရွှင်မှုတွေရပါစေ လို့ ဆုတောင်းပေးပါတယ်။

မြတ်မွန် said...

နှင်းရေ..ခုမှ ရောက်တာ ခွင့်လွတ်ပါ။
မွေးနေ့မှ နှစ်တရာတိုင်ပျော်ရွှင်ဖွယ် ဘဝ ခရီးလမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေရှင်...။

အဖြူရောင်နတ်သမီး said...

2010 is at the door...
Remember...Life is short,
break the rules,
forgive quickly,
kiss slowly,
love truly,
laugh uncontrollably,
and never regreat anything that made you smile.

သုခုမလေဒီ said...

Last December ရဲ့မွေးနေ့ပိုင်ရှင် ညီမလေး နှင်းဟေမာ တစ်ယောက် နှစ်သစ်နဲ့အတူပျော်ရွှင်နိုင်ပါစေ။ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေ။
Happy Birthday and Happy New Year !
May all u wishes come true !

Anonymous said...

ဒီဇင်ဘာ ၃၁ ဆိုတော့ တကယ့်အမှတ်တရပါပဲ၊
ပျော်ရွှင်ဖွယ်သော မွေးနေ့ပေါင်းများစွာကို ဆင်နွှဲကြမယ်လေ။

မြစ်ကျိုးအင်း said...

မှတ်မှတ်ရရနေ့လေးမှာ ကျရောက်တဲ့ မွေးနေ့ရှင် ညီမလေး နှင်းဟေမာ မွေးနေ့မှာ ပျော်ရွှင်ပါစေ ။
အောင်မြင်တဲ့ဘဝကို လှမ်းတက်နိင်ပါစေဗျာ။
၂၀၁၀ မှာလည်း အဆင်ပြေခြင်းတွေနဲ့ ပဲ တွေ့ပါစေလို့ အကို ဆုတောင်းပါတယ် နော် ။

ကြည်ဖြူပိုင် said...

happy birthday and happy new year ပါညီမလေးနှင်းရေ

winmyint said...

အကိုလည်း အလုပ်များနေတာနဲ့ အခုမှပဲ ရောက်ဖြစ်ပါတယ် ညီမ.. ညီမ မွေးနေ့မှာ မေတ္တာဆုတောင်းလွှာများ ဝေဝေဆာဆာဖြင့် တွေ့ရတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်...

ချီးမွှမ်းထိုက်သူကို ချီးမွှမ်းခြင်းသည် မင်္ဂလာပါ ဆိုသည့်အတိုင်း... မင်္ဂလာမွေးနေ့လေးကို မင်္ဂလာစကားဖြင့်နှုတ်ဆက်ဂုဏ်ပြုပါရစေညီမ...

ညီမဘလော့လေးကို အင်တာနက် စာမျက်နှာပေါ်မှာ မိတ်ဆက်ခွင့်ရခဲ့သည်မှ ညီမစိတ်ဓာတ်နှင့် လုပ်ရပ်တွေကို လေးစား ဂုဏ်ယူခဲ့ရပါတယ်..
ညီမမှာ အများအကျိုးကို လိုလားသည့် လေးစားထိုက်သော အများအကျိုးဆောင်စိတ်ဓာတ် နှင့် မိမိ၏ဆင်းရဲခြင်းကင်းရာသို့ လိုလားသည့် မွန်မြတ်သန့်စင်သည့် သူတော်ကောင်းစိတ်ဓာတ်တို့ ကိန်းဝပ်နေသည့်ကိုလည်း ခန့်မှန်းသိ သိခဲ့ရပါတယ်...
ဤသို့ မွန်မြတ်သောစိတ်ဓာတ်အကိုင်းအခက် အလက်လေးများနှင့် ဝေဆာဖူးပွင့်နေသည့် အပင်လေးတစ်ပင်အဖြစ် ရှင်သန်ခွင့်ရတာဖြင့် ဤဘဝ လူဖြစ်ရခြင်း၏ ဝမ်းမြောက်ဂုဏ်ယူစရာအမှန်ပါပဲ...
သစ်တစ်ပင်ကောင်း ငါးတစ်သောင်းနာနိုင်သမို့ ညီမရဲ့အပင်လေးကိုလည်း ပိုမို၍ ဝေဆာဖူးပွင့်နိုင်သော အပင်လေးတစ်ပင်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ပါစေ...
အေးမြတဲ့ ဒီဇင်ဘာည ဒီည ညီမ မွေးနေ့မှာ အမှတ်တရ စဉ်းစားထားတာလေးကိုပါ ပူပူနွေးနွေးလေး ပေးလိုပါတယ်...

မွေးနေ့ဆိုတာကတော့ သေနေ့ကို ညွှန်းနေတဲ့ Index.life ဖိုင်ပါညီမ... Index.life ဖိုင်ထဲမှာ ရှိနေတဲ့ script တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး...
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်၍ တရားနာခြင်း၊ နာယူပြီးနောက် နာယူခဲ့သော တရားတော်အား အဖန်ဖန် အမှတ်ရ သတိနှိုးဆွလျက် မိမိကိုယ် မိမိလေးစားချစ်ခင် တန်ဖိုးထားကာ ဆုံးမနေသူအဖို့ script ထဲမှာ သူတော်ကောင်း Functions တွေ တိုးတိုးလာပါတယ်ညီမ...ဒီ Functions တွေတစ်ခုနှင့် တစ်ခုချိတ်ဆက်ပြီးတော့ မြှင့်မြတ်တဲ့သေခြင်း Result ကို ထုတ်ပေးသွားကြမှာပါ...မွေးနေ့ဖိုင်လေးကတော့ Ever Run နေတယ်ညီမ... သူတော်ကောင်း Functions တွေ တိုးတိုးလာအောင် "သတိ" ထားပေးပါ... ဤသို့ဖြင့် ချမ်းသာ ကျန်းမာ အေးမြတဲ့ ဘဝကို ဆွတ်ခူးခွင့်ရပါစေ...
လေးစားစွာဖြင့်
ဝင်းမြင့်
http://thitsartayar.com
(၃၁/၁၂/၂၀၀၉)

Burmese ပိတောက်မြေ said...

မွေး မေမေ ကိုယ်စား
.................

နေခြည်မနုနိုင်ဘူး ငွေရည်ဥ ခါဟေမာန်မို့ 
သာလေပြန် လေညှင်းချိုးသွေးလေတော့
အေးလှပြီး ညည့်မှောင်မိုက်မှာ ချမ်းလှခိုက်တုန်
ဟိုယခင် မေမေ ရှိစဉ်က
အကြင်နာ ကရုနာတေးတွေနဲ့ 
ရင်မှာအသာ ယုယကာထွေးပြန်တော့
နွေးခဲ့သည့် မေမေ့ မေတ္တာတွေကြောင့်
မကပ်နိုင် ဆောင်းညအေးတွေလည်း
ဝေးမှခွာကုန်
တမ်းတကာကြိတ်ကာလွမ်းလို့ ရယ်
ကျွမ်းမတတ် ဆွေးစိတ်ငုံ
မွေးမေဂုဏ် ကြိမ်းဖန်တမ်း...လို့ 
ဒီမွေးနေ့ မှာဖြင့်
မှန်းကန်တော့ကာလွမ်း......

(ညီမလေးနှင်းဟေမာ ချမ်းမြေ့ပျာ်ရွှင်ပါစေ)

မိုးစက်အိမ် said...

Happy Birthday ပါမနှင်းရေ ပျော်ရွှင်သောမွေးနေ့ 
လေးဖြစ်ပါစေဗျာ . . . လက်ဆောင်ပီတိလေးတွေကြည့်
ပြီး ထပ်တူထပ်မျှ ၀မ်းသာသွားတယ်ဗျာ . . . နှစ်သစ်ကူး
မှာလည်း ကောင်းခြင်းအဖြာဖြာ ပြည့်စုံပါစေသားဗျာ

Dream said...

HAPPY BIRTHDAY ပါ တီတီနှင်းရေ...
မွေးနေ့မှန်း မသိလိုက်ဘူး ...
ခုမှရောက်ဖြစ်တယ်။ စိတ်မဆိုးပါနဲ့နော်...

မွေးနေ့လက်ဆောင်အတွက် သူများလို ကဗျာတွေ ဘာတွေ မစပ်တတ်တော့....အဟီး
လက်ဆောင်အဖြစ် အာဝါးးးးပေးလိုက်မယ်နော်....

း))

ရွှေပြည်သူ (ShwePyiThu) said...

ထူးခြားတဲ့ မွေးနေ့ပိုင်ရှင် ညီမလေးရေ အစ်မဆုတောင်းနောက်ကျသွားတာ ခွင့်လွှတ်ပါ။ ဒီမွေးနေ့ကစလို့ နောင်ဘဝခရီးတစ်လျှောက်လုံးကို စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့အတူ အောင်မြင်ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ...

WWKM said...

မမ အလုပ်များနေတာနဲ့ ညီမလေးမွေးနေ့တောင် မသိလိုက်ဖူးရယ်..
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ပါ
တယ် ညီမလေးရေ..
အမြဲတမ်းပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်ပါစေနော်..

မမ၀ါ