Wednesday, January 12, 2011

ကဗျာမဟုတ်တဲ့ ကျမကိုယ်တိုင်ရေးသောမှတ်စုတိုများ (၁)


(၁)

“ချစ်သူရေ ....
ဟိုး အတိတ်လွင်ပြင်ဆီက ....
ခရမ်းရောင် ညနေခင်းတွေရဲ့အောက်မှာပဲ
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်ကျောခိုင်းဖို့ ကြိုးစားခဲ့ဘူးကြတာ....
ငါတို့ရဲ့ကြေကွဲမှုတွေကို ခရမ်းရောင်သမ်းနေတဲ့
အဲဒီညနေချမ်းတွေပဲ သိခဲ့တယ် .......

ချစ်သူရေ.....
လမ်းခွဲဖို့ကြိုးစားလိုက်မိတိုင်း
မြဲမြံတဲ့လက်တစ်စုံရဲ့အောက်က
အကြိမ်ကြိမ်အခါခါ ရုန်းမထွက်နိုင်သေးတဲ့
ငါ့ရဲ့ကျရှုံးခြင်းတွေအတွက်
အပြစ်တစ်ခုလို့ ဆိုကြရင်လေ  ....
မင်းအပေါ်သက်ရောက်စေမယ့်
ဆိုးကျိုးတွေအားလုံးက ငါ့အပြစ်ကြောင့်ပါလို့
အရိုးသားဆုံး ၀န်ခံပါရစေ .....”

(၂)

“ချစ်သူရေ....
နောက်ဆုတ်ဖို့ ကြိုးစားလိုက်မိတိုင်း
ဖျော့တော့သွားတဲ့ မျက်ဝန်းတစ်စုံရဲ့
အင်အားမဲ့ ရှိုက်သံကြားမှာ
ငါ့ခြေလှမ်းတွေလဲ အကြိမ်ကြိမ် လဲပြိုသွားခဲ့တာ
အဲဒါကို မာယာလို့ဆိုကြရင်လေ....
အမှန်တစ်ကယ်ချစ်တတ်ခဲ့တဲ့ နေ့ရက်တွေကစလို့
မာယာဆိုတဲ့ အတတ်ပညာကို
ငါမသင်ယူပဲ သူ့အလိုလိုတတ်မြောက်လာခဲ့တာပါ....။

ချစ်သူရေ....
ပေးဆပ်ခြင်းနဲ့
နာကျင်ခြင်း ဆိုတဲ့စကားလုံးတွေက
ငါ့တစ်ဘ၀စာလုံးအတွက်များ
ညွှန်းဆိုပြဌါန်းထားခဲ့လေသလားကွယ်...
သေသေချာချာ ပြန်စဉ်းစားလိုက်မိတိုင်း
မင်းနဲ့ပတ်သတ်ခဲ့သမျှ ဘ၀စာမျက်နှာတိုင်းက
သေသပ်လှပမှု မရှိခဲ့လိုက်တာ .....”

(၃)

“ချစ်သူရေ .....
နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံနဲ့
ကြေကွဲဖွယ် တေးသွားတစ်ပုဒ်ရဲ့ သီကျူးသံကို
နာနာကျင်ကျင် နားဆင်ခံစားခွင့်ရလိုက်တိုင်း
ဟောဒီ့ ရင်ဘတ်အရိုင်းကလဲ
မရူးသွပ်ပဲမနေနိုင်ပြန်ဘူး......။


ချစ်သူရေ ...
ငါပေးလိုက်ရတဲ့ ချစ်ခြင်းမေတ္တာရဲ့လေးနက်မှုမှာ
ငါ့ကိုသိပ်ချစ်ကြသူတွေရဲ့ ဘ၀နဲ့မျက်ရည်စတွေပါတယ်
ငါအမှန်တစ်ကယ် ချစ်မြတ်နိုးခဲ့တဲ့
ကိုယ့်ကျင့်သိက္ခာတွေပါတယ်
ငါကိုယ်တိုင်တည်ဆောက်ခဲ့တဲ့
စိတ်ကူးယဉ်ပြတိုက်တစ်ခုပါတယ်...
ငါကိုယ်တိုင် အပ်ကြောင်းထပ် ဝေဖန်ဘူးတဲ့
ဘ၀သမိုင်းထဲက စာမျက်နှာများစွာပါခဲ့တယ် ....”

(၄)

ချစ်သူရေ
အမှားကို အမှန်တရားလုပ်ပြီး
အပြန်ပြန်အလှန်လှန်ငြင်းဆန်
အားလုံးကို စုံကန်မိတဲ့ငါ့ကိုလေ....
အတ္တလွှမ်းနေတဲ့ မျက်ကန်းတစ်ယောက်လို့လဲ
ဆိုချင်ဆိုပါ...

မင်းတစ်ယောက်ထဲအတွက်သာ
တယုတယစိုက်ပျိုးလာခဲ့ရတဲ့
သိမ်မွေ့နက်နဲခြင်းလို့အမည်ရတဲ့
ချစ်ခြင်းမေတ္တာဆိုတဲ့ ပန်းတစ်ပွင့်ကိုလဲ
မင်းမလိုတော့တဲ့အချိန်မှာ
ကျေကျေနပ်နပ် စွန့်ပြစ်လိုက်ပါ
တစ်ကယ်တော့ ငါတို့ဘ၀တွေက
သိပ်ကို တိုတောင်းလွန်းလို့ပါ
ချစ်သူရယ် .....

(၅)

ချစ်သူရေ....
ငါအသိအမှတ်မပြုမိတဲ့ လူတစ်ချို့တစ်လေကတော့ 
အမုန်းတရားတွေနဲ့ ငါ့ကို အကြောင်းမဲ့တိုက်ခိုက်တယ်
ငါကတော့ မင်းရဲ့အငြိမ်းချမ်းဆုံးမေတ္တာထုနဲ့
အရာအားလုံးကို ဥပေက္ခာပြုတယ်.....။

ချစ်သူရေ ...
ငါမသိခဲ့တဲ့ လောကနိယာမအောက်မှာ
လူတစ်ချို့တစ်လေကတော့ နောက်ကွယ်ကနေ
ငါ့ကို မရဲတရဲစိန်ခေါ်တယ်....
ဓါးခုတ်ရာကို လက်ဝင်လျှိုချင်တဲ့
အဲဒီ့ ပတ်ဝန်းကျင်ရဲ့ကြားမှာပဲ...
ငါကတော့ ရဲရဲဝံ့ဝံ့ မင်းကိုချစ်တယ်......


(၆)

ချစ်သူရေ ....
ငါ့ရဲ့ ဖြောင့်စင်းစင်းဆံနွယ်တွေလဲ
မနှစ်ကထက် ပိုပြီးရှည်လာသလို....
မင်းတစ်ယုတစ်ယဆုတ်ကိုင်တတ်တဲ့
ငါ့ရဲ့ ပိန်ရှည်ရှည်လက်ဖမိုးလေးပေါ်က
အရေဖျားလေးတွေက အစ
အိုမင်းရင့်ရော်ခြင်းကို သတိပေးလာခဲ့တယ်.....

ချစ်သူရေ .....
ငါ့အသက်တွေသာ တစ်နှစ်ထက်တစ်နှစ်
ပိုကြီးကြီးလာတယ် ......
အသက်ကြီးပြီး အချိန်မစီးသေးတဲ့
ရူးမိုက်မိုက် ငါ့နှလုံးသားကတော့
မနေ့ကထက် မင်းကို နက်နက်ရှိုင်းရှိုင်း
ပိုချစ်တတ်လာတုန်းပဲ .....

(၇)


ချစ်သူရေ .....
လေးနက်တဲ့ ငါတို့ချစ်ခြင်းကို
ခိုင်မာတဲ့ သံယောဇဉ်ကြိုးနဲ့
အမြဲမြံဆုံး ခြည်နှောင်ကြမယ် ...
မင်းပြောတဲ့ အကောင်းဆုံးတွေဖြစ်မလာခဲ့ရင်လဲ
အဆိုးဆုံးတွေကို ရင်ဆိုင်ကြရင်း
ဘ၀ရဲ့ နောက်ဆုံးထွက်သက်ထိ
နှစ်ယောက်အတူ မျှဝေခံစားကြမယ် ....

တစ်ကယ်တော့
ငါလက်ခံရရှိလိုက်တဲ့ မင်းရဲ့မေတ္တာတရားနဲ့
အနက်ရှိုင်းဆုံးသော လေးနက်မှုတိုင်းကလေ ....
မနက်ဖန် ငါသေရမယ့် ရက်ဆိုရင်တောင်...
ရွေ့လျားနေတဲ့ နာရီလက်တံတိုင်းက
ငါ့အတွက် ဘာမှမလိုအပ်တော့လောက်အောင်ပဲ
လုံလောက်သွားခဲ့ပြီးသားပါ အချစ်ရယ် .....။


                          ***************************************

( ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျမရဲ့စာမျက်နှာလေးကို လာရောက်ပြီး ဖတ်ရှု ဝေဖန် ကြသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်... )

အားလုံးကိုချစ်ခင်လေးစားလျှက်~

နှင်းဟေမာ
( 11/1/2011 ) 4:59 pm

8 comments:

သိင်္ဂါကျော် said...

ကောင်းလိုက်တဲ့ ကဗျာလေး..
ချစ်သူနဲ့စိတ်ချင်း ထပ်တူညီပါစေ..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်း ရေ...

နံပါတ် ၆ အပိုဒ် အရောက်မှာ နင့်ကနဲ့ နေအောင် ခံစားလိုက်ရတယ်... တကယ့်ကို ကောင်းမွန်တဲ့ စနစ်တကျ အရေးအဖွဲ့တွေနဲ့ ကဗျာကောင်း တစ်ပုဒ်ပါလို့ ညွှန်းဆိုပါရစေ...


ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

သဒ္ဓါလှိုင်း said...

ညီမလေးနှင်းရေ
စာကြောင်းလေးတွေတိုင်းက ရင်ကိုနင့်ကနဲခံစားရတယ်။
ချစ်ရသူရဲ့ဖြူစင်သန့်ရှင်းတဲ့မေတ္တာတရားကို အမြဲ
ခံစားနိုင်သွားပါစေလို့။
ခင်မင်တဲ့
သဒ္ဓါ

သူကြီးမင်း (တုံးဖလား) said...

မိနှင်းတို့ကတော့ အချစ်ကဗျာရေးတာတောင်မှ တရားသံဝေဂသံပေါက်နေတယ်။ ဧကန္တကတော့ လောကကြီးကို နဲနဲ ငြီးငွေ့နေပုံဘဲ။ သီလရှင် တက်ဝတ်တော့မလား အောက်မေ့ရတယ်။းဝ)

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတွေဟာ အသက်ဘယ်လောက်ကြီးလာလေ အချစ်မှာ ရူးသွပ်ချင်ကြတုန်းနော်... အချစ်နဲ့ပတ်သက်ရင်လဲ ဘယ်တော့မှ ရင့်ကျက်မလာကြဘူး။
ထူးဆန်းတဲ့အချစ်စိတ်ပါဘဲ
နှင်းရဲ့ကဗျာလေးက ခံစားချက်တွေအပြည့်နဲ့မို့ထင်ရဲ့ ကောင်းလွန်းလိုက်တာ ... ကဗျာလေးဖတ်ပြီး ခံစားသွားရတယ်..

ကိုအောင် said...

ကဗျာတွေက ကောင်းတယ်ဟေ့။

Anonymous said...

အေးချမ်းသော ချစ်ခြင်းမေတ္တာများ ပိုင်ဆိုင် နိုင်ပါစေ အစ်မရေ ..

PhyoPhyo said...

ချစ်သူရေ မှတ်စုတိုလေးက ချစ်စရာလေး
စာရေးကောင်းတာတော့ ပြောစရာမလိုတော့ပါဘူး၊ အရင်ကလည်း ခဏခဏလာလည်ဖူးပါတယ်၊ ကွန်မန့်မပေးဖြစ်ခဲ့လို့ပါ
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ
ခင်မင်တဲ့