Wednesday, July 29, 2009

စိတ်ကူးခရီး

ခုတစ်လောမှာ ကဗျာတွေလေးတွေပဲ ဆက်တိုက်ရေးချင်နေမိတယ်....သူငယ်ချင်းတစ်ယောက်မြန်မာပြည်ကနေ ပြန်လာလို့ အိမ်ကလူကြုံပစ္စည်းလေးတွေ ပါးလိုက်တယ်...ဆိုတော့ အရမ်းပျော်နေမိတယ်...။ ဒီနေ့မှပဲ ရုံးပြန်လာတာကနောက်ကျ တဲ့အပြင် လူမှုရေးကိစ္စလေးတစ်ခုကပါ မဖြစ်မနေသွားလိုက်ရတော့ သူငယ်ချင်းအိမ်ရှိရာ Chinese Garden ကို ကျမနေထိုင်ရာ Admiralty ကနေ ည ၁၀ နာရီလောက်မှ အပြေးအလွှားသွားယူခဲ့ရတယ်....။သူငယ်ချင်းဖြစ်သူကလည်း မြန်မာပြည် ၁၅ ရက်တာကြာခဲ့တဲ့ ခရီးစဉ်အကြောင်းတွေ ကျမ မိဘတွေ ပါးလိုက်တဲ့ စကားလေးတွေ အားပါးတစ်ရပြောနေတော့ ကျမလည်း တမေ့တမောကို ငေးမောပြီး နားထောင်နေလိုက်တာာာ.... နာရီကိုကြည့်လိုက်တော့ ည ၁၂နာရီထိုးဖို့ ၁၅မိနစ်သာလိုတော့တယ်....။မနက် ရုံးကလဲ သွားရဦးမှာကတစ်ကြောင်း ၊ MRT မမှီမှာစိုးတာကတစ်ကြောင်းကြောင့်သူငယ်ချင်းကို နှုတ်ဆက်ပြီး မပြန်ချင့် ပြန်ချင်နဲ့ပဲ ပစ္စည်းလေးတွေယူပြီး ထပြန်ခဲ့ရပါတယ်....။MRTStation ရောက်တော့ နောက်ဆုံးရထားလို့ တောင် ကြေငြာနေပြီ...။ကျမ တက်လိုက်တဲ့ တွဲပေါ်မှာ လူက စုစုပေါင်းမှ ၇ ယောက်သာရှိပြီး ကျန်၆ယောက်ကတော့ ရသမျှအချိန်လေးကို နှမြောစွာနဲ့ အားပါးတရအိပ်ရင်းလိုက်ပါလာကြတယ်....။ကျမကတော့ အိမ်ကပေးလိုက်တဲ့ စာအိပ်လေးကိုဖောက်ပြီး ဖေဖေ့ ရဲ့ “ သမီးလေးရေ..... လို့ အစချီထားတဲ့ မညီမညာလက်ရေးလေးတွေ ..... မေမေ့ ရဲ့ မရိုးနိုင်သော ဆုံးမစကားလေးတွေကို ဖတ်ပြီး မတွေ့ရတာကြာခဲ့ပြီဖြစ်သော မိဘနှစ်ပါးကို ရင်ထဲကတမ်းတရင်း ရထားပေါ်မှာ လိုက်ပါလာခဲ့ပါတယ်.....။ကျမအိမ်ကိုပြန်ရောက်တော့ အချိန်က တော်တော်လင့်နေပြီ ....ထမင်းကို ကမန်းကတမ်းစား ၊ ရေးမိုးချိုးပြီးတာနဲ့ ရင်ထဲက ထွက်ကျလာခဲ့ ခံစားချက်လေးတွေကို အမြန် ချရေးလိုက်တယ်....။ ချက်ချင်းဆိုသလို ကဗျာအပိုင်းအစလေးတစ်ခုအဖြစ် ဖန်တီးပြီး ကျမရဲ့ ဘလော့လေးပေါ်ကို အပြီးတင်ပြီးမှ ထိုတစ်ညအိပ်စက်ရတော့တယ် ......။ အရာအားလုံးမှာ မတူညီနိုင်ကြပေမယ့် ကျမတို့ ရင်ထဲက စိတ်ကူးခရီးတွေကတော့ တူညီကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ....။ အားလုံးပဲ ဒီကဗျာလေးကို မျှဝေ ခံစားပေးကြပါဦးနော် .....။

ခင်မင်စွာဖြင့်
နှင်းဟေမာ
စိတ်ကူးခရီး

ကြယ်စင်တွေ မလင်းလက်တဲ့
ပြာမှောင်တဲ့ကောင်းကင်မှာ
လမသာသေးတဲ့ အချိန်ပေါ့
အဝေးတစ်နေရာက
လွမ်းရတဲ့ အတိတ်ကိုမှန်းရင်း
အနာဂတ်လတစ်စင်းအတွက်
အိမ်လွမ်းဝေဒနာကို အသေအချာ
မြှုပ်နှံခဲ့ရတယ် .............။

မပြီးဆုံးသေးတဲ့ သမီးရဲ့
အနာဂတ်ခရီးအတွက်
ဖေဖေ့ ရဲ့မျှော်လင့်ချက်တွေ
မေမေ့ ရဲ့ အလွမ်းမျက်ရည်
ကိုယ်တိုင်ရဲ့ဝေဒနာ အပိုင်းအစတွေ.........
အရာရာကို အလေးအနက်ပြုရင်း
မေမေ့ အိမ်ရဲ့ အဝေးတစ်မြေမှာ
အခြေတည်ခဲ့ရပေမယ့် ..........
မတားဆီးနိုင်သေးတဲ့
သမီးရဲ့ မျှော်လင့်ခြင်းခရီးမှာတော့
ကြယ်လေးတစ်စင်းလို ခရီးနှင်ရင်း
အဝေးက လွမ်းရတဲ့ အိမ်လေးထံ
နေ့စဉ်ပြန်ခဲ့ပါတယ် မေမေ......။

နှင်းဟေမာ
29 July 2009

6 comments:

မီးတောက် said...

ကဗျာလေးက စိတ်ကူးခရီးတဲ့လား
ကဗျာကောင်းလေးတစ်ပုဒ်ပါ ခံစားသွားပါတယ်
စိတ်ကူးဘ၀မှာ မဖြစ်နိုင်ပေမယ့်
လက်တွေ့ဘ၀မှာ တစ်ကယ်ဖြစ်ပါစေလို့ ဆုတောင်းရင်း

အိမ့်ချမ်းမြေ့ said...

ကိုယ်ချင်းစာပါတယ် နှင်းဟေမာ..
ခံစားရပါတယ်...
မအိမ့် ဒီရောက်ခါစက မေမေက မအိမ့်ကျန်ခဲ့တဲ့ အကျီင်္လေးတွေကို နမ်းပြီးငိုတယ်လို့ ညီမလေးက ပြောပြဖူးတယ်။ မအိမ့်လဲ အိပ်မက်တွေထဲ ခုထိ အိမ်ကိုပြန်ဆဲပါ..

နွေဆူးလင်္ကာ said...

အောင်မြင်မှုတွေ ထွေးပိုက်ရင်း နွေးထွေးတဲ့ မိသားစုအိမ်ကလေးဆီ အမြန်ပြန်နိုင်ပါစေ။

ကြည်ဖြူပိုင် said...

ညီမလေးရေ..ကဗျာလေးမှာ ညီမရဲ့မိဘအပေါ်ချစ်ခင်မြတ်နိုးတာတွေ။ မိဘကညီမလေးကိုချစ်ခင်မြတ်နိုးတာတွေ အကုန်လုံးကို အတိုင်းသားမြင်နေရပြီး သမီးလိမ္မာလေးအဖြစ်မှတ်ချက်ချသွားပါတယ်။ ညီမလေး ရည်မှန်းချက်တွေ ပြည့်ဝပြီး ပျော်ရွှင်ပါစေ

ဆောင်းယွန်းလ said...

ဆန္ဒတွေပြည့်ဝပါစေညီမရေ

မယ့်ကိုး said...

ခံစားနားလည်ရပါတယ်။
ရည်မှန်းချက်တွေ ပြည့်ဝပြီး ပျော်ရွှင်စွာ ပျံသန်းနိုင်ပါစေလို့  ...