Thursday, March 3, 2011

ကျမချစ်တဲ့မြို့

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကျော်လောက်က ကျမအချစ်ဆုံးမြို့လေးတစ်မြို့ကို ပြန်ဖြစ်ခဲ့တယ် ။
အဲဒီမြို့လေးက ကျမရဲ့စိတ်ကူးယဉ် အိပ်မက်ရှည်တွေထဲမှာ အမြဲရှိနေတတ်ပြီး မြန်မာပြည်မှာ ကျမအနေထိုင်ချင်ဆုံးမြို့ဟာလဲ အဲဒီမြို့လေးပဲဖြစ်ခဲ့တယ် ....။
ကျမရဲ့ မွေးရပ် ၊ ဇာတိမြေမဟုတ်ပေမယ့် ကျောင်းသားဘ၀ ၊ ၀န်ထမ်းဘ၀ အမျိုးမျိုးအဖုံဖုံကြုံဆုံမှုတွနဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ အချိန်ကြာမြင့်စွာနေထိုင်ခွင့် ရခဲ့တဲ့မြို့လေး လဲဖြစ်ပါတယ်.....။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအနီးမှာတည်ရှိပြီး အေးချမ်းတဲ့ ရာသီဥတု ၊ သဘာဝတောတောင်ရေမြေ  အလှအပတွေနဲ့ အမြဲတမ်း သန့်ရှင်း သပ်ရပ်စွာ တည်နေတဲ့မြို့လေးလဲဖြစ်တယ်....။
အဲဒီမြို့လေးဟာ ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ အနက်ရောင်ပိတ်သားပေါ်က တန်ဖိုးကြီး ပုလဲပွင့်လေးတစ်ပွင့်နဲ့ လဲ အလားသဏ္ဍာန်တူပါတယ် .....။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမြို့လေးက ကျမအတွက် အစိမ်းသက်သက်ဖြစ်မနေခဲ့ပဲ အမြဲတမ်း အေးမြ လှိုက်လှဲစွာဆီးကြိုနေတတ်တယ်...။
နှစ်တွေအကြာကြီးသာ ကုန်ဆုံးခဲ့ပေမယ့် အဲဒီမြို့လေးမှာရှိတဲ့ ကျမချစ်တဲ့ ခင်တဲ့သူတွေကတော့ ဒီအတိုင်းလေးပဲ ဘာမှ ထူးထူးခြားခြား မပြောင်းလဲကြသေးပါဘူး....။

     
ကျမအတွက်  မြန်မာအကျီလှလှလေးတွေ အမြဲချူပ်ပေးတတ်တဲ့ အစ်မရဲ့စက်ချူပ်ဆိုင်လေး။

အဲဒီမြို့လေးမှာ  နေရမယ့်ရက်ကလဲ အရမ်း နည်းပါးလွန်းတော့ မနက်စောစော အိပ်ယာထပြီး မြို့ပတ်လမ်းမကြီးအတိုင်း လမ်းထ လျှောက်ဖြစ်ခဲ့သေးတယ်....။
စားနေကျ သစ်တောလမ်းက သတ်သတ်လွတ်ရှမ်းခေါက်ဆွဲဆိုင်လေးမှာ တို့ဟူးပျော့နဲ့ ရှမ်းစီးတစ်ပွဲ ၊ ရှမ်းဖွယ် ခရမ်းချဉ်သီးအနှစ်များများလေး တစ်ပွဲနဲ့ တို့ဟူးကြော်တစ်ပွဲ တီးခဲ့သေးတယ်း)
ဘယ်နေရာမှာမှ မရနိုင်တဲ့ အဲဒီဆိုင်လေးရဲ့ခေါက်ဆွဲအရသာက အရမ်းစားလို့ကောင်းပါတယ် ...။

                          
နေ့လည် ၁၁နာရီခွဲမှာ သူငယ်ချင်းတွေနဲ့ လားရှိုးလမ်းမကြီးပေါ်မှာရှိတဲ့ တူးတူးမြန်မာထမင်းဆိုင်မှာ ဆုံဖို့ချိန်းထားတော့ ဈေးထဲက ကျမစားချင်တဲ့ တောင်ပေါ်အစားအစာတွေကို မနက်စောစောပဲ သွားဝယ်ဖြစ်ခဲ့တယ်...။
ဈေးအလယ်တန်းက ဖက်ရှင်လို့အမည်ရတဲ့ ဆံပင်ညှပ် ၊ ခေါင်းလျှော်နေကျဆိုင်လေးကိုပါသွားပြီး ခေါင်းလျှော်ခဲ့သေးတယ် ..... ခေါင်းတစ်ခါလျှော်ရင် တစ်ထောင်တိတိ ကျပါတယ် ....။
ခေါင်းလျှော် ၊ ဈေးဝယ်ပြီး အိမ်ပြန် ရေချိုးပြီးမှ တူးတူးမြန်မာ ထမင်းဆိုင်ကို ထွက်လာခဲ့တယ် ....။


အဲဒီမြို့လေးရဲ့ လားရှိုးလမ်းမကြီးဘေးမှာ တည်ရှိတဲ့ တူးတူးမြန်မာထမင်းဆိုင်လေးက သပ်ရပ်သန့်ရှင်းတဲ့အပြင် အရသာကလဲ အကောင်းဆုံးဖြစ်ပါတယ် ....။
ကျမတို့သူငယ်ချင်းတစ်တွေ နေ့လည်စာစားပြီးတဲ့နောက်မှာတော့ ဒီဇင်ဘာခြံက စတော်ဘယ်ရီခင်း ထဲကိုသွားပြီး အသီးခူးစားရင်း နို့စတော်ဘယ်ရီသောက်ရင်းနဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေကိုပြောကာ နောက်ပြောင် ၊ ရယ်မောနေလိုက်ကြတာ အချိန်ဟာ ကုန်မှန်းမသိကုန်ဆုံးသွားခဲ့တယ် ...။

စတော်ဘယ်ရီစိုက်ပျိုးခြင်း ၊ ပဲကျောက်စိမ်းနဲ့ ဂန္ဓမာသစ်ခွစိုက်ပျိုးရေးလုပ်ငန်းကို ကျမကိုယ်တိုင်လည်း ၀ါ သနာလဲပါ အဲဒီမြို့လေးမှာနေခဲ့စဉ်ကလဲ စီးပွားဖြစ်စိုက်ပျိုးခဲ့ဘူးတော့ စိုက်ခင်းထဲကို ဆင်းရတာ အရမ်း ပျော်စရာကောင်းပါတယ် ...။

                              
စိုက်ခင်းကြီးကိုကြည့်ရတာ အရွက်ဆေး ၊ အသီးဆေးနိုင်နင်းတဲ့အပြင် ပေါင်းနိုင်တဲ့အနေအထားဖြစ်လို့ စိမ်းစိုလန်းဆန်းနေပါတယ် ....။
စတော်ဘယ်ရီပင်ရဲ့သဘောတရားက အရွက်ပိုးမကျပဲ နွယ်တွေသန်တယ် ဆိုရင် အတတ်တွေ အရမ်းပွားလာပြီး ထွက်လာတဲ့ အတတ်လေးတွေကို ပြန်ဖဲ့ပြီး ဘောင်သစ်ပြန်စိုက်ပျိုးလို့ ရပါတယ် ...။
ဘောင်အလိုက် မျိုးပြန်ရောင်းစားလို့လဲရပါတယ် ...။
စတော်ဘယ်ရီက ပဲကျောက်စိမ်းတို့ ၊ ဂန္ဓမာသစ်ခွတို့လို ဆေးလိုက်ရတာလဲမများဘူး ၊ ဖိုးလမင်းကောင်လေးတွေမကြိုက်တဲ့အတွက် ပိုးသတ်ဆေး ၊ ကျောက်ဆေးတွေမလိုတဲ့အပြင် ဂရုစိုက်ယုယမှုလဲ ပဲခင်း ၊ ပန်းခင်းတွေလောက် သိပ်မလုပ်ရတဲ့အတွက် လူသက်သာပြီး  ရာသီပေါ်သီးနှံအနေနဲ့ အရှုံးမရှိနိုင်တဲ့ အဲဒီမြို့လေးရဲ့ စိုက်ပျိုးရေး လုပ်ငန်းတစ်ခုလဲ ဖြစ်ပါတယ်။


နွားနို့စစ်စစ်ကို စတော်ဘယ်ရီနဲ့ ပစ်ပစ်လေးဖျော်ထားတာပါ ...။
ပန်းကန်ပြားထဲက နို့ခဲလေးတွေက နွားနို့မလှိုင်ခဲစစ်စစ်လေးတွေနဲ့လုပ်ထားတာဖြစ်လို့ ချိုစိမ့်ပီး အရမ်းအီတယ် ....။ ကျမက အချို အစိမ့်တွေသိပ်မကြိုက်တော့ တစ်ခဲပဲစားနိုင်ခဲ့တယ် ....။
ကျမတို့ သူငယ်ချင်းတစ်သိုက် ...ထမင်းလဲစား ၊ အအေးလဲသောက်ပြီးပြီဆိုတော့ ပန်းခြံထဲကိုသွားလည်ကြဖို့ ဆုံးဖြတ်လိုက်တယ် ...။
ချစ်သူများနေ့ဆိုတော့ ပန်းခြံထဲမှာ လူတွေစည်ကားနေပြီး ပန်းခင်းလေးတွေကိုလဲ အသည်းပုံလေးတွေဖော်ထားတာက ပန်းခြံထဲကိုရောက်လာကြတဲ့ ချစ်သူစုံတွဲတွေအတွက်တော့ ပျော်ရွှင်ကြည်နူးကြည်နူးစရာကောင်းတဲ့ အိပ်မက်ကမ္ဘာလေးထဲကို ရောက်နေသလိုခံစားရမှာ အသေအချာပါပဲ ......။

ပန်းတွေနဲ့ဝေ ...း)))
 

အခုတစ်လောမှာ ကျမစိတ်ဝင်စားတဲ့ ခေါင်းစဉ်လေးတွေနဲ့ Blogတွေကိုပဲ ရွေးပြီး တိတ်တိတ်လေး လိုက်ဖတ်ဖြစ်နေပေမယ့်  Blog ဂင်းခြင်းနဲ့တော့ တော်တော်လေး အဆက်ပြတ်နေခဲ့ပါတယ်....။
ဘယ်လိုပဲဖြစ်ဖြစ် ကျမဘလော့ရဲ့ စာမျက်နှာလေးပေါ်ကို ပုံမှန် လာရောက်လည်ပတ်နေကြသူများ အားလုံးကို အထူး ကျေးဇူးတင်မိပါတယ် .....။

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
(3/3/2011)

5 comments:

အဖြူရောင်နတ်သမီး said...

နှင်းလေးရေ...
နှင်းချစ်တဲ့မြို့လေးအကြောင်းနဲ့ ဓာတ်ပုံလေးတွေကို ကြည့်သွားတယ်နော်..
ရှမ်းခေါက်ဆွဲစားချင်တယ်...

သူကြီးမင်း (တုံးဖလား) said...

မိနှင်း
ပျောက်ချက်သား ကောင်းလှချည်လား အောက်မေ့တယ်။ သူငယ်ချင်းတွေနဲ့ အဲဒီလိုတွေ လျှောက်သွားနေတာကိုး။ အဲဒီနေရာလေးတွေ တစ်ချို့ကို ရောက်ဖူးတယ်။
ပျော်စရာကြီးနော်။ အဲဒီလို အချင်းချင်း နားလည်မှု အပြည့်ရှိတဲ့ သူငယ်ချင်းတွေနဲ့ အတူလျှောက်လည်ရတာလောက် လောကကြီးမှာ ပျော်စရာမရှိလောက်ပါဘူး။

ပျော်ရွှင်ငြိမ်းအေးမှုကို ရင်ဝယ်ပိုက်နိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

zue said...

မြို့လေးကို လိုက်လည်သွားတယ် နှင်းရေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ချစ်စရာ အကောင်းဆုံး မြို့ကလေးပေါ့
နှင်းကိုယ်စား ပျော်သွားတယ် အဲဒီမြို့လေးကို ဖြတ်၇ုံဘဲဖြစ်သွားခဲ့ရတယ်
အရင်ကတော့ ခနခန ရောက်ပါရဲ့ ခုတော့ ... လွမ်းလိုက်တာ

မြစ်ကျိုးအင်း said...

ရာသီဥတု အေးချမ်းတဲ့ မြို့လေးတွေဆို သဘောကျတယ်။ ဒီနိင်ငံမှာလည်း စတော်ဘယ်ရီ စိုက်ခင်းတွေထဲ သွားလည်ပြီး ကိုယ်တိုင်ခူးရတာ ပျော်ဖို့ကောင်းတယ်။
ခရီးထွက်လိုက်ရတော့ စိတ်လန်းဆန်းတာပေါ့။