Wednesday, March 23, 2011

ကျမနဲ့ ကျမချက်တဲ့ ငါးဆားနယ်ဟင်း

ကျမရဲ့မီးဖိုဆောင်လေးလို့ ခေါင်းစဉ်တစ်ခုတပ်ပြီးကာမှ ကိုယ်တိုင်ချက်တဲ့ဟင်းလေးတွေကို ကိုယ်တိုင်ပဲ စိတ်တိုင်းမကျတာနဲ့ မတင်ဖြစ်ခဲ့ဘူး ။
ဒီတစ်ပတ်တော့ ဈေးထဲကနေ လတ်လတ်ဆတ်ဆတ်ငါးတစ်ကောင်ကိုဝယ်လာဖြစ်ခဲ့တယ်...။
ဟင်းဆိုရင် အပေါ့အရွှတ်တွေ ၊ အရောင်အဆင်းမရှိတဲ့ဖြူဖတ်ဖြူရော်တွေ ၊ အချိုချက်တာတွေကို လုံးဝမစားတတ်တဲ့ ကျမအတွက် ငါးကိုဘယ်လိုချက်ရမလဲလို့ စဉ်းစားရင်း ငါးဆားနယ်(ငဆနယ်) လုပ်ထားပြီးမှ ခရမ်းချဉ်သီးလေးနဲ့ ငဆနယ်ဟင်းဆီပြန်လေးတစ်ခွက်ချက်ဖို့ စိတ်ကူးလိုက်တယ် ....။
ငါးဆနယ်က မလုပ်ဖြစ်တာတော့ကြာပြီ ... ဟိုးအရင်က သူငယ်ချင်းနားမှာ ကြည့်ထားခဲ့တား)

မြန်မာပြည်မှာအစိုးရ၀န်ထမ်း အလုပ်တာဝန်နဲ့ ပြည်နယ်တစ်ခုမှာတာဝန်ကျခဲ့တော့ ကျမနေရတဲ့အဆောင်က မြို့ထဲနဲ့လဲဝေးတယ် ဈေးနဲ့လဲဝေးတော့ ကျမတို့ဝန်ထမ်းတွေအတွက် တစ်ပတ်တစ်ခါဆိုသလို ငါးကားကြီးတစ်စီးရောက်လာပြီး ငါးတွေဝေပေးလေ့ရှိပါတယ် ....။
အဲဒီမှာ  အဆောင်မနေတဲ့ အိမ်ထောင်ရှင် ဆရာမကြီးတွေကတော့ သူတို့ဝေစုကို ကျမတို့အဆောင်က ကလေးတွေ ယူချင်တဲ့သူ ယူဆိုပြီး မီးဖိုခန်းထဲက ဇလုံကြီးတစ်လုံးထဲမှာ ထားပေးခဲ့တတ်တယ် ...။
ကျမနဲ့တစ်ခန်းထဲ အတူတူနေရတဲ့ မြင့်သူဇာလှိုင် ဆိုတဲ့ ဆရာမလေးက ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ကဆိုတော့ ငါးပိရေသိပ်တာ ၊ ငါးဆားနယ်လုပ်တာတော့ တော်တော်လေးကျွမ်းကျင်တယ် ....။
အဲဒါနဲ့ ကျမတို့နှစ်ယောက်ပေါင်းပြီး ပြည်နယ်ဘုရားပွဲမှာ စဉ့်အိုးကြီးကြီးတစ်လုံးဝယ်လိုက်တယ် ...။

ကျမတို့ချက်မစားနိုင်တဲ့ ငါးတွေရော အဆောင်က သူငယ်ချင်းတွေရဲ့ငါးတွေရော ပေါင်းပြီး ၊ အရွယ်ညီအတုံး အကွင်း အကွင်းလေးတွေအဖြစ် လှလှပပ တုံးလိုက်တယ် ...။
ပြီးတာနဲ့ ဆား ၊ ဟင်းချိုမှုန့် ၊ နနွန်းမှုန့်တို့နဲ့ စိမ့်ဝင်အောင်နယ်ပြီး စဉ့်အို့ခြောက်ခြောက်လေးထဲမှာ လက်သန့်သန့်လေးနဲ့ တစ်ထပ်ချင်းသိပ်လိုက် ဆားတစ်ထပ်ထည့်လိုက်နဲ့ ပြီးတဲ့အခါ ပလပ်စတစ်အကြည် သန့်သန့်လေးနဲ့ လေလုံအောင်စဉ့်အိုးအ၀ကိုဖုံးလိုက်ပြီး သံပန်းကန်ပြားအဟောင်းတစ်ချပ်နဲ့ ဖုံးထားလိုက်တယ် ....။
ကျမတို့လုပ်တဲ့ ငါးဆားနယ်အိုးကြီးက နောက်ဆုံးမှာတော့ လက်မလည်အောင် ရောင်းကောင်းတဲ့ အိုးကြီတစ်လုံးဖြစ်လာခဲ့တယ် ....။
အဆောင်မှာ ဘာဟင်းမှမရှိဘူးဆိုရင် ငါးဆားနယ်ကြော်၊ တာလပေါ့ဟင်းရည်အိုးကြီးတစ်အိုး နဲ့ ငရုတ်သီးထောင်းတစ်ခွက်ကတော့ အမြဲတမ်းလိုလိုရှိနေတတ်တယ် ...။

ကျမနဲ့ မြင့်သူဇာလှိုင်က ငါးဆားနယ်သိပ်တဲ့တာဝန်ကိုယူပြီး ၊ မိဥမ္မာထော ဆိုတဲ့ အစ်မကတော့ တာလပေါ့ဟင်းအိုးကြီးကို တာဝန်ယူတယ် ....။ ငရုတ်သီးထောင်းဖို့ ငါးဆားနယ်ကြော်ဖို့ကိုတော့ အဆောင်ထဲက သူငယ်ချင်းတွေက အလှည့်ကျတာဝန်ယူကြရင်း ကျမတို့တို့ရဲ့ ထမင်းဝိုင်းကြီးကလဲ ဘယ်တော့မှမပြောင်းလဲသော ဟင်းလျာတွေနဲ့ အမြဲစည်ကားလေ့ရှိပါတယ် .....။

အဆောင်ခေါင်းရင်းက မလွှပင်ကြီးကလဲ ဖွေးဖွေးလှုပ်အောင် ပွင့်လိုက်၊ ကြွေလိုက်ရှိခဲ့ပေမယ့် ကျမတို့လက်ချက်နဲ့ အပင်ပေါ်မှာရော ၊ မြေကြီးပေါ်မှာရော ကြာကြာမနေရ ရှာပါဘူး ။
စားစရာ ပြတ်လပ်သွားပြီဆိုရင် .... အဲဒီ မလွှပွင့်တွေကို မြေအိုးကြီးနဲ့အခါးလျှော့သွားအောင်ပြုတ်ပြီး ကြက်သွန်နီစိမ်း ၊ မြေပဲထောင်း ၊ ဆီချက် ၊ ငရုတ်သီးမှုန့်နဲ့ နယ်ပြီး ဇလုံကြီးထဲမှာ ပယ်ပယ်နယ်နယ် သုတ်စားလေ့ရှိကြတယ် ...။

ကျမတို့ ကျောင်းနဲ့မျက်နှာချင်းဆိုင် ကြာအင်းတောင်တန်းပေါ်က ဘဒတ်စာလို့ခေါ်တဲ့ အဖြူရောင်အပွင့်လေးတွေကလဲ ကျမတို့ ပြည်နယ်ဝန်ထမ်းတွေအတွက် လောက်ငအောင်ပွင့်ပေးရှာပါတယ် ...။
ဘဒတ်စာနဲ့ ကင်ပွန်းချဉ်ကလိုက်ဖက်တဲ့ အတွဲဆိုတော့ မိုးရွာလို့ တောင်ပေါ်မှာ ဘဒတ်စာတွေ ထွက်ပြီဆိုရင် ကျောင်ဝန်းထဲက ကင်မွန်းပင်တန်းကြီးကလဲ ကျမတို့လက်ချက်နဲ့ အညွှန့်တော်တော်နဲ့ပြန်မထွက်နိုင်ရှာတော့ဘူး .....။
ရှားပါးဆင်းရဲပေမယ့် အဲဒီဘ၀ကိုပဲ ကျမတို့ပျော်ခဲ့ကြတာ ......နှစ်တွေကြာခဲ့ပေမယ့် တစ်သက်မမေ့စရာ အတိတ်က ပုံရိပ်လွှာလေးတွေကို ပြန်လည်အောက်မေ့မိရင်း ငါးဆားနယ်ဟင်းတစ်ခွက်ကို ပြန်လည် ချက်ပြုတ်ဖြစ်ခဲ့တာပါ ....။

ငါးဆားနယ်သိပ်ထားတဲ့ ဗူးထဲကနေ ငါးဆနယ်တုံးလေးတွေကို လိုသလောက်ယူ၊ ဆားတွေဖယ်ထုတ်ပြီး ရေအထပ်ထပ် ဆေးထားလိုက်တယ် ....။
ပြီးရင် ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ကိုပါးပါးလှီးပြီး ၊  နံနံပင်တွေကို ရေစင်အောင် ဆေးထားပါတယ်...။


ပထမဆုံးဆီသတ်ပြီး ခရမ်းချဉ်သီးအနှစ်ရတဲ့အခါမှာ ငါးဆနယ်တွေကို ထည့်လိုက်ပီး ကျက်လောက်တဲ့အခါမှာ အရသာလိုသလိုပြင်လိုက်ပါတယ် ...။ ပြီးရင်တော့ ဆီလည်ရေလည်အနေလောက်မှာ နံနံပင်လေးအုပ်ပြီး ချလိုက်တာနဲ့ ထမင်းစားလို့မြိန်စေမယ့် ငါးဆနယ်ဟင်းတစ်ခွက် ကျက်သွားပါပြီ ...။

အရသာက လေးလေးပင်ပင်ရှိတော့ အချဉ်နဲ့လိုက်ဖက်တာမို့ ရှားရှားပါးပါးရတဲ့ မရမ်းသီးလေးကို ပုဇွန်ခြောက်မှုန့် ၊ မြေပဲမှုန့်တို့နဲ့ သုတ်လိုက်ပါတယ်....။
သူငယ်ချင်းရဲ့ မုန့်ညှင်းရွက်ဟင်းချို ပူပူလေးနဲ့ပါ တွဲဖက်ပြီး စားလိုက်ကြတာ ...............
အဲဒီထမင်းဝိုင်းလေးက ကျမတို့အတွက်တော့ အမှတ်တရပါပဲ .....း)

အားလုံးကိုချစ်ခင်လေးစားလျှက် ~
နှင်းဟေမာ
(22 March 2011)

6 comments:

ဂငယ် said...

အစ်မရေ..
လာလည်ပါတယ်.. လင့်လဲချိတ်ခွင့်ပြုပါ..
စီဘောက်မတွေ့လို့ဒီမှာပဲရေးခဲ့တယ်နော်..
ကောင်းသောနေ့ဖြစ်ပါစေ.. ^^

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါးဆားနယ်လေးက စားချင်စရာ
နှင်းကိုယ်တိုင်သိပ်တဲ့ ငါးဆားနယ် စဉ့်အိုးကြီးကို မြင်ယောင်ကြည့်မိတယ်..
အဆောင်နေကျောင်းသူတွေဘ၀ ပျော်ဖို့ကောင်းတယ်နော်
လူများတော့ ဘာလေးဘဲစားစား စားကောင်းနေတော့တာပါဘဲ။ မလွှပွင့်တော့ သုပ်စားဖူးဘူး.. ပဒတ်စာတော့စားဖူးတယ် ကြိုက်လဲကြိုက်တယ်.. မရမ်းသီးသုပ်လေးမြင်လိုက်တော့ ချက်ခြင်း ထမင်းထစားလိုက်တော့တယ်..

Sunny said...

ငါးဆားနယ်ကိုတော့ ဆန်းနီလည်း ကြိုက်တယ်.. နှင်းရဲ့  ငါးဆားနယ်အိုးကိုလည်း မျက်စိထဲမြင်ပြီး သဘောတွေ ကျနေတာ.. ရေးတတ်လိုက်တာ..

မြစ်ကျိုးအင်း said...

မြန်မာပြည်မှာနေတုန်းက တခါတလေ ငပိကောင် ကြော် စားပေမယ့် သိပ်မကြိုက်ခဲ့ဘူး။
ဒီရက်ပိုင်းထူးထူးခြားခြား ငပိကောင်ကြော်ကို ငရုတ်သီခြောက်ကြော်နဲ့ စားချင်နေတာ။ ညီမလေးရဲ့ ငါးဆားနယ်ကို မြင်တော့ စားချင်စိတ်က ပိုဖြစ်သွားရတယ်။

ကျော်နှင်းဆီလွင် said...

ငါးဆားနယ်ဟင်းကြည့်ရတာ ဟင်းချက်ကောင်းမဲ့ပုံနော်
အဆောင်မှာနေခဲ့ကြတာကြည့်ပြီး
ပျော်စရာကြီး အဲလိုအတွေ့ကြုံမျိုး
သိပ်ရှိဖူးချင်တာပဲ
ခင်မင်လေးစားတဲ့
ကျော်နှင်းဆီလွင်

ရွှေပြည်သူ (ShwePyiThu) said...

ငါးဆားနယ်ဟင်းလေးက တကယ်စားချင်စရာ ညီမလေးရယ်... မြန်မာပြည် အဆောင်သူလေးဘဝတုန်းက ငါးဆားနယ်စဥ့်အိုးကြီးရယ် သူငယ်ချင်းတွေနဲ့ နွေးနွေးထွေးထွေး ထမင်းဝိုင်းလေးရယ်ကို မြင်ယောင်ရင်း နှစ်နှစ်ခြိုက်ခြိုက် ဖတ်သွားမိတယ်...