Thursday, October 28, 2010

ဆမ်ဘာဝမ်းတန်ဆောင်တိုင်ပွဲတော် ( 2010) ကိုစင်္ကာပူနိုင်ငံတွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်

စင်္ကာပူကျွန်းတွင်မှီတင်း နေထိုင်ကြသော ရွှေမြန်မာ ညီအစ်ကို၊ မောင်နှမ အားလုံးတို့အား ရိုသေလေးစားစွာဖြင့် ၀မ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည် ။

အမျိုး ၊ ဘာသာ၊ သာသနာ နှင့် မြန်မာ့ ယဉ်ကျေးမှု ရိုးရာအမွေအနှစ်များ မပျောက်ပျက်စေရန် ထိန်းသိမ်း စောင့်ရှောက်လျှက်ရှိသော စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်ဘုရားများနှင့် ကော်မတီဝင်များ၊ အလှူရှင်၊ စေတနာရှင်၊ အနုပညာဝါသနာရှင် လူကြီး ၊ လူငယ်များ စုပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်နေ့ ၊  လာမည့် ( ၂၁-၁၁-၂၀၁၀ ) တနင်္ဂနွေနေ့တွင်  ဆမ်ဘာဝမ်း တန်ဆောင်တိုင်ပွဲတော်ကြီးကို  ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်းအနီးရှိ Semberwang Park (ဆမ်ဘာဝမ်းပန်းခြံ) ၌ နံနက်( ၉း၃၀) မှ ညနေ( ၅း၀၀) နာရီ တိတိအချိန်အထိ  အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်...။

အခမ်းအနား အစီစဉ်များ

နံနက်ပိုင်းအစီအစဉ်              

နံနက် ၉း ၃၀ တိတိအချိန်တွင် ရိုးရာ တန်ဆောင်တိုင် ပွဲတော်ကို ဓမ္မဥယျာဉ်ကျောင်းဆရာတော်များ ၊ စတုဒီသာအလှူရှင်များ၊ ကထိန်သင်္ကန်း အလှူရှင်များ နှင့် အနုပညာရှင် ညီအစ်ကို မောင်နှစ်မများမှ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး စင်္ကာပူနိုင်ငံမှ ၀ါသနာရှင် အနုပညာမောင်နှမများနှင့်အတူ နန်းတော်ရှေ့ဆရာတင်၏ မြေးများဖြစ်ကြသော မင်းသား နန်းဝင်း နှင့် မင်းသမီး နန်းခင်မွှေး တို့မှ မြန်မာတေးသီချင်များ ၊ တေးသရုပ်ဖော် အကအလှများဖြင့် စတင်၍ ဖျော်ဖြေတင်ဆက်ပါမည်...။



နေ့လည်ပိုင်းအစီအစဉ်               

နေ့လယ်ပိုင်း အချိန်တွင် - “မန္တလေးသားစစ်စစ်ကြီး” ပြဇာတ်ဖြင့် နံမည်ကျော်ကြား လူကြိုက်များခဲ့သော မန်းရွှေမြို့တော်မှ - ဟာသလူရွှင်တော်ကြီး ဦးချစ်စရာ ရေးသားတင်ဆက်မည့် ""ကျီးမနိုးပွဲ" အမည်ရ အော်ပဒါ ဖြင့်လည်းကောင်း ၊

- နန်းတော်ရှေ့ဆရာတင်၏ မြေးများဖြစ်ကြသော မင်းသား-နန်းဝင်း နှင့် မင်းသမီး နန်းခင်မွှေး တို့မှ (နန်းတော်ရှေ့ဆရာတင် ကိုယ်တိုင်ရေးစပ်သီကုံးခဲ့သော အနုပညာလက်ရာသီချင်းများနှင့်အတူ) ကပြဖျော်ဖြေမည့် အငြိမ့်ခန်း တို့ဖြင့်လည်းကောင်း ကထိန်ပွဲလာ ရွှေမြန်မာ ပရိတ်သတ်များအား ယခင်နှစ်များနှင့်မတူ - တမူထူးခြားစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည် ။

ညနေပိုင်းအစီအစဉ်             

ညနေပိုင်းအချိန်တွင် မင်းသားနန်းဝင်း (နန်းတော်ရှေ့ဆရာတင်၏မြေး)ကိုယ်တိုင် ရေးသား တင်ဆက်မည့် ကထိန်သင်္ကန်းလှူဒါန်းရသောအကျိုးသွား ဇာတ်တော်လာ ပြဇာတ်ကို တန်ဆောင်တိုင်ပွဲတော်လာ ရွှေမြန်မာပရိတ်သတ်များ ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် ဟာသများစွာ ပေါင်းစပ်ကာဖြင့် ခေတ်နှင့် လျှော်ညီစွာ တင်ဆက်ကပြသွားမည် ဖြစ်ပါသည်...။

တစ်မူထူးခြား၍ မန္ထလေးမြို့ကျက်သရေဆောင် မင်းသားနန်းဝင်း ၊ မင်းသမီး နန်းခင်မွှေး ၊ ဟာသ လူရွှင်တော်ကြီး ဦးချစ်စရာတို့နှင့်အတူ နိုင်ငံကျော်ရွှေတံဆိတ်ဆုရှင် ဖိုးသင်္ကြန် မှ  စင်္ကာပူနိုင်ငံရောက် အနုပညာရှင်များနှင့် တွဲဖက်ကာ မြန်မာ့ဆိုင်းပညာဖြင့် ကူညီပံ့ပိုးတီးခတ် သွားမည်ဖြစ်ပါသည်....။

ကထိန်ပွဲသို့ ကြွရောက်လာကြသော ရွှေမြန်မာ ညီအစ်ကို ၊ မောင်နှမများကို ဓမ္မဥယျာဉ်ကျောင်း စတုဒိသာ အလှူရှင်မိသားစုများမှ -  မြန်မာ့ရိုးရာ စတုဒိသာ မြန်မာမုန့်များဖြင့် (အခမဲ့) တစ်နေ့တာလုံး  တည်ခင်း ဧည့်ခံကျွေးမွေးကြမည် ဖြစ်ပါကြောင်းကို ရိုသေလေးစားစွာဖြင့် သတင်းကောင်း ပါးအပ်ပါသည် ...။

သို့ဖြစ်ပါ၍ မြန်မာတို့၏ အမျိုး ၊ ဘာသာ သာသနာနှင့် ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုးစွာ တန်ဖိုးထား စောင့်ရှောက် ထိန်းသိမ်း ကြသော မြန်မာပြည်ဖွား မြန်မာနိုင်ငံသား အားလုံးတို့အနေဖြင့်- 

ယခုလာမည့် တန်ဆောင်မုန်းလပြည့် (၂၁-၁၁-၂၀၁၀) တနင်္ဂနွေနေ့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် ဓမ္မဥယျာဉ် မဟာဘုံကထိန်- တန်ဆောင်တိုင် ပွဲတော်ကြီးသို့ လာရောက်ကာ တစ်နှစ်တစ်ခါ ထူးခြားမွန်မြတ်စွာ ဆက်ကပ်ရသော ကထိန်သင်္ကန်းများ လှူဒါန်းကြရင်း ၊ မြန်မာအလွမ်းပြေ  စတုဒိသာ မုန့်ပဲသရေစာများကို မြိန်ယှက်စွာ စားသုံးရင်း ၊ ကြုံတောင့်ကြုံခဲလှစွာသော မြန်မာ့ရိုးရာ အနုပညာစစ်စစ်များကို ခံစား ကြည့်ရှုနိုင်ကြရန် အတွက် ရိုသေလေးစားစွာဖြင့်  သတင်းကောင်း ပါးလိုက်ပါတယ် ....။

 
တန်ဆောင်တိုင်ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ  ကူညီပံ့ပိုး လိုသူများအနေဖြင့်လည်း အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ တိုက်ရိုက်ဆက်သွယ်၍ ကူညီလှူဒါန်းနိုင်ကြပါကြောင်းလည်း ရိုသေလေးစားစွာဖြင့် ထပ်မံ၍ သတင်းကောင်း ပါးလိုက်ပါတယ် ...။

ဓမ္မဥယျာဉ်ကျောင်းကော်မတီ  - +65 64055322 / 98595661 / 97341415 / 91692235
ကိုဌေးဝင်း                         - +65 96666793
ဦးမြင့်စန်း                          - +65 92954247
ကိုအောင်ကျော်မြင့်              - +65 98301562 




အားလုံးကိုချစ်ခင်လေးစားလျှက်-

နှင်းဟေမာ
(28-10-2010) 2:47 pm

Wednesday, October 13, 2010

ကြယ်ပွင့်ကလေးများမချစ်ဝံ့ပြီ ...


ကျမဘ၀မှာ မှတ်မှတ်ရရဆိုသလို... အမြဲညည်းဆိုနေကျ တေးသီချင်းလေးတစ်ပုဒ်ကို ပြန်ရှာရင်း  ဘလော့လေးမှာ တေးသီချင်းလက်ဆောင်တစ်ပုဒ်အဖြစ် ပြန်လည်ဝေမျှလိုက်ပါတယ် ...။
ဒီသီချင်းလေးက ကျမ အနှစ်သက်ဆုံးဖြစ်သော တေးသံရှင်ဟေမာနေ၀င်း ရဲ့ တေးသီချင်းတွေထဲက ကျမ သိပ်ကို နှစ်သက်ခဲ့သော သီချင်းလေးတစ်ပုဒ်လဲဖြစ်ပါတယ် ... ။
ကျမ တို့ရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ အခါအခွင့်သင့်တိုင်း ဂီတအနုပညာကို ထိတွေ့ခံစားလေ့ရှိကြသလို ...  ဘယ်လူမျိုး ဘယ်ဘာသာတရားက လူတွေကို ကြည့်ကြည့် ၀မ်းနည်းမှု ၊ ၀မ်းသာမှု ၊ သာယာကြည်နူးမှု အစရှိတဲ့ ခံစားမှုတွေကို မိမိတို့ရဲ့ ဘာသာဂီတအနုပညာရပ်တွေနဲ့အတူ ရေးဖွဲ့ သီကျူး ခံစားလေ့ရှိကြပါတယ်...။

အလွန်တစ်ရာမှ ကျယ်ဝန်းပြီး အဆုံးအစမရှိသော မိုးကောင်းကင်ကြီးနဲ့တူတဲ့ ဂီတအနုပညာကို လူသားတိုင်း နှစ်သက်မြတ်နိုးတတ်ကြသလို ဒီသီချင်းလေးကိုလည်း နှစ်သက်ကြမယ်လို့ ကျမ ယုံကြည်မိပါတယ်...။












အားလုံးကို ချစ်ခင်လေးစားလျှက် ...
နှင်းဟေမာ
(13 Oct 2010 , 12:33 AM )