Tuesday, November 24, 2009

သာသနာ့အာဇာနည်ဖြူးဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူခြင်း


ကြည်ညိုလေးစား ခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ နှင့် စာဖတ်သူမောင်နှမများ ၊ ကျမ၏ .... ဘလော့ဂါ  မောင်နှမအပေါင်းတို့အား ၀မ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည် .......

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းတွင် ဆက်လက်ဆေးကုသမှု ခံယူလျှက်ရှိရာမှ ယနေ့ ( 24 Nov 2009 ) ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက်  (၇)နာရီခန့်၌ ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီဖြစ်ပါသည်...။
ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ယခု ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်ပါသည်။ဆရာတော်ဘုရားကြီးသည် ပဲခူးတိုင်း ၊  ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ သွေးနဲ့ရေးတဲ့သာသနာ အစရှိသော ထေရ၀ါဒစစ်စစ်တရားဓမ္မများကိုလည်း ဟောကြားတော်မူခဲ့ပါသည်။
ထို့ပြင် ဆရာတော်ဘုရားကြီးသည် အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုတော်မူခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့ ၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကြီးကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများကို ပြသပေးတော်မူလျှက်ရှိရာမှ ( 24 Nov 2009 ) ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက် (၇)နာရီခန့်၌ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါသည် ....။
သာသနာ့အာဇာနည်တစ်ပါး ဆုံးရှုံးသွားခဲ့ရသည့်အတွက်ဖော်မပြနိုင်အောင်ဝမ်းနည်းတုန်လှုပ်မိခဲ့ပါသည်..။
ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကိုလည်း ကမ္ဘာတစ်ဝန်းတွင်ရောက်ရှိနေကြပါသော ကျေးဇူးတော်ရှင်ဖြူးဆရာတော်ဘုရားကြီး၏ တပည့်များ ၊ ဆရာတော်ဘုရားကြီးအတွက် စိုးရိမ်စွာ သတင်းစောင့်စားနေကြသူများအားလုံး သိရှိစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါသည်....။
ဖြူးမဟာစည်ဆရာတော်ဘုရားကြီး၏ တရားဂုဏ်တော်ရှိပူဇော် တရားတော်မှ သံဝေဂလင်္ကာလေးဖြင့် ဆရာတော်ဘုရားကြီးအား ရှိခိုးပူဇော်လိုက်ပါသည် .....

မနေရလို့ သေကြသောအခါ ...
ကိုယ့်နောက်ကို ဘာများပါမှာ
ပစ္စည်းစုစု တစ်ခုမပါ ...
ဇနီးမယားနဲ့ သမီးသားမပါ
အိုးအိမ်များနဲ့ တိုက်ကားမပါ ...
ဆင်မြင်းများနဲ့ ကျွဲနွားမပါ
ဗန်းခုံလေးနဲ့ တောင်ဝှေးလည်းမပါ
ထီးဖိနပ်နဲ့ သပိတ်လည်းမပါ ...
သပိတ်ကြီးနဲ့ ထီးလည်းမပါ
ကိုယ်ပြုထားကံများ သူတို့ပါ ......။


လေးစားစွာဖြင့်
နှင်းဟေမာ

13 comments:

မိုးစက်အိမ် said...

ဖတ်ရ ကြားရတာ စိတ်မကောင်းဘူးဗျာ မက်မက်နဲ့ 
မ၀ါအိမ်မှာ တင်တုန်းက ဆရာတော်ကြီး ပြန်ကျန်းမာလာ
မယ်ထင်တာဗျာ . . . ခုတော့ သတင်းကြားရတာ စိတ်မ
ကောင်းဘူးဗျာ :(

သူကြီးမင်း (တုံးဖလား) said...

သွားပြီ။ ထေရ၀ါဒစစ်စစ်သာသနာ့အာဇာနည်တစ်ပါး လောကကြီးက ပျောက်ကွယ်သွားပြီ။
အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုပါဘဲ။
စိတ်မကောင်းဖြစ်မိပါတယ်။

မြတ်နိုး said...

so sad to read.
:((

မိုးခါး said...

နောက်ဆုံး သိလိုက်ရတာက အခြေအနေ တိုးတက်တယ်ဆိုလို့ ...း((
အခုတော့ ....

လသာည said...

သတင်းကြားရတာ အစ်မစိတ်မကောင်းလိုက်တာ နှင်းရယ်။ အကြောင်းကြားဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်။

သူကြီးမင်း (တုံးဖလား) said...

စကားမစပ်။
ဆရာတော်ရဲ့  သက်တော်က ဘယ်လောက်ရှိပြီလဲ မသိဘူး။ အရမ်းမကြီးလောက်သေးဘူးထင်တယ်။
တကယ်နှမြောတသ ဖြစ်မိပါတယ်။

သက်ရှိအားလုံးတို့ရဲ့  သွားရာလမ်းအတိုင်း
ဆရာတော်လဲ လိုက်ပါသွားရရှာလေပြီ။

mysterysnow said...

သတင်းလေးကို မေးလ်ကနေစောင့်ဖတ်နေခဲ့တာ..
တဖြည်းဖြည်း သက်သာလာမယ်ပဲ ထင်ခဲ့တာလေ..
စိတ်မကောင်းလိုက်တာ...

မယ့်ကိုး said...

ဘယ်လိုမှ ထင်မထားခဲ့ဘူး။
မနေ့က ဖတ်ပြီးပြီးခြင်း စိတ်မကောင်းလွန်းလို့ ...
ဆရာတော့်ကျေးဇူးတွေ ဆပ်ခွင့်လေးတောင် မကြုံလိုက်ရဘုး =(

Waing said...

အားလုံးနဲ့ ထပ်တူဝမ်းနည်းမိပါကြောင်း

~ဏီလင်းညို~ said...

မနှင်းဟေမာရေ...
သာသနာ့အာဇာနည်စစ်စစ် ပုဂ္ဂိုလ်တွေ...ကွယ်ပျောက်သွားတာ..သိရတိုင်း...၀မ်းနည်းဆုံးရှံးမှုတွေ ဖြစ်ရပါတယ်ခင်ဗျာ...။
ဝေမျှပေးတာ...ကျေးဇူးပါနော်ဗျာ...။

ခင်မင်လျှက်...

ဏီလင်းညို

သုခုမလေဒီ said...

နှင်းရေ.. သာသနာ့အာဇာနည်ဖြစ်တဲ့ ဆရာတော်ကြီး ပျံတော်မူသွားခြင်းကို အတိုင်းထက်အလွန်ဝမ်းနည်းမိပါ တယ်။ ဦးဝင်းကြည်ဘလော့ကနေလည်း ဆရာတော့် သတင်းကိုဖတ်လိုက်ရပါတယ်။ မထင်မိဘူးကွယ်

Burmese ပိတောက်မြေ said...

ညီမလေးရေ အကိုလည်တတ်နိုင်သလောက်ဆုတောင်းပေးနေပါတယ် ဆရာတော်ကြီးကောင်ရာမွန်ရာကိုမလွဲမသွေရောက်မှာပါနော်

Burmese ပိတောက်မြေ said...

ညီမလေးရေ အကိုလည်တတ်နိုင်သလောက်ဆုတောင်းပေးနေပါတယ် ဆရာတော်ကြီးကောင်ရာမွန်ရာကိုမလွဲမသွေရောက်မှာပါနော်