Friday, November 27, 2009

မနှင်းတို့ရွာ (၁)



ငယ်ဘ၀အမှတ်တရလေးတစ်ခု အနေနဲ့ မနှင်းတို့ရွာလေးနဲ့ စာဖတ်သူမောင်နှမများကို မိတ်ဆက်ပေးချင်မိတယ်...မနှင်းတို့ရွာလေးက အညာဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိလှတဲ့ ချောင်းရိုးမြောင်းရိုး တစ်နေရာမှာရှိပြီး  အိမ်ခြေ သုံးရာကျော်လောက်သာရှိပါတယ် .....။
ဘေးပတ်ဝန်းကျင်က ဇနပုဒ်ရွာသေးသေးလေးတွေကြားမှာတော့ ကျေးရွာအုပ်စု ရွာကြီးတစ်ရွာအဖြစ် ရပ်တည်လျှက်ရှိပြီး သူ့အရပ်နှင့် သူ့ဇာတ်တော့ တင့်တယ်လျှက်ရှိပါတယ် ...။
ဆရာကြီးဦးတင်မိုး ရဲ့ ကဗျာလေးတစ်ပိုဒ်ထဲက ~
“ကိုယ့်နေရာ သာယာသည် ဖြစ်စေ ...
နုံချာသည် ဖြစ်စေ....
ကိုယ့်ရွာ ... ကိုယ့်ရပ်... မိခင်မြတ်တည့် ”
ဆိုတဲ့ စာသားလေးအတိုင်း မနှင်းတို့  ဇနပုဒ်ရွာလေးသည် သာယာဖြစ်စေ.... မည်မျှနုံချာနေသည်ဖြစ်စေ ကိုယ့်ရွာကိုယ့်ရပ် နှင်းဟေမာ အတွက်တော့ ထာဝရမမေ့အပ်တဲ့ မွေးမြေရပ်လေးသာဖြစ်ခဲ့ပါတယ်....။
ရွာ.... ဆိုတဲ့ အသံလေးကြားလိုက်ရရင်ကို နှင်းရဲ့ ရင်ထဲမှာ နွေးထွေးလုံခြုံစွာ ခံစားလိုက်မိတယ် ....ရွာအကြောင်းပြောလိုက်မိရင် ရောက်တဲ့အရပ်ကနေ ရွာကိုအမြန်ဆုံးပြန်ချင်မိတယ် .....ရွာလေးရဲ့အနေအထားကို စာဖတ်သူများ မြင်ယောင်စေဖို့အတွက် အတက်နိုင်ဆုံးပုံဖော်ပေးရမယ်ဆိုရင်~
မနှင်းတို့ရွာကို တောမြို့သေးသေးလေးတစ်မြို့ကနေပြီး ပုဂံ - ပုပ္ပါး ၊ ကျောက်ပန်းတောင်းကားစီးလျှင် ၂နာရီလောက်ကြာကြာစီးရပြီး ၊ ပုပ္ပါးကနေ ရွှေပေါ်ကျွန်း ကားလေးတွေစီးမယ်ဆိုရင် မိနစ်၂၀လောက်ပဲ စီးရပါတယ် .... ။ လိုင်းကားပေါ်ကနေ ဆင်းလိုက်ပြီဆိုရင်ပဲ မညီညာတဲ့ ချိုမ့်ဝှမ်း တောင်တန်းလေးတွေနံဘေးမှာ တောပန်းတောင်ပန်းလေးတွေ စီရရီဖူးပွင့်နေကြတဲ့ သစ်ပင်ခြုံနွယ်တွေနဲ့အတူ စိမ်းစိုညို့မှိုင်း အုံ့ဆိုင်းလှတဲ့ ထန်းတောတန်းကြီးတွေက အရင်ဦးဆုံး ဆီးကြိုနေကြတယ် ....။
“... ” ကျေးရွာဆိုတဲ့ ဆိုင်းပုဒ်လေးကိုတွေ့သာတွေ့နေရပေမယ့် လမ်းအတော်ကြာကြာလျှောက်ပြီးကာမှ ဆေးရေးပန်းချီကားတစ်ချပ်လို ...ပုပ္ပါးတောင်မကြီးကို နောက်ခံပြုနေတဲ့ မနှင်းတို့ ရွာလေးကို မသဲမကွဲမြင်ခွင့်ရပါတယ် ....။ ရွာအ၀င်မှာလည်း တစ်သွင်သွင်စီးဆင်းနေတဲ့ ကျောက်တစ်လုံး ချောင်းလေးရှိပြီး  မခမ်းနား လှပေမယ့် ကျေးရွာလေးတစ်ရွာ အတွက်တော့ အသုံးဝင်လှတဲ့အပြင် သဘာဝအလှနဲ့ အေးမြခြင်းရဲ့အသွင်ကို ဆောင်နေပါတယ် ....။
သန်းထွန်းလေး ရဲ့ သီချင်းလေးတစ်ပုဒ်ကို ကြားဘူးမယ်ထင်ပါတယ် ... “သောက်ရေအတွက် ... လက်ယက်တွင်းကလေးတွေ ..... ယက်ကာခပ်ရသည် ... ” ဆိုတဲ့ သီချင်းလေးထဲကလိုပဲ

ရွာအ၀င် စမ်းချောင်းထဲမှာတော့ သဲထဲကို လက်ယက်တွင်းလေးတွေတူးပြီး ရရှိလာတဲ့ရေစီးကြောင်းလေးတွေက ရေတွေကို တစ်ရွာလုံး သောက်သုံးကြရပါတယ် ....။
မိုးတွင်းရောက်ရင်တော့ ချောင်းရေက ကမ်းလုံးပြည့်လာတဲ့အတွက် ရွာကနေ ဘယ်မှ သွားလို့မရတော့တဲ့အပြင် သောက်သုံးရေအတွက်ကိုတော့ ရွာအနောက်ဘက်က ဈေးကုန်းတောင်ဘက်ဘုန်းကြီးကျောင်းဝန်းအတွင်းက ရေကန်ကြီး နှစ်ကန်ကနေ ခပ်ယူသုံးစွဲကြရပါတယ်...။ ထိုကန်ကြီးတွေကို အနော်ရထာမင်း တိုင်းခန်းလှည့် လည်စဉ်က နောက်လိုက်တွေနဲ့ အတူ တူးဖော်ခဲ့ကြတယ်လို့ သိရပြီး မိုးရာသီမှာ တစ်ရွာလုံးသောက်သုံးဖို့ အတွက် ဈေးကုန်းတောင်ကျောင်း ဆရာတော် အဆက်ဆက်ကနေ ထိမ်းသိမ်း စောင့်ရှောက် ထားခဲ့သည်မှာလည်း  နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်ပါတယ် ....။

နှင်း ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့အတူ ချောင်းရေသွားခပ်ရင် ချောင်းထဲက ငါးလေးတွေ ပလောင်လေးတွေကို လိုက်ဖမ်းတိုင်း ကစားကြတယ် ... ကန်ရေသွားခပ်ရင် လယ်ကွင်းတွေထဲမှာ ဂဏန်းတွေဖမ်းကြ ကန်ဘောင်ဘေးမှာ တစ်ပျော်တစ်ပါးကြီး  ရေကန်စွန်းရွက်တွေခူးကြတယ် .... ရေတစ်ခေါက် အပင်ပေါက်တက်တဲ့ နှင်းကို အိမ်က ဦးလေးတွေက ဒုတ်တစ်ချောင်း နဲ့ အမြဲ လိုက်လိုက်ခေါ်ရတယ်းD
မနှင်းတို့ရွာက သေးသေးလေးဆိုပေမယ့် ရွာလယ်မှာ ခမ်းနားထည်ဝါတဲ့ သာသနာ့ဗိမ္မာန်ကြီးနဲ့အတူ လပြည့်နေ့တိုင်း ကျေးရွာအုပ်စု ဆွမ်းလောင်းပွဲတွေ မကြာခဏကျင်းပလေ့ရှိတဲ့ ရွာလည်ဓမ္မာရုံကြီး လည်းရှိတယ် ....။ သာသနာ့ဗိမ္မာန်တော်ာကြီးမှာတော့ နှစ်စဉ် တန်ခူးးလရောက်တိုင်း ၅ ရက် ၅ ည တိုင်တိုင် အသံမစဲမဟာပဌါန်းရွတ်ဖတ်ပူဇော်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိပါတယ် ....။

မြင်းခြံမြို့ ကိုးဆောင် ပရိယတ္တိစာသင်တိုက်က နှစ်စဉ်  သံဃာတော် အပါး ၁၀၀ ကြွရောက်တော်မူပြီး ပဌါန်းပွဲဖွင့်ပွဲနဲ့ ပဌါန်းသိမ်းအောင်ပွဲ ၂ ညမှာတော့ မြင်းခြံမြို့ ကိုးဆောင်တိုက်မှ နာယကဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွရောက်ပြီး တရားတော်များကို ချီးမြှင့်တော်မူလေ့ရှိပါတယ် ....။

ရွာရဲ့ ဘုန်းတော်ကြီးကျောင်းတွေကတော့ ကျင်းကျောင်း ၊ မင်းကျောင်းအုတ်တိုက်ကျောင်းဈေးကုန်းတောင်ဘက်ကျောင်းဈေးကုန်းမြောက်ဘက်ကျောင်း ဆိုပြီး စုစုပေါင်း ငါးကျောင်းရှိပါတယ် ...။ ကျောင်းငါးကျောင်းက သံဃာတော်တွေ နံနက်တိုင်းဆွမ်းခံကြွသလို ရပ်ကွက်အလိုက် သီးသန့်ဆွမ်းချိုမ့်တွေလဲ တာဝန်ယူရပါတယ် ....။ မနှင်းတို့ အိမ်ကိုတော့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ကျင်းကျောင်းနဲ့ ဈေးကုန်းမြောက်ကျောင်း ကိုရင်လေးတွေက နေ့စဉ်ဆွမ်းချိုမ့် လာယူပါတယ် ....။ ဖေဖေ နဲ့ နှင်း က စနေသားသမီးတွေဖြစ်တဲ့အတွက် စနေနေ့တိုင်းမှာတော့ ကျောင်းအားလုံးကို ဆွမ်းဟင်းဖွယ်ဖွယ်ရာရာ လောင်းလှူလေ့ရှိပါတယ် ...။

အထူးခြားဆုံးကတော့ ရွာမြောက်ဘက်က အုတ်တိုက်ကျောင်းဖြစ်ပြီး နှစ်စဉ် နယုန်လဆန်းပိုင်းမှတော့
သံလျှင်တောရ ၀ိပဿနာ (၁၀)ရက် တရားစခန်းပွဲကြီး ကျင်းပလေ့ရှိပါတယ် ....။
တရားစခန်းကိုတော့ အုတ်တိုက်ကျောင်းဆရာတော် ဘုန်းဘုန်း ဦးဝါယမ (ယခင်နှစ်က ပျံလွန်တော်မူ)  နဲ့ ရန်ကုန်တိုင်း ၊ တညင်မြို့ သံလျှင်တောရ ၀ိပဿနာရိပ်သာကြီး၏ ဥက္ကဌ ၊ ပျော်ဘွယ်မြို့နယ် ၊ ယင်းတော်မင်းကျောင်း သာသနာ့ရိပ်သာ နှင့် ယင်းတော်မင်းကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ နာယကဆရာတော် ဘဒန္ဒနိပုဏ ကိုယ်တိုင် ကြွရောက်ပြီး ၁၀ ရက်တိုင်တိုင် တရားစခန်းကြီး ကျင်းပ လာခဲ့တာ ယခုဆိုရင်  ဆရာတော်ဘုရားရဲ့ကျေးဇူးကြောင့် တရားစခန်းဖြစ်မြောက်ခဲ့တာ နှစ်ပေါင်း ၅၀တိုင်ခဲ့ပြီဖြစ်ပါတယ် ....။
ဘုန်းကြီးကျောင်းအဆောင်အဦးတွေက ရှေးလက်ယာတွေဆိုတော့ ထုထည်ကြီးမာလှတဲ့ ကျောက်သားတွေနဲ့ ဆောက်လုပ်ထားပြီး အတော်ခန့်ခန့်ငြားငြားလေး ရှိလှပါတယ် ...။
ရွာရဲ့တောင်ဘက် မြောက်ဘက်တွေမှာတော့ အထက်ဆည်တွေကလွှတ်တဲ့ ရေမြောင်းမကြီးတွေ ၊ မြောင်းသွယ်လေးတွေနဲ့ ၀န်းရံထားပါတယ် ... ။ ရွာရဲ့အနောက်တည့်တည့်က ဘုန်းကြီးကျောင်း နှစ်ကျောင်း နဲ့ ရွာရဲ့ကြားမှာတော့ တစ်ပတ်တစ်ခါ ကျေးရွာဈေးလေးရှိပါတယ် ...။အဖိတ်နေ့ဆိုရင် ရွာကို မဟာဗောဓိသီလရှင်စာသင်တိုက်က သီလရှင်လေးတွေ ဆွမ်းဆန်စိမ်းလာခံပြီဆိုရင် မနှင်းတို့ အိမ်မှာ ဆွမ်းဘုန်းတဲ့အတွက် အဲဒီ့နေ့က တောဖိတ်နေ့ ဈေးပတ် သုံးရက်လိုသေးတယ် ဆိုပြီး အိမ်က အဖွားက မှတ်သား ထားတက်ပါတယ် ...။
အဓိက ကတော့ ရွာမှာ တောင်သူလယ်သမား တွေသာများပြီး ပဲပွဲရုံ ၊ ထန်းလျှက်ပွဲရုံ ၊ ကုန်မျိုးစုံရောင်း
ဝယ်ခြင်းနဲ့ ဆီစက် ၊ ဆန်စက် လုပ်ငန်းတွေရှိပြီး ၊ ကားပိုင်တဲ့သူတွေကတော့ ကားပြေးဆွဲတဲ့ လုပ်ငန်း စသည်ဖြင့် လုပ်ကိုင်စားသောက် ကာ အသက်မွေးလျှက် ရှိကြပါတယ် ....။ရွာနီးချူပ်စက်က ရွာလေးတွေမှာတော့ ထန်းလုပ်သား ၊ လယ်သမား ယာသမားတွေသာ များလှပါတယ် ....။
ရွာမှာ ထူးခြားချက်တစ်ခုက နံမည်ကျော် ပန်းရံဆရာတွေ ပန်းတမော့ဆရာကြီးတွေ ပေါ်ထွန်းခဲ့လေတော့ သူတို့ရဲ့ သားစဉ်မြေးဆက်တွေကလဲ ရပ်ကွက်တစ်ခုစာလောက် ပန်းရံလုပ်ငန်းကို ဘိုးဘွားစဉ်ဆက် အမွေဆက်ခံပြီး ယနေ့ထက်ထိ လုပ်ကိုင်လျှက်ရှိကြပါတယ်...။



နှင်းတို့ရွာမှာ ဘုရားကြီးရပ် ၊ ဈေးရပ် ၊ သီရိမင်္ဂလာရပ် ၊ လမ်းမတော်ရပ် ၊ ပြည်တော်သာရပ် နဲ့ သဲတောကြီး ရပ် ဆိုပြီး သူ့အုပ်စု ရပ်ကွက်အလိုက်ဖွဲ့ထားတဲ့ ရပ်ကွက် ၆ ခုရှိပါတယ် ....။ ထူးခြားလေးက သဲတောကြီးရပ်ကွက် တစ်ရပ်ကွက်လုံးက  လူတွေအားလုံးဟာ မုန့်ဟင်းခါး ၊ ခေါက်ဆွဲ ၊ တို့ဟူးသုတ် ၊ကောက်ညှင်းပေါင်း နဲ့  ပဲပြုတ် ၊ အကြော်စုံ နဲ့ ရေမုန့် (မုန့်ရေပါး) ၊ မုန့်ပစ်သလပ် (မုန့်ပြားသလပ်) ၊ ဆန်ဆုတ် ၊ ပေါက်ပေါက်ဆုတ် ၊ မုန့်ခေါင်းအုံး ၊ မုန့်လက်ဆောင်း ၊ နတ်သြဇာ ( ပဲထန်းလျှက်ချောင်း) အုန်းထန်းလျှက် ၊ နွားနို့ထန်းလျှက် ၊ နှမ်းဖတ်ထန်းလျှက် ၊ အစရှိတဲ့ မုန့်မျိုးစုံကိုတွင်ကျယ်စွာလုပ်ကြပြီး အသက်မွေးဝမ်းကျောင်းကြပါတယ် ....။
ပန်းရံ လုပ်ငန်း ၊ပန်းတမော့ လုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြတဲ့ မိသားစုဆွေမျိုးတွေကတော့ ပြည်တော်သာ တစ်ရပ်ကွက်လုံးဖြစ်ပြီး ရွာတောင်ဘက်မှာ ပေတစ်ရာလမ်းမကြီး တစ်ဘက်ခြားမှာ ထီးတည်းရပ်တည်ကြပါတယ်...။
 မနှင်း တို့ ရပ်ကွက်ကတော့ ရွာအနောက်ဖျားက ဈေးကြီးနဲ့နီးလို့ ဈေးကြီးရပ်ကွက်လို့ခေါ်ပါတယ် ... သုဿာန်နဲ့ လည်းအနီးဆုံးဖြစ်တဲ့အတွက် ရွာထဲကလူတွေက သုဿာန်ရပ်ကွက်ကလူတွေလို့ ပြောရင် နှင်းတို့ကလည်း ဘယ်ရမလဲ ပြန်ပြောတာပေါ့ ... သေတဲ့အခါ ငါတို့ရပ်ကွက်မှာ လာမမြှုပ်ကြနဲ့လို့ အဟိ
းD .... ရွာဆိုတဲ့အတိုင်း ဆွေမျိုးတွေမကင်းရာမကင်းကြောင်း နဲ့ ကျန်တဲ့အချိန်တွေမှာ ရပ်ကွက်အချင်းချင်း အဆင်ပြေကြပေမယ့် ဘုရားပွဲရောက်ရငတော့ တစ်နည်းနည်းနဲ့ ငြိပြီး အကြီးအကျယ် ပြဿနာတက်လေ့ရှိတာလည်း မနှင်းတို့ ရွာလေးပါပဲ ........။
ရွာဘုရားပွဲအတွက် အစည်းဝေးတိုင်ပင်ကြရင် တော်တော်ရယ်စရာကောင်းသလို ဘုရားပွဲရောက်ပြီဆိုရင်လည်း အရမ်းပျော်ရွှင်စရာကောင်းလှတဲ့ ရိုးရာ ဓလေ့လေးတွေကို နောက်တစ်ပိုင်း အနေနဲ့ ဆက်လက် ရေးသားပါဦးမယ်..။ဆရာကြီးဦးတင်မိုးရဲ့ ကဗျာလေးထဲကနောက် တစ်ပိုဒ်ကိုပြန်ကောက်ရရင် ~
ရေချမ်းစင်က ရေကြည်မြကို ၊ သောက်ရပေဖူး၊
သူ့ကျေးဇူးကို အထူးသိလည်း၊
ဇာတိလွမ်းနာ ၊ မဖြေသာခဲ့။  ဆိုသလိုပါပဲ .... ရွာနဲ့အဝေးဆုံးတစ်နေရမှာ အခြေတည်ခဲ့ရပေမယ့်
ကျမ ချစ်တဲ့ ဇာတိရွာလေးကိုတော့ ရင်ထဲမှာထာဝစဉ် လွမ်းဆွတ်မိရင်း ဒီပို့စ်ကို ရေးသား ခဲ့ခြင်းဖြစ်ပါတယ်....။  မနှင်းတို့ရွာလေးကို အလည် တစ်ခေါက် ရောက်ဖူးသွားအောင် ဒီပို့စ်လေးနဲ့အတူ စာဖတ်သူကို ခေါ်ဆောင်သွားခွင့်ပြုပါ ..း)  
အစ အဆုံး စိတ်ဝင်စားစွာ ဖတ်ရှုကြသူအားလုံး ကျေးဇူး အထူး တင်ပါတယ် .........။

အားလုံးကို ချစ်ခင်လေးစားတဲ့
နှင်းဟေမာ

24 comments:

ကိုအောင် said...

ကောင်းတယ်၊ နောက်အပိုင်းတွေထဲမှာ ရွာလူဦးရေ၊
ရွာမှာမွေးပြီး ထွန်းထွန်းပေါက်ပေါက်ဖြစ်ခဲ့တဲ့ သူတွေ၊
ရွာသူရွာသားတွေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်း
တွေ၊ မ၈င်္လာဆောင်နဲ့ အလှူအတန်းတွေမှာ ဘယ်လို
ဝိုင်းကူညီကြသလဲ ဆိုတဲ့ ထုံးတမ်းစဉ်လာတွေပါ ဖတ်
ချင်ပါတယ် ညီမလေးရေ၊ အားပေးလျက်ပါ။

အဖြူရောင်နတ်သမီး said...

နှင်းလေးရဲ့ အေးချမ်းလှတဲ့ ရွာလေးကို တခါတခေါက်တော့ ရောက်အောင်လာလည်ပါအုံးမယ်...

မယ့်ကိုး said...

ညီမလေးက သဘောဖြူဖြူချစ်စရာကောင်းလွန်းတဲ့ ရွာသူလေးပါလား။
ရွာလေးက ချစ်စရာ။စိတ်ဝင်စားစရာကောင်းလိုက်တာ။
ဆက်ရေးပါဦး ညီမလေးရေ...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်းရေ..

လာလည်ပါတယ်။
ဆီမီးထိန်ထိန်လင်းပါတဲ့
မနှင်းတို့အိမ်.. လဲ မတွေ့ပါလားကွယ်။
ရွာထဲလျောက်လည်ရင်းနဲ့ပဲ ပြန်သွားပါတယ်။ နောက်တစ်ခေါက်လာချင်ပါသေးတယ်.. :) :)


ခင်မင်စွာဖြင့်
ကိုမျိုး

Anonymous said...

အညာဘက်က ရွာတွေတော်တော်များများ ရောက်ဘူးတယ်ဗျ..တူညီတဲ့ စရိုက်ကတော့ ရိုးသားဖြူစင်ပြီး ဧည့်သည်အပေါ် စေတနာအလွန့်အလွန် ကောင်းတယ်။ ကျွန်တော်က ပင်လယ်ကမ်းခြေဇာတိဆိုပေမဲ့ အညာဓလေ့နဲ့ မစိမ်းပါဘူးဗျာ။ ဆက်ရေးဗျာ..စောင့်ဖတ်လျက်ပါ။

ရွှေရတုမှတ်တမ်း said...

ဟဲ့မနှင်းရဲ့...ပလောင်လေးဆိုတာ..ဖားလောင်းလေးတွေပြောတာလား
ညည်းတို့ရွာက ရွာသစ်လား

မြတ်နိုး said...

ဆက်ရေးပါဦး နှင်းရေ..

ama

~ဏီလင်းညို~ said...

မနှင်းဟေမာရေ...
ရွာလေးက..သာသာယာယာလေးနော်ဗျ...။
တစ်ခေါက်တော့ ရောက်ဖူးချင်ပါဘိ...။
(စာထဲမှာပါတဲ့ မုန့်တွေအကုန်ကြိုက်တယ်ဗျ..၊ တော်တော်နှိပ်စက်ပ...ရွှတ်...)
ဆက်ရေးပါဦးခင်ဗျာ...။

ခင်မင်လျှက်...
ဏီလင်းညို

သက်တန့်ချို said...

သူငယ်ချင်းရဲ့ရွာလေးကို အလည်လိုက်ချင်တယ်ဟီး

လသာည said...

ဈေးကြီးရပ်ကွက်က ညလေးရေ.. ချစ်စရာရွာလေးအကြောင်းကို ဖတ်ရှုသွားပါတယ်။ ရေးထားတာ ချစ်စရာလေး။
စကားမစပ် အစ်မလည်း စနေသမီး :P

Lover Rain said...

ညီမလေးနှင်းရေ
ကိုယ့်နေရာ သာယာသည် ဖြစ်စေ ...
နုံချာသည် ဖြစ်စေ....
ကိုယ့်ရွာ ... ကိုယ့်ရပ်... မိခင်မြတ်တည့် ”ဆိုတာ အကိုတို့ အဝေးေ၇ာက်နေတဲ့သူတွေအတွက် အရမ်းခံစားရပါတယ် အရမ်းလဲလွမ်းမိပါတယ် ပြေးသာပြန်လိုက်ချင်တော့တယ်ညီမရယ်

ဆောင်းယွန်းလ said...

ဟိုဖက်ကမ်းက မီးထိန်ထိန်
ဒီဖက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန် လင်းပါတဲ့ မနှင်းတို့အိမ်.....

ဟေး....ညီမလေး...ရွာကိုအလည်လာသွားတယ်
မနှင်းတို့အိမ်ကိုပါ ရောက်သွားတယ်...
ရွာကလေးက သာယာလိုက်တာ.စည်လည်းစည်ကားလှပါဘိသနဲ့.....
ရွာအကြောင်းလေးတွေ ဆက်ဖတ်ချင်နေသေးတယ် ညီမလေးရေ

နေစိုးနိုင် said...

ဟာ ..
ဒီပို့ကိုဖတ်ပြီး ကျွန်တော်က ကဗျာနဲ့ မန့်မလို့ စိတ်ကူးပြီး ရှေ့က ကွန်းမန့်တွေဖတ်လိုက်တော့ ကိုဆောင်းယွန်းလ က မန့်သွားပြီ..

ကျွန်တော်လည်း ရွာသား ၊ အညာသား ဆိုတော့ ခံစားလို့ရပါတယ်ဗျာ

မြစ်ကျိုးအင်း said...

အညာဘက်ကို တခါမှ မရောက်ဖူးသေးဘူး

အခါအခွင့်သင့်ရင်တော့ သွားလည်ချင်ပါသေးတယ်။

ညီမလေးတို့ ရွာရဲ့ နေထိုင်မှုကိုတော့ ဖတ်လိုက်ရပြီ နောက်ထပ် ဓလေ့စရိုက်တွေကိုပါ သိချင်ပါသေးတယ်။

သီဟသစ် said...

ညီမနှင်းရေ..

ချစ်စရာ ရွာလေးပါလားကွယ်..

တို့ကို တကယ် အလည်ခေါ်ဟေ့...

အပြင်မှာ
:)

ခင်မင်စွာဖြင့်
သီဟသစ်

သူကြီးမင်း (တုံးဖလား) said...

မနှင်းရေ..
ရွာအကြောင်းလေးတွေ ဖတ်ရတာ စိတ်ကို ကြည်နူးစေပါတယ်။ ဆက်ရေးပါ။
ရိုးရာဓလေ့လေးတွေ သိခွင့်ရတာပေါ့။

ကိုလူထွေး said...

မနှင်းတို့ရွာက ချစ်စရာလေး...

လယ်ထဲမှာ ပုစွန်လုံးနှိုက်တာ.. ကန်စွန်းရွက်ခူးကြတာလည်း ကြည်နူးဖို့ကောင်းတယ်...

စနေနေ့ ဆွမ်းပို့ခဲ့ကြတာကလည်း အားကျစရာ...

ငယ်ငယ်ကတည်းက တရားရှိနေခဲ့တာ ဈေးကြီးရပ်ကွက်မှာ နေခဲ့လို့ကိုး...

းဝ)

ကိုလူထွေး said...

နောက်ထပ် ကြည်နူးစရာ ရွာဓလေ့တွေကို ရေးပြပါအုံး...

Unknown said...

နှင်းရေ

နှင်းတို့ရွာကို လာလည်သွားတယ်(စာထဲမှာ :) ) အေးချမ်းတဲ့ နှင်းတို့ရွာကို တကယ်လာလည်မယ်သိလား။(မခေါ်လဲ လာမှာပဲ :P )

နှင်းရဲ့ ပန်း

လင်းဒီပ said...

“ဆီကို ရေချိုး
ဆေးရိုးမီးလှုံ ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ” ဆိုတဲ့ သီချင်းလေးညည်းရင်း ဖတ်သွားတယ်..။

လူဆိုတာ ဘယ်ကို ရောက်နေ ရောက်နေ ကိုယ့်ရဲ့ origin ကို မမေ့ဘဲ ဂုဏ်ယူတတ်တာ ကောင်းတယ်..။

Linn Htet Aung said...

ရွာသူပေါ့ ဟဲဟဲ
{ကြွက်}

သုခုမလေဒီ said...

ပိုစ့်လေးမနှင်းရဲ့ ရွာလေးကို ရောက်သွားသလိုပါပဲ။
ကြည်နူးစရာလေးပါ။

ဟိန်းမင်းထက် said...

မမနှင်းရေ မမနှင်းတိုရွာကိုအလည်လာပါတယ်...အလည်တာပြန်လာတယ်ခုထိ ရွာ၏နာမည်လေးကိုမသိခဲ့ရဘူးဗျ.သိချင်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ရွာကလေးကိုလည်းအလည်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်..ကျွန်တော်တို့၇ွာကလေးကလည်းအရမ်းကိုပျော်ဖို့ကောင်းပါတယ် လာလည်ခဲ့တစ်ခေါက်တခါပေါ့......
ချင်းတွင်းဧရာညမြစ်နှစ်ဖြာရစ်ခါပတ်ဝိုင်းအလည်ပိုင်း ရှု့တိုင်းသာယာ လှေခုတ်ရွာ တဲ့.............
မှတ်ထားပါအမတို့ရွာနဲ့နည်းမယ်ထင်တယ်

Unknown said...

ဟဲလို
မမနှင်းရေ
ကျွန်တော်က ပျော်ဘယ်မြို့နယ်၊ ယင်းတော်မြို့မကပါ။ ဘုရားကြီး အရှေ့ဘက်ကပေါ့။ မမနှင်းက်ဘယ်သူလည်း မသိဘူးနော်။ ကျွန်တော် ခင်ချင်ပါတယ်။ ကျွန်တော့် ငယ်နာမည်ကတော့ တင်လင်းပါ။ ကျွန်တော့်နာမည်ကိုတော့ ယင်းတော် တစ်ရွာလုံးသိပါတယ်နော်။ မမနှင်း အပါအ၀င်ပေါ့။ ဒါပေမယ့် မမနှင်းကို ဘယ်သူလည်း မသိဘူး။ ကျေးဇူးပြု၍ Email လိပ်စာပေးပါလား၊ ကျွန်တော့် Email လိပ်စာကတော့ zawminoo.video@gmail.com ပါ။ ဆက်သွယ်ဖြစ်အောင် ဆက်သွယ်ပေးပါဦးနော်။